April 2, 2009

အဖြေမဲ့...

တကယ်က ဘလော့လေးလုပ်တာမှ..၅လမရှိတရှိမှာ..
အဟောင်းတွေပြန်ပြန်တင်တာ က ၃-၄ ခါလောက်ရှိနေလို့.
အသစ်ရေးဖို့ အသည်းအသန်အားထုတ်နေတာပါ...
အဟောင်းတင်ဖို့ tag စာရင်းမှာ..ပါလာလေတော့...
အသစ်ရေးထားနေတဲ့ ၀တ္ထုတိုကို minimize လုပ်ပြီး...
Happy Cloud မှာ(မျက်နှာငယ်ငယ်နဲ့ နေရစဉ်ကာလက)တင်ခဲ့တဲ့ ၀တ္ထုတစ်ပုဒ်ကို ပြေးကူးပစ်လိုက်ပါတယ်..။
စိတ်ပေါက်ပေါက်နဲ့ သရုပ်ဖေါ်ပုံပါ..ကူးချလာပါတယ်..။
တကယ်ဆို...အသစ်တင်ဖို့ပါ...
သူ..တို့...... သူတို့ကြောင့်............



အဖြေမဲ့.....

(၁)။
ပြာမှိုင်းသော ကောင်းကင်ထက်တွက် လ က ၀ိုင်း စက်စို အိနေအောင်သာယာလို့နေ၏။
စိမ့်စိမ့်မြမြချမ်းအေး နေခြင်း က လ ရောင်စိုရွှဲ နေသောညနှင့်လိုက်ဖက်နေသလိုပင်။
ဒါပေသည့် လရောင်က လျှပ်စစ်မီးအရောင်အ၀ါတွေကို တိုးမပေါက်နိုင်လောက်အောင်ရှိနေသည်။
ခပ်ခပ်မြမြအအေးဓါတ်တို့ကတိုးဝှေ့နေသောလူအုပ်ကြီးထဲမှာလူးလိမ့်ပျောက်ကွယ်သွားပြီလား..။
ည၏စိမ်းဆတ်သောရနံ့များထဲတွင် ထူထပ်ပျစ်ခဲနေအောင် ရောပါနေသော
အရောင်၊ အနံ့နှင့် အငွေ့အသက်နှင့် ဆူညံသံများက ညကို လုံးလုံး ပျောက်ရှသွားစေသလိုပင် ။

သို့သော် ဒါသည် ည ၊
သေချာတိကျသော ည တစ်ခုသာ ဖြစ်လေသည်။


(၂)။

လက်ရှိအနေအထားကိုတစ်နေရာမှတစ်နေရာသို့ပြောင်းရွှေ့ နေခြင်းရယ်လို့တော့ သူမ သိနေသည်။
သူမ ဘယ်ကို သွားရဦး မှာလည်း ဘယ်လောက်ကြာဦးမှာလည်းတော့ သူမမသိပါ..။ ထို့ထက်နောက် ထပ် တော်တော်များများတို့ကိုလည်းသူမမသိပါ..။ မသိခြင်းတွေသာ များပြား လွန်းလှသည်မို့ အချိန်ရှိသမျှ မျက်ဝန်း တွေကို ပိတ်လို့သာ ထားချင်ခဲ့သည်။ သူမ အမှန်တကယ် အိပ်ပျော်နေသောအချိန်သည် သူမ အတွက် အကောင်းဆုံး အချိန် ရယ်လို့ သူမကထင်နေသည်။
တအံတသြရေရွတ်သံ ၊ စုတ်သတ်သံ တို့ကို သူမ ခံနိုင် ရည်ရှိ သော်လည်း အလန့်တကြားအာမေဋိတ်သံများကိုဖြင့် သူမ နည်း နည်း လေးမျှခံနိုင်ရည်မရှိပါ..။ ပေကလပ်ပေကလပ်နိုင်နေမည့် သူမ၏မြင်ကွင်းထဲသို့ မိုးကောင်းကင်ကို နောက်ခံထားပြီး ဘယ်လို မျက်နှာထားမျိုး တွေဝင်လာကြဦးမည်လဲ..။
ဒီနေရာအကောင်းဆုံး ပဲလို့ပြောလိုက်တာ သူမအမေရဲ့ အသံမှန်းတော့
သူမကောင်းကောင်းသိနေသည်။
အကောင်းဆုံးဆိုတဲ့ နေရာကိုသူမမျက်စိဖွင့်ကြည့်လိုက်လျှင်သံချေးအထပ်ထပ်၊

အပေါက် ရာအထပ်ထပ်ဖြင့်အိုဟောင်းနေသော သွပ်အမိုးတို့သာဖြစ်လိမ့်မည်။
နေရာ ကောင်းကောင်းမရဘူးဆိုလျှင် သူမ၏မြင်ကွင်းတွေထဲမှာ ပြာလင်းနေသောမိုးကောင်းကင်တစ်ခုသာရှိမည်ပေါ့ ။
အို ကံကောင်း ထောက်မလို့မိုးရွာတာတွေဘာတွေမဖြစ်ဖို့သာ ဆုတောင်း ရဦးမည်။
မိုးရေ တွေရွှဲနစ် နေတဲ့သူမ ဟာအဲဒီ့အချိန်မျိုးမှာသိပ်ကို စိတ်ပျက် ညစ်ညူး စရာကောင်းသောဝန်ထုတ်ကြီး တစ်ခုဖြစ်သွားတတ်မှန်း ကိုလည်း သူမသိနေ၏။
ရာသီဥတုက နေ့ဘက်တွင် ပူကျက်နေသလောက် ည ဖက်ကြတော့မြနေအောင်အေးစိမ့်လွန်းလှသည်။ ဘယ်လိုရာသီမျိုး မှာဖြစ်ဖြစ်သူမရဲ့ကျောတွေကတော့ဖြင့်ပူပြင်းနာကျင်လွန်းလှပြီဖြစ်သည် ။ တရွရွယားယံစေသောအင်းဆက်အကောင်တစ်မျိုးမျိုးကိုသူမကအကြောက်ဆုံးဖြစ်ပြီး၊၊
သူမအမုန်းဆုံးကလင်းပျက် စူးရှလွန်း သောမီးရောင်နှင့် တူးခါးစူးရှလွန်းသည့် အညှော်နံ့များ ပင်ဖြစ်သည်။
ဟ ဟ သမီးပါးစပ်ဟဆိုသော အသံ၏နောက်တွင် အမြဲတမ်း ဒီအရသာမျိုးသာရသော
အစားတို့ကပါးစပ်ထဲစီး ၀င်လာ တော့မည်။
သူမဗိုက်ထဲမှာ ဆာလောင်မွတ်သိပ်လာလျှင် သူမ ဘာသာ ပါးစပ်ကို
ဖွင့်ချည်ပိတ်ချည် လုပ်နေတတ်နေပေမယ့် ဘယ်သူကမှသူမကိုဂရုမစိုက်မိကြဘူးဆိုပြန်ရင်လည်း
သူမဘယ်လိုမှ တုန့်ပြန်မစွမ်းသာပါ..။

မှောင်မည်း၊နံစော်ပြီးခြင်တွေတဒီးဒီးဆူညံနေသောပတ်ဝန်းကျင်ကအလွန်အမင်း
စိတ်ပျက်ညစ်ညူးဖွယ်ရာဖြစ်ကြောင်း သူမအမေကချွဲချွဲပြစ်ပြစ်ညည်းညူနေသည်ကိုလည်း
သူမ နားမလည်ပါ..။

အပူနံ့တွေနှင့်ချဉ်စုပ်နေသောဇရပ်အစုတ်လေး၏ ချောင်ကျ ကျနေရာတွင်ခင်းကျင်းထားသော ပုဆိုးစုတ်ခပ်နွမ်းနွမ်းပေါ်မှာပဲ သူမက ထုံးစံအတိုင်း မသက်မသာ လဲလျောင်းလျက်ရှိသည်လေ..။
တည်းခိုရာနေရာတွင်ပင် သူမကထူးဆန်းအံ့သြဖွယ်ရာ ကရုဏာသက်ချောက်ချားဖွယ်ရာဖြစ်နေသည့် အကြောင်းကိုလည်း သူမ မသိပါ..၊
သူမဘေးတွင် စည်ကားစပ်စုတတ်သော လူတစ်အုပ် အမြဲရှိနေ သည်ကိုလည်းသူမမသိရှာပါ..။
သူမက ဟစိဟစိလုပ်နေသော သူမပါးစပ်အတွင်းသို့ ၀င် ရောက်လာသော သူမ ဘာမှန်းမသိသည့်အစားအစာတွေကို မျိုချခြင်း အလုပ်ကိုပဲ ကောင်းကောင်းသိရှိခဲ့ပါသည်။

(၃)။
သူမကို သယ် မ လာတာကိုတော့ ကောင်း ကောင်း သိပါသည်။သူမ၏ကောင်းကင်က ညို ရွှေဝါလင်းသော အရောင်ဖြင့် တစ်မျိုးလှပလို့နေသည်။
သူမက သေးငယ် ကျဉ်းမျောင်းလွန်း သောမျက်ဝန်း အပေါက်လေးများ၏ နောက် ကွယ်မှ သူမဘာကိုမှ မသိသော လောကကြီးကို ချောင်း မျောင်းကြည့်ရှုနေရပေမယ့် ထူ ပိန်း ပျစ်ခဲနေသော ဖုန် မှုန့် လှိုင်းလုံးဖြင့် အသက်ရှု မ၀နိုင် အောင်ဖြစ်နေသည်ကိုတော့ သူမ သိပါသည်။

လေးပင်ခက်ခဲလှသောအသက်ရှုခြင်းအလုပ်က စိတ်ညစ် ညူးစရာကောင်းလွန်းနေလှပြီး သူမကတော့ ဖြစ်နိုင်လျှင် အစွမ်း ကုန်အော်ဟစ် ငိုကျွေး ပစ်လိုက်ချင်ပါသည်။
ဖြစ်နိုင်လျှင် ဒယီးဒယိုင်ဖြင့် သူမငို သယ်မလာကြသော လူကြီး နှစ်ယောက်ကို ကန်ကျောက်ရုန်းကန်ပြီး ဘယ်သူမှ မရှိမည့် တစ်နေရာရာတွင် ပုန်းအောင်းပစ်လိုက်ချင်ပါသည်။
ဒီနေရာ အဆင်အပြေဆုံးပဲဆိုသံနှင့် တုန့်ကနဲ ရပ်ဆိုင်း လိုက်မှုကို သူမက ဘုမသိဘမသိ ၀မ်းသာသွားမိသည်။ ထုံးစံအတိုင်းခင်းကျင်းပြင်ဆင်ပြီးသူမကိုနေရာချထားလိုက်တော့ဖုံနံ့တွေက
အနည်းငယ်သက်သာသွားပြီဖြစ်သည်။

တစ်စ တစ်စ မြေကြီးပင်တုန်လုခမန်း ဆူညံအုပ်ကျက် နေသော အသံနှင့်အတူ သူမဘေးမှ လူအုပ်ကြီးက တဖြည်းဖြည်း ထူထပ်လာပြီဆိုသည်ကိုတော့ သူမရိပ်မိနေသည်။
သူမအမေကတော့ထုံးစံအတိုင်း သူမကို မျက်နှာအပ်ပြီး ယပ်တောင်လေးတစ်ဖျတ်ဖျတ်နှင့်ရှိနေပေလိမ့်မည်..။
သူမမျက်ဝန်းများကို အစွမ်းကုန် ဖွင့်ပြီး သူမ ပတ်ဝန်း ကျင်ကို လေ့လာဖို့ကြိုးစားနေမိသည်..။
အို ဘယ် လိုမျက်နှာမျိုး တွေသူမ မြင်ကွင်းထဲကို ၀င်လာကြဦးမည်လည်း..။

တကယ် တော့ ဘယ်လိုမျက်နှာမျိုးကိုမှ သူမ မဖတ်ကြားတတ်ပါ..။
ဖြစ်နိုင်လျှင် သူမကို ခေါင်းကို ဘယ်ပြန်ညာပြန်လှည့်ရမ်း ပစ်လိုက်ချင်ပါသည်။
မီးရောင်အောက်တွင် စုပြုံတိုးဝှေ့နေကြသော ပိုး ကောင် တွေ ဆီကို သူမအကြည့်ကရောက်သွားသည် ဘာတွေလည်း၊
ဘာကောင်တွေလည်း သူမမသိပါ..။
သူမက မီးရောင်ဘေး တွင် စိတ်ရှိလက်ရှိ ၀ိုင်းပတ်လှုပ်ရှားသက်ဝင်နေကြသော ပိုးကောင် တွေကို စိတ်တစားရှိသွားသည်။
ဒီနှစ်ဘုရားပွဲ သိပ်စည်ကားတာပဲနော်ဆိုသော အသံက သူအာရုံထဲကို ၀င်လာတော့ သူမ အာရုံက အသံဆီသို့ရောက် သွားပြန်သည်။
အေးပေါ့လေ လူတွေက ပွဲငတ်ကြတာကိုး..ဆိုသော အသံကတော့ တော်တော်နားဝင်ရ ချိုသာညက်ညောလွန်းနေသည်။
ဟယ် အမလေး ဘာကြီးလည်း ဆိုသော အသံက သူမဘေးမှာ ရပ်တံ့သွားတော့ သူမက ပိုးကောင်တွေဆီ အာရုံ ရောက်သွားပြန်သည်..။
တဒိုင်းဒိုင်းနှင့် ရင်ဘတ်ကို လာလာထု နေ သလိုရှိသာ ဘင်သံက သူမအာရုံထဲကို ၀င်လာသည်။
ဈေးသည်တို့၏ ဈေးခေါ်ပွက်လောရိုက်နေကြသံက သူမ၏ အာရုံထဲကို ၀င်လာကြပြန်သည်။
သူမကျောကုန်းတွေထဲမှာ တရွရွယားယံလို့လာတော့ သူမ တွန့်ကနည်းဖြစ်သွား၏။
အမေက သူမကို သိရှိလိုက်ပုံမျိုး ဟိုဟိုဒီဒီ ပွတ်သတ်ပေး ပေမယ့် သူမမပြေပျောက်နိုင်ဖြစ်နေသည်..။
မွေးကတည်းကလား၊ ဆိုသောအသံနောက်မှာ ၊
ဟုတ်ကဲ့ နောက်တဖြည်းဖြည်းနဲ့ကြီးလာပြီးဒီအရွယ်လောက်အထိဖြစ်သွားတာပါ..။
ဆိုသော အသံက အမေ့ အသံဖြစ်သည်။
သူမကတော့ ယား ယံလွန်းလှပြီ..။
အလကားပါကွာ ဒီခေါင်းအကြီးကြီးနဲ့ကောင်မလေးကိုပြပြ ပြီး ဆေးကုဖို့လိုက်တောင်းနေတာပွဲတော်မှန်သမျှပဲ………….။
ငါတွေ့တာ တောင်လေးငါးခါမကတော့ဘူး..။
ပိုက်ဆံကပြည့်မပြည့်တော့ဘူးလား ၊အေး လေ သူတို့ ပိုက်ဆံတော့ တော်တော်ရသားနော် ဆိုသော အသံများကိုတော့ အမေက မတုန့်ပြန်ပါ..။
ကောင်မလေးက အသက်ဘယ် လောက် လောက်ရှိပြီ လည်း ဆိုတော့ အမေက ၁၅နှစ်လောက်ရှိပါပြီလို့ ပြန်ဖြေနေသည်..။
ဆရာဝန်တွေပြကြည့်ပြီးပြီလား..၊ ဆိုတော့ အမေထံမှ ဘာသံမှ မကြားရဘဲ သူမကို ယပ်တောင်တွေ တဖျတ်ဖျတ်ခတ် ပေးလို့နေ သည်..။
သူမအတွက်ကတော့အပြန်အလှန်စကားလုံးများသည် အသံ သာဖြစ် ပြီး.. သူမ ဘာကိုမှမသိပါ..။
သူမလောလောဆည်ဖြစ်ချင်နေတာက ယားယံနေသော နေရာ ပြေပျောက်ဖို့ရယ်..၊
ဦးခေါင်းကို စောင်းငဲ့ပြီး ဟိုဟိုဒီဒီတွေ လျောက်ကြည့်ပစ်ဖို့ရယ် သာဖြစ်သည်။
သမီးရေ လက်အုပ်ကလေးချီပြလိုက်ပါဆိုသည့် အသံနောက်တွင် ရင်ဘတ်ပေါ်မှာ သူမလက်ဖ၀ါးနှစ်ဖက်ကို ပူးကပ်ထိမ်းမတ်ထားရမည်ပေါ့..။
အို.လူတွေကသဘောကျရွေ့လား..မသိ ၊
အမေကတော့..သူမကို မကြာခဏ စေခိုင်းတတ်သည်လေ.။
သူမယားယံညောင်းညာလွန်းလှပြီ ဖြစ်နိုင်လျင် သူမက အမေ့ကို ပြန်ကြဖို့ ပြောလိုက်ချင်ပါသည်။

(၄)။

သူမ ပိုးကောင်တွေကို ငေးကြည့်နေမိသည်..။
ကြာ တော့ လည်း ယားယံခြင်းက အလိုလိုပျောက်သွားပြီး ညောင်းညာခြင်း တို့က ထုံထိုင်းသွားခဲ့ပြီ..။
သူမတစ်ကိုယ်လုံးမလှုပ်နိုင်လောက်အောင်ထုံကျဉ်ကိုက်ခဲ နေပြီပဲ ၊
သူမ ၏အဆုတ်အိမ်တစ်လုံး လုံး ညစ်နွမ်းသွား လောက်သော လေထုတစ်ခုလုံးကိုလည်းရှုရှိက်ခဲ့ပြီးပြီ..။
သူမက သူမကို မနိုင် မနင်းချီပိုးပြီး ဇရပ်ဆောင်လေး ဆီပြန်ကြမယ့် အချိန်ကို ရောက်ချင်လှပြီဖြစ်သည်..။
သူ စကားပြောတတ်လား..။
ဟင့်အင်း ငယ်ငယ်တုန်းက တော့ အသံနည်းနည်းထွက်တယ်..။
သူမ ပိုးကောင်တွေကို ငေးကြည့်နေမိသည်..။
နောက် ခေါင်းကြီး တဖြည်းဖြည်းကြီး လာတော့ အသံမထွက်တော့ဘူး..။
သူမ ပိုးကောင်တွေကိုပဲ ငေးကြည့်နေမိသည်..။
ဟုတ်ကဲ့ နားတော့ ကြားပါတယ်..။
ဦးနှောက်ကရော ပုံမှန်ပဲလား..။ ရှင် ။ သြော် သူ့ အသိဥာဏ်ကိုမေး တာ တစ်ခြားလူတွေလို ပုံမှန်ပဲလား..။
သူမက ပိုးကောင်တွေကို ပဲငေးကြည့်နေမိသည်..။
တော်ပါသေးရဲ့နော် ပုံမှန်အသိဥာဏ်မျိုးနဲ့ဆိုရင် သူဘယ် လောက်များ ရှက်ရှာလိုက်မလဲ..။
သူမ ပိုးကောင်တွေကို ငေးကြည့် နေရာက မျက်ဝန်းကို တင်းကြပ်စွာပိတ်ချပစ်လိုက်မိသည်..။
ဆိုးဆိုးဝါးဝါး စပ်ဖျင်းသော ဝေဒနာကသူမမျက်ဝန်းထဲကိုရုတ်ချည်းရောက်လာသည်..။
မျက်ဝန်း ကိုတဖြည်းဖြည်းခြင်းပြန်ဖွင့်လိုက်တော့မျက်ရည်ပူတွေ လိမ့်လိမ့်စီး ကျလာတော့၏။
ဟယ်ငိုနေတာလား..၊
ပုံမှန်အသိဥာဏ်…....မရှိဘူးဆို..၊
အေးလေ.....တို့မေးနေတာကို သိလို့များလား..။
အေး ဟယ် ဘယ်လိုဝဋ်ကျွေးမျိုးပါလိမ့်..။
ဘာ ရောဂါလဲ မသိဘူး နော်..။
သူမမျက်ဝန်းကို ပြန်မှိတ်လိုက်တော့ အမေက အ၀တ်စ တစ်ခုနှင့် သူမ မျက်ရည်တွေကို သုတ်ပေးလို့နေသည်..။

မျက်ရည်တွေတွေတွေကျနေပေမယ့် သူမက ငို ကျွေးခြင်း ဆိုသော စကားလုံး၏ အနက် အဓိပ္ပယ်ကိုလည်း
မသိရှိပြန်ပါ..။


အိန္ဒြာ
(၂၂.၂.၂၀၀၈)
(ဘုရားပွဲတစ်ခုတွင် တွေ့ခဲ့ဖူးသော ဒုက္ခိတမိန်းကလေး အတွက် ခံစား ရေးဖွဲ့ထားပြီး . ၊ မသန်မစွမ်းကလေးငယ်များရန်ပုံမဂ္ဂဇင်းတွင်သုံးရန်ပေးထားခဲ့ပါသည်။)

(((ကိုရင်နဲ့ခင်လေးရေ.....ကျေနပ်ပါတယ်..နော...))))

14 comments:

Moe Myint Tane said...

မကြီးရေ ဖတ်ပြီးသားပေမယ့် ပြန်ဖတ်ရပြန်တော့လည်း ရင်ထဲ ဝေဒနာတစ်မျိုးက မရိုးနိုင်အောင် ၀င်ရောက်လာပြန်တယ်။ မကြီးဝထ္တုလေးတွေက ဘယ်လောက်ဖတ်ဖတ် မရိုးသွားပါဘူးဗျာ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ..
ဖတ်ရတာ ရင်ထဲ နင့်လိုက်တာ..
အရေးအသားက ဆွဲခေါ်သွားလိုက်တာ ဘုရာပွဲထဲ တကယ်ရောက်.. တကယ်ပဲ မြင်တွေ့ခဲ့ရသလို..

မကြီးရေ.. ဒီလို ဘဝတွေ တကယ်ရှိနေတယ်နော်..

ဒါဟာ ကျိန်စာသင့်ခဲ့တာလား..
ဝဋ်ကြွေးတွေလား..
ကုသိုလ်ကံ အကျိုးပေး ဆိုတာများလား..
ကူညီလို့ မရနိုင်တော့ဘူးလား..
ကယ်တင်လို့ မရနိုင်တာ့ဘူးလား..
အဲ့ဒီ မညီမျှခြင်းတွေကို ဖြေရှင်းလို့ မရနိုင်တော့ဘူးလား..

အဖြေမဲ့နေပြီ.. သေချာတယ် ဒါဟာ “အဖြေမဲ့” နေပါပြီ..


မကြီးရေ..
ရသလေးကို စားသုံးလိုက်ရတာ ကျေနပ်တယ်..
သူမလေး အတွက်တော့ ဝမ်းနည်းမိတယ်..

ခင်မင်လေးစား ချစ်ခင်ခြင်းများစွာဖြင့်

ကိုရင် ခင်လေး

လုလင်ငယ်သွေး said...

အစ်မရေ ကျွန်တော်လည်း တွေ့ ဖူးပါတယ်။ အစ်မရေးထားတာ ဖတ်လိုက်တော့ ပိုခံစားသွားရတယ်။ အဲဒီလို ခေါင်းအကြီးကြီးနဲ့ ရောဂါကို ဆေးပညာအရ Hydrocephalus ဦးနှောက်တွင်း အရည်ဝင်ခြင်း လို့ ခေါ်ပါတယ်။ ခွဲလိုက်ရင် ကောင်းသွားမှာ ဆိုပေမယ့် ပိုက်ဆံမရှိတဲ့ ဆင်းရဲသားတွေမှာတော့ ၀ဋ်နာကံနာတစ်ခုပေါ့။ ကိုယ်ချင်းစာမိတိုင်း ရင်ထဲမကောင်းဘူး။ အစ်မရေးထားတာ ဖတ်လိုက်ရတော့ ပိုဆိုးတယ်။ သူတစ်ပါးကိုစာနာတတ်တဲ့ အစ်မ ကျန်းမာပါစေ။

Mhu Darye said...

မဖတ်ရသေးဘူး။
လာဖတ်တယ်။

အရုပ်ကလေး said...

အစကို စဖတ်ကတည်းက အရေးအသားလေးတွေ က
ပို့စ်တစ်ပုဒ်လုံကို ခေါ်ဆောင်သွားစေတယ် ..။
အရေးအသားလေးတွေကြားမှာ ဖတ်ရင်းနဲ့
စိတ် ခံစားမှုလေးတွေ ဖြစ်ပေါ်စေတယ် ..။
လူသားချင်း ဖေးမမှုတွေ .. နားလည်မှုတွေကို
ကိုယ်ကိုယ်တိုင် ခံယူကျင့်သုံးထားပေမယ့်
တစ်ခါတစ်ရံ အမြင်နဲ့တင်ပဲ ကြည့်ပြီး စိတ်ဆင်းရဲတာတွေ
(မကူညီနိုင်လို့) ခဏဏ ဖြစ်ဖူးတစ် မကြီး...။

ပျော်ရွှင်သော နေ့ရက်များစွာနှင့်အတူ မကြီးတစ်ယောက်
အဆင်ပြေပါစေ ..။

HAPPYCLOUD said...

ဘူသူလည်း မျက်နှာငယ်ငယ်နဲ့ ဆိုတာ..(((မှန်းစမ်း)))...

သူလားမျက်နှာငယ်မှာဗျာ.. စခင်ကတည်းက ဟိန်းလိုက် ဟောက်လိုက်နဲ့.. ခေါင်းလည်းခေါက်သေး၊ နားရွက်တွေလည်း လိမ်ဆွဲလိုဆွဲ။ နောက်ဆုံးသူ့ရဲက ဂျီးမေးလ်ကို ၀င်ဖမ်းမှ Happy Cloud တွေ သက်သာသွားတာ :D

ပက်ပက်စက်စက် ခင်တဲ့...
မိုးမောင်(Myanmar Idol)

အိုင်လွယ်ပန် said...

ထပ်ဖတ်သွားတယ်အစ်မ

အရင်ကတည်းက ကြိုက်နေတာ ....

အိပ်မက်ရှင် said...

ကိုယ်လေးစားတဲ့ ကဗျာဆရာတွေရဲ့ စာရေးဆရာတွေရဲ့
စာဟောင်းကဗျာဟောင်းတွေကို ပြန်ဖတ်ကြည့်ရတာက ဘာနဲ့ တူသလဲဆိုတော့
ကလေးလေးတစ်ယောက်ကို မုန့်ကျွေးရသလိုပဲပေါ့ဗျာ ...
သူကြိုက်တဲ့ မုန့်ကို နှစ်ခါထပ်ကျွေးလဲ စားတာပါပဲ ...
သုံးခါ ကျွေးလဲ စားတာပဲ ...
ဘာလို့လဲ ဆိုတော့ မကြီးရေ ... ကလေးက သူကြိုက်တဲ့ မုန့်ကို စားနေရရင်ကို ကျေနပ်နေတာ ...
အခု ကျွန်တော်လဲ မုန့်လေးတစ်ခု ထပ်စားသွားတယ် ...

ပျော်ရွှင်ပါစေဗျို့

MANORHARY said...

ရသနဲ့ဘဝတစ်ခုကိုပေါင်းထားတဲ့စာလေးတစ်ပုဒ်ပါပဲ
ရင်ထဲကျန်ခဲ့တဲတစ်စုံတစ်ရာဟာ ဘာလဲလို့
ကိုယ့်ကိုယ်ကိုပြန်မမေးရဲအောင်ပါပဲလား...

ဆောင်းယွန်းလ said...

ကောင်းလိုက်တဲ့ ဝတ္ထုလေး...
ရင်ထဲမှာဆို့နင့်ပြီးတော့ကို ခံစားသွားရတယ် ညီမရေ...
ဒီလိုဝဋ်ကြွေးမျိုးတွေကို ဘယ်လိုလူမျိုးမှ မခံစားရပါစေနဲ့လို့လည်း ဆုတောင်းနေမိပါတယ်

မသက်ဇင် said...

ကဗျာဆရာမလေးက ၀ထ္တု
လည်းအရေးကောင်းတယ်--
ရင်ထဲမှာ နင့်ကနဲကျန်ခဲ့တယ်--
ပျော်ရွှင်ပါစေ---
လုံးချင်းထုတ်ပါမယ်နော်--
အားပေးတာကျေးဇူးပါ--

မသက်ဇင် said...

"အဖြေမဲ့..."

ကြိုက်လို့ နောက်တခေါက် ထပ်လာဖတ်တယ်--

ညီဇေ said...

..............
.................
.....................

အဖြေမဲ့...တဲ့လားဗျာ...

လင်းဒီပ said...

အချိန်ပေးပြီးဖတ်ရမယ့်ပိုစ့်မို့ တေးထားပြီး..ဒီနေ့မှ လာဖတ်တာပါ..။
ဝဋ်ကြွေးတွေက အရမ်းကြောက်ဖို့ကောင်းပါတယ် အစ်မ..။အဲဒီ ကောင်မလေးကို ကျွန်တော်လည်း ပွဲတော်တစ်ခုမှာ တွေ့ဖူးပါတယ် ။
ဝဋ်ကြွေးတွေ ရှိလာရင် ဘယ်ရှောင်လွဲလို့ရပါ့မလဲနော်..။
အစ်မရေးထားသလို သူဘာမှ မသိတာလား.. တစ်ခုခုသိနေလား..။ သိနေရင် ပိုသနားစရာ ကောင်းပါတယ်..။