December 5, 2010

လှူကြဦးစို့လား ( သုခရိပ်မြုံ မှသည် -၂ )

မေတ္တာတွေ စေတနာတွေ စာနာမှုတွေ ကွန်ယက်တစ်ခုလို ချိတ်ဆက်လှူဒါန်းကြတဲ့ ပွဲလေးကို လှူဒါန်းကြဖို့အတွက် အချိန်(၂)လ ရသေးတော့ ခင်မင်ရသော မိတ်ဆွေ မောင်နှမများ အားလုံး အေးအေးဆေးဆေး လှူဒါန်းနိုင်ကြပါတယ်။
လောလောဆည် လှူဒါန်းကြသူတွေနဲ့ စာရင်းပေးထားတဲ့ သူတွေကို ဆိုဒ်ဘားမှာတင်ပေးထားပြီး
ယခင်နှစ်က တင်ခဲ့တဲ့ ပိုစ့်လေးတွေကိုပါ အလွယ်တကူဖတ်လို့ရအောင် အောက်မှာဖေါ်ပြပေးထားပါတယ်ရှင်..

သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ
သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ - ၂
သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ - ၃
သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ - ၎
သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ - ၅

ဆရာမြင့်မိုးအောင်ရေးစပ်ထားတဲ့ ကဗျာလေးကိုပါ ထပ်တူထပ်မျှခံစားနိုင်ကြဖို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေဦး..


**************************************

ကလေးတစ်ယောက်နဲ့ ခြေလှမ်းများ


ကလေးတစ်ယောက် ငိုနေတယ်
ချိုင့်ခွက်များတဲ့ လမ်းပေါ်မှာ သူချော်လဲသွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
လွယ်အိတ်အပေါက်ထဲကနေ
သူ့ခဲတံလေးကျပျောက်သွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
ညစာချက်ကျွေးမယ့် သူ့အမေ
အိမ်ပြန်နောက်ကျလို့နေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခုတိမရပ်သေးတဲ့ မိုးသဲထဲမှာ
သူအဖျားနဲ့ချမ်းနေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခွေးတစ်ကောင်လိုက်လို့ ပြေးရင်းနဲ့
သူရောင်းနေတဲ့ ဖရဲသီးဗန်းကလေး
သဲတွေထဲကို ကျသွားတယ်

မင်းလဲကြားရတယ် ငါလဲကြးရတယ်
ကလေးတစ်ယောက် ငိုနေတယ်
အနားမှာလဲကြားရတယ် အဝေးကလဲကြားရတယ်
ကလေးတစ်ယောက် ငိုနေတယ်

မငိုပါနဲ့တော့ ကလေးရယ်
နှစ်သိမ့်စကားလေးတစ်ခွန်း
တစ်ယောက်ကပြောလိုက်တယ်
မငိုပါနဲ့တော့ ကလေးရယ်
နွေးထွေးတဲ့လက်တစ်ဖက်
တစ်ယောက်ကကမ်းလိုက်တယ်

တစ်ယောက်က တွေးမိတယ်
အလင်းရောင်တွေ မဖြန့်ကျက်ခဲ့ဘဲ
ဘယ်ကြယ်စင်လေး တစ်ပွင့်မှ
ကမ္ဘာမြေကို စွန့်ခွာမသွားသင့်ဘူး

တစ်ယောက်က တွေးမိတယ်
မွှေးရနံ့တွေ မလွှင့်ထုတ်ခဲ့ဘဲ
ဘယ်ပန်းပွင့်လေးတစ်ပွင့်မှ
ကမ္ဘာမြေကို ချန်ရစ်မထားခဲ့ဘူး

တစ်ယောက်ပြောဖူးတယ်
အလင်းဆုံးကြယ်စင်တွေတောင်မှ
တိမ်ညိုတွေနောက်မှာ အကြာကြီး
လမ်းပျောက်မသွားအောင် ခရီးဆက်ရအောင်

တစ်ယောက်ကပြောဖူတယ်
အမွှေးဆုံးပန်းပွင့်တွေတောင်မှ
မုန်တိုင်းတွေကြားမှာ အကြာကြီး
ကြွေကျမသွားအောင် အားတင်းကြရအောင်

ကလေးရေ ခြေတစ်လှမ်းလောက်
ရှေ့ကိုလှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ နည်းနည်းတော့ပြောင်းသွားမှာ
ခြေတစ်လှမ်းလောက် နောက်ထပ်လှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ ပိုပြီးတော့ပြောင်းသွားမှာ

ခြေလှမ်းတွေအများကြီးရောက်တဲ့အခါ
ကမ္ဘာအသစ်တစ်ခု မင်းရှေ့ကိုရောက်လာမှာ
ကမ်းနေတဲ့လက်ကို ဖမ်းဆုပ်ကာ
ခြေတစ်လှမ်းလောက် လှမ်းလိုက်ပါ.....

မြင့်မိုးအောင်

(ဒီကလေးငယ်လေးတွေအတွက် ရန်ပုံငွေရှာဖွေပေးခဲ့တဲ့ အဖြူရောင်သက်တံ့ ကဗျာရွတ်ဆိုပွဲမှာ
ရီဝေယံ၊ အေးဝတ်ရည်သောင်း စတဲ့အနုပညာရှင်တွေက ရွတ်ဆိုခံစားပေးထားတဲ့ကဗျာလေးတစ်ပုဒ်ပါ)

3 comments:

ယောနက်သန် said...
This comment has been removed by the author.
ယောနက်သန် said...

ကဗျာလေးကြိုက်တယ်။ ဝေမျှတာကျေးဇူးပါ။

မိုးခါး said...

မမရေ
ဖတ်ပြီး ငိုချင်ချင်း(