August 1, 2009

အခိုးအငွေ့တံတား..

(၁)
တလွင့်လွင့်ဝဲဝေ့တက်သွားတဲ့မီးခိုးငွေ့တွေဟိုး...ခပ်နိမ့်နိမ့်တိမ်တိုက်ထဲကိုမျောဝင်ထိုးတက်နေပုံက
ကောင်းကင်ဆီဦးတည်နေတဲ့ခရီးရှည်ကြီးတစ်ခုလိုပါပဲ။အခိုးအငွေ့တွေဟာကောင်းကင်ဆီတကယ်ပဲရောက်ရှိ သွားကြဖို့ သေချာပါရဲ့လား..။
မည်းကနဲအူတက်လာလိုက်၊တလွင်လွင်ပါးလျားဖျော့ရော့သွားလိုက်နဲ့တိမ်တိုက်ဆီပြေးဝင်နေတဲ့
အခိုးအငွေ့တွေကိုသူမငေးရပ်ကြည့်နေပုံဟာဘယ်လောက်ကြေကွဲနာကျင်စရာကောင်းလိုက်မယ့်မြင်ကွင်း
တစ်ခုလဲ..။
ဟင့်အင်း သူမအတွက်တော့ စစ်ပွဲတစ်ပွဲအဆုံးသတ်သွားသလိုပါပဲ။
ဘယ်လို ၀မ်းနည်းခြင်း၊ နာကျည်းခြင်း၊ တုန်လှုပ်ခြင်းမျိုးမှရှိမနေတော့လောက်အောင် တစ်ကိုယ်လုံး လပ်ဟာ လွင့်မျောနေလိုက်တာ..။
သေချာတယ် စစ်ပွဲတစ်ပွဲအဆုံးသတ်သွားခဲ့တာ..။
စိတ်ရောကိုယ်ရောကို ထုထောင်းနင်းချေထာသလိုမျိုး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကိုယ့်အတွက်အသက်သာ ဆုံးဖြစ်အောင် ဖန်တီးရင်ဆိုင်ခဲ့ကြရတဲ့ ၊ ရှုံးနိမ့်ဖို့လုံးဝဥဿုံသေချာနေခဲ့တဲ့ စစ်အေး တိုက်ပွဲကြီး အဆုံးသတ်သွား ခဲ့တာလေ...။
ကိုကို့အတွက်တော့ သူမ အစွမ်းကုန်တာဝန်ကျေပေးဆပ်ခဲ့ပြီးပြီ......။
သူမအတွက်ကရော.....။
လောလောဆယ် ဘာတစ်ခုမှ မစဉ်းစား၊ မတွေးတောခြင်းအားဖြင့် သူမကိုယ်သူမ ညှာတာလိုက်ချင်ပါသေးရဲ့။

(၂)
ပခုံးကိုလာထိတဲ့ လက်ဖ၀ါးအတွေ့နွေးနွေးနဲ့ “မေ ငို ချလိုက်ပါလားဟင် ” ဆိုတဲ့ ချစ်သူငယ်ချင်း ချို့ အသံကြောင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးခပ်ယဲ့ယဲ့ လေးပြန်ပြုံးပြမိတယ်။
”မေ ငို ချလိုက်ပါမေရယ်၊ ငိုလိုက်စမ်းပါဟာ...” လို့ ဗလုံးဗထွေးပြောပြီး အသိမ့်သိမ့်ရှိုက်နေရှာတဲ့
ချို့ ကျောပြင်ကို သာသာဖွဖွလေးသိုင်းဖက်ပြီး နှစ်သိမ့်ပေးမိလိုက်သေးသတဲ့....။
အကြိမ်ကြိမ်ကျင့်သားရအောင် လေ့ကျင့်ခံစားနှင့်ပြီးသား သူမက ကယောင်ကတမ်းတွေ
ဖြစ်နေချင်သေးသတဲ့လား...။
ကိုယ် ငိုခဲ့ပြီးပြီလေ၊
ကိုယ့်တစ်သက်မှာ အကြေကွဲ အလှိုက်လှဲဆုံး ၊ အနာကျင်အပင်ပမ်းဆုံးငိုကြွေးခဲ့ပြီးပြီ..။
ကိုကို ကိုယ့်ကို လက်အုပ်ချီလိုက်တဲ့နေ့တုန်းက ..။
ဟုတ်တယ် ကိုကို ကိုယ့် ကို လက် အုပ် ချီ လိုက် တဲ့ နေ့ တုန်း က ပေါ့..........
ကိုကို့ လက်အစုံကို အလန့်တကြား ဆုပ်ကိုင်ရင်း ၊ ပိန်လှီသေးကျုံ့သွားတဲ့ ကိုကို့ညာဖက်လက်
သူကြွယ်က ဂွမ်းစခံပြီး ရအောင်ဝတ်ထားသေးတဲ့ လက်ထပ်လက်စွပ်လေးကို
နာနာကျင်ကျင် ပွတ်သပ်ကြည့်မိရင်း ကိုယ် အသည်းထန်ဆုံး ငိုကြွေး ပစ်ခဲ့မိတာ ....။
ကိုကို ဘာတွေပြောချင်နေခဲ့မလဲ...။ ကိုကို မေ့ကိုချစ်ရင် ဘာတစ်ခုမှ မပြောပါနဲ့နော်ဆိုတဲ့
ကိုယ့်ရဲ့စကားတစ်ခွန်းတည်းရဲ့အောက်မှာကိုကိုမျိုသိပ်အောင့်အည်းသွားရှာခဲ့တာ...။ မျက်လုံးလေးကလယ်ကလယ်နဲ့ကိုယ်ပြုစုစောင့်ရှောက်ခဲ့သမျှ၊ကိုယ်ဖေးမတွဲကူပေးခဲ့သမျှကို မှီခိုခံယူသွားခဲ့တာ....။
ကိုကို တောင်းပန်ဝန်ချချင်နေတာ..၊
ဖြေရှုင်းထုချေနေချင်တာ..၊
ကိုကို အလန့်တကြားသတိပေးချင်နေတာ..၊
ကျေဇူးအထပ်ထပ်တင်နေချင်တာ ကိုကို့ရဲ့အရာအားလုံးကို ကိုယ် ခံစားလို့ရနေခဲ့တယ် ။
ကိုကို ဘာမှ မပြောပါနဲ့ ၊ ကိုကိုရဲ့ ကိုယ်စိတ်နှစ်ပါးစလုံး သက်သာရရဖို့အတွက်ပဲ စဉ်းစားပြီးနေပါ။
ကိုကို ဘာမှ မပြောပါနဲ့ ဆိုတာတွေဟာ ကိုယ်သိပ်ကြေကွဲလာတိုင်း တဖွဖွရေရွတ်နေကျ စကားစုတွေပေါ့။
တစ်ယောက်အသုဘ တစ်ယောက်ချကြဖို့ လင်ရယ်မယားရယ်လို့ ထူထောင်လာခဲ့ကြတဲ့
အိမ်ထောင်တစ်ခုမှာ မယားဝတ္တရားဆိုတဲ့ အတိုင်းအတာထက်အလွန် မေကျေပွန်ပြည့်ဝစေရပါ့မယ်..၊
ဒီဘ၀အတွက် အကုန်အစင်မေ ပေးဆပ်ဖြည့်ဆည်း လိုက်ပ့ါမယ်။
ဒါဟာကိုကို့ကိုချစ်တဲ့မေ့ရဲ့ချစ်ခြင်းမေတ္တာတွေအတွက်၊ခင်ပွန်းကောင်းပီသလွန်းစွာကြင်နာ စောင့်ရှောက်ပေးခဲ့တဲ့ ကိုကိုရဲ့ ချစ်ခြင်းမေတ္တာတွေအတွက်…
ကိုကိုရဲ့ ရပိုင်ခွင့်ပေါ့ကွယ် ။
ကိုကို မေ တို့အားလုံးကိုမေ့ထားကြရအောင်ဆိုတဲ့ ကိုယ့်ရဲ့ ယတိပြတ် စကားလုံးဟာ ကိုကို့ အတွက် အပြစ်ဒဏ် တစ်ခုလိုများဖြစ်နေခဲ့လိမ့်မလား ။ ဒါဟာလည်း ကိုကို ဘာကိုမှ နောက်ဆံတင်းကြောင့်ကျနေစရာ မလိုအောင် မေ ရဲ့ မေတ္တာနဲ့ယှဉ်တဲ့ တတ်သိ ဖြည့်ဆည်းမှုတစ်ခုပါပဲကွယ်..။
တကယ်တော့ ကိုယ် မကြားဝံ့တာ၊ မကြားနိုင်တာ၊ မကြားရဲတာပါ ။ ကိုကိုကျေးဇူးပြုပြီးဘာမှ မပြောပါနဲ့ ဆိုတဲ့ အဖျားခတ်တုန်ရင်နေသလိုပြတ်သားအေးစက်နေဦးမယ့်ကိုယ့်စကားရဲ့အဆုံးမှာတော့
ကိုကိုရှိုက်ငင်တကြီးငိုကြွေးရတဲ့ အလှည့် ပေါ့....။
အဲသလို ကိုယ်တို့ဇနီးမောင်နှံ နှစ်ယောက် အတူတကွငိုကြွေးခဲ့ရတာ......။
ကိုယ့်မှာ ကိုကို့အတွက် နောက်ဆုံးလက်ကျန်မျက်ရည် မရှိတော့လောက်အောင်......ပေါ့လေ
အခုဆို ကိုယ့် ယာဘက်လက်သူကြွယ်မှာ ဂွမ်းစနဲ့ခုထားတဲ့ လက်စွပ်လေး တစ်ကွင်းထပ်ဝတ်ထားလိုက်ပြီ..။
ဒါပဲ ၊ ဒါတစ်ခုပဲ ကိုယ့်မှာကျန်ရစ်ခဲ့တော့တာ......။
ဒါတစ်ခုပဲ ကိုယ်တို့မှာ အတူတကွ ရှိနေရတော့တာ..။
”မေကားတွေပြန်ထွက်ကြတော့မယ် သားလေးလည်းကားပေါ်ပြန်ရောက်နေပြီ ”ဆိုတဲ့စကားက
ကိုယ့်ကို လှုပ်နိုး လိုက်သလိုပဲ..။
ကိုကိုရေ...။
ကိုကို ဘယ်နေရာက မေ့ကို စိုးရိမ်တကြီးစောင့်ကြည့်နေမှာလည်း..ဟင် ။
ခဏလေးဖြစ်ဖြစ် တွေ့ချင် မြင်ချင်လာတဲ့စိတ်ဟာ တော်တော်ဒုက္ခပေးနိုင်ပါလားကွယ်.........။
ဘာပဲဖြစ်ဖြစ် ကိုကိုက မေ့ထက်စာရင် ကံကောင်းခဲ့ပါတယ်....။

(၃)
တဒေါက်ဒေါက် မြည်နေတဲ့ သူမရဲ့ ခွာ့မြင့် ဖိနပ်ကမြည်သံက မုန်းစရာကောင်းနေလိုက်တာ။
အိမ်အ၀င်အ၀က ဒေါက်တာခင်လေးချို ၊ ကလေးအထူးကုဆရာဝန်ကြီးဆိုတာနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ...၊
အိုး၊သူမနဲ့သက်တူရွယ်တူမိန်းမတစ်ယောက်၊တစ်မြို့တည်းနေ တစ်ပန်းကန်ထဲနှိုက်စားခဲ့ကြတဲ့ ၊
တစ်ခုံတည်းထိုင် တစ်ကျောင်းထဲ စာသင်ခဲ့ကြတဲ့ ကလေးမလေးတစ်ယောက်ဟာ
ဒီလောက်အထိ အောင်မြင်နိုင်သတဲ့လား..။
ကြည်နူးစိတ်တွေနဲ့ တဒီးဒီး လှည့်ပတ်သွားတဲ့ သွေးခုန်နှုန်းထဲမှာ အားအင်တွေတိုးဝင်လာသလိုပါပဲ ......။
ချို ။ ၀ ၀ လုံး လုံး လေး ၊ မျက်မှန်ထူထူလေးတတ်ပြီး သူမနဲ့အတူစာတွေအော်အော်ကျက်ခဲ့တဲ့ ချို..။
သူမအပြစ် တွေကိုမညှာမတာကြီးဝေဖန်ပြတတ်တဲ့ချို၊ သူမ ဆယ်တန်းမှာရည်းစားထားတာကိုသိတော့ သူမကို အမေလိုတစည်းနဲနဲဆူပူမန်မဲခဲ့တဲ့ ချိုလေ..။ အခု သိပ်ကိုအောင်မြင်ထင်ရှားနေတဲ့ နိုင်ငံခြားပြန်ဆရာဝန်မကြီးတဲ့ ၊ သိပ်ကိုကျက်သရေရှိ လှပတဲ့အပျိုကြီးတဲ့။ ဘာ သောက၊ ဘာ အနာတရ၊ ဘာ ဒုက္ခတွေနဲ့ မှ ညစ်ပေစွန်းထင်း ညှိုးနွမ်းသိမ်ငယ်မနေတဲ့ အပျိုကြီးတစ်ယောက်တဲ့ သမီးလေးရယ်။
မေမေ ငယ်ငယ်ကနဲ့ တစ်ပုံတည်းတူပြီး သမီးဖေဖေလို ဆံပင်အညိုကောက်ကွေးကွေးလေးတွေနဲ့
သမီးဟာ ချို့အတွက် သိပ်ချစ်စရာကောင်းနေပါစေ။
ခပ်လျော့လျော့ပိုက်ထားမိတဲ့ သမီးလေးရဲ့ဆံပင်ကို တစ်ချက်ဆွဲမွှလိုက်မိတော့ သမီးငယ်လေးက
တခစ်ခစ် ရယ်မောလို့။
”ဟယ် မေ..၊ မေရယ်တော့ ငါ့ ဘယ်သူများလည်းလို့ ၊ ဖုန်းတော့ကြိုမဆက်ဘူးဟယ်”
အသံအကျယ်ကြီးနဲ့ အားပါးတရ အော်ပြောလိုက်တဲ့ချိုဟာ သူမရဲ့ ချိုမှ ချိုပါပဲ။
”ဒါအငယ်လေးလား အံမယ်လေး ချစ်စရာကောင်းလိုက်တာ လာပါဦးအန်တီကြီးဆီကို လာပါဦး ”
မျက်နှာချိုတဲ့ သမီးလေးကို သဘောအကျကြီးကျပြီး တရှုံ့ရှုံ့နမ်းမွှေးနေတဲ့ချို့ကိုကြည့်ရင်း
သူမ ထိမ်းမရနိုင် လောက်အောင် မျက်ရည်က၀ိုင်းချင်လာခဲ့တယ်။
”ချို သမီးလေးက ချစ်စရာကောင်းရဲ့လားဟင် ”
”ဘယ်နှယ့်ပြောလိုက်ပါလိမ့်မိမေ၊သမီးလေးကနင်ငယ်ငယ်ကအတိုင်းပဲနော်ချောလည်းချောချစ်စရာ
လည်းကောင်း”အမြဲတမ်းလို သူမချောကြောင်းလှကြောင်းကို ဂုဏ်ယူဝံ့ကြွားလွန်းစွာပြောနေတတ်ခဲ့ပြီး ၊
ူသူမကို ပန်းပွင့်လေး လိုအရိပ်ကြည့်နေတတ် ခဲ့တဲ့ချို့ ရင်ခွင်ထဲမှာ မျက်နှာကို အပ်ဝှက်ထားချင်လိုက်တာ...။
”မေရယ် ငါလည်း နာရေးကြော်ငြာဖတ်မိလို့ သိပြီးလိုက်ပို့နိုင်ခဲ့တာ၊တို့တွေမတွေ့တော့တာလည်း ငါဆေးကျောင်း စ တက် ကတည်းကနော် ၊ နင် အိမ်ထောင်ကျတော့ ငါ နိုင်ငံခြားမှာလေ ၊
ကိုကိုဦးက ဘယ်လိုဖြစ်သွားတာလဲဟယ် ”
”ချို ”
သူမအသံဟာ သူမဘာသာပြန်လန့်သွားရလောက်အောင် အက်ကွဲခြောက်သွေ့နေခဲ့တယ်။
အတင်းကာရော တောင့် တင်းခိုင်မတ် ထားရသမျှ ပြေလျော့ခွေယိုင်သွားခဲ့ပြီလား။
သူမငိုရပြန်ပြီတဲ့လေ ..။ ဒီတစ်ခါ ကိုယ်ကျတဲ့မျက်ရည်တွေကတော့ ကိုယ်တို့ သား အမိအတွက်ထင်ပါရဲ့.....။
ချို့ ကိုဖက်ပြီးသူမအားပါးတရ ငိုချလိုက်မိတော့ သမီးလေး ပါလိုက် ငိုရှာပြန်တယ်။
”မေရယ် ဆောရီးဟာ ၊ ငါအစဖေါ်ပေးသလိုဖြစ်သွားတယ်၊ မေတိတ်တော့ ပင်ပန်းပါတယ် သူငယ်ချင်းရယ် တိတ်တော့နော် ၊ မီးမီးလေးလည်းတိတ်နော် မုန့်မုန့်ပေးမယ် တိတ်နော် ”
ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ချို့ကိုသူမအားနာလိုက်တာ။သူမရဲ့သောကတွေဟာချို့ကို ပူလောင်စေတော့ မှာပါလား..။ သူမ ဆုံးဖြတ်တွေးတောလာခဲ့တာတွေကရော သင့်တော်မျှတပါရဲ့လား...။
သူမ နာကျင်နေတဲ့ လည်ချောင်းထဲကို တံတွေးတစ်ချက် မျိုချလိုက်မိတယ်။
”မဟုတ်ဘူးချို ကိုယ့်အဖြစ်က ချိုထင်သလောက် မလွယ်ကူမသက်သာခဲ့ဘူးကွယ် ”
(၄)

ချို့ရဲ့ မျက်နှာလေးဟာ သူမအားကိုးတိုင်ပင်ချင်စရာ လေးနက်တည်ကြည်နေခဲ့တယ်။
ချိုဟာ လူအများရဲ့ အသက်တွေကို ကယ်တင်ပေးနေတဲ့ ၊ လူအများရဲ့ ယုံကြည်ကိုးစား လေးစားအားကျတာကို ခံနေရတဲ့ ဆရာဝန်မကြီးပဲ..။ နောက်သူမအပေါ်မှာ အမြဲတမ်း ကောင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းမတစ်ဦးပဲ..။
သူမစိတ်တွေဒုံးဒုံးကျသွားခဲ့တယ်။
သူမဟာ ဟိုးအတိတ်ထဲကိုပြန်ရောက်သွားသလိုမျိုး ၊ အိပ်မွေ့အချခံထားရသလိုမျိုး.........။
သူမ တတွတ်တွတ်ရေရွတ်ပြောဆိုနေသမျှကို မယုံကြည်နိုင်တဲ့ဟန် ၊စိတ်လက်မသက်သာဟန်၊ ယူကျုံးမရဟန် ၊ နာကျင်ကြေကွဲတဲ့ဟန်တွေနဲ့ ငြိမ်သက်နားထောင်နေတဲ့ချိုဟာ သက်ပြင်းရှည်ကြီးတစ်ချက်ရင်း မျက်နှာကို ချက်ချင်းပြုပြင်ပစ်လိုက် တယ်။ ချို့မျက်နှာဟာ သမားဂုဏ်အင်္ဂါအပြည့်နဲ့ ပြန်လည် နက်ရှိုင်းတည်ခံ့သွားခဲ့တယ်။
”ဒီရောဂါမျိုးဟာ တစ်ခြားနည်းလမ်းနဲ့လည်း ကူးစက်နိုင်တာပဲမေ ”
သူမကို နှစ်သိမ့်လိုက်တဲ့စကားမှန်းသိသိကြိး မသိသားဆိုးဝါးလွန်းစွာပဲ သူမ ရယ်မောပစ်လိုက်မိတယ်။
”ဘာလည်း ချို မုတ်ဆိပ်ရိပ်ဓါးတစ်ချောင်တည်းအသုံးပြုခဲ့မိကြလို့လား၊ ဒါမှမဟုတ် ဆေးတိုး အပ်တစ်ချောင်း တည်းနှစ် ယောက် အတူထိုးခဲ့မိလို့လား ၊
ကိုယ်က နှစ်ရှည်လများ မိန်းမနဲ့ခွဲပြီးအလုပ်သွားလုပ်နေတဲ့ လင်ယောက်ျား တစ်ယောက် ကို ကိုကိုမေ့ကို သစ္စာမဖေါက်ရဘူးနော်လို့ အရေခွံပါးတားမြစ်နေမယ့် ခပ်အူအူ မိန်းမမျိုး မဟုတ်ခဲ့ပါဘူးကွယ် ”
”ဒါပေမယ့် ကိုယ်အရမ်းနာကျည်းတယ် ၊ ဒီခေတ်မှာ ဒီလိုပညာမျိုးတွေတတ်ထားပါရက်နဲ့ ကိုယ်တို့ ဘ၀တွေ စုတ်ပြတ်သတ်သွားလောက်တဲ့ ကံကြမ္မာကိုဖန်တီးလဲလှယ်ယူရလောက်အောင်၊
ဘာအန္တရာယ်ကိုမှသတိမရနိုင်လောက်အောင် ဘယ်လို ညှို့ငင်ဆွဲ ဆောင်မှုအောက်မှာဘယ်လောက်အထိ အာသာငမ်းငမ်းဖြစ်ခဲ့ရသလဲ ဆိုတာ ”
ဆရာဝန်မအပျိုကြီးကို သူမအားနာမနေမိတော့ဘူး။ သူမခံပြင်းနာကျင်ရလွန်းလို့ ရင်ထဲမှာထပ်ထပ်ညံနေခဲ့တဲ့ စကားလုံးတွေကို ပထမဆုံးအကြိမ်တထိုင်တည်း ဖွင့်အန်ချလိုက်ရတော့ ပြေလျော့နေသာသွားလိုက်တာ......။
”ဒါပေမယ့် တစ်ကောင်ကြွက်ဖြစ်တဲ့ကိုကို့ကို ကိုယ် သိပ်ချစ်တယ်ဆိုတာတစ်ခုတည်းနဲ့ အကောင်းဆုံးတွေချည်း ဖန်တီးပေးခဲ့ပါတယ်ချို ”
ချိုဟာသူမပြောနေတာတွေကိုကြားဟန်မတူတော့ပဲတစ်စုံတစ်ရာကိုထိတ်လန့်တကြား တွေးတောနေပုံပေါ်နေ တယ်။ ချို့မျက်နှာဟာ မဖုံးဖိနိုင်လောက်အောင်ဖြူလျော်နေခဲ့တယ်။ သူမက အလိုက်တသိနဲ့ပဲ......
”ဒီမှာကြည့်ပါဦးချို ”
အသင့်ပါလာခဲ့တဲ့ စာအိပ်ကို စားပွဲပေါ်တင်လိုက်တော့မှ ချို လှုပ်လှုပ်ရှားရှားဖြစ်သွားရှာတယ် ။
”မင်း မင်းရဲ့ Result လားမေ...”
”ဟုတ်တယ်ချို ကိုယ် ကိုကိုရက်လည်တဲ့နေ့ကပဲ သွေးသွားစစ်လိုက်တယ် ။ သားကြီးအတွက်ကတော့ စိတ်ချ ရပါတယ် ၊ သားကိုယ်ဝန်ကြီးနဲ့ မှ ကိုကိုထွက်သွားတာ၊ ခု သား ရှစ်နှစ်ကျော်ပြီလေ ။”
”တကယ်ဆို ကိုကို့အကြာင်းသိသိချင်း စစ်ရမှာပေမယ့် စစ်ပွဲနှစ်ပွဲကို ကိုယ်တစ်ပြိုင်တည်း ရင်ဆိုင်နိုင်မယ်မထင်လို့ ကိုကိုကိစ္စ လုံးလုံးပြီးတဲ့နေ့မှ ကိုယ်သွေးသွားစစ်လိုက်တာ..၊၊ .”
သူမ အသံတွေတုန်ယင်ချင်လာတာကို အံတစ်ချက်ကြိတ်ပြီးထိမ်းလိုက်တယ်။ စာအိတ်ကိုဖွင့်ကြည့်ဖို့ ဟန်ပြင်လိုက် တဲ့ ချို့ လက်ကိုတော့ အသာလှမ်းကိုင်ပြီးတားလိုက်မိတယ်။
”ချို - ချို ကိုယ့် အဖြေကတော့ ကိုယ်ထင်တဲ့အတိုင်းပါပဲ ၊ ကိုယ်မျှော်လင့်ထားပြီးသားပါ ဒါ ဒါ ပေ မယ့်...”
ရှိုက်သံတွေထွေဝါးလားတဲ့ အသံကို သူမမထိမ်းချုပ်နိုင်တော့ဘူး ၊ ချိုကသူမကို ရုတ်တရက်တင်း တင်းကြပ်ကြပ် ထွေးပွေ့လိုက်တော့ သမီးလေးက ဆိုဖါပေါ်မှာ အပူအပင်မရှိအိပ်မောကျလို့လေ။
” ဒါ ဒါ ပေ မယ့်..ကိုယ် သမီးလေးကိုတော့ တစ်နှစ်ခွဲ မပြည့်သေးလို့ သွေးစစ်လို့မရသေးဘူးတဲ့ချို ကိုယ် လေ...ကိုယ် ”
” ပြောစမ်းမေ မင်းရင်ထဲမှာ ရှိနေတာတွေ ချို့ကိုပြောစမ်း ၊ ပြော ဘာပြောချင်လဲ ၊ ငါ ဘာတွေကူညီရမလဲ ၊ ငါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကူညီမှာပေါ့ သူငယ်ချင်းရယ်....”
သူမမေးဖျားကိုကိုင် မျက်ဝန်းချင်းစေ့စေ့ဆိုင်ပြီး တစ်လုံးချင်းပြောလိုက်တဲ့ ချို့စကားတွေကြောင့်သူမ ဆောက်တည်ရာပြန်ရသွားခဲ့တယ်။ဟုတ်သားပဲ
သူမ အထပ်ထပ်ပြောထွက်အောင်လေ့ကျင့်ထားပြီးသားစကားလုံးတွေလေ..။ သူမ အဆင်သင့်ဖြစ် နေအောင်ပြင်ဆင်ထားခဲ့တဲ့ အခြေအနေလေ..။
” မတော်တဆ သမီးလေးမှာ ရောဂါပိုးရှိနေခဲ့ရင် မင်း သမီးလေးကို မွေးစားထားပေးပါလားချို ၊ ကိုယ် ကိုယ် .. တစ်ခုခု ဖြစ်သွားပြီးရင်လေ....”
ချိုက အိကနဲဝိုင်းတက်လာတဲ့ မျက်ရည်တွေကို မျက်တောင်ပုတ်ပြီး ထိမ်းသိမ်းရင်း ..
” ဘယ့်နှယ့်မေရယ် ရောဂါပိုးရှိတဲ့သူဟာ ရောဂါရှင်မဟုတ်သေးဘူးလေ..၊ CD4 Count အရေအတွက်ကို စစ် ကြည့်ရမယ်..။ ARV ဆေးတွေကို မှန်မှန်သောက် ၊ ကိုယ့်ကိုကိုယ်ဂရုစိုက်ပြီး အစားအသောက်ကို စာရင်းဇယား အတိုင်းစားရင်....”
အို အဲဒီ့ စကားလုံးတွေဟာ ကိုယ် ကိုကို့ ကို ပြောနေကျစကားလုံးတွေပေါ့ ချိုရယ်.....။ မင်းလိုဆေးပညာဝေါဟာရ တွေနဲ့ စနစ်တကျကြီးမဟုတ်ပေမယ့် အဲဒီ့ စကားလုံးတွေကို ကိုယ် ကိုကို့ ကိုအထပ်ထပ်ပြောခဲ့တာ...။
” မင်း AZT ဆေးသောက်ခဲ့ရသေးလား ၊ PMC စီမံချက်တွေရှိနေတော့လေ....”
” ဟင့်အင်း ” ကိုယ်တို့ သမီးလေးမွေးပြီး သုံးလလောက်နေမှ သိခဲ့ကြတာလေ..။
” ဒါပေမယ့် မင်း သမီးလေးကို ဗိုက်ခွဲမွေးခဲ့တာမဟုတ်လား....”
သူမ လေးလေးကန်ကန်ကြီး ခေါင်းညိတ်ပြလိုက်တော့ မင်း နို့ရော တိုက်ခဲ့သေးလားဟင်..လို့ အားတက်သရော ဆက်မေးရှာတယ်။ အသံတိတ်သွားတဲ့ သူမရဲ့အဖြေကို ချိုက သက်ပြင်းတစ်ချက်ချရင်း...
” ဒီရောဂါပိုးဟာ မိခင်ကနေကလေးကို ကူးစက်နိုင်နှုန်းက ၃၀ ကနေ ၃၅ ရာခိုင်နှုန်းအထိပဲရှိတာ၊
မင်းက ဗိုက်ခွဲ မွေးခဲ့တာဆိုတော့ ရာခိုင်နှုန်းက ဒီ့ထက်လျော့ဖို့ပဲရှိတာ၊
မေ့ စိတ်ထဲမှာ သမီးလေးမှာ ဘာရောဂါမှမရှိဘူးလို့ပဲသဘောထား၊ တကယ့်ကို မရှိလောက်ပါဘူးမေရယ် ။
ဟုတ်ပါ့မလားချိုရယ် ၊ ဟုတ်ပါ့မလား....။ ကိုယ် ဒီဘ၀မှာဒီ့ထက်ပိုပြီးမကျဆုံးပါရစေနဲ့ ၊ ဒီ့ထက်ပိုပြီး မဆုံးရှုံး ပါရစေနဲ့...။
ဘုရား ဘုရား မတော်တဆ ကံဆိုးမိုးမှောင်ကျပြီး သမီးလေးမှာ ဒီရောဂါသာပိုးသာကူးစက်ခံခဲ့ရရင်....။
သမီးလေးကို ၊ သမီးလေးကို မင်းလက်ထဲမှာထားခဲ့ရမှလည်း ကိုယ် စိတ်ချနိုင်မှာပါချို......၊ သမီးလေး သက်တောင့်သက်သာ၊ အတွေးစကိုတိကနဲဖြတ်ချပစ်လိုက်ဖို့ သူမ ခပ်ကြောင်ကြောင် ရယ်ချ ပစ်လိုက်တယ်..။
” ချို CD4 Count သာမန်ကနေ လေး ငါးရာလောက် ကျချင်ကျနေနိုင်တဲ့မိန်းမတစ်ယောက်ဟာ ဘယ်လောက်အထိ အသက်ဆက်ရှင်နိုင်ဦးမလည်းဟင် ....”
” တော်စမ်းမေ ၊ ငါ ငါ့သူငယ်ချင်း ဆရာဝန်တစ်ယောက်နဲ့ မင်းကိုအပ်ပေးမယ် ၊ မင်း ငါတို့ ညွှန်ကြားသမျှကို တိတိကျကျ လိုက်နာရမယ် ၊ သမီးလေးနဲ့ပတ်သက်တာတွေလည်း လိုအပ်မယ်ထင်တာတွေ ဆက်လုပ်ရမယ်။ တကယ်လို့ လူနာတွေမှာ ရောဂါလက္ခဏာပြလာပြီဆိုရင်တော့ ဆေးရုံတက်ပြီး စနစ်တကျကုသမှုခံယူတာဟာ အကောင်းဆုံးပဲ၊ ထားပါတော့ အရေး ကြီးတာက ပြောစကားဆိုစကားကိုနားထောင်ပြီး မင်း ခေါင်းမာမနေဖို့...”
ချိုကသူမကိုခပ်ဆတ်ဆတ်မန်မဲသလိုပြောတော့သူကနည်းနည်းပြန်ငယ်သွားပြီးပျော်သလိုတောင်ဖြစ်လာခဲ့တယ်။ ချိုက သူမကို အော်အော်ငေါက်ငေါက်နဲ စာပြပေးနေကျလေ..။
” မေ….. မေ…..နင် ကြီးကြီးကို ဘယ်လိုပြောထားသလည်း ဟင်..”
သူမဆတ်ကနဲတုန်သွားခဲ့တယ်၊ အမေ့ကို သူမရဲ့ အမေ့ကိုလား ..။
သူ့သမီးဟာ သိပ်ချောသိပ်လှတာ၊လင်ကောင်းသာကောင်းရပြီး အခုဆို ရန်ကုန်မှာကြီးပွားနေတာ၊ သူ့မြေးလေး တွေက ဗိုလ်လေး ဗိုလ်မရုပ်ကလေးတွေလို သိပ်ချစ်စရာကောင်းတာလို့ အမြဲလို ဂုဏ်ယူဝံ့ကြွား ပိတိဖြစ်နေတတ်တဲ့အမေ့ကိုသူ့သမီးရဲ့အလူးလူးအလိမ့်လိမ့်ကျဆုံးခန်းအကြောင်း ဘယ်လိုပြောထွက်ပါ့မလည်း ချို…..။
” ကိုယ် အမေ့ကို ကိုကိုက တီဘီကနေ အဆုတ်ကင်ဆာဖြစ်သွားတာလို့ ၊ ကိုယ်ကတော့ တီဘီနည်းနည်း ကူးချင် သလိုဖြစ်နေတယ်လို့ပဲ ပြောထားလိုက်တယ်ချို....”
ချာကနဲ သူမကိုကျောခိုင်းပစ်လိုက်တဲ့ချို့ကျောပြင်ကို ခပ်ငေးငေးပဲကြည့်နေဖြစ်လိုက်တယ် ..။
” မိမေ ငါ နင့်သမီးလေးကို ငါ့သွေး ငါ့သား ထက်ပိုချစ်မယ် သိလား...”
ခေါင်းအညိတ်လိုက်မှာ မျက်ရည်တစ်စက်က ကျဖြစ်အောင်ကျရပြန်တယ်လေ ..။

(၅)
အမေရဲ့ရင်ခွင်နဲ့ထပ်တူထပ်မျှလုံခြုံနွေးထွေးစေနိုင်တာအဖွားအေရဲ့ရင်ခွင်ပဲလို့ သူမတစ်ကိုယ်ရည်မှတ်ချက်နဲ့သားကြီးကိုကျောင်းထွက်လက်မှတ်ယူလိုက်တယ်။ရန်ကုန်က ကျောင်းကောင်းကောင်းတွေမှာထားမှ ပညာတတ်ကြီးဖြစ်မှာဆိုတဲ့ အချက်ဟာ မခိုင်လုံကြောင်း ချိုက
သူမကို သက်သေပြထားခဲ့တယ်လေ..။
ကလေးနှစ်ယောက်နဲ့ ရောက်ချလာတဲ့သမီးကို ပိန်သွားလိုက်တာသမီးရယ် ဆိုတဲ့မှတ်ချက်နဲ့ အမေနဲ့ အဒေါ်လေး လုပ်သူက ၀မ်းသာအားရကြိုဆိုကြရှာတယ် ။
အမေ သမီး သားကြီးကို အမေနဲ့ထားမလို့ဆိုတော့အမေက မယုံကြည်နိုင်သလို မျက်လုံးကြီးပြူးကြည့်နေခဲ့တယ်။
” ဟုတ်တယ်အမေ သမီးက ကိုကိုဦးဆီက တီဘီကူးနေတာဆိုတော့ သားကြီးကိုကူးမှာစိုးတယ် ၊
နောက်ပြီး အဒေါ်လေးကိုလည်း ကလေးကျောင်းကြို ကျောင်းပို့ကအစ သမီးဆိုင်ကတစ်ဘက်နဲ့...”
စကားစက အလိုလိုပြတ်ကျသွားခဲ့တယ် ၊ တကယ်ဆို ဆိုင်ကိုရောင်းလာခဲ့တဲ့ ငွေထုတ်ကိုပိုက်လာခဲ့တာ ၊ အမေ့ကို လိမ်ရ ညာရတာတွေ သိပ်များလာတော့ သူမ အမေ့မျက်နှာကိုတောင် ရဲရဲရင်မဆိုင်ရဲချင်တော့ပါ..။
အမေကသူ့ခင်ပွန်းဝင်စားတယ်လို့ ယုံကြည်တဲ့ သားကြီးကို ၀မ်းသာအားရ တရှုံ့ရှုံ့နမ်းရှိုက်ပြီး ..။
မိမေနော် နောက်မှ ငါ့ကို အသည်းကွဲအောင်မလုပ်နဲ့တဲ့လေ..။
ဟဲ့ အငယ်လေးရော ကူးမှာမစိုးရိမ်ရဘူးလားဆိုတော့ မီးငယ်လေးက ကာကွယ်ဆေးထိုးထားပြီးသားအမေရဲ့
လို့ သူမပါးစပ်ထဲပေါ်ရာကောက်ပြောလိုက်ရင်း အမေ့ပေါင်ပေါ်ခေါင်းအုံးပြီး လှဲနေမိလိုက်တယ်။
တဒင်္ဂတော့ သူမ သောကအားလုံးကိုမေ့ပျောက်ပြီး ဟိုး...ဆယ်တန်းကျောင်းသူမဘ၀လောက်ကို ပြန်ရောက်သွားသလိုပါပဲ ..။
အမေက သူမဆံနွယ်တွေကို တယုတယပွတ်သပ်ပေးနေရင်း
” သမီးရယ် ညည်းမလည်း ခေတ်ပညာတတ်မဟုတ်တာကျလို့ တီဘီများကူးအောင်ပြုစုရတယ်လို့အေ ၊
မတော် ဟို အဆုတ်ကင်ဆာ ဆိုတာကြီးပါကူးရင် ဘယ့်နှယ့်လုပ်မတုန်း ...”
သူမ ဆတ်ကနဲတုန်သွားမိတယ် ၊ အမေ ယာသူမကြီးက အဆုတ်ကင်ဆာရောဂါကိုပါ ကူးစက်ရောဂါ ထင်နေခဲ့တာ ပါလား..။ သူမအတွက်တော့ တစ်မျိုးကောင်းတာပေါ့လေ..။
သူမ ခွေခွေနေတိုင်း သမီးနေသာရဲ့လား ၊ ဘယ်လိုနေလည်း နဲ့ ပျာပျာသလဲ တဖွဖွမေးစမ်းရင်း
သူမကိုအရိပ် တကြည့်ကြည့်ရှိနေခဲ့တဲ့အမေ့ရဲ့မျက်ဝန်းတွေဟာသူမသမီးလေးကိုကြည့်မိတဲ့မျက်ဝန်းတွေနဲ့
တစ်ထေရာတည်းတူနေမှာပါ။
တီဘီဆိုတာဗမာဆေးမှပျောက်တာအေ့ဆိုပြီးကျိုချက်တိုက်တဲ့ဆေးဥဆေးမြစ်တွေကို သူမသောက်ဟန်ဆောင် နေတာ အမေများရိပ်မိသွားလေမလား..။
သမီး က မလုပ်တတ် မကိုင်တတ်ဆိုတော့ ရှိတာလေးတွေတိုးအောင်ပွားအောင် အမေပဲစီစဉ်ပေးနော် ဆိုပြီး သူမ က ငွေတွေကို အမေ့လက်ထဲထည့်လိုက်တော့ အမေက ဂုဏ်ယူတဲ့အပြုံးမျိုးကို တသိမ့်သိမ့်ပြုံးလို့ ။
သတင်းမေးလာသမျှဧည့်သည်တွေကို မိမေကစိတ်ရောလူရောပမ်းသွားတာပေါ့တော်ဆိုပြီး
အကြိုးအကြောင်းတွေဇာတ်စုံခင်းရင်းမျက်ရည်စို့နေရှာတယ့်အမေရဲ့နှလုံးအိမ်ကိုမ
ှသူမကချေမွှရဦးမယ်တဲ့လေ...။မြေးကြီး၊မြေးငယ်တွေနဲ့အလုပ်တွေရှုပ်နေတဲ့ကြားကသမီးရယ် ရန်ကုန်မှာရှိတာတွေအကုန်ရောင်းချပြီးဒီမှာပြန်လာနေစမ်းပါလို့သတိရတိုင်းထထပြောနေတဲ့ အမျိုးသမီးကြီးဟာ ဘယ်လောက် ဆောက်တည်ရာမဲ့ကြေကွဲရဦးမှာပါလိမ့်......။
မိဘမဲ့ဆိုတဲ့ဝမ်းနည်းသိမ်ငယ်စိတ်ဟာ ကလေးသူငယ်တွေကို ဘယ်အချိန်ဘယ်အရွယ်လောက်မှာ နာကျဉ် နှိပ်စက်စေလိမ့်မလဲ..။
ဘယ်အချိန်မျိုးမှာသားကြီးဟာအဖေနဲအမေ့ကို့ကြေကြေကွဲကွဲတမ်းတနေမှာပါလိမ့်ကွယ်…။
ဘာ ကို မှ မတွေးပဲနေတဲ့ အချိန်တွေမှာပဲ သူမ အနည်းငယ် နေပျော်သလိုရှိတော့တာပါလား..။
လက်သာ တဲ့နေရာမှာ ပျော်တတ်တဲ့ ကလေးတွေရဲ့ထုံးစံအတိုင်း ဖွားဖွားကြီးနဲ့ ၊ဖွားဖွားလေးတို့ရဲ့ အလို လိုက် အရေးပေးမှုအောက်မှာ ရွှင်လန်းပျော်မြူးနေတဲ့ သားကြီးကိုကြည့်ရင်း လောလောဆယ်အတွက်တော့ သူမ စိတ်အေးသွားမိတယ်။
ကားအရုပ်ကလေးတွေကိုဖြုတ်လိုက်တတ်လိုက်နဲ့ အလုပ်ရှုပ်နေတတ်တဲ့ သားကြီးဟာ အင်ဂျင်နီယာကြီးများ လုပ်ချင်နေဦးမလား...။ ဟင့်အင်း သူမကတော့ဆရာဝန်ကြီးပဲလုပ်စေ့ချင်ပါတယ်။
” အမေ သားကြီးကို ဆရာဝန်ဖြစ်အောင်လုပ်ပေးနော် ...”
သူမလွှတ်ကနဲပြောလိုက်မိတယ်။
ရူးပ သူ့သားကဖြင့်ခုမှ သုံးတန်းတက်ရမှာလို့ အမေကပြန်ပြောတော့ သူမ အားရပါးရရယ်မောလိုက်မိတယ်။ သမီး မရယ်မောနိုင်ခဲ့တာ ဘယ်လောက်ကြာပြီလဲ အမေရယ်။
မေမေ ရေသောက်ချင်တယ်လို့ ခပ်ချွဲချွဲ ပြောလိုက်တဲ့သားကို
” သား သားက ယောက်ျားမဟုတ်ဘူးလားသား၊ ယောက်ျားဆိုတာကိုယ့်အားကိုယ်ကိုးရတယ် သားရဲ့ ၊
သားနဲ့မီနေတာသားဘာသာသွားခပ်သောက်ရမယ်နော်၊နောက်ဆိုသားတာဝန်သားယူရမယ့်အခြေအနေတွေ
ရောက်လာဦးမှာ ..”
သူမရဲ့ စကားဟာ ရှစ်နှစ်သားအရွယ်ကလေးတစ်ယောက်အတွက် ရက်စက်စိမ်းပြတ်လွန်းနေမလား ။
အို သား လေးရဲ့ စိတ်ထဲမှာ အမေဆိုတာ အားကိုးမှီတွယ်စရာဆိုတဲ့အသိမျိုး ၀င်နေလို့မဖြစ်ဘူးလေ..။
သားဟာ သူ့ကိုယ်ပိုင် အစွမ်းအစ လေးနဲ့ သူကိုယ်သူ ထိမ်းကျောင်းတည့်မတ်သွားနိုင်ဖို့ ..။
” အမေ ချို့ကိုမှတ်မိလားဟင် ၊ ခင်လေးချိုလေ ၊ အလည်ပိုင်းက ...”
” မှတ်မိပါ့တော် ၊ ဆရာဝန်မဖြစ်နေတဲ့ကလေးမ မဟုတ်လား ...”
” ဟုတ်တယ်ဟုတ်တယ် သူက မီးငယ်လေးကိုသိပ်ချစ်တာ အမေရဲ့ ၊ မွေးစားချင်လို့တဲ့ ...”
” မိမေ ညည်းက ကလေးတွေသူများလျောက်ပေးပြီး အပျိုလုပ်ချင်နေတာလား ...”
အမေက အငေါ်တူးတူးပြန်ပြောလိုက်တော့ သူမ ကြေကြေကွဲကွဲ ရယ်မောလိုက်မိတယ်။
အမေက သားကြီးကို သူမ ရင်ငွေ့ကခွဲထုတ်ထားမှာကိုတောင် သိပ်ကျေလည်ချင်ပုံမရခဲ့တာပါ ။
သား သမီးဆိုတာမိဘနဲ့ရင်အုပ်မကွာထားရတယ်အေ့စတဲ့အမေ့ရဲ့ဆုံးမသံတွေကိုသူမဘယ်လိုများကြားနာရပါ့မလည်းကွယ် ..။
သူမပြန်ခါနီး အမေ့ခြေဖမိုးကို မျက်နှာအပ်ပြီး မျက်ရည်သွယ်သွယ်ကျခဲ့ပေမယ့် ၊ သား မေမေက အရုပ်သွား ၀ယ်ပြီးပြန်လာမှာဆိုလို့ကြည်ကြည်သာသာနဲ့လက်ကလေးပြပြီးကျန်ရစ်တဲ့သားကိုနင့်နေအောင်နမ်းမွှေးလိုက်ချင်စိတ်ကိုတော့ အောင့်အည်းနိုင်ခဲ့ပါရဲ့လေ..။
မေမေ့ရဲ့ အနမ်းက သားလေးစိတ်မှာ နာကျင်တမ်းတစရာ ဒဏ်ရာတစ်ခုလိုကျန်မနေခဲ့စေချင်တာပါ သားရယ်။

(၆)
မျက်နှာထားခပ်တည်ထည်နဲ့သူမကိုကိုယ်တိုင်သွေးပေါင်ချိန်ကြည့်နေတဲ့ ချို့ကို သူမ မျက်နှာချိုသွေးနေမိတယ်။
”ကိုယ်နေကောင်းပါတယ်ချိုရဲ့၊ကိုယ် ဆေးလည်းမှန်မှန်သောက်ခဲ့တယ် ၊ကော်ဖီလည်းမသောက်ပါဘူး၊ လေ့ကျင့်ခန်း လည်းလုပ်ပါတယ်၊ အား ရှိ တာတွေ လည်းစားခဲ့ပါတယ် ။”
”မဟုတ်ဘူးမေ ဒီလောက်ခရီးဝေးကြီးကိုသွားလို့ ပင်ပမ်းတဲ့ဒဏ်ကို မင်းမခံနိုင်မှာစိုးလို့ ပြောနေရတာ ၊ အဲဒီ့ဒဏ် ကနေ Opportunistic Infections တွေဝင်လာမှာစိုးလို့ပြောနေရတာ ၊ ခေါင်းသိပ်မာတာပဲ မေရယ် ။”
ဆူပူသလို တဗျစ်ဗျစ်ပြောနေတဲ့ ချို့ ရဲ့ မျက်ဝန်းထဲကကရုဏာနဲ့ အကြင်နာတွေကို အမိအရလိုက်ဖမ်းကြည့်ရင်း ၊ သူမ မျက်ရည်တွေဝဲတက်လာအောင် ကြည်နူးနေမိတယ်။ ချိုရယ်လေ သူမအတွက်အလုပ်တွေရှုပ် အပင်ပန်းတွေခံလိုက်ရတာ…။ သွေးချင်းညီအမ မရှိတဲ့ သူမအတွက်တော့ ချိုဟာ အမကြီးပါပဲ..။
သူမကို တစ်ကိုယ်ကောင်းဆန်တယ် ပြောချင်ပြောကြပါစေတော့၊ ဒီအချိန်မျိုးမှာ ချိုနဲ့ ပြန်အဆက်အသွယ်ရတာ တစ်ခုတော့ဖြင့် သူမ ကံကောင်းပါတယ်လေ။
”ကိုယ် ချို့ရဲ့စေတနာကို နားလည်ပါတယ်ချိုရယ်..။ အခုက ကိုယ် ဆိုင်ရောင်းလို့ရတဲ့ ပိုက်ဆံလေးကို အမေ့တို့ အတွက် ပွဲရုံမှာရှယ်ယာသွားဝင်ပေးလိုက်တာ၊ အမေကလည်းဒီအလုပ်တွေကျွမ်းပြီးသားဆိုတော့လေ ”
သားအကြောင်း တစ်လုံးမှမပါအောင် သတိထားပြောနေတဲ့ သူမကို သက်ပြင်းလေးလေးရှိုက်ချလိုက်ပြိး ချိုက ငေးကြည့်နေခဲ့တယ်..။ချို့ကိုအခန်းအပေါက်ဝအထိလိုက်ပို့ရင်းချိုသမီးလေးကိုရောသွေးစစ်မကြည့်ကြသေးဘူး
လားဟင်လို့မေးချင်လိုက်တာမှလေ..။
လည်ချောင်းမှာနင်ပြီးပျောက်နေတဲ့အသံတွေကြောင့်သူမအသက်ရူရကြပ်လာသလိုပါပဲ.....။
ကိုယ် မနားနိုင်သေးပါဘူးချိုရယ် ။ ကိုယ့်မှာ လုပ်စရာတွေကျန်နေသေးတယ်လေ..။
အခုကိုယ်နေတဲ့တိုက်ခန်းကို အဆောင် ပုံစံပြင်ဆင်ပြီး အဆောင်ငှားဖို့ ၊ ကိုယ့်တူမ ဆရာမနဲ့တိုင်ပင် ထားခဲ့ဘူး တယ်လေ..။နောက် ကိုယ် လက်ဝတ်လက်စားတွေကို အာမခံဌာနမှာအပ်ဖို့ ၊ နောက် ကိုယ်ဈေး ပေါပေါရတုန်းက ၀ယ်ထားခဲ့တဲ့ တောင်ဒဂုံက မြေကွက်ကလေးတွေ တစ်ချို့ဆို ဘယ်နေရာမှာရှိမှန်းတောင် ကိုယ်မသိသေးဘူး၊ အဲဒါလေးတွေကို ရောင်းပြီး ကိုယ် တို့စရိတ်တွေနဲ့ တော်တော်လျော့သွားတဲ့ ဘဏ်စာရင်းကို ငွေသားပြန်ဖြည့်ထားနိုင်ဖို့ ၊ နောက် ကိုကို့ သူငယ်ချင်း ရှေ့နေ တစ်ယောက် နဲ့ ကိုယ်ဖြစ်စေချင်တာလေးတွေကို တရားဝင်ဖြစ်စေဖို့.....။
အဲဒါလေးတွေကျန်နေသေးတယ်ချိုရယ်..။ အဲဒါလေးတွေပါပဲ........။
အဲဒါတွေပြီးရင်
သူမ တာဝန်တွေ အားလုံး ပြီး ဆုံး သွား ခဲ့ ပြီ တဲ့ လား....။
တကယ်ပဲ ပြီးဆုံးသွားပြီတဲ့လား....။
အခုချိန်မှာတော့ ဘ၀ဟာ အလုပ်ထွက်စာတင်ထားတဲ့ အလုပ်တစ်ခုမှာ အလုပ်ဆက်လုပ်နေရသေးတဲ့ အချိန်အကန့် အသတ်တစ်ခုလိုပါပဲလား ကွယ်။

(၇)
ချို့ဆီကို ဖုန်းခေါ်ဖို့ အပြင်းအထန်ကြိုးစားနေတဲ့ သူနာပြုဆရာမလေးဟာ သူမမျက်ဝန်းထဲမှာပြာဝါးနေခဲ့တယ်။
သူမ ကိုယ်ထဲက သတ္တုဓါတ်တွေအားလုံး ခမ်းခြောက်ကုန်ပြီလား..။
သူမရဲ့ လက်တွေခြေတွေဟာ လှုပ်ရှားနိုင်စွမ်းမရှိလောက်အောင်ကို ညောင်းချိ နွမ်းနယ် နေလိုက်တာမှလေ..။
ချို သိရင်တော့သူမကိုမန်မဲဦးမှာသေချာတာပေါ့။
ချိုရယ် လာပါတော့ ။
ကိုယ်လေ တောင်ဒဂုံကမြေကွက်ကလေး တွေဝယ်သူရှိလို့ ရက်ဆက်သွားလိုက်မိတာ..။
နောက် ကိုယ် သိပ်ကြိုက် တဲ့ ပိန္နဲသီးတွေကိုတွေ့တော့ သတိလက်လွတ် ၀ယ်စားမိ လိုက်တာ...။
သမီးလေးရော ၊ သမီးလေးဒီအချိန်လောက်ဆို ကောင်မလေးရင်ခွင်ထဲမှာအိပ်ပျော်နေရောပေါ့။
သူမဟာသမီးလေးရှေ့မှာအပြစ်ရှိနေသလိုအမြဲတမ်းခံစားကြေကွဲနေရတဲ့အကြောင်း သမီးလေးကိုပြောပြချင်လိုက်တာ..။
တကယ်ဆို သမီးလေးအတွက် အကောင်းဆုံး ဆိုတာ တွေချည်း မေမေ ဖန်တီးပေးချင်ခဲ့တာ..။
ခုထိ ကျန်းကျန်း မာမာ ချိုချိုရွှင်ရွှင်ရှိနေတဲ့ သမီးလေးမှာ ချိုပြောသလို ဘာရောဂါ ၊
ဘာအနာတရမ မရှိနိုင်ဘူး ဆိုတာ ဟုတ်မှာပါ။
ဟုတ်ပါတယ်နော် ၊
အို.. ချိုကိုယ့် ကို နှစ်သိမ့်နေတာဆိုလည်း ကိုယ်သေချာပစ်လိုက်တော့မယ်ကွယ်..။
တစ်ကိုယ်လုံးပူလောင်ပြီး ခေါင်းတွေတဒိန်းဒိန်းကိုက်တက်လာတယ်။
သေချာတယ် ကိုယ် ဖျားနေပြီ.ချိုရယ်.။
နားထဲမှာ စီကနဲအူတက်သွားတဲ့အသံတွေနဲ့ သူမ ခဏလောက်အိပ်ပျော်သွားခဲ့သေးသလား...။
ပြာလွင်နေတဲ့ ကောင်းကင်က အခိုးအငွေ့တံတားတစ်စင်းကို သူမမြင်နေရပြန်ပြီလေ...။
ဟုတ်တယ် အခိုးအငွေ့တံတားတစ်စင်းပါပဲ...။
ကိုကို့ ကို နောက်ဆုံးအဖြစ်ပြောင်းလဲမြင်တွေ့ခွင့်ရလိုက်တဲ့ အရာတစ်ခုပေါ့။
ကိုကိုရေ......။
ကိုကို ဘယ်ကိုရောက်နေခဲ့ပြီလည်းကွယ် ၊ မေလေ အားလုံးအတွက် အဆင်ပြေအောင် စီစဉ်ထားပေးခဲ့တယ် သိလား ၊ သားကြီးအတွက် ၊ သမီးငယ်လေးအတွက် ၊ အမေ့အတွက်၊ မေ့ ရဲ့ကျေးဇူးရှင်ချို့အတွက်၊
အားလုံး အားလုံးအတွက်ပေါ့…...။
ဟင် !!
မေ့ အတွက် ဟုတ်လား ။
မေ့အတွက်.......။ မေ့အတွက် ..။ မေ့အတွက် တဲ့..။ဟုတ်ပါရဲ့..။
ဘ၀ရဲ့ အေးငြိမ်းရာထွက်ပေါက်တစ်ခုလို့ ဖတ်ဖူးကြားဖူးခဲ့တဲ့အာနာပါနသတိပဌာန် ဆိုတဲ့တရားတော်ကို နည်း နည်းလေးမှကြိုးစားပမ်းစား အားမထုတ်ခဲ့ဘူးအောင်ကို ဒီ စိုးရိမ်သောကဗျာပါဒ တွေနဲ့ပဲ ပူပြင်းလောင်မြိုက်ခဲ့တာပါလား..။
သူမချွေးစေးတွေနဲ့ ရွှဲနစ်လို့..။ သူမရင်ပြင်ဟာ ကြောက်လန့်စိုးရွံ့မှုတွေနဲ့ ဆတ်ဆတ်ခါနေလိုက်တာကွယ် သူမမေ့လျော့နေခဲ့လိုက်တာ ။
ဘုရားဘုရား...။
လက်အုပ်ချီဖို့ ကြိုးစားလိုက်တဲ့လက်ဖ၀ါးအတွေ့မှာ လက်စွပ်ကလေး နှစ်ကွင်း..။
သူမလက်သူကြွယ်မှာဂွမ်းစအ၀တ်ကလေးတွေခံပြီးရအောင်ဝတ်ထားခဲ့တဲ့ လက်ထပ်လက်စွပ်ကလေးနှစ်ကွင်း..။
ဂုဏ်သရေရှိမင်္ဂလာဧည့်ပရိတ်သတ်ရှေ့မှာ၊ဂုဏ်သရေရှိမင်္ဂလာဇနီးမောင်နှံကဆင်ယင်ပေးခဲ့တဲ့..
ကိုကို နောက်ဆုံးအချိန်အထိ အမြတ်တနိုးဝတ်ဆင်သွားခဲ့တဲ့...။
သူမ ခုချိန်အထိ အမြတ်တနိုးဝတ်ဆင်ထားဆဲဖြစ်တဲ့ ..။
လက်ထပ်မင်္ဂလာ လက်စွပ်လေးနှစ်ကွင်းပေါ့..။

ပိန်းပိတ်အောင် မဲနက်သိပ်သည်းနေတဲ့အမှောင်ထုထဲမှာ အလင်းတစ်စ မြင်လိုက်ရသလိုမျိုး..။
ရေနစ်နေသူရဲ့ ကောက်ရိုးတစ်မျှင်လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ..။

ချို ရေ.......။ ချို လာရင်...
ဒီလက်စွပ် ကလေးနှစ်ကွင်းကို ရောင်းလိုက်ဖို့..။
ရတဲ့ငွေကို HIV ကူးစက်ခံမိဘမဲ့ ကလေးငယ်လေးတွေအတွက် လှူဒါန်း ပေးဇို့....။
ဘာ အပြစ်မှမကျူးလွန်မိပဲ..ပြစ်ဒဏ်အချခံထားရတဲ့....ကလေးလေးတွေအတွက်....။.
မိဘမဲ့ ၊ပစ္စည်းဥစ္စာမဲ့တဲ့၊ရောဂါဘယ ရဲ့ ရက်ရက်စက်စက် ထိုးနှက်တိုက်ခိုက်တာကို ခံစားကြရဦးမယ့် ...
ကလေး လေးတွေ အတွက်လေ ။
သူမအမြတ်နိုးဆုံး ပစ္စည်းလေးကိုအရင်းတည်ပြီး လှူဒါန်းတာကြောင့် အမွန်မြတ်ဆုံးဖြစ်နေမှာပါ..။
တော်ပါသေးရဲ့ကွယ်။
သူမရဲ့ စိတ်ဝိဥာဉ်တစ်ခုလုံး လုံခြုံ အေးမြသွားသလိုလို .....။
သူမ စိတ်ရဲ လက်ရဲ တည်ငြိမ် သွားသလိုလို.....။
အခုကျနေတဲ့ မျက်ရည်တွေကတော့ သူမရင်ထဲက လှိုက်တက်လာတဲ့ ပိတိတွေကြောင့်ပဲဖြစ်မယ်ထင်ပါရဲ့။

အမေ နဲ့ ချိုက အမျှဝေရင် သူမက သာဓု ခေါ် ရ မှာ ပေါ့.......။

အို. . . .
သာဓုခေါ်နိုင်တဲ့ အခြေအနေရှိမရှိ ဆိုတာအထိတော့ ...
သူမ တွေးတောမနေတော့ပါဘူးလေ....။ ။


အိန္ဒြာ
(ရတီမဂ္ဂဇင်း၊၂၀၀၆ခုနှစ်)


11 comments:

MANORHARY said...

သတ်ပုံတွေသဒ္ဒါတွေ အရင်လာစစ်တာ
နောက်မှဖတ်တော့မယ်နော်း)း)

pandora said...

ရင်ထဲကို မျောပါသွားစေတဲ့ အရေးအဖွဲ့တွေက
၂၀၀၆ ခုနှစ်ကတည်းကပါပဲ။

ကံကြမ္မာလို့ပဲ ပြောရမလား
နောက်ပြန်လှည့်လို့မရတော့တဲ့ အဖြစ်အပျက်တွေ
အပြစ်မဲ့ကလေးလေးတွေရဲ့ အနာဂတ်
အခိုးအငွေ့တွေနဲ့အတူ...

အိုင်လွယ်ပန် said...

ဖြစ်သွားပြီ ဆိုတာတွေ က
တစ်ခါ တစ်လေ တော်တော်ဆိုးတယ်
အစ်မရေ ...

လင်းဒီပ said...

ဖတ်ပြီးတော့ မောသွားလိုက်တာ...။
ကြောက်စရာကောင်းအောင် သင်ခန်းစာပေးပြီး ရေးဖွဲ့သွားလို့ အများကြီးဆက်တွေးဖြစ်ပါတယ်အစ်မ...။
ဖတ်ပြီး ဆင်ခြင်နိုင်ကြပါစေလို့ပဲ...။

မယ့်ကိုး said...

မရေ... ဖတ်ရင်း သက်ပြင်း ခဏခဏချမိတယ်။ပညာပေးဇာတ်လမ်းကို ရသပါပါဖွဲ့ သွားတာ ထိထိခိုက်ခိုက်လေး ခံစားရပါတယ်လို့  ရိုးရိုးသားသားလေးပြောချင်ပါတယ် ... :)

အဆုံးမဲ့ချစ်တဲ့

MANORHARY said...
This comment has been removed by the author.
MANORHARY said...

အဖြူရောင်သက်တံ ကိုသတိရတယ်
ကြားခဲ့ရတဲ့ကဗျာတွေကိုနာကျင်နေတုန်းပဲ
ပြီးတော့....
အဖြူရောင်သက်တံ ဖန်တီးရှင်...
သင်တို့ကျန်းမာပါစေ...
အပြစ်မရှိသောကလေးငယ်များစွာအတွက်
အဖြူရောင်သက်တံတစ်စင်း လင်းချင်းဖို့လိုနေတယ်။

သီဟသစ် said...

မမအိန္ဒြာရေ

စာတွေကို ဖတ်ပြီး အတွေးတွေနဲ့ မျောပါသွားပါတယ်

တခါတလေတော့လည်း ကံကြမ္မာက အမျိုးသမီးတွေကို ပိုရက်စက်သလိုပဲ

သူတို့မှာ ဘာအပြစ်မှ မရှိဘဲ ကူးစက်ခံရတာကိုး


ခင်မင်စွာဖြင့်
သီဟသစ်

minn thuka said...

”ဒါပေမယ့် ကိုယ်အရမ်းနာကျည်းတယ် ၊ ဒီခေတ်မှာ ဒီလိုပညာမျိုးတွေတတ်ထားပါရက်နဲ့ ကိုယ်တို့ ဘ၀တွေ စုတ်ပြတ်သတ်သွားလောက်တဲ့ ကံကြမ္မာကိုဖန်တီးလဲလှယ်ယူရလောက်အောင်၊
ဘာအန္တရာယ်ကိုမှသတိမရနိုင်လောက်အောင် ဘယ်လို ညှို့ငင်ဆွဲ ဆောင်မှုအောက်မှာဘယ်လောက်အထိ အာသာငမ်းငမ်းဖြစ်ခဲ့ရသလဲ ဆိုတာ ”
.....အင်း အဲဒါကပြောရခက်တယ်ဗျ..
အရှိန်ပြင်းပြင်းနဲ့ရွေ့နေတဲ့ အရာဝတ္ထုမှန်သမျှ
ဦးတည်ဖက်တမျိုးမျိုးပြောင်းချင်ရင် သူ့ရဲ့ ခန္တာ
အစိတ်အပိုင်း ပွန်းပဲ့ထိခိုက်မှုက သာမန်ရွေ့နေတဲ့ အရာတွေထက်ပိုပြီး ပျက်စီးရတာပဲ...
........
ဒီတစ်ပုဒ်က အိန္ဒြာ စတိုင်နဲ့ တော်တော်လေး
အဆင်ကွဲနေတယ်....
ကျနော်အမြင်ပြောရရင် စိတ်ကို ဟင်းလင်းချပြီး ဇက်လွတ်လိုက်တယ်ထင်ပါတယ်...
အစအဆုံး ရေးထားတာတွေမှာ အတတ်ပညာပိုင်း လက်ကျတွေသိပ်ပါမလာဘူး...
အဲဒါက ဒီဝတ္ထုလေး ပိုအသက်ဝင်စေတာပါပဲ..
တည်ထားတဲ့ ဇတ်အိမ်ကလဲ အတတ်ပညာတွေနဲ့ ပြည့်သိပ်နေရင် စာဖတ်သူရနိုင်မဲ့ ရသ အများကြီးပျက်စီးသွားနိုင်တယ်...
အကောင်းဆုံးရွေးချယ်လိုက်တဲ့ တင်ပြမှုပါ...
...ဘာပြောပြော ကြောက်တောင်လာပြီ...တိုက်တိုက်ဆိုင်ဆိုင်
ဒီနေ့ MC သွားလုပ်ထားတာ...

ကောင်းကင်ပြာ said...

ရင်မောစွာဖတ်သွားတယ်၊ အရေးကတော့ လက်ဖျားခါတယ်၊ တော်ထှာ:)

{ဖူးင်္ပင့်ဝေ} said...

လက်တွေ့ဘဝတွေထဲက ထွက်ကျလာတဲ့ ဝတ္ထုလေးတပုဒ်ဖြစ်လို့ ဆို့နင့်ကြေကွဲစွာခံစားရပါတယ်
ညီမလေးရေ

အဖြစ်အပျက်တွေတူညီပေမယ့် နေရာဒေသကွဲပြားမှုနဲ့
အတတ်ပညာပိုင်းဆိုင်ရာတိုးတက်မှုကွာဟတဲ့အပေါ်မှာ
မူတည်ပြီး လူ့သက်တမ်းတွေကိုဆွဲဆန့်ထားနိုင်တဲ့နေရာ
တွေမှာတော့ ကံကြမ္မာဆိုတာကြီးက နည်းနည်းမျက်နှာလိုက်ပြီး အရောင်လက်နေလေ့ရှိပါတယ်
အကိုတို့မြန်မာနိုင်ငံက ဝေဒနာရှင်တွေရဲ့ ကံကြမ္မာကိုက
အရောင်မှိန်လွန်းပါတယ်လေ

ဖိုးမှိုက်နဲ့ဖွားရေတိုက်ဝတ္ထုထက်စာရင်
ဒီဝတ္ထုလေးကိုပိုကြိုက်တယ်...ဒါကြောင့်ဒီဝတ္ထုလေးပဲ
ယူသွားပါရစေညီမလေးရေ....