April 18, 2009

စိတ်ချည်းသက်သက်..ခရီး

(၁)။
ကဗျာဆိုတာ စိတ်ကျူးလွန်ခဲ့သမျှ ပြစ်မှုတွေအတွက် အခိုင်လုံဆုံး သက်သေခံပစ္စည်းတစ်ခု ဖြစ်သည်ပဲ..။
ဒီနေ့တော့ ဒီကဗျာကို သူမမရေးခဲ့ပါဘူးလို့ နည်းနည်းပါးပါး ငြင်းဆိုကြည့်လိုက်မည်..။
ဒါဆို ဒီနေ့လည်း မျက်ရည်ဝဲရဦးမည်ပေါ့..။
ငိုကြွေးခြင်းဆိုတာ တော်တော်လေးကို သပ်ရပ်ခြေမြစ်တဲ့ စိတ်နဲ့ရုပ် သမမျှတတဲ့ တံခါးချပ်ကလေးပါပဲ..။
ကြပ်ခဲနေတဲ့ခံစားချက်တွေ.. တအိအိပြိုကျ.. နောက်တလိမ့်လိမ့်စီးဆင်း....
ပါးပြင်ပေါ်ကို မျက်ရည်တွေ.. ဖွဖွရွရွ နင်းဖြတ်သွားကြသံဟာ..
တနွဲ့နွဲ့ညှင်းညံနေသော တယောသံနဲ့ ခပ်ဆင်ဆင်တူပါလိမ့်မည်..။

အို.. ညွှတ်နူးလှိုက်လှဲစရာပေမယ့် ကြေကွဲခြင်းကိုပါဆောင်ယူလာသည်ပေါ့..။
ဒီနေ့အခန်းလေးက ပိုပြီးမှောင်ရီနေသလိုလို...၊
သူမအသက်ရှုသံတွေဟာ..... ရှိုက်သံတွေကို... ငင်ရစ်ယူနေဦးမည်လား...

ခပ်ပါးပါးရယ်ချလိုက်သံနဲ့ ညတွေက တုန်ယင်လိမ့်ဦးတော့...
သိလား...
ကိုယ် ဒီကဗျာကို..ဘယ်တုန်းကမှ မရေးခဲ့မိပါဘူး...မောင်ရယ်....။

(၂)။

အိပ်မက်လိုလို
မြူလိုငွေ့ငွေ့
သွေ့သွေ့မထင်
အာရုံကိုင်းဖျား
လာနားပျံထွက်..
ဘယ်လိုငှက်လဲ...

ဟုတ်တယ်.... ဒါဟာအိမ်မက်တစ်ခုသာပါပဲ..။
သူမက ယစ်မူးဖွယ်ရာကဗျာဆန်ခြင်းမှာ ဟန်ဆောင်ပန်ဆောင်လေးမှ တောင့်မခံနိုင်တဲ့ ခပ်ညံ့ညံ့မိန်းမတစ် ယောက်လည်း ဖြစ်သည်ပဲ..။
ဘုရား..ဘုရား... ဒါဟာ..အမှားတစ်ခုရော ဖြစ်နိုင်ဦးမလား... နောက်ပြစ်မှုတစ်ခုရော....။
မောပမ်းလိုက်တာ...၊ မွန်းကြပ်လိုက်တာ၊ မှောင်မိုက်လိုက်တာ ..၊
တဆတ်ဆတ်ခုန်လွင့်နေတဲ့ နှလုံးသားရှိရာအရပ်ကို မညှာမတာဖိချေထားလိုက်ရင်း..
သူမဟာ.. သူမကိုယ်သူမ စောင့်ကြည့်နေခြင်းမှာ...ခြောက်ချား..တွေဝေလို့..။
သူမရှေ့မှာ သူမဟာ.. အနေအထိုင်တွေကျဉ်းကြပ်လို့..
သူမရှေ့မှာ.. သူမဟာ.. ရှက်လန့်တကြား..
သူမရှေ့မှာ.. သူမဟာ.. အလူးအလဲ ကျဆုံးခဲ့သည်ပေါ့..။
တစ်စတစ်စ သူမအခန်းကျဉ်းလေးဟာ.. အ၀ါရောင်တောက်တောက်တွေနဲ့ချည်း ပိတ်မိနေပါရောလား..။
အခန်းလေးဟာ.. သူမရှုရှိုက်မယ့်အောက်ဆီဂျင်ကိုမှ.. ရွေးပြီးစုပ်ထုတ်ခံလိုက်ရသလိုမျိုး...
အခန်းထောင့်မှာ နံရံကပ်မှီပြီး..တစ်စုံတစ်ရာဆီကနေ...ထွက်ပြေးဖို့....အရုန်းအကန်ဆုံးကြိုးစားနေတဲ့ မိန်းမတစ်ယောက်ရဲ့သဏ္ဍန်ဟာ.. စိတ္တဇပန်းချီကားဆန်နေပါလိမ့်မည်ပေါ့..။

(၃)။
အိပ်မက်
ဟုတ်တယ်
အိပ်မက်တစ်ခု...ပါ.၊အိမ်မက်တစ်ခု..ပါ..ကွာ..။
ဟုတ်ပါရဲ့ သူမရဲ့သဏ္ဍန်က ဘယ်လိုမှ လိုက်လို့မမှီနိုင်တဲ့ အရာတစ်ခုနောက် တကောက်ကောက်ပြေးလွှားလိုက် နေရတဲ့ အိပ်မက်တစ်ခုထဲက မောလျမှုနဲ့ သိပ်တူနေပါရောလား.။

မျှော်မောယုံခက်
ပင့်သက်ရှိုက်ဖြာ
ဘယ်ညာလိမ့်လူး

အိပ်မရဘူးကွယ်

ဟင့်အင်း.. အဲဒီကဗျာကို.. သူမ မရေးခဲ့ပါဘူး...။
ဟုတ်တယ်.... ဒါဟာအိပ်မက်ပဲ..... ဟုတ်တယ်... အိပ်မက်ပါမောင်ရဲ့....

လွင့်လွင့်မားမားလျှောက်သွားနေတဲ့..သူ့ကျောပြင်ကို..အိပ်မက်ထဲမှာပဲ..ကိုယ်မြင်ခွင့်ရခဲ့တာပါ...။
အို..သူကတော့ သက်တောင့်သက်သာ..လျှောက်လှမ်းလို့...ဘာဆိုဘာမှမသိတဲ့ ဟန်ပန်မျိုးနဲ့ပေါ့...
သူက .. တဖြည်းဖြည်းတိတိကျကျ ဝေးကွာနေတဲ့ခြေလှမ်းတွေနဲ့ သေသေသပ်သပ်ရှိနေလိုက်တာ..
သူက Celine Dion ရဲ့ Love doesn't ask why ထဲက
It speaks from the heart
And never explains
Don't you know that
Love doesn't think twice
It can come all at once
Or whisper from a distance

ဆိုတဲ့ စာသားကို လေချွန်နေတာလဲဖြစ်နိုင်တယ်
နောက်လေးဖြူရဲ့သံယောဇဉ်သီချင်းကို ခပ်ဖွဖွညည်းညူ မသွားပါဘူးလို့... ဘယ်လိုပြောကြမလဲကွယ်...။
ဒါမှမဟုတ်... အောင်ချိမ့်ရဲ့တစ်ခါတစ်လေစွန်းပေသောအဖြစ် ချစ်သောသူတွေ ခွင့်လွှတ်ကြပါဆိုတဲ့ ကဗျာစာ သားမျိုးကိုများ..ရွတ်သွားလေ...မလား...
ဘုရား..ဘုရား...။
သူမတစိမ့်စိမ့် မူးဝေလာလိုက်တာ..။

(၄)။
လေထဲခိုစီး
လေထဲပြီးပျောက်

ဘယ်ရောက်သွားလဲ..
ရှာဖွေလို့လဲ
မရဲပြီ...။

ဆိုတဲ့ကဗျာမျိုး... နောက်...ငါဟာ.. ဘယ်တုန်းကမှ ကောက်မရခဲ့တဲ့အရာကို... ပျောက်ရှမှာစိုးရိမ်မိသူပေါ့ ဆိုတဲ့ကဗျာမျိုး.. ကိုယ်ဘယ်တုန်းကမှ မရေးဖြစ်ခဲ့ပါဘူးမောင်..။
အို... တိုးလျပါးလျားတဲ့ ကဗျာရွတ်သံဟာ...တစ်ဘ၀လုံးဆတ်ဆတ်ခါအောင်ပဲ့တင်မြည်ဟီးလို့.... တဖွဲ့တနွဲ့ ခံစားကြည့်မိကြတဲ့.. ပန်းချီကားချပ်တွေထဲက အရောင်တွေဟာ... ငိုညည်းချင်စရာ ကောင်းနေခဲ့သည်ပဲ..။ စိတ်ချင်း တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်နိုင်လွန်းတဲ့သီချင်းတွေကို.. ကြောက်လန့်တကြား ပစ်ချထားမိခဲ့သည်ပဲ..။
စိတ်ဟာ... အလုံပိတ်ထားတဲ့ အခန်းကျဉ်းလေးထဲမှာတော့ ကချေသည်..ဆိုတဲ့ စာသားကရော...။
သူမ ကကြိုးကကွက်တွေ ရှိုက်ငင်နေတာ... ဘယ်သူမှ.. သိခွင့်ကြည့်ခွင့်မရှိတဲ့ ပွဲသဘင်တစ်ခုပေါ့ကွယ်.။
တိုးတိုး..ရှရှလေး....နားစည်မှာပဲ့တင်ရိုက်နေတဲ့...ကဗျာရွတ်သံဟာ....
ဘယ်လောက် ရင်ခုန်တိမ်းမူးဖွယ်ရာကောင်းသလဲလို့ တကယ်ဆို တွေးတောင်မကြည့်သင့်ဘူးတဲ့..။
အော..သူမက အဲဒီ့နေ့မတိုင်ခင်တစ်ရက်လိုကဗျာမျိုးကိုလည်း ရေးခဲ့ဖူးသေးသည်လေ..။

(၅)။

သူမ..ရယ်မောဖို့အပြင်အထန်ကြိုးစားကြည့်မိသည်ကဘယ်နှကြိမ်မြောက်ပါလိမ့်..။
တနင့်နင့်နာကျင်လွန်းရတဲ့ရင်ပြင်ဟာ..ပေါက်ထွက်လုမတတ်ဘောင်ဘင်ဆန်နေခဲ့တာဟာလည်း အိပ်မက်တစ်ခု ဖြစ်လိုက်ပါတော့ကွယ်..။
သိလားမောင်...
ဥာဏ်ပညာကြီးပါတယ် ပါးရည်နပ်ရည်ရှိပါတယ်ဆိုတဲ့ လူတွေ မိုက်မဲကြတဲ့အခါ.. ခန့်ငြားလှပတယ်..။ ကျိုးကြောင်းဆီလျော်တယ်..။ ဖြေရှင်းထုချေချက်တွေခိုင်လုံတယ်..
လက်စလက်နသေသပ်တယ် နောက်..သွေးအေးရက်စက်ပြီး.. ကြောက်မက်ဖွယ်ရာ ထိရောက်စူးရှ လွန်းတယ်ပေါ့..။

အဟင်းဟင်း.....သူမရယ်မောလိုက်တာပါ..။
မောင်က ကိုယ့်ကဗျာတွေကို နည်းနည်းဖြစ်ဖြစ်စိတ်ဝင်စားလိုက်ပါတော့လား...
မောင်က..ကိုယ့်ကိုဒီ့ထက်နည်းနည်းပိုသိလိုက်ပါတော့လား...
မောင်က ကိုယ့်စိတ်နဲ့..ဒီ့ထက်ခပ်နီးနီးလေးမှာ..မရပ်သင့်ပေးဘူးလား..
ဒါဟာ..စိတ်ဝိညာဉ်ရဲ့အပြင်ဘက်ကစိတ်တစ်ခုပါလို့..
သူမပိတ်ရိုက်ပစ်ချင်စရာကောင်းလောက်အောင်ဆင်ခြေပေးကြည့်ချင်လာပြန်သည်လေ..။


ငါ..ဟာ..ငါလား..စိတ်များရောက်ယက်..
ရက်ဆက်လေလွင့်..မချင့်..မတွေး..
လွမ်းရေးတွေကြွယ်…
ငါ..ဘယ်လို..လဲ.
.ငါ့..ကိုငါလဲ..မမေးရဲပြီ..။

လွမ်းသည့်စိတ်အား..
လှောင်ဟားရယ်ဖွဲ့..ငါကဲ့ရဲ့လိုက်..
ငိုချင်လာရင်
ငြူဆူအံခဲ..ငါမန်မဲလိုက်..

ငါဟာ..ဘာလဲ..
ကိုယ်ဘာလဲကွယ်..
ဆင့်ကဲမေးခွန်း
လှိုင်းလိုတွန်းရိုက်..မွန်းကြပ်လိုက်တာ....။

(၆)။

တစ်စတစ်စ တိတ်ဆိတ်ခြင်းတွေ ညံနေတဲ့ အခန်းလေးဟာ..ပိုမိုကျဉ်းမျောင်းလာသလိုပဲ..။
မီးအလင်းမှိန်ဖျဖျနဲ့..သိပ်အနုပညာမြောက်နေတာမျိုး...မလိုချင်ပါဘူးကွယ်..။
မျက်ဝန်းအစုံကိုခဏမှိတ်လိုက်ချိန်တိုင်းမှာ.... အို.....ကိုယ်ဆက်ဆက်တွေ့လိုက်ရတာ..သိလား...။
သူဟာ..အရောင်ဖျော့ဖျော့ဂျင်းဘောင်းဘီတစ်ထည်ကိုဝတ်ထားသလား...
သူရဲ့မျက်လုံးတွေက စူးစူးဂျစ်ဂျစ်ရှိနေလိမ့်မလား..
သူ့ ဆံပင်တွေက နူးညံ့ ပျော့ပျောင်းနေမလား..
ဘာဆိုဘာမှမသိပေမယ့် သူမဆက်ဆက်တွေ့လိုက်ရတာပါ....။
အို...ခပ်အက်အက်ရွတ်ဆိုနေတဲ့ ကဗျာရွတ်သံတိုးစစကိုတော့ သူမအသေအချာရခဲ့ဖူးသည်ပဲ..
စာအုပ်တစ်အုပ်ဘယ်လောက်လေးနက်ခံ့ငြား တယ်ဆိုတဲ့ အတွေးတွေထဲမှာနက်နဲခဲ့ဖူးသည်ပဲ..
ပန်းချီကားချပ်ရဲ့ဆေးစက်တွေ...ထဲမှာ....
သီချင်းတစ်ပုဒ်ရဲ့ သံစဉ်လှိုင်းတွေထဲမှာ...
ကိုယ်တို့ ဆက်ဆက်တွေ့ခဲ့ကြသည်ပဲ..နော်..။
တစ်ဦးတည်း..တီးတိုးပြောဆိုမိတဲ့ စကားတွေဟာ..သူမရူးနှမ်းနေပြီဆိုတာကိုပြနေခဲ့ပြီကွယ်
သေချာတာက သူမဟာ..မမောနိုင်မပမ်းနိုင်ပြေးလွှားနေမိတုန်းပါပဲပေါ့...
စိတ်ဆိုတဲ့အရာကို..သူမကြောက်လန့်မင်သက်ရလွန်းစွာ..ငေးမောနေခဲ့ရပါကော...
စိတ်ဆိုတာဟာ..ဘယ်အထိ.ခရီး.ဆန်းတတ်တဲ့ ဂျစ်ပစီတစ်ကောင်ပါလိမ့်.
သိပ်ပြောရဆိုရခက်တဲ့..သိပ်အရိုင်းဆန်တဲ့..ဇွတ်တရွတ်နိုင်ပြီး..ဆင်ခြင်တုံတရားမရှိတဲ့ ဂျစ်ပစီတစ်ကောင်ပေါ့..
ပြောတော့မင်းကသိပ်ကိုတည်ငြိမ်ပြတ်သားတဲ့မိန်းခလေးဆိုဆိုတာမျိုး
သူမကကိုယ့်ကိုကိုယ်ပြန်မေးဖို့ပျက်ကွက်နေတာကြာပြီပဲ..။

အို..ဒီအချိန်မျိုးမှာ ဘယ်မေးခွန်းမျိုးကိုမဆို သူမငြင်းဆိုပါမည်လေ..။
မောင်ရေ ကိုယ်မင်းကို သိပ်ချစ်တယ်ဆိုတာကလည်း...သစ္စာတရားတစ်ခုပါကွယ့်..။

မေးခွန်းတွေအောက်..ငါပျောက်ရှချင်

နောက်လှည့်ခြေလှမ်း..ဘာနဲ့..ဖမ်းဆွဲ..
ငါ…မသိဘူး……
ရူးလည်းရူးချင်………..

အို.....သူမနိုးထပါရစေ.တော့...။ သိပ်ကို..အထားအသိုခက်ရလောက်အောင်ကိုယ့်ဖြစ်တည်မှုတွေက ရူးစပ်စပ်နိုင်နေခဲ့ပါရောလား..ကွယ်..။

ကဗျာတွေ...၊ကဗျာတွေ...၊ ကဗျာရွတ်သံတွေ..၊ သီချင်းတွေ.....ပန်းချီကားတွေ .အို သူမကို တုတ်နှောင်ပစ်လိုက်တာဘယ်အရာမျိုးပါလိမ့်..

သိလား..မောင်

ဟင့်အင်း…ဟင့်အင်း…
အတင်းငြင်းဆန်..
ငါ့ထံပါးက..ငါ့အားချွင်းချန်..
မင်းလှည့်ပြန်ပါ…

မုန်းတီးလိုက်တာ..ငါ့ကိုယ်ငါလေ
တွေဝေတိမ်းပါး..စိတ်ထွေပြားလိုက်..
သာယာတမ်းမူး..စိတ်ညွှတ်နူးလိုက်..
ဒီစိတ္တဇ..ဖြေမရပဲနှောင် ဖွဲ့ဆက်ထုံး..ရုန်းမရနိုင်…
.


ဆိုတဲ့ကဗျာစာသားမျိုးလည်း..ကိုယ်ဘယ်တုန်းကမှမရေးဖြစ်ခဲ့တာ.သေချာမှဖြစ်မယ်.။


(၇)။

ဖြုန်းကနဲသူမပြူတင်းတံခါးကိုဆွဲဖွင့်ပစ်လိုက်တော့...
အပြင်မှာ..ခရမ်းရောင်တွေချည်း..သိပ်သည်းမိုက်မှောင်လို့....
သူမအိမ်မက်...ခရမ်းရောင်တွေနဲ့လောင်ကျွမ်းသွားခဲ့ ပြာကျသွားခဲ့ပြီတဲ့..။
အိုး....သူမထွက်ပြေးလွှတ်မြောက်လာခဲ့ပြီလားကွယ့်
ဒါဆို..အသက်ရူသံသဲ့သဲ့ပါတဲ့ ကဗျာစာသားတွေဟာ...သူမှဆီမှာမှောင်မိုက်တော့မယ်လား..
တစ်ခါတစ်လေ..ကီးကြောင်သွားတတ်တဲ့သီချင်းညည်းသံတွေဟာ...သူမဆီကနေစီးထွက်သွားကြတော့မယ်လား...
တိတ်ဆိတ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ..စိတ်ချင်းချိတ်ဆက်..ပျော်ဝင်နေမှုတွေ..
အထီးကျန်နေ့ရက်အချိန်တိုင်းက လှပသိမ်မွေ့လွန်းနေတဲ့ အစီးအဆင်းတွေ....
သွား................အားလုံးထွက်သွားကြ........။
သူမအစွမ်းကုန် အော်ဟစ်ပစ်လိုက်မယ်..။

ကဲ...သင်ရော..ကိုယ့်စိတ်ကို...ကိုယ့်ရှေ့မှာတင် ကိုယ်တိုင်ဝန်ခံကြည့်ဖူးလား...အဲသလိုသရော်ကမော်မေးခွန်းမျိုး..တွေ့သမျှလူတွေကို..မေးကြည့်ပစ်လိုက်မယ်..။
မောင်ရေ....နင်ရော..။ .နင်ရော..ဟင်..။
နောက်ပြီး....သူမ..တစိမ့်စိမ့်ရယ်မောပစ်လိုက်မယ်..ရယ်မောနိုင်မယ်ထင်ပါရဲ့...
တဖြည်းဖြည်းချင်း....
စိတ်အေးလက်အေး..ရယ်မောနေရတာလောက်...ဘယ်မှာအရသာ..ရှိနိုင်မလဲ..။
သူမကိုယ်သူမစောင့်ကြည့်နေရတာ....
သူမကိုယ်သူမပျောက်ရှနေခဲ့တာ..
သူမကိုယ်သူမ ရှာာဖွေနေရတာ...
အဟင်းဟင်း..........

ငါ့ပါးပြင်ထက်..

မျက်ရည်စက်တွေ….
အံ့သြတွေဝေ..
ဒါတကယ်လား…တကယ်ပဲလား..
ခြောက်ချားစိုးထိတ်…ဆွံ့အတိတ်လို့…

လျော့မတွက်ရဲ..ရင်ထဲငြိုးညံ..
ရင်ခုန်သံဟာ…ငရဲတေးသွား..
ငါ့အားခြောက်လှန့်..

မောင်ရေ....ကိုယ် .. ထွက်ပြေးလာခဲ့တယ်သိလား..။

သူမက ဒီအကြောင်းတွေကို ၀တ္ထုတို..လေးတစ်ပုဒ်ချရေးထားရဦးမည်ပေါ့...
နောက်...ဖတ်မရလောက်တဲ့...စာရွက်အပိုင်းအစလေးတွေဖြစ်အောင်
တဖြည်းဖြည်းချင်းဆုတ်ဖြဲပစ်ရဦးမည်ပေါ့....
နောက်.....ဟက်ဟက်ပက်ပက်...
နောက်တော့ သည်းသည်းထန်ထန်.......

အို…
ကိုယ်လားကွယ်..
ဟောဒီ့ခရီး…
စိတ်ချည်းသက်သက်..သွားမိပြီ.။

အို…
ကိုယ်လားကွယ်..
ဟောဒီ့ခရီး…
စိတ်ချည်းသက်သက်..သွားမိပြီ.။

အို…
ကိုယ်လားကွယ်..
ဟောဒီ့ခရီး…
စိတ်ချည်းသက်သက်..သွားမိပြီ.။

ဒီစာသားတွေကိုလည်း..ကိုယ်ချရေးခဲ့တယ်လားလို့...စဉ်းစားတွေးတော...မနေတော့ဘူးကွယ်...။

အိန္ဒြာ(၁၉.၄.၂၀၀၉)

ပန်းချီကားလေးက ကိုမိုးကြယ်(ယိမ်းနွဲ့ပါး)ရဲ့လက်ရာပါ။

31 comments:

ညိမ်းညို said...

အမရေ
မှော်သားဓာတ်အပြည့်ပါတဲ့ စာသားတွေချည်းပါပဲ
ဆရာမကြီးကြည်အေးရဲ့ ကဗျာအသွားမျိုးကိုလဲ သတိရမိစေပါရဲ့

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ။
ကဗျာတွေ စာတွေလည်း ဒီထက်ဒီထက် ဖန်တိးရေးသားနိုင်ပါစေခင်ဗျာ

Bino said...

ကဗျာဆိုတာစိတ်ကျူးလွန်ခဲ့သမျှပြစ်မှုတွေအတွက် အခိုင်လုံဆုံးသက်သက်ခံပစ္စည်းတစ်ခုဖြစ်သည်ပဲ..။
--------

နောက်...ဖတ်မရလောက်တဲ့...စာရွက်အပိုင်းအစလေးတွေဖြစ်အောင်
တဖြည်းဖြည်းချင်းဆုတ်ဖြဲပစ်ရဦးမည်ပေါ့.

Your article is so difficult to fully understand for me.
may be generation gap
may be lack of knowledge about poem.

KPZ said...

အမရေ.. ဖတ်ရင်းဖတ်ရင်း မောလာတယ်။ မွန်းကျပ်လာတယ်.. ဘာလို့လဲ သိဝူးနော်

ATN said...

ခရီးရှည်ကြီးပါလား...

(ဒါနဲ့ - သက်သေခံပစ္စည်းဖြစ်ရမယ် မဟုတ်လား... စာရိုက်တာ မှားသွားတယ်ထင်ပါ့...)

အမည်မဲ့ said...

စကားပြေဆန်တဲ့ ကဗျာ
ကဗျာဆန်တဲ့ စကားပြေ
စကားလုံးတွေ ကြွရွ
လတ်ဆတ် တောက်ပ
ခုန်ချပြေးချင်လောက်အောင်
ကျွန်တော် စိတ်ချည်းသက်သက်လွှတ်လိုက်တယ်
ဗလာနယ်ထဲကို......

minn thuka said...

”တစ္ဆေ”

အိပ်လို့မရ

ညကြီးမင်းကြီး၊ ထပြီးထိုင်နေ

မွေ့ရာတွေလည်း၊ကြေမွတွန့်လိပ်

သိပ်စိတ်ညစ်တယ်၊သတိပြယ်လွင့်

ခိုတွယ်စရာ အတည်မရ။

အပြင်ဘက်မှာ

သစ်ရွက်တွေကြား၊ကြယ်လေးငါးပွင့်

စံကားပင်အို၊ကန်ရေစိုစွတ်

ဟိုမှာ လှုပ်လှုပ်၊ငုတ်တုတ်လက်ကမ်း

စမ်းလျှောက်သွားနေ၊မြက်ချုံတွေထဲ

တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

ခုတင်ခြေရင်း

ပြေးနင်းရှပ်ရှပ်၊မတ်တတ်ထလိုက်

ခန်းဝကိုလာ၊၀ရန်တာမှာ

သည်မှာတစ်ယောက်၊တစ္တေခြောက်လှန့်

ကြောက်ကြောက်နှင့်ကြည့်၊မျက်နှာလှည့်စမ်း

တည့်တည့်လှမ်းမြင်၊အော်ငိုချင်မိ

တစ်ဆင်တည်းပဲ သူနဲ့ ငါ။

မြစ်နက်ထဲမှာ

ငါရေနစ်မြုပ်၊ချမ်းပြီးကုပ်နေ

ကုက္ကိုကိုင်းကြား၊ငါနေနားလိုက်

ဘုရားရှေ့မှောက်၊ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်

တစ်ယောက်သောငါ၊ငါများစွာမှ

ထလာ လွင့်ပါး၊ငိုသံပါနှင့်

ဘာမှမကြား၊မောင့်အနားမှာ

``ထသွားစို့ဆို၊မေ့ကိုအိပ်မက်

မမက်ဘူးလား´´၊တစ္ဆေ ဖြားယောင်း

မှုန်မွှားစိတ်ဝယ် အရိပ်ထင်။

ကြည်အေး။

ဆရာမကြည်အေးရဲ့ အဲဒီကဗျာလေးမျက်စိထဲတန်းမြင်တယ်ဗျာ၊
ကဗျာလေးကို သရုပ်ဖေါ်ထားတာလား၊ ဒါမှမဟုတ် စကားပြေကိုပဲ ပံ့ပိုးထားတာလား၊
သမရိုးကျစကားပြေ ကနေခွဲထွက်ထားတဲ့ အိန္ဒြာ စတိုင်အတိုင်း တစ်ကြောင်းဆီ တိုင်းမှာ ဆွဲဆွဲငင်ငင် ရှိုက်ထားတာ ...
ဒါ ဝတ္ထုတစ်ပုဒ်မဟုတ်သလို ကဗျာတစ်ပုဒ်လဲ
ဟုတ်ပါ့မလား ကျတော်အနေနဲ့ ကြေကြေကွဲကွဲ တယောသံပဲကြားနေရတယ်။

လင်းဒီပ said...

ဟုတ်တယ် အစ်မ
ဒီဝတ္တုကို ဖတ်ရတာ အထက်ကလူတွေ ပြောသွားသလို
တစ္ဆေကဗျာကို အမှတ်ရမိတယ်။
စိတ်ထဲမှာ လည်းမောလာတယ်..စိတ်ချည်းသက်သက်သွားရလို့ထင်ပါရဲ့..။

ကိုရင်နော်ခင်လေးငယ် said...

စိတ်ချည်းသက်သက်..ခရီး တဲ့
ခေါင်းစဉ်လေးကိုက တွေးစရာလေး...

စာသားတွေ တစ်လိုင်းပြီးတစ်လိုင်း သေချာဖတ်နေမိတယ်..
“ကဗျာဆိုတာ စိတ်ကျူးလွန်ခဲ့သမျှ ပြစ်မှုတွေအတွက် အခိုင်လုံဆုံး သက်သေခံပစ္စည်းတစ်ခု” တဲ့ ဒီစာတစ်ပုဒ်အတွက် အားယူလိုက်တဲ့ အဖွင့်စာကြောင်းကိုက လူကို စပြီး ဖမ်းစားတော့တာပါပဲ..။

စာသားတွေ၊ စကားလုံးတွေ ကောင်းလွန်းနေတာ ထောက်ပြနေစရာ မလိုလောက်အောင်ပါပဲ.. လုံးဝသေချာတယ်..

ကျစ်လစ်တဲ့ စကားစု စကားဆန်းလေးတွေကို ဖတ်လိုက်ရတာ တကယ့်ကို အရသာထူး၊ ရသထူး..။

ကဗျာတစ်လည့် စာတစ်လည့်
ခပ်နွဲ့နွဲ့ ဖွဲထားတာလေးတွေက ဆန်းသစ်တဲ့ အရောင်တမျိုးကို မြင်လိုက်ရသလိုပါပဲ..။

စိတ်နဲ့ရေးတဲ့ကဗျာ စိတ်နဲ့ရေးတဲ့စာ
စိတ်နဲ့သွားတဲ့... အဲ့ဒီ
“စိတ်ချည်းသက်သက်.. ခရီး” ကို
စိတ်တွေ လွင့်ရင်း လွှင့်ရင်း
ဖတ်တွေးတွေးနေလိုက်တာ.. ဘဝင်တွေကျလို့..

နှစ်သက်စွာဖြင့်..

ကိုရင်နော် ခင်လေးငယ်

MANORHARY said...

........
........................
ကဗျာဆန်သောနာကျင်မှုအဖွဲ့အနွဲ့များ
ကြည်အေးကိုလည်းသတိရစေတယ်
အိန္ဒြာညီမငယ်........စိတ်ချည်းသက်သက်
သွားတဲ့ခရီးတွေမှာဆုံကြမယ်...

Moe Myint Tane said...

ဒီအကြောင်းတွေကို ၀တ္ထုတို..လေးတစ်ပုဒ်ချရေးထားရဦးမည်ပေါ့...
နောက်...ဖတ်မရလောက်တဲ့...စာရွက်အပိုင်းအစလေးတွေဖြစ်အောင်
တဖြည်းဖြည်းချင်းဆုတ်ဖြဲပစ်ရဦးမည်ပေါ့....
နောက်.....ဟက်ဟက်ပက်ပက်...
နောက်တော့ သည်းသည်းထန်ထန်.......

အို…
ကိုယ်လားကွယ်..
ဟောဒီ့ခရီး…
စိတ်ချည်းသက်သက်..သွားမိပြီ.။


သိပ်ကို တိုက်ဆိုင်လွန်းသွားပြီ။
ခရီးတွေ...ခရီးတွေ...
စိတ်ချည်းသက်သက်နဲ့ သွားနေကြရရဲ့...
တစ်ခမ်းတစ်နားလည်း ဖွဲ့နွဲ့နေကြရဲ့...
တမေ့တမောလည်း လွင့်မျောနေကြရဲ့...
လူမသိ သူမသိ ကျဆုံးလို့လည်း နေကြရဲ့...

ကဲ...ရင်ဘတ်ချင်းတီးခတ်တဲ့ ဂီတတွေ အတွက် နရည်စည်းဝါးတွေ မှန်ဘို့လိုတာလား...
မထင်မိဘူး...တကယ့်ကို မထင်မိဘူး..
ဘ၀တွေများစွာထဲက ဘ၀ဆိုတာကို ကျင်ယူဘို့အတွက် ချစ်ခြင်းတွေများစွာထဲက အညတရမေတ္တာတရားတွေကို စွန့်ပစ် ကျောခိုင်း...
အို....ဒီဒွ န္တယာကြီးမှာ စိတ်ချည်းသက်သက်တဲ့လားကွယ်....

နောက်ဆုံးတော့....

ကဗျာဆိုတာ စိတ်ကျူးလွန်ခဲ့သမျှ ပြစ်မှုတွေအတွက် အခိုင်လုံဆုံး သက်သေခံပစ္စည်းတစ်ခု ဖြစ်သည်ပဲ..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

emayarKhin said...

စိတချည်းချည်းသက်သက်.....ခရီး
အတွေးတွေရောစကားလုံးတွေပါ......ကောင်းလိုက်တာ..မ..ရယ်........
နင့်နင့်နဲနဲခံစားသွားတယ်..........

ဆောင်းယွန်းလ said...

အို…
ကိုယ်လားကွယ်..
ဟောဒီ့ခရီး…
စိတ်ချည်းသက်သက်..သွားမိပြီ.။

အို…
ကိုယ်လားကွယ်..
ဟောဒီ့ခရီး…
စိတ်ချည်းသက်သက်..သွားမိပြီ.။

အို…
ကိုယ်လားကွယ်..
ဟောဒီ့ခရီး…
စိတ်ချည်းသက်သက်..သွားမိပြီ.။
ညီမရဲ့ အကြိမ်ကြိမ်အခါခါ ရေရွတ်နေတဲ့ကဗျာတစ
အကို့စိတ်ထဲကိုလည်း ထိရှသွားခဲ့တယ်...
အကိုတို့တတွေ စိတ်တွေနဲ့ထွက်နေခဲ့မိတဲ့ ခရီးတွေက
မိုင်ပေါင်းကုဋေမက ရှိခဲ့ကြပြီနော်...ဘယ်တော့မှ မဆုံးတဲ့ ခရီးတွေပဲပေါ့ ညီမရေ...

Ðaywalker[Soul] said...

အစ်မ မသက်ဇင် ရဲ့ ပိုစ့်ထဲမှာ အိန္ဒြာ ရဲ့ ကဗျာလေးကို ထည့်ညွှန်းထားလို့ အဲဒါလေးဖတ်ပြီး ရောက်လာတာ...။ ကဗျာချစ်သူချင်းမို့ တွေ့တွေ့ချင်း ခင်မင်မိကြောင်းပါ....၊ ကဗျာကောင်းများ ဆက်လက် ရေးသားနိုင်ပါစေ...

မသက်ဇင် said...

ငါ့ပါးပြင်ထက်..
မျက်ရည်စက်တွေ….
အံ့သြတွေဝေ..
ဒါတကယ်လား…တကယ်ပဲလား..
ခြောက်ချားစိုးထိတ်…ဆွံ့အတိတ်လို့…

လျော့မတွက်ရဲ..ရင်ထဲငြိုးညံ..
ရင်ခုန်သံဟာ…ငရဲတေးသွား..
ငါ့အားခြောက်လှန့်..

ရင်ထဲ စွဲငြိလိုက်တာ ကဗျာ ဆရာမရယ်

HAPPY CLOUD said...

အထက်မှာ ပြောသွားကြတာတွေက နောက်လူပြောစရာမကျန်လောက်အောင်ပါပဲ။ ဘာပြောရမှန်းမသိတော့ပါဘူး(မပြောတတ်တာလည်း ပါတာပေါ့လေ)။ ဝေါဟာရ အဖွဲ့အနွဲ့နဲ့ချည်း ခင်းကျင်းထားတဲ့ ပြတိုက်ထဲ ရောက်လာသလိုပဲ။ အလေးပြုသွားပါတယ်ဗျာ။

ပက်ပက်စက်စက် လေးစားတဲ့
မိုးမောင်(Myanmar Idol)

Unknown said...

ဘာတွေရေးထားမှန်းကို မသိလောက်အောင်ဘဲ။
ရည်ရွယ်ချက်ကဘာလဲ။ မက်ဆေခ့်ျက ဘာကိုပေးချင်တာလဲ။
ဖတ်သာပီးသွားတယ် ဘာမှန်းကိုမသိဘူး။
;)

Unknown said...

ကဗျာဆိုတာ စိတ်ကျူးလွန်ခဲ့သမျှ ပြစ်မှုတွေအတွက် အခိုင်လုံဆုံး သက်သေခံပစ္စည်းတစ်ခု ဖြစ်သည်ပဲ..။

အစမှာတင် ရင်ဘတ်ထဲစောင့်ဝင်တော့တာပဲ...။ အလယ်တစ်ခုလုံးလဲ မျက်တောင်မခတ်မိ...။ အဆုံ့းကြမှ သက်ပြင်းတစ်ခု ထွက်ခတ်ခပ်သွားလေရဲ့....။

အိန္ဒြာ said...

Maung ရေ

ဘာမှန်းမသိပေမယ့် ဆုံးအောင်ဖတ်ပေးသွားတာအတွက်
ကျေးဇူးပါ..။
ရည်ရွယ်ချက်က ထွေပြားနေတဲ့ စိတ်ခံစားချက်နဲ့ မိန်းမတစ်ယောက်ရဲ့ အာရုံလွင့်ပါးမှုတွေကိုပြချင်တာပါ..။
လူတွေဟာ..စိတ်တွေနဲ့ ဘယ်လိုခရီးတွေကို ရောက်အောင်သွားနေကြသလဲ ဆိုတာမျိုး..
နောက်...ငါ ဒီခ၇ီးကိုသွားခဲ့တယ်ဟေ့ လို့ ၀န်ခံရဲတဲ့ သိတ္တိမျိုး....ရှိမရှိ..

ရှင်းတာကပါထပ်ရှုပ်နေမလားမသိ..။

ဘာပဲဖြစ်ဖြစ်..

ဒီပိုစ်လေးကို လာရောက်ဖတ်ကြသူတွေ
မှတ်ချက်ကလေးတွေ ရေးပေးသွားကြသူတွေအားလုံး
ကျေးဇူးတင်ပါတယ်.။

Anonymous said...

“ကဗျာဆိုတာ စိတ်ကျူးလွန်ခဲ့သမျှ ပြစ်မှုတွေအတွက် အခိုင်လုံဆုံး သက်သေခံပစ္စည်းတစ်ခု” စာသားက ရင်စည်ကိုလာထိပြီး ပဲ့တင်သံတွေအထပ်ထပ် စိတ်ကို ရိုက်ခတ်သွားတယ်၊ စိတ်ချည်းသက်သက်ခရီး- ဒီခရီးကို အိပ်ရင်းနဲ့လဲ သွားနေရရဲ့။ သွားနေအုံးမယ် စိတ်ရှိသရွေ့ပေါ့။ စိတ်ခရီးတွေ များများဖန်တီးရေးသားနိုင်ပါစေ။

ဇေဇော် said...

ပြီးအောင် ဖတ်ပြီးရင် အဓိပ္ပါယ်တစ်ခုခုဆီ ရောက်မယ်ထင်နေတာ...၊ ထွေပြားနေတဲ့ စိတ်ခံစားချက်နဲ့ မိန်းမတစ်ယောက်ရဲ့ အာရုံလွင့်ပါးမှုဆိုတာကြီးကို ရေးထားလို့များ နားမလည်တာများလား...။ နားမလည်ပေမယ့် အားပေးနေပါတယ် အစ်မရေ...။

pandora said...

စိတ်ချည်းသက်သက်ခရီးကို စိတ်နဲ့ကိုယ်နဲ့ မကပ်တကပ်အချိန်မှာမှ လာဖတ်မိရင်း မျောပါသွားခဲ့ပါတယ်။

-----ဧဏီမင်း said...

မကြီး မသက်ဇင်မှတဆင့် အလည်ရောက်ပါ၏..ကောင်းပါဘိ..အဆင်ပြေပါစေ...

အရုပ်ကလေး said...

အစအဆုံး သေချာဖတ်သွားတယ် .. တစ်ချို့နေရာလေးတွေမှာ စိတ်ထဲ နင့်နင့်သွားတာလေးက
အရေးအသားကောင်းတဲ့ မကြီး အတွေးနဲ့ အရေးကြောင့်
ဆိုတာ နားလည်သလို တစ်ချို့နေရာလေးတွေမှာ ခံစားမှုလေးတွေနဲ့ တိုက်ဆိုင်တော့ ဟိုအဝေးကို လွင့်လွင့်သွားသလို ဟာဟာသွားတယ်...။
ပို့စ်ရဲ့ ပြည့်ဝမှု အနှစ်သာရကို အလုံးစုံမသိဘူး ..။
ဖတ်လို့ကောင်းသလို စိတ်ကို ဆွယ်ထားတဲ့ပို့စ်တစ်ပုဒ်မို့
နောက်တစ်ကြိမ် လာဖတ်ဦးမယ် ..။
မတွေ့တာ ကြာပြီ .. မကြီး ..။

လုလင်ငယ်သွေး said...

အစ်မရေ၊ နောက်ကျလို့ ခွင့်လွှတ်ဗျ။ အပေါ်က ပြောထားတာတွေက ကျွန်တော်ပြောချင်တာတွေပါပဲ။ အစ်မရဲ့ တကယ့်ခံစားချက်ကနေ တွေးယူတာလား သိချင်စမ်းပါဘိ၊ အစ်မရဲ့ မောင် ကိုရော ဒီလိုဟာလေးတွေ ပြဖြစ်လား၊

အိန္ဒြာ said...

လုလင်ငယ်သွေးရေ...

ဘယ်ပြမလဲဟ...
ရှုင်းမရ ဖြစ်သွားမှာပေါ့..ဟားဟား.

HAPPY CLOUD said...

“လုလင်ငယ်သွေးရေ...
ဘယ်ပြမလဲဟ...
ရှုင်းမရ ဖြစ်သွားမှာပေါ့..ဟားဟား.”


ဟင်း..ဟင်း.. ရွာပြန်မှ အိမ်တိုင်ရာရောက်.. ပရင့်ထုတ်ပြီး သွားပြအုံးမယ်.. နောက်တော့မှ မျက်ရည်လေး စမ်းစမ်း.. စမ်းစမ်းနဲ့ မိုးမောင် နင်အတော်ရက်စက်ပါလား မပြောနဲ့။

မိုးမောင်

Eaindra said...

သေဦးမယ်..

ကလေး ကလေးအရာကို မနေဘူး...

အရုပ်ကလေး said...

တစ်ခေါက် ထပ်လာဖတ်သွားတယ် .. ပို့စ်လေးကို
အမှတ်ရနေတယ် ..။

su wai said...

အစ်မရေ...
ဝတ္ထုတိုလေးက ဆွဲခေါ်သွားတာ ဖတ်နေရင်းနဲ့ သူမ နေရာမှာ တခါတည်း မျောပါပြီး မောလိုက်တာ.. မှော်ဝင်လက်နဲ့ ရေးဖွဲ့ထားတဲ့ ၀တ္ထုတစ်ပုဒ်ထင်ပါရဲ့..။

သင်း said...

သူငယ်ချင်း
ဒါလေးကို လာဖတ်နေတာ ဘယ်နှစ်ကြိမ်မြောက်မှန်းတောင် မသိတော့ပါဘူး
အမြဲတမ်း အားပေးနေပါတယ်

ညီအကိုများ said...

အစ်မရေ အရမ်းကောင်းတယ်ပဲ ပြောတတ်တော့တယ်..

ခင်မင်လေးစားလျက်
မိုးကြယ်