Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

April 20, 2013

မျက်ရည် အနယ်ကျ ကျောက်

(၁)။

လည်ချောင်းဝတွင်ခြောက်ခန်းနာကျဉ်နေခြင်းတို့ဖြင့် အသက်ရှုလို့ မရအောင် သီးနင်လို့နေ၏။ မဟုတ်ဘူး အဲသလိုမဟုတ်ရပါဘူး ဟု ကယောင်ကတမ်း ရေရွတ် မြည်တမ်း နေခဲ့မိသည် ထင်သည်။

အစ်မ အရမ်းပင်ပမ်းနေပြီ၊လူနာကလည်း ခုမှ သတိရတာဆိုတော့ စိတ်အနှောက်အယှက် ဖြစ်လို့မရဘူးလေ၊ အစ်မ အိမ်ပြန် နားလိုက်ပါတော့နော်ဆိုသည့် စကားလုံးနှင့် လက်ဖ၀ါး ဖွဖွအထိက ဆွဲခါလှုပ်ယမ်းပစ်လိုက်သလိုပင်။

ဟုတ်ပါတယ်ဒါဟာ သိပ်ကို ချောက်ချားကြောက်လန့်စရာကောင်းတဲ့ တိုက်ဆိုင်မှုသက်သက်ပါပဲ..
 အဖြစ်အပျက်အားလုံးကို အိပ်မက်များလားလို့ သွေးရူးသွေးတမ်းရှိနေမိဆဲဖြစ်၏။ တကယ့်ကိုပဲ သူ့ မျက်ဝန်း တည့်တည့်ရှိရာကို လျှောက်လှမ်း လာပုံကိုက အိပ်မက်ထဲမှာယောင်ယမ်းလမ်းလျှောက်နေသူတစ်ယောက်လို ရှိနေပေလိမ့်မည်။

ကို မေ ပြန်လိုက်ဦးမယ်နော်သူ့လက်ဖ၀ါးတစ်ဖက်ကို ဆုတ်ကိုင်ပြီး ပြောလိုက်တော့ လက်ကို ခပ်ဆတ်ဆတ် ပြန်ရုတ်လိုက်ပြီးသူမကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။
သူ့ မျက်ဝန်းတွေထဲကအရိပ်တွေက အဓိပ္ပာယ်ဖေါ်မကြည့်ရဲလောက်အောင်ကို တုန်လှုပ်စရာ ကောင်းနေတာပါလား။
အို သူသာအကောင်း ပကတိ အတိုင်းဆိုရင် သူမကို ကိုယ်ထိလက်ရောက် ရိုက်ပုတ် နာကျင်တဲ့အထိ ….

ဒါမှမဟုတ်….ဒါ…မှ..မ..ဟုတ်…

ဟင့်အင်း….။မဖြစ်နိုင်ပါဘူး………
စူးစူးရွားရွားအော်ဟစ်ပစ်လိုက်မိသည်လား။ မသေချာပါ..။

သေချာသည်ကထိုနေ့မှစပြီး သူမပါ အပြီးတိုင်သေဆုံးသွားခဲ့ခြင်းဖြစ်၏။


(၂)။

သူ တကူးတက၀ယ်လာပေးသော အကောင်းစား မျက်မှန်အနက်ရောင်ကို တပ်သင့်ရဲ့လားလို့ ယောင်ယောင် ကန်းကန်းတွေစဉ်းစားနေမိလိုက်သေး၏။ ဒီအချိန်မှာ မျက်ဝန်းတွေကို ကာကွယ်ထားဖို့ မဖြစ်မနေ လိုအပ်လေသည်ပဲ။ နေကာမျက်မှန်တပ်ရမှာကို ရှက်နေတတ်ပြီး အစမ်း တပ်ကြည့်ချိန် လောက်သာ သူမနှင့်သူ့လက်ဆောင်ကို ယှဉ်တွဲမြင်ခွင့်ရခဲ့သည့် သူကရော ဒီအချိန်မှာမှ ဒီမျက်မှန်ကိုတပ်မည်ဆိုတာကိုသိရင် ဘယ်လိုမှတ်ချက်တွေများ ပေးမှာပါလိမ့်။

အိပ်ပျော်နေသောသားငယ်လေး၏ ရင်ဘတ်ပေါ်အထိ စောင်ကိုဆွဲတင်ပေးလိုက်ရင်း နီနီ သမီးကြီးပြန်လာရင် ဟင်းတွေကိုနွေးပြီးမှကျွေးနော် သားငယ်လေးကိုလည်းကြည့ှ်ုဦး စသဖြင့်တွေ စိတ်မချနိုင်အောင်မှာနေမိချိန်မှာသူ့ရုံး က မိန်းကလေးတစ်ယောက်က လွမ်းသူ့ပန်းခြင်းကို ကိုင်ပြီး ကားနားမှာ စောင့်နှင့်နေလေပြီ။

လှလိုက်တာ။ ၀ံ့ကြွားမွေးမြနေလိုက်တဲ့ နှင်းဆီအဖြုတွေ…။

ပန်းတွေထဲကမှနှင်းဆီ ၊ နှင်းဆီတွေထဲကမှ ဒီအဖြူရောင်ကို မေ သေသေချာချာ ရွေးချယ်ခဲ့ တာပေါ့ ကို ရယ်..။

ပန်ုခြင်းအခြေမှာကပ်ထားသည့်စာရွက်ပေါ်က ကွန်ပြူတာ စာလုံးတွေကို ငေးကြောင်ကြောင်ကြီး ဖတ်နေမိလိုက်ပြီး အနည်းငယ်အားတက်လာသလိုခံစားလိုက်ရ၏။

ဟုတ်တာပေါ့..။ ကို့ နာမည်နဲ့ မေ့ နာမည်ကြားမှာ အပေါင်း လက္ခဏာကထင်းထင်းကြီးရှိနေသေးတာပဲ။


(၃)

အမှန်အတိုင်းဝန်ခံရလျှင်ဒီဈာပနသို့ လုံးလုံးမသွားချင်ပါ။ ဖြစ်နိုင်လျှင် ဖြစ်နိုင်လျှင်ဆိုသည်ထက် သူကသာအလိုရှိကြည်ဖြူမည်ဆိုလျှင် သူ့မျက်ဝန်း အရွှေ့လက်အရွေ့လေးကိုတောင် အဓိပ္ပာယ်ဖေါ်တတ် ၊ လင်သားကိုမြတ်နိုး ချစ်မက်တတ်လွန်းသော ဇနီးလိမ္မာတစ်ယောက်ပီပီ  သူ့ အနားမှာ တစ်စက္ကန့်လေး မလပ် အရိပ်ကြည့်နေမိမည်သာဖြစ်သည်။

သူ.. အခုအချိန်လောက်ဆိုဘာတွေ စဉ်းစားနေမှာပါလိမ့်။ ပြင်းပြင်းထန်ထန်ရရှိထားသည့် ဒဏ်ရာ တွေကြားထဲက ပင်ပမ်းဆင်းရဲလွန်းနေရမည့်စိတ်အခြေအနေကို ဘယ်လိုဖြေသိမ့်ရမည်လဲ ။ ဘာတွေ လုပ်ပေးသင့်သလဲ စသည့် မေးခွန်းများစွာကစိတ်ကို အချိန်တိုင်းနီးပါး ရိုက်ပုတ် ထုထောင်း ညှင်းဆဲ နေကြလွန်းပြီ။ မျက်ရည်များကတော့စိတ် အပူချိန်နှင့် အငွေပျံ ခန်းခြောက် ကုန်ကြပြီထင်ပါရဲ့။

သုသာန်ထဲကို ကားကွေ့ဝင်လာချိန်မှာ ရောက်လာမိခဲ့သည်ကိုအနည်းငယ် နောင်တရချင်သလိုဖြစ်မိ၏။ မျက်ဝန်း တွေကို ကာကွယ်ထားလို့ရပေမယ့် နားတွေကိုပိတ်ထားလို့မှ မရနိုင်သည်ပဲ။ ကုမ္ပဏီဝန်ထမ်းတွေ နောက် နာရေး ရှင်မိသားစု ဘယ်သူက ဘယ်လိုစကားများနှင့်ကြိုဆို၊ ဘယ်လို မျက်ဝန်းများနှင့် ဧည့်ခံကြမည်ကို မမှန်းဆတတ်သလို ကိုယ့်မျက်နှာပေးအတွက်ကိုယ်လည်းအဆင်သင့် မဖြစ်နိုင်သေးခဲ့။
အားလုံးအကောင်းဆုံးချည်း စီမံပံ့ပိုးပေးထားသည့် အစီအမံကြောင့် ထည့်ထားသည့် ခေါင်းတလားနှင့်ရုပ်အလောင်း ကို ပြင်ဆင်ထားသည်မှအစ အသုဘပို့ယာဉ်တွေအဆုံး ၊ နောက် ကရုဏာကြေး..၊ လိုတာထက်တောင်ပိုနေတာပဲ ဆို သည့် အတွေးကို အလန့်တကြား ခေါင်းယမ်း ခါထုတ်ပစ်လိုက်ရ၏။

မမ ပန်းခြင်းကိုကြည်ပြာသွားထားပေးရမလားလို့ မေးလာတော့မှ ရတယ်ညီမဟု ခပ်တိမ်တိမ်အသံထွက်ဖြစ်၏။ နှင်းဆီအဖြူတွေကို နေသားတကျဖြစ်အောင် ပြုပြင်နေမိသေးသည့် အပြုအမှုကရော လိုတာထက်များပို သွားသေးလား။ ရုပ်အလောင်းရှိရာကို လျှောက်လာတော့ လူတွေ ရှဲသွားကြသလို အသံတွေတိတ်သွားကြသလိုပဲဟုထင်ယောင်ထင်မှား ရှိသွားမိလိုက်သေးသည်။

အို…နှင်းဆီဖြူတွေကြားထဲမှာနတ်သမီးလေးတစ်ပါး အိပ်စက်နေသလိုပါပဲလား၊ ၂၆နှစ်တဲ့ သူမထက် ၁၅နှစ်နီးပါး ငယ်ရွယ်နုပျိုတဲ့။ခေတ်ဆန်လှပတဲ့၊ ချက်ချာသွက်လက်ရဲတင်းတဲ့ ၊ လိမ္မာထက်မြက်တဲ့ ၊ အင်္ဂလိပ်စာ အရမ်း ကောင်းတဲ့ အိုးးး မဆုံးနိုင်တဲ့ ဂုဏ်ပုဒ်တွေနဲ့ သူ့အတွင်းရေးမှူးလေး..။ အတွင်းရေးမှူးမလေးဟုတ်တယ် ကို့ရဲ့အတွင်းရေးမှူး မလေး လောက်ပါလေ.။
ဒီအမျိုးသမီးငယ်လေးကဒီလို နိဂုံးမျိုးနဲ့ ဘယ်လိုများထိုက်တန်မှာတဲ့လဲ…။ ကစားပွဲတစ်ခုခုမှာ အနိုင်ပိုင်းသွားသလိုပဲ ဟု မဆီမဆိုင်တွေးမိလိုက်သေးသည်။ သတိလစ်လုမတတ် ငိုကြွေး ပူလောင်နေတာ သူ့အမေပဲဖြစ်မှာပါ..။သမီး…တစ်ယောက်အတွက် အမေရဲ့ သောက ကိုယ်ချင်းစာ စိတ်နှင့် ငါ့သမီး၊ ငါ့ညီမလေးသာဆိုရင်ဆိုသည့်အတွေး က ဟုန်းကနဲ့ ပူလောင်သွားစေသလို မျက်ရည်စက်တို့ကို မျက်မှန်အောက်ဘက်က ပါးပြင်ပေါ်အထိစီးကျလာစေခဲ့၏။
သူမရဲ့အလှုပ်အရွေ့တိုင်းကို စိတ်ဝင်တစား စောင့်ကြည့်နိုင်သော တစ်ချို့တစ်လေ အတွက်တော့ MDကတော်မျက်ရည်ကျ တယ် ဆိုသည့်သတင်းက  အငြင်း အခုန်တွေဖြစ်ကောင်းဖြစ်သွားလိမ့်မည်ထင်ပါသည်။

ယူကျုံးမရစိတ်များနှင့်အသက်ရှုမ၀တော့သည်မို့ ၀ိုင်းအုံနေသောမိသားစုကြားထဲက တိုးထွက်လာချိန်မှာ ကြည်ပြာက လက်မောင်းကိုဖေးမပေးထား၏။  အဲဒါ သူဌေးကတော်လေ ဆိုသည့်အသံကိုကြားလိုက်ရတော့ အနည်းငယ်တန့် သွားမိပြီး နောက်ဆက်တွဲပြောမည့် စကားလုံးတွေကို အသိမှတ်မဲ့နားစွင့်နေမိသေး၏။
ကြည်ပြာစီစဉ်ထားသည့်ထိုင်ခုံတစ်ခုံမှာ အသာအယာဝင်ထိုင်နေလိုက်ချိန်မှာ လူက မောလျလွန်းနေပြီ။ အလိုလို နေရင်းအပြစ်ရှိသူလို အနေကျုံ့နေမိသော အဖြစ်က မဟုတ်သေးဘူးပဲ။ ဘာဆိုင်လို့လဲ…။ တကယ် ဆိုရင်..။ဟုတ်တာပေါ့ တကယ်ဆိုရင် ကိုယ်ကတောင်…။ အတွေးစကိုဖြတ်ချ မျက်လုံးတွေကို ခဏမှိတ်ထားရင်းအသက်ကို ပုံမှန်ုဖြစ်အောင် ရှုရှိုက်နေလိုက်၏။

 မမ ဒါ နှင်းဆီဖြူရဲ့ ဖေဖေပါဆိုသည့်အသံကြောင့် ဆတ်ကနဲတုန်သွားပြီးမတ်တပ်ထရပ်မိရက်သားရှိသွား၏။ ဘယ်လို စကားစရမည်မသိပဲ ကျွန်မ ကျွန်မ စိတ်မကောင်းလိုက်တာလို့ရှိုက်ငင်သံတစ်ဝက်နဲ့ ဗလုံးဗထွေး စတင် လိုက်မိ၏။
 ဆရာကတော်ရယ် ရောက်လာတာ ကျေးဇူးတင်လိုက်တာ။ ဆရာရောသက်သာရဲ့လား..။ကျွန်တော်ကတော့ သမီးလေး ကုသိုလ်ကံကြောင့် ဒီလိုဖြစ်သွားရတာလို့ ဖြေပါတယ်ဆရာကတော်ရယ်။ဆရာကတော်တို့ဘက်က အရမ်းကို တာဝန်ကျေကြတော့ ကျွန်တော်တို့အားလည်းနာ အရမ်း ကျေးဇူးတင်ပါတယ်ဗျာ။
ရိုးသားအေးချမ်းသည့် သွင်ပြင်ပေါ်နေသော ဒီအမျိုးသားကြီး၊ ဒီဖခင်ကြီး၏ မျက်နှာပေါ်က ကြေကွဲ ပူဆွေးရိပ်တို့ကမကြည့်ရက် မမြင်ရက် နိုင်လောက်အောင်ပင်။ ချက်ချင်း ဘာပြန်ပြောရမယ်မှန်းမသိပဲ မျက်မှန်ကိုယောင်ရမ်း ချွတ် လိုက်မိသည်။ သူမရဲ့ မျက်လုံးတွေကို နှင်းဆီဖြူရဲ့ ဖေဖေက သေသေချာချာမြင်တွေ့သွားလေမည်ပေါ့။ ကိုယ်တိုင် ဘယ်လို အရိပ်အငွေ့တွေ စွန်းနေမယ်မှန်းမသိတဲ့ မျက်ဝန်းတွေ..။

မျက်မှန်ကိုအလျင်စလို ပြန်တပ်လိုက်မိရင်း ဟုတ်ကဲ့ သက်သာပါတယ်.။ ဘာမှ အားနာစရာ ကျေးဇူးတင်စရာတွေမလိုပါဘူးရှင်။ ကျွန်မတို့ အလုပ် အတွက် ခရီးသွား ရင်းဖြစ်သွားခဲ့ရတာမို့ ကျွန်မတို့မှာတာဝန်ရှိတာပေါ့။
ဦးတို့လို့ခေါ်ပြီးမှ အကိုလို့ ချက်ချင်းပြင်ပြီး အကိုကြီးတို့ နောက်ပိုင်း လိုအပ်တာ ရှိရင်လည်းအချိန်မရွေး ဆက်သွယ် နိုင်ပါတယ်။
ထင်တာထက်ချောချော မွေ့မွေ့ ပြောထွက်သွားတာအတွက် စိတ်သက်သာရာရသွားမိသည်။ အမျိုးသား ကြီး ကျေးဇူးစကားကိုတဖွဖွ ဆိုနေတာကတော့ အနေရတော်တော်ကြပ်စေခဲ့၏။

နှင်းဆီဖြုရဲ့မီးခိုးငွေ့တွေ ကောင်းကင်ထဲတိုးဝင်ပြီး တိမ်သားတွေနဲ့ ရောနှောပျောက်ကွယ်သွားသည်အထိငေးမော ကြည့်နေမိခဲ့သည်။

နှင်းဆီဖြူကမီးခိုးလေးတွေတောင် လှနေသလိုပါပဲ ကိုရယ်။


(၄)။

ဘယ်သူနှင့်မှမတွေ့ချင်ဆိုသည့် သူ့ အဖြေစကားကြောင့် အခန်းအပြင်က ခုံမှာ ခြေပစ်လက်ပစ်ထိုင် နေမိသည်။
ထူးထူးထွေထွေတော့ပိုပြီးဝမ်းနည်းမနေမိတော့သလိုပင်။ စိတ်တစ်ခုလုံးက နာကျင်မှုတွေနဲ့ ထုံအကုန်ကြပြီ ထင်ပါသည်။ဖြောင့်ဖျနှစ်သိမ့်ပေးကြသော မိသားစုတွေကိုလည်း ခပ်ယဲ့ယဲ့လောက် ပြန်လည်ပြုံးပြနိုင်ယုံသာ။ သူ အိပ်နေချိန်လောက်သာ အခန်းတွင်းကိုဝင်ပြီးလိုအပ်မယ်ထင်သမျှတွေကို စီစဉ်ဆောင်ရွက်ပေး နေတာကိုတော့  ရိပ် မိနေမှာ အသေအချာပင်။

တကယ်တော့လမ်းပြန်လျှောက်နိုင်ဖို့ အချိန်ယူဖို့လိုဦးမည်ဆိုသည့် ဆရာဝန်ကြီးတွေရဲ့ အဖြေက ဘယ်အပူမှထပ်မတိုးနိုင်တော့သည့် ရင်ဝထဲက မီးကျည်းမီးခဲများသာဖြစ်၏။ ဖြစ်မှဖြစ်ရလေ.. ကိုရယ်။ဖြစ်မှဖြစ်ရလေ…။ ။
အောင်မြင်သော၊တက်ကြွသော၊ နုပျိုဖျတ်လတ်သော၊ စီးပွားရေးမှာ ကွက်ကျော်မြင်တတ်သည်ဆိုသော၊ လုပ်ငန်းရှင်တစ်ဦး ၊ အနာဂါတ် တစ်ရက်ချင်း အတွက် စီမံကိန်းချပြီးမှ ဆောင်ရွက်တတ်သော သူတစ်ယောက်အနေနဲ့သူ့ မနက်ဖန်တွေအတွက် ဘယ်လောက် သွေးပျက်ထိခိုက်နေမည်ဆိုသည်ကို စဉ်းစားလို့ပင် မကြည့်ရဲနိုင်ခဲ့။

မေ့ အပြစ်တွေ..ပါ။မေ့ အပြစ်တွေပါ။ ထိုနေ့ကနေဒီနေ့အထိ ဒီစကားတွေကိုချည်း အဆက်မပြတ် ရေရွတ် နေခဲ့မိသည်။ဘယ်နေ့အထိ ဒီလိုငြီးတွားနေရဦးမည်လဲ မသချောပါ။ ရုတ်တရက်ကြီး ဆွဲကွှေ့ ချလိုက်သလို…ကံကြမ္မာအလှည့်အပြောင်းထဲမှာ သူမဆိုသည်က အလိုအလျှောက်ပျောက် ရှသွားခဲ့ပြီးလည်း ဖြစ်၏။

ကျိန်စာစကားလုံးတွေကဆိုးရွာသည့် ကံကြမ္မာကို တိတိကျကျ သယ်ဆောင်လာတတ်သည်ဆိုလျှင်လည်း သူမဆီကိုသာ တန်ပြန်စူးရှ လိုက်ပါတော့လား.။ အို...ဖြစ်နိုင်ခဲ့ရင် အစက ပြန်ရစ်ကျော့ပြီး ကံကြမ္မာဆိုးအားလုံးကိုလွှဲပြောင်း ယူပစ်ဖို့ နည်းနည်းလေးမှ ၀န်မလေး ကြောင်း သူ ရော နှင်းဆီဖြူကို ယုံကြည်အောင်သက်သေ ပြလိုက် ချင်ပါသည်။

အခုတော့လည်းအပြစ်ဆိုသည့် စကားလုံးက သူမ တစ်ဦးတည်းအတွက် ရည်ရွယ်ဖန်တီးထားသလို ရှိနေ၏။

ဘာဖြစ်လို့များ အဲဒီ့နေ့မှာ မေ ဟာ ထုံးစံအတိုင်း ခံစားချက်တွေကို မျိုသိပ်ဖုံးကွယ်နိုင်ပြီးသဘောထားကြီး သယောင် ရှိတဲ့ ထုံထုံအေးအေး မိန်းမ တစ်ယောက် မဖြစ်နိုင်ခဲ့ရတာလဲ..

ထိုနေ့ကဒီနေ့လိုပဲ သောကြာနေ့တစ်နေ့ဖြစ်ခဲ့သည်။
 တနည်းဆိုရလျှင် ထိုနေ့က ဘ၀နှစ်ခု မိသားစုနှစ်စုကိုကံကြမ္မာက ချုံခိုတိုက်ခိုက်လိုက်သောနေ့လည်းဖြစ်ပါသည်။
ရက်ဆက်အဖျားမကျတော့ပဲ သွေးလွန်တုန်ကွေးဆန်ဆန်ဖြစ်နေသည့် သားငယ်လေးကို ဆေးရုံတင်ဖို့ မိသားစုဆရာဝန်က အရေးပေါ်ညွှန်ကြားချက် ပေးခဲ့သောနေ့လည်းဖြစ်သည်။
ထိုနေ့ကဟော်တယ်အသစ်ဆောက်ဖို့ကိစ္စနှင့် ခရီးမဖြစ်မနေထွက်မည်ဆိုသော သူ့ကို အတင်းတားမြစ်နေမိခဲ့သည်။
ထိုနေ့ကသူ့ကားနောက်ခန်းတွင်ပါလာသော နှင်းဆီဖြူကို တွေ့လိုက်ပြီး မျိုသိပ် ထားခဲ့ရ သမျှတွေအစွမ်းကုန် ဖွင့်ဟ ဖောက်ခွဲမိခဲ့သည်။

သူက မင်းမဟုတ်တာတွေမပြောနဲ့၊ပေါက်ကရတွေစွတ်စွဲမနေနဲ့ အကုန်ချိန်းထားပြီးသား နိုင်ငံခြားက ဧည့်သည်တွေ ကိုပါ ဖိတ်ထားတာနားလည်လားဆိုပြီး ဆိုဖာဆက်တီပေါ်ကို ကိုယ်ထိလက်ရောက် ဆောင့်တွန်းချပစ်ခဲ့သောနေ့ လည်းဖြစ်သည်။
ကျွန်မမသိဘူးထင်နေလား ကျွန်မကို အိမ်ထဲမှာနေ ကလေးထိုင်မွေးယုံသိတဲ့ အအ နန တောသူမပဲ ထင်နေလား ၊ ကျွန်မနားထဲမှာ လျှံနေပြီ။ သားလေး ဒီလောက်ဖြစ်နေတာတောင် ရှင်က မယားငယ်နဲ့ အလေလိုက်ချင် နေသေးတယ်ပေါ့ ဟုတ်လားလို့ သူမက အသံကုန်ခြစ်အော်ပြီး သူက သူမမျက်နှာကို ဖြတ်ရိုက်ချလိုက်သောနေ့လည်းဖြစ်ခဲ့ သည်။

ထို့နောက်…
ထို့နောက်တော့

အတိတ်နမိတ်တွေကိုယုံကြည်တတ် အယူသည်းတတ်သူ ကို ရော ကားထဲမှာထိုင်နေသော နှင်းဆီဖြူပါ ကြားအောင် မျက်ရည်တွေကြားထဲကနာနာကျည်းကျည်း အော်ဟစ် ကျိန်စာ တိုက်လိုက်သောနေ့လည်းဖြစ်ခဲ့၏။


(၅)

ခြံဝမှာတင်ကားကိုရပ်လိုက်တော့ သူက ဒရိုင်ဘာကို လှမ်းငေါက်ငမ်းလိုက်သည်။ မေ ရပ်ခိုင်းထားတာပါ ကိုဆိုတော့ သုန်သုန်မုန်မုန် တစ်ချက် လှည့်ကြည့်၏။
ဘီးတပ်ကုလားထိုင်လေးပေါ်ကိုကိုကို့ကို တင်ပြီး ခြံထဲကို သူမ တွန်းလာခဲ့လိုက်တော့လည်း သူက စကားမဆိုပဲ အလိုက်သင့်ပါလာခဲ့သည်။

ဟင်…နှင်းဆီအဖြူတွေ…နှင်းဆီဖြူတွေ…

မျှော်လင့်ထားသလိုသူ့ အသံက အံအားသင့်ခြင်းတို့ဖြင့် လှုပ်ခတ်လို့နေသည်။
ခြံတစ်ခြံလုံးကတော့ဖြူလွှသော နှင်းဆီအမျိုးအစားစုံတို့၏ ရနံ့နဲ့ ထုံအီသင့်ပျံ့လို့…။ အဖြူရောင် လိပ်ပြာလေးတွေပင်ပျံဝဲနေသေးသည်ပဲ..။
သူက သူမကိုမော်ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲမှာ စူးရဲစိမ်းတောက်မှုတို့ ရှိမနေတော့ပဲ အနည်းငယ်ရီဝေနေမှုနှင့် တဖျတ်ဖျတ်လင်းလဲ့လို့နေခဲ့၏။သူက ကုလားထိုင်လက်တန်းကိုကိုင်ပြီး ထရပ်တော့မလိုကိုယ်ကို အားယူထား လိုက် သေးသည်။

သူ ပထမဆုံးအကြိမ်သူမကို ပြန်လည်ပြောဆိုလာသောစကားစုက “ နှင်းဆီဖြူတွေကို မင်းစိုက်ထားတာလား မေ” ဆိုသည့်မေးခွန်းဖြစ်ပါသည်။

ဟုတ်တာပေါ့ကိုရဲ့ဟု မည်သည့် အရိပ်အငွေ့မျိုးမျိုးသဲ့သဲ့မှ ထင်မနေအောင် အချိုသာဆုံးပြုံးပြဖို့တင်ကြို လေ့ကျင့် ထားခဲ့ပြီးဖြစ်သည်ပဲ။

နောင်အချိန်တွေမှာနှင်းဆီဖြူခင်းထဲ ကို တစ်ယောက်တည်း နေချင်ပါသည်လို့ တောင်းဆိုလာခဲ့လျှင်လည်း ဘီးတပ်ကုလား ထိုင်လေးကို ငြင်ငြင်သာသာ တွန်းလာပေးမည်။ သူု သက်တောင့် သက်သာရှိနိုင်မည့် တစ်နေရာရာလေးကိုလေးကို သေသေချာချာ စီစဉ်ထားပေးဦးမည်။

နောက်ပြီးတော့မှဟိုး…ခပ်ဝေးဝေး သူ မမြင်နိုင်လောက်တဲ့ တစ်နေရာရာကနေ သူ့ ကို ငေးမျှော်စောင့်ကြည့် နေလိုက်မည်။



အိန္ဒြာ
(၂၆ရက်၂လ၂၀၁၃ခု)

January 9, 2011

ဆုံးရှုံးမှုတွေ ထပ်တူညီတဲ့ အခါ

ဒီဝတ္ထုလေးက တစ်လုံးနှစ်လုံးကောက်ရေးလိုက် ချထားလိုက်လုပ်ရတဲ့ ၀တ္ထုလေးပါ။
ပေးချင်တဲ့ message ကြောင့် ရသပိုင်းအားနည်းသလိုဖြစ်နေတာအတွက် စိတ်တိုင်းလည်းမကျချင်ပါဘူး..
ဒါပေမယ့် ချစ်သော ညီအစ်မတွေ အတွက်
အချိန်မအားလပ်တဲ့ကြားကလုယက်ပြီး ကြိုးစားပမ်းစားရေးထားတာလေးဖြစ်လို့
ဖတ်ကြည့်ကြစေ့ချင်ပါတယ်..။

( ချစ်သောမောင်နှမတွေ ဖတ်ချင်လည်းရပါတယ်...းP )



+++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒီသတင်းကဆူညံမြည်ဟည်းလွန်းစွာ နားစည်ကို အထပ်ထပ်ပဲ့တင်ရိုက်ခတ်နေခဲ့သည်။
ဟုတ်ရဲ့လားဟု သွေးရူးသွေးတမ်းဆန်ဆန် ထပ်မံ မေးမြန်းမိသေးသည်။ ဘာလို့မဟုတ်ရမှာလဲ ငါတို့အားလုံး ဒီ အေ ဖြ ကို မျှော်လင့်ထားပြီးသားလို့ တစ်ယောက်က ပြောလိုက်တာ့ လူက ယိုင်ဆင်းသွားတော့သည်။
သူတို့ဒီသတင်းကိုပြောနေကြပုံက တဆိတ် ပေါ့ပေါ့ပါးပါးနိုင်လွန်းနေသည်ဟု စိတ်ပျက်လက်ပျက် ငြိုငြင်နေမိ၏။
လည်ချောင်းတစ်ခုလုံးခြောက်ကပ်နာကျဉ်လာသလို မျက်ရည်ကလည်း ချက်ခြင်းဝဲတက်လာတော့ မျက်တောင် ကို တဖျတ်ဖျတ်ခတ်နေခဲ့မိသည်..။ ခပ်ပိန်ပိန် မလေးအမျိုးသမီးက ကိုယ့်ပုခုန်းကို တစ်ချက်ပုတ်ပြီး မင်းစပီကာကြီး ရုံးပြန်တက်နိုင်ပါ့မလား မင်း တော့ နားအေးပါးအေးရှိပြီပေါ့လို့ဆိုလာပြန်သေးသည်။
မင်းဒီလိုမပြောသင့်ဘူးလို့ ခပ်ဆတ်ဆတ်တုန့်ပြန်လိုက်မိသည်။ မလေးမက အံအားတသင့်ပုံစံနဲ့ကြည့် ပုခုန်း တစ်ချက်တွန့်လိုက်ပြီး လှေခါးအတိုင်းဆင်းသွား၏။နောက် တစ်ယောက်ပြီးတစ်ယောက်နေ့လည်စာစား အတွက် ဆင်းသွားကြတော့ တစ်ယောက်တည်းကုလားထိုင်မှာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိသည်။
ကုလားထိုင်ကို တစ်ပတ်လှည့်လိုက်တော့ အဆောက်အဦပုံစံစာရွက်တွေ စာရွက်တွေ စာအုပ်တွေ တစ်ထပ်ကြီး ရှိနေပေမယ့် ရှုင်းသန့်သပ်ရပ်နေတဲ့ စားပွဲ နောက် JN လို့ကျောမှီမှာမင်လုံးကြီးကြီးနဲ့ရေးပြီး အမှတ်အသား လုပ်ထားတဲ့ ကုလားထိုင် ..
ဂျယ်နီ လို့ တိုးတိုးဖွဖွ ရေရွတ်မိလိုက်ချိန်မှာတော့ မျက်ရည်ကထိမ်းမရနိုင်တော့ပဲ ပါးပြင်ပေါ်သို့ တလိမ့်လိမ့် စီးကျလာခဲ့သည်.။
ဂျယ်နီ အခုတော့ ရှင် အစိုးရိမ် အထိတ်လန့်ဆုံး အခြေအနေကို ရှင်လက်ခံလိုက်ရတာတော့ တာပေါ့
ဂျယ်နီ ရှင်ဘယ်လောက် ကြောက်လန့်နေရှာမလဲ ရှင်ဘယ်လောက် စိုးရိမ်ထိတ်လန့်နေမလဲ ရှင်ဘယ်လောက် နှမျောတသရှိနေလိမ့်မလဲ
ရှင်သည်းသည်းထန်ထန် ငိုကြွေးနေမှာတော့ သေချာပါတယ်လေ
မျက်ဝန်းကို တင်းတင်းကြပ်ကြပ် ပိတ်ချထားမိလိုက်သော်လည်း၊သူမပုံစံကိုကမျက်လုံးထဲမှာ ထင်လင်း ပြတ်သား လို့နေသည်.။
အမြဲတမ်းတက်ကြွဖျတ်လတ်နေသော သူမက သူမယုံကြည်မှုလွန်ကဲနေသော...
အို........
ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ ကိုယ့်ကိုယ်ကို တိတိကျကျသေချာသွာခြင်းက သူမအတွက် ကြေကွဲတုန်လှုပ် နေမိခြင်းပင်
သူမကို ဘယ်လိုစကားလုံးကများ နှစ်သိမ့်ပေးနိုင်စွမ်းလိမ့်မလဲ...

သေချာတယ်...ကျွန်မ ရှင့်ကို ဘယ်တုန်းကမှ မုန်းတီးမနေခဲ့မိဘူးထင်ပါရဲ့ ဂျယ်နီ..။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

တကယ်တော့ ကျွန်မ အဲသည့်အမျိုးသမီးကို မုန်းတီးနေသည်ဟုထင်မိခဲ့သည်။
အမုန်းဆိုသည်က ကိုယ့်စိတ်ကိုယ်လောင်စာအဖြစ်ထားပြီး ကိုယ်နှလုံးအိမ်ထဲမှာကိုယ် မီးဖိုနေခြင်းလို့ သိသိ ချည်း သူမအပေါ်ဖြစ်တည်နေမိသည့်ခံစားချက်ကိုတော့
ဖြစ်သင့်သင့်ဖြစ်ထိုက်သော အသွားအပြန်ကိစ္စတစ်ခုလို့သာ တွေးပစ်နေမိသည်..။
တကယ်ဆို ဒေါသဆိုသည်ကလည်း ကိုယ့်စိတ်ကိုယ် ဖြည်သင်ရှုင်းလင်းလို့မရအောင် ကျစ်ထုံးထားမိခြင်းပဲလေ
အဲသည့်မိန်းမနှင့် ပတ်သက်သည့် ကိစ္စတိုင်း ပြသနာ ဒါမှမဟုတ် ဒေါသတို့သာ ကျန်ရစ်ခဲ့တတ်သည်။.။
အဲသည့် မိန်းမဖန်တီးသည့် မကျေလည်ဖွယ်တွေက များပြားလွန်းလှသည်။
မကျေနပ်တိုင်း ဒေါသတွေ ဖြစ်ရတိုင်း မောင့်ကို တိုင်တည်ပြောဆိုမိတော့ ထုံးစံအတိုင်း မေတ္တာပို့ပေါ့ကွာ ဟုသော ရွှေပြည်အေးတရားကိုပင် ကျွန်မက မြင်ပြင်းကပ်နေလေပြီ..။
လူသားတစ်ယောင်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ပြီး တစိမ့်စိမ့်မုန်းတီးနေရခြင်းလောက် ဆင်းရဲပင်ပန်းကြီး သည့် ဒုက္ခမရှိလောက်သည်မှာ သေချာသော်လည်း သူမကို ကျွန်မ မုန်းတီးနေမိသည်.။
မုန်းတီးနေမိသည်.ဟု.ထင်ပါသည်။ ကျွန်မက သူမကြောင့် အလုပ်ကထွက်မည်လို့ပင် ဆုံးဖြတ်ချက်ချ ထားမိခဲ့ သည်.။
အို..
ကျွန်မတစ်ယောက်တည်းမှ မဟုတ်လေသည်ပဲ..။ သူမနှင့်ပတ်သက်တဲ့ လူတွေ မမုန်းတီးတောင် အနည်းဆုံး စိတ်ပျက်လက်ပျက် မကြည်မလင်ဖြစ်နေကြရမှာ သေချာလွန်းပါသည်။
ခုတော့ သူမထိုင်ခုံ ကွပ်လပ်ကို ထိုင်ကြည့်နေမိသည်..။
သူမ ခွင့်ယူစရက်နေတွက တစ်ရုံးလုံး တိတ်ဆိတ်လို့ ရုံးဝန်ထမ်းတွေရဲ့မျက်နှာတွေက ပိုမိုကြည်လင် နေသလိုပင်ထင်ရလို့
ကျွန်မရော...ကျွန်မ ဟန်မဆောင်နိုင်လောက်အောင်များ ရွှင်လန်းတက်ကြွနေမိလိုက်သေးသလား......
ဘာပဲပြောပြော ဒီသတင်းကို မကြားခင်အချိန်အထိ ကျွန်မစိတ်တွေ.အနည်းငယ်. လွပ်လပ်ပေါ့ပါး နေသည်ကို တော့ ၀န်ခံရမည်ပင်ဖြစ်သည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

လူ့အဆင့်အတန်းဆိုတာထဲမှာ လုပ်ဖေါ်ကိုင်ဖက်ခြင်း ချစ်ခင်စည်းလုံးမှုရှိသင့်တာ စာနာနားလည်ရမှည်ဆိုတာ၊
ခြေထိုးတာ နင်းတက်တာတွေကို ရွံရှာမုန်းတီးတတ်ရမည်ဆိုတာတွေပါ ပါဝင်နေသည်ကို သိရှိဟန် မတူသော် လည်း
သူမက Pantry room က Cabinet မှာ ပုရွက်ဆိတ်တစ်ကောင်တွေ့လျှင်တော့ သူတို့နိုင်ငံတစ်ခုလုံး၏ ဂုဏ်သိက္ခါနှင့်သက်ဆိုင်နေသလိုမျိုး ကမ္ဘာပျက်မတတ်သဲသဲလှုပ်နေတတ်သူမျိုးဖြစ်သည်။
သူမက လူချင်းတူတာတောင် သူ့လူမျိုးဖြစ်မှ လူမျိုးချင်းတူတာတောင် သူ့နိုင်ငံသားဖြစ်မှ ဆိုတာမျိုး လူမျိုးရေး အဆင့်အတန်း အရာရာ ခွဲခြားဆက်ဆံတတ်သည့် ညဉ်ကလည်းရှိနေသေးသည်..။
သူမက သူမ Toilet ၀င်ဖို့ အဆင်သင့်ဖြစ်မနေရင်တောင်၊ တစ်စုံတစ်ယောက်က သူမှရှေ့မှာ နှာချေဆတ်မိ ချောင်းဆိုးမိလိုက်ရင်တောင် shit လို့ အားမနာတမ်း ဆဲရေးပြီး ပစ္စည်းတစ်ခုခုကို ပစ်ချ ဆူညံပစ်လိုက်တတ် သူဖြစ်သည်..။
သူမက သူဌေးနဲ့ သူမ အထက်အရာရှိမှန်သမျှနဲ့ဆက်ဆံလျှင် ချိုသာပျော့ပျောင်းစိတ်ရှည်နူးညံ့သလောက် ကျွန်မအပါအ၀င် သူနဲ့တန်းတူ သူ့လက်အောက် ၀န်ထမ်းအားလုံးကို
အထက်တစ်ဆင့်မြင့်တဲ့နေရာက ငုံ့ကြည့်နေရသလိုမျက်နှာပေးမျိုးကိုလည်း ပီပီပြင်ပြင်ပေးတတ်သည်..။
သူမက စကားကို ရိုးရိုးပြောနေရင်တောင် အော်ဟစ်ရန်တွေ့နေသလိုဖြစ်နေပြီး အချိန်ပြည့်နီးပါး စိတ်တိုနေတတ်သူတစ်ဦးလည်းဖြစ်သေးသည်..။
သူမ က သူမကို မေးခွန်းမေးလျှင် မကြိုက်တတ်သလိုမျိုး သူများကအကြိုးအကြောင်းရှုင်းလင်း ပြောဆိုသည်ကိုလည်း ဘယ်တော့မှ စိတ်မ၀င်စားတတ်..
အဆိုးဆုံးက..သူမလုပ်တာကိုသာ အမှန်ဟု ထင်နေတတ်ခြင်းပင်ဖြစ်သည်။
တစ်ရုံးလုံးက သူမကို Speaker လို့ နာမည်ဝှက်ပေးထားပြီး လူနှစ်ယောက်ခေါင်းချင်းဆိုင်နေလျှင် သေချာပေါက်သူ့အကြောင်းပြောနေသည်ကသာများပါလိမ့်မည်..။
ထို့ကြောင့်သာ ထိုသူမမျိုးရဲ့ Assistance ရာထူးနှင့် ကျွန်မ အလုပ်စတင်ဝင်ရောက်ခဲ့စဉ်ကတည်းက တစ်ခြား ၀န်ထမ်းတွေက သနားသလိုကြည့်နေခဲ့ကြတာဖြစ်ခဲ့ပါလိမ့်မည်.။
ဗမာလို ရန်တွေ့ဖို့တောင် တော်တော်စဉ်းစားနေရတတ်သော ကျွန်မက သူ့နည်းတူ တန်ပြန် ပြောဆို အော်ဟစ်တတ်ဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ယူလိုက်ရမလား..။ မသိတော့ပါ..။

ကိုယ့်ကို လူတွေ ဘယ်လိုမှတ်ချက်တွေချနေမှန်း သတိထားရကောင်းမှန်း မေ့လျော့နေတတ်တဲ့ ကိုယ့်ကိုယ်ကို တစ်ကြိမ်တစ်ခါလေးလောက်တောင် ပြန်မဆန်းစစ် မကြည့်တတ်တဲ့
ကိုယ် အတွက် ကိုယ့်စိတ်ခံစားမှုကိုသာ အရေးပါ အလေးထားနေတတ်သူသော လူမျိုးတွေက လူ့ အဖွဲ့ အစည်း ဆိုတာထဲမှာ အမြဲလို ကန့်လန့် အနေအထားမှာပဲ ရပ်တည်နေတတ်ကြလေသည်လား..

တကယ်တော့ သူတို့ဟာ သိပ်သနားစရာကောင်းနေကြတာပါ..။

လူတစ်ယောက်မွေးကတည်းက ပါလာသည့် စိတ်နေစိတ်ထားဆိုသည်က ပြောင်းလဲပစ်နိုင်ဖို့ ခက်ခဲ သည်ပဲလေလို့ ကျွန်မ ဖြည့်တွေးခဲ့သည်မိကတော့ အကြိမ်ကြိမ်ဖြစ်ခဲ့၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

သူမနှင့်ကျွန်မ ကြားမှာ စိတ်သဘောထားချင်းတိုက်ဆိုင်တာလေးတစ်ခုတော့ရှိနေပြီး...ထိုအကြောင်းကို စကား စမိတတ်လျှင်တော့ နှစ်ဦးသား နွေးထွေးစည်းလုံးနေသလိုရှိနေတတ်သည်။
ရှင်မွေးလွန်းလို့ ကျွန်မ နာမည်ကြိတ်ပေးထားသည့် မလေးရှားသူ နော်မာ သူ့ကလေးလေးတွေ ရုံးခေါ်လာတဲ့ နေ့မျိုးတွေမှာပေါ့..
အဲလိုနေ့မျိုးတွေမှာတော့ ကျွန်မတို့နှစ်ယောက်စလုံးရဲ့မျက်ဝန်း အရောင်လက်ဖြာမှုတွေက ထပ်တူတပ်မျှ တူညီလို့ နင့်မှာလဲ ကလေးမရှိဘူးနော်...ငါ ကလေးလေးတစ်ယောက်လောက် သိပ်လိုချင်တာပဲဟယ်လို့ပြော နေသော သူမ မျက်နှာပေးရဲ့နူးညံ့မှုတွေက သူမ အမြဲလိုရှိနေတတ်သည့်ပုံစံနှင့် ဆန့်ကျင်ဘက် လုံးလုံး ဖြစ်နေ တတ်ခဲ့၏။
ကလေးတွေ ဘယ်လောက်အပြစ်ကင်းစင်လိုက်လဲ ဆိုတာမျိုး ၊ ကလေးလေးကနေ လူကြီးတစ် ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးရတာ ဘယ်လောက်စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလဲ ဆို တာမျိုး
စကားလက်ဆုံကျမိကြပြီး ချစ်စရာ မလေးပေါက်စလေးတွေကို ရယ်ရယ်မောမော အတူတူ စနောက်ချီမြှူမိကြ၏။
သူမက ကျွန်မလိုပဲ ကလေးမပြောနှင့် ကလေးနှင့်သက်ဆိုင်သည့် ပစ္စည်း ပိစိကွေးလေးတွေကိုပါ ချစ် နေ တတ်သူပင်ဖြစ်သည်..။
ကျွန်မ ချစ်လို့ဝယ်လာတတ်သည့် ကလေးပစ္စည်းလေးတွေကို တယုတယ ကိုင်ယူ ကြည့်နေတတ်ပြီး သူချစ်လို့ ၀ယ်လာတတ်သည့်ကလေး ပစ္စည်းလေးတွေကို ကျွန်မကို ပြရန်ဘယ်တော့မှ မေ့လျော့မနေတတ်
တစ်ခုခုဝယ်လာပြီးတိုင်း ငါ့မှာ ကလေးပစ္စည်းတွေကတော့ အများကြီးဖြစ်နေပြီလို့ ညည်းညူသလို ကြေကြေ ကွဲကွဲမြည်တမ်းသလို ရေရွလို့ လည်းနေတတ်သေးသည်..။
ငါ ကလေးလေးတစ်ယောက် သိပ်လိုချင်တာပဲ သိလား..အိုတစ်ယောက်မှ မဟုတ်ပါဘူး ရမယ်ဆို ရသ လောက်ကို လိုချင်တာပါ...
သူမက အဲသလိုပြောတော့ ကျွန်မက အေး..ငါရောပဲ လို့ ရယ်ရယ်မောမောတုန့် ပြန်လို့..
ရင်သွေးဆိုသည်ကို မှန်းဆမြင်ယောင်နေရသည့် စိတ်ကူးယဉ်ကာလအခိုက်အတန့်လေးမှာတောင်..စိတ်နုလုံး တွေ ပျောင်းပျော့နူးညံ့နေပုံက ရင်ခုန်စရာကောင်းလွန်းလှသည်..။

မိခင်စိတ်ဆိုတာဒါမျိုးထင်ပါရဲ့..။

အဲသလို မိခင်စိတ်တွေ ၀င်နေတဲ့ ကျွန်မတို့နှစ်ကြားက နေ့ရက် တစ်ချို့ကတော့ သာယာကြည်လင်လို့ရယ်ပေါ့..။
့
+++++++++++++++++++++++++++++++++++++++++++++++++++++++++

ထိုနေ့နဲ့ ထိုနေ့က သူမမျက်နှာကို ကျွန်မ ဘယ်တော့မှမေ့နိုင်မည်လဲ မသေချာပါ..။
ထိုနေ့က တနင်္လာနေ့တစ်ရက်ဖြစ်သည်။ သူမ ရုံးကိုရောက်တာ နောက်ကျနေပြီး မျက်နှာပျက် တိတ်ဆိတ် နေသည်ကိုလည်း သတိထားမိလိုက်သည်..။
ထမင်းစားချိန်လောက်ရောက်တော့ သူမက လေသံခပ်တိုးတိုးနှင့် ကျွန်မ ကို ခေါ်လိုက်သည်.။
မေ ငါပြောစရာရှိလို့ ကျွန်မ သူ့အနားကို ထိုင်ခုံ အနည်းငယ်တိုးရွှေ့လိုက်မိသည် အထိ သူမ ဘာများ ရစ်ဦး မလဲဆိုသည့်သံသယစိတ်တစ်ခုက ကျွန်မ မှာရှိနေဆဲပင်.
ငါ့ သားအိမ်ထဲမှာ အလုံး နှစ်လုံး ရှိနေတယ်တဲ့ ငါ မနေ့ က ဆရာဝန်နဲ့စစ်ဆေးထားတာ...
အို ... ကျွန်မ ဘယ်လိုမှ ထင်မှတ်မထားတဲ့ စကားပဲ...။ ကျွန်မ သူမကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်..။
တစ်လုံးက ရိုးရိုး သွေးလုံးပဲ နောက်တစ်လုံးကတော့ ကင်ဆာလို့ သံသယရှိတယ်ပြောတယ်..
ဘုရား...

ငါ ခွဲစိပ်ပြီး အသားစကို စစ်ဆေးပြီးရင်တော့ ကင်ဆာဆို ငါ့ သားအိမ်တစ်ခုလုံး ထုတ်ပစ်ရတော့မယ်...
အဲဒါဆို .ငါ...ကလေး မရနိုင်တော့ဘူး သိလား..၊ ငါ ကလေးမရနိုင်တော့ဘူး..

သူမ ပြောရင်း မျက်ရည်ကျတော့ ကျွန်မ အလွန်အမင်း အံ့အားသင့်သွားမိသည်..။ ဒီလောက် မာရည် ကြောရည်နိုင်သည့် မိန်းမ မာနသိပ်ကြီးသည့် မိန်းမက ကျွန်မရှေ့မှာ မျက်ရည်ကျနေသည်တဲ့..
အိုးးးးဂျယ်နီ မဖြစ်နိုင်ပါဘူး သားအိမ်ထဲမှာ သွေးလုံးဆိုတာမျိုးက ဖြစ်တတ်တာပဲ နောက် ဟုတ်သည်ဆိုဦးတော့ လိုအပ်မှ ထုတ်မှာပါ မစိုးရိမ်ပါနဲ့..
ဘာပဲဖြစ်ဖြစ် နင် အလုပ်တွေ ကို ပို ဂရုစိုက်ပေးပါနော်...
စိတ်ချ ကျွန်မ ကတိပေးတယ် ရှင် ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်ပါ ဂျယ်နီ
သူမ မပြောနှင့် ကျွန်မရင်ထဲမှာတောင် ပူလောင်လို့နေခဲ့ပါသည်..။ ကင်ဆာ ..ကင်ဆာ မဖြစ်နိုင်ပါဘူးလို့ တွေးပစ် နေမိသည်.။
ဒါ့ထက် ရှင် ဘာလို့သွား စစ်တာလဲဟင်..
ငါ စစ်မကြည့်တာ ကြာပြီ ၊ ခုတလော ငါ့ ရာသီလာတာ ရက်တွေ မှားနေတယ် တစ်လထဲ ၂ ခါ ၃ခါ တွေဖြစ်တယ် နောက် Blood peice တွေပါလာတာပဲ..
အဲဒါကြောင့်..... နင်ရော...နင်လည်း စစ်ကြည့်သင့်တယ် လို့ ငါထင်တယ် Ploy Clinic တွေ မှာ ဈေးသိပ်မကြီးဘူး အို ဘာပဲဖြစ်ဖြစ် နင် လည်းစစ်ကြည့်ပါလို့ ငါတိုက်တွန်းချင်တယ်......၊
သူ့ကိစ္စအတွက် ပူပင်သောကတွေကြားက ကိုယ့်အတွက် စိတ်ဝင်တစား ပြောနေတော့ သူမအပေါ်ထားရှိ မိခဲ့သော စိတ်ငြိုငြင်မှုတွေ ချက်ချင်းပျောက်သွားသလိုပင် ခံစားလိုက်ရသည်.
ရင်ထဲမှာ စိုးရိမ်စိတ်တွေနှင့် ဘုရား ..ဘုရား......
ဒီလောက် လန်းဆန်းတက်ကြွနေတဲ့ ဖွံ့ဖြိုးထွားကျိုင်းလှပ နေတဲ့ အမျိုးသမီး ဆီမှာ....
အဲသည့်နောက်နေ့က စလို့ ဂျယ်နီခွင့်ယူ သွားခဲ့သည်မှာ ယနေ့ထက်ထိတိုင်ခဲ့ပြီဖြစ်သည်။
သူမ အော်ပရေးရှုင်းဝင်မယ့် ရက် မရောက်ခင် အထိ ကျွန်မ က ကင်ဆာ မဟုတ်ပါစေနဲ့ ၊ ဂျယ်နီ ကလေး လေး တစ်ယောက်တော့ရနိုင်ခွင့်ရှိနေပါစေဦးလို့ ဆုတွေတောင်းပေးနေခဲ့ပါသေးသည်..။

ကျွန်မကရော......

ကျွန်မ အဲသည့် အတွေးကို နေရာပင် ဗြုန်းကနဲရပ်ပစ်လိုက်မိသည်...။


+++++++++++++++++++++++++++++++++++++++++++++++++++++++++

အဲဒီ့နေ့ အိမ်ပြန်ရောက်ကတည်းက ကျွန်မက သားအိမ်ကင်ဆာနဲ့ ပတ်သက်သမျှ အချက်အလက်တွေကို သွေး ရူး သွေးတမ်းဆန်ဆန် ရှာဖွေ ဖတ်မှတ်နေခဲ့မိ၏။
(ကရကဋ်)၊ ရာသီခွင်ကိုမှီးပြီး ကင်ဆာလို့အမည်ရလာတယ်ဆိုတာမျိုးက အိပ်မက်ဆန်ပြီး ၊ ဟိုးးးးဘီစီ ၄၀၀ လောက်ကတည်းကပေါ်ပေါက်လာခဲ့တဲ့ ရောဂါဆိုတာ သိရတော့ အံသြမိပါသည်..။
အခုဆို ဒီကမ္ဘာလောကကြီးမှာ ကျိမ်စာဆန်တဲ့ ရောဂါဆိုးတွေ ကြောက့်ရွံ့ထိတ်လန့်စရာ ရောဂါဆိုးတွေ ဘယ် လောက်တောင်များပြားနေခဲ့ပြီတဲ့လဲ..။
ကျွန်မ လက်သင့်သလောက်ဖတ်မိသည်များကို စာရွက်တစ်ရွက်ပေါ် ကူးယူးနေမိခဲ့ပါသည်..။


သားအိမ်ထုတ်ဘို့ လိုတယ်-မလိုဘူးဆိုတာ ရောဂါအဆင့် စောလို့နဲ့ နောက်ကျလို့ ၂ မျိုး ဖြစ်နိုင်ပါပြီး ၊ အဆင့် (၁) ဆိုရင် cervix (သားအိမ်ခေါင်း) နေရာတခုတည်းမှာသာ ကင်ဆာ တွေ့ရမည်
ဲ့ ဒါဆို ဂျယ်နီသာ ကင်ဆာဖြစ်ခဲ့တယ်ဆိုရင် ဘယ်လိုအဆင့်မျိုးဖြစ်နိုင်နေနိုင်မလဲ..။

ကုသမှုရွေးချယ်ခြင်းမှာ အရွယ်အစား၊ ဖြစ်သည့်နေရာနှင့် ကလေးယူ-မယူ ဆိုတာတွေကို ထည့် စဉ်းစားပါပေးသည်ဆိုတော့ သူမအတွက် စိတ်အနည်းငယ် ပေါ့ပါးသလိုရှိမိပြန်သည်။
ဂျယ်နီရဲ့ရောဂါ အခြေအနေဟာ အဆင့်(၁) လောက်ပဲရှိနေဦးမှာပါ ကျွန်မ ကိုယ်ဖြစ် စေချင်သည်များ ကိုသာရွေးချယ်တွေးတောနေမိခဲ့၏။
Cancer Research UK အဆိုအရ Stage 1 ကို ၄ ဆင့်ထပ်ခွဲထားတယ်တဲ့
1A1 = ၉၈-၉၉%
1A2 = ၉၅-၉၈%
1B1 = ၉၀-၉၅%
1B2 = ၈၀% ပျောက်ကင်နှုံး ရှိတယ်တဲ့ ..။ ရှင် သိပ်စိတ်ပူမနေပါနဲ့ဦး....ဂျယ်နီ
Human Papilloma Virus (HPV) ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်တယ်ဆိုတဲ့ သားအိမ်ကင်ဆာဟာ အိန္ဒိယမှာဆို တစ်မိနစ်တိုင်းတစ်ယောက်သေဆုံးနေသည်ဆိုတာမျိုး
တစ်နာရီတိုင်း ၈ ယောက်စေဆုံးတယ်ဆိုတာမျိုး အမျိုးသမီးတွေမှာ ရင်သားကင်ဆာပြီးရင် သားအိမ် ကင်ဆာ ရောဂါက အဖြစ်အများဆုံးဆိုတာမျိုးတွေ ကိုတော့ ကျွန်မ ကျော်ဖတ်ပစ်လိုက်ချင်ပါသည်..။

တကယ်ဆို သားအိမ်အ၀ ကင်ဆာက အသက်ကြီး ၄၅ ကနေ ၅၅ အထိမှာအဖြစ်အများဆုံးဆိုပေမယ့် Jade Goody ဆိုတဲ့ ဗြိတိန်က တီဗွီ မင်းသမီးဟာ အသက် ၂၇ မှာ ဒီရောဂါနဲ့ဆုံးပါးခဲ့တယ်ဆိုပြန်တော့
ကျွန်မ ပုခုန်းတွန့်လိုက်မိသည်.။
ဂျယ်နီဆို အသက် ၄၀ ကျော်စပြုပြီထင်ပါရဲ့ ကျွန်မတို့လို ၃၅ ပြည့်ပြီးသား အမျိုးသမီးတွေ အတွက်ဆိုရင်ရော..

နောက်တော့ ကျွန်မက အင်တာနက်ကနေ Link တွေ တစ်ခုပြီးတစ်ခု လျှောက် ၀င်ကြည့်မိသည်.။

http://www.daviddarling.info/encyclopedia/U/uterus_cancer.html
http://www.merckmanuals.com/home/sec22/ch252/ch252b.html

သားအိမ်ကင်ဆာသည် အများအားဖြင့် စောစောပိုင်းမှာ ဘာလက္ခဏာမှ မပေါ်လို့ ကင်ဆာ ရှိနေမှန်း မသိနိုင် ပါတဲ့
Human Papilloma Virus (HPV) ဗိုင်းရပ်စ်မှတဆင့်ဖြစ်သည့်အတွက် လိင်ဆက်ဆံတာကနေ ကူးစက်နိုင် သည်တဲ့..။ မွေးလမ်းမှာ ကြွက်နို့ဖြစ်တာနဲ့လဲ ဆိုင်သည်တဲ့..
အချိန်အခါမဟုတ် မွေးလမ်းကနေ သွေးဆင်းခြင်း။
သွေးဆုံးပြီးမှ သွေးဆင်းခြင်း အတူနေပြီး သွေးဆင်းလာခြင်း
သွေးမဟုတ်ဘဲ အရည်ဆင်းခြင်း အနံ့ဆိုးထွက်တာမျိုးလဲ ရှိနိုင်သည်တဲ့
အဖြူ၊ ပန်းရောင်၊ အနီရောင်၊ အညိုရောင်တွေလဲ ဆင်းတတ်သည်တဲ့..
စာတွေကို ဖတ်ရင်း ကျွန်မ တစ်ကိုယ်လုံး ကြောက်စိတ်တွေနှင့် ပူလောင်နေခဲ့ပါသည်..။

သားအိမ်ကင်ဆာကို ကာကွယ်ဆေးထိုးလို့ရတယ်ဆိုတော့ ကျွန်မ ထိတ်ကနဲဖြစ်လို့သွား၏.။
သားအိမ်ကင်ဆာ ကာကွယ်ဆေး ဈေးကွက်ထဲမှာ အလွယ်တကူဝယ်လို့ရနေပြီဆိုပဲ။
HPV vaccine (Gardasil) ဆိုသည့်ဆေးက HPV types 6, 11, 16, 18, 31, 45 တွေကို ကာကွယ်ပေးပြီး ၉၈% ထိသည်ဟု သိရသည်။
GlaxoSmithKline ဆေးက ၉၂% ထိရောက်သည်။ သားအိမ်ကင်ဆာ ၇၀% ဖြစ်စေတဲ့ HPV strains 16 and 18 တွေကို ၄ နှစ်မက အကာကွယ် ပေးသည်တဲ့..
Cervarix ဆေးလည်း လည်း မကြာပြီလာတော့မည်ဟု ဖတ်ရတော့ ချက်ချင်းဆိုသလို စိတ်တွေ ပေါ့ပါးသွားသလိုပင်ဖြစ်သွားခဲ့၏.။
တတ်ကျွမ်းသည့် ဆရာဝန်တွေနဲ့ တိုင်ပင်မှပါလေ လို့သာ ကျွန်မ အထပ်ထပ် ရေရွတ်နေခဲ့မိသည်။
အိမ်ထောင်ပြုပြီး ကလေးမရနိုင်တဲ့ အိမ်ထောင်ရှင်မတွေမှာပိုပြီး အဖြစ်များတတ်သေးသည်တဲ့...။
ကျွန်မက ကိုယ်နှင့်မဆိုင်သလို ဒီလိုရောဂါတွေကို အမှုမဲ့အမှတ်မဲ့ နေလာခဲ့မိသည်ပဲ..။
ကျွန်မဟာ ဘယ်အထိများ ကျန်းမာရေး ဗဟုသုတတွေ နဲ့ ကင်းဝေးတဲ့နေရာမှာ နစ်မြုတ်နေခဲ့ ရသည်လဲ..။

ဂျယ်နီရော.. ဘယ်လို အဖြေမျိုးထွက်လေမည်လဲ..။
သူမ စိတ်အခြေနေကရော ဘယ်လိုများရှိမေလေမည်လဲ..။

မေးခွန်းတွေ ကြားမှာ ကျွန်မ မောဟိုက်နေခဲ့သလို..ဂျယ်နီ့ အပေါ်မကြေလည်မှုတွေကို ကျွန်မ မေ့လျော့နေခဲ့မိပြီး

ဖြစ်နိုင်လျှင် သူမ လက်ဖ၀ါးတွေကို တင်းတင်းဆုတ်ကိုင်ပြီး အားပေးနေချင်ခဲ့ပါသည်..။


+++++++++++++++++++++++++++++++++++++++++++++++++++++++++


ဒီနေ့ရောက်ရှိလာသည့် ဂျယ်နီ့ခွဲစိပ်မှုအောင်မြင်ပြီး နေကောင်းနေပါသည်ဆိုသည့်သတင်းကို ၀မ်းသာ လိုက်ပေးလိုက် ရမှာ လား ၊ သားအိမ်ရော မျိုးဥအိမ်တွေ ပါ ခွဲစိတ်ထုတ်ယူပစ်လိုက်ရသည် ဆိုခြင်း အတွက် ယူကျုံးမရဖြစ်နေရမှာလား ..မသိနိုင်တော့ပါ။
ငါ့မှာ ကလေးပစ္စည်းလေးတွေကတော့ အများကြီးဖြစ်နေပြီဆိုသည့် သူမရဲ့နူးညံ့နေသည့်မျက်ဝန်းတွေကိုချည်း ကျွန်မမြင်ယောင်နေမိပါသည်.။
သူမမှာသာ ကလေးလေးတစ်ယောက်လောက်ရှိခဲ့လျှင် သူမစိတ်တွေ နူးညံပျောင့်ပျောင်းနေမလား
သူလိုချင်တာမရလို့များ သူ့စိတ်တွေ လိုတာထက်ပိုခက်ထန်နေခဲ့လေသည်လား..စသဖြင့်တွေ ကျွန်မ အယောင် ယောင် အကန်းကန်းတွေးတောနေမိပြန်လေသည်။
ကျွန်မမှာရော...ဒီလို သားအိမ်ကင်ဆာဖြစ်နိုင်ခြေတွေထဲမှာ ကျွန်မနဲ့ ဘယ်နှစ်ချက် လောက်များ ကိုက်ညီ နေခဲ့ပါလိမ့်

တကယ်လို့များ ဒီဘ၀မှာ ကိုယ်ပိုင်ကလေးလေးတစ်ယောက်တစ်လေကိုမှ ထွေးပိုက်ခွင့် မရနိုင်သည့်ကိုယ်ဖြစ်ခဲ့ ပါလျှင်၊ အတွေးနဲ့တင် နှုံးချိကြေကွဲသွားမိသည်ကအကြိမ်ကြိမ်ဖြစ်ခဲ့သည်

ကျွန်မလို ကဗျာတွေရေးတတ်ပြီး မောင့်လို အေးဆေးလိမ်မာသည့် သမီးလေးတစ်ယောက်လောက်......
မောင့်လို ကွေးကွေးကောက်ကောက် ဆံနွယ်လေးတွေသာ ရှိနေခဲ့လျှင် ကျွန်မ ဆော့ဖွကစားလို့ ၀နိုင်မည် မထင်ပါ..
ကျွန်မလို ခဲခဲ ဆစ်ဆစ် တွေလျှောက်တွေးပြီး မောင့်လို့ ဘုကလန့်လေးပြောတတ်လျှင်တော့ ကျွန်မရယ်မော နေမိမည်ထင်ပါသည်..။

အို ဖြစ်နိုင်သည်ဖြစ်စေ မဖြစ်နိုင်ဘူးပဲဖြစ်စေ...ကျွန်မက ဒီအိပ်မက်ကို ဆက်ရွေ့ မက်နေနိုင်သည်ဆိုသည်ကပင် ဘယ်လောက်ကံကောင်းလိုက်သည်လဲ.လေ။

ဂျယ်နီ...ခမျာကတော့
ကျွန်မက မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်ယူလိုက်ချိန်မှာတော့ ရုံးသူတွေ တဖွဲဖွဲပြန်ရောက်လာကြပြီဖြစ်သည်။

မျက်ရည်စက်လက်ကို မြင်ဖြစ်အောင်မြင်လိုက်သော Ting Ting က ကျွန်မကို အံ့အားတသင့်ကြည့်နေခဲ့သည်။


+++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်မက မောင်ရေ ဂျယ်နီ့ကို အရမ်းသနားတာပဲလို့ ကျွန်မကပြောတော့ မင်းတို့ မိန်းမတွေပဲ အမျိုးမျိုးလို့ မောင်က ခနိုးခနဲ့တုံ့ပြန်လာခဲ့သည်..။
ဒီမှာ မောင်
လူသားချင်းစာနာမှုဆိုတာ ချစ်ခြင်းမုန်းခြင်းတွေရဲ့ အပြင်ဖက်မှာ ၊ အာဃာတရန်ငြိုးတွေရဲ့ အပြင်ဖက်မှာ
အသားအရောင် ဘာသာတရားတွေရဲ့ အပြင်ဖက်မှာ..ကရုဏာ သီးသီးနဲ့တည်ရှိနေတဲ့အရာပါ
ကမ္ဘာကြီး ငြိမ်းချမ်းရေးရဲ့အဓိကအကြောင်းအရင်းဟာ ကိုယ်ချင်းစာတရားတစ်ခုတည်းပါပဲ..

ဆုံးရှုံးမှုတွေ တူညီကြတဲ့ အခါမှာ အချင်းချင်း မုန်းတီးနေမိကြသူတွေ သဘောထား ကွဲပြားနေမိကြသူ တွေ အလိုလိုစည်းလုံးလာနိုင်ကြပါလိမ့်မယ်..


ကျွန်မ အသံက စူးရှမာကြောနေပါလိမ့်မည်..။ တင်းမာပြတ်သားနေပါလိမ့်ဦးမည်..။
ဖုန်းခွက်ကို ခပ်ဆတ်ဆတ်ပြန်ချမိလိုက်ချိန်မှာ ကျွန်မရင်ပြင်က လှိုင်းထန်နေခဲ့သည်.။
ကျွန်မ မျက်လုံးကို တင်းတင်းပိတ်ထားမိပြီး အသက်ကို ၀အောင်ရှုသွင်းလိုက်မိရင်း၊ မောင့်ကို ဒီလို မာရေ ကျောရေ ပြောလိုက်မိတာအတွက် စိတ်မကောင်းဖြစ်သွားမိခဲ့၏။

အို...သိပ်ချစ်ပါတယ်ဆိုတဲ့ ချစ်သူတွေ လင်မယားတွေ ကြားထဲမှာတောင် ဒီလိုပဲ ခံယူချက်တွေ ကွဲလွဲနေတတ် သည် ပဲလေ..

ဒီနေ့လည်း
ကျွန်မက ဂျယ်နီ အမြန်ပြန်ကောင်းပါစေလို့ မပျက်မကွက် ဆုတောင်းနေမိဦးမည်သာဖြစ်လေသည်....။ ။




အိန္ဒြာ
(၂၁.၁၀.၂၀၁၀)
+++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးပညာအချက်အလက်တွေကတော့
လေ့လာဖတ်ရှုမိသလောက်လေးကို တင်ပြမျှဝေပေးထားခြင်းသာဖြစ်ပါတယ်..။
တကယ်လို့ တတ်သိနားလည်သူတွေက မှားယွင်းနေခဲ့ရင်၊ ဖြည့်စွက်ပေး ချင်ကြရင် ကွန်းမန့် မှာ ၀င်ရောက် ရေးသားပေးခဲ့ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်..။

July 30, 2010

သေနေတဲ့ နာရီ



တကယ်ဆို ဒီပန်းချီကားကို သူအဆုံးသတ်သင့်နေပြီ..။
ပိတ်လှောင်နေတဲ့ အခန်းကျဥ်းထဲမှာ သူက သေနေတဲ့ နာရီပုံတူကို ဆွဲနေတာ ဘယ်လောက်ကြာပြီလဲ..
အပြင်ကိုသူချောင်းကြည့်လိုက်မိပြန်တယ်
်ကြယ်အကြွေတွေပြည့်သိပ်နေတဲ့လမ်းမက အမှောင်ထဲမှာပုံသဏ္ဍန်မပျက်လဲလျောင်းအိပ်စက်နေတုန်း..။

လရောင်ဝါးဝါးမှာ အရိပ်တွေ တစ္ဆေလို ရှိနေကြတုန်းလား...

တိမ်တွေဟာ ဓူဝံကြယ်ကိုတော့ဖုံးအုပ်မပစ်နိုင်ဘူးသေချာတယ်လို့ တွေးမိပြန်တော့
သူအသက်ရူလို့ကောင်းလာသလိုပဲ..။

ချက်ချင်းဆိုသလို သူ ကဗျာတစ်ပုဒ်ပုဒ်ဆာလာတယ်
နောက် ချစ်ခြင်းမေတ္တာနည်းနည်းနဲ့အနွေးဓါတ်တစ်ခုဆာလာတယ်
နောက်..ကြည်လင်နေတဲ့ အလင်းပျောက်တစ်ပေါက်လောက်
နောက် အနံ့တွေမပါတဲ့ လေသန့်စစ်စစ် လေပြည်တစ်ဝှေ့လောက်
ဟုတ်တယ် သူတကယ်ကိုဆာလောင်နေခဲ့ပြီ...

ဆာလောင်ခြင်းဟာစေ့စေ့စပ်စပ်ကြည့်လေ နာကျည်းဝမ်းနည်းဖွယ်ရာကောင်းလေပါပဲ
ဆာလောင်ခြင်းဟာ စိတ်တွေကို တဆတ်ဆတ်ထိုးဆိတ်နေတဲ့ ငှက်ဆိုးတစ်ကောင်ရဲ့နှုတ်သီးပဲ
ဆာလောင်ခြင်းဟာ သွေးတွေကိုတပွက်ပွက်ပူခြစ်လာစေနိုင်တဲ့ မောင်းနှင်အားပဲ

သူ့အရိုးထဲ ခိုက်ခိုက်တုန်မတတ် အလွမ်းတွေ ကျဉ်စက်တက်လာတဲ့အခါ
သူဟာ ပန်းချီကားရှိရာကို ဆာဆာလောင်လောင်ကြီးမျက်နှာမူမိလိုက်တယ်
သေနေတဲ့ နာရီပေါ့..အဲဒီ့ပန်းချီကား..ဟာ။။

+++++++++++++++++++++

သူ့ဆံပင်တွေဟာ ခါးသက်စရာကောင်းလောက်အောင်ရှည်လျားနေခဲ့လောက်ရောက်ပေါ့
ဆံပင်တွေရှည်သလို နောင်တတွေများရှည်ထွက်လာခဲ့သေးလား
မဟုတ်ပါဘူး နောင်တဆိုတာ အလွမ်းနဲ့ငြိုးသူ့ရန်ဖက်ပဲ
ဆံပင်တွေရှည်သလို အလွမ်းတွေထိုးထိုးထောင်ထောင်ရှည်လာတာ

အိုးးးးးးးး

ဟိုးးးးးဝေးဝေးက ရထားဥသြဆွဲလိုက်သံလား
ရထားဘီးတွေခရီးတွေကို စီးပြီး တ၀ှီးဝှီးလည်ပတ်နေကြလား
ရထားခေါင်းတွဲက အခိုးအငွေ့တွေလေထဲမှာ တိမ်မျှင်တွေလို တန်းနေမှာလား
ရထားဟာ အရှိန်နည်းနည်းလျှော့လိုက်ပြီလား
ရထားပြတင်းမှာ လက်ပြနေသူတွေရှိသလား
ရထားဟာ ဘူတာဆီကို နီးကပ်လာပြီလား
ဘူတာမှာ မျှော်လင့်ခြင်းတွေကိုအစွမ်းကုန်တပ်ဆင်ထားတဲ့မျက်ဝန်းတွေ စောင့်ဆိုင်းနေပြီလား
ရထားဟာ ဘူတာလေးကိုကျော်သွားပြန်ပြီလား

ရထားဘီးအကြိတ်မှာ တသိမ့်သိမ့်တုန်ခါနေတဲ့ သံလမ်းတွေရဲ့ညည်းညူသံဟာ
သိပ်ကို အဓိပ္ပါယ်ပြည့်ဝတဲ့ပေးဆပ်နာကျင်ခြင်းတေးသွား..ပဲ

သူ့အရိုးထဲ ခိုက်ခိုက်တုန်မတတ် အလွမ်းတွေ ကျဉ်စက်လာပြန်ပြီ..။

++++++++++++++++++++++++++

အဲဒီ့ ပန်းချီကားဟာ သေနေတဲ့ နာရီပဲ...

ပန်းချီကားရဲ့နောက်ခံကို သူက အနက်ရောင်ကိုရွေးချယ်ခဲ့တယ်

ဟုတ်တယ်....အနက်ရောင် ပိန်းပိတ်နေတဲ့ အနက်စစ်စစ်အရောင်ပါ
အဲသလိုပိန်းပိတ်ခြင်းအနက်ရောင်ထဲမှာ နာခံရိုကျိုးခြင်းတွေပါနေတယ်
နောက်..အနိဌာရုံများစွာကို သပ်သပ်ချေချေ အနှစ်ချုပ်ပြထားလိုက်ခြင်းတွေပါနေတယ်
အို...ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းတွေနဲ့နက်ရှိုင်းတည်ငြိမ်နေတဲ့ ၀ိḩာဉ်တွေပါ ပါဝင်နေတာပါ
သြဇာအာဏာနဲ့ စွမ်းရည်သတ္တိ တွေ သိပ်သည်းမှောင်မိုက်နေစေဖို့
သူအနက်ရောင်ကို ၀ံ့ဝံ့စားစားရွေးချယ်ပစ်ခဲ့တာနေမှာပေါ့
စွမ်းရည်သတ္တိ စွမ်းရည်သတ္တိ
အဲသလို တဖွဖွ ရေရွတ်လိုက်မိတာနဲ့
သူ့အကြည့်တွေက အပြာရောင်ကြယ်တွေဆီရောက်ကိုရောက်သွားပြီ

သစ္စာခံယူခြင်းသင်္ကေတတွေနဲ့ အပြာတွေက ပြာနေကြတာပါ..
အဲဒီ့မှာ သတ္တ၀ါတွေကောင်းကျိုးသယ်ပိုးစိတ်တွေတစိမ့်စိမ့်ဖြာထွက်နေခဲ့တာ
ကောင်းကင်ကြီးကို ကိုယ်စားပြုထားတဲ့ အပြာကို
သမုဒ္ဒရာကြီးကိုကိုယ်စားပြုထားတဲ့ အပြာကို
သူ့ပန်းချီကားထဲက ကြယ်တွေ ကြယ်ကြွေတွေ ရဲ့အရောင်အဖြစ်ရဲရဲဝံ့ဝံ့ရွေးချယ် ပစ်ခဲ့တယ်..

အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်.. အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်...
သူဒီလိုခပ်ဖြည်းဖြည်းရေရွတ်လိုက်မိတယ်....
နောက် ခပ်မြန်မြန်ကြီး..တရစပ် ရေရွတ်နေမိတယ်...

အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်...အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်...

ဒါပေမယ့် ဒီနေ့လည်း..ပန်းချီကားကို အဆုံးမသတ်နိုင်ပြန်ပါဘူး..။

++++++++++++++++++++++++++

သူအနီရောင်ဆေးကိုစိတ်တိုင်းကျစပ်ဖျော်နေမိတယ်
တဖြည်းဖြည်းအနီရောင်တွေဟာ သူ့နှလုံးသွေးစက်တွေလိုပဲ

ရုတ်တရက်မယုံနိုင်လောက်အောင်ကြေကွဲခြောက်ချားလာတယ်

အနီရောင်..အနီရောင်တွေ

အနီရောင်တွေဟာ ဆန့်ကျင်ဘက်ကို အလဲထိုးအောင်နိုင်ခြင်းတဲ့
အနီရောင်ဟာ မျှော်လင့်ချက်ရောင်ခြည်ရဲ့ အငွေ့အသက်တွေတဲ့
အနီရောင်ဟာပြင်းထန်တဲ့ စိတ်လှုပ်ရှားထိခိုက်မှုကို အပေးနိုင်ဆုံး ချစ်ခြင်းတရားတွေတဲ့

သူများထက်ချစ်တတ်သူတွေဟာ အနုပညာသမားတွေဖြစ်ကြတယ်
အနုပညာသမားဆိုတာ သူများထက်ချစ်တတ်တယ်
အနုပညာသမားဆိုတာ အရာရာကိုချစ်တတ်တယ်
အနုပညာသမားဆိုတာ အရာရာကိုချစ်တတ်ခြင်း စိတ်ဝိဥာဉ်အတွက် သူတို့နှလုံးအိမ်တွေကို အမြဲတမ်း.ရှုင်းလင်းသန့်စင်ထားခဲ့ကြသူတွေဖြစ်တယ်

သူဟာ ကျွန်တော်ဟာ သိပ်ချစ်တတ်တဲ့ အနုပညာသမားတစ်ယောက်ပါ
ကျွန်တော့ချစ်ခြင်းတရားတွေထဲမှာ အမှန်တရားက နံပါတ်စဉ် တစ် မှာပါခဲ့တယ်

အမှန်တရားကို ချစ်ခင်ခြင်းဟာ အမှားတွေကို ထိပ်တိုက်ရင်ဆိုင်ခြင်းစိန်ခေါ်ပွဲတစ်ခုပေါ့

စိတ်ချ ကျွန်တော့်ခရီးက အမှန်တရားနဲ့စခဲ့လို့ အမှန်တရားနဲ့ အဆုံးသတ်မှာပါ

မင်းသိပ်ခေါင်းမာတဲ့ ကောင်ပဲကွာလို့ ဖေဖေကမချိတင်ကဲ မြည်တမ်း ကြေကွဲသွားသေးလား

ချစ်သူ့ရဲ့ နာကျည်းအံကြိတ်သံတွေ ပဲ့တင်ရိုက်ခတ်နေပြီလား
ချစ်သူဟာ ဘယ်သူ့ရာသီမှာ လှလှပပပွင့်ပြနေရတဲ့ ပန်းလေးတစ်ပွင့်ဖြစ်နေခဲ့ပြီလဲ..

အမေ....အမေ...လို့ သူ့တမ်းတသံတွေကို နောက် သူရဲ့ ငိုကြွေးခြင်းကို သူက သူ့မျက်ရည်တွေနဲ့မပေါ့ပျက်စေလိုဘူး....

နာရီတွေ...နာရီတွေ..နာတာရှည်အဖျားသွေးနဲ့..ကယောင်ကတမ်း..ညည်းညူကိုက်ခဲနေတဲ့ နာရီတွေ..
နောက်....သေဆုံးသွားကြပြီဖြစ်တဲ့ နာရီတွေ....

အိုးးးး

သွားစမ်းးကွားးးးးးးဒီအနီရောင်တွေ..
သူအနီရောင်ဆေးတွေကို ကြမ်းပြင်ပေါ်သွန်မှောက်ကျဲပက်ပစ်လိုက်တယ်...။

++++++++++++++++++++++++++

သူဟာတကယ့်ကို အလွမ်းတွေနဲ့ခိုက်ခိုက်တုန်နေခဲ့ပါပြီ...

ဘာ..မှာမမြင်နိုင်တဲ့အရပ်ကိုမျှော်ကြည့်နေခြင်းဟာ အရာရာပဲ..

ဘာ..မှ မရှိတဲ့ ရှုမျှော်ခင်းတွေဟာ..အရာရာပဲ... အဲဒီ့အရာရာတွေကို စုစည်းထုတ်ပိုးပြီး သူဒီပန်းချီချပ်ကို အဆုံးသတ်ရပါလိမ့်မယ်...

ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဖြစ်ခဲ့ ပျက်ခဲ့ သမျှ အခင်းအကျင်းတွေကိုရောစပ်ပြီး
သူက သမမျှတအောင်..အရောင်ချယ်ကြည့်ရပါလိမ့်မယ်..

ဒီ့ထက်စိတ်ပျက်ညစ်ညူးဖွယ်ရာမရှိတော့တဲ့ ဆက်တင်ကိုသူက စုတ်ချက်ခပ်ကြမ်းကြမ်းနဲ့ သရုပ်ဖေါ်ကြည့်ရပါဦးမယ်..

ဒီပန်းချီကားချပ်ရဲ့ကောင်းကင်ကို သွေးခြည်နည်းနည်းဥပေးပြီး ဒီပန်းချီကားချပ်ရဲ့ထောင့်စွန်းမှာ ဆာလောင်ခြင်းသစ်ပင်ကို ခရမ်းရောင်တွေနဲ့စိုက်ပျိုးရပါလိမ့်မယ်..

လေထုထဲမှာ..အလွမ်းတွေ ထူထူသိပ်သိပ်ဝဲဝေ့နေတာကို သူက ဒီပန်းချီတစ်ချပ်နဲ့တင်.. သရုပ်ပေါ်ပီပြင်အောင် နက်နက်ရှိုင်းရှိုင်း ရေးဆွဲရပါလိမ့်မယ်...

သူက သူ့ဆုံးရှုံးခြင်းတွေရဲ့ တန်ရာတန်ကြေး နီးပါးအတိုင်း ဒီပန်းချီကားကို ရင့်ရင့်ရိုင်းရိုင်း ရေးဆွဲရပါလိမ့်မယ်...

ဒီပန်းချီကားထဲမှာ သူ့ရဲ့သေနေတဲ့ နာရီကို အဓိက အသားပေးပြီး စူးစူးရှရှရေးဆွဲရပါလိမ့်မယ်..

ဒီပန်းချီကားချပ်ထဲမှာ လှောင်ပိတ်မွန်းကြပ်နေတဲ့ အခန်းအိုအိုတစ်ခုရဲ့ ရနံ့ကို စနစ်တကျဆေးဖျော်စပ်ပြီးကြေကြေကွဲကွဲ ရေးဆွဲရပါလိမ့်မယ်..

အစိမ်းရောင်ဆေးဖျော်ခွက်ကို အဝေးဆုံးမှာရွှေ့ထားပြီး ဒီပန်းချီကားကို သူက နာနာကျည်းကျည်း ရေးဆွဲရပါလိမ့်မယ်..

နောက် အနာတရအမျိုးမျိုးနဲ့ ပုံသဏ္ဍန်ပျက်ယွင်းစပြုနေတဲ့ သူ့နှလုံးသား ပုံတူတစ်ခု
နောက်..ဘယ်တော့မှ..မကျက်နိုင်လောက်အောင်..လှိုက်စားကိုက်ခဲနေခဲ့တဲ့ စိတ်ဒဏ်ရာတွေအားလုံးကို အနုစိပ်သရုပ်ပါအောင် သူဆွဲပြရပါလိမ့်မယ်....

ဟုတ်တယ်... သူဆွဲရမယ်.....

သူက..ဒီပန်းချီကားကို..ရေးဆွဲပိုင်ခွင့်တစ်ခုထဲ မိမိရရပိုင်ဆိုင်ထာခဲ့သူ..
သူက ဒီပန်းချီကားချပ်ထဲက သက်ငြိမ် သရုပ်ဆောင်

လက်စသတ်ရမယ်...
သူ ပဲ လက်စသတ်ရလိမ့်မပေါ့...ဒီပန်းချီကားကို.....
ဒါပေမယ့် ဒီနေ့လည်း..ပန်းချီကားကို..အဆုံးမသတ်နိုင်ပြန်ပါဘူး..။

++++++++++++++++++++++++++

မျှော်လင့်ချက်ဆို တာ ဘယ်တော့မှမညှိုးတတ်တဲ့ ပန်းတွေပါ...

ကောင်းကင်မှာ ကြယ်တွေ မရေတွက်နိုင်အောင်.တလက်လက်လင်းပနေဆဲပါ..
ခုတိုက်ခတ်နေတဲ့ လေပြည်မှာ ကြယ်နံ့တွေတောင်ပါလာသလိုလို...

ယုံကြည်ချက်ဆိုတာနေရောင်မှာ တစ်ဖျတ်ဖျတ်လက်ဖြာနေတဲ့ ဓါးသွားတစ်လက်.

သစ္စာတရားဟာ သိပ်ကြောက်စရာကောင်းလောက်အောင် ထက်မြက်စူးရှတဲ့ လက်နက်..
သေချာတယ်..။

သူ့သွေးတွေ..တဖြည်းဖြည်း နွေးမြလာပြန်တယ်...

အမှောင်တွေဟာ အလင်းရောင်ကိုအကြားအလပ်မရှိလက်နက်ချစွန့်ခွာသွားကြသလိုမျိုး
ရောင်နီဟာလှလှပပကိုဖြာလင်းလာဦးမှာပါ...လေ

အမှန်တွေဟာ ရဲရင့်တဲ့ စစ်သူကြီးတစ်ယောက်ရဲ့အားမန်တက်ကြွမှုတွေနဲ့..
အမှားတွေရဲ့ကမ်းသိမ်းတိုက်ပွဲကို ဆင်နွှဲလိမ်းဦးမှာပါ..လေ

သူ့ခွန်အား အချိန် ဇွဲသတ္တိ ချစ်ခြင်းတရားḩာဏ်ပညာ ယုံကြည် မျှော်လင့်ချက်နဲ့ အရာရာ...
သူပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးတွေ မနည်းပဲ...။ နည်းမှမနည်းပဲ ။နည်းမှမနည်းပဲ ။

ဟုတ်တယ်....အမှန်တရားနင်းထားတဲ့အရပ်ဟာ..အောင်မြေ..
သူ့သွေးတွေ..တဖြည်းဖြည်း နွေးမြလာပြန်တယ်...
သေနေတဲ့ နာရီ ပန်းချီကားကို...သူ......အဆုံးသတ်ရမယ့်နေ့....
တစ်နေ့..နေ့......
အလို..
ခုတိုက်ခတ်နေတဲ့ လေပြည်မှာ ကြယ်နံ့တွေ..တောင်ပါလာသလိုပါလား.
.သူ့သွေးတွေ..တဖြည်းဖြည်း နွေးမြလာပြန်တယ်...

++++++++++++++++++++++++++

အင်းးးး ............................................. .......................

ဟိုးးးးးဝေးဝေးက ရထားဥသြဆွဲလိုက်သံလား....
ရထားဘီးတွေ ခရီးတွေကို စီးပြီး တ၀ှီးဝှီးလည်ပတ်နေကြလား...
ရထားခေါင်းတွဲက အခိုးအငွေ့တွေ လေထဲမှာတိမ်မျှင်တွေလို တန်းနေမှာလား ရထားဟာ အရှိန်နည်းနည်းလျှော့လိုက်ပြီလား...
ရထားပြတင်းမှာ လက်ပြနေသူတွေရှိသလား.......
ရထားဟာ ဘူတာဆီကို နီးကပ်လာပြီလား...

ဆာလောင်ခြင်းဟာ သွေးတွေကိုတပွက်ပွက်ပူခြစ်လာစေနိုင်တဲ့ မောင်းနှင်အားပဲ...

ဟုတ်တယ်... သေနေတဲ့ နာရီပေါ့ အဲဒီ့ပန်းချီကား..ဟာ

ဒါပေမယ့် ....ဒီနေ့လည်း ဒီပန်းချီကားကို အဆုံးမသတ်နိုင်သေးပါဘူး..

ဒါပေမယ့်.. အမှန်တရား..နင်းထားတဲ့ အရပ်ဟာ...အောင်မြေ..ပါ။

++++++++++++++++++++++++++

အိန္ဒြာ
(၅.၁၀.၂၀၀၉)
(၂၀၁၀၊ သြဂုတ်လထုတ်၊နှလုံးအိမ်မဂ္ဂဇင်း)


တင်ပြီးသားဝတ္ထုလေးပါပဲ ။

အခု မဂ္ဂဇင်း သရုပ်ဖေါ်ပုံလေးနဲ့တွဲပြီး ထပ်တင်ပေးလိုက်ပါတယ်။

March 31, 2010

ညဉ့်သိပ်ခရီး

တင်ပြီးသား ၀တ္ထုလေးတစ်ပုဒ်ပါပဲ ။ မဟေသီမဂ္ဂဇင်းမှာ ပါဝင်ခဲ့တဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပေါ့..။
မဖတ်ရသေးသူများ ကျော်ချသွားသူများအတွက် ထပ်တင်ပေးလိုက်ပါတယ်..။
ဒီဝတ္ထုလေးထဲက အကြောင်းအရာ အက္ခရာတစ်လုံးမကျန်ဟာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့တာတွေဖြစ်ပြီး
ဒီဝတ္ထုလေးထဲက တိုင်နဲ့ခေါင်းဆောင့်ပြီးငိုကြွေးခဲ့ရတဲ့ သမီးအကြီးမလေးက
အခုဝတ္ထုတွေ ကဗျာတွေရေးနေတဲ့ အိန္ဒြာပေါ့လေ..။

++++++++++++++++++++++++++++++++++++++++++++++++++++++++

ခရီး(၁)။

ညဟာ ဘ၀တွေရဲ့ အံဝှက်တစ်ခုလည်းဖြစ်ပြန်တယ်။
စိုစွတ် မှောင်အိ နေတဲ့ အမှောင်မှာ အနံ့တစ်ခုက စေးကပ်ပျော်ဝင်နေလိမ့်မယ်။
တစ်စုံတစ်ခုသောအဲဒီ့အနံ့ကစိတ်တွေကိုထိတ်ပျံ့လွင့်မျောစေတတ်သလား...။
မှတ် အကိုက်ခံလိုက်ရတဲ့ ခိုင်းနွားတစ်ကောင်ရဲ့အရေပြားလို ရထားက သူ့ကိုယ်ကို လှုပ်ခါလိုက်ချိန်မှာတော့ ပလက်ဖေါင်းပေါ်ခြေစုံချမိ လိုက်ကြပြီ။
ရထာားရဲ့ ဥသြသံဟာ ညဉ့်သန်းခေါင်မှာ လိုတာထက် တော်တော်များများကြီးကို ကျယ်လောင်မြည်ဟီးလွန်းနေတယ်..။
အမှောင် ထဲကို တိုးဝင်သွားတဲ့ ရထားကို ငေးကြည့်နေရတဲ့ အချိန်ဟာ တွေဝေမွန်း ကြပ်စရာ ကောင်းသလိုရှိပြီး သိပ်လည်း လျို့ဝှက်သဲဖို ဆန်နေတယ်။

ရာဆာအာရာဖတ်ဟာ သူပိုင်မြေကြီးကို တယုတယ ဆုတ်ယူ နမ်းရှိုက်တယ်ဆိုတာ ရူးသွပ်မှုတစ်ခုလို့ ဘယ်တော့မှ ပြောဖြစ်မယ်မထင်ဘူး..။
တစိမ့်စိမ့်တိုး ၀င်လာတဲ့ အားအင်တွေနဲ့ နှလုံးသားက တဖျတ်ဖျတ်ခါလာ တယ်..။ ရင်ပြင် တစ်ခုလုံး လှိုက်လှဲ ကြေကွဲလာခဲ့တယ်။
အရှိန်ငြီးငြီးလောင်ကျွမ်းနေတဲ့မီးလုံးတစ်လုံးလိုလိမ့်လာခဲ့တာမို့နီးစပ်ရာတွေကို ကူးစက်လောင်ကျွမ်းလိမ့်ဦးမှာလည်း သေချာနေတာပေါ့..။

ခင်ပွန်းသည်ကိုမနိုင်မနင်းတွဲပိုးပြီးဘူတာကခုံတမ်းလေးပေါ်မှာ လှဲမှီ နေလိုက်စေတယ်..။
ဇက်ကျိုးပြီး ဦးခေါင်းငိုက်စိုက်ကျနေတဲ့ ခင်ပွန်းသည်ရဲ့ မျက်နှာကို လက်ဖ၀ါးလေးနှစ်ဘက်နဲ့ အသာညှပ်အုပ်ကိုင်လိုက်ရင်း အကိုကြီး ရောက်ပြီသိလား.. ၊
တိုးတိုးဖွဖွလေး ပေမယ့် လှိုက် လှဲတုန်ခါ နေတယ်..။
အင်းလို့မပီမသ ညည်းညူသံနဲ့ ဖြူဖွေးအေးစက်ချင်နေတဲ့ နှုတ်ခမ်းတွေကို မကြည့်ဖြစ်အောင် မထိမ်းချုပ် နိုင်ခဲ့ဘူး..။
ကိုကြီးသက်ရော သက်သာရဲ့လား..၊ ကလေး တွေဆီ ရောက် တော့မှာလေ..၊
ခပ်မြန်မြန်ညိမ့်ပြလိုက်တဲ့ ခေါင်းအဆတ်ကိုကြည့်ပြီး အား တက်လာ သလိုရှိသွားမိတယ်..။
ညက ချောက်ချားစရာ ကောင်းလောက် အောင် တိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်..။
ဒီနေ့မှ ခရီးအသွား အလာတွေ မရှိသလောက် နည်းပါး နေခဲ့တာလား..။
အခြေအနေက တစ်မျိုး ကျေနပ်စရာ ကောင်းနေခဲ့ပြန်တယ်..။

ဒါပေမယ့်ဆိုက်ကားက ကြိုမှာမထားရတော့ တစ်စီးမှကို မရှိဘူး…….. ကိုကြီး..။
ကျွန်မ အိမ်ကိုသွားနိုးမှရမယ်..။ အိမ်မှာ သိန်းဝင်း ဆိုက်ကား ရှိတယ်လေ..။
ကိုကြီးဒီနေရာလေးမှာပဲနေခဲ့နော် ။

ငြိမ်သွားတဲ့အဖြေကြောင့်နေရာကရွှေ့လို့မရပြန်ဘူး..။
လက်ဖ၀ါး ချင်း တင်းတင်း ဆုတ်ကိုင်ထားတဲ့ အတွေ့ဟာ နှလုံးအိမ်ချင်းကို
အကျစ် လစ်ဆုံးချည်နှောင်ထားသလိုရှိနေတယ်..။

ဒီလိုအချိန်မှာ တစ်ယောက်ကို တစ်ယောက်မျက်စိအောက်က အပျောက်မခံနိုင်ကြလောက်အောင်
အပြန်လှန် အားကိုးနေခဲ့မိကြတယ်။

ကြင်နာမြတ်နိုးနေမိခဲ့ကြတယ်။
အေးအတူ ပူအမျှ၊ ဆိုးတူ ကောင်းဘက် ဆိုတာတွေနဲ့ ရဲဘော်ရဲဘက်ဆိုတာက စိတ်ဝိဥာဉ်တွေကို
စေးစေးပိုင်ပိုင် ခိုင်မာ သိပ်သည်းနေစေခဲ့တယ်။

သူတို့နှစ်ယောက်အတွက် သောက အပြည့်နဲ့ ဆုတောင်းပေးနေကြမယ့် မျက်ဝန်းတွေကို မြင်ယောင် သွားမိသေးရဲ့..။
ဒီလိုအခြေ အနေမျိုးနဲ့ ဒီလို ဒုက္ခအတိုင်းအတာ အထိတော့ ဘယ်သူမှ ပူပင်တွေးထင်မိကြလိမ့်မယ် မထင်ဘူး..။
လက်ဖ၀ါး ကို မသိမသာလေး ဖြေချလိုက်ပြီး.. ။
နော်...အကိုကြီး ခဏလေးပါ ၊ သိပ်မှမဝေးတာလို့ ခပ်တွဲ့တွဲ့ ပြောလိုက် ပြန်တော့မသိမသာလေးခေါင်းငြိမ့်ပြရှာတယ်..။
စိတ်မချဘူးတစ်ယောက်တည်း ဆိုတာကိုမျက်ဝန်းတွေနဲ့ပဲ့တင်ထပ်အောင်ပြောလိုက်တော့။
အို...ဒါ...ကျွန်မမြို့ပဲဟာ ကိုကြီးကိုသာစိတ်မချတာလို့ မျက်ဝန်းတွေနဲ့ပဲ
နွေလယ်တည့်တည့်ရဲ့ညသန်းခေါင်ဟာ လေပူတွေနဲ့ချွေးစေးပြန် နေခဲ့တယ်..။

ညထဲမှာ ပျော်ဝင်နေတဲ့ရနံ့တွေက ပိုပြီးသိပ်သည်း လာသလိုပဲ..။
ခုံတန်းလျားလေးကိုမှီထားတဲ့ခေါင်းငိုက်စိုက်ပုံရိပ်ကိုအကွေ့နေရာမရောက်ခင်အထိ
သမင်လည်ပြန် လှည့် လှည့် ကြည့်နေမိတယ်..။

စူးစူးဝါးဝါး ထိုးဟောင်လိုက်တဲ့ ခွေးတွေကိုတော့ ဘာအရေး လဲ..။
အကွေ့ကျော်တာနဲ့သုတ်ချေတင်လိုက်တဲ့ခြေဖ၀ါးတွေမှာ ဒီလောက်လောင်မြိုက် ကြေကွဲ၊
ပူပန်စိုးရွံ့မှုတွေ လိမ်းကျံထူထဲနေခဲ့လိမ့်မယ်မှန်းဘယ်တုန်းကမှ မတွေး ထင်တတ်ခဲ့ဘူး။


ဒီလမ်းတွေပေါ်မှာဆယ်ကျော်သက်မလေးတစ်ဦး နှစ်ဘက်ခွဲပြီးချ ထားတဲ့ ကျစ်ဆံမြီးလေးရဲ့ အရိပ်တွေ စွန်းထင်နေခဲ့ဖူးပြီး ၊ ကြည် စင်ချို အေးနေတဲ့ ရယ်မောသံတွေ ဖိတ်ကျနေခဲ့ဘူးတာပေါ့။
ဆယ်တန်းအောင်ဖို့ဆိုတာသိပ်ကိုခက်ခဲပြီး ပညာတတ် ရှားပါး ခက်ခဲတဲ့ခေတ်ကြီးထဲမှာ ၁၅နှစ်ကျော်ကျော်လေးနဲ့ ဆယ်တန်း ကိုနှစ်ချင်း ပေါက်အောင်မြင်သွားခဲ့တဲ့သမီးအတွက်
အဖေတစ်ယောက်ရဲ့ဂုဏ်ယူဝံ့ကြွားမှုတွေ၊ အနာဂါတ်အသစ်တွေ လိမ်းကျံနေတာပေါ့..။
ဟိုး..ခေါင်တယ်ဆိုတဲ့နယ်ကိုမှတာဝန်သွားကျတဲ့ ကျောင်းဆရာမ ပေါက်စလေး အတွက်ဆွေမျိုးညာတိတွေရဲ့ စိုးရိမ်သောက၊ပူပင်ကြောင့်ကျတွေ ထပ်ထပ်ကြမ်းခဲ့ဖူး တာပေါ့။
အခုဒီလမ်းကိုဖြတ်လျောက်ပြီး၊
သန်းခေါင်သန်းနွှဲမှာ သေကောင် ပေါင်း လဲဖြစ်နေတဲ့ခင်ပွန်းသည်ကိုတွဲပြီး၊
သောကတစ်ထုတ်တစ်ပိုးနဲ့ ရုတ် တရက်ကြီး ရောက်ချ လာတဲ့ သမီးကြီးကို ဖအေက ဘယ်လို နှလုံးသား နဲ့ဆီးကြိုမှာပါလိမ့်..။
လ၊ ရက် ရှည်ရှည်သူတို့ဘေးကရုတ်တရက်ပျောက်ရှနေတဲ့ ၊
ဖေကြီးကိုပို ချစ်ပါတယ်လို့ အတိအလင်းကြော်ငြာထားခဲ့တဲ့ သူတို့ ဖအေ လူမမာကို သူ့သားသမီးနှစ်ယောက်က ဘယ်လိုနာကျဉ်တုန်လှုပ်မှုမျိုးနဲ့ လက်ခံမှာပါ လိမ့်..။

အမှောင်ထဲကို တရွေ့ရွေ့တိုးဝင်နေပုံဟာ ဘယ်နေရာမှာ အဆုံး သတ်မယ်မှန်းမသိတဲ့ တွင်းနက်ကြီးထဲကို အရှိန်ပြင်းပြင်း ပစ်ချခံလိုက် ရတဲ့ ခဲ တစ်လုံးလိုရှိနေလိမ့်မလား။
အရှိန်ငြီးငြီး လောင်ကျွမ်းနေတဲ့မီးတောက်တွေဟာ.. ကိုယ့်ဟာ ကိုယ် ပူလောင်ဖို့ တော့ မေ့လျော့နေတတ် ကြပြန်တယ်.။

+++++++++++++++++++++++++++++++++++++++++++

ခရီး(၂)။

ညဟာ မူးဝေ မိန်းမောစေနိုင်တဲ့ရနံ့တွေကိုသိုဝှက်ထားတဲ့ လှပ မွှေးပျံ့လွန်းတဲ့ ပန်းရိုင်းတစ်ပွင့်လည်းဖြစ်ခဲ့တယ်။
ဆတ်ဆတ်ကော့ကော့ နိုင်လွန်းလှတဲ့ လေပြည်မှာ နှလုံးသား တစ်ခုလုံးကလည်း တဆတ်ဆတ်ခါချင်နေခဲ့တဲ့ ။
ဒီကိစ္စမှာ ညရဲ့ ဖျား ယောင်းမှု က ၁၀ရာခိုင်နှုန်း ၊ ချစ်တတ်ခြင်းက ၆၀ရာခိုင်နှုန်းနဲ့ ၊ အား ကိုးလေးစားခြင်းတို့က ၃၀ရာခိုင်နှုန်းတို့ တိတိကျကျ ပါဝင်နေလိမ့်မယ်..။
ရပ်ရွာကို သိပ်ချစ်ပြီး အစစအရာရာ ဦးဆောင်ဦးရွက်နဲ့ လေးစား အားကိုးကြရတဲ့ ၊
တည်ကြည်ဖြောင့်မတ် သလောက် ၊ မတရားဘူးထင်ရင် ဘယ်သူ့အတွက်မဆို နည်းနည်းလေးမှ ခေါင်းငုံ့မခံတတ်တဲ့၊
ရင်ဆိုင်ဖြေရှင်း ပေးဖို့လည်း အမြဲတမ်းအဆင်သင့်ရှိနေတတ်တဲ့၊ ပျော်ပျော်နေတတ်သလောက် ၊သွေးအေး တည်ငြိမ်တဲ့၊
ကိုယ့်ထက် ကိုးနှစ်တိတိကြီးပြီး ကိုယ့်အပေါ်၊ကြင်နာတတ်လွန်းတဲ့ လူမျိုးကို ခင်ပွန်းအဖြစ် ရွေးချယ်မိလိုက်တာဟာ နောင်တရ စရာလို့ ဘယ်တော့မှ ထင်မိမှာမဟုတ်ဘူး..။
သူ ဦး ဆောင်ဦး ရွက်ပြုမယ့် အိမ်ထောင် ဟာ ဘယ်လောက်များ နွေးထွေး သာယာနေလိုက်မလဲပေါ့..။
ဒါပေမယ့် အဖြူရှိပြီး အမည်းရှိသလိုမျိုး ၊ ဒီက ရွာ ဟောင်း နဲ့ရွာ သစ်လို ဆန့်ကျင်ရာအရပ်ကို တစ်စတစ်စဝေးကွာနေကြ သလိုမျိုး၊
ချစ်သူတွေ ရှိတဲ့ အရပ်မှာပဲ မုန်းသူလည်း ရှိနေနိုင်သေးတဲ့အကြောင်းကိုတော့ နည်း နည်းလေး တောင် တွေးထင် မကြည့်တတ်ခဲ့ကြဘူး..။
သူတို့ရဲ့ ဂေါ်မစွံ လူပျိုကြီး နဲ့ သိပ်ကို ယဉ်ကျေးလှပတဲ့ တစ်ရွာသူ ဆရာမလေးတို့ ဇာတ်လမ်းကို ၀မ်းသာအားရပြော နေကြမယ့် ရွာသူ ရွာသား တွေရဲ့ ညချမ်းမှာ
ဖေဖေက သူ့အားအထားဆုံး သမီးကြီး အတွက် တိတ်တဆိတ် မျက်ရည်ကျ နေခဲ့ရှာသတဲ့။

ဟင့်အင်း..။

ညဥ့်လေဟာ ရင့်ရိုင်းစိုစွတ်နေပေမယ့် အရာရာကို မေ့လျော့ချင် လောက်အောင် ချိုအီနွေးထွေးနေခဲ့တယ်.။
တစ်စိတ်တည်းတစ်ဝမ်းတည်းမြဲမြဲ ဆုတ်ကိုင်လိုက်ကြတဲ့ တွဲလက်တွေဟာတစ်သက်လုံးအတွက်ပေါ့..။
ချစ်သူ့ရင်ခွင်သည်ကား ငြိမ်းချမ်းနယ်မြေဆိုတဲ့သီချင်းစာသားတွေက
တဖြည်းဖြည်းလှပသိပ်သည်းလာခဲ့တယ်..။

အို.....သံသရာဆွဲဆန့်လို့ ဘယ်လောက်ပဲ ရှည်ပါစေတော့ကွယ်..။
အဖေတူတဲ့ သမီးနဲ့၊ အမေတူတဲ့ သားလေးကို တယုတယ ပျိုးထောင်ကြရမယ့် လက်တွေဟာဘယ်တော့မှမကွဲကွာနိုင်ကြတော့ဘူး ပေါ့..။
တစ်ယောက်ရဲ့ ယုံကြည်ချက်ဟာ တစ်ယောက်ရဲ့ ရင်ခုန်သံ ဖြစ်လာပြီး.. ၊
တစ်ယောက်ခြေသံတွေနဲ့ တစ်ယောက်ခရီးဆက်ခဲ့ကြတယ်..။

ကြမ်းတမ်း ခက်ထန်တယ်ဆိုတဲ့ နေ့တွေ ရက်တွေကိုတောင်မှ အတူရှိနေကြတယ်ဆိုတာတစ်ခုနဲ့တင် ချိုမြိန်နေတတ်ခဲ့ကြတာ...။

+++++++++++++++++++++++++++++++++++++++++++

ခရီး(၃)။

ညဟာ ကျိန်စာတွေကို သံစဉ်သွင်းထာတဲ့ တေးသီချင်း တစ်ပုဒ် လည်းဖြစ်ပြန်တယ်။
ရှိုက်ထုတ်ရလွန်းနေတဲ့ သက်ပြင်းပူပူတွေနဲ့ လေထု တစ်ခုလုံးပါးကျဲသလိုရှိနေတယ်။
ညထဲမှာ စိမ့်ပျော်နေတဲ့ ရနံ့တွေဟာ စိမ်းရွှေ ရိုင်းစိုင်းပြီး တစ်စတစ်စ စိုးရိမ်လှုပ်ခတ်စရာ ကောင်းလာကြတယ်။
မဟုတ်ဘူး..။
မဖြစ်နိုင်ဘူး....ဆိုတဲ့ အထပ်ထပ်ပဲ့တင်နေတဲ့မှတ် ချက်ကို လက်လျော့ လိုက်ရချိန်မှာတော့ ဆေးရုံဝန်းထဲက သွေးရှုးသွေး တမ်းထွက်ပြေးလာခဲ့တယ်..။

တစ်ရံမလပ်အပ်ထားမိတဲ့ မျက်နှာတစ်ခုရဲ့ အရိပ်အခြေကို ဘယ်သူက ပိုသိနိုင်ဦးတော့မှာလဲ...။
ဆေးရုံတင်တာနောက်ကျသွားတယ်ဆိုတဲ့ဆရာဝန်ရဲ့မှတ်ချက်ဟာသိပ်ကို နာကျည်းကြေကွဲစရာ ကောင်းတဲ့မှတ်ချက်တစ်ခုပဲ..။
ဘယ်သူ့ကိုမှ နောက်ဆန်ငင်မနေရတော့အောင် သတိ လုံးလုံး ကင်းမဲ့ နေတာလို့အကောင်း ဘက်ကတွေးကြည့်ရမလား..။
နှုတ်ဆက်မှာကြားခြင်းကို ဖေါ်ဆောင်မယ့် အကြည့်ယဲ့ယဲ့လေးတစ်ချက်မှတောင်ရခွင့်မရှိတော့တာဟာ ဘ၀ရဲ့နောက်ထပ် ဆုံးရှုံးခြင်းများလား..။
ဆေးရုံကိုချက်ချင်းမတင်နိုင်ဘဲသင့်လျော်သလို နေထိုင် ရှောင်တိမ်း နေကြခဲ့ရတာအတွက် ဘယ်သူ့ ကို အပြစ် တင် ဆဲရေး ပစ်လိုက် ရမလဲ..။
အို.. ဒီလောက် ချွဲတဂူးဂူးနဲ့ မချိမဆန့် နာကျဉ် ပင်ပမ်း လွန်းနေတဲ့ ခင်ပွန်းကို ဘာမှ ဖြည့်ဆည်း၊ဖေးမ မပေးနိုင်တော့တဲ့ ဇနီး သည်တစ်ယောက်အဖြစ် နဲ့
စိတ်လျော့လက်လျော့ကြီး ဇိမ်ပြေ နပြေထိုင် ကြည့်နေရဦးမှာလား..။
ချစ်သူ့ရဲ့နှုတ်မဆက်နိုင်တော့တဲ့တစိမ့်စိမ့်ခွဲခွာသွားခြင်းမှာ တဖြည်း ဖြည်း ကျန်နေရစ်ရမှာလား..။
မခံနိုင်ဘူး...။

မမကြီးဆိုတဲ့ အငယ်မရဲ့ အသံကိုလည်းမကြားချင်တော့ဘူး..။
အသားကုန်ပြေးထွက်လာတဲ့ခြေလှမ်းတွေဟာ ဘူတာဘေးကဖြတ်လာတော့
ဆောင့်အဆွဲခံလိုက်ရသလို ရပ်တန့်သွားခဲ့တယ်။

မှောင်မဲတိတ်ဆိတ် နေတဲ့ ဘူတာရဲ့ချောင်ကျကျ နေရာက ထိုင်ခုံလေးပေါ်မှာ...။
အိုဘယ်လိုမှ စိတ်မချနိုင်ပါဘူးဆိုတဲ့ မျက်ဝန်းအကြည့်တွေ..။
လက်ဖ၀ါးတွေကိုမလွတ်တမ်း တင်းကြပ်နေအောင်ဆုတ်ကိုင်ထား တဲ့ နောက်ထပ် လက်ဖ၀ါး တွေ...။
အို ဘုရား... ဘုရား.. ၊ သူ့ရဲ့ အဆမတန် တင်းမတ်ထားရတဲ့ စိတ် တွေကို သမီးနဲ့သားကို တွေ့ပြီးသွားလို့ လျော့ချလိုက်တာလား..။
ဒီလောက်ရိုးစင်းတဲ့မိသားစုထဲကို ဒီလောက်ရက်စက်ဆိုးဝါးတဲ့ကံကြမ္မာမျိုး
ရောက်လာတယ်ဆိုတာကရော ဟုတ်နိုင်ပါ့မလား..၊

အခက်အခဲ၊ အကြပ် အတည်းတွေကြားထဲက အုတ်ဖိုသွားချင်တယ် ဆိုတာကရော...
သားနဲ့ သမီးကို ဘယ်လိုပြောပြရမလည်း..။
ဖေကြီးက မနိုးသေး ဘူးလားလို့ မေးတတ်တဲ့ အငယ်ကောင်လေးရဲ့ မေးခွန်းတွေ၊
မအေရဲ့ မျက်နှာရိပ်မျက်နှာခြေကြည့်နေရှာတဲ့အကြီးမကြီးရဲ့မျက်ဝန်းတွေ...
အို အဆုံးအစမရှိတဲ့ လေဟာနယ်ထဲကို စိတ်ရောကိုယ်ပါ တစ်စစီ ပေါက်ကွဲလွင့်စင် ထွက်သွားသလိုလို..။

သမီးဆိုပြီး ဆွဲပွေ့လိုက်တာဟာ ဖေဖေပဲ..။
ထုံကျဉ် အေး စက်နေတဲ့ ရုပ်ခန္တာတစ်ခုလုံးကို အားမရနိုင်တော့ဘူး..။
နာကျဉ် ပူပြင်း နေလွန်းတဲ့ စိတ်အခြေအနေကို ခံနိုင်ရည်မရှိတော့ဘူး..။
ဒိုင်းကနဲ ဆောင့်တိုက်လိုက်တဲ့အသံနဲ့ ဦးခေါင်းတစ်ခုလုံး နာကျဉ်မူးဝေသွားတော့မှ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်စီးကျလာခဲ့တယ်..။
ဟုတ်တယ် ဖေဖေ..ရဲ့ ... သူ..။

ဖေကြီးပြန်လာပြီတဲ့ ဆိုပြီး လှေခါးက တဒိုင်းဒိုင်း ဆင်းချသွား တဲ့ သမီးကြီးကို မတားမြစ်မိတော့ဘူး..။
ဗလုံးဗထွေး အော်ဟစ်သံနဲ့ အိမ်ပေါ် ပြန်ပြေးတက်လာပြီး သွေးပျက်ခမန်း လူးလှိမ့်ငိုယိုနေတဲ့ တိုင်နဲ့ခေါင်းနဲ့ပစ်ဆောင့်ချလိုက်တဲ့ သမီးကြီးကို မချော့မြှူ၊မဖျောင့်ဖျနိုင်တော့ဘူး..။
အိပ်မှုန်စုံမွှားလေးနဲ့ထထိုင်ပြီး အားလုံးကိုကြောင်ကြောင်အအလေးငေးနေရှာတဲ့ သားငယ်လေးကိုမထွေးပိုက်မိတော့ဘူး..။
သမီး ငိုလိုက်စမ်း..။
ငိုချလိုက် စမ်းဆိုပြီး တအိအိရှိုက်ငို နေတာ ဖေဖေပဲပေါ့..။

အို...။ မနက်ဖြန်ဆို ဘာတွေဖြစ်ဦးမှာပါလိမ့်..။
အခု..အတူတကွရင်ဆိုင်ဖြေရှင်းနေရသမျှတွေကို ဒီအတိုင်းပစ်ချခဲ့ပြီး တကယ်ပဲထွက်ခွာသွားပြီလား...။
ဥိးဆောင်ဦးရွက်နဲ့ ဒီမတရားသဖြင့် လီဆည်ခင်းကျင်းထားတဲ့ အမှုအခင်းကို သွေးအေးအေး ဦးဏှောက် ကြီးကြီးနဲ့ ရင်ဆိုင်ဖြေရှင်း မပေးခဲ့တော့ဘူးလား..။
ဘယ်လောက်များ...နောက်ဆန်တငင်ငင်နဲ့ထွက်ခွာသွားလိုက်ရမယ့် ခရီးကြီးလဲ..။
ဘာတွေကိုများတတွတ်တွတ်မှာကြားချင်နေလိုက်မလဲ..။
အသက်သုံးဆယ်စွန်းစွန်း မြေဖြူနဲ့ ကလေးပုခက်ကိုပဲ ကိုင်ခဲ့ဖူးတဲ့ ဇနီးသည်လေးရဲ့ လက်ဖ၀ါး အစုံအတွက် ဘယ်လောက် စိုးရိမ်ကြောင့်ကျ သွားလိုက် ရှာမလဲ..။

ညက တဖြည်းဖြည်း အေးစက်ရင့်ရော်နေခဲ့တယ်..။
ညရဲ့ရနံ့ဟာ မခံမရပ်နိုင်အာင်ကို ညှီဟောက်နေခဲ့တယ်…။

ရင်ဆိုင်ရဦးမယ့်နေ့ရက်တွေအတွက် အသင့်ပြင်ထားရဦးမယ် မဟုတ်လား..။
ငိုချလိုက်ပါ မမကြီးရယ်ဆိုတဲ့ ညီမလတ်ကို အော်ငေါက် ပစ်လိုက်မိတာလား..။

လောလောဆည်မှာတော့ မျက်ဝန်းအားလုံးနဲ့ အဝေးဆုံးကို ထွက်ပြေးချင်နေခဲ့တယ်..။

နွေလည်ညရဲ့ လေပြည် ရိုင်းရိုင်းဟာ ရင်ထဲကမီးတွေကိုမြှောက်ပင့် ပေးနေခဲ့သေးလား..။
အထုံးအနှောင်မဲ့ ဖွာဝဲကျနေတဲ့ဒီဆံနွယ် အရှည်ကြီးကို ချစ်သူက သိပ်မြတ်နိုးတာပေါ့..။
လမ်းမီးရောင်အောက်မှာ ရဲမြနေအောင်ပွင့်ခဲ့တဲ့ စိန်ပန်းပွင့်ချပ် အကြွေတွေကို အသာဖွဖွ လျောက်ကောက်နေမိတော့ ဖေဖေက စိုးရိမ် တကြီး ရပ်ကြည့်နေရှာတယ်..။
အနီတွေ..။ ရဲရဲတောက်နေတဲ့ အနီတွေ ။ အို အကိုကြီး သိပ်ကိုကြိုက်တဲ့ အရောင်ပေါ့ကွယ်..။

+++++++++++++++++++++++++++++++++++++++++++

ခရီး(၄)။

ညက အလွမ်းနဲ့ ရန်ငြိုးတွေကို ကြောင်လက်သည်းလို ၀ှက်ထား ပေးနိုင် တယ်။
နဖူးပြင်ကို နွေးညက်သွားစေတာဟာ နှုတ်ဆက်အနမ်းပေါ့..။
ကလေးတွေရဲ့ခြင်ထောင်ကိုအသာလေးပြန်ချထားလိုက်တဲ့သူ့မျက်နှာက ဆုံး ဖြတ် ချက်တွေနဲ့ ရဲရင့်ခိုင်မာနေခဲ့တယ်..။
အစစအရာရာ စိတ်ချပါရစေဆိုတာ တတွတ်တွတ်ပြောနေခဲ့တဲ့ စကားပေါ့..။
ကြေကွဲညှိုးငယ်လွန်းနေတဲ့ မျက်ဝန်း တွေကတော့ မမြင် ရက်စရာပါ ပဲ..။

ပုဂ္ဂလိကဆန်တဲ့အပြင် အတော့်ကို သိမ်းဖျင်းအောင်တန်းကျ တယ်လို့ ပြောလို့ရတဲ့ ရန်ငြိုး ရန်ကြွင်းတွေကို အခြေခံထားပြီး
အုံနဲ့ကျင်းနဲ့ လုပ်ဇာတ်ဆင်ဖွဲ့နွဲ့ထားတဲ့ ဥပဒေအခင်းအကျင်းမှာ သူမပါ ကန့်လန့်ပါ နေတာ အတွက် သူက ရင်ထုမနာ ဖြစ်နေခဲ့ရှာတယ်..။
တရားကို နတ် စောင့်တယ်..၊ ငါ တို့ သစ္စာတရားက ငါတို့ကိုကယ်တင်လိမ့်မယ် ဆိုတာကို သူက ယုံယုံကြည်ကြည်ထက်ထက်သန်သန်ကြီး ပြောဆိုနေခဲ့ရှာ သေးပေါ့..။
ဒါဟာ ကိုယ်သားသမီးတွေရဲ့ အနာဂါတ်အတွက်နဲ့ပါဆိုင်တယ် ဆိုတာက ကဗျာ တစ်ပုဒ်လိုလွှတ်လှ နေခဲ့တယ်..။

သူတို့ကိုမနိုးတော့ဘူးနော်ဆိုတာ တို့တွေ ရက်ရက် စက်စက် ကြီးကို မှားခဲ့ကြတဲ့အမှား...ပဲ။
ကလေးတွေအတွက် သူ့ဖခင်ရဲ့ ခပ်သြသြကြီး ရယ်မောလိုက်သံကို နောက်တစ်ခါ ထပ်ကြား နိုင်ကြရဦး မယ် ပေါ့..။
သူ့အဖေလက်မောင်းကို အလုအယက်ခိုစီးပြီး ဖေဖေကြီး ကိုချစ် တယ်ဆိုတဲ့ တေးသီချင်းကို အသံကုန်သီကျွေးခွင့်လည်ထပ်ရကြဦး မယ်ပဲပေါ့။

ကိုကြီး သွေးတက်စာတွေမစားနဲ့နော်..။
အအေးသိပ်မခံနဲ့နော် ဆိုတာခင်ပွန်းသည်တစ်ယောက်အတွက်ဇနီးသည်ရဲ့ကြောင့်ကျ..။
အကိုအကြီး ဆုံးအတွက် အငယ်ဆုံးညီမလေးရဲ့ စိုးရိမ်သောကတွေလို့လည်း ပြောလို့ ရနေသေးရဲ့ကွယ်.. ။
တစ်စတစ်စအမှောင်ထဲကိုတိုးဝင်ပျောက်ကွယ်သွားတဲ့ကျောပြင်ကို ကြည့်ပြီး အံကို တင်းတင်းကြိတ်ထားမိခဲ့တယ်..။

အမှန်တွေက မှားသွားသလား..၊ အမှားတွေအားလုံးမှန်သွားခဲ့တာ လား..။
အမှန်တရားဆိုတာအင်အားလား၊ငွေကြေးဓနလား၊လုပ်ပိုင်ခွင့်တွေလား..။
ဘယ်လို ဖြေရှင်းရမယ်မှန်းမသိတဲ့ ပုစ္ဆာ တစ်ပုဒ်ကို အတူတကွ ဖြေရှင်းကြ ဖို့ဖန်တီးလာခဲ့တယ်လေ..။
အငြင်းပွားမှုတွေ ၊အတ္တမာနတွေ၊ဒေါသမောဟတွေ၊စွဲချက်ပုဒ်မတွေ၊ တရား တဘောင်တွေ၊ နောက်ဆုံး စစ်ပွဲတွေ...၊
တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ တစ်ကျောင်းတည်းတက် တစ်စာထဲအံခဲ့ကြတဲ့၊ လည်ပင်းဖက် ပေါင်းဖော်လာကြသူတွေမှာတောင်
ကိုယ်ယုံကြည်ရာ ကိုယ်စွဲထင်ရာနဲ့ ပတ်သက်လာရင် ဘာကိုမှသတိမရနိုင် လောက်အောင်
နာကျည်း မုန်းတီး တတ်ကြတယ်၊

ရက်စက် ကောက် ကျစ်နိုင်ကြတယ်ဆိုတာကို ဒီရွာလေးကို ရောက်မှ သေသေချာချာ သိရှိသွား ခဲ့ရတယ်..။
အို ကိုကြီးနဲ့အတူ အရာရာကို ရင်ဆိုင်တိုက်ခိုက်ဖို့ အဆင် သင့်ရှိနေပါတယ်လို့ သွေးရူးသွေးတမ်းဆန်ဆန် အထပ်ထပ်ပြော နေမိခဲ့သေး ရဲ့...။

ဘ၀ထဲက တိုက်ပွဲငယ်တစ်ခုလို၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကျော ချင်းကပ်ပြီး ရွတ်ရွတ်ချွံချွံ ရင်ဆိုင်တိုက်ခိုက်ကြဖို့ နှလုံးသွေးတွေ နဲ့ရင်းပြီး
သစ္စာပြုလိုက်ကြချိန်မှာ ကံကြမ္မာဆိုတာကြီးကိုတောင် မေ့လျော့ နေခဲ့မိကြ ပါရော....။

ဒီညမှ ချွဲချွဲ ငင်ငင် မြည်ကျွေးနေတဲ့ ဥသြငှက်ကလေးဟာ.. ဖိတ်လျှံကျနေတဲ့ အလွမ်းတွေကို မြင်တွေ့ သွားလေလို့များလား..။
ညထဲမှာ စိမ့်ပျော်နေတဲ့ ခရမ်းရောင်တွေဟာ စိတ်ညစ်ညူးစရာ သင်းထုံ နေခဲ့တယ်..။

ချစ်သူနဲ့ ကွေကွင်းရခြင်းဆိုတဲ့ ဝေါဟာရတွေ…...။
အို...အဲ ဒီ အချိန်မှာ အဲဒီစကားစုတွေက ထင်သလောက် လေးပင် မနေကြသေးဘူး..။
ခြေဖျားထောက်ပြီးမွှေးကြူလိုက်တဲ့ အနမ်းမှာတော့ အလွမ်း ကျင်ကျင် တွေနဲ့ အနာတရတွေက မှိုင်းအုံလို့ရယ်...။
ချစ်သူက သူ့ပါးပြင်ပေါ်စွန်းသွားတဲ့ သူမမျက်ရည်တွေကို တယုတယ တမြတ်တနိုး သယ်ဆောင်သွားလေရဲ့..။

+++++++++++++++++++++++++++++++++++++++++++

ခရီး(၅)။


ညဟာ မဆုံးနိုင်သေးတဲ့ ခရီးကြမ်း တစ်ခုလည်းဖြစ်သေးရဲ့..။
မှောင်မည်းတိတ်ဆိတ်နေတဲ့သန်းခေါင်ယံခရီးမှာ ငေးချင်ရာ ငေးနေ ရတာက စိတ်တွေ နေလို့သိပ်ကောင်းတာပေါ့...။
ကောင်းကင်မှာဖျောက်ဖျောက်ချားချား ထင်နေတဲ့ကြယ်တွေကို ယောင်ရမ်းပြီး ရေတွက်ကြည့်နေမိသေးရဲ့..။ဟိုးဝေးဝေးကလွင့်ကြွေသွားတဲ့ ကြယ်ဟာ သူပဲဖြစ်မှာပါ..။
အေးမြလတ်ဆတ်နေတဲ့ လေထဲမှာခပ်မြမြပါနေတာဟာ ဘာရနံ့ တွေလဲ..။
ရင်ဆိုင်ကြုံတွေ့ရဦးမယ့် အနာဂါတ်အတွက် လှုပ်ရှားစိတ် စော လွန်းနေရတဲ့ ဇောရနံ့တွေများလား…။
ဟိုး…တရွေ့ရွေ့ဝေးကျန်ရစ်တာဟာ သူ သိပ်ချစ်တဲ့ ထိန်တော ဆိုတဲ့ရွာလေးပေါ့..။
ကြီးတောင့်ကြီးမားနဲ့ ပိုးပန်းစဉ်ကရှက်ကိုးရှက်ကန်း အပြုံးကိုမြင်ယောင်မိလိုက်တော့ ရင်ကနင့်သွားအောင်နာကျဉ်လာမိပြန်တယ်..။
မျက်ရည်ဆိုတာကို ဘယ်အချိန်ရောက်မှ ကျနိုင်တော့မလဲ..။
ဘ၀မှာ မျက်ရည်ထက် လေးနက်ခန့်ထည်တဲ့ အရာရှိနေ သေးတယ်ဆိုတာကို တအံ့တသြ သင်အံသိရှိ လိုက်ရပြီလေ..။

အကိုကြီး အခုဆို ဘယ်နေရာမှာလဲဟင်..။ သင်သွားလိုရာသွား နိုင်သည်ဆိုတဲ့အတိုင်း အမှန်တကယ်ပဲ လွတ်မြောက်ချမ်းသာ ခွင့်ရရှိ သွားပြီလား..။
ဟုတ်ပါ့မလား..။
ဟုတ်မှာပါ…..။
ဟုတ်ပါစေကွယ်..။

သူမကတော့ သူနဲ့အတူသွားရမယ်ဆိုတဲ့ခရီးကြမ်းကို တစ်ယောက် တည်း ရဲရဲဝံ့ဝံ့ လှမ်းထွက်ခဲ့ပါရော..။
သူပြောဖူးတဲ့ တရားကိုနတ်စောင့် တယ်ဆိုတဲ့ စကားနဲ့ သစ္စာတရား ကို ရဲရဲရင့်ရင့်ကြီး အဖေါ်ပြုလို့ရယ်လေ..။
မနက်ဖန်ဆိုဘာတွေဖြစ်လိမ့်ဦးမလဲ..။

အမှောင်တွေကြားထဲမှာ မမြင်ရတော့လောက်အောင် မှောင်အိ ကျန်ရစ်တဲ့ရွာ လေးဆီကို လှမ်းမျှော် မနေတော့ဘူး..။
နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေရှာတဲ့ ကလေးတွေရဲ့ ပါးပြင်ကို စိတ်ကူးနဲ့ မွှေးမြ ကြည့်မနေချင်တော့ဘူး..။
ကလေးတို့ရဲ့ အနာဂါတ်မှာ မေမေက ကြက်သအုပ်မကြီးလို ဘယ်သိမ်းစွန်ငှက်ကိုမဆို ရင်ဆိုင်ဖို့ ရဲရင့် နေမယ်ဆိုတာကိုတော့ တိုးတိုးဖွဖွလေး ကတိပေးခဲ့တယ်..။
ပုံပြင်သိပ်ကြိုက်တဲ့ သားလေးအတွက် သိပ်ကို စိတ်ဝင်စား စရာကောင်းပြီး တုန်လှုပ်အံသြစရာ၊ နာကျည်းရွံရှာစရာ ပုံပြင်တွေ သယ် ဆောင် လာနိုင်ခဲ့မယ် ထင်ပါရဲ့..။
ပန်းပွင့်လေးတွေကို သိပ်ချစ်တတ်ပြီး.. နှလုံးသား နူးညံ့လွန်းတဲ့ သမီးကြီးအတွက် ဆိတ်ဖလူးပန်းခြောက်လေးတွေကိုလက်ဆောင်ပေးလိုက်ရင်တော့ပျော်ရွှင်ကျေနပ်သွားလေမလားပဲ..။

ဘာပဲဖြစ်ဖြစ်
ဘ၀ဆိုတာမှာ ထင်မှတ်မထားပဲ ယုတ်မာ ရက် စက် လွန်းစွာ ချုံခိုတိုက်ခိုက်တတ်တဲ့ ရန်သူတွေရှိနေတတ်တဲ့အကြောင်းကိုတော့ ရေရေ လည်လည် ပြောကိုပြောထားရဦးမယ်....။

တဖြည်းဖြည်းအလင်းဖေါက်လာတဲ့ညဟာကျဲတောက်တောက်နိုင် လာတယ်..။
ညတွေရဲ့ ဟိုမှာဘက်မှာ အလင်းဆိုတာ ရှိနေနိုင်သေး တာပဲ..... ။

မနက်ဖန်မှာ ဘာဖြစ်လာလိမ့်ဦးမလဲ.။

မနက်ဖန်ဆို ဘာတွေရင်ဆိုင်ရလိမ့်ဦးမလဲ..။

အို... လောလောဆည်မှာတော့ အလင်း အနက်တွေ ချယ်သ ထားတဲ့ ညရထားကို စီးနင်းလာခဲ့တယ်.။ ။


အိန္ဒြာ(၁၆.၂.၂၀၀၇)

(မဟေသီမဂ္ဂဇင်း-၂၀၀၇ ခုနှစ်)

December 4, 2009

အခိုးအငွေ့ တံတား

သုခရိပ်မြုံလေးကို ထင်ထားတာထက်ကို လူတွေစိတ်ဝင်စားပြီး
လှူဒန်းကြတာအတွက် အလွန်ကို ၀မ်းမြောက်ကြည်နူးမိရပါတယ်..။
လစဉ်ပုံမှန်လှူဒါန်းလိုတဲ့ အလှူရှင်တွေ အသေးစိပ်အချက်အလက်တွေကို
တိတိကျကျလိုလိုကြတဲ့ အလှူရှင်တွေလည်း
အမြောက်အများပေါ်ထွက်လာခဲ့ပါတယ်...။
အခု ဒီ့ထက် သေသေသပ်သပ်ဖေါ်ပြနိုင်အောင်
နောက် သုခရိပ်မြုံလေးအတွက် Blog တစ်ခု ဖန်တီးပေးနိုင်အောင်
ဝိုင်းဝန်းကြိုးစားနေကြပါတယ်..။
အားလုံးကိုလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်း ထပ်ပြီးပြောပါရစေဦး..
အထူးသဖြင့်
ဗမာပြည်ကနေ အစစအရာရာ တက်တက်ကြွကြွကူညီဆောင်ရွက်ပေးနေတဲ့ မိုးလှိုင်ညနဲ့
စင်ကာပူမှာ အဟောအပြောကောင်းကောင်းနဲ့ အလှူခံပေးနေတဲ့ မိုးကုတ်သားတို့ကို အထူးကျေးဇူးတင်ပါကြောင်း.
++++++++++++++++++++++++
အခုလည်း ဒီသုခရိပ်မြုံလေးနဲ့ပတ်သက်တဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပြန်တင်ပေးချင်ပါတယ်.
၂၀၀၆ ခုနှစ် ရတီမဂ္ဂဇင်းမှာပုံနှိပ်ဖေါ်ပြခဲ့တဲ့ ၀တ္ထုလေးပါ..Blog မှာတင်ထားတာလည်း မကြာသေးပါဘူး..အကြောင်းအရာလေးတိုက်ဆိုင်လာတာရယ်.
ဆားလည်းချက်တယ်ဆိုပါတော့..

++++++++++++++++++++++++
(၁)
တလွင့်လွင့်ဝဲဝေ့တက်သွားတဲ့မီးခိုးငွေ့တွေဟိုး...ခပ်နိမ့်နိမ့်တိမ်တိုက်ထဲကိုမျောဝင်ထိုးတက်နေပုံက
ကောင်းကင်ဆီဦးတည်နေတဲ့ခရီးရှည်ကြီးတစ်ခုလိုပါပဲ။အခိုးအငွေ့တွေဟာကောင်းကင်ဆီတကယ်ပဲ
ရောက်ရှိ သွားကြဖို့ သေချာပါရဲ့လား..။
မည်းကနဲအူတက်လာလိုက်၊တလွင်လွင်ပါးလျားဖျော့ရော့သွားလိုက်နဲ့တိမ်တိုက်ဆီပြေးဝင်နေတဲ့
အခိုးအငွေ့တွေကိုသူမငေးရပ်ကြည့်နေပုံဟာဘယ်လောက်ကြေကွဲနာကျင်စရာကောင်းလိုက်မယ့်
မြင်ကွင်းတစ်ခုလဲ..။
ဟင့်အင်း သူမအတွက်တော့ စစ်ပွဲတစ်ပွဲအဆုံးသတ်သွားသလိုပါပဲ။
ဘယ်လို ၀မ်းနည်းခြင်း၊ နာကျည်းခြင်း၊ တုန်လှုပ်ခြင်းမျိုးမှရှိမနေတော့လောက်အောင် တစ်ကိုယ်လုံး
လပ်ဟာ လွင့်မျောနေလိုက်တာ..။
သေချာတယ် စစ်ပွဲတစ်ပွဲအဆုံးသတ်သွားခဲ့တာ..။
စိတ်ရောကိုယ်ရောကို ထုထောင်းနင်းချေထာသလိုမျိုး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကိုယ့်အတွက်အသက်သာ ဆုံးဖြစ်အောင် ဖန်တီးရင်ဆိုင်ခဲ့ကြရတဲ့ ၊ ရှုံးနိမ့်ဖို့လုံးဝဥဿုံသေချာနေခဲ့တဲ့ စစ်အေး တိုက်ပွဲကြီး အဆုံးသတ်
သွား ခဲ့တာလေ...။
ကိုကို့အတွက်တော့ သူမ အစွမ်းကုန်တာဝန်ကျေပေးဆပ်ခဲ့ပြီးပြီ......။
သူမအတွက်ကရော.....။
လောလောဆယ် ဘာတစ်ခုမှ မစဉ်းစား၊ မတွေးတောခြင်းအားဖြင့် သူမကိုယ်သူမ ညှာတာလိုက်ချင်ပါသေးရဲ့။

(၂)
ပခုံးကိုလာထိတဲ့ လက်ဖ၀ါးအတွေ့နွေးနွေးနဲ့ “မေ ငို ချလိုက်ပါလားဟင် ” ဆိုတဲ့ ချစ်သူငယ်ချင်း ချို့ အသံကြောင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးခပ်ယဲ့ယဲ့ လေးပြန်ပြုံးပြမိတယ်။
”မေ ငို ချလိုက်ပါမေရယ်၊ ငိုလိုက်စမ်းပါဟာ...” လို့ ဗလုံးဗထွေးပြောပြီး အသိမ့်သိမ့်ရှိုက်နေရှာတဲ့
ချို့ ကျောပြင်ကို သာသာဖွဖွလေးသိုင်းဖက်ပြီး နှစ်သိမ့်ပေးမိလိုက်သေးသတဲ့....။
အကြိမ်ကြိမ်ကျင့်သားရအောင် လေ့ကျင့်ခံစားနှင့်ပြီးသား သူမက ကယောင်ကတမ်းတွေ
ဖြစ်နေချင်သေးသတဲ့လား...။
ကိုယ် ငိုခဲ့ပြီးပြီလေ၊
ကိုယ့်တစ်သက်မှာ အကြေကွဲ အလှိုက်လှဲဆုံး ၊ အနာကျင်အပင်ပမ်းဆုံးငိုကြွေးခဲ့ပြီးပြီ..။
ကိုကို ကိုယ့်ကို လက်အုပ်ချီလိုက်တဲ့နေ့တုန်းက ..။
ဟုတ်တယ် ကိုကို ကိုယ့် ကို လက် အုပ် ချီ လိုက် တဲ့ နေ့ တုန်း က ပေါ့..........
ကိုကို့ လက်အစုံကို အလန့်တကြား ဆုပ်ကိုင်ရင်း ၊ ပိန်လှီသေးကျုံ့သွားတဲ့ ကိုကို့ညာဖက်လက်
သူကြွယ်က ဂွမ်းစခံပြီး ရအောင်ဝတ်ထားသေးတဲ့ လက်ထပ်လက်စွပ်လေးကို
နာနာကျင်ကျင် ပွတ်သပ်ကြည့်မိရင်း ကိုယ် အသည်းထန်ဆုံး ငိုကြွေး ပစ်ခဲ့မိတာ ....။
ကိုကို ဘာတွေပြောချင်နေခဲ့မလဲ...။ ကိုကို မေ့ကိုချစ်ရင် ဘာတစ်ခုမှ မပြောပါနဲ့နော်ဆိုတဲ့
ကိုယ့်ရဲ့စကားတစ်ခွန်းတည်းရဲ့အောက်မှာကိုကိုမျိုသိပ်အောင့်အည်းသွားရှာခဲ့တာ...။ မျက်လုံးလေးကလယ်ကလယ်နဲ့ကိုယ်ပြုစုစောင့်ရှောက်ခဲ့သမျှ၊ကိုယ်ဖေးမတွဲကူပေးခဲ့သမျှကို မှီခိုခံယူသွားခဲ့တာ....။
ကိုကို တောင်းပန်ဝန်ချချင်နေတာ..၊
ဖြေရှုင်းထုချေနေချင်တာ..၊
ကိုကို အလန့်တကြားသတိပေးချင်နေတာ..၊
ကျေဇူးအထပ်ထပ်တင်နေချင်တာ ကိုကို့ရဲ့အရာအားလုံးကို ကိုယ် ခံစားလို့ရနေခဲ့တယ် ။
ကိုကို ဘာမှ မပြောပါနဲ့ ၊ ကိုကိုရဲ့ ကိုယ်စိတ်နှစ်ပါးစလုံး သက်သာရရဖို့အတွက်ပဲ စဉ်းစားပြီးနေပါ။
ကိုကို ဘာမှ မပြောပါနဲ့ ဆိုတာတွေဟာ ကိုယ်သိပ်ကြေကွဲလာတိုင်း တဖွဖွရေရွတ်နေကျ စကားစုတွေပေါ့။
တစ်ယောက်အသုဘ တစ်ယောက်ချကြဖို့ လင်ရယ်မယားရယ်လို့ ထူထောင်လာခဲ့ကြတဲ့
အိမ်ထောင်တစ်ခုမှာ မယားဝတ္တရားဆိုတဲ့ အတိုင်းအတာထက်အလွန် မေကျေပွန်ပြည့်ဝစေရပါ့မယ်..၊
ဒီဘ၀အတွက် အကုန်အစင်မေ ပေးဆပ်ဖြည့်ဆည်း လိုက်ပ့ါမယ်။
ဒါဟာကိုကို့ကိုချစ်တဲ့မေ့ရဲ့ချစ်ခြင်းမေတ္တာတွေအတွက်၊ခင်ပွန်းကောင်းပီသလွန်းစွာကြင်နာ စောင့်ရှောက်ပေးခဲ့တဲ့ ကိုကိုရဲ့ ချစ်ခြင်းမေတ္တာတွေအတွက်…
ကိုကိုရဲ့ ရပိုင်ခွင့်ပေါ့ကွယ် ။
ကိုကို မေ တို့အားလုံးကိုမေ့ထားကြရအောင်ဆိုတဲ့ ကိုယ့်ရဲ့ ယတိပြတ် စကားလုံးဟာ ကိုကို့ အတွက် အပြစ်ဒဏ် တစ်ခုလိုများဖြစ်နေခဲ့လိမ့်မလား ။ ဒါဟာလည်း ကိုကို ဘာကိုမှ နောက်ဆံတင်းကြောင့်ကျနေစရာ မလိုအောင် မေ ရဲ့ မေတ္တာနဲ့ယှဉ်တဲ့ တတ်သိ ဖြည့်ဆည်းမှုတစ်ခုပါပဲကွယ်..။
တကယ်တော့ ကိုယ် မကြားဝံ့တာ၊ မကြားနိုင်တာ၊ မကြားရဲတာပါ ။ ကိုကိုကျေးဇူးပြုပြီးဘာမှ မပြောပါနဲ့
ဆိုတဲ့ အဖျားခတ်တုန်ရင်နေသလိုပြတ်သားအေးစက်နေဦးမယ့်ကိုယ့်စကားရဲ့အဆုံးမှာတော့
ကိုကိုရှိုက်ငင်တကြီးငိုကြွေးရတဲ့ အလှည့် ပေါ့....။
အဲသလို ကိုယ်တို့ဇနီးမောင်နှံ နှစ်ယောက် အတူတကွငိုကြွေးခဲ့ရတာ......။
ကိုယ့်မှာ ကိုကို့အတွက် နောက်ဆုံးလက်ကျန်မျက်ရည် မရှိတော့လောက်အောင်......ပေါ့လေ
အခုဆို ကိုယ့် ယာဘက်လက်သူကြွယ်မှာ ဂွမ်းစနဲ့ခုထားတဲ့ လက်စွပ်လေး တစ်ကွင်းထပ်ဝတ်ထားလိုက်ပြီ..။
ဒါပဲ ၊ ဒါတစ်ခုပဲ ကိုယ့်မှာကျန်ရစ်ခဲ့တော့တာ......။
ဒါတစ်ခုပဲ ကိုယ်တို့မှာ အတူတကွ ရှိနေရတော့တာ..။
”မေကားတွေပြန်ထွက်ကြတော့မယ် သားလေးလည်းကားပေါ်ပြန်ရောက်နေပြီ ”ဆိုတဲ့စကားက
ကိုယ့်ကို လှုပ်နိုး လိုက်သလိုပဲ..။
ကိုကိုရေ...။
ကိုကို ဘယ်နေရာက မေ့ကို စိုးရိမ်တကြီးစောင့်ကြည့်နေမှာလည်း..ဟင် ။
ခဏလေးဖြစ်ဖြစ် တွေ့ချင် မြင်ချင်လာတဲ့စိတ်ဟာ တော်တော်ဒုက္ခပေးနိုင်ပါလားကွယ်.........။
ဘာပဲဖြစ်ဖြစ် ကိုကိုက မေ့ထက်စာရင် ကံကောင်းခဲ့ပါတယ်....။

(၃)
တဒေါက်ဒေါက် မြည်နေတဲ့ သူမရဲ့ ခွာ့မြင့် ဖိနပ်ကမြည်သံက မုန်းစရာကောင်းနေလိုက်တာ။
အိမ်အ၀င်အ၀က ဒေါက်တာခင်လေးချို ၊ ကလေးအထူးကုဆရာဝန်ကြီးဆိုတာနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ...၊
အိုး၊သူမနဲ့သက်တူရွယ်တူမိန်းမတစ်ယောက်၊တစ်မြို့တည်းနေ တစ်ပန်းကန်ထဲနှိုက်စားခဲ့ကြတဲ့ ၊
တစ်ခုံတည်းထိုင် တစ်ကျောင်းထဲ စာသင်ခဲ့ကြတဲ့ ကလေးမလေးတစ်ယောက်ဟာ
ဒီလောက်အထိ အောင်မြင်နိုင်သတဲ့လား..။
ကြည်နူးစိတ်တွေနဲ့ တဒီးဒီး လှည့်ပတ်သွားတဲ့ သွေးခုန်နှုန်းထဲမှာ အားအင်တွေတိုးဝင်လာသလိုပါပဲ ......။
ချို ။ ၀ ၀ လုံး လုံး လေး ၊ မျက်မှန်ထူထူလေးတတ်ပြီး သူမနဲ့အတူစာတွေအော်အော်ကျက်ခဲ့တဲ့ ချို..။
သူမအပြစ် တွေကိုမညှာမတာကြီးဝေဖန်ပြတတ်တဲ့ချို၊ သူမ ဆယ်တန်းမှာရည်းစားထားတာကိုသိတော့ သူမကို အမေလိုတစည်းနဲနဲဆူပူမန်မဲခဲ့တဲ့ ချိုလေ..။ အခု သိပ်ကိုအောင်မြင်ထင်ရှားနေတဲ့ နိုင်ငံခြားပြန်ဆရာဝန်မကြီးတဲ့ ၊ သိပ်ကိုကျက်သရေရှိ လှပတဲ့အပျိုကြီးတဲ့။ ဘာ သောက၊ ဘာ အနာတရ၊ ဘာ ဒုက္ခတွေနဲ့ မှ
ညစ်ပေစွန်းထင်း ညှိုးနွမ်းသိမ်ငယ်မနေတဲ့ အပျိုကြီးတစ်ယောက်တဲ့ သမီးလေးရယ်။
မေမေ ငယ်ငယ်ကနဲ့ တစ်ပုံတည်းတူပြီး သမီးဖေဖေလို ဆံပင်အညိုကောက်ကွေးကွေးလေးတွေနဲ့
သမီးဟာ ချို့အတွက် သိပ်ချစ်စရာကောင်းနေပါစေ။
ခပ်လျော့လျော့ပိုက်ထားမိတဲ့ သမီးလေးရဲ့ဆံပင်ကို တစ်ချက်ဆွဲမွှလိုက်မိတော့ သမီးငယ်လေးက
တခစ်ခစ် ရယ်မောလို့။
”ဟယ် မေ..၊ မေရယ်တော့ ငါ့ ဘယ်သူများလည်းလို့ ၊ ဖုန်းတော့ကြိုမဆက်ဘူးဟယ်”
အသံအကျယ်ကြီးနဲ့ အားပါးတရ အော်ပြောလိုက်တဲ့ချိုဟာ သူမရဲ့ ချိုမှ ချိုပါပဲ။
”ဒါအငယ်လေးလား အံမယ်လေး ချစ်စရာကောင်းလိုက်တာ လာပါဦးအန်တီကြီးဆီကို လာပါဦး ”
မျက်နှာချိုတဲ့ သမီးလေးကို သဘောအကျကြီးကျပြီး တရှုံ့ရှုံ့နမ်းမွှေးနေတဲ့ချို့ကိုကြည့်ရင်း
သူမ ထိမ်းမရနိုင် လောက်အောင် မျက်ရည်က၀ိုင်းချင်လာခဲ့တယ်။
”ချို သမီးလေးက ချစ်စရာကောင်းရဲ့လားဟင် ”
”ဘယ်နှယ့်ပြောလိုက်ပါလိမ့်မိမေ၊သမီးလေးကနင်ငယ်ငယ်ကအတိုင်းပဲနော်ချောလည်းချောချစ်စရာ
လည်းကောင်း”အမြဲတမ်းလို သူမချောကြောင်းလှကြောင်းကို ဂုဏ်ယူဝံ့ကြွားလွန်းစွာပြောနေတတ်ခဲ့ပြီး ၊
ူသူမကို ပန်းပွင့်လေး လိုအရိပ်ကြည့်နေတတ် ခဲ့တဲ့ချို့ ရင်ခွင်ထဲမှာ မျက်နှာကို အပ်ဝှက်ထားချင်လိုက်တာ...။
”မေရယ်ငါလည်း နာရေးကြော်ငြာဖတ်မိလို့ သိပြီးလိုက်ပို့နိုင်ခဲ့တာ၊တို့တွေမတွေ့တော့တာလည်း
ငါဆေးကျောင်း စ တက် ကတည်းကနော် ၊ နင် အိမ်ထောင်ကျတော့ ငါ နိုင်ငံခြားမှာလေ ၊
ကိုကိုဦးက ဘယ်လိုဖြစ်သွားတာလဲဟယ် ”
”ချို ”
သူမအသံဟာ သူမဘာသာပြန်လန့်သွားရလောက်အောင် အက်ကွဲခြောက်သွေ့နေခဲ့တယ်။
အတင်းကာရော တောင့် တင်းခိုင်မတ် ထားရသမျှ ပြေလျော့ခွေယိုင်သွားခဲ့ပြီလား။
သူမငိုရပြန်ပြီတဲ့လေ ..။ ဒီတစ်ခါ ကိုယ်ကျတဲ့မျက်ရည်တွေကတော့ ကိုယ်တို့ သား အမိအတွက်ထင်ပါရဲ့.....။
ချို့ ကိုဖက်ပြီးသူမအားပါးတရ ငိုချလိုက်မိတော့ သမီးလေး ပါလိုက် ငိုရှာပြန်တယ်။
”မေရယ် ဆောရီးဟာ ၊ ငါအစဖေါ်ပေးသလိုဖြစ်သွားတယ်၊ မေတိတ်တော့ ပင်ပန်းပါတယ်
သူငယ်ချင်းရယ် တိတ်တော့နော် ၊ မီးမီးလေးလည်းတိတ်နော် မုန့်မုန့်ပေးမယ် တိတ်နော် ”
ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ချို့ကိုသူမအားနာလိုက်တာ။သူမရဲ့သောကတွေဟာချို့ကို ပူလောင်စေတော့ မှာပါလား..။ သူမ ဆုံးဖြတ်တွေးတောလာခဲ့တာတွေကရော သင့်တော်မျှတပါရဲ့လား...။
သူမ နာကျင်နေတဲ့ လည်ချောင်းထဲကို တံတွေးတစ်ချက် မျိုချလိုက်မိတယ်။
”မဟုတ်ဘူးချို ကိုယ့်အဖြစ်က ချိုထင်သလောက် မလွယ်ကူမသက်သာခဲ့ဘူးကွယ် ”
(၄)

ချို့ရဲ့ မျက်နှာလေးဟာ သူမအားကိုးတိုင်ပင်ချင်စရာ လေးနက်တည်ကြည်နေခဲ့တယ်။
ချိုဟာ လူအများရဲ့ အသက်တွေကို ကယ်တင်ပေးနေတဲ့ ၊ လူအများရဲ့ ယုံကြည်ကိုးစား လေးစားအားကျတာကို ခံနေရတဲ့ ဆရာဝန်မကြီးပဲ..။ နောက်သူမအပေါ်မှာ အမြဲတမ်း ကောင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းမတစ်ဦးပဲ..။
သူမစိတ်တွေဒုံးဒုံးကျသွားခဲ့တယ်။
သူမဟာ ဟိုးအတိတ်ထဲကိုပြန်ရောက်သွားသလိုမျိုး ၊ အိပ်မွေ့အချခံထားရသလိုမျိုး.........။
သူမ တတွတ်တွတ်ရေရွတ်ပြောဆိုနေသမျှကို မယုံကြည်နိုင်တဲ့ဟန် ၊စိတ်လက်မသက်သာဟန်၊
ယူကျုံးမရဟန် ၊ နာကျင်ကြေကွဲတဲ့ဟန်တွေနဲ့ ငြိမ်သက်နားထောင်နေတဲ့ချိုဟာ သက်ပြင်းရှည်ကြီးတစ်ချက်ရင်း
မျက်နှာကို ချက်ချင်းပြုပြင်ပစ်လိုက် တယ်။ ချို့မျက်နှာဟာ သမားဂုဏ်အင်္ဂါအပြည့်နဲ့
ပြန်လည် နက်ရှိုင်းတည်ခံ့သွားခဲ့တယ်။
”ဒီရောဂါမျိုးဟာ တစ်ခြားနည်းလမ်းနဲ့လည်း ကူးစက်နိုင်တာပဲမေ ”
သူမကို နှစ်သိမ့်လိုက်တဲ့စကားမှန်းသိသိကြိး မသိသားဆိုးဝါးလွန်းစွာပဲ သူမ ရယ်မောပစ်လိုက်မိတယ်။
”ဘာလည်း ချို မုတ်ဆိပ်ရိပ်ဓါးတစ်ချောင်တည်းအသုံးပြုခဲ့မိကြလို့လား၊ ဒါမှမဟုတ် ဆေးတိုး အပ်တစ်ချောင်း တည်းနှစ် ယောက် အတူထိုးခဲ့မိလို့လား ၊
ကိုယ်က နှစ်ရှည်လများ မိန်းမနဲ့ခွဲပြီးအလုပ်သွားလုပ်နေတဲ့ လင်ယောက်ျား တစ်ယောက် ကို
ကိုကိုမေ့ကို သစ္စာမဖေါက်ရဘူးနော်လို့ အရေခွံပါးတားမြစ်နေမယ့် ခပ်အူအူ မိန်းမမျိုး မဟုတ်ခဲ့ပါဘူးကွယ် ”
”ဒါပေမယ့် ကိုယ်အရမ်းနာကျည်းတယ် ၊ ဒီခေတ်မှာ ဒီလိုပညာမျိုးတွေတတ်ထားပါရက်နဲ့ ကိုယ်တို့ ဘ၀တွေ စုတ်ပြတ်သတ်သွားလောက်တဲ့ ကံကြမ္မာကိုဖန်တီးလဲလှယ်ယူရလောက်အောင်၊
ဘာအန္တရာယ်ကိုမှသတိမရနိုင်လောက်အောင် ဘယ်လို ညှို့ငင်ဆွဲ ဆောင်မှုအောက်မှာဘယ်လောက်အထိ အာသာငမ်းငမ်းဖြစ်ခဲ့ရသလဲ ဆိုတာ ”
ဆရာဝန်မအပျိုကြီးကို သူမအားနာမနေမိတော့ဘူး။ သူမခံပြင်းနာကျင်ရလွန်းလို့ ရင်ထဲမှာထပ်ထပ်ညံနေခဲ့တဲ့ စကားလုံးတွေကို ပထမဆုံးအကြိမ်တထိုင်တည်း ဖွင့်အန်ချလိုက်ရတော့ ပြေလျော့နေသာသွားလိုက်တာ......။
”ဒါပေမယ့် တစ်ကောင်ကြွက်ဖြစ်တဲ့ကိုကို့ကို ကိုယ် သိပ်ချစ်တယ်ဆိုတာတစ်ခုတည်းနဲ့ အကောင်းဆုံးတွေချည်း ဖန်တီးပေးခဲ့ပါတယ်ချို ”
ချိုဟာသူမပြောနေတာတွေကိုကြားဟန်မတူတော့ပဲတစ်စုံတစ်ရာကိုထိတ်လန့်တကြား တွေးတောနေပုံပေါ်နေ တယ်။ ချို့မျက်နှာဟာ မဖုံးဖိနိုင်လောက်အောင်ဖြူလျော်နေခဲ့တယ်။ သူမက အလိုက်တသိနဲ့ပဲ......
”ဒီမှာကြည့်ပါဦးချို ”
အသင့်ပါလာခဲ့တဲ့ စာအိပ်ကို စားပွဲပေါ်တင်လိုက်တော့မှ ချို လှုပ်လှုပ်ရှားရှားဖြစ်သွားရှာတယ် ။
”မင်း မင်းရဲ့ Result လားမေ...”
”ဟုတ်တယ်ချို ကိုယ် ကိုကိုရက်လည်တဲ့နေ့ကပဲ သွေးသွားစစ်လိုက်တယ် ။ သားကြီးအတွက်ကတော့
စိတ်ချ ရပါတယ် ၊ သားကိုယ်ဝန်ကြီးနဲ့ မှ ကိုကိုထွက်သွားတာ၊ ခု သား ရှစ်နှစ်ကျော်ပြီလေ ။”
”တကယ်ဆိုကိုကို့အကြာင်းသိသိချင်းစစ်ရမှာပေမယ့်စစ်ပွဲနှစ်ပွဲကို ကိုယ်တစ်ပြိုင်တည်း ရင်ဆိုင်နိုင်မယ်
မထင်လို့ ကိုကိုကိစ္စ လုံးလုံးပြီးတဲ့နေ့မှ ကိုယ်သွေးသွားစစ်လိုက်တာ..၊၊ .”
သူမ အသံတွေတုန်ယင်ချင်လာတာကို အံတစ်ချက်ကြိတ်ပြီးထိမ်းလိုက်တယ်။
စာအိတ်ကိုဖွင့်ကြည့်ဖို့ ဟန်ပြင်လိုက် တဲ့ ချို့ လက်ကိုတော့ အသာလှမ်းကိုင်ပြီးတားလိုက်မိတယ်။
”ချို - ချို ကိုယ့် အဖြေကတော့ ကိုယ်ထင်တဲ့အတိုင်းပါပဲ ၊ ကိုယ်မျှော်လင့်ထားပြီးသားပါ ဒါ ဒါ ပေ မယ့်...”
ရှိုက်သံတွေထွေဝါးလားတဲ့ အသံကို သူမမထိမ်းချုပ်နိုင်တော့ဘူး ၊ ချိုကသူမကို ရုတ်တရက်တင်း တင်းကြပ်ကြပ် ထွေးပွေ့လိုက်တော့ သမီးလေးက ဆိုဖါပေါ်မှာ အပူအပင်မရှိအိပ်မောကျလို့လေ။
” ဒါ ဒါ ပေ မယ့်..ကိုယ် သမီးလေးကိုတော့ တစ်နှစ်ခွဲ မပြည့်သေးလို့ သွေးစစ်လို့မရသေးဘူးတဲ့ချို
ကိုယ် လေ...ကိုယ် ”
” ပြောစမ်းမေ မင်းရင်ထဲမှာ ရှိနေတာတွေ ချို့ကိုပြောစမ်း ၊ ပြော ဘာပြောချင်လဲ ၊ ငါ ဘာတွေကူညီရမလဲ ၊
ငါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကူညီမှာပေါ့ သူငယ်ချင်းရယ်....”
သူမမေးဖျားကိုကိုင် မျက်ဝန်းချင်းစေ့စေ့ဆိုင်ပြီး တစ်လုံးချင်းပြောလိုက်တဲ့ ချို့စကားတွေကြောင့်သူမ ဆောက်တည်ရာပြန်ရသွားခဲ့တယ်။
ဟုတ်သားပဲသူမ အထပ်ထပ်ပြောထွက်အောင်လေ့ကျင့်ထားပြီးသားစကားလုံးတွေလေ..။
သူမ အဆင်သင့်ဖြစ် နေအောင်ပြင်ဆင်ထားခဲ့တဲ့ အခြေအနေလေ..။
” မတော်တဆ သမီးလေးမှာ ရောဂါပိုးရှိနေခဲ့ရင် မင်း သမီးလေးကို မွေးစားထားပေးပါလားချို ၊
ကိုယ် ကိုယ် .. တစ်ခုခု ဖြစ်သွားပြီးရင်လေ....”
ချိုက အိကနဲဝိုင်းတက်လာတဲ့ မျက်ရည်တွေကို မျက်တောင်ပုတ်ပြီး ထိမ်းသိမ်းရင်း ..
” ဘယ့်နှယ့်မေရယ် ရောဂါပိုးရှိတဲ့သူဟာ ရောဂါရှင်မဟုတ်သေးဘူးလေ..၊ CD4 Count အရေအတွက်ကို
စစ် ကြည့်ရမယ်..။ ARV ဆေးတွေကို မှန်မှန်သောက် ၊ ကိုယ့်ကိုကိုယ်ဂရုစိုက်ပြီး အစားအသောက်ကို စာရင်းဇယား အတိုင်းစားရင်....”
အို အဲဒီ့စကားလုံးတွေဟာ ကိုယ် ကိုကို့ ကို ပြောနေကျစကားလုံးတွေပေါ့ ချိုရယ်.....။
မင်းလိုဆေးပညာဝေါဟာရ တွေနဲ့ စနစ်တကျကြီးမဟုတ်ပေမယ့် အဲဒီ့ စကားလုံးတွေကို
ကိုယ် ကိုကို့ ကိုအထပ်ထပ်ပြောခဲ့တာ...။
” မင်း AZT ဆေးသောက်ခဲ့ရသေးလား ၊ PMC စီမံချက်တွေရှိနေတော့လေ....”
” ဟင့်အင်း ” ကိုယ်တို့ သမီးလေးမွေးပြီး သုံးလလောက်နေမှ သိခဲ့ကြတာလေ..။
” ဒါပေမယ့် မင်း သမီးလေးကို ဗိုက်ခွဲမွေးခဲ့တာမဟုတ်လား....”
သူမ လေးလေးကန်ကန်ကြီး ခေါင်းညိတ်ပြလိုက်တော့ မင်း နို့ရော တိုက်ခဲ့သေးလားဟင်..လို့
အားတက်သရော ဆက်မေးရှာတယ်။ အသံတိတ်သွားတဲ့ သူမရဲ့အဖြေကို ချိုက သက်ပြင်းတစ်ချက်ချရင်း...
” ဒီရောဂါပိုးဟာ မိခင်ကနေကလေးကို ကူးစက်နိုင်နှုန်းက ၃၀ ကနေ ၃၅ ရာခိုင်နှုန်းအထိပဲရှိတာ၊
မင်းက ဗိုက်ခွဲ မွေးခဲ့တာဆိုတော့ ရာခိုင်နှုန်းက ဒီ့ထက်လျော့ဖို့ပဲရှိတာ၊
မေ့ စိတ်ထဲမှာ သမီးလေးမှာ ဘာရောဂါမှမရှိဘူးလို့ပဲသဘောထား၊ တကယ့်ကို မရှိလောက်ပါဘူးမေရယ် ။
ဟုတ်ပါ့မလားချိုရယ် ၊ ဟုတ်ပါ့မလား....။ ကိုယ် ဒီဘ၀မှာဒီ့ထက်ပိုပြီးမကျဆုံးပါရစေနဲ့ ၊
ဒီ့ထက်ပိုပြီး မဆုံးရှုံး ပါရစေနဲ့...။
ဘုရား ဘုရား မတော်တဆ ကံဆိုးမိုးမှောင်ကျပြီး သမီးလေးမှာ ဒီရောဂါသာပိုးသာကူးစက်ခံခဲ့ရရင်....။
သမီးလေးကို ၊ သမီးလေးကို မင်းလက်ထဲမှာထားခဲ့ရမှလည်း ကိုယ် စိတ်ချနိုင်မှာပါချို......၊
သမီးလေး သက်တောင့်သက်သာ၊ အတွေးစကိုတိကနဲဖြတ်ချပစ်လိုက်ဖို့ သူမ ခပ်ကြောင်ကြောင်
ရယ်ချ ပစ်လိုက်တယ်..။
” ချို CD4 Count သာမန်ကနေ လးငါးရာလောက်ကျချင်ကျနေနိုင်တဲ့မိန်းမတစ်ယောက်ဟာ
ဘယ်လောက်အထိ အသက်ဆက်ရှင်နိုင်ဦးမလည်းဟင် ....”
” တော်စမ်းမေ ၊ ငါ ငါ့သူငယ်ချင်း ဆရာဝန်တစ်ယောက်နဲ့ မင်းကိုအပ်ပေးမယ် ၊ မင်း ငါတို့ ညွှန်ကြားသမျှကို တိတိကျကျ လိုက်နာရမယ် ၊ သမီးလေးနဲ့ပတ်သက်တာတွေလည်း လိုအပ်မယ်ထင်တာတွေ ဆက်လုပ်ရမယ်။ တကယ်လို့ လူနာတွေမှာ ရောဂါလက္ခဏာပြလာပြီဆိုရင်တော့ ဆေးရုံတက်ပြီး စနစ်တကျကုသမှုခံယူတာဟာ အကောင်းဆုံးပဲ၊ ထားပါတော့ အရေး ကြီးတာက ပြောစကားဆိုစကားကိုနားထောင်ပြီး မင်း ခေါင်းမာမနေဖို့...”
ချိုကသူမကိုခပ်ဆတ်ဆတ်မန်မဲသလိုပြောတော့သူကနည်းနည်းပြန်ငယ်သွားပြီးပျော်သလိုတောင်ဖြစ်လာခဲ့တယ်။ ချိုက သူမကို အော်အော်ငေါက်ငေါက်နဲ စာပြပေးနေကျလေ..။
” မေ….. မေ…..နင် ကြီးကြီးကို ဘယ်လိုပြောထားသလည်း ဟင်..”
သူမဆတ်ကနဲတုန်သွားခဲ့တယ်၊ အမေ့ကို သူမရဲ့ အမေ့ကိုလား ..။
သူ့သမီးဟာ သိပ်ချောသိပ်လှတာ၊လင်ကောင်းသာကောင်းရပြီး အခုဆို ရန်ကုန်မှာကြီးပွားနေတာ၊
သူ့မြေးလေး တွေက ဗိုလ်လေး ဗိုလ်မရုပ်ကလေးတွေလို သိပ်ချစ်စရာကောင်းတာလို့ အမြဲလို ဂုဏ်ယူဝံ့ကြွား ပိတိဖြစ်နေတတ်တဲ့အမေ့ကိုသူ့သမီးရဲ့အလူးလူးအလိမ့်လိမ့်ကျဆုံးခန်းအကြောင်း ဘယ်လိုပြောထွက်ပါ့မလည်း ချို…..။
” ကိုယ် အမေ့ကို ကိုကိုက တီဘီကနေ အဆုတ်ကင်ဆာဖြစ်သွားတာလို့ ၊ ကိုယ်ကတော့ တီဘီနည်းနည်း
ကူးချင် သလိုဖြစ်နေတယ်လို့ပဲ ပြောထားလိုက်တယ်ချို....”
ချာကနဲ သူမကိုကျောခိုင်းပစ်လိုက်တဲ့ချို့ကျောပြင်ကို ခပ်ငေးငေးပဲကြည့်နေဖြစ်လိုက်တယ် ..။
” မိမေ ငါ နင့်သမီးလေးကို ငါ့သွေး ငါ့သား ထက်ပိုချစ်မယ် သိလား...”
ခေါင်းအညိတ်လိုက်မှာ မျက်ရည်တစ်စက်က ကျဖြစ်အောင်ကျရပြန်တယ်လေ ..။

(၅)
အမေရဲ့ရင်ခွင်နဲ့ထပ်တူထပ်မျှလုံခြုံနွေးထွေးစေနိုင်တာအဖွားအေရဲ့ရင်ခွင်ပဲလို့ သူမတစ်ကိုယ်ရည်မှတ်ချက်နဲ့သားကြီးကိုကျောင်းထွက်လက်မှတ်ယူလိုက်တယ်။ရန်ကုန်က ကျောင်းကောင်းကောင်းတွေမှာထားမှ ပညာတတ်ကြီးဖြစ်မှာဆိုတဲ့ အချက်ဟာ မခိုင်လုံကြောင်း ချိုက
သူမကို သက်သေပြထားခဲ့တယ်လေ..။
ကလေးနှစ်ယောက်နဲ့ ရောက်ချလာတဲ့သမီးကို ပိန်သွားလိုက်တာသမီးရယ် ဆိုတဲ့မှတ်ချက်နဲ့ အမေနဲ့
အဒေါ်လေး လုပ်သူက ၀မ်းသာအားရကြိုဆိုကြရှာတယ် ။
အမေ သမီး သားကြီးကို အမေနဲ့ထားမလို့ဆိုတော့အမေက မယုံကြည်နိုင်သလို မျက်လုံးကြီးပြူးကြည့်နေခဲ့တယ်။
” ဟုတ်တယ်အမေ သမီးက ကိုကိုဦးဆီက တီဘီကူးနေတာဆိုတော့ သားကြီးကိုကူးမှာစိုးတယ် ၊
နောက်ပြီး အဒေါ်လေးကိုလည်း ကလေးကျောင်းကြို ကျောင်းပို့ကအစ သမီးဆိုင်ကတစ်ဘက်နဲ့...”
စကားစက အလိုလိုပြတ်ကျသွားခဲ့တယ် ၊ တကယ်ဆို ဆိုင်ကိုရောင်းလာခဲ့တဲ့ ငွေထုတ်ကိုပိုက်လာခဲ့တာ ၊ အမေ့ကို လိမ်ရ ညာရတာတွေ သိပ်များလာတော့ သူမ အမေ့မျက်နှာကိုတောင် ရဲရဲရင်မဆိုင်ရဲချင်တော့ပါ..။
အမေကသူ့ခင်ပွန်းဝင်စားတယ်လို့ ယုံကြည်တဲ့ သားကြီးကို ၀မ်းသာအားရ တရှုံ့ရှုံ့နမ်းရှိုက်ပြီး ..။
မိမေနော် နောက်မှ ငါ့ကို အသည်းကွဲအောင်မလုပ်နဲ့တဲ့လေ..။
ဟဲ့ အငယ်လေးရော ကူးမှာမစိုးရိမ်ရဘူးလားဆိုတော့ မီးငယ်လေးက ကာကွယ်ဆေးထိုးထားပြီးသားအမေရဲ့
လို့ သူမပါးစပ်ထဲပေါ်ရာကောက်ပြောလိုက်ရင်း အမေ့ပေါင်ပေါ်ခေါင်းအုံးပြီး လှဲနေမိလိုက်တယ်။
တဒင်္ဂတော့သူမသောကအားလုံးကိုမေ့ပျောက်ပြီးဟိုး...ဆယ်တန်းကျောင်းသူမဘ၀လောက်ကို ပြန်ရောက်သွားသလိုပါပဲ ..။
အမေက သူမဆံနွယ်တွေကို တယုတယပွတ်သပ်ပေးနေရင်း
” သမီးရယ် ညည်းမလည်း ခေတ်ပညာတတ်မဟုတ်တာကျလို့ တီဘီများကူးအောင်ပြုစုရတယ်လို့အေ ၊
မတော် ဟို အဆုတ်ကင်ဆာ ဆိုတာကြီးပါကူးရင် ဘယ့်နှယ့်လုပ်မတုန်း ...”
သူမ ဆတ်ကနဲတုန်သွားမိတယ် ၊ အမေ ယာသူမကြီးက အဆုတ်ကင်ဆာရောဂါကိုပါ
ကူးစက်ရောဂါ ထင်နေခဲ့တာ ပါလား..။ သူမအတွက်တော့ တစ်မျိုးကောင်းတာပေါ့လေ..။
သူမ ခွေခွေနေတိုင်း သမီးနေသာရဲ့လား ၊ ဘယ်လိုနေလည်း နဲ့ ပျာပျာသလဲ တဖွဖွမေးစမ်းရင်း
သူမကိုအရိပ် တကြည့်ကြည့်ရှိနေခဲ့တဲ့အမေ့ရဲ့မျက်ဝန်းတွေဟာသူမသမီးလေးကိုကြည့်မိတဲ့မျက်ဝန်းတွေနဲ့
တစ်ထေရာတည်းတူနေမှာပါ။
တီဘီဆိုတာဗမာဆေးမှပျောက်တာအေ့ဆိုပြီးကျိုချက်တိုက်တဲ့ဆေးဥဆေးမြစ်တွေကို သူမသောက်ဟန်ဆောင် နေတာ အမေများရိပ်မိသွားလေမလား..။
သမီး က မလုပ်တတ် မကိုင်တတ်ဆိုတော့ ရှိတာလေးတွေတိုးအောင်ပွားအောင် အမေပဲစီစဉ်ပေးနော်
ဆိုပြီး သူမ က ငွေတွေကို အမေ့လက်ထဲထည့်လိုက်တော့ အမေက ဂုဏ်ယူတဲ့အပြုံးမျိုးကို တသိမ့်သိမ့်ပြုံးလို့ ။
သတင်းမေးလာသမျှဧည့်သည်တွေကို မိမေကစိတ်ရောလူရောပမ်းသွားတာပေါ့တော်ဆိုပြီး
အကြိုးအကြောင်းတွေဇာတ်စုံခင်းရင်းမျက်ရည်စို့နေရှာတယ့်အမေရဲ့နှလုံးအိမ်ကိုမ
ှသူမကချေမွှရဦးမယ်တဲ့လေ...။မြေးကြီး၊မြေးငယ်တွေနဲ့အလုပ်တွေရှုပ်နေတဲ့ကြားကသမီးရယ် ရန်ကုန်မှာရှိတာတွေအကုန်ရောင်းချပြီးဒီမှာပြန်လာနေစမ်းပါလို့သတိရတိုင်းထထပြောနေတဲ့
အမျိုးသမီးကြီးဟာ ဘယ်လောက် ဆောက်တည်ရာမဲ့ကြေကွဲရဦးမှာပါလိမ့်......။
မိဘမဲ့ဆိုတဲ့ဝမ်းနည်းသိမ်ငယ်စိတ်ဟာ ကလေးသူငယ်တွေကို ဘယ်အချိန်ဘယ်အရွယ်လောက်မှာ
နာကျဉ် နှိပ်စက်စေလိမ့်မလဲ..။
ဘယ်အချိန်မျိုးမှာသားကြီးဟာအဖေနဲအမေ့ကို့ကြေကြေကွဲကွဲတမ်းတနေမှာပါလိမ့်ကွယ်…။
ဘာ ကို မှ မတွေးပဲနေတဲ့ အချိန်တွေမှာပဲ သူမ အနည်းငယ် နေပျော်သလိုရှိတော့တာပါလား..။
လက်သာ တဲ့နေရာမှာ ပျော်တတ်တဲ့ ကလေးတွေရဲ့ထုံးစံအတိုင်း ဖွားဖွားကြီးနဲ့ ၊ဖွားဖွားလေးတို့ရဲ့
အလိုလိုက်အရေးပေးမှုအောက်မှာ ရွှင်လန်းပျော်မြူးနေတဲ့ သားကြီးကိုကြည့်ရင်း လောလောဆယ်
အတွက်တော့ သူမ စိတ်အေးသွားမိတယ်။
ကားအရုပ်ကလေးတွေကိုဖြုတ်လိုက်တတ်လိုက်နဲ့ အလုပ်ရှုပ်နေတတ်တဲ့ သားကြီးဟာ
အင်ဂျင်နီယာကြီးများ လုပ်ချင်နေဦးမလား...။ ဟင့်အင်း သူမကတော့ဆရာဝန်ကြီးပဲလုပ်စေ့ချင်ပါတယ်။
” အမေ သားကြီးကို ဆရာဝန်ဖြစ်အောင်လုပ်ပေးနော် ...”
သူမလွှတ်ကနဲပြောလိုက်မိတယ်။
ရူးပ သူ့သားကဖြင့်ခုမှ သုံးတန်းတက်ရမှာလို့ အမေကပြန်ပြောတော့ သူမ အားရပါးရရယ်မောလိုက်မိတယ်။ သမီး မရယ်မောနိုင်ခဲ့တာ ဘယ်လောက်ကြာပြီလဲ အမေရယ်။
မေမေ ရေသောက်ချင်တယ်လို့ ခပ်ချွဲချွဲ ပြောလိုက်တဲ့သားကို
” သား သားက ယောက်ျားမဟုတ်ဘူးလားသား၊ ယောက်ျားဆိုတာကိုယ့်အားကိုယ်ကိုးရတယ် သားရဲ့ ၊
သားနဲ့မီနေတာသားဘာသာသွားခပ်သောက်ရမယ်နော်၊နောက်ဆိုသားတာဝန်သားယူရမယ့်
အခြေအနေတွေရောက်လာဦးမှာ ..”
သူမရဲ့ စကားဟာ ရှစ်နှစ်သားအရွယ်ကလေးတစ်ယောက်အတွက် ရက်စက်စိမ်းပြတ်လွန်းနေမလား ။
အို သား လေးရဲ့ စိတ်ထဲမှာ အမေဆိုတာ အားကိုးမှီတွယ်စရာဆိုတဲ့အသိမျိုး ၀င်နေလို့မဖြစ်ဘူးလေ..။
သားဟာ သူ့ကိုယ်ပိုင် အစွမ်းအစ လေးနဲ့ သူကိုယ်သူ ထိမ်းကျောင်းတည့်မတ်သွားနိုင်ဖို့ ..။
” အမေ ချို့ကိုမှတ်မိလားဟင် ၊ ခင်လေးချိုလေ ၊ အလည်ပိုင်းက ...”
” မှတ်မိပါ့တော် ၊ ဆရာဝန်မဖြစ်နေတဲ့ကလေးမ မဟုတ်လား ...”
” ဟုတ်တယ်ဟုတ်တယ် သူက မီးငယ်လေးကိုသိပ်ချစ်တာ အမေရဲ့ ၊ မွေးစားချင်လို့တဲ့ ...”
” မိမေ ညည်းက ကလေးတွေသူများလျောက်ပေးပြီး အပျိုလုပ်ချင်နေတာလား ...”
အမေက အငေါ်တူးတူးပြန်ပြောလိုက်တော့ သူမ ကြေကြေကွဲကွဲ ရယ်မောလိုက်မိတယ်။
အမေက သားကြီးကို သူမ ရင်ငွေ့ကခွဲထုတ်ထားမှာကိုတောင် သိပ်ကျေလည်ချင်ပုံမရခဲ့တာပါ ။
သား သမီးဆိုတာမိဘနဲ့ရင်အုပ်မကွာထားရတယ်အေ့စတဲ့အမေ့ရဲ့ဆုံးမသံတွေကိုသူမဘယ်လိုများ
ကြားနာရပါ့မလည်းကွယ် ..။
သူမပြန်ခါနီး အမေ့ခြေဖမိုးကို မျက်နှာအပ်ပြီး မျက်ရည်သွယ်သွယ်ကျခဲ့ပေမယ့် ၊
သား မေမေက အရုပ်သွား ၀ယ်ပြီးပြန်လာမှာဆိုလို့ကြည်ကြည်သာသာနဲ့လက်ကလေးပြပြီးကျန်ရစ်တဲ့သားကို နင့်နေအောင်နမ်းမွှေးလိုက်ချင်စိတ်ကိုတော့ အောင့်အည်းနိုင်ခဲ့ပါရဲ့လေ..။
မေမေ့ရဲ့ အနမ်းက သားလေးစိတ်မှာ နာကျင်တမ်းတစရာ ဒဏ်ရာတစ်ခုလိုကျန်မနေခဲ့စေချင်တာပါ သားရယ်။

(၆)
မျက်နှာထားခပ်တည်ထည်နဲ့သူမကိုကိုယ်တိုင်သွေးပေါင်ချိန်ကြည့်နေတဲ့ ချို့ကို သူမ မျက်နှာချိုသွေးနေမိတယ်။
”ကိုယ်နေကောင်းပါတယ်ချိုရဲ့၊ကိုယ်ဆေးလည်းမှန်မှန်သောက်ခဲ့တယ်၊ကော်ဖီလည်းမသောက်ပါဘူး၊ လေ့ကျင့်ခန်း လည်းလုပ်ပါတယ်၊ အား ရှိ တာတွေ လည်းစားခဲ့ပါတယ် ။”
”မဟုတ်ဘူးမေ ဒီလောက်ခရီးဝေးကြီးကိုသွားလို့ ပင်ပမ်းတဲ့ဒဏ်ကို မင်းမခံနိုင်မှာစိုးလို့ ပြောနေရတာ ၊ အဲဒီ့ဒဏ် ကနေ Opportunistic Infections တွေဝင်လာမှာစိုးလို့ပြောနေရတာ ၊ ခေါင်းသိပ်မာတာပဲ မေရယ် ။”
ဆူပူသလို တဗျစ်ဗျစ်ပြောနေတဲ့ ချို့ ရဲ့ မျက်ဝန်းထဲကကရုဏာနဲ့ အကြင်နာတွေကို အမိအရလိုက်ဖမ်းကြည့်ရင်း ၊ သူမ မျက်ရည်တွေဝဲတက်လာအောင် ကြည်နူးနေမိတယ်။ ချိုရယ်လေ သူမအတွက်အလုပ်တွေရှုပ် အပင်ပန်းတွေခံလိုက်ရတာ…။ သွေးချင်းညီအမ မရှိတဲ့ သူမအတွက်တော့ ချိုဟာ အမကြီးပါပဲ..။
သူမကို တစ်ကိုယ်ကောင်းဆန်တယ် ပြောချင်ပြောကြပါစေတော့၊ ဒီအချိန်မျိုးမှာ ချိုနဲ့ ပြန်အဆက်အသွယ်ရတာ တစ်ခုတော့ဖြင့် သူမ ကံကောင်းပါတယ်လေ။
”ကိုယ် ချို့ရဲ့စေတနာကို နားလည်ပါတယ်ချိုရယ်..။ အခုက ကိုယ် ဆိုင်ရောင်းလို့ရတဲ့ ပိုက်ဆံလေးကို အမေ့တို့ အတွက် ပွဲရုံမှာရှယ်ယာသွားဝင်ပေးလိုက်တာ၊ အမေကလည်းဒီအလုပ်တွေကျွမ်းပြီးသားဆိုတော့လေ ”
သားအကြောင်း တစ်လုံးမှမပါအောင် သတိထားပြောနေတဲ့ သူမကို သက်ပြင်းလေးလေးရှိုက်ချလိုက်ပြိး ချိုက ငေးကြည့်နေခဲ့တယ်..။ချို့ကိုအခန်းအပေါက်ဝအထိလိုက်ပို့ရင်းချိုသမီးလေးကိုရောသွေးစစ်မကြည့်ကြသေးဘူး
လားဟင်လို့မေးချင်လိုက်တာမှလေ..။
လည်ချောင်းမှာနင်ပြီးပျောက်နေတဲ့အသံတွေကြောင့်သူမအသက်ရူရကြပ်လာသလိုပါပဲ.....။
ကိုယ် မနားနိုင်သေးပါဘူးချိုရယ် ။ ကိုယ့်မှာ လုပ်စရာတွေကျန်နေသေးတယ်လေ..။
အခုကိုယ်နေတဲ့တိုက်ခန်းကို အဆောင် ပုံစံပြင်ဆင်ပြီး အဆောင်ငှားဖို့ ၊ ကိုယ့်တူမ ဆရာမနဲ့တိုင်ပင် ထားခဲ့ဘူး တယ်လေ..။နောက် ကိုယ် လက်ဝတ်လက်စားတွေကို အာမခံဌာနမှာအပ်ဖို့ ၊
နောက် ကိုယ်ဈေး ပေါပေါရတုန်းက ၀ယ်ထားခဲ့တဲ့ တောင်ဒဂုံက မြေကွက်ကလေးတွေ
တစ်ချို့ဆို ဘယ်နေရာမှာရှိမှန်းတောင် ကိုယ်မသိသေးဘူး၊ အဲဒါလေးတွေကို ရောင်းပြီး
ကိုယ် တို့စရိတ်တွေနဲ့ တော်တော်လျော့သွားတဲ့ ဘဏ်စာရင်းကို ငွေသားပြန်ဖြည့်ထားနိုင်ဖို့ ၊
နောက် ကိုကို့ သူငယ်ချင်း ရှေ့နေ တစ်ယောက် နဲ့ ကိုယ်ဖြစ်စေချင်တာလေးတွေကို တရားဝင်ဖြစ်စေဖို့.....။
အဲဒါလေးတွေကျန်နေသေးတယ်ချိုရယ်..။ အဲဒါလေးတွေပါပဲ........။
အဲဒါတွေပြီးရင်
သူမ တာဝန်တွေ အားလုံး ပြီး ဆုံး သွား ခဲ့ ပြီ တဲ့ လား....။
တကယ်ပဲ ပြီးဆုံးသွားပြီတဲ့လား....။
အခုချိန်မှာတော့ ဘ၀ဟာ အလုပ်ထွက်စာတင်ထားတဲ့ အလုပ်တစ်ခုမှာ အလုပ်ဆက်လုပ်နေရသေးတဲ့ အချိန်အကန့် အသတ်တစ်ခုလိုပါပဲလား ကွယ်။

(၇)
ချို့ဆီကို ဖုန်းခေါ်ဖို့ အပြင်းအထန်ကြိုးစားနေတဲ့ သူနာပြုဆရာမလေးဟာ သူမမျက်ဝန်းထဲမှာပြာဝါးနေခဲ့တယ်။
သူမ ကိုယ်ထဲက သတ္တုဓါတ်တွေအားလုံး ခမ်းခြောက်ကုန်ပြီလား..။
သူမရဲ့ လက်တွေခြေတွေဟာ လှုပ်ရှားနိုင်စွမ်းမရှိလောက်အောင်ကို ညောင်းချိ နွမ်းနယ် နေလိုက်တာမှလေ..။
ချို သိရင်တော့သူမကိုမန်မဲဦးမှာသေချာတာပေါ့။
ချိုရယ် လာပါတော့ ။
ကိုယ်လေ တောင်ဒဂုံကမြေကွက်ကလေး တွေဝယ်သူရှိလို့ ရက်ဆက်သွားလိုက်မိတာ..။
နောက် ကိုယ် သိပ်ကြိုက် တဲ့ ပိန္နဲသီးတွေကိုတွေ့တော့ သတိလက်လွတ် ၀ယ်စားမိ လိုက်တာ...။
သမီးလေးရော ၊ သမီးလေးဒီအချိန်လောက်ဆို ကောင်မလေးရင်ခွင်ထဲမှာအိပ်ပျော်နေရောပေါ့။
သူမဟာသမီးလေးရှေ့မှာအပြစ်ရှိနေသလိုအမြဲတမ်းခံစားကြေကွဲနေရတဲ့အကြောင်း သမီးလေးကိုပြောပြချင်လိုက်တာ..။
တကယ်ဆို သမီးလေးအတွက် အကောင်းဆုံး ဆိုတာ တွေချည်း မေမေ ဖန်တီးပေးချင်ခဲ့တာ..။
ခုထိ ကျန်းကျန်း မာမာ ချိုချိုရွှင်ရွှင်ရှိနေတဲ့ သမီးလေးမှာ ချိုပြောသလို ဘာရောဂါ ၊
ဘာအနာတရမ မရှိနိုင်ဘူး ဆိုတာ ဟုတ်မှာပါ။
ဟုတ်ပါတယ်နော် ၊
အို.. ချိုကိုယ့် ကို နှစ်သိမ့်နေတာဆိုလည်း ကိုယ်သေချာပစ်လိုက်တော့မယ်ကွယ်..။
တစ်ကိုယ်လုံးပူလောင်ပြီး ခေါင်းတွေတဒိန်းဒိန်းကိုက်တက်လာတယ်။
သေချာတယ် ကိုယ် ဖျားနေပြီ.ချိုရယ်.။
နားထဲမှာ စီကနဲအူတက်သွားတဲ့အသံတွေနဲ့ သူမ ခဏလောက်အိပ်ပျော်သွားခဲ့သေးသလား...။
ပြာလွင်နေတဲ့ ကောင်းကင်က အခိုးအငွေ့တံတားတစ်စင်းကို သူမမြင်နေရပြန်ပြီလေ...။
ဟုတ်တယ် အခိုးအငွေ့တံတားတစ်စင်းပါပဲ...။
ကိုကို့ ကို နောက်ဆုံးအဖြစ်ပြောင်းလဲမြင်တွေ့ခွင့်ရလိုက်တဲ့ အရာတစ်ခုပေါ့။
ကိုကိုရေ......။
ကိုကို ဘယ်ကိုရောက်နေခဲ့ပြီလည်းကွယ် ၊ မေလေ အားလုံးအတွက် အဆင်ပြေအောင် စီစဉ်ထားပေးခဲ့တယ် သိလား ၊ သားကြီးအတွက် ၊ သမီးငယ်လေးအတွက် ၊ အမေ့အတွက်၊ မေ့ ရဲ့ကျေးဇူးရှင်ချို့အတွက်၊
အားလုံး အားလုံးအတွက်ပေါ့…...။
ဟင် !!
မေ့ အတွက် ဟုတ်လား ။
မေ့အတွက်.......။ မေ့အတွက် ..။ မေ့အတွက် တဲ့..။ဟုတ်ပါရဲ့..။
ဘ၀ရဲ့ အေးငြိမ်းရာထွက်ပေါက်တစ်ခုလို့ ဖတ်ဖူးကြားဖူးခဲ့တဲ့အာနာပါနသတိပဌာန် ဆိုတဲ့တရားတော်ကို
နည်းနည်းလေးမှကြိုးစားပမ်းစားအားမထုတ်ခဲ့ဘူးအောင်ကိုဒီစိုးရိမ်သောကဗျာပါဒတွေနဲ့ပဲ ပူပြင်းလောင်မြိုက်ခဲ့တာပါလား..။
သူမချွေးစေးတွေနဲ့ ရွှဲနစ်လို့..။ သူမရင်ပြင်ဟာ ကြောက်လန့်စိုးရွံ့မှုတွေနဲ့ ဆတ်ဆတ်ခါနေလိုက်တာကွယ် သူမမေ့လျော့နေခဲ့လိုက်တာ ။
ဘုရားဘုရား...။
လက်အုပ်ချီဖို့ ကြိုးစားလိုက်တဲ့လက်ဖ၀ါးအတွေ့မှာ လက်စွပ်ကလေး နှစ်ကွင်း..။
သူမလက်သူကြွယ်မှာဂွမ်းစအ၀တ်ကလေးတွေခံပြီးရအောင်ဝတ်ထားခဲ့တဲ့ လက်ထပ်လက်စွပ်ကလေးနှစ်ကွင်း..။
ဂုဏ်သရေရှိမင်္ဂလာဧည့်ပရိတ်သတ်ရှေ့မှာ၊ဂုဏ်သရေရှိမင်္ဂလာဇနီးမောင်နှံကဆင်ယင်ပေးခဲ့တဲ့..
ကိုကို နောက်ဆုံးအချိန်အထိ အမြတ်တနိုးဝတ်ဆင်သွားခဲ့တဲ့...။
သူမ ခုချိန်အထိ အမြတ်တနိုးဝတ်ဆင်ထားဆဲဖြစ်တဲ့ ..။
လက်ထပ်မင်္ဂလာ လက်စွပ်လေးနှစ်ကွင်းပေါ့..။

ပိန်းပိတ်အောင် မဲနက်သိပ်သည်းနေတဲ့အမှောင်ထုထဲမှာ အလင်းတစ်စ မြင်လိုက်ရသလိုမျိုး..။
ရေနစ်နေသူရဲ့ ကောက်ရိုးတစ်မျှင်လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ..။

ချို ရေ.......။ ချို လာရင်...
ဒီလက်စွပ် ကလေးနှစ်ကွင်းကို ရောင်းလိုက်ဖို့..။
ရတဲ့ငွေကို HIV ကူးစက်ခံမိဘမဲ့ ကလေးငယ်လေးတွေအတွက် လှူဒါန်း ပေးဇို့....။
ဘာ အပြစ်မှမကျူးလွန်မိပဲ..ပြစ်ဒဏ်အချခံထားရတဲ့....ကလေးလေးတွေအတွက်....။.
မိဘမဲ့ ၊ပစ္စည်းဥစ္စာမဲ့တဲ့၊ရောဂါဘယ ရဲ့ ရက်ရက်စက်စက် ထိုးနှက်တိုက်ခိုက်တာကို ခံစားကြရဦးမယ့် ...
ကလေး လေးတွေ အတွက်လေ ။
သူမအမြတ်နိုးဆုံး ပစ္စည်းလေးကိုအရင်းတည်ပြီး လှူဒါန်းတာကြောင့် အမွန်မြတ်ဆုံးဖြစ်နေမှာပါ..။
တော်ပါသေးရဲ့ကွယ်။
သူမရဲ့ စိတ်ဝိဥာဉ်တစ်ခုလုံး လုံခြုံ အေးမြသွားသလိုလို .....။
သူမ စိတ်ရဲ လက်ရဲ တည်ငြိမ် သွားသလိုလို.....။
အခုကျနေတဲ့ မျက်ရည်တွေကတော့ သူမရင်ထဲက လှိုက်တက်လာတဲ့ ပိတိတွေကြောင့်ပဲဖြစ်မယ်ထင်ပါရဲ့။

အမေ နဲ့ ချိုက အမျှဝေရင် သူမက သာဓု ခေါ် ရ မှာ ပေါ့.......။

အို. . . .
သာဓုခေါ်နိုင်တဲ့ အခြေအနေရှိမရှိ ဆိုတာအထိတော့ ...
သူမ.........
တွေး တော မနေတော့ပါဘူးလေ....။ ။


အိန္ဒြာ
(ရတီမဂ္ဂဇင်း၊၂၀၀၆ခုနှစ်)