Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

December 15, 2009

Burmese Poetry Foundation

Blog တစ်ခု Website တစ်ခုဆိုတာထက် မြန်မာကဗျာလောကအတွက် အခြေခိုင်ဆုံး အုတ်မြစ်တစ်ခု ချလိုက်တယ်လို့ ထင်ပါတယ်..။
Burmese Poetry Foundation ဆိုတဲ့ ဘလော့နဲ့ တစ်ခု မိတ်ဆက် ပေးချင်ပါတယ်။
နိုင်ငံတကာ ကဗျာတွေ မြန်မာတွေသိအောင် မြန်မာကဗျာတွေ နိုင်ငံတကာက ဖတ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတစ်ခုနဲ့ မြန်မာကဗျာဆရာတွေရဲ့ကဗျာတွေကို ကြိုးစားစုဆောင်းပေးထားတဲ့ Foundation တစ်ခုအဖြစ် ၀မ်းမြောက် အားတက်ဖွယ်ရာ ဖတ်မှတ်လေ့လာခွင့်ရရှိခဲ့ပါတယ်..။ ထူးထူးထွေထွေ ပြောနေစရာမလိုဘဲ ဘလော့ကို ၀င်ကြည့်ရုံနဲ့ ခန့်ချင့်တွက်ဆနိုင်မယ်ထင်ပါတယ်.။ ဒီ့ထက် ကြီးမားလေးနက်တဲ့ ခန့်ညားသေသပ်တဲ့ အစီအစဉ်တွေနဲ့ Website တစ်ခုအဖြစ်ပါ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာလိမ့်ဦးမှာပါ.။


" မြန်မာကဗျာ ရေစီးကြောင်းတစ်ခုလုံးကို သိမ်းကြုံး ထည့်သွင်း နိုင်မယ်လို့ မဆိုလိုဝံ့ပါ။
ကဗျာအပေါ် ချစ်ခင်စွဲလမ်းမိတဲ့ စိတ်တူသူ ဇောအဟုန်တူသူ လူလတ်ပိုင်းနှင့် လူငယ်တို့ရဲ့
အိပ်မက် ဖလှယ်မှု အစွန်းထွက် အမြတ် ရလဒ်အဖြစ်
website တစ်ခုအသွင် မပီပြင်နိုင်သေးခင် ၀ါးပေါင်းကူး blog အဖြစ်
Burmese Poetry Foundation ကို တင်ဆက်လိုက်ပါတယ် ။
ဝန်နဲ့အား မျှနိုင်သမျှ ကလေးနဲ့ပေါ့။ "

လို့ စကားဦးသန်းထားတဲ့ ဒီ နေရာလေးမှာ

မြန်မာကဗျာဆရာတွေက ဒီလိုတွေပြောထားခဲ့ပါတယ်..။

++++++++++++++++++++++++


ခေတ်ပေါ် ကဗျာဆရာတစ်ယောက်
ကဗျာရေးခြင်း အမှုပြုတာဟာ
ကမ္ဘာပေါ်မှာ မရှိသေးတဲ့
အရာကို ရှာဖွေခြင်း ပြုတာပဲ ဖြစ်ပါတယ်။

အောင်ချိမ့်

++++++++++++++++++++++++

ခေတ်ပေါ်ကဗျာဟာ အရေပြားပေါ်မှာတည်ရှိနေတဲ့ လှပမှုတွေကို ကျောခိုင်းပြီး
ဘ၀ရဲ့အနက်ရှိုင်းဆုံး အတ္တတရား ကို ရှာဖွေ တူးဖော် ခဲ့ကြပါတယ်။
ကဗျာဆရာရဲ့ ခန္ဓာကိုယ်မှာဖွဲ့စည်းတည်ဆောက် ထားတဲ့ ၀ိညာဉ်တွေဟာ အာရုံတရားတွေနဲ့ သာမန်ထိတွေ့မှုပေါ်မှာ ကဗျာ ဖွဲ့လို့မရနိုင်ပါဘူး။
ထိတွေ့ခံစားမှုကို အခြေခံတဲ့ ကဗျာဆရာရဲ့ ဒဿနဟာ ကဗျာတစ်ပုဒ်ရဲ့ အသွေးအသားပါပဲ။
ထင်ရှားကျော်ကြားမှုနဲ့ ပုံနှိပ်စာလုံးအဖြစ် ဖော်ပြခံရမှုကို ဦးတည် ပြီး ကဗျာကို သေးသိမ်စွာ တွက်ချက် နေသူတွေကိုတော့ ကျွန်တော်တို့ ရယ်မောပစ်လေ့ရှိပါ တယ်။
ကဗျာရဲ့အဓိပ္ပာယ်ဟာ ဒီ့ထက်ပိုမိုကျယ်ဝန်း ခဲ့ပါပြီ။ ဘ၀ရဲ့ ဝေဒနာကို အနက်ရှိုင်းဆုံးဟု ဖော်ပြနိုင်တဲ့ ကဗျာဆရာသာ သမိုင်းရဲ့ စာမျက်နှာပေါ်မှာ လှပစွာ ကျန်ရှိပေလိမ့် မယ်။

ပိုင်စိုးဝေ

++++++++++++++++++++++++

ကျွန်တော်ကဗျာရေးတာဟာ'မပြောတတ်တဲ့စကားကို ပြောဖြစ်အောင် ပြောကြည့်တာ'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'အဖော်ရှာတာ'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'အနာတူရှာတာ'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'နားလည်သူရှာတာ'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'ကဗျာဆိုတာ ဘာလဲဆိုတာကို ကျွန်တော်လက်ခံထားပုံနဲ့ ရေးထားတာ'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'ကျွန်တော့်ကိုယ် ကျွန်တော်သိဖို့'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ ကျွန်တော်ရဲ့ စာနာမှု ဖြစ်တယ်
ကျွန်တော်ကဗျာရေးတာဟာ'ဘာသာစကားကို ချဲ့ထွင်ခြင်း'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'ခေါင်းထဲပေါ်လာတဲ့ ဘာသာစကား တွေကို ပြန်ဆန်းစစ်တာ'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'နေ့စဉ်ဖြစ်ပျက်ဘ၀ထဲက ကဗျာမမြည်တဲ့ဟာတွေကို ကဗျာထဲ ထည့်သွင်းလိုတာ'ဖြစ်တယ်။
ကျွန်တော်ကဗျာရေးတာဟာ'နေ့စဉ်ဘ၀နဲ့ စကားပြောကြည့်ခြင်း'ဖြစ်တယ်။

ဇေယျာလင်း


++++++++++++++++++++++++

အိန္ဒြာ

October 26, 2009

နီကိုရဲအတွက် လွမ်းသူ့ပန်းခွေ

အရေးပေါ်အချက်ပေးသံနဲ့
အထိတ်တလန့် လူနာတင်ယဉ်ပေါ်..
နီကိုရဲ ပါလာတယ်
သူ့အလွဲတွေ ပါလာတယ်
သူ့အနုပညာတွေ ပါလာတယ်
သူ့ပရိတ်သတ်တွေ ပါတယ်..
မကြည်ပြာနဲ့ နိုင်နိုင်ဝင်းလည်း..ပါ..ပါတယ်...။

ချစ်သူများ ၊ မုန်းသူများ
ရန်သူများ၊ မိတ်ဆွေများ.
အားလုံးကို
ပြတ်ပြတ်သားသား..
အနိုင်ပိုင်းချနိုင်တာဟာ..
သေခြင်းတရားပါပဲ..။

တကယ်က
၂၁ရာစုထဲမှာ
အနုပညာသမားတွေ
ကိုယ့်ကိုယ်ကို တရိုတသေသိမ်းဆည်းဖို့လိုအပ်တယ်
ခဏလေးနဲ့ ပျက်စီးယိုယွင်းသွားလောက်အောင်
ဘ၀ကို
အကိုင်အတွယ် မကြမ်းတမ်းသင့်ပေဘူး..

အခု
မောင်ချောနွယ်လို
ထူးအိမ်သင်လို
တာရာမင်းဝေလို
ဖေါ်မြူလာဆန်ဆန်
လူ့အဖိုးတန်နောက်တစ်ယောက်
ဆိုက်ရောက် ထွက်ခွာသွားပြန်ပြီ....။

သူက
သူ့အနုပညာနဲ့ကော့ပျံစေတဲ့နှုတ်ခမ်းတွေကို
သူ့အသက်နဲ့ ဆွဲကွေးချခဲ့တာ။

အဲဒီ့နေ့..
ပူပင်သောကတွေနဲ့
တရှိန်ရှိန် တံလျှပ်ထနေမယ့်
သုဿန်မြေပေါ်မှာ..
နီကိုရဲ အခိုးအငွေ့တွေ
တိမ်တိုက်ထဲ တိုးဝင်နေပုံက..
ဘယ်လောက် ကြေကွဲဖွယ်ရာကောင်းနေလိမ့်မလဲ...

သေခြင်းတရားတဲ့.....
တံခါးလေးတွန်းဖွင့်ထွက်သွားသလို
လွယ်ကူမြန်ဆန်လွန်းလှတော့....

"ကိုရဲ..ရေ.."
နောက်ဘ၀ဆိုတာမှာ
လိုအင်ဆန္ဒအားလုံးပြည့်ပါစေ..။


အိန္ဒြာ
(၂၁.၁၀.၂၀၀၉)