Showing posts with label စာစီစာကုံး. Show all posts
Showing posts with label စာစီစာကုံး. Show all posts

May 12, 2012

သေခြင်းနှင့် ၄င်း၏ဆက်စပ်ပစ္စည်းများ


+++

တပြန့်တပြော ကျယ်လွင့်လှသည့် ကွင်းပြင်ကြီးတစ်ခုဖြစ်နိုင်သလို ကျဉ်းမျောင်းရှည်လျားလွန်းလှသည့် လိုဏ်ဥမင်လည်းဖြစ်နိုင်သည်။
မည်းနက် ပိန်းပိတ်နေနိုင်သလို လင်း ပ ၀င်း တောက်လို့လည်းနေနိုင်သည်။
လွင့်ပါးမြူးထူးဖွယ်ရာ ဂီတသံတစ်မျိုးရှိနေနိုင်သလို ၊ ချောက်ချားဖွယ်ရာ ဆိတ်ငြိမ် တိတ် အ လို့လည်း နေနိုင်သည်။
 စိမ်းညှီလှောင်အက်နေနိုင်သည်။ မွှေးရီသင်းပျံ့နေနိုင်သည်။
အာရုံခံနိုင်စွမ်းငါးပါးစလုံး ပြွန်းတီးရှုပ်ထွေးနေနိုင်သည်]။ ဘာဆိုဘာမှမရှိသည့် ပကတိ အနန္တတရား ဟင်းလင်းပြင်ကြီးလည်းဖြစ်နိုင်ပါသေးသည်။

ဘာပဲဖြစ်ဖြစ် သေခြင်းသည် ရှင်သန်နေထိုင်ခြင်း၏ အဆုံးသတ်နေ့ဖြစ်သည်။
သေခြင်းသည် မ၀တ်ဆင်ရသေးသော ၀တ်စုံတစ်စုံဖြစ်သည်။ မြည်းစွက်ခွင့်မရှိသေးသော အဟာရဖြစ်သည်။
သေခြင်းသည် အသစ်တင်လိုက်သော စွန့်စားခန်းရုပ်ရှင်ဖြစ်သည်။
သေခြင်းသည် တစ်ကိုယ်ရည်ခရီးသွားလက်မှတ်ဖြစ်သည်။
သေခြင်းသည် အနိုင်ပိုင်းခြင်းဖြစ်သည်။
သေခြင်းသည် အချိန်တန်တော့လည်း လက်နက်ချပေးလိုက်ရတဲ့ ရေကုန်ရေခမ်းတိုက်ပွဲတစ်ပွဲသာဖြစ်သည်။

သင်၊ ကျွန်မ၊ သူ၊ သူမ တို့ နောက်ထပ်လှမ်းမည့် ခြေလှမ်းတစ်လှမ်းလှမ်း၏ အလွန်တွင် သင်၊ ကျွန်မ၊ သူ၊သူမ တို့ အရပ်နှင့် တတိုင်းတည်းသော သေဆုံးခြင်း ခေါင်းတလားက မွတ်သိပ်ငံ့လင့်စွာ စောင့်ကြိုလျက်ရှိနေပေပြီ။
( ထိုအခါ သင်သည် နမိတ်မရှိနမာမရှိဟု ဒီစာကို ဆက်မဖတ်လိုတော့အောင် စိတ်ပျက်သွားလိမ့်မည်။ ဆက်ဖတ်ချင်မှလည်း ဖတ်တော့မည်။ သို့သော် ကျွန်မက ထပ်ပြောချင်ပါသည်။ ဖေါ်ပြပါ အားလုံးသည် စကြ်ာဝဠာအမှန်တရားများပင်ဖြစ်၏။)

+++

သေခြင်း၏ နာကျင်မှုများသည် သေလောက်အောင်အထိ ပြင်းပျ စူးရှပါလိမ့်မည်။
သေခြင်း၏ ပူလောင်မှုသည် သေလောက်အောင်အထိ လောင်မြိုက်ပါလိမ့်မည်။
သေခြင်းသည် သေလောက်အောင် မောဟိုက်နွမ်းနယ်စေပါလိမ့်မည်။
တစ်ခါတစ်လေ သေခြင်းသည် စိတ်ကြွရူးသွပ်ဆေးပြားဆန်ဆန်ရှိလိမ့်မည်။
သေခြင်းဆီ ခရီးရောက်အောင်သွားရန် လောင်စာဆီပြည့်ဝသော ရောဂါတစ်ခုကို စီးနင်းသွားရန်လိုအပ်သည်။
တစ်ခါတစ်လေ သေခြင်းဆီ ကြုံရာယာဉ်နှင့် ခရီးကြုံလိုက်ကြသည်လည်းရှိ၏။

သေခြင်း၏ အစတွင် ရုတ်တရက် အလုပ်မှ ပြုတ်သွားသူလို ယောင်ချာချာ ကြောင်အအရှိနေပါလိမ့်မည်။
သေခြင်းထဲမှာ အသားမကျသေးသ၍ ကိုယ့်ဘ၀ဟောင်းကိုယ် ချောင်းမျောင်းကြည့်လို့မဆုံးရှိနေနိုင်သေးသည်။
သေခြင်း၏အစက စင်္ကာပူရောက်စ အချိန်တွေလို အိမ်လွမ်းနာနှင့် မျက်ရည်လည်ရွဲ တစ္ဆေတစ်ကောင် အဖြစ် အရုပ်ဆိုး အကျည်း တန်လွန်းစွာ ရှိနေလိမ့်ဦးမည်။

မည်သည့်နည်းနှင့် ရောက်ရှိသွားစေကာမူ သေခြင်းဆီရောက်ရောက်ခြင်း ကျွန်မက သေမင်း၏မျက်လုံးများကို Today you Die ဇာတ်ကားထဲက Steven Seagal ၏ မျက်ဝန်းတွေလို စိမ့်အေးစူးရှ မှုမရှိမရှိ ခိုးကြည့်ချင်ပါသည်။ နောက်ပြီး သေမင်းဝတ်ထားသော အမည်းရောင်ပိတ်စကို ဘာနဲ့ ယက်လုပ်ထားသည်လည်း စပ်စုကြည့်ချင်သေးသည်။

သေခြင်းတိုင်းပြည်မှာအရင်သေနှင့်ပြီးသူတွေကို တွေ့ခွင့်ရမည်ဆိုလျှင်ကျွန်မက ဖေဖေ့ကိုလို့ဝမ်းသာအားရ အော်ဟစ်လိုက်မိမည် ထင်သည်။
ဖေဖေက ၁၀နှစ်သမီးနှင့် ကျန်ရစ်ခဲ့သည့် ကျွန်မကို မှတ်မိနိုင်ပ့ါမလား။ ဖေဖေသာသေဆုံးသည့်အချိန်က အရွယ်အတိုင်းပဲဆို ရယ်မောချင်ဖွယ်ရာ ဖေဖေနှင့် ကျွန်မက အသက်(၅)နှစ်သာ ကွာနေပါလိမ့်မည်။
ဖေဖေနှင့် ကျွန်မက ရုပ်ရှင်ကားတွေထဲကလို အနှေးပြကွက်နှင့် ပြေးလာမိကြမလား ။ ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ပွေ့ပိုက် ငိုကြွေးမိကြမလား ၊ ဒီကိစ္စကတွေးကြည့်ရုံနှင့်ပင် အတော်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလွန်းလှပါသည်။

ဖေဖေက လူပြည်တုန်းကလို မဟုတ်မခံ အားနည်းတဲ့ သူတွေဘက်က ရပ်တည်သူပဲလား။
သေခြင်းတိုင်းပြည်မှာရော အနိုင်ကျင့် တာတွေ အာဏာမက်တာတွေ ၊ မတရားအမှုဆင်တာတွေ ရှိနေမည်လား မပြောတတ်ပါ။ သို့ဆိုလျှင်တော့ ဖေဖေလိုလူက သေခြင်းအရပ်မှာလည်း ၅(ည)ထဲက ထွက်ရမည်မထင်ပေ။

နောက်တစ်ဦးထပ်မံတွေ့ဆုံခွင့်ရှိသည်ဆိုလျှင် ကျွန်မ စာရေးဆရာကိုဆွေကို ရွေးချယ်မည်ဖြစ်သည်။
ကျွန်မတို့ ရသအလင်းက သူ့အတွက် အားတက်သရော လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း၊ ဒါပေမယ့်………… ဆိုတဲ့ စကားကြွေးကျန်ကိုပြောရမည်။ ဖြစ်နိုင်လျှင် ဟောင်ကောင် လုပ် ဆွယ်တာ အင်္ကျီအဖြူလေးတစ်ထည်လောက် လက်ဆောင်ပေးချင်ပါသေးသည်။ နောက် ဆရာ ပြည်မှာဆောင်းကို ဘယ်လို အံတုခဲ့လဲဟင်လို့ သူဖြေမည်ဆိုလျှင် ကျွန်မ မေးကြည့်ချင်ပါသေးသည်။

အိုးးးနောက်ကျခြင်းဆိုသည်မှာ သေခြင်းတရားအတွက်ကလွဲလို့ ဘယ်နေရာမှာမှမကောင်းဘူးဆိုကြလေသည်ပဲ။

 +++

Simone De Beauvoir က A Very Easy Death လို့ မှတ်ချက်ပေးပြီး ဆရာမြသန်းတင့်က ရေပွက်ပမာလို့ ဘာသာပြန်ခဲ့သည်။
ထို A Very Easy Death ဆိုသည့်ခေါင်းစဉ်က ရိုးရှင်းပြီး ရေပွက်ပမာက အနုပညာဆန်ပြောင်မြောက်လွန်းလှသည်။ ထို့ကြောင့်သေခြင်းတရားသည် အနညာဆန်ပြီး ပြောင်မြောက်သော ရိုးရှင်းမှုဖြစ်ပါသည်။

ဘာသာတရား ခွက်ပုံသဏ္ဍန်အမျိုးမျိုးထဲမှာ သေခြင်းတရားက ပုံဖေါ်မှုအထွေထွေနှင့် အရောင်စုံလင်လျှက်ရှိခြေသော်လည်း သေခြင်းသည် ရှင်ခြင်း၏ အဆုံးသတ်နေ့သာဖြစ်ပါသည်။

ကျွန်မက ကျွန်မ၏ ရုပ်အလောင်းမှာ မိတ်ကပ်ပြင်ဆင်ထားမှု အဆင်ပြေမှုမှရှိပါ့မလားလို့ စိုးရိမ်ပူပန်မှု ရှိနေနိုင်ပါသည်။ ကျွန်မကိုလောင်ကျွမ်းပြီး ထွက်ကျလာမည့် အရိုးပြာတွေမှာ သူများအရိုးပြာတွေနဲ့ ရောနှောကုန်မည်လားလို့ စိုးရိမ်နေချင်နေနိုင်သည်။ ကျွန်မက ရွံရှာတတ်သည်လေ။
ကျွန်မ၏ ခင်ပွန်းသည် ဘယ်လောက်အထိ ကျွန်မအတွက် ကြေကွဲနေမလဲဆိုတာ ကျွန်မက သိချင်နေနိုင်သည်။ သူ့မျက်ရည်တွေကို သုတ်ပြီး သူ့ကိုချော့မော့နှစ်သိမ့် ဖို့ ကျွန်မကြိုးစားနေမိလိမ့်မည်။
သူရဲ့ မေးရိုးကို ခြေဖျားထောက်ပြီး နမ်းဖို့အထိ ကျွန်မက စိတ်ကူးများ ယဉ်နေလေ ဦးမလား..။

နောက်ထပ်သေချာတာတစ်ခုက ကျွန်မ Facebook ရဲ့ Wall စာမျက်နှာမှာ၊ ကျွန်မ Blogမှာ ကျွန်မရဲ့နာရေးသတင်းတွေအောက်မှာ ၀မ်းနည်း ကြေကွဲကြောင်းတွေ ဘယ်သူတွေဘယ်လောက် လာရေးကြမလဲ ဆိုတာ၊ Comment ဘယ်နှစ်ခုရသလဲဆိုတာမျိုး အလွန်အမင်း သိချင် နေပါလိမ့်မည်။ နာရေးသတင်းတစ်ခုကို Like လုပ်ခြင်းကိုတော့ ကျွန်မသဘောမကျလှပါ။

တစ်ခါတစ်လေ သေဆုံးခြင်းဆိုတာကိုရရှိလိုက်သောသူသည် ချက်ချင်း သူရဲကောင်းတစ်ယောက်လိုလို ရှိသွားတတ်သေး၏။

ကျွန်မက ကိုယ့်ကျ မသေတော့မည့်လူတစ်ယောက်လို သူများတွေ ဥပမာ အိမ်မွေးတိရစ္ဆာန်မှအစ ကိုယ်နှင့်ပတ်သက်ရာတွေ သေဆုံးတိုင်း မျက်ရည်မဆည်နိုင် တစိမ့်စိမ့် ကြွေကွဲတသနေတတ်သူ တစ်ယောက် ဖြစ်သည်။

ကျွန်မမှာ သေခြင်းအတွက် အဆင်သင့်ဖြစ်လောက်အောင်ဘာတွေ ပြင်ဆင်ထားပြီလဲဆို မေးခွန်းထုတ်ဖို့တောင်
မေ့လျော့ နေတတ်ခဲ့သူ တစ်ဥိးဖြစ်သည်။
အချိန်ကာလဆိုတာက လူကို တစ်စက္ကန့်ချင်းသေစေတတ်သော အရာဖြစ်ပေလိမ့်မည်။ အသေမဦးခင် ဉာဏ်ဦးအောင် အားထုတ်ရမည်ဆိုလျှင် ကျွန်မ ဉာဏ်တွေကဖြင့် သိပ်ကို ထုံထိုင်း အ န သည်ဟုဆိုနိုင်သည်။
စိတ်ထားကောင်းရင် ကံကောင်းမယ်ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပေမယ့် ကျွန်မက ဘုရားဝတ်ပြုဖို့ ပျင်းရိနေတတ်သူလည်းဖြစ်သေး၏။

တစ်ဝက်တစ်ပျက်သိခြင်းသည်အဆိပ်ဖြစ်သည်။
ဧဟိပဿိကော ဆိုသည်ကို ကျွန်မက တစ်ဝက်တစ်ပျက်သိရှိသူသာဖြစ်သည်။ ကျွန်မက တစ်ဝက်တစ်ပျက် သိခြင်းများနှင့် အဆိပ်မိခဲ့လေသည်လား။ ရှင်သန်ခြင်း သေဆုံးခြင်းနှင့် အဲဒီဘက်အလွန်က သန္တိသုခအရပ်။ ဖြည့်စွက်ရန် အထပ်ထပ်ကျန်နေသော ပါရမီများ အလုပ်များဖြင့် ကျွန်မနှင့်အတော် အလှမ်းဝေးလို့နေပါလိမ့်မည်။ သို့ဆိုလျှင် စိုးရိမ်တုန်လှုပ်ခြင်းများ တဒီးဒီးဖြင့် သေခြင်းအရပ်မှာ ကျွန်မ မျက်စိသူငယ်နားသူငယ် ရှိနေရဦးမည်ပေါ့။
အပါယ်တံခါးပိတ်အောင် ဒီဘ၀မှာသောတပန်လောက်တော့ ဖြစ်အောင်လုပ်ထား ငါ့တူမ ဆိုသည့် အန်တီဝင်း၏ စကားကို ကြားယောင်မိလာရင်တော့ အပါယ်ဆိုတာကြီးက ကျွန်မနား အနီးကပ်ခွဲလိုက်သည့် ချိန်ကိုက်ဗုံးတစ်လုံးနှယ်ရှိပါလိမ့်မည်။
ခရစ်ယန်ဘာသာဝင်တစ်ယောက်ဆိုလျှင်တော့ ကျွန်မက ပျင်းရိငြီးငွေ့ဖွယ်ရာကောင်းအောင် တရှည်တလျား အိပ်စက်ရပေတော့မည်။

အကယ်၍ ကျွန်မသာ လူတစ်ယောက်ပြန်ဖြစ်ခွင့်ရလျှင်….။
ထိုအခါဆိုသည်က ကျွန်မသည် ကျွန်မမဟုတ်တော့သည့်အတွက် ဒီခေါင်းစဉ်က ချရေးနေရလောက်အောင် ရင်ခုန် လှုပ်ရှားဖွယ်ရာ ရှိမနေပါ။

ဒါပေမယ့် ခဏလေးပြန်ခွင့်ရသည်ဆိုရင်တော့ မေမေ့ဆီပြန်ချင်ပါသည်။ မေမေ့ကို သွေးချိုတိုင်းပေးဖို့ ကိစ္စရှိနေသေးသည်လေ။

+++

သေမည်ဆို ဘာလို့များမွေဖွားနေရသေးသည်လဲ
သေလျှင် အပြီးတိုင် ခွဲခွာကြရဦးမည်ဆိုမှတော့ ဘာလို့ ကျွန်မနဲ့မောင် ဘာလို့များ ခွဲနေမိခဲ့ကြသလဲ
သေလျှင်အားလုံးကိုယ်နဲ့ မသက်ဆိုင်သလို ထားရစ်ခဲ့ရမှာတော့ ဘာလို့ ပစ္စည်းဥစ္စာတွေ လောဘတကြီး ရှာဖွေနေရလေသည်လဲ
သေလျှင်အားလုံးကိုမေ့ခဲ့ရမှတော့ ချစ်ခြင်းတွေ မုန်းခြင်းတွေ အာဃာတတွေ အငြိုးအတေးဆိုတာတွေ ဘာလို့များ ရှိနေခဲ့ရသေးသည်လဲ...
သေတော့မည့်လူတစ်ယောက်အတွက် i Phone 4 (s) ထွက်ခြင်းကို စိတ်ဝင်စားစရာမလို
 NLD လွှတ်တော်တက်ပြီးဆိုပြီးလည်း စိတ်ချနေစရာမလို
ကျွန်မ သမီးလေးတစ်ယောက်လောက်ရရင်လို့ စိတ်ကူးယဉ်နေစရာမလို
ကချင်ဒေသက စစ်ပွဲတွေအတွက် စိတ်မောနေစရာ မလို
ကဗျာအသစ်မရေးနိုင်တာအတွက် စိတ်ပျက်နေစရာမလို...
ကားပါမစ် ဆုံးသွားတာ အတွက် စိတ်မကောင်းဖြစ်နေစရာမလို
ဘာမှကိုမလိုတော့။ ဥပဒေရဲ့အထက်မှာ ဘာမှမရှိသလို ။ သေခြင်းတရားရဲ့ အထက်မှာဘာမှမရှိတာဖြင့် သေချာသည်။

ထိုစာသားများအားလုံးက သေဆုံးပြီးသူတစ်ယောက်ရဲ့ သွေးရူးသွေးတမ်းအတွေးများဖြစ်ကောင်းဖြစ်နေလိမ့်မည်ပေါ့.။

သို့သော်…သင် ကျွန်မ သူ သူမ၏ သေခြင်းလိပ်ပြာသည် သန့်စင်နေရန်တော့ အရေးတကြီးလိုအပ်ပေလိမ့်မည်။

ရေးစရာများကုန်လုပြီထင်သည်။ ကျွန်မကိုယ်တိုင် ဘာကြောင့် ဒီစာသားတွေကို ချရေးနေမိသလဲဆိုတာကတော့ မသေချာပါ။ ၁၃.၅.၂၀၁၂ စင်္ကာပူနိုင်ငံစံတော်ချိန်မနက် ၂နာရီ ၄၅ကျော်သည်အထိ ကျွန်မက သေခြင်းအကြောင်း ဇိမ်ပြေနပြေချရေးနေမိသည်။

ဒီပိုစ့်ကိုတင်လိုက်ရင်တော့ အတော်ရင်းနှီးသော မိတ်ဆွေများက ကျွန်မအတွက် စိုးရိမ်ကြပါလိမ့်မည်။
တစ်ချို့က ဖုန်းဆက်ကောင်းဆက်လိမ့်မည်။
ဒီပိုစ့်ကို TAG မိသူ အယူသည်းသူတစ်ချို့က မသိမသာဖြုတ်ပစ်သည်လည်းရှိလိမ့်မည်။
ကျွန်မ အမျိုးသားဖတ်မိရင် မိန်းမ မင်းဘာတွေ လျှောက်ရေးထားတာလဲလို့ မန်မဲလိမ့်ဦးမယ်။
ကျွန်မအမေဖတ်မိရင်ကတော့ ငိုမှာပါပဲ..။

တစ်ချို့တစ်လေကတော့ နမိတ်မရှိတာတွေလို့ အသေအချာပြောပါလိမ့်မည်။

ဟုတ်ပ ။ ဒီစာသည် နမိတ်ဖတ်သည့် စာတစ်စောင်များဖြစ်နေလေမည်လား။

သေချာတာပေါ့ကွယ်...ကျွန်မ ဘ၀ထဲက ကျွန်မဆီ တည့်တည့်ကို ၀င်ရောက်လာမယ့် နေ့တစ်နေ့ အတွက်..
( ထိုနေ့ကို အခုကနေ နောင်နှစ်ပေါင်း ၅၀ မရှိတောင် နှစ်ပေါင်း  ၃၀ လောက်မှဆို သေပျော်ပါပြီလို့ ကျွန်မက ကိုယ့်စိတ်ကိုယ် ဖြေဖော့ရင်း ဒီစာကို အဆုံးသတ်လိုက်ပြီ…။ အချိန်ကား အာရုဏ်တက်တော့မည်ဖြစ်၏။)




အိန္ဒြာ

(၁၃.၅.၂၀၁၂)


April 8, 2011

အလွမ်းနှစ်သက်ရာ ရှုမျှော်ခင်း


-----------------

တစ်စုံတစ်ယောက်ကများ ကိုယ့်ကို ဘယ်အရာတွေကို နှစ်သက်နေတတ် ကြိုက်နေတတ်လဲ ဆိုတဲ့ မေးခွန်းမျိုး မေးလာခဲ့ရင် ဖြေဖို့ေ တ်ာတော်ခက်နေမိလိမ့်မည်။
ကြိုက်နှစ်သက်တဲ့ အရာတွေ ။ တစ်နေ့ချင်းထဲက ၊ ရာသီဥတုတွေတိုင်းက ၊ သဘာဝတရားကြီးဆီက ၊ နှစ်စဉ်အဖြစ်အပျက်တွေထဲက ၊
နောက်..ကိုယ်ဖြတ်သန်းခဲ့ ဘ၀ထဲက ၊ နောက်တော့ အခု လက်ရှိဖြတ်သန်းနေရတဲ့ ဘ၀ထဲက ။

ဘ၀က အမှန်တကယ် ကြိုက်နှစ်သက်သလို အမှန်တကယ်နေထိုင်လုပ်ပိုင်နိုင်ခွင့်ရရှိနေရဲ့လား
နေခွင့်ရ ပြုမူဆောင်ရွက်ခွင့်ရတာလေးအပေါ် ဒီလိုပဲ ကြိုက်ပေးလိုက်ရတော့တာလား၊ ကြိုက်ချင်ယောင်ဆောင်နေရတာလား၊
အလိုက်သင့် ကြိုက်နှစ်သက်ပါတယ်ဆိုတာမျိုးလေးတောင် ပြောမထွက်နိုင်လောက်အောင် ဘ၀နဲ့ ကိုယ်ကသဟဇာတမဖြစ်တော့ပြီလား..
တသီတတန်းမေးခွန်းတွေက မွန်းကြပ်စရာကောင်းလွန်း လှပါသည်။
တကယ် ကြိုက်နှစ်သက် တာတွေကို တကယ်လုပ်ဆောင်ခွင့်ရနေရဲ့လား...
အဲသည့်မေးခွန်း ကို အထပ်ထပ်ရေရွတ်နေမိတော့ ၀မ်းနည်းသလို ရှိလာမိခဲ့သည်.။

ဟုတ်တယ်..။
ကိုယ်က မနက်ခင်းတွေ ဒီလိုနည်းနဲ့ မလင်းပချင်သည်ကတော့ အမှန်ပင်။

----------------------------

အငြိမ့်ညောင်းဆုံး သံစဉ်တစ်ခုကို ရွေးချယ်ထားသည့်တိုင်အောင် နိုးစက်ဆိုသည့်မြည်သံက နားကလောစရာကောင်းလွန်းနေသည်သာ။
ဒီလိုဆိုတော့ ကိုယ်တို့ ဇာတိ တောမြို့လေးမှာ ဘွန်တော်...ဆွမ်းချက်ရန်ထတော်မူကြပါ့ ဆိုသည့် အသံနဲ့နိုးထရသောမနက်ခင်းတွေကို သတိရမိလိုက်သည်။
အထူးသဖြင့် ခုလို နှင်းကြွင်းနေသေးတဲ့ နွေဦး မနက်ခင်းတွေမှာ..ပေါ့..
အာရုဏ်ခြည် အလင်း ဝေရီဝါးဝါးထဲမှာ တန်းစီပြီးကြွလာကြတဲ့ ဘုန်းတော်ကြီးတွေကို မေမေက ဆွမ်းတစ်ဇွန်းချင်းခပ်လောင်းလို့ ကိုယ်က ကျောင်းသားလေး ဖွင့်ပေးတဲ့ ဆွမ်းချိုင့်အံလေးထဲ ဟင်းတွေကို ထည့်လှူလို့ ။
နောက်ဆုံးဘုန်းတော်ကြီးကို ဆွမ်းအားလုံး လောင်းလှူအပြီးမှာ သားအမိနှစ်ယောက်သား မြေပေါ်ပုံ့ပုံ့လေး ထိုင်ပြီးဦးချကန်တော့၊
တရွေ့ရွေ့ဝေးသွားတဲ့ ဘုန်းတော်ကြီးတွေကို မျက်စိတဆုံးငေးမောကြည်နူးနေရတာမျိုးကို သိပ်ကို သဘောကျ နှစ်သက်ခဲ့ရပါသည်..။

အခု ကိုယ်က ကတိုက်ကရိုက်ခြေလှမ်းတွေနဲ့ အေးစက်နေတဲ့ ကျည်ဆန်ရထားတစ်စီးပေါ်မှာ စာအုပ်တစ်အုပ်ကို ဖတ်ချင်ဖတ်မိနေမည် ။ ဖုန်းကနေ Face book ၀င်ချင်ဝင်နေမည်။ ကွန်ပြူတာဂိန်း နှိပ်ချင်နှိပ်နေမည်။
ဒါမှမဟုတ် ခုလို ကိုယ်နှစ်သက်ခဲ့တာတွေကို ပြန်စဉ်းကောင်းစဉ်းစားနေမည်ပေါ့။

မနက်ခင်းစာအဖြစ် ငြုတ်ကောင်းမုန့်ဟင်းခါး အငွေ့တထောင်းထောင်းကို ကြက်သွန်ဥပိုထည့်နော် ငှက်ပျောပင်ပိုထည့်နော်..နံနံပင်ပိုထည့်နော်တွေ ဆက်တိုက်ပြောပြီး ခေါင်းမဖေါ်ပဲစားခဲ့ နှစ်သက်ခဲ့ရတာကို ပြန်တွေးပြီး
မိုင်လို တစ်ခွက်ကို စိတ်မပါလက်မပါ ဖျော်သောက်ရပါလိမ့်ဦးမည်။ ဗမာစာ စစ်စစ်ကလွဲပြီး ဘယ်လို ဘိုစာ တရုတ်စာ မှ နှစ်သက်လို့မရသည့် ကိုယ့်အဖို့ ဒီနိုင်ငံမှာ စားချင်စရာ ကလည်း ရှားပါးလွန်းလှသည်လေ။

အဲဒီ့ခေတ်က ကိုယ်တို့ မောင်နှမနှစ်ယောက်သား မနက်တိုင်းလိုလို မေမေပေးသည့် သုံးဆယ့်ငါးပြားနဲ့ မုန့်ဟင်းခါးတစ်ပွဲနဲ့ နောက် ဆနွင်းမကင်း၊ ဘိန်းမုန့် စတဲ့ အချို မုန့်တစ်ခုခု ၀ယ်စားနိုင်ခဲ့ကြသည်.။
ကိုယ်တို့ မောင်နှမနှစ်ယောက်က မေမေ မသောက်ရလို့ တားမြစ်ထားတဲ့ လှော်စာကိုမှ တက်ညီလက်ညီ ကြိုက်တတ်ခဲ့ကြသေး၏။

တစ်နေ့သား လှော်စာစားနေရင်း မေမေနဲ့ ပက်ပင်းမိကြတော့ မောင်နှမနှစ်ယောက်သား မေမေ့ရှေ့မှာ လက်ကလေးတွေ ပိုက်ပြီး ဒဏ်ပေးခံခဲ့ရဘူးသေးသည်။ မအေက မစားနဲ့ဆိုတာကို စားကြတယ်ဟုတ်လား..။ ဘယ်သူဦးဆောင်တာလဲ ပြော ဆိုတော့ ၊ သားပါ သမီးပါ ဆိုသည့် အသံက ပြိုင်တူထွက်ကျလာခဲ့သည်။
ဖြတ်ကနဲပြုံးယောင်သမ်းသွားတဲ့ မေမေ့က မျက်မှောင်တစ်ချက်ကြုတ်ပြီး မလိမ်နဲ့ ဆိုတော့ မမ...ငါ စ ပြောတာလေ..လို့ ကိုယ့်ကို မန်မဲသလို လှမ်းပြောလိုက်တဲ့ ၊ ချွေးမိတ်တွေနီရဲနေတဲ့၊ မေးဖျားလေး တဆတ်ဆတ်တုန်နေတဲ့ လက်ပိုက်တာကို ရင်ခေါင်းအထက်နား မှာပဲ ပိုက်တတ်တဲ့ ကိုယ့်မောင်လေးကို ကိုယ်က ပိုချစ်သွားမိခဲ့သည်..။

အခုတော့ကိုယ့်မောင်လေးမှာကအဲဒီ့တုန်းကသူ့အရွယ်သားလေးတစ်ယောက်ရှိနေခဲ့လေပြီ။
သူ့သားလေးကလှော်စာသောက်ချင်ပါတယ် ပြောလာရင် မောင်လေး ဘယ်လိုပြောလိမ့်မှာပါလဲ..
မေမေ့ရှေ့မှာ ကိုယ်တို့ လက်ပိုက်နေခဲ့ရသလို သူ့သားလေးကို ဒဏ်ပေးရက်ပါ့မည်လား..

အို ကိုယ့်အဖို့တော့ မေမေ့ကို ကြောက်ချစ်နေရခြင်းကိုလည်း သိပ်ကြိုက်ရတာပါပဲလေ..။

----------------------------

စပယ်နံ့ အနည်းငယ်ပါသည့် Incanto တံဆိပ်ရေးမွှေးနည်းနည်းဆွတ်မိတော့ ကြီးကြီးတို့ အိမ်ရှေ့ က စံပယ်ရုံတွေကို သတိရမိသည်..။
မိုးဦးပေါက်ညနေချမ်းတွေဆို စံပယ်တွေက ခူးလို့ မနိုင်အောင်ဖူးဝေနေကြပြီ ။ ကြီးကြီးကို စံပယ်ဖူးတွေ ကူခူးပေးပြီး အပ်ချည်နဲ့ သီပေးရတာလေးကို သိပ်ကြိုက်နှစ်သက်ခဲ့ရလေသည်ပေါ့။
အိမ်ပြန်တိုင်း ကြီးကြီးက ဘုရားပန်းပေးလိုက်သလို ကိုယ်က မေမေ့အတွက် အရွက်လေး စိမ်းမှောင်နေတဲ့ စံပယ်ခိုင် ထွားထွားကို သေသေချာချာ ရွေးခူးခဲ့သည်သာ။

ရေတွေ တစိမ့်စိမ့် စိမ့်အိုင်ကျနေသည့် သဲသောက်ရေအိုးလေးပေါ်က ငွေသောက်ရေခွက်လေးဘေးမှာ ပန်းခက်ကို တင်ထားပေးလိုက်တော့ ရေတွေရော အိုးရော ခွက်လေးရော စံပယ်နံ့တွေနှင့်သင်းပျံ့လို့နေတော့သည်။
ရေခဲသေတ္တာထဲက ရေခဲ လုလု သောက်ရေဗူးကို ထုတ်သောက်လိုက်တိုင်း နှီးချောနဲ့ ယက်ထားတဲ့ အုပ်ဆောင်းလေးကို ခေါင်းပေါ်တင်ဆောင်းလိုက်ပြီး အေးစက်နေတဲ့ သဲအိုးရေလေးကို တမက်တမော သောက်ခဲ့ရသည်ကို သတိရမိပြန်သည်။

အဖြူအစိမ်းဝတ်စုံနဲ့ဆင်တူ စံပယ်တွေ မခို့တရို့ပန်ထားတဲ့ မေမေ့ကို နှစ်သက်မြတ်နိုးစွာငေးမောနေခဲ့ရပါသည်။ မေမေက ဆရာမတွေ ထဲမှာ အလှဆုံးသိလားလို့ ကိုယ် ဆယ်နှစ်သမီးလောက်က ပြောခဲ့ဖူးသည်..။ အခု အသက် ၃၀ ကျော် အရွယ် မေမေ့ အနား ခဏ လေးပြန်ရောက်ချိန်လေးမှာ ပင်စင်နားနီး မေမေ့ကို မေမေက ဆရာမတွေထဲမှာ အလှဆုံးသိလားလို့ လှိုက်လှိုက်လှဲလှဲပြောမိလိုက်တော့
မေမေက ဟက်ဟက်ပက်ပက်ရယ်မောနေခဲ့သည်..။

အေးစက်စက် ဟင်းတွေကို Micro wave ထဲထည့်ပြီး တိတ်တဆိတ် စားသောက်ရတဲ့ ညနေစာစားနေချိန်မှာတော့ ကိုယ်က ဘာကိုမှ မတွေးတော့ပဲ အတင်းဝင်အောင် မျိုချပစ်လိုက်မိသည်။
ဒီ အချိန်မှာ ကိုယ်က မိသားစု ထမင်းဝိုင်းလေးကို မြင်ယောင်မိလိုက်ရင် မျက်ရည်က သေချာပေါက် ကျရဦးမည်လေ..။

----------------------------

မိုးရွာပြီးခါစ နေရောက်လက်လာသော ရှုမျှော်ခင်းလေးကို သိပ်ကြိုက်ပါသည်။ လန်းဆန်းလတ်ဆတ်သွားသော သစ်ရွက်ပေါ်က ရေသီးလေးတွေဆီ နေရောင်ခြည်ထိုးနေပုံကို ကြိုက်ပါသည်။
ကောင်းကင်ယံဆီမှာ သက်တန့်တစ်စင်းသာ လင်းပွင့်လာခဲ့လျှင် ဘာမှကို ထပ်မလိုတော့တဲ့ ရှုမျှော်ခင်းတစ်ချပ်ဖြစ်နေတော့မည်ပေါ့.။

ဒီအချိန်ဆို သင်္ကြန်ဖက်ဆွတ်မိုးရွာပြီး မြေသင်းနံ့တွေ သင်းပျံ့ကုန်ကြပြီ။ မနက်ဖန်ဆို ခေါင်းရင်းက ပိတောက်ပင်ကြီးပွင့်တော့မလား အဲဒီ့လို ရင်ခုန်မျှော်မောရတာကိုလည်း ကြိုက်ခဲ့ရပါသည်။
ဒီအရပ်မှာတော့ ခုနေပူ ခု မိုးရွာနဲ့ ကြမ်းတမ်းလှတဲ့ အီကွေတာရာသီဥတုထဲမှာ အရွက်တွေ အပွင့်တွေချွေချမိလိုက်တိုင်း ငြူစူခံနေရတဲ့ ပိတောက်ပင်ကြီးတွေက မျက်နှာငယ်နေကြရှာသည်.။

ဒီနိုင်ငံက အထူးပြုလုပ်ချက်တွေနှင့် အတင်းဖန်တီးပြီး ဘယ်လိုမှအနုပညာ မဆန်တဲ့ တိုင်းပြည်လို့ ကိုယ်က လူကြုံတိုင်းပြောနေမိခဲ့သည်။
ကမ်းခြေအတု လှိုင်းအတုတွေနဲ့ ပင်လယ် အတုမှာ ပျော်နေကြတာတွေ့တော့ ကိုယ်က သနားသလိုပင်ဖြစ်နေမိသေးသည်။ ကိုယ်တို့နိုင်ငံက ချောင်းသာလို ငွေဆောင်လို မောင်းမကန်လိုဆို ဘယ်လိုနေကြမလည်းလို့တွေးကြည့်နေမိပြီးမှ
အော..အဲဒီ့တော့လည်း ငါတို့က ဘာလီ နီးနီးလေးပဲလို့ ပြန်ပြောချင်ပြောကြဦးမှာလို့ တွေးရင် ကြိတ်ပြုံးနေရသေးသည်။

ကိုယ်တို့ မြို့လေးဆီမှာက မိုးတွင်းဆို ဗောင်ဗင်ဆန်နေအောင် လျှံနေသော ဧရာဝတီရှိသည်။ နွေရာသီ မြစ်ရေတွေ ကျပြီး ကျန်ရစ်ခဲ့သည့် တပြန့်တပြော ငွေပြာရောင် သဲသောင် ဖွေးလွလွကြီးလည်းရှိသည်။
အဲသည့် သဲသောင်ပြင်ပေါ်မှာ ကိုယ်တို့ မောင်နှမနှစ်ယောက် ခုန်ပေါက်ပြေးလွှားနေခဲ့ကြသည်ကို သိပ်ကြိုက်ခဲ့ပါသည်။
ကိုယ်က ခြေခုံပေါ်ကို သဲတွေ အုပ် ပြန်ထုတ်ပြီး သဲအိမ် လှလှလေးတွေ ဆောက်တော့ မောင်လေးက မြက်ပန်းလေးတွေနှင့် ဥယျာဉ်လေးစိုက်ပေးသည်။ ရေအိုင်လေးထဲမှာ မောင်လေးက သစ်ရွက်စိမ်းလှေလေးကို မျှောတော့ ကိုယ်က လှိုင်းသေးသေးလေးတွေနဲ့ ရွေ့လျားစေခဲ့သည်.။
ဟိုတစ်ဘက်မှာတော့ ဗန်ဂိုးရောင်ဝါနေတဲ့ နေကြာခင်းတွေ..၊ နောက်တော့ ပြောင်းခင်း မြေပဲခင်းတွေကို ဖြတ်တိုက်လာတဲ့ လေ...
အဲဒီ့ အရိုင်းဆန်ဆန်လေထုထဲ ဆံပင်တွေ ထိမ်းသိမ်းမရအောင် ၀ဲလွင့်နေသည်ကိုလည်းကြိုက်ခဲ့ရသည်ပဲလေ..။

ထိုနေရာလေးကနေ မနီးမဝေး အန်တီဝင်းတို့ ကိုင်းကွင်းကို လှမ်းမျှော်ကြည့်နိုင်သေးသည်။
နိုင်သလောက် သယ်သွားကြဆိုတော့ ကိုယ်က သုတ်သခွားလို့ ခေါ်တဲ့ သခွားချဉ် အလုံးထွားထွားကြီးတွေကိုပဲ စွပ်သယ်ချင်နေမိခဲ့၏။
ဒီနိုင်ငံမှာ သခွားသီးတွေကို အချပ်လိုက်လှီးပြီး ပုဇွန်မကျက်တကျက်နှင့်ရောကြော်ထားသည့် ချိုရဲရဲ စိမ်းရွှေရွှေ ဟင်းလျာကို မြင်လိုက်တိုင်း မြေပဲလှော်တွေကို ထောင်း ၊ ပုဇွန်တွေကို သီးတံကြီးနဲ့ဖုတ်ထားတာတွေကို ထောင်း၊ ငရုတ်သီးဆီကြော်နိုင်းချင်းထည့်ပြီး ပင်စိမ်း နံလေး အုပ်ထားသည့် မေမေ့လက်ရာ သခွားသီးသုတ်ကိုချည်း သတိရနေမိခဲ့သည်။
ကိုယ်က သခွားသီးသုတ်ကို စားရတာမပြောနှင့် အနံကိုပင် ကြိုက်လို့ မဆုံးတတ်ခဲ့သူ။

ခုတော့ ကိုယ့်ခမျာက ကိုင်းကွင်းကြီး မရှိဘဲ တိုက်အမြင့်ကြီးတွေ ကြားထဲက ရေစပ်နက်နက်မှာ...တစ်ယောက်တည်း
မျက်နှာတစ်ဝက်လောက်အုပ်တဲ့ မျက်မှန်နက်တစ်လက်နဲ့ မျက်လုံးတွေကို ကာကွယ်ထားပြီး ထိုင်နေ ငေးနေ တွေးနေမိချိန်တိုင်း
ကိုင်းပင်နံ့တွေကို ရလာသလိုလို လေပြည်ရိုင်းတွေ တဟူးဟူး တိုက်လာသလိုလို ၊ ဟေး...ကလေးတွေ ရေလာချိုးကြတော့လို့ မေမေ့အော်ခေါ်သံကို ကြားယောင်လာသလိုလို..
သဲတွင်းတိမ်တိမ်လေးထဲမှာ စိမ့်ထွက်နေတဲ့ ရေကြည် အေးအေးတွေ..
ကိုယ်က တစ်ခါတစ်လေ ရေချိုးခန်းထဲက ရေပူရေအေးစက်ကိုမြင်ပြီး သဲတွင်းရေကို နှစ်သက်ခဲ့ရသည်ကို တမ်းတမိသည်လည်း ရှိခဲ့တော့
ကဲ..ကိုယ်က ဘယ်သီချင်းတစ်ပုဒ်တစ်လေမှ မညည်းရဲလောက်အောင် ခံစားချက်မှာ မရေခွံပါးနေခဲ့လေသည်တဲ့.။

----------------------------

ညဖက် အားလပ်ချိန်လေး အင်တာနက်ပေါ်က ဇော်ဂျီလက်ရေး ၀ိုင်းဝိုင်းစက်စက်နဲ့ စာအုပ်တွေရှာဖွေ ဖတ်နေရချိန်မျိုးမှာတော့ စာအုပ်ပေါင်းစုံ ရှိတဲ့ ဘဘကြီးရဲ့ စာအုပ်စင်ကို သတိရနေမိသည်။ ကိုယ်တို့ သားအမိဖွင့်ခဲ့သည့် တက်လူဆိုသည့် စာအုပ်ဆိုင်လေးကို လွမ်းဆွတ်နေမိသည်။

စာအုပ်တွေ ဖတ်ရတာ သိပ်ကြိုက်တာပဲ ဆိုသည်က ကိုယ်ရဲ့ အချိန်အခါ နေရာဒေသ ရာသီမရွေးဖြေမည့် အဖြေပင်ဖြစ်သည်။
ဇာတ်ကြီးဆယ်ဘွဲ့လို စာအုပ်အထူကြီးကို ၀မ်းလျားမှောက်ပြီးသည်းကြီးမည်းကြီးဖတ်နေတော့ ဘဘကြီးက သဘောတွေ ကျနေခဲ့သည်။
ရွှေသွေး၊တေဇ၊ မိုးသောက်ပန်းတို့နှင့် မေမေက စာဖတ်ဖို့လေ့ကျင့်ပေးခဲ့သည်။ နောက်တော့ ငွေတာရီ ၊ ရူမ၀၊ ပေဖူးလွှာ..နောက်တော့...
စာအုပ်တွေ..စာအုပ်တွေ မေမေက ဒါလေးဖတ် ဟိုဟာလေးဖတ်နှင့်ရွေးဆယ်ပေးတော့ ကိုယ်က အငမ်းမရလို ဖတ်ခဲ့သည်။ ဒီလို ဖတ်ခွင့်ရနေသည်ကို ကြိုက်လိုက်ရတာလေ..။

မေမေက ဦးနု၏ ကာမတဏှာလို ၀တ္ထုမျိုးကို ဒါမျိုးက မဖတ်နဲ့ဦးဆိုပြီး ကိုယ်မမှီနိုင်သည့် အမြင့်မျိုးမှာ တင်ထားတတ်သည်။
ရန်ကုန်ဘဆွေရဲ့ ဗမာပြည်သားကို ဖတ် ၊ စမ်းစမ်းနွဲ့(သာယာဝတီ) ရဲ့ တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့ကို ဖတ်။ မိုးမိုးအင်းလျားရဲ့ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လားကို ဖတ် ၊ ဂျာနယ်ကျော် မမလေးရဲ့ သွေးကိုဖတ်၊ နတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်းကိုဖတ်၊ ခင်ဆွေဦးရဲ့ တို့တိုင်းဌာနီကိုဖတ် မစန္ဒာရဲ့ ဂျီဟောသူကို ဖတ်...ဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာတွေကို ဖတ်

၃တန်းလောက်မှာ ကိုယ်က ၀တ္ထုတိုရေးပြီး ကျောင်းနံရံကပ်စာစောင်ပို့တော့ မေမေနဲ့အတူတူ ဆရာတွေက ရယ်မောနေခဲ့ကြသည်..။
အို လေးတန်းမှာပဲ ကိုယ်က ကဗျာလေးတွေ ရေးနေတတ်ပြီ.ထင်ပါရဲ့။ အဲဒီ့ အချိန်ကတည်းက ကိုယ်က စာရေးခြင်းကို နှစ်သက် စွဲလန်းခဲ့ရသူဖြစ်ကောင်းဖြစ်လိမ့်မည်..။
ချာတိတ်ကလေးက ရေးဖြစ်တဲ့ ကဗျာလေးတစ်ပုဒ်ကို ခုထိသတိရနေမိသည်။ ဒီကဗျာလေးက ကိုယ့် စိတ်ကို ဖေါ်ပြနိုင်ခဲ့သည်လား.
ဒီကဗျာလေး ကပဲ ကိုယ့်ကို တွန်းအားပေးစေခဲ့သည်လား...။ဘယ်အရာတွေ က ကိုယ့်ဦးနှောက်သေးသေးလေးကို ဒီကဗျာမျိုးချရေးဖြစ်အောင် တွန်းအားပေးခဲ့လေသည်လဲ.၊ သေချာတာက ဒီကဗျာလေးကို ဖေဖေဆုံးပြီစ ၁၉၈၄ ခုနှစ်ရဲ့နွေလည်ရဲရဲမှာ ကိုယ်ချရေးဖြစ်ခဲ့ခြင်းပင်.။
ဘဘကြီး မှတ်စုရေးဖို့ပေးထားသော ဗေဒါရောင် စာအုပ်ကလေးထဲမှာ အဲဒီကဗျာလေးက ကိုယ့်ကလေးလက်ရေးလေးတွေနဲ့ ၀ါကျင်ဟောင်းနွမ်းစွာနဲ့ ခုထိ ရှိနေပါသေးသည်။
ကဗျာလေးက

ဘ၀ဆိုတာ ဒီရေလိုပဲ
တက်ရင်တက်မယ် ကျရင်ကျမယ်
တက်ရင်လည်း မမြင့်နဲ့
ကျရင်လည်း မနိမ့်နဲ့
သူဌေးတလှည့် ခွေးတလှည့်တဲ့
သူဌေးဖြစ်လည်း မမြင့်နဲ့ တစ်နေ့ ခွေးဖြစ်ဦးမှာပဲ
ခွေးဖြစ်ရင်လည်း မကျနဲ့ တစ်နေ့ သူဌေးဖြစ်ဦးမှာပဲ .......

ဒီခေါင်းစဉ်မပါ ဘာမပါကဗျာလေးကိုလည်း ကိုယ်က တယုတယနှင့် ချစ်စနိုး ကြိုက်နှစ်သက်နေမိပါသည်ဟု ပြောဦးမည်သာဖြစ်ပါသည်။

----------------------------
စကားပြောဖေါ် မရှိသူတွေရဲ့ ထုံးစံအတိုင်း အွန်လိုင်းမှာ ရှိတဲ့ မိတ်ဆွေတွေနဲ့ စာတွေရိုက်ရင်း စကားဝိုင်းဖွဲ့မိလေတိုင်း ၊ အင်တာနက်ကနေ သတင်းတွေ ဖတ်မိလေတိုင်း
ရှေးဖြစ်နောက်ဖြစ်တွေကို သေသေချာချာ တဖွဲ့တနွဲ့ တိတိကျကျပြောပြနိုင်သော ဘဘကြီး၏ အိပ်ရာဝင်ပုံပြင်တွေကိုသတိရမိရပြန်သည်။
ဘဘကြီးပြောသမျှ မျက်တောင်မခတ်အောင် စိတ်ပါလက်ပါနားထောင်နေခဲ့မိသည်ကိုလည်း သိပ်ကြိုက်ရပါသည်။

ကိုယ့်ထက် အသက် ၇၁ နှစ်တိတိကြီးသော ဘဘကြီးကို အဖိုးတော်စပ်နေရတာ ကိုယ်က ဂုဏ်ယူနေတတ်ခဲ့သေးသည်။
ဘဘကြီးများ အင်္ဂလိပ်စာအုပ်တွေ ဖတ်နေလျှင် ကိုယ်က နေရင်းထိုင်ရင်းမြောက်ကြွကြွ ဖြစ်နေမိခဲ့၏။
ဗြိတိသျှခေတ်၊ဂျပန်ခေတ်၊ ပင်လုံညီလာခံ ၊ ရောင်စုံ ပါတီတွေ ခေတ် ၊ပြည်သူပိုင်တွေသိမ်းတော့၊ ဦးသန့်အရေးအခင်း..၊ ရွှေမန်းတင်မောင်အကြောင်း ၊ အသံတိတ်ခေတ်က ရုပ်ရှင်တွေ..အို..နိုင်ငံရေး ဘာသာရေး ၊ အနုပညာ ပုံတိုပတ်စ ...တွေ မဆုံးနိုင်အောင်..။ နားထောင်လို့ မ၀နိုင်လောက်အောင်....။

ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ နေ့အကြောင်းပြောတော့ ကိုယ်က မျက်ရည်တွေဝဲလို့ ဘဘကြီးကဂဠုန်ဦးစောမဟုတ်ပါဘူးနော်လို့စိုးရိမ်တကြီး မေးတော့ ဘဘကြီးက သီးအောင်ပင် ရယ်မောနေခဲ့သည်။ဘဘကြီးနာမည် ဦးစောကိုပင် ကိုယ်က ပြောင်းစေ့ချင်ခဲ့တာ ။
ဂဠုန်ဦးစောက သမီးမေမေတို့ မြို့နားကလေ အုတ်ဖိုနားက ကိုင်းကြီးဆိုတဲ့ရွာကပေါ့လို့ပြောသည်ကိုလည်း ကိုယ်က မကြိုက်ခဲ့၊ မဖြစ်စေ့ချင်ခဲ့။

ကိုယ်တို့မောင်နှမ နှစ်ယောက်က ဖေဖေမရှိသည့် နောက်ပိုင်း ဘဘကြီးကို ပိုပြီးတွယ်ကပ်နေမိသလိုဖတဆိုးမြေးလေးနှစ်ယောက် ကိုလည်း သူ့သားရဲ့ ကိုယ်စား ဘဘကြီးက အချစ်ပိုခဲ့သည်ဟု ထင်ပါသည်။ကိုယ် ရှာရှာဖွေဖွေမေးသမျှအားလုံးကို ဘဘကြီးက စိတ်ရှည်လက်ရှည် ဖြေပေးသလို ကိုယ်မသိတာတွေအားလုံး ဘဘကြီးသိနေတာပဲလို့ ကိုယ်က စိတ်ချလက်ချရှိနေခဲ့၏။

ကိုယ်ခုနှစ်တန်းနှစ် ဘဘကြီးက ၈၄ နှစ်နှင့် ဆုံးပါးသွားတော့ ၀မ်းအနည်းဆုံးမြေးက ကိုယ်ပဲဖြစ်နေပါလိမ့်မည်။
ဘဘကြီးက ရှေ့ဖြစ်မှာတွေ ကြိုသိနေသလို မှာကြားလို့ ပူပန်လို့ မဆုံးအောင် ရှိသွားခဲ့ရသည်။ နောက်တော့လည်း ကိုယ်က ၁၉၈၆ မှာ ဆုံးပါးသွားတဲ့ ဘဘကြီးကို ကုသိုလ်ကံကောင်းသည်ဟုပင်ထင်နေမိပါသည်။

ခုချိန်ထိ ဘဘကြီးပြောခဲ့သည့်အထဲက ဘယ်တော့ မှမမေ့နိုင်ဘဲ သွေးထွက်အောင် မှန်ကန်နေတာလေးကို အထပ်ထပ်ကြားယောင် သတိရနေမိခဲ့သည်.။

ဘဘကြီးပြောခဲ့တာ တဘောင်တဲ့ အတိတ်တဘောင်တဲ့ တဘောင်ဆိုတာ ရှေးဖြစ်မယ့်ဟာတွေအတွက် ကြိုတင်ဟောကိန်းတစ်ခုနဲ့ ထားရစ်တဲ့ စကားပုံတွေပေါ့
ရှစ်ခုရှစ်ခု တရုရု
ကိုးခုမှာဆူ အိုးလိုပူ
ဆယ်ခုမှာ လူမတရား
ယဲ့သဲ့ကြား ငါးတင် တင်တဲ့ငါး ကြောင်စားတဲ့
ကိုယ်က ဘဘကြီးရွတ်ပြသည့် အဲဒီ့ တစ်ဘောင်လေးကို ကြားယောင်တိုင်း တွေးမိလေသည်က

ရှစ်ခုရှစ်ခု တရုရု ဆိုတာက ၁၉၈၇၈လား ၁၉၈၈ လား ၁၉၉၈လား ၂၀၀၈လား ၂၀၁၈များလား...
နောက် ဒီလိုပဲ
ဆယ်ခုမှာလူမတရား
၁၉၁၀ လား ၂၀၁၀ လား.....၂၁၁၀လား...၂၂၁၀လား...

အဲသလို မဆုံးနိုင်သည့် အတွေးတွေတစ်ပုံတစ်ပင်နှင့် နားကလောလွန်းလှသည့်နာရီကို ၀တ္တရားမပျက် နိုးစက်ပေးလိုက်ရပြန်သည်။

ဒီလိုနဲ့... ဒီနေ့လည်း အိပ်ယာဝင်ရပြန်ပြီလေ ။ ။

----------------------------

အိန္ဒြာ
(၉.၄.၂၀၁၁)

(ပန်ဒိုရာနဲ့ ကရေတွန် ရေးခိုင်းထားတဲ့ TAG ပါ။ ဒီစာလေးရေးဖြစ်သွားတဲ့ အတွက်ကျေးဇူးတင်ရှိပါကြောင်း)



March 6, 2009

ကဝေကြောက်တတ်တဲ့ အနာ..



(၁)
ဒီတစ်ခါပိုစ့်က ဟာသလိုလိုဘာလိုလိုဆိုတော့ အိန္ဒြာကထူးထူးဆန်းဆန်းတွေလုပ်ထားတယ်ဆိုပါတော့..။
ဘာလို့လဲဆိုတော့ ကိုယ့်ဘလော့ကိုယ်ဖွင့်ရင်တောင်စိတ်တွေညစ်ညစ်လာလို့ပါ..။
လာလာဖတ်ကြတဲ့သူတွေကိုလည်း ကြာတော့အားတွေနာလာရော..
တစ်ခါတစ်လေလောက်..ပေါ့ပေါ့ပါးပါး..ပျော်ပျော်ရွှင်လေးပြန်သွားစေ့ချင်တာပေါ့လေ...
တကယ်တော့ ဘလော့ကိုစတည်ကတည်းက အက်ဆေးလေးတွေလဲရေးမယ်ပေါ့..။
ပန်းချီ မတောက်တခေါက်လဲဆွဲပစ်လိုက်မယ်ပေါ့၊ ကဗျာတွေကိုလဲ ဆောင်းပါးတွေနဲ့ အပီအပြင်ခံစားပစ်မယ်ပေါ့..။
စိတ်ကြိုက်ရေးပစ်လိုက်မယ်ဟဲ့ လွပ်လွပ်လပ်လပ်ဆိုတာ..လက်တွေ့မှာ စိတ်ကူးထဲတောင်မနည်းဖြစ်နေရပါတယ်..။
အခုဆို ကိုယ့်ရှိပြီးသား ကဗျာလေးတွေ..၀တ္ထုလေးတွေကလဲ ကုန်သလောက်ဖြစ်လာတော့ ပိုစ့်မှန်မှန်တင်နိုင်ဖို့ မျက်ခုံးကလည်းလှုပ်လာပြီဆိုပါတော့..
အဲဒါနဲ့ ပေါ့ပေါ့ပါးပါး အက်ဆေးလေးတွေရေးကြည့်ဖို့ သတိရလာတာလည်းဝန်ခံပါတယ်နော်...
ကဗျာဆရာမ(ကိုယ့်ကိုကိုယ်ကဗျာဆရာမလို့ခံယူပါတယ် တစ်ပြားမှမလျှော့နိုင်ပါ..။)ရေးတဲ့ အက်ဆေးဆိုတော့ နည်းနည်းအချိုးမပြေဖြစ်နေလည်း အော်သာသွားကြပါတော့လို့..။


(၂)
ဇာတိမွေးရပ်ကဧရာဝတီအရှေ့ဘက်ကမ်းနဖူးပေါ်ကပါ..။ (ထိန်တောမိုးညိုဆိုရင် လူမိုက်တွေဆိုပြီးနည်းနည်းလန့်သွားကြမလားမသိ..)
ဟိုးတုန်းက သိပ်ကိုခေါင်ခဲ့တဲ့ ရွာလေးတစ်ရွာပေါ့..။ဒီလိုပဲ ဧရာဝတီရဲ့ အနောက်ဖက်ကမ်းမှာလဲ ဒီလိုပဲ ရွာစဉ်ရွာတန်းလေးတွေ ရှိနေခဲ့ပါတယ်..။
ခပ်လွယ်လွယ်ပဲ အရှေ့ဘက်ကမ်းကလူတွေက အနောက်ဖက်ကမ်းသားတွေပေါ့ အနောက်ဘက်ကမ်းကလူတွေက အရှေ့ဘက်ကမ်းသားတွေပေါ့..
ဒီလိုပဲ ရောင်းဝယ်ဖေါက်ကားကြပေမယ့် တစ်ချို့ သိပ်ရှေးရိုးဆန်သူတွေရဲ့စိတ်ထဲမှာ အစွဲအလန်းတစ်ခုကရှိနေကြခဲ့ပါတယ်..။
အဲဒါက စုန်းကဝေ အတတ်တွေ တတ်သူတွေရှိတယ်လို့ တစ်ဖက်နဲ့တစ်ဖက် အထင်တွေကြီးနေကြတာပါ..။
ငယ်ငယ်က ထိမ်းကျောင်းပေးခဲ့တဲ့ ဒေါ်အေးတိုဆိုရင် စုန်းကဝေကိစ္စ သိပ်ကို စိတ်ဝင်စားတော့ကာ..တစ်နေ့တစ်နေ့သူ့ဆီက စုန်းကဝေပုံပြင်တွေလဲမထပ်အောင်နားထောင်ခဲ့ရပါတယ်..။
အနောက်ဖက်ကမ်းသားတွေစုန်းတတ်တာ.ညညမီးလုံးတွေ အပြိုင်အဆိုင်တက်နေတာ ဒီဘက်ကမ်းကလှမ်းမြင်နိုင်ကြောင်း..။
ဈေးလာဝယ်ရင်းဈေးဆစ်တာမလျှော့လို့ ပြုစားသွားတာ..ရွာချပေးမှပျောက်ကြောင်း
နောက်ရွာချတုန်း..လာစားတဲ့ခွေးကို ထန်းပိုးနဲ့ဆော်လွှတ်လိုက်တာ..နောက်နေ့ စုန်းမက ခါးမှာဒဏ်ရာကြီးနဲ့ဖြစ်နေကြောင်း...
တော်တော့်ကို ရင်သိမ့်တုန်ချင်စရာ ဖြစ်ရမ်းတုတ်ဇာတ်လမ်းတွေကို နားထောင်ခဲ့ရတာပါ..။
သူဖြစ်စေချင်သလို ပါးစပ်အဟောင်းသားနဲ့ တဖြည်းဖြည်းလူကြားထဲတိုးဝင်မလာပဲ သူမဖြေနိုင်တဲ့မေးခွန်းတွေချည်း
ညစ်တီးညစ်ကန်မေးခွန်းထုတ်တတ်လို့ ဒေါ်အေးတိုက အမြင်တော်တော်ကပ်ခဲ့တာလဲ မှတ်မိပါသေးတယ်.။
အဲသလို အနောက်ဘက်ကမ်းမှာကလဲ အရှေ့ဘက်ကမ်းသူတွေ စုန်းကဝေအတတ်မှာ တစ်ဖက်ကမ်းခတ်တဲ့အကြောင်းပုံတိုပတ်စတွေနဲ့ပါတဲ့..။
ကိုယ်တို့အရှေ့ဘက်ကမ်းကတောင် လက်စောင်းပိုထက်ပုံရပါတယ်..
အရှေ့ဘက်ကမ်းသူတွေ စုန်းကဝေအတတ်ကျွမ်းကျင်လိုက်ပုံများ..
သန်းရှာတာတောင် သူများကို ခိုင်းနေစရာမလိုဘူး..ကိုယ့်ဦးရေပြားကိုယ်ချွတ်ပြီးဒူးမှာစွပ်ပြီး ကိုယ့်ဟာကိုယ်သန်းရှာကြဆိုပဲ...
တစ်ခါတစ်လေ..ကလေးငိုရင်တောင်..ချောက်စရာလှန့်စရာတစ်မျိုးဖြစ်လို့ပေါ့..။
(၃)
အဲဒီ့မှာပဲ ကိုယ်တို့အစ်မ၀မ်းကွဲ မမထားထားဦးနဲ့ အနောက်ဖက်ကမ်းသားကိုမြ၀င်းဆိုတဲ့ အကိုကြီးတို့ ချစ်သူတွေဖြစ်ကြ ၊
အိမ်ကသဘောမတူကြ၊ခိုးရာတွေလိုက်ပြေးကြတွေဖြစ်ပါတော့တယ်.။
မမထားက သူ့အမျိုးသားရဲ့ရွာကိုပါသွားပြီးရွာကိုပြန်မရောက်ဖြစ်ပဲတော်တော့်ကိုကြာသွားခဲ့ပါတယ်..။
ရွာလေးကလည်းတော်တော်ဝေးဝေးခေါင်ခေါင်မှာလို့သိရပါတယ်.။
ဒေါ်အေးတိုကတော့ စုန်းဆိုတာသူပညာပေးချင်ရင်ဗူးသွင်းလိုက်ကြောင်း ထားထားဦးဗူးသွင်းခံနေရပလားမသိဆိုတာမျိုးတွေ မထပ်အောင်ပြောနေတုန်းပါပဲ..။
တစ်နေ့တော့ကိုယ်တို့ဘဘကြီးက ပဉ္ဖင်းခံရှင်ပြုအကြီးအကျယ်လုပ်မှာမို့ သူ့မြေးဦးမကိုရအောင်ဖိတ်ဖို့အမိန့်ချလိုက်တော့ မမထားရွာပြန်လာမယ်ဆိုတဲ့ သတင်းကြားရပါတော့တယ်.။
ကိုယ်တို့ကလေးတွေကတော့ အလှူဆိုတာရယ်.။ မမထားလည်းပြန်လာမယ်. ကလေးလေးလည်းပါလာမယ်ဆိုတာတွေနဲ့မြူးဆောင့်နေခဲ့ကြပါတယ်.။
တကယ်ရောက်လာတော့လဲ..မမထားပါလာသမျှမုန့်တွေစား..ကိုယ်တို့တူမဆိုတာလေးကို ကစားစရာအရုပ်တစ်ရုပ်လိုလုကြယက်ကြ..၊ ပျော်နေကြတော့တာပါပဲ..။
အဲဒီ့မှာ မမထားက သူ့ယောင်းမလေးကို ကလေးထိမ်းဖို့ဆို ခေါ်လာခဲ့တာပါ..။
ကောင်မလေး...(အဲ.. အစ်မကြီးပေါ့..) ၊ က အပျိုပေါက်အရွယ်ခပ်ချောချောလေးပါ..။ အစ်ကိုတွေဝိုင်းပိုးကြတာကိုလဲမှတ်မိနေပါသေးတယ်..။
သူကစလာကတည်းက တော်တော့်ကိုရှိုးရှိုးရှမ်းရှမ်းစိတ်မသက်မသာပုံနဲ့ရှိနေခဲ့ပါတယ်.။
မမထားကိုလည်းမျက်စိအောက်ကအပျောက်မခံ. ဘယ်မှလည်းမသွားရဲမလာရဲ တော်တော်လေး..ကတ်သီးကပ်သပ်နိုင်နေလို့ ခေါ်လာမိတာမှားပါတယ်အေလို့ မမထားညည်းပုံချနေတာခဲ့ရတာပါ..။
ညမှောင်လာလေ..ငိုမလိုမျက်နှာထားမို့ဖြစ်လာလေပေမယ့် အားလုံးက ကိုယ့်အလုပ်ကိုယ့်အပျော်တွေနဲ့မို့ သူ့ကို မသိလိုက်ဘာသာဖြစ်နေခဲ့ကြအသေအချာပေါ့..။
အဲ..မိုးလင်းမှ..ပြသနာကစတော့တာပါ..ပဲ..။
(၄)။
တဟီးဟီးချုံးပွဲချငိုနေတဲ့ ကောင်မလေးဘေးမှာ လူတွေက၀ိုင်းလို့ပေါ့..။
အခုပြန်မယ် ခုချက်ချင်းပြန်ပို့ပေးပါ..ဆိုတော့လဲ မမထားခမျာ ခေါင်းတွေချောက်လို့ပေါ့..
ဟဲ့ ဘာဖြစ်လို့လဲဆိုတော့ တုန်တုန်ရီရီနဲ့ "ကြီးကြီး" ကိုလက်ညှိုးချည်းထိုးထိုးပြနေတော့ ကြီးကြီးခမျာမျက်နှာငယ်လေးနဲ့ ငါ ဘာတွေများပြောလိုက်မိလဲ ပုတ်ခတ်ပုတ်ခတ်ပြန်စဉ်းစားလို့..ပေါ့..
ကြောက်တယ် ချည်းထပ်ထပ်ပြောနေတော့ မဖြစ်မနေသေသေချာချာမေးကြရပေါတော့တယ်...
ပြသနာက..ဒူးမှာဦးရေပြားစွပ်ပြီးသန်းရှာတဲ့ပြသနာပါ...
မနက်အစောကြီး ကြီးကြီးကလာနှိုးတယ်တဲ့ ကြီးကြီးခေါ်တဲ့နောက်လိုက်သွားပြီးမျက်နှာလိုက်သစ်ပါတယ်တဲ့
အဲဒီ့မှာ ကြီးကြီးက
သူ့သွားတွေကိုချွတ်ပြီး..သွားတိုက်ပြ ပါတယ်တဲ့...
သူအရှေ့ဘက်ရွာသူတွေအကြောင်းကြားဖူးထားပြီးသားပါတဲ့
အသက်၅၀ကျော်နဲ့အံပုံလုပ်ထားရရှာတဲ့ ကြီးကြီးခမျာ မျက်ရည်တွေရော သူ့အံကပ်ရောထွက်ကျအောင်ရယ်လိုက်တာ..မှ..။
(၅)
အဲလိုနဲ့ မမထားခမျာ ဘယ်လိုမှရှုင်းပြချော့မော့လို့မရတဲ့အဆုံးရှင်လောင်းလှည့်တာလေးတောင်မနေရတော့ပဲ ပြန်ပို့လိုက်ရတော့တာပါပဲ..။
အမျိုးထဲလဲ ပြောစမှတ်ကိုတွင်ကျန်ရစ်တော့တာပါပဲ..။
တွေးကြည့်မိပါတယ်..
သူဘယ်လောက်ကြောက်လန့် တုန်လှုပ်သွားရှာမလဲနော်....
သူ..အထိတ်တလန့် ကိုယ်တွေ့ဖြစ်ရပ်မှန်အနေနဲ့တွေ့သမျှလူကိုပြောပြနေတော့မှာ..
တစ်ဆင့်စကားတစ်ဆင့်နားနဲ့ အရှေ့ဘက်သားတွေ သွားတောင်ချွတ် သွားတိုက်တဲ့အဆင့်ရောက်သွားရဦးမှာ..
နောက်..ဘယ်လောက်ရိုးသား(ရိုးအတယ်ပဲပြောရတော့မှာပါ)လိုက်တဲ့..၊အယုံလွယ်လိုက်တဲ့ အစွဲအလမ်းတွေကြီးတဲ့..တောသူတောင်သားတွေများလဲ...
ဒီလိုလူမျိုးတွေ ဘယ်လောက်ရှိနေကြဦးမလဲ..စသဖြင့်ပေါ့လေ....။



အိန္ဒြာ
(၆.၃.၂၀၀၉)