November 8, 2008

အိမ် ငါး



အိမ်မက်တစ်ခုခုလိုမျိုး.. .ပြာညှိုးညှိုးလေး..လင်းရီနေခဲ့တာ...
ကျောက်ဆိုင်ကျောက်ခက်ဆက်တင်ကလည်းအတု..
ရေမှော်..ရေညှိ..စိမ်းမြမြကလည်းအတု
မှုန်မှုန်ညှင်းညှင်းအလင်းပြေပြေလေးကလည်း...အတု...
အစာအဟာရအတု....
အောက်ဆီဂျင်ကအတုနဲ့...
ရေသူမ..အတုကို..ပွတ်လျော..နမ်းမွှေး...

ဟော..ဒီ့လို...
ဘ၀သေးသေးလေးထဲမှာ....အလူးလူး...အပြေးပြေး...
လှုပ်ရှားသက် ၀င်နေရသမျှ...
ဘယ်လာ...ငါး..အရာမြောက်ပါတော့မလဲ...

ငါးက..ငါးတို့ရဲ့..ဘာသာဘာဝအတိုင်း...
အညှီနဲ့ချွဲချွဲ..ပြောင်ချော..ညစ်ပတ်နေချင်တာ...

ငါးက...
တ၀ုန်း..၀ုန်း...
တစိမ်း..စိမ်း
နက်ရှိုင်းခမ်းနားလွန်းနေတဲ့..
ပင်လယ်ရဲ့..ဥပဓိကို..စာဖွဲ့နေချင်တာ

ငါးက..
သူ့စိတ်ကူး..ရေစီးတွေအတိုင်း..
အဆုံးအစမရှိရွက်လွင့်..ပစ်...ချင်တာ..

ငါးက....
့မျှားချိတ်မှာတပ်ထားတဲ့..အစာမှန်းသိသိ..
မိမိရရ..ခုန်ဟတ်ရယူပြီး...
လက်တစ်လုံးခြား...ငါးပါးဝချင်တာ...

ငါးက..သူ့ကိုယ်ပိုင်အမိုး..အကာလေးထဲမှာ..
မိန့်မိန့်မူးမူး...မင်းမူနေချင်တာ

ငါးက..
ငါးရိုးရာ..ပွဲတော်ကြီးတွေကို
ငါး..ဂီတ..ငါး..ဗီဇတွေအတိုင်း
အချိန်ခါ..သင့်ကျင်းပချင်သေးတာ

ငါးက..
သူ့အိပ်မက်တွေအတိုင်း..ရဲဝံ့မာကျော..ပြီး
သူ့ကကြိုးတွေ..အတိုင်း..နူးညံ့..ပျော့ပျောင်းမယ့်
သူ့..မျိုးဆက်ကို..ရေးချယ်ချင်သေးသတဲ့..

ငါးကလေ....
ငါးလားမြောက်ဖို့အတွက်သာဆို...
ကြောင်တစ်ကောင်ရဲ့..အစာပဲဖြစ်ဖြစ်...
သူ့ကိုယ်သူ..ချကျွေးပစ်ဖို့..၀န်မလေးဘူးတဲ့..၊

ငါး..က...
ငါး..က..
အ..တု..တွေ.ကို..မ..လို..ချင်..တော့..ဘူး..လေ..။ ။

အိန္ဒြာ

(ဟင်္သာတမြို့နယ်ထုတ်..အောင်တော်သံမဂ္ဂဇင်း..နှင့် ၂၀၀၆ ခုနှစ် ဇူလိုင်လထုတ်ရုပ်ရှင်အမြုတေမဂ္ဂဇင်းတို့တွင်
ပှုံနှိပ်ဖေါ်ပြခဲ့ပြီး..၂၀၀၆ခုနှစ်ဧပြီလ..၁ရက်နေ့တွင်ပြင်သစ်သံရုံးတွင်ပြုလုပ်ခဲ့သော..ကဗျာနေ့အခမ်းအနားတွင်..
ရွတ်ဆိုခဲ့ပါတယ်။)

7 comments:

minn thuka said...

ငါးဇင်ရိုင်းဖမ်းပြီး ပလိုင်းထမ်းပြန်တာထက်..
ငါးမန်းခုတ်မှာမကြောက်ပဲ ဖမ်းချူပ်ရဲတဲ့ တံငါ......
သမင်ပစ်ပြီး ဇိမ်ယစ်နေတာထက်..
ကျားလိုက်ပြီး ကျားကိုက်ခံရဲတဲ့ မုဆိုး......
ဗိုလ်ခြေတစ်ထောင်ကို အောင်နိုင်တာထက်..
ဧက၇ာဇ်ကို စီးချင်းထိုးပြီး ကျဆုံးတာကိုကျေနပ်နေတတ်တဲ့ သူရဲကောင်း....
အဲဒီ မင်းရဲ့သမိုင်းကြောင်းထဲမှာ..အိမ်ငါး တစ်ကောင်လို
ငါ...အတုတွေကြောင့် အစစ်မရှိတဲ့ ဘောင်တွေထဲမှာ
သီအိုရီတွေနဲ့ မူးမူးရီရီ ဖြစ်နေတုန်း ကုတ်တစ်ချောင်းနဲ့ 
ကော်ထုတ်ပေးခဲ့တဲ့ အိမ်ငါး ..
မင်းဟာငါ့ရဲ့ ဒုတိယ ဖန်ဆင်းရှင်ပါ..
ငါ့မဝံ့မရဲဗီဇတွေ နိုးထစေခဲ့တာ စင်ဒရဲလားအနမ်းခံရတဲ့
အနမ်းတပွင့်ထက် တန်ဖိုးရှိတယ်....
ကျေးဇူးအရမ်းတင်တယ် အိမ်ငါး..
အဲဒီလောက် ပြည့်စုံတဲ့ ကဗျာလေးရဲ့ အမေကို
သူငယ်ချင်းဖြစ်၇တာ ငါ ..အနုပညာ ထီပေါက်တာပဲ....
(ရှင်သန်မူ့ ရဲ့ ဒုတိယစာမျက်နှာမှာ အကြိုက်ဆုံးကဗျာ)

:P said...

ဖတ်ပြီးတဲ့ ၄ ပုဒ်ထဲတော့ ဒီကဗျာကိုအကြိုက်ဆုံးးးးး

အိုင်လွယ်ပန် said...

ငါးမှန်ရင်တော့ငါးကျင့်ငါးကြံ ကြံချင်ကြတာပဲဗျ :P
ဘဝ ထဲမှာပိတ်နေတဲ့ လူတစ်ယောက်ရဲ့အဖြစ်ကိုမြင်လာတယ်....
ကောင်းတယ်ဗျ....အားပေးနေပါတယ်....

Kaung Kin Ko said...

လက်စသတ်တော့ ကျွန်တော်သိပ်ကြိုက်ခဲ့တဲ့ ကဗျာပိုင် ရှင်ပါလားဗျ။ အဲဒီ့ နေ့ က ပြင်သစ်သံရုံးမှာ perfromance art လာကြည့်ဖြစ်တယ်ဗျ။ အစ်မ ကဗျာရွတ်သွားတာ မာန်ပါတယ်ဗျာ။ ကဗျာရွတ်တာလဲ ကောင်းတယ်။ အဲဒီ့နေ့ က ရွတ်တဲ့ ကဗျာတွေထဲမှာ အစ်မရဲ့  "ငါး" ကဗျာကို အကြိုက်ဆုံးပဲ။ ကလောင်နာမည်ကို မမှတ်မိဘူးဗျာ။ ကျွန်တော်က စိတ်ထဲမှာ မအိ ရွတ်သွားတယ်လို့ စိတ်စွဲနေတာဗျ။ အဲဒီ့နေ့ က မအိလည်း ကဗျာတစ်ပုဒ်ရွတ်တယ်လေ။ ကဗျာထဲမှာ အစ်မရဲ့ "ငါး" ကဗျာနဲ့ တစ်ခြားကဗျာဆရာတစ်ယောက်ရဲ့ ခေါင်းစဉ်မှာ ရှာရာပိုဗာ ပါတဲ့ "ငါ" အကြောင်းကဗျာကို မှတ်မိနေတယ်။ performance art ထဲမှာတော့ "we need clean water" ဆိုတဲ့ performance art ကို အကြိုက်ဆုံးပဲ။ ပထမဆုံးအကြိမ် အပြင်မှာ ကဗျာရွတ်ပွဲ နားထောင်ဖူးတဲ့နေ့ ၊ ပထမဆုံးအကြိမ် performance art ကြည့်ဖူးတဲ့နေ့ မို့ လို့ မှတ်မိနေတယ်ဗျာ။ အစ်မက ကဗျာအရေးတင် မဟုတ်ဘူး။ ကဗျာရွတ်တာလည်း အရမ်းကောင်းတယ်။ ဒီ ငါးကဗျာထဲက နိမိတ်ပုံတွေ စကားလုံးရွေးချယ်မှုတွေကို အရမ်းကြိုက်တယ်ဗျာ။

Moe Cho Thinn said...

ဒီမှာ..ငါးစစ်စစ်တကောင် တွေ့ပြီ။

A Linn Nyi said...

ငါးကဗျာလေးဖတ်ပြီး ခံစားအားပေးသွားပါတယ်။

Moe Myint Tane said...

ဝတ္ထုရေးတင်ကောင်းတာမဟုတ်ဘူး ကဗျာရေးလည်းကောင်းတယ်။ အတုတွေကိုမလိုချင်တော့တဲ့ ငါး အစစ်တွေရရှိပါစေ။



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်