December 6, 2008
ဒေါင်လိုက် ဖြတ်တိုက်သွားတဲ့ လေ
The Old Tower in the Fields
ဝင်လုဆဲဆဲနေရောင်ကို တိမ်တောင်တွေက အသနားခံနေကြတာပေါ့...။
သွင်သွင်ရမ်းရမ်း ၀ံ့စားနေတဲ့ တိုက်ခတ် လေထဲကို ကျွန်တော် သက်ပြင်းတွေ မှုတ်မှုတ်ထည့်နေမိခဲ့တယ်။
ကျွန်တော်က ဖေဖေ့ နှလုံးသားထောင့်စွန်းမှာ စိုက်ဝင်နေတဲ့ ဆူးရိုင်းတစ်ချောင်းပါ ဖေဖေ။ ဖေဖေ့ ညာ လက်ရုံးးကနေ စီးဆင်းလာတဲ့ကျွန်တော့် ဖြစ်တည်မှုဟာ အဖေ့အတွက် အင်အားတစ်ခုလည်း ဖြစ်မလာခဲ့ဖူးဘူး၊ ဆောင်ဓါး တစ်လက်လည်း ဖြစ်မလာခဲ့ပါဘူး..။
သိပ်ကို တိကျသေချာတဲ့ ၊ စေ့စပ်ထက်မြက်တဲ့ ဖေဖေ့ရဲ့ ချွင်းချက်တစ်ခုလို ကျွန်တော့် ခပ်ရော်ရော် အခင်းအကျင်းတွေကို ကျွန်တော့် စိတ်ညွှန်ရာ အသွင်အပြင် အတိုင်း ဆင်ယင်မိခဲ့တာ. .. ..
ကျွန်တော့် ကျောပိုးအိတ်ထဲမှာ ကျွန်တော့်ရဲ့ အာခံမာနတွေအပြင် ၊ ကျွန်တော် ဖတ်တဲ့ ဖေဖေမကြိုက်တဲ့ စာအုပ် တွေအပြင် ၊ အနုပညာတွေ တနင့်တပိုးပါလာခဲ့တဲ့အကြောင်း ကျွန်တော်က ရဲရင့် ၀ံ့ကြွား နေခဲဖူ့းတယ်လေ..။
စက်တပ်ထားတဲ့ရေယဉ်ရဲ့ ဦးခေါင်းတွေက မြားတစ်စင်းလိုပါပဲ...။
သူထိုးခွဲဖိုးကြိုးစားနေတဲ့ မြစ်ရဲ့ ရင်ဘတ်မှာ လှိုင်း တံပိုး ဒဏ်ရာတွေနဲ့ နာကျင်လို့..။
ဇက်ခွံ့မခံတဲ့ မြင်းရိုင်းတစ်ကောင်လို ဖေဖေ့ရင်ဝကို စုန်ကန်ပြီး ကျွန်တော် ကစုန်စိုင်းပြီးထွက်လာခဲ့တဲ့ နေ့တွေ ညတွေ လေ... ။
ကျွန်တော်က အိပ်တန်းပြန်စရာမရှိတဲ့ သင်းကွဲငှက်တစ်ကောင်လို...၊ ကျွန်တော်က ရေနည်းနည်းလေးထဲမှာ အလန့်တကြားကူးခတ်နေရတဲ့ ငါးဖျင်း တစ်ကောင်လို.....၊
မြို့ကြီးပြကြီးတွေက ရက်စက်တယ်လို့ ကျွန်တော် ဖေဖေ့ကို ပြောမပြချင်ပါဘူး ...။
ဟိုး...ဧရာဝတီကို ကန့်လန့်ဖြတ်ပြီး ပျံသန်းနေတဲ့ ငှက်မည်းလေးလိုနေမှာပါ...၊ အတောင်သိပ် ညောင်း လာလို့ မှ ခဏလေးတောင် ရပ်ပစ်လို့ မရတဲ့ ဘ၀ပေါ့ ...။
ဒါတောင် ငှက်တွေက လေဟုန်စီးလို့ရသေးရဲ့..၊ လူတွေက ငွေဟုန် စီးနိုင်မှ လိုရာရောက်နိုင်တော့လေ..။ ငွေကြေးဆိုတာ စိတ်တိမ်းပွေ အောင်ပြုစားတတ်တဲ့ စုန်းကဝေလို့ ကျွန်တော်က ကြွေးကျော်ခဲ့ဘူးတော့……...
ကျွန်တော်က ဒီအကြောင်းတွေကို ဖေဖေ့ကို ဘယ်ပြောပြမှာလည်း ဖေဖေရယ်...။
ဖေဖေကရော ကျွန်တော်ပြောရင် နားထောင်ချင်ပါ့ မလား..၊
အို......နားရော ထောင်နိုင်ပါ တော့ မ လား...
တောက်..... မိုက်မဲရက်စက်လိုက်တဲ့ အတွေး ကွာ...။
ကျွန်တော့် ရင်တွေ ပူပြင်းလောင်မြိုက်နေလိုက်တာ..။
ကျွန်တော့် နှလုံးသွေးတွေ တဒိတ်ဒိတ် ဆူဝေနေလိုက်တာ…။
ဒီအချိန်မျိုးမှာ ကျွန်တော် အလိုချင်အတောင့်တဆုံး၊ ဘာနဲ့ပဲ လဲပစ်ရ လဲပစ်ရလို့ ကျွန်တော် ကျိမ်းသေနေ မိတဲ့ ဆုလာဘ် ဒါမှမဟုတ် ဆုတောင်းဟာ ဘာဖြစ်လိမ့်မယ် ထင်ပါသလဲ ဖေဖေ..။
ဖေဖေ ခေါင်းသိပ်မာတဲ့ကောင်လို့ ပြောပြောနေတဲ့ အနုပညာမာနခပ်ကြီးကြီးနဲ့ ဖေဖေ့ သားကြီး လေ...
သိပ်ကိုနာကျင်ညောင်းညာနေတဲ့ အတောင်ပံကို အစွမ်းကုန်ဖွင့်ပြီး............
ဖေဖေ့ရင်ခွင်ဆီ
အပူတပြင်း ပြန်လာနေလေရဲ့...။ ။
--------------------
ဧရာဝတီ့ရဲ့ရေတွေ က နှစ်ခါပြန်မစီးကြပေမယ့်.. ၊
ကျွန်တော့်စိတ်တွေက ဧရာဝတီလိုတသွင်သွင်နဲ့ပေမယ့်..၊ နောက်ပြန်စီးနေခဲပါ့တယ်...။
တကယ် တော့ နှစ် နှစ်ဆိုတာ သိပ်မကြာပေမယ့် တော်တော်တော့ ကြာသွားခဲ့ပါပြီ...။
ကျွန်တော် သိပ်ကြောက်တဲ့ ကျွန်တော့်အတန်းပိုင်ဆရာက ကြောက်ရတဲ့ ကျောင်းအုပ်ဆရာကြီးဟာ ကျွန်တော့်ဖေဖေပေါ့..။
ပင်စင်စားဖေဖေ့ကို လာလာ ဂါရ၀ပြုတတ်တဲ့ ဖေဖေ့တပည့် ကျွန်တော့် ဆရာ မြင်သွားမှာစိုးလို့ ကျွန်တော် ပုန်းနေတိုင်း ဖေဖေက အခေါ်ခိုင်းရင် ကျွန်တော်သိပ်စိတ်တိုတတ်တယ်။
တကယ်ဆိုရင်လည်း အဲဒီ့က စခဲ့တယ်။
ကျွန်တော့်ကို ဖေဖေ့ နှလုံးအိမ်ထဲက ရာခိုင်နှုန်းတော်တော်များများပါမယ်ထင်ရတဲ့ ခေါင်းမာစိတ်တွေနဲ့ ၊ ရာခိုင်နှုန်း တော်တော်နည်းနည်းပဲ ပါဝင်မှာသေချာတဲ့ အနုပညာစိတ်တွေနဲ့ တိတိကျကျ ဖွဲ့တည်ခဲ့တယ် ထင်ပါရဲ့ ဖေဖေ။
ဟေ့ ငါ လည်း အနုပညာသိပ်ဝါသနာပါခဲ့တဲ့ ကောင်ပါ...၊ မယ်ဒလင်များတီးနေရမယ်ဆို ထမင်းမေ့ဟင်းမေ့ ၊
ဒါပေမယ့် ဘ၀အတွက် အဓိကနဲ့ သာမည ကိုခွဲခြားသိတယ် ၊ သိလောက်တဲ့ ဦးဏှောက်လည်းပါတယ်။
မဟုတ်ဘူးဖေဖေ..ကျွန်တော်ပြောပြောနေတဲ့ ကျွန်တော့်အနုပညာဆိုတာ ကျွန်တော် မမွေးခင်ကတည်းက ကျွန်တော့်သန္ဓေစိတ်မှာ ပူးဝင်စွဲကပ်နေတာဖြစ်ပြီး ၊ ကျွန်တော် သေသွားရင်တောင် ထားရစ်ခဲ့မယ့်အရာ ဖေဖေရဲ့..။
ကျွန်တော့်ရဲ့ လက်စလက်န မှန်သမျှကို ကျွန်တော်သိပ်ကြောက်ရတဲ့ ၊ ကျွန်တော့်ဖေဖေ့ကို အခု ထက်ထိ ကြောက်နေတဲ့ ဆရာက တဆင့် သိသိနေရကတည်းက ၊ တနည်း ကျွန်တော် အထက်တန်းကျောင်းသားဘ၀ကတည်းက ကဗျာ ဆိုတာဟာ ကျွန်တော်နဲ့တွဲစပ်ကြည့်ရင် သိပ်မျက်မုန်းကျိုးစရာ အရာအဖြစ် ဖေဖေ့ဆီမှာ ဖြစ်ပျက်နေခဲ့ပြီ..။
ဘယ် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်မှ မ၀င်ပဲ ဆယ်တန်းကို လှုပ်လီလှုပ်လဲ့ အောင်မြင်လိုက်ခြင်းက ကျွန်တော်နဲ့ ပတ်သက်တဲ့ ဖေဖေ့အတွက် ပထမဆုံး အရှိုက်ထဲအထိ နင့်နည်းပူလောင်သွားစေရှာမယ့် နာကျင်ဒေါသပေါ့..။
စက်မှုသိပ္ပံဝင်ခွင့်ရတဲ့နေ့ကဆို ဖေဖေဟာ အချိန်စေ့ကာနီးမှ ပင်နယ်တီကန်ခွင့်ရလိုက်တဲ့ ဘောလုံးသမားလို အင်းအား အသစ်တွေနဲ့ ရွှင်လန်းတက်ကြွလို့ရယ်လေ..။
ဒါပေမယ့် ကျွန်တော့်ဆာလောင်မှုတွေက အဲဒီ့စာမျက်နှာရောက်မှ ရပ်တန့်သွားခဲ့တာ ဖေဖေရဲ့..။ ကျွန်တော့် အသက်ဓါတ်ကို ကျွန်တော့် စကားလုံးတွေနဲ့ မျှားနေချိန်ဟာ အနေသာဆုံးပဲ..။
ကျွန်တော်ဟာ ကဗျာဆရာ..၊
ကျွန်တော်က ကဗျာဆရာလေ...။
ကျွန်တော်လား ကဗျာဆရာပေါ့…......။
အဲဒီ့လိုပြောနေရတာကိုက တော်တော် ချိုနေခဲ့တယ်...။
---------------------
ညစ်နောက်နေတဲ့ ရေပြင်က လှိုင်းဂရက်တွေကို အံတုပြီး ငါးဖမ်းပိုက်ဖေါ်နေတဲ့ လူ ဟာ ဘယ်လို သားသမီးမျိုးရဲ့ အဖေပါလိမ့်..။
ဟေ့လူ.....ဒီမှာ၊ ခင်ဗျား တစ်ဦးတည်းသော သားလေးက ကဗျာတွေ စာတွေချည်းရေးနေချင်ပြီး တခြားဘာကို ထူးချွန်ချေငံအောင် မလုပ်ချင် တော့ဘူးဆိုရင် ခင်ဗျားဘယ့်နှယ်လုပ်မလဲ..။
ပညာ သိပ်မတတ်လောက်တဲ့ ခင်ဗျားက ဘယ်လိုတွေ ဆုံးမ မလဲ..။
မဂ္ဂဇင်းမှာပါလာတဲ့ ကဗျာတွေကို ဒါကျုပ်သားရေးထားတာဗျလို့ တစ်ခါလောက်လေးဖြစ်ဖြစ် ဂုဏ်ယူဝံ့ကြွား ဖေါ် ရရင် သူ သိပ်ကျေနပ်ရှာမှာ.ဗျာ.။
ကျွန်တော်က ရင်ခုန်သံတွေ တိမ်းတိမ်းပွေပွေမှာ ကောင်မလေးရဲ့ ဆံယဉ်နွဲ့နွဲ့ကို ကျွန်တော့် မျက်တောင်စင်းစင်းတွေနဲ့ ယှက်နွယ်နှောင်ဖွဲ့ချင်လာတော့ ကဗျာဆရာပိုပီသလာတယ်...။
အသည်းကွဲရတာကို အရသာတစ်ခုလို စွဲလမ်းယစ်မူးနေခဲ့တယ်..။
မတော်တဆအသည်းကွဲရာမှ ခြေချော်လက်ချော် ကဗျာဆရာဖြစ်လာတယ်လို့ ဆရာသစ္စာနီကပြောဘူးတယ်။၊ ကျွန်တော့် မှာတော့ ကဗျာဆရာ အဖြစ်ကြောင့် မတော်တဆ အသည်းကွဲခြင်းတွေနဲ့ ခြေချော်လက်ချော် ဖြစ်နေခဲ့ရတာ......။
ဟေ့ကောင် ရေးရင်လည်းလုံးခြင်းရေးပေါ့ကွာ စီးပွားလည်းဖြစ်တယ် ၊နာမည်လည်းကြီးမယ်..၊ မင်းတို့ ဒီခေတ် ကိုယ့်ဘာသာ တစ်ယောက် တည်းနားလည်အောင် ရေးထားတဲ့ကဗျာမျိုးကို......။
မေးကြည့်ကွာ ၊ မင်း စာအုပ်ဆိုင် အ ၀ ကနေ စောင့်ပြီး စာဖတ်သူတွေကို မေးကြည့်လိုက် ..၊ မင်းကဗျာဆရာတွေကို သူတို့ ဘယ်နှစ်ယောက်သိကြလဲ လို့..။
ဇော်ဂျီကွာ ၊ မင်းသုဝဏ်ကွာ သိကြမယ် ၊ သိမှာပေါ့ သူတို့ လူနားလည်အောင်ရေးတာကိုး..။
ဖေဖေ့ ရာသီဥတုက ကဗျာဆိုတာထက် ခေတ်ပေါ်ကဗျာပေါ်မှာ ဆိုးဆိုးဝါးဝါး မည်းပြို့နေခဲ့တယ်..။
ကျွန်တော်တို့ရဲ့ တဆတ်ဆတ်ပူနွေးနီမြန်းနေတဲ့ နှလုံးသားတွေကို ဖေဖေ ဘယ်လိုမှ မကြည့်စိမ့်ခဲ့ဘူး..။ ဖေဖေရယ် ရှေးကဗျာတွေကိုတောင် ဘယ်မှာ နားလည်နိုင်ကြလို့လည်း ၊ ခက်ဆစ်တွေဖွင့်ပေးထားရတာ...၊ ကျွန်တော်တို့ ကဗျာတွေမှာ လည်း ခက်စစ်ဖွင့်ပေးမှ သိလို့ရမယ့် အံဝှက်တွေရှိတယ်..။
အလှဆင်ဖွဲ့နွဲ့ထားတဲ့ အလင်္ကာတွေရှိတယ် ၊ခန့်ထည်ဝံ့ကားနေတဲ့ ဂုဏ် မြောက်မှုတွေရှိတယ်..။
ကျွန်တော်တို့က ပုံစံခွက်တွေထဲမှာ ၀င်ထိုင်မနေချင်ကြပဲ ၊ ကျွန်တော်တို့ကိုယ်ပိုင် ပုံစံခွက် တွေကို ကျွန်တော်တို့ ကိုယ်တိုင်တီထွင်ကြည့်ချင်တာ..။
အသစ်တွေကိုလိုချင်တာ..။
ကျွန်တော်တို့ စိတ်ကူးစားကျက်ထဲမှာ ကျွန်တော်တို့စိတ်တွေကို အချုပ်အနှော မရှိလွှတ်ပေး လိုက်ကြတာ..။ ဘာကွ ။ ဘာ အသစ်လဲ..။
တမင်လော်မာထားတဲ့စကားစုတွေကိုလား ....... စတဲ့ ဖေဖေ့ မိုးချိမ်းသံအောက်မှာ ၊ ဖေဖေ့ စွဲချက်တွေ အောက်မှာ ကျွန်တော် နဲ့ ခေတ်ပေါ်ကဗျာဟာ လက်ချင်းမြဲမြဲချိတ်ပြီး အလူးလူးအလိမ့်လိမ့် ချစ်ခင်မြတ်နိုးလို့…...…။
မြန်မာပြည်က လက်ရှိလူဦးရေ သန်းခြောက်ဆယ်ကျော်ထဲမှာ ခေတ်ပေါ်ကဗျာဆရာဘယ်နှစ်ယောက် ပါလိမ့်မလည်း...။
သိပ်ကို သေးငယ်ပါးရှားတဲ့ ကိန်းဂဏန်းလေးထဲမှာ ကျွန်တော်က ဒုလ္လဘတစ်ခုလိုရခဲထားတဲ့ ကဗျာဆရာပါ..။ သေချာတယ်ဖေဖေ... ကျွန်တော်ဟာ လုံးဝဥဿုံ ကဗျာဆရာ..။
---------------------
ဟိုးဝေးဝေးမှာ ခပ်ရေးရေးမြင်နေရတာ ကျွန်တော့်ဖေဖေရှိတဲ့မြို့ပေါ့..။
ကျွန်တော်ဖေဖေ့ကို သိပ်ကိုကြည်ညိုလေးစားတဲ့သူတွေနဲ့ ကျွန်တော့်မိသားစုတွေ နေတဲ့မြို့ပေါ့....။
ကျွန်တော့် မေမေခေါင်းချသွားတဲ့မြို့ပေါ့..။
အခု ဘယ်လိုအခြေအနေမျိုးရှိမယ်မှန်းမသိတဲ့ ကျွန်တော့်ဖေဖေ့ကျန်းမာရေးနဲ့ ကျွန်တော့်မမကြီးရဲ့ သောကတွေကို ထမ်းပိုး ပေးထားတဲ့မြို့ပေါ့..။
သင်္ဘောဆိုက်ချိန်တိုင်း ငံ့လင့်တကြီးကျွန်တော့်ကို မျှော်မျှော်နေရှာတဲ့ကျွန်တော့်မြို့လေးရဲ့ အလယ်လောက်မှာ လှမ်းမြင်နေရတဲ့ မိုက်ကရိုဝေ့ဖ် ဓါတ်တိုင်ကြီးနားကို ကျွန်တော်ငေးရီမိလိုက်တော့ ရင်တွေတဒိတ်ဒိတ်နေအောင်ခုန် တက်လာခဲ့တယ်။ ဖေဖေ ဖေဖေ ဖေဖေ.....ရယ်။ ကျွန်တော့်တစ်ကိုယ်လုံးပူလောင်နေလိုက်တာ…။
ငယ်ငယ်တုန်းက ဖေဖေ့ ဇက်ပေါ်ခွရင်း၊ အဲဒီ့ ဓါတ်တိုင်ကြီးကို လက်ညှိုးလှမ်းထိုးရင်း သားတို့အိမ် သားတို့အိမ် လို့ ခုန်ဆွ ခုန်ဆွ လုပ်ပြီး အော်နေ ရတာ သိပ်ပျော်စရာကောင်းတာပဲ…....။
ဖေဖေ......၊ ဖေဖေဟာ ကျွန်တော့် ကို ဘယ်တုန်းကမှ လေးလံ မနေခဲ့ဘူးနော်။
အခု ကျွန်တော်က လေထန်ကုန်းထောင့်က စားပွဲမှာ မရဲတရဲ ထိုင်ရဲနေပြီဖြစ်တဲ့ ၊ ဟိုစာအုပ် ဒီစာအုပ် ဖျောက်ဖျောက် ခြားခြား ပါခွင့်ရနေပြီဖြစ်တဲ့ ကဗျာဆရာရင့်မကြီးဖြစ်နေပြီ..ဖေဖေ ။
ကျွန်တော့်ခမျာ ကောင်လေး မင်းကဗျာမဆိုးဘူးကွဆိုတဲ့ အသံကို ဆုလာဒ်တစ်ခုလို
တောင့်တပြည့်စုံနေတတ်ပြီ..။
သား မင်းဘယ်လိုစား ဘယ်လိုနေလဲ လို့ ဖေဖေစိုးရိမ်တကြီး မေးချင်နေမှာပါ...။
ကျွန်တော်လေ.....။
စာပေနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုမယ်လို့ ဖေဖေ့ကို ကြီးကြီးကျယ်ကျယ်ပြောထားခဲ့တဲ့ ဖေဖေ့သားက တစ်ခါတစ်လေ ဂျာနယ်တွေကို လက်နဲ့ပွေ့ပြီး ကားဂိတ်တွေမှာ ရောင်းတယ်ဖေဖေ…။
တစ်ခါတစ်လေ စာအုပ်လိုက်ဖြန့်တဲ့ သူငယ်ချင်းတွေကို ကူညီပေးပြီး ဘော်ဒါကြေးယူတယ်ဖေဖေ…..။ တစ်ခါတစ်လေ...မဂ္ဂဇင်းတိုက်တစ်ခုခုမှာများ အလုပ်ရမလားလို့ စုံစမ်း နေတတ်တယ်ဖေဖေ..။
တစ်ခါတစ်လေ... တစ်ချို့ တစ်ခါတစ်လေ မှာ ကျွန်တော်ဟာ ကျွန်တော့်ကိုယ်ကျွန်တော်ချော့မြူနေရတယ် ။ တစ်ခါတစ်လေ တော်တော်များများမှာတော့ ကျွန်တော်ဟာ ကျွန်တော်ပျောက်လို့ရှာနေရတော့တာပဲ ဖေဖေ..။ တော်တော်များများတစ်ခါတစ်လေတွေမှာ ကျွန်တော်ဟာ ဖေဖေလုံးဝမကြိုက်တဲ့ အရက်ကို တော်တော် လေးကြိုက်နေမိခဲ့ပြီး ၊ အဲဒီ့ တစ်ခါ တစ်လေ တိုင်းမှာ ဖေဖေ ဟောကိန်းထုတ်ခဲ့တဲ့ အရက်ဖိုးလိုက်လိုက်တောင်းတတ်တဲ့ ကဗျာဆရာတော့ လုံးဝမဖြစ်စေရဘူးလို့ ကိုယ့်ကိုယ်ကို အာမခံ နေတတ်တယ်ဖေဖေ..။
အနုပညာဆိုတာ အစာခံနိုင်ခြင်းသဒ္ဓိ ၊ ခေတ်ပေါ်”ကဗျာဆိုတာ ကျွန်တော်တို့ နှလုံးသားသိုက်ကို ညွှန်းပြထားတဲ့ ၀ှက်စာတွေ.....။.
ဒါပေမယ့် ကျွန်တော်က ဆံပင်တွေကိုတော့ သေသေသပ်သပ်ညှပ်လာမိခဲ့ဖို့ ကောင်းတာပါ..။
------------------------
အထိမ်းအသိမ်းမဲ့ခုန်ရမ်းနေတဲ့ နှလုံးအိမ်ကို ကျောပိုးအိပ်ကိုင်ထားတဲ့လက်နဲ့ ရောနှောဖိထားလိုက်တော့ နည်းနည်းနေသာသွားသလိုရယ် .။
ကျွန်တော် ခြေလှမ်းတွေကို ရှေ့ ဆက်မလှမ်းဝံ့လောက်အောင် တုန်လှုပ်နေမိတယ်။
အသည်းအသန် ။
အသည်းအသန်ဆို တာ ဘယ်လောက်အထိဆိုးဝါးတဲ့ အခြေအနေပါလိမ့်.....။
ကျွန်တော်ဆီရောက်နှင့်နေတဲ့ သတင်းနဲ့ ကျွန်တော်သိခွင့်ရလိုက်ချိန်တို့ရဲ့ ကြားကွာဟချက်မှာ ဘာတွေဟာ ဘယ်လောက်အထိ ရက်ရက်စက်စက် ပြောင်းလဲ သွား ခဲ့ပြီလဲ.......။
ကမျူးရဲ့ မာဆိုးဟာ သူ့အမေဆုံးတာကို ဘယ်လိုလေးမှ မခံစားရသလိုနေနိုင်ခဲ့တယ်တဲ့..။
ကျွန်တော်ဒီလို တွေးလိုက်မိတာကို ဖေဖေသာသိရင် ဘယ်လောက် ကြေကွဲသွားရှာမလဲ..။
ဒိဋ္ဌိတွေကို ဆရာတင်ကိုးကွယ်နေတဲ့ကောင်လို့ ဖေဖေပြောဦးတော့မှာပဲ..။
သား.. မင်းဖတ်ဖတ်နေတဲ့ ယန်းပေါလ်ဆတ်တို့ ၊ ကမျူးတို့ ။
စဉ်းစားကြည့်စမ်း...၊ သူတို့ဟာ သိပ်သနားစရာ ကောင်းတယ် ၊ သူတို့ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး အစစအရာရာ အရှုပ်အထွေးတွေကြားထဲမှာလူဖြစ်လာကြတယ်..။
သူတို့ဘာကိုမှ စိတ်ချလက်ချ မယုံရဲကြဘူး..။
သူတို့အတွက်သေခြင်းတရားဆိုတာ အမြင့်မားဆုံးထွက်ပေါက်လို့ ထင်မြင် နေကြတယ်..။ ဖေဖေ့အထင်ပေါ့ကွာ....။
ကံကံ၏ အကျိုးဆိုတာ သူတို့သိခွင့်မရရှာဘူး..၊ ဘ၀တွေရဲ့ ငြိမ်းချမ်းရာအစစ်အမှန်ဆိုတဲ့ ရုပ်နာမ်နှစ်ပါးစလုံးချုပ်ငြိမ်းရာ သန္တိသုခ နိဗ္ဗာန်ဆိုတာ ကို လည်း မသိနိုင်ရှာကြဘူး၊ အဲဒီ့ နိဗ္ဗာန်ကိုရောက်နိုင်တဲ့နည်းလမ်း ရှိတယ်ဆိုတာလည်း မသိကြရှာဘူး၊။
ဒါကြောင့်သူတို့မှာ အမြဲ ကျဉ်းထဲ ကြပ်ထဲမှာ ထွက်ပေါက်မရှိဖြစ်နရရှာတာ...။
သူတို့ထွက်ပေါက်ကို သူတို့ဘာသာ ရှာဖွေနေရတာ…...။
မဟုတ်ဘူးဖေဖေ ကျွန်တော်က သူတို့ဝိဥာဉ်မှာပျော်ဝင်တောက်စားနေတဲ့ သူတို့ရဲ့ အနုပညာကို မြတ်နိုးတာ..၊ သူတို့ရဲ့ ရဲရဲဝံ့ဝံ့ ဖန်တီးနိုင်စွမ်းတွေ၊ သူတို့ရဲ့ အသစ်တွေ ကို လေးစားချီးကျူးတာ၊ အားကျတာ..။ မင်းချိတ်ထားတဲ့ ဒီပန်းချီကားကိုဆွဲတဲ့ ဗင်းဆင့်ဗန်ဂိုးဆိုရင် ကြည့်ကွာ ..။
သူ့တစ်သက်ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးခဲ့ဖူးဘူး ၊ဘယ်လောက် ကြောင်သလဲဆိုရင် သူ့အဖော်မလေးကို နားရွက်ဖြတ်ပေးတယ်တဲ့...။
မင်းဆို ပေးမလား..။
ကဗျာဆရာရှယ်လီကွာ၊ ဆစ်ဗီယာပသာ့ပ်ကွာ အဖန်ငါးရာ ငါးကမ္ဘာမကြောက် ကိုယ့်ကိုယ်ကို သတ်သေကြတဲ့သူတွေ...၊ ဥပစ္ဆေဒကံနဲ့ သေကုန်ကြရတဲ့သူတွေ…..။
မဟုတ်ဘူးဖေဖေရဲ့...... မဟုတ်သေးဘူးဖေဖေရဲ့...... ဖေဖေက ကျွန်တော့်ကို အနိုင်ရဖို့အတွက်လား ၊ ကျွန်တော့်ကို နားသွင်းဖျောင်းဖျဖို့အတွက်လား၊ ကျွန်တော့်ကို ကယ်ဆယ်ဖို့အတွက်လား ၊ အဲဒီ့ အနုပညာတွေထဲမှာ အရူးအမူး ဒလိမ့်ခေါက်ကွေးမျောပါနေတဲ့ သူ့သားရဲ့ ၀ဋ်နာကံနာတွေကို မချိတင်ကဲလွန်းလို့ လား...။
မဟုတ်ဘူးဖေဖေ ။
သူတို့ဟာ အနုပညာနဲ့ ဘ၀ကို လဲလှယ်ကြသူတွေ…..။
အနုပညာထက်ဘာကိုမှ တန်ဘိုး မထားကြသူတွေ...။
သူတို့အနုပညာက သူတို့ကို စီးမိသွားကြသူတွေ...။
သူတို့ဟာ အဲဒီ့လိုဖြစ်ခဲ့ကြတာကို ဘယ်တော့မှ နောင်တ မရမယ့်သူတွေ..။
သူတို့က ယုံကြည်ချက်ကို သွေးနဲ့ ဆေးချယ်ပြသူတွေ...။
သူတို့ဟာ အနုပညာကို လက်နက်လိုသဘောထားပြီး ၊ အသက်ကို ခဲယမ်းလို့ သတ်မှတ်ထားကြ သူတွေလေ...။ အဲဒီ့လို ကျွန်တော်ကို အကြောက်အကန် ဆယ်ယူချင်နေတဲ့ ဖေဖေခမျာ၊ ကျွန်တော် ဒုတိယနှစ်စာမေးပွဲ ကို နှစ်နှစ်ဆက်ကျအောင် ဖြေလိုက်တဲ့ အချိန်မှာတော့ ပွဲသိမ်းထိုးချခံလိုက်ရသူလို ၊ သူ့တန်ဘိုးကြီးပစ္စည်းတွေ အားလုံးကို တစ်ထိုင်တည်း မီးရှို့ခံလိုက်ရသလို ၊ သူ့ မနက်ဖန်တွေအားလုံး စုံးစုံးချုပ်သွားသလို....။
အို အဲဒီ့နေ့က ဖေဖေ့မျက်နှာကို ကျွန်တော် ပြန်မြင်ယောင်မကြည့်ရဲဘူးဖေဖေ..။
ကျွန်တော်ဟာ ဖေဖေ့ ကောင်းကင်က တစ်ပွင့်တည်းသောကြယ်ပေမယ့် ဖေဖေ လိုချင်သလို မထွန်းလင်း နိုင်ခဲ့ပါလား .။
ဖေဖေ အခုကျွန်တော့်စိတ်တွေကို ဘာကမှ မကုစားနိုင်လောက်အောင် လောင်မြိုက်နေခဲ့ပြီ..။
ငါ သာဖေဖေ ဖြစ်စေချင်တဲ့ အင်ဂျင်နီယာကြီးတစ်ယောင်ဖြစ်ပေးခဲ့ရင်လို့ ကျွန်တော်..... တွေး ကြည့် နေ မိ ပါ ပြီ ကော ဖေဖေ....။
---------------------
ဟင့်အင်း။
ကျွန်တော့်ကို တစ်ယောက်ယောက်က မြင်တွေ့ပြီး ဟေ့ကောင် မင်းအဖေလို့ကြိုပြီး သတင်းကြိုပေးနိုင်တဲ့ နေရာက ကျွန်တော်မသွားရဲဘူး ။
သြော် ကျွန်တော့ ကိုရော ဘယ်သူက အလွယ်တကူမှတ်မိမှာ မှတ်လို့ ....။
ကြည့်ပါဦး .....ဖေဖေ့ကျောင်းဝန်းထဲက ဖေဖေနဲ့ ကျွန်တော်အတူတူစိုက်ခဲ့ကြတဲ့ စိန်ပန်းပင်ကြီးတောင် အပွင့်တွေ အရိပ်တွေနဲ့..။
ညနေတိုင်းလမ်းလျောက်တတ်တဲ့ဖေဖေဟာ ဒီ စိန်ပန်းပင်အောက်ရောက်တိုင်း ကျွန်တာ့်ကို သတိရမိမှာ သေချာ လိုက်တာ..။
ဖေဖေ ဘယ်လောက်များရင်နာလိုက်ရမလဲ.......... ဒီအပင်အောက်မှာရပ်ပြီး ဖေဖေကအနှောင့်စုတ်သွားတဲ့ ကဗျာစာအုပ်ကိုနာနာကျည်းကျည်း ပြေးကောက်လိုက်တဲ့ ၊ ပေါက်တော့မယ့် မြွေတစ် ကောင် လို စူးစူး စိမ်းစိမ်း ပြန်ကြည့် လိုက်တဲ့ ၊ ဖေဖေ တော်တော့ဗျာ နားငြီးတယ်လို့ မူးစစနဲ့ ဒေါသတကြီးခံအော်လိုက်တဲ့ အနုပညာသည် သားလိမ္မာကြီးကို မြင်ယောင်နေမလား..။
ဒီကျောင်းကြီးမှာ အတန်းငယ်တွေတုန်းက ပထမက မဆင်းတမ်း ထက်မြက်ခဲ့တဲ့ ၊ သူ့အိမ်မက်တွေထဲက တစ်ဦးတည်းသော ဇာတ်လိုက်ဖြစ်တဲ့ ၊ သူ့ကိုယ် သူ အသစ်ပြန်လည် ဖွင့်လှစ်လိုက်နိုင်မယ့် တံခါးအသစ်တစ်ချပ်လည်းဖြစ်တဲ့ ၊ သူမျှော်လင့်တကြီး ပျိုးထောင်ခဲ့ရတဲ့ မိတဆိုးသားလေးကိုမြင်ယောင်နေမလား..။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ ဖေဖေ့အတွက် အပွင့် ကန်းနေတဲ့ ပန်းတစ်ပင်ပါ။
အရိပ် ခမ်းနေတဲ့ သစ်တစ်ပင်ပါ ။
အခု ဖေဖေ ဒီအပင်ကြီးအောက်မရောက်နိုင်တာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ...။
ဖေဖေရယ်...
-------------------
အိမ်ကို မြင်သာလောက်တဲ့ လမ်းအကွေ့လေးကနေ ကျွန်တော် မရဲတရဲ ခိုးကြည့်လိုက်မိတယ်။
တစ်ခုခုကိုများ မြင်လိုက်ရရင် ကျွန်တော် ရူးသွားမလား..။
ကျွန်တော့်ကိုယ် ကျွန်တော်လိုက်လို့မမီအောင်ကို မြန်ဆန်သွားလိုက်တာ..။ အိမ်ပေါ်ကို အပြေးတစ်ပိုင်း လှမ်းတက်လိုက်တဲ့ ခြေသံကြောင့် မမကြီးဆတ်ကနဲ တုန်သွားရှာတယ်…..။
ဖေဖေ
ဖေဖေ
ဖေဖေ ရယ်..။
လမ်းမဘက်ကို လှည့်ချထားတဲ့ ပက်လက်ကုလားထိုင်မှာ ဖေဖေရယ် ၊ ကျွန်တော့်ဖေဖေရယ်..။
တော်ပါသေးရဲ့ ဖေဖေရယ်..။
ဖြစ်မှဖြစ်ရလေ ဖေဖေရယ်……...။
ဘယ်လောက်ပဲမယုံနိုင်လောင်အောင်အိုစာသွားသွား..၊
ဘယ်လောက်ပဲပိန်လှီနေနေ ။ အို မျက်နှာတစ်ခြမ်းပဲ ရွဲ့ရွဲ့ ။
ကျွန်တော့်ဖေဖေ....။ ရှိနေတယ်..။
ဖေဖေ
လဲ့ ကနဲ လင်း သွားတဲ့မျက်ဝန်းတွေက ဖေဖေ ကျွန်တော့်ကို ခွင့်လွှတ်လိုက်တာများလား
ဖေဖေ
ဖေဖေ ၊ မျက်ရည်တွေမကျလိုက်ပါနဲ့ ဖေဖေရယ်..၊
ကျွန်တော်လိုကောင်မျိုးအတွက် ဖေဖေ မျက်ရည်မကျပါနဲ့ဖေဖေရယ်...။
အေးစက်နေတဲ့ ဖေဖေ့ခြေဖမိုးအစုံပေါ်ကို မျက်နှာအပ်လိုက်မိသလား
ကျွန်တော် ရှိုက်ကြီးတငင် ငိုနေမိသလား
ဆောက်တည်ရာမရအောင် အဲဒီ့ ခဏမှာ ကျွန်တော် ရူးနှမ်းသွားမိပြီထင်ပါရဲ့..။
ဖေဖေ ကျွန်တော့်ကို နှုတ်တောင်မဆက်ချင်တော့ဘူးလား...ဟင်၊
ဖေဖေ့ တဆတ်ဆတ်လှုပ်ရွနေတဲ့ နှုတ်ခန်းအစုံက ကျွန်တော့်ကို စကားမပြောနိုင်လောက်အောင် နာကျည်းနေခဲ့ပြီလား
ကျွန်တော် နာငြီးတယ်ဗျာလို့ ဘယ်တော့မှ မပြောတော့ပါဘူး ဖေဖေ
ဖေဖေ့ကို ကျွန်တော် ဘယ်တော့မှ ခံမအော်တော့ပါဘူးဖေဖေ ရယ်..။
ဖေဖေ ဒီမှာ...တဲ့၊ ဒဏ်ရာရ သားကောင်တစ်ကောင် ညည်းတွားလိုက်သလိုပါပဲ ..၊ မမကြီးရယ်လေ...
အို မမကြီးက သူ့မျက်ရည်တွေသူမသုတ်နိုင်အားပဲ
ဖေဖေ့ ဘယ်လက်ရမ်းပေါ်ကို ကျောက်သင်ပုန်းလေးတင်လို့
မမကြီးက
ဖေဖေ့လက်ထဲကို ကျောက်တံလေးထည့်ပေးလို့
ဝူးဝူးဝါးဝါး နဲ့
ကျွန်တော့ ဖေဖေ ခမျာ... ၀ူး ၀ူး ၀ါး ၀ါး နဲ့ ။
သား...ဖေဖေမျှော်နေတာ၊
အပြီးပြန်လာတာလား ဆိုတာကို
ကျွန်တော် ဖတ်လို့ရရုံ လက်ရေး ကစဥ့်ကလျားလေးတွေနဲ့
ကျွန်တော့ဖေဖေကလေ...
တဆတ်ဆတ် တုန်ယင် နေတဲ့ သူ့ဘယ်ဖက် လက်ကလေးနဲ့ ၊
အကြောတွေ ဆုတ်ဆုတ် စိုင်းစိုင်း တွန့်တွန့် ရွံ့ရွံ့ နဲ့…
နှုန်ခမ်းအစုံက ရွဲ့ရွဲ့စောင်းစောင်းနဲ့
အလောတကြီး.........
.......ရေးပြနေလိုက်တာ ။
အိန္ဒြာ
( ၃၁.၁၀.၂၀၀၆)
ပိတောက်ပွင့်သစ်မဂ္ဂဇင်း
Subscribe to:
Post Comments (Atom)
10 comments:
ကျွန်တော်လည်း အဖေ့ဆီကိုပြန်ဖို့ စဉ်းစားနေတဲ့အချိန်..
အစ်မ ပိုစ့်လေးတွေက ဘာလို့ယောက်ျားလေးဘက်ကနေ ခံစားရေးထားတာလဲဗျ..
ခင်မင်လေးစားစွာ
လင်းဒီပရေ....
ဘယ့်သူ့နေရာကဖြစ်ဖြစ်...
အတွေးရ..ဖီလင်လာရင်..
လျှောက်ရေးပစ်မိရော..
တကယ်ယောက်ျားလေး..တွေရဲ့အတွေးတွေနဲ့တော့
ကွာကောင်းကွာနိုင်ပါတယ်..လေ
ကျေးဇူးနော်....
အိန္ဒြာ
အဖေ့အိပ်မက် ရိတ်ဖျက်ခဲ့တဲ့သား..
အေဖလိုခ်င္တဲ့ပံုစံေ စံုကန္ခဲ့တဲ့သား..
အဖေရေးချင်တဲ့သမိုင်း ကျောခိုင်းခဲတဲ့သား..
အဖေ့မျှော်လင့်ချက် ပျော်လွင့်ပျက်ပြယ်စေတဲ့သား..
ယုံကြည်ချက်တစ်ခုနဲ့ ရှေ့တန်းထွက်ခဲ့တဲ့သား..
တကယ်တန်းဇတ်ဝင်ခန်းတွေမှာ ဖြတ်လျောက်ခန်းလောက်သာပါခဲ့ရတယ် အဖေ..
ကျွန်တော်ဖြစ်ချင်ခဲ့တဲ့ကဗျာသည် ဘဝ
အနာတရ မြောက်များစွာနဲ့..
ဆတ်ဆတ်ထိမခံ အာပြန်ခဲ့တဲ့သား..
အဖေ့စကား..ဘယ်တော့မှထပ်မကြားနိုင်တော့ဘူး အဖေ...၊၊
အမွှာစကားလုံးနုနုလေးတွေနဲ့..ကဗျာသမားတစ်ယောက်ရဲ့ နှလုံးသားကိုစီးဝင်ပြတာ
အရမ်းလှတယ်..အဖွင့်အပိတ်..သေသေသပ်သပ်..
ဇတ်ချထားတာထဲမှာ..
အဖေ့အသံ နာခံဖို့ပြန်လာတဲ့သား..
ကျောက်သင်ပုန်းပြားလေးသာမရှိခဲ့ရင်...
.........
အခုလိုဒီဇင်ဘာဆို တောင်နေကြာတွေနဲ့ ရဟန်းတစ်ပါးလို သင်္ကန်းခြုံထားတဲ့မြို့..
ရာသီတွေကြောင့် ကမ္ဘာကြီး နှလုံးသားကြေမွှ သွေးရောင်ထနေတဲ့ အပိုင်းအစတွေ သန္ဓေတည်ခဲ့တဲ့မြို့..
အဖေါ်အဖြစ် ရင်ကွဲနာကျခဲ့တဲ့ကောင်းကင်ရဲ့ အပြာရောင်မျက်ရည်စက်တွေနဲ့မြို့..
ဒဏ်ရာအပေါက်အပြဲ တွေကြောင့်အရှက်တကွဲ
နှင်းတွေမစဲတဲ့မြို့..အဲဒီဒယ်အိုးပုံ..ရတနာမြေဆိုတဲ့မြို့သေးသေးလေးမှာ..ကျွန်တော်ကြီးပြင်းခဲ့ရတယ်..
မဟာဓါတ်လိုင်းကြိုးပေါ်က ပဲပင်ပေါက်တွေ
(၁..မှ..၇)အထိသင်္ချာတွေ ကိုသံစဉ်တွေရှာတော့
ကမ္ဘာမကြေတောင်မရတဲ့ အဖေ ..
ကာရံတွေချိပ် ကဗျာတွေနဲ့ အိပ်တတ်တဲ့ကျွန်တော်
ဇော်ဂျီ ဆိုတာ ထွက်ရပ်ပေါက်လားမေးတတ်တဲ့ အဖေ
.......
ယုံကြည်ချက်တစ်ခုအတွက်..အဖေဖြစ်စေချင်တဲ့ ပိသုကာဘဝ..ဒုတိယနှစ်မှာ ခဝါချပြီး..ရေနီမြောင်းနဲ့..
ရေတမာပင်..လဖုန်းလို့ခေါ်တဲ့..မြသီလာရင်ခွင်ကိုစုံဝင်ခဲ့တယ်..
လက်ေ၇းကဗျာစာအုပ်လေးတွေနဲ့ စခဲ့တဲ့ အိပ်မက်တွေ
တစ်ခါတရံ ပုံနှိပ်စာလုံးလေးတွေဖြစ်ခဲ့တော့..(၇၅)ကျပ်တန်အပျော်တွေပေါ့..
အဲဒီအချိန်မှာ ကိုတည်ငြိမ်က ကျွန်တော်ညတိုင်းမေတ္တာပို့တဲ့ သူလေ..
သပြေနဲ့ ချယ်ရီ ကျွန်တော့်ဘဝရဲ့ နာရီတွေဖြစ်ခဲ့တယ်..
ကျွန်တော့်ကို အဖေ ရိက္ခာဖြတ်တော့ တိုင်ပတ်တတ်တဲ့ဆေးတွေရောင်းပြီး ရေနီမြောင်းဘေးမှာ ကျွန်တော့တေးတွေတောင်းတတ်တဲ့
အဆောင်သူတွေရဲ့ လ္ဘက်နဲ့  အသက်ဆက်ခဲ့တယ်..
ကဗျာသမားရဲ့လမ်းဟာ ကြမ်းပါတယ်အဖေ..
တစ်ခါတရံ ကိုယ်မွေးထားတဲ့သားသမီး အရည်ကြီးတွေက နာမည်ပြောင်းပြီး ပန်းဦးပန်ခံခဲ့ရတယ်..
အဖေ အတန်တန် ရိုက်ချိုးလို့ မကျိုးခဲ့တဲ့ ဗီဇ
အဖေ အမျိုးမျိုးနားချ တားမရခဲ့တဲ့ ကဗျာသည်ဘဝ
ဒဏ်ရာတွေစရခဲ့တာ..
သူမကို မစွန့်နိုင်ခဲတော့ ကျွန်တော့်ကဗျာ ကျွန်တော့်စာတွေ ခွင့်စာမတင်ပဲ ကတိအထပ်ထပ်နဲ့
ယတိပြတ် လမ်းခွဲခဲ့တာ အဖေ့အပေါ် ကျွန်တော်မတရားခဲ့ဘူးနော်.. နောက်ဆုံးထွက်သက်ထိ..ကျွန်တော့်ကိုမျှော်ရင်း ကျွန်တော့်ကိုခေါ်ရင်း ဘဝကူးသွားတဲ့အဖေ..ပင်လယ်ကြီးခြားတဲ့ ဝေးတမြေက..သားကို ခွင့်လွတ်ပါ...အဖေ..၊၊
တောင်တန်းတွေ ရေတံခွန်အဖြစ် အရောင်မဲ့သွေးတွေ
အန်ချနေသမျှ..
ကောင်းကင်ကြီး မိုးစက်တွေအဖြစ် ရိုက်ကြီးတငင်
ငိုကြွေးနေသမျှ..
ကဗျာသည်ဘဝကို ကာရံတွေစားပြီး ရပ်တည်ချင်ခဲ့တဲ့ကျွန်တော်..
အဖေစီးဆင်းခဲ့တဲ့ မျှော်လင့်ခြင်းမြစ်တွေမှာ
ပြိုကျစရာမရှိတော့လောက်အောင် ကျွန်တော်ကို ကျွန်တော်ဖြိုချ ပြီး..ကာရံတွေနစ်မျြတ်ပစ်လိုက်တာ
ကျေနပ်ပါ..အဖေ..၊၊
(အဲဒါ ငါ့ဘဝ ..အဖေ့အတွက်လျော်ကြေးလေ..)
အစ်ကို...
ပြန်မန့်မယ်ဗျာ...
စိတ်ထဲမကောင်းလိုက်တာ...
တိုက်ဆိုင်မှုတစ်ခုက..
နှလုံးသားရဲ့.အကြေးကို..လှန်တွန်းလိုက်သလိုဖြစ်ခဲ့ရင်တော့
ခွင့်လွှတ်ပါ..။
အသေးစိတ်ခံစား..အားပေးတာတွေအတွက်..
ကျေးဇူး..ဆိုတာကိုပဲ..ထပ်ပြောရပြန်တယ်...
လေးစားခင်မင်တဲ့
အိန္ဒြာ
အဖေ့ဆီ ပြန်သွားချင်တာတောင် စောင့်ကြိုနေမယ့် အဖေ မရှိတော့တဲ့ သားတစ်ယောက်က ပိုခံစားရတယ်အမ...
ဖိုးမောင်
ဒီပို့စ်လေးကိုဖတ်ပြီးဆို့ဆို့နင့်နင့်နဲ့ကြေကြေကွဲကွဲကိုခံ
စားလိုက်ရတယ်ဗျာ.ဒီကွန်မန့်ကိုရေးနေတဲ့အချိန်မှာကျ
နော့်မျက်ဝန်းမှာမျက်ရည်တွေနဲ့ပေါ့...
ကျနော်လည်းကျနော့်ဘဝမှာ အဖေ့အတွက်ဘာတွေများထားပေးခဲ့ဖူးပြီးပြီလဲလို့စဉ်း
စားကြည့်လိုက်တော့အရာရာအားလုံးကမှုန်ဝါးဝါး....
ရေးတတ်လိုက်တာဗျာ.နှလုံးသားကိုတုန်တုန်လှုပ်လှုပ်
သွက်သွက်ခါသွားစေတဲ့အထိပါဘဲ...
တကယ့်ကိုဂန္ဓဝင်ပါပဲ..အမရေ....
ရင်ထဲအထိ ရောက်သွားတယ်ဗျာ။ ဒီနေ့ စာတွေ လျှောက်ဖတ်တာ ဖတ်လိုက်ရသမျှ တွေထဲမှာ အကြိုက်ဆုံးပဲ။
မကြီး..
ခင်လေးမှာ ဖေဖေ မရှိတော့ဘူး...
အရမ်းခံစားရတယ်..
ဇာတ်ကောင်နေရာ ထပ်တူကျစွာ ဝင်ရောက်ပူးဝင်ရင်း ခံစား ဖတ်မိပြန်တော့..
ဖေဖေ
ဖေဖေ
ဖေဖေ ရယ်..။
တော်ပါသေးရဲ့ ဖေဖေရယ်..။
ဖြစ်မှဖြစ်ရလေ ဖေဖေရယ်……...။
ဖေဖေ
ဖေဖေ ၊ မျက်ရည်တွေမကျလိုက်ပါနဲ့ ဖေဖေရယ်..၊
ဖေဖေ ကျွန်တော့်ကို နှုတ်တောင်မဆက်ချင်တော့ဘူးလား...ဟင်၊
ကျွန်တော် နာငြီးတယ်ဗျာလို့ ဘယ်တော့မှ မပြောတော့ပါဘူး ဖေဖေ
ဖေဖေ့ကို ကျွန်တော် ဘယ်တော့မှ ခံမအော်တော့ပါဘူးဖေဖေ ရယ်..။
ကျွန်တော်လိုကောင်မျိုးအတွက် ဖေဖေ မျက်ရည်မကျပါနဲ့ဖေဖေရယ်...။
ရင်ကိုထိသွားတာများ အသံတွေတုန် မျက်ရည်တွေ ဝဲတက်လာတဲ့ အထိပါပဲ...
မကြီးရေ..
နင့်ကနဲ့ဖြစ်အောင် ရေးတတ်တဲ့ မကြီးရေ...
ချစ်ခင်လေးစားမှုများနဲ့...
Post a Comment