January 25, 2009

“တယောသံနဲ ကတဲ့ ကဗျာ”

ဒီဝတ္ထုလေးနဲ့ Blog လောကဆိုတာကို ပထမဆုံးထိတွေ ခွင့်ရခဲ့ပါတယ်..။ ဆရာဖိုးမောင် ဆရာမိုးမောင်တို့ရဲ့
Happy Cloud မှာတင်ခဲ့ပေမယ့် အခု မိတ်သစ်ဆွေသစ်တွေပါ ခံစားစေချင်လို့ ရယ် ကိုယ့်စာလေးတွေပြန်စုချင်တာရယ်ကြောင့် နောက်တကြိမ် တင်လိုက်ရတာပါ..။
(တကယ်က အသစ်ရေးမရလို့ အဟောင်းတွေကို ချွေတာရေးနှင့်တင်နေခြင်း :p) မိတ်ဟောင်းဆွေဟောင်းတွေလဲ..ပြန်ဖတ်ချင်လာရင်ဖတ်ကြပေါ့..နော....။

####################################################################

အဲသည့်မိန်းမရဲ့ ဆံနွယ်ရှည်တွေပေါ့
လ ရောင်ကို အငမ်းမရ သောက်သုံးပြီး
ငါ့ဂီတမှာ ရီရီမူးမူး ကခုန်နေခဲ့တာ
တရိုင်းရိုင်း၊ တယဉ်ယဉ် ဖမ်းစား ညှို့ငင်နိုင်လွန်းလို့၊
ငါ့အိပ်မက်ကို၊ တစ်ဖဲ့ ဖဲ့ပြီး ချကျွေးလိုက်တယ်လေ...။
*
ဒီညရဲ့ မီးခိုးရောင် ကောင်းကင်ယံဆီမှာ လမင်းဟာ ငွေပြာရောင် အ၀န်းအ၀ိုင်းတစ်ခု အဖြစ် တရွေ့ရွေ့ တည်ရှိ နေခဲ့တယ်။ ညရဲ့ ကိုယ်ပိုင်အရောင် နက်နက်ဟာ လမင်းက ဖြာကျနေတဲ့ ငွေမင်ရောင်တွေနဲ့ ခပ်စိပ်စိပ် ယှက်ဖေါက်ပြီး နက်မွဲမွဲ ပြာလင်းလင်း ရှိနေခဲ့တယ်။ လရဲ့ရောင်ခြည်တွေ မကျအောင် ကာကွယ်ထားနိုင်တဲ့ နေရာတွေမှာတော့ ညဟာ သူပိုင်အတိုင်း အခင်းလိုက် အကွက်လိုက် နက်ကျော..လို့၊ ဒီအုန်းပင်ရှည်ကြီးရဲ့ အရိပ်ကလည်း လက်တံရှည် တစ္ဆေတစ်ကောင် ကခုန်နေသလိုမျိုး တယိုင်ယိုင် ယိမ်းနွဲ့လှုပ်ရမ်းလို့။ လမင်းကို မော်ကြည့်ပြီး ဆွဲဆွဲငင်ငင် အူကျွေးနေတဲ့ ခွေးတစ်ကောင်ရဲ့ ရင်ဘတ်ထဲမှာ ဘာရှိနေမလဲ။ တိုင်တည် နေတာလား၊ တိုင်တမ်းနေတာလား၊ တောင်းပန်နေတာလား၊ တောင်းခံနေတာလား.....၊ သိပ် စိတ်ဝင်စားစရာ ကောင်းတယ်။
*
###

တယောဆရာ ဒီညကို စောင့်နေခဲ့ရတာ တစ်လတိတိရှိပြီ၊ နောက်ဆယ်ရက် ကြာရင်လပြည့်ည၊ နောက် ငါးရက်ဆို လပြည့်ည ၊ တနေ့တုန်းက သဘက်ခါဆို လပြည့်ည...၊ မနေ့တုန်းက မနက်ဖန်ဆို လပြည့်ည.....၊ အဲသလိုမျိုး။
တယောဆရာ ဒီရွာကို ရောက်ပြီး စိတ်လိုလက်ရ သေသေသပ်သပ် လုပ်ခဲ့တာဆိုလို့ ဒီကွပ်ပျစ် အ၀ိုင်းတစ်ခုဘဲ ပြစရာရှိတယ်၊ သူတယောထိုး ညည်းညူဖို့၊ သူရီဝေယစ်သီဖို့၊ သူကျောခင်းပြီး အဆုံးမဲ့ ငေးမော လွင့်မျောဖို့ အတွက်ဘဲ ရည်ရွယ်တာ ဖြစ်လိမ့်မယ်။ အုန်းပင်ရှည်ကြီးရဲ့ပင်စည်ကို ၀န်းကြပ် ဖွဲ့တည်ထားတဲ့၊ ဒီနှစ်ပေသာသာ ကွပ်ပျစ်အ၀ိုင်းလေးပေါ်မှာ ငွေပြာရောင် လင်းပနေခဲ့ပြီ။
ဒါလပြည့်ည၊
ဒါဟာ လပြည့်ည၊ သိပ်လှတယ်လို့ တယောဆရာဖွဖွ သိပ်သိပ် ရေရွတ်နေခဲ့တယ်။
အရက်သမားအိုကြီးတောင် သူ့ဖောပွပွ ကျောပြင်ကြီးကို အုန်းပင်ကြီးရဲ့ ပင်စည်မှာ ရိယိုင်မှီနွဲ့လွန်းစွာ ကပ်ထားပြီး သူ့ညှင်းသိုးသိုး ဦးခေါင်းကြီးကို သူ့ရင်ခွင်ရှိရာဘက် ညွှတ်ညွှတ်စိုက်စိုက် ချထားရတဲ့အချိန် ရောက်ခဲ့ပြီ။
*
###

တယောဆရာကတော်ကတော့ ဘယ်လိုမှ စိမ့်အိုင်လာနိုင်ခြင်း မရှိတော့တဲ့ သူမရဲ့နို့ပိန်လေးကို အသာအယာ ဆွဲဖြုတ်လိုက်ပြီး ပြာနှမ်းမွဲခြောက်နေတဲ့ နှုတ်ခမ်း သေးသေးလေးပေါ်ကို ရေစက်လေးတွေ တစ်စက်ခြင်း၊ တစ်စက်ခြင်း ချပေးနေလေရဲ့၊
“အေ့အေ့သားလေးရယ်၊ အေ့အေ့သားလေးရယ်”
ဒီအသံဟာ ကြောင်ပေါက်လေးတစ်ကောင်ရဲ့ “တအဲ့အဲ့” အော်သံလို ကြားမှာ ကြေကြေမြည့်မြည့် ထွက်ပေါ်နေခဲ့တယ်။
"သိလားဦးဘတူ"၊ အင်း........ ။ သူတို့စကားဝိုင်းဟာ အဲဒီ့လိုစတင်လေ့ရှိပြီး၊ အင်း...ထက် စကားပြန် ပိုမရတဲ့၊ အရက်သမားအိုကြီး လုံးလုံးလျားလျား အိပ်ပျော်သွားတဲ့အချိန်မှ အဆုံးသတ်လေ့ ရှိတယ်။ တယောဆရာ ကတော့ သူပြောသမျှကို အင်းလိုက်ပေးဖေါ်ရတဲ့ အရက်သမားအိုကြီးကို အလွန်ချစ်ခင် နေတတ်ပြီး၊ သူ့အိပ်ရာ ပေါ်အထိ တွဲ ပို့ပေးလေ့ရှိတယ်။
*
သိလားဦးဘတူ၊
အင်း....၊
ဆိုတာကတော့ စကားတွေရဲ့ အကြားအကန့် အနားသတ် တစ်ခုလို၊ မှန်မှန်ပေါ်ထွက် နေလေ့ရှိတယ်။ ဒီနေ့လို စကားတွေပြောမနေဘဲ၊ တယောကိုဘဲ ချွဲချွဲငင်ငင် ထိုးနေတဲ့ နေ့တွေမှာတော့ အရက် သမားအိုကြီးဟာ ဒီ့ထက်ပိုပြီး စောစောအိပ်ပျော်သွားလေ့ ရှိတယ်။
ဒီနေ့လို လပြည့်ညမျိုးမှာ တယောဆရာ ၀ဋ် ကျေ မပျက်ပြောမယ့် အကြောင်းအရာကို တယောဆရာကတော် စိတ်ကုန် အားပျက်လွန်းစွာနဲ့ သိနေခဲ့တယ်။ ဟိုး.....ကျန်ခဲ့တဲ့ လပြည့်ညတွေ မှာတော့ ညရီတရောမှာ(တမင်) လျှော်ထားတဲ့ ဆံနွယ်ရှည်တွေကို ဖားဖားဝေအောင်ချထားပြီး...၊ အကိုင်းတွေချင်း နွယ်ယှက်နေတဲ့၊ ယုဇနပင်စည်ကို မှီနွဲ့ပြီး၊ လရောင်အောက်မှာ မှုန်ဝင်း နေချင်ခဲ့တာ။
*
“သိလား ဦးဘတူ” “အင်း...”။
ဒါဟာ ကျွန်တော်ပျောက်ဆုံး နေခဲ့တဲ့ ကဗျာရှည်တစ်ပုဒ်၊ အိပ်မွေ့အချ ခံထားရတဲ့....ကျွန်တော့်ဝိညာဉ်၊ ကြည့်ပါဦးဗျာ....၊ သိပ်ကို ကျွမ်းကျင်လိမ္မာတဲ့ အလမ္မာယ်ဆရာရဲ့ စိတ်ကူးပါးခွက်လို၊ လရောင်ရွှဲနေတဲ့ ပိတုန်းရောင် မြွေလေးတွေလို၊ ကျွန်တော့်တယောသံမှာ ကော့လိုက်၊ ညွှတ်လိုက်၊ ကွေးလိုက်၊ ၀ိုက်လိုက်နဲ့၊ “သိလား ဦးဘတူ” “အင်း...”။
ဘယ်လောက်လှလိုက်လဲ၊ ကျွန်တော့် တယောသံမှာ လိုက်ကနေကြတာ၊ ကျွန်တော့်ရင်တွေ ခုန်နေလိုက်တာမှ.. “သိလား ဦးဘတူ” “အင်း...”။ ဟောဒီ့လို လပြည့်ညဘဲပေါ့.....၊ ချွဲငင် ကြေကွဲနေတဲ့ ကျွန်တော့်ဂီတကို အဖေါ်လုပ်ပြီး၊ စည်းချက်ကျကျ ပျောင်းအိ နွဲ့သွယ်နေကြတဲ့ သူ့တစ်ရပ်လုံးလုံး ဖါးဖါးဝေနေတဲ့ ဆံနွယ်ရှည်တွေရယ်၊ နောက် ဟောဟို ယုဇနပင် အကိုင်းအလက်တွေ ကြားက လမင်းရဲ့ အလင်းတွေ ရောင်ပြန်ဟတ်ပြီး တဖျတ်ဖျတ်လင်းလဲ့ နေတဲ့ ၊ ခိုးကြောင်ခိုးဝှက် မျက်ဝန်းလေးတစ်စုံရယ်။
“သိလား ဦးဘတူ” “အင်း...”။
အဲဒီ့ အချိန်ကစပြီး ကျွန်တော်ဟာ အထီးကျန် မဟုတ်တော့ဘူး။ “သိလား ဦးဘတူ”။ ကျွန်တော်လေ လပြည့်ညကို၊ လပြည့်ညပြီးကတည်းက စောင့် နေခဲ့ရတာ၊ တနေ့တုန်းက သဘက်ခါဆိုလပြည့်ည၊ မနေ့တုန်းက မနက်ဖန်ဆို လပြည့်ည၊ အဲသလိုမျိုး........
*
တအဲ့အဲ့ ရှိုက်ညည်းနေတဲ့ သားလေးရဲ့နဖူးက အပူငွေ့ကိုအလန့်တကြား စမ်းကြည့်ရင်း..... တယောဆရာ ကတော် ဘယ်လိုမှထိမ်းချုပ် မျိုသိပ်နိုင်စွမ်း မရှိတော့ဘူး....။ ဒီလိုအချိန်မျိုးမှာ ဒီလိုစကားမျိုးကိုဘဲ ရီရီမူးမူး ပြောနေနိုင်သေးတဲ့ တယောဆရာကို စူးစူးနစ်နစ် နာကျည်းနေမိတယ်။
ဟိုး....တုန်းကတော့ အဲဒီ့ကဗျာ ဆိုတဲ့အရာကို ထဲထဲဝင်ဝင် သိချင်လွန်းလို့ သူများကို တိတ်တိတ်လေး မေးမြန်းခဲ့ ဖူးတယ်။ ကဗျာဆိုတာ သီချင်းလိုပဲပေါ့ ဆိုတော့၊ သီချင်းနဲ့ကဗျာကို ထပ်တူပြုကြည့်ပြီး နဝေတိမ်တောင်နဲ့ ရယ်မြူး ကြည်နူးနေခဲ့ဖူး တယ်။
တယောတစ်လက်နဲ့ ဘယ်ကဘယ်လို ရောက်လာမှန်း မသိတဲ့၊ ရုပ်ရည်သန့်ပြန့် မွန်ရည်တာနဲ့၊ သေရည်သေရက် တော်တော်မက်မော ပုံပေါ်တာကိုဘဲ သိတဲ့၊ တယောဆရာကို ဆံပင်တွေ ဖါးဖါးဝေအောင် ချပြီး လရောင်အောက်မှာ ခိုးကြည့် ရင်ခုန်ခဲ့ဖူးတယ်။ သူ့အနုပညာရဲ့ ပါရမီဖြည့်ဘက်...ဆိုတာကို ဘုမသိ ဘမသိ ကြည်နူးပျော်ရွှင် ခဲ့ဖူးတယ်။ အနုပညာ ဆိုတဲ့ စကားစုကလည်း သူမနဲ့ အကျွမ်းတ၀င်ကိုဖြစ်လို့။
*
အမေ့ရဲ့ ဆူသံဆဲသံတွေကို လစ်လျူရှုပြီး သူမလို မည်းကြုတ်နေတဲ့ ရုပ်ဆိုးမကိုမှ ယူချင်ပါတယ် ဆိုတဲ့ သူ့ကို မြတ်နိုးလိုက်ရတာ....။
လှတာမက်ည စာခက်ဆိုတာမျိုးနဲ့ အဲသလို ဆန်ဆန် မေးငေါ့လှောင်ပြောင် သံတွေကိုတော့ ကျုပ်ယောက်ျားလို စာတတ်၊ ပေတတ်၊ အင်္ဂလိပ်စာတတ်က တော်တို့လို ဖါးရိုက်၊ ငါးနှိုက်လုပ် ရမှာလားလို့ ခပ်မော်မော် ပြန်ပက်ခဲ့ဖူးတယ်။
ကျုပ်ယောက်ျားရဲ့ ဒီလောက် နူးညံ့လှပတဲ့ လက်တွေဟာ ကွန်ပစ် ၊မြုံးထောင်ဖို့အတွက် မဟုတ်ဘူး၊ သူ့အနုပညာတွေကို သူဖန်တီးနေဖို့လို့ ခပ်ကြွားကြွား ပြောပစ်ခဲ့ဖူးတယ်။
ကျုပ်ယောက်ျားဟာ တစ်ခုခုဖြစ်ခဲ့ဖူးမှာ၊
အဲသလိုမျိုးနဲ့....။ တစ်ရွာဝင် တစ်ရွာထွက် ဈေးတောင်းခေါင်း တင်ပြီး။
ဘယ်လို မောပန်းမှုမျိုးကမှ သူ့တယောသံ၊ သူ့ယစ်ယစ်ဝေေ၀ ကဗျာရွတ်သံတွေကို တိုးမပေါက်ခဲ့ဘူးလေ။ အထူးသဖြင့် ဟောဒီ့လို လပြည့်ညတွေမှာ “သိလား ဦးဘတူ” ကျွန်တော့် နှလုံး သည်းပွတ်ထဲကနေ၊ ပါးစပ်ဖျားကို ကဗျာတစ်ပုဒ် ခုန်တက်လာလိုက်တာ။
*
..................... ဆံနွယ်ရှည်တွေပေါ့
လရောင်ကို..................................................
ကခုန်နေခဲ့တာ..........................................နိုင်လွန်းလို့၊
ငါ့အိပ်မက်..................................။
*
တော်တော့ တော်ပါတော့။
မကြားချင်ဘူး...၊မကြားချင်တော့ဘူး..။
ဘာကဗျာလဲ၊
ဘာဂီတလဲ၊
ဘာအနုပညာ လဲ....၊ အလကားဟာတွေ အလကား ထမင်းတစ်နပ်တောင် မရှာနိုင်တဲ့ဟာတွေ၊ ရှင်ဘာအသုံးကျခဲ့လဲ၊ ရှင်ဘာ အသုံးကျဖူးလဲ။ ရှင့်ကို အထင်ကြီးခဲ့သမျှ အလကားပဲ။
ရှင့်မှာ ဖခင်စိတ်ဆိုတာ ရှိရဲ့လား၊ ရှင်ဟာ ဒီတယော ၊ ဒီကဗျာ...၊ ဒီလရောင်၊ ဒီဆံပင်တွေကလွဲပြီး ဘာကိုမှ စိတ်မ၀င်စားတော့ ဘူးလား..၊ ဒီကလေးကို မီးဖွားပြီးကတည်းက ကျွန်မ ဈေးမရောင်းနိုင်တော့တာ၊ ထမင်းနပ် မကျော်အောင် ကြံဖန်နေရတာ၊ ကလေးက သေးရ ညှက်ရတဲ့ ကြားထဲ ကျွန်မနို့မထွက်လို့ သားလေး တပိန်ပိန် တလိန်လိန်၊ ရောဂါနဲ့တစ်လုံး ဖြစ်နေတာ။ ဒါတွေ ရှင်မြင်ရဲ့လား..၊ ရှင်သိရဲ့လား...၊ ရှင်နဲ့မဆိုင်ဘူးလား..။ အခုကလေးကို ဆေးမြီးတိုနဲ့ မရတော့ဘူး၊ ကျွန်မ မြို့တက်ဆေးကုချင်တယ်၊ ဘာနဲ့ကုမလဲ၊ ဘယ်ပိုက်ဆံနဲ့ ကုကြမှာလဲ၊ ဘယ်သူ့ဆီမှာထပ်ပြီး ချေးရ ငှားရ မှာလဲ။ ရှင်တွေးမိရဲ့လား.... ဘာဖအေ လဲ၊၊ ဘာလင်ယောက်ျား လဲ...........။ ရှင်ထွက်သွား.....၊ ရှင့်တယောနဲ့ ရှင်ထွက်သွား...၊ ရှင့်အနုပညာနဲ့ရှင်...၊ ရှင့်ကဗျာတွေနဲ့ ရှင်..ထွက်သွား..။ ရှင့် အရက်ပုလင်းနဲ့ ရှင် ထွက်သွား......။
အခုထွက်သွား...၊
သွား.. ထွက်သွား။
*
လရောင်က လန့်ဖျန့်မည်းအုံ့ သွားခဲ့တယ်။ အရက်သမားအိုကြီးတောင် ခေါင်းထောင်ပြီး မျက်လုံးကြီးကို ပြူးကြည့်လာတယ်..။ တယောဆရာဟာ ပြောလက်စတွေ လွတ်ကျပြီး အံ့သြ မင်တက်လွန်းစွာ သူ့မိန်းမကို ငေးကြောင်ကြည့် နေတယ်။
တယောဆရာရဲ့ ရင်ဘတ်ဟာ တဖျစ်ဖျစ် လောင်ကျွမ်းတောက်လောင် လာတယ်။ တယောဆရာရဲ့ တစ်ကိုယ်လုံးဟာ တဆတ်ဆတ် တုန်ခါနေခဲ့တယ်။
တယောဆရာကတော်ကတော့ မျက်လုံးစုံမှိတ်ပြီး အသားကုန် ရှိုက်ငင်အော်ဟစ်နေရာက တဖြည်းဖြည်းခြင်း ငြိမ်လျော့ကျသွားပြီး အကြီးအကျယ် ဒါဏ်ရာရထားတဲ့ သားကောင် တစ်ကောင်လို တအင်အင် ညည်းညူနေရှာတယ်။
တယောဆရာဟာ အိမ်မက်ထဲမှာ လမ်းလျောက်နေသူလိုမျိုး သူ့တယောလေးကို လည်ပင်းက ဆုတ်ကိုင်ပြီး တရွေ့ရွေ့ ထွက်ခွာသွားလိုက်တာ လမင်းဟာ ပြန်မလင်းချင် လောက်အောင် ညှိုးရော် သွားခဲ့တယ်။
*
#####

တယောဆရာကတော်ဟာ သူမရဲ့ ပူလောင် ယောက်ယက်မှုထဲမှာ မူးမိုက်သွားမတတ် နှမျောတသ လွန်းစွာနဲ့ တသိမ့်သိမ့် ရှိုက်ငင်နေရှာတယ်။ အောက်နှုတ်ခမ်းမှ စိမ့်ထွက်လာတဲ့ သွေးစသွေးန တွေကိုတောင် မသုတ်နိုင် တော့ဘူး။
ဒါအလင်းရောင်.... ၊
ဒါကယ်တင်ရှင်.......၊
ဒါသားလေးအတွက် အသက်ဆက်ရာ.....၊
ဒါဆေးဘိုး......မသိဘူး..၊ ကျန်တာမသိဘူး....၊ ကျန်တာတွေမသိဘူး....။
တယောဆရာကတော်ဟာ ခဏသတိလစ် သွားခဲ့ သလား၊ တအောင့်လောက် ရူးနှမ်းသွားခဲ့သလား သူမကိုယ်သူမ မသေချာခဲ့ဘူး။ ဆံပင်ရှည်တွေ တစ်ဆယ် သားကို တစ်သောင်းတဲ့၊ သူမတစ်သက်နဲ့ တစ်ကိုယ် ဘယ်တုန်းကမှ မကြားဖူးတဲ့ ဈေးဝယ်သူ...၊ ဒါမှမဟုတ်..သူမဆီကို ဘုရားရှင်က ဖန်ဆင်းပြီး လွှတ်လိုက်သလား မသိတဲ့ကယ်တင်ရှင်။ ငွေတွေကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး ဟိုလူ့ လက်ထဲပါသွားတာ မြွေတွေအထွေးလိုက်လို့ မြင်လာတယ်.။ မသပ်မရပ် ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ဦးခေါင်းကို လက်ဖ၀ါးနဲ့ စမ်းကြည့်ပြီး သူမတဟားဟား ရယ်မောလိုက်မိ သေးသလား။ ဘာဖြစ်လဲ ဘာဖြစ်သေးလဲ.......။
*
“ဘာ...ဦးဘတူ၊ ဘာ..ပြောတယ်...၊ ကိုမောင့်ကို သမန်းကုန်းဘူတာမှာ တွေ့ခဲ့တယ်တဲ့ ဟုတ်လား.။ ကျွန်မ...ကျွန်မလိုက်သွား.........၊ ကလေး...ကလေး...။ ကြည့်ထားလိုက်နော်။
ဟာ..နေဦး ၊ နင်ဘယ်လို.........။
ကိုမောင်..ဘယ်တွေ လျှောက်သွားနေတာလဲ....။
ဘယ်လိုများ စားသောက်နေရလဲ..။
ကျွန်မ..ကျွန်မ ကိုမောင့်ကို ဘာတွေ ပြောခဲ့မိသလဲ...၊
ကိုမောင့်ကို နာကျင်အောင် ဘယ်လိုတွေများ စော်ကားတိုက်ခိုက် လိုက်မိလဲ ....ကျွန်မသားလေးအတွက် အရမ်းကိုပူပင်နေမိလို့ အရမ်းကို ၀မ်းနည်းအားငယ် နေမိလို့၊ အခု သားလေးကို မြို့မှာ ဆေးသွားကုရင် ကိုမောင်ရှိမှဖြစ်မှာ။ ကိုမောင့်ရယ် ကိုမောင့်ကို မိညိုဘယ်လောက် ချစ်တယ် ဆိုတာ တယောဆရာကတော်ရဲ့လေ၏ လျင်မြန်ခြင်းမျိုးမှာ၊ သူမ ခင်ပွန်းသည်ကလွဲပြီး ဘာမှ...မမြင်..မသိ မကြား နိုင်တော့ဘူး..။
*
###

တယောဆရာကတော်ဟာ ချက်ချင်းလိပ်ပြာနှုတ်ခံ လိုက်ရသူလို အသက်ပြတ်သွားခဲ့တယ်။ မောပန်းမှုနဲ့ လှိုင်း ထန်နေတဲ့ သူမရဲ့ ရင်ပြင်ဟာ ပေါက်ထွက်လုမတတ် ဗောင်ဗင်ဆန်သွားတယ်။
“မယုံဘူး...”
“မဟုတ်ဘူး...”။
ခင်းထိုင်ထားတဲ့ ပုဆိုးစုတ်ပေါ်ကို ကစဥ့်ကယဲ လွင့်ကျထားတဲ့ ငွေစက္ကူ အကြွေတွေ၊ တယောကို ပခုံးပေါ် ခပ်နွဲ့နွဲ့မှီ၊ မျက်ဝန်းကို စုံပိတ်ပြီး.....၊ မဟုတ်ဘူး....၊ သူမခြောက်သွေ့ အက်ကွဲလာတဲ့ လည်ချောင်းကနေ အသံမဲ့ အော်ဟစ် ပစ်လိုက်တယ်။
မဟုတ်ဘူး၊
သူမရဲ့ယောက်ျား၊ သားလေးရဲ့အဖေဟာ။ ဒီလိုမသိမ် ဖျင်းဘူး၊ အောက်တန်းမကျဘူး၊
သားလေးရဲ့အဖေဟာ ဒီလိုလူစားမျိုး မဟုတ်ဘူး...။

အိပ်မက်က လန့်နိုးလာသလို သူမျက်လုံးကို အလန့်တကြား ဖွင့်ကြည့်လိုက်တယ်။ နီရဲပြူးကြောင်ြပီး ၀င်းဝင်းတောက် နေတဲ့ မိန်းမ တစ်ယောက်ရဲ့ မျက်ဝန်းအကြည့်တွေဟာ။
ဟင် ဒါဘာတွေ လဲ၊ ဒီငွေတွေက ဘာတွေလဲ...။
မဟုတ်သေးပါဘူး။
နင်.. မိညို...။ မိညို... နင်..မိညို၊ နင်...ဆံပင်တွေ..၊ ဆံပင်တွေ...၊ ငါ့ ဆံပင်ရှည်တွေ၊
ဗြုန်းကနဲ ထရပ်လိုက်တဲ့ တယောဆရာ့လက်ထဲက တယောဟာ ဘေးနားက ရထားသံလမ်းနဲ့ ကိုင်အရိုက် ခံလိုက်ရပြီး တယောဆရာရဲ့ နှလုံးအိမ်တွေလိုဘဲ အစိပ်စိပ်အမွှာမွှာ ကွဲကြေသွားတယ်..။
ခုန်အုပ်လိုက်တဲ့ ဒေါသတွေနဲ့ သူတို့နှစ်ယောက်သား ရထားသံလမ်း ပေါ်ကို အလုံးလုံးအထွေးထွေး ကျသွားတယ်။ သူတို့ကို ရထားဥသြသံက အလန့်တကြားနဲ့ ငယ်သံပါအောင် အော်ဟစ် တားမြစ်နေသေးတယ်။ အချိန်က နေ၀င်ရီတရောလေးပါပဲ။
*
###

နေရောင်စုံးစုံးချုပ်နေပြီ...
အရက်သမားအိုကြီးဟာ....၊ သူ့ဘ၀မှာ ဘယ်တုန်းကမှ ၊ ဘယ်လို အကြောင်းပြချက်နဲ့ဖြစ်ဖြစ် ဒီအချိန်ဆိုဝတ္တရား ပျက်ကွက်လေ့ မရှိဘူး....။တောက်!!!! စိတ်မရှည်တော့ဘူးကွာ......။
လေချဉ်ပြင်းပြင်း တစ်ချက်တက်၊ တံတွေးကို ပျစ်ခနဲ နေအောင်ထွေးပြီး......အနှီးနဲ့ထုပ်ထားတဲ့ ကလေးလေးကို ကွပ်ပျစ် အ၀ိုင်းပေါ်မှာ ဒီ့အတိုင်း တင်ထားပစ်ခဲ့တော့တယ်......။


အိန္ဒြာ
(၁၉၉၈ ခုနှစ်ကရေးဖြစ်ခဲ့ပြီိး.ကိုယ့်ရဲ့နုနယ်တဲ့ အတွေးအခေါ် အရေးအသားတွေကြောင့် စာပေစိစစ်ရေးတောင်ကိုမကျော်နိုင်ခဲ့တဲ့ ၀တ္ထုလေးပါ..။ ကိုယ့်ဘာသာတော့ တော်တော် နင့်နေအောင်ရေးထားခဲ့ရတာမို့ ဘယ်အချိန်ပြန်ဖတ်ဖတ်ကြိုက်နေ ၀မ်းနည်းနေမိခဲ့ပါတယ်..။)

7 comments:

အရုပ်ကလေး said...

ပို့စ်တစ်ပုဒ်လုံး ကြိုက်တယ် အစ်မရေ..
စကားလုံး သုံးနှုန်းထားတာလေးတွေက
တစ်ကယ်ကို ဂုဏ်ယူထိုက်တယ် ..။
တစ်ချို့သိနေပြီးသား ပြောရေကျ စကားတွေတောင် အစ်မရေးလိုက်မှ စကားလုံး အသစ်အဆန်းလေး ဖြစ်ပြီး
မှတ်သားစရာတွေ ဖြစ်ဖြစ်သွားတယ် ..။

ပို့စ်ရဲ့ အနိမ့်အမြင့်လေးကိုလည်း ကြိုက်တယ်..။

ဆောင်းယွန်းလ said...

စကားလုံးအသုံးအနှုံးတွေအရမ်းသစ်လွင်တယ်.ပြီးတော့
နင့်နင့်နဲနဲခံစားရအောင်လည်းရေးတတ်ပါလားညီမရယ်.
ဖတ်ပြီးရင်းပြန်ဖတ်ချင်စေလောက်တဲ့ရသအပြည့်ပါတဲ့
ဝတ္ထုလေးတစ်ပုဒ်ပါ.စီစစ်ရေးမဖြတ်နိုင်တာတော့တစ်ခု
ခုကြောင့်ပေါ့ညီမရယ်..
ကြိုက်တယ်.လက်တွေ့ဖြစ်နေသလိုခံစားရလောက်အောင်ကို
ကောင်းတဲ့ဝတ္ထုလေးတစ်ပုဒ်ပါ..လက်တွေ့လောကမှာ
ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့သဘောတရားတွေအများကြီးပါတယ်

pandora said...

မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး
အနုပညာသမားတွေကလည်း နားလည်ရခက်သား

မအိန္ဒြာ ရဲ့ လှလှပပ သီထားတဲ့ စကားလုံးလေးတွေ အနိမ့်အမြင့် စီးဆင်းသွားတဲ့ ၀ါကျလေးတွေကို ခံစားသွားပါတယ်။

Moe Myint Tane said...

တကယ့်ကိုပါဘဲ....
တယောသံတွေနဲ့ ကခုန်နေခဲ့မိတယ်။
ရင်နင့်ကြေကွဲခြင်း ပိုက်ထွေးပြီး အရာရာကို ပျော်ဝင်ရင်း ဖျော်ချစီးဆင်းလိုက်တာ တယောသံနဲ့ ကတဲ့ကဗျာမှာ အနုပညာတွေ ရင့်သန်နေလိုက်တာ..။

စိတ်၏စေရာနာခံလေသာ
မိုးမြင့်တိမ်

အိုင်လွယ်ပန် said...

ပြန်ဖတ်တော့လည်း
ပြန်ခံစားရတယ်အစ်မရေ .....

emayarKhin said...

အမရေ...တကယ်အရမ်းကောင်းတယ်.......
တကယ်လဲခံစားရတယ်.....အမကိုယ်တိုင်နင့်
နင့်နဲနဲခံစားပြီးရေးဖွဲ့ထားမှန်းပြောပြစရာတောင်
မလိုအောင်ကိုပါပဲ။

ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ..
ဒါနဲ့ပါဆို ဒီဝတ္ထုတိုလေးကိုဖတ်တာ သုံးခေါက်မြောက်.. အခုပဲ အဖြူရောင်သံစဉ် ဝတ္ထုတိုအနေနဲ့တွေ့လို ထပ်ဖတ်လိုက်တယ်.. ဖတ်တိုင်းလည်း ခံစားရပါတယ်... ကော်မန့်လည်း ပေးခဲ့ဖူးပါတယ်.. အခု ပေးချင်လွန်းလို့ ထပ်ပေးတယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ကိုရင်နော်