(၁)
ငါဟာ.....
နင့်ကောင်းကင်အစွန်အဖျားက အမှုန်အမွှားကြယ်စင်တစ်စင်းပါ..
ငါ တလဲ့လဲ့ ထွန်းလင်းရွန်းပချင်သလောက်
နင်တဖွဖွ အုံ့ဆိုင်းမှိုင်းရီခဲ့.....။
----------------------------------------
မာယာကော့စကီးက အချစ်ဆိုတာ တိုက်ပွဲအပြီးမှာ ကျန်ရစ်တဲ့
ပိုင်ရှင်မဲ့ ပိုင်ချင်သူမဲ့စစ်သားတစ်ယောက်ရဲ့
သူ့လက်ကျန် နောက်ခြေတစ်ဖက်ကို စောင့်ရှောက်သလိုမျိုး တဲ့ ၊
ဆရာဇော်ဇော်အောင်က အချစ်ဆိုတာ ၀ိုင်းစက်ဆူဖြိုးသော သုည တစ်လုံးသာ တဲ့..။
ကျွန်တော့်အတွက်ကတော့ အချစ်ဆိုတာ ...........
ကျွန်တော့် အတွက်က အချစ်ဆိုတာ......
တိမ်ဆိုင်တိမ်လိပ်တွေ မည်းအုံ့နေတဲ့ ကောင်းကင်ကိုမှ သီချင်းဆိုပြချင်နေတဲ့ ကြယ်ပွင့်လေးရဲ့ ရှိုက်သံပေါ့...။
(၂)
ငါက ဖြေဆိုခွင့်မရတဲ့ စာပြန်ပွဲမှာမှ
အမှတ်ရာပြည့်ရချင်နေသူလေ..။
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့ကွဲချင်နေတဲ့ အိုးတစ်လုံးလိုမျိုး
ငါ့ ရင်ဘတ်ကို ငါ ရိုသေသိမ်းဆည်းခဲ့......။
------------------------------------------
ကျောက်စိမ်းရောင်ကတ္တီပါစလေးတွေ ကွက်တိကွက်ကြားကပ်ချုပ်ထားသလို နီညိုရောင်၊ရွှံ့ရောင်၊ နီညိုနဲ့ရွှံ့ရောထားထားတဲ့အရောင် လွှသွားပုံ အုတ် စည်းရိုး တစ်ဖက်တစ်ချက်အနားသတ်ထားတဲ့ သဲလမ်းလေးတောင် ကြပ်ခဲဖုံတင်းနေခဲ့ပြီ..။
လမ်းတွေမီးလင်းချိန်ညအစကိုကြိုမယ်တဲ့ ၊ ထူးအိမ်သင်ရဲ့သီချင်းကိုတောင် ငါညည်းညူလိုက်မိသေးရဲ့ လှဖုန်းကြွယ်....။
ဒီအချိန်ဆို ကမ်းနားကြီးမှာ ပုဇွန်ဆီရောင်တွေ တံလျှပ်ထနေရောပေါ့...။
ကမ္ဘာ့မြေသားကနေ လက်ခုပ်တစ်ဖေါင်လောက်အထိ အမှောင်တွေ တအိအိ တွဲကျလာပြီလေ...။
အခန်းလေးရဲ့ တံစက်မြိတ်အစွန်းမှာ အမှောင်တွေ တွဲသီးလာပြီး
အခန်းလေးထဲကို ပေါက်ကနဲ ပြန့်နှံ့သွားတဲ့ အချိန်မှာ
အဲဒီ့အခန်းထဲက ကျွန်တော့် တစ်ကိုယ်ရည် အခင်းအကျင်းကို ကျွန်တော်ပြင်ဆင်နေခဲ့တယ်..။
ပြိုင်လုရမယ့် စကားဖက်ရှိနေဘူး..။ ၀ါဒဖြန့်ဝါဒီတွေရှိမနေဘူး..။ ပုဆိုးခြုံထဲက လက်သီးပုန်းတွေရှိမနေဘူး...။
ကဗျာတစ်ပုဒ်စစကို အလွတ်ထရွတ် ပြီးခေတ်ကြီးတစ်ခုလုံးကို ကိုင်လှုပ်ပစ်ချင်သူတွေရှိမနေဘူး...။
လျှပ်စစ်မီးရောင်တွေ၊ ပန်ကာဒလက်တွေ ရှိမနေဘူး...။
ပျားပန်းခတ်နေတဲ့ စားပွဲထိုးလေးတွေရဲ့အသံစာစာ တွေရှိမနေဘူး…။
မူးလာရင်အချစ်ကြီး ပိုပိုချစ် တတ်တဲ့ ကျွန်တော့် သွေးသောက် စိုးကြည်ဆိုတဲ့ကောင် တောင်ရှိမနေခဲ့ဘူး။
ဝါရီရီ တိတ်ဆိတ်နေတဲ့ အခန်းကျဉ်းလေးထဲက ဖယောင်းတိုင်မီး မှုန်လဲ့လဲ့ဟာ အမြည်းကောင်းတစ်ပွဲဖြစ်တယ်လို့...၊
ဘာတစ်ခုကိုမှ ဟန်ဆောင် ထိမ်းချုပ်နေစရာ မလိုပဲ သူ့အတိုင်းလွှတ်ချထားတဲ့ စိတ်ဟာ အမြည်းကောင်းတစ်ပွဲဖြစ်တယ်လို့
ကျွန်တော့် တစ်ကိုယ်ရည်နဲ့ ကျွန်တော် အဆိုတင်သွင်း ချင်နေမိတယ်..။
အနက်ရောင်နုနု ကောင်းကင်မွဲမွဲမှာ လမင်းဟာ ကော့ကော့လေးပြုံးချင်ပြုံးနေမယ် ..။ ကွေးကွေးလေးမဲ့ချင် မဲ့နေမယ်...။
ဘာပဲဖြစ်ဖြစ် လဟာ ငါ့ရဲ့ညကို ဘယ်လိုမှ အထူးပြုနိုင်မယ်မထင်ပါဘူး.. လှဖုန်းကြွယ်
(၃)
ငါက
နင့်စောင်းကြိုးမျှင်ကိုမှ တလွင်လွင် ချိုမြချင်သူလေ...
မှတ်တိုင်ပျောက်နေတဲ့ခရီးကို တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲမှားယွင်းသွားတာလား..
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက ငါ့ ကို မှားယွင်းသွားခဲ့တာ..။
---------------------------------------------------
ကျွန်တော်က စားပွဲမှာ ထိုင်ရက် ရောက်ချင်ရာရောက်နေရာကို ၀ါးလက်စကွမ်းကို ရေနဲ့ရောပြီးထွေးထုတ်ပစ်လိုက်တယ်..။
လန်ဒန်စီးကရက် တစ်လိပ် ကို မီးညှိ တစ်ဖွာနှစ်ဖွာရှိုက်၊ မီးခိုးငွေ့တွေကို လေထဲကို
တစိမ့်စိမ့်မှုတ်ထည့်လိုက်ပြီး ဆေးလိပ်ကို စားပွဲစွန်းပေါ်မှာမှေးတင်ထားလိုက်တယ်...။
ပုလင်းထဲကနေ ဖန်ခွက်ထဲကို အနည်းငယ်သာသာလောက်နေရာပြောင်းပေးလိုက်ရင်ပဲ ကျွန်တော့် တစ်ကိုယ်ပွဲတော်ကို စတင်လို့ရပြီ..။
လက်သည်းချွန်မြမြလေးတွေနဲ့ မထိတထိ ခြစ်ဆွဲသွားသလို လည်ချောင်းတလျောက် ခပ်ရှရှလေး စိမ့်ရီသွားတော့ ဆေးလိပ်တိုကို လေးငါးဖွာလောက် ဆက်တိုက်ကောက်ဖွာလိုက်ပြန်တယ်…..။
ပြာပေမဲ့ ညက်နေတဲ့ အသံနွဲ့နွဲ့.လေးလေ.....။
တကယ်ပါဟယ် ပါးစပ်ဖြစ်ရတဲ့ အထဲမှာ နင်တို့ လိုလူမျိုးရဲ့ ပါးစပ်လာဖြစ်ရတာ တော်တော် ကံဆိုး ပါတယ်..။
ဘာမှ အရသာမရှိတဲ့ မကောင်းမကန်းတွေကို သောက် ရှု ၀ါး မျို ပေးနေရတာတဲ့...။
လှဖုန်းရယ် နင်ပဲပြောတတ်တယ်…..။
ကျွန်တော့်ရင်ထဲမှာ နင့်နည်းဆွတ်ကျင် နေခဲ့တယ်...။ တကယ့်ကို မထွေးနိုင် မအံနိုင်ကြီး ဖြစ်လာရင်
ကျွန်တော့်တစ်ယောက်တည်းတိုးတိုးဆိတ်ဆိတ် ဒီနေရာလေးကိုလာပါတယ်.....။
အိမ်မက်တွေမကောင်းလိုက်တာ လှဖုန်းရယ် နင် နေထိုင်ကောင်းရဲ့လား...။
ဒီနေရာလေးဟာ အားလုံးအားလုံးဆီက ကျွန်တော့်ကို ဖုန်းကွယ်ပေးထားပြီး..၊ ကျွန်တော့် ကိုယ် ကျွန်တော် မြင်သာ ထင်သာကြီး ချပြထားတဲ့ နေရာပေါ့...။
အရှုင်းဆုံးနဲ့ အရိုးသားဆုံးပြောကြည့်ရရင် ဒီနေ့မှ ...ကျွန်တော်......၊
ဟုတ်တယ်..။
ဒီနေ့မှ ၊ ကျွန်တော်က လှဖုန်းကို ပိုပြီးလွမ်းနေခဲ့မိတာ...။
ကျွန်တော်က ကျွန်တော် လွမ်းလာရင် လူသိမခံရဲပဲ နည်းနည်းလေးဖြစ်ဖြစ် မူးနေချင်ပါတယ်…...။
ဒီလိုနဲ့ ဒီ့ထက်နည်းနည်းလေးပိုမူးလာရင် ကျွန်တော့် မျက်နှာဟာ သွေးတွေဆမ်းထားသလို နီတွတ်လာလိမ့်မယ်...။
ကျွန်တော့်မျက်ဝန်းတွေဟာ ပူစပ်ရီဝေကြေကွဲနေလိမ့်မယ်....။
အဲဒီ့အချိန်မှာ ကျွန်တော် ဘယ်သူကိုမှ ပေးဖတ်ရဲလို့မဖြစ်တဲ့ ခုထက်ထိလည်းလက်စသတ်လို့ မရနိုင်သေးတဲ့ ကဗျာတစ်ပုဒ်ကို တတွတ်တွတ်ရွတ်ဆိုနေလိမ့်မယ်..။
နောက်တစ်ပိုဒ်နှစ်ပိုဒ်စစထပ်တိုးလာလိမ့်ဦးမယ် ။ စာရွက်တစ်ရွက်နဲ့ချရေးချင်ရေးလိမ့်ဦးမယ်...။
သေချာတာ ကျွန်တော်ဘယ်သူရှေ့မှာမှ ဟန်ဆောင်ပန်ဆောင်တွေနဲ့ ရှိမနေချင်တော့ဘူး...။
အဲဒီ့အချိန်မျိုးမှာ ....... ကျွန်တော်လေ…...။
လှဖုန်း.............
ငါ လေ..........။
(ဆက်ပါဦးမည်။)
အိန္ဒြာ
8 comments:
ကဗျာတွေကို ကိုယ်တိုင် လှပစွာ မဖန်တီးနိုင်ပေမဲ့ ရေးသူနဲ့ အတူ အမြဲ လာခံစားပါတယ်၊ ခုဝတ္ထုလေးလဲ စောင့်ဖတ်မယ်နော်
စာကြောင်းလေးတွေ တကြောင်းချင်း အရမ်းလှတယ်...မ.. ဖတ်လို့ တောင် မဝဘူး။
နောက်အပိုင်းတွေလည်း မျှော်နေမယ်။
ပြီးတော့ ၀တ္ထုတိုတစ်ပုဒ်ကို သုံးခါခွဲတင်တဲ့ နည်းလေးကိုလည်း အရမ်းချစ်လို့  ယူသွားပြီနော် :P
စိတ်ရှည်ပါတယ်...စိတ်ရှည်ပါတယ် :)
ငါက
နင့်စောင်းကြိုးမျှင်ကိုမှ တလွင်လွင် ချိုမြချင်သူလေ...
မှတ်တိုင်ပျောက်နေတဲ့ခရီးကို တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲမှားယွင်းသွားတာလား..
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက ငါ့ ကို မှားယွင်းသွားခဲ့တာ..
လှလိုက်တဲ့ တင်စားချက်ပါလား..
ဆက်ရန်မျှော်နေမယ်ညီမရေ..
စာကြောင်းတိုင်းက ကဗျာဖြစ်နေပါပေါ့ ညီမလေးရေ..
အမလေး ဝတ္ထုတိုတစ်ပုဒ်ကိုသုံးခါခွဲတင်တဲ့နည်းကို ယူသွားပြီတဲ့.. ဒုတိယယူသူတော့အဖြစ်မခံနိုင်ဘူး
လေးခါပဲခွဲတင်ပစ်လိုက်တော့မယ်
နောက်တစ်ပိုင်း ဒိညတင်ပါ.. ကြယ်အတေး ကိုလည်း
ကြိုက်တယ် ဆွံ့အကြယ်လည်းကြိုက်တယ်...လှဖုန်းကြွယ် ..း)
မျက်စိထဲ လှဖုန်းကြွယ်ဆိုတဲ့ ဖယောင်းရုပ်လေး မြင်လာတယ်...။
you really are a MIND SCULPTOR!!!!
Post a Comment