January 1, 2009

အဲဒီ့နေ့..မတိုင်ခင်တစ်ရက်




အဲဒီ့နေ့မတိုင်ခင်တစ်ရက်ဟာ..
မုဆိုးတစ်ယောက်အသက်အောင့်နေချိန်ဖြစ်ပြီး
အဲဒီနေ့ဟာ..အပြီးသတ်...သေဆုံးသွားခြင်း
စိတ်အနာထည်နေ့ဖြစ်တယ်..။

အဲဒီ့နေ့အတွက်
လက်မရွံ..ပါးကွက်သားတစ်ယောက်ရဲ့
သွေးအေးရက်စက်နိုင်မှုနဲ့.....
ကိုယ့်ကိုကိုယ်ဆောက်တည်နိုင်ခြင်း ရဲရင့်မှု တစ်ခုလည်းလိုမယ်..။

အဲဒီနေ့အတွက်..
အထူးပြုလုပ်ချက်တွေမပါတဲ့.မေ့လျော့တတ်မှုနဲ့
အဆုတ်အိမ်တစ်ခုလုံး..သန့်စင်နေသင့်တဲ့
အသက်ရှုသံစစ်စစ်တစ်ခုလည်းလိုအပ်တယ်..။

အဲဒီ့နေ့ဟာ...
မည်းမှောင်..မှိုင်းညှို့နေတဲ့...
တိမ်ဆိုင်တိမ်မိုက်တွေအောက်..က
ဘွားကနဲ...လင်းပ သွားတဲ့...လ ဖြစ်မယ်..
အဲဒီ့နေ့ဟာ..
ဘယ်တုန်းကမှရောက်အောင်မလှမ်းခဲ့ရတဲ့..ခရီးရဲ့...
ဂိတ်ဆုံး...သွား လက်မှတ်တစ်စောင်ဖြစ်မယ်.။

အဲဒီ့နေ့မှာ..
သူက...ဆိုလက်စသီချင်းတွေကို...ပိတ်ပစ်လိုက်
ကိုယ်က..ဖတ်လက်စစာအုပ်ကို..ခေါက်သိမ်းထားလိုက်.....
သူက..အမည်အတည်တကျမရှိတဲ့..ကော်ဖီဆိုင်လေးကိုပျင်းရိ..
ကိုယ်ရဲ့ အိမ်ခြေရာခြေမဲ့...ရွက်လှေတစ်စီးက..ကမ်းဆိုက်တယ်

တကယ်ဆို....
ရရှိနေခဲ့တာ..မဟုတ်ဘူး...
ကြောက်ခမန်းလိလိ..ဆုံးရှုံးပြိုကွဲနေရတာ...

တကယ်ဆို...
မသေချာတဲ့..ရလဒ်တစ်ခုနဲ့..
အရင်းအတိုင်းပြန်မရနိုင်တော့တဲ့....
ရုပ်ပျက်ဆင်းပျက်.....အစမ်းသတ်ခံနေ့ရက်တွေချည်း..
ခါး..သက်နေခဲ့တာ..။

တကယ်ဆို...
ဘ၀မှာ..
ကျေးဇူးတရား..၊ တောင်းပန်ခြင်းနဲ့..
နောင်တဆိုတာတွေကို...ကြောက်ရွံ့တတ်ခဲ့တာ..။

အဲဒီ့နေ့မှာ...
သူက..အဆိုးဝါးအရက်စက်ဆုံးစကားလုံးတွေနဲ့...
ကိုယ့်ကို..လှောင်ပြောင်သရော်ပစ်လိုက်...
ကိုယ်က..
သူ့လုပ်ရပ်မှန်သမျှကို..
တဖွဲ့တနွဲ့..ဟားတိုက်နေလိုက်မယ်..။

အဲဒီ့နေ့မတိုင်ခင်..တရက်ဟာ....

ဒီနေ့လား....

ဒီနေ့များလား....

အဲဒီ့နေ့မတိုင်ခင် တစ်ရက်မှာ
ကိုယ်..က
ကိုယ့်ကို ပစ်ချတော့မယ့် မြားဦးအတွက်

ကိုယ်တိုင်..အဆိပ်လူးနေလေရဲ့..။ ။



အိန္ဒြာ
(၂၅.၁၂.၂၀၀၈)

17 comments:

ညီအကိုများ said...

အဲဒီ့နေ့မတိုင်ခင်..တရက်က
ထိရှချက်ပြင်းတယ်အစ်မရေ...

သိပ်ကောင်းတဲ့ကဗျာတစ်ပုဒ်ပါ...

လေးစားခင်မင်လျက်
မိုးကြယ်

ဆောင်းယွန်းလ said...

ကဗျာသိပ်ကောင်းတယ်ညီမရေ..
အဲဒီနေ့မတိုင်ခင်တရက်က..နာကျင်မှုတွေကိုတွေ့လိုက်
ရပါတယ်ညီမအိန္ဒြာရေ...

ခင်မင်လျက်....

အိုင်လွယ်ပန် said...

နင့်နင့်နဲနဲခံစားရပါတယ်အစ်မရေ...

minn thuka said...

အဲဒီနေ့မတိုင်ခင်တစ်ရက်....

စာမျက်နှာတွေကြိုမဖတ်ခဲ့တဲ့ငါ
လမင်းကိုတမ်းတ
ကြယ်စဉ်တွေနဲ့ကခဲ့ချင်တယ်..

လေးညို့သံမကြားမိလောက်အောင်
ငါ့ကိုငါအလှဆင်
ဆွဲငင်အားအပြည့်နဲ့ပေါ့..

အဲဒီနေ့မှာပဲ..

ငါမျှော်လင့်မထားခဲ့မိတဲ့
ဥက္ကာပျံတစ်စင်း
ငါ့ရင်ဘတ်တဲ့တဲ့ကို ပစ်ချ
ငါ့ ကမ္ဘာလည်း ပျက်ခဲ့ရတယ်......

(အရမ်းထိတယ် တူသခင်မေ၇....ဘယ်လိုမှချရေးလို့မရလောက်အောင်
တဲ့တဲ့မှန်တာ....)

Unknown said...

အဲဒီနေ့မတိုင်ခင်တစ်ရက်က မိုးမညိုဘူး
ဒါပေမယ့်..ရင်ခွင်တော့ပြိုခဲ့တယ်...

စောင့်ထိန်းရမယ့် ကျင့်ဝတ်
ငဲ့ညှာလိုက်နာရမယ့် အရာရာတွေကို ပိုက်ထွေးရင်း
ကရကဋ်တို့ရဲ့အဘိဓမ္မာ ဘိသိက်တင်စရာမလိုတော့တဲ့အခါ
မုဆိုးတစ်ယောက် အသက်အောင့်ရင်း
စိတ်အနာထည်နေ့အောက်မှာ ဒူးထောက်ခဲ့ရတယ်...

နှလုံးသားကို ရဲရင့်စေဘို့
အရာမထင်တော့တဲ့အချစ်တစ်ခုကိုယဇ်ပလ္လင်ထက်တင်
စွဲငင်ရစ်ပတ်တဲ့ ကြိုးအားလုံးကိုဖြတ်တောက်
ကိုယ့်ကိုယ်ကိုယ် ဖျော်ချခဲ့တဲ့ ဖယောင်းတိုင်လိုလူတစ်ယောက်
ယုယမှု သံယောဇဉ်အပျောက်မှာ
ယက္ခရဲ့လက်တစ်ဘက်ထံ ၀ိညဉ်ကိုအပ်နှံခဲ့ရတယ်...

သန်ရှင်းတဲ့လေနဲ့ အဆုတ်တစ်စုံရဘို့
မတတ်နိုင်လို့ လက်မှိုင်ချရတဲ့အခါ
ဒီကဗျာနှိပ်စက်လို့ ငါ့ရင်ဘတ်ကလေ
သွေးစိမ်းရှင်ရှင်ထွက်တယ်...

အရာရာဟာ လွယ်လွယ်နဲ့မေ့ပျောက်ရင်
ဒီကမ္ဘာမြေမှာ ဖြစ်ထွန်းသမျှသစ်ပင်တို့
အပွင့်မပွင့်ဘူး အသီးမသီးဘူး
တစ်ချိန်က ရေးခဲ့တဲ့ကဗျာတွေလည်း
ငိုချင်းကို မသီကြူးဘူး...

ဘယ်တော့မှ မရောက်သလို
ဘယ်တော့မှ သွားခွင့်မရှိတဲ့ ခရီးအတွက်
လက်မှတ်တစ်စောင် ကိုင်ဆောင်ရင်း
ပုစဉ်းတစ်ကောင်ရဲ့သက်ပြင်းဟာလည်း
အလျှံညီးညီး အမုန်းမီးတောက်တွေအောက်မှာ
လောင်..ကျွမ်း..ပြာ..ကျ..လို့...

မြတ်နိုးတဲ့အရာအားလုံး ပိုင်ဆိုင်တယ်လို့ခံယူခဲ့တာ
အဆုံးတော့...ရူးသွပ်ခြင်းနဲ့သာ ပျော်မွေ့
ယူကြုံးမရခြင်းကို ရင်မှာပိုက်ပြီး တိတ်ဆိတ်စွာကြေကွဲ
အရာအားလုံးဟာလည်း ကြောက်ခမန်းလိလိပြိုကွဲလို့
ငါ့လက်ထဲမြဲတာက ဆုံးရှုံးခြင်းတဲ့လေ...

ခါးသက်တဲ့ နေ့ရက်တွေထဲမှာ
နောင်တဆိုတာကို ကြောက်ရွံ့တဲ့ငါ
အဆိုးရွားအရက်စက်ဆုံး စကားလုံးတွေကြား
အရေခွံဆုတ်ခံရတဲ့ အသက်ရှင်ခြင်းမျိုးနဲ့
ဟက်ဟက်ပက်ပက် အော်ရယ်မိချိန်
ငါ့နှလုံးအိမ်လည်း ရစရာမရှိအောင်ကွဲကြေလို့...

ကိုယ့်ရင်ခွင်ကို ကားစင်တင်မယ့် မြှားဦးရဲ့ထိပ်ဖူးအတွက်
ကိုယ်တိုင်အဆိပ်လူးရတဲ့ အဲဒီနေ့မတိုင်ခင်တစ်ရက်မှာ
တိမ်ညိုပြိုတဲ့ကောင်းကင်အောက် စကားတစ်ခွန်းလောက်တော့ထားရစ်မယ်
မကြီးတစ်ခါက ရေးဘူးသလိုပေါ့
ငါ့ဘက်က ပြိုကျလေသမျှ နင့်ဘက်မှာ
သောင်..ထွန်း..ပါ..စေ..သား...။


မကြီးရေ မကြီးရဲ့ ကဗျာမှာပျော်ဝင်စီးဆင်းရင်းနဲ့ စိတ်ထဲပေါ်လာသမျှရင်ဘတ်နဲ့ မန့်ခဲ့တယ်မကြီးရေ။

ဇွဲရဲရင့်

ခေါင်ခေါင် said...

အရမ်းကောင်းတဲ့.. ရေးဖွဲ့မှုတွေပါပဲ....
လေးစားပါတယ်မမ..

Eaindra said...

ကောင်လေး

နင် ခုရေးထားတာနဲ့..blog ကိုပြန်ဖွင့်ပါ....
ငါရေးခဲ့ပါတယ်.....
ကဗျာဆရာဆိုတာ..တစ်ခါတစ်ခါ..
အနေအထိုင်မတတ်ပြတာလေးကလွဲလို့..
ရိုးသားတယ်လို့..။

နင်ဘာလို့
.ကိုယ့်ကိုကိုယ်.ကျုံးသွင်းနေတာလဲ....
ဘာကြောင့်များ..ဒီလောက် ရက်စက်လိုက်တာလဲ

ငါ..က
ကဗျာဆရာဆိုတဲ့..အနေအထိုင်မတတ်ခြင်းကို.
တစ်သက်လုံးသစ္စာရှိသွားမယ့်မိန်းမမျိုး..
ငါ့အတွေးတွေအပေါ်မှာ..ငါက
ရဲ ရဲ ရင့် ရင့် ရိုး သား ၀ံ့ တယ်.....

""နင်က...ငါ့ မောင်ဆို...???""

အိန္ဒြာ

မေငြိမ်း said...

ညီမလေးးး ထိတယ်.. ပိုတောင် ထိသွားသေးတယ်.. ဟုတ်ပါရဲ့..

အဲဒီ့နေ့အတွက်
လက်မရွံ..ပါးကွက်သားတစ်ယောက်ရဲ့
သွေးအေးရက်စက်နိုင်မှုနဲ့.....
ကိုယ့်ကိုကိုယ်ဆောက်တည်နိုင်ခြင်း ရဲရင့်မှု တစ်ခုလည်းလိုမယ်..။
....
....
....

အဲဒီ့နေ့မတိုင်ခင်..တရက်ဟာ....
ဒီနေ့လား....
ဒီနေ့များလား....
အဲဒီ့နေ့မတိုင်ခင် တစ်ရက်မှာ
ကိုယ်..က
ကိုယ့်ကို ပစ်ချတော့မယ့် မြားဦးအတွက်
ကိုယ်တိုင်..အဆိပ်လူးနေလေရဲ့..။ ။

pandora said...

အဲဒီနေ့ မတိုင်မီက တရက်ကို လာလည်သွားပါတယ်။ မှတ်ချက်ထဲက ကဗျာတွေရော. အားလုံးက ပြင်းရှနေပါလား

chris said...

_00000000__000000000__000000000__000000000
_00____00__00_____00__00_____00__00_____00
______00___00_____00__00_____00__00_____00
_____00____00_____00__00_____00__000000000
____00_____00_____00__00_____00_________00
___00______00_____00__00_____00_________00
_00000000__000000000__000000000__000000000

_______00_BONNE_ANNEE_2009_00
______00____SANA____SAIDA___00
_____00____FELIZ_AÑO_NUEVO___00
____00_____FELIZ__ANO___2009___00
_000000____HAPPY__NEW__YEAR____000000
_______00_BONNE_ANNEE_2009_00
______00____SANA____SAIDA___00
_____00____FELIZ_AÑO_NUEVO___00
____00_____FELIZ__ANO___2009___00
_000000____HAPPY__NEW__YEAR____000000
Hello
a small mark at the time of my passage on your very beautiful blog!
congratulations!
thanks for making us share your moments
you have a translation of my English space!
Happy New Year to you and your family
cordially from France
¸..· ´¨¨)) -:¦:-
¸.·´ .·´¨¨))
((¸¸.·´ ..·´ -:¦:-
-:¦:- ((¸¸.·´* ~ Chris ~ -:¦:-
http://SweetMelody.bloguez.com

ကိုရင်နော်ခင်လေးငယ် said...

မကြီး....
ပြောစရာ မန့်စရာ စကားလုံးတွေ
မရှိဘူးး.. ချပြော ချရေးလည်း မှီနိုင်မယ် မထင်ပါဘူးလေ...
လေးစားစွာ ဂါရဝပြု ဦးညွှတ်ခဲ့တယ် မကြီးရေ..

Eaindra said...

အားလုံးကိုကျေးဇူးတင်ပါတယ်.။


အိန္ဒြာ

ဗေဒါရီ said...

မအိန္ဒြာရေ ...
ကဗျာလေး သိပ်ကောင်းတယ်လို့ ချီးကျူးရမှာတောင် မ၀ံ့ရဲတော့ဘူး ... ။
အဲဒီနေ့ မတိုင်ခင် တရက်က ရင်ထဲထိ ရောက်သွားခဲ့တယ် .. ။

မသက်ဇင် said...

အိန္ဒြာ ---------
နေမကောင်းတာကြာပြီ---
အခုမှ လာလည်နိုင်တယ်---
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ---

Kaung Kin Ko said...

စကားလုံးတွေ အတွေးတွေ အားကောင်းလိုက်တာဗျာ။

MMO said...

အမရေ... ဘာပြောရမှန်းမသိတော့ဘူးဗျာ...
ကျနော်ကိုယ်တိုင်ခံစားနေခဲ့ရတာ...
အဲဒီနေ့ကို...

Moe Cho Thinn said...

တကယ်ဆို...
ဘ၀မှာ..
ကျေးဇူးတရား..၊ တောင်းပန်ခြင်းနဲ့..
နောင်တဆိုတာတွေကို...ကြောက်ရွံ့တတ်ခဲ့တာ..။

ဒါကတော့ ထပ်တူထပ်မျှပါပဲ ညီမရေ..
ကောင်းလိုက်တဲ့ ကဗျာ!!!