December 31, 2009

၂၀၁၀-ကဗျာ ကမ္ဘာ

တစ်နေ့ပြီးတစ်နေ့ ပြီးခဲ့လေပြီ
၂၀၁၀ သို့ ရောက်လေပြီ
ကဗျာရေးနည်းများသည် ပြောင်းလေပြီ

တယ်လီဖုန်းမှာ ကြိုးမပါတော့ဘူး
ကင်မရာမှာ ဖလင်မပါတော့ဘူး
တစ်ယောက်နဲ့တစ်ယောက်ချစ်တာ
အချစ်မပါတော့ဘူး

သုခမိန်လှိုင်

Idea မဂ္ဂဇင်း(ဇန်န၀ါရီ-၂၀၁၀ အမှတ်၁၀၂)

December 29, 2009

အမေကတော့ ကျွန်မကိုလက်ဆောင်အဖြစ်ပေးလိုက်ပြီ


အမေ့ရဲ့အာဝေနိက စစ်မြေပြင်မှာ
ရင်သွေးသာ လက်နက်ခဲယမ်း

ရင်သွေးသာ ကျည်ကွယ်ရာ

ရင်သွေးသာ ခံစစ်
ရင်သွေးသာ လက်ရသိမ်းပိုက်နိုင်ခဲ့တဲ့ အောင်မြေ


အမေဆိုတာ ဘာသာရေးနဲ့ယဉ်ကျေးမှုကိုမွေးဖွားသူ

အမေဆိုတာ အယူဝါဒနဲ့ ခံယူချက်တွေမွေးဖွားသူ

အမေဆိုတာ နိုင်ငံရေးနဲ့ နိသျှရကိုမွေးဖွားသူ

အမေဆိုတာ အနုပညာနဲ့ သူရဲကောင်းတွေ မွေးဖွားသူ

အမေဆိုတာ ငြိမ်းချမ်းရေး နဲ့ခေတ်စနစ်ကိုမွေးဖွားသူ


အမေတွေဟာ..လဲမှို့လေးတစ်ပွင့်လွင့်ထွက်လာသံက အစ

ကမ္ဘာမြေကြီးရဲ့တော်လဲသံ အဆုံး ဖြစ်တယ်..

အမေတွေဟာ.မတ်တပ်စမ်းခြေဖ၀ါးသေးသေးလေးက အစ

ဂရင်းနစ်စံချိန်အထိဖြစ်တယ်

အမေတွေဟာ..မိတ္ထီလာကန်တော်အောက်က အစ

နိုင်ငံတော်သီချင်းအထိဖြစ်တယ်

အမေတွေဟာ လမ်းခင်းကျောက်စရစ်ခဲက အစ
ပြည်တန်ပတ္တမြားအထိဖြစ်တယ်
အမေတွေဟာ ပရိုင်းမိတ်ရုပ်ကြွင်းကအစ
ပုံတူမျိုးပွားသန္ဓေသားအထိဖြစ်တယ်
အမေတွေဟာ
လူ့အဖွဲ့အစည်းရဲ့ အမိုးအကာဖြစ်တယ်
သမိုင်းအလင်္ကာတွေဖြစ်တယ်

နာမ၀ိသေသနတွေဖြစ်တယ်

ဖွင့်ဆိုရှုင်းပြချက်မရှိသေးတဲ့ မေတ္တာတော်ဖြစ်တယ်

အနာဂါတ်ကို ကိုယ်ဝန်ဆောင်ပေးသူဖြစ်တယ်


အမေဆိုတာ
အင်းဆက်ပိုးမွှားလေးတွေတောင်
အရေးအန္တရာယ်မှာ ကိုယ့် ဥကိုယ် ကိုက်ချီထားတဲ့ အမျိုး

အမေဆိုတာ
ကိုယ့်အရေခွံ ကိုယ်ဆွဲဆုတ်ပြီး
ဝတ်စုံသစ်ချုပ်လုပ်ပေးသူမျိုး

အမေဆိုတာ
အသက်ပေးရဲတယ်ဆိုတာကို
အလုပ်နဲ့ သက်သေပြသူမျိုး


အမေတွေရဲ့ဝမ်းကြာတိုက်မှာ

မာရီအင်တွိုင်းနက်နဲ့ မာသာထရီဇာ ခိုဝင်ဖူး

ဆတ်ဒန်ဟူစိန်နဲ့ချေဂွေဗားရား ခိုဝင်ဖူး

ဟစ်တလာနဲ့ မဟတ္တမဂန္တီတို့ ခိုဝင်ဖူး

ကင်ဂျုံအီနဲ့ အေဗရာဟမ်လင်ကွန်းလည်း ခိုဝင်ဖူး

စောလူးမင်းနဲ့ မင်းကျန်စစ်လည်း ခိုဝင်ဖူး


ဂဠုန်ဦးစောနဲ့ ဗိုလ်ချုပ်အောင်ဆန်းလည်း ခိုဝင်ဖူး..


အမေတွေက
သူ့ ရင်သွေးမောင်းနှင်သွားရာ သမိုင်းကြောင်းကို
ရင်တမမ စောင့်ကြည့်တတ်သူတွေ

အမေတွေက
သူ့ ရင်သွေးရဲ့စာမျက်နှာပေါ်က
မင်နီကြက်ချေခတ်တွေအတွက်..

သည်းချေပျက်မတတ် ရှက်ကြောက်တတ်သူတွေ


အဲသလိုမျိုး....


ကျွန်မ အမေက

ဒီဇင်ဘာ ၃၀ ရက်နေ့ည

နှင်းခါးနဲ့အေးမြနေတဲ့ သန်းခေါင်ယံချိန်မှာ

သူဝမ်းရည် စပ် မစပ်ဆိုတဲ့ကံစမ်းမဲလိပ်ကို

ကမ္ဘာမြေအတွက် လက်ဆောင်ပေးခဲ့တယ်...။


အိန္ဒြာ

(၃၀.၁၂.၂၀၀၉ )


++++++++++++++++++++++++++++++++++++++++

အောက်က ကဗျာလေးကတော့ မောင်ငယ်ကဗျာဆရာ တည်ရမွေးနေ့လက်ဆောင်ပေးတဲ့ ကဗျာလေးပါ။
တည်ရရေ ကျေးဇူး အထူး

+++++++++++++++++

လိုင်းအတိုအရှည်ဆိုတာ အကွာအဝေး အနီးအဝေး ဆွဲဆန့်ခြင်းတရားဖြစ်တယ် မအိန္ဒြာ


တစ်ကြောင်းချင်းဆို… တစ်ကြောင်းချင်း ဆင်းဆင်းသွား

ပြီး တက်တက်လာ တစ်(၁)နေ့ တစ်(၁)ခြား ကမ္ဘာကြီးဟာ

ဘာကြားသေးလဲ ဘာထူးသေးလဲ အသက်ရှူပုံ မမှားဘူး ပုံသဏ္ဍာန်ပျက်သွားတယ်

စကားပဲ

ဇယားပဲ

ဒီနေ့ အလုပ် များတယ် ထိုကြောင့် ခေါင်းကိုက်တယ်

ကွန်ပါချွန် ထောက်ပြီးရွှေ့လိုက်ရင်

များများမြန်မြန် မြန်မြန်များများ

မျဉ်းများ

လူများ

ရပ်ကွက်များ

ပိုးနသန်ကောင်များ

အက္ခရာအချင်းချင်း အဓိပ္ပာယ်အချင်းချင်း

တိမ်ရိပ်တွေ တစ်ရိပ်ပြီး တစ်ရိပ်

တစ်ကြောင်းပြီး ရင် တစ်ကျောင်း

သတင်း

အာရုံ

ဒီအချိန် ဖုန်းမြည်သံ မအားလပ်သေးပါ

ဒီအချိန် အိမ်မြှောင်ဟာ နံရံမှာ

ဒီအချိန် ဆောက်တည်ချက်တချို့ဟာ

ထမင်းစားပြီး အချိုတည်းပါ အိမ်သာသုံးပြီး လက်ဆေးပါ။

မီး ဂရုစိုက်ပါ စကားပြောဆင်ခြင်ပါ ဖြစ်ပေါ်လာတဲ့ ဟာသတချို့မှာ မပျက်မကွက်

ရွာရန် ရွာနှုန်း ကိုးဆယ့်ကိုးမှ

ဘောလုံးအသင်း တစ်သင်းဆိုတာ ပန်းတစ်ပွင့် ပွင့်သလို

ကန်လန်ကာဖွင့်ရုံ မိုးလင်းမသွားဘူး မနက်ခင်းကို ။ ။

တည်ရရေးသည်

++++++++++++++++++++++++++++++++++++++++

အမေများနေ့ ပြာသိုလပြည့်နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်ရှိနေခဲ့တဲ့ ဒီမွေးနေ့ က အမှတ်တရရှိချင်စရာတွေသိပ်များနေပါတယ်.။
ကိုယ်တိုင်ရေးမယ် စိတ်ကူးနေမိတဲ့ ဒီကဗျာလေးကို
ကိုရင်ငြိမ်းတို့က အမေများနေ့အတွက်အွန်လိုင်းကဗျာစာအုပ်လေး လုပ်ချင်တယ်ဆိုတော့ ချရေးဖြစ်သွားပါတယ်..။

မေမေဖတ်ရရင်တော့ နားမလည်ပါဘူးအေ လို့ ပြုံးဖွဖွညည်းညူဦးမှာသေချာပေမယ့် ကြည်နူးကျေနပ်နေမှာပါ..။

စိတ်ဓါတ်တွေ တစ်နှစ်ထက်တစ်နှစ်ရင့်ကျက်လာသလား မသေချာပေမယ့် အသက်ကတော့ တစ်နှစ်ကြီးသွားခဲ့ပြန်ပါပြီ..။

ဒီကဗျာလေးကို အွန်လိုင်းကဗျာစာအုပ်မှာ ပန်ဒိုရာက သရုပ်ဖေါ်ပုံလေးဆွဲပေးခဲ့ပြီး ၊
အခုလည်းဒီပိုစ့်မှာတင်ဖို့ခွင့်ပြုခဲ့ပါတယ်.။(ကျေးဇူးပါ ဆရာမ)

အားလုံး ကိုယ်စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ချစ်ခင်လေးစားစွာ

အိန္ဒြာ


December 24, 2009

ခရစ်စမတ်တေး (၂၀၀၉)


ကဗျာဆရာဆိုတော့
ကဗျာပဲလက်ဆောင်ပေးနိုင်တယ်
မနက်စောစောအိပ်ယာထ ကိုယ်နဲ့ ခရစ်စမတ်နဲ့ ဘာမှမဆိုင်
လွတ်တွတ်တွတ်ကြီးခံစားနေရ
ကဗျာ တပုဒ်ထိုင်ရေး
ရေးနေရင်း
ခရစ်စမတ်အငွေ့အသက်တွေ ၀င်လာ/ရလာ
ကဗျာဟာ မမျှော်လင့်ပဲ ဒီလိုချိုးကွေ့ အဆုံးသတ်သွားတယ်
မိတ်ဆွေတို့ကို အမှတ်တရလက်ဆောင်ပေးဖို့ အတော်ပဲ ဖြစ်သွားတာပေါ့။

ခအအ

+++++++++++++++++++++++++++++++++

ခရစ်စမတ်တေး (၂၀၀၉)

ဒါ ကိုယ့်ဖောမက် ပဲ

ဖတ်ဖတ်မမောခင် မောလ်ထဲမှာ မျောနေအုန်းတော့

လက်ပစ်ကွန်ကို ညာပုခုန်းပေါ်မြှောက်တင်

လွှဲပစ်

ဆုတံဆိပ်တွေ သူ့အကြောင်းဒေါ့ကယူမင်ထရီ်။ ဘာလို့ တို့အတူတူနေခွင့်မရတာလဲ

သွားပေအုန်းတော့..လက်ဖမိုးကလေး နဖူးပေါ်

မိုးကာလျက် စမ်းသပ်ချက် နောက်ဆက်တွဲ

နောက်တွဲအရှည်ကြီးနဲ့ မပြီးဆုံးနိုင် မီးခိုးတလူလူ

ဖလင်..တုန်..မှုန်..

ရုပ်ပြောင်းရုပ်လွှဲမှာတော့ နိုးတူး

ဂျီးဆက်စ်ခရိုက်စ် လို့ကြားလိုက်တယ်

ဒီနေ့ ခရစ်စမတ်နေ့ ရုံးတွေ ကျောင်းတွေပိတ်တယ်

ဘော်လီဘောပုတ်သံ တဘုတ်ဘုတ်

ဒါ ကိုယ့်ဖောမက် ပဲ

ပျင်းရင်ပျင်းသလို အလွယ်လုပ်တယ်

မကြာမီပြန်လာမည်

အတိုအပြတ်တွေ ပြန်ခေတ်ထ လာတော့

ကြိုးကို ရှည်ရှည်ပြန်ချည်ရတယ်

လွတ်ထွက်သွားမှာကို အသားလွတ် ကြောက်နေတယ်

အိတေး လာဗီမိုးရ် ကဒ်ထူဖုံး စာအုပ်အထူကြီး ပြတယ်

နေရောင်ရွှဲရွှဲမှာ ပြတယ်

မြောက်ဝင်ရိုးစွန်းမှာ ပြတယ်

ကွာယာ သံပြိုင်တေးသီချင်းနောက်ခံမှာ ပြတယ်

ဒါ ကိုယ့်ဖောမက် ပဲ

(အခြောက်တိုက် မျက်ရည်တွေတွေစီးကျလျက်)

ဖဲကြိုးရောင်စုံတွေ သက်တံ ရှုံးလောက်အောင် ပလူပျံနေတာ

နောက်… စကားဟေးလ်မှာ သူနဲ့အချိန်းအချက်

ဂျေရုဆလင်။ ။

ခင်အောင်အေး

၂၅၊ ဒီဇင်ဘာ၊ ၂၀၀၉ (ခရစ်စမတ်နေ့) စင်္ကာပူစံတော်ချိန် ၈း၄၉ နာရီ


မေးလ်ကနေ ကဗျာဆရာဦးခင်အောင်အေးပို့လိုက်တဲ့လက်ဆောင်လေးကို ပြန်ပြီးလက်ဆောင်ဝေငှပေးလိုက်တာာပါ။
အလှူ့ရှင်လက်ဖက်နဲ့မျက်နှာလုပ်တယ်ဆိုပါစို့.းP



December 20, 2009

သုခကြယ်

လူ့အဖြစ်သားရဲတွင်းထဲ
ကံကြမ္မာပစ်ချလိုက်ပုံက
ရမ်းကားသလောက် ရက်စက်ခဲ့ပေမယ့်
မင်းကို ယုယထွေးပိုက်ဖို့
မင်းကို ထွန်းညှိလင်းလက်ဖို့
ဟောဒီ့မှာ
အလင်းပျိုးတဲ့လက်တွေ စောင့်နေတယ် ။

ကလေးရေ
ဘယ်ကြယ်စင်ကိုမဆို
မင်းဆွတ်ယူခွင့်ရှိတယ်ကွယ့်
ဘ၀တောကြီးမျက်မည်းမှာ
လောကဓံဆိုတာ
အကြမ်းခံတောစီးဖိနပ်တစ်ရံပါကွာ.....

မင်းရဲ့ သတ္တိက
မင်းအတွက် ဆောင်ဓါး
မင်းရဲ့ ခွန်အားက
မင်းအတွက်လေးညှို့တစ်စုံပေါ့

ခုတ်ထွင်လိုက် ရှုင်းလင်းလိုက်
လိုအပ်ရင် ရင်ဆိုင်ရဦးမယ့်
အန္တရယ်အသွယ်သွယ်အတွက်
မင်း....အဆင်သင့်ပြင်ထားလိုက်..

ကလေးရေ..
အားမာန်အပြည့် လျှောက်လှမ်းရဦးမယ့်
မိုင်ထောင်ချီ ခရီးရှည်ကြီးအစ
ပထမမြောက် မင်းရဲ့ခြေလှမ်းဟာ
"သုခရိပ်မြုံ " က တာထွက်လာပြီလေ..

မင်း..ရဲရင့်ပါ
မင်း..ယုံကြည်ပါ
မင်း..ဇွဲသန်ပါ
မင်းဟာ..အရာရာပါ.. ကလေးရဲ့..

လှမ်းမျှော်ကြည့်လိုက်စမ်း
ဟောဟို့..ကောင်းကင်ထက်ဆီက
လင်းလက်ရွှန်းပနေသမျှ
ဘယ်ကြယ်စင်ကိုမဆို..
မင်း လည်း ဆွတ်ယူခွင့်ရှိတယ်လေ..။

အိန္ဒြာ

အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကူးစက်ခံ ကလေးသူငယ်များအတွက်
၂၀ ရက် ဒီဇင်ဘာလ ၂၀၀၉ အင်ယားကန်စောင်း စိမ်းလန်းစိုပြေဥယျာဉ်မှာ
DOI ( Dream Of Inferior Poretry Club) မှ ကဗျာဆရာလူငယ်တွေစုစည်းပြီး..
အလင်းပျိုးမယ့်လက်ဆိုတဲ့
စာနာမှု ကဗျာရွှတ်ပွဲလေးတစ်ခု စီစဉ်ကျင်းပခဲ့ကြပါတယ်။
စုစုပေါင်း ကဗျာ(၁၃)ပုဒ် ရွတ်ဆိုကြပြီး ကဗျာချစ်သူများပါ ပါဝင်နိုင်တဲ့
ပါဖောင့်မန့်အတ် ကဗျာကိုလည်း စုစည်းရေးစပ်ခဲ့ကြတယ်…
HIV .. သရုပ်ဖော်.. ပြကွက် တစ်ခုကို ပါဝင်ပြသခဲ့တယ်လို့သိရပါတယ်။
ရရှိတဲ့ အလှူငွေတွေကို သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာကို လှူဒါန်းကြမယ်လို့
သာဓုခေါ်ကြည်နူးဝမ်းမြောက် မုဒိတာပွားဖွယ်ရာကြားသိရပါတယ်။
အဲဒီ့ကဗျာရွတ်ပွဲမှာ မင်းယွန်းသစ်က ဒီကဗျာလေးကို ရွတ်ဆိုခဲ့ပါတယ်။

December 15, 2009

Burmese Poetry Foundation

Blog တစ်ခု Website တစ်ခုဆိုတာထက် မြန်မာကဗျာလောကအတွက် အခြေခိုင်ဆုံး အုတ်မြစ်တစ်ခု ချလိုက်တယ်လို့ ထင်ပါတယ်..။
Burmese Poetry Foundation ဆိုတဲ့ ဘလော့နဲ့ တစ်ခု မိတ်ဆက် ပေးချင်ပါတယ်။
နိုင်ငံတကာ ကဗျာတွေ မြန်မာတွေသိအောင် မြန်မာကဗျာတွေ နိုင်ငံတကာက ဖတ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတစ်ခုနဲ့ မြန်မာကဗျာဆရာတွေရဲ့ကဗျာတွေကို ကြိုးစားစုဆောင်းပေးထားတဲ့ Foundation တစ်ခုအဖြစ် ၀မ်းမြောက် အားတက်ဖွယ်ရာ ဖတ်မှတ်လေ့လာခွင့်ရရှိခဲ့ပါတယ်..။ ထူးထူးထွေထွေ ပြောနေစရာမလိုဘဲ ဘလော့ကို ၀င်ကြည့်ရုံနဲ့ ခန့်ချင့်တွက်ဆနိုင်မယ်ထင်ပါတယ်.။ ဒီ့ထက် ကြီးမားလေးနက်တဲ့ ခန့်ညားသေသပ်တဲ့ အစီအစဉ်တွေနဲ့ Website တစ်ခုအဖြစ်ပါ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာလိမ့်ဦးမှာပါ.။


" မြန်မာကဗျာ ရေစီးကြောင်းတစ်ခုလုံးကို သိမ်းကြုံး ထည့်သွင်း နိုင်မယ်လို့ မဆိုလိုဝံ့ပါ။
ကဗျာအပေါ် ချစ်ခင်စွဲလမ်းမိတဲ့ စိတ်တူသူ ဇောအဟုန်တူသူ လူလတ်ပိုင်းနှင့် လူငယ်တို့ရဲ့
အိပ်မက် ဖလှယ်မှု အစွန်းထွက် အမြတ် ရလဒ်အဖြစ်
website တစ်ခုအသွင် မပီပြင်နိုင်သေးခင် ၀ါးပေါင်းကူး blog အဖြစ်
Burmese Poetry Foundation ကို တင်ဆက်လိုက်ပါတယ် ။
ဝန်နဲ့အား မျှနိုင်သမျှ ကလေးနဲ့ပေါ့။ "

လို့ စကားဦးသန်းထားတဲ့ ဒီ နေရာလေးမှာ

မြန်မာကဗျာဆရာတွေက ဒီလိုတွေပြောထားခဲ့ပါတယ်..။

++++++++++++++++++++++++


ခေတ်ပေါ် ကဗျာဆရာတစ်ယောက်
ကဗျာရေးခြင်း အမှုပြုတာဟာ
ကမ္ဘာပေါ်မှာ မရှိသေးတဲ့
အရာကို ရှာဖွေခြင်း ပြုတာပဲ ဖြစ်ပါတယ်။

အောင်ချိမ့်

++++++++++++++++++++++++

ခေတ်ပေါ်ကဗျာဟာ အရေပြားပေါ်မှာတည်ရှိနေတဲ့ လှပမှုတွေကို ကျောခိုင်းပြီး
ဘ၀ရဲ့အနက်ရှိုင်းဆုံး အတ္တတရား ကို ရှာဖွေ တူးဖော် ခဲ့ကြပါတယ်။
ကဗျာဆရာရဲ့ ခန္ဓာကိုယ်မှာဖွဲ့စည်းတည်ဆောက် ထားတဲ့ ၀ိညာဉ်တွေဟာ အာရုံတရားတွေနဲ့ သာမန်ထိတွေ့မှုပေါ်မှာ ကဗျာ ဖွဲ့လို့မရနိုင်ပါဘူး။
ထိတွေ့ခံစားမှုကို အခြေခံတဲ့ ကဗျာဆရာရဲ့ ဒဿနဟာ ကဗျာတစ်ပုဒ်ရဲ့ အသွေးအသားပါပဲ။
ထင်ရှားကျော်ကြားမှုနဲ့ ပုံနှိပ်စာလုံးအဖြစ် ဖော်ပြခံရမှုကို ဦးတည် ပြီး ကဗျာကို သေးသိမ်စွာ တွက်ချက် နေသူတွေကိုတော့ ကျွန်တော်တို့ ရယ်မောပစ်လေ့ရှိပါ တယ်။
ကဗျာရဲ့အဓိပ္ပာယ်ဟာ ဒီ့ထက်ပိုမိုကျယ်ဝန်း ခဲ့ပါပြီ။ ဘ၀ရဲ့ ဝေဒနာကို အနက်ရှိုင်းဆုံးဟု ဖော်ပြနိုင်တဲ့ ကဗျာဆရာသာ သမိုင်းရဲ့ စာမျက်နှာပေါ်မှာ လှပစွာ ကျန်ရှိပေလိမ့် မယ်။

ပိုင်စိုးဝေ

++++++++++++++++++++++++

ကျွန်တော်ကဗျာရေးတာဟာ'မပြောတတ်တဲ့စကားကို ပြောဖြစ်အောင် ပြောကြည့်တာ'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'အဖော်ရှာတာ'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'အနာတူရှာတာ'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'နားလည်သူရှာတာ'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'ကဗျာဆိုတာ ဘာလဲဆိုတာကို ကျွန်တော်လက်ခံထားပုံနဲ့ ရေးထားတာ'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'ကျွန်တော့်ကိုယ် ကျွန်တော်သိဖို့'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ ကျွန်တော်ရဲ့ စာနာမှု ဖြစ်တယ်
ကျွန်တော်ကဗျာရေးတာဟာ'ဘာသာစကားကို ချဲ့ထွင်ခြင်း'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'ခေါင်းထဲပေါ်လာတဲ့ ဘာသာစကား တွေကို ပြန်ဆန်းစစ်တာ'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'နေ့စဉ်ဖြစ်ပျက်ဘ၀ထဲက ကဗျာမမြည်တဲ့ဟာတွေကို ကဗျာထဲ ထည့်သွင်းလိုတာ'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'နေ့စဉ်ဘ၀နဲ့ စကားပြောကြည့်ခြင်း'ဖြစ်တယ်။

ဇေယျာလင်း


++++++++++++++++++++++++

အိန္ဒြာ

December 14, 2009

ဒီဇင်ဘာ နှင်းဆီ


ဆယ့်လေးရက် ဒီဇင်ဘာ...
နှင်းသားကို ပွတ်တိုက်သွားတဲ့

ရေခဲလေပြည်တွေကြားမှာ
မြူတွေထဲ အလင်းညှိလိုက်တဲ့
နေ့ဦးရောင်ခြည်သစ်အောက်မှာ
သံမဏိနဲ့ နန်းခတ်ထားတဲ့ပွင့်ချပ်လွှာ
နူးညံသလို မာကျောထက်ရှ
အေးစက်သလောက် ဆန်းကြယ်လှပခဲ့

ပန်းချီကားချပ်ထဲက ဆေးစပ်ခက်တဲ့ အရောင်လို
ကဗျာတစ်ပုဒ်ရဲ့ သိပ်သည်းလွန်းတဲ့ အနက်လို
လေတိုက်တိုင်း မနွဲ့တတ်တဲ့ နှင်းဆီရနံ့
အဲဒီ့နေ့ပေါ်ကစ ဖူးခဲ့..တယ်.။

ဘ၀ဟာ...
ဒီဇင်ဘာလို တိတ်ဆိတ်ငြိမ်းချမ်းနေမလား.
ဘုရားသခင်နဲ့ တစ်လတည်းဖွားမြင်ခဲ့တဲ့ မေတ္တာတော်အောက်မှာ
သူမကောင်းကင်က ပြသဒါးတွေအုံမှိုင်းဆိုင်းကြွ
အဲဒီ့ ကောင်းကင်ထက်မှာမှ
အချစ်ဟာ
ဖျတ်ကနဲလွင့်ကြွေလွယ်တဲ့.. ညနေခင်းရဲ့..ကြယ်..

စိတ် အိုင်းအနာတွေ ရင်းနေရတဲ့ ဥတုရာသီပါ..
တိုက်ခတ်လေကတောင် ထိုးစစ်တွေလို ပြင်းရှ
တဟူးဟူး အရိုင်းဆန်တဲ့ လောကဓံအခင်းအကျင်းထဲ
အနုပညာကလွဲလို့
အရာရာ ဟာ....တဖျတ်ဖျတ် လွင့်မျောတုန်ခါခဲ့..

ဘ၀ဆိုတာက
ရန်သူကို တန်ပြန်တိုက်ခိုက်ဖို့
အလှပဆုံးခွက်ပြထားရတဲ့ ပါးပျဉ်းတစ်ခု လို
ပျောင်းအိနွဲ့သွယ်သလောက်
လိုအပ်ရင် ရက်စက်တတ်ခဲ့ပေါ့...

ဖြေရန်မလိုအပ်တဲ့ မေးခွန်းတွေကိုတော့
ရေခဲရိုက်သိမ်းထုတ်လိုက်ပေါ့ ဒီဇင်ဘာ
သူမကျောပြင်အတွက်
သံချပ်ကာ ၀တ်စုံတစ်ခု မလိုပါဘူးးး
သူမ ပွင့်ဖတ်တွေကိုက
သံမဏိနဲ့သွန်းဆစ်ခဲ့တာလေ..။


ချစ်ခင်ရသော မမ(မနော်ဟရီ) အတွက် စိတ်၏အေးချမ်းသာယာခြင်းများနဲ့ ပြည့်စုံလှပသော မွေးနေ့ပေါင်းများစွာစောင့်ကြိုနေပါစေ


အိန္ဒြာ

December 12, 2009

သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ(၂)

သုခရိပ်မြုံလေးနဲ့ပတ်သက်ပြီး တစ်ချို့က ဖေါ်ဝပ်မေးလ်တွေကတဆင့် တစ်ချို့က ဘလော့ကို ၀င်ဖတ်မိပြီး ထင်ထားတာထက်စိတ်ဝင်တစား မေးမြန်း လှူဒါန်းကြတဲ့ အတွက် အတိုင်း မသိ ၀မ်းသာကြည်နူးဖြစ်ရပါတယ်..။
သုခရိပ်မြုံမိသားစုကိုယ်စား မိဘမဲ့ ရောဂါသည်ကလေးလေးတွေရဲ့ကိုယ်စား အားလုံးကို
ကျေးဇူးတွေတင် မေတ္တာတွေပို့သနေပါတယ်..။
အခု ပိုစ့်လေးကတော့ သုခရိပ်မြုံနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲလေးပါ သုခရိပ်မြုံ(၂) လို့ နာမည်ပေးထားတာ ကတော့ နောက် သုခရိပ်မြုံနဲ့ပတ်သက်သမျှ ကို အလျင်းသင့်သလို ဖေါ်ပြပေးသွားမှာဖြစ်လို့ပါ..။
သုခရိပ်မြုံနဲ့ ပတ်သက်တဲ့ ဘလော့လေးတစ်ခုလုပ်ဖို့လည်း ၀ိုင်းဝန်း ကြိုးစားနေကြပါတယ်..။
အားလုံးသဘောပေါက်ကြတဲ့ အတိုင်း အချိန်က အဓိကကျနေတော့ အခုလောလောဆည် မကြာမှီ လာမည် မျှော်.....လို့ပဲပြောနိုင်ပါသေးတယ်..။

အခုသုခရိပ်မြုံနဲ့ဆက်သွယ်မေးမြန်းစုံစမ်းထားသမျှအသေးစိပ်အချက်အလက်ကလေးတွေ
စုဆောင်းတင်ပြလိုက်ပါတယ်..။
သုခရိပ်မြုံကို တိုက်ရိုက်သွားမေးပေးတဲ့ မိုးလှိုင်ည ၊
မေးခွန်းတွေကို ဖြေပေးတဲ့ တာဝန်ခံဆရာမ ဒေါ်အေးအေးမြင့် ၊
ဖုန်းနဲ့ နားပူခံပေးတဲ့ ဆရာမဒေါ်သန်းမြင့်အောင်နဲ့ ဆရာမစုထား အားလုံးကို ကျေးဇူးတင်ပါတယ်..။
အောက်မှာ ဖေါ်ပြထားတဲ့ပုံလေးကတော့ ဆရာမဒေါ်သန်းမြင့်အောင်က သုခရိပ်မြုံအကြောင်းကို
အဖြူရောင် သက်တံကဗျာရွတ်ပွဲမှာ ပြောပြနေတဲ့ ပုံလေးဖြစ်ပါတယ်။



သုခရိပ်မြုံဂေဟာလေးမှာ ခုအချိန်အထိ

၁ နှစ် အရွယ် ကလေးငယ် ယောက် …
မူကြိုအရွယ် ကလေးငယ် ၂နှစ်မှ ၅နှစ်ကြား ၁၀ယောက်
၅ နှစ်ကလေး ယောက်
၅ နှစ် ကနေ ၁၀ ကြား ကလေး ၁၆ ယောက်
၁၀ နှစ်အထက် ယောက်
စုစုပေါင်း(၄၅)ယောက်တိတိကို ကျွေးမွေးပြုစုဆေးကုသပေးလျှက်ရှိပါတယ်..။

ကလေးငယ်များအတွက် အဓိက လိုအပ်ချက်မှာ…အစားအစာ နဲ့ ဆေးဝါး.. ဖြစ်ပါတယ်…

အစားအစာအနေနဲ့ ကလေးငယ်များအား တစ်နေ့ ခြောက်ကြိမ် ကျွေးမွေးပါတယ်…
ခွန်အားဖြစ်စေတဲ့ အစားအစာ ကိုယ်ခံစွမ်းအားတွေ သန်မာလာစေနိုင်မယ့် အစားအစာတွေကို
စနစ်တကျ ကျွေးမွေးရတယ်လို့သိရပါတယ်..။

နံနက်စာကို မနက် ၇ နာရီတွင် ကျွေးမွေးပြီး… ပဲပြုတ်ထမင်း၊ ခေါက်ဆွဲပြုတ်နဲ့ …
ဗိုက်ပြည့်စေမယ့် အခြားအမယ်များပါကျွေးမွေးပါတယ်..။
နံနက် ကိုးနာရီအချိန်တွင် .. အဆာပြေ နွားနို့ ဘီစကစ်
နံနက် ၁၁ နာရီနဲ့ ၁၂ အချိန်တွင် နေ့လည်စာ ထမင်း
နေ့လည် ၂ နာရီ အချိန်မှာ အဆာပြေ အိုဗာတင်းနဲ့ ဘီစကစ်
ညနေ ၅ နာရီအချိန်တွင် ညနေစာ ကျွေးမွေးပါတယ်…။
ည အဆာပြေကို ည ၈ နာရီအချိန်တွင် ကြက်ဥ၊ နွားနို့ တို့ ထပ်မံကျွေးမွေးပါတယ်…။

ကလေး(၄၅)ယောက်စာတစ်နေ့ကို စားစရိတ် ငွေ ကျပ် ၅၀၀၀၀ ကနေ ကျပ်၆၅၀၀၀ ၀န်းကျင်အထိကုန်ကျပြီး
ဆေးဝါးအနေနဲ့ကတော့ ကုထုံးဆေးဝါးများအပြင် အားဆေးအဖြစ် Multivita နဲ့ ပရိုဗီမင် အားဆေးတွေကို တိုက်ကျွေးတယ်လို့သိရပါတယ်.။

လက်ရှိအဆောက်အဦနဲ့မြေနေရာကကျဉ်းမျောင်းနေပြီး.အဆောက်အဦတိုးချဲ့ဖို့လည်း
လိုအပ်နေပါတယ်.။ကလေးလေးတွေ ကစားကွင်းသေးသေးလေးလဲလိုအပ်နေပါတယ်.။

နောက် လက်ရှိကလေးလေးတွေ အရွယ်ရောက်လာတဲ့ အခါ မိန်းကလေး ယောက်ျားလေး သီးသန့်
GROUP HOME ပုံစံထားပေးနိုင်ဖို့အတွက် မြေကွက်တစ်ကွက်ဝယ်ပြီး အဆောက်အဦဆောက်ဖို့
အစီအစဉ် ရှိတယ်လို့ ဆရာမစုထားက ပြောပြပါတယ်။

သူတို့လေးတွေ အတန်းပညာဆက်သင်ချင်တဲ့သူတွေအတွက် သူတို့ရောက်နိုင်တဲ့ ပညာအဆင့်အတန်း အထိပြီးမြောက်အောင် ၊
အသက်မွေးဝမ်းကျောင်းပညာတွေတတ်ချင်သူတွေအတွက် ၀ါသနာပါရာလက်မှုပညာတွေ
ကိုယ်စီကိုယ်ငှ တတ်မြောက်အောင်၊
လူတစ်လုံးသူတစ်လုံးလူလောကထဲမှာတင့်တောင့်တင့်တယ်အခြေချနိုင်သည်အထိ
ပြုစုပျိုးထောင်ပေးသွားမှာဖြစ်ကြောင်း ကြည်နူး ၀မ်းသာဖွယ်ရာကြားသိရပါတယ်.။

အလှူအနေနဲ့ကတော့ စားစရိတ်ကို အပေါ်မှာ
ဖေါ်ပြထားတဲ့ အတိုင်း ဘယ်အနပ်အတွက်ဘယ်လောက်စသဖြင့်လှူဒါန်းနိုင်သလို

ကလေးလေးတစ်ယောက်စားစရိတ်အဖြစ်
တစ်နေ့ကို ၁၅၀၀ ကျပ်နှုန်း တစ်လကို ၄၅၀၀၀ကျပ်သတ်မှတ်ထားရှိပါတယ်.

ကလေးလေး တစ်ယောက်ချင်းစီအတွက်
စားစရိတ်တာဝန်ယူပြီးလည်း လစဉ်လှူဒါန်းနိုင်ပါတယ်.။

လစဉ်လှူဒါန်းလိုသူတွေအနေနဲ့ " thukhayeikmyone@gmail.com " ကို
တိုက်ရိုက်မေးလ်ပို့ပြီး ဆက်သွယ်လှူဒါန်းနိုင်ကြပါတယ်.။


သုခရိပ်မြုံ ဂေဟာလေးရဲ့တည်နေရာကတော့

အမှတ် ( ၉၇၉-၉၈၂)၊ တပင်ရွှေထီးလမ်း၊
ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၁)ရပ်ကွက်၊ ရန်ကုန်မြို့။
(မထသ ၃၆ ဘတ်စ် အစိမ်း၊ တံတားထိပ်မှတ်တိုင်ရှေ့)

တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ် ။ ။ ၅၈၁၉၅၅

ဆက်သွယ်လှူဒါန်းနိုင်တဲ့ ပုဂ္ဂိုလ်များကတော့

(၁) ဒေါ်သန်းမြင့်အောင် (၀၉-၉၉-၂၈၅၄၉ ,၂၀၅၄၅၁)

(၂) ဒေါက်တာ ထားထား ( စုထား ) suhtar@gmail.com
( ၀၉-၂၀၁-၇၉၆၁) တို့ဖြစ်ပါတယ်..။

နေ့စဉ်အလှူ့ရှင်စာရင်းတွေကို ဆိုဒ်ဘားမှာတင်ပေးသွားမှာဖြစ်ပြီး
စာရင်းပေးသွင်းထားသူတွေအနေနဲ့
ကျေးဇူးပြုပြီး ၂၀၁၀ ဇန်န၀ါရီ ၅ ရက်နေ့နောက်ဆုံးထား

ငွေပေးပို့ လွှဲပြောင်းပေးစေ့လိုပါတယ်..။

သုခရိပ်မြုံလေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလည်း
ဒီဘလော့လေးမှာ ဆက်လက် ရေးသားတင်ပြပေးသွားပါ့မယ်..။

ကျွန်မတို့ တစ်ဦးချင်းစီရဲ့ငွေကြေးလေးတွေကိုစုပေါင်းပြီး
သူတို့လေးတွေအတွက်
အစားအစာလေးပဲရရ..အ၀တ်အထည် ၊ ဆေးဝါး.. ဒါမှမဟုတ် ကျောင်းစရိတ်လေးပဲဖြစ်ဖြစ်.
ဒါမှမဟုတ် နေရာထိုင်ခင်းလေး................

လိုနေတဲ့ ကွက်လပ်ကလေး တစ်ခုခုကိုတော့ ဖြည့်စွမ်းပေးနိုင်ကောင်းမှာပါ...

တွေးမိတိုင်း ကြည်နူးပိတိဖြစ်ကြရမယ့်
အမှတ်တရ အလှူဒါနလေး ဖြစ်နေမှာတော့မှာဖြင့် သေချာနေပါတယ်လေ..။




အိန္ဒြာ

December 4, 2009

အခိုးအငွေ့ တံတား

သုခရိပ်မြုံလေးကို ထင်ထားတာထက်ကို လူတွေစိတ်ဝင်စားပြီး
လှူဒန်းကြတာအတွက် အလွန်ကို ၀မ်းမြောက်ကြည်နူးမိရပါတယ်..။
လစဉ်ပုံမှန်လှူဒါန်းလိုတဲ့ အလှူရှင်တွေ အသေးစိပ်အချက်အလက်တွေကို
တိတိကျကျလိုလိုကြတဲ့ အလှူရှင်တွေလည်း
အမြောက်အများပေါ်ထွက်လာခဲ့ပါတယ်...။
အခု ဒီ့ထက် သေသေသပ်သပ်ဖေါ်ပြနိုင်အောင်
နောက် သုခရိပ်မြုံလေးအတွက် Blog တစ်ခု ဖန်တီးပေးနိုင်အောင်
ဝိုင်းဝန်းကြိုးစားနေကြပါတယ်..။
အားလုံးကိုလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်း ထပ်ပြီးပြောပါရစေဦး..
အထူးသဖြင့်
ဗမာပြည်ကနေ အစစအရာရာ တက်တက်ကြွကြွကူညီဆောင်ရွက်ပေးနေတဲ့ မိုးလှိုင်ညနဲ့
စင်ကာပူမှာ အဟောအပြောကောင်းကောင်းနဲ့ အလှူခံပေးနေတဲ့ မိုးကုတ်သားတို့ကို အထူးကျေးဇူးတင်ပါကြောင်း.
++++++++++++++++++++++++
အခုလည်း ဒီသုခရိပ်မြုံလေးနဲ့ပတ်သက်တဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပြန်တင်ပေးချင်ပါတယ်.
၂၀၀၆ ခုနှစ် ရတီမဂ္ဂဇင်းမှာပုံနှိပ်ဖေါ်ပြခဲ့တဲ့ ၀တ္ထုလေးပါ..Blog မှာတင်ထားတာလည်း မကြာသေးပါဘူး..အကြောင်းအရာလေးတိုက်ဆိုင်လာတာရယ်.
ဆားလည်းချက်တယ်ဆိုပါတော့..

++++++++++++++++++++++++
(၁)
တလွင့်လွင့်ဝဲဝေ့တက်သွားတဲ့မီးခိုးငွေ့တွေဟိုး...ခပ်နိမ့်နိမ့်တိမ်တိုက်ထဲကိုမျောဝင်ထိုးတက်နေပုံက
ကောင်းကင်ဆီဦးတည်နေတဲ့ခရီးရှည်ကြီးတစ်ခုလိုပါပဲ။အခိုးအငွေ့တွေဟာကောင်းကင်ဆီတကယ်ပဲ
ရောက်ရှိ သွားကြဖို့ သေချာပါရဲ့လား..။
မည်းကနဲအူတက်လာလိုက်၊တလွင်လွင်ပါးလျားဖျော့ရော့သွားလိုက်နဲ့တိမ်တိုက်ဆီပြေးဝင်နေတဲ့
အခိုးအငွေ့တွေကိုသူမငေးရပ်ကြည့်နေပုံဟာဘယ်လောက်ကြေကွဲနာကျင်စရာကောင်းလိုက်မယ့်
မြင်ကွင်းတစ်ခုလဲ..။
ဟင့်အင်း သူမအတွက်တော့ စစ်ပွဲတစ်ပွဲအဆုံးသတ်သွားသလိုပါပဲ။
ဘယ်လို ၀မ်းနည်းခြင်း၊ နာကျည်းခြင်း၊ တုန်လှုပ်ခြင်းမျိုးမှရှိမနေတော့လောက်အောင် တစ်ကိုယ်လုံး
လပ်ဟာ လွင့်မျောနေလိုက်တာ..။
သေချာတယ် စစ်ပွဲတစ်ပွဲအဆုံးသတ်သွားခဲ့တာ..။
စိတ်ရောကိုယ်ရောကို ထုထောင်းနင်းချေထာသလိုမျိုး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကိုယ့်အတွက်အသက်သာ ဆုံးဖြစ်အောင် ဖန်တီးရင်ဆိုင်ခဲ့ကြရတဲ့ ၊ ရှုံးနိမ့်ဖို့လုံးဝဥဿုံသေချာနေခဲ့တဲ့ စစ်အေး တိုက်ပွဲကြီး အဆုံးသတ်
သွား ခဲ့တာလေ...။
ကိုကို့အတွက်တော့ သူမ အစွမ်းကုန်တာဝန်ကျေပေးဆပ်ခဲ့ပြီးပြီ......။
သူမအတွက်ကရော.....။
လောလောဆယ် ဘာတစ်ခုမှ မစဉ်းစား၊ မတွေးတောခြင်းအားဖြင့် သူမကိုယ်သူမ ညှာတာလိုက်ချင်ပါသေးရဲ့။

(၂)
ပခုံးကိုလာထိတဲ့ လက်ဖ၀ါးအတွေ့နွေးနွေးနဲ့ “မေ ငို ချလိုက်ပါလားဟင် ” ဆိုတဲ့ ချစ်သူငယ်ချင်း ချို့ အသံကြောင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးခပ်ယဲ့ယဲ့ လေးပြန်ပြုံးပြမိတယ်။
”မေ ငို ချလိုက်ပါမေရယ်၊ ငိုလိုက်စမ်းပါဟာ...” လို့ ဗလုံးဗထွေးပြောပြီး အသိမ့်သိမ့်ရှိုက်နေရှာတဲ့
ချို့ ကျောပြင်ကို သာသာဖွဖွလေးသိုင်းဖက်ပြီး နှစ်သိမ့်ပေးမိလိုက်သေးသတဲ့....။
အကြိမ်ကြိမ်ကျင့်သားရအောင် လေ့ကျင့်ခံစားနှင့်ပြီးသား သူမက ကယောင်ကတမ်းတွေ
ဖြစ်နေချင်သေးသတဲ့လား...။
ကိုယ် ငိုခဲ့ပြီးပြီလေ၊
ကိုယ့်တစ်သက်မှာ အကြေကွဲ အလှိုက်လှဲဆုံး ၊ အနာကျင်အပင်ပမ်းဆုံးငိုကြွေးခဲ့ပြီးပြီ..။
ကိုကို ကိုယ့်ကို လက်အုပ်ချီလိုက်တဲ့နေ့တုန်းက ..။
ဟုတ်တယ် ကိုကို ကိုယ့် ကို လက် အုပ် ချီ လိုက် တဲ့ နေ့ တုန်း က ပေါ့..........
ကိုကို့ လက်အစုံကို အလန့်တကြား ဆုပ်ကိုင်ရင်း ၊ ပိန်လှီသေးကျုံ့သွားတဲ့ ကိုကို့ညာဖက်လက်
သူကြွယ်က ဂွမ်းစခံပြီး ရအောင်ဝတ်ထားသေးတဲ့ လက်ထပ်လက်စွပ်လေးကို
နာနာကျင်ကျင် ပွတ်သပ်ကြည့်မိရင်း ကိုယ် အသည်းထန်ဆုံး ငိုကြွေး ပစ်ခဲ့မိတာ ....။
ကိုကို ဘာတွေပြောချင်နေခဲ့မလဲ...။ ကိုကို မေ့ကိုချစ်ရင် ဘာတစ်ခုမှ မပြောပါနဲ့နော်ဆိုတဲ့
ကိုယ့်ရဲ့စကားတစ်ခွန်းတည်းရဲ့အောက်မှာကိုကိုမျိုသိပ်အောင့်အည်းသွားရှာခဲ့တာ...။ မျက်လုံးလေးကလယ်ကလယ်နဲ့ကိုယ်ပြုစုစောင့်ရှောက်ခဲ့သမျှ၊ကိုယ်ဖေးမတွဲကူပေးခဲ့သမျှကို မှီခိုခံယူသွားခဲ့တာ....။
ကိုကို တောင်းပန်ဝန်ချချင်နေတာ..၊
ဖြေရှုင်းထုချေနေချင်တာ..၊
ကိုကို အလန့်တကြားသတိပေးချင်နေတာ..၊
ကျေဇူးအထပ်ထပ်တင်နေချင်တာ ကိုကို့ရဲ့အရာအားလုံးကို ကိုယ် ခံစားလို့ရနေခဲ့တယ် ။
ကိုကို ဘာမှ မပြောပါနဲ့ ၊ ကိုကိုရဲ့ ကိုယ်စိတ်နှစ်ပါးစလုံး သက်သာရရဖို့အတွက်ပဲ စဉ်းစားပြီးနေပါ။
ကိုကို ဘာမှ မပြောပါနဲ့ ဆိုတာတွေဟာ ကိုယ်သိပ်ကြေကွဲလာတိုင်း တဖွဖွရေရွတ်နေကျ စကားစုတွေပေါ့။
တစ်ယောက်အသုဘ တစ်ယောက်ချကြဖို့ လင်ရယ်မယားရယ်လို့ ထူထောင်လာခဲ့ကြတဲ့
အိမ်ထောင်တစ်ခုမှာ မယားဝတ္တရားဆိုတဲ့ အတိုင်းအတာထက်အလွန် မေကျေပွန်ပြည့်ဝစေရပါ့မယ်..၊
ဒီဘ၀အတွက် အကုန်အစင်မေ ပေးဆပ်ဖြည့်ဆည်း လိုက်ပ့ါမယ်။
ဒါဟာကိုကို့ကိုချစ်တဲ့မေ့ရဲ့ချစ်ခြင်းမေတ္တာတွေအတွက်၊ခင်ပွန်းကောင်းပီသလွန်းစွာကြင်နာ စောင့်ရှောက်ပေးခဲ့တဲ့ ကိုကိုရဲ့ ချစ်ခြင်းမေတ္တာတွေအတွက်…
ကိုကိုရဲ့ ရပိုင်ခွင့်ပေါ့ကွယ် ။
ကိုကို မေ တို့အားလုံးကိုမေ့ထားကြရအောင်ဆိုတဲ့ ကိုယ့်ရဲ့ ယတိပြတ် စကားလုံးဟာ ကိုကို့ အတွက် အပြစ်ဒဏ် တစ်ခုလိုများဖြစ်နေခဲ့လိမ့်မလား ။ ဒါဟာလည်း ကိုကို ဘာကိုမှ နောက်ဆံတင်းကြောင့်ကျနေစရာ မလိုအောင် မေ ရဲ့ မေတ္တာနဲ့ယှဉ်တဲ့ တတ်သိ ဖြည့်ဆည်းမှုတစ်ခုပါပဲကွယ်..။
တကယ်တော့ ကိုယ် မကြားဝံ့တာ၊ မကြားနိုင်တာ၊ မကြားရဲတာပါ ။ ကိုကိုကျေးဇူးပြုပြီးဘာမှ မပြောပါနဲ့
ဆိုတဲ့ အဖျားခတ်တုန်ရင်နေသလိုပြတ်သားအေးစက်နေဦးမယ့်ကိုယ့်စကားရဲ့အဆုံးမှာတော့
ကိုကိုရှိုက်ငင်တကြီးငိုကြွေးရတဲ့ အလှည့် ပေါ့....။
အဲသလို ကိုယ်တို့ဇနီးမောင်နှံ နှစ်ယောက် အတူတကွငိုကြွေးခဲ့ရတာ......။
ကိုယ့်မှာ ကိုကို့အတွက် နောက်ဆုံးလက်ကျန်မျက်ရည် မရှိတော့လောက်အောင်......ပေါ့လေ
အခုဆို ကိုယ့် ယာဘက်လက်သူကြွယ်မှာ ဂွမ်းစနဲ့ခုထားတဲ့ လက်စွပ်လေး တစ်ကွင်းထပ်ဝတ်ထားလိုက်ပြီ..။
ဒါပဲ ၊ ဒါတစ်ခုပဲ ကိုယ့်မှာကျန်ရစ်ခဲ့တော့တာ......။
ဒါတစ်ခုပဲ ကိုယ်တို့မှာ အတူတကွ ရှိနေရတော့တာ..။
”မေကားတွေပြန်ထွက်ကြတော့မယ် သားလေးလည်းကားပေါ်ပြန်ရောက်နေပြီ ”ဆိုတဲ့စကားက
ကိုယ့်ကို လှုပ်နိုး လိုက်သလိုပဲ..။
ကိုကိုရေ...။
ကိုကို ဘယ်နေရာက မေ့ကို စိုးရိမ်တကြီးစောင့်ကြည့်နေမှာလည်း..ဟင် ။
ခဏလေးဖြစ်ဖြစ် တွေ့ချင် မြင်ချင်လာတဲ့စိတ်ဟာ တော်တော်ဒုက္ခပေးနိုင်ပါလားကွယ်.........။
ဘာပဲဖြစ်ဖြစ် ကိုကိုက မေ့ထက်စာရင် ကံကောင်းခဲ့ပါတယ်....။

(၃)
တဒေါက်ဒေါက် မြည်နေတဲ့ သူမရဲ့ ခွာ့မြင့် ဖိနပ်ကမြည်သံက မုန်းစရာကောင်းနေလိုက်တာ။
အိမ်အ၀င်အ၀က ဒေါက်တာခင်လေးချို ၊ ကလေးအထူးကုဆရာဝန်ကြီးဆိုတာနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ...၊
အိုး၊သူမနဲ့သက်တူရွယ်တူမိန်းမတစ်ယောက်၊တစ်မြို့တည်းနေ တစ်ပန်းကန်ထဲနှိုက်စားခဲ့ကြတဲ့ ၊
တစ်ခုံတည်းထိုင် တစ်ကျောင်းထဲ စာသင်ခဲ့ကြတဲ့ ကလေးမလေးတစ်ယောက်ဟာ
ဒီလောက်အထိ အောင်မြင်နိုင်သတဲ့လား..။
ကြည်နူးစိတ်တွေနဲ့ တဒီးဒီး လှည့်ပတ်သွားတဲ့ သွေးခုန်နှုန်းထဲမှာ အားအင်တွေတိုးဝင်လာသလိုပါပဲ ......။
ချို ။ ၀ ၀ လုံး လုံး လေး ၊ မျက်မှန်ထူထူလေးတတ်ပြီး သူမနဲ့အတူစာတွေအော်အော်ကျက်ခဲ့တဲ့ ချို..။
သူမအပြစ် တွေကိုမညှာမတာကြီးဝေဖန်ပြတတ်တဲ့ချို၊ သူမ ဆယ်တန်းမှာရည်းစားထားတာကိုသိတော့ သူမကို အမေလိုတစည်းနဲနဲဆူပူမန်မဲခဲ့တဲ့ ချိုလေ..။ အခု သိပ်ကိုအောင်မြင်ထင်ရှားနေတဲ့ နိုင်ငံခြားပြန်ဆရာဝန်မကြီးတဲ့ ၊ သိပ်ကိုကျက်သရေရှိ လှပတဲ့အပျိုကြီးတဲ့။ ဘာ သောက၊ ဘာ အနာတရ၊ ဘာ ဒုက္ခတွေနဲ့ မှ
ညစ်ပေစွန်းထင်း ညှိုးနွမ်းသိမ်ငယ်မနေတဲ့ အပျိုကြီးတစ်ယောက်တဲ့ သမီးလေးရယ်။
မေမေ ငယ်ငယ်ကနဲ့ တစ်ပုံတည်းတူပြီး သမီးဖေဖေလို ဆံပင်အညိုကောက်ကွေးကွေးလေးတွေနဲ့
သမီးဟာ ချို့အတွက် သိပ်ချစ်စရာကောင်းနေပါစေ။
ခပ်လျော့လျော့ပိုက်ထားမိတဲ့ သမီးလေးရဲ့ဆံပင်ကို တစ်ချက်ဆွဲမွှလိုက်မိတော့ သမီးငယ်လေးက
တခစ်ခစ် ရယ်မောလို့။
”ဟယ် မေ..၊ မေရယ်တော့ ငါ့ ဘယ်သူများလည်းလို့ ၊ ဖုန်းတော့ကြိုမဆက်ဘူးဟယ်”
အသံအကျယ်ကြီးနဲ့ အားပါးတရ အော်ပြောလိုက်တဲ့ချိုဟာ သူမရဲ့ ချိုမှ ချိုပါပဲ။
”ဒါအငယ်လေးလား အံမယ်လေး ချစ်စရာကောင်းလိုက်တာ လာပါဦးအန်တီကြီးဆီကို လာပါဦး ”
မျက်နှာချိုတဲ့ သမီးလေးကို သဘောအကျကြီးကျပြီး တရှုံ့ရှုံ့နမ်းမွှေးနေတဲ့ချို့ကိုကြည့်ရင်း
သူမ ထိမ်းမရနိုင် လောက်အောင် မျက်ရည်က၀ိုင်းချင်လာခဲ့တယ်။
”ချို သမီးလေးက ချစ်စရာကောင်းရဲ့လားဟင် ”
”ဘယ်နှယ့်ပြောလိုက်ပါလိမ့်မိမေ၊သမီးလေးကနင်ငယ်ငယ်ကအတိုင်းပဲနော်ချောလည်းချောချစ်စရာ
လည်းကောင်း”အမြဲတမ်းလို သူမချောကြောင်းလှကြောင်းကို ဂုဏ်ယူဝံ့ကြွားလွန်းစွာပြောနေတတ်ခဲ့ပြီး ၊
ူသူမကို ပန်းပွင့်လေး လိုအရိပ်ကြည့်နေတတ် ခဲ့တဲ့ချို့ ရင်ခွင်ထဲမှာ မျက်နှာကို အပ်ဝှက်ထားချင်လိုက်တာ...။
”မေရယ်ငါလည်း နာရေးကြော်ငြာဖတ်မိလို့ သိပြီးလိုက်ပို့နိုင်ခဲ့တာ၊တို့တွေမတွေ့တော့တာလည်း
ငါဆေးကျောင်း စ တက် ကတည်းကနော် ၊ နင် အိမ်ထောင်ကျတော့ ငါ နိုင်ငံခြားမှာလေ ၊
ကိုကိုဦးက ဘယ်လိုဖြစ်သွားတာလဲဟယ် ”
”ချို ”
သူမအသံဟာ သူမဘာသာပြန်လန့်သွားရလောက်အောင် အက်ကွဲခြောက်သွေ့နေခဲ့တယ်။
အတင်းကာရော တောင့် တင်းခိုင်မတ် ထားရသမျှ ပြေလျော့ခွေယိုင်သွားခဲ့ပြီလား။
သူမငိုရပြန်ပြီတဲ့လေ ..။ ဒီတစ်ခါ ကိုယ်ကျတဲ့မျက်ရည်တွေကတော့ ကိုယ်တို့ သား အမိအတွက်ထင်ပါရဲ့.....။
ချို့ ကိုဖက်ပြီးသူမအားပါးတရ ငိုချလိုက်မိတော့ သမီးလေး ပါလိုက် ငိုရှာပြန်တယ်။
”မေရယ် ဆောရီးဟာ ၊ ငါအစဖေါ်ပေးသလိုဖြစ်သွားတယ်၊ မေတိတ်တော့ ပင်ပန်းပါတယ်
သူငယ်ချင်းရယ် တိတ်တော့နော် ၊ မီးမီးလေးလည်းတိတ်နော် မုန့်မုန့်ပေးမယ် တိတ်နော် ”
ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ချို့ကိုသူမအားနာလိုက်တာ။သူမရဲ့သောကတွေဟာချို့ကို ပူလောင်စေတော့ မှာပါလား..။ သူမ ဆုံးဖြတ်တွေးတောလာခဲ့တာတွေကရော သင့်တော်မျှတပါရဲ့လား...။
သူမ နာကျင်နေတဲ့ လည်ချောင်းထဲကို တံတွေးတစ်ချက် မျိုချလိုက်မိတယ်။
”မဟုတ်ဘူးချို ကိုယ့်အဖြစ်က ချိုထင်သလောက် မလွယ်ကူမသက်သာခဲ့ဘူးကွယ် ”
(၄)

ချို့ရဲ့ မျက်နှာလေးဟာ သူမအားကိုးတိုင်ပင်ချင်စရာ လေးနက်တည်ကြည်နေခဲ့တယ်။
ချိုဟာ လူအများရဲ့ အသက်တွေကို ကယ်တင်ပေးနေတဲ့ ၊ လူအများရဲ့ ယုံကြည်ကိုးစား လေးစားအားကျတာကို ခံနေရတဲ့ ဆရာဝန်မကြီးပဲ..။ နောက်သူမအပေါ်မှာ အမြဲတမ်း ကောင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းမတစ်ဦးပဲ..။
သူမစိတ်တွေဒုံးဒုံးကျသွားခဲ့တယ်။
သူမဟာ ဟိုးအတိတ်ထဲကိုပြန်ရောက်သွားသလိုမျိုး ၊ အိပ်မွေ့အချခံထားရသလိုမျိုး.........။
သူမ တတွတ်တွတ်ရေရွတ်ပြောဆိုနေသမျှကို မယုံကြည်နိုင်တဲ့ဟန် ၊စိတ်လက်မသက်သာဟန်၊
ယူကျုံးမရဟန် ၊ နာကျင်ကြေကွဲတဲ့ဟန်တွေနဲ့ ငြိမ်သက်နားထောင်နေတဲ့ချိုဟာ သက်ပြင်းရှည်ကြီးတစ်ချက်ရင်း
မျက်နှာကို ချက်ချင်းပြုပြင်ပစ်လိုက် တယ်။ ချို့မျက်နှာဟာ သမားဂုဏ်အင်္ဂါအပြည့်နဲ့
ပြန်လည် နက်ရှိုင်းတည်ခံ့သွားခဲ့တယ်။
”ဒီရောဂါမျိုးဟာ တစ်ခြားနည်းလမ်းနဲ့လည်း ကူးစက်နိုင်တာပဲမေ ”
သူမကို နှစ်သိမ့်လိုက်တဲ့စကားမှန်းသိသိကြိး မသိသားဆိုးဝါးလွန်းစွာပဲ သူမ ရယ်မောပစ်လိုက်မိတယ်။
”ဘာလည်း ချို မုတ်ဆိပ်ရိပ်ဓါးတစ်ချောင်တည်းအသုံးပြုခဲ့မိကြလို့လား၊ ဒါမှမဟုတ် ဆေးတိုး အပ်တစ်ချောင်း တည်းနှစ် ယောက် အတူထိုးခဲ့မိလို့လား ၊
ကိုယ်က နှစ်ရှည်လများ မိန်းမနဲ့ခွဲပြီးအလုပ်သွားလုပ်နေတဲ့ လင်ယောက်ျား တစ်ယောက် ကို
ကိုကိုမေ့ကို သစ္စာမဖေါက်ရဘူးနော်လို့ အရေခွံပါးတားမြစ်နေမယ့် ခပ်အူအူ မိန်းမမျိုး မဟုတ်ခဲ့ပါဘူးကွယ် ”
”ဒါပေမယ့် ကိုယ်အရမ်းနာကျည်းတယ် ၊ ဒီခေတ်မှာ ဒီလိုပညာမျိုးတွေတတ်ထားပါရက်နဲ့ ကိုယ်တို့ ဘ၀တွေ စုတ်ပြတ်သတ်သွားလောက်တဲ့ ကံကြမ္မာကိုဖန်တီးလဲလှယ်ယူရလောက်အောင်၊
ဘာအန္တရာယ်ကိုမှသတိမရနိုင်လောက်အောင် ဘယ်လို ညှို့ငင်ဆွဲ ဆောင်မှုအောက်မှာဘယ်လောက်အထိ အာသာငမ်းငမ်းဖြစ်ခဲ့ရသလဲ ဆိုတာ ”
ဆရာဝန်မအပျိုကြီးကို သူမအားနာမနေမိတော့ဘူး။ သူမခံပြင်းနာကျင်ရလွန်းလို့ ရင်ထဲမှာထပ်ထပ်ညံနေခဲ့တဲ့ စကားလုံးတွေကို ပထမဆုံးအကြိမ်တထိုင်တည်း ဖွင့်အန်ချလိုက်ရတော့ ပြေလျော့နေသာသွားလိုက်တာ......။
”ဒါပေမယ့် တစ်ကောင်ကြွက်ဖြစ်တဲ့ကိုကို့ကို ကိုယ် သိပ်ချစ်တယ်ဆိုတာတစ်ခုတည်းနဲ့ အကောင်းဆုံးတွေချည်း ဖန်တီးပေးခဲ့ပါတယ်ချို ”
ချိုဟာသူမပြောနေတာတွေကိုကြားဟန်မတူတော့ပဲတစ်စုံတစ်ရာကိုထိတ်လန့်တကြား တွေးတောနေပုံပေါ်နေ တယ်။ ချို့မျက်နှာဟာ မဖုံးဖိနိုင်လောက်အောင်ဖြူလျော်နေခဲ့တယ်။ သူမက အလိုက်တသိနဲ့ပဲ......
”ဒီမှာကြည့်ပါဦးချို ”
အသင့်ပါလာခဲ့တဲ့ စာအိပ်ကို စားပွဲပေါ်တင်လိုက်တော့မှ ချို လှုပ်လှုပ်ရှားရှားဖြစ်သွားရှာတယ် ။
”မင်း မင်းရဲ့ Result လားမေ...”
”ဟုတ်တယ်ချို ကိုယ် ကိုကိုရက်လည်တဲ့နေ့ကပဲ သွေးသွားစစ်လိုက်တယ် ။ သားကြီးအတွက်ကတော့
စိတ်ချ ရပါတယ် ၊ သားကိုယ်ဝန်ကြီးနဲ့ မှ ကိုကိုထွက်သွားတာ၊ ခု သား ရှစ်နှစ်ကျော်ပြီလေ ။”
”တကယ်ဆိုကိုကို့အကြာင်းသိသိချင်းစစ်ရမှာပေမယ့်စစ်ပွဲနှစ်ပွဲကို ကိုယ်တစ်ပြိုင်တည်း ရင်ဆိုင်နိုင်မယ်
မထင်လို့ ကိုကိုကိစ္စ လုံးလုံးပြီးတဲ့နေ့မှ ကိုယ်သွေးသွားစစ်လိုက်တာ..၊၊ .”
သူမ အသံတွေတုန်ယင်ချင်လာတာကို အံတစ်ချက်ကြိတ်ပြီးထိမ်းလိုက်တယ်။
စာအိတ်ကိုဖွင့်ကြည့်ဖို့ ဟန်ပြင်လိုက် တဲ့ ချို့ လက်ကိုတော့ အသာလှမ်းကိုင်ပြီးတားလိုက်မိတယ်။
”ချို - ချို ကိုယ့် အဖြေကတော့ ကိုယ်ထင်တဲ့အတိုင်းပါပဲ ၊ ကိုယ်မျှော်လင့်ထားပြီးသားပါ ဒါ ဒါ ပေ မယ့်...”
ရှိုက်သံတွေထွေဝါးလားတဲ့ အသံကို သူမမထိမ်းချုပ်နိုင်တော့ဘူး ၊ ချိုကသူမကို ရုတ်တရက်တင်း တင်းကြပ်ကြပ် ထွေးပွေ့လိုက်တော့ သမီးလေးက ဆိုဖါပေါ်မှာ အပူအပင်မရှိအိပ်မောကျလို့လေ။
” ဒါ ဒါ ပေ မယ့်..ကိုယ် သမီးလေးကိုတော့ တစ်နှစ်ခွဲ မပြည့်သေးလို့ သွေးစစ်လို့မရသေးဘူးတဲ့ချို
ကိုယ် လေ...ကိုယ် ”
” ပြောစမ်းမေ မင်းရင်ထဲမှာ ရှိနေတာတွေ ချို့ကိုပြောစမ်း ၊ ပြော ဘာပြောချင်လဲ ၊ ငါ ဘာတွေကူညီရမလဲ ၊
ငါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကူညီမှာပေါ့ သူငယ်ချင်းရယ်....”
သူမမေးဖျားကိုကိုင် မျက်ဝန်းချင်းစေ့စေ့ဆိုင်ပြီး တစ်လုံးချင်းပြောလိုက်တဲ့ ချို့စကားတွေကြောင့်သူမ ဆောက်တည်ရာပြန်ရသွားခဲ့တယ်။
ဟုတ်သားပဲသူမ အထပ်ထပ်ပြောထွက်အောင်လေ့ကျင့်ထားပြီးသားစကားလုံးတွေလေ..။
သူမ အဆင်သင့်ဖြစ် နေအောင်ပြင်ဆင်ထားခဲ့တဲ့ အခြေအနေလေ..။
” မတော်တဆ သမီးလေးမှာ ရောဂါပိုးရှိနေခဲ့ရင် မင်း သမီးလေးကို မွေးစားထားပေးပါလားချို ၊
ကိုယ် ကိုယ် .. တစ်ခုခု ဖြစ်သွားပြီးရင်လေ....”
ချိုက အိကနဲဝိုင်းတက်လာတဲ့ မျက်ရည်တွေကို မျက်တောင်ပုတ်ပြီး ထိမ်းသိမ်းရင်း ..
” ဘယ့်နှယ့်မေရယ် ရောဂါပိုးရှိတဲ့သူဟာ ရောဂါရှင်မဟုတ်သေးဘူးလေ..၊ CD4 Count အရေအတွက်ကို
စစ် ကြည့်ရမယ်..။ ARV ဆေးတွေကို မှန်မှန်သောက် ၊ ကိုယ့်ကိုကိုယ်ဂရုစိုက်ပြီး အစားအသောက်ကို စာရင်းဇယား အတိုင်းစားရင်....”
အို အဲဒီ့စကားလုံးတွေဟာ ကိုယ် ကိုကို့ ကို ပြောနေကျစကားလုံးတွေပေါ့ ချိုရယ်.....။
မင်းလိုဆေးပညာဝေါဟာရ တွေနဲ့ စနစ်တကျကြီးမဟုတ်ပေမယ့် အဲဒီ့ စကားလုံးတွေကို
ကိုယ် ကိုကို့ ကိုအထပ်ထပ်ပြောခဲ့တာ...။
” မင်း AZT ဆေးသောက်ခဲ့ရသေးလား ၊ PMC စီမံချက်တွေရှိနေတော့လေ....”
” ဟင့်အင်း ” ကိုယ်တို့ သမီးလေးမွေးပြီး သုံးလလောက်နေမှ သိခဲ့ကြတာလေ..။
” ဒါပေမယ့် မင်း သမီးလေးကို ဗိုက်ခွဲမွေးခဲ့တာမဟုတ်လား....”
သူမ လေးလေးကန်ကန်ကြီး ခေါင်းညိတ်ပြလိုက်တော့ မင်း နို့ရော တိုက်ခဲ့သေးလားဟင်..လို့
အားတက်သရော ဆက်မေးရှာတယ်။ အသံတိတ်သွားတဲ့ သူမရဲ့အဖြေကို ချိုက သက်ပြင်းတစ်ချက်ချရင်း...
” ဒီရောဂါပိုးဟာ မိခင်ကနေကလေးကို ကူးစက်နိုင်နှုန်းက ၃၀ ကနေ ၃၅ ရာခိုင်နှုန်းအထိပဲရှိတာ၊
မင်းက ဗိုက်ခွဲ မွေးခဲ့တာဆိုတော့ ရာခိုင်နှုန်းက ဒီ့ထက်လျော့ဖို့ပဲရှိတာ၊
မေ့ စိတ်ထဲမှာ သမီးလေးမှာ ဘာရောဂါမှမရှိဘူးလို့ပဲသဘောထား၊ တကယ့်ကို မရှိလောက်ပါဘူးမေရယ် ။
ဟုတ်ပါ့မလားချိုရယ် ၊ ဟုတ်ပါ့မလား....။ ကိုယ် ဒီဘ၀မှာဒီ့ထက်ပိုပြီးမကျဆုံးပါရစေနဲ့ ၊
ဒီ့ထက်ပိုပြီး မဆုံးရှုံး ပါရစေနဲ့...။
ဘုရား ဘုရား မတော်တဆ ကံဆိုးမိုးမှောင်ကျပြီး သမီးလေးမှာ ဒီရောဂါသာပိုးသာကူးစက်ခံခဲ့ရရင်....။
သမီးလေးကို ၊ သမီးလေးကို မင်းလက်ထဲမှာထားခဲ့ရမှလည်း ကိုယ် စိတ်ချနိုင်မှာပါချို......၊
သမီးလေး သက်တောင့်သက်သာ၊ အတွေးစကိုတိကနဲဖြတ်ချပစ်လိုက်ဖို့ သူမ ခပ်ကြောင်ကြောင်
ရယ်ချ ပစ်လိုက်တယ်..။
” ချို CD4 Count သာမန်ကနေ လးငါးရာလောက်ကျချင်ကျနေနိုင်တဲ့မိန်းမတစ်ယောက်ဟာ
ဘယ်လောက်အထိ အသက်ဆက်ရှင်နိုင်ဦးမလည်းဟင် ....”
” တော်စမ်းမေ ၊ ငါ ငါ့သူငယ်ချင်း ဆရာဝန်တစ်ယောက်နဲ့ မင်းကိုအပ်ပေးမယ် ၊ မင်း ငါတို့ ညွှန်ကြားသမျှကို တိတိကျကျ လိုက်နာရမယ် ၊ သမီးလေးနဲ့ပတ်သက်တာတွေလည်း လိုအပ်မယ်ထင်တာတွေ ဆက်လုပ်ရမယ်။ တကယ်လို့ လူနာတွေမှာ ရောဂါလက္ခဏာပြလာပြီဆိုရင်တော့ ဆေးရုံတက်ပြီး စနစ်တကျကုသမှုခံယူတာဟာ အကောင်းဆုံးပဲ၊ ထားပါတော့ အရေး ကြီးတာက ပြောစကားဆိုစကားကိုနားထောင်ပြီး မင်း ခေါင်းမာမနေဖို့...”
ချိုကသူမကိုခပ်ဆတ်ဆတ်မန်မဲသလိုပြောတော့သူကနည်းနည်းပြန်ငယ်သွားပြီးပျော်သလိုတောင်ဖြစ်လာခဲ့တယ်။ ချိုက သူမကို အော်အော်ငေါက်ငေါက်နဲ စာပြပေးနေကျလေ..။
” မေ….. မေ…..နင် ကြီးကြီးကို ဘယ်လိုပြောထားသလည်း ဟင်..”
သူမဆတ်ကနဲတုန်သွားခဲ့တယ်၊ အမေ့ကို သူမရဲ့ အမေ့ကိုလား ..။
သူ့သမီးဟာ သိပ်ချောသိပ်လှတာ၊လင်ကောင်းသာကောင်းရပြီး အခုဆို ရန်ကုန်မှာကြီးပွားနေတာ၊
သူ့မြေးလေး တွေက ဗိုလ်လေး ဗိုလ်မရုပ်ကလေးတွေလို သိပ်ချစ်စရာကောင်းတာလို့ အမြဲလို ဂုဏ်ယူဝံ့ကြွား ပိတိဖြစ်နေတတ်တဲ့အမေ့ကိုသူ့သမီးရဲ့အလူးလူးအလိမ့်လိမ့်ကျဆုံးခန်းအကြောင်း ဘယ်လိုပြောထွက်ပါ့မလည်း ချို…..။
” ကိုယ် အမေ့ကို ကိုကိုက တီဘီကနေ အဆုတ်ကင်ဆာဖြစ်သွားတာလို့ ၊ ကိုယ်ကတော့ တီဘီနည်းနည်း
ကူးချင် သလိုဖြစ်နေတယ်လို့ပဲ ပြောထားလိုက်တယ်ချို....”
ချာကနဲ သူမကိုကျောခိုင်းပစ်လိုက်တဲ့ချို့ကျောပြင်ကို ခပ်ငေးငေးပဲကြည့်နေဖြစ်လိုက်တယ် ..။
” မိမေ ငါ နင့်သမီးလေးကို ငါ့သွေး ငါ့သား ထက်ပိုချစ်မယ် သိလား...”
ခေါင်းအညိတ်လိုက်မှာ မျက်ရည်တစ်စက်က ကျဖြစ်အောင်ကျရပြန်တယ်လေ ..။

(၅)
အမေရဲ့ရင်ခွင်နဲ့ထပ်တူထပ်မျှလုံခြုံနွေးထွေးစေနိုင်တာအဖွားအေရဲ့ရင်ခွင်ပဲလို့ သူမတစ်ကိုယ်ရည်မှတ်ချက်နဲ့သားကြီးကိုကျောင်းထွက်လက်မှတ်ယူလိုက်တယ်။ရန်ကုန်က ကျောင်းကောင်းကောင်းတွေမှာထားမှ ပညာတတ်ကြီးဖြစ်မှာဆိုတဲ့ အချက်ဟာ မခိုင်လုံကြောင်း ချိုက
သူမကို သက်သေပြထားခဲ့တယ်လေ..။
ကလေးနှစ်ယောက်နဲ့ ရောက်ချလာတဲ့သမီးကို ပိန်သွားလိုက်တာသမီးရယ် ဆိုတဲ့မှတ်ချက်နဲ့ အမေနဲ့
အဒေါ်လေး လုပ်သူက ၀မ်းသာအားရကြိုဆိုကြရှာတယ် ။
အမေ သမီး သားကြီးကို အမေနဲ့ထားမလို့ဆိုတော့အမေက မယုံကြည်နိုင်သလို မျက်လုံးကြီးပြူးကြည့်နေခဲ့တယ်။
” ဟုတ်တယ်အမေ သမီးက ကိုကိုဦးဆီက တီဘီကူးနေတာဆိုတော့ သားကြီးကိုကူးမှာစိုးတယ် ၊
နောက်ပြီး အဒေါ်လေးကိုလည်း ကလေးကျောင်းကြို ကျောင်းပို့ကအစ သမီးဆိုင်ကတစ်ဘက်နဲ့...”
စကားစက အလိုလိုပြတ်ကျသွားခဲ့တယ် ၊ တကယ်ဆို ဆိုင်ကိုရောင်းလာခဲ့တဲ့ ငွေထုတ်ကိုပိုက်လာခဲ့တာ ၊ အမေ့ကို လိမ်ရ ညာရတာတွေ သိပ်များလာတော့ သူမ အမေ့မျက်နှာကိုတောင် ရဲရဲရင်မဆိုင်ရဲချင်တော့ပါ..။
အမေကသူ့ခင်ပွန်းဝင်စားတယ်လို့ ယုံကြည်တဲ့ သားကြီးကို ၀မ်းသာအားရ တရှုံ့ရှုံ့နမ်းရှိုက်ပြီး ..။
မိမေနော် နောက်မှ ငါ့ကို အသည်းကွဲအောင်မလုပ်နဲ့တဲ့လေ..။
ဟဲ့ အငယ်လေးရော ကူးမှာမစိုးရိမ်ရဘူးလားဆိုတော့ မီးငယ်လေးက ကာကွယ်ဆေးထိုးထားပြီးသားအမေရဲ့
လို့ သူမပါးစပ်ထဲပေါ်ရာကောက်ပြောလိုက်ရင်း အမေ့ပေါင်ပေါ်ခေါင်းအုံးပြီး လှဲနေမိလိုက်တယ်။
တဒင်္ဂတော့သူမသောကအားလုံးကိုမေ့ပျောက်ပြီးဟိုး...ဆယ်တန်းကျောင်းသူမဘ၀လောက်ကို ပြန်ရောက်သွားသလိုပါပဲ ..။
အမေက သူမဆံနွယ်တွေကို တယုတယပွတ်သပ်ပေးနေရင်း
” သမီးရယ် ညည်းမလည်း ခေတ်ပညာတတ်မဟုတ်တာကျလို့ တီဘီများကူးအောင်ပြုစုရတယ်လို့အေ ၊
မတော် ဟို အဆုတ်ကင်ဆာ ဆိုတာကြီးပါကူးရင် ဘယ့်နှယ့်လုပ်မတုန်း ...”
သူမ ဆတ်ကနဲတုန်သွားမိတယ် ၊ အမေ ယာသူမကြီးက အဆုတ်ကင်ဆာရောဂါကိုပါ
ကူးစက်ရောဂါ ထင်နေခဲ့တာ ပါလား..။ သူမအတွက်တော့ တစ်မျိုးကောင်းတာပေါ့လေ..။
သူမ ခွေခွေနေတိုင်း သမီးနေသာရဲ့လား ၊ ဘယ်လိုနေလည်း နဲ့ ပျာပျာသလဲ တဖွဖွမေးစမ်းရင်း
သူမကိုအရိပ် တကြည့်ကြည့်ရှိနေခဲ့တဲ့အမေ့ရဲ့မျက်ဝန်းတွေဟာသူမသမီးလေးကိုကြည့်မိတဲ့မျက်ဝန်းတွေနဲ့
တစ်ထေရာတည်းတူနေမှာပါ။
တီဘီဆိုတာဗမာဆေးမှပျောက်တာအေ့ဆိုပြီးကျိုချက်တိုက်တဲ့ဆေးဥဆေးမြစ်တွေကို သူမသောက်ဟန်ဆောင် နေတာ အမေများရိပ်မိသွားလေမလား..။
သမီး က မလုပ်တတ် မကိုင်တတ်ဆိုတော့ ရှိတာလေးတွေတိုးအောင်ပွားအောင် အမေပဲစီစဉ်ပေးနော်
ဆိုပြီး သူမ က ငွေတွေကို အမေ့လက်ထဲထည့်လိုက်တော့ အမေက ဂုဏ်ယူတဲ့အပြုံးမျိုးကို တသိမ့်သိမ့်ပြုံးလို့ ။
သတင်းမေးလာသမျှဧည့်သည်တွေကို မိမေကစိတ်ရောလူရောပမ်းသွားတာပေါ့တော်ဆိုပြီး
အကြိုးအကြောင်းတွေဇာတ်စုံခင်းရင်းမျက်ရည်စို့နေရှာတယ့်အမေရဲ့နှလုံးအိမ်ကိုမ
ှသူမကချေမွှရဦးမယ်တဲ့လေ...။မြေးကြီး၊မြေးငယ်တွေနဲ့အလုပ်တွေရှုပ်နေတဲ့ကြားကသမီးရယ် ရန်ကုန်မှာရှိတာတွေအကုန်ရောင်းချပြီးဒီမှာပြန်လာနေစမ်းပါလို့သတိရတိုင်းထထပြောနေတဲ့
အမျိုးသမီးကြီးဟာ ဘယ်လောက် ဆောက်တည်ရာမဲ့ကြေကွဲရဦးမှာပါလိမ့်......။
မိဘမဲ့ဆိုတဲ့ဝမ်းနည်းသိမ်ငယ်စိတ်ဟာ ကလေးသူငယ်တွေကို ဘယ်အချိန်ဘယ်အရွယ်လောက်မှာ
နာကျဉ် နှိပ်စက်စေလိမ့်မလဲ..။
ဘယ်အချိန်မျိုးမှာသားကြီးဟာအဖေနဲအမေ့ကို့ကြေကြေကွဲကွဲတမ်းတနေမှာပါလိမ့်ကွယ်…။
ဘာ ကို မှ မတွေးပဲနေတဲ့ အချိန်တွေမှာပဲ သူမ အနည်းငယ် နေပျော်သလိုရှိတော့တာပါလား..။
လက်သာ တဲ့နေရာမှာ ပျော်တတ်တဲ့ ကလေးတွေရဲ့ထုံးစံအတိုင်း ဖွားဖွားကြီးနဲ့ ၊ဖွားဖွားလေးတို့ရဲ့
အလိုလိုက်အရေးပေးမှုအောက်မှာ ရွှင်လန်းပျော်မြူးနေတဲ့ သားကြီးကိုကြည့်ရင်း လောလောဆယ်
အတွက်တော့ သူမ စိတ်အေးသွားမိတယ်။
ကားအရုပ်ကလေးတွေကိုဖြုတ်လိုက်တတ်လိုက်နဲ့ အလုပ်ရှုပ်နေတတ်တဲ့ သားကြီးဟာ
အင်ဂျင်နီယာကြီးများ လုပ်ချင်နေဦးမလား...။ ဟင့်အင်း သူမကတော့ဆရာဝန်ကြီးပဲလုပ်စေ့ချင်ပါတယ်။
” အမေ သားကြီးကို ဆရာဝန်ဖြစ်အောင်လုပ်ပေးနော် ...”
သူမလွှတ်ကနဲပြောလိုက်မိတယ်။
ရူးပ သူ့သားကဖြင့်ခုမှ သုံးတန်းတက်ရမှာလို့ အမေကပြန်ပြောတော့ သူမ အားရပါးရရယ်မောလိုက်မိတယ်။ သမီး မရယ်မောနိုင်ခဲ့တာ ဘယ်လောက်ကြာပြီလဲ အမေရယ်။
မေမေ ရေသောက်ချင်တယ်လို့ ခပ်ချွဲချွဲ ပြောလိုက်တဲ့သားကို
” သား သားက ယောက်ျားမဟုတ်ဘူးလားသား၊ ယောက်ျားဆိုတာကိုယ့်အားကိုယ်ကိုးရတယ် သားရဲ့ ၊
သားနဲ့မီနေတာသားဘာသာသွားခပ်သောက်ရမယ်နော်၊နောက်ဆိုသားတာဝန်သားယူရမယ့်
အခြေအနေတွေရောက်လာဦးမှာ ..”
သူမရဲ့ စကားဟာ ရှစ်နှစ်သားအရွယ်ကလေးတစ်ယောက်အတွက် ရက်စက်စိမ်းပြတ်လွန်းနေမလား ။
အို သား လေးရဲ့ စိတ်ထဲမှာ အမေဆိုတာ အားကိုးမှီတွယ်စရာဆိုတဲ့အသိမျိုး ၀င်နေလို့မဖြစ်ဘူးလေ..။
သားဟာ သူ့ကိုယ်ပိုင် အစွမ်းအစ လေးနဲ့ သူကိုယ်သူ ထိမ်းကျောင်းတည့်မတ်သွားနိုင်ဖို့ ..။
” အမေ ချို့ကိုမှတ်မိလားဟင် ၊ ခင်လေးချိုလေ ၊ အလည်ပိုင်းက ...”
” မှတ်မိပါ့တော် ၊ ဆရာဝန်မဖြစ်နေတဲ့ကလေးမ မဟုတ်လား ...”
” ဟုတ်တယ်ဟုတ်တယ် သူက မီးငယ်လေးကိုသိပ်ချစ်တာ အမေရဲ့ ၊ မွေးစားချင်လို့တဲ့ ...”
” မိမေ ညည်းက ကလေးတွေသူများလျောက်ပေးပြီး အပျိုလုပ်ချင်နေတာလား ...”
အမေက အငေါ်တူးတူးပြန်ပြောလိုက်တော့ သူမ ကြေကြေကွဲကွဲ ရယ်မောလိုက်မိတယ်။
အမေက သားကြီးကို သူမ ရင်ငွေ့ကခွဲထုတ်ထားမှာကိုတောင် သိပ်ကျေလည်ချင်ပုံမရခဲ့တာပါ ။
သား သမီးဆိုတာမိဘနဲ့ရင်အုပ်မကွာထားရတယ်အေ့စတဲ့အမေ့ရဲ့ဆုံးမသံတွေကိုသူမဘယ်လိုများ
ကြားနာရပါ့မလည်းကွယ် ..။
သူမပြန်ခါနီး အမေ့ခြေဖမိုးကို မျက်နှာအပ်ပြီး မျက်ရည်သွယ်သွယ်ကျခဲ့ပေမယ့် ၊
သား မေမေက အရုပ်သွား ၀ယ်ပြီးပြန်လာမှာဆိုလို့ကြည်ကြည်သာသာနဲ့လက်ကလေးပြပြီးကျန်ရစ်တဲ့သားကို နင့်နေအောင်နမ်းမွှေးလိုက်ချင်စိတ်ကိုတော့ အောင့်အည်းနိုင်ခဲ့ပါရဲ့လေ..။
မေမေ့ရဲ့ အနမ်းက သားလေးစိတ်မှာ နာကျင်တမ်းတစရာ ဒဏ်ရာတစ်ခုလိုကျန်မနေခဲ့စေချင်တာပါ သားရယ်။

(၆)
မျက်နှာထားခပ်တည်ထည်နဲ့သူမကိုကိုယ်တိုင်သွေးပေါင်ချိန်ကြည့်နေတဲ့ ချို့ကို သူမ မျက်နှာချိုသွေးနေမိတယ်။
”ကိုယ်နေကောင်းပါတယ်ချိုရဲ့၊ကိုယ်ဆေးလည်းမှန်မှန်သောက်ခဲ့တယ်၊ကော်ဖီလည်းမသောက်ပါဘူး၊ လေ့ကျင့်ခန်း လည်းလုပ်ပါတယ်၊ အား ရှိ တာတွေ လည်းစားခဲ့ပါတယ် ။”
”မဟုတ်ဘူးမေ ဒီလောက်ခရီးဝေးကြီးကိုသွားလို့ ပင်ပမ်းတဲ့ဒဏ်ကို မင်းမခံနိုင်မှာစိုးလို့ ပြောနေရတာ ၊ အဲဒီ့ဒဏ် ကနေ Opportunistic Infections တွေဝင်လာမှာစိုးလို့ပြောနေရတာ ၊ ခေါင်းသိပ်မာတာပဲ မေရယ် ။”
ဆူပူသလို တဗျစ်ဗျစ်ပြောနေတဲ့ ချို့ ရဲ့ မျက်ဝန်းထဲကကရုဏာနဲ့ အကြင်နာတွေကို အမိအရလိုက်ဖမ်းကြည့်ရင်း ၊ သူမ မျက်ရည်တွေဝဲတက်လာအောင် ကြည်နူးနေမိတယ်။ ချိုရယ်လေ သူမအတွက်အလုပ်တွေရှုပ် အပင်ပန်းတွေခံလိုက်ရတာ…။ သွေးချင်းညီအမ မရှိတဲ့ သူမအတွက်တော့ ချိုဟာ အမကြီးပါပဲ..။
သူမကို တစ်ကိုယ်ကောင်းဆန်တယ် ပြောချင်ပြောကြပါစေတော့၊ ဒီအချိန်မျိုးမှာ ချိုနဲ့ ပြန်အဆက်အသွယ်ရတာ တစ်ခုတော့ဖြင့် သူမ ကံကောင်းပါတယ်လေ။
”ကိုယ် ချို့ရဲ့စေတနာကို နားလည်ပါတယ်ချိုရယ်..။ အခုက ကိုယ် ဆိုင်ရောင်းလို့ရတဲ့ ပိုက်ဆံလေးကို အမေ့တို့ အတွက် ပွဲရုံမှာရှယ်ယာသွားဝင်ပေးလိုက်တာ၊ အမေကလည်းဒီအလုပ်တွေကျွမ်းပြီးသားဆိုတော့လေ ”
သားအကြောင်း တစ်လုံးမှမပါအောင် သတိထားပြောနေတဲ့ သူမကို သက်ပြင်းလေးလေးရှိုက်ချလိုက်ပြိး ချိုက ငေးကြည့်နေခဲ့တယ်..။ချို့ကိုအခန်းအပေါက်ဝအထိလိုက်ပို့ရင်းချိုသမီးလေးကိုရောသွေးစစ်မကြည့်ကြသေးဘူး
လားဟင်လို့မေးချင်လိုက်တာမှလေ..။
လည်ချောင်းမှာနင်ပြီးပျောက်နေတဲ့အသံတွေကြောင့်သူမအသက်ရူရကြပ်လာသလိုပါပဲ.....။
ကိုယ် မနားနိုင်သေးပါဘူးချိုရယ် ။ ကိုယ့်မှာ လုပ်စရာတွေကျန်နေသေးတယ်လေ..။
အခုကိုယ်နေတဲ့တိုက်ခန်းကို အဆောင် ပုံစံပြင်ဆင်ပြီး အဆောင်ငှားဖို့ ၊ ကိုယ့်တူမ ဆရာမနဲ့တိုင်ပင် ထားခဲ့ဘူး တယ်လေ..။နောက် ကိုယ် လက်ဝတ်လက်စားတွေကို အာမခံဌာနမှာအပ်ဖို့ ၊
နောက် ကိုယ်ဈေး ပေါပေါရတုန်းက ၀ယ်ထားခဲ့တဲ့ တောင်ဒဂုံက မြေကွက်ကလေးတွေ
တစ်ချို့ဆို ဘယ်နေရာမှာရှိမှန်းတောင် ကိုယ်မသိသေးဘူး၊ အဲဒါလေးတွေကို ရောင်းပြီး
ကိုယ် တို့စရိတ်တွေနဲ့ တော်တော်လျော့သွားတဲ့ ဘဏ်စာရင်းကို ငွေသားပြန်ဖြည့်ထားနိုင်ဖို့ ၊
နောက် ကိုကို့ သူငယ်ချင်း ရှေ့နေ တစ်ယောက် နဲ့ ကိုယ်ဖြစ်စေချင်တာလေးတွေကို တရားဝင်ဖြစ်စေဖို့.....။
အဲဒါလေးတွေကျန်နေသေးတယ်ချိုရယ်..။ အဲဒါလေးတွေပါပဲ........။
အဲဒါတွေပြီးရင်
သူမ တာဝန်တွေ အားလုံး ပြီး ဆုံး သွား ခဲ့ ပြီ တဲ့ လား....။
တကယ်ပဲ ပြီးဆုံးသွားပြီတဲ့လား....။
အခုချိန်မှာတော့ ဘ၀ဟာ အလုပ်ထွက်စာတင်ထားတဲ့ အလုပ်တစ်ခုမှာ အလုပ်ဆက်လုပ်နေရသေးတဲ့ အချိန်အကန့် အသတ်တစ်ခုလိုပါပဲလား ကွယ်။

(၇)
ချို့ဆီကို ဖုန်းခေါ်ဖို့ အပြင်းအထန်ကြိုးစားနေတဲ့ သူနာပြုဆရာမလေးဟာ သူမမျက်ဝန်းထဲမှာပြာဝါးနေခဲ့တယ်။
သူမ ကိုယ်ထဲက သတ္တုဓါတ်တွေအားလုံး ခမ်းခြောက်ကုန်ပြီလား..။
သူမရဲ့ လက်တွေခြေတွေဟာ လှုပ်ရှားနိုင်စွမ်းမရှိလောက်အောင်ကို ညောင်းချိ နွမ်းနယ် နေလိုက်တာမှလေ..။
ချို သိရင်တော့သူမကိုမန်မဲဦးမှာသေချာတာပေါ့။
ချိုရယ် လာပါတော့ ။
ကိုယ်လေ တောင်ဒဂုံကမြေကွက်ကလေး တွေဝယ်သူရှိလို့ ရက်ဆက်သွားလိုက်မိတာ..။
နောက် ကိုယ် သိပ်ကြိုက် တဲ့ ပိန္နဲသီးတွေကိုတွေ့တော့ သတိလက်လွတ် ၀ယ်စားမိ လိုက်တာ...။
သမီးလေးရော ၊ သမီးလေးဒီအချိန်လောက်ဆို ကောင်မလေးရင်ခွင်ထဲမှာအိပ်ပျော်နေရောပေါ့။
သူမဟာသမီးလေးရှေ့မှာအပြစ်ရှိနေသလိုအမြဲတမ်းခံစားကြေကွဲနေရတဲ့အကြောင်း သမီးလေးကိုပြောပြချင်လိုက်တာ..။
တကယ်ဆို သမီးလေးအတွက် အကောင်းဆုံး ဆိုတာ တွေချည်း မေမေ ဖန်တီးပေးချင်ခဲ့တာ..။
ခုထိ ကျန်းကျန်း မာမာ ချိုချိုရွှင်ရွှင်ရှိနေတဲ့ သမီးလေးမှာ ချိုပြောသလို ဘာရောဂါ ၊
ဘာအနာတရမ မရှိနိုင်ဘူး ဆိုတာ ဟုတ်မှာပါ။
ဟုတ်ပါတယ်နော် ၊
အို.. ချိုကိုယ့် ကို နှစ်သိမ့်နေတာဆိုလည်း ကိုယ်သေချာပစ်လိုက်တော့မယ်ကွယ်..။
တစ်ကိုယ်လုံးပူလောင်ပြီး ခေါင်းတွေတဒိန်းဒိန်းကိုက်တက်လာတယ်။
သေချာတယ် ကိုယ် ဖျားနေပြီ.ချိုရယ်.။
နားထဲမှာ စီကနဲအူတက်သွားတဲ့အသံတွေနဲ့ သူမ ခဏလောက်အိပ်ပျော်သွားခဲ့သေးသလား...။
ပြာလွင်နေတဲ့ ကောင်းကင်က အခိုးအငွေ့တံတားတစ်စင်းကို သူမမြင်နေရပြန်ပြီလေ...။
ဟုတ်တယ် အခိုးအငွေ့တံတားတစ်စင်းပါပဲ...။
ကိုကို့ ကို နောက်ဆုံးအဖြစ်ပြောင်းလဲမြင်တွေ့ခွင့်ရလိုက်တဲ့ အရာတစ်ခုပေါ့။
ကိုကိုရေ......။
ကိုကို ဘယ်ကိုရောက်နေခဲ့ပြီလည်းကွယ် ၊ မေလေ အားလုံးအတွက် အဆင်ပြေအောင် စီစဉ်ထားပေးခဲ့တယ် သိလား ၊ သားကြီးအတွက် ၊ သမီးငယ်လေးအတွက် ၊ အမေ့အတွက်၊ မေ့ ရဲ့ကျေးဇူးရှင်ချို့အတွက်၊
အားလုံး အားလုံးအတွက်ပေါ့…...။
ဟင် !!
မေ့ အတွက် ဟုတ်လား ။
မေ့အတွက်.......။ မေ့အတွက် ..။ မေ့အတွက် တဲ့..။ဟုတ်ပါရဲ့..။
ဘ၀ရဲ့ အေးငြိမ်းရာထွက်ပေါက်တစ်ခုလို့ ဖတ်ဖူးကြားဖူးခဲ့တဲ့အာနာပါနသတိပဌာန် ဆိုတဲ့တရားတော်ကို
နည်းနည်းလေးမှကြိုးစားပမ်းစားအားမထုတ်ခဲ့ဘူးအောင်ကိုဒီစိုးရိမ်သောကဗျာပါဒတွေနဲ့ပဲ ပူပြင်းလောင်မြိုက်ခဲ့တာပါလား..။
သူမချွေးစေးတွေနဲ့ ရွှဲနစ်လို့..။ သူမရင်ပြင်ဟာ ကြောက်လန့်စိုးရွံ့မှုတွေနဲ့ ဆတ်ဆတ်ခါနေလိုက်တာကွယ် သူမမေ့လျော့နေခဲ့လိုက်တာ ။
ဘုရားဘုရား...။
လက်အုပ်ချီဖို့ ကြိုးစားလိုက်တဲ့လက်ဖ၀ါးအတွေ့မှာ လက်စွပ်ကလေး နှစ်ကွင်း..။
သူမလက်သူကြွယ်မှာဂွမ်းစအ၀တ်ကလေးတွေခံပြီးရအောင်ဝတ်ထားခဲ့တဲ့ လက်ထပ်လက်စွပ်ကလေးနှစ်ကွင်း..။
ဂုဏ်သရေရှိမင်္ဂလာဧည့်ပရိတ်သတ်ရှေ့မှာ၊ဂုဏ်သရေရှိမင်္ဂလာဇနီးမောင်နှံကဆင်ယင်ပေးခဲ့တဲ့..
ကိုကို နောက်ဆုံးအချိန်အထိ အမြတ်တနိုးဝတ်ဆင်သွားခဲ့တဲ့...။
သူမ ခုချိန်အထိ အမြတ်တနိုးဝတ်ဆင်ထားဆဲဖြစ်တဲ့ ..။
လက်ထပ်မင်္ဂလာ လက်စွပ်လေးနှစ်ကွင်းပေါ့..။

ပိန်းပိတ်အောင် မဲနက်သိပ်သည်းနေတဲ့အမှောင်ထုထဲမှာ အလင်းတစ်စ မြင်လိုက်ရသလိုမျိုး..။
ရေနစ်နေသူရဲ့ ကောက်ရိုးတစ်မျှင်လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ..။

ချို ရေ.......။ ချို လာရင်...
ဒီလက်စွပ် ကလေးနှစ်ကွင်းကို ရောင်းလိုက်ဖို့..။
ရတဲ့ငွေကို HIV ကူးစက်ခံမိဘမဲ့ ကလေးငယ်လေးတွေအတွက် လှူဒါန်း ပေးဇို့....။
ဘာ အပြစ်မှမကျူးလွန်မိပဲ..ပြစ်ဒဏ်အချခံထားရတဲ့....ကလေးလေးတွေအတွက်....။.
မိဘမဲ့ ၊ပစ္စည်းဥစ္စာမဲ့တဲ့၊ရောဂါဘယ ရဲ့ ရက်ရက်စက်စက် ထိုးနှက်တိုက်ခိုက်တာကို ခံစားကြရဦးမယ့် ...
ကလေး လေးတွေ အတွက်လေ ။
သူမအမြတ်နိုးဆုံး ပစ္စည်းလေးကိုအရင်းတည်ပြီး လှူဒါန်းတာကြောင့် အမွန်မြတ်ဆုံးဖြစ်နေမှာပါ..။
တော်ပါသေးရဲ့ကွယ်။
သူမရဲ့ စိတ်ဝိဥာဉ်တစ်ခုလုံး လုံခြုံ အေးမြသွားသလိုလို .....။
သူမ စိတ်ရဲ လက်ရဲ တည်ငြိမ် သွားသလိုလို.....။
အခုကျနေတဲ့ မျက်ရည်တွေကတော့ သူမရင်ထဲက လှိုက်တက်လာတဲ့ ပိတိတွေကြောင့်ပဲဖြစ်မယ်ထင်ပါရဲ့။

အမေ နဲ့ ချိုက အမျှဝေရင် သူမက သာဓု ခေါ် ရ မှာ ပေါ့.......။

အို. . . .
သာဓုခေါ်နိုင်တဲ့ အခြေအနေရှိမရှိ ဆိုတာအထိတော့ ...
သူမ.........
တွေး တော မနေတော့ပါဘူးလေ....။ ။


အိန္ဒြာ
(ရတီမဂ္ဂဇင်း၊၂၀၀၆ခုနှစ်)

December 1, 2009

သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ


အခုမြင်တွေ့ရတဲ့ အဆောက်အဦးလေး ကတော့ HIV ကူးစက်ခံ မိဘမဲ့ကလေးငယ်များရဲ့
သုခရိပ်မြုံလေးပါပဲ..။
သုခရိပ်မြုံဂေဟာ လေးက ဒဂုံ မြို့သစ် အရှေ့ပိုင်း မှာ တည်ရှိပါတယ်.။

အဲဒီ့အဆောက်အဦးလေးကို ၂၀၀၆ခုနှစ်မှာအုတ်မြစ်ချအခြေတည်ခဲ့တာဖြစ်ပြီး ၊
သုခရိပ်မြုံစတင်စဉ်မှာ ကလေးလေး(၂)ယောက်ကနေစတင်ခဲ့တာပါ..။
အခု အဲဒီ့အဆောက်အဦးထဲမှာ ကလေးလေး(၄၅)ယောက်အထိရှိသွားခဲ့ပါပြီ.။
သူတို့လေးတွေဟာ အသက် တစ်နှစ်ခွဲ ကနေ ၁၅ နှစ်အထိ အရွယ် အသီးသီးရှိကြပါတယ်.။
ကံကြမ္မာချထားပေးရာထိတ်လန့်စရာဘ၀တွေနဲ့ ကိုယ့်အနာဂါတ်ကိုမသိရှာကြတဲ့ ကလေးလေးတွေ.
သူတို့ဟာဘယ်လိုမှဆက်စပ်စရာမရှိတဲ့တစ်နေရာစီကနေရောက်လာကြရပြီး
တစိမ်းတရံစာတွေရဲ့မေတ္တာလေးနဲ့နွေးထွေးနေကြရရှာသူတွေဖြစ်ပါတယ်.။


အပေါ်ကပုံလေးကတော့ ကာတွန်းဆရာကိုစိုးသော်တာ ကာတွန်းရုပ်ကလေးတွေ ဆွဲပြနေတာကို
သဘောတကျ ကြည့်ရှုနေကြတာပေါ့..။
သူတို့လေးတွေထဲမှာ တစ်ချိုက ကာတွန်းတွေ ပန်းချီတွေရေးဆွဲရတာကို နှစ်ချိုက်လို့..
တစ်ချို့က စာအုပ်တွေဖတ် ကဗျာရွတ်တာနားထောင်ရရင်ပျော်လို့
တစ်ချို့လေးတွေက သူတို့နာမည်မေးရင်တောင် သူတို့ကြိုက်တဲ့ မင်းသားမင်းသမီးနာမည်ကို
ရယ်ရယ် မောမော ဖြေဆိုတတ်ပါသေးတယ်..
တစ်ချို့က ဦးဗေလုဝကိုမြင်တော့ Hi Tea လာပြီဟေ့တဲ့..
ဆရာဝန်မကြီးလုပ်တမ်းကစားရမှ ကျေနပ်ကြသူလေးတွေ
စာသင်ကြေးဆော့နေကြတဲ့ ကလေးလေးတွေ..
ကစားစရာကို ဖြုတ်လိုက်တပ်လိုက် အလုပ်ရှုပ်နေသူလေးတွေ..
အဲသည့် ၄၅ ယောက်သော လူမမည်လေးတွေဟာ အနာဂါတ်ကောင်းကင်မှာ
ဘယ်လို ထွန်းလင်းပြမယ့် ကြယ်စင်တွေများလဲ.....။

သူတို့လေးတွေက အဲဒီ့ဂေဟာလေးမှာ
ဆရာမဒေါ်သန်းမြင့်အောင်၊ ဆရာမ ဂျူး၊ ဆရာမစုထား
အစရှိတဲ့ သုခရိပ်မြုံမိသားစုရဲ့အရိပ်အာဝါသအောက် မှာ
ဝန်ထမ်းသူနာပြုဆရာမ၊ကျောင်းဆရာမမေမေတွေ (၁၈) ယောက်ရဲ့ ယုယအုပ်ထိမ်းမှုအောက်မှာ
အပူအပင်မရှိ ပျော်ရွှင်နေကြရှာပါတယ်..။
မူကြိုအရွယ်ကလေးတွေအတွက် မူကြိုကျောင်း နဲ့ သူငယ်တန်းကနေ လေးတန်းအထိ ကလေးငယ်တွေအတွက် ၀ိသာခါသီလရှင်ပညာဒါနကျောင်းမှာ နာမည်စာရင်းပေးသွင်းထားပြီး
သုခရိပ်မြုံလေးမှာပဲ သင်ရိုးတွေအတိုင်းသင်ကြားပေးလျှက်ရှိပါတယ်.။
လိုအပ်တဲ့ဆေးဝါးများ ပုံမှန်တိုက်ကျွေးပြီး အလှည့်ကျဆရာဝန်များ ၀န်ထမ်းသူနာပြုများနဲ့ သူတို့ဘ၀လေးတွေကို ပြုစုပျိုးထောင်ပေးနေကြပါတယ်..။

ခုချိန်အထိ ကလေး(၂)ယောက် တိမ်းပါးလက်လွှတ်ခဲ့ရတယ်လို့လည်းသိရပါတယ်..။

သူတို့ဘ၀လေးတွေရဲ့ လိုနေသမျှ ရုပ်ကွက်လပ်၊ စိတ်ကွက်လပ်တွေကို
အကုန်လုံးမပြည့်စွမ်းနိုင်ရင်တောင်
မေတ္တာရှင်တွေက ကရုဏာရှေ့ထားလှူဒါန်းကြတာလေးတွေနဲ့ ထပ်တူနီးပါး
ဖြည့်စွမ်းပေးနိုင်အောင်ကြိုးစား နေကြပါတယ်.။
သူတို့လေးတွေ ပစ္စပ္ဂုန်အတွက် ၊ သူတို့လေးတွေရဲ့အနာဂါတ်အတွက် အလှူငွေတွေ ပံ့ပိုးမှုတွေ
လိုအပ် နေပါတယ်.။

သုခရိပ်မြုံရဲ့ တစ်နေ့တာ နေ့လည်စာနဲ့ ညစာကုန်ကျစရိတ်က ငွေကျပ် ငါးသောင်း ၀န်းကျင်ရှိပြီး
တစ်လကို ဆေးဖိုး ၊၀န်ထမ်းစရိတ်နဲ့ အထွေထွေကုန်ကျမှုတွေမပါဝင်သေးပဲ
ငွေကျပ် တစ်ဆယ့်ငါးသိန်းကျော် ရှိတယ် လို့လဲသိရပါတယ်.။

မြန်မာပြည်မှာ အဖြူရောင်သက်တံ့ ဆိုတဲ့ စာပေ ဂီတ ရုပ်ရှင် အနုပညာရှင်တွေပါဝင်တဲ့
အဖွဲ့လေးတစ်ဖွဲ့က ဦးဆောင်ပြီး သုခရိပ်မြုံအတွက် အလှူငွေများကောက်ခံပေးပြီး
ရန်ပုံငွေရှာဖွေ ပေးခဲ့ပါတယ်။
ဒီအဖွဲ့ လှုပ်ရှားခဲ့မှုများကိုတော့ ဒီ Link ကတဆင့်ဝင်ရောက်ကြည့်ရှုရင်း သာဓုခေါ်ဆိုနိုင်ပါတယ်..။
ဒီဓါတ်ပုံလေးတွေကလည်း အဖြူရောင်သက်တံ့ဘလော့ကနေကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်.။

သုခရိပ်မြုံရဲ့ဦးဆောင်ဦးရွက်တစ်ဦးဖြစ်တဲ့ ဆရာမဒေါ်သန်းမြင့်အောင်က

"" ကလေးလေးတွေ အတွက် မိဘသဖွယ်မေတ္တာ ပေးနိုင်မယ့်သူတွေရဲ့ စေတနာတွေနဲ့ သူတို့ လေးတွေရှင်သန်နေကြပါတယ်..။
သုခရိပ်မြုံမိသားစုနဲ့ ကရုဏါရှင်တွေရဲ့ မေတ္တာရိပ်အောက်မှာ ကလေးလေးတွေ

ကလေးသူငယ်များရဲ့ အခွင့်အရေး
ကို
အပြည့်အ၀ ခံစားနေနိုင်ကြပါတယ်..

အခုလှူဒါန်းကြတဲ့ အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် "
"

လို့် ဒီအစီအစဉ်လေးနဲ့ပတ်သက်ပြီး ၀မ်းပန်းတသာ စကားကြုံပါးပြောကြားခဲ့ပါတယ်.။

အခုဒီပိုစ့် လေးကိုဖတ်မိပြီး သဒ္ဒါပေါက်ခဲ့ရင်
အခုဖေါ်ပြထားတဲ့ လိပ်စာတွေ ဖုန်းနံပါတ်တွေကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း
ဒီနေရာဒီပိုစ့် လေးကနေ ကုသိုလ်ယူသတင်းပေးလိုက်ပါရစေ.။

ရန်ကုန်ရောက်ရင်လည်း သုခရိပ်မြုံလေးဆီရောက်အောင်သွားပြီး
ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းနိုင်ကြပါတယ်..
ကရုဏာတကြီးအားပေးနိုင်ကြပါတယ်..
ခဏလေးဖြစ်ဖြစ်မေတ္တာဓါတ်လေးတွေပို့လွှတ်နွေးထွေးပေးနိုင်ကြပါတယ်..။

"ကလေးလေးတွေကတော့ ဧည့်သည်တွေလာရင်ပျော်လို့ပေါ့..။"


+++++++++++++++++++++++++++++++++++

သုခရိပ်မြုံ ဂေဟာလေးရဲ့တည်နေရာကတော့

အမှတ် ( ၉၇၉-၉၈၂)၊ တပင်ရွှေထီးလမ်း၊
ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၁)ရပ်ကွက်၊ ရန်ကုန်မြို့။
(မထသ ၃၆ ဘတ်စ် အစိမ်း၊ တံတားထိပ်မှတ်တိုင်ရှေ့)

တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ် ။ ။ ၅၈၁၉၅၅

ဆက်သွယ်လှူဒါန်းနိုင်တဲ့ ပုဂ္ဂိုလ်များကတော့

(၁) ဒေါ်သန်းမြင့်အောင် (၀၉-၉၉-၂၈၅၄၉ ,၂၀၅၄၅၁)

(၂) ဒေါက်တာ ထားထား ( စုထား )
( ၀၉-၂၀၁-၇၉၆၁) တို့ဖြစ်ပါတယ်..။
+++++++++++++++++++++++++++++++++++

အခု ဒီပိုစ့်လေးမတင်ခင် မေးလ်ကိုဖတ်ပြီး သဒ္ဒါပေါက်လာတဲ့ အလှူရှင်များကတော့


ကိုသစ်ကောင်းအိမ် - US$ 100
ကိုဆောင်းယွန်းလ - US$ 50
ကိုမင်းသုခ- S$ 100
မ မနော်ဟရီ-- S$ 100
မိုးကုတ်သား- S$ 50
ခရေတွန် - US$ 500
ဖိုးစိန် - S$100
ကိုဝင်းဇော်လှိုင် + အိန္ဒြာ - S$100
မယ်ကိုး - S$50
Mr. Neo+ Ms. Lucy - S$ 200
မနန်းဧကရီ - S$100
မေသူ - S$50
မေဇင် - S$20
ကိုဇော်မျိုးအောင် - S$50
ကိုဇင်မင်းသူ+မခိုင်ခိုင်ဇာ - S$50
ငွေအိမ်စံ - S$150
ခိုင်ဇာမွန် S$50
မမီး(မိုးသောက်ကြယ်) - S$50
လိမ္မော်+ချစ်သူ - S$30
နန်းသန္တာ - S$25
အဆိပ်ခွက် - S$20
နွေးနေခြည် - S$20
ဇင်မာ - S$20
မြစ်ကျိုးအင်း - S$100
နိုင်ဝင်း - S$50
Zephyr - S$100
မက်မက် - S$50
ယဉ်ယဉ်ထွန်း -S$30
Khant Khant Chein - S$50
မယ်လိုဒီမောင် - S$ 50
ကိုသုခ+မမေကဆုန် - S$20
MHZ+KZPK - S$30
သက်နိုင် - S$10
ကိုသောင်းစံ+မပိုးရည်မွန် - S$30
ကိုမင်းမင်း+မအေးလေး- S$30
ဟန်သီဆု - S$50
ကိုဇာနည်+ယုယု S$ 100
သိရိထွန်း - S$ 100
ရန်နိုင်+ နေခြည်ပွင့် S$ 15
နမ်းမဝ(အဖြူရောင်နတ်သမီး) S$ 100
ကိုစံဖဲ(လစဉ်မြန်မာငွေကျပ်တစ်သိန်းတိတိလှူဒါန်းပါမည်..။)
ဖန်နေ၀န်း S$ 30
တသက်တာ S$ 50


စုစုပေါင်း အမေရိကန်ဒေါ်လာ(၆၅၀) နဲ့ စင်ကာပူဒေါ်လာ(၂၂၈၀) တိတိ
စာရင်းရရှိထားပြီးဖြစ်ကြောင်း သုဓုခေါ်မုဒိတာပွားနိုင်စေဖို့ တစ်လက်စတည်းဖေါ်ပြပေးလိုက်ပါတယ်.။

အခု ဒီပိုစ့်လေးကိုဖတ်ပြီး သဒ္ဒါပေါက်လာခဲ့ရင်တော့

အမေရိကန်နိုင်ငံမှာ....
ကိုသစ်ကောင်းအိမ်(၂၆၀ ၄၀၃ ၆၄၇၄၊၇၂၇ ၂၃၇ ၈၁၄၈)
ကိုဆောင်းယွန်းလ(၂၆၀ ၂၄၁-၆၃၃၉)

စင်ကာပူနိုင်ငံမှာ....
အိန္ဒြာ(၀၆၅ - ၉၁၇၉၆၅၄၂)
မိုးကုတ်သား(၀၆၅ - ၈၁၁၈၉၁၆၀)

ကိုရီးယားနိုင်ငံမှာ...
ကိုYမြစ်ချို ( ၈၂၁၀ ၈၇၁၄ ၇၀၁၉ )
ကိုစံဖဲ ( ၈၂၁၀ ၇၅၈၅ ၅၃၅၄)

မလေးရှားနိုင်ငံမှာ
ခရေတွန် (+၆၀၁၆ ၆၀၄၀၄၀၀ )တို့ထံမှာ
စာရင်းပေးသွင်းဆက်သွယ်လှူဒါန်းနိုင်ပါတယ်..။

ငွေကို ၂၀၁၀ ခုနှစ် ဇန်န၀ါရိလ (၇)ရက်နေ့နောက်ဆုံးထားပြီးစုကြမှာဖြစ်ပြီး ၊
ဇန်န၀ါရီ (၁၀)ရက်နေ့မှာ မြန်မာပြည်ကို လွှဲမှာဖြစ်ပါတယ်..။


အလှူခံကျေးဇူးတင်လွှာကို မေးလ်ကနေ တစ်ဦးချင်းစီပို့ပေးပါ့မယ်.။
အသေးစိတ်သတင်း အသေးစိတ် စာရင်းကိုတော့ ပိုစ့်လေးတစ်ခုအဖြစ်တင်ပြပေးမှာဖြစ်ပါတယ်..။
မထင်မှတ်ပဲ ဖေါ်ဝပ်မေးလ်တွေကိုဖတ်ပြီးလှူဒါန်းကြတာတင် တော်တော်များများလက်ခံရရှိလိုက်တော့
အတိုင်း မသိဝမ်းသာမိပါကြောင်းနဲ့ အဖက်ဖက်က ၀ိုင်းဝန်းကူညီကြတဲ့ ညီအကိုမောင်နှမများ အလှူ့ရှင်များ၊
လှူဒါန်းဖို့ စိတ်ကူးဝင်သွားကြသူများနဲ့
သူတို့လေးတွေ ရှိနေတယ်ဆိုတ သိရှိသွားကြသူများ အားလုံးကို
လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းလေးနဲ့နိဂုံးချုပ်ချင်ပါတယ်..။

အားလုံးစိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ပျော်ရွှင်ခမ်းမြေ့နိုင်ကြပါစေ

လေးစားစွာ

အိန္ဒြာ

ကလေးလေးတွေအတွက် ရွတ်ဆိုရေးဖွဲ့ ခဲ့ကြတဲ့ ကဗျာရှည် ၃ ပုဒ်ကိုလည်း ဒီကဏ္ဍလေးအတွက် တင်ဆက်ပေးလိုက်ပါတယ်

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++


အသိုက်မဲ့ မာန

လမ်းခုလတ်တွင်
ထင်းရှူးကိုင်းပြတ်
ချိုးဖြတ်ပင်စည်
လေနီမွှေနောက်
ပင်အောက်ကပ်ခို
ဖြစ်သလိုပဲ

မိုးစက်အပ်ဖျား
လျှပ်လက်မြားဒဏ်
လူးလိမ့်ခံလိုက်
တောင်ပံရိုက်ခတ်
ပင်လယ်ဖြစ်စဉ်
လှိုင်းခေါင်းမြင်မိ
ခွန်စိုက်ချည့်နဲ့
နွမ်းယဲ့မူးမော
သောကတနင့်
နားခွင့်မကြုံ

ရက်စက်ပြီလေ
လွင်ပြင်ရေခဲ
တောမှာလည်း . . . နှင်း
တောင်မှာ . . . နှင်း . . . နှင်း
မြေ၀ပ်ကျင်းထဲ
ဖော်ကွဲငှက်ငယ်
ဒဏ်ရာသင့်ရက်များ

တမ်းတချင်မိ
တရှိုက်မက်မက်
အသိုက်နှင့်နေ
အဆွေခင်ပွန်း
ချစ်ကြင်လွန်းသမျှ
ကာလငယ်တစ်ခု
ပူမှုတစ်သက်
ပေးရက်လေသလား

လောကဓံတရား . . . တဲ့လားရှင်
အချစ်ကမ်းပါးပျက်ပြို
နားခိုရန်အတွက်
ရင်ခွင်ဝေးငှက်
သွေး . . . အစက်စက်
ဆွေးရတက်ပွေလည်း

နေ . . . နေရပြီ
လေဆန်ခရီး
တစ်ကိုယ်တည်းပ
မာနအတောင်
အရောင်မွဲလည်း
သခင့်ကိုယ်စား
အင်အားစုစည်း
ခရီးဆက်လက်
ငါ့မျိုးဆက်သစ်အတွက်ပေါ့ကွယ်
အထောင်တစ်ဝက်နဲ့ ဖြစ်ပါစေ . . . .

မအိ

(ဒီကလေးငယ်လေးတွေအတွက် ရန်ပုံငွေရှာဖွေပေးခဲ့တဲ့ အဖြူရောင်သက်တံ့ ကဗျာရွတ်ပွဲမှာ ဆရာမကြီးမအိ ရွတ်သီခဲ့တဲ့ ကဗျာလေးပါ.။)

+++++++++++++++++++++++++++++++++++++

ကလေးတစ်ယောက်နဲ့ ခြေလှမ်းများ

ကလေးတစ်ယောက် ငိုနေတယ်
ချိုင့်ခွက်များတဲ့ လမ်းပေါ်မှာ သူချော်လဲသွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
လွယ်အိတ်အပေါက်ထဲကနေ
သူ့ခဲတံလေးကျပျောက်သွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
ညစာချက်ကျွေးမယ့် သူ့အမေ
အိမ်ပြန်နောက်ကျလို့နေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခုတိမရပ်သေးတဲ့ မိုးသဲထဲမှာ
သူအဖျားနဲ့ချမ်းနေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခွေးတစ်ကောင်လိုက်လို့ ပြေးရင်းနဲ့
သူရောင်းနေတဲ့ ဖရဲသီးဗန်းကလေး
သဲတွေထဲကို ကျသွားတယ်

မင်းလဲကြားရတယ် ငါလဲကြးရတယ်
ကလေးတစ်ယောက် ငိုနေတယ်
အနားမှာလဲကြားရတယ် အဝေးကလဲကြားရတယ်
ကလေးတစ်ယောက် ငိုနေတယ်

မငိုပါနဲ့တော့ ကလေးရယ်
နှစ်သိမ့်စကားလေးတစ်ခွန်း
တစ်ယောက်ကပြောလိုက်တယ်
မငိုပါနဲ့တော့ ကလေးရယ်
နွေးထွေးတဲ့လက်တစ်ဖက်
တစ်ယောက်ကကမ်းလိုက်တယ်

တစ်ယောက်က တွေးမိတယ်
အလင်းရောင်တွေ မဖြန့်ကျက်ခဲ့ဘဲ
ဘယ်ကြယ်စင်လေး တစ်ပွင့်မှ
ကမ္ဘာမြေကို စွန့်ခွာမသွားသင့်ဘူး

တစ်ယောက်က တွေးမိတယ်
မွှေးရနံ့တွေ မလွှင့်ထုတ်ခဲ့ဘဲ
ဘယ်ပန်းပွင့်လေးတစ်ပွင့်မှ
ကမ္ဘာမြေကို ချန်ရစ်မထားခဲ့ဘူး

တစ်ယောက်ပြောဖူးတယ်
အလင်းဆုံးကြယ်စင်တွေတောင်မှ
တိမ်ညိုတွေနောက်မှာ အကြာကြီး
လမ်းပျောက်မသွားအောင် ခရီးဆက်ရအောင်

တစ်ယောက်ကပြောဖူတယ်
အမွှေးဆုံးပန်းပွင့်တွေတောင်မှ
မုန်တိုင်းတွေကြားမှာ အကြာကြီး
ကြွေကျမသွားအောင် အားတင်းကြရအောင်

ကလေးရေ ခြေတစ်လှမ်းလောက်
ရှေ့ကိုလှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ နည်းနည်းတော့ပြောင်းသွားမှာ
ခြေတစ်လှမ်းလောက် နောက်ထပ်လှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ ပိုပြီးတော့ပြောင်းသွားမှာ

ခြေလှမ်းတွေအများကြီးရောက်တဲ့အခါ
ကမ္ဘာအသစ်တစ်ခု မင်းရှေ့ကိုရောက်လာမှာ
ကမ်းနေတဲ့လက်ကို ဖမ်းဆုပ်ကာ
ခြေတစ်လှမ်းလောက် လှမ်းလိုက်ပါ.....

မြင့်မိုးအောင်

(ဒီကလေးငယ်လေးတွေအတွက် ရန်ပုံငွေရှာဖွေပေးခဲ့တဲ့ အဖြူရောင်သက်တံ့ ကဗျာရွတ်ဆိုပွဲမှာ ဆရာမြင့်မိုးအောင်ရေးပေးပြီးရီဝေယံ၊ အေးဝတ်ရည်သောင်း စတဲ့အနုပညာရှင်တွေက ရွတ်ဆိုခံစားပေးထားတဲ့ကဗျာလေးတစ်ပုဒ်ပါ)

+++++++++++++++++++++++++++++++++++++++

“အရှိမဲ့မေတ္ထာတော်”

ငါတို့ သွေးသားတွေကိုတောင်
ကမ္ဘာမြေက လက်မခံနိုင်တော့ဘူး
ဒီပြစ်မှုကို ဘယ်လိုစီရင်ကြသလဲ သိချင်တယ်...

ကျေးလက်စားကျက်ကွင်းတွေမှာ
နွားတစ်ရှဉ်းနဲ့ ထယ်တစ်စင်းနဲ့
သူ့လက်ဖျံပေါ်မှာ.. အမြတ်နိုးဆုံးနှင်းနဲ့
သူ့ဘေးနားမှာ အိမ်ရှင်ချစ်သူမလေးနဲ့
ယာသမားလေး ရိုးသားအေးဆေးရှာခဲ့တာ
သူ့ဘ၀မှာ.. ဆန်းကျယ်တာဆိုလို့
ချစ်သူ့နာမည်ကို အရေပြားပေါ် ဆေးဆိုးခဲ့တာပဲရှိတယ်တဲ့..။

ဟော့ဒီမှာ
အနန္တငါးပါးကို.. ညွှတ်တွား ကိုးကွယ်ခဲ့တဲ့လက်
ခင်ပွန်းသည်ကို ယုယတွဲကူခဲ့တဲ့လက်
ရင်သွေးငယ်လေးကို ပိုက်ထွေးချော့မြှူခဲ့တဲ့လက်
သနပ်ခါးနံ့တွေနဲ့ချည်း မွှေးပျံ့သင်းကြူခဲ့တဲ့လက်
အဲဒီ့လက်မှာ
ဝဋ်နာကံနာတွေ ဗရပွ
ဘယ်ကစဘယ်မှာဆုံးမယ်မှန်း မသိတဲ့ သံသရာအမှောင်ထဲ
နာကျင်ကြေကွဲခြင်းတွေနဲ့ချည်း.. ခရီးဆက်..။

ဘယ်လိုလော်လီမှုမျိုးမှ မစွက်ဖက်
ဝိဘက်ကြမ္မာ ချည်းသက်သက်ဘဝ
တော်လဲ.. ကျီးပြို..
တိမ်မည်းညိုတွေ အဆုတ်လိုက်အဆုတ်လိုက်..
နှင်းခါးရိုက်တဲ့ညမှာမှ
ဟောဒီ့သားလေးကို.. ဆွဲခေါ်မိခဲ့တော့...

သွေးရူးသွေးတမ်းဆန်ဆန်
အရာရာကိုတောင်းပန်...
နောက်အရာရာကို လက်လျော့..
အဖြူသက်သက်ဘ၀တွေထက်
ဆေးအနက်တွေ ကျဲပက်လိုက်သလိုမျိုး
ကံကြမ္မာဆိုတာ.. တောင်းပန်တိုးလျိုးလို့မရတဲ့
လက်မရွံ့အာဏာသားတဲ့ကွယ်..။

အတိတ်တွေကို ပြန်လှည့်မကြည့်ဝံ့ဘူး
အနာဂါတ်ကို လှမ်းမျှော်မကြည့်ဝံ့ဘူး..
ဝေဒနာနဲ့ငါ...
ပစ္စပ္ပုန်တည့်တည့်မှာပဲ စီးချင်းထိုးကြတဲ့ပွဲပေါ့
အံခဲ.. ဇွဲသံ...
အားမတန်သော်မှ လျော့လို့မရတဲ့ မာန်တွေနဲ့
ဒီလူမမယ်ကလေးလေးအတွက် ကြောင့်ကြ
အမေ....ဆိုတဲ့ရင်ဝမှာ...
မီးကျီး မီးခဲလို ပူလှပေါ့..။

သားရေ..
မင်းကိုပွတ်မွှေးထားတဲ့ လေပြည်မှာ
မေမေ့သောကတွေနဲ့များ ပူလောင်နေခဲ့သေးလားကွယ်...

အခု.. သားလေးရဲ ပြတင်းဝက..
အရောင်လှလှလိပ်ပြာလေးက မေမေပေါ့
သားလေးကိုလှုံထွေးထားတဲ့ နေခြည်နွေးနွေးဟာလဲ.. မေမေပေါ့..
သားလေးမက်နေဆဲ မသဲမကွဲအိပ်မက်တွေထဲမှာ
သားလေးကိုချီပိုး..
သားလေးကိုချော့မြှူ
သားလေးကိုနမ်းမွှေး
သားလေးကို ပိုက်ထွေးထားရင်း
သီလက်စသားချော့တေးတွေ တစ်ဝက်တစ်ပျက်
ဘယ်သုဂတိဘုံကိုမှ... ခရီးမဆက်နိုင်ပဲ
နှလုံးသားကွဲအက်နေတဲ့ တစ္ဆေ...
မေမေလေ....။

အပြစ်လုံးလုံးမရှိပေမယ့်
အပြစ်ဒဏ်ဆိုတာ ရှိတတ်တဲ့လောကမှာ
နာကျည်းခါးသီးစရာတွေကို.. မသိ
ရှက်ရွံ့သိမ်ငယ်စရာဆိုတာကို.. မသိ
တုန်လှုပ်ကြောက်လန့်စရာဆိုတာလည်း.. မသိ
ကိုယ့်အနာတရကိုတောင်မှ.. ကိုယ်မသိ
ဘာဆိုဘာမှမသိတဲ့
ပကတိဖြူစင်ရွှင်လန်း.. ကျမ်းမာသန်စွမ်းဆဲ.. သားလေး.....

အားတင်းထား သားရေ.....
ဟောဒီ့ အဖြူရောင်သက်တန့်ကြီးရဲ့နောက်..
ကိုယ်ယောင်ဖျောက်ထားတဲ့..မေမေ
မင်း....ဘယ်တော့မှ..
မ တွေ့ ချင် လေ နဲ့..။ ။

အိန္ဒြာ

(ဒီကလေးငယ်လေးတွေအတွက် ရန်ပုံငွေရှာဖွေပေးခဲ့တဲ့ အဖြူရောင်သက်တံ့ ကဗျာရွတ်ဆိုပွဲမှာ အိန္ဒြာခံစားရွတ်ဆိုခဲ့တဲ့ ကဗျာလေးပါ.။)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++