December 30, 2011

အရေးပေါ်ကိစ္စ

၂၀၁၁ ကို ဒီကဗျာနဲ့ အဆုံးသတ်လိုက်ရတာ စိတ်မကောင်းစရာပါပဲ။

အရေးပေါ်ကိစ္စအားလုံးကိုလည်း ဒီကဗျာနဲ့ အဆုံးသတ်လိုက်ချင်ပါတယ်။

၂၉ ရက်နေ့မှာဖြစ်ခဲ့တဲ့ ပုဇွန်တောင်ပေါက်ကွဲမှုကိစ္စဟာ ၂၀၁၁ ကို ထွက်ခတ်ခတ်သွားခဲ့ပါတယ်။

ဒီလို အဖြစ်အပျက်မျိုးတွေ မပြီးပျောက်နိုင်သေးဘူးလား..။ ဒီလိုမျိုး သေကြေကြရတဲ့ အသက်တွေ ဘယ်လောက်များနေခဲ့ပြီလဲ..။

ဘယ်တော့မှ အဆုံးသတ်နိုင်မှာလဲ...

၂၀၁၂ ကစပြီး ဗမာပြည်ကြီး ငြိမ်းချမ်းပါစေ။ ကမ္ဘာကြီး ငြိမ်းချမ်းပါစေ။

အားလုံးနှစ်သစ်မှာ သတင်းကောင်းအသစ်တွေသာကြားရမြင်ရကြပါစေ။

မင်္ဂလာရှိသော သတင်း စာမျက်နှာတွေသာဖြစ်ပါစေ။

++++++++++++++++++++++++++++++++++++++++++++++++

အရေးပေါ်ကိစ္စ

ဥသြသံ

ခေါင်းလောင်းသံ

အချက်ပြ မီးနီ ကတိုက်ကရိုက် မိုင်ကုန်ဖွင့် မောင်းနှင်သံ

ရဟတ်ယဉ်ပန်ကာဒလက်လည်သံ

ရုတ်တရက် ဘရိတ်ဆွဲလိုက်တဲ့ အသံ

ဝရုန်းသုန်းကား အပြေးအလွှားခြေသံ

မြင်ကွင်းတစ်ခု ပွက်ပွက်ဆူနေသံ

သွေးရူးသွေးတန်းဟစ်အော်မြည်ကျွေးသံ

ဘာမှ ထွက်မကျလာနိုင်တော့တဲ့ အသံ

ခနာကိုယ်အစိပ်အပိုင်းတစ်ခု ပြတ်တောက်လွင့်စင်သွားလိုက်သံ

အငမ်းမရ အသက်ရှုသံ

သွေးတပွက်ပွက်ယိုစည်းကျနေသံ

တွဲလက်တွေ ပြုတ်ထွက်သွားတဲ့ အသံ

အစွမ်းကုန် မွန်းကြပ်မှောင်မိုက်နေတဲ့ အသံ

မျှော်လင့်ချက်ကျကွဲသွားတဲ့ အသံ

အနာဂါတ်စုံးစုံးမြုတ်သွားသံ

နှလုံးအိမ်တွေ တဖျစ်ဖျစ် ကျွမ်းမြိုက်တောက်လောင်နေတဲ့ အသံ

ဖလက်မီးပွင့်သွားတဲ့ အသံ

ရီကော်ဒါ ခလုပ်နိုပ်လိုက်သံ

ဂြိုလ်တုမှ လိုက်ဖ်ရှိုး ရိုက်ကူးထုတ်လုပ်ရေး ယန္တရားသံ

အဆင့်ဆင့်သောနည်းပညာတွေ တည်းဖြတ်ကူးဆက်နေတဲ့အသံ

ကာကွယ်ရေး ပညာပေးအစီအစဉ် ဖတ်ကြား သွန်သင်သံ

အဆင့်ဆင့် အမိန့်အရ တပ်လှန့်နိုးဆော်သံ

မျက်ရည်များ ဆုတောင်းများ စိတ်ထောင်းကိုယ်ကျေများ ရောနှောစီးဆင်းပျစ်ခဲသွားတဲ့ အသံ

ရိုးရာမပျက် သ၀ဏ်လွှာစေသံ

ကုလားထိုင်ရွှေ့သံ

ပေါင်မုန့်ကြား ဒိန်ခဲ ညှပ်လိုက်သံ

ရီမုကွန်ထရိုးကိုနှိပ်လိုက်သံ

သတင်းစာ တဖျတ်ဖျတ်လှန်နေသံ၊

အင်တာနင်ကွန်ယက်ချိတ်ဆက်သံ

ရုပ်မြင်သံကြားဖွင့်လိုက်သံ

ကော်ဖီတစ်ကျိုက်ကျိုက်လိုက်သံ

ကမ္ဘာတစ်ခြမ်းက ကမ္ဘာတစ်ခြမ်းကို စုတ်သတ်လိုက်တဲ့ အသံ။ ။

အိန္ဒြာ


( မဂ္ဂဇင်းမှာပါခဲ့ ကဗျာလေးတွေရယ် အသစ်နည်းနည်းရယ် စုပြီးလုပ်မယ့် "ကဗျာရေးသလိုလို" ဆိုတဲ့ ကဗျာစာအုပ်မှာ ပါမယ့်ကဗျာလေးပါ။ မတ်ခ်ျလလောက်မှာ နှစ်ကာလများက ထွက်ပါမယ်။ ဒီကဗျာကို ဂျပန်ဆူနာမီပြီးစက ရေးဖြစ်ထားပါတယ်)

November 11, 2011

ကျွန်တော်ပျောက်လို့ ကြော်ငြာ


ဒီကြော်ငြာကနေ ကဗျာလေးတစ်ပုဒ်ကောက်ရခဲ့ပါတယ်...:)

ကြော်ငြာပိုင်ရှင်ရဲ့ အနုပညာမြောက်တဲ့ အတွေးနဲ့ အရေးအဖွဲ့က စိတ်ကိုညွှတ်ကနဲဖြစ်သွားစေခဲ့တာပါ

ချက်ချင်းဖုန်းနဲ့ ဓါတ်ပုံကောက်ရိုက်လာခဲ့မိပြီး...

တစိမ့်စိမ့် အတွေးလေး...တစ်စ...နှစ်စ..

နောက်တော့ "ကျွန်တော်ပျောက်လို့ "ဆိုတဲ့ ဒီကဗျာလေး ချရေးဖြစ်ခဲ့တယ်။

၂၀၁၀ နိုဝင်ဘာကဆိုတော့ တစ်နှစ်လောက်တောင်ရှိပြီဆိုပါတော့...

+++++

ကျွန်တော်ပျောက်လို့ ကြော်ငြာ

ကျွန်တော်ဟာ ချောကလက်ရောင် အမွှေးစုတ်ဖွားလေး ကျွန်တော့ မျက်လုံးတွေဟာ ပတ္တမြားရောင်နီစွေးလို့

ကျွန်တော့် ကျောပေါ်မှာက အနက်ရောင် အစက်လေးတွေ အပျောက်ကလေးတွေ

ကျွန်တော့ နားတွေဟာ ချစ်စရာကောင်းလောက်အောင်ရှည်လျားနွေးထွေးနေခဲ့ကြ

ကျွန်တော့ နှုတ်သီးလေးဟာ အညိုနုရောင် စိုမြနေခဲ့တယ်

ကျွန်တော်ဟာ ၆ လသာသာ အကောင်ငယ်လေးပေါ့ဗျာ၊

နည်းနည်းပါးပါးဟောင်တတ်တာကလွဲပြီး ဖြစ်ဖြစ်မြောက်မြောက် မကိုက်ခဲတတ်ပါဘူး

ကျွန်တော့ကို ဂျက်စတင်ဖီဘာ လို့ခေါ်လိုက်တိုင်း ပြန်ထူးဖို့ကို မမေ့တတ် မလျော့တတ်၊

ကျွန်တော်ဟာ သခင့်အတွက် တင်းနစ်ဘော်လုံးကို အပြေးအလွှားကိုက်ချီပေးနိုင်ခဲ့ပါတယ်

ကျွန်တော်ဟာ ဒီအိမ်ကြီးရဲ့ အမွှေးပွသက်ရှိအရုပ်ကလေးပဲပေါ့

ကျွန်တော့် တန်ကြေးဟာ ဘယ်ရွေ့ဘယ်မျှဟာ သခင့်ပိုင်ဆိုင်သမျှထဲက နံပါတ်စဉ်တစ်ခုပါ

ကျွန်တော်သုံးတဲ့ ရှန်ပူအမျိုးအစားက စလစ်ကီ ကျွန်တော်စားတဲ့ အစားအစာက ဂလူကိုစမင် ....

ကျွန်တော်အိပ်စက်ရာဆိုတာလည်း အိထွေးမွှေးပျံ့လို့၊ လိုအပ်ရင် အဲယားကွန်းနဲ့အေးမြနေစေခဲ့တဲ့ကောင်မျိုးပါ

ကျွန်တော့်မှာ ဖန်မလီဒေါက်တာနဲ့ဘာနဲ့ပေါ့ ကျွန်တော့ခမျာ နွားနို့မသောက်ချင်တိုင်းဆူပူကြိမ်းမောင်းခံခဲ့ရ၊

ကျွန်တော့သခင်မလေးက ကျွန်တော်မရှိရင် ငိုယိုအော်ဟစ်တတ်တဲ့သူ..

ကျွန်တော်သာ ကြိမ်ကွင်းကို လွတ်အောင် ခုန်ပြနိုင်ခဲ့ရင် သူဟာ..ဒိန်ခဲတစ်တုံးလောက်တော့ ကျွန်တော့ကို ဆုချ

သူက မေ့ချင်ယောင်ဆောင်ပြလည်း ကျွန်တော်က တ၀ုတ်ဝုတ် မနားတမ်းတောင်းပြနေလိုက်တယ်..

သူမရယ်သံတွေဟာ ကျွန်တော့်ကို ရွှေရောင်လာလာတောက်စေတာ ၊ ကျွန်တော့် ကျောပေါ်ကလက်တွေကို နူးညံ့သိမ်မွေ့စေခဲ့တာ..။

ဟောသလို ညနေတွေတိုင်း ကျွန်တော်နဲ့သူမ ဒီလမ်းမမှာ လမ်းလျှောက်ခဲ့တာပေါ့

လည်ပြန်ကြည့်သွားကြတဲ့ လူစိမ်းတွေရှေ့မှာ ကျွန်တော်ဟာ ခေါင်းခါခါ လည်ခါခါ အမြီးခါခါ

ကျွန်တော့ သခင်မလေးဟာ ခေါင်းခါခါ လည်ခါခါ သံကြိုးသံတွေကို တခါခါ

အဲသလို တခါခါ အခါခါ လျှောက်ခဲ့ကြတဲ့ လမ်းမမှာ..ကျွန်တော်ဟာ ကျပျောက်ခံခဲ့ရလိုက်ရတာ။

ကျွန်တော်ဟာ သိပ်ငယ်သေးတော့ အိမ်ပြန်လမ်းကို မမှန်းဆတတ်ဘူး

ခုချိန်ဆို သခင်မလေး ကြူကြူပါအောင် ငိုကြွေးနေရောပေါ့ ၊

သူ့အော်ဟစ်ဆူပူနေသံတွေတောင် ကျွန်တော် ကြားယောင်လာလိုက်တာ

ကျွန်တော့ သခင်လည်း ကျွန်တော့်အတွက် နှမျောတသ စိတ်ပူနေတော့မှာ ၊

ကျွန်တော့် သခင်က သူ့သမီးမျက်ရည်ကို ဘယ်နှစ်နာရီတောင့်ခံနိုင်မှာပါလိမ့်

ဒီလိုနဲ့ ကျွန်တော့နေရာမှာ နောက်တစ်ကောင် အစားဝယ်ပစ်လိုက်ပြီလား

ဒါမှမဟုတ် ကျွန်တော့်ကို လွယ်လွယ်ကူကူမေ့လျော့လိုက်ကြတော့မှာလား

ကျွန်တော်ဟာ ညစ်ပတ်ရင်မနေတတ်တဲ့ ကြေးရတက်ခွေးလေးတစ်ကောင်ပါ

ဒီစာဟာ ကျွန်တော်ပျောက်ကို ဖြန့်ဝေချင်တဲ့ အကြောင်းအရာပေါ့

အခု ဒီစာမှာ သခင့်ဖုန်းနံပါတ် ၉၅ဘလားဘလားဘလားဆိုတာလည်းပါနေပါလိမ့်မယ်။

ကျွန်တော့်ကို အိမ်ပြန်ပို့ပေးကြပါဗျာ ကျွန်တော့သခင်ပေးမဲ့ဆုကြေးက နည်းမယ်မထင်ပါဘူး

တဆိတ် ဒီမှာ ကျွန်တော်ဟာ နည်းနည်းပါးပါးဟောင်တတ်ရုံကလွဲပြီး မကိုက်ခဲတတ်ပါဘူး..

တဆိတ် ဒီမှာဗျာ ကျွန်တော်ဟာ နည်းနည်းပါးပါးဟောင်တတ်ရုံကလွဲပြီး မကိုက်ခဲတတ်ပါဘူး.

တဆိတ်လောက် ဟောဒီ့မှာ...ခင်ဗျာ....

ဟယ်လို.....

ခင်ဗျားဟာ ကျွန်တော့ သခင်အသစ်များလား...

ခင်ဗျားဟာကျွန်တော့်ကို အိမ်ပြန်ပို့ပေးမယ့်သူလား.

ကျွန်တော်ဟာ ညစ်ပတ်ရင်မနေတတ်တဲ့ ကြေးရတက်ခွေးလေးတစ်ကောင်ပါ

ခင်ဗျားကျွန်တော့ သံကြိုးကို ကောက်ကိုင်လိုက်ရင်ပဲ...

ကျွန်တော့် ၀န်ဆောင်မှုထဲ ခင်ဗျား ပြုတ်ကျသွားခဲ့ပြီ။ ။

အိန္ဒြာ

၂၀၁၁၊နိုဝင်ဘာ စတိုင်သစ်မဂဇင်း

October 22, 2011

ဆရာလှသန်းရဲ့ ကဗျာများ


22/10/2011 နေ့ည ၉နာရီ မိနစ် ၂၀ မှာ လက်မရွံ့ကဗျာဆရာ လှသန်း ကျောက်ကပ်ရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါပြီ။

ဝမ်းနည်းကြေကွဲမှုအတွက် ပြောစရာစကားလုံးမရှိတော့ပါ..

ဒါပေမယ့် ကဗျာဆရာဆိုတော ဘယ်တော့မှ မသေတဲ့ သူတွေ...

အိန္ဒြာ
++++++++++++++++++++
လက်

လက်ဝတ်ရတနာတွေနဲ့ ဘာမှမဆိုင်တဲ့လက်
လက္ခဏာပညာရှင်တွေနဲ့ ဘယ်လိုမှ မပတ်သက်တဲ့လက်
ခုချိန်ထိဘာကိုမှ မိမိရရမဆုပ်ကိုင်မိသေးတဲ့လက်
လက်ရေးလှလှ ရေးတတ်ပေမယ့် လက်ညှိုးညွှန်ရာရေမဖြစ်ခဲ့တဲ့လက်
အသားမာတတ်နေပေမယ့် လက်ခမောင်းမခတ်နိုင်သေးတဲ့လက်
သဲအိတ်ထိုးရမှာ ၀န်လေးခဲ့တဲ့လက်
မြွေတွင်းကိုမှ နှိုက်ချင်နေတဲ့လက်
အဲဒီလက်ကအဲဒီ့လက်ကိုလက်တို့ပြီးသတိပေးတယ်
အဲဒီလက်ကအဲဒီ့လက်ကိုလက်ဖျားခါလိုက်တယ်
တစ်နေ့လက်ချည်းပဲပြန်ရမယ်ဆိုတာသေချာနေတဲ့လက်
အဲဒီလက်ကအဲ့ဒီလက်ကိုလက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ။

ကြည်မောင်သန်း
သြဂုတ် ၁၉၉၈
ရနံ့သစ်


++++++++++++++++++++++

သက်ရှိကဗျာ

ဟောဒီကမ္ဘာကြီးကို
ဂေါက်သီးရိုက်သလို ရိုက်ပစ်လိုက်ချင်တယ်
မိုက်ရူးရဲရဲ့ အားကစားစိတ်ဓာတ်
ဂလူးကို့စ်နဲ့ လရောင်ကိုရောပြီး
အကြောထဲဆေးထိုးသွင်းချင်တယ်
အာဟာရကိုတန်ဖိုးထားသူ
အပြစ်ရှိတဲ့ လူကြီးတွေက
အပြစ်မဲ့တဲ့ ကလေးတွေကိုမွေးကြတယ်
ခန့်မှန်းရခက်တဲ့ မျိုးဆက်တွေ
ကာမဂုဏ်ခံစားသလို
ရမ္မက်အပြည့်နဲ့ ကဗျာတစ်ပုဒ် ရေးချင်တယ်

မဓာတ်မဲ့တဲ့ညမှာ
စာကြွင်းစားကျန်အဖြစ်
ဒီခေတ်ကြီးကိုထားခဲ့ရမှာအားနာတယ်
ကမ္ဘာ့မြေပုံကိုပုံသေမတွက်နဲ့
မိန်းမတွေထက်ပိုပြီးမိန်းမဆန်တဲ့
မိန်းမအတုတစ်ယောက်နဲ့ ဆက်ဆံရသလို
အနုပညာဆိုတာကိုလည်းသဘောပေါက်ခဲ့ပါပြီ။ ။

ကြည်မောင်သန်း

ဇန်န၀ါရီ ၂၀၀၀

ရနံ့သစ်


+++++++++++++

ကျွန်တော့်ရဲ့ တော်ရုံတန်ရုံအဓိပ္ပာယ်

သစ်ပင်တွေငြိမ်သက်
လေကလဲငြိမ်သက်
ငါ့မှာသာငှက်တစ်ကောင်လိုဂနာမငြိမ်
စာကလေးတွေရဲ့ ခွန်းတုံ့သံကိုကြားမှ
အတ္တဘ၀မှန်ကို အောက်မေ့ဆင်ခြင်မိရဲ့
ငယ်ငယ်တုန်းကမှားခဲ့တယ်
ကြီးလာတော့လွဲခဲ့တယ်
သေကာနီးတော့ ဘာလုပ်ရမှန်းမသိ
ဝိမုတ္တိကောင်းကင်မှာ ပျံသန်းဖို့
အတောင်အလက်ကမစုံ
ချစ်ခြင်းမေတ္တာကိုယုံခဲ့တယ်
ဒုက္ခသစ္စာကိုယုံခဲ့တယ်
ငွေကိုတော့ မယုံတစ်ဝက်ယုံတစ်ဝက်

သံသရာက ညှီစော်နံနေပြီ
အဲဒီပန်းပုကို ဘယ်ဟင်းလင်းပြင်မှာထားမလဲ
ပန်းပုမှာကိုက ဟင်းလင်းပြင်ရှိပြီးသားပါ
ရူးချင်ယောင်ဆောင်လို့ရတယ်
အိပ်ချင်ယောင်ဆောင်လို့ရတယ်
ဒါပေမဲ့သေချင်ယောင်ဆောင်လို့မရဘူး
ငါ့ရဲ့ဖြစ်တည်မှုကို သတ်မှတ်ဖို့

နိုင်ငံသားကဒ်ပြားတစ်ခုပဲရှိတယ်
ခုချိန်ထိ မိသားစုသန်းခေါင်းစာရင်းထဲက
ရုန်းမထွက်နိုင်သေး
ငါ့ရဲ့ ရွေ့ပြောင်းပုံစံ
ဘယ်နေ့များဘယ်သူ့ထံရောက်မှာလဲ
ဖျာတစ်ချပ်ပေါ်က ငရဲကိုသိခဲ့ပြီ
ဖိနပ်တစ်ရံပေါ်က ငရဲကိုသိခဲ့ပြီ

တစ်နေ့ထမင်းနှစ်နပ်စားသလို
တစ်နေ့ကဗျာနှစ်ပုဒ်ဖတ်လို့ မလိုအပ်ဘူးလား
ခေတ်ကြီးတစ်ခုလုံးအကြောပေးထားလိုက်ချင်တယ်
သတင်းနဲ့နည်းပညာ ခေတ်ကြီးပြီးရင်
ကဗျာခေတ်ကြီး မလာဘူးလို့ဘယ်သူပြောနိုင်မလဲ။ ။

ကြည်မောင်သန်း

ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း

++++++++++++++++++++++++++++++

ကျားနာတစ်ကောင်ရဲ့အတ္ထုပ္ပတ္တိ

ကိုယ့်ကျန်းမာရေး ကိုယ်မယုံရတဲ့ဘ၀မှာ
နောက်ထပ် ဘာကို ယုံရဦးမှာလဲ။
စာလုံးတွေကို စုပ်ယူရင်း
လူဖြစ်အောင်လုပ်ခဲ့ရ
ပီပီသသတော့လည်း မဟုတ်ပါဘူး။
နေ့စဉ်နဲ့အမျှ ၀တ္တရားတွေ ထူထပ်ဖိစီး
ကြာလာတော့ ၀ဋ်ကြွေးတွေဖြစ်
ဟောဒီနာကျည်းဖွယ်နှစ်တွေအတွင်း
ငြင်းဆန်ခဲ့ရတာ ခပ်များများ
လက်ခံနိုင်စရာ နည်းပါးလွန်းတယ်။
တချို့လူတွေအတွက် လိုအပ်ချင် လိုအပ်လိမ့်မယ်
လက်ဝတ်ရတနာ
ဒါမှမဟုတ် အားဖြည့်အချိုရည်
ဒါမှမဟုတ် ယာဉ်မောင်းလိုင်းစင်။
ကျွန်တော့်အတွက်
အရေးတကြီး လိုအပ်နေတာ မျက်ရည်
ကိုယ့်မျက်ရည် ကိုယ်စောင့်မျှော်နေခဲ့တာ
နှစ် ၂၀ ကျော် ကြာပြီ။

ရန်ကုန်ရဲ့ မြေအောက်လောကမှာ ကျင်လည်ခဲ့သူတစ်ယောက်
အရှေ့တောင်အာရှက ဖွံ့ဖြိုးဆဲ မြို့တစ်မြို့မှာ
ခန္ဓာကိုယ်သာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့။
သက်တမ်းတွေကို ဘာနဲ့တိုင်းတာကြမလဲ
ပတ်သတ်ဖူးခဲ့တဲ့ မိန်းမတွေနဲ့လား
ရှာဖွေခဲ့သမျှ ငွေစက္ကူတွေနဲ့လား
သတင်းစာတွေနဲ့ပဲလား။

ပြန်စဉ်းစားကြည့်တော့လည်း
ကိုယ့်နာမည်ရှေ့မှာ ဘာမှ မရှိ
ကိုယ့်နာမည်နောက်မှာလည်း ဘာမှ မရှိ
ပကတိ အထီးကျန်မှုမှာ
လေသံကို လျှော့ချထားခဲ့ပါတယ်။

ညက
စပါတာကတ်ကို ပြန်ဖတ်တယ်
သီချင်းတွေကို တ၀တပြဲ ထိုင်သောက်တယ်
ကိုယ့်ကိုကိုယ် သစ္စာဖောက်ဖို့ ကြိုစားကြည့်တယ်
(ဒါပေမယ့် မအောင်မြင်ပါဘူး)။

ခုတော့
ဆိုင်းဘုတ်တွေကြားမှာ
မင်းရော ငါပါ အသက်ရှုမှားခဲ့ကြပြီ

ကြည်မောင်သန်း

ဇန်န၀ါရီ ၁၉၉၇

++++++++++++++++++++

ဒီနှစ်အတွက် သံဝေဂ

ဒီနှစ်
ဒီနှစ်ထဲမှာ
ကျွန်တော် အသက်တစ်နှစ်ပိုကြီးခဲ့

ခန္ဓာကိုယ်မှာ အလေးချိန်တိုးခဲ့
ငြီးငွေ့ဖွယ်ရာ အထီးကျန်မှုထဲမှာ
စီးကရက်လည်းဖြတ်နိုင်ခဲ့။

ဒီနှစ်ထဲမှာပဲ
သစ်တောတွေပေါ်တည်နေတဲ့ ဘ၀တွေကိုမြင်ခဲ့ရ
စက်ရုံတွေပေါ်တည်နေတဲ့ ဘ၀တွေကိုမြင်ခဲ့ရ
ကင်မရာတွေပေါ်တည်နေတဲ့ ဘ၀တွေကို မြင်ခဲ့ရ။

ဒီနှစ်ထဲမှာပဲ
အာရှကျားတွေရဲ့ ပါးစပ်ထဲက အမဲသားတစ်ဖက်
သွားကြားညပ်တာကို မြင်ခဲ့ရပေါ့။

ဒီနှစ်
ဒီနှစ်ထဲမှာ
မိုးကြီးရေလျှံမှုတွေကို ကြုံတွေခဲ့
လေထုညစ်ညမ်းမှုနဲ့ ပက်ပင်းတိုးခဲ့
ငွေကြေးကမောက်ကမဖြစ်မှုနဲ့လည်း ရင်ဆိုင်းခဲ့။

ဒီနှစ်ထဲမှာပဲ
အရေးကြီးတဲ့ ကိစ္စတွေရှိနေရဲ့
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့လည်း အရေးကြီးတာပဲ
လူ့ဂုဏ်သိက္ခာနဲ့အညီနေထိုင်ဖို့လည်း အရေးကြီးတာပဲ
ရေတွက်စရာ ငွေစက္ကူတွေရှိဖို့လည်း အရေးကြီးတာပဲ
အိမ်နဲ့ဝေးနေကြသူတွေ
ကိုယ့်အိမ်ကို ပြန်ရောက်ဖို့လည်း အရေးကြီးတာပါပဲ။

ဒီနှစ်ထဲမှာပဲ
ဗာဆာချီ၊ ဒိုင်ယာနာ၊ မာသာထရီဇာ
ဂျွန်ဒင်ဗာ၊ ဟာရိုးရော်ဘင်
တစ်ယောက်ပြီးတစ်ယောက်
သေမင်းက
ဘ၀တွေကို တစ်ဇွန်းချင်းသောက်လို့နေရဲ့။

ဒီနှစ်
ဒီနှစ်ထဲမှာ
အက်စပရင်ဆေးပြားတွေ နှစ်တစ်ရာပြည့်ခဲ့တယ်။
နု-အက်တလီစာချုပ် နှစ်ငါးဆယ်ပြည့်ခဲ့တယ်။

ဒီနှစ်
ဒီနှစ်ကတော့
မြစ်ရေတွေလို စီးဆင်းသွားလေရဲ့။
ကြည်မောင်သန်း

ဇန်န၀ါရီ ၁၉၉၈

+++++++++++++++++++++++

ဖြစ်သင့်တဲ့ ကိစ္စ

ဖြစ်သင့်တဲ့ ကိစ္စကို
ဘာလို့ မလုပ်သေးတာလဲ
ဖြစ်သင့်တဲ့ ကိစ္စကို
ဘာလို့ နှောင့်နှေးနေကြတာလဲ
ဖြစ်သင့်တဲ့ ကိစ္စ
မာန်မာနတွေရှိနေလို့လား
ဖြစ်သင့်တဲ့ ကိစ္စ
ငဲ့ကွက်စရာတွေရှိနေလို့လား
ဖြစ်သင့်တဲ့ ကိစ္စ
နစ်နာစရာတွေ မရှိဘူးလို့ထင်ပါတယ်
ဖြစ်သင့်တဲ့ ကိစ္စ
အားလုံးကောင်းမယ့် ကိစ္စပါ
ဖြစ်သင့်တဲ့ ကိစ္စ
အားလုံးကောင်းမယ့် ကိစ္စပါ
ဖြစ်သင့်တဲ့ ကိစ္စ
အားလုံးဝမ်းသာကြမှာပါ
ဖြစ်သင့်တဲ့ ကိစ္စ
လက်ခုပ်ဆိုတာ တစ်ဘက်တည်း တီးလို့မရဘူးလေ
ဖြစ်သင့်တဲ့ ကိစ္စ
လက်ဆွဲနှုတ်ဆက်ရမှာပါ့
ဖြစ်သင့်တဲ့ ကိစ္စ
နောက်မကျသေးပါဘူး
ဖြစ်သင့်တဲ့ ကိစ္စ
အချိန်ရှိပါသေးတယ်
ဖြစ်သင့်တဲ့ ကိစ္စ
စိတ်ရှည်ပေးကြပါ
ဖြစ်သင့်တဲ့ ကိစ္စ
နတ်လူသာဓုခေါ်မှာပါ။

လှသန်း

(ပိတောက်ပွင့်သစ်။ အမှတ် ၄၂ ။ စက်တင်ဘာ၊ ၂၀၁၁ )

++++++++++++++++++++++++++++++

အေးရာအေးကြောင်း

ယုံသလိုနေခဲ့ပြီ
ကြုံသလိုနေခဲ့ပြီ…။
ဈေးဆစ်ခံလိုက်ရတဲ့ ပန်းချီကားတစ်ချပ်အတွက်
ဈေးဆစ်သူရဲ့ လျှာကိုပဲဖြတ်ရမလား
ပန်းချီဆရာရဲ့ လက်ကိုပဲဖြတ်ရမလား….။
ကဗျာတွေရှင်ချင်ရင်
ကဗျာဆရာတွေသေဖို့သာပြင်ပေတော့…။
ကိုယ့်အကြောင်းကိုမေ့ထားချင်လို့
သူများအကြောင်းလျှောက်ပြောနေတာ..။…။

ကည်မောင်သန်း

+++++++++++++++++++++++++++++

အယူသည်းခြင်း သီချင်းတစ်ပုဒ်

မယူပါရစေနဲ့
သူများနှာခေါင်းပေါက်နဲ့ ဦးနှောက်တွေ
မယူပါရစေနဲ့
မျက်ရည်ပေါက်ကြီးငယ်နဲ့ သူများမသဒ္ဓါရေစာကို
မယူပါရစေနဲ့
လူရာဝင်ရုံသက်သက် အ၀တ်အစားတွေကို
မယူပါရစေနဲ့
နေမြင်ညပျောက် ငွေစက္ကူတွေကို
မယူပါရစေနဲ့
အရူးပါးတွေရဲ့ သင်ခန်းစာကို
မယူပါရစေနဲ့
လူနာခုတင်ပေါ်က သံယောဇဉ်တွေကို
မယူပါရစေနဲ့
ကျန်စာသင့်နေတဲ့ အဆောက်အဦးကို
မယူပါရစေနဲ့
မိန်းမပျက်တစ်ယောက်ရဲ့ ကရုဏာသန့်သန့်ကို
မယူပါရစေနဲ့
မျက်ဖြူဆိုက်နေတဲ့ အစီရင်ခံစာကို
မယူပါရစေနဲ့
အပူတပြင်း ၀န်ဆောင်မှုတွေကို
မယူပါရစေနဲ့
ရန်သူက ချီးမြှင့်တဲ့ နှစ်သိမ့်ဆုတွေကို
မယူပါရစေနဲ့
အလှူခံထားတဲ့ အသွေးအသားတွေကို
မယူပါရစေနဲ့
သက်တမ်းမဲ့ နှောင်ကြိုးတွေကို
မယူပါရစေနဲ့
မယူပါရစေနဲ့
မယူပါရစေနဲ့
အကြောက်အကန် ငြင်းဆန်လိုက်ရဲ့
မယူပါရစေနဲ့
ဒီဘ၀အတွက် နောက်ကျနေတဲ့လူပါ
မယူပါရစေနဲ့
နောက်ဘ၀အတွက်စောပါသေးတယ်
မယူပါရစေနဲ့

ကြည်မောင်သန်း
+++++++++++++++++++++++++++

ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ


ကျန်းမာရေးမကောင်းလို့
ဝင်ငွေမကောင်းလို့
မိုးလေ၀သမကောင်းလို့

ခုလိုအခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကိုသတိထားနေရ
ခုံကလည်းလှုပ်လှုပ်
မြင်းကလည်းလှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာသစ္စာတရား

ကျွန်တော့်ရဲ့မိုက်မဲမှုများ
လောကကြီးကအလိုက်သိပါ့မလား

ရေပြင်ရဲ့မာယာကိုမုန်းတယ်
ပိုက်ကွန်ထဲကငါးတွေကိုသနားတယ်
ထောင်ချောက်ကိုလိုက်ရှာနေတဲ့သားကောင်ဆိုတာရှိပါ့မလား
ပျော်ရွှင်မှုဆိုတာလှောင်အိမ်ထဲမှာမမွေးဖွားဘူး

ပြိုင်ကားတစ်စီးလိုဓါတ်ဆီဖြုန်းခဲ့ပြီးပြီ
လူနာတင်ယာဉ်တစ်စီးလိုအသုံးဝင်ချင်တယ်

ရော့ခ်အင်ရိုးတစ်ခေတ်လုံးကိုနားထောင်ခဲ့တယ်
ပွင့်လင်းတဲ့လူ့ဘောင်ကိုမျှော်လင့်မိတယ်
ကဗျာနဲ့ဘ၀ကိုချည်နှောင်ထားခဲတယ်

သူငယ်ချင်းရယ်ဒီဇာတ်လမ်းမှာ
လူဆိုးတွေတစ်ယောက်မှမသေသေးဘူးလား
လူကောင်းတွေဒုက္ခများလှပါပြီကွယ်

အသက်တစ်ချောင်းလုံးဆုံးရှုံ့းမယ်ဆိုရင်
နာမည်တစ်လုံးတော့အဖတ်တင်ချင်တယ်

ချောက်ကမ်းပါးစွန်းကလူကို
တွန်းအားတွေမပေးကြပါနဲ့
ပြေးစရာမြေမရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ။ ။

လှသန်း

+++++++++++++

လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း(၂)

ညနေစောင်းထိုင်ခုံပေါ်မှာ
သရုပ်ဆောင်ကောင်းတဲ့နားရွက်တစ်စုံနဲ့
ဝါရှင်တန်ကိုနားထောင်တယ်
လန်ဒန်ကိုနားထောင်တယ်
ရန်ကုန်ကိုနားထောင်တယ်

ခုံမင်စရာကောင်းတဲ့ကမ္ဘာကြီးပေါ်မှာ
ပြင်းထန်တဲ့ယုံကြည်ချက်တွေရှိနေရဲ့

ရေစီးကြောင်းတွေကို
ပြောင်းပြန်လှန်ကြည့်ရတာ
အရသာမတွေ့ဘူးလား
နှလုံးသားထဲက ပထ၀ီဝင်အတွက်
ဦးနှောက်ထဲကသမိုင်းအတွက်
လှိုင်းလုံးကြီးတွေတည်ဆောက်ကြည့်တယ်
မဟာတံတိုင်းကြီးးကိုလည်းခေါင်းနဲ့ပြေးဆောင့်မိတယ်

တစ်ခါကအဆောက်အဦသုတေသနဌာနမှာ
ငါဟာအလုပ်သမားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်
အဆောက်အဦတွေရဲ့အတွင်းရေးကို
သိသင့်သလောက်တော့သိခဲ့ပါရဲ့

ခုတော့ငါဟာ လက်မရွံ့ကဗျာဆရာ
လူနာတွေမရှိပဲဆရာဝန်တွေရှိပါ့မလား
ဘဏ်တိုက်တွေမရှိပဲဘဏ်ဓါးပြတွေရှိပါ့မလား

ဟောဒီကျောက်နံရံထက်မှာ
ငါတို့မျိုးဆက်ရဲ့အသံကိုထွင်းထုလိုက်မယ်
တစ်ချိန်ချိန်မှာမတန်တဆအနစ်နာခံမှုတွေ
ကြီးမြတ်လှပစွာရှင်ပြန်ထမြောက်လာမယ်

ငါ့ကိုယ်ငါသရဏဂုံတင်ပြီးပြီ
ကိုဖော်ဝေးကိုသစ္စာခံဖို့
ခေတ်ပေါ်ကဗျာစေတီမှာထီးတော်သစ်တင်လှူပူစော်ဖို့
မြန်မာကဗျာတွေကိုပထမဆုံး သင်္ဂါယနာတင်ဖို့
ငါရောက်လာခဲ့တယ်။ ။

လှသန်း

+++++++++++++

အနေအထိုင်မတတ်မှုများ

ကြယ်တွေမရိုးမရွ
ကောင်းကင် ကျိုးကြတော့မယ်
မြေကြီးကိုရွှေ့ထားရရင် ကောင်းမလား။ ။

လမ်းဆိုးလို့ ယာဉ်ပျက်တာ
ဘယ်သူ့ကို စွဲချက်တင်ရမလဲ။ ။
မျိုးဆက်တစ်ခုလုံး ချကျွေးခဲ့တာတောင်
ရှေ့ရေးက မကောင်းနိုင်သေးဖူး။ ။

မာယာများတဲ့ မျက်ခင်းပြင်မှာ
ကျင်းစိမ်ဖို့ကြိုးစားသူ ဂေါက်ရိုက်သမား။ ။

ဒါကိုအပြစ်လို့ခေါ်ရင်
အပြစ်တင်ခံပါ့မယ်။ ။

ကျူးလွန်ခဲ့သမျှမှာ ထူးချွန်ဖို့ပဲလိုတယ်။ ။

ပိတ်ထားတဲ့နေ့

လမိုက်ည
ကောင်းကင်ကြီးကအမှောင်ထဲလွင့်မျောလို့ရယ်
ကြယ်တွေကမပွင့်တပွင့်
နံရံကမီးခလုတ်ကိုဖွင့်လိုက်တယ်
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

အိမ်တံခါးတွေကိုဖွင့်လိုက်တယ်
နေရောင်ကမပွင့်တပွင့်
ပန်းတွေကပွင့်တချို့ကြွေတချို့
ဒါပေမယ့် နေ့ကပိတ်ထားဆဲ

သတင်းစာကိုဖွင့်ကြည့်တယ်
ရေဒီယိုကိုဖွင့်ကြည့်တယ်
ရုပ်မြင်သံကြားကိုဖွင့်ကြည့်တယ်
ကိုယ့်ရင်ဘတ်ကိုယ်တော့ဖွင့်ကြည့်လို့မရ
နေ့ကတော့ပိတ်ထားဆဲ

ဘယ်လိုလုပ်ကြမလဲ
နေ့တဓူဝ(နိစ္စဓူဝ) ဒေါသတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
နေ့စဉ်နဲ့အမျှဆာလောင်မှုတွေအတွက်
ဘယ်လိုလုပ်ကြမလဲ
သားကြောဖြတ်ခံလိုက်ရတဲ့အနာဂါတ်အတွက်
ဘယ်လိုလုပ်ကြမလဲ
ဘယ်လိုလုပ်ကြမလဲ
နေ့ကတော့ပိတ်ထားဆဲ
ပိတ်ထားတဲ့နေ့ကိုဖွင့်ဖို့သော့တစ်ချောင်း
ဘယ်သူ့ဦးခေါင်းထဲမှာရှိသလဲ
ကျွန်တော်လိုက်ကြည့်နေမိတယ်။

ပိတ်ထားတဲ့နေ့ကိုဖွင့်မယ့်သော့တစ်ချောင်း
ကျွန်တော့်လက်မောင်းမဖြစ်နိုင်ဘူးလား။ ။

လှသန်း

+++++++++++++++++++++++++

လူသားဆန်ချင်တာတရားတယ်

မြစ်တစ်စင်းနဲ့အတူပူးချည်
စွန့်စွန့်စားစားစီးဆင်းခဲ့တယ်
တစ်ခါမှမမြင်ဘူးတဲ့နေ့တွေကိုမြင်ချင်လွန်းလို့ပါ။

မြေပုံမှာမပါတဲ့ကျွန်းတွေ
ပင်လယ်ထဲမှာအများကြီးရှိတယ်
ရေထဲကငါးကို
လေထဲမှာပျံနေတဲ့သိမ်းငှက်ကဖမ်းယူစားတယ်
ဒါသဘာဝပဲလား
နက်နက်ရှိုင်းရှိုင်းတိုးဝင်သွားရင်
ဘာတွေမြင်ရဦးမလဲ

ကမ္ဘာပေါ်မှာ
မနက်ဖြန်ကိုမြင်ရတဲ့နေရာတွေလည်းရှိ
မနက်ဖြန်ကိုမမြင်ရတဲ့နေရာတွေလည်းရှိ
ကိုယ်ရောက်နေတဲ့နေရာကို
ကိုယ့်ဟာကိုယ်သိဖို့အရေးကြီးရဲ့

မိတ်ဆွေတစ်ယောက်ပြောတာသတိရမိတယ်
အခန်းတစ်ခန်းလိုချင်တယ်တဲ့
အေးအေးဆေးဆေးဘုရားရှိခိုးဖို့
အမူးလွန်တဲ့အခါထိုးအန်ဖို့
အမျိုးသမီးတစ်ယောက်ကိုဧည့်ခံဖို့တဲ့
အိုး…လူသားဆန်လှချည်လား

ကျွန်တော်ကရောဘာထူးလို့လဲ
အာဇာနည်တွေကိုလေးစားမယ်
ကိုယ်ဟန်ပြမယ်တွေကိုပြစ်မှားမယ်
ထမင်း၀၀စားချင်တယ်
ဒါလည်းလူသားဆန်ခြင်းတစ်မျိုးဖြစ်နိုင်ရဲ့

ဒါပေမယ့်ရှေ့မှာ
ဂျူးလူမျိုး ခြောက်သန်းကျော်သေခဲ့ပြီးပြီ
ကမ္ဘောဒီယားပြည်သူတစ်သန်းကျော်သေခဲ့ပြီးပါပြီ
ဘ၀ပေါင်းများစွာကိုလျှောဖွပ်ဖို့
လွတ်လပ်မှုရှိမှဖြစ်မယ်

မျှော်လင့်ချက်တွေဟာလုပ်ကြံခံလိုက်ရတယ်
အနာဂါတ်ကတော့အသက်ငင်နေဆဲ
မကြာခင်ရှင်ပြန်ထမြောက်လေမလား

စိတ်ဓါတ်ကျစရာအကြောင်းမရှိ
နောင်တရစရာအကြောင်းမရှိ
ဟောဒီ့ညတစ်ညရဲ့လိုအပ်ချက်ဟာ
“မ” ဓါတ်ဖြစ်နေတာသေချာခဲ့ပြီပဲ..။ ။

လှသန်း
++++++++++++++++++++

မိမိကိုယ်ကိုအဓွန့်ရှည်ရေး

နာရီလက်တံက
ကျွန်တော့်ကိုရန်စနေတယ်
အချိန်သိပ်မကျန်တော့ဘူးတဲ့

ကျွန်တော်စီးထားတဲ့ဖိနပ်ပ့
ကျွန်တော့်လွတ်လပ်မှုကိုအဆုံးသတ်သွားစေရဲ့
မာရ်နတ်ခမျာ
ကျွန်တော့်ဓါတ်ခံကိုမသိရှာဘူး

တစ်ချိန်ချိန်မှာ
ကျွန်တော့်ရဲ့ဆုံးရှုံးမှုတွေဟာ
အမှတ်တရရုပ်တုတွေဖြစ်ချင်ဖြစ်လာမှာပေါ့

ခုတော့ကောင်းသောနေ့နှင့်တွေ့ခွင့်မရှိ
မိုးလေ၀သမှန်ကန်ဖို့သာ
အသံချဲ့စက်ကိုအသုံးပြုခဲ့ပါတယ်

နေ့စဉ်ဇယားမှာ
ထမင်းစားမကောင်းတဲ့အခါလည်းရှိ
ခေါင်းကိုက်တဲ့အခါလည်းရှိ
တစ်ခုခုကိုရိုက်ခွဲချင်တဲ့အခါမျိုးလည်းရှိတာပေါ့

မလျှော့သောဇွဲနဲ့
အသည်းကွဲလဲကွဲပစေ
ကိုယ့်စိတ်နဲ့ကိုယ်အတူမနေရတာ
ရင်နာဖို့ကောင်းတယ်

ကံကြမ္မာအလှည့်အပြောင်းမှာ
စုဆောင်းထားတဲ့သဲလွန်စတွေအတွက်
တရားခံပြသက်သေဖြစ်ချင်တယ်

ချစ်လှစွာသောဖေဖေနဲ့မေမေ
ကျွန်တော်အဓွန့်ရှည်ဖို့
ကျွန်တော်သေချာခဲ့ပါပြီ။ ။

လှသန်း

++++++++++++++++++++++++++++

လူငယ်ဘ၀ကွယ်လွန်ခြင်း

ကျွန်တော်ရဲ့လူငယ်ဘ၀လေးမှာ
ဘာသာစကားပြောသင်တန်းတွေ
ကွန်ပျူတာသင်တန်းတွေ
အောင်လက်မှတ်တွေမရှိခဲ့ပါ

ကျွန်တော်ရဲ့လူငယ်ဘ၀လေးမှာ
ဗီဒီယိုဂိမ်းတွေ
ကာရာအိုကေတွေ
စိတ်ကြွဆေးပြားတွေလည်းမရှိခဲ့ပါ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ရေဒီယိုတစ်လုံး
ဂစ်တာတစ်လက်နဲ့
စာအုပ်သေတ္တာပဲရှိခဲ့ပါတယ်

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ရုပ်ရှင်ရုံသည်သာအငြိမ်းချမ်းဆုံးနားခိုရာ
တစ်ခါတရံစိတ်ပြေပျောက်စရာ
အပြာရောင်စာအုပ်များနဲ့သာ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
စက်ဘီးလေးတစ်စီးတောင်မရှိခဲ့သလို
ရည်းစားလည်းတစ်ယောက်မှမရှိခဲ့ပါ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ဘီယာဆိုင်တွေနိုက်ကလပ်တွေမရှိခဲ့ပါ
စာအုပ်ဆိုင်နဲ့လက်ဖက်ရည်ဆိုင်သာ
ကျွန်တော့်ရဲ့ကမ္ဘာ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ခပေါင်းစီးကရက်တစ်ဘူးနဲ့
မြို့ပတ်ရထားကိုမူးအောင်စီးခဲ့ဖူးပါတယ်

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
လူငယ့်ရေးရာညကျောင်းတစ်ကျောင်းရှိခဲ့သလို
ရန်ကုန်မြို့လည်ပလက်ဖောင်းဟာလဲ
သင်တန်းကျောင်းကြီးတစ်ကျောင်းပါပဲ

ကျွန်တော့်ရဲ့လူငယ်ဘ၀လေးမှာ
ဒိုင်ယာရီစာအုပ်လွယ်အိတ်ထဲထည့်လို့လျှောက်သွားခဲ့တာ
အသည်းကွဲသီချင်းတွေအော်ဆိုခဲ့တာ
အနာဂါတ်လွမ်းချင်းကဗျာတွေရေးသားခဲတာ

အခုတော့
ကျွန်တော့်ရဲ့လူငယ်ဘ၀လေးလည်း
ပျောက်ကွယ်ခဲ့ပါပြီ
တစ်တိုင်းပြည်လုံးကိုဖြတ်စီးသွားတဲ့
ကောက်ကောက်ကွေ့ကွေ့မြစ်ကြီးထဲမှာ
ကျွန်တော့်ရဲ့လူငယ်ဘ၀လေးဟာ
နစ်မြုပ်ပျောက်ကွယ်သွားခဲ့ပါပြီ။ ။

လှသန်း
++++++++++++++++++++++

ပြီးပြည့်စုံတဲ့ကမ္ဘာ

မှုန်နေတဲ့မျက်လုံးတွေအတွက်
မျက်မှန်အကောင်းစားတွေရှိခဲ့ပြီ

ပိတ်နေတဲ့နှာခေါင်းတွေအတွက်
ဟင်းခတ်အမွှေးအကြိုင်တွေရှိခဲ့ပြီ

လေးနေတဲ့နားတွေအတွက်
ဥသြဆွဲသံတွေရှိခဲ့ပြီ

အဆီပြန်မျက်နှာတွေအတွက်
ရေခဲစိမ်မျက်နှာသုတ်ပုဝါတွေရှိခဲ့ပြီ

နံစော်နေတဲ့ခန္ဓာကိုယ်တွေအတွက်
ကမ္ဘာကျော်ရေမွှေးတွေရှိခဲ့ပြီ

ညောင်းညာနာကျင်ကိုက်ခဲမှုတွေအတွက်
ပြည်တွင်းဖြစ်ဒါဏ်ကြေလိမ်းဆေးတွေရှိခဲ့ပြီ

မှိုတက်နေတဲ့သီချင်းတွေအတွက်
ဓါတ်ပြားအသစ်တွေရှိခဲ့ပြီ

လိမ်ညာနေတဲ့ကဗျာတွေ၊၀တ္ထုတွေအတွက်
မသမာတဲ့စာမျက်နှာတွေရှိခဲ့ပြီ

ဖုံတက်နေတဲ့သတင်းစာတွေအတွက်
လျှာထွက်နေတဲ့ချိန်ခွင်တွေရှိခဲ့ပြီ

အညောင်းမိနေတဲ့ဦးနှောက်တွေအတွက်
ဘက်လိုက်တတ်တဲ့ကွန်ပျူတာတွေရှိခဲ့ပြီ

စိတ်ကူးတွေထင်ရာစိုင်းးဖို့အတွက်
နောက်ခံသမိုင်းအချက်အလက်တွေရှိခဲ့ပြီ

ပုတ်သိုးတဲ့ခန္ဓာကိုယ်တွေအတွက်
လတ်ဆတ်တဲ့အစားအစာတွေရှိခဲ့ပြီ

မစင်ကြယ်တဲ့အာရုံတွေအတွက်
ဝိပဿနာတရားတွေရှိခဲ့ပြီ

မလွတ်မြောက်နိုင်တဲ့ဘ၀တွေအတွက်
မဂ္ဂင်ရှစ်ပါးရှိခဲ့ပြီ။ ။

လှသန်း
++++++++++++++++++++++++++++++++++++
အာရှတိုက်ရဲ့တစ်နေရာ

(၁)
အမှန်တကယ်ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ပြည်ရဲ့ရွာ
မြို့တော်နဲ့ ကီလိုမီတာ ၆၀ ခန့်ဝေးတဲ့နေရာ
အဝေးပြေလမ်းမကြီးရဲ့ ပခုံးပေါ်မှာ
လေးထပ်တိုက် ၈လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ
အာရှတိုက်ရဲ့ တစ်နေရာလို့ ဆိုပါစို့
အဲဒီရွာရဲ့ အဌမမြောက်တိုက် အခန်းတစ်ခန်းထဲမှာ
အင်ဒိုနီးရှားလူငယ် ၄ ယောက်
(၂ယောက်က ညီအကို)
ဘင်္ဂလားဒေ့ရှ်လူရွယ်တစ်ယောက်
ပြီးတော့ငါတို့၂ ယောက်
ဓါရဏ ပရိတ်၊ ကိုရ်အမ်ကျမ်း၊ ရော့ခ်သီချင်း
ဂျင်းဘောင်ဘီ၊ ၀ိုင်ယာကြိုးခွေများနဲ့
အမျိုးအမည်မသိ အလှမွေးငှက် ၂ ကောင်
တစ်အိုးတစ်အိမ် ထူထောင်လို့နေကြ
သူတို့ဘ၀တွေဟာ
အရှေ့တောင်အာရှကျွန်းဆွယ်ပေါ်က
အကြမ်းထည်ပစ္စည်းပစ္စယတွေနဲ့
ခပ်ဆင်ဆင်တူနေရဲ့

(၂)
နာရီစက်သံကြောင့်
အထိတ်တလန့်နိုးထ
အိမ်ရေးမ၀တဲ့မျက်လုံးထဲမှာ
နှင်းတွေ အတုံးအရုံးကျနေတဲ့ မနက်ခင်း
ရွာလည်လမ်းထိပ်မှာ ရေသန့်ဘူးကိုယ်စီနဲ့
အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ
တစ်နေကုန် မြို့တော်ကြီးဆီကိုသွား
မြင့်မားတဲ့အဆောက်အအုံခေါင်မိုးတွေပေါ်တက်
ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ
ချွေးတွေ သံတွေ မချိမဆန့်အလုပ်လုပ်ကြ
အဲဒီအလုပ်ဟာ အသက်အန္တရာယ်နဲ့နီးပေမဲ့
"ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ"လို့
ဘင်္ဂလားဒေ့ရှ်လူငယ်က မှတ်ချက်ချတယ်
နေ၀င်ရီတရောမှာ
ကျောပေါ် အမောတွေထမ်းပြီးပြန်လာကြ
ရေချိုးခန်းကို သူ့ထက်ငါဦးအောင် အလုအယက်တိုးခွေ့ဝင်ကြ
ဒါဟာ နိစ္စဓူဝကိစ္စ
ညကျ
တစ်ဆိုင်တည်းသော ပင်လယ်စာဆိုင်မှာ
ဒေသရဲ့ရိုးရာထမင်းကြော်ကိုစားရင်း
စကားစမမြည်ဆိုကြ
ကျိုးပဲ့နေတဲ့ ဘာသာစကားနဲ့ပ
ပြီးတော့ ကိုကာကိုလာတစ်ပုလင်းသောက်ရင်း
လေညင်းနံ့သင်းတဲ့ စီးကရက်ကိုဖွာရှိုက်
ဂျက်ဂွာကားတစ်စီးရဲ့ နောက်ကိုပြေးလိုက်သွားတဲ့စိတ်ကူးတွေ
သဘာဝကျပါတယ်လေ
စားသောက်ဆိုင်က အပြန်
လမ်းဘေးအများသုံးဖုန်းကနေ
ကိုယ့်တိုင်းပြည်ကို ဖုံးဆက်သူဆက်
တိုက်ပေါ်ပြန်တက်ပြီး ရေဒီယို နားထောင်သူနားထောင်
နေ့လယ်ကတွေ့ခဲ့တဲ့ ပေါင်တံဖြူဖြူနဲ့ တရုတ်မလေးကို
စိတ်ကူးယဉ်သူယဉ်
အဓမ္မကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖော်မလေးအတွက်
ကရုဏာသက်သူသက်
နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ်
ဘုရားဝတ်ပြုသူကပြု
သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ

(၃)
နေ့စဉ်နဲ့အမျှ
ကျွဲလိုနွားလို အလုပ်လုပ်ရ
အခန့်မသင့်ရင် ခွေးသေ၀က်သေသေသွားကြ
နက်ရှိုင်းလှတဲ့ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့
အလုအယက်ကြိုးစားရင်း
အာရှတန်ဖိုးဆိုတာဘာလဲ
မေးခွန်းတွေထုတ်ရင်း ကြေကွဲရပြန်
"တရားမ၀င် အလုပ်သမား" တဲ့
အာရှကျားတွေထွားကျိုင်းဖို့အရေးမှာ
ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့တာကိုပဲ
ဂုဏ်ယူရမလား
အာရှတိုက်ကြီးကတော့
အပျိုပေါက်တစ်ယောက်လိုခြယ်သ
ဂျပန်၊ ဥရောပနဲ့ အမေရိကကို
မျက်စပစ်နေလေရဲ့

(၄)
ပြန်လည်ဆန်းစစ်ကြည့်တော့
ငါတို့ဟာ စက်ရုံတစ်ရုံမဖြစ်နိုင်ခဲ့
ငါတို့ဟာကုမ္ပဏီတစ်ခု မဖြစ်နိုင်ခဲ့
ငါတို့ဟာ ဘဏ်တိုက်တစ်ခု မဖြစ်နိုင်ခဲ့
ငါတို့ဟာ ဈေးကွက်တစ်ခုကို မဖန်တီးနိုင်ခဲ့
ငါတို့ဟာ ဈေးပေါတဲ့ကုန်ကြမ်းတွေသာဖြစ်တယ်
အာရှတိုက်ရဲ့ တစ်နေရာမှာ စတေးခံဘ၀များစွာ
ငါတို့ဟာ ငြိမ်းချမ်းရေးမရနိုင်သေးပါဘူးကွာ
ငါတို့ရဲ့ ဘ၀ဟာ ဘာမှမသေချာလှ
အဲဒီလို မသေချာမှုတွေထဲကပဲ
သေချာတဲ့ ဘ၀ကို တည်ဆောက်ယူရတာ
တို့လူသားတွေရဲ့ မွေးရာပါ တာဝန်ပဲမဟုတ်လား
(၀ဋ်ကြွေးလည်းဖြစ်နိုင်ရဲ့)
အခုမှ ငါ့ရဲ့ကိုယ်ပိုင်ကောင်းကင်မှာ
ကြယ်ရောင်မှိန်ပျပျ
မြင်ရရုံပဲရှိပါသေးတယ်
တစ်ခါတစ်လေ
နံရံပေါ်က ကမ္ဘာ့မြေပုံကိုကြည့်ရင်း
ငါလွမ်းနေမိရဲ့
ငါလွမ်းနေခဲ့တာ
ပီဇာနဲ့ ဟမ်ဘာဂါတွေကိုမဟုတ်ဘူး
ဟာဒ်ရော့ခ်ကဖေးကိုမဟုတ်ဘူး
"နိုင်ငံကူးလက်မှတ်"လို့အမည်ရတဲ့
ဝီစကီပုလင်းလှလှကို မဟုတ်ဘူး
အောင်လက်မှတ်တွေနောက်ကို လျှောက်လိုက်နေတဲ့
ကျွန်းတစ်ကျွန်းကိုမဟုတ်ဘူး
မီရှယ်ယိုးဆိုတဲ့ ရုပ်ရှင်မင်းသမီးကို မဟုတ်ဘူး
ငါလွမ်းနေခဲ့တာ
ကံခေပေမယ့်
ချစ်စရာကောင်းနေတဲ့ တိုင်းပြည်တစ်ပြည်ကိုပါ
လေပြင်းထန်တဲ့ကမ်းခြေက
ငါ့ရဲ့ ခြေတံရှည် အိမ်လေးကိုပါ။

(၅)
"အမျိုးသားက နိုင်ငံခြားမှာလေ ..." ဆိုပြီး
ရပ်ကွက်ထဲမှာ
တချို့ ဇနီးမယားတွေပါးစပ်အရသာခံကြတာမျိုးအတွက်နဲ့တော့
ဒီနေရာကို ငါဘယ်ထွက်လာပါ့မလဲ
မိအိုဖအိုတွေရှိနေစဉ်မှာ
အဆင်ပြေပြေ အကြွေးကင်းကင်းရှိနေစေချင်တာအတွက်
ငါ့ဆန္ဒတွေကို ကွပ်မျက်ခဲ့ရတာပါ
မိသားစုနဲ့ အိမ်ကိုခွဲခွာခဲ့
သူငယ်ချင်းများနဲ့ တိုင်းပြည်ကိုခွဲခွာခဲ့
အဲဒီအတွက် ရမယ့်ဆုလာဘ်ဟာ
စင်္ကာပူက ကြိမ်ဒဏ်မျိုးတော့ မဟုတ်တန်ရာ
အသားမာတက်နေတဲ့လက်နဲ့
ပြက္ခဒိန်ပေါ်က နေ့တွေကိုရေတွက်ရင်း
"လေယာဉ်ပျံတွေမြင်ရင် အိမ်ပြန်ချင်တယ်လို့" ညည်းမိ
ဒါပေမဲ့ သုဝဏ္ဏသျှံမဟုတ်တော့ ....


(၆)
ခုတော့
အာရှကျားတွေရဲ့ ပါးစပ်ထဲက
အမဲသားတစ်ဖတ်
သွားကြားညပ်ခဲ့ရင်ခွင့်လွှတ်ပါ
ဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး
အာရှတိုက်ရဲ့တစ်နေရာက
မြုံနေတဲ့ အနာတွေပါ
ရင်းနေတဲ့အနာတွေပါ။ ။

ကြည်မောင်သန်း

October 13, 2011

ခြေဆော့ လက်ဆော့ နား



အနေအထိုင်မတတ်ဘူး အထူအပါးနားမလည်ဘူး

အလိုက်ကမ်းဆိုးမသိဘူး အမှတ်သည်းခြေမရှိဘူး

အကောင်လိုက်ပြနေတာတောင် အရိပ်ကို မဖမ်းမိနိုင်ဘူး

အသွားမတော် တစ်လှမ်းတဲ့

ငါ့နားက ကြားနေကျ သတင်းထဲ ချော်ကျတယ်..။ ။



အိန္ဒြာ
(၂၄.၈.၁၀)

September 29, 2011

သေနေတဲ့ နာရီ

တစ်စက္ကန့် တစ်စက္ကန့်ချင်းကို နာကျင်မှုတွေနဲ့ရွှေ့ခဲ့ ရွေ့ခဲ့

ကိုယ့်ကိုကိုယ်ထွန်းညှိပြီးတော့ အမှောင်တိုက်ထဲ လင်းလက်ခဲ့

မျှော်လင့်ချက်တွေ မီးပွင့်မတတ် နံရံဆီ နားစွင့်နေတတ်ခဲ့

အပြင်မှာ ဘာရောင်တွေ ရွာချနေပြီလဲ


လွပ်လပ်ခြင်း ငြိမ်းချမ်းရေးနဲ့ အမှန်တရား...

လွပ်လပ်ခြင်း ငြိမ်းချမ်းရေးနဲ့ အမှန်တရား...

လွပ်လပ်ခြင်း ငြိမ်းချမ်းရေးနဲ့ အမှန်တရား..


ခြောက်သွေ့ တိတ်ဆိတ်တဲ့ အခန်းနံရံမှာ

ဆာလောင်မှုအကြောင်း ပန်းချီတွေရေးဆွဲခဲ့ကြတယ်။


ငါတို့ဟာ ဒုက္ခနဲ့ ကြမ်းတစ်ပြေးတည်းသားတွေပါ

ငါတို့ဟာ အစစ အရာရာပါ

နုပျိုမှုဆိုလည်း ငါတို့ရဲ့ နုပျိုမှုကိုယူပါ

အချိန်ကာလဆိုလည်း ဒါ ငါတို့ပိုင် အချိန်ကာလတွေပါ

အရင်းအနှီးဆိုရင်လည်း ငါတို့ဟာ အရင်းအနှီး

အသက်သွေးခဲဆိုရင်လည်း ငါတို့ရဲ့ အသက်သွေးခဲ..

ငါတို့ဟာ အရာရာပါ

ပေးဆပ်မှုနံပါတ်စဉ်တိုင်းက အစစအရာရာဟာ ငါတို့ပါ..


ငါတို့ပေးဆပ်မှုတိုင်းဟာ ငါတို့ ယုံကြည်ချက်

ငါတို့ယုံကြည်သမျှက ငါတို့ သစ္စာတရား

ငါတို့ သစ္စာတရားခြေစုံနင်းရပ်ထားတာဟာ ငါတို့အားလုံးရဲ့ အောင်မြေ


ငါတို့ ထိုးပေးထားတဲ့ ခါး တံတားတွေပေါ်

နင်းပါ ဖြတ်ပါ လျှောက်ပါ လှမ်းပါ..

နင်းဖြတ်ပါ၊ လျှောက်လှမ်းပါ ၊ မရောက်ရောက်အောင်သွားကြပါ

ငါတို့ဟာ အရာရာပါ ၊ ငါတို့ဟာ အစစ အရာရာပါ

ပေးဆပ်မှုနံပါတ်စဉ်တိုင်းက အစစအရာရာဟာ ငါတို့ပါ..


နံရံကို ဖိကပ်နားစွင့်နေမိတယ်..

အခု အပြင်မှာ ရွာချနေတာ ဘာရောင်တွေများလဲ.....။ ။



အိန္ဒြာ

(၂၉.၉.၂၀၁၁)

( နှလုံးအိမ် မဂဇင်းမှာပါခဲ့တဲ့ သေနေရတဲ့ နာရီတွေအကြောင်း ရေးထားတဲ့ ၀တ္ထုတိုလေးရဲ့နာမည်ကို ပြန်ယူသုံးထားပါတယ်။)

September 16, 2011

ဧရာဝတီရဲ့ ကဗျာတွေ

တွေးတောင်တွေးမိကြမှာမဟုတ်တဲ့ စိုးရိမ်သောကစိတ်တွေနဲ့ ဧရာဝတီအတွက် ရင်ပူနေကြရပါပြီ။

ကဗျာဆရာတွေဖြစ်လို့ ကဗျာတွေနဲ့ ညည်းတွားကြရတော့တာပေါ့။

၂၀၁၁ ဇွန်လ ဧရာဝတီအထူးထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းထဲက ကဗျာဆရာတွေရဲ့ ဧရာဝတီသောကတွေပါ..

အားလုံးထပ်တူ ထပ်မျှ ခံစားနိုင်ကြမယ် ယုံကြည်မှုနဲ့ ပိုစ့်တစ်ခုအဖြစ် မျှဝေပေးလိုက်ပါတယ်။


ရေပြင်က ဒေါသမရှိ ပကတိ အေးချမ်းသာယာသည် ချစ်စွာသော ဧရာဝတီ ဒဂုန်တာရာ

မောင်လင်းရိပ်

မိုးဝေး

နိုင်မွန်အောင်သွင်

မှိုင်း(ဆေး ၂)

မနော်ဟရီ

အိန္ဒြာ

စိုးရိမ်

သော်ဇင်အုန်း

အေးည

နိုင်ဦးကို

တပ်ဦးလေ

မိုးသစ်ဝေ

မိုးသစ်ဝေ

ငခါး(ကွမ်းခြံကုန်း)

မောင်ခင်သာ (တောင်တွင်း)

Aမွန်

August 27, 2011

ဖူကူရှီးမား ဂီတ

ဒီလ အိုင်ဒီယာမှာပါခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။

ဂျပန်မှာ ဆူနာမီဖြစ်တဲ့ အချိန်မှာဖြစ်ခဲ့ရခဲ့တဲ့ ခံစားချက်ကလေးကနေ ချရေးဖြစ်တဲ့ ကဗျာလေးဖြစ်ပါတယ်။

ဆူနာမီကြောင့် လဲပြိုကျန်ရစ်တဲ့ ဆာကူရာပင်ကနေ ပန်းလေးတစ်ပွင့်ပွင့်ပြတဲ့ အကြောင်းနဲ့ ဒုက္ခသည်ပြည်သူတွေကို စိတ်ဓါတ် ခွန်အားတွေပေးနိုင်မယ့် သီချင်းတွေဆိုပြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘေးအန္တရယ်တွေကြားထဲက သူတို့ပိုင် တူရိယာလေးကိုပဲယူပြီး ထွက်ပြေးသွားကြတယ်ဆိုတဲ့ ဂီတပညာရှင် ဇနီးမောင်နှံအကြောင်းကို ဂျပန်မှာ ရှိနေတဲ့ ချစ်သူငယ်ချင်း သင်းသင်းကပြောပြတာက ဒီကဗျာလေးရဲ့ အစပါ။

လိုအပ်တဲ့ အချက်အလက်တွေကို သူငယ်ချင်းသင်းသင်းထွဋ်နဲ့ ကိုရဲထွဋ်စိုးတို့က ရှာဖွေပေးခဲ့ပါတယ်။ ဘိုလိုကို သူငယ်ချင်း ဇော်ဇော်ထွန်းကဘာသာပြန်ပေးထားတာပါ။


-+-+-+-+-

ကမ္ဘာတစ်ဝှမ်းလုံးက သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လူသားအားလုံးအတွက် ရည်ရွယ်ပါတယ်။ မဖြစ်ခင် ကတည်းက ကြိုတင် ခန့်မှန်း ချင့်တွက် ကာကွယ်လို့ရသမျှ ကာကွယ်နိုင်ကြပါစေလို့လည်း ဆုတောင်းနေမိပါတယ်။

-+-+-+-+-

ဖူကူရှီးမား ဂီတ


နောက်တစ်ကြိမ်ဖြတ်သန်းသွားလာခွင့်မရှိတော့တဲ့ ငါတို့ဇာတိမြို့လေးမှာ

ငါ့အတွက် တန်ဖိုးရှိတာ နောက်ထပ်ဘာမှမရှိတော့သလိုမျိုး

ကိုတို တူရိယာလေးကိုပဲ ငါ ရွေးချယ်မိခဲ့တယ်


နျူကလိယနံ့တွေ မွှန်နေတဲ့ ငါတို့ဇာတိမြို့လေးမှာ ဆာကူရာပင်တွေ အတုန်းအရုန်းလဲကျလို့

အဲဒီ့ ဆာကူရာပင်ကနေ ရဲရဲတောက် ပွင့်ပြနေခဲ့တဲ့ တစ်ပွင့်တည်းသော ပန်းလေးကို

မမှတ်မသုံ ငါရပ်ကြည့်ခဲ့ပြီး

ကိုတို တူရိယာလေးကို ငါရွေးချယ်ခဲ့လိုက်တယ်။


ပျောက်ဆုံးသွားတဲ့ ငါ့မိသားစုဝင်တွေနဲ့ ပြန်ဆုံရသလိုမျိုး

ဂီတသံတွေ ထုံမွှန်းနေတဲ့ ငါ့တို့ အိမ်လေးမှာ ပြန်လည်နေထိုင်ခွင့်ရလိုက်သလိုမျိုး

ငါ့သားငယ်လေးရဲ့ ဟယခုချိ စကားပြောကျင့်သံလေး နာယံထဲချိုမြလာသလိုမျိုး

ကိုတို တူရိယာလေးကို ငါ ရွေးချယ်မိခဲ့တယ်


ရူနေရတဲ့လေကိုသံသယစိတ်တွေနဲ့ကြားက

နင်းထားရတဲ့မြေကို စိုးရိမ်နေရတဲ့ကြားက

တစ်ကြိမ်အလဲကို အကြိမ်တစ်ရာမက ပြန်ထူထနိုင်ကြဖို့..

ကိုတို တူရိယာလေးကို ငါရွေးချယ်မိခဲ့တယ်။


ငါ့ အဖေရဲ့ သူရဲကောင်းပုံပြင်တွေ နောက်တစ်ကြိမ် ကြားနာခွင့်ရလိမ့်မယ်

ငါ့အမေရဲ့ အိုဒိုးရိ ရိုးရာအက မှာ နောက်တစ်ကြိမ် စည်းလိုက်ခွင့်ရဦးမယ်..

ငါတို့ အတူတကွ ကျင်းပခဲ့တဲ့ တနဘတ ပွဲတော်လေးမှာ

ငါ့ဆန္ဒတွေကို နောက်တစ်ကြိမ် ချည်နှောင် ဆုတောင်းဖို့

ကိုတို တူရိယာလေးကို ရွေးချယ်မိခဲ့တယ်….


“မျက်ရည်တွေ စီးမကျနိုင်အောင် ငါ မျက်နှာကို မော့ပြီးလမ်းလျှောက်တယ်” အဲဒီ့ သီချင်းကို ငါတီးခတ်ဖို့

“အိပ်မက်တွေ အမှန်အတိုင်းဖြစ်လာတော့မယ်” အဲဒီ့သီချင်းကို ငါ ဆိုပြနိုင်ဖို့

ကိုတိုတူရိယာလေးကို ငါရွေးချယ်ခဲ့လိုက်တယ်။


ငါတို့ ရဲစွမ်းသတ္တိကို ဒုက္ခနဲ့ မှတ်တမ်းတင်ကြမယ်..အဲဒီ့သီချင်းမျိုးငါရေးစပ်ရမယ်...

ဘယ်လို အလွမ်းအဆွေးအောက်မှာမှ ငါတို့ ဒူးမထောက်ကြဘူး ..

ဘယ်လောက် အန္တရယ်တွေ ရှိပါစေ ငါတို့ အညံ့မခံကြဘူး..

ဒီနေ့ ကြေကွဲစရာတွေနဲ့ မိုးချုပ်ခဲ့တာ မှန်ပေမယ့်

မနက်ဖန်အာရုံဦး နေရောင်ခြည်ကို ငါတို့သာအရင်တွေ့ခွင့်ရနိုင်တယ်

နောင်နှစ် နှစ်ဆန်းတစ်ရက်နေ့မှာ ဖူဂျီစံ တောင်ထိပ်က နေ၀န်းနီကိုစောင့်ကြမယ်….

အဲသလို သီချင်းမျိုးတွေ ရေးစပ်သီဆိုဖို့ ကိုတိုတူရိယာလေးကို ငါရွေးချယ်ခဲ့လိုက်တယ်


ဂီတဆိုတာ မျက်ရည်ကို နောက်ပြန်စီးဆင်းစေတဲ့ အရာပါ

ဂီတဟာစိတ်ဓါတ်မြှင့်တင်ရေး ကိရိယာပါ

ဂီတဟာ စိတ်အနာတရတွေ အတွက်ကုထုံးပါ

ဂီတဟာ ပြန်လည်ထူထောင်ရေး အားမန်ပါ

ဂီတဆိုတာ ကလေးငယ်တွေအတွက် နူးညံ့ ထက်ရှတဲ့ အနာဂါတ်လမ်းညွှန်ပါ

ငါတို့မကြာခင် အိမ်ပြန်ရတော့မယ် အဲသလို သံပြိုင်သီချင်းတွေသီဆိုဖို့

ကိုတို တူရိယာလေးကိုပဲ ငါရွေးချယ်ခဲ့လိုက်တယ်…


ကိုတို တူရိယာလေးတစ်ခုတည်း ငါရွေးချယ်ခဲ့လိုက်တာ......

အတုံးအရုန်းလဲကျနေတဲ့ ဆာကူရာပင်တွေ ပန်းပွင့်ပြနိုင်တဲ့ မြို့ကလေးဆီက

ငါတို့ ရဲ့…နောက်တစ်ကြိမ်ဖြတ်သန်းသွားလာခွင့်မရှိတော့တဲ့ ဇာတိမြို့လေးဆီကပေါ့။ ။


အိန္ဒြာ

(၃.၇.၂၀၁၁)


ဖူကူရှီးမား= Fukushima(၂၀၁၁ မတ်လ(၁၁)ရက်နေ့က ဂျပန်ငလျင်ကြီး ဆူနာမီနှင့် နျူကလိယ ဓါတ်အားပေးစက်ရုံပေါက်ကွဲမှုဒဏ် ခံလိုက်ရသော ဂျပန်နိုင်ငံရှိမြို့တစ်မြို့)

ကိုတို = Kato ( ဂျပန် တူရိယာ )

ဆာကူရာ = Sakura ( ချယ်ရီပင်)

ဟယခုချိ = hara guchi ( ကလေးများ စကားပြောလေ့ကျင့်ခြင်းသင်ခန်းစာ..)

အိုဒိုးရိ = Odori ( ဂျပန်ရိုးရာ အက)

တနဘတ = tanabata ( ၀ါးပင်မှာ ဆုတောင်း စာရွက်လိပ်ကလေးတွေကို ချိတ်ပြီး စုပေါင်းကျင်းပရသောပွဲတော်)

ဖူဂျီစံ = Fujisan ( ဖူဂျီယာမာတောင်)

-+-+-+-+-



FUKUSHIMA MELODY


My home town where there has no chance to pass through over

As nothing else valuable thing for me

But I’d chosen this instrument …KOTO


Nuclear smelled around our hometown,

Collapsed all the SAKURA trees were there

I was gazing the bravely flower which was blossomed on the tree.

Then I'd chosen this instrument.....KOTO

As we seek our family members

As we regain the chance that we could stay back at our home….there is filled with our songs

As pleasant as a sound from my son who is babbling to practise HARA GUCHI

I’d chosen this instrument….KOTO

Although I suspect the air which I am breathing

Although I worry the ground where I am standing

To rebuilt hundred times for falling at one.

I’d chosen this instrument…KOTO

I shall have the opportunity to listen one more time some tales of hero from my father

I shall have the opportunity for making rhythmic beats with my mother's Odori traditional dance

For tying all of my wishes one more time

At the Tanbata festival that we used to celebrate

I'd chosen that instrument....KOTO

I look up when I walk , so my tear won't fall to play the song with that lyrics

Our dreams come true ....to sing the song with that lyrics

I'd chosen that instrument....KOTO


We shall record our braveness with this outrage

We shall not down our knee under the our sadness

How danger ?.... we're not gonna be the losers easily

Today...........although the night is falling with our mourning

Tomorrow......we are the ones who are able to touch our aurora

On this new year's day..

Lets look forward to our sunniness...

Our redly sun at the top of FUJISAN

for making this song I'd chosen the instrument KOTO ...

Music...

is something which can make the flow our the tears inversely

Music.....

is something like an equipment for making motivation

Music....

is something like a treatment for the wounds in your memories.

Music....

.is something like a driving force for reconstruction.

Music....

.is something like a tender instruction for the children.

For singing together this chorus........

“ WE ARE GOING TO COME BACK OUR HOME SOON”

I'd chosen the instrument ...KOTO

KOTO... ... this instrument which I 'd chosen

From the town

Where .....a heap of lying all fallen Sakura trees could give flower

From the town

Where.... there has no chance to pass though over again.


Written By Eaindra

Translated By Zaw Zaw Htun



(ချစ်သူငယ်ချင်း သင်းသင်းထွဋ် ၊ အချက်အလက်တွေ ရှာဖွေပေးခဲ့တဲ့ ကိုရဲထွဋ်စိုး မဂ္ဂဇင်းမှာ ဖေါ်ပြပေးခဲ့တဲ့ ဆရာမ မနော်ဟရီ နဲ့ အင်္ဂလိပ်လို ဘာသာပြန်ပေးခဲ့တဲ့ ကိုဇော်ဇော်ထွန်းတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း)


August 20, 2011

ပတ္တမြား

ဖဘ မှာ ရော ဘလောဂ်မှာရော ကဗျာတွေ စာတွေ မတင်ဖြစ်တာကြာပါပြီ.။

အခု ကိုယ်တိုင်ရေးတဲ့ ကဗျာတိုလေးနှစ်ပုဒ် နဲ့ တဂိုးရဲ့ ကဗျာလေး တစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးချင်လာပါတယ်။

ကဗျာတွေဟာ ခေတ်ရဲ့ သံခိပ် စကားစုတွေပါ..။

ကဗျာက အကြောင်းအရာတွေဟာ ဒိုင်ယာရီလို အဲဒီ့နေ့ရက်တွေကို ကိုယ်စားပြုပါတယ်။

အချိန်က ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတာကို အခိုင်အမာ သက်သေပြနေတဲ့ အချိန်ကာလပါ..

ရောင်နီကို မြင်လာပြီလို့ထင်ပါတယ်..

မြန်မာပြည်ကြီး တိုးတက် ကြီးပွားပါစေ။ ငြိမ်းချမ်း သာယာပါစေ။ မြန်မာပြည်သူပြည်သားတွေ အကြားအလပ်မရှိ လွတ်လပ် ပျော်ရွှင်နိုင်ကြပါစေ။

+++++++++++++++++++++++++++++++++++++++++++++++

by Eain Dra on Friday, 12 November 2010 at 20:26

သူ့ရေတွေဖေါက်ချခံနေရတဲ့ ငါး

ငါးဟာ

အပျင်းပြေ အသတ်ခံဖို့အတွက်တော့

နွံအိုင်ကို ခံတပ်လုပ်မနေဘူး...

သူ့အကြေးခွံ လှန်မပစ်နိုင်သေးသ၍...

သူ့ယုံကြည်ချက် ရွှံ့တွေ နွံတွေကြား

သူ့သစ္စာတရားက

ပတ္တမြား ထပွင့်နိုင်ကြောင်း ပြလိမ့်မယ်။

အိန္ဒြာ

(၁၂.၁၁.၂၀၁၀)

( ပိတောက်ပွင့်သစ်မှာ စိစစ်ရေးငြိခဲ့ပေမယ့် ၂၀၁၀ မြန်မာကဗျာ စာအုပ်မှာပါခဲ့တဲ့ ကဗျာလေးပါ.။)

+++++++++++++++++++++++++++++++++++++++++++++++++

by Eain Dra on Saturday, 13 November 2010 at 23:44

ပတ္တမြား

တစ်လောကလုံး လင်းလက်သွားသလို

အမှောင်ထဲမှာ အပြုံးက ယုံကြည်ချက်နဲ့ပွင့်ပြတယ်။

အလိုလို တိုးဝင်ပူးကပ်လာတဲ့ ခွန်အားသတ္တိများ

မကြုံဖူးတဲ့စကားလုံးတွေ သမိုင်းစာမျက်နှာပေါ်ထင်ဟတ်ခဲ့..။

မျက်ရည်တွေ

မျက်ရည်..တွေ

မျက်ရည်...တွေ....

ဒီမျက်ရည်တွေဟာ အရင်မျက်ရည်တွေကို ဆေးကြောပေးမယ့် မျက်ရည်ပေါ့

ခရီး....

လက်တွဲပြီးချီတက်

ဒီနေရာကနေ တစ်ဖ၀ါးချင်းပြန်စကြမယ်....ပန်းတိုင်ဆီ။ ။

အိန္ဒြာ(၁၃.၁၁.၂၀၁၀)

( ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်လွတ်တဲ့နေ့က ရေးဖြစ်ခဲ့တဲ့ ကဗျာတိုလေးဖြစ်ပါတယ်။)

++++++++++++++++++++++++

ဂီတဉ္ဖလီ(၃၅) (လွတ်လပ်သောနိဗ္ဗာန်)

စိတ်က မကြောက်ဘဲနှင့် ခေါင်းကို မတ်စွာထားနိုင်သောအရပ်၌လည်းကောင်း၊

ပညာသည် လွတ်လပ်ရာ၌လည်းကောင်း၊

ကမ္ဘာကို ကျဉ်းမြောင်းသော လူမျိုးစုနံရံများဖြင့် တောက်စိပ် ပိုင်းခြားမှု မရှိရာ၌ လည်းကောင်း၊

...စကားသည် နက်ရှိုင်းသော သစ္စာတွင်းမှ လာသောအရပ်၌လည်းကောင်း၊

မနေမနားသောအားထုတ်မှုသည် နိဗ္ဗာန်သို့ လက်လှမ်းသော အရပ်၌လည်းကောင်း၊

ဆင်ခြင်မှု ချောင်းရေသန့်သည် အကျင့်ဆွေး သဲကန္တာရ တွင်ခရီးလမ်းစ မပျောက်ရာ၌ လည်းကောင်း၊

စိတ်ကို အစဉ် ပြန့်ပြူးသော တွေးဆ ပြုလုပ်မှုတို့သို့ အရှင်ရှေ့ဆောင်ရာ၌ လည်းကောင်း၊

ထိုလွပ်လပ်သောနိဗ္ဗာန်၌ ငါ တို့ ၏ တိုင်း ပြည် သည် နိုး ကြား နိုင် ပါ စေ သ တည်း..။

ရာဘင်ဒြာနတ်တဂိုး

(တဂိုးစာပဒေသာ ၊ မောင်ဖြူး၊ ဇော်ဂျီ၊ မင်းသုဝဏ်)

July 31, 2011

ပန်းချီဆရာကြီး ရာဟုလာ ကွယ်လွန်ခြင်းနှင့် ဆရာကြီး၏ နောက်ဆုံးအချိန်မှာ ကျင်းပခွင့်ရလိုက်သော ရသအလင်းမှ ဂုဏ်ပြုငွေပေးအပ်ပွဲ

ဒီနေ့ဟာ ရသအလင်းဖောင်ဒေးရှင်းအတွက် ကြေကွဲစရာ အမှတ်ရစရာတွေနဲ့ ဘယ်လို့မှမေ့ပျောက်မရနိုင်မယ့်နေ့ဖြစ်ပါတယ်။

ရသအလင်းဖောင်ဒေးရှင်းရဲ့ မှုဆောင်အဖွဲ့ဆုံးဖြတ်ချက်နဲ့ ရသအလင်းဖောင်ဒေးရှင်း မှ လည်ချောင်းကင်ဆာရောဂါခံစားနေရတဲ့ ပန်းချီဆရာကြီးရာဟုလာ ကို ၂၄.၇.၂၀၁၁ နေ့က ဆေးဝါးကုသစရိတ်အလို့ငှာ အနုပညာဂုဏ်ပြုငွေအဖြစ် (၃)သိန်းတိတိ ပေးအပ်ခဲ့ပါတယ်။

မန္တလေးမှ ဆရာကျော်ရင်မြင့်က အစစအရာရာတာဝန်ယူဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ဒီကနေ့(၃၁.၇.၂၀၁၁) မင်းကွန်းက ပန်းချီဆရာကြီး ရာဟုလာ အိမ်မှာ အခမ်းအနားလေးနဲ့ ပေးအပ်ဂုဏ်ပြုဖို့ စီစဉ်ခဲ့ကြပါတယ်။

မနက် ၁၀နာရီပတ်ဝန်းကျင်လောက်မှာ ဆရာကျော်ရင်မြင့်နဲ့ မန္တလေးမှ စာနယ်ဇင်းသမားများ ဂျာနယ်လစ်များ စုစုပေါင်း (၁၂)ယောက်ခန့်ဆရာကြီးရဲ့ အိမ်ကိုရောက်ကြတော့ ဆရာက တော်တော်လေး ရောဂါဖေါက်နေခဲ့ပါပြီ။

ဒါပေမယ့် ကြိုတင်သတင်းပေးထားခဲ့တာအတွက် အလှူငွေကို ၀မ်းမြောက်ဝမ်းသာ လပ်အုပ်လေးချီပြီး လက်ခံခဲ့ပြီး သာဓုအနုမောဒနာခေါ်ဆိုလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းမှာလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်.


ဒါပေမယ့် အခုကြားလိုက်ရတဲ့ သတင်းကတော့....


လည်ချောင်းကင်ဆာဝေဒနာကိုခံစားနေ ရရှာတဲ့ ပန်းချီဆရာကြီး ရာဟုလာ (အသက်၆၇နှစ်) ဒီကနေ့ 31-7-2011 မွန်းလွဲ 12:15 အချိန်မှာ မင်းကွန်းမှာရှိတဲ့သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားပါ၍ ကျန်ရစ်သူမိသားစုနဲ့အတူ

အထူးကြေကွဲဝမ်းနည်းရပါတယ် ။ မနက်ဖြန် နေ့လည် ၃နာရီမှာ သင်္ဂြိုလ်ပါမယ် ။


( ဂုဏ်ပြုငွေတွေကို လက်ခံပြီးဆရာကြီး ၁နာရီကျော်ကျော်လောက်အကြာမှာ ဆရာကြီးဆုံးပါးသွားခဲ့ပါတယ်.။)


ရသအလင်းအနေနဲ့ မိသားစုနဲ့ထပ်တူ အနုပညာလောကနဲ့ထပ်တူ ဖြေမဆည်နိုင်အောင်ကြေကွဲခံစားကြရပါတယ်။

ဒါပေမယ့် ဆရာကြီး မကွန်လွန်မှီအချိန်ပိုင်းမှာ သူတစ်သက်လုံးမြတ်မြတ်နိုးနိုး နက်နက်ရှိုင်းရှိုင်းလုပ်ကိုင်လာခဲ့တဲ့ သူ့အနုပညာဟာ နောက်ဆုံးအချိန်အထိသူ့ကိုစောင့်ရှောက်သွားတယ်လို့ဂုဏ်ယူကြည်နူးခွင့်ပေးလိုက်နိုင်တာအတွက်၊ နောက် ပန်းချီဆရာကြီးရာဟုလာရဲ့ တန်ဖိုးရှိလှတဲ့ပန်းချီဆရာဘ၀ဖြတ်သန်းမှုအတွက် ၊ ရသအလင်းက ကိုယ်နိုင်တဲ့ တာဝန်လေးတစ်ခုကိုတော့ ကျေနိုင်လိုက်တယ်လို့ နှစ်သိမ့်ဖြေဆည်နေမိကြပါတယ်။

အခု ဆရာကျော်ရင်မြင့်နဲ့ ဆရာတွေအားလုံး ဆရာကြီး ရာဟုလာရဲ့ဈာပနာ အခမ်းအနားမှာရှိနေကြပြီးဆရာကြီးရဲ့နောက်ဆုံးအချိန်မှာအလှူငွေလက်ခံနေပုံတွေ သတင်းအသေးစိတ်တွေကိုထပ်မံ ဖေါ်ပြပေးသွားပါ့မယ်။



ပန်းချီဆရာကြိး ရာဟုလာ

ဒဏ်ရာများနဲ့ ပန်းချီဆရာ.။

'ရူးသွပ်ခြင်းများစွာနဲ့ အလုပ်လုပ်ရမှာပဲ''

''အနုပညာဆိုတာ တစ်စုံတစ်ခု ရူးသွပ်မှ ရတာ'' ဆိုတဲပ အနုပညာမှာ ကိုယ်စိတ်နှလုံးသုံးပါးစလုံးပျော်ဝင်ပူးကပ်နေခဲ့တဲ့ ပါရမီရှင်


နောက်ဘ၀မှာ အနုပညာကို ရူးရူးမက်မက် လုပ်ကိုင်နေတဲ့ ပန်းချီဆရာကြီး

ငြိမ်းချမ်းတဲ့ရေခံမြေခံမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာတဲ့ ပန်းချီဆရာကြီးဖြစ်ပါစေ..။



ရသအလင်းအဖွဲ့သားများ



××××××××××××××××××××

ဧရာဝတီက စီစဉ်တင်ဆက်တဲ့ ဆရာကြီးရာဟုလာနဲ့ အင်တာဗျူးပါ..

https://www.youtube.com/watch?v=Ov3Z8h9kfSY&feature=player_embedded

××××××××××××××××××××



ပန်းချီဆရာ ရာဟုလာ အကြောင်းကို ဆရာကျော်ရင်မြင့် ရေးသားပြုစုတဲ့ "ဘ၀ဇာတ်ခုံ" စာအုပ်တွင်လည်းဖတ်ရှုကြည့်နိုင်ပါတယ်။

".....နောက် ဒုတိယတစ်ယောက်က ပန်းချီဆရာ ရာဟုလာ...။ ပြောရရင် ဗင်းဆင့်ဗန်ဂိုးကို ဘယ်သူမှန်း မသိတဲ့သူပေါ့။ ကျွန်တော်သဘောကျတယ်။ သူက မိဘသဘောမတူသူနဲ့ အိမ်ထောင်ပြုတဲ့ပြီးနောက် လမ်းမှာ ကားနဲ့ ဖြတ်သွားတဲ့အဖေကိုတွေ့တော့ ဆိုက်ကားနဲ့ လိုက်ပြီး အမွေတောင်းတယ်။ ဒါနဲ့ သူငယ်ချင်းတွေက သူ့ကို ရာဟုလာ လို့ခေါ်ကြတယ်။ ပန်းချီဆွဲတော့ ပထမနာမည်ရင်း ဖြစ်တဲ့ အောင်မြင့်နဲ့ရေးသေးတယ်။ အောင်မြင့်တွေများတော့ သူက နာမည်ပြောင်းလိုက်တယ်။ သူငယ်ချင်းတွေ ခေါ်တဲ့နာမည်ပဲပြောင်းလိုက်တယ်။ ရာဟုလာ... လို့။ ဆီဒိုးနား ဟိုတယ်မှာ one man show ပြဖို့ ဇော်ဝင်းထွဋ်က ကူညီပေးတယ်။ ဟိုတယ်မှာ တည်းခိုင်းတော့ မတည်းနိုင်ဘူး။ ဘုန်းကြီးကျောင်းမှာပဲ တည်းမယ်လုပ်တဲ့သူပေါ့။ ရန်ကုန်မှာ အိမ်ဆောက်ပေးမယ်ဆိုတော့ တောပဲပြန်မယ်လုပ်သူလည်းဖြစ်တယ်လေ..."

xxxxxxxxxxxxxxxx


ယခုသတင်းဆောင်းပါးကတော့ မနှစ်တုန်းက လျှပ်တစ်ပြက် (Vol3. No.1)မှာ ပါဝင်ခဲ့တဲ့ သတင်းဆောင်းပါးပါ။


"မင်းကွန်းပုထိုးတော်ကြီး ဘုရားဘေးက ''Rahula Art Workshop'' လို့ အမည်ပေးထားတဲ့ ခြံဝင်းကျယ်ကျယ်နဲ့ အိမ်ကလေးမှာ ပန်းချီရေးနေတဲ့ ''ပန်းချီဆရာ ရာဟုလာ''လို့ ပြောလိုက်ရင် မုတ်ဆိတ်ကျင်စွယ်တွေနဲ့ ဆေးလိပ်ခဲပြီး နေတတ်တဲ့ ပန်းချီ၊ ဂီတအနုပညာ အကြောင်းတွေ ပြောရင် မျက်ဝန်းတွေ တောက်ပလာတတ်တဲ့ ဆရာ ရာဟုလာကို ပြေးမြင်မိကြမှာပါပဲ။ ဒီမင်းကွန်းက ဆရာရာဟုလာရဲ့ ပန်းချီကားတွေကို ကုန်းတစ်တန်၊ ရေတစ်တန်၊ ဖြတ်သန်းပြီး ရန်ကုန်မြို့အထိ ယူလာတာ ''Untitled Life ''တစ်ကိုယ်တော်ပြပွဲကို စီစဉ်ကျင်းပပေးပြီး သြဂုတ်လ (၂၅)ရက်ကနေ စက်တင်ဘာလ (၂)ရက်နေ့ အထိ ခင်းကျင်းပြသ ပေးခဲ့ကြတာကတော့ ''မိုးခ'' ပန်းချီအနုပညာ ပြခန်းပိုင်ရှင် ဦးဘိုဘို၊ ဆရာဆန်နီညိမ်းနဲ့ မိုးခဝိုင်းတော်သားတွေ ဖြစ်ပါတယ်။

''မိုးခ''ကို ပိုပြီးကျေးဇူးတင်စရာကောင်းတာကတော့ ပန်းချီကားတွေ သာမက၊ ကျန်းမာရေးသိပ်မကောင်းတဲ့ ဆရာ ရာဟုလာကို မင်းကွန်းကနေ ရန်ကုန်အထိ သက်သောင့်သက်သာလာနိုင်အောင် စီစဉ်ပေးခဲ့တဲ့အပြင် စာနယ်ဇင်းတွေ၊ ပန်းချီဆရာတွေ၊ ပန်းချီမြတ်နိုးသူတွေနဲ့ ဆုံတွေ့ခွင့်ရအောင် ဖန်တီးပေးခဲ့ကြတာပါပဲ။

စာနယ်ဇင်းပွဲမှာ ဆရာ့ကျန်းမာရေးအရ စကားသိပ်မပြောနဲ့ ကုလားထိုင်မှာ ထိုင်ပြီးပြောဖို့ ပန်ကြားခဲ့ကြပေမဲ့ ဆရာက အားမရလို့ဆိုပြီး မတ်တတ်ရပ် ပြီးပြောတဲ့အပြင် ကျန်းမာရေးမကောင်းလို့ အားပျော့နေတဲ့ မျက်ဝန်းတွေပါ တလက်လက်တောက်ပလာပြီးမရပ်မနားပြောနေပါတော့တယ်။

ကျွန်တော်က ပန်းချီကို ဦးသန်းမောင်တို့နဲ့ ပိုစတာရေးခဲ့တာက စဝင်လာ ခဲ့တာပါပဲ။ ကားနံပတ်ရေးတာလည်း ပါတာပေါ့။ နောက်တော့ ဘကြီးတော်စပ် သူက အောင်မောင်းကြီးဇာတ်ထဲမှာ ပန်းချီရေးတော့ မဏ္ဍပ်ဆင်တာတွေ ဘာတွေမှာပါရင်း ဘုန်းကြီးပျံလောင်တိုက်တွေမှာလည်း ပန်းတွေဘာတွေ ဝင်ရေးရာကနေ မျက်စိရည်ဝပြီး ဦးသောင်းဖေနဲ့တွေ့တော့ ပိုစတာတွေ၊ ဆိုင်းဘုတ်တွေ ရေးဖြစ်ခဲ့ပါတယ်။

မန္တလေးမှာ ဦးချစ်မြဲတို့၊ ဦးအေးကျော်တို့ ဦးကံညွန့်တို့ဆီမှာတက်ရင်း ပန်းချီကျောင်းမပြီးခင် (၁၉၆၄)မှာ တစ်နေရာရောက်သွားပြီး အကြာကြီးနေခဲ့ ရတယ်။ အဲဒီက ပြန်လာတော့လည်း ပန်းချီရေးတာပဲ။

ကျွန်တော်အရင်ကတော့ Realism ရေးပါတယ်။ အရှိကိုအရှိအတိုင်း ရေးတာပေါ့။ Solo Show တွေကို ရန်ကုန်မှာ(၄)ပွဲ၊ မန္တလေးမှာ(၄)ပွဲလုပ်ခဲ့ တယ်။

နာက်တော့ Realism တွေကို သင်ကြားခဲ့ရတာတွေတဖြည်းဖြည်းပါး လာပြီး ရေးချင်တာတွေရေးလာခဲ့တာပါပဲ။ အနုပညာကို ကျွန်တော်ဆရာကြီးမြို့မငြိမ်းရေးတဲ့သီချင်း(၃)ပုဒ်နဲ့ တင်စားပြီးပြောချင်ပါတယ်။ ဆရာမြို့မငြိမ်းက သီချင်းကို Realism နဲ့လည်း ရေးတယ်။ နိမိတ်ပုံနဲ့လည်းရေးတယ်။ နောက် Abstract လို့ သူ့ကိုယ်တိုင် တောင် သိမသွားတဲ့ အမြင်သစ်၊ အတွေးသစ်တွေပါတဲ့ Abstract နဲ့လည်း ရေးသွားပါတယ်။

ပထမဆုံး ''စစ်ကိုင်းတောင်''သီချင်းပေါ့၊ အဲဒါဆိုရင် Realism ရေးနည်း နဲ့ ရေးတာ၊ ''စစ်ကိုင်းတောင် အထက်နားဆီက ရှေ့တလွှားရှုလိုက်ရင်လေ ဧရာဝတီ၊ ဒုဌာဝတီ . .'' ဆိုတဲ့ သီချင်း၊ ကျွန်တော်အခုမဆိုနိုင်တော့လို့ ဖြစ်နိုင်ရင် သံနေသံထားနဲ့ တောင်ဆိုပြချင်ပါတယ်။

ဒီသီချင်းက အနုပညာသဘောပြောရရင် Realism ပေါ့။ ပုညရှင် စေတီတို့၊ ဒုဋ္ဌာဝတီတို့ကို အရှိအတိုင်း၊ အမြင်အတိုင်းရေးတာ။ ကျွန်တော်တို့ ပန်းချီမှာ လည်း Realism ဆိုရင်ဘုရား၊ကျောင်း၊တန်ဆောင်းပြသာဒ်တွေ ရေးကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မန္တလေးကို Outdoor ထွက်ပြီး ဒါတွေရေးခဲ့ပါတယ်။

ဒုတိယနိမိတ်ပုံ တင်စားချင်တာက သင်္ကြန်သီချင်းပါ။

''ဖြူဖြူပြာပြာနီနီဝါဝါ၊ ဝေဆာမြူးလို့နေ'' ဆိုတာ

ဟိုတုန်းက မန္တလေးသင်္ကြန်ဆို မဏ္ဍပ်တွေက အနီရောင်ဝတ်စုံတွေ၊ အပြာရောင်ဝတ်စုံတွေ၊ အဝါရောင်ဝတ်စုံတွေ ဆိုပြီး မဏ္ဍပ်အလိုက် ဝတ်ကြတယ်။ ဆရာငြိမ်းက ဒါကိုပန်းတွေနဲ့ နိမိတ်ပုံတင်စားပြီးရေးခဲ့တာပါ။

''ဟောတစ်ရုံ၊ ဟောတစ်ရုံ၊ ပန်းမျိုးစုံလို့လေ''

''ညှင်းလေသွေး''တို့ဘာတို့လည်း နိမိတ်ပုံတွေပေါ့။

ဘယ်သူမှ မလုပ်သေးဘူး ဆရာငြိမ်းလုပ်သွားတာ။

နောက် Abstract ဆိုတဲ့ သိခြင်း၊ မသိခြင်းတွေရေးတာကတော့

''မပြီးသေးသော ပန်းချီကား''သီချင်းပါပဲ။''မျက်စေ့ကို မှေးမှိတ်၊ အိပ်စက်ရာတွင် . .

ချောင်းလိုလို၊ မြစ်လိုလိုတစ်ခုသော ကမ်းစပ်ရောက်လာသည်တွင် ထိုစဉ် လှော်ခပ်သူလည်း ရောက်မလာ''

ဆိုတာတွေက ခပ်ဝါးဝါးလေး ထင်နေတာတွေ ''Abstract'' တွေပါ။

အခု ကျုပ်တို့ ဒီနေ့ရေးနေတာ အဲဒါမဟုတ်လား။

ကျွန်တော့် ပန်းချီကားတွေကိုကြည့်(၁ဝ)ယောက်ကြည့်ရင်(၁ဝ)မျိုး ခံစားရတာပဲ။

ဟိုတုန်းကတော့ Technique တွေရေးတယ်။ မိန်းကလေးဆိုလည်း အချိုးအဆက်ပြေဖြစ်အောင် လှပအောင်ရေးတာ။

အိမ်မှာ ကင်းဘတ်(စ်)၊ စုတ်၊ ဆေးတွေ အဆင်သင့်အမြဲချထားတယ်။ ရေးချင်တာ၊ အာရုံရတာ ကောက်ရေးလိုက်တာပဲ။ မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းလဲ၊ မျဉ်းမတ် . . .ဒီ ဘောင်ထဲက ဘယ်လွတ်လိမ့်မလဲ။

ပြီးရင် ဆေးမခြောက်မချင်း ထိုင်ကြည့်တယ်။ တချို့က လေးဘက်လေးတန်လုံး ခံစားရတယ်။ တစ်ခါတရံ(၃)ဘက်၊ တစ်ခါတရံ (၂)ဘက်၊ တစ်ခါတရံ (၁)ဘက်တည်း ခံစားရတယ်။ တစ်ခါတလေကျတော့လည်း လုံးဝ ပျက်စီးသွားတာပဲ။

(၁ဝ)ချပ်ရေးရင် Masterpiece (၂)ချပ်ပဲထွက်တယ်။

အနုပညာဆိုတာ ပန်းချီမှမဟုတ်ဘူး။ ဂီတတို့စာပေတို့လည်း ရေးတိုင်း မရပါဘူး။ အာရုံရတဲ့အချိန် ''ဘတ်ခနဲ''ကောက်ရေးမှရတာ။ Emotion ဆိုတဲ့ ''ဈာန်''ရမှ ရေးတယ်။ တစ်ပတ်လောက်ထောင်ကြည့် ပြီး ပါးပါးလေးတစ်ချက်လုပ်လိုက်တာ။

Emotion နဲ့စပြီး Emotion နဲ့ ဆုံးတာရှိသလို Emotion နဲ့စပြီး Technique နဲ့ဆုံးတာရှိတယ်။ Technique နဲ့စပြီး Emotion နဲ့ ဆုံးတာလည်းရှိတယ်။ များသောအားဖြင့် Emotion နဲ့စပြီး Technique နဲ့ ဆုံးတယ်။

ပန်းချီနဲ့ပတ်သက်ရင် အချိန်မရွေးမေး၊ ရှိတာနဲ့ ဆွဲပြနိုင်တယ်။ ရေးချင်သလို ရေးပြီး ရချင်သလိုရတယ်။ ဒါပေမဲ့ ''အကြောင်းအရာတစ်ခု'' အဲဒါကြီးက ရင်ထဲမှာရှိတယ်။ ဒါကို ကြမ်းတမ်းသိမ်မွေ့မှုတွေ၊ ဝေဒနာတွေနဲ့ ပေါင်းစည်းလိုက်တော့ တစ်စုံတစ်ခု တွေ့သွားတာပဲ။

ပန်းချီကားဝယ်မယ်ဆိုရင် ပန်းချီဆရာရဲ့ နောက်ကြောင်းရာဇဝင်ကို သိကို သိရမယ်။ Abstract ကို ဗိုလ်စောလည်းရေးတယ်။ ဦးမျိုးခင်၊ ဦးထွန်းစိန်၊ Dr ကိုကိုကြီးတို့လည်း ရေးတယ်။ ကျွန်တော်လည်း ရေးတယ်။

ဒီလေးငါးယောက်မှာ ဘဝအတွေ့အကြုံခံစားချက်တွေ မတူတော့ Abstract တွေက ဘယ်လိုမှ မတူနိုင်ဘူး။

အရောင်ဆိုလည်း ကျွန်တော့်မှာ အရောင်စွဲမရှိဘူး။ ဒါပေမဲ့ ပန်းချီကား တစ်ချပ်မှာ Beauty တစ်ခုတော့ရှိတယ်။ အလှတရားတစ်ခုတော့ ရှိတယ်။ Colour နဲ့ Tone ဘယ်ဟာ အဓိကလဲ၊ ဒီနှစ်ခုက ဒင်္ဂါးပြားများလို ဟိုဘက်၊ ဒီဘက်ဖြစ်နေတာ။

ကျွန်တော့်အမြင်တော့ Tone က အဓိကလို့ မြင်တယ်။

အနုပညာရှင်ဟာ လောဘ၊ ဒေါသ၊ မောဟတွေကင်းရတယ်။ ဒါတွေ များနေရင် ဘယ်တော့မှ ပန်းချီကားမဖြစ်ဘူး။

ကျွန်တော်က ကိုယ်လုပ်ချင်ရာတွေ လုပ်ထားတာ၊ တစ်သိန်းနှစ်သိန်းပေးရင် တော်ပြီပေါ့။ '

'ရူးသွပ်ခြင်းများစွာနဲ့ အလုပ်လုပ်ရမှာပဲ''

''အနုပညာဆိုတာ တစ်စုံတစ်ခု ရူးသွပ်မှ ရတာ''

(ဆရာ ရာဟုလာ ပြောသွားတဲ့ စကားတွေကို အကျဉ်းချုပ် ပြန်တင်ပြထားတာပါ -စာရေးသူ)

ဆရာက မေးမြန်းဆွေးနွေးကြဖို့ ပြောတော့ ''ထူးအိမ်သင် portrait'' ကို Expressionism နဲ့ ရေးထားတဲ့ ဆရာ့ Emotion ကိုမေးဖြစ်ပါတယ်။

[ကျွန်တော်က ထူးအိမ်သင်ကို လေးစားခဲ့တာ၊ မန္တလေးစိန်ရတုမှာ သုံးည၊ ရန်ကုန်မှာ သုံးညကတော့ ထူးအိမ်သင်ကို တွေ့ခဲ့တာ၊ အဲဒီတုန်းက သူရှိသေး တယ်။ သူနဲ့ မသိပေမဲ့ ကြိုက်လည်းကြိုက်တယ်။ ကျွန်တော်က setting ကိုင်ရတော့ သူ့ကိုကားကြားထဲမှာ အိပ်နေတာတွေ့တယ်။ မိန်းမကိုတောင် ခေါ်ပြရသေးတယ်။

သီချင်းလည်း ဆိုလိုက်ရော၊ ဒိုင်းခနဲပဲ၊ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုသွားတာ၊ ဒီလူနဲ့ ပတ်သက်လို့ အဲဒီမှာ ရူးသွပ်သွားတာပဲ၊ တော်တော်လေးစားသွားတယ်။ သူ့သီချင်းတွေလည်း စုဆောင်းခဲ့ဖူးတယ်။ နောက် ဂျာနယ်တစ်ခုမှာ ဂစ်တာတီးတဲ့ပုံတွေ့တော့ ထူးအိမ်သင် portrait ရေးမှပဲဆိုပြီး ကောက်ပြီး Sketch ခြစ်ရင်း အပြာရောင်တွေ ရေဆေးအထူ ရေးနည်းတွေ ဖြစ်လာတာပါပဲ'

ချိတ်ထားတဲ့ ကားတွေထဲမှာ 46x33 inches အရွယ် Untitled (2010)ဆိုတဲ့ကားဟာ ကျွန်မမင်းကွန်းသွားတုန်းက တွေ့ခဲ့တဲ့ကားပါ။ ဆင်စီး ချင်းတိုက်ပွဲကို အနီတွေ အဝါတွေနဲ့ ရေးထားတာ တွေ့လို့ ဆရာ့ကို ဒီကားနဲ့ ပတ်သက်ပြီးမေးတဲ့အခါ ပြောပြခဲ့တာလေးကိုလည်း သတိရမိပါတယ်။

[မင်းကွန်းမှာ အခုနေနေပေမဲ့ ကျုပ်ရွှေဘိုသားလေ ဆရာမရဲ့၊ ဒီတော့ ကုန်းဘောင်ရာဇဝင်လှန်ဖတ်မိပြီး ဒီကားရးချင်စိတ်ပေါ်လာတယ်။ မုဆိုးဖိုရွာကို တလိုင်းတွေသိမ်းတော့ ထန်းလုံးခံတပ်တွေနဲ့ ပြန်တိုက်တာ။ ဝါးရင်းတုတ် တွေနဲ့ တပ်သားတွေစုပြီး မုဆိုးဖိုရွာသူကြီးဦးအောင်ဇေယျကိုယ်တိုင်ထွက် တိုက်တာကို ရေးတာ။

တိုက်တာမှ ဆရာမရေ မောင်းထုပြီးတော့ အားရပါးရ တရကြမ်းတိုက်တာ။ ကျုပ်မှာရေးနေရင်း ဘယ်ကအားအင်တွေ ဝင်လာမှန်းမသိဘူး။ အရောင်တွေက အနီတွေ၊ အဝါတွေရဲရဲရင့်ရင့် သုံးပြီး ကိုယ်တိုင် ဝင်တိုက်နေရသလို ပါပဲ'

ဆရာ့စကားတွေထဲက အမှတ်တရစကားလေးကိုလည်း သတိရမိလိုက် ပါတယ်။ အဲဒါကတော့

[နောက်ထပ် တစ်ကိုယ်တော်ပွဲ(၈)ကြိမ်မြောက် တစ်ပွဲလုပ်ဖို့တော့ မောင်း တင်ထားတာပဲ။ အခုတော့ ''ပုထိုးတော်ကြီးဘေးက Rahula Art Workshop မှာ ရာဟုလာ ပန်းချီရေးနေသည်ပေါ့'

ဆိုတဲ့စကားလေးပါပဲ။ ဒါကြောင့် ဆရာရာဟုလာရဲ့ ကားတွေနဲ့ (၈)ကြိမ်မြောက် တစ်ကိုယ်တော်ပွဲ လုပ်ပေးတဲ့အပြင် ''ပုထိုးတော်ကြီးဘေးက Rahala Art Workshop မှာ ပန်းချီရေးနေတဲ့ ရာဟုလာ''ကို မိုးခအနုပညာပြခန်း အထိ ခေါ်လာနိုင်တဲ့ မိုးခအနုပညာပြခန်း ဝိုင်းတော်သားတွေကို လေးစားစွာ ကျေးဇူးတင်မိခဲ့ရပါတယ်။

ဒါဟာ ဆရာရာဟုလာအတွက် အကောင်းဆုံးအားဆေး တစ်ခွက်လည်း ဖြစ်မှာပါပဲ။ (Congratulation ! ပါ ဆရာရာဟုလာ



ခင်သန်းဖြူ(artist & writer)"