အဲဒီ့ကြိုးက အာဃာတဆက်ထုံးတွေနဲ့ချည့်နဲ့..
ငါတို့ဟာ ကွဲလွဲဖို့ ချစ်မက်မိကြတယ်ထင်ပါရဲ့..။
မင်းနှလုံးအိမ်ထဲမှာ ဘယ်အရာတွေ စုံးစုံးချုပ်သွားလဲ
ငါ့ မျက်ဝန်းအိမ်တွေမှာ ဘယ်အရာတွေ ဟုန်းဟုန်းတောက်နေသလဲ....
မင်းနဲ့ ငါ့ရဲ့အကြားမှာ..... ၊
အရာရာဟာ..... ပြတ် ပြတ် သား သား ပြင်းထန်သွားခဲ့ပြီ..၊
မင်း တည်ခင်းလိုက်တဲ့ ညစာစားပွဲက
ကြယ်တွေကိုတောင် မူးဝေစေခဲ့တာရော သိလား..
သွေးထဲမှာ တရိပ်ရိပ်တက်နေတဲ့ ထမင်းဆိပ်တွေကိုတော့
လရိပ်မှာ လက်ထိုးအန်ပစ်ဖို့ လင့်မျှော်နေကြပြီ..။
ဇာတ်လမ်းက သိပ်ရှင်းလွန်းနေတော့
သိသိကြီး မင်း ဆက်ဟန်ဆောင်မနေပါနဲ့တော့ကွာ
ငါက မင်းကို ထိုက်ထိုက်တန်တန် တန်ဖိုးထားချင်သလိုမျိုး
မင်းက ငါ့ကို အတော်အသင့် လေးစားဖို့တော့ကောင်းခဲ့တယ်..။
ဘာ တွေ မှ ကြီးကြီးကျယ်ကျယ်မမျှော်လင့်ဘူး..
ဘာ တွေ ကို မှ ခမ်းခမ်းနားနား မပိုင်ဆိုင်လိုပါဘူး..
ငါတို့ ဥယာဉ်ထဲက ပန်းတွေ မွှေး ပျံ့ သင်း ရီ ဖို့.....၊
ဘာ ကို မှ လောဘတကြီး မတပ်မက်ပါဘူး..
ဘာ တွေ ကို မှ မတန်တရာ တမ်းတနေတာ မဟုတ်ဘူး..
ငါတို့ သောက်သုံးနေတဲ့ရေတွေ အေး သန့် လင်း ကြည် ဖို့..
တကယ်ဆို.......
ငါတို့က
ကျောသားရင်သားမခွဲခြားတဲ့ ကောင်းကင်ကြီးရဲ့အောက်
စိတ်ကြီးဝင်လောက်စရာ ပေါက်ရောက်ခဲ့သူတွေမဟုတ်ဘူးလား..။
ငါ့ဝိဉာဉ်မှာ တွယ်ကပ်နေတဲ့ အချစ်စိတ်ဆိုတာ
မင်းသဘောပေါက်ထားတာထက် နီစွေးလှပနေပေမယ့်..
မင်းရဲ့ ချောင်အကျဆုံး နှလုံးသားထောင့်ထဲက
အရေးကြုံတိုင်း ထုတ်ထုတ်သုံးတတ်တဲ့
အကြီးကျယ်ဆုံး မေတ္တာဓါတ်ဆိုတာက ဒါမျိုးလား..။
မင်းဆုပ်ကိုင်ထားသမျှတွေကို အကုန်အစင်ပစ်ချထားရစ်ခဲ့
ငါ့ ဆန္ဒတွေကို ခဏခေါက်သိမ်းထားလိုက်မယ်.
ဒီကနေ့..
ငါတို့ရဲ့ ပကတိမျက်ကြည်လွှာတွေနဲ့..
အရှိကိုအရှိအတိုင်း ရှုမျော်ခင်းကို မျှော်ငေးကြည့်ရအောင်..
ခုချိန်မှာ လေထုထဲက အောက်ဆီဂျင်လောက်ကို
သံသယ၀င်မနေသင့်တော့ဘူး..။
တကယ့်ကို. ကိုယ့်အရိပ်နဲ့ကိုယ်တောင်
စိတ်ချလက်ချမအိပ်စက်ရသေးပါဘူး.....
ကိုယ်စိုက်ပျိုးမိသမျှ စိတ်စိုက်ခင်းထဲက
ကိုယ်တိုင်ရိတ်သိမ်းလို့ မရနိုင်သေးတဲ့
ယုံကြည်ချက်ဆိုတာကို ကျောမသပ်ချင်တော့ဘူး..။
ငါ ညည်းညူမိသမျှတေးချင်းတွေအားလုံးက.....
ရေမျောကမ်းတင်ဖြစ်လွန်းတော့
ငါ ပြောတတ်တဲ့ပုံပြင်တွေကိုလည်း
သားကပျင်းရိလွန်းပြီ..လေ..။
ကြက်လိုယက်ရှာခဲ့ကြတဲ့ လက်တွေက.
မျောက်တစ်ကောင်လို တွဲလောင်းခိုရပြန်တယ်ဆိုလည်း
ဘယ်ဆန်းမလဲ..
အဲသလို ပြင်းထန်ခဲ့တဲ့ လေနီကြမ်းရဲ့နောက်ကွယ်မှာ
လွမ်းလောက်စရာ လေပြည်လေညှင်း ရှိ မ ရှိ...။
အို…..!
အခု ကိုယ်လာခဲ့တဲ့ခရီးရဲ့
အ ဝေး...
အ နီး......
ဘယ်ယာဉ်ကိုပဲစီးစီး ငြီး.. ငွေ့... ပြီ ။ ။
အိန္ဒြာ
ရေးထားဖြစ်တာတော်တော်ကြာပါပြီ..၊ အသစ်ကလည်းမရေးဖြစ်တော့ ဘာတင်ရင်ကောင်းမလဲ
လျှောက်မွှေရင်း ထွက်လာတာပါ..၊ ၀မ်းသာအားရပေါ့......၊ တင်ပေးလိုက်ပါတယ်..။
