June 19, 2009

သူမကို အသစ်ပြန်စိုက်လိုက်တဲ့ သစ်ပင်

(သရုပ်ဖေါ်ပုံလေးကတော့ သဇင်မဂ္ဂဇင်းမှာဒီလပါမယ့် ဒီဝတ္ထုလေးအတွက် ကိုမိုးကြယ်(ယိမ်းနွဲ့ပါးကခံစားရေးဆွဲပေးထားပါတယ်..။)

(၁)
မနက်တစ်ခင်း လူးလွန့်နိုးထလာပုံက ပန်းတစ်ပွင့်တစ်လွှာချင်း ပွင့်နေပုံနှင့် ခပ်ဆင်ဆင် တူနေပါလိမ့်မည်။ အဲဒီနေ့မှာ ကောင်းကင်က ကြည်ပြာယောင်ဆောင်ထားခဲ့ပြီး သူမက မိုးပြာရောင် ဂျင်းဘောင်းဘီတစ်ထည်ကို ၀တ်ဆင်ထားခဲ့သည်။ ကော်ဖီတွေ အေးစက်လာတာကို ချစ်သူနဲ့ စိတ်ကောက်နေရသလို ပျင်းပျင်းတွဲတွဲနိုင် လွန်းလာခဲ့လျင် သူမထပြန်လာခဲ့မည်။ သူမရဲ့ပန်းပွင့်တွေ လတ်ဆတ်ဖို့ကတော့ လေပြည်လေညှင်းတစ်စုံ အပူ တပြင်းလိုအပ်နေခဲ့ပြီ။
နွားတွေ စမြုံ့ပြန်သလိုမျိုး အဆုတ်အိမ်ထဲက ချစ်သူ့ကိုယ်သင်းနံ့တွေကို ချွေတာရူရိုက် လာခဲ့တာ လက်ကျန်နည်း ပါးလွန်းနေပြီ။ တကယ်တော့ ငလျင်တွေ၊ မုန်တိုင်းတွေလို နှလုံးသားရဲ့ သဘာဝဘေးအန္တရာယ် ကတော့ အချစ်နဲ့ အလွမ်းပေါ့ ကိုကို..။ ကျွန်မရင်ဘတ်ထဲက ဒါဏ်ရာဒါဏ်ချက်တွေကို ကုစားဖို့ ကိုကို့အနမ်း တွေကမှ ဆေးဖက်ဝင်မှာပေါ့လို့ ရှက်စနိုးပြောလိုက်ဖို့ ကိုကို့ကို သူမစောင့်နေခဲ့ပါသည်။

(၂)

နွေဥသြရဲ့ အတောင်ပံအစုံနဲ့ သူမစီးမျောလိုက်ချင်သည်။ ကိုကိုက လိပ်ပြာယောင်ဆောင်လာခဲ့ရင် နွေဦးမှာ ပထမဆုံး ပွင့်တဲ့ပန်းပွင့်ဟာ သူမပဲဖြစ်ရမှာပေါ့။ ထိုနေ့ ကောင်းကင်က မည်းပြာယောင် ဆောင်ထားလိုက် တော့ သူမကခရမ်းရင့်ရောင် မျက်ရည်များ ဖြိုင်ဖြိုင်ကျနေခဲ့ရ၏။ သူမက ကိုကို့အကြောင်း ၀တ္ထုရှည် ဖွဲ့ရဦးမှာမို့ ဆိုလက်စ တေးချင်းတွေအားလုံးကို ခဏလွှတ်ချထားလိုက်ပြီး ရွတ်လက်စကဗျာတွေကို ခဏလေး ခေါက်သိမ်းထားလိုက်မည်။ အဲသလို ဆန်တက်လာတဲ့ လေပြည်နွေးနွေးမှာ ကိုကို့ထွက်သက် မျှင်းမျှင်းများ ပါလာခဲ့မလား။ နားရွက်ဖျားရဲ့ အရိပ်ကလေးကိုတောင် မှတ်မိနေခဲ့သော မှတ်ဥာဏ်အာရုံကို သူမမုန်းလိုက် တာ။ အို…ကိုကိုလားလို့ ထင်ယောင်ထင်မှားလေးမှ ရှိမနေတော့အောင် ပါလားကွယ်။ ညို့နေအောင် မှောင်နေတဲ့ ကောင်းကင်ကြီးကို ဆွဲဆုတ်ပစ် လိုက်ချင်သည်။ ကျွန်မရင်ထဲက အပူငွေ့တွေကြောင့် ကမ္ဘာကြီး ပိုမို ပူနွေးနေတာ သိလားကိုကို။ သက်ပြင်းတွေ လှိုင်းထလာတဲ့ ကျွန်မရဲ့ ပင်လယ်မှာ မုန်တိုင်းတွေ ဆင်နေခဲ့ပါ ရောကွယ်။ ဆိုးဝါးတဲ့ ရာသီဥတုတွေရဲ့ ဂျိုသွေးနေသံကို ကိုကို နားမခံနိုင်အောင် ရှိနေခဲ့လိမ့်မည်။ ဂစ်တာရဲ့ နံပတ်-၆ ကြိုးသံနဲ့ ကိုကိုရယ်မောလိုက်တာကို သူမက ရှေးဟောင်းပစ္စည်းတစ်ခုလို တူးဖေါ်ရမည် ဆိုသော ကိစ္စမှာ ရင်နာကြေကွဲစရာ ကောင်းလွန်းလှပါသည်။

(၃)

ကိုကို့လက်ဝဲဘက် ရင်အုံအောက်က ဂီတသံကို နားထောင်ဖို့ သူမကြယ်ကြွေတိုင်း ဆုတောင်းနေရပုံက အိပ်မက်ဆန်လွန်း နေခဲ့မလား။ ကိုကို… ဟောဒီ့လရောင်ကို ရီးလေးခိုပြီး ကျွန်မအိမ်မက်ထဲမှာ အိပ်စက် လှည့်။ ဒီလောက်များပြားနေတဲ့ လူယောက်ျားတွေထဲမှာ ကိုကို့နားရွက်ဖျားလေးနဲ့ ဆင်ဆင်တူနေတာလေးမျှ ရှိမနေခဲ့ပါ။ အလွမ်းဆိုတာ မြွေဆိုးတစ်ကောင်ရဲ့အဆိပ်လို ဖြေလို့ရတဲ့အရာ မဟုတ်မှန်း သူမအလန့်တကြား သင်အံလိုက်ရသည်။ သူမ၏ အငုံစိတ် ၅၀ရာခိုင်နှုန်းမှာ အာခံစိတ်တွေ ထောင်းလမောင်း ထနေပြီး၊ ကျန်တဲ့၅၀ရာခိုင်နှုန်းမှာ ကိုကို့ကို ချစ်ခင် စိတ်တွေနဲ့ မူးယစ်ရီဝေ နေခဲ့သည်။ အဆင်မပြေဘူးဆိုတာ ဖက်ရှင်ဖြစ်လာတဲ့ ခေတ်မှာ သူမကရဲရဲရင့်ရင့် ချစ်မက်အာခံနေခဲ့ကြောင်း အချိန်မရွေး သက်သေပြနိုင်ဖို့ ကိုကို့ကို သူမစောင့် နေခဲ့ပါသည်။

(၄)

အဲဒီ့နေ့က နေရောင်မှုန်မှုန်လက်နေသည်။ မိုးစက်ဖွဲဖွဲရွာချ၏။ ကောင်းကင်မှာ ကွေးညွှတ်နေတဲ့သက်တန့်ကို ခူးယူပေးခိုင်းဖို့ ကိုကို့ကို သူမစောင့်နေခဲ့သည်။ ကိုကို နောက်ကျတာကို စိတ်ကောက်ပစ်လိုက်ဖို့ သူမစောင့်နေ ခဲ့ပါသည်။ ကိုကိုပျက်ကွက်တာကို စိတ်ကောက်ပစ်လိုက်ဖို့ သူမစောင့်နေခဲ့ပါသည်။ အမှောင်တွေ ပြေးဝင်လာပုံ ကိုက အလန့်တကြား နိုင်လွန်းလှသည်။ လမ်းတွေမီးလင်းချိန် ညအစကိုကြိုမယ်တဲ့။ ထူးအိမ်သင်၏ သီချင်းကို သူမ သတိရလိုက်မိသော်လည်း မဆိုဖြစ်ခဲ့တော့ပါ…..။ မည်းနက်နေတဲ့ ကောင်းကင်မှာ လျှပ်စီးတစ်ချက် ပျက်ချလိုက်သလိုမျိုး၊ ကိုကို့မျက်နှာပေါ်က ဒေါသအရေး အကြောင်းက လျင်မြန်သော်လည်း စူးရှလင်းပလို့ နေခဲ့သည်။ အလိုမကျခြင်းတွေနဲ့ မှုန်မှိုင်းအုံ့ဆိုင်း နေခဲ့တဲ့ ကိုကို့ကောင်းကင်ပေါ်က တိမ်တိုက်ကို သူမဖယ်ရှား ပေးလိုက်ချင်သည်။ အံတင်းတင်းကြိတ်ပြီး ထောင်ထနေတဲ့ မေးရိုးမာမာပေါ်က ကြမ်းရှမှုကို သူမက ရင်ခုန် လိုက်ချင် သေးသတဲ့။

(၅)

အဲဒီ့နေ့ မတိုင်ခင်ညက သူမခေါင်းကို မီးစွဲလောင်သည်လို့ အိမ်မက်မက်ခဲ့ သေးလို့လား…။ အဆောက်အအုံ တွေကို အကြီးစားပြင်ဆင်ခွင့် တင်ရသလိုမျိုး ဘ၀ကို စိတ်ကြိုက်ပြုပြင်ခွင့်ရအောင် ဘုရားသခင်ထံ၌ ဆုတောင်း ညည်းညူမနေချင်တော့ပါ။ ကျွန်မဟာ မြစ်တစ်စင်းမို့ ဘယ်တော့မှ နောက်ပြန်စီးမှာ မဟုတ်ဘူးနော် ကိုကို..။ သူမရဲ့စီးဆင်းမှုကို ဘယ်လိုဝမ်းနည်း စိုးရိမ်စိတ်ကမှ ဟန့်တားပူပင် မနေမှန်းလည်း သူမသိထားနှင့် တာကြာပြီ..။ ကိုကိုဟာ သူမသောင်ထွန်း ခဲ့တဲ့ကျွန်းပေါ်က တစ်ခုတည်းသော ရေချိုပါကွယ်..။ သူမက သူမကိုယ်သူမ လေးလေးကန်ကန် ထုပ်ပိုးရင်း၊ သူမက သူမကိုသူမ ဆောင်းဦးပေါက် လေတံခွန်လို လွှတ်တင်ရင်း….။ သူမဦးတည်ရာမှာ မြက်ပင်ကြမ်းတွေ ပိန်းပိတ်နေတဲ့ ကွင်းရိုင်းတစ်ခုပဲ ဖြစ်ဖြစ် သူမခြေလှမ်း တိုင်းဟာ အမှားအယွင်း အလေ့ကျပေါက်ပင် တွေပဲဖြစ်ဖြစ်… သူမတစ်ခုခုတွေ ဖြစ်နေခဲ့ရကြောင်း ကိုကို့ကို ပြောပြဖို့ သူမစောင့်နေခဲ့ပါသည်။

(၆)

သူမ၏ ဆံမြကေသာဟာ ကိုကိုဖြစ်ခဲ့ပြီး၊ ကိုကိုရဲ့ မျက်နက်အိမ်လေးဟာ သူမဖြစ်ခဲ့ဖူးပါသည်။ အချစ်နှင့် အချစ်၏ပဉ္စငါးပါး စလုံးနှင့် ပူးနှောင်တွယ်ယှက်ခဲ့ဖူးသော ဘ၀နှစ်ခုမှာ အိမ်မက်မဟုတ်ပါ။ ခပ်ညံ့ညံ့ဗွီဒီယို ဇာတ်လမ်း မဟုတ်ခဲ့ပါ။ စိတ်လေလွင့်နေတဲ့ ဆယ်ကျော်သက်တစ်ယောက်၏ ရင်ခုန်စိတ်ကူး မဟုတ်ခဲ့ပါ။ စိုးရိမ်သံသယ မဟုတ်သလို နာကျည်းမာန မဟုတ်ခဲ့၍ ကိုကို့ကို သူမစောင့်နေခဲ့ပါသည်။
အရောင်တွေ အနံ့တွေသည် အာရုံတစ်ခုလုံး ကြိမ်းစပ်သွားလောက်အောင် တောက်စားလွန်းလှသည်။ သင်းကွဲငှက် တစ်ကောင်ရဲ့ အမိုးအကာတွေဟာ မရေရာပါလားကိုကို။ သူမပိုင်ဆိုင်တဲ့ လူ့အဖြစ်ဆိုတာ ကတော့ ဇာတ်မနာနာအောင် ဖြည့်စွက်အရေးခံထားရတဲ့ ဇာတ်ညွှန်းတစ်ခုပါပဲလား။ ဘ၀ထဲကို နောက်ဘ၀တစ်ခု တိုးဝင်လာပုံက လွှတ်ကဗျာဆန်နေပါလိမ့်မည်။ အဲဒီ့ကဗျာကို ရွတ်သီဖို့ တုန်လှုပ်ချောက်ချား နေရပုံက တုန်လှုပ်ချောက်ချားစရာ ကောင်းလွန်းလှပါသည်။ သူမရင်မှာ ပွင့်မယ့်ပန်းက ဘယ်လောက်အထိ မွှေးမြမှာပါလိမ့်..။ ဘ၀တွေ သိပ်လေးလံတဲ့ အကြောင်း မည်သည့်ချိန်ခွင်နှင့်မှ သက်သေတည်ရန် မလိုအပ် တော့ပါ။

(၇)

သူမ၏ မာကြမ်းအက်ကွဲနေသော ခြေဖနောင့်သားများကို ချစ်သူက သနားကြင်နာ နေတတ်သလိုမျိုး ချစ်သူ၏ ပြောင်ချော ပျော့ပြောင်းသော ပန်းနုရောင် လက်သည်းခွံလေးများကို သူမအတိုင်းမသိ မြတ်နိုးမိပါသည်။ အခုတော့ သူမကမ္ဘာတစ်ခြမ်းတွင် နေအပြည့်ကြတ်နေခဲ့ပါရော။ ရာသီဥတုက ဆိုးဝါးရက်စက်လွန်းတယ် ကိုကို။ သူမသွားလေရာ လိုက်ပါနေသည့် တိမ်မဲညိုတစ်အုပ်ကို သူမမငြူစူ အားတော့ပါ။
တဟူးဟူး တိုက်သရမ်းနေသော လေနီကြမ်း၏ဒါဏ်မှာ ဆောက်တည်ရာမဲ့ ဖျတ်ဖျတ်ခါနေသမျှ လွင့်စင်မသွား အောင် အားကိုးတကြီး ဆုတ်ကိုင်တွယ်ဖက်ထားရသော သူမလက်ဖ၀ါးနှစ်ဖက်ထဲမှ အရာသည် သူမသာ ဖြစ်နေခဲ့ရပြီ။ ကဲ့ရဲ့ ဆိုတင်းလှိုင်းတွေက သိပ်ကိုပြင်းထန်နေပါရော..။ သူမရဲ့ရာဇ၀င် အားလုံးက အမေ တွေရဲ့ ပြဌာန်းစာအုပ်မှာထပ်မံ ဖြည့်စွက်လိုက်သော သမီးတွေအတွက် အသစ်စက်စက် သင်ခန်းစာတစ်ခု ဖြစ်သွားခဲ့တာကတော့ ရယ်မောရင်နာစရာ ကောင်းလှသည်။ အနောက်တောင်ဆီမှာ အလွမ်းတွေ ညို့ တက်လာလေတိုင်း သူမမျက်ဝန်းထဲက ရွာမယ်လို့ ဟန်ပြင်မှုတွေကို ဘယ်လိုတောင့်ခံနေရတဲ့ အကြောင်း…ပြောပြချင်လှပါပြီလေ..။

(၈)

ပန်းချီဆရာ လက်စသတ်ခွင့် မရလိုက်သည့် ပန်းချီကားတစ်ချပ်လို စုပ်ချက်မသေမသပ်နှင့် ကင်းဘတ်စသည် သူမပေါ့။ အချစ်ဆိုတာ သောကြာနေ့တိုင်း ကားပြောင်းပြတတ်တဲ့ ရုပ်ရှင်ရုံတစ်ရုံ မဟုတ်ဘူးဆိုတာ ကိုကိုချော့ မြူခဲ့ဖူးတဲ့ တေးချင်းနော်…။ သူမ ကောက်ခွေထားရသော စိတ်တွေသည်လည်း နာကြင်ညောင်းညာလွန်းလှပြီ။ ကျွန်မ ရေရောသောက်နေရတဲ့ သောကရဲ့ ဒီဂရီကို ကိုကို ရိပ်မိရဲ့လားကွယ်။ လေပြင်းပြင်းထဲမှာ ချထွန်းထား တဲ့ ဖရောင်းတိုင်လို မျှော်လင့်ချက်တွေ တိုဝင်သွားသမျှ ဟုတ်….ကနဲ ငြိမ်းသေသွားတဲ့ အထိ သူမရင်ကွဲ လိုက်ရမလား..။
တကယ့် တကယ် အချစ်နဲ့အချစ် ပြေပြေလည်လည် ဆုံဆည်းနိုင်ခွင့်ဆိုတာလည်း ဒုလ္လဘ တစ်ခုပဲလေ..။ သူမ ခြေလှမ်းတိုင်းရဲ့ ဥပဇာသည် ကိုကိုရှိမယ်ထင်ရာ အရပ်တွေချည်း ဖြစ်ပါသည်။ ကျွန်မ ဘယ်ဘူတာမှာ ဆိုက် ကပ်လိုက်ရမှာလဲ ကိုကိုရယ်…။ ပိုးကိုက်ရာတွေနဲ့ ပန်းတစ်ပွင့်အတွက် ရေခံမြေခံကို ယိုးမယ်ဖွဲ့ကြရမည်လား..။ ကျွန်မဟာ တာထွက်ကတည်းက ညံ့ခဲ့တာဖြင့် သေချာပြီ။ တင်းကြပ်လွန်းသော စိတ်များ ဘောင်းကနဲ ပေါက်ကွဲ လွင့်စင်ထွက်သွားသော အစအနများသည် မျက်ရည်ဖြစ်သည်။ အထပ်ထပ် ပစ်ခွင်းခံလိုက်ရသော စကားမိုးကြိုး တွေကြားမှာ သူမသေဆုံးခဲ့ရသည်ကိုတော့ ဘယ်တော့မှ ပြန်မတွေးတောပါ။

(၉)

ဖွာလန် ရိုင်းစိုင်းနေသော ဂျစ်ပစီဆံပင်ရှည်များသည် သူမ မဟုတ်တော့။ အဆိပ်လူးမြှား စိုက်ဝင်နေသည့် အနာတရ သားကောင်တစ်ကောင်သည် သူမ မဟုတ်တော့။ အသည်းနှလုံးတစ်စုံ ကျကွဲလိုက်သံနှင့် ချင်းချင်းရဲ နေသော လမ်းမထက်က ဂစ်တာသံဖျဖျသည် သူမ မဟုတ်တော့။ သူမသည် သူမကိုယ်တိုင် မြားဦးချွန်ချွန်ပေါ်မှ အဆိပ်ဖြစ်ခဲ့ပြီ..။ သူမသည် သံချပ်ကာအင်္ကျီ ထပ်ဝတ်ထားရမည့် နှင်းဆီတစ်ပွင့် ဖြစ်သည်။ သူမသည် ဟိုဘ၀နှင့် ဒီဘ၀ကို ပေါင်းကူးပေးနိုင်သော တံတားတစ်စင်းဖြစ်ခဲ့ပြီး သူမရဲ့ လူ့အဖြစ် ဖြစ်တည်မှုတွေက မွန်မြတ် ရဲရင့်လာခဲ့ပြီ။ သူမ တင်းတင်းကြိတ်ထားသော အံသွားမှတစ်ဆင့် သူမမသိနိုင်ဘဲ တစိမ့်စိမ့်တိုးဝင်နေသော အရာများမှာ မေတ္တာဖြစ်သည်။ အချစ်ချင်းခတ်မိပြီး တဖွားဖွားပွင့်လာသော မီးစမီးနတို့သည် ပူလောင်ပေမယ့် လှပနေပါရော..။
သေခြင်းတရားဆိုတာကို သူမက မဖတ်ရသေးသော ၀တ္ထုစာမျက်နှာလို ခပ်ပါးပါး စဉ်းစားခဲ့လိုက်သမျှကို ပြန်လည်ရုတ် သိမ်းလိုက်သည်။ သူမကိုယ်သူမ ရိုရိုသေသေ သိမ်းဆည်းရန် လိုအပ်နေပြီလေ..။ အရုဏ်ဦး တိုင်းကို သူမ ရင်ခုန်ချစ်မက်နိုင်ခဲ့ပြီ..။ သူမကိုမှ ရွေးချယ်လိုက်သော လူသားအသစ်စက်စက် ကလေးအတွက် သူမ ရဲရင့်ရန် လိုအပ်နေပြီလေ..။ သူမ တွဲကူရဦးမည့် ဘ၀သေးသေးလေးအတွက် သူမမားမားရှိရမည်..။ ကိုကို့ကို မျှော်မောရခြင်းထဲမှာတောင် ရင်ခုန်သံအသစ်၏ ငြိတွယ်စိမ်းလမ်းမှုတွေနှင့် လှပသွားခဲ့၏။

ကိုကို………။ နို့ရည်တွေအပြင် သောကတွေကိုပါ တပြွတ်ပြွတ် စို့ယူရဦးမယ့် ကျွန်မတို့ ကိုယ်ပိုင် လူသားလေးတစ်ယောက် ရောက်လာတော့မှာသိလား..။ သားလေးမွေးရင် ကိုယ့်နာမည်ပေးလိုက်ပါ ဆိုတဲ့ အဆိုတော်ဘိုဘို့ ပလေးဘက်နဲ့ ဇာတ်ဝင်ခန်းကတော့ သိပ်ကို ညံ့ဖျင်းရက်စက် လွန်းပါတယ် ကိုကို..။

(၁၀)

ဟေ့…ကလေးမ မင်းက ဘယ်သူလဲ။ သီဟဆိုတာ ဒီအိမ်က သင်းကွဲငှက်ပဲ…။ သူ့အညွန့် သူ ကိုက်ဖြတ်ဖို့ ဒီအိမ်က ထွက်သွားတာ ကြာပေါ့။ ငါတို့ တစ်မိသားစုလုံး သူ့သတင်းကို တံခါးပိတ်ထားတာကြာပြီ..။ မင်းသိချင် ရင်တော့ ဂျစ်ပစီဆံပင်နဲ့ အာခံစိတ်တွေ ဖိတ်ဖိတ်ထနေတဲ့ မိန်းမဆီမှာရှာဖွေချည်..။ အဲဒါ သီဟရဲ့ပဒိုင်း သီးပဲ…..။ သတ္တုကြိုးကို ခိုစီးလိုက်လာသော အသံက သူမနားစည်ကို စုတ်ပြဲသွားအောင် ကုတ်ခြစ်ပစ် လိုက်သည်။
မဟုတ်ဘူး…...
မဟုတ်သေးပါဘူးတွေ………….. အလုံးအရင်းနှင့် သူမကိုဝင်ဆောင့် သွားကြ၏။ ကျွန်မ ကိုကို့ကို စောင့်နေခဲ့တာလေ..။ ကျွန်မ ကိုကိုမလာလို့ စိတ်ကောက်နေခဲ့တာ..။ အခု ကျွန်မ ကိုကိုမလာလို့ စိတ်ကောက် နေတဲ့ အကြောင်းနဲ့ ကျွန်မ ကိုကို့ကို စိတ်ကောက်နေလို့ မဖြစ်တော့တဲ့ အကြောင်းတွေ ပြောပြဖို့…။ မဟုတ်သေးပါဘူး…။
(-----)
ခရီးတစ်ခုကိုစီးပြီး တဖျတ်ဖျတ် အသော့နှင်လာသော ပုံရိပ်သည် အိမ်မက်တိုင်းအတွက် ဖြစ်သည်။ သူမ ပြောပြဖြစ်မယ့် ပုံပြင်တွေတိုင်းမှာ နာကျည်း ရှိုက်ငင်သံတွေ မပါဝင်နိုင်တော့ပါ..။ သစ္စာတရားကို အသက်နဲ့ ဆောက်တည်သည့် ဇာတ်ကွက်ကတော့ ကြေကွဲစရာပေမယ့် ကြည်းနူးစရာလည်း ကောင်းနေပါလိမ့်မည်။

စိုးရိမ်ပူလောင်မှုတွေနှင့် ဖွဲ့သီထားမိသော သားချော့တေးကို သူမ မသီကျူးပါ။
သူမ ဘယ်…တော့…မှ။
ဟုတ်တယ်….
ဘယ်တော့မှ သူမ မသီကျူးပါ…..။
ဒီလိုဆိုတော့လည်း………မျှော်လင့်ခြင်း လမ်းမတစ်လျောက် သူမမျက်ဝန်းတွေကို ချခင်းထားလိုက်ရုံသာပေါ့..။ သူမက ချစ်သူလာနေပြီဆိုသော အသိဖြင့် ဘ၀တွေကို ကျစ်ကျစ်လစ်လစ် ပျိုးထောင်ထားရမည်။
သေချာတာက ကိုကိုလာလိမ့်မည်။
နောက် သေချာတာက ကိုကို ရောက်မလာပါ..။
နောက်ထပ် သေချာတာက ကိုကို သူမဆီလာခဲ့ပါသည်။
နောက်ထပ်ပြီး သေချာတာက ကိုကို ရောက်မလာခဲ့ပါ..။
အသေချာဆုံးကတော့ ကိုကို ရောက်မလာသေးတာပါ..။
သူမ၏ စောင့်ဆိုင်းမှု သီအိုရီသည် အချစ်နှင့်အလွမ်း သီးသန့်ဖြင့်သာ ချိုမြိန်၏။
ဘာပဲဖြစ်ဖြစ် ကိုကိုလာမှာပါ..။
ဘာပဲဖြစ်ဖြစ်
ဘာ…ပဲ…ဖြစ်…ဖြစ်………..။ ။

အိန္ဒြာ


(၂၀၀၈ခုနှစ်၊မေလ၊ ရတီမဂ္ဂဇင်း)

Blog စရေးဖြစ်တဲ့ Happy Cloud မှာဒုတိယမြောက်
ဝတ္ထုတိုအဖြစ်တင်ဖြစ်ခဲ့ပါတယ်..။
ဖတ်ပြီးတဲ့ မိတ်ဟောင်းဆွေဟာင်းတွေကတော့ကျော်သွားကြပါတော့..။
မဖတ်ရသေးတဲ့ မိတ်သစ်ဆွေသစ်တွေအတွက်..တော့..အင်း.........စိတ်ညစ်ကြဦးပေါ့........။

9 comments:

HAPPYCLOUD said...

အမကြီးရေ လာသွားတယ်နော်..
ဖိုးမောင်

MANORHARY said...

နာကျင်မှုစကားလုံးတချို့တစ်ဝက်
ချစ်ခြင်းဖွဲ့စကားလုံးတချို့တစ်ဝက်
အတတ်ပညာတချို့တစ်ဝက်နှင့်
ဖွဲသီထားသော
သစ်ပင်အသစ် သူမ.......
ကြံခိုင်သော အရေးများအဓွန့်ရှည်စေသား။

Moe Cho Thinn said...

ဂျစ်ပစီဆံပင်နဲ့ အာခံစိတ်တွေ ဖိတ်ဖိတ်ထနေတဲ့ မိန်းမ.. တဲ့။
အဖွဲ့တွေက ပြောင်မြောက် တောက်ပလိုက်တာ။

အိန္ဒြာဆိုတာ အဲဒီလို စကားလုံးတွေကို သူလိုရာ ကစားပစ်နိုင်တဲ့ မိန်းကလေးပဲ။

အိုင်လွယ်ပန် said...

အစ်မ စာတွေ ကဗျာတွေထဲမှာ
အစ်မ သုံးနှုံးလိုက်တဲ့
နိမိတ်ပုံတွေကို ကျွန်တော်သဘောအကျဆုံးပဲအစ်မရေ ..

မယ်ကိုး said...

အဖွဲ့ တွေ အလင်္ကာတွေက ပြောင်မြောက်လှပလွန်းတယ် မရေ...
သိပ်ကြိုက်တာပဲ။

Mhu Darye said...

ဒီပိုစ့်လေးကို ဟိုဖက် စာမျက်နှာတည်းက ဖတ်ပြီးသားပါ..။
တခေါက်ဖတ်ရင် တခေါက် ခံစားချက်တွေ တာသွားလွန်းလို့...ထပ်မဖတ်ရဲခဲ့တာ..

ဒုတိယအကြိမ် ဖတ်လိုက်တော့လည်း... ဟင်းးးးး သက်ပြင်းကြီးချသွားပြန်တယ်..။

း(

Mogok Thar said...

မအိန္ဒြာ
စာများစွာကို တမက်တမော စောင့်ဖတ်နေပါတယ်။
သစ်ပင် အသစ်ကိုလဲ နှစ်ကျော့ပြန် ဖတ်သွားတယ်။

အရုပ်ကလေး said...

ဘယ်လို အကြောင်းအရာလေးတွေ ရေးရေး
စွဲဆောင်မှု အပြည့်နဲ့ အတွေးတွေကို ထပ်ထပ်တွေးမိအောင် ကောင်းလွန်းတဲ့ ပို့စ်တွေ ရေးသားထားတာ နှစ်သက်မိပါတယ် .. မကြီး

ပို့စ်ထဲမှာ အနမ်းချက်လေးတွေ လျော့နေတော့
ပြောအားရှိတာပေါ့ ... ဟိဟိ

အောင်မြင်မှုတွေနဲ့ အချိန်တိုင်း ပျော်ရွှင်ပါစေ ..။

ခင်ခင်မင်မင်
မောင်လေး idulize

su wai said...

ဒီဝတ္ထုလေးကို ဖတ်မိတဲ့ခဏမှာ အရာအားလုံးကို မေ့လျော့သွားသလို ခံစားလိုက်ရပါတယ်။ အတွေးထက်ထက်နဲ့ ရေးသားသီဖွဲ့ထားတဲ့ အစ်မအိန္ဒြာရဲ့ ကဗျာတွေကိုလဲ နှစ်သက်စွာ အားပေးနေပါတယ်။ ညီမ အချိန်ရတိုင်း အစ်မဘလော့မှာ အမြဲလိုလို စာလာဖတ်ဖြစ်ပါတယ်။ စိတ်အာဟာရ ဖြည့်တင်းရာနေရာလေးအဖြစ် ရသအပြည့်နဲ့ စာတွေ ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ အစ်မရေ...။


အစ်မရဲ့ စာဖတ်ပရိသတ်
ဆုဝေ