အိမ်ခေါင်မိုးကို ဖျက်ချလိုက်သလိုမျိုး
ဧပြီမှာ....
သမီးတို့
လိမ့်နေအောင် အပူလောင်ခဲ့ကြ။
ဘယ်လိုဖြောင့်ချက်ကမှ
အမေ့ကို ပြန်မဆွတ်နိုင်တော့ဘူး...
အဖေ့သင်္ဘောက
အမေ့ဆိပ်ကမ်းကနေတရွေ့ရွေ့
ဆိပ်ကမ်းသစ်ကလေး အရှေ့မှာ
ကျောက်ချ ရပ်နားပစ်လိုက်တာ.........ခုထိ။
အမေ့ကောင်းကင်မှာ အလင်းတွေညို့ကျသွားပေမယ့်
အမေ့မာနတွေကတော့ ရဲရဲလင်းလင်း ၀င်းပ
ဘာ-မှ-မ-လို-ဘူး ဆိုတာ
အဖေ့အတွက်နောက်ဆုံးစကား....တဲ့။
အမေ့ပုခုံးသားတွေ ညွှတ်ကျသွားလောက်အောင်
ဘ၀တွေက သိပ်လေးလံခဲ့မှာ..
သမီးခမျာ ငယ်သေးတော့ မသိတတ်ခဲ့ဘူး။
အခု-
အဖေ မတ်တပ်စမ်းပေးခဲ့တဲ့ ခြေဖ၀ါးမှာ
သမီး မားမားရပ်လို့
အဖေ တွဲကူခဲ့တဲ့ လက်ချောင်းသေးသေးလေးတွေက
ကွန်ပြူတာ တဖျောင်းဖျောင်း ရိုက်နေပြီ။
အဖေ အစာခွံ့ခဲ့တဲ့ နှုတ်ခမ်းကလေးမှာ
နှုတ်ခမ်းနီ ဆိုးတတ်နေပေမယ့်
အဖေ ပေးခဲ့တဲ့ သင်ခန်းစာက
သမီးကို ခပ်မာမာ ပြဌာန်း ထားခဲ့တော့.............။
အဖေမေ့နေခဲ့တာလား...
အဖေ့ မှာ သားတွေ၊ သမီးတွေများနေနိုင်ပေမယ့်
သမီးမှာ အဖေတစ်ယောက်ပဲ ရှိတယ်ဆိုတာလေ...။
အဖေ့ အသစ်စက်စက် သားငယ်လေး အတွက်
သမီးကို ချော့မြှူခဲ့တဲ့ တေးချင်းတွေကအဆင်သင့်၊
သမီးကြိုက်တဲ့ ပုံပြင်တွေနဲ့လည်း..
အဖေ့သားလေး အိပ်တတ်ခဲ့ ရော ပေါ့..။
အဖေပျော်နေတယ် မဟုတ်လား..
သမီးတို့ အသည်းနှလုံးမှာတော့
ကျွဲပုခုံးကို... ထလို့။ ။
အိန္ဒြာ (၂၀၀၆ခုနှစ်၊မဟေသီမဂ္ဂဇင်း)
ဒီကဗျာလေးနဲ့ ပတ်သက်ပြီးပြောစရာတွေက ဆောင်းပါးတစ်ပုဒ်စာနီးနီးလောက်ရှိနေခဲ့ပါတယ်.။
အရမ်းကိုချစ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့မိသားစု ခံစားချက်လေးပေါ့..။
သူက ကိုယ့်ကို ရင်တွေဖွင့် ထုံးစံအတိုင်းကိုယ်ကဦးအောင်ငို..နောက်ငါ့ကို ကဗျာရေးပေးနော်ဆိုတော့လည်း ရင်နဲ့တစ်လုံးခံစားပြီး..ရေးချလိုက်တာ..
အိန္ဒြာ့အဖေကနောက်မိန်းမယူသွားတာလားဟင်လို့ မေးကြတဲ့အထိပေါ့..
နောက်...မဂ္ဂဇင်းထွက်လာတော့ သူငယ်ချင်းကိုသူ့အဖေကိုလက်ဆောင်ပေးဖို့ လက်ဆောင်ပေးလိုက်မိပါတယ်.။
ဖေဖေ က ငိုင်နေလိုက်တာဟာ.အကြာကြီးပဲ..၊ ငါလည်း ငိုပြီးပြန်လာခဲ့တယ်တဲ့... ဆိုတော့ ကိုယ်စိတ်မကောင်းတွေထပ်ဖြစ်ရပြန်တယ်..။
(မကောင်းလိုက်ပုံကလေ..ကြည့်ကြတော့..)
နောက်တော့ သေသေချာချာလေးလေးနက်နက်တွေစဉ်းစားမိပြန်တယ်....
သားသမီးဆိုတာ..ရွေးချယ်ခွင့်မရှိကြတဲ့ မြေစာပင်လေးတွေပဲနော်..
ဘာအကြောင်းတွေကြောင့်ပဲ အိမ်ထောင်တစ်ခုပြိုကွဲသွားသွား...မိဘတွေကတော့ ပုဂ္ဂလိက အာဃာတွေ ၊ နာကျည်းမှုတွေ..၊ ဒေါသနဲ့ မန်မာနတွေ...နောက်အနည်းဆုံးဂျင်းစိမ်းနဲ့ မိတ်သလင်ဆိုတာမျိုး.နဲ့ဖြစ်ဖြစ် စိတ်အခံအမာထည်နဲ့ ခံစားချက်ကို တင်းခံထားနိုင်ကြကောင်းပေမယ့်
မိဘနှစ်ပါးစလုံးအပေါ်မှာ ချစ်ခြင်းမြတ်နိုးခြင်းနဲ့ လေးစားတွယ်တာခြင်းတွေပဲရှိတဲ့ သားသမီးဘက်မှာ ဘယ်အရာကမှ ဖျောင့်ဖျ၊ မတ်တည်ပေးနိုင်မယ် မထင်ပါဘူး...
အမြဲတမ်းတစ်စုံတစ်ရာလစ်ဟာနေတဲ့..သူတို့ရင်ထဲကို ဘယ်အရာနဲ့မှပြည့်နိုင်လိမ့်မယ်...မထင်ပါဘူး..။
အခုကဗျာလေးထဲကကောင်မလေးခမျာလည်း သူ့အဖေ့ကို ချစ်ပေမယ့် လွမ်းရုံပဲတတ်နိုင်ရှာတယ်လေ...။
18 comments:
နေနဲ့လဟာ ကမ္ဘာမြေအတွက် အမိနဲ့ အဖ ဖြစ်သလို
အဖေနဲ့ အမေဟာ လည်း သားသမီးတွေရဲ့ အမိုးအကာ
အဖေ့ရဲ့သဘောင်္ထွက်ခွာလို့ အမေက မာန်မာနနဲ့ ကောင်းကင်ကို ဆွဲတင်းပေမယ့်
သားသမီး ရဲ့ ကြေကွဲမှု မျက်ရည်မိုးတွေကတော့ ရွာသွန်းမစဲ...
လှိုင်းကြမ်းတမ်းတဲ့ လောကဓံလမ်းမှာ ဒီလို အဖြစ်အပျက်တွေ ဘယ်လောက်တောင်များရှိခဲ့ပြီလဲ..
ဘာဘဲဖြစ်ဖြစ်လေ အဖေဟာ အဖေဖြစ်သလို အမေဟာ အမေပါဘဲ..
သားသာမီးတွေလည်း ကြေကွဲဝိညဉ်ချုပ်နှောင်ရင်း ချစ်နေကြဆဲပါဘဲ...။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ဒီကဗျာနဲ့ ပက်သက်လို့ ကျနော် ဘာပြောရမလဲ အမ....
ကျနော်.....
ကျနော်လည်း ဘာပြောရမှန်းမသိတော့ဘူးအမရေ...
ဖိုးမောင်
သားအတွက်ပြန်တင်ပေးမယ်ဆိုတဲ့ကဗျာလေးကို လာဖတ်ပါတယ်.. ငိုပြီးပြန်သွားပါတယ်အန်တီရေ
ကဗျာလေး လာဖတ်သွားပါတယ်ဗျာ...
ကဗျာလေး ကြိုက်တယ် အစ်မ ..
ကောင်းမွန်ပြည့်စုံတဲ့ ကဗျာလေးပါ ..။
ရင်ထဲနင့်ပါတယ်
ဒီလိုအခြေအနေမှာ ဒီလိုပဲ ခံစားကြရမှာပါပဲ။
စကားတလုံးတိုင်းက ခံစားချက်တွေကို ထင်ဟပ်နေတယ်။
ဒီလိုမျိုးလေးတွေ ဖတ်ရရင် မိသားစု အလွမ်းဓာတ်ခံရှိတဲ့ ကျနော့်အဖို့ ရင်နင့်တယ်ဗျာ
ပထမဆုံးရောက်ဖူးတာပါ အရောက်နောက်ကျသွားတယ် ကြားဖူးတာတော့ကြာပြီး ကဗျာကောင်းတွေအများင်္ကြီးပါလားး
ကွက်ကွက်ကွင်းကွင်း
နင့်နင့်နဲနဲပဲ အစ်မရေ
ကဗျာလေးကိုဖတ်ပြီးနင့်နင့်သီးသီးခံစားရတယ်ညီမရေ.
သူများရင်ဘတ်နဲ့အငှားဝင်ပြီးခံစားရေးတာတောင်
အကောင်းဆုံးကဗျာတစ်ပုဒ်ဖြစ်လာအောင်ဖွဲ့နိုင်တဲ့ညီမ
ကိုလေးစားပါတယ်...
ခင်မင်လျက်
မဂ္ဂဇင်းမှာတုန်းကတည်းက ဖတ်ဖူးတယ်။ အဲဒီကတည်းက ခံစားလိုက်ရတာ..တကယ်ကို ဘာ-မှ-မ-လို-တော့-ပါ-ဘူး။
ညီမရေ ညီမ အငှားခံစားမှုက ဖတ်သူ့ရင်ထဲ စူးခဲ့ပေါ့။
ဖတ်ခဲ့ဖူးတယ်... ခုတခါ ထပ်ဖတ်ရတော့လည်း ထပ်ခံစားရတာပါပဲ...
ပိတ်နေတဲ့ အိမ်တံခါး
တံခါးရှေ့ကငါ
ငါ့လက်ထဲက မွေးနေ့ကိတ်...
.......
ချစ်ဦးညိုရဲ့ လှည့်ကွက်ထဲရောက်သွားတဲ့
နုနုနယ်နယ် သားလေးအတွက်
ရာမနေရာက ငါ
ဒဿကို အဖေအဖြစ် သားလေးလက်ခံလိုက်ပြီးတဲ့နောက်..
......
ဒီနေ့ သားလေး မွေးနေ့
ဒုတိယ အဖေရဲ့ အရိပ်အောက်မှာ
ငါ့ကို မေ့နေလောက်ရောပေါ့
သားလေးနဲ့ သွားလာခဲ့ဘူးတဲ့
နေရာတွေမှာ (၆) နံပတ်ရေးထားတဲ့
ကိတ်တဘူးနဲ့ငါ..
ခြောက်ခြောက်သွေ့သွေ့
.........
ခွင့်လွှတ်ပါ...၊၊
အစ်ကိုကြီး မင်းသုခရေ...
ကွန်းမန့်ကိုဖတ်ပြီး..မျက်ရည်ကျမိပါတယ်...
သားလေးရဲ့ အဖေဟာ..အစ်ကိုပါပဲ..
သားလေး သိပ်ငယ်နေရှာသေးလို့ပါ..အစ်ကို..
သားတွေအတွက်ထာဝရသူရဲကောင်းက အဖေပါ...
သူသိတတ်လာတဲ့တစ်နေ့ သူ့အဖေဆီကို သူ့ခွန်အားတွေနဲ့သူ(ဘယ်သူတွေတားတား..)
အရောက်လာမှာပါ အစ်ကိုရယ်...
ထပ်တူထပ်မျှခံစားစာနာမှုတွေနဲ့
ညီမလေး
ဘယ်လိုပေပေ
ဘယ်လိုတေတေ
အဖေဟာ အဖေ….
အစ်မရေးတဲ့ကဗျာကော
အစ်ကိုကြီးမင်းသုခရေးတဲ့ကွန့်မန့်ကော..
ရင်ဘတ်နှင့်အမျှခံစားရပါတယ်...
(ကြီးမိုး၏ အဖြည့်ခံ ကိုမြင်ယောင်လျက်..)
ခင်မင်လေးစားလျက်
မိုးကြယ်
နောက်တစ်ကြိမ် ဖတ်ပြီး နောက်တစ်ကြိမ် ငိုသွားပါတယ်..
ဇာတ်လမ်းလေးကို သိနေတဲ့အတွက် ရင်နှင့် အမျှပါခင်ဗျာ..
ဒီလို အဖြစ်ပျက်မျိုးတွေနဲ့ ဝေးနိုင်ကြပါစေဗျာ..ဆုတောင်းပေးပါတယ်..
“အဖေ့ အသစ်စက်စက် သားငယ်လေး အတွက် “ လေးက မိုက်နေတယ် ။ မဂ္ဂဇင်းကဗျာတွေကို ပြန်တင်ပေးတဲ့ အတွက် ကျနော့်လိုမဖတ်လိုက်ရတဲ့သူတွေအတွက် ကောင်းပါတယ် ။ စောင့်ဖတ်လျှက်။
Post a Comment