September 14, 2009

အလွမ်းဆွတ်ဆွတ် ပန်းချီ


လမ်းမပေါ် စွန်းထင်းကျန်ရစ်တဲ့
ကိုယ့်အရိပ်တွေကိုယ် လှဲကျင်းဖို့..
သမီး...
နောက်တစ်ခေါက်လောက်..
ထပ်လျှောက်ကြည့်ချင်တယ် ..မေမေ

ခြေခင်းလက်ခင်းသာမယ့်ဆည်းဆာရောင်ခြည်ထဲ..
တိမ်တွေဘယ်အရောင်နဲ့ ၀င်းမှည့်နေကြမလဲဆိုတာ
သမီးမျက်ဝန်းတွေထဲ..
လာလာ ငို နေကြတဲ့ ကဗျာပါ.

ဘ၀ဆိုတာ..
နာကျင်လွမ်းမောခြင်းတွေကိုမှ..
လှလှပပ
ဖူး ငုံ သီး ပွင့် ပြ နေတဲ့..
အနုပညာတစ်ခုလောက်ပါ...မေမေရယ်..

ဟောသည့်..
အထီးကျန်ခြင်းတောင်ခြေမှာ..
လာလာဝေပြနေတဲ့...မြူနှင်းက
ဘယ်ဘ၀က အချစ်ကြွေး ဖြစ်လိမ့်မလဲ....

မေမေရေ...
သမီး...တွန်းတင်လိုက်တဲ့ကျောက်တုံးကို..
သမီး..ကိုယ်တိုင်တွန်းချပစ်ခဲ့တာ.. ။


အိန္ဒြာ

(၁၄.၉.၂၀၀၉)



September 11, 2009

ငါ့ကဗျာကို လက်ရသိမ်းပိုက်ထားတဲ့ မြို့

ငါ့အရေပြားက သံမဏိအငွေ့အသက်နဲ့ အေးစက်နေပြီလား..
ငါ့နှလုံးအိမ်အခန်းအကန့်တွေထဲ ခဲ တွေလောင်းချထားသလား
ငါ့မျက်ကြည့်လွှာမှာ ကဗျာအရောင်ငွေ့ငွေ့တောင်လာမဟတ်တော့ဘူးလား..
ငါ့စိတ်ဝိညာဉ်ထဲ ကဗျာဆန်ဆန်အတွေးရနံ့လေးမှ မသင်းပျံ့တော့တာလား..
တစ်စုံတစ်ရာက...ငါ့ကဗျာတွေကို လက်ရသိမ်းပိုက်သွားပြီလား....

ဒရက်ကူလာတွေနေရောင်ခြည်ကိုရှောင်ရှားကြသလို
ပင်နီယံကခွေးသွားစိပ်တစ်ခု မရပ်မနားလည်ပတ်နေရသလို..
ငါ့ကိုယ်ရည်ကိုယ်သွေးတွေ ကြိတ်ညှစ်ချနေတဲ့ ကြိတ်စက်တစ်ခုလို....
ငါ့ နေ့ဝဋ်ကျင်းထဲ..ငါခပ်ဆိတ်ဆိတ်ဆင်းဆင်းလာခဲ့ရ....။

ငါ့ ၀ဋ်ကျင်းလေးက ဖစ်ဖတင်းဒီဂရီဆဲလ်စီးယတ်နဲ့ရေခဲဆန်ဆန်အေးမြ
ကွန်ပြူတာဖန်သားပြင်တွေက လျှပ်စီးလက်နေသလိုကို ရုန်းကြွ

တဖျတ်ဖျတ်ဝင်လာနေတဲ့ လျှပ်စစ်ပေးစာများ..
အဆက်မပြတ်အလျင်လိုနေတဲ့..စကားပြောခွက်နဲ့စကားသံများ
တောင်လိုမြင့်ပြီးတောင်လိုပုံနေတဲ့ အဆောက်ဦးပုံစံစာရွက်များ
ကွန်ကရစ်မီတာကျုကွာဟချက်နဲ့..ဘီအာစီမက်ခ်ျအော်ဒါများ
ဘယ်နေ့ ဘယ်အချိန်အတိအကျ စက္ကန့်စွန်းမရ တင်ဒါများ
ကျွန်ုပ်တို့ အမှန်တကယ် ဆောက်လုပ်ခဲ့ခြင်းအတိုင်း
ပြန်လည်ရေးဆွဲတင်ပြအပ်ပါသည် ဆန်မစ်ရှုင်းများ

နောက်......

သာမန်ရိုးကျဖြစ်ရိုးဖြစ်စဉ်နဲ့ အဲဒီ့ထက်ပိုချင်ပိုနေတဲ့..အခက်အခဲများ
သူ့၏နောက်ပါများ..

ငါ့ကို အချိန်တိုင်း ဂရုတစိုက်စောင့်စောင့်ကြည့်နေတတ်တဲ့ စီစီတီဗွီ ကင်မရာတွေအောက်မှာ..
နိစ္စဓူဝ တစ်ထစ်နှိမ့်ချထားတဲ့ အခေါ်အပြော အကြည့်အမြင်တွေအောက်မှာ

အဲသလို.. ငါ့စိတ်ကို ချောင်ပိတ်အရိုက်ခံရ..

အဲသလို ..ကမ္ဘာ့အဆင့်မှီ ကျဆုံးနေခဲ့ရ.....။

တကယ်ဆို..
ငါ့နှလုံးသွေးကို ခုတ်မောင်းပေးနေတဲ့...တေဇောဓါတ်ကိုက ကဗျာပါ...
အခုဘယ်အရာတွေက ငါ့သွေးကိုခုတ်မောင်းနေတာလဲ..

ငွေကြေးစံနှုန်းကွာဟမှုလား..
အီကွေတာရာသီဥတုနဲ့ အမြဲစိမ်းတောအုပ်တွေများလား..
စိတ်အဆာမကြေခြင်း အဆိုင်အခဲတွေလား..

ပိုနေတာအားလုံး ဖဲ့ထုတ်ရှုင်းလင်းထားသလို..
လိုနေတာတွေကို စိတ်တိုင်းကျ ပုံလောင်းထားသလို
အတိအကျရုပ်လုံးကြွနေတဲ့ လူ့အဖွဲ့အစည်းသီချင်းလား

အာခံလွတ်မြောက်လိုခြင်း.သီဝရီတွေလား..
တစ်နေ့နေ့တစ်ခုခု လုပ်ပေးနိုင်နိုးနိုး မျှော်လင့်ချက်တွေလား..

အစစ်ထက်ပိုပိုစစ်ပြချင်နေတဲ့ ကမ်းခြေအတု လှိုင်းအတုတွေလား..

ငါ့..နှလုံးသားအရေးပြားတွေကျွမ်းသွားအောင်..
မဆန့်ရင်ကာလောင်မြိုက်နေခဲ့တဲ့ အဝေးငေးအိမ်လွမ်းနာတွေလား..

မတန်တဆပေးချေနေရတဲ့ စိတ်အရင်းအနှီးတွေလား...

ဘယ်အရာတွေစီးဝင်နေသလဲ..
ဘယ်အရာတွေ..စီးထွက်သွားကြလဲ....
တစ်စုံတစ်ရာဟာ..
ငါ့ကဗျာတွေကို လက်ရသိမ်းပိုက်သွားခဲ့ပြီ..။

ငါ့ကိုယ်ငါ ပြန်ပေးဆွဲထားရတဲ့ ညဥ့်၃ယံထဲက၂ယံမှာ..
ကြွက်တစ်ကောင်ဒိန်ခဲပျောက်ရှာသလို..
ငါ့ကိုယ်ငါ အငမ်းမရရှာဖွေကြည့်နေရ.

ငါဟာငါဖြစ်ကြောင်းသက်သေခံကဒ်ပြားများ.
ငါဟာငါဖြစ်ကြောင်း ငါ့ထင်ရှားတဲ့ အမှတ်အသား...
ငါ့ဖြစ်တည်မှုကို..အတိအကျချုပ်ကိုင်ထားသောစာရွက်စာတမ်းများ...
ငါ့စည်းစိမ်ဥစ္စာကိုသိုဝှက်စုဆောင်းထားခြင်း..ငွေရေးကြေးရေးကဒ်များ
ငါ့လမ်းခရီး.ထိမ်းကြောင်းဖြတ်တောက်မှုကဒ်ပြားများ..
အဝေးအနီး ဆက်သွယ်မှု အသံယန္တရားကဒ်များ...

ဘ၀ဟာ..၂လက်မ ၃လက်မ အရွယ်ကဒ်ပြားတစ်ချပ်ထဲ..မှာ..
အတင်းထိုးကြိတ်အထည့်ခံနေရသလို
ဘ၀ဟာ..ကြပ်တည်း ကျဉ်းမျောင်း လှချည်လား..

ဘ၀ဟာ..ကဒ်ပြားများ...

ဘ၀ဟာ...ကဒ်ပြားလား....

ငါ..တစ်စစီဆွဲထုတ်ကြည့်မိတဲ့ ငါ့ကိုထိမ်းချုပ်ခြင်း ကဒ်ပြားတွေထဲမှာ..
ငါဟာ..ကဗျာရေးသူဖြစ်ကြောင်း အထောက်အထား တစ်စုံတစ်ရာလေးမှမပါ..
ငါဟာ..ကဗျာရေးသူလား..
ငါ..ကဗျာတွေရေးခဲ့လား..

ဒီကဗျာတွေ ငါရေးခဲ့တာလား....

ဒီလိုအတွေးမျိုး..ငါရခဲ့ဖူးတာ..တကယ်လား....

ငါဟာ..အိန္ဒြာဆိုတာလား.....??? ...

တကယ်ဆို.. ငါ့နှလုံးသွေးတွေကို ခုတ်မောင်ပေးနေတဲ့ တေဇောဓါတ်တွေကိုက..ကဗျာပါ....
တကယ်ဆို...ငါ့ညာလက်ကောက်ဝတ်က သွေးပြန်ကြောမကိုက ကဗျာပါ
ငါ့.အနုပညာတွေဘယ်ရောက်သွားတာလဲ..
ငါ့ကဗျာတွေ..ဘယ်သူသိမ်းပိုက်ထားသလဲ....
ကဗျာရေးလို့မရဘူးးးးးး
ကဗျာရေးလို့မရဘူးးးးးးးးးး..........
.................................................

သွေးရူးသွေးတမ်း...
ညကြီးသန်းခေါင်..ထရိုက်မိတဲ့ ဒီစာသားတွေအောက်မှာ..

ထုံးစံအတိုင်း...

"အိန္ဒြာ "လို့..နာမည်တပ်ချကြည့်ရမလား......။ ။


အိန္ဒြာ
(၁၁.၉.၂၀၀၉)

ဘလော့မှာဘာဖြစ်မှန်းမသိပဲ ကွန်းမန့် ကဖွင့်မရ မန့်မရဖြစ်နေလို့ ဒုတိယအကြိမ် Publish လုပ်လိုက်ရတာပါ..။
ပထမပေးထားတဲ့ ကွန်းမန့်တွေကို ကူးပြီဖေါ်ပြပေးထားပါတယ်။..(ဘယ်လိုဖျက်ပစ်ရက်မလဲ..လေ..)..။

18 comments:

thynn said...
အဟီး...၁
ဒါပေမယ့်..ဘာရေးရမှန်းမသိသေးဘူး
September 11, 2009 7:52 AM
+++++++++++++++++++

Craton said...
၂ ကွ... ဟွင်းးး
September 11, 2009 7:53 AM
+++++++++++++++++++

Craton said...

This post has been removed by the author.
September 11, 2009 7:53 AM
+++++++++++++++++++

အရုပ်ကလေး said...
အိုးးးးးးးး အို ....

ကဗျာထဲက စကားလုံးတိုင်း ကျစ်လစ်နေတယ် ..
ဘ၀ဟာကဗျာလား ..
ကဗျာဟာ ဘ၀လား ..
ဘ၀ထဲ ကဗျာတွေကပ်ပါမျော
ကဗျာတွေထဲ ဘ၀ဟာရုပ်လုံးမပေါ် ..
နောက်ဆုံး ..ခပ်ရို့ရို့လေး နေခဲ့မိတယ် ..

မကြီး .. လေးနက်တဲ့ ကဗျာလေးပါ .။

ချစ်မကြီးရဲ့ ..
ချစ်မောင်လေး .. idulize (အရုပ်ကလေး)
September 11, 2009 7:55 AM
+++++++++++++++++++

မိုးမြင့်တိမ် said...
သွေးရူးသွေးတန်းထရိုက်မိလိုက်တဲ့ စာသားတွေကိုက ဘ၀ကိုရုပ်လုံးပေါ်အောင် ကျစ်ကျစ်လစ်လစ်ဖော်ဆောင်လိုက်တယ်။ ဒါဟာ ကဗျာ။
ဒါဟာ သွေးပြန်ကြော။ ဒါဟာ စီးဆင်းနေတဲ့ ကဗျာ။ ပုံသေကားချပ်မရှိတဲ့ ကဗျာ။ ဒါဟာ ဘ၀။ ဘ၀ ဟာ ကဗျာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
September 11, 2009 8:00 AM
+++++++++++++++++++

MANORHARY said...
ငါက ကမ္ဘာ့အဆင့်မီမကျဆုံးချင်တဲ့သူ
ဒါကြောင့် ဆရာစွမ်းအတန်တန်မှာတဲ့ကြားက
ရူပဗေဒနိယာမတွေကိုပစ်ချထားခဲ့တဲ့သူ
အနုပညာနဲ့ မာနတွေခပ်ကျဲကျဲသွန်းကျဲပက်ချ
ဘဝကိုတည်ဆောက်ချင်တဲ့သူ
ဒါပေမယ့် ...
ပျောက်ဆုံးနေတဲ့ ကဗျာဆရာမလေးကိုရှာဖို့ဆိုရင်တော့
ငါသင်ကြားခဲ့တဲ့ပညာတွေကိုခဏပြန်ကောက်
စစ်တမ်းကောက်သင့်ကောက်ရလိမ့်မယ်
သီအိုရီတွေပြန်ရှာသင့် ရှာရလိမ့်မယ်
ရေဒါကိုဖွင့်ပြီး စမ်းသင့်စမ်းရလိမ့်မယ်
censor နဲ့စမ်းလိုက်တဲ့ကဒ်ပြားလေးထဲမှာ
အိန္ဒြာရှိနေတာသေချာသလား...
သူ့သွေးကြောထဲလှည့်ပတ်နေတဲ့
ကဗျာအစင်းစင်းခုတ်မောင်းနေသံ
ပုံမှန်ကြားနေရသေးလား
သေချာတယ်ဆို ခရီးစလိုက်ကြရအောင်
(လိုက်မယ့်သူတွေလာခဲ့ကြ..
စစ်ဆင်ရေးစမယ်...:P)
ကဗျာရေးသူဖြစ်ကြောင်းအထောက်အထားကတော့
သူ့နှလုံးသားပဲဖြစ်လိမ့်မယ်။
သေချာတယ်ဆို အဲဒီအောက်မှာ အမည်နာမတစ်ခု
ငါတို့ပြန်ထုဆစ်ကြမယ် ...
လင်းပွင့်နေတဲ့နေရောင်အောက်မှာ...
......အိန္ဒြာ.........
September 11, 2009 8:10 AM
+++++++++++++++++++

Craton said...
“အဲသလို.. ငါ့စိတ်ကို ချောင်ပိတ်အရိုက်ခံရ..
အဲသလို ..ကမ္ဘာ့အဆင့်မှီ ကျဆုံးနေခဲ့ရ...”
..........
.....
.

သူ့ကဗျာကို လက်ရသိမ်းပိုက်ထားတဲ့မြို့မှာ
ကဗျာရေးသူ အိန္ဒြာဆိုတဲ့ ကဒ်ပြားထဲက အထောက်အားတွေမပါ...
အနီးအဝေး
စက္ကန့်မလပ်ထိန်းချုပ်မှုတွေအောက်မှာ
သူ့သွေးပြန်ကြောမထဲက နာ့ဗ်တစ်ခုချင်းစီ
ကဗျာတွေ တိုးဝင်ဝှေ့ဝိုက်...
ထက်အောက်စီးဆင်းနေတဲ့ သူ့ဦးနှောက်သွေးတွေလည်း..
မနှစ်မမြို့ခြင်းတစ်လှည့်...
စက်ဆုပ်ပူနွေးစွတ်စိုမှုတစ်ဖုံ...
တေဇောဓါတ်တွေနဲ့ အမြဲခုတ်မောင်းထားတဲ့
သူ့ကဗျာတွေ....
သူ့စိတ်ကူးတွေ....
စိတ်မကောင်းစွာ
မွန်းကြပ်ချုပ်လှောင်ခံရချည့်...

သို့သော်...
ဒီကဗျာတွေ သူရေးခဲ့တယ်...
သူဟာ ကဗျာရေးသူ...
လက်ရသိမ်းပိုက်ထားတဲ့
ပိတ်တီးပိတ်လှောင်ဒီမြို့မှာ
သူဟာ ဒီအတွေးတွေရှိခဲ့တယ်...
သူဟာ တကယ်တွေးရေးဖန်တီးခဲ့တယ်...
သူ့ကိုယ်သူ ဒိန်ခဲပျောက်ရှာသူတဲ့...
သူ့ကိုယ်သူ ပြန်ပေးဆွဲခံရတဲ့ညမှာ
သူဟာ ကြောင်စီဆွံ့အ နေခဲ့တာပဲဖြစ်မှာ

တကယ့်တကယ်က
အပေါ်ယံဆန်ဆန်
သူ့သံမဏိအရေပြားတွေအောက်...
သူ့နှလုံးအိမ်အခန်းအကန့်နက်နက်တွေထဲ
ညာလက်ကောက်ဝတ်အောက်
သူ့သွေးပြန်ကြောမတွေထဲ
သူ့စိတ်ဝိဉာဉ်အနှံ့
ကဗျာရနံ့စစ်စစ် အနှစ်တွေချည်းပဲ...
သူကွယ်ဝှက်ထားတဲ့ သူ့ငြိမ်းချမ်းမှုက
တစ်ထစ်လျှော့အခေါ်အဝေါ်တွေအကြား
မာနမျဉ်းပြိုင်တွေကျော်လွှားလို့
သူ့အဆောက်အဦပုံစာရွက်တွေအပေါ်ဆုံးမှာ
သူနဲ့အတူပဲ
ကပ်လျက်တည်ဆောက်ပြီးသားဖြစ်တယ်

သူသိသွားမှာပါ
သူ့ ၀ဋ်ကျင်းဆိတ်ဆိတ်လေးထဲ
သူ့ ထိန်းချုပ်မှုတချို့
အသားကျရင့်ကျက်ရင်း
ပျော်ရွှင်တဲ့ကဗျာရနံ့တွေပဲ အသည်းဆုံးအောင် ရှူရှိုက်နေရလိမ့်မယ်ဆိုတာ...။ ။

Craton
September 11, 2009 8:13 AM
+++++++++++++++++++

Craton said...
*အထောက်အထား (ပြင်ဆင်ချက်)
September 11, 2009 8:16 AM
+++++++++++++++++++

အိန္ဒြာ said...
ဟားဟား..

တယ်ဟုတ်ပါလား..ကာတွန်းလေးရ...

အလေးပြုတယ်....
အလေးပြုတယ်..
September 11, 2009 8:46 AM
+++++++++++++++++++

အောင်သာငယ် said...
ဘ၀က ကဒ်ပြားတွေလား...
ကဒ်ပြားတွေက ဘ၀လား...

လတ်လျားလျတ်လျားလုပ်တဲ့ တဘ၀လုံး
ကဒ်ပြား တဆုပ်နဲ့ ကျဆုံးရမလား...

ငါ့ညီမရေ့
ကဗျာတွေ သိမ်းပိုက်သွားတဲ့
အဲသည်တမြို့လုံးကို
သံပုရာသီးတလုံးနဲ့ညှစ်
သံပုရာရည်သာ လုပ်သောက်ပစ်လိုက်ပေတော့...း)
September 11, 2009 8:53 AM
+++++++++++++++++++

Zephyr said...
ကဗျာဆရာတွေလည်း စိတ်အချဉ်ပေါက်တိုင်း ၀ိုင် မဖြစ်ပေမယ့် ကဗျာတော့ ဖြစ်နေတာ ...။ အခုလည်းဇာတိပုည ဂုဏ်မာန နဲ့ သံပ ဟုန်းဟုန်း မန့်မလို့ အားယူလာတာ ....။ မမန့်တာကြာတော့ ကော်မန့်ရေးဖို့ စိတ်က ဟူးဟူးထန်ထန် (နတ်သျှင်နောင်ရဲ့ဟူးဟူးထန်ထန်ဖြစ်သည် ...၊ ထီလာစစ်သူရေးတဲ့(မူကွဲ ကူးတဲ့) ဟူးဟူးထန်ထန်မဟုတ်ပါ။)။ အို အသင်လောကထဲမှာ ကဗျာတွေရေးနေတာမမောဘူးလား အမတော် ....။ ပဲ့တင်သံမရှိတဲ့ ပင်လယ်ဘက်ကို လှည့်အော်လိုက်ရတာ စိတ်သက်သာပါရဲ့လား ....။ ဒါကိုပဲ ပြစ်ဒဏ်ဆပ်ဖြေခြင်း/ပြစ်ဒဏ်ဆပ်နေခြင်းလို့ ခေါ်မလား/မခေါ်ဘူးလား ....။ တောင်စွယ်မှာနေကွယ်တာဟာ နီယွန်မီးတွေအတွက် ပွဲတော်ည ဖဲကြိုးဖွင့်လွှတ်ခြင်းဆန်နေခဲ့တယ် ...။ မာယာရဲ့ ဒုတိယနာမမှာ ဘိသိက်လာအသွန်းခံနေရတဲ့ မိမိ ခင်များ သင် မင်း ခင်ဗျား ငါ သူတပါး နဲ့ မဒါတို့ဟာ တစ်လှေတည်းစီးဖော်စီးဖက် .. လှေတစ်ဝမ်းထဲဖောက်ဖော် ဖောက်ဖက်တွေလား ... ဖောက်ဖျက်ထားတဲ့ သစ္စာတရားအတွက် ခေတ်တစ်ခေတ်ကို ကျောတစ်ရာရင်တရာ ....ပေးမိတဲ့အခါ .... စိတ်တွေက ကျောရောရင်ပါနာတယ် ....။ မိတကွဲဖတကွဲ ဆိုတာ စစ်လား ... စီးပွားရှာခြင်းလား ... ၀င်ကစွပ်တွေတောင်မှ ကိုယ့်အိမ်မှာကိုယ်ပျော်ကြသတဲ့ ... လောကဓံရှစ်ပြားနဲ့ မှောက်မှားမိခဲ့တဲ့ လူဆိုတဲ့ ဘ၀ရဲ့ အနှေးရိုက်ချက်တွေ ပြေလျော့လာသံ .....။ ဒီကဗျာဟာ ... မဒါရေးတဲ့ အားလုံးရဲ့ပုံတူပန်းချီကားတစ်ချပ်ဖြစ်မယ်ထင်တယ် ....။ ဒီလောက် လေရှည်ရရင် ကျေနပ်ပါတယ် .. ကျေပါပြီ .... အထာနပ်တဲ့သူက .... စကားနည်းနည်းများပြီး ကဗျာနည်းနည်းစီ ပြီးတဲ့အထိဖတ်သွားပါတယ် ....။ အခုလို ကြုံကြိုက်တုန်းမန့်လိုက်တာ ... မိတ်ဖြစ်ဆွေဖြစ်ပါ ....။ နောက်အလျဉ်းသင့်တဲ့အခါ ဆေးဖြစ်ဝါးဖြစ် မန့်ပါဦးမယ် ...။ ....

ခင်မင်စွာဖြင့်
ကျီး
September 11, 2009 9:22 AM
+++++++++++++++++++

Kay said...
ကဗျာ ဆရာ ဖြစ်ကြောင်း..ကဒ် လိုလို့လား.. အိန္ဒြာရဲ့
စာပေလုပ်သား အဖွဲ့ဝင် ခဲ့ရင်တော့.. မသိဘူး။း)

(P.S- QS ကဗျာဆရာမ ထင်တယ်) :D
September 11, 2009 9:38 AM
+++++++++++++++++++

ကိုရင်နော်ခင်လေးငယ် said...
ခပ်ပြုံးပြုံး ကဗျာလေးက အဲ့ဒီ ကဒ်ပြားပေါ်မှာ တဖြေးဖြေး မဲ့မဲ့လာသလိုပဲ..

သွေးရူးသွေးတမ်းညတွေ လွန်မြောက်ပါစေ...
September 11, 2009 10:17 AM
+++++++++++++++++++

အိုင်လွယ်ပန် said...
ကဗျာနဲ့ မှောက်မှားခဲ့ ပြီးကြပြီပဲအစ်မရေ
ဘယ်လိုပဲ ခြောက်ခမ်းနေနေ
ကဗျာ ဆာလောင် တဲ့ သွေးတွေက
အချိန်တန်ရင်တော့ ကဗျာပဲ တောင်းပါလိမ့်မယ်
ပြန်အန်ရင်လည်း ကဗျာပဲ အန်ပါလိမ့်မယ်
ဆိုတော့ကာ
ဘာမှ သိပ်မပြောတော့ဘူး အစ်မ
ကဗျာပဲဖတ်သွားတယ် ... ။။

ခင်မင်လေးစားစွာဖြင့် ..
September 11, 2009 10:50 AM
+++++++++++++++++++

HAPPYCLOUD said...
အမရေ... သွေးရုးသွေးတန်းဖြစ်ဖြစ် ကယောင်ကတန်း ဖြစ်ဖြစ် ကဗျာ သွေးတွေးစီးနေတဲ့သူတစ်ယောက်ကတော့ လက်တင်တာနဲ့ ကဗျာ ဖြစ်လာတာပဲနော်...
ဖိုးမောင်
September 11, 2009 12:04 PM
+++++++++++++++++++

ဖိုးစိန် said...
ကဗျာဆရာမလေး ည သန်းခေါင်ထရေးတဲ့ ကဗျာလဲ
အဓိပါယ်ရှိ လှပသေသပ်နေတာပဲလေ....
ကဗျာတွေကို လက်ရသိမ်းပိုက်ထားလိုက်ပါ...
ပြီးတော့ အိန္ဒြာ လို့ နာမည်ရဲရဲကြီး တပ်ချကြည့်လိုက်ပါ
ဒီစာသားတွေနဲ့ ဒီကဗျာက အိန္ဒြာ ဆိုတဲ့ နာမည်ပေါ်မှာ
အမြဲတမ်း လှလှပပကြွားကြွားဝင့်ဝင့်ရှိနေမှာပါ..

ကဗျာပန်းလေးများ မမဆီမှာ အမြဲ ပွင့်လန်းနေပါစေ

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်
September 11, 2009 6:10 PM
+++++++++++++++++++

ကဗျာလှည်းလေး said...
အမရေ
တကယ်ဆို.. ငါ့နှလုံးသွေးတွေကို ခုတ်မောင်းပေးနေတဲ့ တေဇောဓါတ်တွေကိုက..ကဗျာပါ....
ငါ့ကဗျာတွေ ဘယ်သူသိမ်းပိုက်ထားသလဲ.....
ငါ့ကဗျာတွေ ဘယ်သူသိမ်းပိုက်ထားသလဲ.....
သွေးရူးသွေးတမ်းးးပဲ ...

ကဗျာလေးရော ကွန်မန့်တွေရော.. အရမ်းကြိုက်တယ်
September 11, 2009 9:46 PM
+++++++++++++++++++

Anonymous said...
ခင်ဗျား ကဗျာကို ဘယ်မြို့ကမှ လက် ရ မသိမ်းဘူး
ခင်ဗျားကဗျာကို ဘယ်မြို့ကမှ သက်မ မချဘူး..
ခင်ဗျားအနုပညာ ဘယ်မြို့ကမှ မကွယ်ဝှက်ထားဘူး
တကယ်တော့
ကဗျာရေးလို့မရဘူး
ကဗျာရေးလို့မရဘူး ...
....
အော်မနေနဲ့ ...
ကဗျာဆိုတာ .. လက်ယက်ခေါ်လို့လိုက်တဲ့ အတန်းအစားမဟုတ်ဘူး...
ခင်ဗျားကဗျာကို .. ခင်ဗျားကိုယ်တိုင် ထိုးသိပ်ထည့်ထားတာ....
+++++++++++++++++++






စိန်ခေါ်ပွဲ

လှုပ်နေတဲ့ အဲဒီအရိပ်ကိုမှ မိအောင်ဖမ်းချင်နေတာ
လက်နှစ်ဖက်ကိုဖြန့်၊ စူးစိုက်ကြည့်၊ လက်ချောင်းလေးတွေကိုလဲ လှုပ်ကစားကြည့်တယ်
‘စွမ်းနိုင်မလား’ အသံ ပဲ့တင်ထပ်
(ပဲ့တင်ထပ်) (ပဲ့တင်ထပ်) (ပဲ့တင်ထပ်)
ခေါင်းတချက်ဆတ်ကာ စိန်ခေါ်မှုကို တန်ပြန် စိန်ခေါ်လိုက်တယ်။

နှစ်နဲ့ချီပြီး ပျောက်ဆုံးနေတဲ့ ငါ့လိပ်ပြာ
ငါ အခုပြန်ရပြီ ဒီစိန်ခေါ်တိုက်ပွဲမှာ။ ။


ခင်အောင်အေး
၁၊ စက်တင်ဘာ၊ ၂၀၀၉

September 5, 2009

စာမျက်နှာပေါ်က ဆွဲဆုတ်ခံလိုက်ရတဲ့ ကဗျာများအကြောင်း

အသက်ရှင်မှုအတွက်
ကဗျာရေးတယ် ထင်သလား
စားဝတ်နေရေးအတွက်
ကဗျာရေးတယ် ထင်သလား
ကျော်ကြားမှုဆိုရင်
ဂုဏ်သတင်းဟာ ငါတို့လွှင့်ပစ်ထားတဲ့ဖဲ

ဘ၀တွေဟာ ငါတို့နဲ့ နီးလို့
ခံစားမှုက အတက်အကျ မြန်လို့
သဘာဝဟာ သမိုင်းဆန်လာတယ်
ပြတိုက်ထဲက ပြေးထွက်လာတဲ့
အသွေးအသားက တောက်လောင်
ဦးနှောက်က ဗြောင်းဆန်လာသောအခါ
ငါတို့ကဗျာတွေရေးကြတယ်။

ငါတို့ ညစ်ထေးပေမယ့်
ငါတို့ကဗျာတွေ မညစ်ကြေးဘူး
ယဉ်ကျေးမှုက စည်းဝိုင်းထားသလို
ပတ်ဝန်းကျင်က သိုင်းဝိုင်းထားတယ်
လိုအပ်ရင် ဖောက်ဖျက်ဖို့နဲ့
ဖောက်ထွက်ဖို့ကအဆင်သင့်
ငါတို့လက်တွေ လှုပ်မရသောအခါ
ငါတို့ပါးစပ်တွေဆွံ့အသောအခါ
ငါတို့ကဗျာတွေရေးကြတယ်။

နိုင်ငံရေးက ငါတို့မလွှင့်တဲ့အလံ
လှုံဆော်မှုက ပစ်ချထားတဲ့ သေတ္တာ
ခေတ်ထဲမှာ နေထိုင်ပြီး
ခေတ်ကို ပြန်တွန်းလှန်ဖို့
ငါတို့ကဗျာတွေရေးကြတယ်။

ရိုးသားမှုဟာ ငါတို့ကဗျာမှာ စီးဆင်းသွားတဲ့မြစ်
စေတနာဟာ ငါတို့ကဗျာရဲ့ ကျောရိုး
ကဗျာလိုတွေးပြီး ကဗျာလိုရေးတယ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေး စိတ်မ၀င်စားဘူး
လေထုညစ်ညမ်းမှု ငါတို့မတွေးဘူး
ဘတ်စ်ကားစီးတယ်
လမ်းလျှောက်တယ်
သာမာန်လူတစ်ယောက်လို နေထိုင်တယ်
ငါတို့ချွေးကို ငါတို့စတေးထားပြီးပြီ
ငါတို့သွေးကို ငါတို့ရေးထားခဲ့ပြီးပြီ
မရိုးမရွ နှိုးဆွလာသောအခါ
နှာချေသလို ငါတို့ကဗျာတွေ
ချေထုတ်လိုက်တယ်။

ငါတို့ကဗျာဟာ ဗိုက်ဆာတတ်တယ်
ရေသောက်တတ်တယ်
တခါတလေ အရက်နံ့တွေ နံတတ်တယ်
ဆောင့်ကြွားကြွားနဲ့ အနော်ရထာလမ်းပေါ်
ဖြတ်လျှောက်သွားတာ (ရပ်ပ်ပါ) မဟုတ်ဘူး
ကဗျာဆရာ

မာနဟာ ငါတို့ရဲ့ဓား
ဆင်းရဲမှုဟာ ငါတို့ရဲ့ ချမ်းသာမှု
ခေါင်ခိုက်မနေဘူး
လောင်မြိုက်မနေဘူး
ကဗျာလိုတွေးပြီး ကဗျာလိုရေးတယ်
ဘယ်သူ့ကိုမှ မထိခိုက်သလို
ဘယ်သူ့ကိုမှ မဝေဖန်ဘူး
ကမ္ဘာအကြောင်းရေးတယ်
ကောင်းကင်းအကြောင်းပြောတယ်
ကြယ်တွေဟာ ငါတို့ဝှက်ထားတဲ့ အိပ်မက်
မြစ်တွေဟာ ငါတို့နင်းသွားမယ့်လမ်း
လူတွေဟာ ငါတို့နဲ့ အမျိုးတူသတ္တ၀ါ
အတ္တကို အတ္တချင်း
အနတ္တကို အနတ္တချင်း
ရှင်းမနေဘူး
ပိရမစ်ကို ပြောင်းပြန်လှန်သလို
ငါတို့ကဗျာတွေရေးတယ်
စိမ့်ဝင်သွားသလို ထိုးဖောက်မှုနဲ့
ငါတို့ကဗျာတွေရေးနေတယ်

ဒါ ငါပြောချင်တဲ့ ငါ့ကဗျာအကြောင်း
ဒါ ငါပြောချင်တဲ့ ငါ့အကြောင်း

ဒါ ငါပြောချင်တဲ့ ငါတို့ကဗျာဆရာတွေနဲ့
သူ့တို့ကဗျာတွေအကြောင်း

ပြီးတော့ ခင်ဗျား ကျွန်တော့်တို့ကဗျာကို
ဘာအကြောင်းပြချက်နဲ့ စာမျက်နှာပေါ်က
ဆွဲဆုတ်ပစ်လိုက်သလဲဆိုတဲ့အကြောင်း။ ။

တည်ရ


(သြဂုတ်လ၊၂၀၀၉ခုနှစ် ၊ စင်ကာပူနိုင်ငံထုတ်၊ သဇင်မဂ္ဂဇင်း)


(ကိုယ့်ဖီလင်နဲ့တိုက်ဆိုင်နေတဲ့ကဗျာလေးမို့..ခံစားမိရာကဏ္ဍကနေ..တင်ဆက်ပေးလိုက်ပါတယ်..။)

August 29, 2009

ငါး ပြတိုက်

ငါးကဗျာလေးတွေချည်း စုစည်းဖို့တင်ဆက်ဖို့စိတ်ကူးကောင်းလေးတစ်ခုရလာတာနဲ့
လက်လှမ်းမှီသမျှ ရှာဖွေ..၊ လက်လှမ်းမှီသမျှကဗျာဆရာတွေအပူကပ်ပြီး ဖေါ်ပြတင်ဆက်ပေးလိုက်ပါတယ်.. ။

ဆရာမောင်ချောနွယ်ကစ လင်းဒီပအဆုံး..ကဗျာဆရာ/မ အားလုံးကို
ကျေးဇူးအထူးတင်ရှိပါကြောင်း..။


အိန္ဒြာ

++++++++++++++++++++++++++++++++++++++++


ငါး..

တစ်ဘ၀လုံးလုံးလိုလို
ငါးရယ်လို့ တစ်ကောင်တစ်လေမှ မမိ
ကြည့်
မိမယ့်မိတော့ စကြ၀ဠာကြီး
အပေါ်ဆွဲတင်လိုက်တော့
ငါ့ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
သက်တန့်ဖြစ်သွား
ငါ့ကို ပြန်မျှားခဲ့ပေါ့။ ။

မောင်ချောနွယ်
+++++++++++++++++++++++++++++++++++++
ငါး..

ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ

ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ

ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ငါးမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ

အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ

ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ

ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင် ကိုရရှိမှာ

မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။


မြင့်မိုးအောင်


+++++++++++++++++++++++++++++++++++++


ငါး

ဒီဘ၀အပြင်
ဘယ်ဘ၀က ပိုကောင်းဦးမလဲ။
မရွေ့မလျား
ငါတို့ ငြိမ်သက်နေတာ ငါတို့ ကူးခပ်ခြင်း။
အပြေးအလွှား
ငါတို့ကူးခပ်နေတာ ငါတို့ပျံသန်းခြင်း။
စိတ်ကို လျှော့လည်း
ကိုယ်ကပေါ့မသွား။
တကယ်တမ်း
ရေကိုထမ်းထားရသော_ ပွင့်ချပ်ကတစ်ဖက်တည်း။ ။

ခင်ဇော်မြင့်
+++++++++++++++++++++++++++++++++++++




ငါး

ငါးတွေဟာ သွေးအေးတယ်၊
နှုတ်ဆိတ်တယ်။
တိုးတိတ်လွန်းတော့လည်း အဲဒီရင်ခုန်သံကို
မင်း ကြားရလိမ့်မယ် မဟုတ်ပေဘူး။

ကြယ်တွေကို ခူး ခူးပြီး
မင်းကို ပန်ပေးချင်ခဲ့တာပါ....
ဒါပေမယ့်...
အိပ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက်
နွေဦးရက်တွေ ရောက်တဲ့အထိတောင်
မက်ခွင့် မရလိုက်ပါဘူး။
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။

တစ်နေ့ခင်းလုံး
ကိုယ့်လက်ဖ၀ါးပေါ် မေးထောက်ပြီး
သစ်သားမီးခြစ်ဆံတွေနဲ့ အိမ်ဆောက်ကြည့်နေခဲ့တယ်
ငါ ဘာကို စားသောက်ခဲ့ပြီးပြီလဲ ???

တစ်ဘ၀စာ
ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံလေးတင်ပါပဲ။
(ဒီအပြင် ဘာမှ မပိုခဲ့ဘူး)
ကောင်မလေးရေ...
ငါ ဆိုတဲ့ ကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေးလေးပဲ...
...လွမ်းတယ်။

မင်းခိုက်စိုးစန်
+++++++++++++++++++++++++++++++++++++

Paul Klee ရဲ့ငါး



ဘာမှမဟုတ်ခဲ့ပါဘူးကွယ်

သူ့ရဲ့ကောက်ကြောင်းတစ်ခြစ်နဲ့ပဲ

ငါဟာ ငါးဖြစ်ခဲ့ရတာပေါ့


အသက်ရှူစရာလေမလိုဘူး

ကူးခတ်စရာရေမလိုဘူး

လိုနေတာက သူ့ဆီကမှောက်ကျလာမယ့်အရောင်တွေ

နောက် ..သူ့လက်ကနေထပ်မံဖြာဆင်းလာမယ့်

ချစ်ခြင်းနဲ့ပဉ္စလက်တွေ..…



ဒီလိုနဲ့ ငါးဟာ

ကမ္ဘာကိုမသိ.. (သူ့ကမ္ဘာက စာမျက်နှာတစ်ရွက်စာ)

လေကိုမသိ ( လေထုညစ်ညမ်းမှုလည်းသူနဲ့မပတ်သက်)

ရေကိုမသိ (ရေမြုပ်ဗုံးခွဲတာတွေလည်းသူနဲ့မဆိုင်)

လေးထောင့်မှန်ပုံးကိုမသိ (သူက အလှမွေးငါးလည်းမဟုတ်ပြန်ဘူး)

အတုတွေကိုလည်းမသိ (အစစ်ဆိုတာသူမှဘာမှန်းမသိပဲ)

မသိခြင်းတွေနဲ့ရှင်သန်လာလိုက်တာ

နှစ်တွေကြာပြီ…





ဆာငတ်နေခဲ့တဲ့ အရောင်တွေ

သံယောဇဉ်တွေ..ပဉ္စလက်တွေ

ဘယ်ဆီမှာလဲ……………

ဘာလို့များ…….ငါ့ဆီထပ်မရောက်လာခဲ့တာတဲ့လဲ..

ဒီလိုနဲ့ ငါးဟာ အနီရောင်မပါပဲသွေးပျက်နေခဲ့ရ

နှစ်ပရိစ္ဆေဒများစွာ.…





တကယ်ဆို..

ပန်းချီဆရာ….………….

သွေးအေးတတ်ဖို့ပါ..ခင်ဗျားသင်ကြားပေးခဲ့သင့်တာ။ ။


မနော်ဟရီ


+++++++++++++++++++++++++++++++++++++


ငါ့သင်းကွဲညနေ



ညီမလေးရေ
ကောင်းကင်အဖြူထည်စာမျက်နှာပေါ်
ငါဟာ နိဒါန်းအဖြစ် ကွေ့ကောက်စွာ ရေးခြစ်ခံရသူပါ

ညီမလေးရေ
ဒါ ငါကိုယ်တိုင် ပိုးမွေးခဲ့ညနေခင်းပဲပေါ့
ဖော်ဝေးငှက်တစ်ကောင်လို အဝေးလွမ်း လွမ်းမောမှု
ပူပြင်းခေါင်ခိုက် ခေါ်သံထဲ
ကန္တာရနွေတွန်ရာ ငါ့ရာသီတွေ သွန်းချခဲ့

ညီမလေးရေ
အနွေးထွေးဆုံး အိပ်ဟန်ဆောင်ခြင်းနဲ့
တစ်သက်တာ ငါ့အတွေးအခေါ်တို့ မင်နီစွန်းခဲ့ပေါင်းများပြီ..

ညီမလေးရေ
ဟိုးအဝေးဆုံးအရပ်က ၀ါးလုံးကွဲတောထဂီတသံ
ယုံယုံကြည်ကြည်နားဆင်ဖို့
ရောင်နီမစိုးသေးဘူးလားကွယ်..

ညီမလေးရေ
ဒီလက်ချောင်းတွေတွားသွားရာအရပ်ကဘာလဲကွယ့်..
မှားယွင်းနေတဲ့နေရာ
နောက်ထပ်ငါ့လက်ချောင်းတွေသေဆုံးရတော့မလား..
ငါကိုယ်ဆိုင်ရှင်သန်ပစ်ချင်ရဲ့

ညီမလေးရေ
ချစ်ဦးသူဆီနေ၀င်ခြင်းမှာ အိပ်မက်သစ်တို့သယ်ဆောင်ခွင့်ပေးပါ
အဲဒီ့အိပ်မက်ထဲမှာ အနာဂတ်အားမာန်ပါတယ်
နိုးကြားမှု အဟုန်ပါတယ်
နံနက်ခင်းတစ်ခုရဲ့ ဖူးပွင့်စအာရုဏ်အလင်းတန်းတွေပါတယ်
နှောင်ကြိုးမဲ့ ပဋိပက္ခတွေရဲ့ မျဉ်းဖြောင့်တစ်ကြောင်းပါတယ်
သက္ကရာဇ်တွေ ထမ်းပိုးမယ့် လက်ရုံးနှစ်ခုပါတယ်..။

ညီမလေးရေ
အခုတော့ ငါဟာ အလှမွေးဖန်လှောင်အိမ်ထဲက
ရွှေငါးတစ်ကောင်လို ကိုယ်ပိုင်အလှ ကိုယ်တိုင်ခံစားခွင့်မရခဲ့သူပါ
ဒီလိုနဲ့ ငါ့ညနေခင်းတွေ မနက်ဖြန်ပေါင်းများစွာ မော်ဖူးခဲ့ရပေါ့..။


လူဇော်သစ်


+++++++++++++++++++++++++++++++++++++



ငါး ဟာ ငါး

တွန်းတိုက်လှုပ်ရှားနေတဲ့ ခန္ဓာကိုယ်ကို
သိပ်သိပ်သည်းသည်း ထိန်းညှိထားတယ်
လက်ပြန်ရိုက်ချက်ဟာ ရှေ့ကို
ရောက်စေတယ်
တစ်ချက်ခတ်ရုံနဲ့ ကိုယ်ဟာ
တည့်မတ်လို့
ရပ်နေတယ်
သွားနေတယ်
လူးလွန့်နေတယ်
ကျောက်ကြိုကျောက်ကြား
ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မှာ
အစုန်အဆန် ပုံသဏ္ဍာန်မှန်လို့
မှန်ရေပြင်က ကန်ရေပြင်လို
အတုတွေကြား အလှပြလို့
ကူးခတ်တယ်
လူးလွန့်တယ်
ရပ်နေတယ်
သွားနေတယ်
ရှေ့ကို
ပင်လယ်အတုထဲလည်း
ငါး ဟာ ငါး
တစ်လက်မမှ လျော့ (ရော့)မသွားဘူး။ ။

တည်ရ

+++++++++++++++++++++++++++++++++++++


ငါးရိုးနင်ခဲ့တဲ့ စိတ်များ

ဆယ်လ်မန်တစ်ကောင်အတွက်
ရေကာတာတစ်ခုဟာ ကျိန်စာပဲ ..
ပင်လယ်ထဲ
ခြေဗလာနဲ့ဆင်းခဲ့တာ ...၊
ဆင်းရဲလို့ ဆင်း ရဲ ခဲ့တာ ....။

ကမ္ဘာဦးလူ မီးရှာမတွေ့ခင် ...
ဝေလငါးအတုဟာ လမ်းလျှောက်နေခဲ့သေးတယ် ...။
မွှေးရှည်ဆင် (mammoth) တွေနဲ့ အုတ်ရောရော ကျောက်ရောရော
ဒိုင်နိုဆောတွေနဲ့ ဒူးတင်ပေါင်တင်ပေါ့ ...၊
ရေထဲဆင်းမပြေးနိုင်တဲ့ ကောင်တွေ မျိုးပြုတ်တာဘာဆန်းလဲတဲ့ ...
ပန်းပန်ထားတဲ့ ဝေလငါးတုတစ်ကောင်
တရားဦးဟောနေပုံကသင်းတယ်။

ခုတ်တတ်ဖြတ်တတ်ရင်
ငါးပူတင်းလည်းစားလို့ရတယ်...
ခုတ်ထားဖြတ်ထားတဲ့ အမှန်တရားထက်တောင်
ပိုချိုသေးတယ်။

ဟေ့လူ .. ခင်များ ငါးပါးမ၀နဲ့ ...
အပါးလည်ပြီး အပါယ်လားမယ်ဗျ။
... ဒီမယ် ကိုရင် ... ရှင်ဗာကူလ အတွက် ကျုပ်ဗိုက်ကို ခင်ဗျားတို့ ခွဲထားတာ မမေ့လိုက်ပါနဲ့ ....
အောင်မြင်ခန့်ညားတဲ့ ငါးရယ်သံကြီး ညှီစို့စို့လွင့်ပျံ့လာတယ် ...။

ကမ္ဘာဖျက်မိုးရွာတော့မယ်ဆိုလို့
ငါးခုံးမတွေအပျော်လွန်နေတာလေ ...
နောဧလှေကြီးတစ်ခုလုံးယိမ်းထိုးလို့ပေါ့ .....။ ။

Zephyr

+++++++++++++++++++++++++++++++++++++


မှန်အိမ်ထဲကငါး

အဲဒီ အလှအပ ဆိုတာကြောင့်ပေါ့
ငါ့မှာ အကျဉ်းချခံနေရတယ်
ထင်ယောင်ထင်မှားအားကျသူတွေကို ဖျော်ဖြေဖို့
ပကာသန အရေခြုံ အပြုံးတွေနဲ့
ဟန်ရေးတပြပြ နေရတယ်
အမျိုးမတူ အရောင်မတူသူတွေနဲ့လည်း
အလွမ်းသင့်အောင် ကြိတ်မှိတ်ပေါင်းရသေးတယ်
အချိန်တန်ရင် ဗိုက်တာမင်အတုတွေ အဖြည့်ခံနေရပြီး
ရင်သပ်ရှုမော အဆာပလာ တွေ ၀န်းရံနေလည်း
လေးဘက်လေးတန် ပိတ်နေတဲ့
အဲဒီရုပ်ဝတ္ထုတွေက ငါ့အိမ်မှမဟုတ်တာ
အဆိုးဆုံးကတော့
ဟို ထွက်ပေါက်လိုလိုဘာလိုလိုနဲ့
ထွင်းဖောက်မြင်အောင်လုပ်ထားတဲ့ အရာတစ်ခု
အမှတ်မရှိတဲ့ငါ မျှော်လင့်ချက်နဲ့ ထွက်ပြေးမိတိုင်း
နံရံပဲ ၀င်ဝင်တိုက်နေတော့ နာနာကျင်ကျင် နောက်ဆုတ်ပြန်ခဲ့ရတယ်။


ပန်ဒိုရာ

+++++++++++++++++++++++++++++++++++++


ချစ်သူလက်ခုပ်ထဲက ငါး

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
ငါ့အီးမေးလ်ကို မင်း ဝင်စစ်တော့မယ် ဆိုတာ
ဆေးလိပ်ကလေးတွေ ငါ့နှုတ်ခမ်းပေါ် ပြည်ဝင်ခွင့် ပိတ်တော့မယ် ဆိုတာ
ဒီပုလင်းကြီးနဲ့ငါ ရှင်ကွဲ ကွဲတော့မယ်ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
မနက်စောစော ဘုရားရှိခိုးဖို့ လှမ်းနှိုးတော့မယ် ဆိုတာ
ညနေစောင်းဆို လာလာကြိုခိုင်းတော့မယ် ဆိုတာ
ငါ့တနင်္ဂနွေတွေ ဟိုကောင်တွေနဲ့ ထွေရာလေးပါး နေလို့ မရတော့ဘူး ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
သဒ္ဓါထက်ထက် ကောင်မလေးတွေရဲ့
လမ်းပေါ်က ဖက်ရှင်ရှိုးကို FOC ခံစားခွင့်
မင်းမသိအောင်ဘဲ ရတော့မယ် ဆိုတာ ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
ခင်တတ်လွန်းတဲ့ငါနဲ့ တချို့ညီမလေးတွေ ဆက်ဆံရေး
ခပ်တန်းတန်းလေး နေရတော့မယ် ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
ဘဝကို မောင်းချင်သလို မောင်းပြီး
ရပ်ချင်တဲ့နေရာ ထိုးရပ်ထားလို့ မရတော့ဘူးဆိုတာ….

သိပါတယ်
သိပါတယ် ။

သိပါတယ်
(သဲကိုးဖြာလေးရယ်)
မင်းလက်ခုပ်လေး ကို
မဟာသမုဒ္ဒရာလို့ ငါအမှတ်မှားမိလိုက်ကတည်းက
ငါ့တစ်ဘဝလုံး မင်းရဲ့ ကိုလိုနီအဖြစ် ပေးပစ်လိုက်ရတော့မယ်ဆိုတာ
ငါ သိပါတယ်လေ….။

လင်းဒီပ
+++++++++++++++++++++++++++++++++++++



အိမ် ငါး

အိပ်မက်တစ်ခုခုလိုမျိုး
ပြာညှိုးညှိုးလေး လင်းရီနေခဲ့တာ.......၊
ကျောက်ဆိုင်ကျောက်ခက် ဆက်တင်ကလည်း အတု
ရေမှော်ရေညှိ စိမ်းမြမြကလည်း အတု
မှုန်မှုန်ညှင်းညှင်း အလင်းပြေပြေလေးကလည်း အတု
အစာအဟာရ အတု
အောက်ဆီဂျင်က အတု နဲ့၊
ရေသူမအတုကို ပွတ်လျောနမ်းမွှေး
ဟောဒီလို ဘ၀သေးသေးလေးထဲမှာ
အလူးလူးအပြေးပြေး လှုပ်ရှားသက်ဝင်နေရသမျှ
ဘယ်လာ ငါးအရာမြောက်ပါတော့ မလည်း.....။
ငါး က....
ငါးတို့ရဲ့ ဘာသာဘာဝအတိုင်း
အညှီနဲ့ ခႊၽဲခႊၽဲ ပြောင်ချောညစ်ပတ်နေချင်တာ.....၊
ငါး က....
တ၀ုန်းဝုန်း၊တစိမ်းစိမ်း နက်ရှိုင်းခမ်းနားလွန်းနေတဲ့
ပင်လယ့်ဥပတိကို စာဖွဲ့နေချင်တာ....၊
ငါး က....
သူ့စိတ်ကူးရေစီးတွေအတိုင်း ... အဆုံးအစမရှိရွက်လွင့် ပစ်ချင်တာ...”၊
ငါး က....
မျှားချိတ်မှာ တတ်ထားတဲ့အစာမှန်းသိသိ
မိမိရရ ခုန်ဟတ်ရယူပြီး၊ လက်တစ်လုံးခြား ငါးပါးဝချင်တာ... ၊
ငါး က....
သူ့ကိုယ်ပိုင် အမိုးအကာလေးထဲမှာ...မိန့်မိန့်မူးမူး မင်းမူနေချင်တာ....၊
ငါး က....
ငါးရိုးရာပွဲတော်ကြီးတွေကို
ငါးဂီတ ၊ ငါးဗီဇတွေ အတိုင်း ၊ အချိန်ခါသင့် ကျင်းပချင်သေးတာ......၊
ငါး က....
သူ့အိပ်မက်တွေအတိုင်း .....ရဲဝံ့မာကျောပြီး
သူ့ကကြိုးတွေအတိုင်း......နူးညံ့ပျော့ပျောင်းမယ့်
သူ့မျိုးဆက်ကို... ရေးချယ်ချင်သေးသတဲ့ ....။
ငါး က လေ.............
ငါးလားမြောက်ဖို့ အတွက်သာဆို
အိမ်ကြောင်တစ်ကောင်ရဲ့ အစာဘဲ ဖြစ်ဖြစ်....
သူ့ကိုယ်သူချကျွှေးပစ် ဖို့ ၀န်မလေးဘူးတဲ့......၊
ငါး က ......
ငါး က
အ......တု .....တွေ..... ကို .....မ.....လို ..... ချင် ....တော့....ဘူး......လေ ။ ။

အိန္ဒြာ

++++++++++++++++++++++++++++++


ငါးအကြောင်း


ငါးအကြောင်းပြောကြမယ်

ငါးများသည် ရေတွင်ပျော်ရွှင်စွာ ကူးခတ်နေကြသည်။
“ ‘ပျော်ရွှင်စွာ ‘ ဆိုတဲ့ နာမ၀ိသေသနကိုဖြုတ်ပေးပါ” မျက်မှန်တပ်ထားတဲ့ ငါးတကောင်ကတောင်းဆိုလာတယ်၊
အို..ရှင်မပျော်လဲ ကျမတို့ ပျော်တယ်။ ကဗျာဆရာ ဆက်ပြောပါ။ နောက်ငါးတကောင်က..
ဒီလိုနဲ့…

ကဗျာဆရာက ‘ငါးများသည်ရေတွင် ပျော်ရွှင်စွာ ကူးခတ်နေကြသည်။’ လို့ထပ်ရေးပြီးရုံရှိသေး။

“ ‘မြစ်ထဲမှာ’ လို့ပြင်ရေးပေးနိုင်မလား ခမျာ” ဟိုးနောက်နားက ငါး တကောင်က ထပြောတယ် ကဗျာဆရာ သူ့ဝါကျ သူပြန်ကြည့် ခေါင်း တချက်ကုပ်
“အို..ဒါဆို ကျုပ်တို့ ကန်ငါးတွေကိုကျတော့ ငါးရာမသွင်းဘူးပေါ့” ငါးမြစ်ချင်းတကောင်က မျက်နှာ ရှုံ့ရင်း
ထကန့်ကွက်ပြန်တယ်
ငါးတွေ အားလုံး ကြွက်စီကြွက်စီ ဖြစ်ကုန်တယ်။

ကဗျာဆရာက ပျော်ရွှင်စွာဆိုတဲ့ နေရာမှာ ဘာနဲ့အစားထိုးရကောင်းမလဲ အားနာပါးနာ စဉ်းစားနေတယ်။

ငါးတွေက မြစ် ချောင်း အင်း အိုင် ပင်လယ်သမုဒ္ဒယာ ရှိရှိသမျှ ငါးတွေကျက်စားရာနေရာဒေသ အကုန်လုံး
ပေါင်းရုံး ခြုံငုံ ကိုယ်စားပြုနိုင်မယ့် ဘုံအခေါ်အဝေါ်တခုကို ရွေးချယ်ငြင်းခုံ နေကြတယ်

တကယ်တော့ ကဗျာဆရာဟာ သူ့ဝါကျထဲက ဘယ်စကားလုံးကိုမှပြင်ပေးလိုစိတ်မရှိဘူး။

လိပ်ခဲတည်းလည်းဖြစ်နေတုန်း
ကဗျာဆရာရဲ့ လက်ကိုင်ဖုန်းဟာ အယ်မီနမ် ရဲ့ when I’m gone သီချင်းသံမြည်လာတယ်
“ဟဲလို..” ကဗျာဆရာက..
“အကို..ညီမကို ‘ငါးအကြောင်း’ ကဗျာတပုဒ် ရေးပေးပါ” အိန္ဒြာ က..

ကဗျာဆရာပျော်သွားပြီ..
“အို…ငါးအပေါင်းတို့ သတ်မှတ်အချိန်ပြည့်သွားပြီမို့ ..”ဘာညာကွိကွ..တွေပြောပြီး အစည်းအဝေးကို ကတိုက်ကရိုက် ရုတ်သိမ်းလိုက်တယ်။
(ငါးတွေ ဘာစောဒကမှ မတက်နိုင်ခင် အိန္ဒြာ့ထံ အီးမေးလ် အမြန်ပို့လိုက်တယ်)

ငါးများသည် ရေတွင် ပျော်ရွှင်စွာ ကူးခတ်နေကြသည်။ ။


ခင်အောင်အေး
၂၆၊ သြဂတ်စ်၊ ၂၀၀၉

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မမမနော်ဟရီပုံကလွဲလို့ ကျန်တဲ့ပုံတွေကို ဒီက နေရှာဖွေထားပါတယ်.။



August 22, 2009

အိမ်..ငါး..

ဆရာ မြင့်မိုးအောင်ရဲ့ ငါးကဗျာကို ဖတ်ပြီး..ကိုယ့်ကဗျာလေးကိုလည်းလွမ်းလာလို့ ပြန်ဖတ်မိပါတယ်..။
မှတ်မှတ်ရရ ဒီဘလော့လေးအဖွင့်မှ တင်ဖြစ်တဲ့ ကဗျာလေး..ပါ..။
အိမ်ငါး..ပေါ့..၊ ကဗျာကိုပြန် ဖတ်ရင်း..ပြန်တင်ပေးချင်စိတ်ပေါက်လာပါတယ်..။။
တကယ်ဆို ၂၀၀၁ လောက်ကရေးခဲ့တာပေမယ့်..အခုမှ ကိုယ်နဲ့ လက်ရှိအခြေအနေတွေနဲ့
ပိုပိုပြီး တိတိကျကျ တိုက်ဆိုင်လာသလို ခံစားလာရလို့လဲ ပြန်တင်ပေးချင်လာတာပါ..။
ဖတ်ပြီးသားသူတွေက သည်းခံပြီးထပ်ဖတ်ပေးကြပါဦး..၊ မဖတ်ရသေးသူတွေကိုတော့ ဧည့်ဝတ်ကျေပွန်နိုင်မယ်ထင်ပါရဲ့...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘ၀ဟာ မှန်ပုံးထဲက ငါး ဆန်နေပြီလား..၊ရရှိနေတာလား..ဆုံးရှုံးနေတာလား.၊ ပေးဆပ်နေတာလား..ရင်းနှီးနေတာလား..။ ရရှိနေသမျှတွေက အတုအယောင်တွေလား..၊အသက်ရူသံနဲ့ နေခြင်းထိုင်ခြင်းတွေကရော အတုအယောင်ဆန်နေခဲ့ပြီလား အတုအယောင်တွေကို ပျော်ပိုက်နေတာလား.၊ အတုအယောင်တွေမှာ နေပျော်နေပြီလား.. အစစ် (သို့)ထွက်ပေါက်တစ်ခုက ဘယ်နေရာမှာလဲ....၊ အစစ် (သို့)ထွက်ပေါက်တစ်ခုကို ဘယ်လိုရှာဖွေကြမလဲ.. အတုထဲမှာ အသားကျ....၊ အတုထဲမှာနေပျော်...အတုထဲမှာသေသွားမယ့် ..ဒီလိုပဲရေလိုက်ငါးလိုက်ဆန်လွန်းတဲ့ ငါးတစ်ကောင်ဖြစ်နေခဲ့ပြီလား.. အဲဒီ့လေးထောင့်စပ်စပ် မှန်ပုံးထဲက ၊ အဲဒီ့ အတုအယောင်တွေပိန်းပိတ်နေတဲ့ မှော်တောထဲက.. အဲဒီ့ ကိုယ့်ဖြစ်တည်မှုကိုယ် ပျောက်ရှနေတဲ့ နေ့ရက်တွေထဲက.. ခုန်ထွက်ပစ်လိုက်ရအောင်လား...။ ခုန်ထွက်ကြည့်ချင်ကြမလား..၊ ခုန်ထွက်ကြည့်လိုက်မိရင်ရော.... ဒီလိုဆိုတော့လည်း..ကြောင်တစ်ကောင်ရဲ့ အစာဖြစ်သွားပါစေ..ငါးဟာ ငါးပီသလာမယ်..။ ငါးဟာ...ငါးပီသလာတယ်...။ အဲသလိုမျိုး... ငါးတွေဟာ ငါးလားမြောက်မှုတစ်ခုကို... အသက်(သို့) အရာရာစွန့်ပြီး...အရယူချင်နေကြသတဲ့..။ အဲဒီ့နေ့က.. "အိမ်ငါး" ဆိုတဲ့ ကဗျာတစ်ပုဒ်ရေးခဲ့မိ ထင်ပါရဲ့...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ်ငါး..




အိမ်မက်တစ်ခုခုလိုမျိုး.. .ပြာညှိုးညှိုးလေး..လင်းရီနေခဲ့တာ...

ကျောက်ဆိုင်ကျောက်ခက်ဆက်တင်ကလည်းအတု..
ရေမှော်..ရေညှိ..စိမ်းမြမြကလည်းအတု
မှုန်မှုန်ညှင်းညှင်းအလင်းပြေပြေလေးကလည်း...အတု...
အစာအဟာရအတု....
အောက်ဆီဂျင်ကအတုနဲ့...
ရေသူမ..အတုကို..ပွတ်လျော..နမ်းမွှေး...

ဟော..ဒီ့လို...
ဘ၀သေးသေးလေးထဲမှာ....အလူးလူး...အပြေးပြေး...
လှုပ်ရှားသက် ၀င်နေရသမျှ...
ဘယ်လာ...ငါး..အရာမြောက်ပါတော့မလဲ...

ငါးက..ငါးတို့ရဲ့..ဘာသာဘာဝအတိုင်း...
အညှီနဲ့ချွဲချွဲ..ပြောင်ချော..ညစ်ပတ်နေချင်တာ...

ငါးက...
တ၀ုန်း..၀ုန်း...
တစိမ်း..စိမ်း
နက်ရှိုင်းခမ်းနားလွန်းနေတဲ့..
ပင်လယ်ရဲ့..ဥပဓိကို..စာဖွဲ့နေချင်တာ

ငါးက..
သူ့စိတ်ကူး..ရေစီးတွေအတိုင်း..
အဆုံးအစမရှိရွက်လွင့်..ပစ်...ချင်တာ..

ငါးက....
မျှားချိတ်မှာတပ်ထားတဲ့..အစာမှန်းသိသိ..
မိမိရရ..ခုန်ဟတ်ရယူပြီး...
လက်တစ်လုံးခြား...ငါးပါးဝချင်တာ...

ငါးက..သူ့ကိုယ်ပိုင်အမိုး..အကာလေးထဲမှာ..
မိန့်မိန့်မူးမူး...မင်းမူနေချင်တာ

ငါးက..
ငါးရိုးရာ..ပွဲတော်ကြီးတွေကို
ငါး..ဂီတ..ငါး..ဗီဇတွေအတိုင်း
အချိန်ခါ..သင့်ကျင်းပချင်သေးတာ

ငါးက..
သူ့အိပ်မက်တွေအတိုင်း..ရဲဝံ့မာကျော..ပြီး
သူ့ကကြိုးတွေ..အတိုင်း..နူးညံ့..ပျော့ပျောင်းမယ့်
သူ့..မျိုးဆက်ကို..ရေးချယ်ချင်သေးသတဲ့..

ငါးကလေ....
ငါးလားမြောက်ဖို့အတွက်သာဆို...
ကြောင်တစ်ကောင်ရဲ့..အစာပဲဖြစ်ဖြစ်...
သူ့ကိုယ်သူ..ချကျွေးပစ်ဖို့..၀န်မလေးဘူးတဲ့..၊

ငါး..က...
ငါး..က..
အ..တု..တွေ.ကို..မ..လို..ချင်..တော့..ဘူး..လေ..။ ။

အိန္ဒြာ

(ဟင်္သာတမြို့နယ်ထုတ်..အောင်တော်သံမဂ္ဂဇင်း..နှင့် ၂၀၀၆ ခုနှစ် ဇူလိုင်လထုတ်ရုပ်ရှင်အမြုတေမဂ္ဂဇင်းတို့တွင်
ပှုံနှိပ်ဖေါ်ပြခဲ့ပြီး(အဲဒီ့မှာတော့နောက်ဆုံးစာကြောင်းအဖြုတ်ခံခဲ့ရပါတယ်..းP).
၂၀၀၆ခုနှစ်ဧပြီလ..၁ရက်နေ့တွင်ပြင်သစ်သံရုံးတွင်ပြုလုပ်ခဲ့သော..ကဗျာနေ့အခမ်းအနားတွင်..ရွတ်ဆိုခဲ့ပါတယ်။)

August 19, 2009

ငါး..

ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ

ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ

ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ငါးမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ

အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ

ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ

ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင် ကိုရရှိမှာ

မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။


မြင့်မိုးအောင်