August 29, 2009

ငါး ပြတိုက်

ငါးကဗျာလေးတွေချည်း စုစည်းဖို့တင်ဆက်ဖို့စိတ်ကူးကောင်းလေးတစ်ခုရလာတာနဲ့
လက်လှမ်းမှီသမျှ ရှာဖွေ..၊ လက်လှမ်းမှီသမျှကဗျာဆရာတွေအပူကပ်ပြီး ဖေါ်ပြတင်ဆက်ပေးလိုက်ပါတယ်.. ။

ဆရာမောင်ချောနွယ်ကစ လင်းဒီပအဆုံး..ကဗျာဆရာ/မ အားလုံးကို
ကျေးဇူးအထူးတင်ရှိပါကြောင်း..။


အိန္ဒြာ

++++++++++++++++++++++++++++++++++++++++


ငါး..

တစ်ဘ၀လုံးလုံးလိုလို
ငါးရယ်လို့ တစ်ကောင်တစ်လေမှ မမိ
ကြည့်
မိမယ့်မိတော့ စကြ၀ဠာကြီး
အပေါ်ဆွဲတင်လိုက်တော့
ငါ့ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
သက်တန့်ဖြစ်သွား
ငါ့ကို ပြန်မျှားခဲ့ပေါ့။ ။

မောင်ချောနွယ်
+++++++++++++++++++++++++++++++++++++
ငါး..

ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ

ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ

ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ငါးမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ

အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ

ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ

ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင် ကိုရရှိမှာ

မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။


မြင့်မိုးအောင်


+++++++++++++++++++++++++++++++++++++


ငါး

ဒီဘ၀အပြင်
ဘယ်ဘ၀က ပိုကောင်းဦးမလဲ။
မရွေ့မလျား
ငါတို့ ငြိမ်သက်နေတာ ငါတို့ ကူးခပ်ခြင်း။
အပြေးအလွှား
ငါတို့ကူးခပ်နေတာ ငါတို့ပျံသန်းခြင်း။
စိတ်ကို လျှော့လည်း
ကိုယ်ကပေါ့မသွား။
တကယ်တမ်း
ရေကိုထမ်းထားရသော_ ပွင့်ချပ်ကတစ်ဖက်တည်း။ ။

ခင်ဇော်မြင့်
+++++++++++++++++++++++++++++++++++++




ငါး

ငါးတွေဟာ သွေးအေးတယ်၊
နှုတ်ဆိတ်တယ်။
တိုးတိတ်လွန်းတော့လည်း အဲဒီရင်ခုန်သံကို
မင်း ကြားရလိမ့်မယ် မဟုတ်ပေဘူး။

ကြယ်တွေကို ခူး ခူးပြီး
မင်းကို ပန်ပေးချင်ခဲ့တာပါ....
ဒါပေမယ့်...
အိပ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက်
နွေဦးရက်တွေ ရောက်တဲ့အထိတောင်
မက်ခွင့် မရလိုက်ပါဘူး။
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။

တစ်နေ့ခင်းလုံး
ကိုယ့်လက်ဖ၀ါးပေါ် မေးထောက်ပြီး
သစ်သားမီးခြစ်ဆံတွေနဲ့ အိမ်ဆောက်ကြည့်နေခဲ့တယ်
ငါ ဘာကို စားသောက်ခဲ့ပြီးပြီလဲ ???

တစ်ဘ၀စာ
ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံလေးတင်ပါပဲ။
(ဒီအပြင် ဘာမှ မပိုခဲ့ဘူး)
ကောင်မလေးရေ...
ငါ ဆိုတဲ့ ကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေးလေးပဲ...
...လွမ်းတယ်။

မင်းခိုက်စိုးစန်
+++++++++++++++++++++++++++++++++++++

Paul Klee ရဲ့ငါး



ဘာမှမဟုတ်ခဲ့ပါဘူးကွယ်

သူ့ရဲ့ကောက်ကြောင်းတစ်ခြစ်နဲ့ပဲ

ငါဟာ ငါးဖြစ်ခဲ့ရတာပေါ့


အသက်ရှူစရာလေမလိုဘူး

ကူးခတ်စရာရေမလိုဘူး

လိုနေတာက သူ့ဆီကမှောက်ကျလာမယ့်အရောင်တွေ

နောက် ..သူ့လက်ကနေထပ်မံဖြာဆင်းလာမယ့်

ချစ်ခြင်းနဲ့ပဉ္စလက်တွေ..…



ဒီလိုနဲ့ ငါးဟာ

ကမ္ဘာကိုမသိ.. (သူ့ကမ္ဘာက စာမျက်နှာတစ်ရွက်စာ)

လေကိုမသိ ( လေထုညစ်ညမ်းမှုလည်းသူနဲ့မပတ်သက်)

ရေကိုမသိ (ရေမြုပ်ဗုံးခွဲတာတွေလည်းသူနဲ့မဆိုင်)

လေးထောင့်မှန်ပုံးကိုမသိ (သူက အလှမွေးငါးလည်းမဟုတ်ပြန်ဘူး)

အတုတွေကိုလည်းမသိ (အစစ်ဆိုတာသူမှဘာမှန်းမသိပဲ)

မသိခြင်းတွေနဲ့ရှင်သန်လာလိုက်တာ

နှစ်တွေကြာပြီ…





ဆာငတ်နေခဲ့တဲ့ အရောင်တွေ

သံယောဇဉ်တွေ..ပဉ္စလက်တွေ

ဘယ်ဆီမှာလဲ……………

ဘာလို့များ…….ငါ့ဆီထပ်မရောက်လာခဲ့တာတဲ့လဲ..

ဒီလိုနဲ့ ငါးဟာ အနီရောင်မပါပဲသွေးပျက်နေခဲ့ရ

နှစ်ပရိစ္ဆေဒများစွာ.…





တကယ်ဆို..

ပန်းချီဆရာ….………….

သွေးအေးတတ်ဖို့ပါ..ခင်ဗျားသင်ကြားပေးခဲ့သင့်တာ။ ။


မနော်ဟရီ


+++++++++++++++++++++++++++++++++++++


ငါ့သင်းကွဲညနေ



ညီမလေးရေ
ကောင်းကင်အဖြူထည်စာမျက်နှာပေါ်
ငါဟာ နိဒါန်းအဖြစ် ကွေ့ကောက်စွာ ရေးခြစ်ခံရသူပါ

ညီမလေးရေ
ဒါ ငါကိုယ်တိုင် ပိုးမွေးခဲ့ညနေခင်းပဲပေါ့
ဖော်ဝေးငှက်တစ်ကောင်လို အဝေးလွမ်း လွမ်းမောမှု
ပူပြင်းခေါင်ခိုက် ခေါ်သံထဲ
ကန္တာရနွေတွန်ရာ ငါ့ရာသီတွေ သွန်းချခဲ့

ညီမလေးရေ
အနွေးထွေးဆုံး အိပ်ဟန်ဆောင်ခြင်းနဲ့
တစ်သက်တာ ငါ့အတွေးအခေါ်တို့ မင်နီစွန်းခဲ့ပေါင်းများပြီ..

ညီမလေးရေ
ဟိုးအဝေးဆုံးအရပ်က ၀ါးလုံးကွဲတောထဂီတသံ
ယုံယုံကြည်ကြည်နားဆင်ဖို့
ရောင်နီမစိုးသေးဘူးလားကွယ်..

ညီမလေးရေ
ဒီလက်ချောင်းတွေတွားသွားရာအရပ်ကဘာလဲကွယ့်..
မှားယွင်းနေတဲ့နေရာ
နောက်ထပ်ငါ့လက်ချောင်းတွေသေဆုံးရတော့မလား..
ငါကိုယ်ဆိုင်ရှင်သန်ပစ်ချင်ရဲ့

ညီမလေးရေ
ချစ်ဦးသူဆီနေ၀င်ခြင်းမှာ အိပ်မက်သစ်တို့သယ်ဆောင်ခွင့်ပေးပါ
အဲဒီ့အိပ်မက်ထဲမှာ အနာဂတ်အားမာန်ပါတယ်
နိုးကြားမှု အဟုန်ပါတယ်
နံနက်ခင်းတစ်ခုရဲ့ ဖူးပွင့်စအာရုဏ်အလင်းတန်းတွေပါတယ်
နှောင်ကြိုးမဲ့ ပဋိပက္ခတွေရဲ့ မျဉ်းဖြောင့်တစ်ကြောင်းပါတယ်
သက္ကရာဇ်တွေ ထမ်းပိုးမယ့် လက်ရုံးနှစ်ခုပါတယ်..။

ညီမလေးရေ
အခုတော့ ငါဟာ အလှမွေးဖန်လှောင်အိမ်ထဲက
ရွှေငါးတစ်ကောင်လို ကိုယ်ပိုင်အလှ ကိုယ်တိုင်ခံစားခွင့်မရခဲ့သူပါ
ဒီလိုနဲ့ ငါ့ညနေခင်းတွေ မနက်ဖြန်ပေါင်းများစွာ မော်ဖူးခဲ့ရပေါ့..။


လူဇော်သစ်


+++++++++++++++++++++++++++++++++++++



ငါး ဟာ ငါး

တွန်းတိုက်လှုပ်ရှားနေတဲ့ ခန္ဓာကိုယ်ကို
သိပ်သိပ်သည်းသည်း ထိန်းညှိထားတယ်
လက်ပြန်ရိုက်ချက်ဟာ ရှေ့ကို
ရောက်စေတယ်
တစ်ချက်ခတ်ရုံနဲ့ ကိုယ်ဟာ
တည့်မတ်လို့
ရပ်နေတယ်
သွားနေတယ်
လူးလွန့်နေတယ်
ကျောက်ကြိုကျောက်ကြား
ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မှာ
အစုန်အဆန် ပုံသဏ္ဍာန်မှန်လို့
မှန်ရေပြင်က ကန်ရေပြင်လို
အတုတွေကြား အလှပြလို့
ကူးခတ်တယ်
လူးလွန့်တယ်
ရပ်နေတယ်
သွားနေတယ်
ရှေ့ကို
ပင်လယ်အတုထဲလည်း
ငါး ဟာ ငါး
တစ်လက်မမှ လျော့ (ရော့)မသွားဘူး။ ။

တည်ရ

+++++++++++++++++++++++++++++++++++++


ငါးရိုးနင်ခဲ့တဲ့ စိတ်များ

ဆယ်လ်မန်တစ်ကောင်အတွက်
ရေကာတာတစ်ခုဟာ ကျိန်စာပဲ ..
ပင်လယ်ထဲ
ခြေဗလာနဲ့ဆင်းခဲ့တာ ...၊
ဆင်းရဲလို့ ဆင်း ရဲ ခဲ့တာ ....။

ကမ္ဘာဦးလူ မီးရှာမတွေ့ခင် ...
ဝေလငါးအတုဟာ လမ်းလျှောက်နေခဲ့သေးတယ် ...။
မွှေးရှည်ဆင် (mammoth) တွေနဲ့ အုတ်ရောရော ကျောက်ရောရော
ဒိုင်နိုဆောတွေနဲ့ ဒူးတင်ပေါင်တင်ပေါ့ ...၊
ရေထဲဆင်းမပြေးနိုင်တဲ့ ကောင်တွေ မျိုးပြုတ်တာဘာဆန်းလဲတဲ့ ...
ပန်းပန်ထားတဲ့ ဝေလငါးတုတစ်ကောင်
တရားဦးဟောနေပုံကသင်းတယ်။

ခုတ်တတ်ဖြတ်တတ်ရင်
ငါးပူတင်းလည်းစားလို့ရတယ်...
ခုတ်ထားဖြတ်ထားတဲ့ အမှန်တရားထက်တောင်
ပိုချိုသေးတယ်။

ဟေ့လူ .. ခင်များ ငါးပါးမ၀နဲ့ ...
အပါးလည်ပြီး အပါယ်လားမယ်ဗျ။
... ဒီမယ် ကိုရင် ... ရှင်ဗာကူလ အတွက် ကျုပ်ဗိုက်ကို ခင်ဗျားတို့ ခွဲထားတာ မမေ့လိုက်ပါနဲ့ ....
အောင်မြင်ခန့်ညားတဲ့ ငါးရယ်သံကြီး ညှီစို့စို့လွင့်ပျံ့လာတယ် ...။

ကမ္ဘာဖျက်မိုးရွာတော့မယ်ဆိုလို့
ငါးခုံးမတွေအပျော်လွန်နေတာလေ ...
နောဧလှေကြီးတစ်ခုလုံးယိမ်းထိုးလို့ပေါ့ .....။ ။

Zephyr

+++++++++++++++++++++++++++++++++++++


မှန်အိမ်ထဲကငါး

အဲဒီ အလှအပ ဆိုတာကြောင့်ပေါ့
ငါ့မှာ အကျဉ်းချခံနေရတယ်
ထင်ယောင်ထင်မှားအားကျသူတွေကို ဖျော်ဖြေဖို့
ပကာသန အရေခြုံ အပြုံးတွေနဲ့
ဟန်ရေးတပြပြ နေရတယ်
အမျိုးမတူ အရောင်မတူသူတွေနဲ့လည်း
အလွမ်းသင့်အောင် ကြိတ်မှိတ်ပေါင်းရသေးတယ်
အချိန်တန်ရင် ဗိုက်တာမင်အတုတွေ အဖြည့်ခံနေရပြီး
ရင်သပ်ရှုမော အဆာပလာ တွေ ၀န်းရံနေလည်း
လေးဘက်လေးတန် ပိတ်နေတဲ့
အဲဒီရုပ်ဝတ္ထုတွေက ငါ့အိမ်မှမဟုတ်တာ
အဆိုးဆုံးကတော့
ဟို ထွက်ပေါက်လိုလိုဘာလိုလိုနဲ့
ထွင်းဖောက်မြင်အောင်လုပ်ထားတဲ့ အရာတစ်ခု
အမှတ်မရှိတဲ့ငါ မျှော်လင့်ချက်နဲ့ ထွက်ပြေးမိတိုင်း
နံရံပဲ ၀င်ဝင်တိုက်နေတော့ နာနာကျင်ကျင် နောက်ဆုတ်ပြန်ခဲ့ရတယ်။


ပန်ဒိုရာ

+++++++++++++++++++++++++++++++++++++


ချစ်သူလက်ခုပ်ထဲက ငါး

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
ငါ့အီးမေးလ်ကို မင်း ဝင်စစ်တော့မယ် ဆိုတာ
ဆေးလိပ်ကလေးတွေ ငါ့နှုတ်ခမ်းပေါ် ပြည်ဝင်ခွင့် ပိတ်တော့မယ် ဆိုတာ
ဒီပုလင်းကြီးနဲ့ငါ ရှင်ကွဲ ကွဲတော့မယ်ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
မနက်စောစော ဘုရားရှိခိုးဖို့ လှမ်းနှိုးတော့မယ် ဆိုတာ
ညနေစောင်းဆို လာလာကြိုခိုင်းတော့မယ် ဆိုတာ
ငါ့တနင်္ဂနွေတွေ ဟိုကောင်တွေနဲ့ ထွေရာလေးပါး နေလို့ မရတော့ဘူး ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
သဒ္ဓါထက်ထက် ကောင်မလေးတွေရဲ့
လမ်းပေါ်က ဖက်ရှင်ရှိုးကို FOC ခံစားခွင့်
မင်းမသိအောင်ဘဲ ရတော့မယ် ဆိုတာ ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
ခင်တတ်လွန်းတဲ့ငါနဲ့ တချို့ညီမလေးတွေ ဆက်ဆံရေး
ခပ်တန်းတန်းလေး နေရတော့မယ် ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
ဘဝကို မောင်းချင်သလို မောင်းပြီး
ရပ်ချင်တဲ့နေရာ ထိုးရပ်ထားလို့ မရတော့ဘူးဆိုတာ….

သိပါတယ်
သိပါတယ် ။

သိပါတယ်
(သဲကိုးဖြာလေးရယ်)
မင်းလက်ခုပ်လေး ကို
မဟာသမုဒ္ဒရာလို့ ငါအမှတ်မှားမိလိုက်ကတည်းက
ငါ့တစ်ဘဝလုံး မင်းရဲ့ ကိုလိုနီအဖြစ် ပေးပစ်လိုက်ရတော့မယ်ဆိုတာ
ငါ သိပါတယ်လေ….။

လင်းဒီပ
+++++++++++++++++++++++++++++++++++++



အိမ် ငါး

အိပ်မက်တစ်ခုခုလိုမျိုး
ပြာညှိုးညှိုးလေး လင်းရီနေခဲ့တာ.......၊
ကျောက်ဆိုင်ကျောက်ခက် ဆက်တင်ကလည်း အတု
ရေမှော်ရေညှိ စိမ်းမြမြကလည်း အတု
မှုန်မှုန်ညှင်းညှင်း အလင်းပြေပြေလေးကလည်း အတု
အစာအဟာရ အတု
အောက်ဆီဂျင်က အတု နဲ့၊
ရေသူမအတုကို ပွတ်လျောနမ်းမွှေး
ဟောဒီလို ဘ၀သေးသေးလေးထဲမှာ
အလူးလူးအပြေးပြေး လှုပ်ရှားသက်ဝင်နေရသမျှ
ဘယ်လာ ငါးအရာမြောက်ပါတော့ မလည်း.....။
ငါး က....
ငါးတို့ရဲ့ ဘာသာဘာဝအတိုင်း
အညှီနဲ့ ခႊၽဲခႊၽဲ ပြောင်ချောညစ်ပတ်နေချင်တာ.....၊
ငါး က....
တ၀ုန်းဝုန်း၊တစိမ်းစိမ်း နက်ရှိုင်းခမ်းနားလွန်းနေတဲ့
ပင်လယ့်ဥပတိကို စာဖွဲ့နေချင်တာ....၊
ငါး က....
သူ့စိတ်ကူးရေစီးတွေအတိုင်း ... အဆုံးအစမရှိရွက်လွင့် ပစ်ချင်တာ...”၊
ငါး က....
မျှားချိတ်မှာ တတ်ထားတဲ့အစာမှန်းသိသိ
မိမိရရ ခုန်ဟတ်ရယူပြီး၊ လက်တစ်လုံးခြား ငါးပါးဝချင်တာ... ၊
ငါး က....
သူ့ကိုယ်ပိုင် အမိုးအကာလေးထဲမှာ...မိန့်မိန့်မူးမူး မင်းမူနေချင်တာ....၊
ငါး က....
ငါးရိုးရာပွဲတော်ကြီးတွေကို
ငါးဂီတ ၊ ငါးဗီဇတွေ အတိုင်း ၊ အချိန်ခါသင့် ကျင်းပချင်သေးတာ......၊
ငါး က....
သူ့အိပ်မက်တွေအတိုင်း .....ရဲဝံ့မာကျောပြီး
သူ့ကကြိုးတွေအတိုင်း......နူးညံ့ပျော့ပျောင်းမယ့်
သူ့မျိုးဆက်ကို... ရေးချယ်ချင်သေးသတဲ့ ....။
ငါး က လေ.............
ငါးလားမြောက်ဖို့ အတွက်သာဆို
အိမ်ကြောင်တစ်ကောင်ရဲ့ အစာဘဲ ဖြစ်ဖြစ်....
သူ့ကိုယ်သူချကျွှေးပစ် ဖို့ ၀န်မလေးဘူးတဲ့......၊
ငါး က ......
ငါး က
အ......တု .....တွေ..... ကို .....မ.....လို ..... ချင် ....တော့....ဘူး......လေ ။ ။

အိန္ဒြာ

++++++++++++++++++++++++++++++


ငါးအကြောင်း


ငါးအကြောင်းပြောကြမယ်

ငါးများသည် ရေတွင်ပျော်ရွှင်စွာ ကူးခတ်နေကြသည်။
“ ‘ပျော်ရွှင်စွာ ‘ ဆိုတဲ့ နာမ၀ိသေသနကိုဖြုတ်ပေးပါ” မျက်မှန်တပ်ထားတဲ့ ငါးတကောင်ကတောင်းဆိုလာတယ်၊
အို..ရှင်မပျော်လဲ ကျမတို့ ပျော်တယ်။ ကဗျာဆရာ ဆက်ပြောပါ။ နောက်ငါးတကောင်က..
ဒီလိုနဲ့…

ကဗျာဆရာက ‘ငါးများသည်ရေတွင် ပျော်ရွှင်စွာ ကူးခတ်နေကြသည်။’ လို့ထပ်ရေးပြီးရုံရှိသေး။

“ ‘မြစ်ထဲမှာ’ လို့ပြင်ရေးပေးနိုင်မလား ခမျာ” ဟိုးနောက်နားက ငါး တကောင်က ထပြောတယ် ကဗျာဆရာ သူ့ဝါကျ သူပြန်ကြည့် ခေါင်း တချက်ကုပ်
“အို..ဒါဆို ကျုပ်တို့ ကန်ငါးတွေကိုကျတော့ ငါးရာမသွင်းဘူးပေါ့” ငါးမြစ်ချင်းတကောင်က မျက်နှာ ရှုံ့ရင်း
ထကန့်ကွက်ပြန်တယ်
ငါးတွေ အားလုံး ကြွက်စီကြွက်စီ ဖြစ်ကုန်တယ်။

ကဗျာဆရာက ပျော်ရွှင်စွာဆိုတဲ့ နေရာမှာ ဘာနဲ့အစားထိုးရကောင်းမလဲ အားနာပါးနာ စဉ်းစားနေတယ်။

ငါးတွေက မြစ် ချောင်း အင်း အိုင် ပင်လယ်သမုဒ္ဒယာ ရှိရှိသမျှ ငါးတွေကျက်စားရာနေရာဒေသ အကုန်လုံး
ပေါင်းရုံး ခြုံငုံ ကိုယ်စားပြုနိုင်မယ့် ဘုံအခေါ်အဝေါ်တခုကို ရွေးချယ်ငြင်းခုံ နေကြတယ်

တကယ်တော့ ကဗျာဆရာဟာ သူ့ဝါကျထဲက ဘယ်စကားလုံးကိုမှပြင်ပေးလိုစိတ်မရှိဘူး။

လိပ်ခဲတည်းလည်းဖြစ်နေတုန်း
ကဗျာဆရာရဲ့ လက်ကိုင်ဖုန်းဟာ အယ်မီနမ် ရဲ့ when I’m gone သီချင်းသံမြည်လာတယ်
“ဟဲလို..” ကဗျာဆရာက..
“အကို..ညီမကို ‘ငါးအကြောင်း’ ကဗျာတပုဒ် ရေးပေးပါ” အိန္ဒြာ က..

ကဗျာဆရာပျော်သွားပြီ..
“အို…ငါးအပေါင်းတို့ သတ်မှတ်အချိန်ပြည့်သွားပြီမို့ ..”ဘာညာကွိကွ..တွေပြောပြီး အစည်းအဝေးကို ကတိုက်ကရိုက် ရုတ်သိမ်းလိုက်တယ်။
(ငါးတွေ ဘာစောဒကမှ မတက်နိုင်ခင် အိန္ဒြာ့ထံ အီးမေးလ် အမြန်ပို့လိုက်တယ်)

ငါးများသည် ရေတွင် ပျော်ရွှင်စွာ ကူးခတ်နေကြသည်။ ။


ခင်အောင်အေး
၂၆၊ သြဂတ်စ်၊ ၂၀၀၉

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မမမနော်ဟရီပုံကလွဲလို့ ကျန်တဲ့ပုံတွေကို ဒီက နေရှာဖွေထားပါတယ်.။



August 22, 2009

အိမ်..ငါး..

ဆရာ မြင့်မိုးအောင်ရဲ့ ငါးကဗျာကို ဖတ်ပြီး..ကိုယ့်ကဗျာလေးကိုလည်းလွမ်းလာလို့ ပြန်ဖတ်မိပါတယ်..။
မှတ်မှတ်ရရ ဒီဘလော့လေးအဖွင့်မှ တင်ဖြစ်တဲ့ ကဗျာလေး..ပါ..။
အိမ်ငါး..ပေါ့..၊ ကဗျာကိုပြန် ဖတ်ရင်း..ပြန်တင်ပေးချင်စိတ်ပေါက်လာပါတယ်..။။
တကယ်ဆို ၂၀၀၁ လောက်ကရေးခဲ့တာပေမယ့်..အခုမှ ကိုယ်နဲ့ လက်ရှိအခြေအနေတွေနဲ့
ပိုပိုပြီး တိတိကျကျ တိုက်ဆိုင်လာသလို ခံစားလာရလို့လဲ ပြန်တင်ပေးချင်လာတာပါ..။
ဖတ်ပြီးသားသူတွေက သည်းခံပြီးထပ်ဖတ်ပေးကြပါဦး..၊ မဖတ်ရသေးသူတွေကိုတော့ ဧည့်ဝတ်ကျေပွန်နိုင်မယ်ထင်ပါရဲ့...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘ၀ဟာ မှန်ပုံးထဲက ငါး ဆန်နေပြီလား..၊ရရှိနေတာလား..ဆုံးရှုံးနေတာလား.၊ ပေးဆပ်နေတာလား..ရင်းနှီးနေတာလား..။ ရရှိနေသမျှတွေက အတုအယောင်တွေလား..၊အသက်ရူသံနဲ့ နေခြင်းထိုင်ခြင်းတွေကရော အတုအယောင်ဆန်နေခဲ့ပြီလား အတုအယောင်တွေကို ပျော်ပိုက်နေတာလား.၊ အတုအယောင်တွေမှာ နေပျော်နေပြီလား.. အစစ် (သို့)ထွက်ပေါက်တစ်ခုက ဘယ်နေရာမှာလဲ....၊ အစစ် (သို့)ထွက်ပေါက်တစ်ခုကို ဘယ်လိုရှာဖွေကြမလဲ.. အတုထဲမှာ အသားကျ....၊ အတုထဲမှာနေပျော်...အတုထဲမှာသေသွားမယ့် ..ဒီလိုပဲရေလိုက်ငါးလိုက်ဆန်လွန်းတဲ့ ငါးတစ်ကောင်ဖြစ်နေခဲ့ပြီလား.. အဲဒီ့လေးထောင့်စပ်စပ် မှန်ပုံးထဲက ၊ အဲဒီ့ အတုအယောင်တွေပိန်းပိတ်နေတဲ့ မှော်တောထဲက.. အဲဒီ့ ကိုယ့်ဖြစ်တည်မှုကိုယ် ပျောက်ရှနေတဲ့ နေ့ရက်တွေထဲက.. ခုန်ထွက်ပစ်လိုက်ရအောင်လား...။ ခုန်ထွက်ကြည့်ချင်ကြမလား..၊ ခုန်ထွက်ကြည့်လိုက်မိရင်ရော.... ဒီလိုဆိုတော့လည်း..ကြောင်တစ်ကောင်ရဲ့ အစာဖြစ်သွားပါစေ..ငါးဟာ ငါးပီသလာမယ်..။ ငါးဟာ...ငါးပီသလာတယ်...။ အဲသလိုမျိုး... ငါးတွေဟာ ငါးလားမြောက်မှုတစ်ခုကို... အသက်(သို့) အရာရာစွန့်ပြီး...အရယူချင်နေကြသတဲ့..။ အဲဒီ့နေ့က.. "အိမ်ငါး" ဆိုတဲ့ ကဗျာတစ်ပုဒ်ရေးခဲ့မိ ထင်ပါရဲ့...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ်ငါး..




အိမ်မက်တစ်ခုခုလိုမျိုး.. .ပြာညှိုးညှိုးလေး..လင်းရီနေခဲ့တာ...

ကျောက်ဆိုင်ကျောက်ခက်ဆက်တင်ကလည်းအတု..
ရေမှော်..ရေညှိ..စိမ်းမြမြကလည်းအတု
မှုန်မှုန်ညှင်းညှင်းအလင်းပြေပြေလေးကလည်း...အတု...
အစာအဟာရအတု....
အောက်ဆီဂျင်ကအတုနဲ့...
ရေသူမ..အတုကို..ပွတ်လျော..နမ်းမွှေး...

ဟော..ဒီ့လို...
ဘ၀သေးသေးလေးထဲမှာ....အလူးလူး...အပြေးပြေး...
လှုပ်ရှားသက် ၀င်နေရသမျှ...
ဘယ်လာ...ငါး..အရာမြောက်ပါတော့မလဲ...

ငါးက..ငါးတို့ရဲ့..ဘာသာဘာဝအတိုင်း...
အညှီနဲ့ချွဲချွဲ..ပြောင်ချော..ညစ်ပတ်နေချင်တာ...

ငါးက...
တ၀ုန်း..၀ုန်း...
တစိမ်း..စိမ်း
နက်ရှိုင်းခမ်းနားလွန်းနေတဲ့..
ပင်လယ်ရဲ့..ဥပဓိကို..စာဖွဲ့နေချင်တာ

ငါးက..
သူ့စိတ်ကူး..ရေစီးတွေအတိုင်း..
အဆုံးအစမရှိရွက်လွင့်..ပစ်...ချင်တာ..

ငါးက....
မျှားချိတ်မှာတပ်ထားတဲ့..အစာမှန်းသိသိ..
မိမိရရ..ခုန်ဟတ်ရယူပြီး...
လက်တစ်လုံးခြား...ငါးပါးဝချင်တာ...

ငါးက..သူ့ကိုယ်ပိုင်အမိုး..အကာလေးထဲမှာ..
မိန့်မိန့်မူးမူး...မင်းမူနေချင်တာ

ငါးက..
ငါးရိုးရာ..ပွဲတော်ကြီးတွေကို
ငါး..ဂီတ..ငါး..ဗီဇတွေအတိုင်း
အချိန်ခါ..သင့်ကျင်းပချင်သေးတာ

ငါးက..
သူ့အိပ်မက်တွေအတိုင်း..ရဲဝံ့မာကျော..ပြီး
သူ့ကကြိုးတွေ..အတိုင်း..နူးညံ့..ပျော့ပျောင်းမယ့်
သူ့..မျိုးဆက်ကို..ရေးချယ်ချင်သေးသတဲ့..

ငါးကလေ....
ငါးလားမြောက်ဖို့အတွက်သာဆို...
ကြောင်တစ်ကောင်ရဲ့..အစာပဲဖြစ်ဖြစ်...
သူ့ကိုယ်သူ..ချကျွေးပစ်ဖို့..၀န်မလေးဘူးတဲ့..၊

ငါး..က...
ငါး..က..
အ..တု..တွေ.ကို..မ..လို..ချင်..တော့..ဘူး..လေ..။ ။

အိန္ဒြာ

(ဟင်္သာတမြို့နယ်ထုတ်..အောင်တော်သံမဂ္ဂဇင်း..နှင့် ၂၀၀၆ ခုနှစ် ဇူလိုင်လထုတ်ရုပ်ရှင်အမြုတေမဂ္ဂဇင်းတို့တွင်
ပှုံနှိပ်ဖေါ်ပြခဲ့ပြီး(အဲဒီ့မှာတော့နောက်ဆုံးစာကြောင်းအဖြုတ်ခံခဲ့ရပါတယ်..းP).
၂၀၀၆ခုနှစ်ဧပြီလ..၁ရက်နေ့တွင်ပြင်သစ်သံရုံးတွင်ပြုလုပ်ခဲ့သော..ကဗျာနေ့အခမ်းအနားတွင်..ရွတ်ဆိုခဲ့ပါတယ်။)

August 19, 2009

ငါး..

ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ

ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ

ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ငါးမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ

အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ

ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ

ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင် ကိုရရှိမှာ

မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။


မြင့်မိုးအောင်

August 15, 2009

အခု ဘယ်နှစ်မိုင်ရှိနေပြီလဲ.. ခရီး

မင်း ကျစ်နေတဲ့ ကြိုးက ဘယ်သူ့အတွက်လဲ..
အဲဒီ့ကြိုးက အာဃာတဆက်ထုံးတွေနဲ့ချည့်နဲ့..

ငါတို့ဟာ ကွဲလွဲဖို့ ချစ်မက်မိကြတယ်ထင်ပါရဲ့..။


မင်းနှလုံးအိမ်ထဲမှာ ဘယ်အရာတွေ စုံးစုံးချုပ်သွားလဲ

ငါ့ မျက်ဝန်းအိမ်တွေမှာ ဘယ်အရာတွေ ဟုန်းဟုန်းတောက်နေသလဲ....

မင်းနဲ့ ငါ့ရဲ့အကြားမှာ..... ၊
အရာရာဟာ.....
ပြတ် ပြတ် သား သား ပြင်းထန်သွားခဲ့ပြီ..၊

မင်း တည်ခင်းလိုက်တဲ့ ညစာစားပွဲက

ကြယ်တွေကိုတောင် မူးဝေစေခဲ့တာရော သိလား..

သွေးထဲမှာ တရိပ်ရိပ်တက်နေတဲ့ ထမင်းဆိပ်တွေကိုတော့

လရိပ်မှာ လက်ထိုးအန်ပစ်ဖို့ လင့်မျှော်နေကြပြီ..။


ဇာတ်လမ်းက သိပ်ရှင်းလွန်းနေတော့

သိသိကြီး မင်း ဆက်ဟန်ဆောင်မနေပါနဲ့တော့ကွာ

ငါက မင်းကို ထိုက်ထိုက်တန်တန် တန်ဖိုးထားချင်သလိုမျိုး

မင်းက ငါ့ကို အတော်အသင့် လေးစားဖို့တော့ကောင်းခဲ့တယ်..။


ဘာ တွေ မှ ကြီးကြီးကျယ်ကျယ်မမျှော်လင့်ဘူး..

ဘာ တွေ ကို မှ ခမ်းခမ်းနားနား မပိုင်ဆိုင်လိုပါဘူး..

ငါတို့ ဥယာဉ်ထဲက ပန်းတွေ မွှေး ပျံ့ သင်း ရီ ဖို့.....၊

ဘာ ကို မှ လောဘတကြီး မတပ်မက်ပါဘူး..

ဘာ တွေ ကို မှ မတန်တရာ တမ်းတနေတာ မဟုတ်ဘူး..

ငါတို့ သောက်သုံးနေတဲ့ရေတွေ အေး သန့် လင်း ကြည် ဖို့..


တကယ်ဆို.......
ငါတို့က

ကျောသားရင်သားမခွဲခြားတဲ့ ကောင်းကင်ကြီးရဲ့အောက်

စိတ်ကြီးဝင်လောက်စရာ ပေါက်ရောက်ခဲ့သူတွေမဟုတ်ဘူးလား..။


ငါ့ဝိဉာဉ်မှာ တွယ်ကပ်နေတဲ့ အချစ်စိတ်ဆိုတာ

မင်းသဘောပေါက်ထားတာထက် နီစွေးလှပနေပေမယ့်..

မင်းရဲ့ ချောင်အကျဆုံး နှလုံးသားထောင့်ထဲက

အရေးကြုံတိုင်း ထုတ်ထုတ်သုံးတတ်တဲ့

အကြီးကျယ်ဆုံး မေတ္တာဓါတ်ဆိုတာက ဒါမျိုးလား..။


မင်းဆုပ်ကိုင်ထားသမျှတွေကို အကုန်အစင်ပစ်ချထားရစ်ခဲ့

ငါ့ ဆန္ဒတွေကို ခဏခေါက်သိမ်းထားလိုက်မယ်.
ဒီကနေ့..

ငါတို့ရဲ့ ပကတိမျက်ကြည်လွှာတွေနဲ့..

အရှိကိုအရှိအတိုင်း ရှုမျော်ခင်းကို မျှော်ငေးကြည့်ရအောင်..


ခုချိန်မှာ
လေထုထဲက အောက်ဆီဂျင်လောက်ကို
သံသယ၀င်မနေသင့်တော့ဘူး..။

တကယ့်ကို.
ကိုယ့်အရိပ်နဲ့ကိုယ်တောင်
စိတ်ချလက်ချမအိပ်စက်ရသေးပါဘူး.....

ကိုယ်စိုက်ပျိုးမိသမျှ စိတ်စိုက်ခင်းထဲက
ကိုယ်တိုင်ရိတ်သိမ်းလို့ မရနိုင်သေးတဲ့

ယုံကြည်ချက်ဆိုတာကို ကျောမသပ်ချင်တော့ဘူး..။

ငါ ညည်းညူမိသမျှတေးချင်းတွေအားလုံးက.....
ရေမျောကမ်းတင်ဖြစ်လွန်းတော့

ငါ ပြောတတ်တဲ့ပုံပြင်တွေကိုလည်း
သားကပျင်းရိလွန်းပြီ..လေ..။


ကြက်လိုယက်ရှာခဲ့ကြတဲ့ လက်တွေက.

မျောက်တစ်ကောင်လို တွဲလောင်းခိုရပြန်တယ်ဆိုလည်း
ဘယ်ဆန်းမလဲ..


အဲသလို ပြင်းထန်ခဲ့တဲ့ လေနီကြမ်းရဲ့နောက်ကွယ်မှာ

လွမ်းလောက်စရာ လေပြည်လေညှင်း ရှိ မ ရှိ...။


အို…..!

အခု ကိုယ်လာခဲ့တဲ့ခရီးရဲ့

အ ဝေး...
အ နီး......

ဘယ်ယာဉ်ကိုပဲစီးစီး ငြီး.. ငွေ့... ပြီ ။ ။


အိန္ဒြာ

ရေးထားဖြစ်တာတော်တော်ကြာပါပြီ..၊ အသစ်ကလည်းမရေးဖြစ်တော့ ဘာတင်ရင်ကောင်းမလဲ
လျှောက်မွှေရင်း ထွက်လာတာပါ..၊ ၀မ်းသာအားရပေါ့......၊ တင်ပေးလိုက်ပါတယ်..။

August 12, 2009

ခင်ခင်ပျိုရေ စောင့်ခဲ့တယ်

တစ်ရက်ကို ငါဘာလို့မစောင့်နိုင်ရမှာလဲ
ငါစောင့်ခဲ့တယ်..။
မီးလျှံလို
ကြိုးတန်းမှာ လိန်ညှစ်ထားတဲ့ အ၀တ်လို
ပျောက်ဆုံးသောအရာ
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ ..
ငါ စောင့်ခဲ့တယ်။
ကိုယ်ကသာပြောစရာရှိပြီး
သူကပြောစရာမရှိသောယတိပြတ်မှုကို
ငါ ချိမ်းဆိုခဲ့ပါတယ်..
ငါစောင့်ခဲ့တယ်..။ ။

အောင်ချိမ့်

August 11, 2009

၃၂ နှစ်စာအတွေး...

ဒီဝတ်စုံက
ဘယ်ခေတ်မှာ..မှ ပွဲမ၀င်တော့ဘူး ။

ကောင်းကင်ကို ချွတ်ပြီးလဲလို့ရရင်
ကိုယ့်လူက ဘယ်အရောင်ကို ကဲလိုက်ချင်သလဲ
ကိုယ်ကတော့ တိမ်တွေကို နည်း.နည်း..လျှော့ပစ်မယ် ။

သမိုင်းဆိုတာ တစ်နေ့ တခြားထူထဲလာတဲ့ စာအုပ်စင်
ရာဇ၀င်ဆိုတာ နှောင်းလူတွေ အသက်ပြန်သွင်းဦးမယ့် စိတ်ဝိဉာဉ်
ကိုယ့်လူက ... ကိုယ့်သမိုင်းကိုယ် ဖဲဆင်ရိုက်ဦး..မ လို့ ၊
ကိုယ်ကတော့.....ကိုယ့်ရာဇ၀င်ကို အပွန်းပဲ့ မခံနိုင်သလို
နှောင်းလူတွေ ငြင်းဆိုနေမှာကိုလည်း ..
ရှက် တတ် တယ် ။

လမ်းဘေးမှာ ဆေးမြစ်အော်ရောင်းသလိုကြီး..
လက်ခုပ်တဖျောင်းဖျောင်း တီး ပြီး ဂုဏ်ဖေါ်ဖို့ကလည်း
ဘ၀က ခပ်ညံ့ညံ့ မျက်လှည့်ဝိုင်း မဟုတ် ဘာမဟုတ်
ဒီလို ရောင်းအားမြှင့်တင်နည်းမျိုးဟာ..
ဒီခေတ်မှာ သိပ် ရိုး တာ သွားပြီ ။

တောင်ရှည်ပုဆိုး .. ဗန်ကောက်လုံချည် .. ဂျင်းဘောင်းဘီ
ဒါကို ခေတ်ရေစီးပါ..လို့
ပေါ့ပေါ့လွင်လွင် ၊ ကိုယ့်လူ ပြောနိုင်ရင်..
ကိုယ်က
အတ္တ ၊ လှည့်ကွက်
ကိုယ့်ဘက်ကိုယ်ယက်မှု၊
အနုပညာ
လိမ်ဆင်နဲ့ လိင်စိတ် တွေကို ဘုံထုတ်ထားချင်တယ်..။

ဆိုလိုရင်းက...
"သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား” ဆိုတာလည်း
ကိုယ့်လူ သစ်ပင်အတွက်
ကိုယ့်လူ့  ငှက်တွေချည်းပဲ မဟုတ်လား...။

လက်တွေ့ က
အခု ကဗျာရေးနေသလောက် ပေါ့ပါးချမ်းသာ မနေတော့-
မွေးနေ့ ဆိုတာ သေနေ့ ရဲ့ နိဒါန်းစာမျက်နှာ
ဒါ့ထက်ပိုပြီး...ရင် ခုန် ကြည် မွေ့ စ ရာ-
မ ရှိ ။ ။

အိန္ဒြာ

၂၀၀၆ခုနှစ်၊ဧပြီလထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာပုံနှိပ်ဖေါ်ပြခဲ့ပါတယ်..
မွေးနေ့နဲ့ဘာမှမဆိုင်ပါဘူး..တင်ချင်စိတ်ပေါက်လာလို့ပြန်တင်လိုက်ခြင်းသာဖြစ်ပါတယ်..။

August 9, 2009

သူတို့ ပစ်မှတ်က စိတ်

ဘယ်အမုန်းမှထပ်မတိုးနိုင်လောက်အောင်
ဘ၀တွေ အမုန်းနဲ့ချဉ်စုတ်နေခဲ့ကြ

လေလာလာ မိုးလာလာ..
အကြောက်တရားကို ခြုံထားမိလောက်အောင်..
အနာတရတွေကလည်း..ရင့် ၀ါ

ဟောင်းရိ နွမ်းနယ်နေတဲ့
ဟောဒီ့ ဖိနပ်အိုထဲ...
ငါတို့ခရီးက ကျဆုံးခဲ့ပြီလား...

အထပ်လိုက်ဆွေးမြည့်သွားတဲ့
အိပ်မက်တွေထဲမှာ..
ပွဲတက်ခွင့်မရလိုက်တဲ့
သတင်းစကားတစ်ချို့ပါနေတယ်

ဒိုင်ယာရီတွေဟာ..
ဒဏ္ဍာရီမဟုတ်ကြောင်း
သက်သေပြနေရတာကိုက ခံပြင်းစရာပါ..

နေအတု နေ့အတုတွေထဲမှာ
ဘ၀တွေ အလင်း အ နေကြရပေါ့

အချစ်ရေ..
အားမလျှော့လိုက်နဲ့ကွယ့်
စိတ်နဲ့ကျစ်ကျစ်မြဲမြံထားတဲ့လက်တွေမှာ...
သစ္စာတွေ အရဲရင့်ဆုံး ထုံကူးနေကြတယ်..။


အိန္ဒြာ
(၉.၈.၂၀၀၉)

August 7, 2009

ခုတလော..ကောက်ကြောင်း

(၁)တွေးနေမိတာက...
သိပ်ကြောက်စရာကောင်းတဲ့အတွေးပါ..
ကိုယ့်ဘာသာ ဘာလို့တွေးလိုက်မိတယ် မသိဘဲတွေးနေမိပါတယ်..
" သေခြင်းတရားဆိုတာ အကောင်းဆုံးအနိုင်ပိုင်းခြင်းပဲ.."

(၂)ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက
"အိန္ဒြာ..ဘာလဲ..ဘယ်လဲ...!!!???."

(၃)ကျန်းမာရေး..
တိမ်တွေစီးနေရသလို..
တလွင့်လွင့်...
(သေချာတယ် သွေးပေါင်ကျနေတာ)

(၄)ဖတ်ဖြစ်တဲ့စာအုပ်
"ရူးးးးးးးးးးးတိုးတိုး"
(အကြွေးတွေ သိပ်များနေပြီ..၊ စာအုပ်ပို့ပေးသူများကို အားနာလို့..။)

(၅)ရွတ်နေမိတဲ့ကဗျာက
တိုတိုလေးပါ..ခဏခဏရွတ်မိတယ်။
ဆရာမောင်သွေးချွန်ရဲ့ ပိတောက်ပွင့်သစ်မှာပါတဲ့ ကဗျာလေး...
"နမောတေ"
ငြိမ်းချမ်းခေတ် ငွေလမင်း
စစ်ငပုတ်အိမ် အာခံတွင်း
လွတ်ကင်းပ၀င်း လင်းစသောဝ်..။

(၆)ဖြစ်ချင်နေတာက
duster လို
eraser လို
correction pen လို
blank core လို
Liquid paper လို
မှားနေတာတွေ အမြင်မတော်တာတွေကို သေသေသပ်သပ်ဖျက်စီးပစ်နိုင်တဲ့သူ

(၇)စားဖြစ်နေတာက
တရုတ်စာတွေပေါ့..း(

(၈)သနားနေမိတာက
ကိုယ်အပါအ၀င် သန်းခြောက်ဆယ်

(၉)ဖြစ်ချင်နေတာက
ဖြစ်ချင်နေတာတွေအကုန်

(၁၀)တောင်းမိတဲ့ဆုက
ဗမာပြည်မှာ ပြန်ဆုံနိုင်ကြဖို့

(၁၁)ရောက်ဖြစ်တဲ့နေရာ...
ရုံး၊အိမ်ရုံး၊အိမ်ရုံး၊
အိမ်ရုံးအိမ်ရုံး၊အိမ်ရုံး

(၁၂)မေ့ထားချင်တာတွေက..
ဒါတွေတကယ်မဖြစ်ခဲ့ဘူးပေါ့

(၁၃)ခါးသက်နေမိတာက
ဒါတွေတကယ် ဖြစ်ခဲ့ ပျက်ခဲ့တယ်..

(၁၄)ကြိတ်ချီးကျူးနေတာက
လက်ဖျားခါလောက်အောင်တစ်ဖက်ကမ်းခတ်သူများ

(၁၅)စိတ်ပျက်နေမိတာက
ကိုယ့်ကိုကိုယ်.(သိပ်ညံ့ခဲ့တယ်။ ညံ့နေတုန်းပဲ.)

(၁၆)ချစ်နေမိတာက
စာရေးချင်ဖတ်ချင်နေတဲ့ ဗီဇစိတ်

(၁၇)တမ်းတမိတာက
မေမေ

(၁၈)၀န်ခံချင်တာက
အသက်တစ်နှစ်ကြီးတိုင်း
စိတ်တစ်နှစ်လိုက်ကြီးမလာနိုင်သေးဘူး..

(၁၉)နားထောင်မိတဲ့ သီချင်း
ကိုယ့်အတွက်ကိုယ်ဆို
ဘယ်သူနဲ့ မင်းရှိနေမလဲ...ဘာတွေကို မင်းလုပ်နေမလဲ
သူ့အတွက် ကိုယ်စားနားထောင်ပေးတယ်ဆို
မင်း..ပြန်ဖို့တောင်စဉ်းစားရခက်နေပြီဆို...

(၂၀)ရေးဖြစ်တဲ့ကဗျာက

ခုတလော..
အချစ်နဲ့ အချစ်သက်သက်ချည်း ၊ခေါ်ပြောကြည်နူးကြ
အခုတလော..
အချစ်ကို ပိုပိုချစ်လာတယ်

အခုတလောသတိရခြင်းတွေက
စူးရှခါးသက်ခြင်းကျိမ်စာတွေ

ခုတလော...
အလွမ်းတွေကို ငွေ့ရည်ဖွဲ့ဖို့..
တိမ်ဆိုင်တွေဆီလွှတ်တင်တော့...
အချစ်ဆီ ရွာရန်ရာနှုန်းကျော်ကုန်ပေါ့

ခုတလော..
ကိုယ့်ကိုကိုယ် အချစ်ဆီမှာ မေ့မေ့ကျန်ခဲ့တယ်

ခုတလော..
ကိုယ်တဖွဖွရေရွတ်မိတဲ့
တစ်ကြောင်းဆွဲ ခဲ ပန်းချီဟာ...ချစ်သူ့နာမည်ပဲ...

ခုတလော....
..............................................

(အင်းးးးးးးးးးးးးးးးးးးးးးးးး)

စသည်ဖြင့်ပေါ့လေ......။

အိန္ဒြာ

( မမ နောက်ကျသွားတာ ခွင့်လွှတ်နော်..။)

August 4, 2009

မြယာပင်ကြီးအောက်မှာ သင့်ကို နံနက်ခင်းထဲက ထွက်ခွင့်မပြုနိုင်ဘူး..

သင့်ကို နံနက်ခင်းထဲက ထွက်ခွင့်မပြုနိုင်ဘူး..
ဟောဟို့က
ရွှေသားရွေရောင်နဲ့
ဘယ်တော့မှ တိမ်ဆိုင်မဖုံးတဲ့
လူဝင်စားကြယ်တစ်စင်းက.
မင်းဖေဖေပေါ့...ခေတ်နေ..
သူ့ကိုယ်သူ
ဘယ်တန်ကြေးတပ်ရမှန်းမသိတဲ့
ကျောက်မျက်လည်ရွဲလို့..
သူ့ပရိတ်သတ်ရဲ့ လည်တိုင်မှာ..
တဖျတ်ဖျတ်လင်းပခဲ့တယ် ခေတ်နေ...
သူက စကားလုံးတွေကို..
သူ့ မှော်အတတ်နဲ့ ပြုစားကျုံးသွင်းပြီး..
အဲဒီ့စကားလုံးတွေနဲ့
လူတွေကို ညှို့ ပစ်ခဲ့တာ..ခေတ်နေ...
သူက ပန်းဝတ်မှုန်ချင်းထိမိခိုက်မိတာက အစ
အိုဇုန်းလွှာအပေါက်အပြဲကို.ဖာချင်ထေးချင်တာအဆုံး..
ရင်ဘတ်နဲ့တစ်လုံး..
ခံစားတတ်သူပေါ့..ခေတ်နေ..
သူက သူ့နှလုံးအိမ်ရဲ့ထောင့်စွန်းမှာ..
ဆိတ်ဖလူးပန်းရဲ့ရနံ့တွေကို...
တယုတယပျိုးထောင် ထိန်းကျောင်းခဲ့တယ် ခေတ်နေ
ခေတ်နေ..ရေ..
ပညာရှိတွေဟာ..သတိဖြစ်ခဲကြသတဲ့..
တစ်ခါတစ်ခါ မင်းဖေဖေဟာ..
ငါတို့တန်ဘိုးထားမိသလောက်..
သူ့ကိုယ်သူတိုက်ရိုက်အချိုးနဲ့ မေ့ခဲ့လျော့ခဲ့ထင်ပါရဲ့....
ငါတို့သူကို စိတ်ဆိုးနေကြတာ...
ဒီအသက်အရွယ်မှာ
သေခြင်းတရားက သူနဲ့ဘာဆိုင်သေးလဲကွာ...
ဟုတ်တယ်..
ငါတို့..
သူ့ကို
နံနက်ခင်းထဲက ထွက်ခွင့်မပေးနိုင်ဘူး......။ ။

အိန္ဒြာ

မြယာပင်ကြီးအောက်မှာ

ဖြည်လို့မရတဲ့ အထုပ် ပိုက်ထားသလိုမတင်မကျကြီး
ဤခရီးတွေ နီးမလိုနဲ့ ဝေးခဲ့ကြ
ပွင့်မလိုနဲ့ ငုံသွားကြ ကြယ်တွေ
မရှိခိုးနိုး ရှိခိုးနိုး
ကြွေခဲ့တယ် ဝေခဲ့တယ်
သမိုင်း ရေးဖို့ အက္ခရာ ပျိုးခဲ့တယ်
ဘယ်မှာလဲ မီးတောက်တစ်ခုနဲ့ ရစ်သမ်မိခဲ့တဲ့အခါ
ရွှန်းလဲ့သော ကြယ်ဟာ
မြယာပင်ကြီးအောက်မှာ
……………………………..
……………………………….
ထိပ်ထားရေ….ထိပ်ထားရေ
အော်သံတွေ ဝေးသွားခဲ့တော့တယ်။ ။

တည်ရ

August 1, 2009

အခိုးအငွေ့တံတား..

(၁)
တလွင့်လွင့်ဝဲဝေ့တက်သွားတဲ့မီးခိုးငွေ့တွေဟိုး...ခပ်နိမ့်နိမ့်တိမ်တိုက်ထဲကိုမျောဝင်ထိုးတက်နေပုံက
ကောင်းကင်ဆီဦးတည်နေတဲ့ခရီးရှည်ကြီးတစ်ခုလိုပါပဲ။အခိုးအငွေ့တွေဟာကောင်းကင်ဆီတကယ်ပဲရောက်ရှိ သွားကြဖို့ သေချာပါရဲ့လား..။
မည်းကနဲအူတက်လာလိုက်၊တလွင်လွင်ပါးလျားဖျော့ရော့သွားလိုက်နဲ့တိမ်တိုက်ဆီပြေးဝင်နေတဲ့
အခိုးအငွေ့တွေကိုသူမငေးရပ်ကြည့်နေပုံဟာဘယ်လောက်ကြေကွဲနာကျင်စရာကောင်းလိုက်မယ့်မြင်ကွင်း
တစ်ခုလဲ..။
ဟင့်အင်း သူမအတွက်တော့ စစ်ပွဲတစ်ပွဲအဆုံးသတ်သွားသလိုပါပဲ။
ဘယ်လို ၀မ်းနည်းခြင်း၊ နာကျည်းခြင်း၊ တုန်လှုပ်ခြင်းမျိုးမှရှိမနေတော့လောက်အောင် တစ်ကိုယ်လုံး လပ်ဟာ လွင့်မျောနေလိုက်တာ..။
သေချာတယ် စစ်ပွဲတစ်ပွဲအဆုံးသတ်သွားခဲ့တာ..။
စိတ်ရောကိုယ်ရောကို ထုထောင်းနင်းချေထာသလိုမျိုး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကိုယ့်အတွက်အသက်သာ ဆုံးဖြစ်အောင် ဖန်တီးရင်ဆိုင်ခဲ့ကြရတဲ့ ၊ ရှုံးနိမ့်ဖို့လုံးဝဥဿုံသေချာနေခဲ့တဲ့ စစ်အေး တိုက်ပွဲကြီး အဆုံးသတ်သွား ခဲ့တာလေ...။
ကိုကို့အတွက်တော့ သူမ အစွမ်းကုန်တာဝန်ကျေပေးဆပ်ခဲ့ပြီးပြီ......။
သူမအတွက်ကရော.....။
လောလောဆယ် ဘာတစ်ခုမှ မစဉ်းစား၊ မတွေးတောခြင်းအားဖြင့် သူမကိုယ်သူမ ညှာတာလိုက်ချင်ပါသေးရဲ့။

(၂)
ပခုံးကိုလာထိတဲ့ လက်ဖ၀ါးအတွေ့နွေးနွေးနဲ့ “မေ ငို ချလိုက်ပါလားဟင် ” ဆိုတဲ့ ချစ်သူငယ်ချင်း ချို့ အသံကြောင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးခပ်ယဲ့ယဲ့ လေးပြန်ပြုံးပြမိတယ်။
”မေ ငို ချလိုက်ပါမေရယ်၊ ငိုလိုက်စမ်းပါဟာ...” လို့ ဗလုံးဗထွေးပြောပြီး အသိမ့်သိမ့်ရှိုက်နေရှာတဲ့
ချို့ ကျောပြင်ကို သာသာဖွဖွလေးသိုင်းဖက်ပြီး နှစ်သိမ့်ပေးမိလိုက်သေးသတဲ့....။
အကြိမ်ကြိမ်ကျင့်သားရအောင် လေ့ကျင့်ခံစားနှင့်ပြီးသား သူမက ကယောင်ကတမ်းတွေ
ဖြစ်နေချင်သေးသတဲ့လား...။
ကိုယ် ငိုခဲ့ပြီးပြီလေ၊
ကိုယ့်တစ်သက်မှာ အကြေကွဲ အလှိုက်လှဲဆုံး ၊ အနာကျင်အပင်ပမ်းဆုံးငိုကြွေးခဲ့ပြီးပြီ..။
ကိုကို ကိုယ့်ကို လက်အုပ်ချီလိုက်တဲ့နေ့တုန်းက ..။
ဟုတ်တယ် ကိုကို ကိုယ့် ကို လက် အုပ် ချီ လိုက် တဲ့ နေ့ တုန်း က ပေါ့..........
ကိုကို့ လက်အစုံကို အလန့်တကြား ဆုပ်ကိုင်ရင်း ၊ ပိန်လှီသေးကျုံ့သွားတဲ့ ကိုကို့ညာဖက်လက်
သူကြွယ်က ဂွမ်းစခံပြီး ရအောင်ဝတ်ထားသေးတဲ့ လက်ထပ်လက်စွပ်လေးကို
နာနာကျင်ကျင် ပွတ်သပ်ကြည့်မိရင်း ကိုယ် အသည်းထန်ဆုံး ငိုကြွေး ပစ်ခဲ့မိတာ ....။
ကိုကို ဘာတွေပြောချင်နေခဲ့မလဲ...။ ကိုကို မေ့ကိုချစ်ရင် ဘာတစ်ခုမှ မပြောပါနဲ့နော်ဆိုတဲ့
ကိုယ့်ရဲ့စကားတစ်ခွန်းတည်းရဲ့အောက်မှာကိုကိုမျိုသိပ်အောင့်အည်းသွားရှာခဲ့တာ...။ မျက်လုံးလေးကလယ်ကလယ်နဲ့ကိုယ်ပြုစုစောင့်ရှောက်ခဲ့သမျှ၊ကိုယ်ဖေးမတွဲကူပေးခဲ့သမျှကို မှီခိုခံယူသွားခဲ့တာ....။
ကိုကို တောင်းပန်ဝန်ချချင်နေတာ..၊
ဖြေရှုင်းထုချေနေချင်တာ..၊
ကိုကို အလန့်တကြားသတိပေးချင်နေတာ..၊
ကျေဇူးအထပ်ထပ်တင်နေချင်တာ ကိုကို့ရဲ့အရာအားလုံးကို ကိုယ် ခံစားလို့ရနေခဲ့တယ် ။
ကိုကို ဘာမှ မပြောပါနဲ့ ၊ ကိုကိုရဲ့ ကိုယ်စိတ်နှစ်ပါးစလုံး သက်သာရရဖို့အတွက်ပဲ စဉ်းစားပြီးနေပါ။
ကိုကို ဘာမှ မပြောပါနဲ့ ဆိုတာတွေဟာ ကိုယ်သိပ်ကြေကွဲလာတိုင်း တဖွဖွရေရွတ်နေကျ စကားစုတွေပေါ့။
တစ်ယောက်အသုဘ တစ်ယောက်ချကြဖို့ လင်ရယ်မယားရယ်လို့ ထူထောင်လာခဲ့ကြတဲ့
အိမ်ထောင်တစ်ခုမှာ မယားဝတ္တရားဆိုတဲ့ အတိုင်းအတာထက်အလွန် မေကျေပွန်ပြည့်ဝစေရပါ့မယ်..၊
ဒီဘ၀အတွက် အကုန်အစင်မေ ပေးဆပ်ဖြည့်ဆည်း လိုက်ပ့ါမယ်။
ဒါဟာကိုကို့ကိုချစ်တဲ့မေ့ရဲ့ချစ်ခြင်းမေတ္တာတွေအတွက်၊ခင်ပွန်းကောင်းပီသလွန်းစွာကြင်နာ စောင့်ရှောက်ပေးခဲ့တဲ့ ကိုကိုရဲ့ ချစ်ခြင်းမေတ္တာတွေအတွက်…
ကိုကိုရဲ့ ရပိုင်ခွင့်ပေါ့ကွယ် ။
ကိုကို မေ တို့အားလုံးကိုမေ့ထားကြရအောင်ဆိုတဲ့ ကိုယ့်ရဲ့ ယတိပြတ် စကားလုံးဟာ ကိုကို့ အတွက် အပြစ်ဒဏ် တစ်ခုလိုများဖြစ်နေခဲ့လိမ့်မလား ။ ဒါဟာလည်း ကိုကို ဘာကိုမှ နောက်ဆံတင်းကြောင့်ကျနေစရာ မလိုအောင် မေ ရဲ့ မေတ္တာနဲ့ယှဉ်တဲ့ တတ်သိ ဖြည့်ဆည်းမှုတစ်ခုပါပဲကွယ်..။
တကယ်တော့ ကိုယ် မကြားဝံ့တာ၊ မကြားနိုင်တာ၊ မကြားရဲတာပါ ။ ကိုကိုကျေးဇူးပြုပြီးဘာမှ မပြောပါနဲ့ ဆိုတဲ့ အဖျားခတ်တုန်ရင်နေသလိုပြတ်သားအေးစက်နေဦးမယ့်ကိုယ့်စကားရဲ့အဆုံးမှာတော့
ကိုကိုရှိုက်ငင်တကြီးငိုကြွေးရတဲ့ အလှည့် ပေါ့....။
အဲသလို ကိုယ်တို့ဇနီးမောင်နှံ နှစ်ယောက် အတူတကွငိုကြွေးခဲ့ရတာ......။
ကိုယ့်မှာ ကိုကို့အတွက် နောက်ဆုံးလက်ကျန်မျက်ရည် မရှိတော့လောက်အောင်......ပေါ့လေ
အခုဆို ကိုယ့် ယာဘက်လက်သူကြွယ်မှာ ဂွမ်းစနဲ့ခုထားတဲ့ လက်စွပ်လေး တစ်ကွင်းထပ်ဝတ်ထားလိုက်ပြီ..။
ဒါပဲ ၊ ဒါတစ်ခုပဲ ကိုယ့်မှာကျန်ရစ်ခဲ့တော့တာ......။
ဒါတစ်ခုပဲ ကိုယ်တို့မှာ အတူတကွ ရှိနေရတော့တာ..။
”မေကားတွေပြန်ထွက်ကြတော့မယ် သားလေးလည်းကားပေါ်ပြန်ရောက်နေပြီ ”ဆိုတဲ့စကားက
ကိုယ့်ကို လှုပ်နိုး လိုက်သလိုပဲ..။
ကိုကိုရေ...။
ကိုကို ဘယ်နေရာက မေ့ကို စိုးရိမ်တကြီးစောင့်ကြည့်နေမှာလည်း..ဟင် ။
ခဏလေးဖြစ်ဖြစ် တွေ့ချင် မြင်ချင်လာတဲ့စိတ်ဟာ တော်တော်ဒုက္ခပေးနိုင်ပါလားကွယ်.........။
ဘာပဲဖြစ်ဖြစ် ကိုကိုက မေ့ထက်စာရင် ကံကောင်းခဲ့ပါတယ်....။

(၃)
တဒေါက်ဒေါက် မြည်နေတဲ့ သူမရဲ့ ခွာ့မြင့် ဖိနပ်ကမြည်သံက မုန်းစရာကောင်းနေလိုက်တာ။
အိမ်အ၀င်အ၀က ဒေါက်တာခင်လေးချို ၊ ကလေးအထူးကုဆရာဝန်ကြီးဆိုတာနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ...၊
အိုး၊သူမနဲ့သက်တူရွယ်တူမိန်းမတစ်ယောက်၊တစ်မြို့တည်းနေ တစ်ပန်းကန်ထဲနှိုက်စားခဲ့ကြတဲ့ ၊
တစ်ခုံတည်းထိုင် တစ်ကျောင်းထဲ စာသင်ခဲ့ကြတဲ့ ကလေးမလေးတစ်ယောက်ဟာ
ဒီလောက်အထိ အောင်မြင်နိုင်သတဲ့လား..။
ကြည်နူးစိတ်တွေနဲ့ တဒီးဒီး လှည့်ပတ်သွားတဲ့ သွေးခုန်နှုန်းထဲမှာ အားအင်တွေတိုးဝင်လာသလိုပါပဲ ......။
ချို ။ ၀ ၀ လုံး လုံး လေး ၊ မျက်မှန်ထူထူလေးတတ်ပြီး သူမနဲ့အတူစာတွေအော်အော်ကျက်ခဲ့တဲ့ ချို..။
သူမအပြစ် တွေကိုမညှာမတာကြီးဝေဖန်ပြတတ်တဲ့ချို၊ သူမ ဆယ်တန်းမှာရည်းစားထားတာကိုသိတော့ သူမကို အမေလိုတစည်းနဲနဲဆူပူမန်မဲခဲ့တဲ့ ချိုလေ..။ အခု သိပ်ကိုအောင်မြင်ထင်ရှားနေတဲ့ နိုင်ငံခြားပြန်ဆရာဝန်မကြီးတဲ့ ၊ သိပ်ကိုကျက်သရေရှိ လှပတဲ့အပျိုကြီးတဲ့။ ဘာ သောက၊ ဘာ အနာတရ၊ ဘာ ဒုက္ခတွေနဲ့ မှ ညစ်ပေစွန်းထင်း ညှိုးနွမ်းသိမ်ငယ်မနေတဲ့ အပျိုကြီးတစ်ယောက်တဲ့ သမီးလေးရယ်။
မေမေ ငယ်ငယ်ကနဲ့ တစ်ပုံတည်းတူပြီး သမီးဖေဖေလို ဆံပင်အညိုကောက်ကွေးကွေးလေးတွေနဲ့
သမီးဟာ ချို့အတွက် သိပ်ချစ်စရာကောင်းနေပါစေ။
ခပ်လျော့လျော့ပိုက်ထားမိတဲ့ သမီးလေးရဲ့ဆံပင်ကို တစ်ချက်ဆွဲမွှလိုက်မိတော့ သမီးငယ်လေးက
တခစ်ခစ် ရယ်မောလို့။
”ဟယ် မေ..၊ မေရယ်တော့ ငါ့ ဘယ်သူများလည်းလို့ ၊ ဖုန်းတော့ကြိုမဆက်ဘူးဟယ်”
အသံအကျယ်ကြီးနဲ့ အားပါးတရ အော်ပြောလိုက်တဲ့ချိုဟာ သူမရဲ့ ချိုမှ ချိုပါပဲ။
”ဒါအငယ်လေးလား အံမယ်လေး ချစ်စရာကောင်းလိုက်တာ လာပါဦးအန်တီကြီးဆီကို လာပါဦး ”
မျက်နှာချိုတဲ့ သမီးလေးကို သဘောအကျကြီးကျပြီး တရှုံ့ရှုံ့နမ်းမွှေးနေတဲ့ချို့ကိုကြည့်ရင်း
သူမ ထိမ်းမရနိုင် လောက်အောင် မျက်ရည်က၀ိုင်းချင်လာခဲ့တယ်။
”ချို သမီးလေးက ချစ်စရာကောင်းရဲ့လားဟင် ”
”ဘယ်နှယ့်ပြောလိုက်ပါလိမ့်မိမေ၊သမီးလေးကနင်ငယ်ငယ်ကအတိုင်းပဲနော်ချောလည်းချောချစ်စရာ
လည်းကောင်း”အမြဲတမ်းလို သူမချောကြောင်းလှကြောင်းကို ဂုဏ်ယူဝံ့ကြွားလွန်းစွာပြောနေတတ်ခဲ့ပြီး ၊
ူသူမကို ပန်းပွင့်လေး လိုအရိပ်ကြည့်နေတတ် ခဲ့တဲ့ချို့ ရင်ခွင်ထဲမှာ မျက်နှာကို အပ်ဝှက်ထားချင်လိုက်တာ...။
”မေရယ် ငါလည်း နာရေးကြော်ငြာဖတ်မိလို့ သိပြီးလိုက်ပို့နိုင်ခဲ့တာ၊တို့တွေမတွေ့တော့တာလည်း ငါဆေးကျောင်း စ တက် ကတည်းကနော် ၊ နင် အိမ်ထောင်ကျတော့ ငါ နိုင်ငံခြားမှာလေ ၊
ကိုကိုဦးက ဘယ်လိုဖြစ်သွားတာလဲဟယ် ”
”ချို ”
သူမအသံဟာ သူမဘာသာပြန်လန့်သွားရလောက်အောင် အက်ကွဲခြောက်သွေ့နေခဲ့တယ်။
အတင်းကာရော တောင့် တင်းခိုင်မတ် ထားရသမျှ ပြေလျော့ခွေယိုင်သွားခဲ့ပြီလား။
သူမငိုရပြန်ပြီတဲ့လေ ..။ ဒီတစ်ခါ ကိုယ်ကျတဲ့မျက်ရည်တွေကတော့ ကိုယ်တို့ သား အမိအတွက်ထင်ပါရဲ့.....။
ချို့ ကိုဖက်ပြီးသူမအားပါးတရ ငိုချလိုက်မိတော့ သမီးလေး ပါလိုက် ငိုရှာပြန်တယ်။
”မေရယ် ဆောရီးဟာ ၊ ငါအစဖေါ်ပေးသလိုဖြစ်သွားတယ်၊ မေတိတ်တော့ ပင်ပန်းပါတယ် သူငယ်ချင်းရယ် တိတ်တော့နော် ၊ မီးမီးလေးလည်းတိတ်နော် မုန့်မုန့်ပေးမယ် တိတ်နော် ”
ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ချို့ကိုသူမအားနာလိုက်တာ။သူမရဲ့သောကတွေဟာချို့ကို ပူလောင်စေတော့ မှာပါလား..။ သူမ ဆုံးဖြတ်တွေးတောလာခဲ့တာတွေကရော သင့်တော်မျှတပါရဲ့လား...။
သူမ နာကျင်နေတဲ့ လည်ချောင်းထဲကို တံတွေးတစ်ချက် မျိုချလိုက်မိတယ်။
”မဟုတ်ဘူးချို ကိုယ့်အဖြစ်က ချိုထင်သလောက် မလွယ်ကူမသက်သာခဲ့ဘူးကွယ် ”
(၄)

ချို့ရဲ့ မျက်နှာလေးဟာ သူမအားကိုးတိုင်ပင်ချင်စရာ လေးနက်တည်ကြည်နေခဲ့တယ်။
ချိုဟာ လူအများရဲ့ အသက်တွေကို ကယ်တင်ပေးနေတဲ့ ၊ လူအများရဲ့ ယုံကြည်ကိုးစား လေးစားအားကျတာကို ခံနေရတဲ့ ဆရာဝန်မကြီးပဲ..။ နောက်သူမအပေါ်မှာ အမြဲတမ်း ကောင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းမတစ်ဦးပဲ..။
သူမစိတ်တွေဒုံးဒုံးကျသွားခဲ့တယ်။
သူမဟာ ဟိုးအတိတ်ထဲကိုပြန်ရောက်သွားသလိုမျိုး ၊ အိပ်မွေ့အချခံထားရသလိုမျိုး.........။
သူမ တတွတ်တွတ်ရေရွတ်ပြောဆိုနေသမျှကို မယုံကြည်နိုင်တဲ့ဟန် ၊စိတ်လက်မသက်သာဟန်၊ ယူကျုံးမရဟန် ၊ နာကျင်ကြေကွဲတဲ့ဟန်တွေနဲ့ ငြိမ်သက်နားထောင်နေတဲ့ချိုဟာ သက်ပြင်းရှည်ကြီးတစ်ချက်ရင်း မျက်နှာကို ချက်ချင်းပြုပြင်ပစ်လိုက် တယ်။ ချို့မျက်နှာဟာ သမားဂုဏ်အင်္ဂါအပြည့်နဲ့ ပြန်လည် နက်ရှိုင်းတည်ခံ့သွားခဲ့တယ်။
”ဒီရောဂါမျိုးဟာ တစ်ခြားနည်းလမ်းနဲ့လည်း ကူးစက်နိုင်တာပဲမေ ”
သူမကို နှစ်သိမ့်လိုက်တဲ့စကားမှန်းသိသိကြိး မသိသားဆိုးဝါးလွန်းစွာပဲ သူမ ရယ်မောပစ်လိုက်မိတယ်။
”ဘာလည်း ချို မုတ်ဆိပ်ရိပ်ဓါးတစ်ချောင်တည်းအသုံးပြုခဲ့မိကြလို့လား၊ ဒါမှမဟုတ် ဆေးတိုး အပ်တစ်ချောင်း တည်းနှစ် ယောက် အတူထိုးခဲ့မိလို့လား ၊
ကိုယ်က နှစ်ရှည်လများ မိန်းမနဲ့ခွဲပြီးအလုပ်သွားလုပ်နေတဲ့ လင်ယောက်ျား တစ်ယောက် ကို ကိုကိုမေ့ကို သစ္စာမဖေါက်ရဘူးနော်လို့ အရေခွံပါးတားမြစ်နေမယ့် ခပ်အူအူ မိန်းမမျိုး မဟုတ်ခဲ့ပါဘူးကွယ် ”
”ဒါပေမယ့် ကိုယ်အရမ်းနာကျည်းတယ် ၊ ဒီခေတ်မှာ ဒီလိုပညာမျိုးတွေတတ်ထားပါရက်နဲ့ ကိုယ်တို့ ဘ၀တွေ စုတ်ပြတ်သတ်သွားလောက်တဲ့ ကံကြမ္မာကိုဖန်တီးလဲလှယ်ယူရလောက်အောင်၊
ဘာအန္တရာယ်ကိုမှသတိမရနိုင်လောက်အောင် ဘယ်လို ညှို့ငင်ဆွဲ ဆောင်မှုအောက်မှာဘယ်လောက်အထိ အာသာငမ်းငမ်းဖြစ်ခဲ့ရသလဲ ဆိုတာ ”
ဆရာဝန်မအပျိုကြီးကို သူမအားနာမနေမိတော့ဘူး။ သူမခံပြင်းနာကျင်ရလွန်းလို့ ရင်ထဲမှာထပ်ထပ်ညံနေခဲ့တဲ့ စကားလုံးတွေကို ပထမဆုံးအကြိမ်တထိုင်တည်း ဖွင့်အန်ချလိုက်ရတော့ ပြေလျော့နေသာသွားလိုက်တာ......။
”ဒါပေမယ့် တစ်ကောင်ကြွက်ဖြစ်တဲ့ကိုကို့ကို ကိုယ် သိပ်ချစ်တယ်ဆိုတာတစ်ခုတည်းနဲ့ အကောင်းဆုံးတွေချည်း ဖန်တီးပေးခဲ့ပါတယ်ချို ”
ချိုဟာသူမပြောနေတာတွေကိုကြားဟန်မတူတော့ပဲတစ်စုံတစ်ရာကိုထိတ်လန့်တကြား တွေးတောနေပုံပေါ်နေ တယ်။ ချို့မျက်နှာဟာ မဖုံးဖိနိုင်လောက်အောင်ဖြူလျော်နေခဲ့တယ်။ သူမက အလိုက်တသိနဲ့ပဲ......
”ဒီမှာကြည့်ပါဦးချို ”
အသင့်ပါလာခဲ့တဲ့ စာအိပ်ကို စားပွဲပေါ်တင်လိုက်တော့မှ ချို လှုပ်လှုပ်ရှားရှားဖြစ်သွားရှာတယ် ။
”မင်း မင်းရဲ့ Result လားမေ...”
”ဟုတ်တယ်ချို ကိုယ် ကိုကိုရက်လည်တဲ့နေ့ကပဲ သွေးသွားစစ်လိုက်တယ် ။ သားကြီးအတွက်ကတော့ စိတ်ချ ရပါတယ် ၊ သားကိုယ်ဝန်ကြီးနဲ့ မှ ကိုကိုထွက်သွားတာ၊ ခု သား ရှစ်နှစ်ကျော်ပြီလေ ။”
”တကယ်ဆို ကိုကို့အကြာင်းသိသိချင်း စစ်ရမှာပေမယ့် စစ်ပွဲနှစ်ပွဲကို ကိုယ်တစ်ပြိုင်တည်း ရင်ဆိုင်နိုင်မယ်မထင်လို့ ကိုကိုကိစ္စ လုံးလုံးပြီးတဲ့နေ့မှ ကိုယ်သွေးသွားစစ်လိုက်တာ..၊၊ .”
သူမ အသံတွေတုန်ယင်ချင်လာတာကို အံတစ်ချက်ကြိတ်ပြီးထိမ်းလိုက်တယ်။ စာအိတ်ကိုဖွင့်ကြည့်ဖို့ ဟန်ပြင်လိုက် တဲ့ ချို့ လက်ကိုတော့ အသာလှမ်းကိုင်ပြီးတားလိုက်မိတယ်။
”ချို - ချို ကိုယ့် အဖြေကတော့ ကိုယ်ထင်တဲ့အတိုင်းပါပဲ ၊ ကိုယ်မျှော်လင့်ထားပြီးသားပါ ဒါ ဒါ ပေ မယ့်...”
ရှိုက်သံတွေထွေဝါးလားတဲ့ အသံကို သူမမထိမ်းချုပ်နိုင်တော့ဘူး ၊ ချိုကသူမကို ရုတ်တရက်တင်း တင်းကြပ်ကြပ် ထွေးပွေ့လိုက်တော့ သမီးလေးက ဆိုဖါပေါ်မှာ အပူအပင်မရှိအိပ်မောကျလို့လေ။
” ဒါ ဒါ ပေ မယ့်..ကိုယ် သမီးလေးကိုတော့ တစ်နှစ်ခွဲ မပြည့်သေးလို့ သွေးစစ်လို့မရသေးဘူးတဲ့ချို ကိုယ် လေ...ကိုယ် ”
” ပြောစမ်းမေ မင်းရင်ထဲမှာ ရှိနေတာတွေ ချို့ကိုပြောစမ်း ၊ ပြော ဘာပြောချင်လဲ ၊ ငါ ဘာတွေကူညီရမလဲ ၊ ငါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကူညီမှာပေါ့ သူငယ်ချင်းရယ်....”
သူမမေးဖျားကိုကိုင် မျက်ဝန်းချင်းစေ့စေ့ဆိုင်ပြီး တစ်လုံးချင်းပြောလိုက်တဲ့ ချို့စကားတွေကြောင့်သူမ ဆောက်တည်ရာပြန်ရသွားခဲ့တယ်။ဟုတ်သားပဲ
သူမ အထပ်ထပ်ပြောထွက်အောင်လေ့ကျင့်ထားပြီးသားစကားလုံးတွေလေ..။ သူမ အဆင်သင့်ဖြစ် နေအောင်ပြင်ဆင်ထားခဲ့တဲ့ အခြေအနေလေ..။
” မတော်တဆ သမီးလေးမှာ ရောဂါပိုးရှိနေခဲ့ရင် မင်း သမီးလေးကို မွေးစားထားပေးပါလားချို ၊ ကိုယ် ကိုယ် .. တစ်ခုခု ဖြစ်သွားပြီးရင်လေ....”
ချိုက အိကနဲဝိုင်းတက်လာတဲ့ မျက်ရည်တွေကို မျက်တောင်ပုတ်ပြီး ထိမ်းသိမ်းရင်း ..
” ဘယ့်နှယ့်မေရယ် ရောဂါပိုးရှိတဲ့သူဟာ ရောဂါရှင်မဟုတ်သေးဘူးလေ..၊ CD4 Count အရေအတွက်ကို စစ် ကြည့်ရမယ်..။ ARV ဆေးတွေကို မှန်မှန်သောက် ၊ ကိုယ့်ကိုကိုယ်ဂရုစိုက်ပြီး အစားအသောက်ကို စာရင်းဇယား အတိုင်းစားရင်....”
အို အဲဒီ့ စကားလုံးတွေဟာ ကိုယ် ကိုကို့ ကို ပြောနေကျစကားလုံးတွေပေါ့ ချိုရယ်.....။ မင်းလိုဆေးပညာဝေါဟာရ တွေနဲ့ စနစ်တကျကြီးမဟုတ်ပေမယ့် အဲဒီ့ စကားလုံးတွေကို ကိုယ် ကိုကို့ ကိုအထပ်ထပ်ပြောခဲ့တာ...။
” မင်း AZT ဆေးသောက်ခဲ့ရသေးလား ၊ PMC စီမံချက်တွေရှိနေတော့လေ....”
” ဟင့်အင်း ” ကိုယ်တို့ သမီးလေးမွေးပြီး သုံးလလောက်နေမှ သိခဲ့ကြတာလေ..။
” ဒါပေမယ့် မင်း သမီးလေးကို ဗိုက်ခွဲမွေးခဲ့တာမဟုတ်လား....”
သူမ လေးလေးကန်ကန်ကြီး ခေါင်းညိတ်ပြလိုက်တော့ မင်း နို့ရော တိုက်ခဲ့သေးလားဟင်..လို့ အားတက်သရော ဆက်မေးရှာတယ်။ အသံတိတ်သွားတဲ့ သူမရဲ့အဖြေကို ချိုက သက်ပြင်းတစ်ချက်ချရင်း...
” ဒီရောဂါပိုးဟာ မိခင်ကနေကလေးကို ကူးစက်နိုင်နှုန်းက ၃၀ ကနေ ၃၅ ရာခိုင်နှုန်းအထိပဲရှိတာ၊
မင်းက ဗိုက်ခွဲ မွေးခဲ့တာဆိုတော့ ရာခိုင်နှုန်းက ဒီ့ထက်လျော့ဖို့ပဲရှိတာ၊
မေ့ စိတ်ထဲမှာ သမီးလေးမှာ ဘာရောဂါမှမရှိဘူးလို့ပဲသဘောထား၊ တကယ့်ကို မရှိလောက်ပါဘူးမေရယ် ။
ဟုတ်ပါ့မလားချိုရယ် ၊ ဟုတ်ပါ့မလား....။ ကိုယ် ဒီဘ၀မှာဒီ့ထက်ပိုပြီးမကျဆုံးပါရစေနဲ့ ၊ ဒီ့ထက်ပိုပြီး မဆုံးရှုံး ပါရစေနဲ့...။
ဘုရား ဘုရား မတော်တဆ ကံဆိုးမိုးမှောင်ကျပြီး သမီးလေးမှာ ဒီရောဂါသာပိုးသာကူးစက်ခံခဲ့ရရင်....။
သမီးလေးကို ၊ သမီးလေးကို မင်းလက်ထဲမှာထားခဲ့ရမှလည်း ကိုယ် စိတ်ချနိုင်မှာပါချို......၊ သမီးလေး သက်တောင့်သက်သာ၊ အတွေးစကိုတိကနဲဖြတ်ချပစ်လိုက်ဖို့ သူမ ခပ်ကြောင်ကြောင် ရယ်ချ ပစ်လိုက်တယ်..။
” ချို CD4 Count သာမန်ကနေ လေး ငါးရာလောက် ကျချင်ကျနေနိုင်တဲ့မိန်းမတစ်ယောက်ဟာ ဘယ်လောက်အထိ အသက်ဆက်ရှင်နိုင်ဦးမလည်းဟင် ....”
” တော်စမ်းမေ ၊ ငါ ငါ့သူငယ်ချင်း ဆရာဝန်တစ်ယောက်နဲ့ မင်းကိုအပ်ပေးမယ် ၊ မင်း ငါတို့ ညွှန်ကြားသမျှကို တိတိကျကျ လိုက်နာရမယ် ၊ သမီးလေးနဲ့ပတ်သက်တာတွေလည်း လိုအပ်မယ်ထင်တာတွေ ဆက်လုပ်ရမယ်။ တကယ်လို့ လူနာတွေမှာ ရောဂါလက္ခဏာပြလာပြီဆိုရင်တော့ ဆေးရုံတက်ပြီး စနစ်တကျကုသမှုခံယူတာဟာ အကောင်းဆုံးပဲ၊ ထားပါတော့ အရေး ကြီးတာက ပြောစကားဆိုစကားကိုနားထောင်ပြီး မင်း ခေါင်းမာမနေဖို့...”
ချိုကသူမကိုခပ်ဆတ်ဆတ်မန်မဲသလိုပြောတော့သူကနည်းနည်းပြန်ငယ်သွားပြီးပျော်သလိုတောင်ဖြစ်လာခဲ့တယ်။ ချိုက သူမကို အော်အော်ငေါက်ငေါက်နဲ စာပြပေးနေကျလေ..။
” မေ….. မေ…..နင် ကြီးကြီးကို ဘယ်လိုပြောထားသလည်း ဟင်..”
သူမဆတ်ကနဲတုန်သွားခဲ့တယ်၊ အမေ့ကို သူမရဲ့ အမေ့ကိုလား ..။
သူ့သမီးဟာ သိပ်ချောသိပ်လှတာ၊လင်ကောင်းသာကောင်းရပြီး အခုဆို ရန်ကုန်မှာကြီးပွားနေတာ၊ သူ့မြေးလေး တွေက ဗိုလ်လေး ဗိုလ်မရုပ်ကလေးတွေလို သိပ်ချစ်စရာကောင်းတာလို့ အမြဲလို ဂုဏ်ယူဝံ့ကြွား ပိတိဖြစ်နေတတ်တဲ့အမေ့ကိုသူ့သမီးရဲ့အလူးလူးအလိမ့်လိမ့်ကျဆုံးခန်းအကြောင်း ဘယ်လိုပြောထွက်ပါ့မလည်း ချို…..။
” ကိုယ် အမေ့ကို ကိုကိုက တီဘီကနေ အဆုတ်ကင်ဆာဖြစ်သွားတာလို့ ၊ ကိုယ်ကတော့ တီဘီနည်းနည်း ကူးချင် သလိုဖြစ်နေတယ်လို့ပဲ ပြောထားလိုက်တယ်ချို....”
ချာကနဲ သူမကိုကျောခိုင်းပစ်လိုက်တဲ့ချို့ကျောပြင်ကို ခပ်ငေးငေးပဲကြည့်နေဖြစ်လိုက်တယ် ..။
” မိမေ ငါ နင့်သမီးလေးကို ငါ့သွေး ငါ့သား ထက်ပိုချစ်မယ် သိလား...”
ခေါင်းအညိတ်လိုက်မှာ မျက်ရည်တစ်စက်က ကျဖြစ်အောင်ကျရပြန်တယ်လေ ..။

(၅)
အမေရဲ့ရင်ခွင်နဲ့ထပ်တူထပ်မျှလုံခြုံနွေးထွေးစေနိုင်တာအဖွားအေရဲ့ရင်ခွင်ပဲလို့ သူမတစ်ကိုယ်ရည်မှတ်ချက်နဲ့သားကြီးကိုကျောင်းထွက်လက်မှတ်ယူလိုက်တယ်။ရန်ကုန်က ကျောင်းကောင်းကောင်းတွေမှာထားမှ ပညာတတ်ကြီးဖြစ်မှာဆိုတဲ့ အချက်ဟာ မခိုင်လုံကြောင်း ချိုက
သူမကို သက်သေပြထားခဲ့တယ်လေ..။
ကလေးနှစ်ယောက်နဲ့ ရောက်ချလာတဲ့သမီးကို ပိန်သွားလိုက်တာသမီးရယ် ဆိုတဲ့မှတ်ချက်နဲ့ အမေနဲ့ အဒေါ်လေး လုပ်သူက ၀မ်းသာအားရကြိုဆိုကြရှာတယ် ။
အမေ သမီး သားကြီးကို အမေနဲ့ထားမလို့ဆိုတော့အမေက မယုံကြည်နိုင်သလို မျက်လုံးကြီးပြူးကြည့်နေခဲ့တယ်။
” ဟုတ်တယ်အမေ သမီးက ကိုကိုဦးဆီက တီဘီကူးနေတာဆိုတော့ သားကြီးကိုကူးမှာစိုးတယ် ၊
နောက်ပြီး အဒေါ်လေးကိုလည်း ကလေးကျောင်းကြို ကျောင်းပို့ကအစ သမီးဆိုင်ကတစ်ဘက်နဲ့...”
စကားစက အလိုလိုပြတ်ကျသွားခဲ့တယ် ၊ တကယ်ဆို ဆိုင်ကိုရောင်းလာခဲ့တဲ့ ငွေထုတ်ကိုပိုက်လာခဲ့တာ ၊ အမေ့ကို လိမ်ရ ညာရတာတွေ သိပ်များလာတော့ သူမ အမေ့မျက်နှာကိုတောင် ရဲရဲရင်မဆိုင်ရဲချင်တော့ပါ..။
အမေကသူ့ခင်ပွန်းဝင်စားတယ်လို့ ယုံကြည်တဲ့ သားကြီးကို ၀မ်းသာအားရ တရှုံ့ရှုံ့နမ်းရှိုက်ပြီး ..။
မိမေနော် နောက်မှ ငါ့ကို အသည်းကွဲအောင်မလုပ်နဲ့တဲ့လေ..။
ဟဲ့ အငယ်လေးရော ကူးမှာမစိုးရိမ်ရဘူးလားဆိုတော့ မီးငယ်လေးက ကာကွယ်ဆေးထိုးထားပြီးသားအမေရဲ့
လို့ သူမပါးစပ်ထဲပေါ်ရာကောက်ပြောလိုက်ရင်း အမေ့ပေါင်ပေါ်ခေါင်းအုံးပြီး လှဲနေမိလိုက်တယ်။
တဒင်္ဂတော့ သူမ သောကအားလုံးကိုမေ့ပျောက်ပြီး ဟိုး...ဆယ်တန်းကျောင်းသူမဘ၀လောက်ကို ပြန်ရောက်သွားသလိုပါပဲ ..။
အမေက သူမဆံနွယ်တွေကို တယုတယပွတ်သပ်ပေးနေရင်း
” သမီးရယ် ညည်းမလည်း ခေတ်ပညာတတ်မဟုတ်တာကျလို့ တီဘီများကူးအောင်ပြုစုရတယ်လို့အေ ၊
မတော် ဟို အဆုတ်ကင်ဆာ ဆိုတာကြီးပါကူးရင် ဘယ့်နှယ့်လုပ်မတုန်း ...”
သူမ ဆတ်ကနဲတုန်သွားမိတယ် ၊ အမေ ယာသူမကြီးက အဆုတ်ကင်ဆာရောဂါကိုပါ ကူးစက်ရောဂါ ထင်နေခဲ့တာ ပါလား..။ သူမအတွက်တော့ တစ်မျိုးကောင်းတာပေါ့လေ..။
သူမ ခွေခွေနေတိုင်း သမီးနေသာရဲ့လား ၊ ဘယ်လိုနေလည်း နဲ့ ပျာပျာသလဲ တဖွဖွမေးစမ်းရင်း
သူမကိုအရိပ် တကြည့်ကြည့်ရှိနေခဲ့တဲ့အမေ့ရဲ့မျက်ဝန်းတွေဟာသူမသမီးလေးကိုကြည့်မိတဲ့မျက်ဝန်းတွေနဲ့
တစ်ထေရာတည်းတူနေမှာပါ။
တီဘီဆိုတာဗမာဆေးမှပျောက်တာအေ့ဆိုပြီးကျိုချက်တိုက်တဲ့ဆေးဥဆေးမြစ်တွေကို သူမသောက်ဟန်ဆောင် နေတာ အမေများရိပ်မိသွားလေမလား..။
သမီး က မလုပ်တတ် မကိုင်တတ်ဆိုတော့ ရှိတာလေးတွေတိုးအောင်ပွားအောင် အမေပဲစီစဉ်ပေးနော် ဆိုပြီး သူမ က ငွေတွေကို အမေ့လက်ထဲထည့်လိုက်တော့ အမေက ဂုဏ်ယူတဲ့အပြုံးမျိုးကို တသိမ့်သိမ့်ပြုံးလို့ ။
သတင်းမေးလာသမျှဧည့်သည်တွေကို မိမေကစိတ်ရောလူရောပမ်းသွားတာပေါ့တော်ဆိုပြီး
အကြိုးအကြောင်းတွေဇာတ်စုံခင်းရင်းမျက်ရည်စို့နေရှာတယ့်အမေရဲ့နှလုံးအိမ်ကိုမ
ှသူမကချေမွှရဦးမယ်တဲ့လေ...။မြေးကြီး၊မြေးငယ်တွေနဲ့အလုပ်တွေရှုပ်နေတဲ့ကြားကသမီးရယ် ရန်ကုန်မှာရှိတာတွေအကုန်ရောင်းချပြီးဒီမှာပြန်လာနေစမ်းပါလို့သတိရတိုင်းထထပြောနေတဲ့ အမျိုးသမီးကြီးဟာ ဘယ်လောက် ဆောက်တည်ရာမဲ့ကြေကွဲရဦးမှာပါလိမ့်......။
မိဘမဲ့ဆိုတဲ့ဝမ်းနည်းသိမ်ငယ်စိတ်ဟာ ကလေးသူငယ်တွေကို ဘယ်အချိန်ဘယ်အရွယ်လောက်မှာ နာကျဉ် နှိပ်စက်စေလိမ့်မလဲ..။
ဘယ်အချိန်မျိုးမှာသားကြီးဟာအဖေနဲအမေ့ကို့ကြေကြေကွဲကွဲတမ်းတနေမှာပါလိမ့်ကွယ်…။
ဘာ ကို မှ မတွေးပဲနေတဲ့ အချိန်တွေမှာပဲ သူမ အနည်းငယ် နေပျော်သလိုရှိတော့တာပါလား..။
လက်သာ တဲ့နေရာမှာ ပျော်တတ်တဲ့ ကလေးတွေရဲ့ထုံးစံအတိုင်း ဖွားဖွားကြီးနဲ့ ၊ဖွားဖွားလေးတို့ရဲ့ အလို လိုက် အရေးပေးမှုအောက်မှာ ရွှင်လန်းပျော်မြူးနေတဲ့ သားကြီးကိုကြည့်ရင်း လောလောဆယ်အတွက်တော့ သူမ စိတ်အေးသွားမိတယ်။
ကားအရုပ်ကလေးတွေကိုဖြုတ်လိုက်တတ်လိုက်နဲ့ အလုပ်ရှုပ်နေတတ်တဲ့ သားကြီးဟာ အင်ဂျင်နီယာကြီးများ လုပ်ချင်နေဦးမလား...။ ဟင့်အင်း သူမကတော့ဆရာဝန်ကြီးပဲလုပ်စေ့ချင်ပါတယ်။
” အမေ သားကြီးကို ဆရာဝန်ဖြစ်အောင်လုပ်ပေးနော် ...”
သူမလွှတ်ကနဲပြောလိုက်မိတယ်။
ရူးပ သူ့သားကဖြင့်ခုမှ သုံးတန်းတက်ရမှာလို့ အမေကပြန်ပြောတော့ သူမ အားရပါးရရယ်မောလိုက်မိတယ်။ သမီး မရယ်မောနိုင်ခဲ့တာ ဘယ်လောက်ကြာပြီလဲ အမေရယ်။
မေမေ ရေသောက်ချင်တယ်လို့ ခပ်ချွဲချွဲ ပြောလိုက်တဲ့သားကို
” သား သားက ယောက်ျားမဟုတ်ဘူးလားသား၊ ယောက်ျားဆိုတာကိုယ့်အားကိုယ်ကိုးရတယ် သားရဲ့ ၊
သားနဲ့မီနေတာသားဘာသာသွားခပ်သောက်ရမယ်နော်၊နောက်ဆိုသားတာဝန်သားယူရမယ့်အခြေအနေတွေ
ရောက်လာဦးမှာ ..”
သူမရဲ့ စကားဟာ ရှစ်နှစ်သားအရွယ်ကလေးတစ်ယောက်အတွက် ရက်စက်စိမ်းပြတ်လွန်းနေမလား ။
အို သား လေးရဲ့ စိတ်ထဲမှာ အမေဆိုတာ အားကိုးမှီတွယ်စရာဆိုတဲ့အသိမျိုး ၀င်နေလို့မဖြစ်ဘူးလေ..။
သားဟာ သူ့ကိုယ်ပိုင် အစွမ်းအစ လေးနဲ့ သူကိုယ်သူ ထိမ်းကျောင်းတည့်မတ်သွားနိုင်ဖို့ ..။
” အမေ ချို့ကိုမှတ်မိလားဟင် ၊ ခင်လေးချိုလေ ၊ အလည်ပိုင်းက ...”
” မှတ်မိပါ့တော် ၊ ဆရာဝန်မဖြစ်နေတဲ့ကလေးမ မဟုတ်လား ...”
” ဟုတ်တယ်ဟုတ်တယ် သူက မီးငယ်လေးကိုသိပ်ချစ်တာ အမေရဲ့ ၊ မွေးစားချင်လို့တဲ့ ...”
” မိမေ ညည်းက ကလေးတွေသူများလျောက်ပေးပြီး အပျိုလုပ်ချင်နေတာလား ...”
အမေက အငေါ်တူးတူးပြန်ပြောလိုက်တော့ သူမ ကြေကြေကွဲကွဲ ရယ်မောလိုက်မိတယ်။
အမေက သားကြီးကို သူမ ရင်ငွေ့ကခွဲထုတ်ထားမှာကိုတောင် သိပ်ကျေလည်ချင်ပုံမရခဲ့တာပါ ။
သား သမီးဆိုတာမိဘနဲ့ရင်အုပ်မကွာထားရတယ်အေ့စတဲ့အမေ့ရဲ့ဆုံးမသံတွေကိုသူမဘယ်လိုများကြားနာရပါ့မလည်းကွယ် ..။
သူမပြန်ခါနီး အမေ့ခြေဖမိုးကို မျက်နှာအပ်ပြီး မျက်ရည်သွယ်သွယ်ကျခဲ့ပေမယ့် ၊ သား မေမေက အရုပ်သွား ၀ယ်ပြီးပြန်လာမှာဆိုလို့ကြည်ကြည်သာသာနဲ့လက်ကလေးပြပြီးကျန်ရစ်တဲ့သားကိုနင့်နေအောင်နမ်းမွှေးလိုက်ချင်စိတ်ကိုတော့ အောင့်အည်းနိုင်ခဲ့ပါရဲ့လေ..။
မေမေ့ရဲ့ အနမ်းက သားလေးစိတ်မှာ နာကျင်တမ်းတစရာ ဒဏ်ရာတစ်ခုလိုကျန်မနေခဲ့စေချင်တာပါ သားရယ်။

(၆)
မျက်နှာထားခပ်တည်ထည်နဲ့သူမကိုကိုယ်တိုင်သွေးပေါင်ချိန်ကြည့်နေတဲ့ ချို့ကို သူမ မျက်နှာချိုသွေးနေမိတယ်။
”ကိုယ်နေကောင်းပါတယ်ချိုရဲ့၊ကိုယ် ဆေးလည်းမှန်မှန်သောက်ခဲ့တယ် ၊ကော်ဖီလည်းမသောက်ပါဘူး၊ လေ့ကျင့်ခန်း လည်းလုပ်ပါတယ်၊ အား ရှိ တာတွေ လည်းစားခဲ့ပါတယ် ။”
”မဟုတ်ဘူးမေ ဒီလောက်ခရီးဝေးကြီးကိုသွားလို့ ပင်ပမ်းတဲ့ဒဏ်ကို မင်းမခံနိုင်မှာစိုးလို့ ပြောနေရတာ ၊ အဲဒီ့ဒဏ် ကနေ Opportunistic Infections တွေဝင်လာမှာစိုးလို့ပြောနေရတာ ၊ ခေါင်းသိပ်မာတာပဲ မေရယ် ။”
ဆူပူသလို တဗျစ်ဗျစ်ပြောနေတဲ့ ချို့ ရဲ့ မျက်ဝန်းထဲကကရုဏာနဲ့ အကြင်နာတွေကို အမိအရလိုက်ဖမ်းကြည့်ရင်း ၊ သူမ မျက်ရည်တွေဝဲတက်လာအောင် ကြည်နူးနေမိတယ်။ ချိုရယ်လေ သူမအတွက်အလုပ်တွေရှုပ် အပင်ပန်းတွေခံလိုက်ရတာ…။ သွေးချင်းညီအမ မရှိတဲ့ သူမအတွက်တော့ ချိုဟာ အမကြီးပါပဲ..။
သူမကို တစ်ကိုယ်ကောင်းဆန်တယ် ပြောချင်ပြောကြပါစေတော့၊ ဒီအချိန်မျိုးမှာ ချိုနဲ့ ပြန်အဆက်အသွယ်ရတာ တစ်ခုတော့ဖြင့် သူမ ကံကောင်းပါတယ်လေ။
”ကိုယ် ချို့ရဲ့စေတနာကို နားလည်ပါတယ်ချိုရယ်..။ အခုက ကိုယ် ဆိုင်ရောင်းလို့ရတဲ့ ပိုက်ဆံလေးကို အမေ့တို့ အတွက် ပွဲရုံမှာရှယ်ယာသွားဝင်ပေးလိုက်တာ၊ အမေကလည်းဒီအလုပ်တွေကျွမ်းပြီးသားဆိုတော့လေ ”
သားအကြောင်း တစ်လုံးမှမပါအောင် သတိထားပြောနေတဲ့ သူမကို သက်ပြင်းလေးလေးရှိုက်ချလိုက်ပြိး ချိုက ငေးကြည့်နေခဲ့တယ်..။ချို့ကိုအခန်းအပေါက်ဝအထိလိုက်ပို့ရင်းချိုသမီးလေးကိုရောသွေးစစ်မကြည့်ကြသေးဘူး
လားဟင်လို့မေးချင်လိုက်တာမှလေ..။
လည်ချောင်းမှာနင်ပြီးပျောက်နေတဲ့အသံတွေကြောင့်သူမအသက်ရူရကြပ်လာသလိုပါပဲ.....။
ကိုယ် မနားနိုင်သေးပါဘူးချိုရယ် ။ ကိုယ့်မှာ လုပ်စရာတွေကျန်နေသေးတယ်လေ..။
အခုကိုယ်နေတဲ့တိုက်ခန်းကို အဆောင် ပုံစံပြင်ဆင်ပြီး အဆောင်ငှားဖို့ ၊ ကိုယ့်တူမ ဆရာမနဲ့တိုင်ပင် ထားခဲ့ဘူး တယ်လေ..။နောက် ကိုယ် လက်ဝတ်လက်စားတွေကို အာမခံဌာနမှာအပ်ဖို့ ၊ နောက် ကိုယ်ဈေး ပေါပေါရတုန်းက ၀ယ်ထားခဲ့တဲ့ တောင်ဒဂုံက မြေကွက်ကလေးတွေ တစ်ချို့ဆို ဘယ်နေရာမှာရှိမှန်းတောင် ကိုယ်မသိသေးဘူး၊ အဲဒါလေးတွေကို ရောင်းပြီး ကိုယ် တို့စရိတ်တွေနဲ့ တော်တော်လျော့သွားတဲ့ ဘဏ်စာရင်းကို ငွေသားပြန်ဖြည့်ထားနိုင်ဖို့ ၊ နောက် ကိုကို့ သူငယ်ချင်း ရှေ့နေ တစ်ယောက် နဲ့ ကိုယ်ဖြစ်စေချင်တာလေးတွေကို တရားဝင်ဖြစ်စေဖို့.....။
အဲဒါလေးတွေကျန်နေသေးတယ်ချိုရယ်..။ အဲဒါလေးတွေပါပဲ........။
အဲဒါတွေပြီးရင်
သူမ တာဝန်တွေ အားလုံး ပြီး ဆုံး သွား ခဲ့ ပြီ တဲ့ လား....။
တကယ်ပဲ ပြီးဆုံးသွားပြီတဲ့လား....။
အခုချိန်မှာတော့ ဘ၀ဟာ အလုပ်ထွက်စာတင်ထားတဲ့ အလုပ်တစ်ခုမှာ အလုပ်ဆက်လုပ်နေရသေးတဲ့ အချိန်အကန့် အသတ်တစ်ခုလိုပါပဲလား ကွယ်။

(၇)
ချို့ဆီကို ဖုန်းခေါ်ဖို့ အပြင်းအထန်ကြိုးစားနေတဲ့ သူနာပြုဆရာမလေးဟာ သူမမျက်ဝန်းထဲမှာပြာဝါးနေခဲ့တယ်။
သူမ ကိုယ်ထဲက သတ္တုဓါတ်တွေအားလုံး ခမ်းခြောက်ကုန်ပြီလား..။
သူမရဲ့ လက်တွေခြေတွေဟာ လှုပ်ရှားနိုင်စွမ်းမရှိလောက်အောင်ကို ညောင်းချိ နွမ်းနယ် နေလိုက်တာမှလေ..။
ချို သိရင်တော့သူမကိုမန်မဲဦးမှာသေချာတာပေါ့။
ချိုရယ် လာပါတော့ ။
ကိုယ်လေ တောင်ဒဂုံကမြေကွက်ကလေး တွေဝယ်သူရှိလို့ ရက်ဆက်သွားလိုက်မိတာ..။
နောက် ကိုယ် သိပ်ကြိုက် တဲ့ ပိန္နဲသီးတွေကိုတွေ့တော့ သတိလက်လွတ် ၀ယ်စားမိ လိုက်တာ...။
သမီးလေးရော ၊ သမီးလေးဒီအချိန်လောက်ဆို ကောင်မလေးရင်ခွင်ထဲမှာအိပ်ပျော်နေရောပေါ့။
သူမဟာသမီးလေးရှေ့မှာအပြစ်ရှိနေသလိုအမြဲတမ်းခံစားကြေကွဲနေရတဲ့အကြောင်း သမီးလေးကိုပြောပြချင်လိုက်တာ..။
တကယ်ဆို သမီးလေးအတွက် အကောင်းဆုံး ဆိုတာ တွေချည်း မေမေ ဖန်တီးပေးချင်ခဲ့တာ..။
ခုထိ ကျန်းကျန်း မာမာ ချိုချိုရွှင်ရွှင်ရှိနေတဲ့ သမီးလေးမှာ ချိုပြောသလို ဘာရောဂါ ၊
ဘာအနာတရမ မရှိနိုင်ဘူး ဆိုတာ ဟုတ်မှာပါ။
ဟုတ်ပါတယ်နော် ၊
အို.. ချိုကိုယ့် ကို နှစ်သိမ့်နေတာဆိုလည်း ကိုယ်သေချာပစ်လိုက်တော့မယ်ကွယ်..။
တစ်ကိုယ်လုံးပူလောင်ပြီး ခေါင်းတွေတဒိန်းဒိန်းကိုက်တက်လာတယ်။
သေချာတယ် ကိုယ် ဖျားနေပြီ.ချိုရယ်.။
နားထဲမှာ စီကနဲအူတက်သွားတဲ့အသံတွေနဲ့ သူမ ခဏလောက်အိပ်ပျော်သွားခဲ့သေးသလား...။
ပြာလွင်နေတဲ့ ကောင်းကင်က အခိုးအငွေ့တံတားတစ်စင်းကို သူမမြင်နေရပြန်ပြီလေ...။
ဟုတ်တယ် အခိုးအငွေ့တံတားတစ်စင်းပါပဲ...။
ကိုကို့ ကို နောက်ဆုံးအဖြစ်ပြောင်းလဲမြင်တွေ့ခွင့်ရလိုက်တဲ့ အရာတစ်ခုပေါ့။
ကိုကိုရေ......။
ကိုကို ဘယ်ကိုရောက်နေခဲ့ပြီလည်းကွယ် ၊ မေလေ အားလုံးအတွက် အဆင်ပြေအောင် စီစဉ်ထားပေးခဲ့တယ် သိလား ၊ သားကြီးအတွက် ၊ သမီးငယ်လေးအတွက် ၊ အမေ့အတွက်၊ မေ့ ရဲ့ကျေးဇူးရှင်ချို့အတွက်၊
အားလုံး အားလုံးအတွက်ပေါ့…...။
ဟင် !!
မေ့ အတွက် ဟုတ်လား ။
မေ့အတွက်.......။ မေ့အတွက် ..။ မေ့အတွက် တဲ့..။ဟုတ်ပါရဲ့..။
ဘ၀ရဲ့ အေးငြိမ်းရာထွက်ပေါက်တစ်ခုလို့ ဖတ်ဖူးကြားဖူးခဲ့တဲ့အာနာပါနသတိပဌာန် ဆိုတဲ့တရားတော်ကို နည်း နည်းလေးမှကြိုးစားပမ်းစား အားမထုတ်ခဲ့ဘူးအောင်ကို ဒီ စိုးရိမ်သောကဗျာပါဒ တွေနဲ့ပဲ ပူပြင်းလောင်မြိုက်ခဲ့တာပါလား..။
သူမချွေးစေးတွေနဲ့ ရွှဲနစ်လို့..။ သူမရင်ပြင်ဟာ ကြောက်လန့်စိုးရွံ့မှုတွေနဲ့ ဆတ်ဆတ်ခါနေလိုက်တာကွယ် သူမမေ့လျော့နေခဲ့လိုက်တာ ။
ဘုရားဘုရား...။
လက်အုပ်ချီဖို့ ကြိုးစားလိုက်တဲ့လက်ဖ၀ါးအတွေ့မှာ လက်စွပ်ကလေး နှစ်ကွင်း..။
သူမလက်သူကြွယ်မှာဂွမ်းစအ၀တ်ကလေးတွေခံပြီးရအောင်ဝတ်ထားခဲ့တဲ့ လက်ထပ်လက်စွပ်ကလေးနှစ်ကွင်း..။
ဂုဏ်သရေရှိမင်္ဂလာဧည့်ပရိတ်သတ်ရှေ့မှာ၊ဂုဏ်သရေရှိမင်္ဂလာဇနီးမောင်နှံကဆင်ယင်ပေးခဲ့တဲ့..
ကိုကို နောက်ဆုံးအချိန်အထိ အမြတ်တနိုးဝတ်ဆင်သွားခဲ့တဲ့...။
သူမ ခုချိန်အထိ အမြတ်တနိုးဝတ်ဆင်ထားဆဲဖြစ်တဲ့ ..။
လက်ထပ်မင်္ဂလာ လက်စွပ်လေးနှစ်ကွင်းပေါ့..။

ပိန်းပိတ်အောင် မဲနက်သိပ်သည်းနေတဲ့အမှောင်ထုထဲမှာ အလင်းတစ်စ မြင်လိုက်ရသလိုမျိုး..။
ရေနစ်နေသူရဲ့ ကောက်ရိုးတစ်မျှင်လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ..။

ချို ရေ.......။ ချို လာရင်...
ဒီလက်စွပ် ကလေးနှစ်ကွင်းကို ရောင်းလိုက်ဖို့..။
ရတဲ့ငွေကို HIV ကူးစက်ခံမိဘမဲ့ ကလေးငယ်လေးတွေအတွက် လှူဒါန်း ပေးဇို့....။
ဘာ အပြစ်မှမကျူးလွန်မိပဲ..ပြစ်ဒဏ်အချခံထားရတဲ့....ကလေးလေးတွေအတွက်....။.
မိဘမဲ့ ၊ပစ္စည်းဥစ္စာမဲ့တဲ့၊ရောဂါဘယ ရဲ့ ရက်ရက်စက်စက် ထိုးနှက်တိုက်ခိုက်တာကို ခံစားကြရဦးမယ့် ...
ကလေး လေးတွေ အတွက်လေ ။
သူမအမြတ်နိုးဆုံး ပစ္စည်းလေးကိုအရင်းတည်ပြီး လှူဒါန်းတာကြောင့် အမွန်မြတ်ဆုံးဖြစ်နေမှာပါ..။
တော်ပါသေးရဲ့ကွယ်။
သူမရဲ့ စိတ်ဝိဥာဉ်တစ်ခုလုံး လုံခြုံ အေးမြသွားသလိုလို .....။
သူမ စိတ်ရဲ လက်ရဲ တည်ငြိမ် သွားသလိုလို.....။
အခုကျနေတဲ့ မျက်ရည်တွေကတော့ သူမရင်ထဲက လှိုက်တက်လာတဲ့ ပိတိတွေကြောင့်ပဲဖြစ်မယ်ထင်ပါရဲ့။

အမေ နဲ့ ချိုက အမျှဝေရင် သူမက သာဓု ခေါ် ရ မှာ ပေါ့.......။

အို. . . .
သာဓုခေါ်နိုင်တဲ့ အခြေအနေရှိမရှိ ဆိုတာအထိတော့ ...
သူမ တွေးတောမနေတော့ပါဘူးလေ....။ ။


အိန္ဒြာ
(ရတီမဂ္ဂဇင်း၊၂၀၀၆ခုနှစ်)