May 3, 2009

ကဗျာနဲ့သွပ်တဲ့ သပိတ်

(၁)။
ဒီ မေလ ၅ ရက်နေ့မှာ နှလုံးသွေး အစအနတွေပျံ့ကျဲနေသလိုမျိုး
စိန်ပန်းတွေ ရင့်နေအောင်ကြွေကျထားလေဦးမလား..၊
ပူရဲနေတဲ့ နွေရင့်ရာသီရဲ့ လေရိုင်းမှာ..တံလျှပ်တွေ တဖျပ်ဖျပ်ခါနေဦးမှာလား..။
ဟိုး...ကျန်ခဲ့တဲ့ နှစ်အစိတ်ကလိုပေါ့..ဖေဖေ..။
ဖေဖေရေ..နှစ်ပေါင်းအစိတ်ဆိုတာ
ဖေဖေ့သမီးကြီးနဲ့ သားငယ်လေးကို
လူလတ်ပိုင်းလုံးလုံးရောက်သွားစေတဲ့အချိန်တွေပေါ့..
ဖေဖေသိပ်ချစ်တဲ့ ဖေဖေ့ ညီမလေးကတော့
အသက်၆၀နားနီးတဲ့ ပင်စင်စားဆရာမကြီးပေါ့..။

အားလုံးဟာ...ပြောင်းလဲသွားသလိုလိုပါပဲဖေဖေ..။
တစ်ချို့က တကယ့်ကိုပြောင်းလဲသွားခဲ့တယ်
တစ်ချို့ကအပြောင်းလဲခံလိုက်ရတယ်..
တစ်ချို့ကပြောင်းလဲချင်ယောင်ဆောင်ထားကြတယ်..
တစ်ချို့က...
အင်း...................................။
စိတ်တွေပြောင်းလဲသွားခဲ့တာတော့သေချာတယ်ဖေဖေ...
သနားကြင်တာတတ်တယ်၊ စိတ်သိပ်ရှည်တယ်..၊
ကိုယ်ချင်းစာ အားနာတတ်ပါတယ်ဆိုတဲ့ အဖေ့သမီးတောင်
မာရေကျောရေတွေနိုင်လာလို့..
သိပ်ကို အောင်မြင်တက်ကြွချင်တဲ့ ဖေဖေ့သားလေးတောင် မြို့ပြကို စိတ်တွေကုန်လို့..
သိပ်ကိုတိကျပြီးစည်းစနစ်သိပ်ကြီးပါတယ်ဆိုတဲ့မေမေက
ရေလိုက်ငါးလိုက်ဆိုတာမျိုးတွေရှိနေတတ်ခဲ့ပြီ..ဖေဖေ..။
နှစ်ပေါင်းအစိတ်မှာ..ဖေဖေဘယ်တွေရောက်နေခဲ့သလဲ..ဟင်.။

(၂)။
ဖေဖေရေ...ငယ်ငယ်တုန်းကမောင်နှစ်မနှစ်ယောက်တစ္ဆေအခြောက်ခံချင်ခဲ့ကြတယ်..။
ဖေဖေကနေဖြစ်မယ့်တစ္ဆေဆိုတော့ လူကြီးတွေက မန်မဲလို့.။
အမှောင်ထဲကို စိုက်ကြည့်နေခဲ့ကြတာ အလုပ်တစ်ခုပေါ့...
ဖေဖေဘယ်နေရာကများ.ကိုယ်ထင်ပြလိုက်မလဲ.ပေါ့..
ခဏ..ဖြစ်ဖြစ်..
ခဏလေးဖြစ်ဖြစ်...
ခဏလေးဖြစ်ဖြစ်ပါ..ဖေဖေ..။
မောင်လေး..ဖေဖေ့ကိုသာ..ခုနေပြန်ရခဲ့မယ်ဆိုရင်...
တစ်လလောက်အတူတူနေပြီး ငါပါလိုက်သေဆိုလည်း ငါသေမှာသိလား..လို့
ကဗျာဆရာမဖြစ်မယ့် ဖေဖေ့သမီးကပြောတော့
ငါက ငါ့မုန့်ဖိုးတွေမယူနဲ့တော့ဆိုလည်း..မယူတော့ဘူးလို့ စီးပွားရေးသမားဖြစ်မယ့် ဖေဖေ့သားလေးကပြန်ပြောခဲ့တယ်..။
ဖေဖေမောင်းခဲ့တဲ့ မော်တော်ပျက်ကြီးပေါ်မှာ...ဖေဖေ့အကြောင်းတွေကို..ပြန်ပြောနေခဲ့ကြတာ......
ဖေဖေ့ရယ်မောသံတွေမဖြစ်မနေလိုပြန်လိုချင်လာရင်တော့ ထွက်ပေါက်မရှိတော့သလို....မျိုး...
ဆောက်တည်ရာမဲ့....
ဖေဖေရေ..လို့ အာခေါင်ခြစ်အော်ပြီ...ငိုချပစ်လိုက်ရတာပေါ့..ဖေဖေ..
ဖေဖေ့သမီးက တစ်ခုခုအထိတ်တလန့်ဖြစ်လို့နှုတ်ကလွှတ်ကနဲ ယောင်မိရင်တောင်..
"" ဖေဖေရေ ..."" လို့ တ တတ် ယောင်တတ်တဲ့ သမီးပါ ဖေဖေ...ရယ်..။

(၃)။
ခုနေခါဆို...ဖေဖေက၆၈ နှစ်အရွယ်လူအိုကြီး တစ်ယောက်ဖြစ်နေပြီပေါ့....။
၄၃ နှစ်မှာတောင်ဖြူစပြုနေတဲ့ ဖေဖေ့ဆံပင်တွေဟာ...
ခုဆိုဘော်ငွေရောင်တွေလို ဆွတ်ဆွတ်ဖြူနေကြရောပေါ့..။
အကြင်နာကြီးလွန်းတဲ့ဖေဖေ့မျက်ဝန်းတွေဟာ..ခုဆို...နာကျင်စရာတွေနဲ့ပါ ၀ဲသီနေရောပေါ့..။
ပြုံးလိုက်တိုင်းခပ်ပါးပါးလေး..ရွဲ့သွားတတ်တဲ့နှုတ်ခမ်းထူထူတွေနဲ့ ဖေဖေ့အပြုံးတွေက
ဟိုး...အရင်တုန်းကလို နွေးထွေးနူးညံ့နေဦးမှာပါလေ...။
မမ ငါ မှန်ကြည့်နေတာသေသေချာချာ...
ငါ့နှုတ်ခမ်းတွေငါမြင်ဘူးပါတယ်လို့..ထင်နေတာ.
.ငါ့ နှုတ်ခမ်းတွေက ဖေဖေနဲ့တူတာပဲနော်..မမ တဲ့...
ဖေဖေ့ကို ခပ်ဝါးဝါးပဲမှတ်မိတဲ့ ဖေဖေ့သားလေးက ဖေဖေနဲ့ အရမ်းတူချင်ခဲ့တယ်..။
သမီးကြီးကအဖေတူတယ်ဆိုတာကို ဖေဖေ့သမီးက ဂုဏ်ယူမဆုံးပေါ့ဖေဖေ ၊
ဘယ်လိုမှသွယ်ပျောင်းနူးညံ့မှုမရှိတဲ့
လက်ချောင်းခြေချောင်းတွေကို ဖေဖေ့သားလေးက ကဲ့ရဲ့တိုင်း
ဟေ့ ငါက ဖေဖေနဲ့ တူလို့ မလှတာ ဘာဖြစ်လဲ လို့ အနိုင်ပိုင်းနေကြပေါ့..။

ဖေဖေရေ..ဘယ်တွေရောက်နေခဲ့သလဲ..။
ဖေဖေလူပြန်ဖြစ်နေခဲ့ပြီလား...။
ဖေဖေမြန်မာပြည်မှာပဲ..လူပြန်ဖြစ်နေခဲ့မှာလား...
ဖေဖေက စိတ်ကောင်းရှိတော့လူပြန်ဖြစ်မှာဟ.သိလားမောင်လေး..
ဖေဖေ့သားလေးမျက်လုံးတွေက ရွှန်းမြလို့.ရယ်.လေ.

ဒီလိုနဲ့ နှစ်ပေါင်းအစိတ်မှာ.....

ဖေဖေ့သားနဲ့သမီးက အမျိုးထဲကတစ်ယောက်ယောက်များ ကလေးရရင်..
ဖေဖေများဝင်စားသလား..
ဖေဖေ့လို ရင်ဘတ်မှာ မှည့်တစ်လုံးပါလာမလား..၊
ဖေဖေ့လို စက်တွေပြင်နေမလား..
ဖေဖေပြောခဲ့တဲ့ စကားတစ်ခွန်းတစ်လေလောက်များပြန်ပြောမလား...
သမီးကြီး ဒါမှမဟုတ် သားငယ်လေး လို့များလှမ်းခေါ်လိုက်မလားပေါ့......။
သူ့သား ၊ သမီးတွေရဲ့ ရူးသွပ်မှုကို မေမေကကြင်ကြင်နာနာနဲ့ရယ်မောလို့..။
များလှချည်လားဟယ်..မင်းတို့အဖေ၀င်စားတဲ့လူတွေက တဲ့....။
မေမေကြိတ်ပြီးမျက်ရည်ကျနေတာကိုတော့
သမီးတို့ မသိချင်ယောင်ဆောင်နေရတာပေါ့ ဖေဖေရယ်..။

နှစ်ပေါင်းအစိတ်ရှိပြီတဲ့

ဖေဖေ..ဖေဖေ့သားလေးက ဖေဖေခုတ်ပေးခဲ့တဲ့သစ်သားနွားရုပ်ကလေးကလေးကို
သူ့သားလေးကိုတောင်ပေးမဆော့ပဲ မှန်ဘီဒိုထဲမှာ..သေသေချာချာသိမ်းထားလို့..
ဖေဖေ့သမီးက...ဖေဖေ့ ရုပ်ပုံပန်းချီတစ်ခုကားချပ်တွေဆွဲလို့......ရင်ထဲကအနာတွေကို ၀တ္ထုတွေကဗျာတွေဖွဲ့သီလို့..
သမီးကမေမေ့အတွက် ညဥ့်သိပ်ခရီးဆိုတဲ့ ၀တ္ထုတစ်ပုဒ်လဲ ရေးဖြစ်ခဲ့သေးတယ်ဖေဖေ..။
ဖေဖေ့ချစ်ဇနီးကဖေဖေ့အကြောင်းပြောတိုင်းမျက်ရည်ကြည်တွေဝေလို့၊
မေ၅ရက်တိုင်း..ဘုန်းကြီးဆွမ်းတွေကပ် လို့...
နှစ်ပေါင်းအစိတ်.......မှာ..ဖေဖေ..ရော..ဘာတွေလုပ်နေခဲ့မှာလဲ...ဖေဖေ..ရယ်။

(၄)။
ဘ၀တွေ သိပ်ကြမ်းခဲ့ရတာပေါ့ ဖေဖေရယ်...။
ခေါင်မိုးကိုလှပ်ချပစ်လိုက်တဲ့အိမ်တစ်လုံးလို...
နားခိုစရာလုံးလုံးမရှိတော့တဲ့လွင်တီးခေါင်ပြင်လို...
အမြဲတမ်း...တမ်းမွတ်ဆာလောင်နေရတဲ့ တစ်စုံတစ်ရာတွေနဲ့....
သားအမိသုံးယောက်ကျောချင်းကပ်ပြီး..ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတဲ့ လောကဒဏ်ရဲ့တိုက်ပွဲတွေ..........

အဖေနင်းဖြတ်ခဲ့တဲ့ ဘ၀ရဲ့ ဆူးတောအပြည့်နဲ့လမ်းထဲ
အဖေပေးသွားခဲ့တဲ့ မြေပုံလမ်းပြ Compass လေးနဲ့
ရှည်လျားလွန်းတဲ့ လောက တောနက်ထဲ ကျွန်တော်ရောက်နေပြီ အဖေ
သင်ကြားသွားခဲ့တဲ့ အဖေရဲ့ စကားသင်ခန်းစာများနဲ့
အဖေမရှိတော့တဲ့နောက်မှ အထပ်ထပ်တွေးခေါ်ရင်းနဲ့
တန်ဖိုးတွေ နားလည်ခဲ့ပြီ အခွင့်ရှိသေးရင် ကြားချင်တယ် အဖေ

ဘယ်အချိန်မေးမေး အကြိုက်ဆုံးတေးတစ်ပုဒ်ဖြစ်နေခဲ့တယ်ဖေဖေ...
ဖေဖေ့ မဟုတ်ရင်မခံတတ်တဲ့သွေးတွေက ဖေဖေ့သမီးကိုထဲမှာ တဒီးဒီးစီးလို့ပေါ့ဖေဖေ..။
အဖေပြီးအောင်မလျှောက်နိုင်ခဲ့တဲ့ ခရီးကို.သမီးက ဆက်လျှောက်ဖို့ကြိုးပမ်းနေမိခဲ့တာပေါ့..။
၃တန်းနဲ့ဝတ္ထုရေးပြီးနံရံကပ်စာဆောင်ပို့တဲ့သမီးက..အခု..ကဗျာတွေရေးနေတယ်ဆိုတာရော..ဖေဖေသိရင် ဂုဏ်ယူနေမလား......
အခု ၂၅ နှစ်မြောက်ဖေဖေ့သေခြင်းတရားနေ့မှာ..ဖေဖေ့သမီးကဗျာဆရာမက ဖေဖေ့ကို ကဗျာနဲ့ဆွမ်းသွပ်ဦးမှာတဲ့..။

အဖေမရှိတဲ့နောက် . . .
လူလားမြောက်တဲ့နောက် . . .
လှိုင်းထန်လေထဲမျောတဲ့အခါ
အထီးကျန်လာတိုင်း အတွေးထဲမှာ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဘ၀ဒဏ်ချက်များ အိပ်မက်မှာ
မျက်ရည်တွေစို့ရတဲ့အခါ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဒုက္ခတွေ ထည်လဲ တွေ့တဲ့အခါ
တခြားလူ မရှိဘူး ကျွန်တော်အတွေးမှာ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ

အဲဒီ့သီချင်းအဆုံးမှာ..မျက်ရည်ဖြိုင်ကျခဲ့ရတာလည်း...အကြိမ်ကြိမ်အခါခါပေါ့..ဖေဖေရယ်.....။

၅။

ဒီကဗျာ မဟောသဓါ မဂ္ဂဇင်းမှာပါလာတော့ အိန္ဒြာဟာ ကိုယ့်ကလောင်ကိုယ်ငဲ့ ပြီးဒီကဗျာမျိုးကို
စာမျက်နှာပေါ်မတင်သင့်ပါဘူးလို့ဝေဖန်ခံခဲ့ရတဲ့ ကဗျာပါဖေဖေ..။
ဟင်္သာတGTI ပထမနှစ်မြို့ပြ ကျောင်းသူဘ၀က တမာလမ်းကရှိုက်သံများဆိုတဲ့ ကဗျာစာအုပ်လေးမှာ..
ငယ်နုတဲ့အတွေးအရေးတွေနဲ့ ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပေါ့ .
ငြိမ်းချမ်းဧကရီမှာ ရှိုက်သံတွေဝေစည်ခဲ့တဲ့ ကဗျာလေးပေါ့..။
ဒီကဗျာဟာ မျက်ရည်ပေါက်ကြီးငယ်နဲ့ တစ်ထိုင်တည်း.ပြင်စရာမလိုအောင်
သွန်ကျလာခဲ့တဲ့...ကဗျာ..ပေါ့..

ဝေဖန်တဲ့သူတွေကို ဖေဖေ့သမီးကမျက်လုံးချင်းစေ့စေ့ဆိုင်ပြီး..ပြန်ပြောပစ်ခဲ့တယ်

ဆယ်နှစ်သမီးက နှလုံးသားကို ထုတ်ချင်းခတ်စိုက်ဝင်နေတဲ့ မြားတစ်စင်းကို
အသက်၂၀ နီးပါးမှာ ဆွဲနှုပ်လိုက်တဲ့ သွေးစသွေးနတွေလို ကဗျာပါ..လို့..
ဒီကဗျာမျိုးစာမျက်နှာပေါ်ပါရသလား..ဆိုတာအတွက် အိန္ဒြာက ဘာမှပြောစရာမရှိပါဘူးလို့လေ...။
ဖေဖေရေ...
ဖေဖေ့သမီးကဗျာဆရာမက ...
ဖေဖေ့ ၂၅နှစ်မြောက်သေခြင်းတရားနေ့မှာ..
ဒီကဗျာနဲ့မှ ဆွမ်းသွပ်ချင်နေသတဲ့..။

၆။
အနန္တ အတိုင်းအတာ

ရှစ်ဆယ့်လေးရဲ့ မေ ( ငါး)
အိမ်ရှေ့နားက စိန်ပန်းပျို
နှလုံးသွေးတွေ စိုနေတယ်။
စိန်ပန်းပင်အရိပ် တိတ်ဆိတ်စွာရပ်နား
နှစ်ဘီးတပ် ရထားတစ်စင်း
အဖြူရောင်မလင်းတလင်းနဲ့။

ဟိုနေရာက လူတစ်စု
အနိဌာရုံရဲ့အဖုံး ၊ အလှပဆုံးဖြစ်အောင်
ရွှေရောင် ငွေရောင်စက္ကူပြောင်ပြောင်တွေနဲ့
ဒြပ်မဲ့နာမ်စားပြယုဂ်အတွက်
တကုတ်ကုတ်နဲ့ပေါ့..။

ဟိုး... အိမ်အနောက်မှာ
ပျဉ်ချပ်တွေကိုခွဲဖြာ
သေချာတဲ့ အတိုင်းအတာတစ်ခုနဲ့
လူနေအိမ်တစ်လုံးဆောက်နေရဲ့။
ဒီဘက်နားမှာ ဆန်ကောတွေနဲ့ ဆန်ပြာ၊
ဟိုဘက်နားမှာ ကြက်သွန်နွှာ ငြုတ်ထောင်း
အိမ်အစွန်းမှာ ကွမ်းယာစားနေတဲ့
အိမ်နားက အဘရယ်၊
နောက်ဘက်နားမှာ
ရီဝေဆွေးဆွေး ငါတို့ကိုငေးရင်း
ပူလောင်မှုကိုပလှပ် ယပ်တောင်ငယ်တစ်ချပ်
ကွာစေ့ကိုက်သံတစ်ဖျတ်ဖျတ်။

အားလုံးရဲ့ ဗဟိုအလယ်မှာ
မုဒုံစောင်အဖြူကြား.. ဇာပုဝါပါးပါးကိုချုံရင်း
နှင်းဆီနီနံ့သင်းသင်း အမွှေးတိုင်နံ့ပြင်းပြင်းကြား
“ဖခင် “စက်နားနေပါတယ်။

ဖခင် အနားမှာ ငါဟာ
ဆိတ်ငြိမ်ကြေကွဲစွာ
ဟိုနေရာလှုပ်လာနိုး...
ဒီနေရာလှုပ်လာနိုး....
အဓိပ္ပာယ်မဲ့မျှော်ကိုးမှန်း
မျက်တောင်ကို မခတ်စတမ်း
“မဟုတ်စမ်းပါနဲ့“
“မဟုတ်စမ်းပါနဲ့“
အသည်းကွဲပဲ့တင်သံလည်း
ရင်ထဲမှာ ညံနေပြီ။

ငါတို့ ဖေဖေဟာ ငါတို့ကိုသိပ်ချစ်တာလေ..
ငါတို့ဖေဖေဟာ စက်ပြင်ကောင်းတဲ့ ဆရာလေ..
ငါတို့ဖေဖေဟာ ပုံဆွဲကောင်းတဲ့ ဆရာလေ..
တစ်စစီဖြုတ်ထားတဲ့ စက်ပစ္စည်းပုံအကြား
ဖခင် ရိုးသားစွာ ပျော်ခဲ့တာပါနော်....။
အမေ ရိုက်တော့ မကြိုက်ပါတယ်
အဲဒီ့သီချင်းကို ဖခင်ဆိုရဦးမယ်
ငါတို့မောင်နှမနှစ်ယောက်သား..
ဖခင်ကြီးရဲ့ဘေးနားမှာခုန်ပေါက်ခါပြေးလွှား..
ဖေဖေကြီးကိုချစ်တယ်တေးသွားနဲ့ ကကြရဦးမယ်..
ဖေဖေ..ထတော့လေ..
မေမေဆူရင်ကာကွယ်ရဦးမယ်
မောင်လေးကို ရှင်ပြုရဦးမယ်
သမီးအင်ဂျင်နီယာဖြစ်ရဦးမယ်.....။

ဆရာဝန်ရဲ့ဘေးနားမှာ
ငုတ်တုတ်ကအသိပျောက်စွာ
ပရက်ရှာချိန်နေရှာတဲ့..မိခင်ရယ်..
မေမေဘာဖြစ်တာလဲ
ဖေဖေ့ကိုခေါ်ပေးပါ..
ခြောက်နှစ်သာသာ ပူဆာနေရှာတဲမောင်လေးရယ်..
အားလုံးရဲ့အလည်မှာသွေးပျက်ခြောက်ချားစွာ
ငါ ရပ်နေရရှာတယ်....

ဆယ်နှစ်သမီးရဲ့ပရိဒေဝ
ဘာနဲ့မှကို နှိုင်းဆမရ
လူ့ဘ၀ဆိုတာ မှာ....
“မုဆိုးမ...“ တဲ့
“ဖတဆိုး....“ တဲ့
ရက်ရက်စက်စက် ပညတ်ချက်တွေခံရင်း
ကြီးပြင်းလာခဲ့ ပါပြီ...ဖေဖေ။

ဘ၀ကို ရုန်းကန်
လောကဓံကို အံတု
မာနထုကို အဖေါ်ဆင့်
ငါ့အသက်ရှင်ရာဟာ ဒီ သားနဲ့ သမီးပါလို့
အံကြိတ်ကာဟစ်ကျွေး မိခင်အားမာန်တေးတွေနဲ့
မေမေဟာ...
ပြုစုပျိုးထောင်လာခဲ့တယ်လေ..။

ပစ္စုပ္ပန်နေရာ..
ခဏဖြစ်ဖြစ်လာခဲ့ပါလား .. ဖေဖေ
ဖေဖေရဲ့ မျှော်လင့်ချက်
မေမေ့ရဲ့ စွမ်းဆောင်အား.....
သမီးနှလုံးသားမှာ တစ်သက်စာအတွက်
ဆပ်မကုန်မယ့် ကျေးဇူးတွေ....။
“ဖေဖေရေ....“
ရောက်တတ်ရာရာ သုဂတိရွာမှ
ရွှင်လန်းကြည်သာ
ဝမ်း မြောက် ပါ စေ တော့ ။ ။


(ကွယ်လွန်ခြဲ့ပီးသော ဖခင် နှင့် ကျေးဇူးရှင် မိခင်ကြီးအား ဦးထိပ်ပန်ဆင်လျက်)


အိန္ဒြာ
(၅ရက် ၅လတိုင်း အတွက်)

17 comments:

MANORHARY said...

ကဗျာနဲ့သွပ်တဲ့သပိတ်ကို
ဟိုး မြင့်မြတ်ရာနေရာတစ်နေရာက
ဖခင်က ကျေနပ်ပီတိဖြာလို့
သာဓုတွေခြွေနေပါလိမ့်မယ် ........
...............
ငြိမ်းချမ်းအေးမြပါစေ.......

မယ့်ကိုး said...

တကယ့်ကို ဝမ်းနည်းထိရှသွားပါတယ် မရယ် ...
မရဲ့  ကြေကွဲမှုတွေကို မျှယူသွားပါတယ် ...

mgphonemyint said...

ကဗျာနဲ့ပဲ သာဓုခေါ်လိုက်ပါတယ်

minn thuka said...

ငါတို့အဖေမဲ့ မောင်နှမ နှစ်ယောက် ဘဝက တူနေတာတွေ သိပ်များသလို တိုက်ဆိုင်တာတွေလဲ မနဲဘူး ညီမလေးရေ...
ညီမလေးရဲ့ နွမ်းဖတ်နေတဲ့ ဒိုင်ယာရီ မျက်နှာတွေ ကို ဆွေးမြေ့နေတဲ့ ငါ့ရင်ဘတ်နဲ့
တဖြတ်ဖြတ်လှန်ဖတ်ခဲ့မိတယ်....ငါ ဘာပြောရမလဲ...ငါ့ ဒီဇင်္ဘာမှာအရော်ရလိုက်တဲ့
နောင်တတွေ နင့်အဖေနဲ့ ငါ့အဖေ တနေရာရာမှာတွေ့များတွေ့ခဲ့ရင် ငါ့အဖေအတွက် ဒါလေးပေးလိုက်ပါလို့

“ဒီဇင်ဘာ..လျော်ကြေး”

အခုလိုဒီဇင်ဘာဆို တောင်နေကြာတွေနဲ့
အနာတရကို ရွှေရောင်ချထားတဲ့မြို့ …
ရာသီနှိပ်စက်လို့ အတိတ်ပျက်ခဲ့တဲ့ ကမ္ဘာကြီးနှလုံးသား
သွေးရောင်တစက်စက်ထနေတဲ့ အပိုင်းအစတွေနဲ့
သန္တေတည်ခဲ့တဲ့မြို့ …
ကောင်းကင်ရောင်တလက်လက်ကြွနေတဲ့ ပုံဆောင်ခဲအစတွေနဲ့
အမြုံဘဝရောက်ခဲ့တဲ့မြို့ …
ဒဏ်ရာအပေါက်အပြဲ အရှက်တကွဲနဲ့
နှင်းတွေမစဲတဲ့မြို့ …
အဲဒီ ရတနာမြေ ဆိုတဲ့ မြို့ သေးသေးလေးမှာ ကြီးပြင်း
ကျွန်တော့် ကဗျာတွေ စစီးဆင်းခဲ့တယ်..၊၊

သူမရဲ့နယ်ရုပ်လေးအဖြစ်
အိပ်မက်တွေချကြွေးပြီး အိပ်စက်ခြင်းတွေသိမ်းပိုက်
ခြွေချခံလိုက်ရတဲ့ကြယ်ဟာ
ကြေကွဲခြင်းကာရံတွေနဲ့ အလွမ်းတွေဖဲ့ဖဲ့ချ
ကောင်းကင်ရဲ့ညတွေ ကဗျာတွေနဲ့တနေခဲ့တယ်…၊၊

ယုံကြည်ခြင်း ကောင်းကင်မှာ
ကျွန်တော် တင်ခဲ့တဲ့လမင်း
တညက်ညက် လင်းတယ်ဆိုရုံလေး
ကဗျာမာန သေးသေးလေးနဲ့
အစွမ်းကုန် မြုပ်နစ် အဖေ့ရင်ကို ကုတ်ခြစ်ခဲ့မိတယ်..။

အဖေ့ရင်မှာ ဖြစ်စေချင်တဲ့ ဗိသုကာဘဝ
ကဗျာတွေနဲ့ ဖြေပြခဲ့တဲ့ ကျွန်တော်
ကျောင်းတော်ကအပြန် အဖေ့ရင်ကွဲသံကိုကျောခိုင်း
တမင်ရိုင်း ခဲ့တာမဟုတ်ဘူး အဖေ..။


ကာရန်နဲ့ကဗျာ ရင်မှာထိုးသိပ်
တရိပ်ရိပ် ရွက်လွှင့်ရင်း
အလင်းစက် တ၀က်တပျက်မိုး
ခြင်တွေရဲ့ ကကြိုးညိလို့
ဒုက္ခနဲ့ အတိပြီးတဲ့ညတွေ
အဆောင်သူတွေ လက်ဖက်နဲ့
အသက်ဆက်ခဲ့တယ်..။

ကဗျာသမားရဲ့ ဘ၀လမ်း
ပျံသန်းရတာ ကြမ်းလွန်းပါတယ်အဖေ..။

ရင်နဲ့ရင်းပြီး အသက်သွင်းခဲ့တဲ့
ကျွန်တော်ရဲ့ အပြစ်မဲ့ကဗျာတွေ
တစ်ခါတစ်လေမှာ မိတ်ကပ်လိမ်းကျံ သိမ်းပိုက်ခံရတဲ့အခါ
ကြေကွဲမှု ချော်ရည်ပူတွေအဖြစ်
ဒေါသတွေ မီးတောင်လိုပေါက်ကွဲပေမယ့်
အံခဲရုံဘဲ တတ်နိုင်ခဲ့တယ်လေ..။

ဥယျာဉ်မှုး ကျွန်တော့်လက်နဲ့ အသက်ဆက်တဲ့ပန်းကလေး
အိပ်ဆေးတွေ ကျွေးခဲ့ကြလေတော့
နာကျည်းချက် အပိုင်းအစနဲ့
ဆောက်တည်ရာမဲ့တဲ့ မုန်တိုင်း
ကျွန်တော့်ရဲ့ ယုံကြည်ချက်တံတိုင်းတွေလည်း
ကျိုးပျက်စေခဲ့ရတယ်..။


အဖေ အတန်တန်ရိုက်ချိုးလို့ မကျိုးခဲ့တဲ့ဗီဇ
အဖေ အမျိုးမျိုးနားချ တားမရတဲ့ ကဗျာသည်ဘဝ
ဒဏ်ရာတွေစရခဲ့တာ အဲ..ဒီ့..က..နေ..ပါ အဖေ..။

ကျွန်တော့် မာနမိုးတိမ်တွေ
တစ်ချိန်ချိန်တော့ ရွာချကောင်းပါရဲ့
အဲဒီမျှော်လင့်ချက်
တစ်ရက်ပြီး..တစ်ရက်ရင့်ရော်
တစ်ရွက်ပြီး..တစ်ရွက်ကြွေလွင့်
တစ်ခက်ပြီး..တစ်ခက်ကျိုးကျ
အဖေပျိုးမရခဲ့တဲ့ ကေင်းကင်ဟာ
ပြန်ကျမိုးလေးတစ်စက်မှ
အဖေ့ အတွက် မရွာချနိုင်ခဲ့ဘူးနော်..၊၊

ဒီဇင်ဘာ နောက်ဆုံးရက်
ယုံကြည်ချက်တွေနှုတ်ဆက် ခဲ့တဲ့အဖေ
ထွက်သက်တွေ ကြွေလုဆဲဆဲ
နှင်းသဲသဲမှာ ကျွန်တော့်ကဗျာလေးထဲက
တစ်ပိုင်းတစ်စစာသား အဖေရွတ်ပြသွားခဲ့တာ
အဝေးရောက်နေတဲ့သား ယူကြုံးမရခြင်းခေါင်းစဉ်အောက်မှာ
တောက်ပခွင့် မရှိတဲ့ကြယ်တလုံးလိုဘဲ
ကျရှုံးခဲ့တယ် အဖေ..။

" ဟစ်တလာကို မယူနဲ့ အနုမြူဗုံးကို မမွေးနဲ့ "

တောင်တန်းတွေ ရေတံခွန်အဖြစ်နဲ့
အရောင်မဲ့သွေးတွေ အန်ချနေသမျှ
ကောင်ကင်ကြီး မိုးစက်တွေအဖြစ်
ရှိုက်ကြီးတငင် ငိုကြွေးနေသမျှ
ကဗျာသည်ဘ၀ကို ကာရံစားပြီး
ကြီးပြင်းရပ်တည်ချင်ခဲ့တဲ့ ကျွန်တော်
အဖေ့အပေါ် လုံးလုံးမတရားခဲ့ဘူးနော်..။

အဖေ့အိပ်မက် ရိတ်ဖြတ်ခဲ့တဲ့သား
အဖေလိုချင်တဲ့ပုံစံ ခြေစုံကန်တဲ့သား
အဖေရေးချင်တဲ့သမိုင်း ကျောခိုင်းခဲ့တဲ့သား
အဖေ့မျှော်လင့်ချက် ပျော်လွင့်ပျက်စေတဲ့သား
ယုံကြည်ချက်တစ်ခုနဲ့ ရှေ့တန်းထွက်ခဲ့တဲ့သား
တကယ့်ဇာတ်ဝင်ခန်းတွေမှာတော့
ဖြစ်လျှောက်ခန်းလောက်သာ ပါခဲ့ရတယ် အဖေ..။

အဖေရယ်...
အဖေစီးဆင်းခဲ့တဲ့ မျှော်လင့်ခြင်းမြစ်တွေမှာ
ချောက်တစ်ခုလို ဖြစ်ခဲ့တဲ့ကျွန်တော်
အခုတော့လေ
ပြိုကျစရာမကျန်တော့လောက်တဲ့ ကမ်းပါးတစ်ခုလို
ကျွန်တော့်ကိုယ်ကျွန်တော် ဖြိုချပြီး
ကျွန်တော်မြတ်နိုးခဲ့တဲ့ ကဗျာသည်ဘဝ
ကျွန်တော့်ကိုယ်ကျွန်တော် အိပ်မွေ့ချပြီး
ကံကြမ္မာကန်းရိုးတန်းပေါ်မှာ မြုပ်နှံခဲ့လိုက်တာ
ကျေနပ်ပါ အဖေ.....။

မင်းသုခ..

Unknown said...

Ma Eain dra,
I have no words to express my feelings.
I can say only ' I know, we know, we all know'.
I also want to say "Phay Phay, I love you so much".
A Ma Yay, cry again.

HAPPY CLOUD said...

ဒီပိုစ့်ကို အလေးအနက် ခံစားမိတယ်။ မိဘနဲ့ ပက်သက်တဲ့ စာတွေကဗျာတွေကတော့ စာရေးတဲ့ သူတိုင်း ဖွဲ့နွဲ့တတ်ကြတာမှန်ပါတယ်။ ဒါပေမယ့် အခုရေးတဲ့သူက အိန္ဒြာဖြစ်နေတော့ ဖတ်မိတဲ့သူ ပိုထိသလားပဲ။

လောကတနေရာမှာ ရှိနေမယ့် “အိန္ဒြာ့ဖေဖေ”လည်း (မြင်နိုင်မယ် ဆိုရင်ပေါ့လေ...)လက်ရှိ အိန္ဒြာရဲ့ စိတ်နေစိတ်ထားအတွက် ကျေနပ်ဂုဏ်ယူနေမယ် ထင်ပါတယ်။

လေးစားခင်မင်လျက်...
မိုးမောင်

အိန္ဒြာ said...

အကိုမင်းသုခရေ...

ဘာ...ပြော...ရ..မှာ..လဲ...

ဘာမှမပြောတော့ဘူးနော်.....

ရင်တွေထဲ မှာ.......

(ဒီကဗျာကို Happy Cloud မှာတင်လိုက်ပါလို့...)

သင်း said...

ဘာပြောရမှာလဲ
ဟိုတုန်းကလည်း ဖတ်ပြီးငိုခဲ့ဖူးတယ်
အခုလည်း...ငိုရပြန်ပြီ..

ဇေဇော် said...

ကိုကြီးသု... အစ်မ... စကားလုံးတွေ ရှာမရဘူးဗျာ...။

လင်းဦး(စိတ်ပညာ) said...

စကားလုံးတိုင်း ရင်နှင့်အမျှ ခံစားရေစပ် သီကုံးဖွဲ့၏

မေငြိမ်း said...

တကယ်ပဲ မျက်ရည်တွေက ပါးပေါ် စီးကျလာတယ်..။
အဖေချစ်သမီးမို့ တိတိကျကျ ခံစားရတယ်..။ အသက်၄၀နားနီး ကိုယ့်မိသားစုနဲ့ ကိုယ်ဖြစ်နေတဲ့ အရွယ်မှ ကိုယ့်အဖေကို ဆုံးရှုံးရတာတောင် အမ နင့်နေအောင် ခံစားခဲ့ရတာ..။ ၁၀နှစ်သမီးလေးခမျာ.....

pandora said...

အဖေကို ချစ်တဲ့ သမီးချင်း အတူတူပဲလေ။ ပန်ဒိုရာ့အဖေကတော့ သက်ရှိထင်ရှား ရှိနေတာမို့ ကံကောင်းတယ် ဆိုရပါမယ်။

အခုအချိန်အထိ မှတ်မှတ်ရရ ကဗျာနဲ့ ရှိခိုးကန်တော့တာ ရင်ထဲကို ထိထိခိုက်ခိုက် ဖြစ်ရပါတယ်။ ပြောင်းလဲမသွားတဲ့ ချစ်ခြင်းမေတ္တာတွေကို ဦးညွတ်လိုက်ပါတယ်။

မအိန္ဒြာရဲ့ ချစ်ဖေဖေ ကောင်းရာမွန်ရာ ဘုံဘ၀ကနေ သာဓုခေါ် ကြည်နူးနေမှာပါ။

Moe Myint Tane said...

"မိဘ" ဆိုတဲ့စကားနှစ်လုံးတည်းနဲ့တင် သားသမီးတွေကို လုံခြုံမှု အေးမြမှုတွေပေးစွမ်းနိုင်ပါတယ်။ စုန်ရေသာရှိပြီး ဆန်ရေရှားပါးတဲ့ လောကကြီးမှာ မကြီးနဲ့ ကိုကြီးသုတို့ရဲ့ မိဘအပေါ်သိတတ်တဲ့ ရိုသေမြတ်နိုးတဲ့ ချစ်ခင်လေးစားတဲ့ အပြုအမူ စိတ်တွေကို မကြီးနဲ့ ကိုကြီးသုတို့ရဲ့ ဖခင်တွေက ကောင်းကင်ဘုံကနေ သာဓုခေါ်ပါလိမ့်မယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဆောင်းယွန်းလ said...

ဒီကဗျာလေးကို ညီမဖေဖေရောက်ရာဘဝကနေ ကြားသိနိုင်ပြီး သာဓုခေါ်နိုင်မှာပါညီမရေ

ATN said...

အမိရော အဖရော အခုချိန်မှာ ငြိမ်းချမ်းနေကြပါပြီလေ... သည့်အတွက် ၀မ်းသာ ကြည်နူးပေးလိုက်ပါ ငါ့ညီမ...

အရုပ်ကလေး said...

မကြီး ....
အဖေဆိုတဲ့ စကား .. အသံ .. စာလုံး ... စသည်ဖြင့် ကြားတိုင်း မြင်တိုင်း
ရင်ထဲ ခံစားခဲ့ရတာ ..၁၄နှစ် ရှိနေပြီ ... ဒီဇင်ဘာရဲ့ လတွေရောက်တိုင်းလည်း
ဖြေမဆည်နိုင်တဲ့ အဖြစ်တွေနဲ့ အပြန်ပြန် အလှန်လှန် ရင်နင့်ဖူးခဲ့တယ် ..
မကြီး ... ဖေဖေအတွက် ကဗျာနဲ့ အသက်ဆက်သလို ကျွန်တော်လည်း
လက်တစ်စုံအောက် ကဗျာတွေ ရောက်တတ်နေပြီ ..
အဖေတူသားမို့ အဖေတူသမီးဆိုတဲ့ စကားလုံးလေးက
သိပ်သည်းမှုတွေနဲ့ မျက်ဝန်အစုံကို တစ်ခါပြန် နိုးကြားစေသလို
ခိုတွဲမျက်ရည်စက်တွေ ၀ဲကြွေမိပါတယ် ..
အတိတ်ဆိုတာ ကျန်ခဲ့ပေမယ့် ရင်ဘတ်ထဲမှ ထင်ဟပ်လွမ်းမိတာတွေ ၊
တမ်းတတာတွေက အဖေကွယ်ပျောက်တဲ့ နေ့ရက်တွေနောက်မှာ
ရာသီမဲ့တမ်းချင်းတွေနဲ့ စိုစွတ်ခဲ့တာ ... ဘ၀တူချင်းမို့ နားလည်မိတယ် ..။

ကျွန်တော်စိတ်အသိမှာလည်း အဖေဆိုတာ ဘယ်တော့မှ လွမ်းတေးမဖြစ်တဲ့
စိတ်အသိနွေးလေးပါ ...။

မကြီး ဖေဖေလည်း မကြီးရဲ့ ရပ်တည်မှုနှင့်အတူ မြင့်မြတ်သော ဘုံဘ၀ကနေ
သာဓုခေါ်နိုင်ပါစေ ...

မကြီး အဖေအတွက်ရော ကျွန်တော့် အဖေအတွက်ရော
မောင်နှမ နှစ်ယောက် ပြုသမျှကုသိုလ်တွေကို ဝေမျှလို့ အမျှပေးဝေပါ၏ ..
အမျှ .. အမျှ ... အမျှ

သာဓု သာဓု သာဓု

Moe Hlaing Nya said...

အားမာန်

မငိုကြွေးတော့ပါဘူး
အဖေပျိုးခဲ့တဲ့အားမာန်နဲ့
လောကဓံအချိုးအကွေ့ကို
အလိုက်သင့်နေတတ်ခဲ့ပြီ
ပြိုင်ပွဲတွေရဲ့ မာယာ
အနိုင် အရှုံး
နှစ်မျိုးစလုံးဟာ
လှည့်စားမှုလို့အဖေပြောပြတော့
ဘ၀လွင်ပြင်ကျယ်ကို
မုန်တိုင်းဆင်ဖျက်ဆီးမယ့်
ကံကြမ္မာရဲ့အင်အားကို
အထင်မှားကြောက်ရွံ့မနေတော့ပါ
ဖြစ်တူမှုလောင်းလှေကို
ဥာဏ်ပညာတက်မနဲ့
ထိန်းကျောင်းရွှက်လွှင့်
အဖေသင်ခဲ့ ပင်လယ်ပြင်အကြောင်းကို
တံငါကောင်းတစ်ယောက်လို သိခဲ့ပြီ.... အဖေ။

မိုးလှိုင်ည

အစ်မ ကဗျာနဲ့သွပ်တဲ့သပိတ်ကို
ကဗျာနဲ့ကူပါစေ.... ခင်မင်လေးစားစွာဖြင့်