April 28, 2009

တွေ့ချင်သူ(၁၀)၊မတွေ့ချင်သူ(၅)

မြင်ဖူးချင်တဲ့ ဆယ်ယောက်တဲ့ အစ်မမနော်ဟရီက အရောက်ပို့တော့၏။
(ဆယ်ယောက်သိပ်နည်းတာပဲ...)။
စကားဦး ။ ။ မြင်လဲမမြင်ဖူး...ပဲ Gtalk မှာတင်ထားသည့်
အဆင်အပြေဆုံးများထဲမှ ဖျစ်ညှစ်ရှာဖွေရွေးထားရသော..
လက်သန်းလက်သည်းခွံသာသာဓါတ်ပုံပိစိလေးကိုကြည့်ပြောနေသော..မှတ်ချက်ကို..
လူချင်းတွေ့ပြီးသောအခါ....မှားပါတယ်..အကြိမ်၁၂၀ ရေရွတ် ပြီး...
အိန္ဒြာ့ကို မှားပေးမိသောမှတ်ချက်ဟု ပိုစ့်တစ်ပုဒ်တင်ပြီးဖြေရှုင်းရလတ္တံ့)
( အစ်မ မနော် ၊ ကိုကြီးအောင်သာငယ် အပြင် ၄င်းမှတ်ချက်ပေးကြသော အားလုံးကိုဆိုလိုသည်။ ပေးမိသူများ..ပြန်စဉ်စားပြီး...အတွေးထဲမှာ..ပြင်လိုက်ပါ..။)


၁။ ဆရာမကြီး ကြည်အေး
(မျက်လုံးချင်းတည့်တည့်ဆိုင်ပြီး..ခဏလေး..ဖြစ်ဖြစ်ငေးကြည့်နေချင်ပါတယ်.။
ဒီစာရေးဆရာမအိုကြီးရဲ့မျက်ဝန်းတွေထဲမှာ ဘာတွေရှိနေလေမလဲပေါ့..။ )

၂။ဆရာမမေငြိမ်း
( ဒီလိုဆရာမမျိုးနဲ့ မြန်မာစာသင်ခွင့်သာရခဲ့ရင်လို့ စိတ်ကူးတွေယဉ်ကြည့်ခဲ့ဖူးပါတယ်..။
အရေးအခင်းကာလ ကျောင်းရက်ရှည်တွေပိတ်တော့ ကိုယ့်ဘာသာ ကိုယ်ဖတ်ချင်တဲ့စာအုပ်တွေနဲ့ တက်လူ ဆိုတဲ့ စာအုပ်ဆိုင်ကလေးဖွင့်ဖြစ်ပါတယ်.။
..မေငြိမ်းတို့ဂျူးတို့စာအုပ်တွေချည်းတင်ပြီး...လာငှားတာတွေမကြားဘဲ ကိုယ့်စာအုပ်ထဲ ကိုယ်ခေါင်းမြုတ်နေတတ်လွန်းလို့မေမေ့ အဆူခံခဲ့ရတာအကြိမ်ကြိမ်ပေါ့..။
စာရေးချင်စိတ်တွေက အဲဒီ့အချိန်မှာ ထိမ်းမရ သိမ်းမရဖြစ်ခဲ့တော့တာပါ..။
ဆရာမမေငြိမ်းစာအုပ်တွေကို မဂ္ဂဇင်းဝတ္ထုတိုလေးတွေကအစ ၀ယ်သိမ်းဖြစ်ပါတယ်..။
ရသစာအုပ်စင်မှာ ဆရာမအသံကိုကြားရတော့..လူချင်းတွေ့ဖူးချင်လိုက်တာ...၊
စကားတွေ ပြောလို့ကုန်နိုင်ဘူး..ထင်ရဲ့..။)

၃။ အစ်မ မနော်ဟရီ (ဖွပြီပဲ)
(အဖြစ်က တစ်နိုင်ငံထဲနေတုန်းက တစ်ယောက်ကိုယ်တစ်ယောက်မသိကြပဲ..
မျက်နှာသစ်တာချင်းတူပေမယ့် တစ်ယောက်က အိပ်ရာဝင်ဖို့ဖြစ်ပြီး..နောက်တစ်ယောက်က မိုးလင်းလာတဲ့ဘ၀တွေမှာမှ..အချိန်တွေလုယက်ပြီးချစ်ခင်နေခဲ့ရတဲ့ အစ်မပါ..။
တကယ်က မြန်မာပြည်မှာတုန်းက မာနကြီးတယ်ထင်ထားတာ..ကိုယ့်အတွေးနဲ့ကိုယ်..။
သူ့ဘ၀မှာကလဲ ဘယ်ထောင့်စမ်းစမ်း..မာနာကြီးချင်စရာတွေချည်းဆိုတော့လေ..။
သိပ်လှတယ်.နာမည်ကြီး သလောက် စာရေးကောင်းတဲ့စာရေးဆရာမတစ်ယောက်မို့
အစကတည်းက လေးစားခင်မင်ရင်းစွဲပေါ့..။
ဘယ်လောက်လှတယ်..နာမည်ကြီးသလဲဆို..
ဆရာမင်းလူရဲ့ စာပေကြော်ငြာစိတ်ရှိုးမှာ
ဘီဒီဘီဒီဗန်ဗန်သီချင်းနဲ့ ၀င်ကြော်ငြာခဲ့သေးတာ..။
( စုံတွဲပေါ့..တာရာရဲ့ အလှ တာရာရဲ့ စာ အဆင့်မြင့်မြင့်ဖတ်ကြပါဆိုတာ..)
ကာတွန်း ဆရာဆန်းထွန်းရဲ့လက်ရာနဲ့ ဆရာမင်းလူရဲ့ ၀တ္ထုကို
သရုပ်ဖေါ် ကာတွန်းဆွဲထားတာမှာတောင်မှ..
မနော်ဟရီရဲ့ပုံလေးကို..ဂါဝန်ဖါးဖါးလေးနဲ့ ချစ်စရာကောင်းအောင်ဆွဲပေးခဲ့ပါတယ်..။ )
တွေ့ဖြစ်မှာကတော့ သေချာပါတယ်..။ အမရေ ချိန်းပြီးရွာပြန်ကြမယ်နော်..။)


၎။အစ်မ မိုးချိုသင်း..
(ဘာလေးကိုဖြစ်ဖြစ်ဆေးစက်ကျရာအရုပ်ထင်ဆိုသလို ချရေးတတ်လွန်းတဲ့ အစ်မချိုသင်းကို အလိုလို့ကိုချစ်နေမိခဲ့ပါတယ်..။
သူ့မျက်နှာဖေါင်းဖေါင်းလေးမှာ..၊ လူတိုင်းကို..စာနာ ကြင်နာတတ်ပြီး..
စိတ်ကောင်းနှလုံးကောင်းရှိကြောင်းကို ပေါ်လွင်နေခဲ့တာ..
တွေးကြည့်မိတယ်..အစ်မချိုသင်းနဲ့များဆုံခွင့်ရခဲ့ရင်.. သူ့စာထဲကလို..စကားတွေနားထောင်ချင်စရာပြောတာကို..ငေးပြီး..
သဘောတွေကျ ရယ်ရမောရမှာပဲလို့ တွေးကြည့်မိပါသေးတယ်..။)


၅။လင်းပြာနွေ
(ဖွဲ့တည်ရာမဂ္ဂဇင်းကနေ...တဆင့်သူ့ဆီရောက်ခဲ့တာပါ..။
အခု မရေးတော့ဘူး ထင်ပါရဲ့..။
သိပ်ကို..လှပကျစ်လစ်တဲ့ စာရေးဟန်တွေကိုဖတ်ပြီး..တွေ့ချင်နေမိတယ်...။
စိတ်ဝင်စားနေမိတယ်လေ..။)

၆။ခင်လေးငယ်..
(ဒီမချောရဲ့ ချိုချိုချွဲချွဲ အပြောလေးတွေကြောင့် ချစ်ရပြန်ပါတယ်..။
မကြီးရေ..လို့ ခေါ်လိုက်ရင်..သူ့ကို ထိပ်ကို မနာအောင်ခပ်ဖွဖွထုချင်လာမိရော.။ )

၇။ကိုကြီးအောင်သာငယ် ၊ ကိုဆောင်းယွန်းလ...နဲ့....
(အွန်လိုင်းမှာခင်မင်ခဲ့ပြီး...ကဗျာနဲ့တော်စပ်ခဲ့တဲ့မောင်နှမတွေပါ..။
မောင်နှမတွေသိပ်များပါတယ်...
.ရေးရမှာ.များတော့ ချရေးမယ်ဆိုရင်..ကျန်နေမှာစိုးလို့ အားလုံးပါပါတယ်..လို့ပြောပါမယ်..။
ဖြစ်နိုင်ရင်အာလုံးကို တွေ့ချင်ပြီး..၊
ဖြစ်နိုင်ရင်..အားလုံးကို မတွေ့ချင်ပါဘူး..။
လူမမြင်ရရင်တော့ အထာကြီးနဲ့..ပေါ့..ဟဲဟဲ)

၈။ကိုကြီးမင်းသုခ
(ဘလော့မရေးဖြစ်ခင်ကတည်းက
စိတ်ပါလက်ပါ အားပေးခဲ့တဲ့အကိုကြီးပါ..။
စာတွေကဗျာတွေကို..သေသေချာချာထဲထဲဝင်ဝင်ကြီးဖတ်ပြီး
မြင်အောင်လဲကြည့်နိုင်လွန်းပါတယ်..။
တစ်ခါတစ်လေ.မန့်တာက ကဗျာတွေထက်ပိုကောင်းနေတဲ့ စတူရီယိုခေတ်က ကဗျာဆရာဟောင်းတစ်ယောက်ပါ..။
Gtalk မှာ ပဲတွေများပြီးဓါတ်ပုံတွေ တင်ထားလွန်းတော့
မျက်နှာကိုကောင်းကောင်းကျက်မိနေသလို..
အသားတော်တော်မည်းမှာကိုလဲ ခန့်မှန်းမိနေပါတယ်...။)

၉။တောကျောင်းဆရာ
(ရေးတဲ့ကဗျာတွေစာတွေကို ဖတ်ပြီး နာမည်နဲ့ဆက်စပ်စဉ်းစားမိတော့
တော်တော် ဂွကျနေပါတယ်..။
ပုဆိုးအစိမ်း တိုတိုနဲ့ ခမောက်တစ်ချပ်ဆောင်းထားမလား လိုလိုတွေးမိတတ်ပါတယ်..။
အဲဒီ့တောက ကျောင်းဆရာတစ်ယောက်ရဲ့
အသံတွေပေါက်ထွက်မတတ် ရင့်သန်နေတဲ့ကဗျာတွေ....။.)

၁၀။ညီဇေ
(နည်းနည်း လန့်ပါတယ်..။ ကွန်မန့်တွေထဲမှာ မြင်သလို စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောပြောသွားတဲ့အတွက်
တွေ့ရင်ရန်တော့ထောင်ဖြစ်မယ် ထင်ပါရဲ့..။
တကယ်က လုံးဝမမြင်ဖူးကြတဲ့တစ်နယ်တည်းသားတွေပါ..။
အိန္ဒြာဆိုတာကို..စောင့်ကြည့်ဝေဖန်ရေးလုပ်ပေးနေတဲ့အတွက်
အခုဆို ကဗျာတွေကို တော်ရုံမလွှတ်ရဲတော့ပဲ
ပိုပြီး ရိုရိုသေသေရေးဖြစ် (အင်း..) တင်ဖြစ်ပါတယ်..။
သူ့ကွန့်မန့်တွေက တစ်စုံတစ်ရာကို အမြဲသတိပေးနေသလိုပါပဲ.. ။ ညီဇေရေ...ရှဲ့ရှဲ့နိ)

ရှိနေပါသေးတယ်..။ ၁၀ယောက်ကပြည့်သွားတော့ရပ်လိုက်ရပါပြီ..။

အိန္ဒြာက မတွေ့ချင်မမြင်ချင်ပဲ
ပုန်းနေချင်တဲ့သူ ၅ယောက်ဆိုတာနဲ့ပါ tag ကိုချဲ့ထွင်လိုက်ပါတယ်..။


၁။မိုးမောင်(Happy Cloud)
၂။ဖိုးမောင်(Happy Cloud)
၃။မိုးမြင့်တိမ်(တိမ်ညိုတွေပြိုသွားတဲ့ကောင်းကင်)
၎။မိုးကြယ်(ယိမ်းနွဲ့ပါး)
၅။အိမ်မက်ရှင် တို့ပါ..။

နည်းနည်းအားနာတဲ့အနေနဲ့ မှတ်ချက်တွေရောရေးလိုက်ပါတယ်..။
သူ့တို့အကြောင်းကို သူတို့ ကွန်မန့်တွေကတဆင့်ဖေါ်ပါလိမ့်မယ်..။

အစ်မရေ..ဖုန်းမကိုင်လို့ ကျွန်တော့ကို အစ်မဖုန်းနဲ့ခေါ်ပေးပါဦးဟူသော

စိတ်ကောက်နေလို့ကဗျာလေးတစ်ပုဒ်လောက် ချော့ချင်လို့ပါဟူသော.(ကိုယ့်ထက်တောင်သူတို့အဆင်ပြေကြပါစေလို့ဆုတောင်းပေးမိပါတယ်.။ နားတွေညည်းလွန်းလို့၊ )

မကြီးက ကျွန်တော့်ကိုမူးနေတယ်ထင်လို့လားဟု..အစချီလာသည့်
ဖုန်းကို ပါဝါပါပိတ်ထားလိုက်ရသော..၊

သူများခေါ်ချင်မှန်းမခေါ်ချင်မှန်းမသိ..အတင်းဧည့်သည်လုပ်ချင်သော..

လာလည်သမျှလည်း..အားမနာလျှာမကျိုးရှိသမျှပြောင်အောင်စားသွားတတ်သော...

ဂျီတော့မှာအလိုက်ကမ်းဆိုးမသိ " တုံ "ကြသော..

.................................................................
တော်တော်များများရှိနေပါသေးသည်..။

စာကနည်းနည်းရှည်နေပြီဖြစ်သဖြင့် တော်လိုက်ပါပြီ..။

ကွန်မန့်တွင်ပြန်ဖွမှာသေချာသဖြင့် ဘာပြောပြောမယုံကြပါရန်..။

နောက်တစ်ခုအနေနဲ့...
အရင်ကလည်း...တွေ့ဖူးပြီးသား..၊ အခုလည်းတွေ့ချင်နေ..၊နောက်လည်း..အမြဲတွေ့သွားမယ့် လူ အကြောင်းရောရေးလို့မရဘူးလားဟု မေးရင်းအဆုံးသတ်လိုက်ပါသည်..။

အဖြေက တစ်ယောက်တည်းရှိတယ်..တဲ့..။


အိန္ဒြာ
(၂၈.၄.၂၀၀၉)

April 26, 2009

အမြန်ရထား မဆိုက်တဲ့ ဘူတာလေး

ဥသြသံဆွဲခေါ်သမျှကို
မျက်စိတစ်ဆုံး........
ဒီနေရာလာလာရပ်တဲ့
ဥမမယ်စာမမြောက်လေးက ငေး....တယ်။

သူ ခါးစောင်းတင်ထားတဲ့ ရေအိုးထဲမှာရေမရှိ ဘာမရှိ..
သူ့ ရေရှိလည်း ၀ယ်မယ့်သူမရှိဘာမရှိ
ဒီ အမြန်ရထားမရှိ ဘာမရှိ ဘူတာရုံမှာမှ
ဒီ အမြန်ရထားကြီးကိုပဲ
သူ က စောင့် စောင့် ငေး တတ် တယ်..။

သူ့ ဖိနပ်မရှိဘာမရှိ ခြေဖ၀ါးလေးပေါ်မှာ
သူ့ အရောင်မရှိ ဘာမရှိ ဂါဝန်ကလေးတလွင့်လွင့်
ဒုက္ခ သုက္ခ ရေခံမြေခံမှာ ကံနာလာကျတဲ့
ဒီ အညွန့်တလူလူမလေးက
ဒီ လိပ်စာမရှိ ဘာမရှိအရပ်မှာမှ
ရှင်သန်ပေါက်ရောက်ခဲ့ရှာတယ်..။

ဥသြသံဆိုတာ
ဆိုက် ရောက် ထွက် ခွာ ရာ ပြပုဒ်ပေါ့..
သူ့ဆီက ဘာတွေထွက်ခွာသွားပြီလဲ..
သူ့ဆီကို ဘာတွေဆိုက်ရောက်လာပြီလဲ...
ဘာမသိညာမသိ ကလေးမလေးက
အရှိန် လျှော့ လျှော့ ပြသွားတဲ့ ဒီအမြန်ရထားကြီးကို
တဖျပ်ဖျပ် လင်းလဲ့နေအောင်ကို မျှော်ငေးတယ်..။

မနေ့ကလို လှည့်ပြန်ရဦးမယ့် စိတ်အနာထည်ကို
ရှိုက်သံတွေ ဘယ်လောက် ခိုစီးကြဦးမလဲ
အဲဒီ့....
နေလောင်မိုးလောင် ကျောပြင်သေးသေးကလေးအတွက်
ဘ၀ဆိုတာ..အနာစိမ်းတစ်ခုသာဖြစ်ကြောင်း
ဥပမာကောင်းကောင်းနဲ့ နှစ်သိမ့်ဖျောင့်ဖျပေးနိုင်ဖို့
ဟောဒီ့....
သူလိုကိုယ်လို ဒဏ်ရာဒဏ်ချက်ကြီးက အားမွေးတယ်။

ကလေးမလေးရေ..
မင်း ရှာဖွေနေတာကို
မင်း မရနိုင်တော့ဘူးဆိုတဲ့ အသိ
မသိတတ်မချင်းတော့...
ငေး ဦး ပေါ့ ။ ။


အိန္ဒြာ
(၁၁.၁၀.၂၀၀၆)

နာဂစ် နှစ်ပတ်လည်နီးလာပြီဆိုတဲ့ အတွေးစတွေရယ်..၊ အမြန်ရထားဆိုက်နိုးနိုးငေးနေရတဲ့..ဘ၀တွေရယ်အတွက်..
ကဗျာအဟောင်းတွေထဲက ဒီကဗျာလေးကို ရွေးဖြစ်လိုက်တာပါ..။

April 18, 2009

စိတ်ချည်းသက်သက်..ခရီး

(၁)။
ကဗျာဆိုတာ စိတ်ကျူးလွန်ခဲ့သမျှ ပြစ်မှုတွေအတွက် အခိုင်လုံဆုံး သက်သေခံပစ္စည်းတစ်ခု ဖြစ်သည်ပဲ..။
ဒီနေ့တော့ ဒီကဗျာကို သူမမရေးခဲ့ပါဘူးလို့ နည်းနည်းပါးပါး ငြင်းဆိုကြည့်လိုက်မည်..။
ဒါဆို ဒီနေ့လည်း မျက်ရည်ဝဲရဦးမည်ပေါ့..။
ငိုကြွေးခြင်းဆိုတာ တော်တော်လေးကို သပ်ရပ်ခြေမြစ်တဲ့ စိတ်နဲ့ရုပ် သမမျှတတဲ့ တံခါးချပ်ကလေးပါပဲ..။
ကြပ်ခဲနေတဲ့ခံစားချက်တွေ.. တအိအိပြိုကျ.. နောက်တလိမ့်လိမ့်စီးဆင်း....
ပါးပြင်ပေါ်ကို မျက်ရည်တွေ.. ဖွဖွရွရွ နင်းဖြတ်သွားကြသံဟာ..
တနွဲ့နွဲ့ညှင်းညံနေသော တယောသံနဲ့ ခပ်ဆင်ဆင်တူပါလိမ့်မည်..။

အို.. ညွှတ်နူးလှိုက်လှဲစရာပေမယ့် ကြေကွဲခြင်းကိုပါဆောင်ယူလာသည်ပေါ့..။
ဒီနေ့အခန်းလေးက ပိုပြီးမှောင်ရီနေသလိုလို...၊
သူမအသက်ရှုသံတွေဟာ..... ရှိုက်သံတွေကို... ငင်ရစ်ယူနေဦးမည်လား...

ခပ်ပါးပါးရယ်ချလိုက်သံနဲ့ ညတွေက တုန်ယင်လိမ့်ဦးတော့...
သိလား...
ကိုယ် ဒီကဗျာကို..ဘယ်တုန်းကမှ မရေးခဲ့မိပါဘူး...မောင်ရယ်....။

(၂)။

အိပ်မက်လိုလို
မြူလိုငွေ့ငွေ့
သွေ့သွေ့မထင်
အာရုံကိုင်းဖျား
လာနားပျံထွက်..
ဘယ်လိုငှက်လဲ...

ဟုတ်တယ်.... ဒါဟာအိမ်မက်တစ်ခုသာပါပဲ..။
သူမက ယစ်မူးဖွယ်ရာကဗျာဆန်ခြင်းမှာ ဟန်ဆောင်ပန်ဆောင်လေးမှ တောင့်မခံနိုင်တဲ့ ခပ်ညံ့ညံ့မိန်းမတစ် ယောက်လည်း ဖြစ်သည်ပဲ..။
ဘုရား..ဘုရား... ဒါဟာ..အမှားတစ်ခုရော ဖြစ်နိုင်ဦးမလား... နောက်ပြစ်မှုတစ်ခုရော....။
မောပမ်းလိုက်တာ...၊ မွန်းကြပ်လိုက်တာ၊ မှောင်မိုက်လိုက်တာ ..၊
တဆတ်ဆတ်ခုန်လွင့်နေတဲ့ နှလုံးသားရှိရာအရပ်ကို မညှာမတာဖိချေထားလိုက်ရင်း..
သူမဟာ.. သူမကိုယ်သူမ စောင့်ကြည့်နေခြင်းမှာ...ခြောက်ချား..တွေဝေလို့..။
သူမရှေ့မှာ သူမဟာ.. အနေအထိုင်တွေကျဉ်းကြပ်လို့..
သူမရှေ့မှာ.. သူမဟာ.. ရှက်လန့်တကြား..
သူမရှေ့မှာ.. သူမဟာ.. အလူးအလဲ ကျဆုံးခဲ့သည်ပေါ့..။
တစ်စတစ်စ သူမအခန်းကျဉ်းလေးဟာ.. အ၀ါရောင်တောက်တောက်တွေနဲ့ချည်း ပိတ်မိနေပါရောလား..။
အခန်းလေးဟာ.. သူမရှုရှိုက်မယ့်အောက်ဆီဂျင်ကိုမှ.. ရွေးပြီးစုပ်ထုတ်ခံလိုက်ရသလိုမျိုး...
အခန်းထောင့်မှာ နံရံကပ်မှီပြီး..တစ်စုံတစ်ရာဆီကနေ...ထွက်ပြေးဖို့....အရုန်းအကန်ဆုံးကြိုးစားနေတဲ့ မိန်းမတစ်ယောက်ရဲ့သဏ္ဍန်ဟာ.. စိတ္တဇပန်းချီကားဆန်နေပါလိမ့်မည်ပေါ့..။

(၃)။
အိပ်မက်
ဟုတ်တယ်
အိပ်မက်တစ်ခု...ပါ.၊အိမ်မက်တစ်ခု..ပါ..ကွာ..။
ဟုတ်ပါရဲ့ သူမရဲ့သဏ္ဍန်က ဘယ်လိုမှ လိုက်လို့မမှီနိုင်တဲ့ အရာတစ်ခုနောက် တကောက်ကောက်ပြေးလွှားလိုက် နေရတဲ့ အိပ်မက်တစ်ခုထဲက မောလျမှုနဲ့ သိပ်တူနေပါရောလား.။

မျှော်မောယုံခက်
ပင့်သက်ရှိုက်ဖြာ
ဘယ်ညာလိမ့်လူး

အိပ်မရဘူးကွယ်

ဟင့်အင်း.. အဲဒီကဗျာကို.. သူမ မရေးခဲ့ပါဘူး...။
ဟုတ်တယ်.... ဒါဟာအိပ်မက်ပဲ..... ဟုတ်တယ်... အိပ်မက်ပါမောင်ရဲ့....

လွင့်လွင့်မားမားလျှောက်သွားနေတဲ့..သူ့ကျောပြင်ကို..အိပ်မက်ထဲမှာပဲ..ကိုယ်မြင်ခွင့်ရခဲ့တာပါ...။
အို..သူကတော့ သက်တောင့်သက်သာ..လျှောက်လှမ်းလို့...ဘာဆိုဘာမှမသိတဲ့ ဟန်ပန်မျိုးနဲ့ပေါ့...
သူက .. တဖြည်းဖြည်းတိတိကျကျ ဝေးကွာနေတဲ့ခြေလှမ်းတွေနဲ့ သေသေသပ်သပ်ရှိနေလိုက်တာ..
သူက Celine Dion ရဲ့ Love doesn't ask why ထဲက
It speaks from the heart
And never explains
Don't you know that
Love doesn't think twice
It can come all at once
Or whisper from a distance

ဆိုတဲ့ စာသားကို လေချွန်နေတာလဲဖြစ်နိုင်တယ်
နောက်လေးဖြူရဲ့သံယောဇဉ်သီချင်းကို ခပ်ဖွဖွညည်းညူ မသွားပါဘူးလို့... ဘယ်လိုပြောကြမလဲကွယ်...။
ဒါမှမဟုတ်... အောင်ချိမ့်ရဲ့တစ်ခါတစ်လေစွန်းပေသောအဖြစ် ချစ်သောသူတွေ ခွင့်လွှတ်ကြပါဆိုတဲ့ ကဗျာစာ သားမျိုးကိုများ..ရွတ်သွားလေ...မလား...
ဘုရား..ဘုရား...။
သူမတစိမ့်စိမ့် မူးဝေလာလိုက်တာ..။

(၄)။
လေထဲခိုစီး
လေထဲပြီးပျောက်

ဘယ်ရောက်သွားလဲ..
ရှာဖွေလို့လဲ
မရဲပြီ...။

ဆိုတဲ့ကဗျာမျိုး... နောက်...ငါဟာ.. ဘယ်တုန်းကမှ ကောက်မရခဲ့တဲ့အရာကို... ပျောက်ရှမှာစိုးရိမ်မိသူပေါ့ ဆိုတဲ့ကဗျာမျိုး.. ကိုယ်ဘယ်တုန်းကမှ မရေးဖြစ်ခဲ့ပါဘူးမောင်..။
အို... တိုးလျပါးလျားတဲ့ ကဗျာရွတ်သံဟာ...တစ်ဘ၀လုံးဆတ်ဆတ်ခါအောင်ပဲ့တင်မြည်ဟီးလို့.... တဖွဲ့တနွဲ့ ခံစားကြည့်မိကြတဲ့.. ပန်းချီကားချပ်တွေထဲက အရောင်တွေဟာ... ငိုညည်းချင်စရာ ကောင်းနေခဲ့သည်ပဲ..။ စိတ်ချင်း တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်နိုင်လွန်းတဲ့သီချင်းတွေကို.. ကြောက်လန့်တကြား ပစ်ချထားမိခဲ့သည်ပဲ..။
စိတ်ဟာ... အလုံပိတ်ထားတဲ့ အခန်းကျဉ်းလေးထဲမှာတော့ ကချေသည်..ဆိုတဲ့ စာသားကရော...။
သူမ ကကြိုးကကွက်တွေ ရှိုက်ငင်နေတာ... ဘယ်သူမှ.. သိခွင့်ကြည့်ခွင့်မရှိတဲ့ ပွဲသဘင်တစ်ခုပေါ့ကွယ်.။
တိုးတိုး..ရှရှလေး....နားစည်မှာပဲ့တင်ရိုက်နေတဲ့...ကဗျာရွတ်သံဟာ....
ဘယ်လောက် ရင်ခုန်တိမ်းမူးဖွယ်ရာကောင်းသလဲလို့ တကယ်ဆို တွေးတောင်မကြည့်သင့်ဘူးတဲ့..။
အော..သူမက အဲဒီ့နေ့မတိုင်ခင်တစ်ရက်လိုကဗျာမျိုးကိုလည်း ရေးခဲ့ဖူးသေးသည်လေ..။

(၅)။

သူမ..ရယ်မောဖို့အပြင်အထန်ကြိုးစားကြည့်မိသည်ကဘယ်နှကြိမ်မြောက်ပါလိမ့်..။
တနင့်နင့်နာကျင်လွန်းရတဲ့ရင်ပြင်ဟာ..ပေါက်ထွက်လုမတတ်ဘောင်ဘင်ဆန်နေခဲ့တာဟာလည်း အိပ်မက်တစ်ခု ဖြစ်လိုက်ပါတော့ကွယ်..။
သိလားမောင်...
ဥာဏ်ပညာကြီးပါတယ် ပါးရည်နပ်ရည်ရှိပါတယ်ဆိုတဲ့ လူတွေ မိုက်မဲကြတဲ့အခါ.. ခန့်ငြားလှပတယ်..။ ကျိုးကြောင်းဆီလျော်တယ်..။ ဖြေရှင်းထုချေချက်တွေခိုင်လုံတယ်..
လက်စလက်နသေသပ်တယ် နောက်..သွေးအေးရက်စက်ပြီး.. ကြောက်မက်ဖွယ်ရာ ထိရောက်စူးရှ လွန်းတယ်ပေါ့..။

အဟင်းဟင်း.....သူမရယ်မောလိုက်တာပါ..။
မောင်က ကိုယ့်ကဗျာတွေကို နည်းနည်းဖြစ်ဖြစ်စိတ်ဝင်စားလိုက်ပါတော့လား...
မောင်က..ကိုယ့်ကိုဒီ့ထက်နည်းနည်းပိုသိလိုက်ပါတော့လား...
မောင်က ကိုယ့်စိတ်နဲ့..ဒီ့ထက်ခပ်နီးနီးလေးမှာ..မရပ်သင့်ပေးဘူးလား..
ဒါဟာ..စိတ်ဝိညာဉ်ရဲ့အပြင်ဘက်ကစိတ်တစ်ခုပါလို့..
သူမပိတ်ရိုက်ပစ်ချင်စရာကောင်းလောက်အောင်ဆင်ခြေပေးကြည့်ချင်လာပြန်သည်လေ..။


ငါ..ဟာ..ငါလား..စိတ်များရောက်ယက်..
ရက်ဆက်လေလွင့်..မချင့်..မတွေး..
လွမ်းရေးတွေကြွယ်…
ငါ..ဘယ်လို..လဲ.
.ငါ့..ကိုငါလဲ..မမေးရဲပြီ..။

လွမ်းသည့်စိတ်အား..
လှောင်ဟားရယ်ဖွဲ့..ငါကဲ့ရဲ့လိုက်..
ငိုချင်လာရင်
ငြူဆူအံခဲ..ငါမန်မဲလိုက်..

ငါဟာ..ဘာလဲ..
ကိုယ်ဘာလဲကွယ်..
ဆင့်ကဲမေးခွန်း
လှိုင်းလိုတွန်းရိုက်..မွန်းကြပ်လိုက်တာ....။

(၆)။

တစ်စတစ်စ တိတ်ဆိတ်ခြင်းတွေ ညံနေတဲ့ အခန်းလေးဟာ..ပိုမိုကျဉ်းမျောင်းလာသလိုပဲ..။
မီးအလင်းမှိန်ဖျဖျနဲ့..သိပ်အနုပညာမြောက်နေတာမျိုး...မလိုချင်ပါဘူးကွယ်..။
မျက်ဝန်းအစုံကိုခဏမှိတ်လိုက်ချိန်တိုင်းမှာ.... အို.....ကိုယ်ဆက်ဆက်တွေ့လိုက်ရတာ..သိလား...။
သူဟာ..အရောင်ဖျော့ဖျော့ဂျင်းဘောင်းဘီတစ်ထည်ကိုဝတ်ထားသလား...
သူရဲ့မျက်လုံးတွေက စူးစူးဂျစ်ဂျစ်ရှိနေလိမ့်မလား..
သူ့ ဆံပင်တွေက နူးညံ့ ပျော့ပျောင်းနေမလား..
ဘာဆိုဘာမှမသိပေမယ့် သူမဆက်ဆက်တွေ့လိုက်ရတာပါ....။
အို...ခပ်အက်အက်ရွတ်ဆိုနေတဲ့ ကဗျာရွတ်သံတိုးစစကိုတော့ သူမအသေအချာရခဲ့ဖူးသည်ပဲ..
စာအုပ်တစ်အုပ်ဘယ်လောက်လေးနက်ခံ့ငြား တယ်ဆိုတဲ့ အတွေးတွေထဲမှာနက်နဲခဲ့ဖူးသည်ပဲ..
ပန်းချီကားချပ်ရဲ့ဆေးစက်တွေ...ထဲမှာ....
သီချင်းတစ်ပုဒ်ရဲ့ သံစဉ်လှိုင်းတွေထဲမှာ...
ကိုယ်တို့ ဆက်ဆက်တွေ့ခဲ့ကြသည်ပဲ..နော်..။
တစ်ဦးတည်း..တီးတိုးပြောဆိုမိတဲ့ စကားတွေဟာ..သူမရူးနှမ်းနေပြီဆိုတာကိုပြနေခဲ့ပြီကွယ်
သေချာတာက သူမဟာ..မမောနိုင်မပမ်းနိုင်ပြေးလွှားနေမိတုန်းပါပဲပေါ့...
စိတ်ဆိုတဲ့အရာကို..သူမကြောက်လန့်မင်သက်ရလွန်းစွာ..ငေးမောနေခဲ့ရပါကော...
စိတ်ဆိုတာဟာ..ဘယ်အထိ.ခရီး.ဆန်းတတ်တဲ့ ဂျစ်ပစီတစ်ကောင်ပါလိမ့်.
သိပ်ပြောရဆိုရခက်တဲ့..သိပ်အရိုင်းဆန်တဲ့..ဇွတ်တရွတ်နိုင်ပြီး..ဆင်ခြင်တုံတရားမရှိတဲ့ ဂျစ်ပစီတစ်ကောင်ပေါ့..
ပြောတော့မင်းကသိပ်ကိုတည်ငြိမ်ပြတ်သားတဲ့မိန်းခလေးဆိုဆိုတာမျိုး
သူမကကိုယ့်ကိုကိုယ်ပြန်မေးဖို့ပျက်ကွက်နေတာကြာပြီပဲ..။

အို..ဒီအချိန်မျိုးမှာ ဘယ်မေးခွန်းမျိုးကိုမဆို သူမငြင်းဆိုပါမည်လေ..။
မောင်ရေ ကိုယ်မင်းကို သိပ်ချစ်တယ်ဆိုတာကလည်း...သစ္စာတရားတစ်ခုပါကွယ့်..။

မေးခွန်းတွေအောက်..ငါပျောက်ရှချင်

နောက်လှည့်ခြေလှမ်း..ဘာနဲ့..ဖမ်းဆွဲ..
ငါ…မသိဘူး……
ရူးလည်းရူးချင်………..

အို.....သူမနိုးထပါရစေ.တော့...။ သိပ်ကို..အထားအသိုခက်ရလောက်အောင်ကိုယ့်ဖြစ်တည်မှုတွေက ရူးစပ်စပ်နိုင်နေခဲ့ပါရောလား..ကွယ်..။

ကဗျာတွေ...၊ကဗျာတွေ...၊ ကဗျာရွတ်သံတွေ..၊ သီချင်းတွေ.....ပန်းချီကားတွေ .အို သူမကို တုတ်နှောင်ပစ်လိုက်တာဘယ်အရာမျိုးပါလိမ့်..

သိလား..မောင်

ဟင့်အင်း…ဟင့်အင်း…
အတင်းငြင်းဆန်..
ငါ့ထံပါးက..ငါ့အားချွင်းချန်..
မင်းလှည့်ပြန်ပါ…

မုန်းတီးလိုက်တာ..ငါ့ကိုယ်ငါလေ
တွေဝေတိမ်းပါး..စိတ်ထွေပြားလိုက်..
သာယာတမ်းမူး..စိတ်ညွှတ်နူးလိုက်..
ဒီစိတ္တဇ..ဖြေမရပဲနှောင် ဖွဲ့ဆက်ထုံး..ရုန်းမရနိုင်…
.


ဆိုတဲ့ကဗျာစာသားမျိုးလည်း..ကိုယ်ဘယ်တုန်းကမှမရေးဖြစ်ခဲ့တာ.သေချာမှဖြစ်မယ်.။


(၇)။

ဖြုန်းကနဲသူမပြူတင်းတံခါးကိုဆွဲဖွင့်ပစ်လိုက်တော့...
အပြင်မှာ..ခရမ်းရောင်တွေချည်း..သိပ်သည်းမိုက်မှောင်လို့....
သူမအိမ်မက်...ခရမ်းရောင်တွေနဲ့လောင်ကျွမ်းသွားခဲ့ ပြာကျသွားခဲ့ပြီတဲ့..။
အိုး....သူမထွက်ပြေးလွှတ်မြောက်လာခဲ့ပြီလားကွယ့်
ဒါဆို..အသက်ရူသံသဲ့သဲ့ပါတဲ့ ကဗျာစာသားတွေဟာ...သူမှဆီမှာမှောင်မိုက်တော့မယ်လား..
တစ်ခါတစ်လေ..ကီးကြောင်သွားတတ်တဲ့သီချင်းညည်းသံတွေဟာ...သူမဆီကနေစီးထွက်သွားကြတော့မယ်လား...
တိတ်ဆိတ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ..စိတ်ချင်းချိတ်ဆက်..ပျော်ဝင်နေမှုတွေ..
အထီးကျန်နေ့ရက်အချိန်တိုင်းက လှပသိမ်မွေ့လွန်းနေတဲ့ အစီးအဆင်းတွေ....
သွား................အားလုံးထွက်သွားကြ........။
သူမအစွမ်းကုန် အော်ဟစ်ပစ်လိုက်မယ်..။

ကဲ...သင်ရော..ကိုယ့်စိတ်ကို...ကိုယ့်ရှေ့မှာတင် ကိုယ်တိုင်ဝန်ခံကြည့်ဖူးလား...အဲသလိုသရော်ကမော်မေးခွန်းမျိုး..တွေ့သမျှလူတွေကို..မေးကြည့်ပစ်လိုက်မယ်..။
မောင်ရေ....နင်ရော..။ .နင်ရော..ဟင်..။
နောက်ပြီး....သူမ..တစိမ့်စိမ့်ရယ်မောပစ်လိုက်မယ်..ရယ်မောနိုင်မယ်ထင်ပါရဲ့...
တဖြည်းဖြည်းချင်း....
စိတ်အေးလက်အေး..ရယ်မောနေရတာလောက်...ဘယ်မှာအရသာ..ရှိနိုင်မလဲ..။
သူမကိုယ်သူမစောင့်ကြည့်နေရတာ....
သူမကိုယ်သူမပျောက်ရှနေခဲ့တာ..
သူမကိုယ်သူမ ရှာာဖွေနေရတာ...
အဟင်းဟင်း..........

ငါ့ပါးပြင်ထက်..

မျက်ရည်စက်တွေ….
အံ့သြတွေဝေ..
ဒါတကယ်လား…တကယ်ပဲလား..
ခြောက်ချားစိုးထိတ်…ဆွံ့အတိတ်လို့…

လျော့မတွက်ရဲ..ရင်ထဲငြိုးညံ..
ရင်ခုန်သံဟာ…ငရဲတေးသွား..
ငါ့အားခြောက်လှန့်..

မောင်ရေ....ကိုယ် .. ထွက်ပြေးလာခဲ့တယ်သိလား..။

သူမက ဒီအကြောင်းတွေကို ၀တ္ထုတို..လေးတစ်ပုဒ်ချရေးထားရဦးမည်ပေါ့...
နောက်...ဖတ်မရလောက်တဲ့...စာရွက်အပိုင်းအစလေးတွေဖြစ်အောင်
တဖြည်းဖြည်းချင်းဆုတ်ဖြဲပစ်ရဦးမည်ပေါ့....
နောက်.....ဟက်ဟက်ပက်ပက်...
နောက်တော့ သည်းသည်းထန်ထန်.......

အို…
ကိုယ်လားကွယ်..
ဟောဒီ့ခရီး…
စိတ်ချည်းသက်သက်..သွားမိပြီ.။

အို…
ကိုယ်လားကွယ်..
ဟောဒီ့ခရီး…
စိတ်ချည်းသက်သက်..သွားမိပြီ.။

အို…
ကိုယ်လားကွယ်..
ဟောဒီ့ခရီး…
စိတ်ချည်းသက်သက်..သွားမိပြီ.။

ဒီစာသားတွေကိုလည်း..ကိုယ်ချရေးခဲ့တယ်လားလို့...စဉ်းစားတွေးတော...မနေတော့ဘူးကွယ်...။

အိန္ဒြာ(၁၉.၄.၂၀၀၉)

ပန်းချီကားလေးက ကိုမိုးကြယ်(ယိမ်းနွဲ့ပါး)ရဲ့လက်ရာပါ။

April 14, 2009

အပြေးဝေးဖို့ပါ အဝေးပြေး

အပြေးကိုဝေးချင်ခဲ့တာပါ… အဝေးပြေး ။ ။

အိမ်အပြန် လက်ဆောင်တွေကို
ကွေ့ရှောင်ဖို့ မခက်ခဲပေမယ့်
ပြန်စရာအိမ်ရဲ့ ကိစ္စက ခက်ခဲနေတယ် အဝေးပြေး ။

လက်သင့်ရာ ပရိဒေ၀တွေကို
ဖြစ်သလို ဖိသိပ်ထည့်လာတဲ့
ငါ့ ခရီးဆောင်အိပ်လေးကို
ခဏတော့ မျို ချ ထားပေးပေါ့ အဝေးပြေး။

တရိပ်ရိပ် ပြတ်ကျန်ခဲ့တာ အတိတ်လား
တ၀ှီးဝှီး ပြေးဝင်လာတာက အတိတ်လား
တိတ်ပဲ မတိတ်နိုင်လွန်းတဲ့ အတိတ်ကို
ငါ …
လိပ်စာအမှားတွေပေးပစ်ခဲ့တယ် အဝေးပြေး။

တဟူးဟူး တိုက်ခတ်လေကို
သံသယ စိတ်နဲ့ မရှုရှိုက်ရဲခဲ့ဘူး
တဖျတ်ဖျတ် ပြောင်းလဲရှုမျှော်ခင်းကို
မသင်္ကာစိတ်တွေနဲ့ မကြည့်ရဲခဲ့ဘူး
သဘာဝတရား ကတောင်
တရေးနိုးတိုင်း ထ စမ်း ကြည့်ရလောက်အောင်
ဖောက်ပြန်နေပြီတဲ့လေ.. အဝေးပြေး။

မင့် ချော့မြှူသီချင်းတွေကို
သတိကြီးကြီးနဲ့ ငါနားထောင်ရင်း
မင့် ပြေးလမ်းကြောင်းထဲမှာ
စမ်းတ၀ါးဝါး ငါရောပါရင်း
မင့် သယ်ဆောင်ခြင်းလူ့အဖြစ်ကို
နာနာကျည်းကျည်း ငါစောင်းမဲရင်း……
ခပ်လျော့လျော့ လျှော့ထိုင်ထားရတဲ့ ထိုင်ခုံမှာ
ချိုးမရ ဖဲ့မရ စိတ်အနာထည်တွေနဲ့
အတောင့်လိုက် တင်းခံနေသူဟာ
ငါ..... အဝေးပြေးရဲ့ ။

အဝေးဆီ
ထွက် ကို ပြေး ချင် လို့ ပါကွာ.......

ငါ့ အက်သံကို ဟွန်းတီးလိုက်
ငါ့ အပူမီးနဲ့ အင်ဂျင်နှိုးလိုက်
ငါ့ စိတ္တဇတွေအတိုင်း မိုင်ကုန်ဖွင့်ပစ်လိုက်……။

အဝေးပြေးရေ……
အဲဒီ့လမ်းရဲ့ အဆုံးမှာ
ငါ့ ရဲ့ ရွာ ရှိ ချင် ရှိ မှာ ကွယ့်…။ ။


အိန္ဒြာ (၄.၉.၀၆)

တင်စရာအသစ်ကမရှိတော့ ကဗျာအဟောင်းတွေထဲကိုပြန်မွှေရင်း
..၂၀၀၆ ခုနှစ်ကရေးဖြစ်ထားတဲ့ ဒီကဗျာကိုတွေ့တော့..လန့်သွားမိပါရော....။
အပြေးဝေးချင်တဲ့..အရာတွေ......အတွက်..
အဝေးကိုပြေးထွက်လာချင်ခဲ့တာဟာ....
ဘယ်အချိန်ကတည်းက...များလဲ.....။

April 9, 2009

ဝတ်စုံအသစ်နဲ့ နှစ်


တကယ်ဆို...
ဧပြီဟာ...
အရူးဓါတ်နဲ့ဖူးပွင့်လာခဲ့တာ.....။

ပိတောက်နံ့တွေ နှလုံးအိမ်ကိုရစ်ဖွဲ့လာတဲ့အခါ..
နွေဦးလေပြည်နဲ့ မိုးပြေးခြေသံတို့...အာရုံမှာသက်ဝင်လာတဲ့အခါ..
ကျွန်ုပ်တို့ သင်္ကြန်ကို ဆာလောင်လာကြပြီပေါ့....မြန်မာပြည်..။

အလွမ်းတကာ့ အလွမ်းထဲမှာ...
ဓလေ့ရိုးရာကို လွမ်းတဲ့အလွမ်းလောက်
တမြည့်မြည့်နာကျဉ်စေတာ..
ဘာရှိမလဲ......။

သင်္ကြန်..ရေ....
အပ်ကြောင်းထပ်တေးသွားတွေနဲ့ပဲလာလာ..
ကကြိုးကကွက် အဟောင်းတွေနဲ့ပဲ..ဖြစ်ဖြစ်..
သင်္ကြန်ဟာ...
သင်္ကြန်ပီသစွာ..မြူးကြွလှပဆဲမဟုတ်လား...။

သင်္ကြန်..ရေ....
တစ်နှစ်လုံးသိုဝှက်ထားရသမျှ..အောင်းပူတွေကို..
အတာရေမှာ...စိမ့်အေးသွားအောင်...
စိမ်ကြမယ်တဲ့ကွယ်...

သင်္ကြန်..ရေ..
အမေ့မေ့..အလျော့လျော့နဲ့..
ကခုန်မြူးထူးနေကြမယ့် သူတို့ကို...
ကရုဏာရှေ့ထားပေးလိုက်ပါ...။

သင်္ကြန်..ရေ..
ဟစ်အော် ပေါက်ကွဲနေကြမယ့်
သူတို့ဆူညံသံတွေကို
စာနာ နားလည်ပေးလိုက်ပါ...

ဆေးကြော ပစ် လိုက်
ဆေးကြော ပေး လိုက်..
ကူးပြောင်းခြင်းဆိုတာပီသအောင်...
သူတို့ နှလုံးအိမ်တွေပေါ်က ဒဏ်ရာဒဏ်ချက်တွေက အ စ
သူတို့ စိတ်ဝိဥာဉ်တွေထဲက အရှိုးရာတွေအဆုံး....

ဆေးကြောပေးလိုက်စမ်းပါ့..သင်္ကြန်ရယ်...

သင်္ကြန်...ရေ...
ဒီနှစ်သစ်ကနေ စလို့....
သင်္ကြန်လေညှင်းရဲ့အနောက်မှာ.....
မုန်တိုင်းဆိုတာကို..ခေါ်မလာခဲ့နဲ့ကွယ်...။ ။


အိန္ဒြာ(၄.၄.၀၉)

April 4, 2009

ဒုံးခွင်း ကဗျာ


တာသုံးတာနဲ့....ပြေးထွက်ဖို့
အဆင်သင့် စောင့်နေတဲ့..
ဒုံးကျည်.....။

စိုးရိမ်ပူပန်မှုတွေနဲ့..
တဆတ်ဆတ်ခါနေတဲ့..
နှလုံးသားတွေပေါ်က..
ရွှီးကနဲ ဖြတ်ပြေးသွားမယ့်
ဒုံးကျည်....။

နည်းပညာ...တွေရဲ့...
သွေးဆာလောင်မှုလား...
ကမ္ဘာ့ဂရက်ကို...
ခပ်သွက်သွက်..လှုပ်ခါလိုက်တာလား...
ဒုံးကျည်ဟာ...
သူ့ပြေးလမ်းကြောင်းအတွက်...
ခွာရှပ်သံတွေပေးနေပြီ....။

တေပိုဒေါင်ရဲ့ခန်းငြားထည်ဝါမှုအတွက်....
ကင်ဂျုံအီ...ရဲ့ရင်ခုန်သံတွေဟာ..
နေရောင်အောက်က ဓါးသွားလို..
တ ဖျတ် ဖျတ် လက် ဖြာ နေ ခဲ့ တယ်.....။

ပြုံယမ်းရဲ့ ဥပဇာမှာ....
စစ်ခရာတွေ..တွန်လို့...။ ။


အိန္ဒြာ(၄.၄.၂၀၀၉)

April 2, 2009

အဖြေမဲ့...

တကယ်က ဘလော့လေးလုပ်တာမှ..၅လမရှိတရှိမှာ..
အဟောင်းတွေပြန်ပြန်တင်တာ က ၃-၄ ခါလောက်ရှိနေလို့.
အသစ်ရေးဖို့ အသည်းအသန်အားထုတ်နေတာပါ...
အဟောင်းတင်ဖို့ tag စာရင်းမှာ..ပါလာလေတော့...
အသစ်ရေးထားနေတဲ့ ၀တ္ထုတိုကို minimize လုပ်ပြီး...
Happy Cloud မှာ(မျက်နှာငယ်ငယ်နဲ့ နေရစဉ်ကာလက)တင်ခဲ့တဲ့ ၀တ္ထုတစ်ပုဒ်ကို ပြေးကူးပစ်လိုက်ပါတယ်..။
စိတ်ပေါက်ပေါက်နဲ့ သရုပ်ဖေါ်ပုံပါ..ကူးချလာပါတယ်..။
တကယ်ဆို...အသစ်တင်ဖို့ပါ...
သူ..တို့...... သူတို့ကြောင့်............



အဖြေမဲ့.....

(၁)။
ပြာမှိုင်းသော ကောင်းကင်ထက်တွက် လ က ၀ိုင်း စက်စို အိနေအောင်သာယာလို့နေ၏။
စိမ့်စိမ့်မြမြချမ်းအေး နေခြင်း က လ ရောင်စိုရွှဲ နေသောညနှင့်လိုက်ဖက်နေသလိုပင်။
ဒါပေသည့် လရောင်က လျှပ်စစ်မီးအရောင်အ၀ါတွေကို တိုးမပေါက်နိုင်လောက်အောင်ရှိနေသည်။
ခပ်ခပ်မြမြအအေးဓါတ်တို့ကတိုးဝှေ့နေသောလူအုပ်ကြီးထဲမှာလူးလိမ့်ပျောက်ကွယ်သွားပြီလား..။
ည၏စိမ်းဆတ်သောရနံ့များထဲတွင် ထူထပ်ပျစ်ခဲနေအောင် ရောပါနေသော
အရောင်၊ အနံ့နှင့် အငွေ့အသက်နှင့် ဆူညံသံများက ညကို လုံးလုံး ပျောက်ရှသွားစေသလိုပင် ။

သို့သော် ဒါသည် ည ၊
သေချာတိကျသော ည တစ်ခုသာ ဖြစ်လေသည်။


(၂)။

လက်ရှိအနေအထားကိုတစ်နေရာမှတစ်နေရာသို့ပြောင်းရွှေ့ နေခြင်းရယ်လို့တော့ သူမ သိနေသည်။
သူမ ဘယ်ကို သွားရဦး မှာလည်း ဘယ်လောက်ကြာဦးမှာလည်းတော့ သူမမသိပါ..။ ထို့ထက်နောက် ထပ် တော်တော်များများတို့ကိုလည်းသူမမသိပါ..။ မသိခြင်းတွေသာ များပြား လွန်းလှသည်မို့ အချိန်ရှိသမျှ မျက်ဝန်း တွေကို ပိတ်လို့သာ ထားချင်ခဲ့သည်။ သူမ အမှန်တကယ် အိပ်ပျော်နေသောအချိန်သည် သူမ အတွက် အကောင်းဆုံး အချိန် ရယ်လို့ သူမကထင်နေသည်။
တအံတသြရေရွတ်သံ ၊ စုတ်သတ်သံ တို့ကို သူမ ခံနိုင် ရည်ရှိ သော်လည်း အလန့်တကြားအာမေဋိတ်သံများကိုဖြင့် သူမ နည်း နည်း လေးမျှခံနိုင်ရည်မရှိပါ..။ ပေကလပ်ပေကလပ်နိုင်နေမည့် သူမ၏မြင်ကွင်းထဲသို့ မိုးကောင်းကင်ကို နောက်ခံထားပြီး ဘယ်လို မျက်နှာထားမျိုး တွေဝင်လာကြဦးမည်လဲ..။
ဒီနေရာအကောင်းဆုံး ပဲလို့ပြောလိုက်တာ သူမအမေရဲ့ အသံမှန်းတော့
သူမကောင်းကောင်းသိနေသည်။
အကောင်းဆုံးဆိုတဲ့ နေရာကိုသူမမျက်စိဖွင့်ကြည့်လိုက်လျှင်သံချေးအထပ်ထပ်၊

အပေါက် ရာအထပ်ထပ်ဖြင့်အိုဟောင်းနေသော သွပ်အမိုးတို့သာဖြစ်လိမ့်မည်။
နေရာ ကောင်းကောင်းမရဘူးဆိုလျှင် သူမ၏မြင်ကွင်းတွေထဲမှာ ပြာလင်းနေသောမိုးကောင်းကင်တစ်ခုသာရှိမည်ပေါ့ ။
အို ကံကောင်း ထောက်မလို့မိုးရွာတာတွေဘာတွေမဖြစ်ဖို့သာ ဆုတောင်း ရဦးမည်။
မိုးရေ တွေရွှဲနစ် နေတဲ့သူမ ဟာအဲဒီ့အချိန်မျိုးမှာသိပ်ကို စိတ်ပျက် ညစ်ညူး စရာကောင်းသောဝန်ထုတ်ကြီး တစ်ခုဖြစ်သွားတတ်မှန်း ကိုလည်း သူမသိနေ၏။
ရာသီဥတုက နေ့ဘက်တွင် ပူကျက်နေသလောက် ည ဖက်ကြတော့မြနေအောင်အေးစိမ့်လွန်းလှသည်။ ဘယ်လိုရာသီမျိုး မှာဖြစ်ဖြစ်သူမရဲ့ကျောတွေကတော့ဖြင့်ပူပြင်းနာကျင်လွန်းလှပြီဖြစ်သည် ။ တရွရွယားယံစေသောအင်းဆက်အကောင်တစ်မျိုးမျိုးကိုသူမကအကြောက်ဆုံးဖြစ်ပြီး၊၊
သူမအမုန်းဆုံးကလင်းပျက် စူးရှလွန်း သောမီးရောင်နှင့် တူးခါးစူးရှလွန်းသည့် အညှော်နံ့များ ပင်ဖြစ်သည်။
ဟ ဟ သမီးပါးစပ်ဟဆိုသော အသံ၏နောက်တွင် အမြဲတမ်း ဒီအရသာမျိုးသာရသော
အစားတို့ကပါးစပ်ထဲစီး ၀င်လာ တော့မည်။
သူမဗိုက်ထဲမှာ ဆာလောင်မွတ်သိပ်လာလျှင် သူမ ဘာသာ ပါးစပ်ကို
ဖွင့်ချည်ပိတ်ချည် လုပ်နေတတ်နေပေမယ့် ဘယ်သူကမှသူမကိုဂရုမစိုက်မိကြဘူးဆိုပြန်ရင်လည်း
သူမဘယ်လိုမှ တုန့်ပြန်မစွမ်းသာပါ..။

မှောင်မည်း၊နံစော်ပြီးခြင်တွေတဒီးဒီးဆူညံနေသောပတ်ဝန်းကျင်ကအလွန်အမင်း
စိတ်ပျက်ညစ်ညူးဖွယ်ရာဖြစ်ကြောင်း သူမအမေကချွဲချွဲပြစ်ပြစ်ညည်းညူနေသည်ကိုလည်း
သူမ နားမလည်ပါ..။

အပူနံ့တွေနှင့်ချဉ်စုပ်နေသောဇရပ်အစုတ်လေး၏ ချောင်ကျ ကျနေရာတွင်ခင်းကျင်းထားသော ပုဆိုးစုတ်ခပ်နွမ်းနွမ်းပေါ်မှာပဲ သူမက ထုံးစံအတိုင်း မသက်မသာ လဲလျောင်းလျက်ရှိသည်လေ..။
တည်းခိုရာနေရာတွင်ပင် သူမကထူးဆန်းအံ့သြဖွယ်ရာ ကရုဏာသက်ချောက်ချားဖွယ်ရာဖြစ်နေသည့် အကြောင်းကိုလည်း သူမ မသိပါ..၊
သူမဘေးတွင် စည်ကားစပ်စုတတ်သော လူတစ်အုပ် အမြဲရှိနေ သည်ကိုလည်းသူမမသိရှာပါ..။
သူမက ဟစိဟစိလုပ်နေသော သူမပါးစပ်အတွင်းသို့ ၀င် ရောက်လာသော သူမ ဘာမှန်းမသိသည့်အစားအစာတွေကို မျိုချခြင်း အလုပ်ကိုပဲ ကောင်းကောင်းသိရှိခဲ့ပါသည်။

(၃)။
သူမကို သယ် မ လာတာကိုတော့ ကောင်း ကောင်း သိပါသည်။သူမ၏ကောင်းကင်က ညို ရွှေဝါလင်းသော အရောင်ဖြင့် တစ်မျိုးလှပလို့နေသည်။
သူမက သေးငယ် ကျဉ်းမျောင်းလွန်း သောမျက်ဝန်း အပေါက်လေးများ၏ နောက် ကွယ်မှ သူမဘာကိုမှ မသိသော လောကကြီးကို ချောင်း မျောင်းကြည့်ရှုနေရပေမယ့် ထူ ပိန်း ပျစ်ခဲနေသော ဖုန် မှုန့် လှိုင်းလုံးဖြင့် အသက်ရှု မ၀နိုင် အောင်ဖြစ်နေသည်ကိုတော့ သူမ သိပါသည်။

လေးပင်ခက်ခဲလှသောအသက်ရှုခြင်းအလုပ်က စိတ်ညစ် ညူးစရာကောင်းလွန်းနေလှပြီး သူမကတော့ ဖြစ်နိုင်လျှင် အစွမ်း ကုန်အော်ဟစ် ငိုကျွေး ပစ်လိုက်ချင်ပါသည်။
ဖြစ်နိုင်လျှင် ဒယီးဒယိုင်ဖြင့် သူမငို သယ်မလာကြသော လူကြီး နှစ်ယောက်ကို ကန်ကျောက်ရုန်းကန်ပြီး ဘယ်သူမှ မရှိမည့် တစ်နေရာရာတွင် ပုန်းအောင်းပစ်လိုက်ချင်ပါသည်။
ဒီနေရာ အဆင်အပြေဆုံးပဲဆိုသံနှင့် တုန့်ကနဲ ရပ်ဆိုင်း လိုက်မှုကို သူမက ဘုမသိဘမသိ ၀မ်းသာသွားမိသည်။ ထုံးစံအတိုင်းခင်းကျင်းပြင်ဆင်ပြီးသူမကိုနေရာချထားလိုက်တော့ဖုံနံ့တွေက
အနည်းငယ်သက်သာသွားပြီဖြစ်သည်။

တစ်စ တစ်စ မြေကြီးပင်တုန်လုခမန်း ဆူညံအုပ်ကျက် နေသော အသံနှင့်အတူ သူမဘေးမှ လူအုပ်ကြီးက တဖြည်းဖြည်း ထူထပ်လာပြီဆိုသည်ကိုတော့ သူမရိပ်မိနေသည်။
သူမအမေကတော့ထုံးစံအတိုင်း သူမကို မျက်နှာအပ်ပြီး ယပ်တောင်လေးတစ်ဖျတ်ဖျတ်နှင့်ရှိနေပေလိမ့်မည်..။
သူမမျက်ဝန်းများကို အစွမ်းကုန် ဖွင့်ပြီး သူမ ပတ်ဝန်း ကျင်ကို လေ့လာဖို့ကြိုးစားနေမိသည်..။
အို ဘယ် လိုမျက်နှာမျိုး တွေသူမ မြင်ကွင်းထဲကို ၀င်လာကြဦးမည်လည်း..။

တကယ် တော့ ဘယ်လိုမျက်နှာမျိုးကိုမှ သူမ မဖတ်ကြားတတ်ပါ..။
ဖြစ်နိုင်လျှင် သူမကို ခေါင်းကို ဘယ်ပြန်ညာပြန်လှည့်ရမ်း ပစ်လိုက်ချင်ပါသည်။
မီးရောင်အောက်တွင် စုပြုံတိုးဝှေ့နေကြသော ပိုး ကောင် တွေ ဆီကို သူမအကြည့်ကရောက်သွားသည် ဘာတွေလည်း၊
ဘာကောင်တွေလည်း သူမမသိပါ..။
သူမက မီးရောင်ဘေး တွင် စိတ်ရှိလက်ရှိ ၀ိုင်းပတ်လှုပ်ရှားသက်ဝင်နေကြသော ပိုးကောင် တွေကို စိတ်တစားရှိသွားသည်။
ဒီနှစ်ဘုရားပွဲ သိပ်စည်ကားတာပဲနော်ဆိုသော အသံက သူအာရုံထဲကို ၀င်လာတော့ သူမ အာရုံက အသံဆီသို့ရောက် သွားပြန်သည်။
အေးပေါ့လေ လူတွေက ပွဲငတ်ကြတာကိုး..ဆိုသော အသံကတော့ တော်တော်နားဝင်ရ ချိုသာညက်ညောလွန်းနေသည်။
ဟယ် အမလေး ဘာကြီးလည်း ဆိုသော အသံက သူမဘေးမှာ ရပ်တံ့သွားတော့ သူမက ပိုးကောင်တွေဆီ အာရုံ ရောက်သွားပြန်သည်..။
တဒိုင်းဒိုင်းနှင့် ရင်ဘတ်ကို လာလာထု နေ သလိုရှိသာ ဘင်သံက သူမအာရုံထဲကို ၀င်လာသည်။
ဈေးသည်တို့၏ ဈေးခေါ်ပွက်လောရိုက်နေကြသံက သူမ၏ အာရုံထဲကို ၀င်လာကြပြန်သည်။
သူမကျောကုန်းတွေထဲမှာ တရွရွယားယံလို့လာတော့ သူမ တွန့်ကနည်းဖြစ်သွား၏။
အမေက သူမကို သိရှိလိုက်ပုံမျိုး ဟိုဟိုဒီဒီ ပွတ်သတ်ပေး ပေမယ့် သူမမပြေပျောက်နိုင်ဖြစ်နေသည်..။
မွေးကတည်းကလား၊ ဆိုသောအသံနောက်မှာ ၊
ဟုတ်ကဲ့ နောက်တဖြည်းဖြည်းနဲ့ကြီးလာပြီးဒီအရွယ်လောက်အထိဖြစ်သွားတာပါ..။
ဆိုသော အသံက အမေ့ အသံဖြစ်သည်။
သူမကတော့ ယား ယံလွန်းလှပြီ..။
အလကားပါကွာ ဒီခေါင်းအကြီးကြီးနဲ့ကောင်မလေးကိုပြပြ ပြီး ဆေးကုဖို့လိုက်တောင်းနေတာပွဲတော်မှန်သမျှပဲ………….။
ငါတွေ့တာ တောင်လေးငါးခါမကတော့ဘူး..။
ပိုက်ဆံကပြည့်မပြည့်တော့ဘူးလား ၊အေး လေ သူတို့ ပိုက်ဆံတော့ တော်တော်ရသားနော် ဆိုသော အသံများကိုတော့ အမေက မတုန့်ပြန်ပါ..။
ကောင်မလေးက အသက်ဘယ် လောက် လောက်ရှိပြီ လည်း ဆိုတော့ အမေက ၁၅နှစ်လောက်ရှိပါပြီလို့ ပြန်ဖြေနေသည်..။
ဆရာဝန်တွေပြကြည့်ပြီးပြီလား..၊ ဆိုတော့ အမေထံမှ ဘာသံမှ မကြားရဘဲ သူမကို ယပ်တောင်တွေ တဖျတ်ဖျတ်ခတ် ပေးလို့နေ သည်..။
သူမအတွက်ကတော့အပြန်အလှန်စကားလုံးများသည် အသံ သာဖြစ် ပြီး.. သူမ ဘာကိုမှမသိပါ..။
သူမလောလောဆည်ဖြစ်ချင်နေတာက ယားယံနေသော နေရာ ပြေပျောက်ဖို့ရယ်..၊
ဦးခေါင်းကို စောင်းငဲ့ပြီး ဟိုဟိုဒီဒီတွေ လျောက်ကြည့်ပစ်ဖို့ရယ် သာဖြစ်သည်။
သမီးရေ လက်အုပ်ကလေးချီပြလိုက်ပါဆိုသည့် အသံနောက်တွင် ရင်ဘတ်ပေါ်မှာ သူမလက်ဖ၀ါးနှစ်ဖက်ကို ပူးကပ်ထိမ်းမတ်ထားရမည်ပေါ့..။
အို.လူတွေကသဘောကျရွေ့လား..မသိ ၊
အမေကတော့..သူမကို မကြာခဏ စေခိုင်းတတ်သည်လေ.။
သူမယားယံညောင်းညာလွန်းလှပြီ ဖြစ်နိုင်လျင် သူမက အမေ့ကို ပြန်ကြဖို့ ပြောလိုက်ချင်ပါသည်။

(၄)။

သူမ ပိုးကောင်တွေကို ငေးကြည့်နေမိသည်..။
ကြာ တော့ လည်း ယားယံခြင်းက အလိုလိုပျောက်သွားပြီး ညောင်းညာခြင်း တို့က ထုံထိုင်းသွားခဲ့ပြီ..။
သူမတစ်ကိုယ်လုံးမလှုပ်နိုင်လောက်အောင်ထုံကျဉ်ကိုက်ခဲ နေပြီပဲ ၊
သူမ ၏အဆုတ်အိမ်တစ်လုံး လုံး ညစ်နွမ်းသွား လောက်သော လေထုတစ်ခုလုံးကိုလည်းရှုရှိက်ခဲ့ပြီးပြီ..။
သူမက သူမကို မနိုင် မနင်းချီပိုးပြီး ဇရပ်ဆောင်လေး ဆီပြန်ကြမယ့် အချိန်ကို ရောက်ချင်လှပြီဖြစ်သည်..။
သူ စကားပြောတတ်လား..။
ဟင့်အင်း ငယ်ငယ်တုန်းက တော့ အသံနည်းနည်းထွက်တယ်..။
သူမ ပိုးကောင်တွေကို ငေးကြည့်နေမိသည်..။
နောက် ခေါင်းကြီး တဖြည်းဖြည်းကြီး လာတော့ အသံမထွက်တော့ဘူး..။
သူမ ပိုးကောင်တွေကိုပဲ ငေးကြည့်နေမိသည်..။
ဟုတ်ကဲ့ နားတော့ ကြားပါတယ်..။
ဦးနှောက်ကရော ပုံမှန်ပဲလား..။ ရှင် ။ သြော် သူ့ အသိဥာဏ်ကိုမေး တာ တစ်ခြားလူတွေလို ပုံမှန်ပဲလား..။
သူမက ပိုးကောင်တွေကို ပဲငေးကြည့်နေမိသည်..။
တော်ပါသေးရဲ့နော် ပုံမှန်အသိဥာဏ်မျိုးနဲ့ဆိုရင် သူဘယ် လောက်များ ရှက်ရှာလိုက်မလဲ..။
သူမ ပိုးကောင်တွေကို ငေးကြည့် နေရာက မျက်ဝန်းကို တင်းကြပ်စွာပိတ်ချပစ်လိုက်မိသည်..။
ဆိုးဆိုးဝါးဝါး စပ်ဖျင်းသော ဝေဒနာကသူမမျက်ဝန်းထဲကိုရုတ်ချည်းရောက်လာသည်..။
မျက်ဝန်း ကိုတဖြည်းဖြည်းခြင်းပြန်ဖွင့်လိုက်တော့မျက်ရည်ပူတွေ လိမ့်လိမ့်စီး ကျလာတော့၏။
ဟယ်ငိုနေတာလား..၊
ပုံမှန်အသိဥာဏ်…....မရှိဘူးဆို..၊
အေးလေ.....တို့မေးနေတာကို သိလို့များလား..။
အေး ဟယ် ဘယ်လိုဝဋ်ကျွေးမျိုးပါလိမ့်..။
ဘာ ရောဂါလဲ မသိဘူး နော်..။
သူမမျက်ဝန်းကို ပြန်မှိတ်လိုက်တော့ အမေက အ၀တ်စ တစ်ခုနှင့် သူမ မျက်ရည်တွေကို သုတ်ပေးလို့နေသည်..။

မျက်ရည်တွေတွေတွေကျနေပေမယ့် သူမက ငို ကျွေးခြင်း ဆိုသော စကားလုံး၏ အနက် အဓိပ္ပယ်ကိုလည်း
မသိရှိပြန်ပါ..။


အိန္ဒြာ
(၂၂.၂.၂၀၀၈)
(ဘုရားပွဲတစ်ခုတွင် တွေ့ခဲ့ဖူးသော ဒုက္ခိတမိန်းကလေး အတွက် ခံစား ရေးဖွဲ့ထားပြီး . ၊ မသန်မစွမ်းကလေးငယ်များရန်ပုံမဂ္ဂဇင်းတွင်သုံးရန်ပေးထားခဲ့ပါသည်။)

(((ကိုရင်နဲ့ခင်လေးရေ.....ကျေနပ်ပါတယ်..နော...))))