May 15, 2010

ရေ ကုသိုလ်

မိုးရွာလိုက်နေပူလိုက်မို့ စင်္ကာပူ ဥတုရာသီက ပူနွေးစွတ်စိုနေပါတယ်.။
မြက်ခင်းတွေလည်း စိမ်းမြ သစ်ပင်ပန်းပင်တွေလည်းစိမ်းမြ...
နေသာရင် ကောင်းကင်က ကြည်စင်နေအောင်ပြာလို့..
မြင်ကွင်းတိုင်းက မနာလိုစရာကောင်းလောက်အောင်ကြည့်ပျော်ရှုပျော်နိုင်လွန်းနေပါတယ်..။
ဒီလိုမြင်ကွင်းတွေ မြင်ရတိုင်း ခုထိမိုးတစ်ပေါက်မှမရွာပဲ ပူပြင်းခြောက်သွေ့လွန်းနေတဲ့
အမိမြန်မာပြည်ကိုပဲ ပြန်မြင်ယောင်နေမိပါတယ်..။
အခုဆို သောက်သုံးရေတွေတောင်ခမ်းခြောက်ကုန်ပြီတဲ့
မကြုံစဖူးထူးကဲအောင် ရေငတ်ဘေးပြသနာတွေ ဒေသတစ်ချို့မှာကြုံတွေ့နေရတယ်တဲ့..။
ကြားရတိုင်း စိတ်မချမ်းမမြေ့ဖြစ်ရလွန်းပါတယ်..။
အခု ဒီပိုစ့်လေးကို ဒီလင့်ခ်ကနေ.. ပိုစ့်ပိုင်ရှင်ကိုခွင့်တောင်းပြီး ကူးယူဖေါ်ပြပေးလိုက်ပါတယ်..။
ကူးယူဖေါ်ပြခွင့်ပေးတဲ့ မောင်ငယ် ဂျူလိုင်ဒရင်းကို ကျေးဇူးအထူးတင်ရှိပါတယ်.။
ရေ အကျိုး(၁၀)ပါး....တဲ့..။
ကျွန်မတို့ တတ်နိုင်သမျှလှူဒါန်းနိုင်ကြအောင်လို့ မျှဝေပေးလိုက်တာဖြစ်ပါတယ်။

အားလုံး စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျ လို့ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ..။

အိန္ဒြာ

+++++++++++++++++++++++++++++++++++++++++++++++++

On the water crisis

ရေအသက် တမနက် ဆိုတော့လည်း သောက်ရေအတွက် ဒုက္ခခံ တန်းစီနေကြတာများ...



သောက်ရေရမယ်ဆိုလို့ နေပူအောက်မှာ အပြေးတပိုင်းနဲ့ ထွက်လာတဲ့ လူငယ်လေးတွေ

တတောက်တောက် ကျနေတဲ့ ရေစက်လေးတွေကို လက်နဲ့ခံသောက်နေတဲ့ ကလေးတွေ


နွေကန္တာရအလည်မှာ သောက်ရေအတွက် ရတတ်ပွေနေရတဲ့ တို့ပြည်သူပြည်သားတွေ

ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ ရလဒ်ကတော့ အပူချိန်မြင့်မားပြီး ရေတွင်းရေကန်တွေ ခန်းခြောက်ကုန်ပါတယ်။ အခုတော့ ကျေးရွာအချို့မှာ သောက်ဖို့ ရေတောင် မရှိတာကတော့ တကယ့်ဖြစ်ရပ်မှန်တွေပါပဲ။ ရေဆိုတာ လွယ်လွယ်ရတုန်းကသာ တန်ဖိုးမထားကြပေမယ့် လိုအပ်လာတဲ့အခါမှာ အတော်လေးကို ဒုက္ခများရရှာပါတယ်။ "ရေကြည်ချမ်းမြတပေါက် သောက်ပါရစေ မေ..." ဆိုတဲ့ သီချင်းလေးက အခုချိန်မှာ ရင်ကို ထိရှလှပါတယ်။

ကဲ... ကျွန်တော်တို့ ဘာလုပ်ပေးနိုင်ကြမလဲ။ ကျွန်တော်တို့ လှူရမှာက ရေပါပဲ။ နာဂစ်တုန်းကလို တန်ဖိုးကြီး ပစ္စည်းတွေလည်း မပါ။ တိုလို့လျှိုလို့ရတဲ့ အရာမျိုးလည်း မဟုတ်တဲ့ သောက်ရေ ဝေတာမို့ ဘယ်သူတွေနဲ့ တွဲဝေေ​ဝ ရေငတ်နေသူတွေဆီ ရေရောက်ဖို့က အဓိကလို့ ယူဆပါတယ်။

လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ RAVEN BDC အနေနဲ့ကတော့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ရွာတွေမှာ မေလ ၁၅ ရက်နေ့က စပြီး သောက်ရေ ပံ့ပိုးပေးဖို့ စီစဉ်နေပါတယ်။ အဲဒီဘက်ကို ကားလမ်း မရှိပါဘူး။ ရေချိုလည်း မထွက်တဲ့အတွက် ရေတွင်း တူးဖို့လည်း အဆင်မပြေပါဘူး။ ကန်ရေတွေကတော့ နေပူလွန်းလို့ ခန်းကုန်ပါပြီ။ ဒါကြောင့် သဗ္ဗာန်တွေနဲ့ ရွာတွေဆီကို သောက်ရေ သယ်ပေးဖို့ လုပ်ကြမှာပါ။ အလှူရှင်တွေရဲ့ လှူဒါန်းပံ့ပိုးမှုအပေါ် အခြေခံပြီး အဲဒီဘက်က ရွာတွေမှာ တောက်လျှောက် သောက်ရေ အကူအညီပေးဖို့ ကြိုးစားနေကြပါတယ်။

ရေအတွက် ရေ လိုပါတယ်။ လိုနေတဲ့သူတွေအတွက် ကမ်းလက်တွေ လှမ်းပေးကြရအောင်လားဗျာ။

သောက်ရေ လှူဒါန်းလိုသူများ ဆက်သွယ်ရန်...
စင်္ကာပူ - ကိုဇူလိုင် email: julydream0707@gmail.com
ရန်ကုန် - ကိုရဲဟိန်း mobile: 09 5043302

3 comments:

Anonymous said...

စိတ်မကောင်းတော်တော်ဖြစ်နေတယ်။
လှူမယ်... ရေဒုက္ခသည်တွေကို လှူကိုလှူဦးမယ်။။။

ဇွန်မိုးစက် said...

ရေဒုက္ခကို ကြုံဖူးတယ်။ ရန်ကုန်မြို့ရဲ့ ကန်ထရိုက်တိုက် အများဆုံးရပ်ကွက်မှာ နေဖူးတော့ မီးပျက်ရင် ရေပျက်တာလည်း မကြာခဏ ကြုံခဲ့ရတယ်။ ရေအလုံအလောက်မရလို့ အားကိုးစရာ ယောက်ျားသားမရှိတဲ့အချိန်မှာ အမေနဲ့ဇွန် မြေညီထပ်ဘုံဘိုင်ကနေ ရေစောင့်ခံပြီး ခြောက်ထပ်ကို ရေတစ်ပုံးချင်း ခပ်သယ်ရတဲ့ဒုက္ခ၊ အ၀တ်ထုတ်ပိုက်ပြီး အသိအိမ်မှာ လိုက်လျှော်ရတဲ့ဒုက္ခ တကယ်မသေးဘူး။

ကိုယ်ချင်းစာမိတယ်ပါတယ်။ အညာဒေသ ရေမရှိတော့ ပိုဆိုးမပေါ့။ အလှူဒါနလည်း ပြုထားတယ်။ မိုးအမြန်ဆုံးရွာပြီး တစ်နိုင်ငံလုံး အေးချမ်းသာယာစေဖို့ ဆုတောင်းပေးနေပါတယ်။

မယ့်ကိုး said...

ခုဆို ရေသောက်တိုင်း မြန်မာနိုင်ငံကို သတိရနေမိတယ်။ စိတ်မကောင်းဘူး။ =(