April 14, 2009

အပြေးဝေးဖို့ပါ အဝေးပြေး

အပြေးကိုဝေးချင်ခဲ့တာပါ… အဝေးပြေး ။ ။

အိမ်အပြန် လက်ဆောင်တွေကို
ကွေ့ရှောင်ဖို့ မခက်ခဲပေမယ့်
ပြန်စရာအိမ်ရဲ့ ကိစ္စက ခက်ခဲနေတယ် အဝေးပြေး ။

လက်သင့်ရာ ပရိဒေ၀တွေကို
ဖြစ်သလို ဖိသိပ်ထည့်လာတဲ့
ငါ့ ခရီးဆောင်အိပ်လေးကို
ခဏတော့ မျို ချ ထားပေးပေါ့ အဝေးပြေး။

တရိပ်ရိပ် ပြတ်ကျန်ခဲ့တာ အတိတ်လား
တ၀ှီးဝှီး ပြေးဝင်လာတာက အတိတ်လား
တိတ်ပဲ မတိတ်နိုင်လွန်းတဲ့ အတိတ်ကို
ငါ …
လိပ်စာအမှားတွေပေးပစ်ခဲ့တယ် အဝေးပြေး။

တဟူးဟူး တိုက်ခတ်လေကို
သံသယ စိတ်နဲ့ မရှုရှိုက်ရဲခဲ့ဘူး
တဖျတ်ဖျတ် ပြောင်းလဲရှုမျှော်ခင်းကို
မသင်္ကာစိတ်တွေနဲ့ မကြည့်ရဲခဲ့ဘူး
သဘာဝတရား ကတောင်
တရေးနိုးတိုင်း ထ စမ်း ကြည့်ရလောက်အောင်
ဖောက်ပြန်နေပြီတဲ့လေ.. အဝေးပြေး။

မင့် ချော့မြှူသီချင်းတွေကို
သတိကြီးကြီးနဲ့ ငါနားထောင်ရင်း
မင့် ပြေးလမ်းကြောင်းထဲမှာ
စမ်းတ၀ါးဝါး ငါရောပါရင်း
မင့် သယ်ဆောင်ခြင်းလူ့အဖြစ်ကို
နာနာကျည်းကျည်း ငါစောင်းမဲရင်း……
ခပ်လျော့လျော့ လျှော့ထိုင်ထားရတဲ့ ထိုင်ခုံမှာ
ချိုးမရ ဖဲ့မရ စိတ်အနာထည်တွေနဲ့
အတောင့်လိုက် တင်းခံနေသူဟာ
ငါ..... အဝေးပြေးရဲ့ ။

အဝေးဆီ
ထွက် ကို ပြေး ချင် လို့ ပါကွာ.......

ငါ့ အက်သံကို ဟွန်းတီးလိုက်
ငါ့ အပူမီးနဲ့ အင်ဂျင်နှိုးလိုက်
ငါ့ စိတ္တဇတွေအတိုင်း မိုင်ကုန်ဖွင့်ပစ်လိုက်……။

အဝေးပြေးရေ……
အဲဒီ့လမ်းရဲ့ အဆုံးမှာ
ငါ့ ရဲ့ ရွာ ရှိ ချင် ရှိ မှာ ကွယ့်…။ ။


အိန္ဒြာ (၄.၉.၀၆)

တင်စရာအသစ်ကမရှိတော့ ကဗျာအဟောင်းတွေထဲကိုပြန်မွှေရင်း
..၂၀၀၆ ခုနှစ်ကရေးဖြစ်ထားတဲ့ ဒီကဗျာကိုတွေ့တော့..လန့်သွားမိပါရော....။
အပြေးဝေးချင်တဲ့..အရာတွေ......အတွက်..
အဝေးကိုပြေးထွက်လာချင်ခဲ့တာဟာ....
ဘယ်အချိန်ကတည်းက...များလဲ.....။

17 comments:

mysterysnow said...

အိန္ဒြာရေ

ကဗျာလေးကို ခံစားသွားပါတယ်။
နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

Moe Cho Thinn said...

လမ်းရဲ့ အဆုံးမှာ ရွာရှိချင်မှ ရှိမှာ မသေချာတော့ ပြေးတော့ ပြေးပြီ..ကမ္ဘာ့ အပြင်ဖက်ကို..။

emayarKhin said...

အမရေ...အဝေးပြေးချင်နေတုံး
အပြေးဝေး....အဝေးပြေးနဲ့တိုး
သွားခဲ့တယ်.....ကွက်တိပဲ.....

မသက်ဇင် said...

နာနာကျည်းကျည်း ငါစောင်းမဲရင်း……
ခပ်လျော့လျော့ လျှော့ထိုင်ထားရတဲ့ ထိုင်ခုံမှာ
ချိုးမရ ဖဲ့မရ စိတ်အနာထည်တွေနဲ့
အတောင့်လိုက် တင်းခံနေသူဟာ
ငါ..... အဝေးပြေးရဲ့ ။

အိန္ဒြာ ရေ-------------
၂၀၀၆ က ကဗျာလေးလည်းကောင်းတယ်--
ပျော်ရွှင်ပါစေ--

အိုင်လွယ်ပန် said...

ငါ့ အက်သံကို ဟွန်းတီးလိုက်
ငါ့ အပူမီးနဲ့ အင်ဂျင်နှိုးလိုက်
ငါ့ စိတ္တဇတွေအတိုင်း မိုင်ကုန်ဖွင့်ပစ်လိုက်……။

သိပ်ကိုကောင်းမွန်တဲ့ စာသားတွေပဲအစ်မ ...

ငေး သွား ပါ တယ်
အ ဝေး ကို.............

ဆောင်းယွန်းလ said...

အိမ်အပြန် လက်ဆောင်တွေကို
ကွေ့ရှောင်ဖို့ မခက်ခဲပေမယ့်
ပြန်စရာအိမ်ရဲ့ ကိစ္စက ခက်ခဲနေတယ် အဝေးပြေး

သိပ်ကောင်းပြီး သိပ်လှတဲ့ စကားလုံးတွေပါညီမရေ
ကဗျာဆရာမရဲ့ ခံစားချက်တွေနဲ့ လာဖတ်တဲ့ကဗျာချစ်သူရဲ့ ခံစားချက်တွေတထပ်တည်းကျနေတဲ့အခါမှာ အဲဒီကဗျာဟာ ဖတ်ရသူအတွက် သိပ်ကိုအဖိုးတန်လှပါတယ်

MANORHARY said...

လိပ်စာအမှားပေးခဲ့လည်း အတိတ်ကတော့
တဆိတ်တော့မုန်းစရာကောင်းလောက်အောင်
လိုက်လာနိုင်တုန်းပဲမဟုတ်လား
ထွက်ပြေးနေရတာကိုက ထွက်ပြေးမရတာတဲ့
အမမေငြိမ်းကဗျာလေးသွားသတိရမိပြီး
တို့တွေဘယ်တုန်းတည်းကများေးပြးထွက်ချင်နေမိလဲ
စဉ်းစားနေမိပြန်ရော.............

လင်းဒီပ said...

တကယ်တမ်းကျတော့လည်း ထွက်ပြေးရင်းနဲ့ ပိတ်မိနေတာပါဗျာ..။

minn thuka said...

ခက်ခဲနေတယ်...
ပရိဒေ၀တွေ....
လိပ်စာအမှားတွေပေးပစ်ခဲ့တယ်....
သံသယ စိတ်....
မသင်္ကာစိတ်...
ဖောက်ပြန်နေ....
(ဒါတွေအားလုံးက ကဗျာဆရာရဲ့ ပထမပိုင်း
ဆန့်ကျင်ဘက် ကန့်လိုက်တိုက်ထားတဲ့ အခြေအနေ)
သတိကြီးကြီးနဲ့....
စမ်းတ၀ါးဝါး....
နာနာကျည်းကျည်း....
ခပ်လျော့လျော့....
အတောင့်လိုက် ....
(ဒါတွေကတော့ မဖြစ်မနေလက်ခံလိုက်ရတဲ့
ဘဝအတွက် မစို့မပို့ ကာကွယ်ချက်လေးတွေ)
ငါ့ အက်သံ...
ငါ့ အပူမီး...
ငါ့ စိတ္တဇ....
(အဲဒီမှာ အားလုံးကျဆုံးသွားပြီ....ဘာသာကြိုးမိန့်
ချလိုက်ပုံရတယ်)
"အဲဒီ့လမ်းရဲ့ အဆုံးမှာ
ငါ့ ရဲ့ ရွာ ရှိ ချင် ရှိ မှာ ကွယ့်…။ ။
အပြေးကိုဝေးချင်ခဲ့တာပါ… အဝေးပြေး ။ ။"

အစနဲ့အဆုံးကို ဆန့်ကျင်ဘက်နှစ်ခုအားပြိုင်
ခိုင်းထားတာလေး သဘောကျတယ်...။

ကဗျာထဲက စာသားလေးတွေကို ဆွဲထုတ်ပြီးခံစားကြည့်တာပါ...အကြိုက်တူချင်မှတူနိုင်သလို
အမြင်လဲတူချင်မှတူမှာပါ...အရင်ကဗျာတွေလို တစ်ပိုဒ်ဆီ ခွဲပြီးသပ်သပ်ခံစားရင် ပေါ့သွားလို့
အစအဆုံး ကဗျာလေးနဲ့ဖက်အိပ်မိတယ်...ရင်ခွင်ထဲမှာ
ကဗျာလေးက ဒေါသတကြီးရှိုက်နေလေရဲ့....။

ဇေဇော် said...

ကိုမင်းရေ...။ ကိုမင်း အိန္ဒြာ့ရဲ့ အဇ္ဈတ္တကို ချဉ်းကပ်ပုံလမ်းကြောင်းအတိုင်း လိုက်ကြည့်မိတယ်...။ အမြင်ချင်း၊ အကြိုက်ချင်း၊ ခံစားပုံ၊ ချဉ်းကပ်ပုံချင်း မတူပေမယ့် ဒီကဗျာကို ကိုမင်း ဘယ်လိုချဉ်းကပ်သွားတယ်ဆိုတဲ့ ချဉ်းကပ်ပုံ လမ်းကြောင်းတစ်ခု လမ်းညွှန်ပေးလို့ ကျေဇူးတင်ပါတယ်...။ ကျနော်ကတော့ ဒီကဗျာကနေ အရှိန်တစ်ခု လာဟပ်လိုက်သလို ခံစားရတယ်...။ လောင်ကျွမ်းမှုတစ်ခုက ရုပ်ဝတ္ထုကို ရွေ့လျားစေတဲ့ အရှိန်ဟာ ကဗျာဆရာရဲ့ ဘ၀ထဲကိုပါ ပူးဝင်လာသလိုပဲ...။ ပြီးတော့ အဲဒီ ဘ၀အရှိန်မှာ ကဗျာဆရာကိုယ်တိုင် ယစ်မူးမျောပါနေတယ်လို့ ခံစားမိတယ်..။ နောက်ဆုံးမှာ ကဗျာဆရာပြောခဲ့သလို
ဘ၀အရှိန်မှာ စီးမျောခြင်း ပြီးဆုံးသွားမယ့် အဆုံးသတ်ဆိုတဲ့ တစ်စုံတစ်ရာကရော ဘာများဖြစ်မလဲ...။ အနုပညာလား...၊ ငွေကြေးလား...၊ အောင်မြင်မှုလား...၊ ချစ်ခြင်းမေတ္တာလား...၊ သေခြင်းတရားလား....၊ .... .... .... ....
ဒါနဲ့တောင် စိတ္တဇတွေအတိုင်း မိုင်ကုန်ဖွင့်ပစ်လိုက်မယ်ဆိုတော့... ...
ပြေး... အဝေး... အဝေးပြေးရေ...

Eaindra said...

ကိုကြီးသုရော..ညီဇေရော..ကျေးဇူးတင်ပါတယ်.။
နှစ်ယောက်လုံးက ကဗျာကို..အထဲအထိဝင်ဖတ်တတ်တာလည်းတူပါတယ်.။
ဝေဖန်စရာရှိရင်..
မျက်နှာမကြည့်တမ်းပြောတတ်တာလဲတူပါတယ်.။

ဒီကဗျာအကြောင်း..နည်းနည်းတော့ပြောကြည့်ချင်ပါတယ်..
ဒီကဗျာက...အဝေးပြေးဂိတ်မှာထိုင်နေရင်း
ရလိုက်တဲ့ အတွေးစတစ်စပါ...။
လက်၇ှိရင်ဆိုင်နေရတဲ့ စိတ်အကြပ်အတည်း..လူအကြပ်အတည်းတွေကြားက
ထွက်ပြေးချင်တဲ့ အခြေခံဖီလင်နဲ့ရေးဖြစ်ခဲ့တယ်ထင်ပါရဲ့..
အဲဒီလမ်းဆုံးမှာ.၇ှိတဲ့တစ်စုံတစ်ရာဟာ...
ဘာလဲဆိုတော့...

ငြိမ်းချမ်းခြင်းပဲညီဇေရေ....

လက်ရှိအချိန်..၊ လောလောဆည်က..
ထွက်ပြေးလိုခြင်းဆိုတဲ့...
အဝေးပြေးကားတစ်စီးပေါ်မှာပေါ့....

လောင်ကျွမ်းကတော့ ညည်းငွေ့ခြင်း..ငြင်းဆိုခြင်းတွေပဲထင်ပါရဲ့...

ဘာသာဒွိဟတွေများနေရတဲ့..ဖြစ်တည်မှု..
မရေမရာတစ်ခုလဲ၇ှိနေတယ်

ဆစ်ဗီယာပသာ့ပ်လို..ဓါတ်ငွေ့မှိုင်းတော့ မရှုရဲဘူးဟ...

ကြီးကြီးကျယ်ကျယ်တွေ..
လျှောက်ပြောမနေတော့ပဲ.
ငါလဲ...အဲသလိုလေးရေးခြင်လာလို့
ရေးချဖြစ်လိုက်တယ်ဆိုတာကတော့....
အမှန်ဆုံးဖြစ်မှာပါ..။



ညီဇေရေ
..ကိုကြီးသု(မင်းသုခ) က နင့်ကိုပေးလိုက်ပါဆိုပြီး.
ငါ့ကိုကဗျာတစ်ပေးသွားတယ်ဟ..။

Fire & Ice

Some say the world will end in fire,
Some say in ice.
From what I've tasted of desire
I hold with those who favor fire.
But if I had to perish twice,
I think I know enough of hate
To say they for destruction ice
Is also great
And would suffice.

Robert Frost

အမြင်ချင်းမတူပေမယ့်...
အဲဒီ့မြင်ကွင်းတွေက..
သူ့အလှနဲ့သူလှနေတာ...အတွက်တဲ့။

အိန္ဒြာ

ဇေဇော် said...

ကိုကြီးသုရော... အစ်မအိန္ဒြာရော... ကျေးဇူးပါပဲ...။ အမြင်မတော်ရင်လည်း ကိုယ့်ညီလေးလို..၊ မောင်လေးလို သဘောထားပြီး ဆုံးမပါနော်...။ အားမနာပါနဲ့...။ ရောဘတ်ဖရော့စ် ကဗျာအတွက်လည်း ကိုကြီးသုကို ကျေးဇူးတင်တဲ့အကြောင်း ပြောပေးပါဦး အစ်မရေ...။

ညီအကိုများ said...

ကဗျာလာဖတ်တယ်အစ်မရေ.. မင်္ဂလာနှစ်သစ်ပါ..
ကဗျာကဆွဲဆောင်မှုအားကောင်းတယ်..ဖတ်ရင်းနဲ့ကိုမြောပါသွားတာ.. .. အဝေးပြေး....အဝေးပြေး...

ပြေးရင်းနဲ့ ဝေးခဲ့ကြရ...


ခင်မင်လေးစားလျက်
မိုးကြယ်

အရုပ်ကလေး said...

အဝေးပြေးမှာ အပြေးမနှေးဖို့တော့
လိုအပ်တာကို ခံယူကြိုးစားရင်း...
ကဗျာလေးကို သေချာ ဖတ်သွားတယ် ..။
အတွေးနက်နဲမှုလေးကိုတော့ လေးစားတန်ဘိုးထားတယ်
မကြီး ... ကျွန်တော့်အဖို့ လေးလေးနက်နက် အတွေး
တွေကို ဖြစ်ထွန်းစေတဲ့ မကြီး ကဗျာတွေကို အစဉ်အားပေးသလို နှစ်သက်မိတယ် ..။
မန့်ဖို့ရာ စကားလုံးတွေ မထွက်အောင်ကို ကဗျာက နက်နဲနေတယ် ...။

ATN said...

အမှန်တော့ ပြေးထွက်လို့ မရတဲ့နေရာတခုကနေ ဝေးရာကို ပြေးနိုင်တာဆိုလို့ ကဗျာပဲ ရှိတာ မဟုတ်လား...

HAPPY CLOUD said...

အပေါ်က ဆရာများက အမှန်အကန်ဝေဖန် ခံစားထားတော့ (ဟယ်ရီလင်း စကားနဲ့ ပြောရရင်) နောက်လူမြည်းရင်တောင် ပိုချိုသွားသလိုပဲဗျ။ ကဗျာရဲ့ ဖတ်ညွှန်းက ကွန်မန့်ထဲရောက်နေသလိုဖြစ်သွားတယ်။ ကွန့်မန့်တွေဖတ်ပြီးမှ ကဗျာပြန်ဖတ်တော့ ကဗျာရဲ့ဓာတ်သတ္တိက ပိုကြွလာသလိုပဲ။

ကြုံတုန်းလေးပြောခဲ့ရအုံးမယ်.. ဟိုတနေ့က ပလာတာလေးစားကောင်းတယ်ဗျာ။ :D
(အာပျော်ပါ..) ကဗျာကိုဝေဖန်သလို ကဗျာဆရာမကိုလည်း နည်းနည်းတော့ စခဲ့ရမှ ကျေနပ်လို့ပါ။

ပက်ပက်စက်စက်ခင်တဲ့
မိုးမောင်(Myanmar Idol)

Mogok Thar said...

May 6, 2009
စနေ အနီ

အနီတွေ ရင့်နေအောင် ရွာတယ်........

ဖျတ်ခနဲ--
မျက်တောင်တစ်ချက် ခတ်လိုက်မိတယ် ဆိုရုံလေး
ခြေလှမ်းတိုင်းရဲ့ မျက်နှာစာဟာ
သတ် ကွင်း လုံး လုံး ဖြစ် ခဲ့ ပေါ့။

ခိုဖြူတွေ လန့် ပြီးထပျံတယ်။
အမေတွေရဲ့ အသည်းနှလုံးအစုံစုံ ကျကွဲတယ်။
ကမ္ဘာမြေ က မျက်နှာလွှဲလိုက်တယ်။
ကောင်းကင်က သည်းကနဲ ငိုချတယ်။

တစ်ချက်ကလေး တို့ထိလိုက်မယ့် လက်ညှိုးသေးသေးမှာ
ဘယ်လိုအာဃာတတွေ
ပွားစီးနေခဲ့လည်း.................?????.

အနီတွေ........
အနီရောင်တွေ....၊
အဲဒီ့ စနေရဲ့ ကောင်းကင်ကို ခွစီးထားတဲ့ အနီတွေ...........

ရက်ရက်စက်စက်
တကယ့်
အဖြူသက်သက်တွေပေါ်ကိုမှ
သွန်ချတယ်။ ။

အိန္ဒြာ(၇.၅.၂၀၀၅)

ကျန်ခဲ့တဲ့ လေးနှစ် ဒီလိုနေ့ရက်က မြန်မာပြည်မှာ ကုန်တိုက် ၃ခု တစ်ပြိုင်တည်းဗုံးကွဲခဲ့
လူတွေအစုလိုက်အပြုံလိုက် သေကြေခဲ့ကြတာကို..မှတ်မိကြဦးမှာပါ..။
ဆရာ လူအိမ် ရနံ့သစ်မှာ ရေးခဲ့တဲ့ ကြက်သီးထလောက်အောင်ကောင်းတဲ့ကဗျာကိုဖတ်ပြီး..
ကိုယ့်ကဗျာလေးကိုယ် ခေါက်သိမ်းထားခဲ့တာ...။
ဘယ်သူတွေက ဘယ်သူ့ကို ဘာအာဃာတတွေနဲ့ပဲ လုပ်လုပ် ....ပြည်သူတွေကတော့ ဓားစာခံတွေပါပဲ..။
အညှိုးအတေးတွေ.၊.အမုန်းတွေ..၊မောဟတွေ..၊ စစ်ပွဲတွေ..၊ လူသတ်လက်နက်တွေ မရှိတော့တဲ့ ကမ္ဘာ...
အညှိုးအတေးတွေ.၊.အမုန်းတွေ..၊မောဟတွေ..၊ စစ်ပွဲတွေ..၊ လူသတ်လက်နက်တွေ မရှိတော့တဲ့ ကမ္ဘာ...
သိပ်စိတ်ကူးယဉ်ဆန်နေမိခဲ့တယ်.။

Read More...

Collapse...
at 8:30 AM 12 comments
Labels: ကဗျာ
May 3, 2009
ကဗျာနဲ့သွပ်တဲ့ သပိတ်

(၁)။
ဒီ မေလ ၅ ရက်နေ့မှာ နှလုံးသွေး အစအနတွေပျံ့ကျဲနေသလိုမျိုး
စိန်ပန်းတွေ ရင့်နေအောင်ကြွေကျထားလေဦးမလား..၊
ပူရဲနေတဲ့ နွေရင့်ရာသီရဲ့ လေရိုင်းမှာ..တံလျှပ်တွေ တဖျပ်ဖျပ်ခါနေဦးမှာလား..။
ဟိုး...ကျန်ခဲ့တဲ့ နှစ်အစိတ်ကလိုပေါ့..ဖေဖေ..။
ဖေဖေရေ..နှစ်ပေါင်းအစိတ်ဆိုတာ
ဖေဖေ့သမီးကြီးနဲ့ သားငယ်လေးကို
လူလတ်ပိုင်းလုံးလုံးရောက်သွားစေတဲ့အချိန်တွေပေါ့..
ဖေဖေသိပ်ချစ်တဲ့ ဖေဖေ့ ညီမလေးကတော့
အသက်၆၀နားနီးတဲ့ ပင်စင်စားဆရာမကြီးပေါ့..။

အားလုံးဟာ...ပြောင်းလဲသွားသလိုလိုပါပဲဖေဖေ..။
တစ်ချို့က တကယ့်ကိုပြောင်းလဲသွားခဲ့တယ်
တစ်ချို့ကအပြောင်းလဲခံလိုက်ရတယ်..
တစ်ချို့ကပြောင်းလဲချင်ယောင်ဆောင်ထားကြတယ်..
တစ်ချို့က...
အင်း...................................။
စိတ်တွေပြောင်းလဲသွားခဲ့တာတော့သေချာတယ်ဖေဖေ...
သနားကြင်တာတတ်တယ်၊ စိတ်သိပ်ရှည်တယ်..၊
ကိုယ်ချင်းစာ အားနာတတ်ပါတယ်ဆိုတဲ့ အဖေ့သမီးတောင်
မာရေကျောရေတွေနိုင်လာလို့..
သိပ်ကို အောင်မြင်တက်ကြွချင်တဲ့ ဖေဖေ့သားလေးတောင် မြို့ပြကို စိတ်တွေကုန်လို့..
သိပ်ကိုတိကျပြီးစည်းစနစ်သိပ်ကြီးပါတယ်ဆိုတဲ့မေမေက
ရေလိုက်ငါးလိုက်ဆိုတာမျိုးတွေရှိနေတတ်ခဲ့ပြီ..ဖေဖေ..။
နှစ်ပေါင်းအစိတ်မှာ..ဖေဖေဘယ်တွေရောက်နေခဲ့သလဲ..ဟင်.။

(၂)။
ဖေဖေရေ...ငယ်ငယ်တုန်းကမောင်နှစ်မနှစ်ယောက်တစ္ဆေအခြောက်ခံချင်ခဲ့ကြတယ်..။
ဖေဖေကနေဖြစ်မယ့်တစ္ဆေဆိုတော့ လူကြီးတွေက မန်မဲလို့.။
အမှောင်ထဲကို စိုက်ကြည့်နေခဲ့ကြတာ အလုပ်တစ်ခုပေါ့...
ဖေဖေဘယ်နေရာကများ.ကိုယ်ထင်ပြလိုက်မလဲ.ပေါ့..
ခဏ..ဖြစ်ဖြစ်..
ခဏလေးဖြစ်ဖြစ်...
ခဏလေးဖြစ်ဖြစ်ပါ..ဖေဖေ..။
မောင်လေး..ဖေဖေ့ကိုသာ..ခုနေပြန်ရခဲ့မယ်ဆိုရင်...
တစ်လလောက်အတူတူနေပြီး ငါပါလိုက်သေဆိုလည်း ငါသေမှာသိလား..လို့
ကဗျာဆရာမဖြစ်မယ့် ဖေဖေ့သမီးကပြောတော့
ငါက ငါ့မုန့်ဖိုးတွေမယူနဲ့တော့ဆိုလည်း..မယူတော့ဘူးလို့ စီးပွားရေးသမားဖြစ်မယ့် ဖေဖေ့သားလေးကပြန်ပြောခဲ့တယ်..။
ဖေဖေမောင်းခဲ့တဲ့ မော်တော်ပျက်ကြီးပေါ်မှာ...ဖေဖေ့အကြောင်းတွေကို..ပြန်ပြောနေခဲ့ကြတာ......
ဖေဖေ့ရယ်မောသံတွေမဖြစ်မနေလိုပြန်လိုချင်လာရင်တော့ ထွက်ပေါက်မရှိတော့သလို....မျိုး...
ဆောက်တည်ရာမဲ့....
ဖေဖေရေ..လို့ အာခေါင်ခြစ်အော်ပြီ...ငိုချပစ်လိုက်ရတာပေါ့..ဖေဖေ..
ဖေဖေ့သမီးက တစ်ခုခုအထိတ်တလန့်ဖြစ်လို့နှုတ်ကလွှတ်ကနဲ ယောင်မိရင်တောင်..
"" ဖေဖေရေ ..."" လို့ တ တတ် ယောင်တတ်တဲ့ သမီးပါ ဖေဖေ...ရယ်..။

(၃)။
ခုနေခါဆို...ဖေဖေက၆၈ နှစ်အရွယ်လူအိုကြီး တစ်ယောက်ဖြစ်နေပြီပေါ့....။
၄၃ နှစ်မှာတောင်ဖြူစပြုနေတဲ့ ဖေဖေ့ဆံပင်တွေဟာ...
ခုဆိုဘော်ငွေရောင်တွေလို ဆွတ်ဆွတ်ဖြူနေကြရောပေါ့..။
အကြင်နာကြီးလွန်းတဲ့ဖေဖေ့မျက်ဝန်းတွေဟာ..ခုဆို...နာကျင်စရာတွေနဲ့ပါ ၀ဲသီနေရောပေါ့..။
ပြုံးလိုက်တိုင်းခပ်ပါးပါးလေး..ရွဲ့သွားတတ်တဲ့နှုတ်ခမ်းထူထူတွေနဲ့ ဖေဖေ့အပြုံးတွေက
ဟိုး...အရင်တုန်းကလို နွေးထွေးနူးညံ့နေဦးမှာပါလေ...။
မမ ငါ မှန်ကြည့်နေတာသေသေချာချာ...
ငါ့နှုတ်ခမ်းတွေငါမြင်ဘူးပါတယ်လို့..ထင်နေတာ.
.ငါ့ နှုတ်ခမ်းတွေက ဖေဖေနဲ့တူတာပဲနော်..မမ တဲ့...
ဖေဖေ့ကို ခပ်ဝါးဝါးပဲမှတ်မိတဲ့ ဖေဖေ့သားလေးက ဖေဖေနဲ့ အရမ်းတူချင်ခဲ့တယ်..။
သမီးကြီးကအဖေတူတယ်ဆိုတာကို ဖေဖေ့သမီးက ဂုဏ်ယူမဆုံးပေါ့ဖေဖေ ၊
ဘယ်လိုမှသွယ်ပျောင်းနူးညံ့မှုမရှိတဲ့
လက်ချောင်းခြေချောင်းတွေကို ဖေဖေ့သားလေးက ကဲ့ရဲ့တိုင်း
ဟေ့ ငါက ဖေဖေနဲ့ တူလို့ မလှတာ ဘာဖြစ်လဲ လို့ အနိုင်ပိုင်းနေကြပေါ့..။

ဖေဖေရေ..ဘယ်တွေရောက်နေခဲ့သလဲ..။
ဖေဖေလူပြန်ဖြစ်နေခဲ့ပြီလား...။
ဖေဖေမြန်မာပြည်မှာပဲ..လူပြန်ဖြစ်နေခဲ့မှာလား...
ဖေဖေက စိတ်ကောင်းရှိတော့လူပြန်ဖြစ်မှာဟ.သိလားမောင်လေး..
ဖေဖေ့သားလေးမျက်လုံးတွေက ရွှန်းမြလို့.ရယ်.လေ.

ဒီလိုနဲ့ နှစ်ပေါင်းအစိတ်မှာ.....

ဖေဖေ့သားနဲ့သမီးက အမျိုးထဲကတစ်ယောက်ယောက်များ ကလေးရရင်..
ဖေဖေများဝင်စားသလား..
ဖေဖေ့လို ရင်ဘတ်မှာ မှည့်တစ်လုံးပါလာမလား..၊
ဖေဖေ့လို စက်တွေပြင်နေမလား..
ဖေဖေပြောခဲ့တဲ့ စကားတစ်ခွန်းတစ်လေလောက်များပြန်ပြောမလား...
သမီးကြီး ဒါမှမဟုတ် သားငယ်လေး လို့များလှမ်းခေါ်လိုက်မလားပေါ့......။
သူ့သား ၊ သမီးတွေရဲ့ ရူးသွပ်မှုကို မေမေကကြင်ကြင်နာနာနဲ့ရယ်မောလို့..။
များလှချည်လားဟယ်..မင်းတို့အဖေ၀င်စားတဲ့လူတွေက တဲ့....။
မေမေကြိတ်ပြီးမျက်ရည်ကျနေတာကိုတော့
သမီးတို့ မသိချင်ယောင်ဆောင်နေရတာပေါ့ ဖေဖေရယ်..။

နှစ်ပေါင်းအစိတ်ရှိပြီတဲ့

ဖေဖေ..ဖေဖေ့သားလေးက ဖေဖေခုတ်ပေးခဲ့တဲ့သစ်သားနွားရုပ်ကလေးကလေးကို
သူ့သားလေးကိုတောင်ပေးမဆော့ပဲ မှန်ဘီဒိုထဲမှာ..သေသေချာချာသိမ်းထားလို့..
ဖေဖေ့သမီးက...ဖေဖေ့ ရုပ်ပုံပန်းချီတစ်ခုကားချပ်တွေဆွဲလို့......ရင်ထဲကအနာတွေကို ၀တ္ထုတွေကဗျာတွေဖွဲ့သီလို့..
သမီးကမေမေ့အတွက် ညဥ့်သိပ်ခရီးဆိုတဲ့ ၀တ္ထုတစ်ပုဒ်လဲ ရေးဖြစ်ခဲ့သေးတယ်ဖေဖေ..။
ဖေဖေ့ချစ်ဇနီးကဖေဖေ့အကြောင်းပြောတိုင်းမျက်ရည်ကြည်တွေဝေလို့၊
မေ၅ရက်တိုင်း..ဘုန်းကြီးဆွမ်းတွေကပ် လို့...
နှစ်ပေါင်းအစိတ်.......မှာ..ဖေဖေ..ရော..ဘာတွေလုပ်နေခဲ့မှာလဲ...ဖေဖေ..ရယ်။

(၄)။
ဘ၀တွေ သိပ်ကြမ်းခဲ့ရတာပေါ့ ဖေဖေရယ်...။
ခေါင်မိုးကိုလှပ်ချပစ်လိုက်တဲ့အိမ်တစ်လုံးလို...
နားခိုစရာလုံးလုံးမရှိတော့တဲ့လွင်တီးခေါင်ပြင်လို...
အမြဲတမ်း...တမ်းမွတ်ဆာလောင်နေရတဲ့ တစ်စုံတစ်ရာတွေနဲ့....
သားအမိသုံးယောက်ကျောချင်းကပ်ပြီး..ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတဲ့ လောကဒဏ်ရဲ့တိုက်ပွဲတွေ..........

အဖေနင်းဖြတ်ခဲ့တဲ့ ဘ၀ရဲ့ ဆူးတောအပြည့်နဲ့လမ်းထဲ
အဖေပေးသွားခဲ့တဲ့ မြေပုံလမ်းပြ Compass လေးနဲ့
ရှည်လျားလွန်းတဲ့ လောက တောနက်ထဲ ကျွန်တော်ရောက်နေပြီ အဖေ
သင်ကြားသွားခဲ့တဲ့ အဖေရဲ့ စကားသင်ခန်းစာများနဲ့
အဖေမရှိတော့တဲ့နောက်မှ အထပ်ထပ်တွေးခေါ်ရင်းနဲ့
တန်ဖိုးတွေ နားလည်ခဲ့ပြီ အခွင့်ရှိသေးရင် ကြားချင်တယ် အဖေ

ဘယ်အချိန်မေးမေး အကြိုက်ဆုံးတေးတစ်ပုဒ်ဖြစ်နေခဲ့တယ်ဖေဖေ...
ဖေဖေ့ မဟုတ်ရင်မခံတတ်တဲ့သွေးတွေက ဖေဖေ့သမီးကိုထဲမှာ တဒီးဒီးစီးလို့ပေါ့ဖေဖေ..။
အဖေပြီးအောင်မလျှောက်နိုင်ခဲ့တဲ့ ခရီးကို.သမီးက ဆက်လျှောက်ဖို့ကြိုးပမ်းနေမိခဲ့တာပေါ့..။
၃တန်းနဲ့ဝတ္ထုရေးပြီးနံရံကပ်စာဆောင်ပို့တဲ့သမီးက..အခု..ကဗျာတွေရေးနေတယ်ဆိုတာရော..ဖေဖေသိရင် ဂုဏ်ယူနေမလား......
အခု ၂၅ နှစ်မြောက်ဖေဖေ့သေခြင်းတရားနေ့မှာ..ဖေဖေ့သမီးကဗျာဆရာမက ဖေဖေ့ကို ကဗျာနဲ့ဆွမ်းသွပ်ဦးမှာတဲ့..။

အဖေမရှိတဲ့နောက် . . .
လူလားမြောက်တဲ့နောက် . . .
လှိုင်းထန်လေထဲမျောတဲ့အခါ
အထီးကျန်လာတိုင်း အတွေးထဲမှာ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဘ၀ဒဏ်ချက်များ အိပ်မက်မှာ
မျက်ရည်တွေစို့ရတဲ့အခါ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဒုက္ခတွေ ထည်လဲ တွေ့တဲ့အခါ
တခြားလူ မရှိဘူး ကျွန်တော်အတွေးမှာ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ

အဲဒီ့သီချင်းအဆုံးမှာ..မျက်ရည်ဖြိုင်ကျခဲ့ရတာလည်း...အကြိမ်ကြိမ်အခါခါပေါ့..ဖေဖေရယ်.....။

၅။

ဒီကဗျာ မဟောသဓါ မဂ္ဂဇင်းမှာပါလာတော့ အိန္ဒြာဟာ ကိုယ့်ကလောင်ကိုယ်ငဲ့ ပြီးဒီကဗျာမျိုးကို
စာမျက်နှာပေါ်မတင်သင့်ပါဘူးလို့ဝေဖန်ခံခဲ့ရတဲ့ ကဗျာပါဖေဖေ..။
ဟင်္သာတGTI ပထမနှစ်မြို့ပြ ကျောင်းသူဘ၀က တမာလမ်းကရှိုက်သံများဆိုတဲ့ ကဗျာစာအုပ်လေးမှာ..
ငယ်နုတဲ့အတွေးအရေးတွေနဲ့ ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပေါ့ .
ငြိမ်းချမ်းဧကရီမှာ ရှိုက်သံတွေဝေစည်ခဲ့တဲ့ ကဗျာလေးပေါ့..။
ဒီကဗျာဟာ မျက်ရည်ပေါက်ကြီးငယ်နဲ့ တစ်ထိုင်တည်း.ပြင်စရာမလိုအောင်
သွန်ကျလာခဲ့တဲ့...ကဗျာ..ပေါ့..

ဝေဖန်တဲ့သူတွေကို ဖေဖေ့သမီးကမျက်လုံးချင်းစေ့စေ့ဆိုင်ပြီး..ပြန်ပြောပစ်ခဲ့တယ်

ဆယ်နှစ်သမီးက နှလုံးသားကို ထုတ်ချင်းခတ်စိုက်ဝင်နေတဲ့ မြားတစ်စင်းကို
အသက်၂၀ နီးပါးမှာ ဆွဲနှုပ်လိုက်တဲ့ သွေးစသွေးနတွေလို ကဗျာပါ..လို့..
ဒီကဗျာမျိုးစာမျက်နှာပေါ်ပါရသလား..ဆိုတာအတွက် အိန္ဒြာက ဘာမှပြောစရာမရှိပါဘူးလို့လေ...။
ဖေဖေရေ...
ဖေဖေ့သမီးကဗျာဆရာမက ...
ဖေဖေ့ ၂၅နှစ်မြောက်သေခြင်းတရားနေ့မှာ..
ဒီကဗျာနဲ့မှ ဆွမ်းသွပ်ချင်နေသတဲ့..။

၆။
အနန္တ အတိုင်းအတာ

ရှစ်ဆယ့်လေးရဲ့ မေ ( ငါး)
အိမ်ရှေ့နားက စိန်ပန်းပျို
နှလုံးသွေးတွေ စိုနေတယ်။
စိန်ပန်းပင်အရိပ် တိတ်ဆိတ်စွာရပ်နား
နှစ်ဘီးတပ် ရထားတစ်စင်း
အဖြူရောင်မလင်းတလင်းနဲ့။

ဟိုနေရာက လူတစ်စု
အနိဌာရုံရဲ့အဖုံး ၊ အလှပဆုံးဖြစ်အောင်
ရွှေရောင် ငွေရောင်စက္ကူပြောင်ပြောင်တွေနဲ့
ဒြပ်မဲ့နာမ်စားပြယုဂ်အတွက်
တကုတ်ကုတ်နဲ့ပေါ့..။

ဟိုး... အိမ်အနောက်မှာ
ပျဉ်ချပ်တွေကိုခွဲဖြာ
သေချာတဲ့ အတိုင်းအတာတစ်ခုနဲ့
လူနေအိမ်တစ်လုံးဆောက်နေရဲ့။
ဒီဘက်နားမှာ ဆန်ကောတွေနဲ့ ဆန်ပြာ၊
ဟိုဘက်နားမှာ ကြက်သွန်နွှာ ငြုတ်ထောင်း
အိမ်အစွန်းမှာ ကွမ်းယာစားနေတဲ့
အိမ်နားက အဘရယ်၊
နောက်ဘက်နားမှာ
ရီဝေဆွေးဆွေး ငါတို့ကိုငေးရင်း
ပူလောင်မှုကိုပလှပ် ယပ်တောင်ငယ်တစ်ချပ်
ကွာစေ့ကိုက်သံတစ်ဖျတ်ဖျတ်။

အားလုံးရဲ့ ဗဟိုအလယ်မှာ
မုဒုံစောင်အဖြူကြား.. ဇာပုဝါပါးပါးကိုချုံရင်း
နှင်းဆီနီနံ့သင်းသင်း အမွှေးတိုင်နံ့ပြင်းပြင်းကြား
“ဖခင် “စက်နားနေပါတယ်။

ဖခင် အနားမှာ ငါဟာ
ဆိတ်ငြိမ်ကြေကွဲစွာ
ဟိုနေရာလှုပ်လာနိုး...
ဒီနေရာလှုပ်လာနိုး....
အဓိပ္ပာယ်မဲ့မျှော်ကိုးမှန်း
မျက်တောင်ကို မခတ်စတမ်း
“မဟုတ်စမ်းပါနဲ့“
“မဟုတ်စမ်းပါနဲ့“
အသည်းကွဲပဲ့တင်သံလည်း
ရင်ထဲမှာ ညံနေပြီ။

ငါတို့ ဖေဖေဟာ ငါတို့ကိုသိပ်ချစ်တာလေ..
ငါတို့ဖေဖေဟာ စက်ပြင်ကောင်းတဲ့ ဆရာလေ..
ငါတို့ဖေဖေဟာ ပုံဆွဲကောင်းတဲ့ ဆရာလေ..
တစ်စစီဖြုတ်ထားတဲ့ စက်ပစ္စည်းပုံအကြား
ဖခင် ရိုးသားစွာ ပျော်ခဲ့တာပါနော်....။
အမေ ရိုက်တော့ မကြိုက်ပါတယ်
အဲဒီ့သီချင်းကို ဖခင်ဆိုရဦးမယ်
ငါတို့မောင်နှမနှစ်ယောက်သား..
ဖခင်ကြီးရဲ့ဘေးနားမှာခုန်ပေါက်ခါပြေးလွှား..
ဖေဖေကြီးကိုချစ်တယ်တေးသွားနဲ့ ကကြရဦးမယ်..
ဖေဖေ..ထတော့လေ..
မေမေဆူရင်ကာကွယ်ရဦးမယ်
မောင်လေးကို ရှင်ပြုရဦးမယ်
သမီးအင်ဂျင်နီယာဖြစ်ရဦးမယ်.....။

ဆရာဝန်ရဲ့ဘေးနားမှာ
ငုတ်တုတ်ကအသိပျောက်စွာ
ပရက်ရှာချိန်နေရှာတဲ့..မိခင်ရယ်..
မေမေဘာဖြစ်တာလဲ
ဖေဖေ့ကိုခေါ်ပေးပါ..
ခြောက်နှစ်သာသာ ပူဆာနေရှာတဲမောင်လေးရယ်..
အားလုံးရဲ့အလည်မှာသွေးပျက်ခြောက်ချားစွာ
ငါ ရပ်နေရရှာတယ်....

ဆယ်နှစ်သမီးရဲ့ပရိဒေဝ
ဘာနဲ့မှကို နှိုင်းဆမရ
လူ့ဘ၀ဆိုတာ မှာ....
“မုဆိုးမ...“ တဲ့
“ဖတဆိုး....“ တဲ့
ရက်ရက်စက်စက် ပညတ်ချက်တွေခံရင်း
ကြီးပြင်းလာခဲ့ ပါပြီ...ဖေဖေ။

ဘ၀ကို ရုန်းကန်
လောကဓံကို အံတု
မာနထုကို အဖေါ်ဆင့်
ငါ့အသက်ရှင်ရာဟာ ဒီ သားနဲ့ သမီးပါလို့
အံကြိတ်ကာဟစ်ကျွေး မိခင်အားမာန်တေးတွေနဲ့
မေမေဟာ...
ပြုစုပျိုးထောင်လာခဲ့တယ်လေ..။

ပစ္စုပ္ပန်နေရာ..
ခဏဖြစ်ဖြစ်လာခဲ့ပါလား .. ဖေဖေ
ဖေဖေရဲ့ မျှော်လင့်ချက်
မေမေ့ရဲ့ စွမ်းဆောင်အား.....
သမီးနှလုံးသားမှာ တစ်သက်စာအတွက်
ဆပ်မကုန်မယ့် ကျေးဇူးတွေ....။
“ဖေဖေရေ....“
ရောက်တတ်ရာရာ သုဂတိရွာမှ
ရွှင်လန်းကြည်သာ
ဝမ်း မြောက် ပါ စေ တော့ ။ ။


(ကွယ်လွန်ခြဲ့ပီးသော ဖခင် နှင့် ကျေးဇူးရှင် မိခင်ကြီးအား ဦးထိပ်ပန်ဆင်လျက်)

အိန္ဒြာ
(၅ရက် ၅လတိုင်း အတွက်)

Read More...

Collapse...
at 1:18 AM 16 comments
Labels: ကိုယ်ရေးမှတ်တမ်း
May 1, 2009
ချစ်သော အနက်ရောင်

လိုအပ်လာရင်
ချစ်သူကိုလည်း
သွားတစ်ချောင်းလိုနှုတ်ပစ်ရတယ်
ငါ့အနက်ရောင်ကိုလည်း..
လိုအပ်လာရင်
သစ်ပင်လိုနှုတ်ပစ်ရမယ်
ဆံပင်တွေ
မဖီးသင်သလိုမျိုး စိတ်ရှုပ်ထွေးရဲ့
မင်းအခန်းထဲ
တောင်တန်းအတုဖြစ်နေရတာ..
ငါ့စိတ်တစ်ခုတည်းနဲ့ဆို
ဘာမဆိုဖြစ်နိုင်တယ်။
အခု သွေးထိုးနေတဲ့ ဆာလောင်မှုဟာ..
အနက်ရောင်ဖြစ်တယ်
လိုအပ်လာရင်
ငါ့အခန်းကို ရွှေ့ပစ်ရမယ်
ငါ့ကဏ္ဍကိုရွှေ့ပစ်ရမယ်
မင်းအသံဆီငါမကြားအောင်
ခုတော့ မင်းက ငါ့ဘေးနား
ငါ့လက်လိုပဲဖြစ်ရဲ့
ခုတော့ ငါ့လက်က ငါပစ်ရမယ့်ပစ်မှတ်
အဲဒီပစ်မှတ်ပေါ်လောင်ကျနေတဲ့ လရောင်က
ငါ့အမှောင်
ငါချစ်တဲ့ အနက်ရောင်အတိုင်း အော်လိုက်မယ်
ရှိရှိသမျှ ကြွက်သားနဲ့...။ ။

( ချစ်သောကဗျာဆရာမ ဆီလ်ဗီယာပလာသ့် ၁၉၃၂-၁၉၆၃ သို့)

ဝင်းမြင့်
(လူစီရဲ့ အမှုန်အမွှားကင်းတဲ့လက်ဆောင် ကဗျာစာအုပ်မှ)

(ကြောက်စရာကောင်းလောက်အောင် လှပစူးရှတဲ့ ကဗျာမျိုးတွေရေးပြသွားတဲ့ ကဗျာဆရာမက
သူ့မရဲ့နောက်ဆုံးအချိန်မှာ ဘာတွေစဉ်းစားသွားမလဲဆိုတဲ့ အတွေးမျိုးဝင်လာတဲ့အခါ..
ဆရာဝင်းမြင့်ရဲ့ဒီကဗျာကို သတိတရ ဖွင့်ဖတ်ဖြစ်ပါတယ်..။)

Read More...

Collapse...
at 6:44 AM 9 comments
Labels: ခံစားမိရာ
April 28, 2009
တွေ့ချင်သူ(၁၀)၊မတွေ့ချင်သူ(၅)

မြင်ဖူးချင်တဲ့ ဆယ်ယောက်တဲ့ အစ်မမနော်ဟရီက အရောက်ပို့တော့၏။
(ဆယ်ယောက်သိပ်နည်းတာပဲ...)။
စကားဦး ။ ။ မြင်လဲမမြင်ဖူး...ပဲ Gtalk မှာတင်ထားသည့်
အဆင်အပြေဆုံးများထဲမှ ဖျစ်ညှစ်ရှာဖွေရွေးထားရသော..
လက်သန်းလက်သည်းခွံသာသာဓါတ်ပုံပိစိလေးကိုကြည့်ပြောနေသော..မှတ်ချက်ကို..
လူချင်းတွေ့ပြီးသောအခါ....မှားပါတယ်..အကြိမ်၁၂၀ ရေရွတ် ပြီး...
အိန္ဒြာ့ကို မှားပေးမိသောမှတ်ချက်ဟု ပိုစ့်တစ်ပုဒ်တင်ပြီးဖြေရှုင်းရလတ္တံ့)
( အစ်မ မနော် ၊ ကိုကြီးအောင်သာငယ် အပြင် ၄င်းမှတ်ချက်ပေးကြသော အားလုံးကိုဆိုလိုသည်။ ပေးမိသူများ..ပြန်စဉ်စားပြီး...အတွေးထဲမှာ..ပြင်လိုက်ပါ..။)


၁။ ဆရာမကြီး ကြည်အေး
(မျက်လုံးချင်းတည့်တည့်ဆိုင်ပြီး..ခဏလေး..ဖြစ်ဖြစ်ငေးကြည့်နေချင်ပါတယ်.။
ဒီစာရေးဆရာမအိုကြီးရဲ့မျက်ဝန်းတွေထဲမှာ ဘာတွေရှိနေလေမလဲပေါ့..။ )

၂။ဆရာမမေငြိမ်း
( ဒီလိုဆရာမမျိုးနဲ့ မြန်မာစာသင်ခွင့်သာရခဲ့ရင်လို့ စိတ်ကူးတွေယဉ်ကြည့်ခဲ့ဖူးပါတယ်..။
အရေးအခင်းကာလ ကျောင်းရက်ရှည်တွေပိတ်တော့ ကိုယ့်ဘာသာ ကိုယ်ဖတ်ချင်တဲ့စာအုပ်တွေနဲ့ တက်လူ ဆိုတဲ့ စာအုပ်ဆိုင်ကလေးဖွင့်ဖြစ်ပါတယ်.။
..မေငြိမ်းတို့ဂျူးတို့စာအုပ်တွေချည်းတင်ပြီး...လာငှားတာတွေမကြားဘဲ ကိုယ့်စာအုပ်ထဲ ကိုယ်ခေါင်းမြုတ်နေတတ်လွန်းလို့မေမေ့ အဆူခံခဲ့ရတာအကြိမ်ကြိမ်ပေါ့..။
စာရေးချင်စိတ်တွေက အဲဒီ့အချိန်မှာ ထိမ်းမရ သိမ်းမရဖြစ်ခဲ့တော့တာပါ..။
ဆရာမမေငြိမ်းစာအုပ်တွေကို မဂ္ဂဇင်းဝတ္ထုတိုလေးတွေကအစ ၀ယ်သိမ်းဖြစ်ပါတယ်..။
ရသစာအုပ်စင်မှာ ဆရာမအသံကိုကြားရတော့..လူချင်းတွေ့ဖူးချင်လိုက်တာ...၊
စကားတွေ ပြောလို့ကုန်နိုင်ဘူး..ထင်ရဲ့..။)

၃။ အစ်မ မနော်ဟရီ (ဖွပြီပဲ)
(အဖြစ်က တစ်နိုင်ငံထဲနေတုန်းက တစ်ယောက်ကိုယ်တစ်ယောက်မသိကြပဲ..
မျက်နှာသစ်တာချင်းတူပေမယ့် တစ်ယောက်က အိပ်ရာဝင်ဖို့ဖြစ်ပြီး..နောက်တစ်ယောက်က မိုးလင်းလာတဲ့ဘ၀တွေမှာမှ..အချိန်တွေလုယက်ပြီးချစ်ခင်နေခဲ့ရတဲ့ အစ်မပါ..။
တကယ်က မြန်မာပြည်မှာတုန်းက မာနကြီးတယ်ထင်ထားတာ..ကိုယ့်အတွေးနဲ့ကိုယ်..။
သူ့ဘ၀မှာကလဲ ဘယ်ထောင့်စမ်းစမ်း..မာနာကြီးချင်စရာတွေချည်းဆိုတော့လေ..။
သိပ်လှတယ်.နာမည်ကြီး သလောက် စာရေးကောင်းတဲ့စာရေးဆရာမတစ်ယောက်မို့
အစကတည်းက လေးစားခင်မင်ရင်းစွဲပေါ့..။
ဘယ်လောက်လှတယ်..နာမည်ကြီးသလဲဆို..
ဆရာမင်းလူရဲ့ စာပေကြော်ငြာစိတ်ရှိုးမှာ
ဘီဒီဘီဒီဗန်ဗန်သီချင်းနဲ့ ၀င်ကြော်ငြာခဲ့သေးတာ..။
( စုံတွဲပေါ့..တာရာရဲ့ အလှ တာရာရဲ့ စာ အဆင့်မြင့်မြင့်ဖတ်ကြပါဆိုတာ..)
ကာတွန်း ဆရာဆန်းထွန်းရဲ့လက်ရာနဲ့ ဆရာမင်းလူရဲ့ ၀တ္ထုကို
သရုပ်ဖေါ် ကာတွန်းဆွဲထားတာမှာတောင်မှ..
မနော်ဟရီရဲ့ပုံလေးကို..ဂါဝန်ဖါးဖါးလေးနဲ့ ချစ်စရာကောင်းအောင်ဆွဲပေးခဲ့ပါတယ်..။ )
တွေ့ဖြစ်မှာကတော့ သေချာပါတယ်..။ အမရေ ချိန်းပြီးရွာပြန်ကြမယ်နော်..။)


၎။အစ်မ မိုးချိုသင်း..
(ဘာလေးကိုဖြစ်ဖြစ်ဆေးစက်ကျရာအရုပ်ထင်ဆိုသလို ချရေးတတ်လွန်းတဲ့ အစ်မချိုသင်းကို အလိုလို့ကိုချစ်နေမိခဲ့ပါတယ်..။
သူ့မျက်နှာဖေါင်းဖေါင်းလေးမှာ..၊ လူတိုင်းကို..စာနာ ကြင်နာတတ်ပြီး..
စိတ်ကောင်းနှလုံးကောင်းရှိကြောင်းကို ပေါ်လွင်နေခဲ့တာ..
တွေးကြည့်မိတယ်..အစ်မချိုသင်းနဲ့များဆုံခွင့်ရခဲ့ရင်.. သူ့စာထဲကလို..စကားတွေနားထောင်ချင်စရာပြောတာကို..ငေးပြီး..
သဘောတွေကျ ရယ်ရမောရမှာပဲလို့ တွေးကြည့်မိပါသေးတယ်..။)


၅။လင်းပြာနွေ
(ဖွဲ့တည်ရာမဂ္ဂဇင်းကနေ...တဆင့်သူ့ဆီရောက်ခဲ့တာပါ..။
အခု မရေးတော့ဘူး ထင်ပါရဲ့..။
သိပ်ကို..လှပကျစ်လစ်တဲ့ စာရေးဟန်တွေကိုဖတ်ပြီး..တွေ့ချင်နေမိတယ်...။
စိတ်ဝင်စားနေမိတယ်လေ..။)

၆။ခင်လေးငယ်..
(ဒီမချောရဲ့ ချိုချိုချွဲချွဲ အပြောလေးတွေကြောင့် ချစ်ရပြန်ပါတယ်..။
မကြီးရေ..လို့ ခေါ်လိုက်ရင်..သူ့ကို ထိပ်ကို မနာအောင်ခပ်ဖွဖွထုချင်လာမိရော.။ )

၇။ကိုကြီးအောင်သာငယ် ၊ ကိုဆောင်းယွန်းလ...နဲ့....
(အွန်လိုင်းမှာခင်မင်ခဲ့ပြီး...ကဗျာနဲ့တော်စပ်ခဲ့တဲ့မောင်နှမတွေပါ..။
မောင်နှမတွေသိပ်များပါတယ်...
.ရေးရမှာ.များတော့ ချရေးမယ်ဆိုရင်..ကျန်နေမှာစိုးလို့ အားလုံးပါပါတယ်..လို့ပြောပါမယ်..။
ဖြစ်နိုင်ရင်အာလုံးကို တွေ့ချင်ပြီး..၊
ဖြစ်နိုင်ရင်..အားလုံးကို မတွေ့ချင်ပါဘူး..။
လူမမြင်ရရင်တော့ အထာကြီးနဲ့..ပေါ့..ဟဲဟဲ)

၈။ကိုကြီးမင်းသုခ
(ဘလော့မရေးဖြစ်ခင်ကတည်းက
စိတ်ပါလက်ပါ အားပေးခဲ့တဲ့အကိုကြီးပါ..။
စာတွေကဗျာတွေကို..သေသေချာချာထဲထဲဝင်ဝင်ကြီးဖတ်ပြီး
မြင်အောင်လဲကြည့်နိုင်လွန်းပါတယ်..။
တစ်ခါတစ်လေ.မန့်တာက ကဗျာတွေထက်ပိုကောင်းနေတဲ့ စတူရီယိုခေတ်က ကဗျာဆရာဟောင်းတစ်ယောက်ပါ..။
Gtalk မှာ ပဲတွေများပြီးဓါတ်ပုံတွေ တင်ထားလွန်းတော့
မျက်နှာကိုကောင်းကောင်းကျက်မိနေသလို..
အသားတော်တော်မည်းမှာကိုလဲ ခန့်မှန်းမိနေပါတယ်...။)

၉။တောကျောင်းဆရာ
(ရေးတဲ့ကဗျာတွေစာတွေကို ဖတ်ပြီး နာမည်နဲ့ဆက်စပ်စဉ်းစားမိတော့
တော်တော် ဂွကျနေပါတယ်..။
ပုဆိုးအစိမ်း တိုတိုနဲ့ ခမောက်တစ်ချပ်ဆောင်းထားမလား လိုလိုတွေးမိတတ်ပါတယ်..။
အဲဒီ့တောက ကျောင်းဆရာတစ်ယောက်ရဲ့
အသံတွေပေါက်ထွက်မတတ် ရင့်သန်နေတဲ့ကဗျာတွေ....။.)

၁၀။ညီဇေ
(နည်းနည်း လန့်ပါတယ်..။ ကွန်မန့်တွေထဲမှာ မြင်သလို စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောပြောသွားတဲ့အတွက်
တွေ့ရင်ရန်တော့ထောင်ဖြစ်မယ် ထင်ပါရဲ့..။
တကယ်က လုံးဝမမြင်ဖူးကြတဲ့တစ်နယ်တည်းသားတွေပါ..။
အိန္ဒြာဆိုတာကို..စောင့်ကြည့်ဝေဖန်ရေးလုပ်ပေးနေတဲ့အတွက်
အခုဆို ကဗျာတွေကို တော်ရုံမလွှတ်ရဲတော့ပဲ
ပိုပြီး ရိုရိုသေသေရေးဖြစ် (အင်း..) တင်ဖြစ်ပါတယ်..။
သူ့ကွန့်မန့်တွေက တစ်စုံတစ်ရာကို အမြဲသတိပေးနေသလိုပါပဲ.. ။ ညီဇေရေ...ရှဲ့ရှဲ့နိ)

ရှိနေပါသေးတယ်..။ ၁၀ယောက်ကပြည့်သွားတော့ရပ်လိုက်ရပါပြီ..။

အိန္ဒြာက မတွေ့ချင်မမြင်ချင်ပဲ
ပုန်းနေချင်တဲ့သူ ၅ယောက်ဆိုတာနဲ့ပါ tag ကိုချဲ့ထွင်လိုက်ပါတယ်..။

၁။မိုးမောင်(Happy Cloud)
၂။ဖိုးမောင်(Happy Cloud)
၃။မိုးမြင့်တိမ်(တိမ်ညိုတွေပြိုသွားတဲ့ကောင်းကင်)
၎။မိုးကြယ်(ယိမ်းနွဲ့ပါး)
၅။အိမ်မက်ရှင် တို့ပါ..။

နည်းနည်းအားနာတဲ့အနေနဲ့ မှတ်ချက်တွေရောရေးလိုက်ပါတယ်..။
သူ့တို့အကြောင်းကို သူတို့ ကွန်မန့်တွေကတဆင့်ဖေါ်ပါလိမ့်မယ်..။

အစ်မရေ..ဖုန်းမကိုင်လို့ ကျွန်တော့ကို အစ်မဖုန်းနဲ့ခေါ်ပေးပါဦးဟူသော

စိတ်ကောက်နေလို့ကဗျာလေးတစ်ပုဒ်လောက် ချော့ချင်လို့ပါဟူသော.(ကိုယ့်ထက်တောင်သူတို့အဆင်ပြေကြပါစေလို့ဆုတောင်းပေးမိပါတယ်.။ နားတွေညည်းလွန်းလို့၊ )

မကြီးက ကျွန်တော့်ကိုမူးနေတယ်ထင်လို့လားဟု..အစချီလာသည့်
ဖုန်းကို ပါဝါပါပိတ်ထားလိုက်ရသော..၊

သူများခေါ်ချင်မှန်းမခေါ်ချင်မှန်းမသိ..အတင်းဧည့်သည်လုပ်ချင်သော..

လာလည်သမျှလည်း..အားမနာလျှာမကျိုးရှိသမျှပြောင်အောင်စားသွားတတ်သော...

ဂျီတော့မှာအလိုက်ကမ်းဆိုးမသိ " တုံ "ကြသော..

.................................................................
တော်တော်များများရှိနေပါသေးသည်..။

စာကနည်းနည်းရှည်နေပြီဖြစ်သဖြင့် တော်လိုက်ပါပြီ..။

ကွန်မန့်တွင်ပြန်ဖွမှာသေချာသဖြင့် ဘာပြောပြောမယုံကြပါရန်..။

နောက်တစ်ခုအနေနဲ့...
အရင်ကလည်း...တွေ့ဖူးပြီးသား..၊ အခုလည်းတွေ့ချင်နေ..၊နောက်လည်း..အမြဲတွေ့သွားမယ့် လူ အကြောင်းရောရေးလို့မရဘူးလားဟု မေးရင်းအဆုံးသတ်လိုက်ပါသည်..။

အဖြေက တစ်ယောက်တည်းရှိတယ်..တဲ့..။

အိန္ဒြာ
(၂၈.၄.၂၀၀၉)

Read More...

Collapse...
at 8:07 AM 22 comments
Labels: Tag
April 26, 2009
အမြန်ရထား မဆိုက်တဲ့ ဘူတာလေး

ဥသြသံဆွဲခေါ်သမျှကို
မျက်စိတစ်ဆုံး........
ဒီနေရာလာလာရပ်တဲ့
ဥမမယ်စာမမြောက်လေးက ငေး....တယ်။

သူ ခါးစောင်းတင်ထားတဲ့ ရေအိုးထဲမှာရေမရှိ ဘာမရှိ..
သူ့ ရေရှိလည်း ၀ယ်မယ့်သူမရှိဘာမရှိ
ဒီ အမြန်ရထားမရှိ ဘာမရှိ ဘူတာရုံမှာမှ
ဒီ အမြန်ရထားကြီးကိုပဲ
သူ က စောင့် စောင့် ငေး တတ် တယ်..။

သူ့ ဖိနပ်မရှိဘာမရှိ ခြေဖ၀ါးလေးပေါ်မှာ
သူ့ အရောင်မရှိ ဘာမရှိ ဂါဝန်ကလေးတလွင့်လွင့်
ဒုက္ခ သုက္ခ ရေခံမြေခံမှာ ကံနာလာကျတဲ့
ဒီ အညွန့်တလူလူမလေးက
ဒီ လိပ်စာမရှိ ဘာမရှိအရပ်မှာမှ
ရှင်သန်ပေါက်ရောက်ခဲ့ရှာတယ်..။

ဥသြသံဆိုတာ
ဆိုက် ရောက် ထွက် ခွာ ရာ ပြပုဒ်ပေါ့..
သူ့ဆီက ဘာတွေထွက်ခွာသွားပြီလဲ..
သူ့ဆီကို ဘာတွေဆိုက်ရောက်လာပြီလဲ...
ဘာမသိညာမသိ ကလေးမလေးက
အရှိန် လျှော့ လျှော့ ပြသွားတဲ့ ဒီအမြန်ရထားကြီးကို
တဖျပ်ဖျပ် လင်းလဲ့နေအောင်ကို မျှော်ငေးတယ်..။

မနေ့ကလို လှည့်ပြန်ရဦးမယ့် စိတ်အနာထည်ကို
ရှိုက်သံတွေ ဘယ်လောက် ခိုစီးကြဦးမလဲ
အဲဒီ့....
နေလောင်မိုးလောင် ကျောပြင်သေးသေးကလေးအတွက်
ဘ၀ဆိုတာ..အနာစိမ်းတစ်ခုသာဖြစ်ကြောင်း
ဥပမာကောင်းကောင်းနဲ့ နှစ်သိမ့်ဖျောင့်ဖျပေးနိုင်ဖို့
ဟောဒီ့....
သူလိုကိုယ်လို ဒဏ်ရာဒဏ်ချက်ကြီးက အားမွေးတယ်။

ကလေးမလေးရေ..
မင်း ရှာဖွေနေတာကို
မင်း မရနိုင်တော့ဘူးဆိုတဲ့ အသိ
မသိတတ်မချင်းတော့...
ငေး ဦး ပေါ့ ။ ။


အိန္ဒြာ
(၁၁.၁၀.၂၀၀၆)

နာဂစ် နှစ်ပတ်လည်နီးလာပြီဆိုတဲ့ အတွေးစတွေရယ်..၊ အမြန်ရထားဆိုက်နိုးနိုးငေးနေရတဲ့..ဘ၀တွေရယ်အတွက်..
ကဗျာအဟောင်းတွေထဲက ဒီကဗျာလေးကို ရွေးဖြစ်လိုက်တာပါ..။

Read More...

Collapse...
at 6:59 AM 10 comments
Labels: ကဗျာ
April 18, 2009
စိတ်ချည်းသက်သက်..ခရီး

(၁)။
ကဗျာဆိုတာ စိတ်ကျူးလွန်ခဲ့သမျှ ပြစ်မှုတွေအတွက် အခိုင်လုံဆုံး သက်သေခံပစ္စည်းတစ်ခု ဖြစ်သည်ပဲ..။
ဒီနေ့တော့ ဒီကဗျာကို သူမမရေးခဲ့ပါဘူးလို့ နည်းနည်းပါးပါး ငြင်းဆိုကြည့်လိုက်မည်..။
ဒါဆို ဒီနေ့လည်း မျက်ရည်ဝဲရဦးမည်ပေါ့..။
ငိုကြွေးခြင်းဆိုတာ တော်တော်လေးကို သပ်ရပ်ခြေမြစ်တဲ့ စိတ်နဲ့ရုပ် သမမျှတတဲ့ တံခါးချပ်ကလေးပါပဲ..။
ကြပ်ခဲနေတဲ့ခံစားချက်တွေ.. တအိအိပြိုကျ.. နောက်တလိမ့်လိမ့်စီးဆင်း....
ပါးပြင်ပေါ်ကို မျက်ရည်တွေ.. ဖွဖွရွရွ နင်းဖြတ်သွားကြသံဟာ..
တနွဲ့နွဲ့ညှင်းညံနေသော တယောသံနဲ့ ခပ်ဆင်ဆင်တူပါလိမ့်မည်..။
အို.. ညွှတ်နူးလှိုက်လှဲစရာပေမယ့် ကြေကွဲခြင်းကိုပါဆောင်ယူလာသည်ပေါ့..။
ဒီနေ့အခန်းလေးက ပိုပြီးမှောင်ရီနေသလိုလို...၊
သူမအသက်ရှုသံတွေဟာ..... ရှိုက်သံတွေကို... ငင်ရစ်ယူနေဦးမည်လား...
ခပ်ပါးပါးရယ်ချလိုက်သံနဲ့ ညတွေက တုန်ယင်လိမ့်ဦးတော့...
သိလား...
ကိုယ် ဒီကဗျာကို..ဘယ်တုန်းကမှ မရေးခဲ့မိပါဘူး...မောင်ရယ်....။

(၂)။

အိပ်မက်လိုလို
မြူလိုငွေ့ငွေ့
သွေ့သွေ့မထင်
အာရုံကိုင်းဖျား
လာနားပျံထွက်..
ဘယ်လိုငှက်လဲ...

ဟုတ်တယ်.... ဒါဟာအိမ်မက်တစ်ခုသာပါပဲ..။
သူမက ယစ်မူးဖွယ်ရာကဗျာဆန်ခြင်းမှာ ဟန်ဆောင်ပန်ဆောင်လေးမှ တောင့်မခံနိုင်တဲ့ ခပ်ညံ့ညံ့မိန်းမတစ် ယောက်လည်း ဖြစ်သည်ပဲ..။
ဘုရား..ဘုရား... ဒါဟာ..အမှားတစ်ခုရော ဖြစ်နိုင်ဦးမလား... နောက်ပြစ်မှုတစ်ခုရော....။
မောပမ်းလိုက်တာ...၊ မွန်းကြပ်လိုက်တာ၊ မှောင်မိုက်လိုက်တာ ..၊
တဆတ်ဆတ်ခုန်လွင့်နေတဲ့ နှလုံးသားရှိရာအရပ်ကို မညှာမတာဖိချေထားလိုက်ရင်း..
သူမဟာ.. သူမကိုယ်သူမ စောင့်ကြည့်နေခြင်းမှာ...ခြောက်ချား..တွေဝေလို့..။
သူမရှေ့မှာ သူမဟာ.. အနေအထိုင်တွေကျဉ်းကြပ်လို့..
သူမရှေ့မှာ.. သူမဟာ.. ရှက်လန့်တကြား..
သူမရှေ့မှာ.. သူမဟာ.. အလူးအလဲ ကျဆုံးခဲ့သည်ပေါ့..။
တစ်စတစ်စ သူမအခန်းကျဉ်းလေးဟာ.. အ၀ါရောင်တောက်တောက်တွေနဲ့ချည်း ပိတ်မိနေပါရောလား..။
အခန်းလေးဟာ.. သူမရှုရှိုက်မယ့်အောက်ဆီဂျင်ကိုမှ.. ရွေးပြီးစုပ်ထုတ်ခံလိုက်ရသလိုမျိုး...
အခန်းထောင့်မှာ နံရံကပ်မှီပြီး..တစ်စုံတစ်ရာဆီကနေ...ထွက်ပြေးဖို့....အရုန်းအကန်ဆုံးကြိုးစားနေတဲ့ မိန်းမတစ်ယောက်ရဲ့သဏ္ဍန်ဟာ.. စိတ္တဇပန်းချီကားဆန်နေပါလိမ့်မည်ပေါ့..။

(၃)။
အိပ်မက်
ဟုတ်တယ်
အိပ်မက်တစ်ခု...ပါ.၊အိမ်မက်တစ်ခု..ပါ..ကွာ..။
ဟုတ်ပါရဲ့ သူမရဲ့သဏ္ဍန်က ဘယ်လိုမှ လိုက်လို့မမှီနိုင်တဲ့ အရာတစ်ခုနောက် တကောက်ကောက်ပြေးလွှားလိုက် နေရတဲ့ အိပ်မက်တစ်ခုထဲက မောလျမှုနဲ့ သိပ်တူနေပါရောလား.။

မျှော်မောယုံခက်
ပင့်သက်ရှိုက်ဖြာ
ဘယ်ညာလိမ့်လူး
အိပ်မရဘူးကွယ်

ဟင့်အင်း.. အဲဒီကဗျာကို.. သူမ မရေးခဲ့ပါဘူး...။
ဟုတ်တယ်.... ဒါဟာအိပ်မက်ပဲ..... ဟုတ်တယ်... အိပ်မက်ပါမောင်ရဲ့....

လွင့်လွင့်မားမားလျှောက်သွားနေတဲ့..သူ့ကျောပြင်ကို..အိပ်မက်ထဲမှာပဲ..ကိုယ်မြင်ခွင့်ရခဲ့တာပါ...။
အို..သူကတော့ သက်တောင့်သက်သာ..လျှောက်လှမ်းလို့...ဘာဆိုဘာမှမသိတဲ့ ဟန်ပန်မျိုးနဲ့ပေါ့...
သူက .. တဖြည်းဖြည်းတိတိကျကျ ဝေးကွာနေတဲ့ခြေလှမ်းတွေနဲ့ သေသေသပ်သပ်ရှိနေလိုက်တာ..
သူက Celine Dion ရဲ့ Love doesn't ask why ထဲက
It speaks from the heart
And never explains
Don't you know that
Love doesn't think twice
It can come all at once
Or whisper from a distance

ဆိုတဲ့ စာသားကို လေချွန်နေတာလဲဖြစ်နိုင်တယ်
နောက်လေးဖြူရဲ့သံယောဇဉ်သီချင်းကို ခပ်ဖွဖွညည်းညူ မသွားပါဘူးလို့... ဘယ်လိုပြောကြမလဲကွယ်...။
ဒါမှမဟုတ်... အောင်ချိမ့်ရဲ့တစ်ခါတစ်လေစွန်းပေသောအဖြစ် ချစ်သောသူတွေ ခွင့်လွှတ်ကြပါဆိုတဲ့ ကဗျာစာ သားမျိုးကိုများ..ရွတ်သွားလေ...မလား...
ဘုရား..ဘုရား...။
သူမတစိမ့်စိမ့် မူးဝေလာလိုက်တာ..။

(၄)။
လေထဲခိုစီး
လေထဲပြီးပျောက်
ဘယ်ရောက်သွားလဲ..
ရှာဖွေလို့လဲ
မရဲပြီ...။

ဆိုတဲ့ကဗျာမျိုး... နောက်...ငါဟာ.. ဘယ်တုန်းကမှ ကောက်မရခဲ့တဲ့အရာကို... ပျောက်ရှမှာစိုးရိမ်မိသူပေါ့ ဆိုတဲ့ကဗျာမျိုး.. ကိုယ်ဘယ်တုန်းကမှ မရေးဖြစ်ခဲ့ပါဘူးမောင်..။
အို... တိုးလျပါးလျားတဲ့ ကဗျာရွတ်သံဟာ...တစ်ဘ၀လုံးဆတ်ဆတ်ခါအောင်ပဲ့တင်မြည်ဟီးလို့.... တဖွဲ့တနွဲ့ ခံစားကြည့်မိကြတဲ့.. ပန်းချီကားချပ်တွေထဲက အရောင်တွေဟာ... ငိုညည်းချင်စရာ ကောင်းနေခဲ့သည်ပဲ..။ စိတ်ချင်း တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်နိုင်လွန်းတဲ့သီချင်းတွေကို.. ကြောက်လန့်တကြား ပစ်ချထားမိခဲ့သည်ပဲ..။
စိတ်ဟာ... အလုံပိတ်ထားတဲ့ အခန်းကျဉ်းလေးထဲမှာတော့ ကချေသည်..ဆိုတဲ့ စာသားကရော...။
သူမ ကကြိုးကကွက်တွေ ရှိုက်ငင်နေတာ... ဘယ်သူမှ.. သိခွင့်ကြည့်ခွင့်မရှိတဲ့ ပွဲသဘင်တစ်ခုပေါ့ကွယ်.။
တိုးတိုး..ရှရှလေး....နားစည်မှာပဲ့တင်ရိုက်နေတဲ့...ကဗျာရွတ်သံဟာ....
ဘယ်လောက် ရင်ခုန်တိမ်းမူးဖွယ်ရာကောင်းသလဲလို့ တကယ်ဆို တွေးတောင်မကြည့်သင့်ဘူးတဲ့..။
အော..သူမက အဲဒီ့နေ့မတိုင်ခင်တစ်ရက်လိုကဗျာမျိုးကိုလည်း ရေးခဲ့ဖူးသေးသည်လေ..။

(၅)။

သူမ..ရယ်မောဖို့အပြင်အထန်ကြိုးစားကြည့်မိသည်ကဘယ်နှကြိမ်မြောက်ပါလိမ့်..။
တနင့်နင့်နာကျင်လွန်းရတဲ့ရင်ပြင်ဟာ..ပေါက်ထွက်လုမတတ်ဘောင်ဘင်ဆန်နေခဲ့တာဟာလည်း အိပ်မက်တစ်ခု ဖြစ်လိုက်ပါတော့ကွယ်..။
သိလားမောင်...
ဥာဏ်ပညာကြီးပါတယ် ပါးရည်နပ်ရည်ရှိပါတယ်ဆိုတဲ့ လူတွေ မိုက်မဲကြတဲ့အခါ.. ခန့်ငြားလှပတယ်..။ ကျိုးကြောင်းဆီလျော်တယ်..။ ဖြေရှင်းထုချေချက်တွေခိုင်လုံတယ်..
လက်စလက်နသေသပ်တယ် နောက်..သွေးအေးရက်စက်ပြီး.. ကြောက်မက်ဖွယ်ရာ ထိရောက်စူးရှ လွန်းတယ်ပေါ့..။
အဟင်းဟင်း.....သူမရယ်မောလိုက်တာပါ..။
မောင်က ကိုယ့်ကဗျာတွေကို နည်းနည်းဖြစ်ဖြစ်စိတ်ဝင်စားလိုက်ပါတော့လား...
မောင်က..ကိုယ့်ကိုဒီ့ထက်နည်းနည်းပိုသိလိုက်ပါတော့လား...
မောင်က ကိုယ့်စိတ်နဲ့..ဒီ့ထက်ခပ်နီးနီးလေးမှာ..မရပ်သင့်ပေးဘူးလား..
ဒါဟာ..စိတ်ဝိညာဉ်ရဲ့အပြင်ဘက်ကစိတ်တစ်ခုပါလို့..
သူမပိတ်ရိုက်ပစ်ချင်စရာကောင်းလောက်အောင်ဆင်ခြေပေးကြည့်ချင်လာပြန်သည်လေ..။

ငါ..ဟာ..ငါလား..စိတ်များရောက်ယက်..
ရက်ဆက်လေလွင့်..မချင့်..မတွေး..
လွမ်းရေးတွေကြွယ်…
ငါ..ဘယ်လို..လဲ.
.ငါ့..ကိုငါလဲ..မမေးရဲပြီ..။

လွမ်းသည့်စိတ်အား..
လှောင်ဟားရယ်ဖွဲ့..ငါကဲ့ရဲ့လိုက်..
ငိုချင်လာရင်
ငြူဆူအံခဲ..ငါမန်မဲလိုက်..

ငါဟာ..ဘာလဲ..
ကိုယ်ဘာလဲကွယ်..
ဆင့်ကဲမေးခွန်း
လှိုင်းလိုတွန်းရိုက်..မွန်းကြပ်လိုက်တာ....။

(၆)။

တစ်စတစ်စ တိတ်ဆိတ်ခြင်းတွေ ညံနေတဲ့ အခန်းလေးဟာ..ပိုမိုကျဉ်းမျောင်းလာသလိုပဲ..။
မီးအလင်းမှိန်ဖျဖျနဲ့..သိပ်အနုပညာမြောက်နေတာမျိုး...မလိုချင်ပါဘူးကွယ်..။
မျက်ဝန်းအစုံကိုခဏမှိတ်လိုက်ချိန်တိုင်းမှာ.... အို.....ကိုယ်ဆက်ဆက်တွေ့လိုက်ရတာ..သိလား...။
သူဟာ..အရောင်ဖျော့ဖျော့ဂျင်းဘောင်းဘီတစ်ထည်ကိုဝတ်ထားသလား...
သူရဲ့မျက်လုံးတွေက စူးစူးဂျစ်ဂျစ်ရှိနေလိမ့်မလား..
သူ့ ဆံပင်တွေက နူးညံ့ ပျော့ပျောင်းနေမလား..
ဘာဆိုဘာမှမသိပေမယ့် သူမဆက်ဆက်တွေ့လိုက်ရတာပါ....။
အို...ခပ်အက်အက်ရွတ်ဆိုနေတဲ့ ကဗျာရွတ်သံတိုးစစကိုတော့ သူမအသေအချာရခဲ့ဖူးသည်ပဲ..
စာအုပ်တစ်အုပ်ဘယ်လောက်လေးနက်ခံ့ငြား တယ်ဆိုတဲ့ အတွေးတွေထဲမှာနက်နဲခဲ့ဖူးသည်ပဲ..
ပန်းချီကားချပ်ရဲ့ဆေးစက်တွေ...ထဲမှာ....
သီချင်းတစ်ပုဒ်ရဲ့ သံစဉ်လှိုင်းတွေထဲမှာ...
ကိုယ်တို့ ဆက်ဆက်တွေ့ခဲ့ကြသည်ပဲ..နော်..။
တစ်ဦးတည်း..တီးတိုးပြောဆိုမိတဲ့ စကားတွေဟာ..သူမရူးနှမ်းနေပြီဆိုတာကိုပြနေခဲ့ပြီကွယ်
သေချာတာက သူမဟာ..မမောနိုင်မပမ်းနိုင်ပြေးလွှားနေမိတုန်းပါပဲပေါ့...
စိတ်ဆိုတဲ့အရာကို..သူမကြောက်လန့်မင်သက်ရလွန်းစွာ..ငေးမောနေခဲ့ရပါကော...
စိတ်ဆိုတာဟာ..ဘယ်အထိ.ခရီး.ဆန်းတတ်တဲ့ ဂျစ်ပစီတစ်ကောင်ပါလိမ့်.
သိပ်ပြောရဆိုရခက်တဲ့..သိပ်အရိုင်းဆန်တဲ့..ဇွတ်တရွတ်နိုင်ပြီး..ဆင်ခြင်တုံတရားမရှိတဲ့ ဂျစ်ပစီတစ်ကောင်ပေါ့..
ပြောတော့မင်းကသိပ်ကိုတည်ငြိမ်ပြတ်သားတဲ့မိန်းခလေးဆိုဆိုတာမျိုး
သူမကကိုယ့်ကိုကိုယ်ပြန်မေးဖို့ပျက်ကွက်နေတာကြာပြီပဲ..။
အို..ဒီအချိန်မျိုးမှာ ဘယ်မေးခွန်းမျိုးကိုမဆို သူမငြင်းဆိုပါမည်လေ..။
မောင်ရေ ကိုယ်မင်းကို သိပ်ချစ်တယ်ဆိုတာကလည်း...သစ္စာတရားတစ်ခုပါကွယ့်..။

မေးခွန်းတွေအောက်..ငါပျောက်ရှချင်
နောက်လှည့်ခြေလှမ်း..ဘာနဲ့..ဖမ်းဆွဲ..
ငါ…မသိဘူး……
ရူးလည်းရူးချင်………..

အို.....သူမနိုးထပါရစေ.တော့...။ သိပ်ကို..အထားအသိုခက်ရလောက်အောင်ကိုယ့်ဖြစ်တည်မှုတွေက ရူးစပ်စပ်နိုင်နေခဲ့ပါရောလား..ကွယ်..။
ကဗျာတွေ...၊ကဗျာတွေ...၊ ကဗျာရွတ်သံတွေ..၊ သီချင်းတွေ.....ပန်းချီကားတွေ .အို သူမကို တုတ်နှောင်ပစ်လိုက်တာဘယ်အရာမျိုးပါလိမ့်..

သိလား..မောင်

ဟင့်အင်း…ဟင့်အင်း…
အတင်းငြင်းဆန်..
ငါ့ထံပါးက..ငါ့အားချွင်းချန်..
မင်းလှည့်ပြန်ပါ…

မုန်းတီးလိုက်တာ..ငါ့ကိုယ်ငါလေ
တွေဝေတိမ်းပါး..စိတ်ထွေပြားလိုက်..
သာယာတမ်းမူး..စိတ်ညွှတ်နူးလိုက်..
ဒီစိတ္တဇ..ဖြေမရပဲနှောင် ဖွဲ့ဆက်ထုံး..ရုန်းမရနိုင်….

ဆိုတဲ့ကဗျာစာသားမျိုးလည်း..ကိုယ်ဘယ်တုန်းကမှမရေးဖြစ်ခဲ့တာ.သေချာမှဖြစ်မယ်.။

(၇)။

ဖြုန်းကနဲသူမပြူတင်းတံခါးကိုဆွဲဖွင့်ပစ်လိုက်တော့...
အပြင်မှာ..ခရမ်းရောင်တွေချည်း..သိပ်သည်းမိုက်မှောင်လို့....
သူမအိမ်မက်...ခရမ်းရောင်တွေနဲ့လောင်ကျွမ်းသွားခဲ့ ပြာကျသွားခဲ့ပြီတဲ့..။
အိုး....သူမထွက်ပြေးလွှတ်မြောက်လာခဲ့ပြီလားကွယ့်
ဒါဆို..အသက်ရူသံသဲ့သဲ့ပါတဲ့ ကဗျာစာသားတွေဟာ...သူမှဆီမှာမှောင်မိုက်တော့မယ်လား..
တစ်ခါတစ်လေ..ကီးကြောင်သွားတတ်တဲ့သီချင်းညည်းသံတွေဟာ...သူမဆီကနေစီးထွက်သွားကြတော့မယ်လား...
တိတ်ဆိတ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ..စိတ်ချင်းချိတ်ဆက်..ပျော်ဝင်နေမှုတွေ..
အထီးကျန်နေ့ရက်အချိန်တိုင်းက လှပသိမ်မွေ့လွန်းနေတဲ့ အစီးအဆင်းတွေ....
သွား................အားလုံးထွက်သွားကြ........။
သူမအစွမ်းကုန် အော်ဟစ်ပစ်လိုက်မယ်..။

ကဲ...သင်ရော..ကိုယ့်စိတ်ကို...ကိုယ့်ရှေ့မှာတင် ကိုယ်တိုင်ဝန်ခံကြည့်ဖူးလား...အဲသလိုသရော်ကမော်မေးခွန်းမျိုး..တွေ့သမျှလူတွေကို..မေးကြည့်ပစ်လိုက်မယ်..။
မောင်ရေ....နင်ရော..။ .နင်ရော..ဟင်..။
နောက်ပြီး....သူမ..တစိမ့်စိမ့်ရယ်မောပစ်လိုက်မယ်..ရယ်မောနိုင်မယ်ထင်ပါရဲ့...
တဖြည်းဖြည်းချင်း....
စိတ်အေးလက်အေး..ရယ်မောနေရတာလောက်...ဘယ်မှာအရသာ..ရှိနိုင်မလဲ..။
သူမကိုယ်သူမစောင့်ကြည့်နေရတာ....
သူမကိုယ်သူမပျောက်ရှနေခဲ့တာ..
သူမကိုယ်သူမ ရှာာဖွေနေရတာ...
အဟင်းဟင်း..........

ငါ့ပါးပြင်ထက်..
မျက်ရည်စက်တွေ….
အံ့သြတွေဝေ..
ဒါတကယ်လား…တကယ်ပဲလား..
ခြောက်ချားစိုးထိတ်…ဆွံ့အတိတ်လို့…

လျော့မတွက်ရဲ..ရင်ထဲငြိုးညံ..
ရင်ခုန်သံဟာ…ငရဲတေးသွား..
ငါ့အားခြောက်လှန့်..

မောင်ရေ....ကိုယ် .. ထွက်ပြေးလာခဲ့တယ်သိလား..။

သူမက ဒီအကြောင်းတွေကို ၀တ္ထုတို..လေးတစ်ပုဒ်ချရေးထားရဦးမည်ပေါ့...
နောက်...ဖတ်မရလောက်တဲ့...စာရွက်အပိုင်းအစလေးတွေဖြစ်အောင်
တဖြည်းဖြည်းချင်းဆုတ်ဖြဲပစ်ရဦးမည်ပေါ့....
နောက်.....ဟက်ဟက်ပက်ပက်...
နောက်တော့ သည်းသည်းထန်ထန်.......

အို…
ကိုယ်လားကွယ်..
ဟောဒီ့ခရီး…
စိတ်ချည်းသက်သက်..သွားမိပြီ.။

အို…
ကိုယ်လားကွယ်..
ဟောဒီ့ခရီး…
စိတ်ချည်းသက်သက်..သွားမိပြီ.။

အို…
ကိုယ်လားကွယ်..
ဟောဒီ့ခရီး…
စိတ်ချည်းသက်သက်..သွားမိပြီ.။

ဒီစာသားတွေကိုလည်း..ကိုယ်ချရေးခဲ့တယ်လားလို့...စဉ်းစားတွေးတော...မနေတော့ဘူးကွယ်...။

အိန္ဒြာ(၁၉.၄.၂၀၀၉)

ပန်းချီကားလေးက ကိုမိုးကြယ်(ယိမ်းနွဲ့ပါး)ရဲ့လက်ရာပါ။

Read More...

Collapse...
at 10:01 PM 31 comments
Labels: ၀တ္ထုတို
April 14, 2009
အပြေးဝေးဖို့ပါ အဝေးပြေး

အပြေးကိုဝေးချင်ခဲ့တာပါ… အဝေးပြေး ။ ။

အိမ်အပြန် လက်ဆောင်တွေကို
ကွေ့ရှောင်ဖို့ မခက်ခဲပေမယ့်
ပြန်စရာအိမ်ရဲ့ ကိစ္စက ခက်ခဲနေတယ် အဝေးပြေး ။

လက်သင့်ရာ ပရိဒေ၀တွေကို
ဖြစ်သလို ဖိသိပ်ထည့်လာတဲ့
ငါ့ ခရီးဆောင်အိပ်လေးကို
ခဏတော့ မျို ချ ထားပေးပေါ့ အဝေးပြေး။

တရိပ်ရိပ် ပြတ်ကျန်ခဲ့တာ အတိတ်လား
တ၀ှီးဝှီး ပြေးဝင်လာတာက အတိတ်လား
တိတ်ပဲ မတိတ်နိုင်လွန်းတဲ့ အတိတ်ကို
ငါ …
လိပ်စာအမှားတွေပေးပစ်ခဲ့တယ်....

တဟူးဟူး တိုက်ခတ်လေကို
သံသယ စိတ်နဲ့ မရှုရှိုက်ရဲခဲ့ဘူး
တဖျတ်ဖျတ် ပြောင်းလဲရှုမျှော်ခင်းကို
မသင်္ကာစိတ်တွေနဲ့ မကြည့်ရဲခဲ့ဘူး
သဘာဝတရား ကတောင်
တရေးနိုးတိုင်း ထ စမ်း ကြည့်ရလောက်အောင်
ဖောက်ပြန်နေပြီတဲ့လေ..

ဖောက်လွှဲဖောက်ပြန် လောကကြီးထဲက ပြေးထွက်လို့ မရပေမဲ့
အဝေးက .... မောသွားပါတယ်။
ကဗျာလေးကောင်းတော့ အဝေးပြေးနဲ့ အတူပြေးမိလို့ထင်ရဲ့