December 29, 2008

အိန္ဒြာ ( ၁၉၇၃- ...... )

ဒီအသက်အရွယ်မှာ..
ဗုဒ္ဓရှင်တော်မြတ်ဟာ ဘုရားစင်စစ်ဧကန်ဖြစ်နေပြီ
ယေရှုခရစ်က နှစ်ခြင်းခံပြီးပြီ၊

ဒီအသက်အရွယ်မှာ..
ဗိုလ်ချုပ်အောင်ဆန်းက အသက်စတေးလိုက်ရပြီ
မဟတ္တမဂန္ဒီက ဖိနှိပ်မှုဆန့်ကျင်ရေးခေါင်းဆောင်ဖြစ်နေပြီ
လုဒ်ဝစ်ဗန်ဘီသိုဗင်က သူ့ဆင်ဖိုနီကို ဆွဲဖြဲပစ်ရဲပြီ
ချေဂွေဗားရားက သူ့ယုံကြည်ချက်ကို သွေးနဲ့စက်လိုက်ပြီ၊

ဒီအသက်အရွယ်မှာ..
ဗင်းဆင့်ဗန်ဂိုးက အာလူးစားနေတဲ့လက်တွေကို ဆေးသားရင့်ရင့်ချယ်ပြပြီ
မောင်ချောနွယ်က သူပိုင် ရတနာကျွန်းမှာ မင်းမူပြီ
အယ်ဒီဆင်က အသံတွေကို သေတ္တာထဲထည့်သိမ်းထားနိုင်ပြီ
ဘီ(လ်)ဂိတ်စ်က ကုဋေကြွယ်သူဌေးဖြစ်နေပြီ၊

ဒီအသက်အရွယ်မှာ..
ရှယ်လီဆို လှေလေးတစ်စင်းနဲ့ ခရီးဆန့်သွားပြီ
ထူးအိမ်သင်က ညနေကြယ်တစ်ပွင့်နဲ့ ခရီးသစ်ထွင်ပြီ
မာတင်လူသာက ဘာသာရေး ကန့်ကွက်ချက်တွေ ရေးပြရဲနေပြီ
နေးလ်အမ်စထရောင်းက လမျက်နှာပြင်မှာ သူ့ခြေရာတင်ဖို့ အကြီးအကျယ်အိမ်မက်မက်နေပြီ

ဒီအသက်အရွယ်မှာ..
ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူကို အထပ်ထပ်အရောင်တင်နေကြပြီ
ဆစ်ဗီယာပသာ့သ်က ဓါတ်ငွေ့မှိုင်းရှုပြီး အနိုင်ပိုင်းသွားပြီ
မာရီအင်တွိုင်းနက်က နန်းစည်းစိမ်နဲ့ ပေါင်မုန့်ကို လဲပေးလိုက်ရပြီ
မအိက တောင်ပေါ်မှာ ပလိုင်းထမ်းနေပြီ၊

မေမေ့ခမျာတော့ လောကဓံ အသစ်စက်စက်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ရပြီ...

ဒီအသက်အရွယ်မှာ..ပေါ့ .....။
ဒီအသက်အရွယ်..တွေ အတွက်
တန်းမြင့် နှလုံးသား
ယုံကြည်ခြင်း ကိုယ်ရည်ကိုယ်သွေး
ပေးဆပ်မှု အနုပညာ
အခမ်းနားဆုံး အတွင်းစိတ်
အခွင့်အလမ်း၊ ဇွဲ၊ သတ္တိ နဲ့ သိက္ခာ။

ကိုယ့်ဒိုင်ယာရီကိုယ် လိပ်ပြာသန့်သန့် ချန်ရစ်ဖို့
ကိုယ့်ရာဇ၀င်ကိုယ် တင့်တောင်းတင့်တယ် ပြန်ခင်းဖို့
နှစ်ပေါင်း သုံးဆယ်ကျော်ကျော်ဟာ
အမှန်တကယ် လုံ လောက် တယ် တဲ့ လား-

သေချာပါတယ်....
အိန္ဒြာဆိုရင်
စိမ့်အိုင်လာမယ့် သူ့အနာဂါတ်တွေကို ခပ်သောက်ဖို့
သူ့မျှော်လင့်ချက်ကို သူ လက်ယက်တွင်းတူးပြီးစောင့်နေပြီ။ ။

အိန္ဒြာ
(၃၀.၁၂.၂၀၀၆)
မွေးနေ့ဆိုတာကို ရောက်လာခဲ့ပါပြီ..။ လမ်းခုလတ်၃၅ ဆိုတဲ့ အက်ဆေးလေးကို အကောင်းဆုံးရေးမယ်လို့.. ကြိုးစားခဲ့ပေမယ့်.. ခုထိလက်စမသတ်နိုင်အောင် စိတ်တိုင်းမကျအောင် ဖြစ်နေခဲ့ပေမယ့်.. မွေးနေ့ကတော့ ရောက်လာခဲ့ပါပြီ..။ နောက်ဆုံးတော့...အရင်မွေးနေ့တစ်ခုက ရေးဖြစ်ခဲ့တာကိုပဲ တင်တော့မယ်လို့.. စိတ်ကိုဒုံးဒုံး ချပြီး တင်လိုက်ရတာပါ.... အမြဲတမ်း ကိုယ့်ကိုကိုယ်.. ခံစားနေရတဲ့.. စိတ်တစ်ခုကို ချရေးဖြစ်ထားတဲ့ ကဗျာ တစ်ပုဒ်မို့.... ခပ်ကြမ်းကြမ်းဖြစ်နေခဲ့ပါတယ်..။ ဘာပဲ..ဖြစ်ဖြစ် အမှတ်တရအနေနဲ့..မို့..။

December 25, 2008

သုံးဆယ့်နှစ်နှစ်စာ အတွေး

ဒီဝတ်စုံက
ဘယ်ခေတ်မှာ..မှ ပွဲမ၀င်တော့ဘူး ။

ကောင်းကင်ကို ချွတ်ပြီးလဲလို့ရရင်
ကိုယ့်လူက ဘယ်အရောင်ကို ကဲလိုက်ချင်သလဲ
ကိုယ်ကတော့ တိမ်တွေကို နည်း.နည်း..လျှော့ပစ်မယ် ။

သမိုင်းဆိုတာ တစ်နေ့ တခြားထူထဲလာတဲ့ စာအုပ်စင်
ရာဇ၀င်ဆိုတာ နှောင်းလူတွေ အသက်ပြန်သွင်းဦးမယ့် စိတ်ဝိဉာဉ်
ကိုယ့်လူက ... ကိုယ့်သမိုင်းကိုယ် ဖဲဆင်ရိုက်ဦး..မ လို့ ၊
ကိုယ်ကတော့.....ကိုယ့်ရာဇ၀င်ကို အပွန်းပဲ့ မခံနိုင်သလို
နှောင်းလူတွေ ငြင်းဆိုနေမှာကိုလည်း ..
ရှက် တတ် တယ် ။

လမ်းဘေးမှာ ဆေးမြစ်အော်ရောင်းသလိုကြီး..
လက်ခုပ်တဖျောင်းဖျောင်း တီး ပြီး ဂုဏ်ဖေါ်ဖို့ကလည်း
ဘ၀က ခပ်ညံ့ညံ့ မျက်လှည့်ဝိုင်း မဟုတ် ဘာမဟုတ်
ဒီလို ရောင်းအားမြှင့်တင်နည်းမျိုးဟာ..
ဒီခေတ်မှာ သိပ် ရိုး တာ သွားပြီ ။

တောင်ရှည်ပုဆိုး .. ဗန်ကောက်လုံချည် .. ဂျင်းဘောင်းဘီ
ဒါကို ခေတ်ရေစီးပါ..လို့
ပေါ့ပေါ့လွင်လွင် ၊ ကိုယ့်လူ ပြောနိုင်ရင်..
ကိုယ်က
အတ္တ ၊ လှည့်ကွက်
ကိုယ့်ဘက်ကိုယ်ယက်မှု၊
အနုပညာ
လိမ်ဆင်နဲ့ လိင်စိတ် တွေကို ဘုံထုတ်ထားချင်တယ်..။

ဆိုလိုရင်းက...
"သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား” ဆိုတာလည်း
ကိုယ့်လူ သစ်ပင်အတွက်
ကိုယ့်လူ့  ငှက်တွေချည်းပဲ မဟုတ်လား...။

လက်တွေ့ က
အခု ကဗျာရေးနေသလောက် ပေါ့ပါးချမ်းသာ မနေတော့-
မွေးနေ့ ဆိုတာ သေနေ့ ရဲ့ နိဒါန်းစာမျက်နှာ
ဒါ့ထက်ပိုပြီး...ရင် ခုန် ကြည် မွေ့ စ ရာ-
မ ရှိ ။ ။

အိန္ဒြာ

(၂၀၀၆ခုနှစ်၊ဧပြီလထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာပုံနှိပ်ဖေါ်ပြခဲ့ပါတယ်..။ )
(မွေးနေ့တွေတိုင်းနီးပါး..ကဗျာတစ်ပုဒ်လောက်တော့ရေးဖြစ်ခဲ့ပါတယ်..။ အခု..၃၂နှစ်ပြည့်က.ကဗျာလေးကို
(၃၀.၁၂.၂၀၀၈)နေ့ မွေးနေ့ အတွက်အကြိုတင်လိုက်တာပါ..။ လာဦးမယ်ဆိုတဲ့..သဘောပေါ့..။)

December 20, 2008

ရင်နင့် လက်ဆောင်












(အနှိုင်းမဲ့ ချစ်မိခင်ကြီးအားဦးထိပ်ပန်ဆင်လျက်)

အဲဒီ့ လောကဓံမှန်သမျှကို
ဆုတ်ဖြဲပစ်နိုင်ဖို့
စိတ်ကိုမြနေအောင် ချွန်သ ထားလိုက်ပြီ ။

အိမ်မက်ဆိုးတွေက လန့်နိုးလိုက်ချိန်တိုင်း
ဒီးဒီးကျနေတဲ့ ချွေးစိမ်းရှင်ရှင်မှာ
မျက်ရည်ပူတွေ ပါ သွား စမ်း ပ စေ..။

မငိုဘူး...
ဘယ်တော့မှ မ ငို တော့ ဘူး..
ညာလက်နဲ့ သမီးကြီးကို စာပြပေးနေရင်း
ဘယ်လက်နဲ့ သားငယ်လေးကို
ချော့သိပ်ပေးလိုက်မယ် ။

တစ်ခါတစ်ရံ... အရိုင်းဆန်နေခဲ့မလား....
ဒဏ်ရာရ သားကောင်တစ်ကောင်လို
မာန်ဖီသံတွေ ပြင်းထန်နေခဲ့ပြီး
ကြက်သားအုပ်မကြီးလို ဘယ် သိန်း စွန် ငှက် ကိုမဆို
ရင်ဆိုင်ဖို့ ရဲရင့်နေခဲ့တယ် ။

မိသားစု စမ်းချောင်းလေးထဲမှာ
အတူတူ ရေချိုးဆင်းကြဖို့.....
သူ့ကို ပျက်ကွက်ခိုင်းလိုက်တာ
မစောလွန်းဘူးလား ဘုရားသခင်ရယ် ။

အခု မေမေသီခိုင်းနေတဲ့
ပန်းပွင့်လေးတွေဟာ
မင်းတို့ ဖေဖေအတွက်ပေါ့ ကလေးတို့.......
မနက်ဖန် ဖေဖေ့ကို ဦးသွားညွှတ်ကြရင်
မင်းတို့လေးတွေမှာ ဘယ်လို အနာတရ....မှ
ရှိမနေကြဘူး ဆို တာ ......
မေမေ့ ချစ်ခြင်းမေတ္တာအတွက်
တစ်ခုတည်း ကျန်တော့တဲ့ သက်သေပါ ။

အိမ်ခေါင်မှာ မိုးတွေယိုတာက အစ
မီးဖိုထဲ ထင်းမရှိတော့တာ အဆုံး
ကျွန်မ.... ရုန်းနေရပြီ အကိုကြီးရေ... ။ ။
အိန္ဒြာ
(ကလျာမဂ္ဂဇင်းမှာ ပါခဲ့ပါတယ် ။ လတွေ၊နှစ်တွေက.နာဂစ်နောက်ပါသွားလို့သေချာမမှတ်မိတော့လို့ပါ.။ )
မေမေ့အတွက်လို့ရေးပြီး..အားတွေနာနေခဲ့ရတဲ့ကဗျာလေးတစ်ပုဒ်ပေါ့.။

၃၄နှစ်အရွယ်မှာ..ကလေးနှစ်ယောက်နဲ့ မုဆိုးမဘ၀အပြင်တစ်ခြားသောကတနင့်တပိုးကြီးနဲ့ကျန်ရစ်ခဲ့ရတဲ့
မေမေ့အတွက်တော်တော်ကြီးကိုပေါ့ပေါ့ရွှတ်ရွတ်နိုင်နေမှာပါပဲ။မေမေကလည်း"မပြည့်စုံသေးပါဘူးအေ
" တဲ့။
" သေချာတာပေါ့မေမေရယ် မေမေခံစားခဲ့ရတဲ့ ဒုက္ခသောကတွေနဲ့ မေတ္တာတရား
ကို သမီးဘယ်လိုမှမှီအောင်
ရေးနိုင်စွမ်းရှိမယ်..မထင်ပါဘူး.
.
ဒါပေမယ့်သမီးမွေးနေ့ နီးလာတော့ မေမေ့ကျေးဇူးတရားတွေ မေတ္တာတွေကိုပိုပြီးတမ်းတ
လွမ်းဆွတ်နေမိလို့
သမီးရဲ့ blog လေးမှာတင်လိုက်တာပါ..မေမေ..။ "

" မေမေရေ.."
မေမေ့သမီးလေ...
အာရှတိုက်ရဲ့ကျွန်းတစ်ကျွန်းပေါ်မှာ..
ကိုယ်မွှေးခဲ့တဲ့မီးနဲ့..ကိုယ်..
အလျှံတညီးညီးလောင်မြိုက်လို့...


December 16, 2008

ကျက်မှတ်လက်စ ကဗျာ

ကြောင်တစ်ကောင်သိမ်းဝှက်ထားတဲ့လက်သည်းလို
အရေးကြုံလာရင်
အစွမ်းကုန်ကုတ်ခြစ်ပစ်နိုင်ဖို့
အဆင်သင့် ရှိရမယ်..။

မျက်စိတွေကို ရေလောင်းပေါင်းသင်လိုက်
နားတွေကို လှီးဖြတ်ရှပ်လွှာလိုက်
စိတ်ကိုတော့
အကျစ်လစ်ဆုံးထုတ်ပိုးထားရမယ်..။

ခြေ လက် ခန္ဓာ ၊
ဉာဏ်ပညာ....
အို..
မေမေ ဖန်တီးပေးလိုက်တဲ့အရာရာမှာ
သမီးအတွက်အလေးလံဆုံးက
နှလုံးသားပေါ့ မေမေရယ်..။

အချစ်ဆိုတာက
အသက် အရွယ် ရာသီ ရေခံ မြေခံမှာ
စိုးရိမ်ရေမှတ်အထိတက်တဲ့ ဒီရေပါ...၊
အမေ့သမီးက ဒီရေ ဒီလှိုင်း ခပ်ကြီးကြီးမှာမှ
လှိုင်းစီးတမ်း ဆော့ကစားမိခဲ့တယ်..။

အခု ဆဌမအာရုံမှာ လာလာညိနေတဲ့
လေးညှို့တင်သံဟာ
ဟောဒီ့ လက်ဝဲဘက်ရင်အုံအောက်
နောက်ထပ် ထွင်းဖေါက်ဖို့များလား....။

အရေး အကြောင်း ကြုံလာတိုင်း
သက်လုံကောင်းကောင်းရှိစေဖို့
ကိုယ့်ပြဌာန်းချက် ကိုယ်လည်း
သေသေသပ်သပ် ရေးချယ်တတ်ရမယ်..။

အလွမ်းဆိုတာ အနုပညာအတွက်
အခြေမြစ်ဆုံး စားနပ်ရိက္ခာပါ…..
အခု စိတ်နဲ့သီချလိုက်တဲ့ လွမ်းသူ့ကဗျာဟာ
ဘယ်သူ့ ဥယျာဉ်မှာ
အလှပဆုံးဖူးပွင့်သင့်သလဲ...။

တကယ်တော့
ရင်နဲ့မဆန့်အောင် လေးလံလွန့်လွန်းလို့
သမီးအံချထားခဲ့တဲ့ နှလုံးသားဟာ..
အရာရာပါ...... မေမေ..။

ဝင်သက် ထွက်သက် ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်
ဖြစ် ပျက်ဆိုတာ စကြ၀ဠာအမှန်တရားလို့
ဘုရားရှင်ဟောခဲ့တာကိုပဲ သစ္စာဆိုနေလိုက်

ဇက်ကုန်စိုင်းတော့မယ့်မြင်းရိုင်းတစ်ကောင်မှာ
အပိုဝန်တွေဟာ ခရီးဖင့်စေတယ်လေ…။ ။

အိန္ဒြာ
(မုဒိတာမဂ္ဂဇင်းအတွက် ပေးထားခဲ့ပါတယ်)

တကယ်ဆို ဒီဇင်ဘာဆိုတာဟာ..ကိုယ့်မွေးလမို့..အရမ်းမြတ်နိုးရတဲ့လတစ်လပါ...
ခုတော့..စိတ်ပျက်အားငယ်စရာတစ်ချို့တစ်လေကို..ဒီဇင်ဘာကမှ..တိုင်တိုင်ဆိုင်ဆိုင်လာပေးတော့..ပိုပဲဝမ်းနည်းနေမိသလိုလို..
ဒီဇင်ဘာရောက်တာနဲ့..ကိုယ့်မေမေအကြောင်း..ကိုယ့်ဘ၀အကြောင်းရေးထားတာလေးတွေပဲ တင်မယ်ရေးမယ်ပေါ့လေ...
ခုတော့..ကိုယ်...ဒီကို ထွက်လာမယ်လို့ဆုံးဖြတ်ချက်ချပြီးတော့ ရေးဖြစ်ခဲ့တဲ့.ကဗျာလေးကိုပဲတင်လိုက်ပါတယ်..
ကဗျာလေး...နဲ့ ကိုယ့်ကိုကိုယ် အားတွေပြန်တင်းရတာပေါ့...။



December 10, 2008

ခံစားမိရာ...ကဗျာ..

တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
့်ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
်မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ လျှော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ ပန်း၍

တ၀မ်းတစိတ် ညီစေသတည်း။

ဇော်ဂျီ
ကြီးပွားရေးမဂ္ဂဇင်းအတွဲ(၃)၊အမှတ်(၁၀)၊သြဂုတ်လ၊၁၉၃၅

အကြိုက်ဆုံးကဗျာတွေ ဆိုတဲ့ tag ကိုသိလိုက်ရကတည်းက ခေါင်းထဲကိုပြေးဝင်လာခဲ့တဲ့ ကဗျာလေးပါ.။ ဖတ်ဖူးသမျှ တစ်ပုဒ်မကျန်ကြိုက်တဲ့ ဆရာကြီးရဲ့ကဗျာတွေထဲကမှ.. အကြိုက်ဆုံးများစွာတွေထဲကမှ တစ်ပုဒ်ဖြစ်ပါ တယ်။ ၁၉၃၅ခုနှစ်ဆိုတော့ ကျွန်မတို့နိုင်ငံ.. တိုင်းတစ်ပါးရဲ့လက်အောက်မှာ လွတ်လပ်ရေးမရသေးတဲ့ ကာလတွေပေါ့နော်.၊ ဘာတွေ..ဘယ်လောက်ထိတ်လန့်စရာ..အခြေအနေတွေဖြစ်နေခဲ့ရသလဲ..။ ဘာကြောင့်များ.. ဆရာကြီးက စိုးရိမ်တကြီး...တပ်လှန့်နိုးဆော်ခဲ့ရလဲ....

၁၉၀၇ခု ဧပြီလ(၁၂)ရက် နေ့မှာမွေးဖွားပြီး၊ ၁၉၉ဝပြည့်နှစ် စက်တင်ဘာလ ၂၆ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဆရာကြီးဟာ အားလုံးသိကြတဲ့အတိုင်း သူဖြတ်သန်းခဲ့တဲ့ သူ့ရဲ့သမိုင်းကြောင်း တစ်လျှောက်လုံး နောက်တစ်ယောက်အတူ မရှိနိုင်တော့တဲ့ စာပေအနုပညာ အတတ်ပညာသမားတစ်ယောက် အဖြစ် ရပ်တည်ခဲ့တာပါ..။ ဆရာကြီးရဲ့ ကဗျာတွေကိုတစ်ပုဒ်မှ မဖတ်ဖူးပဲ ဒီကဗျာလေးတစ်ပုဒ်ပဲ ဖတ်မိရင်တောင် ဒီစာဆိုကြီးရဲ့ တိုင်းပြည် နဲ့ လူမျိုးအပေါ်ထားရှိတဲ့ ကြီးမားနက်ရှိုင်းလွန်းတဲ့ စေတနာ၊ မေတ္တာတရားတွေကို ကြည်ညိုလေးစားဖွယ်ရာ တွေ့ရှိနိုင်တယ်လို့ ထင်လို့...ရွေးချယ်လိုက်ပါတယ်။

“ကိုယ့်မှာမှ ဘာမှမရှိသေးဘူး၊ သူများပေးချင်တာက အရင်ပဲကိုး။ ကိုယ့်မှာအရင်ရှိအောင် လုပ်ကြစေချင်တယ်။” “ကိုယ့်မှာရှိပြီးမှ သူများပေးရတာ ကောင်းတယ်။ စာများများ ဖတ်ကြစေချင်တယ်။” ဆိုတဲ့ ဆရာကြီးရဲ့ဆုံးမ စကားလေးကိုလဲ.. လက်ဆင့်ကမ်းဖေါ်ပြလိုက်ပါတယ်..။

############################################

ဂျုံးနီ

ဂျုံးနီ
ငါအရက်မူး ပြန်လာတိုင်း ပြန်လာတိုင်း
ငါ့အရက်နံ့ကို မင်းကြိုဆိုနေကျ၊
လူတွေဟာ
သူတို့သောက်တဲ့ ရေကို သူတို့နှာခေါင်းရှုံ့နေကျ၊
လူတွေဟာ
သူတို့ဆောက်တဲ့ အဆောက်အအုံကို သူတို့သည်းညည်းမခံနိုင်ကြဘူး
မင်း ငါ့အရက်နံ့ကို ပျူပျူငှာငှာ လက်ခံနေကျ၊
အရက်သမား ငါ့ကို အသိအမှတ်ပြုနေကျ။

ဂျုံးနီ
ငါ စိတ်အခန့်မသင့်ရင်လေ
မင်းကိုယ်ပေါ်
ငါ့ခြေထောက်တွေ ရောက်နေကျ၊
ငါ့ဒေါသက
ဘာမှမဆိုင်တဲ့ မင်းကိုယ်ပေါ်
ငါ့ခြေထောက်တွေ ရောက်နေကျ၊
နာလွန်းလို့ မင်းအော်လိုက်ရင်တောင်
မင်း
ငါ့ခြေထောက်တွေကို အားနာနေကျ။

ဂျုံးနီ
မင်းအင်အားကုန်သုံးပြီး ခုန်ပေါက်ပြေးဝင်လာ
အမြဲတမ်း ငါ့ကိုကြိုတာ
တာဝန်အရလို့ မင်းစိတ်မှာ မထားမရှိတာ
ငါမြင်ရ
ငါရခဲ့တယ်။

ဂျုံးနီ
ငါ မင်းကို အသားကောင်းကောင်း မကျွေးခဲ့ဘူး
တစ်ခါတစ်ရံတော့
ငါ့စိတ်ကောင်းဝင်နေမှုဟာ
ချောကလက်ကလေးတွေအဖြစ် မင်းစားရပါတယ်။

ဂျုံးနီ
ငါမှတ်မိတယ်
မင်းမြေကြီးကို တူးတူးပြီး ဆော့တတ်တာလေ
ငါသိပ်ကြည်နူးတဲ့ ရှုခင်းလေးပေါ့
ငါက မင်းရှေ့ကိုကျော်ပြီး ခဲလုံးလေးတွေ ပစ်တယ်လေ။

ဂျုံးနီ
လေတဟူးဟူး ထန်နေတုန်းက
မင့်နှုတ်သီးကို ရှေ့ပစ်ပြီး
တအူးအူး တအုအုနဲ့ မင်းအူးမြူးနေတာ
ငါတုတ်နဲ့ လိုက်ရိုက်တော့
မင်းကြောက်ဟန်ဆောင်ပြီး ထွက်ပြေးတာ

ဂျုံးနီ
မင်းကိုယ် ၀၀ဖီးဖီးကြီးကြီးနဲ့
ငါ့ကို ဆောင့်ဆောင့် တိုးဝှေ့နေကျလေ
ငါလက်ဖျောက်တစ်ဖျစ်တီးလိုက်ရင်
မင်းလိုက်လိုက် ဟီဟီနေကျ၊
ငါက မာန်မဲလိုက်တဲ့အခါ
မင်းလျှာကြီးနဲ့ ငါ့ကို မြန်မြန်လျက်တယ်
ငါက လိုလားတဲ့အခါ
မင်းကျောတွေကို ပွတ်ပွတ်ပေးနေကျ။

ဂျုံးနီ
ငါ အခုခါ
အဲလိုမျိုး မာန်မဲအရသာခံချင်တယ်။

ဂျုံးနီ
မင်းမျက်လုံးမှာ
ငါ့မေတ္တာကို မွတ်သိပ်ကြောင်း ပြနေကျအရောင်
ငါအခု ဒါကို မင်းလိုမွတ်သိပ်ရပြီ။

ဂျုံးနီ
မင်းမှာ အသည်းနှလုံးရှိတာ ငါသိပါပြီ။

ဂျုံးနီ
ငါ ဘယ်လောက်ရက်စက်သလဲကွာ
မုန့်ပဲသရေစာလေး မင်းကို ကျွေးတာတောင်
မုန့်ကလေး မင်းကို မြှောက်ပြ
ပြီး …
ဖုန်ထဲပစ်ချလိုက်တာ
ဖုန်ထဲကျနေတဲ့ မုန့်ကလေးကို
မင်း စိတ်မာနမထားဘဲ
မင်းနှုတ်သီးနဲ့ ထိုးဟပ်ပစ်လိုက်တာ
(တကယ်တော့ မေတ္တာဆိုတာ ဖုန်ထဲက မုန့်ကလေးပါလားလို့ ငါမသိလိုက်ခဲ့ဘူးကွယ်)။

ဂျုံးနီ
မင်း နေကောင်းရဲ့လားကွယ်။

ဂျုံးနီ
အိပ်ရာပေါ်မှာ
ဘာမှမလှုပ်နိုင်တဲ့ မင်းသခင်
နောက်ဆုံးထွက်သက်နဲ့ပေါ့
မင်းကို နှုတ်ဆက်ချင်ရဲ့
ငါ့နောက်ဆုံးထွက်သက်နဲ့ပါ
ဂျုံးနီရယ် ။ ။

(မောင်ချောနွယ်)


ကျန်ခဲ့တဲ့ စက်တင်ဘာ(၃)ရက်နေ့က ဆရာမောင်ချောနွယ်ကွယ်လွန်တာ ၆နှစ်တိတိပြည့်ခဲ့ပါပြီ.။
အို.. တကယ်တော့ ဆရာပြောခဲ့သလို..
ကြွေတာကိုက.. ပွင့်ခြင်းပါပဲလေ..
ဆရာမောင်ချောနွယ်ရဲ့ ကဗျာတွေကလဲ.. ဘယ်အပုဒ်လေးကို ဆွဲထုတ်ပြရမှန်းမသိအောင်.. နှစ်သက်ရတာတွေချည်းပဲဖြစ်ပါတယ်။ ဒီအထဲက ဂျုံးနီဆိုတဲ့ ကဗျာ လေးကိုပဲ..ရွေးချယ်လိုက်ပါတယ်..။

သေဆုံးကာနီး နောက်ဆုံးထွက်သက်ကို လုရှုနေရတဲ့အချိန်မှာ တမ်းတမိတဲ့အရာဟာ.. ခွေးတစ်ကောင်တဲ့လေ
သင်ရော.. ဂျုံးနီတစ်ကောင်ပိုင်ဆိုင်ခဲ့ဖူးလား..။
သင်ကိုယ်တိုင်ရော ဂျုံးနီဖြစ်ခဲ့ဖူးသလား..။
ဖုန်တွေပေနေတဲ့ မေတ္တာတရားတွေ.. သင်ပေးခဲ့ဖူးသလား..၊
သင်ရခဲ့ဖူးသလား.. သင့်မှာ ဆုံးရှုံးနေရတာတွေ သိပ်များလာရင်.. ဂျုံးနီတစ်ကောင်လောက် စိတ်ကူးထဲမှာဖြစ်ဖြစ် မွေးမကြည့်သင့်ပေဘူးလား....။

############################################

ထမင်းဝသို့ ကတိ

တစ်သက်စာ၌
စာမွန်စာသင်းဖွဲ့သီခြင်းဖြင့်
ထမင်းသုံးဆောင်ပါရစေ..
တစ်သက်စာ၌
စာညံ့စာဖျင်း ရေးဆက်သွင်းသော်..
အို ထမင်း..
ချက်ချင်းအပင်းဖြစ် လတ္တံ့။ ။

မောင်လင်းခက်(ဟင်္သာတ)

စိတ်ထဲက တစ်ခါတစ်လေ.. အသံတွေထွက်ပြီး ရွတ်ရွတ်နေမိတဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရွတ်မိတိုင်းလဲ.. ကြက်သီးမွေးညှင်းတွေ ထမိတတ်ပါတယ်..။ ဆရာမောင်လင်းခက်.. ဘယ်လိုဝိဥာဉ်မှော်မျိုးတွေနဲ့ ရေးထားရစ် ခဲ့လဲ.. တစ်သက်လုံးစာရေးတာ တစ်ခုတည်းနဲ့ တကယ်ရပ်တည်သွားတဲ့ ကဗျာဆရာပါ..။ နှစ်ဆန်းတစ်ရက်နေ့ တည့်တည့်မှာမှ.. ကွယ်လွန်သွားရရှာသူဖြစ်ပြီး.. ကဗျာဆရာမကြီး မအိကတော့
“ဒါတွေဟာ မမြဲတဲ့အနိစ္စလို့ ပြဆိုချင်တာလား..”
“မင်းမတရားခဲ့ဘူး ကောင်လေး...
အစုအဝေးထဲက အရင်ဆုံးခွဲထွက်
နှစ်ဆန်းတစ်ရက်နေ့ မှာ မှ တဲ့ ကွာ...
တမင်တကာကြီး ရက် ရက် စက် စက်။” လို့ ကွယ်လွန်ခြင်း ဆယ်နှစ်မြောက်မှာ.. လွမ်းဆွတ်ကြေကွဲခဲ့ပါတယ်..။

ကဲ.. ကိုယ့်ကိုဆက်tagတဲ့.. အိမ်မက်ရှင်ရော.. ဒီtagကိုပို့လိုက်တဲ့.. လင်းဒီပကိုရော ကျေးဇူးတင်ပါတယ်။ ကျေနပ်နှစ်သက်နိုင်ကြမယ်လို့လဲ..မျှော်လင့်မိပါတယ်။ အစကတည်းက ခံစားမိရာ ကဏ္ဍလေးကနေ.. နှစ်သက်တဲ့ ကဗျာလေးတွေကို ရေးဖို့ရှိနေတဲ့အစီအစဉ်ကို ခုတော့.. လှလှပပလေး ဖွင့်လိုက်နိုင်ပြီထင်ပါရဲ့...။

အိန္ဒြာ

December 6, 2008

ဒေါင်လိုက် ဖြတ်တိုက်သွားတဲ့ လေ








The Old Tower in the Fields

ဝင်လုဆဲဆဲနေရောင်ကို တိမ်တောင်တွေက အသနားခံနေကြတာပေါ့...။
သွင်သွင်ရမ်းရမ်း ၀ံ့စားနေတဲ့ တိုက်ခတ် လေထဲကို ကျွန်တော် သက်ပြင်းတွေ မှုတ်မှုတ်ထည့်နေမိခဲ့တယ်။
ကျွန်တော်က ဖေဖေ့ နှလုံးသားထောင့်စွန်းမှာ စိုက်ဝင်နေတဲ့ ဆူးရိုင်းတစ်ချောင်းပါ ဖေဖေ။ ဖေဖေ့ ညာ လက်ရုံးးကနေ စီးဆင်းလာတဲ့ကျွန်တော့် ဖြစ်တည်မှုဟာ အဖေ့အတွက် အင်အားတစ်ခုလည်း ဖြစ်မလာခဲ့ဖူးဘူး၊ ဆောင်ဓါး တစ်လက်လည်း ဖြစ်မလာခဲ့ပါဘူး..။
သိပ်ကို တိကျသေချာတဲ့ ၊ စေ့စပ်ထက်မြက်တဲ့ ဖေဖေ့ရဲ့ ချွင်းချက်တစ်ခုလို ကျွန်တော့် ခပ်ရော်ရော် အခင်းအကျင်းတွေကို ကျွန်တော့် စိတ်ညွှန်ရာ အသွင်အပြင် အတိုင်း ဆင်ယင်မိခဲ့တာ. .. ..
ကျွန်တော့် ကျောပိုးအိတ်ထဲမှာ ကျွန်တော့်ရဲ့ အာခံမာနတွေအပြင် ၊ ကျွန်တော် ဖတ်တဲ့ ဖေဖေမကြိုက်တဲ့ စာအုပ် တွေအပြင် ၊ အနုပညာတွေ တနင့်တပိုးပါလာခဲ့တဲ့အကြောင်း ကျွန်တော်က ရဲရင့် ၀ံ့ကြွား နေခဲဖူ့းတယ်လေ..။
စက်တပ်ထားတဲ့ရေယဉ်ရဲ့ ဦးခေါင်းတွေက မြားတစ်စင်းလိုပါပဲ...။
သူထိုးခွဲဖိုးကြိုးစားနေတဲ့ မြစ်ရဲ့ ရင်ဘတ်မှာ လှိုင်း တံပိုး ဒဏ်ရာတွေနဲ့ နာကျင်လို့..။
ဇက်ခွံ့မခံတဲ့ မြင်းရိုင်းတစ်ကောင်လို ဖေဖေ့ရင်ဝကို စုန်ကန်ပြီး ကျွန်တော် ကစုန်စိုင်းပြီးထွက်လာခဲ့တဲ့ နေ့တွေ ညတွေ လေ... ။
ကျွန်တော်က အိပ်တန်းပြန်စရာမရှိတဲ့ သင်းကွဲငှက်တစ်ကောင်လို...၊ ကျွန်တော်က ရေနည်းနည်းလေးထဲမှာ အလန့်တကြားကူးခတ်နေရတဲ့ ငါးဖျင်း တစ်ကောင်လို.....၊
မြို့ကြီးပြကြီးတွေက ရက်စက်တယ်လို့ ကျွန်တော် ဖေဖေ့ကို ပြောမပြချင်ပါဘူး ...။
ဟိုး...ဧရာဝတီကို ကန့်လန့်ဖြတ်ပြီး ပျံသန်းနေတဲ့ ငှက်မည်းလေးလိုနေမှာပါ...၊ အတောင်သိပ် ညောင်း လာလို့ မှ ခဏလေးတောင် ရပ်ပစ်လို့ မရတဲ့ ဘ၀ပေါ့ ...။
ဒါတောင် ငှက်တွေက လေဟုန်စီးလို့ရသေးရဲ့..၊ လူတွေက ငွေဟုန် စီးနိုင်မှ လိုရာရောက်နိုင်တော့လေ..။ ငွေကြေးဆိုတာ စိတ်တိမ်းပွေ အောင်ပြုစားတတ်တဲ့ စုန်းကဝေလို့ ကျွန်တော်က ကြွေးကျော်ခဲ့ဘူးတော့……...
ကျွန်တော်က ဒီအကြောင်းတွေကို ဖေဖေ့ကို ဘယ်ပြောပြမှာလည်း ဖေဖေရယ်...။
ဖေဖေကရော ကျွန်တော်ပြောရင် နားထောင်ချင်ပါ့ မလား..၊
အို......နားရော ထောင်နိုင်ပါ တော့ မ လား...
တောက်..... မိုက်မဲရက်စက်လိုက်တဲ့ အတွေး ကွာ...။
ကျွန်တော့် ရင်တွေ ပူပြင်းလောင်မြိုက်နေလိုက်တာ..။
ကျွန်တော့် နှလုံးသွေးတွေ တဒိတ်ဒိတ် ဆူဝေနေလိုက်တာ…။
ဒီအချိန်မျိုးမှာ ကျွန်တော် အလိုချင်အတောင့်တဆုံး၊ ဘာနဲ့ပဲ လဲပစ်ရ လဲပစ်ရလို့ ကျွန်တော် ကျိမ်းသေနေ မိတဲ့ ဆုလာဘ် ဒါမှမဟုတ် ဆုတောင်းဟာ ဘာဖြစ်လိမ့်မယ် ထင်ပါသလဲ ဖေဖေ..။
ဖေဖေ ခေါင်းသိပ်မာတဲ့ကောင်လို့ ပြောပြောနေတဲ့ အနုပညာမာနခပ်ကြီးကြီးနဲ့ ဖေဖေ့ သားကြီး လေ...
သိပ်ကိုနာကျင်ညောင်းညာနေတဲ့ အတောင်ပံကို အစွမ်းကုန်ဖွင့်ပြီး............
ဖေဖေ့ရင်ခွင်ဆီ
အပူတပြင်း ပြန်လာနေလေရဲ့...။ ။

--------------------

ဧရာဝတီ့ရဲ့ရေတွေ က နှစ်ခါပြန်မစီးကြပေမယ့်.. ၊
ကျွန်တော့်စိတ်တွေက ဧရာဝတီလိုတသွင်သွင်နဲ့ပေမယ့်..၊ နောက်ပြန်စီးနေခဲပါ့တယ်...။
တကယ် တော့ နှစ် နှစ်ဆိုတာ သိပ်မကြာပေမယ့် တော်တော်တော့ ကြာသွားခဲ့ပါပြီ...။
ကျွန်တော် သိပ်ကြောက်တဲ့ ကျွန်တော့်အတန်းပိုင်ဆရာက ကြောက်ရတဲ့ ကျောင်းအုပ်ဆရာကြီးဟာ ကျွန်တော့်ဖေဖေပေါ့..။
ပင်စင်စားဖေဖေ့ကို လာလာ ဂါရ၀ပြုတတ်တဲ့ ဖေဖေ့တပည့် ကျွန်တော့် ဆရာ မြင်သွားမှာစိုးလို့ ကျွန်တော် ပုန်းနေတိုင်း ဖေဖေက အခေါ်ခိုင်းရင် ကျွန်တော်သိပ်စိတ်တိုတတ်တယ်။
တကယ်ဆိုရင်လည်း အဲဒီ့က စခဲ့တယ်။
ကျွန်တော့်ကို ဖေဖေ့ နှလုံးအိမ်ထဲက ရာခိုင်နှုန်းတော်တော်များများပါမယ်ထင်ရတဲ့ ခေါင်းမာစိတ်တွေနဲ့ ၊ ရာခိုင်နှုန်း တော်တော်နည်းနည်းပဲ ပါဝင်မှာသေချာတဲ့ အနုပညာစိတ်တွေနဲ့ တိတိကျကျ ဖွဲ့တည်ခဲ့တယ် ထင်ပါရဲ့ ဖေဖေ။
ဟေ့ ငါ လည်း အနုပညာသိပ်ဝါသနာပါခဲ့တဲ့ ကောင်ပါ...၊ မယ်ဒလင်များတီးနေရမယ်ဆို ထမင်းမေ့ဟင်းမေ့ ၊
ဒါပေမယ့် ဘ၀အတွက် အဓိကနဲ့ သာမည ကိုခွဲခြားသိတယ် ၊ သိလောက်တဲ့ ဦးဏှောက်လည်းပါတယ်။
မဟုတ်ဘူးဖေဖေ..ကျွန်တော်ပြောပြောနေတဲ့ ကျွန်တော့်အနုပညာဆိုတာ ကျွန်တော် မမွေးခင်ကတည်းက ကျွန်တော့်သန္ဓေစိတ်မှာ ပူးဝင်စွဲကပ်နေတာဖြစ်ပြီး ၊ ကျွန်တော် သေသွားရင်တောင် ထားရစ်ခဲ့မယ့်အရာ ဖေဖေရဲ့..။
ကျွန်တော့်ရဲ့ လက်စလက်န မှန်သမျှကို ကျွန်တော်သိပ်ကြောက်ရတဲ့ ၊ ကျွန်တော့်ဖေဖေ့ကို အခု ထက်ထိ ကြောက်နေတဲ့ ဆရာက တဆင့် သိသိနေရကတည်းက ၊ တနည်း ကျွန်တော် အထက်တန်းကျောင်းသားဘ၀ကတည်းက ကဗျာ ဆိုတာဟာ ကျွန်တော်နဲ့တွဲစပ်ကြည့်ရင် သိပ်မျက်မုန်းကျိုးစရာ အရာအဖြစ် ဖေဖေ့ဆီမှာ ဖြစ်ပျက်နေခဲ့ပြီ..။
ဘယ် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်မှ မ၀င်ပဲ ဆယ်တန်းကို လှုပ်လီလှုပ်လဲ့ အောင်မြင်လိုက်ခြင်းက ကျွန်တော်နဲ့ ပတ်သက်တဲ့ ဖေဖေ့အတွက် ပထမဆုံး အရှိုက်ထဲအထိ နင့်နည်းပူလောင်သွားစေရှာမယ့် နာကျင်ဒေါသပေါ့..။
စက်မှုသိပ္ပံဝင်ခွင့်ရတဲ့နေ့ကဆို ဖေဖေဟာ အချိန်စေ့ကာနီးမှ ပင်နယ်တီကန်ခွင့်ရလိုက်တဲ့ ဘောလုံးသမားလို အင်းအား အသစ်တွေနဲ့ ရွှင်လန်းတက်ကြွလို့ရယ်လေ..။
ဒါပေမယ့် ကျွန်တော့်ဆာလောင်မှုတွေက အဲဒီ့စာမျက်နှာရောက်မှ ရပ်တန့်သွားခဲ့တာ ဖေဖေရဲ့..။ ကျွန်တော့် အသက်ဓါတ်ကို ကျွန်တော့် စကားလုံးတွေနဲ့ မျှားနေချိန်ဟာ အနေသာဆုံးပဲ..။
ကျွန်တော်ဟာ ကဗျာဆရာ..၊
ကျွန်တော်က ကဗျာဆရာလေ...။
ကျွန်တော်လား ကဗျာဆရာပေါ့…......။
အဲဒီ့လိုပြောနေရတာကိုက တော်တော် ချိုနေခဲ့တယ်...။

---------------------

ညစ်နောက်နေတဲ့ ရေပြင်က လှိုင်းဂရက်တွေကို အံတုပြီး ငါးဖမ်းပိုက်ဖေါ်နေတဲ့ လူ ဟာ ဘယ်လို သားသမီးမျိုးရဲ့ အဖေပါလိမ့်..။
ဟေ့လူ.....ဒီမှာ၊ ခင်ဗျား တစ်ဦးတည်းသော သားလေးက ကဗျာတွေ စာတွေချည်းရေးနေချင်ပြီး တခြားဘာကို ထူးချွန်ချေငံအောင် မလုပ်ချင် တော့ဘူးဆိုရင် ခင်ဗျားဘယ့်နှယ်လုပ်မလဲ..။
ပညာ သိပ်မတတ်လောက်တဲ့ ခင်ဗျားက ဘယ်လိုတွေ ဆုံးမ မလဲ..။
မဂ္ဂဇင်းမှာပါလာတဲ့ ကဗျာတွေကို ဒါကျုပ်သားရေးထားတာဗျလို့ တစ်ခါလောက်လေးဖြစ်ဖြစ် ဂုဏ်ယူဝံ့ကြွား ဖေါ် ရရင် သူ သိပ်ကျေနပ်ရှာမှာ.ဗျာ.။
ကျွန်တော်က ရင်ခုန်သံတွေ တိမ်းတိမ်းပွေပွေမှာ ကောင်မလေးရဲ့ ဆံယဉ်နွဲ့နွဲ့ကို ကျွန်တော့် မျက်တောင်စင်းစင်းတွေနဲ့ ယှက်နွယ်နှောင်ဖွဲ့ချင်လာတော့ ကဗျာဆရာပိုပီသလာတယ်...။
အသည်းကွဲရတာကို အရသာတစ်ခုလို စွဲလမ်းယစ်မူးနေခဲ့တယ်..။
မတော်တဆအသည်းကွဲရာမှ ခြေချော်လက်ချော် ကဗျာဆရာဖြစ်လာတယ်လို့ ဆရာသစ္စာနီကပြောဘူးတယ်။၊ ကျွန်တော့် မှာတော့ ကဗျာဆရာ အဖြစ်ကြောင့် မတော်တဆ အသည်းကွဲခြင်းတွေနဲ့ ခြေချော်လက်ချော် ဖြစ်နေခဲ့ရတာ......။
ဟေ့ကောင် ရေးရင်လည်းလုံးခြင်းရေးပေါ့ကွာ စီးပွားလည်းဖြစ်တယ် ၊နာမည်လည်းကြီးမယ်..၊ မင်းတို့ ဒီခေတ် ကိုယ့်ဘာသာ တစ်ယောက် တည်းနားလည်အောင် ရေးထားတဲ့ကဗျာမျိုးကို......။
မေးကြည့်ကွာ ၊ မင်း စာအုပ်ဆိုင် အ ၀ ကနေ စောင့်ပြီး စာဖတ်သူတွေကို မေးကြည့်လိုက် ..၊ မင်းကဗျာဆရာတွေကို သူတို့ ဘယ်နှစ်ယောက်သိကြလဲ လို့..။
ဇော်ဂျီကွာ ၊ မင်းသုဝဏ်ကွာ သိကြမယ် ၊ သိမှာပေါ့ သူတို့ လူနားလည်အောင်ရေးတာကိုး..။
ဖေဖေ့ ရာသီဥတုက ကဗျာဆိုတာထက် ခေတ်ပေါ်ကဗျာပေါ်မှာ ဆိုးဆိုးဝါးဝါး မည်းပြို့နေခဲ့တယ်..။
ကျွန်တော်တို့ရဲ့ တဆတ်ဆတ်ပူနွေးနီမြန်းနေတဲ့ နှလုံးသားတွေကို ဖေဖေ ဘယ်လိုမှ မကြည့်စိမ့်ခဲ့ဘူး..။ ဖေဖေရယ် ရှေးကဗျာတွေကိုတောင် ဘယ်မှာ နားလည်နိုင်ကြလို့လည်း ၊ ခက်ဆစ်တွေဖွင့်ပေးထားရတာ...၊ ကျွန်တော်တို့ ကဗျာတွေမှာ လည်း ခက်စစ်ဖွင့်ပေးမှ သိလို့ရမယ့် အံဝှက်တွေရှိတယ်..။
အလှဆင်ဖွဲ့နွဲ့ထားတဲ့ အလင်္ကာတွေရှိတယ် ၊ခန့်ထည်ဝံ့ကားနေတဲ့ ဂုဏ် မြောက်မှုတွေရှိတယ်..။
ကျွန်တော်တို့က ပုံစံခွက်တွေထဲမှာ ၀င်ထိုင်မနေချင်ကြပဲ ၊ ကျွန်တော်တို့ကိုယ်ပိုင် ပုံစံခွက် တွေကို ကျွန်တော်တို့ ကိုယ်တိုင်တီထွင်ကြည့်ချင်တာ..။
အသစ်တွေကိုလိုချင်တာ..။
ကျွန်တော်တို့ စိတ်ကူးစားကျက်ထဲမှာ ကျွန်တော်တို့စိတ်တွေကို အချုပ်အနှော မရှိလွှတ်ပေး လိုက်ကြတာ..။ ဘာကွ ။ ဘာ အသစ်လဲ..။
တမင်လော်မာထားတဲ့စကားစုတွေကိုလား ....... စတဲ့ ဖေဖေ့ မိုးချိမ်းသံအောက်မှာ ၊ ဖေဖေ့ စွဲချက်တွေ အောက်မှာ ကျွန်တော် နဲ့ ခေတ်ပေါ်ကဗျာဟာ လက်ချင်းမြဲမြဲချိတ်ပြီး အလူးလူးအလိမ့်လိမ့် ချစ်ခင်မြတ်နိုးလို့…...…။
မြန်မာပြည်က လက်ရှိလူဦးရေ သန်းခြောက်ဆယ်ကျော်ထဲမှာ ခေတ်ပေါ်ကဗျာဆရာဘယ်နှစ်ယောက် ပါလိမ့်မလည်း...။
သိပ်ကို သေးငယ်ပါးရှားတဲ့ ကိန်းဂဏန်းလေးထဲမှာ ကျွန်တော်က ဒုလ္လဘတစ်ခုလိုရခဲထားတဲ့ ကဗျာဆရာပါ..။ သေချာတယ်ဖေဖေ... ကျွန်တော်ဟာ လုံးဝဥဿုံ ကဗျာဆရာ..။

---------------------

ဟိုးဝေးဝေးမှာ ခပ်ရေးရေးမြင်နေရတာ ကျွန်တော့်ဖေဖေရှိတဲ့မြို့ပေါ့..။
ကျွန်တော်ဖေဖေ့ကို သိပ်ကိုကြည်ညိုလေးစားတဲ့သူတွေနဲ့ ကျွန်တော့်မိသားစုတွေ နေတဲ့မြို့ပေါ့....။
ကျွန်တော့် မေမေခေါင်းချသွားတဲ့မြို့ပေါ့..။
အခု ဘယ်လိုအခြေအနေမျိုးရှိမယ်မှန်းမသိတဲ့ ကျွန်တော့်ဖေဖေ့ကျန်းမာရေးနဲ့ ကျွန်တော့်မမကြီးရဲ့ သောကတွေကို ထမ်းပိုး ပေးထားတဲ့မြို့ပေါ့..။
သင်္ဘောဆိုက်ချိန်တိုင်း ငံ့လင့်တကြီးကျွန်တော့်ကို မျှော်မျှော်နေရှာတဲ့ကျွန်တော့်မြို့လေးရဲ့ အလယ်လောက်မှာ လှမ်းမြင်နေရတဲ့ မိုက်ကရိုဝေ့ဖ် ဓါတ်တိုင်ကြီးနားကို ကျွန်တော်ငေးရီမိလိုက်တော့ ရင်တွေတဒိတ်ဒိတ်နေအောင်ခုန် တက်လာခဲ့တယ်။ ဖေဖေ ဖေဖေ ဖေဖေ.....ရယ်။ ကျွန်တော့်တစ်ကိုယ်လုံးပူလောင်နေလိုက်တာ…။
ငယ်ငယ်တုန်းက ဖေဖေ့ ဇက်ပေါ်ခွရင်း၊ အဲဒီ့ ဓါတ်တိုင်ကြီးကို လက်ညှိုးလှမ်းထိုးရင်း သားတို့အိမ် သားတို့အိမ် လို့ ခုန်ဆွ ခုန်ဆွ လုပ်ပြီး အော်နေ ရတာ သိပ်ပျော်စရာကောင်းတာပဲ…....။
ဖေဖေ......၊ ဖေဖေဟာ ကျွန်တော့် ကို ဘယ်တုန်းကမှ လေးလံ မနေခဲ့ဘူးနော်။
အခု ကျွန်တော်က လေထန်ကုန်းထောင့်က စားပွဲမှာ မရဲတရဲ ထိုင်ရဲနေပြီဖြစ်တဲ့ ၊ ဟိုစာအုပ် ဒီစာအုပ် ဖျောက်ဖျောက် ခြားခြား ပါခွင့်ရနေပြီဖြစ်တဲ့ ကဗျာဆရာရင့်မကြီးဖြစ်နေပြီ..ဖေဖေ ။
ကျွန်တော့်ခမျာ ကောင်လေး မင်းကဗျာမဆိုးဘူးကွဆိုတဲ့ အသံကို ဆုလာဒ်တစ်ခုလို
တောင့်တပြည့်စုံနေတတ်ပြီ..။
သား မင်းဘယ်လိုစား ဘယ်လိုနေလဲ လို့ ဖေဖေစိုးရိမ်တကြီး မေးချင်နေမှာပါ...။
ကျွန်တော်လေ.....။
စာပေနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုမယ်လို့ ဖေဖေ့ကို ကြီးကြီးကျယ်ကျယ်ပြောထားခဲ့တဲ့ ဖေဖေ့သားက တစ်ခါတစ်လေ ဂျာနယ်တွေကို လက်နဲ့ပွေ့ပြီး ကားဂိတ်တွေမှာ ရောင်းတယ်ဖေဖေ…။
တစ်ခါတစ်လေ စာအုပ်လိုက်ဖြန့်တဲ့ သူငယ်ချင်းတွေကို ကူညီပေးပြီး ဘော်ဒါကြေးယူတယ်ဖေဖေ…..။ တစ်ခါတစ်လေ...မဂ္ဂဇင်းတိုက်တစ်ခုခုမှာများ အလုပ်ရမလားလို့ စုံစမ်း နေတတ်တယ်ဖေဖေ..။
တစ်ခါတစ်လေ... တစ်ချို့ တစ်ခါတစ်လေ မှာ ကျွန်တော်ဟာ ကျွန်တော့်ကိုယ်ကျွန်တော်ချော့မြူနေရတယ် ။ တစ်ခါတစ်လေ တော်တော်များများမှာတော့ ကျွန်တော်ဟာ ကျွန်တော်ပျောက်လို့ရှာနေရတော့တာပဲ ဖေဖေ..။ တော်တော်များများတစ်ခါတစ်လေတွေမှာ ကျွန်တော်ဟာ ဖေဖေလုံးဝမကြိုက်တဲ့ အရက်ကို တော်တော် လေးကြိုက်နေမိခဲ့ပြီး ၊ အဲဒီ့ တစ်ခါ တစ်လေ တိုင်းမှာ ဖေဖေ ဟောကိန်းထုတ်ခဲ့တဲ့ အရက်ဖိုးလိုက်လိုက်တောင်းတတ်တဲ့ ကဗျာဆရာတော့ လုံးဝမဖြစ်စေရဘူးလို့ ကိုယ့်ကိုယ်ကို အာမခံ နေတတ်တယ်ဖေဖေ..။
အနုပညာဆိုတာ အစာခံနိုင်ခြင်းသဒ္ဓိ ၊ ခေတ်ပေါ်”ကဗျာဆိုတာ ကျွန်တော်တို့ နှလုံးသားသိုက်ကို ညွှန်းပြထားတဲ့ ၀ှက်စာတွေ.....။.
ဒါပေမယ့် ကျွန်တော်က ဆံပင်တွေကိုတော့ သေသေသပ်သပ်ညှပ်လာမိခဲ့ဖို့ ကောင်းတာပါ..။

------------------------

အထိမ်းအသိမ်းမဲ့ခုန်ရမ်းနေတဲ့ နှလုံးအိမ်ကို ကျောပိုးအိပ်ကိုင်ထားတဲ့လက်နဲ့ ရောနှောဖိထားလိုက်တော့ နည်းနည်းနေသာသွားသလိုရယ် .။
ကျွန်တော် ခြေလှမ်းတွေကို ရှေ့ ဆက်မလှမ်းဝံ့လောက်အောင် တုန်လှုပ်နေမိတယ်။
အသည်းအသန် ။
အသည်းအသန်ဆို တာ ဘယ်လောက်အထိဆိုးဝါးတဲ့ အခြေအနေပါလိမ့်.....။
ကျွန်တော်ဆီရောက်နှင့်နေတဲ့ သတင်းနဲ့ ကျွန်တော်သိခွင့်ရလိုက်ချိန်တို့ရဲ့ ကြားကွာဟချက်မှာ ဘာတွေဟာ ဘယ်လောက်အထိ ရက်ရက်စက်စက် ပြောင်းလဲ သွား ခဲ့ပြီလဲ.......။
ကမျူးရဲ့ မာဆိုးဟာ သူ့အမေဆုံးတာကို ဘယ်လိုလေးမှ မခံစားရသလိုနေနိုင်ခဲ့တယ်တဲ့..။
ကျွန်တော်ဒီလို တွေးလိုက်မိတာကို ဖေဖေသာသိရင် ဘယ်လောက် ကြေကွဲသွားရှာမလဲ..။
ဒိဋ္ဌိတွေကို ဆရာတင်ကိုးကွယ်နေတဲ့ကောင်လို့ ဖေဖေပြောဦးတော့မှာပဲ..။
သား.. မင်းဖတ်ဖတ်နေတဲ့ ယန်းပေါလ်ဆတ်တို့ ၊ ကမျူးတို့ ။
စဉ်းစားကြည့်စမ်း...၊ သူတို့ဟာ သိပ်သနားစရာ ကောင်းတယ် ၊ သူတို့ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး အစစအရာရာ အရှုပ်အထွေးတွေကြားထဲမှာလူဖြစ်လာကြတယ်..။
သူတို့ဘာကိုမှ စိတ်ချလက်ချ မယုံရဲကြဘူး..။
သူတို့အတွက်သေခြင်းတရားဆိုတာ အမြင့်မားဆုံးထွက်ပေါက်လို့ ထင်မြင် နေကြတယ်..။ ဖေဖေ့အထင်ပေါ့ကွာ....။
ကံကံ၏ အကျိုးဆိုတာ သူတို့သိခွင့်မရရှာဘူး..၊ ဘ၀တွေရဲ့ ငြိမ်းချမ်းရာအစစ်အမှန်ဆိုတဲ့ ရုပ်နာမ်နှစ်ပါးစလုံးချုပ်ငြိမ်းရာ သန္တိသုခ နိဗ္ဗာန်ဆိုတာ ကို လည်း မသိနိုင်ရှာကြဘူး၊ အဲဒီ့ နိဗ္ဗာန်ကိုရောက်နိုင်တဲ့နည်းလမ်း ရှိတယ်ဆိုတာလည်း မသိကြရှာဘူး၊။
ဒါကြောင့်သူတို့မှာ အမြဲ ကျဉ်းထဲ ကြပ်ထဲမှာ ထွက်ပေါက်မရှိဖြစ်နရရှာတာ...။
သူတို့ထွက်ပေါက်ကို သူတို့ဘာသာ ရှာဖွေနေရတာ…...။
မဟုတ်ဘူးဖေဖေ ကျွန်တော်က သူတို့ဝိဥာဉ်မှာပျော်ဝင်တောက်စားနေတဲ့ သူတို့ရဲ့ အနုပညာကို မြတ်နိုးတာ..၊ သူတို့ရဲ့ ရဲရဲဝံ့ဝံ့ ဖန်တီးနိုင်စွမ်းတွေ၊ သူတို့ရဲ့ အသစ်တွေ ကို လေးစားချီးကျူးတာ၊ အားကျတာ..။ မင်းချိတ်ထားတဲ့ ဒီပန်းချီကားကိုဆွဲတဲ့ ဗင်းဆင့်ဗန်ဂိုးဆိုရင် ကြည့်ကွာ ..။
သူ့တစ်သက်ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးခဲ့ဖူးဘူး ၊ဘယ်လောက် ကြောင်သလဲဆိုရင် သူ့အဖော်မလေးကို နားရွက်ဖြတ်ပေးတယ်တဲ့...။
မင်းဆို ပေးမလား..။
ကဗျာဆရာရှယ်လီကွာ၊ ဆစ်ဗီယာပသာ့ပ်ကွာ အဖန်ငါးရာ ငါးကမ္ဘာမကြောက် ကိုယ့်ကိုယ်ကို သတ်သေကြတဲ့သူတွေ...၊ ဥပစ္ဆေဒကံနဲ့ သေကုန်ကြရတဲ့သူတွေ…..။
မဟုတ်ဘူးဖေဖေရဲ့...... မဟုတ်သေးဘူးဖေဖေရဲ့...... ဖေဖေက ကျွန်တော့်ကို အနိုင်ရဖို့အတွက်လား ၊ ကျွန်တော့်ကို နားသွင်းဖျောင်းဖျဖို့အတွက်လား၊ ကျွန်တော့်ကို ကယ်ဆယ်ဖို့အတွက်လား ၊ အဲဒီ့ အနုပညာတွေထဲမှာ အရူးအမူး ဒလိမ့်ခေါက်ကွေးမျောပါနေတဲ့ သူ့သားရဲ့ ၀ဋ်နာကံနာတွေကို မချိတင်ကဲလွန်းလို့ လား...။
မဟုတ်ဘူးဖေဖေ ။
သူတို့ဟာ အနုပညာနဲ့ ဘ၀ကို လဲလှယ်ကြသူတွေ…..။
အနုပညာထက်ဘာကိုမှ တန်ဘိုး မထားကြသူတွေ...။
သူတို့အနုပညာက သူတို့ကို စီးမိသွားကြသူတွေ...။
သူတို့ဟာ အဲဒီ့လိုဖြစ်ခဲ့ကြတာကို ဘယ်တော့မှ နောင်တ မရမယ့်သူတွေ..။
သူတို့က ယုံကြည်ချက်ကို သွေးနဲ့ ဆေးချယ်ပြသူတွေ...။
သူတို့ဟာ အနုပညာကို လက်နက်လိုသဘောထားပြီး ၊ အသက်ကို ခဲယမ်းလို့ သတ်မှတ်ထားကြ သူတွေလေ...။ အဲဒီ့လို ကျွန်တော်ကို အကြောက်အကန် ဆယ်ယူချင်နေတဲ့ ဖေဖေခမျာ၊ ကျွန်တော် ဒုတိယနှစ်စာမေးပွဲ ကို နှစ်နှစ်ဆက်ကျအောင် ဖြေလိုက်တဲ့ အချိန်မှာတော့ ပွဲသိမ်းထိုးချခံလိုက်ရသူလို ၊ သူ့တန်ဘိုးကြီးပစ္စည်းတွေ အားလုံးကို တစ်ထိုင်တည်း မီးရှို့ခံလိုက်ရသလို ၊ သူ့ မနက်ဖန်တွေအားလုံး စုံးစုံးချုပ်သွားသလို....။
အို အဲဒီ့နေ့က ဖေဖေ့မျက်နှာကို ကျွန်တော် ပြန်မြင်ယောင်မကြည့်ရဲဘူးဖေဖေ..။
ကျွန်တော်ဟာ ဖေဖေ့ ကောင်းကင်က တစ်ပွင့်တည်းသောကြယ်ပေမယ့် ဖေဖေ လိုချင်သလို မထွန်းလင်း နိုင်ခဲ့ပါလား .။
ဖေဖေ အခုကျွန်တော့်စိတ်တွေကို ဘာကမှ မကုစားနိုင်လောက်အောင် လောင်မြိုက်နေခဲ့ပြီ..။
ငါ သာဖေဖေ ဖြစ်စေချင်တဲ့ အင်ဂျင်နီယာကြီးတစ်ယောင်ဖြစ်ပေးခဲ့ရင်လို့ ကျွန်တော်..... တွေး ကြည့် နေ မိ ပါ ပြီ ကော ဖေဖေ....။

---------------------

ဟင့်အင်း။
ကျွန်တော့်ကို တစ်ယောက်ယောက်က မြင်တွေ့ပြီး ဟေ့ကောင် မင်းအဖေလို့ကြိုပြီး သတင်းကြိုပေးနိုင်တဲ့ နေရာက ကျွန်တော်မသွားရဲဘူး ။
သြော် ကျွန်တော့ ကိုရော ဘယ်သူက အလွယ်တကူမှတ်မိမှာ မှတ်လို့ ....။
ကြည့်ပါဦး .....ဖေဖေ့ကျောင်းဝန်းထဲက ဖေဖေနဲ့ ကျွန်တော်အတူတူစိုက်ခဲ့ကြတဲ့ စိန်ပန်းပင်ကြီးတောင် အပွင့်တွေ အရိပ်တွေနဲ့..။
ညနေတိုင်းလမ်းလျောက်တတ်တဲ့ဖေဖေဟာ ဒီ စိန်ပန်းပင်အောက်ရောက်တိုင်း ကျွန်တာ့်ကို သတိရမိမှာ သေချာ လိုက်တာ..။
ဖေဖေ ဘယ်လောက်များရင်နာလိုက်ရမလဲ.......... ဒီအပင်အောက်မှာရပ်ပြီး ဖေဖေကအနှောင့်စုတ်သွားတဲ့ ကဗျာစာအုပ်ကိုနာနာကျည်းကျည်း ပြေးကောက်လိုက်တဲ့ ၊ ပေါက်တော့မယ့် မြွေတစ် ကောင် လို စူးစူး စိမ်းစိမ်း ပြန်ကြည့် လိုက်တဲ့ ၊ ဖေဖေ တော်တော့ဗျာ နားငြီးတယ်လို့ မူးစစနဲ့ ဒေါသတကြီးခံအော်လိုက်တဲ့ အနုပညာသည် သားလိမ္မာကြီးကို မြင်ယောင်နေမလား..။
ဒီကျောင်းကြီးမှာ အတန်းငယ်တွေတုန်းက ပထမက မဆင်းတမ်း ထက်မြက်ခဲ့တဲ့ ၊ သူ့အိမ်မက်တွေထဲက တစ်ဦးတည်းသော ဇာတ်လိုက်ဖြစ်တဲ့ ၊ သူ့ကိုယ် သူ အသစ်ပြန်လည် ဖွင့်လှစ်လိုက်နိုင်မယ့် တံခါးအသစ်တစ်ချပ်လည်းဖြစ်တဲ့ ၊ သူမျှော်လင့်တကြီး ပျိုးထောင်ခဲ့ရတဲ့ မိတဆိုးသားလေးကိုမြင်ယောင်နေမလား..။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ ဖေဖေ့အတွက် အပွင့် ကန်းနေတဲ့ ပန်းတစ်ပင်ပါ။
အရိပ် ခမ်းနေတဲ့ သစ်တစ်ပင်ပါ ။
အခု ဖေဖေ ဒီအပင်ကြီးအောက်မရောက်နိုင်တာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ...။
ဖေဖေရယ်...

-------------------

အိမ်ကို မြင်သာလောက်တဲ့ လမ်းအကွေ့လေးကနေ ကျွန်တော် မရဲတရဲ ခိုးကြည့်လိုက်မိတယ်။
တစ်ခုခုကိုများ မြင်လိုက်ရရင် ကျွန်တော် ရူးသွားမလား..။
ကျွန်တော့်ကိုယ် ကျွန်တော်လိုက်လို့မမီအောင်ကို မြန်ဆန်သွားလိုက်တာ..။ အိမ်ပေါ်ကို အပြေးတစ်ပိုင်း လှမ်းတက်လိုက်တဲ့ ခြေသံကြောင့် မမကြီးဆတ်ကနဲ တုန်သွားရှာတယ်…..။
ဖေဖေ
ဖေဖေ
ဖေဖေ ရယ်..။
လမ်းမဘက်ကို လှည့်ချထားတဲ့ ပက်လက်ကုလားထိုင်မှာ ဖေဖေရယ် ၊ ကျွန်တော့်ဖေဖေရယ်..။
တော်ပါသေးရဲ့ ဖေဖေရယ်..။
ဖြစ်မှဖြစ်ရလေ ဖေဖေရယ်……...။
ဘယ်လောက်ပဲမယုံနိုင်လောင်အောင်အိုစာသွားသွား..၊
ဘယ်လောက်ပဲပိန်လှီနေနေ ။ အို မျက်နှာတစ်ခြမ်းပဲ ရွဲ့ရွဲ့ ။
ကျွန်တော့်ဖေဖေ....။ ရှိနေတယ်..။
ဖေဖေ
လဲ့ ကနဲ လင်း သွားတဲ့မျက်ဝန်းတွေက ဖေဖေ ကျွန်တော့်ကို ခွင့်လွှတ်လိုက်တာများလား
ဖေဖေ
ဖေဖေ ၊ မျက်ရည်တွေမကျလိုက်ပါနဲ့ ဖေဖေရယ်..၊
ကျွန်တော်လိုကောင်မျိုးအတွက် ဖေဖေ မျက်ရည်မကျပါနဲ့ဖေဖေရယ်...။
အေးစက်နေတဲ့ ဖေဖေ့ခြေဖမိုးအစုံပေါ်ကို မျက်နှာအပ်လိုက်မိသလား
ကျွန်တော် ရှိုက်ကြီးတငင် ငိုနေမိသလား
ဆောက်တည်ရာမရအောင် အဲဒီ့ ခဏမှာ ကျွန်တော် ရူးနှမ်းသွားမိပြီထင်ပါရဲ့..။
ဖေဖေ ကျွန်တော့်ကို နှုတ်တောင်မဆက်ချင်တော့ဘူးလား...ဟင်၊
ဖေဖေ့ တဆတ်ဆတ်လှုပ်ရွနေတဲ့ နှုတ်ခန်းအစုံက ကျွန်တော့်ကို စကားမပြောနိုင်လောက်အောင် နာကျည်းနေခဲ့ပြီလား
ကျွန်တော် နာငြီးတယ်ဗျာလို့ ဘယ်တော့မှ မပြောတော့ပါဘူး ဖေဖေ
ဖေဖေ့ကို ကျွန်တော် ဘယ်တော့မှ ခံမအော်တော့ပါဘူးဖေဖေ ရယ်..။
ဖေဖေ ဒီမှာ...တဲ့၊ ဒဏ်ရာရ သားကောင်တစ်ကောင် ညည်းတွားလိုက်သလိုပါပဲ ..၊ မမကြီးရယ်လေ...
အို မမကြီးက သူ့မျက်ရည်တွေသူမသုတ်နိုင်အားပဲ
ဖေဖေ့ ဘယ်လက်ရမ်းပေါ်ကို ကျောက်သင်ပုန်းလေးတင်လို့
မမကြီးက
ဖေဖေ့လက်ထဲကို ကျောက်တံလေးထည့်ပေးလို့
ဝူးဝူးဝါးဝါး နဲ့
ကျွန်တော့ ဖေဖေ ခမျာ... ၀ူး ၀ူး ၀ါး ၀ါး နဲ့ ။

သား...ဖေဖေမျှော်နေတာ၊
အပြီးပြန်လာတာလား ဆိုတာကို
ကျွန်တော် ဖတ်လို့ရရုံ လက်ရေး ကစဥ့်ကလျားလေးတွေနဲ့

ကျွန်တော့ဖေဖေကလေ...

တဆတ်ဆတ် တုန်ယင် နေတဲ့ သူ့ဘယ်ဖက် လက်ကလေးနဲ့ ၊

အကြောတွေ ဆုတ်ဆုတ် စိုင်းစိုင်း တွန့်တွန့် ရွံ့ရွံ့ နဲ့…

နှုန်ခမ်းအစုံက ရွဲ့ရွဲ့စောင်းစောင်းနဲ့

အလောတကြီး.........
.......ရေးပြနေလိုက်တာ ။



အိန္ဒြာ
( ၃၁.၁၀.၂၀၀၆)
ပိတောက်ပွင့်သစ်မဂ္ဂဇင်း


December 1, 2008

အရှိမဲ့မေတ္ထာတော်


ဒီဇင်ဘာ(၁)ရက်နေ့လေးက ကမ္ဘာ့AIDSနေ့ဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်သ လောက်လေးနဲ့ အားဖြည့်ပါဝင်ချင် မိပါတယ်။ မြန်မာပြည်မှာ HIVကူးစက်ခံ မိဘမဲ့ကလေးငယ်များအတွက် သုခရိပ်မြုံဆိုတဲ့ ဂေဟာလေးတစ်ခုကို ဒဂုံမြို့ သစ်အရှေ့ပိုင်း တပင်ရွှေထီးလမ်းမှာ ဖွင့်လှစ်ထားခဲ့ပြီး အဲဒီ့ရိပ်မြုံလေးအတွက် အဖြူရောင်သက်တန့်ဆိုတဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်တွေ ပါဝင်တဲ့အဖွဲ့လေးက ကဗျာရွတ်ပွဲလေးတွေ ပြုလုပ်ပြီး အလှူခံငွေ ကောက်ခံ ပေးခဲ့ကြပါတယ်.။ အဖြူရောင်သက်တန့်အဖွဲ့လေး ဘယ်လိုတွေဆောင်ရွက်ခဲ့သလဲ..၊ ဘာတွေပြုလုပ် ခဲ့ကြသလဲ ဆိုတာကိုတော့ အခုပေးထားတဲ့ link လေးက တဆင့်ဝင်ရောက်ပြီး ကရုဏာတွေသက်..၊ မုဒိတာပွား..သာဓုတွေခေါ်နိုင်ပြီး သဒ္ဒါပေါက်ခဲ့ရင် ကုသိုလ်ပါဝင်နိုင်ကြပါတယ်လို့လဲ.. တိုက်တွန်းနိုးဆော်လိုက်ပါ တယ်။

အနာတရတွေနဲ့ ကျန်ရစ်မဲ့ သူတို့ရဲ့ရင်သွေးငယ်လေးတွေကို ထားရစ်ပြီး တမလွန်ကို ထွက်ခွာသွားရမယ့် အမေ တွေရဲ့ခံစားချက်ကို ရေးဖွဲ့ထားတဲ့ ကဗျာလေးဖြစ်ပါတယ်လို့ အစချီပြီး ၂၀၀၇ခုနှစ် ဇွန်လ၆ ရက်နေ့ နေ့လည် တစ်နာရီခွဲ အချိန်မှာ ဆရာစံလမ်းရှိ Mr.Guitar Cafe တွင် ကျင်းပခဲ့တဲ့ အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲ
( White Rainbow Poetry Performace ) မှာရွတ်ဆိုခဲ့တဲ့.. ကဗျာလေးဖြစ်ပါတယ်။

“အရှိမဲ့မေတ္ထာတော်”

ငါတို့ သွေးသားတွေကိုတောင်
ကမ္ဘာမြေက လက်မခံနိုင်တော့ဘူး
ဒီပြစ်မှုကို ဘယ်လိုစီရင်ကြသလဲ သိချင်တယ်...

ကျေးလက်စားကျက်ကွင်းတွေမှာ
နွားတစ်ရှဉ်းနဲ့ ထယ်တစ်စင်းနဲ့
သူ့လက်ဖျံပေါ်မှာ.. အမြတ်နိုးဆုံးနှင်းနဲ့
သူ့ဘေးနားမှာ အိမ်ရှင်ချစ်သူမလေးနဲ့
ယာသမားလေး ရိုးသားအေးဆေးရှာခဲ့တာ
သူ့ဘ၀မှာ.. ဆန်းကျယ်တာဆိုလို့
ချစ်သူ့နာမည်ကို အရေပြားပေါ် ဆေးဆိုးခဲ့တာပဲရှိတယ်တဲ့..။

ဟော့ဒီမှာ
အနန္တငါးပါးကို.. ညွှတ်တွား ကိုးကွယ်ခဲ့တဲ့လက်
ခင်ပွန်းသည်ကို ယုယတွဲကူခဲ့တဲ့လက်
ရင်သွေးငယ်လေးကို ပိုက်ထွေးချော့မြှူခဲ့တဲ့လက်
သနပ်ခါးနံ့တွေနဲ့ချည်း မွှေးပျံ့သင်းကြူခဲ့တဲ့လက်
အဲဒီ့လက်မှာ
ဝဋ်နာကံနာတွေ ဗရပွ
ဘယ်ကစဘယ်မှာဆုံးမယ်မှန်း မသိတဲ့ သံသရာအမှောင်ထဲ
နာကျင်ကြေကွဲခြင်းတွေနဲ့ချည်း.. ခရီးဆက်..။

ဘယ်လိုလော်လီမှုမျိုးမှ မစွက်ဖက်
ဝိဘက်ကြမ္မာ ချည်းသက်သက်ဘဝ
တော်လဲ.. ကျီးပြို..
တိမ်မည်းညိုတွေ အဆုတ်လိုက်အဆုတ်လိုက်..
နှင်းခါးရိုက်တဲ့ညမှာမှ
ဟောဒီ့သားလေးကို.. ဆွဲခေါ်မိခဲ့တော့...

သွေးရူးသွေးတမ်းဆန်ဆန်
အရာရာကိုတောင်းပန်...
နောက်အရာရာကို လက်လျော့..
အဖြူသက်သက်ဘ၀တွေထက်
ဆေးအနက်တွေ ကျဲပက်လိုက်သလိုမျိုး
ကံကြမ္မာဆိုတာ.. တောင်းပန်တိုးလျိုးလို့မရတဲ့
လက်မရွံ့အာဏာသားတဲ့ကွယ်..။

အတိတ်တွေကို ပြန်လှည့်မကြည့်ဝံ့ဘူး
အနာဂါတ်ကို လှမ်းမျှော်မကြည့်ဝံ့ဘူး..
ဝေဒနာနဲ့ငါ...
ပစ္စပ္ပုန်တည့်တည့်မှာပဲ စီးချင်းထိုးကြတဲ့ပွဲပေါ့
အံခဲ.. ဇွဲသံ...
အားမတန်သော်မှ လျော့လို့မရတဲ့ မာန်တွေနဲ့
ဒီလူမမယ်ကလေးလေးအတွက် ကြောင့်ကြ
အမေ....ဆိုတဲ့ရင်ဝမှာ...
မီးကျီး မီးခဲလို ပူလှပေါ့..။

သားရေ..
မင်းကိုပွတ်မွှေးထားတဲ့ လေပြည်မှာ
မေမေ့သောကတွေနဲ့များ ပူလောင်နေခဲ့သေးလားကွယ်...

အခု.. သားလေးရဲ ပြတင်းဝက..
အရောင်လှလှလိပ်ပြာလေးက မေမေပေါ့
သားလေးကိုလှုံထွေးထားတဲ့ နေခြည်နွေးနွေးဟာလဲ.. မေမေပေါ့..
သားလေးမက်နေဆဲ မသဲမကွဲအိပ်မက်တွေထဲမှာ
သားလေးကိုချီပိုး..
သားလေးကိုချော့မြှူ
သားလေးကိုနမ်းမွှေး
သားလေးကို ပိုက်ထွေးထားရင်း
သီလက်စသားချော့တေးတွေ တစ်ဝက်တစ်ပျက်
ဘယ်သုဂတိဘုံကိုမှ... ခရီးမဆက်နိုင်ပဲ
နှလုံးသားကွဲအက်နေတဲ့ တစ္ဆေ...
မေမေလေ....။

အပြစ်လုံးလုံးမရှိပေမယ့်
အပြစ်ဒဏ်ဆိုတာ ရှိတတ်တဲ့လောကမှာ
နာကျည်းခါးသီးစရာတွေကို.. မသိ
ရှက်ရွံ့သိမ်ငယ်စရာဆိုတာကို.. မသိ
တုန်လှုပ်ကြောက်လန့်စရာဆိုတာလည်း.. မသိ
ကိုယ့်အနာတရကိုတောင်မှ.. ကိုယ်မသိ
ဘာဆိုဘာမှမသိတဲ့
ပကတိဖြူစင်ရွှင်လန်း.. ကျမ်းမာသန်စွမ်းဆဲ.. သားလေး.....

အားတင်းထား သားရေ.....
ဟောဒီ့ အဖြူရောင်သက်တန့်ကြီးရဲ့နောက်..
ကိုယ်ယောင်ဖျောက်ထားတဲ့..မေမေ
မင်း....ဘယ်တော့မှ..
မ တွေ့ ချင် လေ နဲ့..။ ။

အိန္ဒြာ


November 28, 2008

ဘ၀သင်ပုန်း


တစ်ဘ၀စာ လေ့ကျင့်သင်အံဖို့
အမေလက်ဆောင်ပေးခဲ့တဲ့ သင်ပုန်းချပ်ထဲမှာ
ကျွန်တော့်ရဲ့ ဥာဏ်ပညာတွေက ရင့်သန်လို့
ကျွန်တော်ရင့်သန်ပြီထင်နေတဲ့
ဥာဏ်ပညာပေါ်မှာ..
ကျွန်တော့်ချစ်ခြင်းတရားက စီးမိုးလို့..။

ကျွန်တော်အခါခါ ရေးခဲ့ဖျက်ခဲ့တဲ့
ကျောက်သင်ပုန်းလေးမှာ
ကျွန်တော့်အမှားတွေက
အကြိမ်ကြိမ်စွဲထင်နေခဲ့တယ်..။

အမေလေ့ကျင့်ပေးခဲ့တဲ့
ဝလုံးဝိုင်းဝိုင်းလို
ဘ၀ကို ရိုးရိုးလေးလှပချင်ခဲ့တာ
အမေသင်ကြားပေးခဲ့တဲ့
ဂဏန်းသင်္ချာလို
အဖြေကို လွယ်လင့်တကူရချင်ခဲ့တာပါ..။

ကျွန်တော်ဟာ
ဘယ်နေရာကများ စမှားခဲ့တာလဲ..။

ကျွန်တော့်သင်ပုန်းချပ်ထဲမှာ
ကျွန်တော်ကိုယ်တိုင်ဖတ်မရနိုင်တဲ့
စာလုံးပေါင်းတွေနဲ့...
ကျွန်တော့်လေ့ကျင့်ခန်းတွေကလဲ
အဖြေမှားတွေချည်း ရရနေတဲ့
ဘ၀ပုစ္စာတွေနဲ့..

ကျွန်တော့် ညီမျှခြင်းတွေက
ဘယ်တော့မှ
မျှခြေအထိ မရောက်နိုင်ရှာပါဘူး မေမေရယ်..


ကျွန်တော့်ဦးနှောက်က
အခါအခါငြင်းဆိုနေတဲ့ကောက်ကြောင်းတွေကိုမှ
ကျွန်တော့်နှလုံးသားက အကြိမ်ကြိမ်ရေးဆွဲချင်တဲ့အခါ..


ဒီလိုပါပဲ...
ကျွန်တော့် သင်ပုန်းချပ်ပေါ်က
ကြက်ချေခတ်တွေဟာ..
ကျွန်တော်ကိုယ်တိုင် ခြစ်ချခဲ့တာပေါ့...။ ။

အိန္ဒြာ

November 26, 2008

အချစ်နဲ့.နှင်တဲ့.ခရီး


သင်..အခုရောက်ရှိနေတာ..ဘယ်အရပ်မျိုးလဲ
သင်..အမှန်တကယ်လိုအပ်နေတာ..ဘယ်အရာတွေလဲ.
သင်ဟာ...ရရှိနေတာလား..
သင်ဟာ...ဆုံးရှုံးနေတာလား
သင်..အောင်နိုင်ခဲ့ပြီလား.
သင်..ရှုံးနိမ့်နေတာလား..
အဲဒီ့..မေးခွန်းအားလုံးကို..
ကန့်ကွက်တယ်။

အဓိပ္ပါယ်စုံးစုံးချုပ်သွားတဲ့
နေ၀င်ဆည်းဆာမှာ..
သင် မျှော်မှန်းငေးရီရာက..ဘယ်အရပ်ဆီလဲ..။

အထိမ်းသိမ်းခံမျက်ရည်ပူတွေနဲ့
လင်းလက်လာပြန်တဲ့နေ့ရောင်ခြည်ထဲက
သင့်..လှုပ်ရှားသက်ဝင်မှုတိုင်းမှာ
သင်ကိုယ်တိုင်ပါဝင်ခဲ့တာရော သေချာလား..
အဲသလိုမေးခွန်းမျိုးတွေဆိုလည်း
ငြင်းဆန်တယ်။

ကိုယ်က..
ကိုယ့်ကိုယ်ကို စုံစမ်းခြင်းစည်းအပြင်ဘက်မှာ
ခပ်ဆိတ်ဆိတ်ရပ်နေမိခဲ့တာ။

တကယ်ဆို
(ကိုသိန်းဇော်ရဲ့..ကဗျာလေးထဲကအတိုင်း)
လမ်းထိပ်မုန့်ဟင်းခါးဆိုင်လေးကနေ
နိဗ္ဗာန်အထိ..အချစ်နဲ့..အတူတူသွားချင်ခဲ့တာပါ..၊

ကိုယ့်ကဗျာကို.ကိုယ်
သားချော့တေးအဖြစ်ဆိုညည်းပြီး
ဒုက္ခနဲ့တစ်ခါကြုံတိုင်း
ချစ်သူ့ပုခုံးမှာ..အကြိမ်ကြိမ်ပါးအပ်ချင်တာပါ..

အို..
ရိုးရိုးညံ့ညံ့ တစ်ယောက်ပါပဲ..
လွပ်လပ်နွေးထွေးတဲ့..လုံခြုံမှုထဲမှာ...
သေသေ၀ပ်ဝပ်..ပျံသန်းချင်ခဲ့တယ်..။

နှလုံးသွေးတွေက ပူလွယ်နွေးလွယ်ပြီး
မချေမငံ အတွေး တွေနဲ့ချည်း..အဆိပ်သင့်ခဲ့သူပေါ့..
အစွယ်ချိုးထားတဲ့မြွေတွေနဲ့မှ..
ဝံ့ဝံ့ကြွားကြွားကစားတတ်တဲ့..အလမ္မာယ်ဆရာတွေကိုရွံရှာသူ
အပေါစားမိတ်ကပ်တွေရဲ့ ...ရေပေါ်ဆီအနံ့တွေကို..မုန်းတီးသူ
မစားရ၀ခမန်း..အနာဂါတ်တွေကို..လှောင်ချင်.ပြောင်ချင်သူ
ဧရာဝတီရဲ့ရေအလျင်ကို..တမေ့တမော..ထိုင်ငေးပြီး..
ပိတောက်ပန်းကိုပဲ..တစ်နှစ်တစ်ခါ..ပန်ချင်ခဲ့သူပါ..

ဆန္ဒအတ္တတွေ..လှိုင်းတံပိုးထန်တဲ့မြစ်ထဲမှာ
အကြိမ်ကြိမ် ရေချိုးမှားခဲ့သူ
ကဗျာတွေသွေးလိုစီးနေတဲ့..ခန္တာ..ပါးပါးနဲ့
ဘယ်တော့မှ..ယုံကြည်ချက်ကမ်းပါးကို..မဆိုက်ကပ်ရဲတဲ့
လှေတစ်စင်းလို..လူပေါ့လေ..

ငါတို့ကွဲလွဲခြင်းမြေဆီလွှာပေါ်က..
ဒါဏ်ရာရရှိနေရှာတဲ့..
ဘ၀ပင်ကလေး..ခမျာလည်းနွမ်းလျော်လို့
အို..
စိတ်ချင်းကျောခိုင်းနေပေမယ့်
အချစ်ချင်း
ကျစ်ကျစ် ထွေးဖက်ခဲ့သူတွေ..

“မောင်.....ရေ.....”
ငါတို့ကို..အလွမ်းတွေနဲ့.မူးဝေဖို့
ခေတ်က..ပြုစားနေတာ....ကွယ့်.။ ။

အိန္ဒြာ
(၂၆.၁၁.၂၀၀၈ တွင် ၁၆ နှစ်ပြည့်သည့် ချစ်သူ သက်တမ်း အတွက်..။)

November 22, 2008

နာမကျန်းခြင်း တေးသံ


ကမ္ဘာဦးလေသန့်ကို ရှူရှိုက်ဖို့
သံသရာဆိုတာ ဘယ်လောက်ရှည်ကြာလိမ့်ဦးမလဲ
ပျက်ကို ပျက်ရမှာကတော့ သေချာတယ်။

ရေကြီးလွှမ်းလွှမ်း၊ မီးကြီးလောင်လောင်
ကမ္ဘာတစ်ခုပျက်လို့ နောက် ကမ္ဘာသစ်တည်ကြရင်
အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ ပြန်စမယ်။

ကဗျာဆရာဆိုတာ စိတ်က လှမ်းလှမ်းခွပ်သမျှ
အနေအထိုင် မတတ်ပြတာလေးကလွဲလို့ ရိုးသားတယ်
ကဗျာဆရာတွေက ကိုယ့်နှလုံးသားကို ကိုယ်
ရဲရဲဝံ့ဝံ့ ဖွင့်လှစ်ပြ၀ံ့သူတွေလည်းဖြစ်တယ်
ကဗျာဆရာ့ ဥပဇာမှာ ဗြဟ္မစိုရ်တရားတွေထွန်းကားပြီး
ကဗျာရေးတဲ့လက်တွေဟာ ဘယ်တော့မှ စစ်မက်တွေကိုမရေးချယ်တတ်ဘူး
ကဗျာရေးခြင်းအတတ်မှာ High techမလိုသလို
ကဗျာရေးခြင်းစွမ်းရည်အတွက် လောင်စာဆီတွေမလိုဘူး

ကဗျာဆရာတွေက
အလေ့ကျပေါက်ပင်တွေ ဖြစ်ပေမယ့်
ဆေးဖက်တော့ဝင်တယ်
ကဗျာဆိုတာ ကဗျာဆရာတွေရဲ့ သစ္စာဓိဌာန်
အဲဒီ့ သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံ ဖြစ်လိမ့်မယ်။

ကဲ... အကုသိုလ်တွေ ခဏအောင့်ရအောင်
ဘ၀ဆိုတာ
တနင်္လာဆန်ဆန် နှစ်ခါ ပြန်ရ ဖို့ မလွယ်ဘူးလေ..။

သင်က
မနေ့က၀င်သွားခဲ့တဲ့ နေမင်းကြီးပဲမဟုတ်လား..
ကျွန်ုပ်တို့ အပူငွေ့တွေလှုံပြီး
ရဲရဲတောက် ကျန်းမာနေတဲ့ပုံ။ ။


အိန္ဒြာ
( ပိတောက်ပွင့်သစ်မဂ္ဂဇင်း)

November 15, 2008

ဖိုးမှိုက်နဲ့..ဖွားရေတိုက်

ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရတဲ့ ဘ၀အမောတွေကို ကူးယူခံစားမိခဲ့တဲ့ ၀တ္ထုလေးတစ်ပုဒ်ပါ ။

(၁)
ကြည်စင်ပြာလဲ့နေတဲ့ကောင်းကင်ပြင်မှာ ရုတ်ချဉ်းမည်းပျို့လာတဲ့တိမ်တစ်အုပ်နဲ့အတူ ကျီးတွေပါ ပြိုကျလာခဲ့ တယ်။ သဲကနဲပြေးဆင်းလာတဲ့ မိုးပေါက်တွေဟာကောင်းကင်ကမြားအစင်းစင်းကို ပစ်ချလိုက်သလိုမျိုး။ ချိမ်းကနဲ မြည်ဟီးသံနဲ့ ၀င်းကနဲလင်းပျက်သွားတဲ့ ခပ်ကွေးကွေးအလင်းတန်းဟာ လေးကိုင်းတစ်ခုများလား။ ဒါဆိုရင် အဲဒီ့လေးကိုင်းဟာ မီးနဲ့အတိပြီးတယ် ။ အနီးအနား ပလက်ဖောင်းလက်ဖက်ရည်ဆိုင်ကလူတွေ၊ မနီးမဝေး ဈေးတန်းလေးက ဈေးသည်ဈေးဝယ်တွေရဲ့ မကျေမနပ် ဒေါသတသံတွေ ၊ စိတ်ပျက်လက်ပျက် ညည်း ညူသံတွေကိုကြားတော့ အဖိုးကြီးက ခပ်ဟက်ဟက် ရယ်ချပစ်လိုက်တယ်..။
*
အဖိုးကြီးမှာဆို အခုပူချင်ပူ အခုမိုးရွာချင်ရွာနေတဲ့ သဘာဝတရားကြီး ကိုအရေးလုပ် နေရလောက်အောင် စိတ်မလပ်ရှာဘူး အဖိုးကြီးက သူ့ရဲ့ ခပ်ခွင်ခွင်ရှိနေတဲ့ ခြေထောက်တွေ ထော့ထော့ကျိုးကျိုးနဲ့မိုးလွတ်ရာဆိုင် ထဲကိုဝင်သွားတော့ “ဟာ...မင်းမော် ကွန်းလာပြီ” ဆိုပြီး သိပ်အစအနောက်သန်တဲ့ ဆိုင်ရှင်က လှမ်းပြောလိုက် တယ်..။ အားလုံးက သူ့ကို ရူးစပ်စပ်လူတစ်ယောက်လို၊ ပေါပျက်ပျက်လူတစ်ယောက်လို သတ်မှတ်နေကြတာ သေချာတာပေါ့..။ တစ်ခါတစ်ခါ သူဟာတစ်ကယ်ပဲ ရူးနေခဲ့ပြီလားလို့ အဖိုးကြီး ဆန်းစစ် နေမိတယ်..။
ငါဟာ ရူးနေပြီလား..၊
ဒါမှမဟုတ်ရူးချင်နေတာလား..၊
ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေတာလား..။
*
အဖိုးကြီးက သူ့ကိုယ်သူ ရူးမရူး တွေးကြည့်မိနေတာကိုက သူဟာမရူးဘူးလို့ သူ့ဖာသာပြန်သိနေတယ်..။ ဟုတ် တယ် သူသားငယ်ကို ကြည့်လိုက်မိရင်တော့ သူဟာ အမှန်တကယ်မရူးကြောင်း သေချာနေတာပေါ့လေ..။ “ဖိုးမှိုက် ဒီနေ့ အသက်ဘယ်နှစ်နှစ်လဲ” ဆိုတဲ့ အမေးကို သူခပ်တွေတွေကြီး ပြန်ကြည့်နေလိုက်မိတယ်..။ သူ့စိတ်ထဲမှာရွှင် နေရင်တော့ အဖိုးကြီးက သူအဲဒီ့အတိုင်းရပ်ထားလိုက်ချင်တဲ့ အသက်အရွယ်တွေကို လျောက် ပြောပစ်လိုက်တယ်..။
*
ဥပမာ နွားနဲ့ဖက်ပြီး ကိုင်းထွန်နေတဲ့ အဘရဲ့ဘေးမှာ အလုပ်ကူရှုပ်ပေးခဲ့ရတဲ့ အရွယ်မျိုးပေါ့..၊ ဥပမာ ရန်ကုန်ကို ရောက်လာကာစ သိပ်ကိုရိုးအသိမ်မွေ့တဲ့ အညာသားလူညိုထွားကြီး အရွယ်မျိုးပေါ့၊ ဥပမာ သစ္စာသိပ်ရှိတယ်၊ အရမ်းအားကိုးရတယ်လို့မန်နေဂျာက အရမ်းပစားပေးခံထားရတဲ့ ဆိုက်တာဝန်ခံပေါက်စအရွယ်မျိုးပေါ့၊ သူအမြဲ တမ်း ဖြစ်ချင်နေတဲ့အရွယ်က မျက်ဝန်းစင်းစင်းနဲ့ နဖူးမှာမှည့်နက်ကြီးထင်းနက်နေတဲ့ ဖြူဖြူခဲခဲကောင်မလေးကို ရင်ခုန်လှုပ်ရှား နေရတဲ့အရွယ်ပါ...။ ကောင်မလေးကို ခိုးယူပြေးတဲ့အရွယ်ကိုရော၊ သိပ်ကိုကြည်နူး ပျော်ရွှင်စရာ ကောင်းတဲ့ အိမ်ထောင်ဦးအရွယ်တွေကိုရော.........ပေါ့..။ အဲဒီ့ အသက်အရွယ်တွေကို သူမကြာခဏ ပြောဖြစ် တာကိုတော့ မှတ်မိနေခဲ့တယ်..။
နောက် သူမေ့ထားချင်တဲ့ အရွယ်တွေက ရော..၊
သိပ်များလွန်းတယ်..။
*
ဒီတော့ အဖိုးကြီးက သူ့အသက်ကို သူရပ်ချင်တဲ့ နေရာမှာ ရပ်ထားလိုက်တယ်..။
အခုဆို သူ့ကိုသူ အသက်ဘယ်လောက်ရှိလို့ရှိမှန်းကို အမှန်တကယ်သတိမရတော့ဘူး..။ သူဆံပင်မညှပ်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ သတိမရတော့ဘူး၊ သူအခုဝတ်ထားတဲ့ အင်္ကျီအရောင်ဟာ ဘာရောင်ဖြစ်ခဲ့လဲ ဆိုတာကို လဲ သတိမရတော့ဘူး..။ သူ့ရဲ့ မုတ်ဆိတ်ကျင်စွယ်တွေက ဘယ်လောက်အထိ ရှည်လျားညစ်ပေနေပြီလဲ၊ အခုသူရဲ့ရုပ်ရည်က ဘယ်လိုပုံစံများ ဖြစ်နေပြီလဲဆိုတာမျိုးလဲ မတွေးမိတော့ဘူး....။ သူ့နာမည်အရင်းကို တစ်ယောက်ယောက်ကခေါ်ရင်တောင် မထူးတတ်တော့ဘူး၊ ဒါကြောင့် အဖိုးကြီးက သူ့ကိုယ်သူ အမှန်တကယ်များ ရူးသွားပြီလားလို့ စိုးရိမ်တကြီးရှိနေတတ်တာ ဖြစ်တယ်..။
“ဒီနေ့ ဖိုးမှိုက် အခါမကျဘူးကွ ၊ ဒါဆို ဖိုးမှိုက်၊ ဖိုးမှိုက် ရဲ့ ဒီနေ့ အတွက်နာမည်ကရော..”
““ဒွေး””လို့ တစ်ခွန်းထဲဖြေပေးလိုက်ပြီး၊ နေရာက ထထွက်လာခဲ့လိုက်တယ်..။
မိုးကလဲ သည်းကြီးမည်းကြီးရွာနေရာက ဖြုန်းကနဲ ဆိုသလိုပဲ ပြန်တိတ်သွားပြီလေ..။
တဟားဟား...ရယ်မောကျန်ရစ်တဲ့ လက်ဖက်ရည်ဆိုင်လေးဟာ အဖိုးကြီးရဲ့နားခိုရာတစ်ခုပေါ့..။ လက်ဖက်ရည် ကျကျတစ်ခွက်မှ မသောက်ရရင် တစ်နေ့လုံးနေလို့မဖြစ်တဲ့ အဖိုးကြီးက အဲဒီ့ဆိုင်လေးရဲ့ ဖေါက်သည် တစ်ယောက်လည်းဖြစ်သေးရဲ့..။ စိတ်လိုနေတဲ့ တစ်ခါတစ်လေမှ ဆိုင်ရှင်က ဒီလိုရယ်ရယ်မောမောတွေ လျောက်ပြောပြီး အဖိုးကြီးကို လက်ဖက်ရည်လှူတတ်ပေမယ့် စိတ်မလိုတဲ့အခါမျိုးတွေမှာ ““အဖိုးကြီး လူရှုပ် နေတယ်.....သွား”” ဆိုတာမျိုး မာန်မဲလုပ်တတ်တာကို အဖိုးကြီးက ဘယ်လိုမှကိုမနေဘူး။ ဘယ်နေ့၊ ဘယ်အချိန၊် ဘယ်အကြောင်းနဲ့မှာဖြစ်ဖြစ်၊ ဘယ်လိုပါးစပ်မျိုးနဲ့ သောက်သောက် မပြောင်းလဲပဲ ဒီအ တိုင်း ရှိနေတတ်တာ လက်ဖက်ရည်ပဲရှိတယ်လို့ အဖိုးကြီးသိထားနှင့်တာက ကြာပြီလေ..။

(၂)
တကယ်ဆို ဒီနေ့မနက်လမ်းထဲကို ၀င်စကတည်းက အဖိုးကြီးရဲ့ စိတ်တွေ ညစ်နောက်သွား ခဲ့တာဖြစ်တယ်..။ အဖိုးကြီးက မနက်လင်းလို့ စမ်းချောင်းရပ်ကွက်လေးထဲကို ၀င်လာပြီဆိုရင် အရင်ဆုံးလုပ်တာက ဆီဆုံလမ်း ထောင့်က ခိုစာဆိုင်မှာ ခိုစာတွေဝယ်ပြီး အဲဒီ့အနားမှာပဲ အဆင်သင့်စောင့်နေကြတဲ့ ခိုတွေကို အစာကျွေးတော့ တာ။ သူအမြဲမပြတ်လုပ်လာတာ နှစ်ပေါင်းတော်တော် ကြာနေပြီ။ တိတိကျကျဆိုရရင် သူသိပ်ကိုအားကိုးချစ်ခင် တဲ့ သူ့သားကြီးဟာ သူတို့ဘ၀ထဲက ပျောက်ရှသွားတယ်ဆိုတာ သေချာပြီးကတည်းကပေါ့..။ သားကြီးဟာ သူ့ဆုံးရူံးလက်စတွေရဲ့ နောက်နားက တန်ဖိုးအကြီးဆုံးနံပါတ်စဉ်အသစ်ပေါ့..။
*
ခိုစာတွေ ကျွေးနေတဲ့အချိန်တိုင်းမှာ သားကြီး.... တစ်ယောက်စသဖြင့် သူ့စိတ်ကူးထဲ ဖြစ်ပေါ်နေတာတွေ အတိုင်း၊ သူ့ဆန္ဒ တွေရှိတဲ့အတိုင်း တတွတ်တွတ် ဆုတောင်းနေတတ်တယ်..။ ခိုစာရောင်းတဲ့ အမျိုးသမီးကလည်း အဖိုးကြီးကို ဈေးဦးပေါက် အားပေးတာလည်းဖြစ်လို့မို့ အမြဲတမ်း ပိုပိုသာသာ ပေးလိမ့်ရှိတယ်..။ နောက် သူဈေး ရောင်းဖို့ကလွဲပြီး တခြား ဘာဘာ ညာညာတွေလည်း အဖိုးကြီးကို စပ်စုမနေဘူးလေ။
*
ဒီနေ့မနက်တော့ ဓါတ်ကြိုးတမ်းပေါ်မှာ တွေတွေ ငိုင်ငိုင်ကြီး စီတမ်းနားနေကြတဲ့ ခိုတစ်အုပ်ကို အရင်ဆုံး သတိ ထားမိလိုက်တယ်..။ ခါတိုင်းဆို သူတို့က ကျွေးမယ့်သူမရှိသေးလဲ ကုလားမကိုညာပြီး တောင်းနေကြ..။ နောက် ရောင်းနေကြနေရာနဲ့ တော်တော်လှမ်းမှာ ငိုမလိုမျက်နှာထားနဲ့ ထိုင်နေတဲ့ခိုစာသည်ကိုတွေ့တော့ အဖိုးကြီး အူလျားဖါးလျား ပြေးသွားလိုက်မိတယ်..။
*
ငှက်တွေ ကြက်တွေက တဆင့် ကူးစက်တတ်တဲ့ ရောဂါဆိုတာ ပေါ်နေလို့ ရောဂါဆိုတာပေါ်နေလို့ အိမ်ရှင်က သူ့အိမ်ရှေ့မှာ ခိုစာရောင်းတာ လက်မခံနိုင်တော့ဘူးလို့ ဆိုတာရယ် ကျွန်မရောင်းလာတာ နှစ်ပေါင်းနှစ်ဆယ် ကျော်ပြီဆိုလားရယ်က နားလည်လို့ရ လိုက်တော့ အဖိုးကြီး ဘာဆက်လုပ်ရမှန်းမသိအောင် တွေတွေငိုင်ငိုင်ကြီး ရပ်နေမိတယ်..။ ဓါတ်ကြိုးတမ်းပေါ်က ခိုတွေလိုပဲပေါ့..။
*
ခိုစာသည်ပြောတာကို သူဘယ်လိုမှ ဥာဏ်မမှီနိုင်ဘူး ဖြစ်နေတယ်..။ ဘာဖြစ်လို့ ဒီငှက်တွေက အခုမ ဒီရောဂါ တွေကို သယ်ဆောင်လာကြတာလဲ၊၊ ဒီငှက်တွေက ရောဂါတွေ သယ်ဆောင်လာတယ်ဆိုတော့ ဒီငှက်တွေကို သယ်ဆောင်သွားဖို့ အဲဒီ့ရောဂါတွေကို ပေးလိုက်တဲ့သူကရော ဘယ်သူလဲ။ ဒီခိုအုပ်ကရော ဘယ်အစာတွေကို စားသောက်ကြပါ့မလဲ....။ သူ့သားကြီးကရော..။ သည်းကနဲမိုးပြေးမှာ ခိုတွေလည်း ဆောက်တည်ရာမဲ့ကြပေါ့...။
အဖိုးကြီးက စိတ်ရှုပ်ရှုပ်နဲ့ လက်ဖက်ရည်ဆိုင်မှာ မိုးခိုနေလိုက်တယ်.။
အဖိုးကြီးက စိတ်ရှုပ်ရှုပ်နဲ့ လက်ဖက်ရည်ဆိုင် က ထထွက်လာခဲ့တယ်..။
အဖိုးကြီးက စိတ်ရှုပ်ရှုပ်နဲ့ “အမှိုက်တွေ.........................”လို့ ကျုံးအော်ပစ်လိုက်တယ်..။
ဟုတ်တယ် ဘာတွေကိုမှ ခဲရာခဲဆစ်တွေ လျောက်ပြီး တွေးတောပူပန်မနေတော့ဘဲ ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးဆိုပြီး အသံထပ်မြှင့်ပြီး အော်လိုက်တော့ သူ့ရဲ့ဖေါက် သယ်တွေထွက်လာကြတယ်..။ တစ်ချို့ မကြားလိုက်ကြတဲ့ သူတွေကို “ဖိုးမှိုက်လာနေပြီ”လို့ လှမ်းအသိပေးတဲ့သူတွေက ပေးတယ်။ တစ်ချို့ အခန်းတွေအတွက် အဖိုးကြီးက ကြိုးဆွဲပြီး အသိပေးလိုက်တယ်..။ မြေညီထပ်ကလူတွေက အခန်းရှေ့မှာ အဆင်သင့် စောင့်နေတတ်ကြတယ်..။ အထပ်မြင့်မှ လူတွေက လှေခါးအတိုင်းဆင်းလာကြတယ်..။ ကျွတ်ကျွတ် အိပ်ကြီး အိပ်ငယ်နဲ့ စုထုပ်ထားတဲ့ အမှိုက်တွေရဲ့ မသတီစရာ အထိအတွေ့တွေ၊ ဆိုးရွားတဲ့ အနံ့အသက်တွေကို အဖိုးကြီးက ယဉ်ပါးနေပြီ။ ပြောရရင် အဲဒါတွေက အဖိုးကြီးရဲ့ကျေးဇူးရှင်လို့တောင် ပြောလို့ရတယ်..။ စမ်းချောင်းထဲက မစွမ်းမသန် စိတ်လက်မပြည့်ဘဲ ရှာစားနေတဲ့ အဖိုးကြီးဆိုတဲ့ ကရုဏာနဲ့ အဖိုးကြီးကိုမှ စောင့်စောင့်ပြီး အမှိုက်ပစ်တတ်ကြတာ..။
*
အဖိုးကြီးက သူ့နာမည်ဟာ ဘယ်တုန်းကတည်းက ဖိုးမှိုက်ဖြစ်သွားသလဲတောင် သူ့ဟာသူ မသိလိုက်ပေမယ့် အခုတော့ အဲဒီ့နာမည်ကို သူနဲ့အရမ်းလိုက်တယ်ဆိုပြီး တော်တော်ကြီးကို သဘောကျနေမိတယ်..။ ဒါပေမယ့် ဖိုးမှိုက်ရဲ့ ချစ်ဇနီးကတော့ ဖိုးမှိုက်ကို ဖိုးမှိုက်လို့ ယောင်ယမ်းပြီးတော့တောင် မခေါ်ရှာဘူး.။
“ကိုချို.........တဲ့”
ကိုချိုဆိုတဲ့ နာမည်အရင်းကိုပဲ ဆွေးဆွေးမြည့်မြည့်ခေါ်လိမ့်ရှိတယ်..။
အဖိုးကြီးကတော့ အဖွားကြီးအဲဒီ့လိုခေါ်လိုက်တိုင်း မျက်ရည်ကလည်ချင်လာပြန်တယ်..။
အဖိုးကြီးကလည်း သူ့မိန်းမကို မရွှေမြလို့ပဲ ခေါ်ပြီး “ဖွားရေတိုက်”လို့ ခေါ်သမျှသူတွေကို စိတ်တိုနေတတ်တာ..။
အဖိုးကြီးက သူ့ကိုယ်သူ အမှိုက်တစ်စလို့ ထင်လာတဲ့ အချိန်ကစပြီး ဒီအမှိုက်တွေကို အခကြေးငွေယူပြီး သတ်မှတ်တဲ့နေရာမှာ သွားပုံပေးတဲ့အလုပ်ကို လုပ်ကိုင်လာခဲ့တယ်။ ဟုတ်တာပေါ့..။ အမှိုက်ဆိုတာ အသုံးဝင် တာတွေအကုန်လုံးကို အကုန်အစင် ယူငင်ထားပြီးတော့မှ ကျန်ရစ်ခဲ့တဲ့ အသုံးမ၀င်တော့တဲ့ အရာတွေလေ..။ အဖိုးကြီးက အဲဒီ့လို လေးလေးနက်နက်တွေ မတွေးဖြစ်အောင်နေခဲ့တာကြာပြီ..။
*
သူ့ဘ၀ကို အမှိုက်တစ်စလို ရွံရွံရှာရှာ အလှဲအကျင်းခံလိုက်ရတဲ့ အချိန်တွေကို မေ့ထားခဲ့တာကလည်း ကြာပြီလေ..။ အမှိုက်ပေမယ့် အဲဒီ့အမှိုက်တွေက သူတို့မိသားစုရဲ့ ၀မ်းရေးကိုအတော်အသင့် ပြေလည်စေနိုင် ကြောင်းကိုတော့ အဖိုးကြီးကဘယ်သူ့ကိုမှ ပြောပြနေမှာ မဟုတ်သလိုမျိုး ဘယ်သူကမှလည်း “ဖိုးမှိုက် ခိုင်လာ ပြီလား” ဆိုတာမျိုး စတာနောက် တာထက်ပိုပြီး အမှိုက်တွေကို စိတ်မ၀င်စားကြပါဘူး..။ ဒါတောင် သူနဲ့အပြိုင် စီးပွားလုဘက်တွေ တစ်နေ့တစ်ခြား များများလာလို့ တစ်ခါတစ်လေ အဖိုးကြီး စိတ်ညစ်ညစ်နေရ သေးပါကော..။ မင်းလမ်းထောင့်က ဆံပင်ညှပ်ဆိုင်ပြီးရင် အဖိုးကြီးရဲ့ဖေါက်သည်အိမ်တွေ ပြည့်သွားပြီ။
(၃)
အဖိုးကြီးကအတော်အသင့် လေးလံလာပြီဖြစ်တဲ့ သူ့အိပ်တွေကို ဗာဒံပင်ခြေ၇င်းမှာချလိုက်တယ်..။ အပင်က လည်း အဖိုးကြီးလို ခပ်အိုအိုခပ်ကိုင်း ကိုင်းပဲရှိနေတယ်..။ ကြည့်ရတာငှက်တွေတောင် အတောင်ညောင်းလို့မှ နားချင်စရာမရှိဘူး..။ အဲဒီ့အပင်က အဖိုးကြီး ရောင်းနေကြ အမှိုက် ဆိုင်နဲ့လည်း သိပ်မဝေးဘူး၊ (သူကတော့ အမှိုက်ဆိုင်လို့ပဲခေါ်တယ်..၊ အဟောင်းအမြင်း အတိုအစတွေမှန်သမျှ စုဝယ်တဲ့ဆိုင်ပေါ့)။ နောက် သူ့မှာပါလာ သမျှပစ္စည်းတွေကိုလည်း အေးရာအေးကြောင်း ရွေးချယ်လို့ရသေးတယ်လေ..။
*
ကတ်ထူစက္ကူတွေ၊ ရေသန့်ပုလင်းအလွတ်တွေ ၊ သားရေစိမ်းပါတဲ့ ဖိနပ်အပြတ်တွေ၊ အရက်ပုလင်း၊ ဘီယာ ပုလင်းခွံတွေ..၊ တစ်ခါတစ်လေ ကံသိပ်ကောင်းရင် သံတိုသံစတွေ ဘက်ထရီအိုး အဟောင်းအပျက်တွေ ပါလာနိုင်သေးတယ်လေ..။ အဖိုးကြီးက လုံးလုံးပစ်လိုက်ရတော့မယ့် ပစ္စည်းတွေ၊ ပြန်ရောင်းလို့ရနိုင်မယ့် အရာ တွေ၊ အိမ်မှာအသုံးတည့်နိုင်မယ့်ဟာတွေ၊ နောက်အသက်သာဆယ့်ငါးနှစ် ကျော်နေပေမယ့်ငါးနှစ်သား အသိလောက်နဲ့ အားကစားမက်တုန်း သားငယ်အတွက် ကစားစရာအကျိုးအပျက်တွေ စသဖြင့် စနစ်တကျရွေး ထုတ်လိမ့်ရှိတယ်..။
*

နောက် အဲဒါတွေကို ရောင်းချပြီး ၊ အဲဒီ့ကရတဲ့ ငွေစကြေးစလေးတွေရယ်၊ အမှိုက်တစ်ထုတ်ကို ငါးဆယ် ၊ တစ်ရာ၊ တစ်ခါတစ်လေ သဒ္ဒါကျွံတတ်တဲ့ သူဌေးတို့သဘောသဘာဝအရ ပိုပိုသာသာပေးကမ်း တတ်တာလေးတွရယ်ကို စုစပ်ပြီး မရွှေမြမှာလိုက်တဲ့ တိုတိုထွာထွာလေးတွေ လျောက်ဝယ်ပေါ့.....၊ ပိုလာခဲ့ရင်တော့ အဲဒီ့ငွေစလေးကို သူ့အင်္ကျီ ညစ်ဖါးဖါးကြီးကြားထဲမှာ ကျစ်ကျစ်ပါအောင်ထုပ်လို့ပေါ့..၊ တစ်ခါတစ်လေတော့ မရွှေမြတို့ ကျောက်လောင်းတဲ့ဆိုဒ်က ကြည့်မြင်တိုင်၊ စမ်းချောင်းထဲမှာပဲဆိုရင်တော့ အဲဒီ့ဆိုဒ်ရှေ့ မှာပြီးတဲ့အထိ သွား စောင့်နေလိုက်ပြီး အတူတူပြန်ကြတယ်..။
*
အခုလဲ အဖိုးကြီးက သူလုပ်နေကြအတိုင်းပစ္စည်းတွေကို တစ်ခုစီရွေးထုတ်နေလိုက်တယ်..။ ဒီနေ့ဟာမနေ့က လောက်မဆိုးပေမယ့် သိပ်တော့မလွမ်းလောက်ဘူးလို့ အဖိုးကြီးစိတ်တွက်တွက်ကြည့် လိုက်မိတယ်..။ လူတွေဟာ အရင်လိုမဟုတ်ကြတော့ဘူး.။ အမှိုက်ကို အမှိုက်အတိုင်းပဲစွန့်တတ်နေကြပြီ..။ နောက်ဆုံးမှာ အလုံးလိုက်ကလေး ကပ်နေတဲ့ တစ်ရူးလုံးလေးကို စပ်စပ် စုစုဖြည်ကြည့်လိုက်တယ်။
အဖိုးကြီးရဲ့ရင်ပြင်ဟာအောင့်တက်သွားရလောက်အောင် ဆောင့်ခုန်သွားတယ်..။
အဖိုးကြီးက သူ့လက်ထဲက တစ်ရူး ထုတ်ကလေးကို အလန့်တကြား လွှတ်ပစ်လိုက်တယ်..။
နောက် အဖိုးကြီးဟာ ဂမူးရူးထိုးပြေးကောက်လိုက်ပြန်တယ်..။
အဖိုးကြီးဟာ ဘေးဘေးဘီဘီကို ကျီးကန်းတောင်းမှောက် ကြည့်လိုက်တယ်..။
အသက်ပြတ်သွားတဲ့လူလို တွေတွေကြီးငိုင်ကျ သွားရာက ဗြုန်းကနဲ တဟုန်ထိုး ပြေးထွက်သွားခဲ့တယ်..။ အဲဒီ့နေ့မှာ လမ်းထဲကတစ်ခြားအမှိုက်ကောက်ကြတဲ့ ကလေးတွေဟာ အဖိုးကြီးရွေးဆယ်ထားပြီးဖြစ်တဲ့ ပစ္စည်း တွေကို လုကြ၊ ယက်ကြရင်းရန်တွေဖြစ်ကြတယ်။ အဲဒီ့နေ့မှာ ဗာဒံပင်နဲ့အနီးဆုံးအိမ်တွေက ပွစာတက်၊ ညစ်ပတ်နံစော်နေတဲ့ အမှိုက်တွေကို ကြည့်ပြီး၊ အခကြေးငွေယူထားရက်နဲ့ အမှိုက်ပုံကို ရောက်အောင်မပို့ ကြရကောင်းလား လို့မေတ္တာပို့ကြတယ်..။
*
အဲဒီ့နောက်နေ့တွေမှာ ရောက်မလာတတ်တော့တဲ့ အဖိုးကြီးအကြောင်းကို တစ်ယောက်စနှစ်ယောက်စက စကားစပ်ကြပြီး မေ့မေ့ပျောက်ပျောက်ပဲရှိနေခဲ့ကြတယ်..။ အဲဒီ့နေ့ အဖိုးကြီးနောက်ဆုံးအမှိုက်ကောက်ခဲ့တဲ့ ဆံပင်ညှပ်ဆိုင်မှာကတော့ ဆိုင်ရှင်မက ဘေစင်ပေါ်မှာ တစ်ရူးနဲ့ထုပ်ပြီး ခဏတင်ထားမိတဲ့ သူ့ တစ်ကျပ်ခွဲသား ရှိတဲ့ Foot Chain ပျောက်သွားတဲ့အမှုနဲ့ သန့်ရှင်းရေးကောင်မလေးတွေ ၀န်ထမ်းကောင်မလေးတွေကို ပွက်လောရိုက်အောင် ဆူပ၊အော်ဟစ် ထုထောင်း နေလေရဲ့..................။
(၄)
အုံ့မှိုင်းတွေတဲ့ မိုးညို့ညို့တွေက ဘယ်တော့မှ ကြည်စင်နိုင်မှာလဲ..။ ခပ်ဝါးဝါးလှမ်းမြင်နေရတဲ့ ကြည့်မြင်တိုင် ဘက်ကမ်းဟာ ခုလိုကြတော့လည်း ရင့်ကျက်တည်ကြည်လို့..။ သုတ်ကနဲတိုက်လိုက် တဲ့လေမှာ မိုးနံ့ငွေ့ငွေ့ပါ နေပြီ။ ဖွားရေတိုက်က မိုးကာစကို လုံနေအောင် ဆွဲစိထားလိုက်တယ်..။ ဖွားရေတိုက်ရဲ့ စိတ်တွေဟာ ရာသီဥတုလိုပဲ ညစ်ထေးမှိုင်းအုံ့လို့..။ အထူးသဖြင့် စိုးရိမ်ကြောင့်ကျ စိတ်တွေနဲ့ ပူလောင်နေခဲ့တယ်။ အလုပ် ဘယ်လိုမှ သွားခိုင်းလို့မရတော့ပဲ ကယောင်ကတမ်း၊ ကြောင်တက်တက်ရှိနေတဲ့ ဖိုးမှိုက်ဟာတကယ့်ကို ရူးချင်လာပြီလား..။ ဖိုးမှိုက်ဟာ တင်းပြည့်ကျပ်ပြည့် ဦးနှောဏ်ကောင်းကြောင်းကို ဖွားရေတိုက်ကလွဲပြီး ဘယ်သူမှမသိနိုင်ပါဘူး..။ ဖိုးမှိုက် ခံစားခဲ့ရတဲ့စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခတွေကို ပြန်တွေးလိုက်မိတိုင်း ဖွားရေတိုက်ရဲ့ ရင်ပြင်က တစစ်စစ် နာကျင်ချောက်ချားလာခဲ့တယ်.။ အခုပဲဖြစ်ပျက် လိုက်တဲ့ အဖြစ်အပျက်တစ်ခုလို မျက်ရည် ပေါက်ပေါက်ကျရတုန်း.....။
*
ဝဲကနဲ ဝေရီလာတဲ့မျက်ရည်တွေကို ခပ်ဆတ်ဆတ်ပုတ်ခတ်ပစ်လိုက်ရင်း ဖွားရေတိုက်က သူတို့ဒီနေ့ ကျောက် လောင်းရမယ့် တိုက်ကြီးကို မော်ကြည့်လိုက်တယ်..။ ခန့်ခန့်ညားညားကြီး မတ်မတ်ထီးထီး တည်ရှိနေတဲ့ တိုက်ကြီးမှာ သူတို့ချွေးစက်တွေ ဘယ်လောက်ပျော်ဝင်နေပါလိမ့်..။ အဆောက်အဦတစ်လုံးရဲ့ ခိုင်ခံ့မှုမှာ သူတို့ရဲ့ချွေးစက်တွေကရော အချိုးအစားတစ်ခုအနေနဲ့ပါဝင်နေသလားဆိုတာတွေအထိတော့ ဖွားရေတိုက် မတွေးတောတတ်တာပါ..။
*
အခုဆို စူးပြောင်နေတဲ့ မျက်ဝန်းတွေနဲ့ ဘယ်သူ့ကိုမဆို အော်ငေါက်ပစ်လိုက်ဖို့ ၀န်မလေးတဲ့ဖွားရေတိုက်တို့ ကန်ထရိုက်မတောင် အသံသိပ်မထွက်ချင်တော့ဘူး..။ သူပြောပြောနေတတ်တဲ့ တိုက်တွေကို ကွန်ကရစ်ကား တွေနဲ့ပဲ လောင်းကြတော့တယ်ဆိုလား မဆိုနိုင်တာတွေကို ဖွားရေတိုက်တို့ပါရောပြီး စိတ်ညစ်တတ်နေပြီ။ အခုတလော အခုတလောဆိုတာထက် ကိုချိုအမှိုက်ကောက် မသွားကတည်းက အလုပ်ကလေး ဆက်နေတာကိုပဲ ဖွားက ကျေးဇူးတွေတင်လို့လေ..။
*
ယိုးဒယား ပလပပ်စတစ်ခြင်းစုတ်လေးထဲက ကျွတ်ကျွတ်အိပ်အမာထဲကို ဆိုဒ်ကသောက်ရေတွေဖြည့်ပြီး...၊ ဖိုက်ဘာတု ရေခွက်ကလေးကို ဆေးကြောထားလိုက်ရင်း.. လွင့်လွင့်ဝဲ၀ဲဝေချင်နေတဲ့ စိတ်တွေကို အဖွားကြီးဒီ့အတိုင်း လွှတ်ချပစ်ချင်နေခဲ့တယ်..။ ဖြစ်နိုင်ရင် အိမ်ကို ပြန်ပြေးလိုက်ချင်နေတာ..။ ဖြစ်နိုင်ရင် ကိုချို “ရှင်ဘာတွေဖြစ်နေတာလဲဟင်” ဆိုပြီး မဖြေမချင်းမေးပစ်လိုက်ချင်တာပေါ့..။
ဖြစ်နိုင်ရင် ....။
အို ဖြစ်နိုင်ရင်ဆိုတဲ့ စကားစုမှာ ဘာတွေ ဘယ်လောက်ပျော်ဝင်နေပါလိမ့်..။
ဖြစ်နိုင်ရင် ဆိုတဲ့ စကားဟာ ဖွားရေတိုက်ရဲ့ ရင်ကို တဒိုင်းဒိုင်းခုန်တက်လာစေခဲ့တယ်..။
ဟုတ်တယ် .. ။ ဖြစ်နိုင်ရင်..
ဖြစ်နိုင်ရင် ဘာသတင်းအစအနမှမရတော့တဲ့ ဟိုး...အထက်မှာ အလုပ်သွားလုပ်တယ်လို့ပဲသိရတဲ့ သားကြီးကို ပြန်ခေါ်လိုက်ချင်တာပေါ့..။
အို ဖြစ်နိုင်ရင် သတင်းအစအနလေးဖြစ်ဖြစ် ရချင်လိုက်တာကွယ်.....။
ဖြစ်နိုင်ရင် စိတ်ဒုက္ခလူဒုက္ခတွေနဲ့ ရေနွေးဆူဆူ အလောင်းခံထားရတဲ့သစ်ပင်လို ဘယ်လိုမှ အညွန့်မလူနိုင် တော့တဲ့ ကိုချိုရဲ့အတိတ်တွေကို အမြစ်ကနေတူးဆွပြီး ကော်ထုတ်ပေးလိုက်ချင်တာပေါ့..။
ဖြစ်နိုင်ရင်.. သားငယ်လေးကိုလည်း...............
*
“ရေတိုက်.. ရေတိုက်...” ဆိုတဲ့အသံက ဖွားရေတိုက်ရဲ့ စိတ်တွေကို ဆွဲလှုပ်ပစ်လိုက်တယ်..။ အပြေးအလွှားသွားပြီး သောက်ရေတစ်ခွက် ခပ်ပေးလိုက်တော့ တဆတ်ဆတ်တုန်ယင်နေတဲ့ လက်အစုံက အငမ်းမရလှမ်းရှာတယ်..။ လည်ချောင်းထဲကို မနားတမ်းပြေးဆင်းသွားကြတဲ့ ဖွားရေတိုက်ရဲ့ရေတွေက သူတို့ အပမ်းကို ဘယ်လောက်များ ပြေပျောက်စေနိုင်မှာပါလိမ့်......။ တဒီးဒီး စီးထွက်နေတဲ့ ချွေးစေးထန်းထန်းတွေကို ဒီရေတစ်ခွက်က ဘယ်လိုများ တိတ်စေနိုင်မှာလဲ..။
*
ဖွားရေတိုက်တို့ အားကောင်းမောင်းသန် မဆလာရွက်နေတုန်းက ဒီကလေးမလေးက ရေတိုက်သမလေးပေါ့..။ ဟိုလူ အော်ဒီလူငေါက်နဲ့ပေါ့..။ အခုတော့ အရွယ်ထက်တော်တော်လေး အိုစာပိန်လျော်နေတဲ့ သားသည်အမေ ဖြစ်နေပါပြီကော..။ သူ့ယောက်ကျားက ဘယ်မှာပါလိမ့်....။ ဖွားရေတိုက်အတွေးစကို ကြောက်လန့်တကြား ဖြတ်ချပစ်လိုက်တယ်..။ သူ့သားကြီးလို အဆက်အပေါက်မျိုးနဲ့ ရုပ်ရည်လေးတောင်ခပ်ဆင်ဆင်တူတဲ့ ထင်မိတဲ့ ကလေးကို “သားလေး ရေသောက်ဦးမလား”လို့ ခပ်ဖွဖွ မေးလိုက်တော့ ဖွားရေတိုက်တော်တော်မောနေပြီ..။ အခုဆို ဖွားရေတိုက်လည်း မီးစာတွေကုန် ဆီတွေခမ်းလုနီးပါးကို အင်တွေအားတွေ ချွတ်ချုံကျနေပြီ...။ ကွန်ကရစ်ကို အုံးမွှေးလုံးရိုက်ပြီး ဒူးမနှိပ်ကြေး ရှစ်လွှာအထိသယ်လာခဲ့တာ ဘယ်နှစ်နှစ်၊ ဘယ်နှစ်မိုးပါလိမ့်..။ ဖွားရေတိုက်က ဖြစ်နိုင်ရင် သူတို့ဘ၀ကို ဗွီဒီယို တိတ်ခွေတစ်ခွေလို ရစ်ပစ်လိုက်ချင်တာ.။
*
အခုတော့ အားကောင်းမောင်းသန်ရွက်လုံးကောင်းတဲ့ မမြဟာ တစ်နေ့ တစ်ထောင် နေ့စားခနဲ့ ရွက်လုံးကောင်း ကောင်းနဲ့ ရွက်နေကြတဲ့ အလုပ်သမားတွေကို သောက်ရေလိုက်တိုက်တဲ့ ရောဂါသည် အဖွားကြီးပေါ့..။ ကိုချိုပြောသလို နဖူးကမှည့်ကိုပဲ မှတ်မိစရာရှိတော့တဲ့ သောကဒုက္ခ ဒဏ်ရာဒဏ်ချက်တွေနဲ့ မိန်းမအိုကြီးပေါ့..။ သူတို့ ခေါ်သလို “ဖွားရေတိုက်“ပေါ့..။
*
တွေတွေငေးငေးကြီးရှိနေတဲ့ အဖွားကြီးခမျာ နေမကောင်းဘူးလားလို့ မေးလိုက်တဲ့ ကန်ထရိုက်ကို ကောင်းပါ တယ်လို့ ပျာပျာသလဲဖြေလိုက်ရသေးတယ်။ စို့ကနဲသီတက်လာတဲ့ မျက်ရည်တွေက မိုးနဲ့ရောသွားမှာ ပါလေ..။ ရင်ပြင်တစ်ခုလုံးက နာကျဉ်လာရင် မောပြီးကြပ်တက်လာတာကိုလည်း သူမက ကျင့်သားရခံနိုင်ရည်ရှိနေခဲ့ပြီ..။ ဖွဖွလေးလိပ်ကိုင်ထားမိတဲ့ တစ်ထောင်တန်ငွေစက္ကူ သေးသေးလေးဟာ ဒီနေ့အတွက် လုပ်အားခပေါ့..။ ဖွားရေတိုက်ခမျာ တစ်ခြားဘာကိုမှ မစဉ်းစားနိုင်တော့ဘူးလေ..။
(၅)
ဝင်လုဆဲဆဲနေရောင်က ခပ်လွင်လွင်ပါးလျသွားတဲ့ မိုးတိမ်တိုက်တွေအကြားကို နေခြည်ဖြာကျနေပုံဟာ နူးညံ့ဖျော့ရော့နေ သလိုရှိနေတယ်..။ အတော်အသင့် ကြည်လင်သွားတဲ့ ရာသီဥတုကို ဖွားရေတိုက်ကျေးဇူး တင်လိုက်တာ..။ ညနေစောင်းစောင်း မိုးလေသည်းသည်းမှာ စက်လှေတစ်စီးနဲ့ ရန်ကုန်မြစ်ကို ဖြတ်ပြန်လိုက်ရ တာဟာ အလောင်အစားတစ်ခုကို ကြေးကြီးကြီးနဲ့ ထပ်ထား ရသလိုမျိုးပေါ့..။
*
“ဖွားရေတိုက်ရေ ဒီမှာဖိုးမှိုက်အတွက် လက်ဖက်ရည်”ဆိုတာကို အဖွားကြီးက အမေရေ ဒီမှာအဖေ့အတွက် လက်ဖက်ရည်ဆိုတာမျိုး ကြားကြားနေတတ်တာ..။ သားကြီးနဲ့ တော်တော်လေးကိုဆင်တဲ့ ဒီကလေးကို ကိုချိုကလည်း ချစ်ခင်နေရှာတယ်လေ..။ သားကြီးသာ ရှိရင်ဆိုတာရဲ့ နောက်မှာအဖွားကြီးက သူတွေးချင် ဖြစ်ချင်နေတာတွေကို ထည့်တွေးနေမိပြန်တယ်..။
*
အဖွားကြီးရဲ့ရင်ပြင်ဟာ တစစ်စစ်နာကျင်လာပြန်တယ်..။ ပိုးပိုးပေါက်ပေါက်ကျလာပြန်တဲ့ သူ့မျက်ရည်တွေကို သူရဲ့လုပ်ဖေါ်ကိုင်ဖက်တွေက သိပ်ထူးဆန်းမနေတော့ဘူး..။ တကယ်ဆို ကိုချိုလိုက်ရှာလည်း ဘယ်တွေ့နိုင် မှာလဲ။ ဆယ်သုံးနှစ်သားကတည်းက ထားရစ်ခဲ့ရတဲ့ သားကိုအသက် အစိတ်ပတ်ဝန်းကျင် လူကောင်အနေနဲ့ ဘယ်လိုမှတ်မိနိုင်မှာလဲ.။
“ကိုချို ရှင်ကျွန်မတို့ကိုထားသွားခဲ့တာဆယ်နှစ် ကျော် တောင်မှပါလား...”
အတိတ်ဆိုးကြီးက ဖွားရေတိုက်ရဲ့ စိတ်အစဉ်ထဲကို လေနီကြမ်းတစ်ခုလို ၀င်မွှေလာပြန်တော့ အဖွားကြီးရဲ့ ရာသီဥတုတစ်ခုလုံး ရုတ်ချည်း မည်းမှောင်ရိုင်းစိုင်းလို့ပေါ့..။ သိပ်ကိုတိကျသေချာတဲ့ သစ္စာတော်ခံဆိုဒ်တာဝန်ခံ တစ်ယောက်အနေနဲ့ ဖိုးမှိုက်ဝင့်ထည်စဉ် ကာလက သူမကလည်း ဖြူဖြူနွဲ့နွဲ့ ဇနီးချောတစ်ယောက်အဖြစ်နဲ့ ပျော်လို့မော်လို့ပေါ့..။
*
ညိုမောင်းထွားကျိုင်းပြီး သွက်လက်ကျန်းမာတဲ့ ခင်ပွန်းသည်ကို မြတ်နိုးအားကိုးလို့မဆုံးပေါ့..။ သားကြီးကလည်း ဆိုက်မန်နေဂျာကြီး မကြာခဏပေးတတ်တဲ့ မုန့်ဖိုးတွေကို ကိုင်ပြီး ခုန်လို့မြူးလို့ပေါ့..။ မှတ်မှတ်ရရ ကိုယ်နဲ့ဆိုင်တာရောမဆိုင်တာရော အလုပ်မြင်မနေနိုင်ပဲ စိတ်ရောကိုယ်ပါ လုပ်တတ်တဲ့အတွက်၊ သိပ်ကိုတိကျ သေချာပြီး ရိုးသားတဲ့အတွက်သူဌေးကို လစာတိုးပေးဖို့ ပြောပေးမယ်လို့ မန်နေဂျာဆိုတဲ့နေ့က သားငယ်လေး ကိုယ်ဝန်ရှိကြောင်း သိလိုက်ရတဲ့နေ့ပေါ့..။
*
မှတ်မှတ်ရရ အဲဒီ့နေ့ညမှာပဲ ဆိုဒ်ထဲမှာ သူခိုး တွေဖမ်းကြ၊ ၀ရုန်းသုန်းကားတွေဖြစ်ကြ၊ ရိုက်ကြ၊ နှက်ကြ၊ သူ့တာဝန်ချိန်မဟုတ်ပဲ ကင်းထလှည့်မိတဲ့ကိုချိုဟာ သူ့ကိုဖမ်းတာတောင် ဖမ်းလို့ဖမ်းမှန်းမသိသေးဘူး..။ သူ အားကြိုးမန်တက် ဖမ်းပေးခဲ့တဲ့ သူခိုးဟာ အသတ်ခံလိုက်ရတယ်ဆိုတာလည်း မသိသေးဘူး။ သူသိပ်လေးစား ချစ်ခင်တဲ့ သူ့ဆရာဆိုဒ်မန်နေဂျာကြီးရဲ့ ထွက်ချက်တွေမှာတော့ သူဟာသူခိုး..၊ သူဟာ လူသတ်ကောင်..၊ သူ ဟာ လူရမ်းကား၊ ဘိလပ်မြေနဲ့သံချောင်းတွေကို ကားအစီးလိုက် ထုတ်ဖို့ကြိုးစားခဲ့တာ သူပေါ့..။
*
အဖွင့်အပိတ်မှန်မှန် မင်သေသေ၊ ဇာတ်အိမ် ဇာတ်လမ်းခိုင်ခိုင်ခံ့ခံ့၊ အုံနဲ့ကျင်းနဲ့ အင်နဲ့အားနဲ့ ၀ိုင်းဝန်းထွက်ဆိုကြ တဲ့ အမှုအခင်းမှာ သူဟာ ရာဇ၀တ်ကောင်ပေါ့..။ ကိုချိုဟာ ရုတ်တရက်ပြောင်းလဲသွားတဲ့ အဖြစ် အပျက်အားလုံး ကို ဘယ်လိုမ နားမလည်နိုင်သလို လက်လဲမခံနိုင်ဘူး..။ ဘာတစ်လုံးမှကို မပြောနိုင် မဖြေနိုင်အောင် ကြောင်အ တုန်လှုပ်နေခဲ့တယ်..။ မယုံကြည်နိုင်လွန်းလို့ မျက်ဝန်းအစုံဟာ ပြူးကျယ်ဝိုင်းစက်နေခဲ့တယ်..။ မျက်နှာတစ်ခုလုံး မှာရှိတဲ့ သွေးကြောတွေက ပေါက်ထွက်လုမတတ် နီရဲတင်းမာနေခဲ့တယ်.. တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်ယင်နေရှာတယ်..။
*
ဖိုးမှိုက်ဟာ စကားဆိုလို့ မျက်ရည်ပူတွေအသွယ်သွယ်ကြားက သူမကိုကြည့်ပြီး တစ်ခွန်းထဲပဲပြောခဲ့တယ်..၊ “မရွှေမြ ငါ မဟုတ်ဘူးတဲ့..” သူ့မကလည်း အကြွင်းမဲ့ကိုယုံကြည်တာ..။ သူများပစ္စည်းဆို စိတ်နဲ့တောင် မပစ်မှားဘူး၊ သူများအသက်ဆို ခြင်တစ်ကောင် သတ်ဖို့တောင် ၀န်လေးတယ်ဆိုတာ ကိုချို့အတွက် လွန်လွန် ကဲကဲ တင်စားထားတာမျိုး မဟုတ်ဘူးလေ..။
*
ဖိုးမှိုက် အနာကျည်းဆုံးကတော့ မန်နေဂျာက သူဌေးကိုပြောခဲ့တဲ့ “ဆရာရယ် ကျွန်တော်မှားတာပါ သူခိုးကို ဓါးရိုးကမ်းခဲ့မိတယ်” ဆိုတဲ့ စကားပဲလို့ ဖိုးမှိုက်က သူစိတ်ရရင်တော့ ထထပြောတတ်တယ်..။ တစ်ခါတစ်လေ “ရုပ်ရှင်တွေဗွီဒီယိုတွေထဲကလို ငါ့သားကြီးကို လက်စားချေခိုင်းရရင် ကောင်းမှာလို့ ငါတစ်ခါတစ်ခါ တွေးခဲ့ဘူး တယ်ဟ” လို့ ဆွေးဆွေးမြည့်မြည့် ပြောတတ်သလိုမျိုး သူမရှိဘဲ မျက်နှာငယ်ငယ်နဲ့ မွေးဖွားကြီးပြင်း လာရတဲ့ ကြားထဲ ဥဏှောက်လည်း ပုံမှန်မရှိရှာတဲ့ သူ့သားငယ်လေးကိုလည်း မျက်ရည်အ၀ဲသားနဲ့ ထိုင်ကြည့် နေတတ် သေးရဲ့.။
*
သားကြီးသတင်းကို သိသိချင်း ဖိုးမှိုက်ဖြစ်သွားတဲ့ နာကျဉ်ကြေကွဲမှုကို ဖွားရေတိုက် ပြန်တောင် မြင်ယောင် မကြည့်ဝံ့ ဘူး..။ ဖိုးမှိုက်က ခုထိ ငွေစလေး နည်းနည်းများရလာရင် သူ့သားကြီးကိုလိုက်ရှာမယ်၊ သတင်းစုံစမ်း ဦးမယ်ဆိုပြီး မကြာခဏ ပျောက်ပျောက်သွားတတ်သေးတာကိုလည်းဖွားရေတိုက်က ကြင်နာ နားလည်နေခဲ့ တယ်..။ တကယ်ဆို သူ့သားကြီးက သူ့ဝိဥာဏ်တွေ တောက်စားမယ့် အသစ်စက်စက် သူ့ကိုယ်ပွားလေး မဟုတ်လား..။ သူ့ကိုယ်သူ အသစ်ပြန်လည်ဖွင့်နိုင်မယ့် တံခါးတစ်ချပ် မဟုတ်လား..။ တဆင့်စကား တစ်ဆင့်နားအရတော့ မန်နေဂျာကြီးဟာ အခုဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်ပြီး ထားစရ နေရာကို စဉ်းစဉ်းစားစားရှာ နေရလောက်အောင် ချမ်းသာကြွယ်ဝ နေပြီတဲ့..။
*
အဲဒီ့လိုနဲ့ ဖိုးမှိုက်ဟာ စကားဟဟမပြောပဲသူစိတ်သက်သာသလို အနေအထားအတိုင်းပဲ နေနေ ရှာတော့တယ်..။
ဒါပေမယ့် သူ မရူးသေးဘူး...သေချာတယ်။ ဒါပေမယ့် အခု အဖွားက သူမကိုယ်သူမ သံသယ၀င်ချင်လာတယ်..။ တစ်စုံတစ်ရာကို အလေးအနက်စဉ်းစားသလို ငိုင်နေလိုက်၊ ပါးစပ်က တတွတ်တွတ်ရွတ်လိုက်နဲ့ ဖွားရေတိုက်ကို မလုံမလဲလိုလို အလန့်တကြားလိုလို ကြည့်ကြည့်နေတတ်တဲ့ မျက်လုံးတွေကို မသင်္ကာချင်တော့ဘူးလေ..။ လောကဓံကို ကြံ့ကြံ့ခံနိုင်ပြီး စိတ်ဓါတ်မာမာနဲ့ ဖြေရှင်း ဦးဆောင်နိုင်ခဲ့ပေမယ့် ဖွားရေတိုက်က သူ့ခင်ပွန်းသည်နဲ့ ပတ်သက်လာရင် အလိုလိုဝမ်းနည်း ညံ့သက်နေတတ်တော့........။
*
ဖွားက မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ချပစ်လိုက်ရင်း နီးကပ်လာတဲ့ ကမ်းဆီကိုမျှော်ကြည့်နေမိတယ်..။ နေ၀င်ဖျိုးဖျဟာ မိုးရိပ်မိုးယောင်ကြောင့် ညစ်နွမ်းနွမ်းနဲ့အေးစက် ထိုင်းမှိုင်း နေခဲ့တယ်..။ ဒီတစ်ချက်လေအဝှေ့မှာ တော့ မိုးကဆက်ဆက် ပါလာခဲ့ပါရော..။
(၆)
မိုးက ခပ်စိတ်စိတ်ရွာချနေပြန်တယ်..။ ကောင်းကင်ကတော့ မြင်မကောင်းအောင်ကို မည်းနက်လို့၊ အခဲလိုက် အခဲလိုက် ရှိနေကြတဲ့ မိုးသားတွေဟာ အခုကိုပြိုကျတော့မလိုမျိုး....။ မိုးဟာဘယ်တော့မှ တိတ်ချင်တဲ့ပုံ မပေါ်ပါ ဘူး..။ အဖွားကြီးက ကမ်းနားမှာ“ရွှေဆွဲကြီး အကြီးကြီး၊ ရွှေဆွဲကြီး အကြီးကြီး”နဲ့ အော်ဟစ်ခုန်ပေါက် ပြေးလွှားနေတဲ့ စိန်တိုးကို တွေ့တော့ သားလေးပြောနေတာက နမိတ်ကောင်းလိုက်တာဆိုပြီး ထိတ်ကနဲတောင် ၀မ်းသာသွားသေးတာ..။
*
မနက်အိမ်က ထွက်လာတော့ သားလုပ်တဲ့သူကို ဖွားရေတိုက်ဘ၀မှာ တစ်ခါမှမမြင်ဘူး လောက်စိတ်ဆိုးနေတဲ့ သဏ္ဍန်မျိုးကြီးနဲ့ သွေးရူးသွေးတမ်းဆန်ဆန် ဗလုံးဗထွေး စကားလုံးတွေနဲ့ နှင်ထုတ်ကျန်ရစ်ခဲ့တဲ့မြင်ကွင်းဟာ ဖွားရေတိုက်အတွက် နောက်ဆုံးမြင်ကွင်းတဲ့..။ အဖွားကြီးက ကြပ်တက်နေတဲ့ သူရဲ့အသက်ရူလမ်းကြောင်းကို ပင့်ပင့်ပြီး အသက်ကိုလုရူနေရတယ်..။
*
မျက်လုံးကိုစုံပိတ်ထားပေမယ့် သူမမျက်လုံးထဲမှာတော့ တစ်စုံတစ်ရာကို အလွန်အမင်း ကြောက်လန့် စိုးရွံ့ ပူပန် ရိပ်တွေ ပြည့်နှက်နေတဲ့ မျက်လုံးပြူးကြီးတွေနဲ့ လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ဖိုးမှိုက်ရဲ့ အေးစက်စပြုနေတဲ့ ရုပ်ခန္ဓာကိုပဲ မြင်ယောင်နေခဲ့တယ်..။ မနက်ကတင် သူ့ထမင်းထုတ်ကို ကိုယ်တိုင်ထုတ် ပေးနေသေးတဲ့ ဖိုးမှိုက်တစ်ယောက် ဘယ်လိုဖြစ်သွားလဲ... ဘာရောဂါမှထွေထွေထူးထူးကြီးမရှိတဲ့ အကောင်း သားကြီး ကျန်ရစ်ခဲ့တဲ့ ဖိုးမှိုက်ကို သေအောင်သတ်လိုက်တာ.....
“ဘယ်အရာလဲ....”
“ဘယ်လို ရောဂါမျိုးများလဲ..”
ဖွားရေတိုက်က ကြေကြေကွဲတကြီးနဲ့ အပူတပြင်း မေးနေရှာသေးတယ်.. ဖွားရေတိုက်က သူဖိုးမှိုက်ဖို့ ၀ယ်လာတဲ့ လက်ဖက်ရည်ထုပ်ကလေးကို ဘယ်နေရာမှာထားလိုက်မိမှန်း သတိမရနိုင်တော့ဘူး...။ ဖွားရေတိုက်က ရုတ်တ ရက်ကြီးဆိုသလို ပြောင်းလဲသွားတဲ့ ကံကြမ္မာကိုလိုက်မမှီနိုင်ရှာဘူး...။ ဖွားရေတိုက်မှာ သူ့ရင်ဝက လောင်မြိုက် တက်နေတဲ့ အပူမီးအဟုန်က ငြှိမ်းသတ် နိုင်ဖို့ လည်း အင်အား မရှိတော့ဘူး။
*
“ကိုချို ၊ ရှင် ကတော့ ဒီဘ၀ကြီးက အမှန် တကယ်လွတ်မြောက်သွားပြီပေါ့ ”
ပါးစပ်က တတွတ်တွတ် ပြောနေမိပေမယ့်... နောက် ဆံတင်းတင်းနဲ့ စိတ်မဖြောင့်လက်မဖြောင့်ဘ၀ကူးရှာတာ အတွက် ယူကျုံးမရဖြစ်ရတာတွေ၊ဘယ်လို အလှူဒါနတွေလုပ်ပြီးအမျှ ဝေရပါ့လို့လည်း စိုးရိမ်ပူပင်ရတာတွေ၊ နောက် အရာအားလုံးနဲ့ ရင်ပြင် တစ်ခုလုံးက လှိုင်းထန် ဗြောင်းဆန်နေခဲ့တယ်.။.
ဘ၀ဆိုတာ ဒီလိုပဲသူဖြစ်ချင်ရာတွေကို ဖြစ်ချင် သလို လျောက်ဖြစ်သွားပြီး ဒီလိုပဲ ပြီးစလွယ်အဆုံးသတ်လိုက်ရတဲ့ အရာ မျိုးလား............။
*
လည်ချောင်းတစ်ခုလုံးက ညှစ်ထားသလို နာကျင်နေပြန်တော့ ငိုသံတွေ ထွက်ကျ မလာနိုင်ဘူး..။ ပူပြင်းလောင် မြိုက်လွန်းတဲ့ နှလုံးသားက မျက်ရည်တွေ အားလုံးကို ခမ်းခြောက်သွားစေခဲ့ပြီလား..။ အခေါင်းကြီးကျန်တော့သလို လပ်ဟာလွင့်မျောနေတဲ့ သူမကို ဘယ်သူတွေကဖေးမပေးထားသလဲ..၊ သေချာနေတာ သူမဟာ လူတန်းဖျောက်ဖျောက် ခြားခြားနဲ့ ရောနှောပါလာခဲ့တယ်..။
“ကိုချို ဒါ ရှင်နဲ့ကျွန်မ အတူတူသွားခွင့်ရတဲ့ နောက်ဆုံးခရီးပေါ့...”
“ရှင်ကျွန်မဘ၀ထဲကနောက်တစ်ကြိမ်ထွက်သွားဦးမယ်ပေါ့....”
“ရှင် ဘယ်တော့များပြန်လာခဲ့ဦးမလဲ....”
“ကျွန်မကရောရှင့်ကိုဘယ်အချိန်အထိစောင့်နေနိုင်မှာလဲ.....”
“မေကြီး ဆွဲကြိုးကြီး အကြီးကြီး..၊ ဖေကြီး” စသဖြင့် တောတစ်လုံး တောင်တစ်လုံးပြောပြီး ပြေးပြေးလွှားလွှား ပါလာတဲ့ သားငယ်လေးကို တစ်စုံတစ်ယောက်က အတင်းဦးချခိုင်းနေတယ်..။
ကျေးဇူးတင်လိုက်တာ...။
ဖွားရေတိုက်ကရော.......၊
ဖွားရေတိုက် ဘာလုပ်လိုက်ရမှာလဲ....။
“ ဟင်........”
“ကိုချို.. ကျွန်မ ဘာလုပ် လိုက်ရမှာလဲ...”
ဖွားရေတိုက်မြေစိုင်ခဲတွေပေါ်ကိုမျက်နှာအပ်ချပစ်လိုက်တယ်..။ ၀ူးဝူးဝါးဝါးနိုင်နေတဲ့သားလုပ်သူရဲ့ စကားတွေ ကို သူမအပါအ၀င် ဘယ်သူကမှစိတ်မ၀င်စားကြသလိုမျိုး....... ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ဖိုးမှိုက်ရဲ့လက်ကို
ဖြည်ကြဖို့ကိုလည်းတွေးတောင် တွေးမကြည့်မိကြဘူးလေ..။

အိန္ဒြာ
(၁၀.၉.၂၀၀၇)
( ၂၀၀၈ ခုနှစ် မတ်လထုတ် ပန်းအလင်္ကာမဂ္ဂဇင်း..မှာ.ပုံနှိပ်ဖေါ်ပြခဲ့ပါတယ်။)


Type the rest of your post here.

November 8, 2008

"နှုတ်ခွန်းဆက်”

အားလုံး..စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့..ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့..မေတ္တာပို့သလိုက်ပါတယ်

နှုတ်ခွန်းဆက်စကားလေး..နည်းနည်းတော့..ရှည်ချင်မိပါတယ်..။
အနုပညာဆိုတာစိတ်ဖိစီးမှုတွေ..အတွက်အလှပဆုံးနဲ့..အညင်သာဆုံးထွက်ပေါက်တစ်ခုပါပဲ။
အခုလိုရပ်တည်နေရတဲ့..ဘ၀အခြေတစ်ရပ်မှာ..ကိုယ့်စိတ်ထဲ အနုပညာဆိုတာသာမရှိခဲ့ရင်လို့.. အလန့်တကြား.တွေးကြည့်ဖူးပါတယ်။

ရန်ကုန်မှာတော့ ၁၉၉၆ခုနှစ်လောက်ကစပြီး ချယ်ရီမဂ္ဂဇင်းရဲ့ဖူးပွင့်ချယ်ရီကဏ္ဍကနေမဂ္ဂဇင်းစာမျက်နှာ ပေါ်ရောက်ခဲ့ပေမယ့်..တွေးပြီးမရေးဖြစ်တာတွေ..၊ ရေးပြီးမပို့ဖြစ်တာတွေ..၊
ပို့ပြီး..မပါတာတွေ.၊ ပါပြီး..အဖြုတ်ခံရတွေ.နဲ့လုံးချာလည်နေခဲ့ရတော့”အိန္ဒြာ"ဆိုတာ ဘယ်သူမှ
မကျက်မိတဲ့..ငုတ်လိုက်မြုတ်လိုက်. ကလောင်တံသေးသေးကလေးအဆင့်လောက်ပါပဲ..။

အခု..Blog ဆိုတဲ့..လောကကြီးကိုတွေ့လိုက်ရတဲ့အခါ.. ပိတ်ထားတဲ့..ပြတင်းတွေကို..ဆွဲအဖွင့်မှာ..
မယုံနိုင်လောက် အောင်ဝေဆာနေတဲ့.ပန်းဥယဉ်.ကြီးတစ်ခုကို..ဘွားကနဲတွေ့လိုကရသလိုပါပဲ..။
စိတ်ရှိလက်ရှိ ဖူးပွင့်ဝေဆာနေလိုက်ကြတာ..။ လှပမွှေးမြနေလိုက်ကြတာ.။
ကိုယ်ကစံပယ်ပန်းနံ့လေးတွေကိုကြိုက်တော့..စံပင်ပင်ရုံတွေဆီသွားပေါ့..။ သစ်ခွတွေကို..စိတ်ဝင်စားတတ်တော့..သစ်ခွရုံတွေဆီလျောက်လိုက်တာပေါ့..။

နောက်..တစ်ယောက်ကိုတစ်ယောက် အားပေးကြ..ချီးကျူးကြ..၊ နှစ်သိမ့်ကြ.။ တစ်ယောက်.အဆင်
်မပြေဘူးကြားရင်..စိုးရိမ်ပူပန်ပေးကြ..အနုပညာသမားဆိုတာ.အကြောင်းပြချက်မလိုပဲ..စည်းလုံး
ချစ်ခင်သွားတတ်ကြသူတွေလေ..ဒီလောက်နွေထွေးလှပပြီး..ချစ်ခင်စရာကောင်းတဲ့.အသိုင်းအ၀ိုင်း
လေးထဲမှာ.ကိုယ်လည်းကြည်နူးချမ်းမြေ့ချင်လာတယ်..။ စိတ်ရှိတဲ့အတိုင်းဖူးပွင့်မွှေးမြချင်လာတယ်.။

ဒီလိုနဲ့ http://happycloud1000.blogspot.com/မှာရေးဖြစ်ခဲ့ပြီး.အဲဒီကနေအိန္ဒြာဘလော့စပေါ့ဒေါ့
ကွန်းဆိုတာလေး..ကို.မဖြစ်မနေ.ဖန်တီးရတော့တာပါ။ ကြိုဆိုကြပါ.၊ အားပေး.ဝေဖန်ကြပါဦးလို့..
ကိုယ့်စာတွေကို ကိုယ်.ပရိုမိုးရှင်းလုပ်ရတော့တာပေါ့..ကဗျာကိုလဲလေးပုဒ်ကြီးများတောင်..
တင်ပစ်လိုက်ပါတယ်။
တကယ်က အောက်ဘက်က..သုံးပုဒ်က Blogတင်ပြီးသားတွေပါ.။

အခု..Blog ကိုတော့..အိမ်..ငါး ဆိုတဲ့.ကဗျာလေးနဲ့.ဖွင့်လိုက်ပါတယ်..။ဘ၀ဆိုတာ..မှန်ပုံးထဲက..
ငါးတွေလိုပါ လားလို့..တွေးမိပြီး..၀မ်းပမ်းတနည်းရေးဖြစ်ထားတဲ့ကဗျာလေး.. တစ်ပုဒ်ပဲ ဆိုပါတော့။


( မှတ်ချက်ကလေးတွေက..ကဗျာလေးတွေရဲ့..သမိုင်းကြောင်းကို..မှတ်တမ်းတင်ပေးထားတာပါ.၊ကဗျာရွတ်ပွဲတွေမှာ..
ရွတ်ရတာကလဲ..ရွတ်မယ့်သူ..မရှိဘူး..ရွတ်ပါဆိုပြီး..အတင်း..ရွတ်ခိုင်းကြလို့ပါ..။ သိပ်ကလည်း..မရွတ်ချင်ဘူး..ဆိုတော့..လေ)

အိမ် ငါး



အိမ်မက်တစ်ခုခုလိုမျိုး.. .ပြာညှိုးညှိုးလေး..လင်းရီနေခဲ့တာ...
ကျောက်ဆိုင်ကျောက်ခက်ဆက်တင်ကလည်းအတု..
ရေမှော်..ရေညှိ..စိမ်းမြမြကလည်းအတု
မှုန်မှုန်ညှင်းညှင်းအလင်းပြေပြေလေးကလည်း...အတု...
အစာအဟာရအတု....
အောက်ဆီဂျင်ကအတုနဲ့...
ရေသူမ..အတုကို..ပွတ်လျော..နမ်းမွှေး...

ဟော..ဒီ့လို...
ဘ၀သေးသေးလေးထဲမှာ....အလူးလူး...အပြေးပြေး...
လှုပ်ရှားသက် ၀င်နေရသမျှ...
ဘယ်လာ...ငါး..အရာမြောက်ပါတော့မလဲ...

ငါးက..ငါးတို့ရဲ့..ဘာသာဘာဝအတိုင်း...
အညှီနဲ့ချွဲချွဲ..ပြောင်ချော..ညစ်ပတ်နေချင်တာ...

ငါးက...
တ၀ုန်း..၀ုန်း...
တစိမ်း..စိမ်း
နက်ရှိုင်းခမ်းနားလွန်းနေတဲ့..
ပင်လယ်ရဲ့..ဥပဓိကို..စာဖွဲ့နေချင်တာ

ငါးက..
သူ့စိတ်ကူး..ရေစီးတွေအတိုင်း..
အဆုံးအစမရှိရွက်လွင့်..ပစ်...ချင်တာ..

ငါးက....
့မျှားချိတ်မှာတပ်ထားတဲ့..အစာမှန်းသိသိ..
မိမိရရ..ခုန်ဟတ်ရယူပြီး...
လက်တစ်လုံးခြား...ငါးပါးဝချင်တာ...

ငါးက..သူ့ကိုယ်ပိုင်အမိုး..အကာလေးထဲမှာ..
မိန့်မိန့်မူးမူး...မင်းမူနေချင်တာ

ငါးက..
ငါးရိုးရာ..ပွဲတော်ကြီးတွေကို
ငါး..ဂီတ..ငါး..ဗီဇတွေအတိုင်း
အချိန်ခါ..သင့်ကျင်းပချင်သေးတာ

ငါးက..
သူ့အိပ်မက်တွေအတိုင်း..ရဲဝံ့မာကျော..ပြီး
သူ့ကကြိုးတွေ..အတိုင်း..နူးညံ့..ပျော့ပျောင်းမယ့်
သူ့..မျိုးဆက်ကို..ရေးချယ်ချင်သေးသတဲ့..

ငါးကလေ....
ငါးလားမြောက်ဖို့အတွက်သာဆို...
ကြောင်တစ်ကောင်ရဲ့..အစာပဲဖြစ်ဖြစ်...
သူ့ကိုယ်သူ..ချကျွေးပစ်ဖို့..၀န်မလေးဘူးတဲ့..၊

ငါး..က...
ငါး..က..
အ..တု..တွေ.ကို..မ..လို..ချင်..တော့..ဘူး..လေ..။ ။

အိန္ဒြာ

(ဟင်္သာတမြို့နယ်ထုတ်..အောင်တော်သံမဂ္ဂဇင်း..နှင့် ၂၀၀၆ ခုနှစ် ဇူလိုင်လထုတ်ရုပ်ရှင်အမြုတေမဂ္ဂဇင်းတို့တွင်
ပှုံနှိပ်ဖေါ်ပြခဲ့ပြီး..၂၀၀၆ခုနှစ်ဧပြီလ..၁ရက်နေ့တွင်ပြင်သစ်သံရုံးတွင်ပြုလုပ်ခဲ့သော..ကဗျာနေ့အခမ်းအနားတွင်..
ရွတ်ဆိုခဲ့ပါတယ်။)

ကမ္ဘာကြီး..လိုနေတဲ့.. ဓာတ်စာ

ခေတ်က သေနတ်ပစ်ကားတွေ ကြိုက်တယ်
အငုံစိတ်တွေ မှာသွေးဆာတယ်
သွေးရဲရဲ သံရဲရဲ အနုပညာ ပြကွက်တွေနဲ့
စိတ်အပန်းတွေ ဖြေကြတယ် ............... ။

အခု ကမ္ဘာကြီး ရှူရှိုက်နေတဲ့ လေထဲမှာ
အသားတွေ မီးလောင်ထားတဲ့ ညှော်နံ့တွေ ။
ယင်မ မဲယောင်းတွေ ပါတယ် ........ ။
ယမ်းမှိုင်းမိနေတဲ့ တိမ်တိုက်တွေ
အနုမြူရောင်ခြည်သင့် သစ်ပင် ပန်းမန်တွေ
အထိတ်တလန့် လွှင့်စင်သွားတဲ့ ၀ိညာဉ်တွေ
သွေးပျက်ချောက်ချားနေရှာတဲ့ မျက်ဝန်းတွေ ပါတယ် ........ ။
ကပ်ကြီးသုံးပါး တစ်ပြိုင်တည်း ကျတဲ့ ....... အထုံတွေ
ဖင်လိမ်ကွင်း အကနဲ့ စကားပြော ဂီတတွေ
ကျောက်ခေတ်ဆန်လာတဲ့ ဖက်ရှင်တွေ
အပွင့်လင်းလွန် လိင်ယဉ်ကျေးမှုတွေ
ပုံတူမျိုးပွား သန္ဓေသားတွေ ပါလာတယ် ................. ။

အတိုင်းမသိ တိုးတက် ထက်မြက်လာတဲ့ အသိပညာတွေနဲ့
တဖြည်းဖြည်း ခမ်းခြောက်တိမ်ကောသွားတဲ့ မေတ္တာဓာတ်တွေ ..........ပါလာတယ် ။
ထိပ်ဆုံးတန်းဝင် ချမ်းသာကြွယ်ဝ မှုတွေနဲ့
အပြီးတိုင် အငွေ့ပျံသွားတဲ့ သစ္စာတရားတွေ ........ ပါလာတယ်
ခလုတ်နှိပ်နည်းပညာတွေနဲ့ သံမဏိရောင် စာနာမှုတွေ.......... ပါလာတယ်
ရွာဖြစ်အောင် သံခိပ်လုပ်ထားတဲ့ လေလှိုင်းဆက်ဆံရေးတွေနဲ့
အတွင်းထဲလှိုက်လောင်နေတဲ့ အာဃာတဖွဲမီးတွေ ပါလာတယ် ..........

ကမ္ဘာမြေကြီးက သူ့အနံ့သူ သည်းမခံနိုင်လောက်အောင် အော့နှလုံးနာနေခဲ့ရှာတယ် ....... ။

သူ့ မျက်ရည်တွေ မိုးသည်းထန်စေတယ် ............
သူ့ နှလုံးသားတွေ အတိုင်း မိုးခေါင်ရေရှားတယ်
သူ့ အရေပြားကို ဆောက်တည်ရာမရလှုပ်ခါတယ် ........
သူ့ သက်ပြင်းချလိုက်တိုင်း သမုဒ္ဒရာတွေ လှိုင်းကြွတယ် ..........
သူ့ သောကတွေက ရေခဲတောင်တွေကိုတောင် အရည်ပျော်ကျစေတယ် ........ ။

ကမ္ဘာမြေကြီးဟာ ........
သူ့မှာပေနေတဲ့ အညစ်အကြေးတွေကို ဆေးကြောဖို့
သူ့ အပေါက်အပြဲတွေကို သူ ပြန်ဖာထေးဖို့
သူ့ အနာတရတွေသူ အလျင်အမြန်ကုစားဖို့
သူ့ဘက်မှာ ဘယ်သူ ရှိလေမလဲ .............

မရဲတရဲလေးတောင် လှပ်မကြည့်ဝံ့ရှာဘူး ...........။

အိန္ဒြာ

{Myanmar Cupid Forum မှာတင်ထားတာတွေ့ရလို့..ပြန်ကူထားတဲ့..ကဗျာပါ...။ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာ..
ပါသွားတယ်လို့ထင်ရပါတယ်..။}

ကြယ် အ "တေး"

ငါဟာ...
နင့်ကောင်းကင်..အစွန်အဖျားက
အမှုန်အမွှား..ကြယ်စင်တစ်စင်းပါ..
ငါ...တလဲ့လဲ့..ထွန်းလင်းရွှန်းပချင်သလောက်
နင်တဖွဖွ..အုံ့ဆိုင်းမှိုင်းရီ..ခဲ့..

ငါ့..ခမျာ
ဖြေဆိုခွင့် မရတဲ့..စာပြန်ပွဲမှာမှ..
အမှတ်ရာပြည့် ရချင်နေသူလေ..
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့..ကွဲချင်နေတဲ့..အိုးတစ်လုံးလိုမျိုး
ငါ့..ရင်ဘတ်ကိုငါ..ရိုသေသိမ်းဆည်းခဲ့..

ငါက..
နင့်စောင်းကြိုးမျှင်ကိုမှ..တလွင်လွင် ချိုမြချင်သူလေ..
မှတ်တိုင်ပျောက်နေတဲ့ ခရီးကို..တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲ...မှားယွင်းခဲ့တာလား...
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက..ငါ့ကို..မှားယွင်းသွားခဲ့တာ..
ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..
ငါ့ကိုယ်ငါ..ကျစ်ခဲထားလေသမျှ..
ဘယ်သူ့ကို..ဝေမျှ ကြေကွဲရမလဲ..
ပွဲမစခင်ကတည်းက..ခြေခေါက် ချော်နှင့်ပြီးသား..
ဘယ်လောက် ဆိုးဝါးထားသလဲကွယ်..

ငါ့..ဆေးဘက်ဝင် အလွမ်းခါးခါးကြီးတွေနဲ့
နင့်ဘ၀ကို..မလေးလံစေဖို့
ငါ့စည်းမျဉ်းနဲ့ငါ..ဘောင်ခပ်ကြပ်ကျဉ်း..
ငါ့သက်ပြင်းနဲ့ငါ...ဆင်းရဲတွင်းနက်ခဲ့

တကယ်ပါ...
နင့်..သံသရာအထိ..အနှောက်အယှက်နေမလား...
ငါ့ဆုတောင်းကိုငါ....ရွေးချယ်မှောင်မိုက်ပေါ့...

ငါ့..ရူးသွပ်မှုတွေ..နင်..မောင်းနှင်ခဲ့တာ..
ငါ့..နက်ရှိုင်းမှုတွေ..မိုးလို..ရွာမပြနိုင်ပေမယ့်...

ငါ့..ဘက်က..ပြိုကျသွားလေသမျှ
နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...။ ။

အိန္ဒြာ

{၂၀၀၃ခုနှစ် သြဂုတ်လထုတ်.. မြားနတ်မောင်မဂ္ဂဇင်း (အမှတ်-၁၃၄)မှာ ပုံနှိပ် ဖေါ်ပြခဲ့ပြီး..၊ ဂီတမိတ်မှာပြုလုပ်ခဲ့တဲ့.. ကဗျာ..ရွတ်ပွဲလေးတစ်ခုမှာ..ရွတ်ဆိုခဲ့ဘူးပါတယ်..။}

“ဖေဖေါ်ဝါရီပြပွဲ”

တစ်ယောက်စိတ်မှာ..တစ်ယောက်ကနေထိုင်လို့
တစ်ယောက်ဟာ...တစ်ယောက်ရဲ့..အိမ်
တစ်ယောက်..ရယ်မောသံမှာ...တစ်ယောက်ဒေါမနဿတွေက..အငွေ့ပျံ
တစ်ယောက်ခြေသံနဲ့..တစ်ယောက်ခရီးဆက်ခဲ့ကြ
အချစ်ဆိုတာ..ရာသီစာလို..ဖေဖေါ်ဝါရီရောက်မှ..ထပွင့်ပြတဲ့..ပန်းမဟုတ်
တစ်ဘ၀စာ..စိုက်ပျိုးထားတဲ့..စိတ်ဥယာဉ်ထဲမှာ...
အသိမ်မွေ့ဆုံး..ပျံ့သင်းနေတဲ့..........ကဗျာ..။

အိန္ဒြာ