November 15, 2008

ဖိုးမှိုက်နဲ့..ဖွားရေတိုက်

ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရတဲ့ ဘ၀အမောတွေကို ကူးယူခံစားမိခဲ့တဲ့ ၀တ္ထုလေးတစ်ပုဒ်ပါ ။

(၁)
ကြည်စင်ပြာလဲ့နေတဲ့ကောင်းကင်ပြင်မှာ ရုတ်ချဉ်းမည်းပျို့လာတဲ့တိမ်တစ်အုပ်နဲ့အတူ ကျီးတွေပါ ပြိုကျလာခဲ့ တယ်။ သဲကနဲပြေးဆင်းလာတဲ့ မိုးပေါက်တွေဟာကောင်းကင်ကမြားအစင်းစင်းကို ပစ်ချလိုက်သလိုမျိုး။ ချိမ်းကနဲ မြည်ဟီးသံနဲ့ ၀င်းကနဲလင်းပျက်သွားတဲ့ ခပ်ကွေးကွေးအလင်းတန်းဟာ လေးကိုင်းတစ်ခုများလား။ ဒါဆိုရင် အဲဒီ့လေးကိုင်းဟာ မီးနဲ့အတိပြီးတယ် ။ အနီးအနား ပလက်ဖောင်းလက်ဖက်ရည်ဆိုင်ကလူတွေ၊ မနီးမဝေး ဈေးတန်းလေးက ဈေးသည်ဈေးဝယ်တွေရဲ့ မကျေမနပ် ဒေါသတသံတွေ ၊ စိတ်ပျက်လက်ပျက် ညည်း ညူသံတွေကိုကြားတော့ အဖိုးကြီးက ခပ်ဟက်ဟက် ရယ်ချပစ်လိုက်တယ်..။
*
အဖိုးကြီးမှာဆို အခုပူချင်ပူ အခုမိုးရွာချင်ရွာနေတဲ့ သဘာဝတရားကြီး ကိုအရေးလုပ် နေရလောက်အောင် စိတ်မလပ်ရှာဘူး အဖိုးကြီးက သူ့ရဲ့ ခပ်ခွင်ခွင်ရှိနေတဲ့ ခြေထောက်တွေ ထော့ထော့ကျိုးကျိုးနဲ့မိုးလွတ်ရာဆိုင် ထဲကိုဝင်သွားတော့ “ဟာ...မင်းမော် ကွန်းလာပြီ” ဆိုပြီး သိပ်အစအနောက်သန်တဲ့ ဆိုင်ရှင်က လှမ်းပြောလိုက် တယ်..။ အားလုံးက သူ့ကို ရူးစပ်စပ်လူတစ်ယောက်လို၊ ပေါပျက်ပျက်လူတစ်ယောက်လို သတ်မှတ်နေကြတာ သေချာတာပေါ့..။ တစ်ခါတစ်ခါ သူဟာတစ်ကယ်ပဲ ရူးနေခဲ့ပြီလားလို့ အဖိုးကြီး ဆန်းစစ် နေမိတယ်..။
ငါဟာ ရူးနေပြီလား..၊
ဒါမှမဟုတ်ရူးချင်နေတာလား..၊
ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေတာလား..။
*
အဖိုးကြီးက သူ့ကိုယ်သူ ရူးမရူး တွေးကြည့်မိနေတာကိုက သူဟာမရူးဘူးလို့ သူ့ဖာသာပြန်သိနေတယ်..။ ဟုတ် တယ် သူသားငယ်ကို ကြည့်လိုက်မိရင်တော့ သူဟာ အမှန်တကယ်မရူးကြောင်း သေချာနေတာပေါ့လေ..။ “ဖိုးမှိုက် ဒီနေ့ အသက်ဘယ်နှစ်နှစ်လဲ” ဆိုတဲ့ အမေးကို သူခပ်တွေတွေကြီး ပြန်ကြည့်နေလိုက်မိတယ်..။ သူ့စိတ်ထဲမှာရွှင် နေရင်တော့ အဖိုးကြီးက သူအဲဒီ့အတိုင်းရပ်ထားလိုက်ချင်တဲ့ အသက်အရွယ်တွေကို လျောက် ပြောပစ်လိုက်တယ်..။
*
ဥပမာ နွားနဲ့ဖက်ပြီး ကိုင်းထွန်နေတဲ့ အဘရဲ့ဘေးမှာ အလုပ်ကူရှုပ်ပေးခဲ့ရတဲ့ အရွယ်မျိုးပေါ့..၊ ဥပမာ ရန်ကုန်ကို ရောက်လာကာစ သိပ်ကိုရိုးအသိမ်မွေ့တဲ့ အညာသားလူညိုထွားကြီး အရွယ်မျိုးပေါ့၊ ဥပမာ သစ္စာသိပ်ရှိတယ်၊ အရမ်းအားကိုးရတယ်လို့မန်နေဂျာက အရမ်းပစားပေးခံထားရတဲ့ ဆိုက်တာဝန်ခံပေါက်စအရွယ်မျိုးပေါ့၊ သူအမြဲ တမ်း ဖြစ်ချင်နေတဲ့အရွယ်က မျက်ဝန်းစင်းစင်းနဲ့ နဖူးမှာမှည့်နက်ကြီးထင်းနက်နေတဲ့ ဖြူဖြူခဲခဲကောင်မလေးကို ရင်ခုန်လှုပ်ရှား နေရတဲ့အရွယ်ပါ...။ ကောင်မလေးကို ခိုးယူပြေးတဲ့အရွယ်ကိုရော၊ သိပ်ကိုကြည်နူး ပျော်ရွှင်စရာ ကောင်းတဲ့ အိမ်ထောင်ဦးအရွယ်တွေကိုရော.........ပေါ့..။ အဲဒီ့ အသက်အရွယ်တွေကို သူမကြာခဏ ပြောဖြစ် တာကိုတော့ မှတ်မိနေခဲ့တယ်..။
နောက် သူမေ့ထားချင်တဲ့ အရွယ်တွေက ရော..၊
သိပ်များလွန်းတယ်..။
*
ဒီတော့ အဖိုးကြီးက သူ့အသက်ကို သူရပ်ချင်တဲ့ နေရာမှာ ရပ်ထားလိုက်တယ်..။
အခုဆို သူ့ကိုသူ အသက်ဘယ်လောက်ရှိလို့ရှိမှန်းကို အမှန်တကယ်သတိမရတော့ဘူး..။ သူဆံပင်မညှပ်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ သတိမရတော့ဘူး၊ သူအခုဝတ်ထားတဲ့ အင်္ကျီအရောင်ဟာ ဘာရောင်ဖြစ်ခဲ့လဲ ဆိုတာကို လဲ သတိမရတော့ဘူး..။ သူ့ရဲ့ မုတ်ဆိတ်ကျင်စွယ်တွေက ဘယ်လောက်အထိ ရှည်လျားညစ်ပေနေပြီလဲ၊ အခုသူရဲ့ရုပ်ရည်က ဘယ်လိုပုံစံများ ဖြစ်နေပြီလဲဆိုတာမျိုးလဲ မတွေးမိတော့ဘူး....။ သူ့နာမည်အရင်းကို တစ်ယောက်ယောက်ကခေါ်ရင်တောင် မထူးတတ်တော့ဘူး၊ ဒါကြောင့် အဖိုးကြီးက သူ့ကိုယ်သူ အမှန်တကယ်များ ရူးသွားပြီလားလို့ စိုးရိမ်တကြီးရှိနေတတ်တာ ဖြစ်တယ်..။
“ဒီနေ့ ဖိုးမှိုက် အခါမကျဘူးကွ ၊ ဒါဆို ဖိုးမှိုက်၊ ဖိုးမှိုက် ရဲ့ ဒီနေ့ အတွက်နာမည်ကရော..”
““ဒွေး””လို့ တစ်ခွန်းထဲဖြေပေးလိုက်ပြီး၊ နေရာက ထထွက်လာခဲ့လိုက်တယ်..။
မိုးကလဲ သည်းကြီးမည်းကြီးရွာနေရာက ဖြုန်းကနဲ ဆိုသလိုပဲ ပြန်တိတ်သွားပြီလေ..။
တဟားဟား...ရယ်မောကျန်ရစ်တဲ့ လက်ဖက်ရည်ဆိုင်လေးဟာ အဖိုးကြီးရဲ့နားခိုရာတစ်ခုပေါ့..။ လက်ဖက်ရည် ကျကျတစ်ခွက်မှ မသောက်ရရင် တစ်နေ့လုံးနေလို့မဖြစ်တဲ့ အဖိုးကြီးက အဲဒီ့ဆိုင်လေးရဲ့ ဖေါက်သည် တစ်ယောက်လည်းဖြစ်သေးရဲ့..။ စိတ်လိုနေတဲ့ တစ်ခါတစ်လေမှ ဆိုင်ရှင်က ဒီလိုရယ်ရယ်မောမောတွေ လျောက်ပြောပြီး အဖိုးကြီးကို လက်ဖက်ရည်လှူတတ်ပေမယ့် စိတ်မလိုတဲ့အခါမျိုးတွေမှာ ““အဖိုးကြီး လူရှုပ် နေတယ်.....သွား”” ဆိုတာမျိုး မာန်မဲလုပ်တတ်တာကို အဖိုးကြီးက ဘယ်လိုမှကိုမနေဘူး။ ဘယ်နေ့၊ ဘယ်အချိန၊် ဘယ်အကြောင်းနဲ့မှာဖြစ်ဖြစ်၊ ဘယ်လိုပါးစပ်မျိုးနဲ့ သောက်သောက် မပြောင်းလဲပဲ ဒီအ တိုင်း ရှိနေတတ်တာ လက်ဖက်ရည်ပဲရှိတယ်လို့ အဖိုးကြီးသိထားနှင့်တာက ကြာပြီလေ..။

(၂)
တကယ်ဆို ဒီနေ့မနက်လမ်းထဲကို ၀င်စကတည်းက အဖိုးကြီးရဲ့ စိတ်တွေ ညစ်နောက်သွား ခဲ့တာဖြစ်တယ်..။ အဖိုးကြီးက မနက်လင်းလို့ စမ်းချောင်းရပ်ကွက်လေးထဲကို ၀င်လာပြီဆိုရင် အရင်ဆုံးလုပ်တာက ဆီဆုံလမ်း ထောင့်က ခိုစာဆိုင်မှာ ခိုစာတွေဝယ်ပြီး အဲဒီ့အနားမှာပဲ အဆင်သင့်စောင့်နေကြတဲ့ ခိုတွေကို အစာကျွေးတော့ တာ။ သူအမြဲမပြတ်လုပ်လာတာ နှစ်ပေါင်းတော်တော် ကြာနေပြီ။ တိတိကျကျဆိုရရင် သူသိပ်ကိုအားကိုးချစ်ခင် တဲ့ သူ့သားကြီးဟာ သူတို့ဘ၀ထဲက ပျောက်ရှသွားတယ်ဆိုတာ သေချာပြီးကတည်းကပေါ့..။ သားကြီးဟာ သူ့ဆုံးရူံးလက်စတွေရဲ့ နောက်နားက တန်ဖိုးအကြီးဆုံးနံပါတ်စဉ်အသစ်ပေါ့..။
*
ခိုစာတွေ ကျွေးနေတဲ့အချိန်တိုင်းမှာ သားကြီး.... တစ်ယောက်စသဖြင့် သူ့စိတ်ကူးထဲ ဖြစ်ပေါ်နေတာတွေ အတိုင်း၊ သူ့ဆန္ဒ တွေရှိတဲ့အတိုင်း တတွတ်တွတ် ဆုတောင်းနေတတ်တယ်..။ ခိုစာရောင်းတဲ့ အမျိုးသမီးကလည်း အဖိုးကြီးကို ဈေးဦးပေါက် အားပေးတာလည်းဖြစ်လို့မို့ အမြဲတမ်း ပိုပိုသာသာ ပေးလိမ့်ရှိတယ်..။ နောက် သူဈေး ရောင်းဖို့ကလွဲပြီး တခြား ဘာဘာ ညာညာတွေလည်း အဖိုးကြီးကို စပ်စုမနေဘူးလေ။
*
ဒီနေ့မနက်တော့ ဓါတ်ကြိုးတမ်းပေါ်မှာ တွေတွေ ငိုင်ငိုင်ကြီး စီတမ်းနားနေကြတဲ့ ခိုတစ်အုပ်ကို အရင်ဆုံး သတိ ထားမိလိုက်တယ်..။ ခါတိုင်းဆို သူတို့က ကျွေးမယ့်သူမရှိသေးလဲ ကုလားမကိုညာပြီး တောင်းနေကြ..။ နောက် ရောင်းနေကြနေရာနဲ့ တော်တော်လှမ်းမှာ ငိုမလိုမျက်နှာထားနဲ့ ထိုင်နေတဲ့ခိုစာသည်ကိုတွေ့တော့ အဖိုးကြီး အူလျားဖါးလျား ပြေးသွားလိုက်မိတယ်..။
*
ငှက်တွေ ကြက်တွေက တဆင့် ကူးစက်တတ်တဲ့ ရောဂါဆိုတာ ပေါ်နေလို့ ရောဂါဆိုတာပေါ်နေလို့ အိမ်ရှင်က သူ့အိမ်ရှေ့မှာ ခိုစာရောင်းတာ လက်မခံနိုင်တော့ဘူးလို့ ဆိုတာရယ် ကျွန်မရောင်းလာတာ နှစ်ပေါင်းနှစ်ဆယ် ကျော်ပြီဆိုလားရယ်က နားလည်လို့ရ လိုက်တော့ အဖိုးကြီး ဘာဆက်လုပ်ရမှန်းမသိအောင် တွေတွေငိုင်ငိုင်ကြီး ရပ်နေမိတယ်..။ ဓါတ်ကြိုးတမ်းပေါ်က ခိုတွေလိုပဲပေါ့..။
*
ခိုစာသည်ပြောတာကို သူဘယ်လိုမှ ဥာဏ်မမှီနိုင်ဘူး ဖြစ်နေတယ်..။ ဘာဖြစ်လို့ ဒီငှက်တွေက အခုမ ဒီရောဂါ တွေကို သယ်ဆောင်လာကြတာလဲ၊၊ ဒီငှက်တွေက ရောဂါတွေ သယ်ဆောင်လာတယ်ဆိုတော့ ဒီငှက်တွေကို သယ်ဆောင်သွားဖို့ အဲဒီ့ရောဂါတွေကို ပေးလိုက်တဲ့သူကရော ဘယ်သူလဲ။ ဒီခိုအုပ်ကရော ဘယ်အစာတွေကို စားသောက်ကြပါ့မလဲ....။ သူ့သားကြီးကရော..။ သည်းကနဲမိုးပြေးမှာ ခိုတွေလည်း ဆောက်တည်ရာမဲ့ကြပေါ့...။
အဖိုးကြီးက စိတ်ရှုပ်ရှုပ်နဲ့ လက်ဖက်ရည်ဆိုင်မှာ မိုးခိုနေလိုက်တယ်.။
အဖိုးကြီးက စိတ်ရှုပ်ရှုပ်နဲ့ လက်ဖက်ရည်ဆိုင် က ထထွက်လာခဲ့တယ်..။
အဖိုးကြီးက စိတ်ရှုပ်ရှုပ်နဲ့ “အမှိုက်တွေ.........................”လို့ ကျုံးအော်ပစ်လိုက်တယ်..။
ဟုတ်တယ် ဘာတွေကိုမှ ခဲရာခဲဆစ်တွေ လျောက်ပြီး တွေးတောပူပန်မနေတော့ဘဲ ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးဆိုပြီး အသံထပ်မြှင့်ပြီး အော်လိုက်တော့ သူ့ရဲ့ဖေါက် သယ်တွေထွက်လာကြတယ်..။ တစ်ချို့ မကြားလိုက်ကြတဲ့ သူတွေကို “ဖိုးမှိုက်လာနေပြီ”လို့ လှမ်းအသိပေးတဲ့သူတွေက ပေးတယ်။ တစ်ချို့ အခန်းတွေအတွက် အဖိုးကြီးက ကြိုးဆွဲပြီး အသိပေးလိုက်တယ်..။ မြေညီထပ်ကလူတွေက အခန်းရှေ့မှာ အဆင်သင့် စောင့်နေတတ်ကြတယ်..။ အထပ်မြင့်မှ လူတွေက လှေခါးအတိုင်းဆင်းလာကြတယ်..။ ကျွတ်ကျွတ် အိပ်ကြီး အိပ်ငယ်နဲ့ စုထုပ်ထားတဲ့ အမှိုက်တွေရဲ့ မသတီစရာ အထိအတွေ့တွေ၊ ဆိုးရွားတဲ့ အနံ့အသက်တွေကို အဖိုးကြီးက ယဉ်ပါးနေပြီ။ ပြောရရင် အဲဒါတွေက အဖိုးကြီးရဲ့ကျေးဇူးရှင်လို့တောင် ပြောလို့ရတယ်..။ စမ်းချောင်းထဲက မစွမ်းမသန် စိတ်လက်မပြည့်ဘဲ ရှာစားနေတဲ့ အဖိုးကြီးဆိုတဲ့ ကရုဏာနဲ့ အဖိုးကြီးကိုမှ စောင့်စောင့်ပြီး အမှိုက်ပစ်တတ်ကြတာ..။
*
အဖိုးကြီးက သူ့နာမည်ဟာ ဘယ်တုန်းကတည်းက ဖိုးမှိုက်ဖြစ်သွားသလဲတောင် သူ့ဟာသူ မသိလိုက်ပေမယ့် အခုတော့ အဲဒီ့နာမည်ကို သူနဲ့အရမ်းလိုက်တယ်ဆိုပြီး တော်တော်ကြီးကို သဘောကျနေမိတယ်..။ ဒါပေမယ့် ဖိုးမှိုက်ရဲ့ ချစ်ဇနီးကတော့ ဖိုးမှိုက်ကို ဖိုးမှိုက်လို့ ယောင်ယမ်းပြီးတော့တောင် မခေါ်ရှာဘူး.။
“ကိုချို.........တဲ့”
ကိုချိုဆိုတဲ့ နာမည်အရင်းကိုပဲ ဆွေးဆွေးမြည့်မြည့်ခေါ်လိမ့်ရှိတယ်..။
အဖိုးကြီးကတော့ အဖွားကြီးအဲဒီ့လိုခေါ်လိုက်တိုင်း မျက်ရည်ကလည်ချင်လာပြန်တယ်..။
အဖိုးကြီးကလည်း သူ့မိန်းမကို မရွှေမြလို့ပဲ ခေါ်ပြီး “ဖွားရေတိုက်”လို့ ခေါ်သမျှသူတွေကို စိတ်တိုနေတတ်တာ..။
အဖိုးကြီးက သူ့ကိုယ်သူ အမှိုက်တစ်စလို့ ထင်လာတဲ့ အချိန်ကစပြီး ဒီအမှိုက်တွေကို အခကြေးငွေယူပြီး သတ်မှတ်တဲ့နေရာမှာ သွားပုံပေးတဲ့အလုပ်ကို လုပ်ကိုင်လာခဲ့တယ်။ ဟုတ်တာပေါ့..။ အမှိုက်ဆိုတာ အသုံးဝင် တာတွေအကုန်လုံးကို အကုန်အစင် ယူငင်ထားပြီးတော့မှ ကျန်ရစ်ခဲ့တဲ့ အသုံးမ၀င်တော့တဲ့ အရာတွေလေ..။ အဖိုးကြီးက အဲဒီ့လို လေးလေးနက်နက်တွေ မတွေးဖြစ်အောင်နေခဲ့တာကြာပြီ..။
*
သူ့ဘ၀ကို အမှိုက်တစ်စလို ရွံရွံရှာရှာ အလှဲအကျင်းခံလိုက်ရတဲ့ အချိန်တွေကို မေ့ထားခဲ့တာကလည်း ကြာပြီလေ..။ အမှိုက်ပေမယ့် အဲဒီ့အမှိုက်တွေက သူတို့မိသားစုရဲ့ ၀မ်းရေးကိုအတော်အသင့် ပြေလည်စေနိုင် ကြောင်းကိုတော့ အဖိုးကြီးကဘယ်သူ့ကိုမှ ပြောပြနေမှာ မဟုတ်သလိုမျိုး ဘယ်သူကမှလည်း “ဖိုးမှိုက် ခိုင်လာ ပြီလား” ဆိုတာမျိုး စတာနောက် တာထက်ပိုပြီး အမှိုက်တွေကို စိတ်မ၀င်စားကြပါဘူး..။ ဒါတောင် သူနဲ့အပြိုင် စီးပွားလုဘက်တွေ တစ်နေ့တစ်ခြား များများလာလို့ တစ်ခါတစ်လေ အဖိုးကြီး စိတ်ညစ်ညစ်နေရ သေးပါကော..။ မင်းလမ်းထောင့်က ဆံပင်ညှပ်ဆိုင်ပြီးရင် အဖိုးကြီးရဲ့ဖေါက်သည်အိမ်တွေ ပြည့်သွားပြီ။
(၃)
အဖိုးကြီးကအတော်အသင့် လေးလံလာပြီဖြစ်တဲ့ သူ့အိပ်တွေကို ဗာဒံပင်ခြေ၇င်းမှာချလိုက်တယ်..။ အပင်က လည်း အဖိုးကြီးလို ခပ်အိုအိုခပ်ကိုင်း ကိုင်းပဲရှိနေတယ်..။ ကြည့်ရတာငှက်တွေတောင် အတောင်ညောင်းလို့မှ နားချင်စရာမရှိဘူး..။ အဲဒီ့အပင်က အဖိုးကြီး ရောင်းနေကြ အမှိုက် ဆိုင်နဲ့လည်း သိပ်မဝေးဘူး၊ (သူကတော့ အမှိုက်ဆိုင်လို့ပဲခေါ်တယ်..၊ အဟောင်းအမြင်း အတိုအစတွေမှန်သမျှ စုဝယ်တဲ့ဆိုင်ပေါ့)။ နောက် သူ့မှာပါလာ သမျှပစ္စည်းတွေကိုလည်း အေးရာအေးကြောင်း ရွေးချယ်လို့ရသေးတယ်လေ..။
*
ကတ်ထူစက္ကူတွေ၊ ရေသန့်ပုလင်းအလွတ်တွေ ၊ သားရေစိမ်းပါတဲ့ ဖိနပ်အပြတ်တွေ၊ အရက်ပုလင်း၊ ဘီယာ ပုလင်းခွံတွေ..၊ တစ်ခါတစ်လေ ကံသိပ်ကောင်းရင် သံတိုသံစတွေ ဘက်ထရီအိုး အဟောင်းအပျက်တွေ ပါလာနိုင်သေးတယ်လေ..။ အဖိုးကြီးက လုံးလုံးပစ်လိုက်ရတော့မယ့် ပစ္စည်းတွေ၊ ပြန်ရောင်းလို့ရနိုင်မယ့် အရာ တွေ၊ အိမ်မှာအသုံးတည့်နိုင်မယ့်ဟာတွေ၊ နောက်အသက်သာဆယ့်ငါးနှစ် ကျော်နေပေမယ့်ငါးနှစ်သား အသိလောက်နဲ့ အားကစားမက်တုန်း သားငယ်အတွက် ကစားစရာအကျိုးအပျက်တွေ စသဖြင့် စနစ်တကျရွေး ထုတ်လိမ့်ရှိတယ်..။
*

နောက် အဲဒါတွေကို ရောင်းချပြီး ၊ အဲဒီ့ကရတဲ့ ငွေစကြေးစလေးတွေရယ်၊ အမှိုက်တစ်ထုတ်ကို ငါးဆယ် ၊ တစ်ရာ၊ တစ်ခါတစ်လေ သဒ္ဒါကျွံတတ်တဲ့ သူဌေးတို့သဘောသဘာဝအရ ပိုပိုသာသာပေးကမ်း တတ်တာလေးတွရယ်ကို စုစပ်ပြီး မရွှေမြမှာလိုက်တဲ့ တိုတိုထွာထွာလေးတွေ လျောက်ဝယ်ပေါ့.....၊ ပိုလာခဲ့ရင်တော့ အဲဒီ့ငွေစလေးကို သူ့အင်္ကျီ ညစ်ဖါးဖါးကြီးကြားထဲမှာ ကျစ်ကျစ်ပါအောင်ထုပ်လို့ပေါ့..၊ တစ်ခါတစ်လေတော့ မရွှေမြတို့ ကျောက်လောင်းတဲ့ဆိုဒ်က ကြည့်မြင်တိုင်၊ စမ်းချောင်းထဲမှာပဲဆိုရင်တော့ အဲဒီ့ဆိုဒ်ရှေ့ မှာပြီးတဲ့အထိ သွား စောင့်နေလိုက်ပြီး အတူတူပြန်ကြတယ်..။
*
အခုလဲ အဖိုးကြီးက သူလုပ်နေကြအတိုင်းပစ္စည်းတွေကို တစ်ခုစီရွေးထုတ်နေလိုက်တယ်..။ ဒီနေ့ဟာမနေ့က လောက်မဆိုးပေမယ့် သိပ်တော့မလွမ်းလောက်ဘူးလို့ အဖိုးကြီးစိတ်တွက်တွက်ကြည့် လိုက်မိတယ်..။ လူတွေဟာ အရင်လိုမဟုတ်ကြတော့ဘူး.။ အမှိုက်ကို အမှိုက်အတိုင်းပဲစွန့်တတ်နေကြပြီ..။ နောက်ဆုံးမှာ အလုံးလိုက်ကလေး ကပ်နေတဲ့ တစ်ရူးလုံးလေးကို စပ်စပ် စုစုဖြည်ကြည့်လိုက်တယ်။
အဖိုးကြီးရဲ့ရင်ပြင်ဟာအောင့်တက်သွားရလောက်အောင် ဆောင့်ခုန်သွားတယ်..။
အဖိုးကြီးက သူ့လက်ထဲက တစ်ရူး ထုတ်ကလေးကို အလန့်တကြား လွှတ်ပစ်လိုက်တယ်..။
နောက် အဖိုးကြီးဟာ ဂမူးရူးထိုးပြေးကောက်လိုက်ပြန်တယ်..။
အဖိုးကြီးဟာ ဘေးဘေးဘီဘီကို ကျီးကန်းတောင်းမှောက် ကြည့်လိုက်တယ်..။
အသက်ပြတ်သွားတဲ့လူလို တွေတွေကြီးငိုင်ကျ သွားရာက ဗြုန်းကနဲ တဟုန်ထိုး ပြေးထွက်သွားခဲ့တယ်..။ အဲဒီ့နေ့မှာ လမ်းထဲကတစ်ခြားအမှိုက်ကောက်ကြတဲ့ ကလေးတွေဟာ အဖိုးကြီးရွေးဆယ်ထားပြီးဖြစ်တဲ့ ပစ္စည်း တွေကို လုကြ၊ ယက်ကြရင်းရန်တွေဖြစ်ကြတယ်။ အဲဒီ့နေ့မှာ ဗာဒံပင်နဲ့အနီးဆုံးအိမ်တွေက ပွစာတက်၊ ညစ်ပတ်နံစော်နေတဲ့ အမှိုက်တွေကို ကြည့်ပြီး၊ အခကြေးငွေယူထားရက်နဲ့ အမှိုက်ပုံကို ရောက်အောင်မပို့ ကြရကောင်းလား လို့မေတ္တာပို့ကြတယ်..။
*
အဲဒီ့နောက်နေ့တွေမှာ ရောက်မလာတတ်တော့တဲ့ အဖိုးကြီးအကြောင်းကို တစ်ယောက်စနှစ်ယောက်စက စကားစပ်ကြပြီး မေ့မေ့ပျောက်ပျောက်ပဲရှိနေခဲ့ကြတယ်..။ အဲဒီ့နေ့ အဖိုးကြီးနောက်ဆုံးအမှိုက်ကောက်ခဲ့တဲ့ ဆံပင်ညှပ်ဆိုင်မှာကတော့ ဆိုင်ရှင်မက ဘေစင်ပေါ်မှာ တစ်ရူးနဲ့ထုပ်ပြီး ခဏတင်ထားမိတဲ့ သူ့ တစ်ကျပ်ခွဲသား ရှိတဲ့ Foot Chain ပျောက်သွားတဲ့အမှုနဲ့ သန့်ရှင်းရေးကောင်မလေးတွေ ၀န်ထမ်းကောင်မလေးတွေကို ပွက်လောရိုက်အောင် ဆူပ၊အော်ဟစ် ထုထောင်း နေလေရဲ့..................။
(၄)
အုံ့မှိုင်းတွေတဲ့ မိုးညို့ညို့တွေက ဘယ်တော့မှ ကြည်စင်နိုင်မှာလဲ..။ ခပ်ဝါးဝါးလှမ်းမြင်နေရတဲ့ ကြည့်မြင်တိုင် ဘက်ကမ်းဟာ ခုလိုကြတော့လည်း ရင့်ကျက်တည်ကြည်လို့..။ သုတ်ကနဲတိုက်လိုက် တဲ့လေမှာ မိုးနံ့ငွေ့ငွေ့ပါ နေပြီ။ ဖွားရေတိုက်က မိုးကာစကို လုံနေအောင် ဆွဲစိထားလိုက်တယ်..။ ဖွားရေတိုက်ရဲ့ စိတ်တွေဟာ ရာသီဥတုလိုပဲ ညစ်ထေးမှိုင်းအုံ့လို့..။ အထူးသဖြင့် စိုးရိမ်ကြောင့်ကျ စိတ်တွေနဲ့ ပူလောင်နေခဲ့တယ်။ အလုပ် ဘယ်လိုမှ သွားခိုင်းလို့မရတော့ပဲ ကယောင်ကတမ်း၊ ကြောင်တက်တက်ရှိနေတဲ့ ဖိုးမှိုက်ဟာတကယ့်ကို ရူးချင်လာပြီလား..။ ဖိုးမှိုက်ဟာ တင်းပြည့်ကျပ်ပြည့် ဦးနှောဏ်ကောင်းကြောင်းကို ဖွားရေတိုက်ကလွဲပြီး ဘယ်သူမှမသိနိုင်ပါဘူး..။ ဖိုးမှိုက် ခံစားခဲ့ရတဲ့စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခတွေကို ပြန်တွေးလိုက်မိတိုင်း ဖွားရေတိုက်ရဲ့ ရင်ပြင်က တစစ်စစ် နာကျင်ချောက်ချားလာခဲ့တယ်.။ အခုပဲဖြစ်ပျက် လိုက်တဲ့ အဖြစ်အပျက်တစ်ခုလို မျက်ရည် ပေါက်ပေါက်ကျရတုန်း.....။
*
ဝဲကနဲ ဝေရီလာတဲ့မျက်ရည်တွေကို ခပ်ဆတ်ဆတ်ပုတ်ခတ်ပစ်လိုက်ရင်း ဖွားရေတိုက်က သူတို့ဒီနေ့ ကျောက် လောင်းရမယ့် တိုက်ကြီးကို မော်ကြည့်လိုက်တယ်..။ ခန့်ခန့်ညားညားကြီး မတ်မတ်ထီးထီး တည်ရှိနေတဲ့ တိုက်ကြီးမှာ သူတို့ချွေးစက်တွေ ဘယ်လောက်ပျော်ဝင်နေပါလိမ့်..။ အဆောက်အဦတစ်လုံးရဲ့ ခိုင်ခံ့မှုမှာ သူတို့ရဲ့ချွေးစက်တွေကရော အချိုးအစားတစ်ခုအနေနဲ့ပါဝင်နေသလားဆိုတာတွေအထိတော့ ဖွားရေတိုက် မတွေးတောတတ်တာပါ..။
*
အခုဆို စူးပြောင်နေတဲ့ မျက်ဝန်းတွေနဲ့ ဘယ်သူ့ကိုမဆို အော်ငေါက်ပစ်လိုက်ဖို့ ၀န်မလေးတဲ့ဖွားရေတိုက်တို့ ကန်ထရိုက်မတောင် အသံသိပ်မထွက်ချင်တော့ဘူး..။ သူပြောပြောနေတတ်တဲ့ တိုက်တွေကို ကွန်ကရစ်ကား တွေနဲ့ပဲ လောင်းကြတော့တယ်ဆိုလား မဆိုနိုင်တာတွေကို ဖွားရေတိုက်တို့ပါရောပြီး စိတ်ညစ်တတ်နေပြီ။ အခုတလော အခုတလောဆိုတာထက် ကိုချိုအမှိုက်ကောက် မသွားကတည်းက အလုပ်ကလေး ဆက်နေတာကိုပဲ ဖွားက ကျေးဇူးတွေတင်လို့လေ..။
*
ယိုးဒယား ပလပပ်စတစ်ခြင်းစုတ်လေးထဲက ကျွတ်ကျွတ်အိပ်အမာထဲကို ဆိုဒ်ကသောက်ရေတွေဖြည့်ပြီး...၊ ဖိုက်ဘာတု ရေခွက်ကလေးကို ဆေးကြောထားလိုက်ရင်း.. လွင့်လွင့်ဝဲ၀ဲဝေချင်နေတဲ့ စိတ်တွေကို အဖွားကြီးဒီ့အတိုင်း လွှတ်ချပစ်ချင်နေခဲ့တယ်..။ ဖြစ်နိုင်ရင် အိမ်ကို ပြန်ပြေးလိုက်ချင်နေတာ..။ ဖြစ်နိုင်ရင် ကိုချို “ရှင်ဘာတွေဖြစ်နေတာလဲဟင်” ဆိုပြီး မဖြေမချင်းမေးပစ်လိုက်ချင်တာပေါ့..။
ဖြစ်နိုင်ရင် ....။
အို ဖြစ်နိုင်ရင်ဆိုတဲ့ စကားစုမှာ ဘာတွေ ဘယ်လောက်ပျော်ဝင်နေပါလိမ့်..။
ဖြစ်နိုင်ရင် ဆိုတဲ့ စကားဟာ ဖွားရေတိုက်ရဲ့ ရင်ကို တဒိုင်းဒိုင်းခုန်တက်လာစေခဲ့တယ်..။
ဟုတ်တယ် .. ။ ဖြစ်နိုင်ရင်..
ဖြစ်နိုင်ရင် ဘာသတင်းအစအနမှမရတော့တဲ့ ဟိုး...အထက်မှာ အလုပ်သွားလုပ်တယ်လို့ပဲသိရတဲ့ သားကြီးကို ပြန်ခေါ်လိုက်ချင်တာပေါ့..။
အို ဖြစ်နိုင်ရင် သတင်းအစအနလေးဖြစ်ဖြစ် ရချင်လိုက်တာကွယ်.....။
ဖြစ်နိုင်ရင် စိတ်ဒုက္ခလူဒုက္ခတွေနဲ့ ရေနွေးဆူဆူ အလောင်းခံထားရတဲ့သစ်ပင်လို ဘယ်လိုမှ အညွန့်မလူနိုင် တော့တဲ့ ကိုချိုရဲ့အတိတ်တွေကို အမြစ်ကနေတူးဆွပြီး ကော်ထုတ်ပေးလိုက်ချင်တာပေါ့..။
ဖြစ်နိုင်ရင်.. သားငယ်လေးကိုလည်း...............
*
“ရေတိုက်.. ရေတိုက်...” ဆိုတဲ့အသံက ဖွားရေတိုက်ရဲ့ စိတ်တွေကို ဆွဲလှုပ်ပစ်လိုက်တယ်..။ အပြေးအလွှားသွားပြီး သောက်ရေတစ်ခွက် ခပ်ပေးလိုက်တော့ တဆတ်ဆတ်တုန်ယင်နေတဲ့ လက်အစုံက အငမ်းမရလှမ်းရှာတယ်..။ လည်ချောင်းထဲကို မနားတမ်းပြေးဆင်းသွားကြတဲ့ ဖွားရေတိုက်ရဲ့ရေတွေက သူတို့ အပမ်းကို ဘယ်လောက်များ ပြေပျောက်စေနိုင်မှာပါလိမ့်......။ တဒီးဒီး စီးထွက်နေတဲ့ ချွေးစေးထန်းထန်းတွေကို ဒီရေတစ်ခွက်က ဘယ်လိုများ တိတ်စေနိုင်မှာလဲ..။
*
ဖွားရေတိုက်တို့ အားကောင်းမောင်းသန် မဆလာရွက်နေတုန်းက ဒီကလေးမလေးက ရေတိုက်သမလေးပေါ့..။ ဟိုလူ အော်ဒီလူငေါက်နဲ့ပေါ့..။ အခုတော့ အရွယ်ထက်တော်တော်လေး အိုစာပိန်လျော်နေတဲ့ သားသည်အမေ ဖြစ်နေပါပြီကော..။ သူ့ယောက်ကျားက ဘယ်မှာပါလိမ့်....။ ဖွားရေတိုက်အတွေးစကို ကြောက်လန့်တကြား ဖြတ်ချပစ်လိုက်တယ်..။ သူ့သားကြီးလို အဆက်အပေါက်မျိုးနဲ့ ရုပ်ရည်လေးတောင်ခပ်ဆင်ဆင်တူတဲ့ ထင်မိတဲ့ ကလေးကို “သားလေး ရေသောက်ဦးမလား”လို့ ခပ်ဖွဖွ မေးလိုက်တော့ ဖွားရေတိုက်တော်တော်မောနေပြီ..။ အခုဆို ဖွားရေတိုက်လည်း မီးစာတွေကုန် ဆီတွေခမ်းလုနီးပါးကို အင်တွေအားတွေ ချွတ်ချုံကျနေပြီ...။ ကွန်ကရစ်ကို အုံးမွှေးလုံးရိုက်ပြီး ဒူးမနှိပ်ကြေး ရှစ်လွှာအထိသယ်လာခဲ့တာ ဘယ်နှစ်နှစ်၊ ဘယ်နှစ်မိုးပါလိမ့်..။ ဖွားရေတိုက်က ဖြစ်နိုင်ရင် သူတို့ဘ၀ကို ဗွီဒီယို တိတ်ခွေတစ်ခွေလို ရစ်ပစ်လိုက်ချင်တာ.။
*
အခုတော့ အားကောင်းမောင်းသန်ရွက်လုံးကောင်းတဲ့ မမြဟာ တစ်နေ့ တစ်ထောင် နေ့စားခနဲ့ ရွက်လုံးကောင်း ကောင်းနဲ့ ရွက်နေကြတဲ့ အလုပ်သမားတွေကို သောက်ရေလိုက်တိုက်တဲ့ ရောဂါသည် အဖွားကြီးပေါ့..။ ကိုချိုပြောသလို နဖူးကမှည့်ကိုပဲ မှတ်မိစရာရှိတော့တဲ့ သောကဒုက္ခ ဒဏ်ရာဒဏ်ချက်တွေနဲ့ မိန်းမအိုကြီးပေါ့..။ သူတို့ ခေါ်သလို “ဖွားရေတိုက်“ပေါ့..။
*
တွေတွေငေးငေးကြီးရှိနေတဲ့ အဖွားကြီးခမျာ နေမကောင်းဘူးလားလို့ မေးလိုက်တဲ့ ကန်ထရိုက်ကို ကောင်းပါ တယ်လို့ ပျာပျာသလဲဖြေလိုက်ရသေးတယ်။ စို့ကနဲသီတက်လာတဲ့ မျက်ရည်တွေက မိုးနဲ့ရောသွားမှာ ပါလေ..။ ရင်ပြင်တစ်ခုလုံးက နာကျဉ်လာရင် မောပြီးကြပ်တက်လာတာကိုလည်း သူမက ကျင့်သားရခံနိုင်ရည်ရှိနေခဲ့ပြီ..။ ဖွဖွလေးလိပ်ကိုင်ထားမိတဲ့ တစ်ထောင်တန်ငွေစက္ကူ သေးသေးလေးဟာ ဒီနေ့အတွက် လုပ်အားခပေါ့..။ ဖွားရေတိုက်ခမျာ တစ်ခြားဘာကိုမှ မစဉ်းစားနိုင်တော့ဘူးလေ..။
(၅)
ဝင်လုဆဲဆဲနေရောင်က ခပ်လွင်လွင်ပါးလျသွားတဲ့ မိုးတိမ်တိုက်တွေအကြားကို နေခြည်ဖြာကျနေပုံဟာ နူးညံ့ဖျော့ရော့နေ သလိုရှိနေတယ်..။ အတော်အသင့် ကြည်လင်သွားတဲ့ ရာသီဥတုကို ဖွားရေတိုက်ကျေးဇူး တင်လိုက်တာ..။ ညနေစောင်းစောင်း မိုးလေသည်းသည်းမှာ စက်လှေတစ်စီးနဲ့ ရန်ကုန်မြစ်ကို ဖြတ်ပြန်လိုက်ရ တာဟာ အလောင်အစားတစ်ခုကို ကြေးကြီးကြီးနဲ့ ထပ်ထား ရသလိုမျိုးပေါ့..။
*
“ဖွားရေတိုက်ရေ ဒီမှာဖိုးမှိုက်အတွက် လက်ဖက်ရည်”ဆိုတာကို အဖွားကြီးက အမေရေ ဒီမှာအဖေ့အတွက် လက်ဖက်ရည်ဆိုတာမျိုး ကြားကြားနေတတ်တာ..။ သားကြီးနဲ့ တော်တော်လေးကိုဆင်တဲ့ ဒီကလေးကို ကိုချိုကလည်း ချစ်ခင်နေရှာတယ်လေ..။ သားကြီးသာ ရှိရင်ဆိုတာရဲ့ နောက်မှာအဖွားကြီးက သူတွေးချင် ဖြစ်ချင်နေတာတွေကို ထည့်တွေးနေမိပြန်တယ်..။
*
အဖွားကြီးရဲ့ရင်ပြင်ဟာ တစစ်စစ်နာကျင်လာပြန်တယ်..။ ပိုးပိုးပေါက်ပေါက်ကျလာပြန်တဲ့ သူ့မျက်ရည်တွေကို သူရဲ့လုပ်ဖေါ်ကိုင်ဖက်တွေက သိပ်ထူးဆန်းမနေတော့ဘူး..။ တကယ်ဆို ကိုချိုလိုက်ရှာလည်း ဘယ်တွေ့နိုင် မှာလဲ။ ဆယ်သုံးနှစ်သားကတည်းက ထားရစ်ခဲ့ရတဲ့ သားကိုအသက် အစိတ်ပတ်ဝန်းကျင် လူကောင်အနေနဲ့ ဘယ်လိုမှတ်မိနိုင်မှာလဲ.။
“ကိုချို ရှင်ကျွန်မတို့ကိုထားသွားခဲ့တာဆယ်နှစ် ကျော် တောင်မှပါလား...”
အတိတ်ဆိုးကြီးက ဖွားရေတိုက်ရဲ့ စိတ်အစဉ်ထဲကို လေနီကြမ်းတစ်ခုလို ၀င်မွှေလာပြန်တော့ အဖွားကြီးရဲ့ ရာသီဥတုတစ်ခုလုံး ရုတ်ချည်း မည်းမှောင်ရိုင်းစိုင်းလို့ပေါ့..။ သိပ်ကိုတိကျသေချာတဲ့ သစ္စာတော်ခံဆိုဒ်တာဝန်ခံ တစ်ယောက်အနေနဲ့ ဖိုးမှိုက်ဝင့်ထည်စဉ် ကာလက သူမကလည်း ဖြူဖြူနွဲ့နွဲ့ ဇနီးချောတစ်ယောက်အဖြစ်နဲ့ ပျော်လို့မော်လို့ပေါ့..။
*
ညိုမောင်းထွားကျိုင်းပြီး သွက်လက်ကျန်းမာတဲ့ ခင်ပွန်းသည်ကို မြတ်နိုးအားကိုးလို့မဆုံးပေါ့..။ သားကြီးကလည်း ဆိုက်မန်နေဂျာကြီး မကြာခဏပေးတတ်တဲ့ မုန့်ဖိုးတွေကို ကိုင်ပြီး ခုန်လို့မြူးလို့ပေါ့..။ မှတ်မှတ်ရရ ကိုယ်နဲ့ဆိုင်တာရောမဆိုင်တာရော အလုပ်မြင်မနေနိုင်ပဲ စိတ်ရောကိုယ်ပါ လုပ်တတ်တဲ့အတွက်၊ သိပ်ကိုတိကျ သေချာပြီး ရိုးသားတဲ့အတွက်သူဌေးကို လစာတိုးပေးဖို့ ပြောပေးမယ်လို့ မန်နေဂျာဆိုတဲ့နေ့က သားငယ်လေး ကိုယ်ဝန်ရှိကြောင်း သိလိုက်ရတဲ့နေ့ပေါ့..။
*
မှတ်မှတ်ရရ အဲဒီ့နေ့ညမှာပဲ ဆိုဒ်ထဲမှာ သူခိုး တွေဖမ်းကြ၊ ၀ရုန်းသုန်းကားတွေဖြစ်ကြ၊ ရိုက်ကြ၊ နှက်ကြ၊ သူ့တာဝန်ချိန်မဟုတ်ပဲ ကင်းထလှည့်မိတဲ့ကိုချိုဟာ သူ့ကိုဖမ်းတာတောင် ဖမ်းလို့ဖမ်းမှန်းမသိသေးဘူး..။ သူ အားကြိုးမန်တက် ဖမ်းပေးခဲ့တဲ့ သူခိုးဟာ အသတ်ခံလိုက်ရတယ်ဆိုတာလည်း မသိသေးဘူး။ သူသိပ်လေးစား ချစ်ခင်တဲ့ သူ့ဆရာဆိုဒ်မန်နေဂျာကြီးရဲ့ ထွက်ချက်တွေမှာတော့ သူဟာသူခိုး..၊ သူဟာ လူသတ်ကောင်..၊ သူ ဟာ လူရမ်းကား၊ ဘိလပ်မြေနဲ့သံချောင်းတွေကို ကားအစီးလိုက် ထုတ်ဖို့ကြိုးစားခဲ့တာ သူပေါ့..။
*
အဖွင့်အပိတ်မှန်မှန် မင်သေသေ၊ ဇာတ်အိမ် ဇာတ်လမ်းခိုင်ခိုင်ခံ့ခံ့၊ အုံနဲ့ကျင်းနဲ့ အင်နဲ့အားနဲ့ ၀ိုင်းဝန်းထွက်ဆိုကြ တဲ့ အမှုအခင်းမှာ သူဟာ ရာဇ၀တ်ကောင်ပေါ့..။ ကိုချိုဟာ ရုတ်တရက်ပြောင်းလဲသွားတဲ့ အဖြစ် အပျက်အားလုံး ကို ဘယ်လိုမ နားမလည်နိုင်သလို လက်လဲမခံနိုင်ဘူး..။ ဘာတစ်လုံးမှကို မပြောနိုင် မဖြေနိုင်အောင် ကြောင်အ တုန်လှုပ်နေခဲ့တယ်..။ မယုံကြည်နိုင်လွန်းလို့ မျက်ဝန်းအစုံဟာ ပြူးကျယ်ဝိုင်းစက်နေခဲ့တယ်..။ မျက်နှာတစ်ခုလုံး မှာရှိတဲ့ သွေးကြောတွေက ပေါက်ထွက်လုမတတ် နီရဲတင်းမာနေခဲ့တယ်.. တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်ယင်နေရှာတယ်..။
*
ဖိုးမှိုက်ဟာ စကားဆိုလို့ မျက်ရည်ပူတွေအသွယ်သွယ်ကြားက သူမကိုကြည့်ပြီး တစ်ခွန်းထဲပဲပြောခဲ့တယ်..၊ “မရွှေမြ ငါ မဟုတ်ဘူးတဲ့..” သူ့မကလည်း အကြွင်းမဲ့ကိုယုံကြည်တာ..။ သူများပစ္စည်းဆို စိတ်နဲ့တောင် မပစ်မှားဘူး၊ သူများအသက်ဆို ခြင်တစ်ကောင် သတ်ဖို့တောင် ၀န်လေးတယ်ဆိုတာ ကိုချို့အတွက် လွန်လွန် ကဲကဲ တင်စားထားတာမျိုး မဟုတ်ဘူးလေ..။
*
ဖိုးမှိုက် အနာကျည်းဆုံးကတော့ မန်နေဂျာက သူဌေးကိုပြောခဲ့တဲ့ “ဆရာရယ် ကျွန်တော်မှားတာပါ သူခိုးကို ဓါးရိုးကမ်းခဲ့မိတယ်” ဆိုတဲ့ စကားပဲလို့ ဖိုးမှိုက်က သူစိတ်ရရင်တော့ ထထပြောတတ်တယ်..။ တစ်ခါတစ်လေ “ရုပ်ရှင်တွေဗွီဒီယိုတွေထဲကလို ငါ့သားကြီးကို လက်စားချေခိုင်းရရင် ကောင်းမှာလို့ ငါတစ်ခါတစ်ခါ တွေးခဲ့ဘူး တယ်ဟ” လို့ ဆွေးဆွေးမြည့်မြည့် ပြောတတ်သလိုမျိုး သူမရှိဘဲ မျက်နှာငယ်ငယ်နဲ့ မွေးဖွားကြီးပြင်း လာရတဲ့ ကြားထဲ ဥဏှောက်လည်း ပုံမှန်မရှိရှာတဲ့ သူ့သားငယ်လေးကိုလည်း မျက်ရည်အ၀ဲသားနဲ့ ထိုင်ကြည့် နေတတ် သေးရဲ့.။
*
သားကြီးသတင်းကို သိသိချင်း ဖိုးမှိုက်ဖြစ်သွားတဲ့ နာကျဉ်ကြေကွဲမှုကို ဖွားရေတိုက် ပြန်တောင် မြင်ယောင် မကြည့်ဝံ့ ဘူး..။ ဖိုးမှိုက်က ခုထိ ငွေစလေး နည်းနည်းများရလာရင် သူ့သားကြီးကိုလိုက်ရှာမယ်၊ သတင်းစုံစမ်း ဦးမယ်ဆိုပြီး မကြာခဏ ပျောက်ပျောက်သွားတတ်သေးတာကိုလည်းဖွားရေတိုက်က ကြင်နာ နားလည်နေခဲ့ တယ်..။ တကယ်ဆို သူ့သားကြီးက သူ့ဝိဥာဏ်တွေ တောက်စားမယ့် အသစ်စက်စက် သူ့ကိုယ်ပွားလေး မဟုတ်လား..။ သူ့ကိုယ်သူ အသစ်ပြန်လည်ဖွင့်နိုင်မယ့် တံခါးတစ်ချပ် မဟုတ်လား..။ တဆင့်စကား တစ်ဆင့်နားအရတော့ မန်နေဂျာကြီးဟာ အခုဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်ပြီး ထားစရ နေရာကို စဉ်းစဉ်းစားစားရှာ နေရလောက်အောင် ချမ်းသာကြွယ်ဝ နေပြီတဲ့..။
*
အဲဒီ့လိုနဲ့ ဖိုးမှိုက်ဟာ စကားဟဟမပြောပဲသူစိတ်သက်သာသလို အနေအထားအတိုင်းပဲ နေနေ ရှာတော့တယ်..။
ဒါပေမယ့် သူ မရူးသေးဘူး...သေချာတယ်။ ဒါပေမယ့် အခု အဖွားက သူမကိုယ်သူမ သံသယ၀င်ချင်လာတယ်..။ တစ်စုံတစ်ရာကို အလေးအနက်စဉ်းစားသလို ငိုင်နေလိုက်၊ ပါးစပ်က တတွတ်တွတ်ရွတ်လိုက်နဲ့ ဖွားရေတိုက်ကို မလုံမလဲလိုလို အလန့်တကြားလိုလို ကြည့်ကြည့်နေတတ်တဲ့ မျက်လုံးတွေကို မသင်္ကာချင်တော့ဘူးလေ..။ လောကဓံကို ကြံ့ကြံ့ခံနိုင်ပြီး စိတ်ဓါတ်မာမာနဲ့ ဖြေရှင်း ဦးဆောင်နိုင်ခဲ့ပေမယ့် ဖွားရေတိုက်က သူ့ခင်ပွန်းသည်နဲ့ ပတ်သက်လာရင် အလိုလိုဝမ်းနည်း ညံ့သက်နေတတ်တော့........။
*
ဖွားက မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ချပစ်လိုက်ရင်း နီးကပ်လာတဲ့ ကမ်းဆီကိုမျှော်ကြည့်နေမိတယ်..။ နေ၀င်ဖျိုးဖျဟာ မိုးရိပ်မိုးယောင်ကြောင့် ညစ်နွမ်းနွမ်းနဲ့အေးစက် ထိုင်းမှိုင်း နေခဲ့တယ်..။ ဒီတစ်ချက်လေအဝှေ့မှာ တော့ မိုးကဆက်ဆက် ပါလာခဲ့ပါရော..။
(၆)
မိုးက ခပ်စိတ်စိတ်ရွာချနေပြန်တယ်..။ ကောင်းကင်ကတော့ မြင်မကောင်းအောင်ကို မည်းနက်လို့၊ အခဲလိုက် အခဲလိုက် ရှိနေကြတဲ့ မိုးသားတွေဟာ အခုကိုပြိုကျတော့မလိုမျိုး....။ မိုးဟာဘယ်တော့မှ တိတ်ချင်တဲ့ပုံ မပေါ်ပါ ဘူး..။ အဖွားကြီးက ကမ်းနားမှာ“ရွှေဆွဲကြီး အကြီးကြီး၊ ရွှေဆွဲကြီး အကြီးကြီး”နဲ့ အော်ဟစ်ခုန်ပေါက် ပြေးလွှားနေတဲ့ စိန်တိုးကို တွေ့တော့ သားလေးပြောနေတာက နမိတ်ကောင်းလိုက်တာဆိုပြီး ထိတ်ကနဲတောင် ၀မ်းသာသွားသေးတာ..။
*
မနက်အိမ်က ထွက်လာတော့ သားလုပ်တဲ့သူကို ဖွားရေတိုက်ဘ၀မှာ တစ်ခါမှမမြင်ဘူး လောက်စိတ်ဆိုးနေတဲ့ သဏ္ဍန်မျိုးကြီးနဲ့ သွေးရူးသွေးတမ်းဆန်ဆန် ဗလုံးဗထွေး စကားလုံးတွေနဲ့ နှင်ထုတ်ကျန်ရစ်ခဲ့တဲ့မြင်ကွင်းဟာ ဖွားရေတိုက်အတွက် နောက်ဆုံးမြင်ကွင်းတဲ့..။ အဖွားကြီးက ကြပ်တက်နေတဲ့ သူရဲ့အသက်ရူလမ်းကြောင်းကို ပင့်ပင့်ပြီး အသက်ကိုလုရူနေရတယ်..။
*
မျက်လုံးကိုစုံပိတ်ထားပေမယ့် သူမမျက်လုံးထဲမှာတော့ တစ်စုံတစ်ရာကို အလွန်အမင်း ကြောက်လန့် စိုးရွံ့ ပူပန် ရိပ်တွေ ပြည့်နှက်နေတဲ့ မျက်လုံးပြူးကြီးတွေနဲ့ လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ဖိုးမှိုက်ရဲ့ အေးစက်စပြုနေတဲ့ ရုပ်ခန္ဓာကိုပဲ မြင်ယောင်နေခဲ့တယ်..။ မနက်ကတင် သူ့ထမင်းထုတ်ကို ကိုယ်တိုင်ထုတ် ပေးနေသေးတဲ့ ဖိုးမှိုက်တစ်ယောက် ဘယ်လိုဖြစ်သွားလဲ... ဘာရောဂါမှထွေထွေထူးထူးကြီးမရှိတဲ့ အကောင်း သားကြီး ကျန်ရစ်ခဲ့တဲ့ ဖိုးမှိုက်ကို သေအောင်သတ်လိုက်တာ.....
“ဘယ်အရာလဲ....”
“ဘယ်လို ရောဂါမျိုးများလဲ..”
ဖွားရေတိုက်က ကြေကြေကွဲတကြီးနဲ့ အပူတပြင်း မေးနေရှာသေးတယ်.. ဖွားရေတိုက်က သူဖိုးမှိုက်ဖို့ ၀ယ်လာတဲ့ လက်ဖက်ရည်ထုပ်ကလေးကို ဘယ်နေရာမှာထားလိုက်မိမှန်း သတိမရနိုင်တော့ဘူး...။ ဖွားရေတိုက်က ရုတ်တ ရက်ကြီးဆိုသလို ပြောင်းလဲသွားတဲ့ ကံကြမ္မာကိုလိုက်မမှီနိုင်ရှာဘူး...။ ဖွားရေတိုက်မှာ သူ့ရင်ဝက လောင်မြိုက် တက်နေတဲ့ အပူမီးအဟုန်က ငြှိမ်းသတ် နိုင်ဖို့ လည်း အင်အား မရှိတော့ဘူး။
*
“ကိုချို ၊ ရှင် ကတော့ ဒီဘ၀ကြီးက အမှန် တကယ်လွတ်မြောက်သွားပြီပေါ့ ”
ပါးစပ်က တတွတ်တွတ် ပြောနေမိပေမယ့်... နောက် ဆံတင်းတင်းနဲ့ စိတ်မဖြောင့်လက်မဖြောင့်ဘ၀ကူးရှာတာ အတွက် ယူကျုံးမရဖြစ်ရတာတွေ၊ဘယ်လို အလှူဒါနတွေလုပ်ပြီးအမျှ ဝေရပါ့လို့လည်း စိုးရိမ်ပူပင်ရတာတွေ၊ နောက် အရာအားလုံးနဲ့ ရင်ပြင် တစ်ခုလုံးက လှိုင်းထန် ဗြောင်းဆန်နေခဲ့တယ်.။.
ဘ၀ဆိုတာ ဒီလိုပဲသူဖြစ်ချင်ရာတွေကို ဖြစ်ချင် သလို လျောက်ဖြစ်သွားပြီး ဒီလိုပဲ ပြီးစလွယ်အဆုံးသတ်လိုက်ရတဲ့ အရာ မျိုးလား............။
*
လည်ချောင်းတစ်ခုလုံးက ညှစ်ထားသလို နာကျင်နေပြန်တော့ ငိုသံတွေ ထွက်ကျ မလာနိုင်ဘူး..။ ပူပြင်းလောင် မြိုက်လွန်းတဲ့ နှလုံးသားက မျက်ရည်တွေ အားလုံးကို ခမ်းခြောက်သွားစေခဲ့ပြီလား..။ အခေါင်းကြီးကျန်တော့သလို လပ်ဟာလွင့်မျောနေတဲ့ သူမကို ဘယ်သူတွေကဖေးမပေးထားသလဲ..၊ သေချာနေတာ သူမဟာ လူတန်းဖျောက်ဖျောက် ခြားခြားနဲ့ ရောနှောပါလာခဲ့တယ်..။
“ကိုချို ဒါ ရှင်နဲ့ကျွန်မ အတူတူသွားခွင့်ရတဲ့ နောက်ဆုံးခရီးပေါ့...”
“ရှင်ကျွန်မဘ၀ထဲကနောက်တစ်ကြိမ်ထွက်သွားဦးမယ်ပေါ့....”
“ရှင် ဘယ်တော့များပြန်လာခဲ့ဦးမလဲ....”
“ကျွန်မကရောရှင့်ကိုဘယ်အချိန်အထိစောင့်နေနိုင်မှာလဲ.....”
“မေကြီး ဆွဲကြိုးကြီး အကြီးကြီး..၊ ဖေကြီး” စသဖြင့် တောတစ်လုံး တောင်တစ်လုံးပြောပြီး ပြေးပြေးလွှားလွှား ပါလာတဲ့ သားငယ်လေးကို တစ်စုံတစ်ယောက်က အတင်းဦးချခိုင်းနေတယ်..။
ကျေးဇူးတင်လိုက်တာ...။
ဖွားရေတိုက်ကရော.......၊
ဖွားရေတိုက် ဘာလုပ်လိုက်ရမှာလဲ....။
“ ဟင်........”
“ကိုချို.. ကျွန်မ ဘာလုပ် လိုက်ရမှာလဲ...”
ဖွားရေတိုက်မြေစိုင်ခဲတွေပေါ်ကိုမျက်နှာအပ်ချပစ်လိုက်တယ်..။ ၀ူးဝူးဝါးဝါးနိုင်နေတဲ့သားလုပ်သူရဲ့ စကားတွေ ကို သူမအပါအ၀င် ဘယ်သူကမှစိတ်မ၀င်စားကြသလိုမျိုး....... ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ဖိုးမှိုက်ရဲ့လက်ကို
ဖြည်ကြဖို့ကိုလည်းတွေးတောင် တွေးမကြည့်မိကြဘူးလေ..။

အိန္ဒြာ
(၁၀.၉.၂၀၀၇)
( ၂၀၀၈ ခုနှစ် မတ်လထုတ် ပန်းအလင်္ကာမဂ္ဂဇင်း..မှာ.ပုံနှိပ်ဖေါ်ပြခဲ့ပါတယ်။)


Type the rest of your post here.

13 comments:

KPZ said...

မမရယ်... စဖတ်တုန်းကတော့ ပေါ့ပေါ့လေး စဖတ်တာ။ ဖတ်ရင်းဖတ်ရင်း စာပိုဒ်တစ်ပိုဒ် ဆုံးတိုင်း ခံစားချက်တစ်ခု တိုးတိုးလာတယ်။ ဆုံးလည်း သွားေ၇ာ ရင်ဘတ်ထဲမှာ နင့်သွားတာပဲ... သနားစရာကောင်းလိုက်တာ မမရယ်.. နော်

သင်း said...

သူငယ်ချင်း
သနားဖို့ကောင်းလိုက်တာ....
ဘယ်သူ့ကိုအပြစ်တင်ရမလဲ..
ကံကြမ္မာကိုလား...
တောင်ပို့ကြီးကို..ဘုရားမှတ်ပြီးကိုးကွယ်မိတဲ့
လောကွတ်ချော်..စေတနာပိုပြီး..ကင်းထလှည့်တဲ့
ကိုယ့်ပတ်ဝန်းကျင်ရဲ့ အရိပ်အကဲကို..နားမလည်တဲ့
ဖိုးမှိုက်ကိုလား...

minn thuka said...

ကျွန်တော့် ဗီဇအတိုင်း ပေါ့ပေါ့လေးအရင်ဖတ်တယ်..ပြီးတော့တစ်နေရာရာကဝင်ပြီးခံစားတယ်..ရေကူပြီးဝင်တိုက်မယ်ပေါ့..ကျွန်တော်ခပ်တိုက်နေတဲ့ရေတွေထဲ..အမိုက်တွေပါပါလာတယ်...ဒါနဲ့ ..အမိုက်ပြောင်းကောက်ကြည့်တယ်..ကျလာတဲ့ချွေးစက်တွေက..ရေခွက်ညစ်ညစ်ထဲကရေတွေဖြစ်ဖြစ်နေတယ်..ထူးဆန်းစွာ..မတူတဲ့စ၇ိုက်နှစ်ခုကို..နှစ်ကိုယ်ခွဲသရုပ်ဆောင်နေရသလိုမျိုး..ပင်ပန်းလိုက်တာ..တိုက်ဆိုင်လိုက်တာများ..ဒီဝတ္တုလေးမဖတ်ဖြစ်ခင်..ဆိုဒ်ထဲကသူငယ်ချင်းက..သူ့ ညီနဲ့ ယူတော့မဲ့ အမျိုးသမီးအကြောင်းလာမေးတယ်..အရင်က..ကျွန်တော် (Taipei) မှာနေတော့..ကျွန်တော့်ရဲ့..ရင်ဘတ်ထဲကအနာရွတ်ကို..အခုနေတဲ့..
(Zhonghe)ကလူတွေသိပ်မသိကြဘူး..သူမဖြစ်နေတယ် ကျွန်တော်ဘာပြန်ပြောရမလဲ..ကောင်းပါတယ်ပြောလိုက်ရင်လဲ..ကျွန်တော်ကမကောင်းခဲ့လိုလား?..ကျွန်တော်မိုက်မဲစွာအဖြူသက်သက်နဲ့ ဆယ်စုနှစ်တစ်ခုဖြတ်သန်းခဲ့တယ်..ကျောခိုင်းကျတော့..ဘဏ်စာရင်းမှာ NT100ပဲချန်ပြီးအကုန်ပေးထားခဲ့တယ်..
မကောင်းဘူးလို့ ပြောပြန်ရင်လဲ..သဲန့ဲ့ ပက်သလိုဖြစ်နေမယ် ..ကဲ ..ကျွန်တော်ဘာပြောရမှာလဲ.....ကျွန်တော်ပြုံးပြုံးလေးနဲ့ နုတ်ဆိတ်နေလိုက်တယ်...ကဲအခု..အားပြိုင်နေတဲ့ ဇတ်ရုပ်နှစ်ခု..တခုမှမပြစ်ရက်ဘူး..ဘလုပ်ရမလဲ..
ကျွန်တော်..ဖိုးမိုက်လက်ထဲကအထုပ်ဖြေပြီးကြည့်မယ်ဗျာ..
...........
"တန်ဖိုးကြီးပေမဲ့ ပြန်ရောင်းလို့ မရတဲ့..ရွှေရောင် MOMA..တံဆိပ်..(အတွင်းဖက်မှာ..မိုးကြိုးန့ဲ့ သံလိုက်တုံးလေးများပါသော သွေးလည်ပတ်မူ့ ကောင်းစေသည်) Foot chain...Made in Japan.. ဖြစ်နေတယ်ဗျာ..
အဲဒီလိုများဖြစ်နေခဲ့ရင်..
ခင်ဗျားတို့ ရင်ထဲဘယ်လိုနေမလဲသိချင်လိုက်တာ..
အန္ဒြာက ငရဲမီးနဲ့ ခင်ဗျားတို့ ရင်ဘတ်ထဲ မျက်လုံးကနေတဆင့်လောင်းချနေတာ..တမြေ့မြေ့ဆွေးလာတဲ့ ခင်ဗျာတို့ နှလုံးသားကို ကျွန်တော် မီးထပ်ရို့ တာမဟုတ်ဘူးနော်...
တိုက်ဆိုင်သွားလို့ ပါ...နေရင်းထိုင်ရင်း..ကျွန်တော့်လက်ထဲ..MOMA..ထည့်ပေးသွားတယ်..
ပြီးပါပြီ..စာတန်းထိုးနေတာကိုမသိလောက်အောင်နစ်ပျော်ဝင်နေတာ ကျေးဇူးပြုပြီး..119..call ပေးပါ..မေ့မျောသွားလို့ 

HAPPY CLOUD said...

ကောင်းပြန်ပြီ... ကောင်းနေပြန်ပြီ... ဖတ်မိတာ ၃ခေါက်လောက်ရှိပြီ... ဇာတ်ရုပ်တွေရော ဇာတ်အိမ်ရော.. အခိုင်အခံကြီးကို ၀တ္တုတိုအနေနဲ့ ပြသွားတာ.. ၀တ္တုတို ပီသပါပေတယ်...။ ရင်ထဲကို ကွက်တိဝင်အောင် စနစ်တကျထည့်ပေးနိုင်တဲ့ အရေးအသားပါပဲ... မအိန္ဒြာရေ...။ လေးစားပြီးရင်း.. လေးစားရင်ပဲ..း)။

ခင်မင်လျက်...
မိုးမောင်

HAPPY CLOUD said...

အမရေ... နင့်သွားတယ်ဗျာ... အမရဲ့ပတ်ဝန်းကျင်ဘ၀တွေကို ထင်ဟတ်တယ်... ကျနော်လည်း အဲဒီပတ်ဝန်းကျင်မျိုး ဖြတ်ဘူးတာပါပဲ... ကောင်းတယ်ဆိုတာထက်ပိုပြောချင်ပါတယ်ဗျာ...
(ဖိုးမောင်)

Anonymous said...

အိုး ...
ရင်ထဲမှာ စို့ကနဲပဲ အမရယ်။
လောကဓံက ဒီလိုပဲ ထုထောင်းတတ်သလားဗျာ။
ဖိုးမှိုက်နဲ့ ဖွားရေတိုက်တို့လို ဘ၀တွေကို လောကဓံက ဘယ်နှခါ၊ ဘယ်နှကြိမ်များ
ထုတောင်းရက်စက်ပြီးပါပြီလဲ။
အမှိုက်ထဲက ရွှေဖြစ်ခဲ့တဲ့ ဖိုးမှိုက် ...
ရွှေက အမှိုက်ဖြစ်ခဲ့တဲ့အခါ ... ကျွန်တော် မထင်မိဘူး အမရယ်။ ဖိုးမှိုက် ဖြစ်ရလေဗျာ။ တောက် ...
မြေခွေးလို ကောက်ကျစ်တဲ့ လူတွေက လောကဓံကို ကိုချို့ ပခုံးပေါ်ကို တည်တည့်ပစ်ချတာ မြင်တယ် အမ။

ဖွားရေတိုက်။ သူက ကျောက်လောင်းသလို ကိုချိုရဲ့ စိတ်ဓါတ်ကို အားပေးကျောက်လောင်းခဲ့သူပါ။ ကိုချိုရဲ့ လောကဓံပြေးလမ်းမှာ သူက အဓိကရေခွက်ငယ်ကမ်းခဲ့သူပဲ။ ဒါပေမယ့် ဖွားရေတိုက်ရဲ့ ဘ၀အမောပြေစေဖို့ ရေတိုက်ခဲ့သူအစစ်က ကိုချိုပါ။ ကျွန်တော်မြင်တာ။ အမအိန္ဒြာရေ ... ဖတ်ရင်းနဲ့ ကျွန်တော် ဖွားရေတိုက်ဖြစ်သွားလိုက်၊ ဖိုးမှိုက်ဖြစ်သွားလိုက် ၀တ္ထုအသွားအလာလှိုင်းတွေ ပုတ်ခတ်တိုင်း အလူအလဲနဲ့
စိတ်တွေလှုပ်ရှားယိမ်းယိုင်လိုက်ရတာ။ တာဝေးပြေးရသူတစ်ယောက်လို။ မောတယ်။ ဘ၀ရဲ့ အမောဆိုတာ ဒါလား။ ဖွားရေတိုက်ရေ ... ရေတစ်ခွက်လောက်ဗျာ။

သိပ်ကောင်းတယ်။ သိပ်ကောင်းတယ်။ ခံစားမှုကို တစ်စ၊ တစ်စနဲ့ ဆွဲခေါ်မြှင့်တင်သွား၊ အပိုင်းအစတွေ တစ်စဆီဆက်စပ်။ ပြီးတော့
ဝိုးတ၀ါးကနေ တစ်ခုချင်းပုံဖော်။ ပုံပေါ်လာတော့ တောင်ထိပ်ပေါ်ကို ပြေးတက်ခဲ့ရသူလို မောဟိုက်။ ရင်ထဲမှာတော့ ကြည်နှုးမှု။ ဒေါသ။ ဂရုဏာ။ ရွံရှာမုန်းတီးမှု။ မေတ္တာ။ ဘ၀ခွန်အား။ လောကဓံ။ ဥစ္စာပစ္စည်း။ လူတွေရဲ့ကောက်ကျစ်မှု။ ဒါတွေက ဖိုးမှိုက်နဲ့ ဖွားရေတိုက်ဝတ္ထုလေးက နှလုံးသားထဲ ပစ်ထည့်သွားတာ။

မြင်ယောင်နေမိတာက ခိုငယ်လေးတွေကြားက ဖိုးမှိုက်နဲ့ ရေခွက်ကို ကမ်းနေတဲ့ ဖွားရေတိုက်တို့ရဲ့ မပီဝိုးတ၀ါးသဏ္ဍန်တွေ။

ဟင်း။ ဘာလို့များ အဲလောက်ခံစားရအောင် ရေးထားရတာလည်း အမအိန္ဒြာရယ် ... ။


ခင်မင်လေးစားစွာဖြင့်

မေငြိမ်း said...

အင်းး ဗမာပြည်က အဘိုးကြီး အဘွားကြီးတွေ....
ဖြန့်တွေးလိုက်ရင်တော့ တသီတတန်းကြီးပေါ့..။

Moe Cho Thinn said...

သူတို့ဘ၀တွေ ဘယ်တော့များမှ ငြိမ်းချမ်းနိုင်မလဲ။
ညီမရေ.. ဘ၀တွေကို နက်နက်ရှိုင်းရှိုင်း နားလည်နေတတ်ပြီပဲနော်။

Kaung Kin Ko said...

ကောင်းလိုက်တာဗျာ။

Unknown said...

သိပ်ကောင်း

Unknown said...

စာဖတ်ရမှာကို စိတ်မ၀င်စားသော သနားစရာ ကျမဘ၀ . . . အိန္ဒြာတဲ့ . . . သိကို မသိတာပါ၊
ဆရာကြီး တင်မိုး ၊ အိမ်မက်ရှင် ၊ မိုးချိုသင်း စသော စသော ပုဂ္ဂိုလ်များကို ကော . . . သိသလားတဲ့ . . . စိတ်ပျက်လက်လျော့စွာ . . .ထက်မေးရှာပါတယ် . . . သနားစရာ ကျမမှာ . . .တင်းခံနေတုံး . . .
ကိုယ့် ရေးတဲ့ ကဗျာ ၊ ၀တ္ထုတွေ ကို ဖတ်ပြီး ကြည်နူးနေတဲ့ . . . အိန္ဒြာ . . .
အသက်ထက်မက တန်ဘိုးထား မြတ်နိုးတယ် . . . စာရေးခြင်း အလုပ်သာ မရှိရင် . . . တွေးတောင်မတွေး ရဲ ဘူးဆို တဲ့ . . . အိန္ဒြာ . . .
ဟေ. . . ဖြစ်သေးပါဘူး . . . ဘယ်လောက်များ ကောင်းလို့ တုန်း ၊ အားနာနာနဲ့ ဝင်ဖတ်လိုက်မိတယ် . . . အရမ်းကို လေးနက် နက်ရှိုင်း ပြီး နှလုံးသားကို ရိုက်ခက်လှုပ်ရှားလိုက်တဲ့ . . . မှတ်ထားသင့်သည့်အရေးအသားများ . . .ကြိုက်လွန်း လို့  အလွတ်တောင် ကျက်ထားရမည့်ကဗျာများ . . . Heart ထိတယ် . . .
ဟေ . . . စာကျတော့ တစ်လုံးမှ ဖတ်ဘို့ ဝါသနာမပါသူ . . . ဒီလောက်အရေးအသားပြောင်မြောက်နက်ရှိုင်းထိထိမိမိ ရှိလွန်းလှသော ထိုစာ၊ ထိုကဗျားများ အား သနားစရာ ကျမ ဘယ်လို ဥာဏ်နဲ့ များ ဖတ်ပြီး ဘယ်လို များတွေးလိုက်မိ၍ . . . Heart ထိသည် . . . ဟုဆိုရပါသနည်း?
မဟုတ်ရပါ . . . မြန်မာစာကို မြန်မာလို ရေးတာ . . . မြန်မာဖြစ်သော သနားစရာ ကျမ . . . အခန်းဖေါ် မအိန္ဒြာမှ အသေအချာ အချက်အလတ်နှင့် တစ်ပိုဒ်ချင်း၊ တစ်ခုချင်း . . . ထိထိမိမိ . . . ရှင်းပြတော့မှသာ . . .
အော် . . . ငါ့နှယ် . . . တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်ကြီးနဲ့ တခန်းထဲ နေတာကိုတောင် မသိရလေခြင်း ဆို ပြီး . . .
ဆရာကြီး ဦးမြကြိုင်ပြောနေကြစကားအတိုင်း ပြောလိုက်ရရင်တော့ . . . အတော်လေးကို သနားစရာကောင်းတဲ့ ကျမအဖြစ်ရယ်ပါ . . . မအိန္ဒြာရယ် . . .

အိုင်လွယ်ပန် said...

သေသေချာချာကိုဖတ်သွားပါတယ်...
ကောင်းတယ်ဗျာ.....

Moe Myint Tane said...

အမရေ အမရဲ့ အရေးအသားကိုတော့ လေးစားစွာ ဦးညွှတ်လိုက်တယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်