June 11, 2009

သူမ ကောင်းကင်ယံထဲက ကျွန်တော့်ဆွံ့အ ကြယ်(၃)

(၇)

တကယ်ပါ
နင့် သံသရာအထိ အနှောက်အယှက်ဖြစ်နေမလား..
ငါ့ ဆုတောင်းကိုယ် ငါ ရွေးချယ်မှောင်မိုက်ပေါ့...၊
--------------------------------------------------

အမေ့ရင်ခွင်ထဲကို အပြေးအလွှားသွေးရူးသွေးတမ်း တိုးဝင်ပုန်းကွယ်နေမိတော့
အမေက အသံမထွက်အောင်ကြိတ်ရှိုက်ရင်း ကျွန်တော့်ဆံပင်တွေကို တဖွဖွ ပွတ်သပ်ပေးနေခဲ့တယ်..။
ဖြစ်ရလေ..၊ ဖြစ်မှဖြစ်ရလေ..သားလေးရယ်တဲ့..။
အမေက ကျွန်တော့် မျက်ဝန်းတွေကို မကြည့်ရဲသလို မျက်နှာလွဲနေခဲ့ရှာတယ်..။
လှဖုန်း အမေက နင့်အတွက် သူ ဘယ်လောက် ၀မ်းနည်းကြေကွဲနေရကြောင်း ငါ့ကို ပြောမပြဘူးသိလား..။
နင့်အတွက် ငါ ဘယ်လိုဝမ်းနည်းကြေကွဲနေမလည်းဆိုတာလည်း ငါ့ကို မမေးဘူး သိလား..။
အမေ က ဘာမှ မပြောနိုင်လောက်အောင်ကို ကြောင်အ တိတ်ဆိတ်နေခဲ့တာ..ပါ။
အမေ က ငါ့ကို ကျောခိုင်းပြီး ငါ နင့်ဆီလာဖို့ အတွက် ငြိမ်ငြိမ်လေး ထုတ်ပိုးပေးနေခဲ့တယ်..။
အမေ ကျွန်တော်လေ.....
အမေ့ ကျွန်တော်လေ....။
ဒါဟာ တကယ်မဟုတ်ဘူးမဟုတ်လား..။ ဒါမှ မဟုတ် ဒါဟာ အိမ်မက်တစ်ခုဆိုရင် ။
ဒါဟာ အိမ်မက်တစ်ခုဆိုရင်တောင် ငါဟ ချင်ချင်း မျက်နှာထ သစ်ပြီး
တစ်ဘ၀လုံးပြန်မအိပ်တော့ပဲ ငုတ်တုတ်ထိုင်နေပစ်လိုက်မှာပါ လှဖုန်းရယ်..။
ညက ဆိုးဆိုးဝါးဝါးကို မိုက်မှောင်နေခဲ့ပြီ..။ ငါဘယ်လိုမိုးသောက်လိုက်ရပါ့ ..။
နင်ဟာ ဇာတ်မနာနာ နာအောင်ဖွဲ့နွဲ့ထားတဲ့ ပြဇာတ်တစ်ပုဒ် လို အားလုံးကို မျက်ရည်နဲ့ အနိုင်ပိုင်းထားခဲ့တာလား..။
အနက်ရောင်မျက်မျန်တစ်လက်ကို အမေက ကျွန်တော့်လက်ထဲ ထည့်လိုက်တော့
ကျွန်တော် ဆောက်တည်ရာမဲ့အောင် ရူးသွပ်သွားတော့တယ်..။
ကျွန်တော့်မှာ ပင်ပမ်းဆင်းရဲလိုက်ရတာ…။ ကျွန်တော့်မှာ ဟန်ဆောင်ထိမ်းချုပ်လိုက်ရတာ..။
တကယ်တော့ ကျွန်တော်ဟာ ဘယ်လောက်များ ရယ်မော လှောင်ပြောင်ချင်စရာ ကောင်းနေခဲ့ပါလိမ့်..။
ဘယ်လောက်များ ကရုဏာသက် စရာကောင်းနေတာပါလိမ့်..။
သိလား..လှဖုန်း..။
ငါဘယ်လိုမှ ဟန်ဆောင်ထိမ်းချုပ်နိုင်စွမ်းမရှိတော့ဘူး..။
ငါ အစူးရှဆုံး အော်ဟစ်မြည်တမ်းချင်လာတယ်..။
ငါ အပူလောင်ဆုံး ပေါက်ကွဲလွင့်စင်ထွက်သွားတယ်..။
ငါ အလှိုက်လှဲဆုံး နာကျင် ငိုကြွေးနေမိတယ်..။ အမေက ငါ့ကို တုန်တုန်ယင်ယင်နဲ့ ဖေးမပြီး ငါနဲ့အတူ ငိုကြွေးလို့..။
ကျွန်တော်လေ..။
အမေပေးလိုက်တဲ့ မျက်မှန်အနက်တစ်လက်ရယ်..။
လှဖုန်းကို တစ်ခါမှ ပေးမဖတ်ခဲ့တဲ့ လှဖုန်းအတွက်လို့ရည်ရွယ်ထားတဲ့ ကဗျာတစ်ပုဒ်ရယ်၊ ..
တစ်စစီစုတ်ပြတ်သွားတဲ့ အပိုင်းအစတွေကို ကောက်ဆက်ထားလိုက်ရတဲ့ နှလုံးသားတစ်ခုရယ်နဲ့
ကျွန်တော်လိုက်သွားချင်ပေမယ့် မျိုသိပ် ချုပ်တည်းထားခဲ့ရတဲ့ တို့ မြို့ကလေးဆီကို ….
ငါ အပူတပြင်းလှော်ခတ်လာခဲ့ပြီ လှဖုန်းကြွ.ယ်...............................။



(၈)
ငါ့ရူးသွပ်မှုတွေ နင်မောင်းနှင်ခဲ့တာ
ငါ့နက်ရှိုင်းမှုတွေ မိုးလိုရွာမပြနိုင်ပေမယ့်..........
-----------------------------------------------------

နည်းနည်း မဲ့ယောင်ယောင်လေးရှိတဲ့ လှဖုန်းညာဖက်ပါးပြင်က ပါးခွက်လေးရှိမယ့်နေရာကို
မှန်းပြီးလက်ညှိုးနဲ့ ထောက်ကြည့်လိုက်ချင်တယ်..။
ဆေးဆွဲမထားတော့တဲ့ မျက်ခုံးပါးပါးပေါ်က ဆံယဉ်ညိုနုနုလေးတွေကို သပ်တင်ပေးလိုက်ချင်တယ်..။
အိပ်စက်နေသလို ဖွဖွလေးမှိတ်ထားတဲ့ မျက်ဝန်းလေးကို ခဏလေး ဖြစ်ဖြစ် ဖွင့်ခိုင်းလိုက်ချင်တယ်..။
နှာခေါင်းဝမှာရှိတဲ့ ဂွမ်းစဖြူဖြူလေးနှစ်စကို ဆွဲထုတ်ပေး လိုက်ချင်တယ်..။
အမြဲမပြတ်လှုပ်ရှားနေခဲ့တဲ့ လှဖုန်းရဲ့ လက်ချောင်း ရှည်နွဲ့နွဲ့လေး တွေကို ရော ကျွန်တော်တွေ့ခွင့်မရတော့ဘူးလားဟင်..။
ပိန်သွားလိုက်တာ လှဖုန်းရယ်..။ နင်ဘယ်လောက်တောင်များ ဝေဒနာတွေကို ခံစားအံတုခဲ့ရလဲ..။
ပရုတ်လုံးမလေးရယ်..။
ဒါနောက်ဆုံးအချိန်တဲ့..။ ဒီဘ၀မှာ နင့်မျက်နှာလေးကိုတွေ့နိုင်ခွင့်ဟာ ဒါနောက်ဆုံးတဲ့..။
သိလားလှဖုန်း..၊ ငါ အခုနင့်ဘေးနားမှာရောက်နေတယ်..၊
ငါ့မှာလေ.. နင့်ကို တစ်ခါမှ ပေးမဖတ်ဖြစ်ခဲ့တဲ့ ကဗျာရှည်ကြီးတစ်ပုဒ်လည်းပါလာခဲ့တယ်..။
ငါရင်ထဲက ငါ နှစ်ရှည်များ ကြိတ်မှိတ်မျိုသိပ်ထားခဲ့ရတဲ့..၊ ငါနင့်ကို အရမ်းပြောပြချင်ခဲ့တဲ့ စကားလုံးတွေလေ..။
ငါ အခုဘယ်လောက်အထိ မချိမဆန့်ခံစားနေရမှန်းနင်သိလား..။
ငါလေ..။ငါ..။ နင့်ရှေ့မှာ ဒီကဗျာလေးကို ရွတ်ပြချင်လိုက်တာ..။
ငါ့ကိုယ်ခွင့်ပေးပါလားလှဖုန်းရယ်..။ ငါ့ ကိုယ် ဒီအခွင့်အရေးလေးတစ်ခုတော့ ပေးပါနော်..။
ငါ့.. အတွက်..
ငါ့ တစ်သက်လုံးအတွက်...
ကြေကွဲခြင်းတွေနဲ့ အသက်ဝင်နေပြီး..၊ ကြေကွဲခြင်းကိုပဲ အသက်သွင်းပေးနေတဲ့ အလောင်မြိုက်ဆုံးအချိန်ကာလပါ..။
ဆောင်းဦးပေါက်က သူ့သဘ၀ကိုသူ ချုပ်တည်းငြိမ်သက်နေခြင်းနဲ့ကြေကွဲတယ်..။
မဟော်ဂနီပင်ကြီးက သူ့အရွက်တွေကို တသဲ့သဲ့ ဖဲ့ချွေပြရင်းနဲ့ကြေကွဲတယ်..။
လေပြည်ရူးရူးက ဆောက်တည်ရာမဲ့ ယောက်ရက်ခတ်ပြရင်းနဲ့ ကြေကွဲတယ်..။
မေးကြေီးထောင်ထ ၊ မျက်လုံတွေနီရဲပြီး တက်တစ်ခေါက်ခေါက် အံတကြိတ်ကြိတ်နဲ လှဖုန်းရဲ့ဖေဖေက ကြေကွဲတယ်..။
မကြာခဏသတိလစ် လူးလှိမ့်အော်ဟစ်ရှိုက်ငင်နေခြင်းနဲ့ လှဖုန်းမေမေက ကြွေကွဲတယ်..။
လှဖုန်းကြီးကြီးကရော..၊ လှဖုန်းမောင်လေးတွေ..၊ လှဖုန်းသူငယ်ချင်းတွေ..
အို အားလုံး နင့်အတွက် ကြေကွဲဝမ်းနည်းနေကြတယ် လှဖုန်းရယ်..။
စုတ်ဖွားနွမ်းရော်နေတဲ့ ကိုယ်နေဟန်ထားနဲ့ ကျွန်တော့်လိုပဲ မျက်မှန်အနက်တစ်လက်ကို တပ်ပြီး..၊
သူနဲ့လှဖုန်းနှစ်ယောက်တည်းရှိနေကြသလို လှဖုန်း ရဲ့မျက်နှာကို တစ်ရံမလပ်ငေးကြည့်နေတဲ့ ..၊
တစ်ခါတစ်လေ တစ်စုံတစ်ရာတွေတဖွဖွပြောနေတယ်လို့ထင်ရတဲ့.. အမျိုးသားလေးဟာ.. ။
အို သူဟာ လှဖုန်းရဲ့ချစ်သူ ကောင်လေး ပဲဖြစ်မှာပါ..။
သူ ဆောက်တည်ရာမဲ့ ကြေကွဲနေလိုက်တာ လှဖုန်းရယ်..။
သူ့ရဲ့ ညှိုးလျအုံးဆိုင်းလွန်းနေတဲ့ မျက်နှာဟာ သူဘယ်လောက်အထိဆုံးရှုံးကြေကွဲခံစားနေရသလဲဆိုတာ မြင်သာနေလိုက်တာ..။
အားလုံးက သူ့ကို စာနာ နားလည်နေကြလို့..။ဒီပွဲမှာလည်းသူကဇာတ်လိုက်ပဲ လှဖုန်းရဲ့..။
ဒါပေမယ့်ဒီပြကွက်က ငါတောင်လုံးလုံးမကြည့်ရက်လောက်အောင်ရက်စက်ခါးသီးလွန်းနေတယ်..။
ကျွန်တော် လှဖုန်းဘေးနားမှာရပ်လိုက်တော့ သူနဲ့ ကျွန်တော်ရဲ့ ကြားမှာ လှဖုန်းတစ်ကိုယ်စာခြားလိုက်လို့..။
ကျွန်တော့်ကို စေ့စေ့ စပ်စပ် မော့်ကြည့်လိုက်တယ်.. ခင်ဗျား အုတ်ဖိုက လှဖုန်းတို့ ငှားနေတဲ့အိမ်ကလူမဟုတ်လား..။
ခင်ဗျားလှဖုန်းကို တစ်ဖက်သတ်ချစ်နေတဲ့ ကဗျာဆရာ မဟုတ်လား..။
အခု ခင်ဗျား ကျွန်တော့်လှဖုန်းကို ဘာတွေလာပြောမလို့လဲ..။
လှဖုန်းလေးနားယောင်သွားအောင်ဘာတွေဖျောင်းဖျသိမ်းသွင်းမလို့လဲ..။
သွားပါဗျာ ခင်ဗျားသွား ပါတော့ ကျွန်တော့် ချစ်သူနဲ့ကျွန်တော် နှစ်ယောက်တည်းနေပါရစေ။
ကျွန်တော်လှဖုန်းကို မှာချင်တာတွေမှာနေပါရစေ..။
မဟုတ်ပါဘူး ငါ့ညီရယ်..။ ကိုယ့်ကိုလေ.. ကိုယ့်ကို ဒီတစ်ခုလေးပဲ..၊ ကိုယ်အဝေးကြီးက လာခဲ့ရတာပါ..၊
ကိုယ်လည်း မင်းနဲ့ထပ်တူ မကျတောင် မင်း လောက်နီးနီးခံစာနေရတဲ့ကောင်ပါ..။
ကိုယ်လေ.. ကိုယ် လှဖုန်းကို ကဗျာလေးတစ်ပုဒ်ရွတ်ပြချင်နေတာ..။
မျက်ဝန်းနှစ်စုံဟာ မှန်အနက်တွေနဲ့အလုံပိတ်ထားတဲ့အခန်းကျဉ်းလေးထဲမှာ ရင်ဆိုင်ပိတ်လှောင်မိလိုက်သလိုပဲ..။
မျက်လုံးနှစ်စုံရင်ဆိုင်မိလိုက်ကြတဲ့ အချိန်မှာ..
စကားလုံးတွေ .၀ရုန်းသုန်းကားထွက်ကျလာလိုက်သလိုပါပဲ....။
စူးစူးရိုင်းရိုင်းစေ့စေ့ဆိုင်လိုက်ကြတဲ့ အကြည့်ခဏဟာ ကြောက်မက်ကြေကွဲစရာပေါ့..။
မျက်လွှာကို အရင်ချလိုက်ရအောင်ကျွန်တော့်မှာ အပြစ်ရှိနေလို့လား..။
ကျွန်တော်ရော မကြေကွဲရဘူးလား..။ ကျွန်တော့်မှာရော ရင်နာကြေကွဲခွင့် ၊
ပူဆွေးလောင်မြိုက်ခွင့်တွေ မရှိရတော့ဘူးတဲ့လား..။
လှဖုန်း ငါ့မှာ နင့်အတွက်ဘာမှမရှိရတော့ဘူးလား..ဟင် ။
ကျွန်တော် လှဖုန်းနဘေးက ပြေးထွက်လာခဲ့မိတယ်..။
ကျွန်တော့်တစ်ကိုယ်လုံးပျော့ဖတ်နွမ်းနယ်နေလိုက်တာ..။
တဖျောက်ဖျောက်ကျလာတဲ့ မိုးကြွင်း တွေအောက်မှာ ဒူးထောက်ထိုင်ချလိုက်မိတယ်..။
လှဖုန်း .....
နင်ကတော့ ငါ့ကို နားလည်ပေးနိုင်မယ်မဟုတ်လား..
နင်ငါ့ကို ဒီအခွင့်အရေးလေးတော့ ပေးနိုင်တယ် မဟုတ်လား..
နင်အသိအမှတ်ပြုပေးပါနော်...
ဒီတစ်ခါ လေးတော့လေ......................။

(၉)
ငါ့ဘက်က ပြိုကျသွားလေသမျှ...
နင့် ဘက်မှာ သောင်ထွန်းပါစေသား...။ ။
-------------------------------------------------------

ဒီလောက်နာကျင်ပင်ပမ်းစရာ၊ အဆုတ်လိုက်အခဲလိုက်ငိုညည်းသံတွေဟာ..
နှစ်ဆယ့်လေးနှစ်အရွယ် မိန်းမငယ်လေးအတွက် သိပ်ကိုရိုင်း စိုင်းစူး ရှလွန်းနေမယ်..။
ဒီလို ငိုညည်းတမ်းတသံတွေကြားမျာ လှဖုန်းလေး ပူပြင်းလောက်မြုက်နေရှာမလား..။
ရပ်လိုက်ကြပါတော့..။ လှဖုန်းကို အေးချမ်း ဆိတ်ငြိမ်မှုတွေ ပေး လိုက်ကြပါတော့..။
တဖျပ်ဖျပ်ပြန်သွားကြတဲ့ခြေသံတွေ..
လူတွေအားလုံးပြန်သွားကြရင်..
လှဖုန်းအုတ်ဂူလေးပိတ်လို့ မပြီးခင်
ကျွန်တော် လှဖုန်းကို ကဗျာရွတ်ပြရမှာလေ.။
နင် သက်ရှိထင်ရှားရှိစဉ်တုန်းက နင့် အရိပ်အငွေ့မှန်သမျှကို စုထုတ်သိမ်းဆည်းပြီး
တလေးတပြည့်ခံစားဖွဲ့တည်နေတဲ့ လူတစ်ယောက် ရှိနေသေး တယ်ဆိုတာကိုပြောပြမယ်..။
နင့်ပျော်ရွှင်မှုတွေကိုစောင့်ကြည့်ပြီး နင့်အတွက်အနှောက်အယှက်ဖြစ်မယ်ထင်တာတွေအားလုံးကို
သိမ်းဝှက်ကြေကွဲနေခဲ့ရတဲ့ လူတစ်ယောက် အကြောင်း ပြောပြမယ်။
ကျွန်တော့် တစ်ဘ၀လုံးသိုသိပ်ပိတ်လှောင်ထားခဲ့ရတဲ့ စကားစုတွေ..........။
ကျွန်တော့်နှလုံးသားရဲ့ အနာတရညည်းညူသံတွေ...။
ကျွန်တော့်ရင်နဲ့ရင်းလိုက်ရတဲ့ကျွန်တော့်အရက်စက်ဆုံးအတွေ့အကြုံအတွက်
ကျွန်တော် ဒီအခွင့်အရေးလောက်လေးတော့ရချင်လိုက်တာ..။
ကြည့်ပါဦး ၊ ချစ်သူကောင်မလေးရဲ့ အုတ်ဂူကို သူပါဝင်ပြီးအချောသပ်ပေးနေတဲ့ ချစ်သူကောင်လေးရဲ့
နှုတ်ဖျားမှာ ဘာတွေများ တတွတ်တွတ် ရွတ်ဆို နေမှာလဲ..၊
ဘယ်သူမှခေါ်လို့မရတဲ့အဆုံး..၊ နင့်ချစ်သူကောင်လေးက နင့်ဘေးနားမှာကျန်ရစ်ခဲ့တယ် လှဖုန်း..။
ငါကတော့ မလှမ်းမကမ်းက သစ်ပင်ကြီး တစ်ပင်ရဲ့ အကွယ်မှာပေါ့..။
ပတ်ဝန်းကျင်က တိုးဆိတ်ငြိမ်သက်သွားတယ်..
ကျွန်တော် ပိုပြီးကြေကွဲချောက်ခြားလာတယ်..
ကျွန်တော် ပိုပြီးတုန်လှုပ်ဝမ်းနည်းလာတယ်..
ညို့ရီလာတဲ့ဆည်းဆာဆန်ဆန်နေရောင် ဟာဆောက်တည်ရာမဲ့သွားစေသလိုပဲ..၊
အို...အိပ်တန်းပြန်လာကြတဲ့ ငှက်တွေတောင်ကျွန်တော့်ကို အထိပ်တလန့် မြည်တမ်း ပျံသန်းလို့..
အုတ်ဂူလေးပိတ်လို့ပြီးတော့မယ်..
လှဖုန်းကို အပြီးတိုင် ပိတ်လှောင်သိမ်းဆည်းကြတော့မယ်..
လှဖုန်း..
လှဖုန်း..၊ လှဖုန်းရေ...
နင့်ကောင်လေး မပြန်သေးပါလား...လှဖုန်းရယ်..
ငါ ........... ငါ ........
နင့်ကို ကဗျာရွတ်ပြချင်လို့ပါ..
ကျွန်တော့်ရင်ပြင်တစ်ခုလုံး အပြင်းပြဆုံး ပူ လောင် တင်း ကြပ် လာ လိုက် တာ..
ကျွန်တော်နေရာကနေ တ ဟုန် ထိုး ထွက် ပြေး ချင် လိုက် တာ.....
ကျွန်တော် အသံကုန်ခြစ်ပြီး အော်ဟစ်ငိုကြွေးပစ် ချင် လိုက် တာ........
ကျွန်တော်........၊ ကျွန်တော်လေ….....
ဖျတ်ကနဲပုခုန်းပေါ်ကျလာတဲ့ လက်တစ်ဘက်ကြောင့် ကျွန်တော်ဆတ်ကနဲတုန်ယင်သွားခဲ့တယ်..
ကမ်းပေးလာတဲ့ညလက်ကို ငါ အယောင်ယောင်အကမ်းကမ်းဆွဲရမ်းနှုတ်ဆက်နေမိတယ်..
ပါးပြင်ပေါ်မှာစီးကျနေတဲ့ မျက်ရည်တွေကို သုတ်ပစ်ဖို့မလိုတော့သလို...
ယောက်ျားနှစ်ယောက်ရဲ့ကြေကွဲတကြီးပင့်သက်တွေနဲ့ ပတ်ဝန်းကျင်က အသက်ပြန်ဝင်လာသလို..
ဗြုန်းကနဲ တစ်ယောက်စိတ်ထဲတစ်ယောက်..နီးနီးကပ်ကပ်ကြီး..ရောက်ရှိသွားကြသလို....
နင့်ကောင်လေး..မျက်မှန်အနက်ကို ဆွဲချွတ်ပစ်လိုက်တဲ့ အချိန်မှာ..
ငါလည်း...ငါ့မျက်မှန်ရှိရာကို လက်လှမ်းလိုက်မိတယ်.....လှဖုန်းကြွယ်..။


(ပြီးပါပြီ။)

စိတ်ရှည်လက်ရှည်စောင့်ဖတ်ပေးကြသူအားလုံးကို ကျေးဇူးတင်လျှက်
အိန္ဒြာ
( ၂၅.၆.၁၉၉၈)

11 comments:

MANORHARY said...

ကောင်းကင်ကဆွံ့အ ကြယ်တွေရဲ့
အသံတိတ်တေးသံကိုကြားရတယ်
ကောင်မလေးရေ အချစ်ဆိုတာဘာများပါလိမ့်
မင်းသယ်ယူသွားတဲ့အနာဂါတ်တွေမှာ
ဘာပန်းမှမပွင့်ကြတော့ဘူး..........
.................

မယ်ကိုး said...

ဝမ်းနည်းသွားတာ ချက်ချင်းတောင် ဖြေလို့ မရဘူး မရေဘူး မရေ...
စကားလုံး ဝါကျတွေ ခံစားမှုဖွင့်ဆိုချက်တွေ အကုန်လုံးကြိုက်တယ်..မ...တကယ်။

လင်းဒီပ said...

ဖတ်ပြီးတော့ ကြေကွဲခြင်းတွေနဲ့ တိတ်ဆိတ်သွားခဲ့ပါတယ်ဗျာ...။

အိုင်လွယ်ပန် said...

မျက်ဝန်းမှာပြိုတဲ့မိုးထက်
ရင်ထဲမှာညိုတဲ့မိုးကပိုပြီး
တစ်ဘဝလုံးစာ မှိုင်းညို့ရီဝေလို့ ........

စသောက်သောက်ခြင်း
အရက်တစ်ခွက်လိုပ
အချစ်ဆိုတာ
ငါ့အတွက်အဝင်ဆိုးလိုက်တာ
လှ ဖုန်း ကြွယ် ....................

ဆောင်းယွန်းလ said...

ဝတ္ထုတပုဒ်လုံးက ဖတ်ရသူရဲ့နှလုံးသားကို သိမ်းကြုံးယူငင်ပစ်လိုက်တယ်..
လောကဇာတ်ခုံပေါ်မှာ ကကွက်အစုံကိုကမပြနိုင်ခဲ့တဲ့
လှဖုန်းကြွယ်အတွက် ကျန်ရစ်တဲ့ကောင်လေးနှစ်ယောက်ကတော့....

Mogok Thar said...

ဟင်းးးးးးးးးးးးးးးးးးးးးး

ရင်ထဲ မောသွားလို့......

အချစ်ပန်းတိုင်း လန်းဆန်းကြပါစေ
ဆိုတဲ့ ဆုတောင်းလေးပဲ တိုးတိုး ရွတ်မိတော့တယ်။

ကဗျာရော ၀တ္ထုတိုလေးရော.... အရေးအဖွဲ့ရော...
အားလုံး ကောင်းတယ်ဗျာ။

Minn said...

သာမန်အကြောင်းအရာလေး တစ်ခုပါ၊
ဇတ်အိမ်က တစ်ကဲ့ ပါးပါးလေး၊
ဘာနဲ့တူလဲဆိုတော့ သူလို ကိုယ်လို
သစ်ခြောက်တုံးလေး ကို...ယဉ်ပါးနေတဲ့
လက်တွေအလှုပ်...မြင်တတ်တဲ့ အနုပညာ၊
တစ်လွှာဆီ ဖဲ့ချလိုက်ပြီးတဲ့ အချိန်...
အရမ်းအသက်ဝင်တဲ့ အရုပ်လေးတစ်ရုပ်ဖြစ်လာပါရော...
တစ်ချို့စကားပြေဆန်နေတဲ့ ဝါကျတွေ ဖြုတ်လိုက်ရင် တစ်ကယ့် ကဗျာရှည်တစ်ပုဒ်လို
ခံစားလို့ရတဲ့ ဖန်ဆင်းမှု့ အတတ်ကို လေးစားပါတယ်...
သူများရဲ့ စာကိုမဖျက်ချင်လို့ ချရေးမပြတော့ပါ...ကျနော်လို ကို့ရို့ကားယား
ဖတ်တတ်တဲ့ သူများရှိရင်...တစ်ချို့ ဝါကျလေးတွေဖြုတ်ပြီး ကဗျာတစ်ပုဒ်လို ခံစားကြည့်ပါဗျာ...ကြယ်အတေး ကိုမမှီ ပေမဲ့
နီးပါး ခံစားလို့ရတဲ့ စကားလုံး အားပြိုင်မှု့တွေ
တွေ့ရမှာပါ၊

BLACK DREAM said...

breathless....! your skill turns me on to the man in your novel and feel like i am the girl who was in the coffin which is nearly entombed...!!!

Moe Myint Tane said...

မကြီး

ပထမစတင်တည်းကတွေ့တယ်။လာကြည့်လိုက်တော့ အပိုင်းနဲ့ ဖြစ်နေတာနဲ့ မဖတ်သေးဘဲ ဆုံးအောင်စောင့်နေတာ။ အပိုင်းလိုက်ဖြတ်မတ်မိရင် ၀ထ္တုရဲ့ အရသာကို အပြည့်အ၀ မခံစားလိုက်နိုင်ဘူးလို့ ထင်ရလို့။ ဒါကျွန်တော့် ပုဂ္ဂလိက အမြင်ကိုပြောတာနော်။
အခု အားလုံးပြီးသွားမှာ အစအဆုံး စိမ်ပြေနပြေကို ထိုင်ဖတ်လိုက်တယ်။ လက်ကိုင်ပ၀ါဆိုတာ လူတိုင်းသုံးကြတာပါဘဲ။ ဒါပေမယ့် မျက်လှည့်ဆရာ လက်ထဲမှာတော့ လက်ကိုင်ပ၀ါလေးဟာ အရမ်းကို ထူးဆန်းလှပစွာ အံသြဘနန်းပြကွက်တွေကို ပြသနိုင်စွမ်းရှိနေတယ်။ အခုအကြောင်းအရာလေးဟာလဲ မြင်ဖူးတွေ့ဖူးနေတဲ့ နှလုံးအိမ်များစွာနဲ့ အသားကျဖူးနေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့.. ဒါပေမယ့် တစ်ခုထူးခြားတာက ကဗျာဆရာမလက်ထဲက ထွက်ကျလာတာလေ..မျက်လှည့်ဆရာလက်ထဲက လက်ကိုင်ပ၀ါလေးလိုဘဲပေါ့..။ အရေးအသား အဖွဲ့အနွဲ့တွေကတော့ ပြောစရာမရှိလောက်အောင်ကို နှလုံးအိမ်ကို ဆွဲခေါ်လိုက်ပုံများ။ စီးကရက်တစ်လိပ် မသောက်ရဘဲ ကုန်သွားတယ်။ သိပ်ကို အချစ်ကြီးတဲ့ ယောကျာ်းနှစ်ယောက်ရဲ့ အချစ်အားပြိုင်မှုကို လှလှပပချယ်မှုန်းထားလိုက်ပုံများ။
ဒါဟာ ပန်းချီတစ်ချပ်ဆိုရင် အသက်တွေဝင်နေလိုက်တာ..။ ဒီနေရာမှာ ကျွန်တော်ရဲ့ ကတ်သီးကတ်သတ်မူအတိုင်း လှဖုန်းကြွယ် နေရာကနေ ၀င်ခံစားကြည့်တယ်။ သူ့စိတ်ထဲမှာကော ဘာတွေရှိနေမလဲ။ ဝေဒနာခံစားနေရချိန်မှာ...ဘာတွေကို တွေးနေမလဲ။ ချစ်သူကောင်လေးကို တမ်းတနေမလား။အခင်ဆုံး သူငယ်ချင်းကိုကော သတိရနေမလား။ တမလွန်ဘ၀ကနေ ယောကျာ်းနှစ်ယောက်ရဲ့ အဖြစ်အပျက်ကို မြင်နိုင်စွမ်းရှိရင်။ သူမဘယ်လိုတွေဖြစ်နေမလဲ။ ပမာဏတူညီနေပေမဲ့ ပုံသဏ္ဍာန်ကွဲနေတဲ့ ယောကျာ်းနှစ်ယောက်ရဲ့ အချစ်ထုထည်ကို သူမမြင်တွေ့လိုက်ရရင် သူမ ဘာလုပ်မလဲ...ဘာကိုတွေးမလဲ..ဘာကို ရွေးချယ်မလဲ..စသည်ဖြင့်ပေါ့.။ ကျွန်တော်ဝင်ခံစားကြည့်တာ နည်းနည်းတော့ဂွတီးဂွကျ နိုင်နေမလားဘဲ။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီဝထ္တုလေးကတော့ ကြယ်မှိန်မှိန်လေးနှစ်လုံးရဲ့ ထေရုပတ္တိကို အနင့်နဲ့ဆုံးဖော်ကြူးခဲ့တယ်ဆိုတာတော့ အသေအချာဘဲ။ ဆက်လက်ပြီး ၀တ္တုကောင်းတွေစောင့်မျှော်နေပါတယ် မကြီးရေ။ ကြယ်အတေးကတော့ ပြောစရာလိုမယ် မထင်တော့ပါဘူး။ အစတည်းက ကြိုက်ပြီးသားလေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

eaindraomtt said...

အားလုံးကိုကျေးဇူးတွေတင်ပါတယ်..။

မောင်လေးမိုးမြင့်တိမ်ရေ..

လှဖုန်းကြွယ်နေရာက အတွေး..

ဟုတ်တာပေါ့...

နင်ရေးကြည့်စမ်းပါဟာ...

ငါမရေးနိုင်တော့ဘူး..သေသွားလိမ့်မယ်..

Mhu Darye said...

hi I haven't read this one, I will come again to read it.. see ya!

mhu