June 21, 2009

မြက်တွေ စိမ်းရွှေရွှေ ရနံ့တစ်ခုနဲ့ နုလို့



အအေးခန်းထဲ
ဦးနှောက်တွေ ဇောချွေးပျံနေခဲ့..
ခံစားချက် အပေါ်ယံကြောတွေ တင်းမာအေးခဲလာ...
အတွေးအခေါ်တွေက ငွေနံ့ကြေးနံ့နဲ့ ညှီဟောင်လို့
ငါကီးဘုတ်ရိုက်သံက ဇုလုတွေရဲ့ ဗုံသံလို..
ကိန်းဂဏန်းတွေ အမဲလိုက်အက ကခုန်နေကြတယ်..။

အေးစက်စက်ဘာသာစကားနဲ့
ငါ့ လည်ချောင်းတွေက ကျဉ်းမျောင်း
အေးစက်စက်ဥတုရာသီမှာ
ငါ့ နှလုံးသားလည်း တဖြည်းဖြည်းကျုံလှီလာခဲ့ပေါ့
အဲ့ဒီ့နှလုံးသား..အရေပြားပေါ်မှာ
ငါ့အတ္တတွေစိမ်းမြနေအောင် အညှိတက်ကြ
အဲဒီ့ အစိမ်းရောင်အဆိပ်ငွေ့တွေက..
ငါ့သွေးကြောတွေထဲ ကြောက်မက်ဖွယ်ရာ ပျံ့နှံ့နေခဲ့ပြီ..။

ငါ့ကိုယ်ငါသိပ်မကြိုက်ချင်တော့ဘူး...
အမြင်အကြည့်တွေကစက်ရုပ်ဆန်
အခေါ်အပြောတွေက ၀တ္တရားကျေဆန်
နူးညံ့ပူနွေးမှု ခမ်းခြောက်လာတဲ့နေရာထိုင်ခင်းမှာ....
ဘာသိဘာသာတွေက အသက်ရူသံဖြစ်လာခဲ့..။

ငါ ဟာ
အချိန်ကာလ ဥာဏ်ပညာ..ခံစားချက်
အလွမ်းနဲ့ အရာအရာကို..
ပုတ်ပြတ်စနစ်နဲ့ ရောင်းချထားသူပါ
ငါက အိမ်ကြီး တံစက်မြိတ်ကလေ..
အိမ်ကြီးရဲ့ ခန့်ငြားထည်ဝါမှုတွေကို
ငေးမောအားကျနေရတဲ့ ရွှေရောင်ရင့်ရင့် တစိမ်းတရံစာ...

ငါဟာ..ကိုယ့်ခံစားချက်အပေါ် အဆိုးရွားဆုံးသစ္စာ ဖေါက်ခဲ့သူ
အိမ်အပြန်ချင်ဆုံးနဲ့ အိမ်ပြန်ဖို့ အကြောက်တတ်ဆုံးသူ..
တစ်ကိုယ်ရည်..တစ်ကိုယ်ကောင်းဆန်ခဲ့သူ....
ငါဟာ..ယူကျုံးမရစိတ်နဲ့ပဲ မျက်ရည်သိပ်လွယ်ခဲ့တဲ့..သူ
ငါက ရရှိနေသလား..ဆုံးရူံးနေသလားတောင်
မဝေခွဲတတ်အောင်.... ထူပိန်းဆွံ့အ ခဲ့သူပေါ့...

နီရူဒါရေ..
သင်ချစ်မက်တတ်တာထက်
နည်းနည်းလေးမှ မလျော့တဲ့ ချစ်ခြင်းတရားတွေနဲ့
ကျွန်ုပ်လည်း အမိမြေကို ချစ်မက်ခဲ့ပါတယ်..။

အိန္ဒြာ
Idea မဂ္ဂဇင်း ခုလထုတ် ( ဂျူလိုင်၊၂၀၀၉)မှာပါတဲ့ကဗျာလေးပါ..။ မဂ္ဂဇင်းမှာဖေါ်ပြထားတဲ့ ပန်းချီဆရာ ကိုသိုးထိန်းဆွဲတဲ့ သရုပ်ဖေါ်ပုံလေးကို လည်းတင်ပေးလိုက်ပါတယ်။ သရုပ်ဖေါ်ပုံလေးလှမ်းပို့ပေးတဲ့ သတိတရစာမူတောင်းတဲ့ ချစ်မမ မနော်ဟရီ ကိုကျေးဇူးဥပကာရတင်ရှိပါကြောင်း..ဒီနေရာကမှတ်တမ်းတင်ပါတယ်..။ မဂ္ဂဇင်းကို..http://ideamagazine.blogspot.com/ ကနေဖတ်လို့ရပြီဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်..။

13 comments:

မယ့်ကိုး said...

ဟိုအထဲမှာလည်း ကြိုက်တဲ့ တစ်ပိုဒ်လေးရေးပြီးပြီမယ့် အခုလည်း နောက်ထပ်ကြိုက်တဲ့ တစ်ပိုဒ်လေး ရေးဦးမယ်နော် ...မ

ငါ့ကိုယ်ငါသိပ်မကြိုက်ချင်တော့ဘူး...
အမြင်အကြည့်တွေကစက်ရုပ်ဆန်
အခေါ်အပြောတွေက ၀တ္တရားကျေဆန်
နူးညံ့ပူနွေးမှု ခမ်းခြောက်လာတဲ့နေရာထိုင်ခင်းမှာ....
ဘာသိဘာသာတွေက အသက်ရူသံဖြစ်လာခဲ့..။

ကဗျာတစ်ပုဒ်လုံးကို ကြိုက်လို့ ...

ချစ်တဲ့
မယ်ကိုး

ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ..
ကဗျာလေးကို ကြိုက်တယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

အိုင်လွယ်ပန် said...

တော်ရာမှာ နေရ ဆိုတဲ့စကားက
ခါးလိုက်တာ အစ်မရာ ...

Mogok Thar said...

မအိမ်ရေ
ဒီမှာ ထပ်လာဖတ်တယ်ဗျ။

မအိမ် စာတွေ အမျးကြီး ရေးနိုင်ပါစေ။

စာကောင်း၊ ကဗျာကောင်းတွေ အတွက် လေးစားလျက်

အရုပ်ကလေး said...

ကဗျာအရေးတော်တဲ့ မကြီးတစ်ယောက်ကို
လေးစားလျှက်ပါ ..

ကဗျာလေးရဲ့ ထုဆစ်ထားတဲ့ သရုပ်တစ်ခုနဲ့
ထင်ဟပ်မှုတစ်ခုကို သေချာ ဖတ်သွားတယ် ..။

Zephyr said...

Congratulations for the poem.
Btw, I am ready to have something for that. :)

With Peace,
Z

thitkaungeain said...

မနော်ကမျက်နှာလိုက် ငါတို့ကျတော့ ကဗျာလည်း မတောင်းဘူး

Unknown said...

ပထမ အပိုဒ်က လေးထောင့်ဆန်ဆန်အခန်းလေးထဲက ပညာတတ်တစ်ယောက်ရဲ့ ကိုယ့်ဘာသာ ထောင်ချထားတဲ့ဘဝလေး တစ်ခုထင်ပါရဲ့
(ဦးနှောက် ကီးဘုတ် ကိန်းဂဏန်း)
ဒုတိယ အပိုဒ်က
အလိုက်သင့်မဖြစ်တဲ့ အခြေအနေတစ်ရပ်မှာ
အစိမ်းရောင်ဆိုတာ အတွင်းအပြင် ရိုက်သွင်းထားတော့ ကျနော် ဒီလိုမြင်ကြည့်တယ်
အဲဒီအရောင်က အေးချမ်းတဲ့အဓိပ္ပါယ် ထွက်သလို အပါယ်ခံဆိုတဲ့ အနက်လဲရတယ် ပြီးတော့ ခွဲစိတ် ခြင်းဖြစ်သလို ယုံကြည်မှု့လဲဖြစ်တယ် (အရေးပေါ် အခန်းထဲက ဆရာဝန်တွေလိုပေါ့) ဒီမှာအဆိပ်နဲ့ ကြောက်မက်ဖွယ်ရာ သုံးထားတော့ ဆိုလိုချင်တာ ပစ်ပယ်ခံရတဲ့ ဒါမှမဟုတ် အခြေအနေတစ်ရပ်ရပ်ကြောင့်
အဝေးလွင့်လာတဲ့ဘဝတစ်ခု၊
တတိယ အပိုဒ်က
ဆန္ဒနဲ့ ဘဝ တစ်ထပ်ထဲဖြစ်မလာတော့တဲ့ အခြေအနေမှာ လျော်ဖွတ်လို့မရတော့တဲ့
သူ့ကိုယ်ကြပ် အဝတ်တွေကို ပြန်ကြည့်မိလိုက်သလိုပါ၊
စတုတ္ထ အပိုဒ်မှာ
အခြေအနေတွေအားလုံး ဘာသာမြင်မိလိုက်တဲ့၊ အသုံးတည့်ရုံသက်သက် အပိုပစ္စည်းလေးတစ်ခုရဲ့ ခပ်ဝါးဝါးအိမ်မက်ပေါ့၊
ပဉ္စမကတော့
ဖွက်ထားတဲ့ အတွင်းစိတ်ကို ဇတ်သိမ်းအတွက် တမင် အကွက်ဆင်ချပြလိုက်တာပါ
ဒါမှလဲ လိုချင်တဲ့ အားလုံးသက်ဆိုင်မှု့ကို
ခြံစည်းရိုးခတ်နိုင်မှာပေါ့၊ ကြည့်ပါ..
''နီရူဒါရေ..
သင်ချစ်မက်တတ်တာထက်
နည်းနည်းလေးမှ မလျော့တဲ့ ချစ်ခြင်းတရားတွေနဲ့
ကျွန်ုပ်လည်း အမိမြေကို ချစ်မက်ခဲ့ပါတယ်..။"

ရေးသူနှင့်တိုက်ဆိုင်ချင်မှတိုက်ဆိုင်ပါမည် ကျနော့် ခံစားကြည့်ခြင်းသက်သက်ပါ။

အမည်မဲ့ said...

ပြောစရာမရှိပါဘူးဗျာ ..
စကားပြေဆန်လွန်းတဲ့ ကဗျာတစ်ပုဒ်ပါပဲ။

ဒါပေမယ့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကတော့ အနှောင့်အယှက်တစ်ခုပါပဲ။

လင်းဒီပ said...

ကျွန်တော်တို့အချစ်တွေက မလျော့နည်းပါဘူး..ဒါပေမယ့် အိမ်ပြန်နောက်ကျနေတုန်းပဲ..။

မသက်ဇင် said...

နီရူဒါရေ..
သင်ချစ်မက်တတ်တာထက်
နည်းနည်းလေးမှ မလျော့တဲ့ ချစ်ခြင်းတရားတွေနဲ့
ကျွန်ုပ်လည်း အမိမြေကို ချစ်မက်ခဲ့ပါတယ်..။

ခံစားဖတ်သွားပါတယ် ကဗျာဆရာမလေးရေ
ချစ်ခင်လျက်

Kaung Kin Ko said...

နီရူဒါနှလုံးသားနဲ့ စက်ရုပ်တယောက် ကဗျာလာဖတ်သွားတယ်အစ်မ။

မိုးမြင့်တိမ် said...

တနေ့နေ့တော့ ဖြစ်၍လာလိမ့်မည်ပေါ့...

ဘ၀ဆိုတာလည်း သံတူကြောင်းကွဲတွေများပါဘိနဲ့..

တစ်ခါတစ်ခါမှာတော့ နိရူဒါကို အားကျမိတယ်...။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်