September 1, 2014

ကန္တာရ ပန်းပွင့်




ကန္တာရ ပန်းပွင့်  (၁)။

ယက်လုပ်ပြီးခါစ ပိုးကတ္တီပါ အနက်စလို 
ချောမွတ်နက်ပြောင်နေတဲ့ အရေပြားတွေအောက်ကနေ
ကမ္ဘာကြီးကို ချောင်းမျောင်းကြည့်လိုက်တယ်။
ဝါရစ်(စ်)ဒီရီရဲ့ပထမဆုံးမြင်ကွင်းထဲမှာ
အဖေက အာဖရိကန်ခြင်္သေ့တစ်ကောင် ဟိန်းသလို ရယ်မောလို့
လူမသေသေးပေမယ့် ခံစားချက်တွေ အကုန်သေနှင့်သွားတဲ့အမေက
 ရွှံ့စေးတွေ လိမ်းကျံထားတဲ့ ကြွက်တွင်းတစ်တွင်းလို အိမ်ခေါင်းထဲကနေ
အဖေ့ဆီကို မျက်ဝန်းအသေတွေနဲ့ ငေးမျှော်လို့ ၊
ဝါရစ်(စ်)ကို ထွေးပိုက်ထားတဲ့ အမေ့လက်တွေကတော့
အက္ကာစီရာဆူးပန်းရွက်တွေလို ကြမ်းရှနေခဲ့တယ် ။
ခရီးဝေးနှင်လာပုံပေါ်တဲ့ ကုလားအုပ်ခြေသံတွေရယ်..
တံလျှပ်တွေတလက်လက်ထနေတဲ့ အပူရောင်လွင်ပြင်ရယ်..
အရောင်အသွေးစုံခြုံပုဝါတလွင့်လွင့်တွေနဲ့ အရွယ်အစားစုံကလေးသူငယ်တွေရယ်
အချက်ကျကျတီးခတ်နေတဲ့ သားကောက် ဗုံသံတေးချင်းရယ်..
အမေက သူမကို အမွှေးနံသာတွေနဲ့ လိမ်းကျံတော့
ဝါရစ်(စ်)က ခိုးခိုးခစ်ခစ်ရယ်မောလို့
အသက်ရှင်ခြင်း ဆိုတာ ရိုးရာအစွဲအလမ်းရဲ့ ကျိန်စာ
ဘဝဆိုတာ အယူသည်းခြင်းတွေရဲ့ အဆိပ်တစ်ခွက်
လူမိန်းမဆိုတဲ့ဖြစ်တည်မှုဟာ တွင်းဆုံးအထိ ကျတဲ့ငရဲ လို့
မသိနားမလည် တတ်သေးတော့
ဝါရစ်(စ်) ရယ်မောသံတွေမှာ ဘယ်လို အနာတရမှ စွန်းထင်း မနေသေးဘူးပေါ့။

ကန္တာရ ပန်းပွင့်  (၂)။

ဝါရစ်(စ်)ရဲ့ ဒုတိယမြောက်မြင်ကွင်းဟာ ကိုရမ်ကျမ်းစာအုပ်မှာပါမလာခဲ့ဘူး
စုန်းအိုမကြီး မန္တန်စုပ် နေသလို တတွတ်တွတ်ရွတ်သီနေသံနဲ့
အဖွားအိုရဲ့မျက်ဝန်းမွဲမွဲသီသီတွေဟာ စိတ္တဇရောင်တောက်ပလို့
အဖွားအိုရဲ့ လက်တွေကိုတော့ နတ်ဆိုးမိစ္ဆာတွေ ပူးဝင်နေခဲ့တယ်
ပန်းလေးတစ်ပွင့်ရဲ့ ဝတ်ဆံကို ဖဲ့ချလိုက်သလို
နူးညံ့လွန်းတဲ့ အသားကို လှီးဖြတ်ချုပ်သီလိုက်ချိန်မှာ
လိင်အင်္ဂါကို နှလုံးသားကို စိတ်ကို ဘဝကို လူမိန်းမရဲ့ဖြစ်တည်မှုတွေကို
အစိမ်းလိုက် ဖြတ်ထုတ်နေချိန်မှာ
ကောင်းကင်ထဲ လင်းတငှက်တွေ တရုန်းရုန်း ဝဲပျံလို့
ဝါရစ်(စ်) အသံကုန်အော်ဟစ်လိုက်သံက ဆိုမာလီကို ပဲ့တင်ရိုက်ခတ်လို့
သွေးစိမ်းရှင်ရှင်တွေ မျက်ရည်ပူပူတွေနဲ့ ဆိုမာလီယာတစ်ခုလုံး ပူလောင်ရွှဲနစ်လို့
အမေကတော့ ငရဲမီးနဲ့ တစ်ဘဝလုံးအစားခံထားရသူလို
သမီးရေ…
ဒါ အမျိုးသမီးတိုင်းအတွက် ဂုဏ်သိက္ခာ
ဒါ အပျိုစင် စစ်စစ်အဖြစ်ကို ချိတ်ပိတ်ထားတဲ့ သော့တံခါး
ဒါဟာ သန့်ရှင်းစင်ကြယ်ခြင်းရဲ့ ပြယုဂ်
ဒါဟာ အနာဂါတ်သတို့သားအတွက် အမွန်မြတ်ဆုံးပေးဆပ်မှု
အမေ့ပွတ်သတ်ချော့မြူနေခြင်းမှာ အဲဒီ့လို အဓိပ္ပာယ်ဆောင်နေမလား
ဟင့်အင်း
ဟင့်အင်း သမီး မိန်းမ မဖြစ်ချင်တော့ဘူး..
အဲဒီ့နေ့ကစ..
ဝါရစ်(စ်) နှလုံးအိမ်ကို နာကျည်းကြောက်လန့်ခြင်းတွေနဲ့ သံပူကပ်ခံခဲ့ရပေါ့

ကန္တာရ ပန်းပွင့်  (၃)။

အပူရောင် လွင်ပြင်နဲ့ ဆိတ်အုပ်တစ်အုပ်ဟာ ဝါရစ်(စ်)ရဲ့ တတိယမြင်ကွင်းတွေပါပဲ
မွေးကာစ ဆိတ်ကလေးတွေကတော့ ဝါရစ်(စ်) ကို ပျော်ရွှင်စေခဲ့တယ်
ဒီလိုပဲ ဘဝဆိုတာ ကန္တာရထဲ ပွင့်တဲ့ ပန်းတစ်ပွင့်လို့
စိတ်နဲ့ကိုယ် အသားတကျနေတတ်အောင် အရာရာက သွန်သင်သွားခဲ့ပေါ့။

ဝါရစ်(စ်) ရဲ့ ရွှေရည်သိမ်းသစ်အရွယ်ဟာ ချောက်ချားဖွယ်ရာ အိပ်မက်ပဲ
၁၃နှစ်ဆိုတာ မောင်အငယ်တွေနဲ့ ကစားလို့ ကောင်းတုန်းအရွယ်ပါ အဖေရယ်
အနာတရပေါင်းများစွာနဲ့ ထိမ်းသိမ်းလာခဲ့တဲ့ အပျိုရည်တည်စကလေးကို ဒီလူအိုကြီးကို တည်ခင်းဖို့ ၊
ပဉ္စမြောက် ဇနီးမယားအဖြစ် ဒီအမဲရောင်သစ်ကိုင်းခြောက်တွေလို လူကြီးရဲ့ခြေရင်းမှာ စတေးပစ်လိုက်ဖို့
ဘယ်လိုနှလုံးသားနဲ့ ဘယ်လိုအသိစိတ်နဲ့ အဖေရွေးချယ်ခဲ့သလဲ
လူသေတစ်ကောင် ဖုတ်သက်ဝင်နေသလိုမျက်နှာထားနဲ့ လှုပ်ရှားသက်ဝင်နေရှာတဲ့ အဖေ့အငယ်ဆုံးဇနီးလေးလို
သမီးကို တစ်ဘဝလုံးရှင်သန်ဖို့
ဘယ်လို စာနာမှုနဲ့ ဘယ်လို အယူသီးမှုနဲ့ အဖေဆုံးဖြတ်ခဲ့သလဲ။

အမေ့ ငိုရှိုက်သံကြောင့် ဝါရစ်(စ်) နိုးထခဲ့လေသလား
ဝါရစ်(စ်) ငိုကြွေးနေသံကြောင့် အမေ မအိပ်နိုင်တာလား..
သားအမိနှစ်ယောက် အပြန်အလှန် ထွေးပိုက်ထားမိချိန်က
သန်းကောင်ယံအချိန်လွန်ခဲ့ပြီ…
ပြေးတော့…
အာဝေနိက ဒုက္ခတွေဆီကနေ ငါ့ သမီးပြေးတော့
အယူသည်းခြင်းတွေဆီက
လူသားမဆန်ခြင်းတွေဆီက
တစ်ဖက်သတ်ဖိနှိပ်မှုတွေဆီကနေ….ငါ့သမီး ထွက်ပြေးသွားပါတော့…
ကန္တာရထဲမှာ သေသွားခဲ့ရင်တောင်
ဒီငရဲထက်တော့ သာလွန်နေပေးဦးမပေါ့…
နောက်တစ်ကြိမ် တွေ့ဖို့ မသေချာတော့တဲ့ အမေ့ကို ဝါရစ်(စ်) အနမ်းနဲ့နှုတ်ဆက်တော့
အမေက အလ္လာကို မျက်ရည်လည်ရွဲတိုင်တည်နေခဲ့တယ်။
နောက်ကို ပြန်လှည့်မကြည့်စတမ်း ထွက်ပြေးလာခဲ့တဲ့ သန်းကောင်ယံမှာ
ဆိုမာလီယာဟာ အမေ့ငိုရှိုက်သံနဲ့ တသိမ့်သိမ့် တုန်ခါလို့။


ကန္တာရ ပန်းပွင့်  (၄)။

ဝါရစ်(စ်) အတွက် အနာတရတိုင်းက ခွန်အားပဲ
ရုန်းထွက်လွတ်မြောက်လိုခြင်းက လက်နက်ပဲ
မိရိုးဖလာဆိုတာကတော့ ဆိုးရွားရက်စက်လွန်းတဲ့ ကျိန်စာ
မြင်ကွင်းတွေက အမေကို လွမ်းတဲ့အလွမ်းနဲ့ ဝေဝေဝါးဝါးရှိပေမယ့်
ကလေးအိမ်ဖေါ်အလုပ်ဟာ ဆိတ်ကျောင်းရတာလောက် မပင်ပမ်းသလို
ဆိုင်သန့်ရှင်းရေးဝန်ထမ်းမှာ လူအိုကြီးတစ်ယောက်ရဲ့ ရမ္မက်နံ့တွေရှိနေဘူး..၊
မာရီလင်လို ချစ်စရာသူငယ်ချင်းကောင်းရှိပြီး
ရေပိုက်ခေါင်းခလုပ်နိုပ်လိုက်ရင် ရေတွေ အလိုလိုထွက်ကျလာတတ်တဲ့ လန်ဒန်ဟာ
အစိမ်းရောင် ဖိနပ်တစ်ဘက်တည်းနဲ့ ခြေချခဲ့ရပေမယ့် နေပျော်စရာ.၊

ကမ္ဘာပေါ်မှာရှိသမျှလူတွေ အသားအရောင်နက်မှောင်နေမယ်လို့
ကမ္ဘာပေါ်မှာရှိသမျှမိန်းမတွေမှာ သူ့လို ချုပ်သီလှီးဖြတ်ထားမယ်လို့
လူမိန်းမဆိုတာ လူယောကျာ်းတွေပိုင်ဆိုင်မှု နံပါတ်စဉ်ထဲက တစ်စုံတစ်ရာလို့
ဘဝဆိုတာ ငရဲခန်းဆန်ဆန်ပြဇာတ်လောက်သာလို့
ဝါရစ်(စ်) ထင် မြင်ထားသမျှ မယုံကြည်နိုင်အောင်လွဲချော်နေခဲ့ရ..၊
ခြုံပုဝါတွေအောက်က ရုန်းထွက်လာတဲ့အခါ
ဘဝမှာ သာယာနာပျော်ဖွယ်ရာတွေရှိမှန်းလည်း ဝါရစ်(စ်)သိလာခဲ့ရပေါ့။

အနက်ရောင် ပုလဲတစ်လုံးလို ချောမွတ် ထွန်းပြောင်နေမှုက
ဝါရစ်(စ်) ဘယ်နေရာမှာထားထား မမှေးမှိန်နိုင်ဘူး..
ပိုက်ဆံအနည်းငယ်ရဖို့ ဓါတ်ပုံအရိုက်ခံခဲ့တဲ့ ဝါရစ်(စ်)ဟာ
စူပါမော်ဒယ်ဆိုတာ ဘာမှန်းမသိတတ်ခဲ့
ပင်ဆယ်လ်ဟီးကို ဘယ်လိုစီးရမယ် မသိခဲ့
အင်္ဂလိပ်စကားကို အာဖရိကန်လေသံပျောက်အောင်မပြောတတ်ခဲ့
ဒါပေမယ့်
အစွမ်းကုန်ပွင့်လန်းနေတဲ့ အလှပဆုံး တောရိုင်းပန်းတစ်ပွင့်လို
ကင်မရာမီးရောင် တဖျတ်ဖျတ်အောက်မှာ
Cat Walk စင်မြင့်တွေထက်မှာ ၊ မဂဇင်းစာမျက်နှာတွေမှာ..
နှစ်လိုငေးမောနေကြတဲ့ မျက်ဝန်း အသိန်းအသန်းတွေရှေ့မှာ..

ရှည်လျားသွယ်ဖြောင့်တဲ့ ပေါင်တံရှည်တွေနဲ့ ဆံနွယ်အခွေအလိပ်တွေက
ဝါရစ်(စ်)ဒီရီကို ကမ္ဘာ့အမြင့်ဆုံးကို ပို့ပေးဆောင်ပေးခဲ့ပြီ.။


ကန္တာရ ပန်းပွင့်  (၅)။

ခမ်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လို့
မိုက်ကရိုဖုန်းကနေထွက်နေတဲ့ ဝါရစ်(စ်) အသက်ရှုသံကလွဲရင်
စိတ်ဝင်စားမှု ကရုဏာတွေနဲ့ တဖိတ်ဖိတ်လဲ့နေတဲ့ မျက်ဝန်းအစုံစုံကလွဲရင်
သူမကိုယ်တိုင်ပြန်ကြားနေရတဲ့ နှလုံးခုန်သံတွေကလွဲရင်
ခမ်းမတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်လို့..
ငါ အဆင်ပြေပါတယ် မာရီလင်ရယ်..
ဝါရစ်(စ်)မျက်ဝန်းတွေကတော့ ကြယ်စင်နှစ်စင်းလို တဖျပ်ဖျပ်ထွန်းလင်းနေခဲ့တယ်။


ကျွန်မအမေကို ကျွန်မချစ်တယ်
ကျွန်မ မိသားစုကို ကျွန်မချစ်တယ်
အာဖရိကကိုလည်း ကျွန်မချစ်တယ်
ကိုရမ်ကျမ်းစာထဲမှာမပါဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ကျော်ကတည်းက
ဒီအယူသည်းမှု အစွဲအလန်းကို ကျွန်မတို့ ဖျောက်ဖျက်ပစ်ရမယ်..
သတို့သားက ဓား ဒါမှမဟုတ် လှီးဖြတ်စရာတစ်ခုခုနဲ့
ကျွန်မတို့ ချုပ်သီထားတာကို လှီးဖြတ်ပြီး ကာမအရသာခံနေတဲ့
မင်္ဂလာဦးညတွေကို ကျွန်မတို့ ပုန်ကန်ကြရမယ်။
ရုပ်ရော စိတ်ရော နာကြင်ကြေမွနေတဲ့ အမျိုးသမီးဘဝတွေကို ကယ်တင်ရမယ်
ကျွန်မတစ်ယောက်တည်း စွန့်စားရုန်းထွက်နိုင်ခဲ့ပေမယ့်
ဆိုဖီယာက မင်္ဂလာဦးညမှာတင်သွေးလွန်လို့
အမီနာက သားအိမ်ပြင်ပမှာ သနေ တည်လို့
ဒီ ရိုးရာ အဆိပ်အတောက်ကြီးကြောင့် ကျွန်မ အစ်မတွေ အသက်ပေးသွားခဲ့ရ..
ဒီလို သွေးပျက်စရာအဖြစ်ဆိုးမျိုးနဲ့ ပန်းကောင်းတွေ အညွန့်ကျိုးခဲ့ရသလဲ
အနာဂါတ်တွေ ဘယ်လောက် တိမ်းမှောက်ခဲ့ရသလဲ…
ဘဝတွေ ဘယ်လောက် စတေးပြီးခဲ့ပြီလဲ
ကျွန်မတို့ ပထမခြေဖဝါးက စကြမယ်..
နောက်ဆုံးရောက်နေတဲ့ ကုလားအုတ်လည်း
ရှေ့ဆုံးကုလားအုတ်လောက် လမ်းလျှောက်မြန်သလိုမျိုး
အခု ကျွန်မဖြစ်တည်မှုကိုယ်ကျွန်မ ဂုဏ်ယူနေရသလိုမျိုး
ကျွန်မနိုင်ငံသူတွေကို တကယ့် အမျိုးသမီးဖြစ်စေဖို့ ……..

ဝါရစ်(စ်)အသံဟာ တုန်ခိုက်ပေမယ့် ပြတ်သားလို့
ဝါရစ်(စ်)တစ်ကိုယ်လုံးကတော့ နာကြင်မှုနဲ့ တဆတ်ဆတ်ခါလို့
ဝါရစ်(စ်) စိတ်မှာပေါ့ အစွမ်းကုန် ပေါ့ပါးသွားခဲ့တယ်..
မြင်ကွင်းက အိမ်မက်တစ်ခုလိုလို..
ခမ်းမတစ်ခုလုံး  ကြေကွဲမှုတွေနဲ့ တိုးတိတ်ငြိမ်သက်
နောက်တော့ မဆုံးနိုင်တော့တဲ့ လက်ခုပ်သြဘာသံတွေ
ဝါရစ်(စ်) မျက်ရည်ပူတွေ ကမ္ဘာအရပ်ရပ်အထိ ကူးလူးသွားခဲ့ကြ..
ချောက်ချား တုန်လှုပ်မှုတွေနဲ့ တစ်ကမ္ဘာလုံး မင်သက်သွားခဲ့ကြ
လူသာချင်းစာနာမှု နဲ့ ကရုဏာတရားတွေချင်း ယှက်သွယ်ပေါင်းစည်းသွားခဲ့ကြ..
တညီတညွတ်တည်း တွဲဆက်လိုက်ကြတဲ့ ယုံကြည်မျှော်လင့်ချက် လက်တွေ..ညီညွတ်မြဲမြံသွားခဲ့ကြ..

+++

ဆိုမာလီယာမှာတော့ သစ္စာဖေါက် မိန်းတစ်ယောက်ကို ပေါက်သတ်ဖို့
ကျောက်တုံးတွေ စုဆောင်းနေကြပေါ့။


အိန္ဒြာ
3/4/2014

အမျိုးသမီးများစောင့်ရှောက်ရေးအတွက် Desert Flower Foundation , Desert Dawn Foundation နှင့် PPR Foundation for Women’s Dignity and Rights’ တို့ကို တည်ထောင်ခဲ့သော ဆိုမာလီယာ မော်ဒယ် Waris Dirie ကို ဂုဏ်ပြုရေးဖွဲ့သည်။
ကိုးကား : Desert Flower ရုပ်ရှင်နှင့် အွန်လိုင်း Wikipedia မှ သတင်းအချက်အလက်များ



December 19, 2013

တစ်နှစ်မှာ နှစ်သန်းခွဲ ၊ ဆယ့်နှစ်စက္ကန့်မှာ တစ်ယောက်နှုန်း ခြေသံ




ပိုစတာ(၁)။
ကယ်ရာမဲ့ တောင်းပန်တိုးလျှိုးသံ တစ်ကြောင်းဆွဲ စုတ်ချက်
မျက်သားပြာပြာလေးထဲ ဘာမှကို မကျန်ရှိတော့တဲ့ အနှုတ်လက္ခဏာ
အနာဂါတ်တွေ တိုးဖျော့တိမ်ဝင်သွားပုံ ဖိုးဂရောင်းနဲ့ ပိုးသားဂါဝန်မွမွလေး
နာကျင်ကြောက်ရွံ့ခြင်းများနဲ့  အထပ်ထပ်သေဆုံးခြင်း အသက်ဓါတ်
ဒီ့ထက် ပြာမိုက်စရာမရှိတော့တဲ့  ညထဲက နောက်ထပ်ညနက်ရဲ့ ပုံတူ..

၎ x အပျိုစင်

ငွေကြေးအမြောက်အများနဲ့ အပျိုစင်ညကို ဝယ်ယူကြ
အပျိုစင်ညနဲ့ ကံကောင်းခြင်းတွေကိုဝယ်ယူကြ
ကောင်းသတင်း ၊သားကောင်းရတနာ၊ လာဘ်လာဘနဲ့ ကြွယ်ဝချမ်းသာမှု…
ကံကောင်းခြင်းတွေက ဒါတွေအားလုံးကိုဆောင်ယူလာလိမ့်မယ်လို့..
သူတို့  တကယ့်ကို ယုံကြည်နေကြပေါ့..။
အခု အခန်းထဲမှာ ကျွန်မကို တစ်ညတာ ဝယ်ယူမယ့်
အမျိုးကောင်းသားကြီး ရောက်နေပြန်ပြီ
အသက်၁၀နှစ်အရွယ် အပျိုဖေါ်ဝင်ပြီဆိုတာနဲ့ ကျွန်မကို သူတို့ ရောင်းစားခဲ့ကြတာ..
တစ်ခါ ၊ နှစ်ခါ ၊ သုံးကြိမ် သုံးခါအထိ သူတို့ ဈေးကွက် သူတို့ စီမံချုပ်သီမှုနဲ့ ကျွန်မက အပျိုစင်ပါပဲ
အခုက…ကျွန်မရဲ့ ၄ ကြိမ်မြောက် အပျိုစင်ညဆိုပါတော့..။

(ကမ္ဘောဒီးယား အမျိုးသမီးငယ် ၊ကမ္ဘောဒီးယား)

ပိုစတာ(၂)။
မိစ္ဆာတွေ သွေးဆူနေသလိုမျိုး ပင်လယ်တစ်ခုလုံး လှိုင်းကြီးလေထန်
အချိန်မရွေး လေနီကြမ်းဆင်လာနိုင်သလို  အချိန်မရွေး ဘဝက နစ်မြုပ်သွားနိုင်တယ်
မာကျောတဲ့ မေးရိုးတွေထဲမှာ အားမတန်မှုတွေနဲ့
နာကြည်းမှုရုပ်သေထဲမှာ ပွက်ပွက်ဆူနေတဲ့ အသံတွေနဲ့
ကမ်းမရှိ  လမ်းမရှိ သလို အနာဂါတ်တွေ ဆိုတာလည်းမရှိဘူး..
အရုဏ်က သွေးဆမ်းထားသလို အနီရောင်နဲ့ ဖူးပွင့်လာပြန်ပြီ..

တစ္ဆေလုပ်သား


နယ်စပ်ရောက်တော့ ပွဲစားတွေက ကျွန်တော်တို့ယုံကြည်မှုတွေကို ဆုတ်ဖြဲပစ်လိုက်ကြ
သူတို့က ကျွန်တော်တို့ကို ခွေးတွေလို ဆက်ဆံကြတော့တယ်။
နှစ်ရှည်စာချုပ်၊ ငါးဖမ်းသင်္ဘောအစုတ်အပြတ်နဲ့
၃ လတစ်ကြိမ်တောင် ကမ်းပေါ်တက်ခွင့်မရှိတဲ့ လူသားငရဲ။
ပလပ်စတစ် အသက်ကယ်အင်္ကျီတစ်ထည်နဲ့ ကျွန်တော်..
ဘဝကို လောင်းကြေးထပ်ကြည့်လိုက်တဲ့ အခါ
လှေသူကြီးရဲ့ သေနတ်ပြောင်းဝမှာ ကျွန်တော့် ဝိဉာဉ်က တဆတ်ဆတ်တုန်ခါလို့
ကုန်းပတ်ပေါ်ကနေ  ကျွန်တော့်ကို ကန်ကျောက်ချ
စိတ်ရှိသလို ရိုက်နှက်ထိုးကြိတ်ပြီးတော့မှ ကျွန်တော့်ကို သော့ပိတ်လိုက်ကြတယ်..
ဘယ်သူမှ သတိမမှုမိတဲ့ တစ္ဆေတစ်ကောင်လို
မှောင်မှောင်မဲမဲ ကွန်တိန်နာတစ်လုံးထဲ
ရက်သတ္တဘယ်နှစ်ပတ် ကျွန်တော် ပျောက်ဆုံးနေဦးမလဲ…

မြန်မာရွှေ့ပြောင်းလုပ်သား (ထိုင်းနိုင်ငံ)

ပိုစတာ(၃)။
ချောက်ချားဖွယ်ရာ အခင်းအကျင်းနဲ့ ရိုးရာ အဆိပ်ခွက်
ယုံကြည်မှုကို ယုံကြည်မှုတွေနဲ့ အကြိမ်ကြိမ် သတ်ခဲ့သေခဲ့ပုံ
အယူသည်းခြင်း အစိမ်းတောက်တောက် ကြက်ခြေခတ်အမှတ်အသားများ
သွေးညှီနံ့တွေ ကျိန်စာတွေ အခိုးအငွေ့ကြားထဲက ယဇ်ပူဇော်ပွဲဗုံသံ
အရှိန်တငြီးငြီးမီးတောက်မီးလျှံတွေထဲ အသိဉာဏ်တွေ အဆုံးထိပြာကျနေခဲ့တယ်


မှော်ကလဲ့စား


နိုင်ဂျီးရီးယားမြေကို မစွန့်ခွာခင်လေး
ကျွန်မကို အတုအယောင် ဗူးဒူးအခမ်းအနားတစ်ခုဆီ ခေါ်သွားကြ
ကျွန်မရဲ့ လက်သည်းတွေကို လှီးဖြတ်
ကျွန်မရဲ့ ဆံပင်တွေကို နှုတ်ယူ
ကျွန်မရဲ့ အဝတ်အစားတွေကို စုတ်ဖြဲ
 မှော်မီးပုံကြီးက တဖျစ်ဖျစ်လောင်ကျွမ်းလို့
ကြက်အရှင်တစ်ကောင်၊ တစ္ဆေမျက်နှာဖုံး၊ ဓါးရှည်နှစ်လက်နဲ့ သစ်ကြားသီးတွေလည်းပါသေးရဲ့
ကျွန်မ သွေးပျက်မတတ်ကို ကြောက်ရွံ့မိတာပေါ့
ငါ့ ပွဲစားခတွေကိုသာ နင်အပြည့်အဝ မပေးခဲ့ရင်
နင့်ရဲ့ သေခြင်းတရားက ဆိုးဝါးစေရမယ်..
ဒါဟာ ညည ကျွန်မကိုခြောက်လှန့်ကုတ်ဖဲ့နေတဲ့ အိပ်မက်ဆိုးပါပဲ။
အီတလီမှာ ကျွန်မအတွက် အလုပ်ကောင်းကောင်းတစ်ခု ရစေရမယ်တဲ့
အခုတော့ ခွေးဝဲစားတစ်ကောင်လို ကျွန်မ ယောင်လည်လည်
သူတို့ကို ပေးရမယ့်ငွေလည်း ယူရို တစ်သောင်းနှစ်ထောင်ထက်ပိုမပေးနိုင်ခဲ့
သူတို့က အဖေ့ခြေထောက်တွေကို ရိုက်ချိုးပစ်ပြီး ကျွန်မကို ခြိမ်းခြောက်ကြ
ကျွန်မမှာ နောက်ထပ်ကြောက်ရွံ့စရာ ဘာမှ မရှိတော့ဘူး
ကျွန်မ သူ့ကို မှော်အတတ်နဲ့ လက်စားပြန်ချေမယ်..

(နိုင်ဂျီးရီးယားအမျိုးသမီး( အီတလီ မှ ပြင်သစ်)



ပိုစတာ(၄)
အရှင်လတ်လတ်သေဆုံးခြင်း အသားမာတက် လက်ဖဝါးများနဲ့ စိတ်ခန္ဓာ
အသေးငယ်ဆုံး အသိမ်နုပ်ဆုံးအထိ ဘဝကိုကျုံ့ပေးထားရတော့
ကိုယ်တိုင်ဖြစ်တည်နေခြင်းအရှိတရား ဆို တာ တောင် မရှိတော့..
မနက်တစ်ခုလင်းလာတိုင်း  မျှော်လင့်ချက်တစ်ခု ချုပ်ချုပ်သွားခဲ့တယ်
အိမ်……၊ ဘယ်အရပ်မှာများ ရှိနေလိမ့်မလဲ…
ပိတ်ထားတဲ့ တံခါးတွေရဲ့နောက်မှာ အလွမ်းနဲ့ ဘဝက လောင်မီးကျခဲ့ပြီ..။



ပိတ်ထားတဲ့ တံခါးများရဲ့နောက်ကွယ်


တစ်ရက်မှာ ၂၄ နာရီလုံးလုံး အချိန်ပြည့် အစေခံပါ
အိမ်ရှင်မက ကျွန်မလှုပ်ရှားမှုတိုင်းကို မယုံသင်္ကာနဲ့စောင့်ကြည့်လို့
ကျွန်မကို သူခိုးမလို့ စွပ်စွဲလို စွပ်စွဲ
 ရိုက်မောင်းပုတ်မောင်းလုပ်တာလည်း အကြိမ်ကြိမ်အခါခါပေါ့
စားစရာ တစ်ဆုပ်တစ်ခဲနဲ့ ဆာလောင်မွတ်သိပ်လွန်းလှတဲ့ ညတွေလည်း မရေတွက်နိုင်ခဲ့
ကျွန်မ ဖုန်းမသုံးရ ၊ ကျွန်မ အိမ် အပြင်မထွက်ရ
ကျွန်မ အတွက် ကန့်သတ်ချက် နံပါတ်စဉ်တွေက များပြားလွန်း
ကျွန်မရဲ့ရပိုင်ခွင့်ကတော့ တစ်နေ့မှာ ဆင့်၅၀
အိမ်ရှင်က ကျန်တဲ့ ပိုက်ဆံတွေ နင့်အိမ်ကိုပို့ပေးမှာပါတဲ့
မဟုတ်ဘူး…
အဲဒါ သူတို့ လိမ်နေတာ
ကျွန်မဟာ သူတို့ရဲ့ ကျွန်သဘောက်သက်သက် အစေခံမျှသာ..

(အိန္ဒိယအမျိုးသမီး( ဒူဘိုင်း)


ပိုစတာ(၅)
ဒီအလင်းအစက်အပျောက်လောက်နဲ့ မိုးမသောက်နိုင်ခဲ့ဘူး
ဒီထက် မှောင်စရာမရှိတော့တဲ့ အဆုံး အနက်ထည်အတိုင်းနေမိတယ်
နေ့တွေ ညတွေရဲ့ အနံ့နဲ့ တစ်ဘဝလုံးလုံးမူးဝေအော့အန်လို့
ကိုယ့်ကိုယ်ကို သွန်ပစ်လိုက်ချင်တဲ့ ရွှေညိုရောင် အရယ် အပြုံး အကျိ အချွဲများ…..
အား…………..!!!
အဖြူရောင်စစ်စစ်ဖြစ်ဖို့အတွက် အသက်ကို အသစ်ကပြန်စလိုက်ချင်ပြီ..။

တစ်စုံတစ်ဦး ရဲ့အမေ ၊ နှမ၊ သမီး


သူလိုလူ သူတစ်ယောက်ပဲရှိမယ်ထင်မိရဲ့
ကျွန်မရဲ့ လူသေလိုမျက်နှာထဲက မျက်လုံးအစုံထဲက
သူ ဘာကိုရှာဖွေတွေ့ရှိသွားခဲ့လဲ..
ကျွန်မဆီမှာ လိပ်စာကဒ်ပြားတစ်ခုနဲ့ မင်းကိုငါ ကူညီမယ်ဆိုတဲ့ စကားတစ်ခွန်း
ကျွန်မကို လက်ဖျားနဲ့တောင် တိုးထိမသွားတဲ့သူ..
သူလိုလူ သူတစ်ယောက်ပဲရှိမယ်ထင်မိရဲ့..
ကျွန်မဟာ နာကျင်မှုထဲမှာ ကျိုးပဲ့ကြေမွနေခဲ့သူ
ကျွန်မဟာ သိမ်ငယ်မှုနဲ့ ဆွံအလှောင်ပိတ်နေခဲ့သူ
ကျွန်မ အလိုမတူတာတွေက ကျွန်မကို စုပ်ယူလုံးထွေး
ကျွန်မကိုယ်ကျွန်မ မသဒီတော့တဲ့ အညစ်အကြေးတွေ
ဒါကို သူမြင်သွားလိမ့်မယ်..
ရှင့်ကို ကျွန်မကျေးဇူးတင်ပေမယ့်
ကျွန်မ ဘယ်လို ရုန်းထွက်ရဲပါ့မလဲ..
သူတို့ ကျွန်မကို အပြီးတိုင် ချိုးချေခဲ့ပြီးပြီ…
သူတို့ ကျွန်မဖြစ်တည်မှုတိုင်းကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားပြီးပြီ..
ကျွန်မကိုယ် ကျွန်မ..
 တစ်စစီလိုက်ကောက်ခွင့်ဆို..တာ……….


(ဘူလ်ဂေးရီးယားအမျိုးသမီး(ပြင်သစ်)

+++

ကဗျာဆရာ ချရေးမထားတာတွေကိုလည်း ရှင်တို့ ကြားလိုက်မယ်ထင်မိရဲ့
အဲဒါ ခေတ်သစ်ကျွန်ဇာတ်အသွင်းခံထားရတဲ့ လူသားသန်း(၃၀)ဆီက အသံတွေ..။       


အိန္ဒြာ
၂၀.၁၀.၂၀၁၃
Singaporeနိုင်ငံ Central Plaza   နောက်ဘက် မြစ်ကမ်းနံဘေးရှိ 
 Bought and Sold ( Voice of Human Trafficking ) ခေါင်းစဉ်နှင့် ခင်းကျင်းပသထားသည့် ပိုစတာများမှ ရသောကဗျာ။   

အိုင်ဒီယာမဂ္ဂဇင်း
၂၀၁၄၊ ဇန်နဝါရီ