July 29, 2009

အိပ်မက်ဋီကာ

ညဟာ ကံကြမ္မာအိမ်ရဲ့ အံဝှက်တစ်ခုဖြစ်ပြီး..
အဲဒီ့ အံဝှက်ထဲက အိပ်မက်တွေ သိုး ရိ ကြောင်း ဖြစ် တယ်..။

အိပ်မက်ဟာ တောဘုရားပွဲရဲ့ ညဈေးခင်းဖြစ်တယ်..
ညဈေးခင်းမှာ တစ်နှစ်စာ ဆာလောင်မှုတွေက ပေါပေါလောလော မြှူဆွယ်တယ်...
အဲဒီ့ညှော်နံ့တွေက အာရုံကို ယားယံလာစေတယ်..။

အိပ်မက်ဟာ စိတ်အငုံတွေ ဖူးပွင့်လိုက်တဲ့ ပန်းဖြစ်တယ်..
ရေသောက်မြစ်ကနေ အညွန့်အဖျားလေးအထိ အလိုမပြည့်ခြင်းတွေနဲ့ စိမ်းမြတယ်..
ပွင့်ဖတ်လွှာတွေအားလုံးမှာ အနာတရတွေရင့်ဝါနေခဲ့တယ်..။

အိပ်မက်က ရေခဲငွေ့လွှတ်ထားတဲ့ ည ကပွဲသဘင်ဖြစ်တယ်..
ကပွဲသဘင်က အိပ်မက်ဆန်လွန်းတယ်..
အိပ်မက်ဆန်သမျှကို အိပ်မက်ထဲ ထည့်မက်ပစ်လိုက်တယ်..။

အိပ်မက်က အရောင်လွင့်နေပြီဖြစ်တဲ့ ကုတ်အင်္ကျီတစ်ထည်ဖြစ်တယ်
အိတ်ထောင်ထဲမှာ ခပ်ညံ့ညံ့ အာခံမာနတွေ ထည့်လာတယ်..
အဲဒီ့ မာနက ညဥ့်ဦးယံကတည်းက ကျပျောက်သွားခဲ့တယ်..။

အိပ်မက်ဟာ ကိုယ့်ဘ၀ကိုယ် ဘယ်အခြေရောက်မှန်းမသိတဲ့ နှစ်ချို့မြွေဖြစ်တယ်..
အထပ်ထပ် လဲလှယ်ဝတ်ဆင်နိုင်တဲ့ အရေခွံတွေလည်းရှိတယ်
ကိုယ့်အမြီးကို ပြန်ပြန်မျိုရင်းလည်း ဘ၀သစ်ကို ထုံကူးတယ်...။

အိပ်မက်ဟာ ချက်တင် ၀င်နေတဲ့ ဂလိုဘယ်ဖက်ရှင်မလေးရဲ့ ချက်ပြုတ်ဘောင်းဘီဖြစ်တယ်
သူမ လက်ကိုင်ဖုန်းထဲကို ရယ်ဒီမိတ်အနာဂတ်တွေ ပေါပေါလောလော လိုင်းဝင်တယ်
အိပ်မက်ကို ဆော့ဖ်ဝဲတစ်ခုလို ကီးဘုတ်နှိပ်ပြီးတော့လည်း ၀ရမ်း နိုင် တယ်..။

အိပ်မက်ဟာ စနစ်တကျ ချခွဲပစ်လိုက်တဲ့ ကြည့်မှန်တစ်ချပ်ဖြစ်တယ်
ဘယ်လိုမှ ဆက်စပ်မရနိုင်တော့တဲ့ စိတ်ကွဲစတွေ လွင့်ဝေတယ်
သွေးစက် ချင်းချင်းရဲအောင်ကို ဆက်စပ်ပုံဖေါ်နေရတယ်..။

အိပ်မက်က ဒိန်ခဲပျောက်ကိုရှာနေတဲ့ တက်ခေတ်ကြွက်ရဲ့ အနာရင့်ဖြစ်တယ်..
အနာဖေးတွေကို ကြွက်က ဒိန်ခဲထင်သွားတယ်..

အိပ်မက်က မျှော်လင့်ချက်ကို ထီးလုပ်ဆောင်းထားတဲ့ လ ၀ါဝါဖြစ်တယ်..
လ က ထီးရိပ်မှာ အရောင် အ နေ ခဲ့ တယ်..။

အိပ်မက်ဟာ ကြက်ခြေခတ်ဖို့အတွက် အသင့်ပြင်ထားရတဲ့ အနီရောင်မင်တံဖြစ်တယ်..
အဲဒီ့မင်တံက အမှားနဲ့ ရည်ငံသွားခဲ့တယ်..။

ပြောရရင်..
အိပ်မက်ဟာ တစ်စောင်ထိုးထားပြီးတစ်လလုံးစိတ်ကြီးဝင်နိုင်တဲ့ အောင်ဘာလေထီ၊

နတ်ဆိုးစုတ်နေတဲ့ မန္တန်

အတိတ်မေ့(ချင်/နေ)သူတစ်ယောက်ရဲ့ ဆဋ္ဌမအာရုံ၊

အိပ်မက်ဟာ သူပိုင်အကုသိုလ်တွေက
သူ့အိပ်စက်ခြင်းကို သူ မီးတိုက်နေချိန်လည်း ဖြစ်တယ်ပေါ့ .....။

တကယ်တော့
အိပ်မက်ဟာ ခြေကုန်လက်ပမ်းကျနေတဲ့ ရ ထား အို တစ် စင်း ပါ ကွာ...
ရထားက ဘူတာပျောက်ကိုရှာနေတယ်..
ဘူတာက အိပ်မက်ထဲမှာ တည်ဆောက်ဆဲ..။

အိန္ဒြာ (၁၈.၅.၂၀၀၇)

(ပိတောက်ပွင့်သစ်မဂ္ဂဇင်း အမှတ်(၂၂)ဇန်န၀ါရီလ၊၂၀၀၉ )

မြန်မာပြည်က မဂ္ဂဇင်းတွေရောက်လာတော့မှ ဒီကဗျာ မဂ္ဂဇင်းပါပါလားဆိုပြီး ၀မ်းသာအားရဖြစ်ရတဲ့ ကဗျာလေးပါ..။
ပိုပြီးပျော်မိတာက ချစ်သော မမမနော်ဟရီ ရယ်..၊
ချစ်ချင်ပါသော်လည်းအမြင်ကပ်စရာကောင်းသော ကဗျာဆရာတည်ရ ရယ်..
တစ်အုပ်ထဲမှာ တိုက်တိုက်ဆိုင်ဆိုင်ပါဝင်ခဲ့တာပါ..။
(ကာလီဖိုးနီးယားကိုလံဘတ်ကြီးကျန်နေတာကို စိတ်မကောင်းပါ.. ;P)
တည်ရရဲ့ ဖြောင့်ထားသော မျဉ်းများက အတူတူပါကြမှန်းမသိခင်ကတည်းတင်ပေးပြီးပါပြီ..။
ဘလော့မှာပါ အမှတ်တရဖြစ်အောင် အစ်မ မနော်ဟရီ့ကဗျာ(ပင်လယ်ရေသောက်သုံးသူ)ကိုလဲ တင်ချင်ပါသေးတယ်..။
မမ တင်မယ်..နော်..း)

29 comments:

MANORHARY said...

အိပ်မက်ဆိုတာ
ကိုယ့်အတွက်တော့
ဋီကာမချဲ့သင့်သော အဘိဓာန်တစ်ခု
တစ်ခါတစ်ခါ
မအိပ်စက်ချင်လောက်အောင်
သွေးပျက်စွာခြောက်လှန့်တတ်သောအရာ
...............

MANORHARY said...

ပင်လယ်ရေသောက်သုံးသူများကို တင်မလို့လား
ခွင့်ပြုပါ၏......း)

Zephyr said...

အိမ်မက်ထဲမှာ ကွန်မင့်မန့်ရန်ကြံစည်ခဲ့သော်လည်း ...
မရည်ရွယ်ဘဲတိုက်တိုက်ဆိုင်ဆိုင် နိုးသွားပါသည်....။

ခင်မင်စွာဖြင့်
Z

အိန္ဒြာ said...

ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဖိုးစိန် said...

အိပ်မက်

အိပ်မက်


အိပ်မက်မက်တယ်...


ညတိုင်း


အိပ်မက်ကိုကြောက်နေမိတယ်


ကောင်းသေားအိပ်မက်ဆိုရင် ပျောက်သွားရလို့ ဝမ်းနည်းရတယ်


မကောင်းသော အိပ်မက်ဆိုရင် စိတ်ခြောက်ခြားလို့

မောပန်းရတယ်

ဒါကြောင့် အိပ်မက်ကိုမလိုချင်ဘူး

အိပ်မက်ကိုကြောက်တယ်....


အိပ်မက်ဆိုတာ....

အိပ်မက်ဆိုတာ....


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

pandora said...

ချစ်တဲ့သူတွေနဲ့ မဂ္ဂဇင်းထဲ အတူတူ ပါရတာ ပျော်စရာကြီးပေါ့။ မုဒိတာ ပွားသွားတယ်။

အိပ်မက်ဆိုတာ သူရောက်မလာခဲ့ခင်ကတော့ နေမ၀င် မိုးမချုပ်တဲ့ ခပ်စုတ်စုတ် အင်ပိုင်ယာလေးပါ။ စစ်မတိုက်ရပါပဲ နန်းပွဲ ပလ္လင်ကို ကြည်ကြည်ဖြူဖြူ ထိုးအပ်ခဲ့တဲ့ တုံးအအ ဧကရီဟာ.. ကိုယ်ပါ။

maung said...

နိမိတ်ပုံတွေ တွင်တွင်သုံးထားတဲ့ ကဗျာ (လို့ ခေါ်လို့မရတဲ့ ကဗျာ)က ခေါင်းစဉ်ကစပြီး စာလုံးပေါင်းမှားနေတယ်။
အိပ်မက်
အိတ်ထောင်
အနာဂတ်
ကြက်ခြေခတ်
နတ်ဆိုးစုတ်* နေတဲ့
ဆဋ္ဌမအာရုံ

အစအဆုံးဖတ်ပြီး ဗမာပြည်ကစာနယ်ဇင်းအဆင့်အတန်းကို သဘောပေါက်သွားတယ်။

eaindraomtt said...

ဆရာမောင်ရေ

ကျေးဇူးပါ..
ကျွန်မအမှားပါ..
ဗမာပြည်က မဂ္ဂဇင်းက မှန်ပါတယ်..
ကျွန်မ ရိုက်ထားတဲ့ မူလဖိုင်အတိုင်း
ပြန်မစစ်မိပဲတင်လိုက်တာပါ..

အမှားကိုထောက်ပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်..။
ပြင်လိုက်ပါပြီ..။

ကဗျာလို့ခေါ်လို့မရတဲ့ကဗျာဆိုတာအတွက်တော့
စိတ်မကောင်းပါဘူး...
ကျွန်မတတ်သလောက်ရေးထားတာလေးပါ...
ဒီလိုရေးရင်ကဗျာ မဟုတ်ဘူးလို့သတ်မှတ်ရင်လဲ
ကျွန်မညံ့တာပါ...
နမိတ်ပုံဆိုတာကို တမင်ကြီးတွင်တွင်သုံးပြီးရေးခဲ့တာပါ

လေးစားစွာ
အိန္ဒြာ

အောင်သာငယ် said...

အိပ်စက်ရင်
အိပ်မက် မက်တာပဲ...

တချို့လည်း
မမက်ကြဘူး...

တချို့လည်း
နိုးနေရင်းနဲ့ မက်ကြတယ်...

ခုတလော
အိပ်မက်ကို အိပ်မက် မဟုတ်ဘူးလို့
ပြောနေတဲ့လူတွေပဲ တွေ့နေရပါလား...

ကြည့်ရတာ သူတို့ အိပ်မက်တွေက
အုတ်ခဲတုံးကလေးတွေလို
ပုံစံတကျ လှလှပပ ညီညီညာညာ
လေးထောင့်အတုံးကလေးတွေ ဖြစ်မှာပါ...

အိုင်လွယ်ပန် said...

တွင်တွင်သုံးထားတဲ့
အဲဒီနိမိတ်ပုံတွေ ရဲ့ အသုံးအနှုန်းကိုပဲ
အတော်လေး သဘောကျမိတယ်ဗျ ...

အရုပ်ကလေး said...

မကြီးရေးတဲ့ ပို့စ်အားလုံးမှာ အခုပို့စ်ကို အခြားပို့စ်တွေထက် အကြိုက်ဆုံးပဲ ..

အိပ်မက်တွေ မက်ရင်း အိပ်မက် နိုးထတဲ့အခါ
ဒါမှမဟုတ် တစ်ဝက်တစ်ပျက်နဲ့ နိုးထတဲ့အခါ
ဒီကဗျာကို ထပ်တလဲလဲ ဖတ်မယ် ..။

ကဗျာရဲ့ စကားလုံးတိုင်းမှာ စီးမျောသွားတယ် မကြီး ..

maung said...

ဆရာမဒေါ်အိန္ဒြာ
ပြင်လိုက်တော့ ဖတ်လို့ အဆင်ပြေသွားပါတယ်။
တလုံး နှစ်လုံးတော့ ကျန်သေးတယ်။
ထားပါ။
အိပ်မက်ဋီကာကို ကဗျာလို့ ခေါင်းစဉ်တပ်ထားလို့ ဖတ်ကြည့်တော့
စကားပြေသက်သက် ဖြစ်နေတာ တွေ့ရတယ်။
ဒါကို မော်ဒန်ကဗျာ ခေါင်းစဉ်ထဲ ထည့်ချင်တာလား။
မော်ဒန်ကဗျာဖြစ်ဖြစ် ခေတ်ဆန်းကဗျာဖြစ်ဖြစ် ဂန္ထ၀င်ကဗျာဖြစ်ဖြစ် --- ဘယ်ကဗျာအမျိုးအစားကိုမဆို
ကဗျာနဲ့ စကားပြေကို ညီမျှခြင်းချလို့မရဘူး။ အင်္ဂလိပ်ကဗျာ၊ ဂျပန်ကဗျာ၊ တရုတ်ကဗျာ --- နိုင်ငံတကာ ကဗျာတွေကိုလဲ လေ့လာကြည့်ပါ။
poetry နဲ့ prose တူမတူဆိုတာ လေ့လာကြည့်ရင် သိနိုင်ပါတယ်။
နိမိတ်* (နိမိတ်လို့ပေါင်းပါတယ် ခင်ဗျ) ပုံတွေ သုံးရုံနဲ့ စကားပြေက ကဗျာဖြစ်မသွားဘူး ဆိုတာ သတိပြုပါ။
ကျွန်တော် ခင်ဗျားတို့ကို မသိပါဘူး။ ရေးထားတာ အဆင်မပြေတာ မြင်လို့ဝင်ပြောတာ သက်သက်ပဲ။

ခင်ဗျားတို့ ဘုတ်-ကျီး ဘလော့လောက က ရယ်စရာလဲ ကောင်း သနားဖို့လဲ ကောင်းတယ်။
တယောက်နဲ့တယောက် မှားတာတွေ ထောက်ပြ ဝေဖန်ခြင်းမရှိဘဲ မြှောက်ပင့်နေတာကိုသာ သာယာနေရင် တိုးတက်မှုရှိမှာမဟုတ်ဘူး။
နောက်ဆုံးပြောချင်တာကတော့ ကဗျာရေးချင်ရင် မြန်မာစာကို အရင်လေ့လာပါ။ သဒ္ဓါနည်းကျကျ ရေးနိုင်အောင်ကြိုးစားပါ။ ဖောက်ထွက်တယ်ဆိုတာကလည်း အခြေခံနည်းစနစ်ကို သိမှ တဆင့်တက်သင့်တယ်။
ဒါမှလဲ အမှားကင်းမယ်။
ဒါပါပဲ။

အိန္ဒြာ said...

ဟုတ်ကဲ့..

ကျွန်မတို့ ဘလော့လောကဆိုတာက
ဝါသနာ ပါတာ...၊ စာမရေးရ မနေနိုင်တာလေးတစ်ခုတည်းကို အခြေခံပြီး
မလုပ်ရမနေနိုင်ကြလွန်းလို့
အချိန်မအား..စိတ်ပင်ပမ်းလူပင်ပမ်းနေကြတဲ့ကြားက လုပ်နေကြရပါ..။
ဘယ်သူမှ တတ်ကြသိကြလို့မဟုတ်ပါဘူး..
ကျီးဘုတ်လောကလို့ထင်ရင်လဲ ထင်လို့ရပါတယ်..
အားလုံးဟာ..
တစ်ယောက်နဲ့တစ်ယောက်ဖေးမ စာနာပြီး..
အားပေး ပျော်ရွှင်နေကြတာပါ..။

အဲဒီ့အတွက် ဘယ်နေရာလေးကတော့ လိုနေတယ်..
ဘာလေးတွေက ဘာဖြစ်နေတယ်ဆိုတာမျိုး အပြင်မှာ တရင်းတနှီးပြောဖြစ်ကြပေမယ့်
မှတ်ချက်လေးတွေမှာတော့ ဒီလိုပဲပြောသွားကြပါတယ်..
ဒီလိုပဲ ဖတ်ပြီးပျော်ရွှင်ကြရပါတယ်..။
အားလုံးဟာ ရည်ရွယ်ချယ်တစ်ခုခုနဲ့မြှောက်ပင့်နေကြတာမျိုးမရှိသလို
မြှောက်ပင့်နေတာကို သာယာတယ်ဆိုတာမျိုးကတော့
ဘယ်တုန်းကမှ မရှိပါဘူး...
ကိုယ့်ဘာသာသိနေပါတယ်..
ကျွန်မက ကိုယ်ရေးထားတာအားနည်းနေထင်ရင်
မှတ်ချက်လေးပါရေးပြီးတွဲတွဲတင်တတ်ပါတယ်..။
ကိုယ့်ဘာသာအရင်ဆုံးဝေဖန်ကြည့်တတ်ပါတယ်..။

ကဗျာကို သဒ္ဓါနည်းကျကျနဲ့ရေးဖို့
ကျွန်မလေ့လာရဦးမှာပါ..

ကဗျာကို စကားပြေ ဖြစ်ခြင်း ကဗျာဖြစ်ခြင်းဆိုတဲ့ အပိုင်းကတော့
ပညာရှင်တွေနဲ့ပဲဆိုင်ပါတယ်..
ကဗျာနဲ့ စကားပြေ ကွဲပြားခြားနားခြင်းအချက်အလက်တွေကတော့
ပညာရှင်တွေ ခွဲခြားသတ်မှတ်ပါလိမ့်မယ်..

ကျွန်မက ဘာမှမဟုတ်သလို
သွေးထဲက ပါလာတဲ့ ဗီဇ၀ါသနာတစ်ခုတည်းနဲ့လုပ်နေတာဖြစ်ပါတယ်..
ကျွန်မရေးချင်စိတ်ပေါက်လာတာလေးကို
ကျွန်မရေးချင်သလို ရေးချထားတာတွေပါပဲ..။

ခုလို
ကျွန်မတို့ကို မသိပဲနဲ့
အချိန်ပေးပြီး..ဝေဖန်ထောက်ပြတဲ့အတွက်
အချိန်ပေးပြီးဖတ်ရှုပေးတဲ့အတွက်
ကျေးဇူးအထူးတင်ကြောင်းထပ်ပြောချင်ပါတယ်ရှင့်

မေငြိမ်း said...

မောင်.. သို့။
ကဗျာဆိုတာ ဘယ်လိုဖြစ်ရမယ် ဘယ်ဟာကမှ ကဗျာလို့ ရှင့်မှာလည်း ပြောပိုင်ခွင့် မရှိပါ။ ရှင်သန်နေတဲ့ စာပေတွေမှာ ပုံစံအမျိုးမျိုး ပြောင်းလဲနေရပါတယ်။ မပြောင်းရင် Dead language, Dead Art ဖြစ်သွားပါမယ်။ ပြီးတော့ ကဗျာလို့ ခံစာပြီး ဖန်တီးသူက ကဗျာလို့ နာမည်တပ်ရင် အဲဒါဟာ ဖန်တီးသူ အနုပညာသမားရဲ့ လုပ်ပိုင်ခွင့်ပါ။ Artist ရဲ့ license, Poet ရဲ့ License ပါ။ ဒီကဗျာကို ရှင်ဖတ်ပြီး မကြိုက်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဘယ်လိုရေးပါ.. ဘယ်လို လုပ်ပါလို့ ရှင့်မှာ ပြောခွင့် မရှိပါဘူး။ ဘယ်သူမှာမှလည်း ပြောခွင့် မရှိပါဘူး။ (တကယ့် စာပေပညာရှင်.. ဝေဖန်ရေးပညာရှင်တွေတောင် မပြောပါဘူး)။ ဒါ သူပိုင် ဘလော့မှာ သူယုံတာကို ရေးတာပါ။ စာဖတ်ပရိသတ်ကို စော်ကားနေတာလည်း မဟုတ်ပါ။ ဒါကြောင့် ခုလို ၀င်ပြောတာမျိုးဟာ မသင့်တော်ပါဘူး။
မေငြိမ်း
စာရေးဆရာ။ မြန်မာစာဆရာမ။

ဆောင်းယွန်းလ said...

တိတ်ဆိတ်စွာဖတ်မိတော့
တိတ်ဆိတ်မှုတွေကိုပဲတွေ့ရတာပေါ့ညီမလေးရေ
အဲဒီတိတ်ဆိတ်မှုတွေထဲမှာပဲ အသံတွေရှိနေတယ်ဆိုတာကို လူတွေကသိပ်မသိကြလို့
တိတ်ဆိတ်မှုနဲ့ဆွံ့အမှုတွေမကွဲမပြားဖြစ်နေကြတာပါ
သတ်မှတ်သုံးသပ်သူရဲ့ ”စံ”ဆိုတာ ကွဲတယ် လွဲတယ်
ဘာကြောင့်ကွဲသလဲ လွဲသလဲဆိုတာတော့ အထူးတလှယ်ဆွေးနွေးစရာမလိုပါဘူး....

ထားပါတော့လေ...

အိပ်မက်ဟာ တောဘုရားပွဲရဲ့ ညဈေးခင်းဖြစ်တယ်..
ညဈေးခင်းမှာ တစ်နှစ်စာ ဆာလောင်မှုတွေက ပေါပေါလောလော မြှူဆွယ်တယ်...
အဲဒီ့ညှော်နံ့တွေက အာရုံကို ယားယံလာစေတယ်

သိပ်ကောင်းတယ်...
ဝတ္ထုလေးလည်းယူသွားမယ်နော်
ခင်မင်တဲ့
အကိုဆောင်းယွန်းလ

Mogok Thar said...

ဘ၀ဆိုတာ အိပ်မက်တစ်ခုမျှ သာ သာ။
အိပ်မက်ဆိုတာ သွေးလေ ခြောက်ခြားရင်လဲ မက်ရဲ့။
အိပ်မက်ဆိုတာ စွဲလန်းလွန်းရင်လဲ မက်ရဲ့။
အိပ်မက်ဆိုတာ မသိစိတ်ကို ဖွင့်တဲ့ တံခါးတွေလဲ ဖြစ်ရဲ့။
အိပ်မက်ဆိုတာ စိတ်စေတသိက် တို့ရဲ့ ခရီးသွားဖော်တွေပါကွာ။
ဘ၀ရထားက ထာဝရရပ်နားရမဲ့ ဘူတာရုံကို ရှာတယ်။
အိပ်မက်က အဲဒီ ဘူတာရုံကို ဖွက်ထားလေရဲ့။

ချစ်ခင်လေးစားစွာဖြင့်

Zephyr said...

နမူနာရေးပြပါဗျို့ ...
ကဗျာစစ်စစ်လေးတွေ ...
ကျေးဇူးမမေ့ပါဘူး ...။

ခင်မင်စွာဖြင့် ..
ကျီး ..
အဲလေ .. Zephyr

လင်းဒီပ said...

တကယ်တော့
အိပ်မက်ဟာ ခြေကုန်လက်ပမ်းကျနေတဲ့ ရ ထား အို တစ် စင်း ပါ ကွာ...
ရထားက ဘူတာပျောက်ကိုရှာနေတယ်..
ဘူတာက အိပ်မက်ထဲမှာ တည်ဆောက်ဆဲ..။

အိပ်မက်က ဘူတာရှာနေဆဲ ကြာပြီ....ဘူတာကလည်း ပျောက်နေဆဲ....။

HAPPYCLOUD said...

အမကြီးရေ.... ဘယ်လိုအိပ်မက်မျိုးဖြစ်ဖြစ်...
အိပ်မက်ဆိုတာ သာမန်ပုထုစဉ်လူသားတွေ အတွက် မရှိမဖြစ်လိုအပ်ချက်ပဲထင်မိတယ်...
အမကြီးရေ....အိပ်မက်တွေ တပျော်ကြီးမက်ရင်း....
ရောင်နီလာတာတောင် အိပ်ရာမထနိုင်တဲ့သူတွေ ထဲကျနော်တို့ပါနေတယ် ထင်တယ်ဗျာ... တခါတရံ လှပတဲ့အိပ်မက်တွေ မက်နေချိန်မှာ အိပ်မက်က မနိုးထချင်တဲ့ စိတ်တွေ...
အိပ်မက်ဆိုးမက်ချိန်မှာ မြန်မြန်နိုးထ ချင်စိတ်တွေ...ဖြစ်တတ်ကြတယ်ဗျာ... တရေးနိုးလို့ လက်တွေ့ဘ၀ကို ရင်ဆိုင်ရချိန်မှာ ကျနော်တို့တွေ... ခံနိုင်ရည်ရှိကြရဲ့လား...
ကာလန၈ါးလို အအိပ်ကြီးတဲ့သူတွေရဲ့ အိပ်မက်တွေကရော....
ရောင်စုံဖြာနေမလား...
မကြီးရေ...
ကျနော်တော့....
တခါတလေ အိပ်မက်ဆိုတာကို တကယ်ထင်တတ်တဲ့ သူတစ်ယောက်ဖြစ်နေတယ်ဗျာ...
ဖိုးမောင်

မိုးလှိုင်ည said...

ကိုမောင်
ဆိုတဲ့လူခင်ဗျာ မြန်မာဘလော့ကာတွေထက် ခင်ဗျားစာပိုတတ်တယ် ထင်ရင် စာပိုရေးပေးပါလို့တိုက်တွန်းချင်ပါတယ် ကျွန်တော်တို့ ခင်ဗျားတတ်တဲ့အထဲက သင်ယူစရာလေ့လာစရာတွေကို
ဖတ်ရှုချင်ပါတယ်... ကိုယ့်ဘာသာစာမရေးတတ်ရင်တော့ လာဝေဖန်မနေပါနဲ့
မြန်မာစာကိုလေ့လာပါ ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက်တွေ လုပ်မနေပါနဲ့ ဘလော့ရေးတာ ပိုက်ဆံတစ်ပြားမှမရပါဘူး .... ကိုယ်ဥာဏ်မှီသလောက်နဲ့ စာပေအကျိုးကို လုပ်နေတာ ... ကျွန်တော်တို့ထက်ပိုတတ်ရင် ကျွန်တော်တို့ထက်ပိုရေးဖို့ ခင်ဗျားမှာတာဝန်ရှိပါတယ်... စာရေးဆရာတွေ စာနယ်ဇင်းတွေမရှိရင် ခင်ဗျားမှာ သင်စရာ စာတောင်ရှိမှာမဟုတ်ဘူး...။ အပြုသဘောဝေဖန်တာကို လက်ခံပါတယ်...။ ဒါပေမယ့် စာနယ်ဇင်းလောကတို့ ဘလော့လောကတို့ကို တိုက်ခိုက်ပြောတာကတော့ တဆိတ်လွန်တယ်ထင်ပါတယ်...။

HAPPYCLOUD said...

ခက်သဗျ လူတို့အထာရယ်...
ဆူဖို့ရာခက်ခဲ...
သူမတတ်ပေမဲ့...
လူတတ်တို့ အထာကွယ်...
ဆရာနှယ်လုပ်သေး...
အဟုတ်တွေးရင်ဖြင့်...
ကျုပ်ကလေးငယ်ဘ၀က
ကြားဖူးတဲ့ ပုံပမာနှယ်...
ရယ်စရာမှတ်သေး...
သကြားဖန်ဆင်းတဲ့ ကျွဲကိုပင်ကွယ်
ဂျိုကုတ်ကာ ဖင်ရှုးတယ်လို့
အဖြစ်ကယ်ထူးစွာ...
ပြောကြသည်မှာ...
လူတို့ရဲ့အထာ..
ဤသို့ကွယ် ပုံနှယ်ထူးသမို့...
ပုထုစဉ်ဥမ္မတကောရယ်လို့...
ပြောကြသည့် အဆိုရယ်...
အိုဘယ့်ကွယ်...မှန်လှချည့်လေး...
အပျက်တွေးသမို့ ခက်သေးပါတယ်...
မျက်ချေးသာအဖွေး...
တွေးမိသမို့ရေးမိပါတယ်...
တွေ့ပုချိဆိုရမယ်လေး...
စိတ်ယားသမို့ ဖြေသိပ်စရာသဖွယ်
မှတ်ရေးပါတယ်...။
လွန်တာရှိရင်ဖြင့် ၀န္ဒာမိပြုပါတယ်...။

...
အဲဒါတော့ ဘာလည်းမသိဘူး...
(စကားပြေလား၊ ကဗျာလား)
ဖိုးမောင်

မယ်ကိုး said...

မရေ... ကဗျာလေးက ပွင့်ချပ်လေးတွေ အဆင့်ဆင့်ထပ်ထားသလို အရမ်းလှတာပဲ။

ကဗျာတွေ စကားပြေတွေ ဘယ်လိုပဲပြောပြော ရှိတ်စပီးယားရဲ့  စာတစ်စလေးတောင် သတိရမိပါသေးတယ်။

နှင်းဆီကို ဘယ်လိုအမည်ပေးပေး မွှေးနေမှာပဲ ဆိုတာ။

ဒီလို ဆိုလို့ ဘုတ်ကျီးအချင်းချင်း လေပေးသင့်တယ် ထင်ချင်လည်း ထင်ပါစေလေ။
မယ်တော့ ဒီကဗျာလေး အရမ်းကြိုက်တယ်။

အဆုံးမဲ့ ချစ်တဲ့...

minn thuka said...

ကဗျာလေးကို အလုပ်ကပြန်ရောက်တော့ ခံစားကြည့်မယ်ပေါ့..ဒါပေမယ့်ဗျာ ပြသနာတွေက မျက်လုံးထဲ စိုက်ဝင်လာတယ်..
ဘယ်လိုမှခံစားလို့မရတော့ဘူး...
ဆရာမောင်ရေ....
မိတ်ဆက်ပါရစေ..
ကျနော့်သမိုင်းကြောင်းကို နဲနဲပြောချင်ပါတယ်
မြန်မာကျော် ကဗျာဆရာ ထီလာစစ်သူ ကိုတောင်
ကဗျာတစ်ပုဒ်နဲ့ပတ်သက်ပြီး ၁၉၈၆ ခုနှစ်က
အခြေအတင် ပြောခဲ့တဲ့သူပါ...
အဲဒီ ပြသနာက ကျနော်တို့ အဖွဲ့မှာ အမြင်တွေကွဲပြီး ကျနော် ဒီလောကထဲက ထွက်လာခဲ့တဲ့ တစိတ်တပိုင်းပါ
အခု ဒီလောကမှာလဲ ကျနော်မကောင်းဘူးထင်ရင် ကောင်းပါတယ်လို့ တစ်ခါမှ မရေးခဲ့ဖူးဘူး
ကျနော်ကလဲ ဟုတ်တိပတ်တိ မရေးတတ်ပါဘူး...ဒါပေ့မယ့် အခံလေးနဲနဲပါးပါးရှိတော့ သူများဖန်တည်းထားတာတွေ
အနီးစပ်ဆုံးတော့ နားလည်ပေးနိုင်ပါတယ်...အခု အိန္ဒြာ ရဲ့ကဗျာက အကောင်းစားတော့မဟုတ်ပါဘူး
ဒါကလဲ နိမိတ် ပုံတွေသုံးလွန်းလို့ဖြစ်သွားတာ ဆရာနဲ့ ကျနော် အမြင်စလွဲပြီနော်...
ပြသနာက ..ဆရာက ကဗျာမဟုတ်ဘူး ဆိုတာပါပဲ..
ဆရာရေ မောင်ချောနွယ်ရဲ့ (အချစ်အကြောင်းပြောတဲ့ ည) ကိုလဲ ဆရာပြောသလိုဆို စကားပြေလို့ သတ်မှတ်ရမှာပေါ့..
နောက် ဆရာ တာရာမင်းဝေ ရဲ့ (ချစ်သူသို့..၅) ကကော ဘာဖြစ်သွားမလဲ..
အားလုံးလက်ခံထားတာက အဲဒီဆရာ ၂ ယောက်စလုံးဟာ ပုံစံတူထပ်မထွက်နိုင်တော့တဲ့ မြန်မာပြည်က ကြယ်နှစ်စင်းပါ..။
နောက် တစ်ပုဒ်က...

Unbreakable Promise! ! !


That day he was hidden behind the trees
Being alone I started crying
He came out from somewhere in a while
Holding my face he said “I love u now pls smile
And promise me baby that u wl never ever cry”

I kept that promise and I never cried again
Not even when I was standing near his grave
He is not near but I know he is watching me from there
That’s the reason why I keep smiling every now n then

There was time when my heart filled with extreme pain
And tears wanted to break their boundaries
But my promise held me back again

Yes m living this life alone just for my love
Even if I wl cry this time he wl not come
So I am living with a smile on my face
Smiling for the sake of promise which I made
The Promise that I wl never ever cry……

Neha Kathait
ဆရာ့အနေနဲ့ စကားပြေ လို့သတ်မှတ်မလား...
ပြီးတော့ တရုပ်စာရေးဆရာ (အကောင်းဆုံးကဗျာဆရာလို့ သူတို့သတ်မှတ်ထားတဲ့) "လီပိုင် "ရဲ့ ကဗျာတွေကိုကော
ဘယ်လို သတ်မှတ်မလဲ ဆရာတရုပ်လို နားမလည်ရင်" နိုင်းနိုင်းစနေ "ကိုသာမေးကြည့်


ဆရာတာရာမင်းဝေရဲ့ " ပလုံ " တောင် သတိပေးဆိုင်းဘုတ်လို့ ဆရာပြောဦးမလား

ထားပါတော့ဆရာ နောက်တခုက သတ်ပုံအကြောင်းပါ...

minn thuka said...

ဆရာမောင်သာရ ဆိုရင် စာတစ်မျက်နှာမှာ အမှား ၂၀ ကျော်လောက်ပါနေကျ...
သူ့လက်ရေးမူဖတ်ဖူးတဲ့ စာပြင်ဆရာတိုင်းသိပါတယ်..ဒါပေမဲ့ ဆရာမောင်သာရက သမတ ဟိုတယ်မှာနေပြီးစာရေးနေနိုင်
အောင်ကို အောင်မြင်ခဲ့တာပါ..။
ကျနော့်အသိ သေးသေးလေးနဲ့ပြောရရင် ကဗျာဆရာ စာရေးဆရာ အားလုံးက စာစစ်ဆရာမဟုတ်ပါဘူး..
မိခင်ဘာသာစကားဆိုပေမယ့် လူ ၁၀၀ မှာ ၉၀ လောက်က ဆရာပြောသလို သဒ္ဒါမှန်မှန်မပြောတတ်ကျပါဘူး...အားလုံးက
နားလည်မူယူထားကျတာပါ...ဥပမာ ဒေးဗစ်ဘက်ခမ်း ဗျာ...သူတက်တဲ့ပွဲတွေမှာ သူပြောတာတွေ နားထောင်ကြည့်ပါ
တော်တော်ညံ့တဲ့ လေယူလေသိမ်းနဲ့ ပြောတဲ့ စကားဝါကျတွေက ဘယ်တော့မှအဆီအငေါ်မတည့်ပါဘူး...
ဆရာ လုပ်တာနဲ့ စာပြင်ဆရာတွေ ထမင်းငတ်တော့မှာပဲ...
ဆရာမ မေငြိမ်းတို့လို အဓိက ယူထားတဲ့သူတွေ တိုင်း စာရေးဆရာမလုပ်တော့ ဆရာဖြစ်ချင်တဲ့ ဆန္ဒ ပြည့်မှာမဟုတ်ဘူး
ကျနော်ဆို သဒ္ဒါမှာတော့ ဖွတ်ဘိုးအေအသုဘ အဆင့်ထက်တောင်နဲနဲနိမ့်သေးတယ်..
..နောက်တစ်ခုက..
ဒီလောက က လုံးဝါသနာသက်သက်တွေပဲဗျ...အချိန်ကုန် လူပန်း အိပ်ရေးပျက် ဘာစာမူခမှ ရကြတာမှမဟုတ်တာ
တော်ရုံဝါသနာနဲ့တော့ အကြာကြီးမခံပါဘူးဗျာ...တစ်ယောက်နဲ့တစ်ယောက်ဖေးမပြီး
မောင်နှမတွေလို ကျားကန်နေကျတာပါဗျာ..ဆရာနားလည်ပေးသင့်ပါတယ်...ဒါမှမဟုတ်
ကျနော့်လို မကြိုက်ရင်မမန့်နဲ့ပေါ့...နောက်တစ်ခုက စည်းဆရာရဲ့...သူများမွေးထားတဲ့ သားသမီး မကောင်းဘူးပြောရင်
ဘယ်သူကြိုက်မလဲ... ဒါကြောင့် ခွင့်ပြုချက်မရရင် ကျနော်ဘာမှ ဝင်မမန့်ဘူး...
ဆရာအနေနဲ့ စေတနာနဲ့ ထောက်ပြတာလဲဖြစ်ချင်ဖြစ်မှာပါ..ဒါပေမယ့် ဝေဒနာတွေပဲ လိမ့်တက်လာတယ်
ဆရာအနေနဲ့ ကဗျာကို ပင်လယ်သေတစ်ခုလို အနားသတ်ဘောင်ခတ်လိုက်ချင်တာလား..

လူတွေက အသိဥာဏ်ရင့်လာလေ တွေးရတာတွေပိုနှစ်သက်လာလေပဲဆရာ..ဒါကခေတ်ရဲ့လိုအပ်ချက်ပဲလေ
ဒါမှမဟုတ်ရင် ကျနော်တို့ ရတုတို့ ပျို့ တို့ပဲ ဖတ်နေရမှာပေါ့....အမှန်က ဆရာမှာ မော်ဒန်ဖတ်နိုင်တဲ့ မျက်မှန်တစ်ခုလိုနေတာ
မော်ဒန်က သိုက်စာအညွန်းလိုတယ်ဆရာ အဲဒီအညွန်းလေးမှ တီးခေါက်မမိရင် ဆရာ ဘာမှနားလည်မှာမဟုတ်ဘူး..အားလုံး စကားပြေတွေပဲ
ထင်နေမှာ...ကဗျာဆိုတာကလဲ စကားလုံးတွေကျစ်အောင်လုပ်ထားတာ ဆရာ...

နောက်ထပ်တစ်ခု..ဆရာ မြန်မာပြည်က မဂ္ဂဇင်းတွေ ကို သိမ်းကြုံးပြီးမစော်ကားပါနဲ့ဗျာ...ဆရာမကြိုက်ရင် မကြိုက်ပိုင်ခွင့်ရှိပါတယ်
ဆရာပြောသလို ညံ့တယ်ပဲထားပါ...ဆရာကော အဲဒီက အယ်ဒီတာ တစ်ယောက်ရဲ့ အလုပ်လုပ်နိုင်ပါ့မလား (ငွေကြေးအပါအဝင်နော်)
ဆရာ ကဗျာဆိုတာ ခက်ပါသေးတယ် ဆရာအနေနဲ့ အက်ဆေးလေးတစ်ပုဒ်လောက်ရေးတင်ပါလား မှတ်သားချင်လို့ပါ..၊
ဆရာအနေနဲ့ ရေးပြီး တိုက်ကိုပို့ကြည့်ပါ...သိပါလိမ့်မယ်..အခုလက်သင်လေးတွေရဲ့ စာမူတွေနဲ့အပြိုင်ပေါ့...
စာမူပါဖို့ဆိုတာ လွယ်သလားလို့...(တခုတော့ရှိတယ် ဆရာက အမြီးသိတ်ရှည်နေရင်..ဒါမှမဟုတ် တိုက်ပိုင်ဆိုရင်တော့..ပါလာမှာပါ)
ထပ်မပြောတော့ဘူး ဆရာရေ....ဆရာလောက် သဒ္ဒါမတတ်တော့ ....

ဆရာမောင် အနေနဲ့ ကျနော့်ကို ကြိုက်သလိုဝေဖန် နိုင်ပါတယ်..
ကျနော် ဒါရေးပြီး ဘာမှ ပြန်လှန်မေးခွန်းတွေ ထပ်မရေးဘူး စိတ်ချ ..ဆရာစိတ်ကြိုက် ရင်ထဲရှိသလို တွယ်ပေတော့....

လေးစားစွာဖြင့်

ကောင်းကင်ပြာ said...

ကဗျာကို ကဗျာလို ယူဆဖတ်ရင်ကဗျာ၊ စကားပြေလို ယူဆ ဖတ်ရင်စကားပြေ၊ တို့ကတော့ နားလည်သလို ဖတ်သွားပါတယ်၊

တို့ အိပ်မက်လဲ ရထားအိုတစင်း ဖြစ်နေတာပါပဲ

အရုပ်ကလေး said...

ကိုမောင်ခင်ဗျား ..
ဘလော့ခ်လောကက စာရေးသူမောင်နှမတွေအားလုံး
ရင်နှီးမှုတွေရှိပါတယ် ၊ အပြင်မှာ တွေ့ဖူးတဲ့
မောင်နှမတွေရှိသလို တွေ့ခွင့်မသာသေးလို့
မတွေ့ရတဲ့ မောင်နှမတွေလည်း ရှိပါတယ် ။
မောင်နှမတွေရဲ့ မသိတရားတွေ ၊ အတွေ့အကြုံတွေ ၊
တွေးမိတာလေးတွေ ၊ လေ့လာမိတာလေးတွေ ... စသည်ဖြင့် အပါအ၀င်
ကိုယ်အားသန်ရာတွေကို ရေးသားနေကြတဲ့ မောင်နှမတွေချည်းပါပဲ ။
စာလုံးပေါင်းတစ်ချို့အမှားအယွင်းရှိတာလည်း
ဘယ်ဘလော့ခ်မှာဖြစ်ဖြစ် ဖြစ်တတ်တဲ့ သဘောလေးတွေပါ .. အချိန်လုပြီး တင်ရတဲ့အခါ ၊
လက်ချောင်းလေးတွေက ကီးဘုတ်မှာ ရိုက်တဲ့အခါ
အမှားအယွင်းလေးတော့ ဖြစ်တတ်ပါတယ် ..။
တစ်ခါတစ်လေလည်း ကိုယ်တိုင်စာလုံးပေါင်း မသိလို့ အမှားအယွင်းတွေလည်း ဖြစ်တတ်ပါတယ် .။

ကိုမောင် ပြောသွားတဲ့ ...
“တယောက်နဲ့တယောက် မှားတာတွေ ထောက်ပြ ဝေဖန်ခြင်းမရှိဘဲ မြှောက်ပင့်နေတာကိုသာ သာယာနေရင် တိုးတက်မှုရှိမှာမဟုတ်ဘူး။
နောက်ဆုံးပြောချင်တာကတော့ ကဗျာရေးချင်ရင် မြန်မာစာကို အရင်လေ့လာပါ။”

အဲမှာ ကျွန်တော်ပြောချင်တာက ..
ခင်မင်ခဲ့ကြတဲ့ မောင်နှမတွေမှာ ပို့စ်တစ်ပုဒ်ရဲ့ စကားလုံးတွေမှာ မှားနေတာ တွေ့နေရင် အွန်လိုင်းမှာ တွေ့တဲ့အခါ ပြောပြဖြစ်တာတွေ ရှိသလို ဖြည့်ဖတ်သွားတာတွေလည်း ရှိတယ် .. ။
ဘယ်လိုပဲဖြစ်ဖြစ် အဓိက ရေးသူရဲ့ ပို့စ်တစ်ပုဒ်ကို ဖတ်ခွင့်ရတယ်ဆိုရင်ပဲ စာပေချစ်တဲ့ မောင်နှတွေက တစ်ယောက်နှင့်တစ်ယောက် တန်ဘိုးထားပြီးသားပဲဗျ
တစ်ယောက်နှင့်တစ်ယောက် မြှောက်ပင့်တာပဲလို့ ပြောရအောင် မြှောက်ပင့်လို့ရော ဘာရမှာလဲ ..။
မြှောက်ပင့်ပြောလို့ ၀မ်းသားနေမဲ့ အစား လာမန့်တဲအခါ မောင်နှမတွေရဲ့ ဟာသအနှော စကားလေးတွေဖြစ်ဖြစ် ပို့စ်တစ်ပုဒ်ကိုသေချာဆွေးနွေးသွားတာ ဖြစ်ဖြစ် ..
အားလုံးက ပျော်စရာလေးတွေပါ ..။
လာမန့်ပြီ ဆိုကတည်းက အဆုံးစွန်ဆုံး ပြောရရင် ပို့စ်တစ်ပုဒ်လုံးကို မဖတ်ရင်တောင် စကားလုံးတစ်လုံး ၊ စာကြောင်းတစ်ကြောင်းတော့ ဖတ်သွားမှာပဲ .. အဲကတည်းက ကျွန်တော်တို့ ရေးသားသူတွေအဖို့ ရေးရကျိုးနပ်ပါတယ် ..
အဲဒါလေးကိုက ပီတိဗျ ..

ကိုမောင်အတွက်တော့ တိုးတက်မှုမရှိတာ ဖြစ်မယ်။
ကျွန်တော်တို့အတွက်တော့ တိုးတက်မှုရတယ်လို့ သိထားတယ် .. စာဖတ်လိုက်ရလို့ အတွေးအခေါ်လေးတွေ ဖြစ်ထွန်းသွားတာ ၊
တရားသဘောလေးတွေ သိမြင်သွားတာ စသည်ဖြင့် အများကြီးပါ ..။ ကိုယ်မသိတဲ့အရာ ၊ ကိုယ်မတတ်တဲ့အရာတွေ တစ်လုံးသိသိ ၊
တစ်ကြောင်းသိသိ တိုးတက်တာပါပဲ ..။

အမြင်မတူရင်တော့ ၀င်မရှူနဲ့ဗျာ ..
ကိုမောင်အတွက် လေကောင်းလေသန့်က ဘလောခ့်လောကမဟုတ်တဲ့ အပြင်လောကမှာ ပိုသန့်စင်ပါလိမ့်မယ် ။
ကျွန်တော်တို့ မောင်နှမအချင်းအချင်းတွေ အဖို့တော့ ဘလော့ခ်အိမ်လေးတွေက လေ၀င်လေထွက်ကောင်းတဲ့ အိမ်ငယ်လေးတွေပါ ။

ကဗျာရေးဖို့အတွက် မြန်မာစာကို ကောင်းကောင်းလေ့လာလိုက်ဦးမယ် ကိုမောင်ရေ ..။
ကဗျာရေးဖို့အတွက် မြန်မာစာနဲ့ ပတ်သက်ပြီး ဘယ်အချင်းအရာလေးတွေကို လေ့လာသင့်သလဲဆိုတာ ပြောပြပါဦးခင်ဗျာ ..။

HAPPYCLOUD said...

(((((တောက်)))))....
အရောက် နောက်ကျသကွာ... :D ဘုရားပွဲဈေးတန်းကျနေတာပဲ.. ဟား ဟား။

အရင်တုန်းက ကျုပ်ဆို မအိန္ဒြာရေးသမျှ စာလုံးပေါင်းမှားတိုင်း အွန်လိုင်းမှာ ကောင်းကောင်းတွယ်နေတာ။ မကြိုက်ရင်လည်း မကြိုက်ဖူး ကွန့်မန့်မှာတင် ချရေးပြစ်တာ။ ဒါပေမယ့် ကိုယ်တိုင်က စံမှီတဲ့စာ ရေးမထားနိုင်တော့ လေချည်းသက်သက် သူ့ကိုနှိပ်ကွပ်နေသလို ဖြစ်နေတော့တာပေါ့။ ဝေဖန်ရေးလုပ်မယ်ဆို ကိုယ်တိုင်ကလဲ “ဇ” ရှိဖို့လိုတယ်။

သူများကို အပြစ်ပြောမယ်ဆို ကျုပ်ကရှေ့ဆုံးက.... :D။ မယုံရင် မအိန္ဒြာကိုသာ မေး..... ဟား.. ဟား..။

မအိန္ဒြာကြီးကတော့ ကိုယ်တိုင်ဝန်ခံပြီး စာဝင်စစ်တတ်တဲ့ ကျုပ်ကို ဘလောဂ့်ထဲဝင်ပြီး ပြင်ခိုင်းပါလေရောဗျာ။ ဟေး ဟေး။

ကဲ...ဝေဖန်ရေးဆရာတို့... ကူညီမယ်ဆိုလည်း အစအဆုံးသာ ကူညီဗျို့။ :D

ဟေး ဟေး...မအိန္ဒြာဗျာ တော်တော်ဆိုး... စာလုံးပေါင်းမှန်အောင်((((ရေးးးးးးး))))

မိုးမောင်(Myanmar Idol 2009)

ကိုရင်နော်ခင်လေးငယ် said...

လူတိုင်းက အိပ်မက် ကိုယ်စီ မက်နေကြတာ..

သူဌေးကြီးလည်း သူ့ အိပ်မက်နဲ့ သူ..

ဆင်းရဲသားလည်း သူ့ အိပ်မက်နဲ့ သူ..

ဂလိုဘယ်ဖက်ရှင်မလေးလည်း သူ့အိပ်မက်နဲ့ သူ..

နိုင်ငံရေးသမားလည်း သူ့အိပ်မက်နဲ့ သူ..

လူအမျိုးမျိုး.. အိပ်မက်အမျိုးမျိုး.. မျှော်လင့်ချက်တွေ အမျိုးမျိုး..

တကယ်တော့ ဒါတွေဟာ အလိုမပြည့်နိုင်ခြင်းကနေ ထုံကူးသွားတဲ့ အိပ်မက်တွေပဲလေ..

မကြီးရေ..
ဒီကဗျာလေးကလည်း 3D ကြည့်ရသလို
တဖြေးဖြေးနဲ့ ပုံပေါ်လာတာ လှလိုက်တာ..
တချို့ မှုန်ဝါးဝါး မြင်ရင် မြင်မယ်
တချို့ ကွင်းကွင်းကွက်ကွက် မြင်ရင် မြင်မယ်..
တချို့တော့လည်း လုံးဝကို မမြင်ကြဘူးထင်ပါတယ်..

တန်းဖတ်လိုက်တာနဲ့ တန်းပေါက်သွားတာထက်
ကဗျာ့အနှစ်လေးကို တဖြေးဖြေး ပုံဖော်ခံစားရတာကိုက အရသာ..

ဟုတ်တယ်..
အဲ့ဒါဟာ တကယ့်ကဗျာ

Moe Myint Tane said...

ကဗျာဆရာက သူ့စိတ်အာရုံကို ပုံဖော်တယ်။
အဲဒီ့အာရုံအားလုံးကို ကဗျာထဲမှာစီးဆင်းစေတယ်။
ဒါဟာ ကဗျာတစ်ပုဒ် ကဗျာဆရာတစ်ယောက်ရဲ့ ရပ်တည်ခြင်းနယ်မြေ။
လည်ပတ်ခွင့်ရှိတယ် ကျူးကျော်ခွင့်မရှိဘူး။
အကြံပေးခွင့်ရှိတယ် သင်ပြခွင့်မရှိဘူး။
ခံစားမှုဆိုတာမယုံနိုင်လောက်အောင်နူးညံ့သလို စိတ်ဆိုတာ အစဉ်သဖြင့်ပျံ့လွင့်တတ်တဲ့သဘော။
အတွေးဆိုတာစိတ်ကူးနဲ့ပုံဖော်ထားတဲ့ ခပ်ရင့်ရင့်စုတ်ချက်ပန်းချီ။
ကဗျာဆရာဟာ သဒ္ဒါကိုမခံစားဘူး။
ကဗျာရဲ့အဆီအနှစ်ကိုဘဲ သောက်သုံးတယ်။
ကဗျာဆရာဟာ သတ်ပုံကိုမထုတ်လုပ်ဘူး။
ရင်တွင်းခံစားချက်ကိုပဲ ပုံဖော်ထုတ်တယ်။
ကျီးကိုဘုတ်မြှောက် ဘုတ်ကိုကျီးမြှောက်တယ်ဆိုရင်
ဘလော့ခ်လောကအတွက် ရာဇ၀င်တွင်မယ့် ကဗျာတစ်ပုဒ် စာတစ်ပုဒ် အစွမ်းရှိရင်ထုတ်ပြလိုက်ပါ။
လွယ်လွယ်နဲ့သာပန်းပွင့်ကြေးဆို ဥယျာဉ်မှုးတွေ သူဌေးဖြစ်ကုန်ကြပြီပေါ့။
ဘာဘဲဖြစ်ဖြစ်ဒီကဗျာကို ကြိုက်တယ်။
ဒါဟာ ကဗျာလည်းဖြစ်တယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်