December 10, 2008

ခံစားမိရာ...ကဗျာ..

တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
့်ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
်မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ လျှော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ ပန်း၍

တ၀မ်းတစိတ် ညီစေသတည်း။

ဇော်ဂျီ
ကြီးပွားရေးမဂ္ဂဇင်းအတွဲ(၃)၊အမှတ်(၁၀)၊သြဂုတ်လ၊၁၉၃၅

အကြိုက်ဆုံးကဗျာတွေ ဆိုတဲ့ tag ကိုသိလိုက်ရကတည်းက ခေါင်းထဲကိုပြေးဝင်လာခဲ့တဲ့ ကဗျာလေးပါ.။ ဖတ်ဖူးသမျှ တစ်ပုဒ်မကျန်ကြိုက်တဲ့ ဆရာကြီးရဲ့ကဗျာတွေထဲကမှ.. အကြိုက်ဆုံးများစွာတွေထဲကမှ တစ်ပုဒ်ဖြစ်ပါ တယ်။ ၁၉၃၅ခုနှစ်ဆိုတော့ ကျွန်မတို့နိုင်ငံ.. တိုင်းတစ်ပါးရဲ့လက်အောက်မှာ လွတ်လပ်ရေးမရသေးတဲ့ ကာလတွေပေါ့နော်.၊ ဘာတွေ..ဘယ်လောက်ထိတ်လန့်စရာ..အခြေအနေတွေဖြစ်နေခဲ့ရသလဲ..။ ဘာကြောင့်များ.. ဆရာကြီးက စိုးရိမ်တကြီး...တပ်လှန့်နိုးဆော်ခဲ့ရလဲ....

၁၉၀၇ခု ဧပြီလ(၁၂)ရက် နေ့မှာမွေးဖွားပြီး၊ ၁၉၉ဝပြည့်နှစ် စက်တင်ဘာလ ၂၆ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဆရာကြီးဟာ အားလုံးသိကြတဲ့အတိုင်း သူဖြတ်သန်းခဲ့တဲ့ သူ့ရဲ့သမိုင်းကြောင်း တစ်လျှောက်လုံး နောက်တစ်ယောက်အတူ မရှိနိုင်တော့တဲ့ စာပေအနုပညာ အတတ်ပညာသမားတစ်ယောက် အဖြစ် ရပ်တည်ခဲ့တာပါ..။ ဆရာကြီးရဲ့ ကဗျာတွေကိုတစ်ပုဒ်မှ မဖတ်ဖူးပဲ ဒီကဗျာလေးတစ်ပုဒ်ပဲ ဖတ်မိရင်တောင် ဒီစာဆိုကြီးရဲ့ တိုင်းပြည် နဲ့ လူမျိုးအပေါ်ထားရှိတဲ့ ကြီးမားနက်ရှိုင်းလွန်းတဲ့ စေတနာ၊ မေတ္တာတရားတွေကို ကြည်ညိုလေးစားဖွယ်ရာ တွေ့ရှိနိုင်တယ်လို့ ထင်လို့...ရွေးချယ်လိုက်ပါတယ်။

“ကိုယ့်မှာမှ ဘာမှမရှိသေးဘူး၊ သူများပေးချင်တာက အရင်ပဲကိုး။ ကိုယ့်မှာအရင်ရှိအောင် လုပ်ကြစေချင်တယ်။” “ကိုယ့်မှာရှိပြီးမှ သူများပေးရတာ ကောင်းတယ်။ စာများများ ဖတ်ကြစေချင်တယ်။” ဆိုတဲ့ ဆရာကြီးရဲ့ဆုံးမ စကားလေးကိုလဲ.. လက်ဆင့်ကမ်းဖေါ်ပြလိုက်ပါတယ်..။

############################################

ဂျုံးနီ

ဂျုံးနီ
ငါအရက်မူး ပြန်လာတိုင်း ပြန်လာတိုင်း
ငါ့အရက်နံ့ကို မင်းကြိုဆိုနေကျ၊
လူတွေဟာ
သူတို့သောက်တဲ့ ရေကို သူတို့နှာခေါင်းရှုံ့နေကျ၊
လူတွေဟာ
သူတို့ဆောက်တဲ့ အဆောက်အအုံကို သူတို့သည်းညည်းမခံနိုင်ကြဘူး
မင်း ငါ့အရက်နံ့ကို ပျူပျူငှာငှာ လက်ခံနေကျ၊
အရက်သမား ငါ့ကို အသိအမှတ်ပြုနေကျ။

ဂျုံးနီ
ငါ စိတ်အခန့်မသင့်ရင်လေ
မင်းကိုယ်ပေါ်
ငါ့ခြေထောက်တွေ ရောက်နေကျ၊
ငါ့ဒေါသက
ဘာမှမဆိုင်တဲ့ မင်းကိုယ်ပေါ်
ငါ့ခြေထောက်တွေ ရောက်နေကျ၊
နာလွန်းလို့ မင်းအော်လိုက်ရင်တောင်
မင်း
ငါ့ခြေထောက်တွေကို အားနာနေကျ။

ဂျုံးနီ
မင်းအင်အားကုန်သုံးပြီး ခုန်ပေါက်ပြေးဝင်လာ
အမြဲတမ်း ငါ့ကိုကြိုတာ
တာဝန်အရလို့ မင်းစိတ်မှာ မထားမရှိတာ
ငါမြင်ရ
ငါရခဲ့တယ်။

ဂျုံးနီ
ငါ မင်းကို အသားကောင်းကောင်း မကျွေးခဲ့ဘူး
တစ်ခါတစ်ရံတော့
ငါ့စိတ်ကောင်းဝင်နေမှုဟာ
ချောကလက်ကလေးတွေအဖြစ် မင်းစားရပါတယ်။

ဂျုံးနီ
ငါမှတ်မိတယ်
မင်းမြေကြီးကို တူးတူးပြီး ဆော့တတ်တာလေ
ငါသိပ်ကြည်နူးတဲ့ ရှုခင်းလေးပေါ့
ငါက မင်းရှေ့ကိုကျော်ပြီး ခဲလုံးလေးတွေ ပစ်တယ်လေ။

ဂျုံးနီ
လေတဟူးဟူး ထန်နေတုန်းက
မင့်နှုတ်သီးကို ရှေ့ပစ်ပြီး
တအူးအူး တအုအုနဲ့ မင်းအူးမြူးနေတာ
ငါတုတ်နဲ့ လိုက်ရိုက်တော့
မင်းကြောက်ဟန်ဆောင်ပြီး ထွက်ပြေးတာ

ဂျုံးနီ
မင်းကိုယ် ၀၀ဖီးဖီးကြီးကြီးနဲ့
ငါ့ကို ဆောင့်ဆောင့် တိုးဝှေ့နေကျလေ
ငါလက်ဖျောက်တစ်ဖျစ်တီးလိုက်ရင်
မင်းလိုက်လိုက် ဟီဟီနေကျ၊
ငါက မာန်မဲလိုက်တဲ့အခါ
မင်းလျှာကြီးနဲ့ ငါ့ကို မြန်မြန်လျက်တယ်
ငါက လိုလားတဲ့အခါ
မင်းကျောတွေကို ပွတ်ပွတ်ပေးနေကျ။

ဂျုံးနီ
ငါ အခုခါ
အဲလိုမျိုး မာန်မဲအရသာခံချင်တယ်။

ဂျုံးနီ
မင်းမျက်လုံးမှာ
ငါ့မေတ္တာကို မွတ်သိပ်ကြောင်း ပြနေကျအရောင်
ငါအခု ဒါကို မင်းလိုမွတ်သိပ်ရပြီ။

ဂျုံးနီ
မင်းမှာ အသည်းနှလုံးရှိတာ ငါသိပါပြီ။

ဂျုံးနီ
ငါ ဘယ်လောက်ရက်စက်သလဲကွာ
မုန့်ပဲသရေစာလေး မင်းကို ကျွေးတာတောင်
မုန့်ကလေး မင်းကို မြှောက်ပြ
ပြီး …
ဖုန်ထဲပစ်ချလိုက်တာ
ဖုန်ထဲကျနေတဲ့ မုန့်ကလေးကို
မင်း စိတ်မာနမထားဘဲ
မင်းနှုတ်သီးနဲ့ ထိုးဟပ်ပစ်လိုက်တာ
(တကယ်တော့ မေတ္တာဆိုတာ ဖုန်ထဲက မုန့်ကလေးပါလားလို့ ငါမသိလိုက်ခဲ့ဘူးကွယ်)။

ဂျုံးနီ
မင်း နေကောင်းရဲ့လားကွယ်။

ဂျုံးနီ
အိပ်ရာပေါ်မှာ
ဘာမှမလှုပ်နိုင်တဲ့ မင်းသခင်
နောက်ဆုံးထွက်သက်နဲ့ပေါ့
မင်းကို နှုတ်ဆက်ချင်ရဲ့
ငါ့နောက်ဆုံးထွက်သက်နဲ့ပါ
ဂျုံးနီရယ် ။ ။

(မောင်ချောနွယ်)


ကျန်ခဲ့တဲ့ စက်တင်ဘာ(၃)ရက်နေ့က ဆရာမောင်ချောနွယ်ကွယ်လွန်တာ ၆နှစ်တိတိပြည့်ခဲ့ပါပြီ.။
အို.. တကယ်တော့ ဆရာပြောခဲ့သလို..
ကြွေတာကိုက.. ပွင့်ခြင်းပါပဲလေ..
ဆရာမောင်ချောနွယ်ရဲ့ ကဗျာတွေကလဲ.. ဘယ်အပုဒ်လေးကို ဆွဲထုတ်ပြရမှန်းမသိအောင်.. နှစ်သက်ရတာတွေချည်းပဲဖြစ်ပါတယ်။ ဒီအထဲက ဂျုံးနီဆိုတဲ့ ကဗျာ လေးကိုပဲ..ရွေးချယ်လိုက်ပါတယ်..။

သေဆုံးကာနီး နောက်ဆုံးထွက်သက်ကို လုရှုနေရတဲ့အချိန်မှာ တမ်းတမိတဲ့အရာဟာ.. ခွေးတစ်ကောင်တဲ့လေ
သင်ရော.. ဂျုံးနီတစ်ကောင်ပိုင်ဆိုင်ခဲ့ဖူးလား..။
သင်ကိုယ်တိုင်ရော ဂျုံးနီဖြစ်ခဲ့ဖူးသလား..။
ဖုန်တွေပေနေတဲ့ မေတ္တာတရားတွေ.. သင်ပေးခဲ့ဖူးသလား..၊
သင်ရခဲ့ဖူးသလား.. သင့်မှာ ဆုံးရှုံးနေရတာတွေ သိပ်များလာရင်.. ဂျုံးနီတစ်ကောင်လောက် စိတ်ကူးထဲမှာဖြစ်ဖြစ် မွေးမကြည့်သင့်ပေဘူးလား....။

############################################

ထမင်းဝသို့ ကတိ

တစ်သက်စာ၌
စာမွန်စာသင်းဖွဲ့သီခြင်းဖြင့်
ထမင်းသုံးဆောင်ပါရစေ..
တစ်သက်စာ၌
စာညံ့စာဖျင်း ရေးဆက်သွင်းသော်..
အို ထမင်း..
ချက်ချင်းအပင်းဖြစ် လတ္တံ့။ ။

မောင်လင်းခက်(ဟင်္သာတ)

စိတ်ထဲက တစ်ခါတစ်လေ.. အသံတွေထွက်ပြီး ရွတ်ရွတ်နေမိတဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရွတ်မိတိုင်းလဲ.. ကြက်သီးမွေးညှင်းတွေ ထမိတတ်ပါတယ်..။ ဆရာမောင်လင်းခက်.. ဘယ်လိုဝိဥာဉ်မှော်မျိုးတွေနဲ့ ရေးထားရစ် ခဲ့လဲ.. တစ်သက်လုံးစာရေးတာ တစ်ခုတည်းနဲ့ တကယ်ရပ်တည်သွားတဲ့ ကဗျာဆရာပါ..။ နှစ်ဆန်းတစ်ရက်နေ့ တည့်တည့်မှာမှ.. ကွယ်လွန်သွားရရှာသူဖြစ်ပြီး.. ကဗျာဆရာမကြီး မအိကတော့
“ဒါတွေဟာ မမြဲတဲ့အနိစ္စလို့ ပြဆိုချင်တာလား..”
“မင်းမတရားခဲ့ဘူး ကောင်လေး...
အစုအဝေးထဲက အရင်ဆုံးခွဲထွက်
နှစ်ဆန်းတစ်ရက်နေ့ မှာ မှ တဲ့ ကွာ...
တမင်တကာကြီး ရက် ရက် စက် စက်။” လို့ ကွယ်လွန်ခြင်း ဆယ်နှစ်မြောက်မှာ.. လွမ်းဆွတ်ကြေကွဲခဲ့ပါတယ်..။

ကဲ.. ကိုယ့်ကိုဆက်tagတဲ့.. အိမ်မက်ရှင်ရော.. ဒီtagကိုပို့လိုက်တဲ့.. လင်းဒီပကိုရော ကျေးဇူးတင်ပါတယ်။ ကျေနပ်နှစ်သက်နိုင်ကြမယ်လို့လဲ..မျှော်လင့်မိပါတယ်။ အစကတည်းက ခံစားမိရာ ကဏ္ဍလေးကနေ.. နှစ်သက်တဲ့ ကဗျာလေးတွေကို ရေးဖို့ရှိနေတဲ့အစီအစဉ်ကို ခုတော့.. လှလှပပလေး ဖွင့်လိုက်နိုင်ပြီထင်ပါရဲ့...။

အိန္ဒြာ

6 comments:

အိပ်မက်ရှင် said...

ကိုလင်းဒီပ ပြောတဲ့စကားကို ကိုးကားပြီးပြောရ ရင် ...
“ဟာ ... TAG ရကျိုးနပ်တယ်ဟေ့” ရယ်လို့ ကွက်တိ ပြောမိမှာပါပဲ ...
တကယ်လည်း TAG ရကျိုး နပ်တယ်လေ ....

ကြည့်ပါ... ဆရာကြီးဇော်ဂျီရဲ့ “တို့တိုင်းပြည်”
ဖတ်ရင်းနဲ့ ရင်ထဲမှာ တုန်တုန်ဟည်းဟည်း ... ကြက်သီးကြီးတွေ အဖြန်းဖြန်းထ
“ထလော့ မြန်မာ၊ အိုမြန်မာတို့” ဆိုတဲ့ ဆရာဖွဲ့သီလေတဲ့ ၀မ်းခေါင်းသံ အက်အက်ကြီးကို
အတိုင်းသား နားတွေရဲ့ မျက်စိက မြင်ယောင်လာတယ် ...
အားမလို အားမရတဲ့အသံနဲ့ လက်ကို ဆန့်တန်းပြီးနေပုံ ... ရယ် ...
ကရုဏာဒေါသောနဲ့ မာန်ချီတဲ့ဝင့်ကြွားတဲ့ ဟန် ... ရယ်
သဘောက်ဘ၀ကနေ ရုန်းကြွဖို့ ... ကဗျာတစ်ပုဒ်နဲ့ စခဲ့တဲ့ သဏ္ဍာန် ... ရယ်
ညီညွှတ်ခြင်းတေးကို နှောင့်နှေးမှုများကို ပယ်ရှားဖို့ သီဖွဲ့ရည်ရွယ်သံ ... ရယ် ...
အတိုင်းသား ... အထင်းသား... နေရောင်ကြားမှာ .... သမိုင်းကြောင်း ဂန္ဓ၀င်ဆန်လောက်အောင် ကောင်းခဲ့သူ ... ။

”ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်းတစိတ်၊ ညီစေသတည်း။”

ကဗျာအပြီးမှာ ခံစားမိသူရဲ့ နှလုံးစိတ်ဝိညာဉ်ခန္ဓာ အကုန်လုံးကို တစ်စတစ်လေမှ ကျန်ရစ်စရာမရှိ ယူငင်ဆွဲကြုံးလိုက်ပြီး သိမ်းပိုက်ပစ်လိုက်တာ၊ အပြစ်အနာအဆာရယ်လို့ မြူတစ်မှုန်၊ သဲတစ်စ၊ အပို၊ အလို၊ အစ၊ အန ဘာမှ ပြောစရာရယ်မရှိ ... ကွက်တိ၊ အံဝင်၊ ရည်ရွယ်ချက်သိပ်မြင့်မြတ်တဲ့ ကဗျာတစ်ပုဒ် ... ။ တစ်ခွန်းပဲ ပြောချင်တော့တယ် .... ကြိုက်တယ်ဗျာ ... ။

ဂျုံးနီ

သစ္စာတရားကို တစ်ချို့သော သူတွေ နားမလည်ပေမယ့် ... သူ ... ဂျုံးနီက ဒါတွေကို သိနေတယ် ...
သခင်တစ်ယောက်၏ စိတ်ဝိညာဉ်ကို ဖတ်စွမ်းနိုင်သော အတတ်ကို တတ်မြောက်တဲ့... ဂျုံးနီ ...
ထင်ထင်ရှားရှားမြင်နေရသည်က ဂျုံးနီ၏ မေတ္တာတရား ... သစ္စာများက ရဲဗလောင်းခတ်အောင် သူ့ဦးနှောက်ကျဉ်းကျဉ်းထဲ ဆူလျှံဝေကျ ...
တစ်ချို့က ပေးအပ်တဲ့ တာဝန်ကို ကျကျနန လုပ်တတ်ချင်မှ လုပ်တတ်ပေမယ့် ဂျုံးနီက ... သိက္ခာကျခံခဲ့သူ မဟုတ်ခဲ့ ... ။
သခင်ရဲ့ ဟိန်းဟောက်မှုတစ်ခုမှာ အမြီးကုတ်နေပေမယ့် ... သခင့်အပေါ်သိတတ်တဲ့ စိတ်က ရွက်လွှင့်နေခဲ့သူ သခင်စိတ်မကြည့်တဲ့အခါ ... အသားဆူဖြိုးဖြိုးကို ... အားပါးတရ စားသောက်ရခြင်းထက်ကို
သခင်စိတ်ရွှင် ... လက်ဖြောက်တွင်တွင်တီးပြီး ခေါ်သံ အို့ အို့ ကြားက ထန်းလျှက်ခဲ တစ်ခဲကို ပိုပြီး တန်ဖိုးထားတတ်သူ ... သူ့အမြီးတွေကို ကြည့်လိုက်စမ်း ... ပြောနေတဲ့ စကားတွေ ... လူတွေနားလည်းနိုင်စွမ်း ရှိမရှိ သူမသိပေမယ့် ... သူ့စကားတွေက ပွက်ထလို့ ဆူညံနေခဲ့တာ ...
ပြီးတော့ ...
တုတ်တစ်ချောင်း ကျောပေါ်ကို ရောက်လာခြင်းရဲ့ အဓိပ္ပါယ်ကို ...
အဘိဓါန်အစုံအစုံ လှန်စရာ ... မလို ....
ဂူဂဲလ် Search စရာ ... မလို ...
အတန်းထဲကဆရာ့ကို ... ဆရာ့ ဒါဘာလဲ ... လှမ်းမေးစရာ ... မလို ....
Forum မှာထွေကာသီကာ ပိုစ့်မာယာတွေတင်ပြီး မေးစရာ ... မလို ...
*100 Help Center ဖုန်းတစ်ချက် ဆက်ပြီး တောင်းစရာ ... မလို ...
Yellow Pages ကြည့်စရာ ... မလို
လက်ဖက်ရည်ဝိုင်းမှာ အခါးရည်တစ်ကျိုက် အလကားဝင်မော့ပြီး မေးစရာမလို ...
ဆိုကရေးတီးလို လမ်းတကာ ... မီးအိမ်ထွန်းပြီး ရှာစရာမလို ...
... မလို ...
... မလို ...
... မလို ...
ဂျုံးနီ ... သိတယ် ...
သူ သိကြောင်းကိုလည်း ... လျှာကြမ်းတစ်ချက်နဲ့ သခင်က နားလည်တယ် ...
မာဂဓဆိုတဲ့ ဘာသာစကား ခေတ်မစားတော့ပေမယ့်လေ ... ။
မေတ္တာတရားကို လူသားတွေ စတင်ပြောဟောပေမယ့် ...
ဂျုံးနီက လိုအပ်နေတယ်ဆိုတာ ... ကဗျာဆရာ ... ဂျုံးနီသခင်က သိသိနဲ့ ဖုန်ထဲက မုန့်ကို ချပြသတဲ့ ...
တကယ် သူလိုတာ ဖုန်မဟုတ်ဘူး ... မေတ္တာ ...
ဒါပေမယ့် ဂျုံးနီလို မဟုတ်တဲ့ လူတွေက မေတ္တာကို ဖယ်ပြီး ဖုန်ကိုပဲ လျှက်တယ်ကွဲ့ ဂျုံးနီရဲ့ ... ။
မထူးဆန်းနဲ့ ... ။ လူတွေက အဲလို ... ။
မင်း သခင်နောက်ဆုံးထွက်သက်မှာ ... ဂျုံးနီက တစ်ချို့ရုပ်ရှင်ကားတွေထဲကလို ... လဲနေတဲ့ဘေးမှာ တရှုံ့ရှုံ့နဲ့ ငိုနေတာ မှာမဟုတ်ဘူး .... ။
ဒါပေမယ့် မေတ္တာတရားကို သိတဲ့ မင်းသခင်က ... သူ့ဘေးက လူတွေကို ကျော်ပြီး မင်းကို သတိရနေလေရဲ့လေ ... ။ သူတို့က ဖုန်တွေကို ကြိုက်သကိုး ... ။
(ကဗျာဆရာမောင်ချောနွယ်ရဲ့ ဂျုံးနီကို ကျွန်တော် ရင်ဘတ်ထဲ မွေးဖွားသန့်စင်ကြည့်ခဲ့မိတဲ့ အခါတုန်းက ... ။ ဂျုံးနီနဲ့ တစ်သားတည်း ကျခဲ့တယ် မကြီး... )

ထမင်းဝသို့ ကတိ

တစ်သက်စာ၌
စာမွန်စာသင်းဖွဲ့သီခြင်းဖြင့်
ထမင်းသုံးဆောင်ပါရစေ..
တစ်သက်သာ၌
စာညံ့စာဖျင်း ရေးဆက်သွင်းသော်..
အို ထမင်း..
ချက်ချင်းအပင်းဖြစ် လတ္တံ့။ ။

ဒီကဗျာအလျဉ်အဟုန်က ...အခုလို တွန်းထိုး စီးဆင်းနိုင်တာ၊ စီးဆင်းတာ ပါရမီလား၊ အထုံလား၊ မှော်အောင်ခြင်းလား ... ကဗျာဝိညာဉ်ပူးဝင်ခြင်းလား ... မသိပေမယ့် ...
ကဗျာဆရာတွေရဲ့ ခံယူချက်စိတ်ရင်းကို စိတ်ထဲက ဒိုင်းကနဲ မြင်မိတယ် ...
ခံစားမိသူရင်ထဲမှာ ... ကဗျာရဲ့ သွေးတွေက တပွက်ပွက်ထ၊ ကဗျာမာန်တွေကြွလာ ... စိတ်တွေက မြင်းရိုင်းတွေ တဟုန်ထိုးစိုင်းသလို ...
ရဲကနဲ ဖြာ ကျသွားတဲ့ သွေးတွေမှာ .... ကဗျာဆရာတစ်ယောက်ရဲ့ အဇ္ဖျတ္တတွေပါတယ် ...
လှစ်ခနဲ လက်သွားတဲ့ ကလောင်သွားမှာ ၀တ်ရုံဖားဖားနဲ့ ကဗျာဆရာမာန်တွေဟာ ကြွလို့ ...
ပိုင်းချလိုက်တဲ့ ဓါးချက်မှာ ... ကားကနဲ ကဗျာဆရာ့ရဲ့ ကိုယ်ကျင့်တရားမဟုတ်တာတွေ ....
ဆရာမကြီး မအိပြောသလို ... ကံကြမ္မာဟာ ရက်ရက်စက်စက် ...
ဒီစစ်ပွဲမှာ ကဗျာဆရာဟာ နိုင်တယ် ...

“စာညံ့စာဖျင်း ရေးဆက်သွင်းသော်
အို ... ထမင်း ...
ချက်ချင်း အပင်းဖြစ်လတ္တံ့”

သိပ်ကို ကြောက်မက်ဖို့ကောင်းတဲ့ ကျိန်စာနဲ့ ကဗျာဆရာရဲ့ ခံယူချက်ကို ထုဆစ်ထားလိုက်တာကတော့ ...
အနှစ်အကျဆုံး ... ။ ပြောတတ်တာ ဒါပဲ၊ ခံစားရသမျှကို ထပ်ပြီး ဖွဲ့ဆိုဖို့ ဖွင့်ပြဖို့စကားလုံး မရှိတော့လို့ ထပ်မရှာနိုင်တာကို ခွင့်လွှတ်ပါ ဆရာ မောင်လင်းခက် (ဟင်္သာတ) ... ခင်ဗျား ... ။

မကြီး အိန္ဒြာ ... ကဗျာကောင်းတွေ၊ ရှယ်တွေချည်းပါပဲလားဗျာ ... ကျွန်တော်လည်း သိပ်ကို နှစ်သက်သဘောကျ၊ အသည်းခိုက်သွားတယ်ဗျ ... တစ်ချို့ကဗျာလေးတွေ ဖတ်ဖူးပါတယ် ... ရင်ဘတ်နဲ့ ကျခံပြီး နက်နက်ရှိုင်းရှိုင်းထ ခံစားလိုက်မှ ... ကဗျာတွင်းထဲကို စောက်ထိုးမိုးမျှော်ထိုးဆင်းသွားသလို ...
ဗွမ်းကနဲ ... စိမ့်ကနဲ ... အေးကနဲ ... အလှိုက်လှိုက်အဖိုဖို ... ။

ကိုလင်းဒီပ စကားနဲ့ မပြောတော့ဘူး ... ကျွန်တော့် စကားနဲ့ ကိုယ်ပိုင်ပြောမယ် ...
TAG ရတာ သိပ်ကို တန်ဖိုးရှိလှတယ်၊ ရင်ဘတ်ကျတယ် ... အခုလို အကျအန၊ လှလှပပ၊ တိတိကျကျနဲ့ ခံစားမှုအခန်းတံခါးကို မင်းတုပ်ဟ ပေးလိုက်တာ အထူးပဲ ကျေးဇူးတင်နေမိပါကြောင်း .... ။ (လှိုက်လှိုက်လှဲလှဲကြီးပါ)

ခင်မင်လေးစားမှုများစွာဖြင့်

Moe Myint Tane said...

အရမ်းကောင်းတယ်ဆိုတဲ့ စကားထက်ပိုပြီး လေးနက်ထိရောက်တဲ့ စကားရှိရင် အဲဒီစကားသုံးပြီးတော့ ပြောချင်တယ်အမရေ။ လောလောဆယ်စကားလုံးရှာမရလို့ အရမ်းကောင်းတယ်ဆိုတာဘဲ ပြောနိုင်တယ်အမ။
တို့တိုင်းပြည် ၊ ဂျုံးနီ ၊ ထမင်းဝသို့ ဂတိ ကဗျာသုံးပုဒ်လုံး ပထမဆုံး မျက်လုံးနဲ့ ဖတ်တယ်။ ဒုတိယ စိတ်နဲ့ဖတ်တယ်။ တတိယ ရင်ဘတ်နဲ့ ဖတ်သွားတယ်အမ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ညီအကိုများ said...

အစ်မရေ ရှေ့ကဆရာနှစ်ယောက်ကအကုန်ပြောသွားတော့ဘာပြောစရာကျန်တော့မှာလည်း..း)

ကဗျာကောင်းတွေပါပဲ။ ရင်ဘတ်နဲ့ခံစားသွားကြောင်း

မိုးကြယ်

အိုင်လွယ်ပန် said...

ကဗျာကောင်းတွေ
ပြန်ဖတ်ရတဲ့အတွက် ကျေးဇူးပဲအစ်မရေ...
ကောင်းသောနေ့ပါဗျာ.....

ပန်းခရေ said...

အရမ်းကိုလေးစားအားကျမိတယ် မမရယ်
ရေးထားသမျှကဗျာအားလုံးခံစားသွးပါတယ်

မသက်ဇင် said...

အိန္ဒြာရေ-----------
"ခံစားမိရာ...ကဗျာ.." တွေကိုလာဖတ်ရင်း--
ဆရာဇော်ဂျီရဲ့ ကဗျာဟာ ဖြင့် မျိုးချစ်စိတ်တွေ
နိုးကြွလာပါတယ်--
ဂျုံးနီကဗျာလေးဟာလည်း ရင်ထဲကို နက်ရှိုင်းစွာ
ဝင်ရောက်သွားပါတယ်---