October 10, 2009

သေနေတဲ့ နာရီ


+++++++++++++++++++++
တကယ်ဆို ဒီပန်းချီကားကို သူအဆုံးသတ်သင့်နေပြီ..။

ပိတ်လှောင်နေတဲ့ အခန်းကျဥ်းထဲမှာ
သူက သေနေတဲ့ နာရီပုံတူကို ဆွဲနေတာ..ဘယ်လောက်ကြာပြီလဲ..

အပြင်ကိုသူ ချောင်းကြည့်လိုက်မိပြန်တယ်.. ကြယ်အကြွေတွေ ပြည့်သိပ်နေတဲ့ လမ်းမက အမှောင်ထဲမှာပုံသဏ္ဍန်မပျက်လဲလျောင်းအိပ်စက်နေတုန်း..။
လရောင်ဝါးဝါးမှာ...အရိပ်တွေ တစ္ဆေလို ရှိနေကြတုန်းလား...

တိမ်တွေဟာဓူဝံကြယ်ကိုတော့ဖုံးအုပ်မပစ်နိုင်ဘူးသေချာတယ်လို့
တွေးမိပြန်တော့..သူအသက်ရူလို့ကောင်းလာသလိုပဲ..။

ချက်ချင်းဆိုသလို သူ ကဗျာတစ်ပုဒ်ပုဒ်ဆာလာတယ်..

နောက် ချစ်ခြင်းမေတ္တာနည်းနည်းနဲ့..အနွေးဓါတ်တစ်ခုဆာလာတယ်...

နောက်..ကြည်လင်နေတဲ့ အလင်းပျောက်တစ်ပေါက်လောက်....

နောက်...အနံ့တွေမပါတဲ့ လေသန့်စစ်စစ်..လေပြည်တစ်ဝှေ့လောက်...
ဟုတ်တယ်..သူတကယ်ကိုဆာလောင်နေခဲ့ပြီ... ဆာလောင်ခြင်းဟာစေ့စေ့စပ်စပ်ကြည့်လေ...နာကျည်းဝမ်းနည်းဖွယ်ရာကောင်းလေပါပဲ.. ဆာလောင်ခြင်းဟာ..စိတ်တွေကို တဆတ်ဆတ်ထိုးဆိတ်နေတဲ့ ငှက်ဆိုးတစ်ကောင်ရဲ့နှုတ်သီးပဲ ဆာလောင်ခြင်းဟာ..သွေးတွေကိုတပွက်ပွက်ပူခြစ်လာစေနိုင်တဲ့ မောင်းနှင်အားပဲ... သူ့အရိုးထဲ ခိုက်ခိုက်တုန်မတတ် အလွမ်းတွေ ကျဉ်စက်တက်လာတဲ့အခါ..
သူဟာ..ပန်းချီကားရှိရာကို ဆာဆာလောင်လောင်ကြီးမျက်နှာမူမိလိုက်တယ်

သေနေတဲ့ နာရီပေါ့..အဲဒီ့ပန်းချီကား..ဟာ။။

+++++++++++++++++++++


သူ့ဆံပင်တွေဟာ..ခါးသက်စရာကောင်းလောက်အောင်ရှည်လျားနေခဲ့လောက်ရောက်ပေါ့
ဆံပင်တွေရှည်သလို..နောင်တတွေများရှည်ထွက်လာခဲ့သေးလား.
မဟုတ်ပါဘူး..နောင်တဆိုတာ..အလွမ်းနဲ့ငြိုးသူ့ရန်ဖက်ပဲ...
ဆံပင်တွေရှည်သလို...အလွမ်းတွေထိုးထိုးထောင်ထောင်ရှည်လာတာ...
အိုးးးးးးးး
ဟိုးးးးးဝေးဝေးက ရထားဥသြဆွဲလိုက်သံလား....
ရထားဘီးတွေ..ခရီးတွေကို စီးပြီး တ၀ှီးဝှီးလည်ပတ်နေကြလား...
ရထားခေါင်းတွဲက အခိုးအငွေ့တွေ...လေထဲမှာ..တိမ်မျှင်တွေလို တန်းနေမှာလား...
ရထားဟာ..အရှိန်နည်းနည်းလျှော့လိုက်ပြီလား...
ရထားပြတင်းမှာ...လက်ပြနေသူတွေရှိသလား.......
ရထားဟာ..ဘူတာဆီကို နီးကပ်လာပြီလား...
ဘူတာမှာ မျှော်လင့်ခြင်းတွေကိုအစွမ်းကုန်တပ်ဆင်ထားတဲ့မျက်ဝန်းတွေ...စောင့်ဆိုင်းနေပြီလား..
ရထားဟာ..ဘူတာလေးကိုကျော်သွားပြန်ပြီလား..။
ရထားဘီးအကြိတ်မှာ...တသိမ့်သိမ့်တုန်ခါနေတဲ့ သံလမ်းတွေရဲ့ညည်းညူသံဟာ..
သိပ်ကို အဓိပ္ပါယ်ပြည့်ဝတဲ့ပေးဆပ်နာကျင်ခြင်းတေးသွား..ပဲ
သူ့အရိုးထဲ ခိုက်ခိုက်တုန်မတတ် အလွမ်းတွေ ကျဉ်စက်လာပြန်ပြီ..။

++++++++++++++++++++++++++

အဲဒီ့ ပန်းချီကားဟာ..သေနေတဲ့ နာရီပဲ...

ပန်းချီကားရဲ့နောက်ခံကို သူက အနက်ရောင်ကိုရွေးချယ်ခဲ့တယ်...

ဟုတ်တယ်....အနက်ရောင်.. ပိန်းပိတ်နေတဲ့ အနက်စစ်စစ်အရောင်ပါ..။ အဲသလိုပိန်းပိတ်ခြင်းအနက်ရောင်ထဲမှာ..နာခံရိုကျိုးခြင်းတွေပါနေတယ်..။
နောက်..အနိဌာရုံများစွာကို သပ်သပ်ချေချေ အနှစ်ချုပ်ပြထားလိုက်ခြင်းတွေပါနေတယ်..။

အို...ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းတွေနဲ့..နက်ရှိုင်းတည်ငြိမ်နေတဲ့ ၀ိḩာဉ်တွေပါ ပါဝင်နေတာပါ..။
သြဇာအာဏာနဲ့ စွမ်းရည်သတ္တိ တွေ သိပ်သည်းမှောင်မိုက်နေစေဖို့ သူအနက်ရောင်ကို ၀ံ့ဝံ့စားစားရွေးချယ်ပစ်ခဲ့တာနေမှာပေါ့ စွမ်းရည်သတ္တိ..စွမ်းရည်သတ္တိ..
အဲသလို တဖွဖွ..ရေရွတ်လိုက်မိတာနဲ့
သူ့အကြည့်တွေက အပြာရောင်ကြယ်တွေဆီရောက်ကိုရောက်သွားပြီ

သစ္စာခံယူခြင်းသင်္ကေတတွေနဲ့ အပြာတွေက ပြာနေကြတာပါ..။
အဲဒီ့မှာ သတ္တ၀ါတွေကောင်းကျိုးသယ်ပိုးစိတ်တွေတစိမ့်စိမ့်ဖြာထွက်နေခဲ့တာ.

ကောင်းကင်ကြီးကို ကိုယ်စားပြုထားတဲ့ အပြာကို သမုဒ္ဒရာကြီးကိုကိုယ်စားပြုထားတဲ့ အပြာကို
သူ့ပန်းချီကားထဲက ကြယ်တွေ ကြယ်ကြွေတွေ ရဲ့အရောင်အဖြစ်ရဲရဲဝံ့ဝံ့ရွေးချယ် ပစ်ခဲ့တယ်..။ အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်.. အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်... သူဒီလိုခပ်ဖြည်းဖြည်းရေရွတ်လိုက်မိတယ်....။
နောက် ခပ်မြန်မြန်ကြီး..တရစပ် ရေရွတ်နေမိတယ်...
အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်...အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်...
ဒါပေမယ့် ဒီနေ့လည်း..ပန်းချီကားကို..အဆုံးမသတ်နိုင်ပြန်ပါဘူး..။

++++++++++++++++++++++++++


သူအနီရောင်ဆေးကိုစိတ်တိုင်းကျစပ်ဖျော်နေမိတယ်...
တဖြည်းဖြည်းအနီရောင်တွေဟာ..သူ့နှလုံးသွေးစက်တွေလိုပဲ..
ရုတ်တရက်မယုံနိုင်လောက်အောင်ကြေကွဲခြောက်ချားလာတယ်..
အနီရောင်..အနီရောင်တွေ..
အနီရောင်တွေဟာ..ဆန့်ကျင်ဘက်ကို အလဲထိုးအောင်နိုင်ခြင်းတဲ့.
.အနီရောင်ဟာ..မျှော်လင့်ချက်ရောင်ခြည်ရဲ့ အငွေ့အသက်တွေတဲ့..
အနီရောင်ဟာ..ပြင်းထန်တဲ့ စိတ်လှုပ်ရှားထိခိုက်မှုကို အပေးနိုင်ဆုံး ချစ်ခြင်းတရားတွေတဲ့..
သူများထက်ချစ်တတ်သူတွေဟာ..အနုပညာသမားတွေဖြစ်ကြတယ်..
အနုပညာသမားဆိုတာ.သူများထက်ချစ်တတ်တယ်...
အနုပညာသမားဆိုတာ..အရာရာကိုချစ်တတ်တယ်..
အနုပညာသမားဆိုတာ..အရာရာကိုချစ်တတ်ခြင်း.စိတ်ဝိဥာဉ်အတွက် သူတို့နှလုံးအိမ်တွေကို အမြဲတမ်း.ရှုင်းလင်းသန့်စင်ထားခဲ့ကြသူတွေဖြစ်တယ်..
သူဟာ..ကျွန်တော်ဟာ..သိပ်ချစ်တတ်တဲ့ အနုပညာသမားတစ်ယောက်ပါ..
ကျွန်တော့ချစ်ခြင်းတရားတွေထဲမှာ အမှန်တရားက နံပါတ်စဉ် တစ် မှာပါခဲ့တယ်..
အမှန်တရားကို ချစ်ခင်ခြင်းဟာ..အမှားတွေကို ထိပ်တိုက်ရင်ဆိုင်ခြင်းစိန်ခေါ်ပွဲတစ်ခုပေါ့..
စိတ်ချ..ကျွန်တော့်ခရီးက အမှန်တရားနဲ့စခဲ့လို့ အမှန်တရားနဲ့ အဆုံးသတ်မှာပါ...
မင်းသိပ်ခေါင်းမာတဲ့ ကောင်ပဲကွာလို့..ဖေဖေကမချိတင်ကဲ..မြည်တမ်း..ကြေကွဲသွားသေးလား..
ချစ်သူ့ရဲ့ နာကျည်းအံကြိတ်သံတွေ ပဲ့တင်ရိုက်ခတ်နေပြီလား...
ချစ်သူဟာ..ဘယ်သူ့ရာသီမှာ..လှလှပပပွင့်ပြနေရတဲ့..ပန်းလေးတစ်ပွင့်ဖြစ်နေခဲ့ပြီလဲ...
အမေ....အမေ...လို့ သူ့တမ်းတသံတွေကို...နောက် သူရဲ့ ငိုကြွေးခြင်းကို သူက သူ့မျက်ရည်တွေနဲ့မပေါ့ပျက်စေလိုဘူး....
နာရီတွေ...နာရီတွေ..နာတာရှည်အဖျားသွေးနဲ့..ကယောင်ကတမ်း..ညည်းညူကိုက်ခဲနေတဲ့ နာရီတွေ..
နောက်....သေဆုံးသွားကြပြီဖြစ်တဲ့ နာရီတွေ....
အိုးးးး
သွားစမ်းးကွားးးးးးးဒီအနီရောင်တွေ..
သူအနီရောင်ဆေးတွေကို ကြမ်းပြင်ပေါ်သွန်မှောက်ကျဲပက်ပစ်လိုက်တယ်...။

++++++++++++++++++++++++++


သူဟာတကယ့်ကို အလွမ်းတွေနဲ့ခိုက်ခိုက်တုန်နေခဲ့ပါပြီ... ဘာ..မှာမမြင်နိုင်တဲ့အရပ်ကိုမျှော်ကြည့်နေခြင်းဟာ..အရာရာပဲ..
ဘာ..မှ မရှိတဲ့ ရှုမျှော်ခင်းတွေဟာ..အရာရာပဲ...
အဲဒီ့အရာရာတွေကို စုစည်းထုတ်ပိုးပြီး..
.သူဒီပန်းချီချပ်ကို အဆုံးသတ်ရပါလိမ့်မယ်...
ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဖြစ်ခဲ့ ပျက်ခဲ့ သမျှ အခင်းအကျင်းတွေကို.ရောစပ်ပြီး.
သူက သမမျှတအောင်..အရောင်ချယ်ကြည့်ရပါလိမ့်မယ်..

ဒီ့ထက်စိတ်ပျက်ညစ်ညူးဖွယ်ရာမရှိတော့တဲ့ ဆက်တင်ကို..သူက စုတ်ချက်ခပ်ကြမ်းကြမ်းနဲ့ သရုပ်ဖေါ်ကြည့်ရပါဦးမယ်..

ဒီပန်းချီကားချပ်ရဲ့ကောင်းကင်ကို သွေးခြည်နည်းနည်းဥပေးပြီး.. ဒီပန်းချီကားချပ်ရဲ့..ထောင့်စွန်းမှာ..ဆာလောင်ခြင်းသစ်ပင်ကို
ခရမ်းရောင်တွေနဲ့စိုက်ပျိုးရပါလိမ့်မယ်..

လေထုထဲမှာ..အလွမ်းတွေ ထူထူသိပ်သိပ်ဝဲဝေ့နေတာကို...
သူက ဒီပန်းချီတစ်ချပ်နဲ့တင်.. သရုပ်ပေါ်ပီပြင်အောင် နက်နက်ရှိုင်းရှိုင်း ရေးဆွဲရပါလိမ့်မယ်...

သူက သူ့ဆုံးရှုံးခြင်းတွေရဲ့ တန်ရာတန်ကြေး နီးပါးအတိုင်း ဒီပန်းချီကားကို ရင့်ရင့်ရိုင်းရိုင်း ရေးဆွဲရပါလိမ့်မယ်...
ဒီပန်းချီကားထဲမှာ..သူ့ရဲ့သေနေတဲ့ နာရီကို အဓိက အသားပေးပြီး..စူးစူးရှရှရေးဆွဲရပါလိမ့်မယ်.. ဒီပန်းချီကားချပ်ထဲမှာ..လှောင်ပိတ်မွန်းကြပ်နေတဲ့ အခန်းအိုအိုတစ်ခုရဲ့ ရနံ့ကို စနစ်တကျဆေးဖျော်စပ်ပြီးကြေကြေကွဲကွဲ ရေးဆွဲရပါလိမ့်မယ်.. အစိမ်းရောင်ဆေးဖျော်ခွက်ကို အဝေးဆုံးမှာရွှေ့ထားပြီး ဒီပန်းချီကားကို သူက နာနာကျည်းကျည်း ရေးဆွဲရပါလိမ့်မယ်..
နောက် အနာတရအမျိုးမျိုးနဲ့ ပုံသဏ္ဍန်ပျက်ယွင်းစပြုနေတဲ့ သူ့နှလုံးသား ပုံတူတစ်ခု
နောက်..ဘယ်တော့မှ..မကျက်နိုင်လောက်အောင်..လှိုက်စားကိုက်ခဲနေခဲ့တဲ့...
စိတ်ဒဏ်ရာတွေ..
အားလုံးကို အနုစိပ်သရုပ်ပါအောင် သူဆွဲပြရပါလိမ့်မယ်....
ဟုတ်တယ်...
သူဆွဲရမယ်.....
သူက..ဒီပန်းချီကားကို..ရေးဆွဲပိုင်ခွင့်တစ်ခုထဲ မိမိရရပိုင်ဆိုင်ထာခဲ့သူ..

သူက ဒီပန်းချီကားချပ်ထဲက သက်ငြိမ် သရုပ်ဆောင်
လက်စသတ်ရမယ်...။
သူ ပဲ လက်စသတ်ရလိမ့်မပေါ့...ဒီပန်းချီကားကို.....

ဒါပေမယ့် ဒီနေ့လည်း..ပန်းချီကားကို..အဆုံးမသတ်နိုင်ပြန်ပါဘူး..။

++++++++++++++++++++++++++


မျှော်လင့်ချက်ဆို တာ ဘယ်တော့မှမညှိုးတတ်တဲ့ ပန်းတွေပါ...
ကောင်းကင်မှာ..ကြယ်တွေ မရေတွက်နိုင်အောင်.တလက်လက်လင်းပနေဆဲပါ..
ခုတိုက်ခတ်နေတဲ့ လေပြည်မှာ ကြယ်နံ့တွေ..တောင်ပါလာသလိုလို...
ယုံကြည်ချက်ဆိုတာ..နေရောင်မှာ တစ်ဖျတ်ဖျတ်လက်ဖြာနေတဲ့ ဓါးသွားတစ်လက်.
သစ္စာတရားဟာ..သိပ်ကြောက်စရာကောင်းလောက်အောင် ထက်မြက်စူးရှတဲ့ လက်နက်..။
သေချာတယ်..။
.သူ့သွေးတွေ..တဖြည်းဖြည်း နွေးမြလာပြန်တယ်...
အမှောင်တွေဟာ..အလင်းရောင်ကို အကြားအလပ်မရှိ လက်နက်ချစွန့်ခွာသွားကြသလိုမျိုး...ရောင်နီဟာ..လှလှပပကို..ဖြာလင်းလာဦးမှာပါ...လေ
အမှန်တွေဟာ..ရဲရင့်တဲ့ စစ်သူကြီးတစ်ယောက်ရဲ့အားမန်တက်ကြွမှုတွေနဲ့..
အမှားတွေရဲ့ကမ်းသိမ်းတိုက်ပွဲကို ဆင်နွှဲလိမ်းဦးမှာပါ..လေ
သူ့ခွန်အား.အချိန်.ဇွဲသတ္တိ ချစ်ခြင်းတရား..ḩာဏ်ပညာ..ယုံကြည် မျှော်လင့်ချက်နဲ့ အရာရာ...
သူပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးတွေ မနည်းပဲ...။ နည်းမှမနည်းပဲ ။
ဟုတ်တယ်....အမှန်တရားနင်းထားတဲ့အရပ်ဟာ..အောင်မြေ..
သူ့သွေးတွေ..တဖြည်းဖြည်း နွေးမြလာပြန်တယ်...
သေနေတဲ့ နာရီ ပန်းချီကားကို...သူ......အဆုံးသတ်ရမယ့်နေ့....
တစ်နေ့..နေ့......
အလို..
ခုတိုက်ခတ်နေတဲ့ လေပြည်မှာ ကြယ်နံ့တွေ..တောင်ပါလာသလိုပါလား.
.သူ့သွေးတွေ..တဖြည်းဖြည်း နွေးမြလာပြန်တယ်...

++++++++++++++++++++++++++


အင်းးးး
............................................. .......................

ဟိုးးးးးဝေးဝေးက ရထားဥသြဆွဲလိုက်သံလား....

ရထားဘီးတွေ..ခရီးတွေကို စီးပြီး တ၀ှီးဝှီးလည်ပတ်နေကြလား...
ရထားခေါင်းတွဲက အခိုးအငွေ့တွေ...လေထဲမှာ..တိမ်မျှင်တွေလို တန်းနေမှာလား...
ရထားဟာ..အရှိန်နည်းနည်းလျှော့လိုက်ပြီလား...
ရထားပြတင်းမှာ...လက်ပြနေသူတွေရှိသလား.......

ရထားဟာ..ဘူတာဆီကို နီးကပ်လာပြီလား...


ဆာလောင်ခြင်းဟာ..သွေးတွေကိုတပွက်ပွက်ပူခြစ်လာစေနိုင်တဲ့ မောင်းနှင်အားပဲ...


ဟုတ်တယ်...
သေနေတဲ့ နာရီပေါ့..အဲဒီ့ပန်းချီကား..ဟာ

ဒါပေမယ့် ....ဒီနေ့လည်း..ဒီပန်းချီကားကို..အဆုံးမသတ်နိုင်သေးပါဘူး..

ဒါပေမယ့်.. အမှန်တရား..နင်းထားတဲ့ အရပ်ဟာ...အောင်မြေ..ပါ။

++++++++++++++++++++++++++


အိန္ဒြာ

(၅.၁၀.၂၀၀၉)

October 3, 2009

လွမ်းတိုင်းဆိုဖြစ်တဲ့...သီချင်း

လင်းပတဲ့ လပြည့်ဝန်းက မေ့မေ့ခေါင်မိုးပေါ်မှာ မွန်းတည့်လုနီးနီးရှိနေမယ်....
ဖယောင်းတိုင်လေးတွေ တစ်တိုင်ချင်းထွန်းညှိနေတဲ့ မေမေက..မျက်ရည်တွေဝဲနေလိမ့်မလား..
အလင်းရိပ်ဖျော့ဖျော့မှာ.မေ့မေ့ပါးပြင်ကပါးကွက်ကလေးက..၀ါဝင်းနုညက်နေမှာပါ..၊
မေမေ..သမီးတစ်ချက်လောက် နမ်းမွှေးချင်လိုက်တာ..။
မေမေ့တစ်ကိုယ်ရည်ပန်းခင်းလေးထဲမှာ.ခရမ်းနုရောင်နှင်းဆီတွေရော..ဖူးပွင့်နေရောပေါ့..
မေမေပေးခဲ့တဲ့ အသက်ဓါတ်ကလေးက..သူ့နှင်းဆီဆူးတွေသူချွန်သလို့..
မေမေ့ကလေးမလေးက...အခု အထီးကျန်ဆန်တဲ့..လူလတ်အရွယ်မိန်းမတစ်ယောက်အဖြစ် တိတ်ဆိတ်တဲ့အခန်းကျဉ်းလေးထဲမှာ..
မေမေ့ကို လွမ်းတဲ့ အလွမ်းတွေ အတွက်..တေးတစ်ပုဒ်ညည်းညူနေတယ်..မေမေ...။

Mamma
You gave life to me
Turned a baby into a lady

Mamma
All you had to offer
Was the promise of a lifetime of love

Now I know
There is no other
Love like a mother's love for her child

သမီးရဲ့ ဆံနွယ်တွေကလည်း မေ့မေ့ကိုလွမ်းနေလိုက်ကြတာ ...
ဒီလိုလပြည့်ညတွေတိုင်း..မေမေ့ခြေဖမိုးရင်းမှာ..ခေါင်းအပ်ပြီး အညွှတ်နူးဆုံးကန်တော့နေတဲ့ သမီးကို..ဆံနွယ်တွေကိုပွတ်သပ်ပြီး
မပျက်မကွက် မျက်ရည်ကျနေလေ့ရှိတဲ့ မေမေ...၊
မတိုင်ပင်ပဲ..ဟိုး အတိတ်တွေကိုပြန်ရောက်လို့.....
ဘ၀ရဲ့လောကဓံဆိုတာမှန်သမျှ နံပါတ်စဉ်ထိုးပြီး..
သားအမိနှစ်ယောက်ကျောခြင်းကပ်ရင်ဆိုင်ခဲ့ကြရတဲ့ ကာလတွေ...
မေမေ...။ မေမေ..။ မေမေ..။
မေ့မေ့ကို ကြည့်နေရင်းကို မေမေ့ကို လွမ်းဆွတ်နေခဲ့တာ...။
မေမေ...သမီး..ဖြစ်တည်မှုတွေရဲ့..လက်ဆ လက်န သိပ်ကောင်းခဲ့တဲ့ ပန်းပုဆရာ..၊
သမီးရဲ့ ရေခံမြေခံအတွက် အမွန်မြတ်ဆုံးဥယျဉ်သာ...
မေမေ..လမင်းကို တစ်ချက်လောက်မော်ကြည့်လိုက်ပါလား......
သမီးရဲ့မျက်ရည်ရောင်ဝိုးဝင်းနေတဲ့မျက်ဝန်းအစုံကိုမေမေမြင်နိုင်မလား...
အခုမေမေ့ကို စိတ်ညွှတ်ပြီး ကန်တော့နေတဲ့ သမီးဆံနွယ်တွေကို မေမေ ပွတ်သပ်ပေးပါဦးမေမေ...
မေ့မေ့လက်ဖ၀ါးအထိဖွဖွကလေး...ဟာ...
အေးစက်ထုံထိုင်းနေတဲ့..သမီး..ဘ၀ခုလတ်ထဲ...
နွေးနွေးမြမြ စီး..၀င်...ပေါင်းစည်း လာမယ့်...
အသန်မာဆုံးနဲ့ တစ်ခုတည်းသော စွမ်းအင်တစ်ခုပါ..မေမေရယ်...
And I know
A love so complete
Someday must leave
Must say goodbye

Goodbye's the saddest word I'll ever hear
Goodbye's the last time I will hold you near
Someday you'll say that word and I will cry
It'll break my heart to hear you say goodbye
မေမေ..သမီးသွားတော့မယ်..။
ခေါင်းကိုတစ်ချက်မော့ပစ်လိုက်ပြီး...အေးလို့ ခြောက်ခြောက်ကပ်ကပ်ကြီးပြောလိုက်တဲ့ မေမေ..။
သမီး..ကို မေမေယုံကြည်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျန်းမာရေးဂရုစိုက်ဖို့ပဲ...မှာချင်တယ်လို့ အသံမတုန်အောင်ကြိုးစားပမ်းစားထိမ်းချုပ်ပြောနေတဲ့မေမေ...
မေမေ..အဲလိုနှုတ်ဆက်လိုက်ရတဲ့..ခဏတာခွဲခွာမှုလေးမှာတောင်..သမီး..နှလုံးသားကချုံးချုံးကျသွားခဲ့ရတာ..
Mamma
You gave love to me
Turned a young one into a woman
Mamma
All I ever needed
Was a guarantee of you loving me
'Cause I know
There is no other
Love like a mother's love for her child
မေမေပေးခဲ့တဲ့..အသက်ခန္ဓာ ḩာဏ်ပညာ..အိုမေမေပေးအပ်ခဲ့တဲ့ အရာရာမှာ..
သမီးအတွက်အလေးလံဆုံးက နှလုံးသားအစုံပေါ့ မေမေ
မေမေပေးခဲ့တဲ့ အာရုံငါးပါးနဲ့ မြင်သိကြားနာစိတ်တွေမှာ ခံစားကြေကွဲတတ်မှုတွေက အလျှံငြီးတတ်လွန်းခဲ့ပေါ့...။
မေမေအသွေးအသား..မေမေ့သတ္တိနဲ့..မေမေ့ခွန်အားတွေနဲ့ မေမေညှိပေးခဲ့တဲ့ အလင်းလေးတစ်စဟာ..
သူ့လောင်ကျွမ်းမှုတွေနဲ့သူ..လင်းဝါလှပလို့
သူ့လောင်ကျွမ်းမှုတွေနဲ့သူ..ပူလောင်ပြင်းပျလို့.....
And it hurts so
That something so strong
Someday will be gone, must say goodbye
Goodbye's the saddest word I'll ever hear
Goodbye's the last time I will hold you near
Someday you'll say that word and I will cry
It'll break my heart to hear you say goodbye

"မေမေ..."
သမီးသွားတော့မယ်..နှုတ်ဆက်ရမယ့် အချိန်....
"သမီး.."
မေမေသွားတော့မယ်..နှုတ်ဆက်ရမယ့်အချိန်...
ဒီဘ၀..
တစ်နေ့နေ့............

ဟင့်အင်း...
အဲဒီ့ခဏလေး..
အခုခဏလေး...အတွက်တောင်....
သမီးနှလုံးသား..က ချုံးချုံးကျနေခဲ့ရတာ....

But the love you gave me will always live
You'll always be there every time I fall
You are to me the greatest love of all
You take my weakness and you make me strong
And I will always love you 'til forever comes


And when you need me
I'll be there for you always
I'll be there your whole life through
I'll be there this I promise you, Mamma
မလွဲမသွေ ဆိုတာမျိုးတွေကို..မတွေးဘူး..
ဘယ်တော့မှ........
ဟုတ်တယ်...ဘယ်တော့မှ သမီးမတွေးဘူးးးးး...မေမေ....
ဘယ်လိုမှ ဆုံးရှုံးလို့မဖြစ်တဲ့..သမီး.အသက်ဓါတ်တည်ရာမှီရာလို...
မေမေ... မေမေ...လို့ ခပ်စိပ်စိပ် တတွတ်တွတ် ရေရွတ်နေရုံကတင်...
သမီးဆီ..မမြင်နိုင်တဲ့ ခွန်အားတွေ..၊ သတ္တိတွေ...၊ အလိုလိုစီးဝင်လို့
သမီးဆီ..ချိုမြနေတဲ့ ချစ်ခြင်းတရားတွေ နူးညံ့မွှေးရီလို့ ၊
ဒီ့ထက်ခမ်းနားလေးနက်စရာမရှိတဲ့..အလေးမြတ်ဆုံးမေတ္တာပုံတူပန်းချီ..တစ်ချပ်..
မေမေ..
သမီးနှလုံးသားထဲ...မှာ ပဲ့တင်ရိုက်နေတဲ့ သီချင်းတစ်ပုဒ်...သမီး ဖွဖွသိပ်သိပ်..ညည်းညူနေတယ်လေ..

Mamma, I'll be
I'll be your beacon through the darkest nights
I'll be the wings that guide your broken flight
I'll be your shelter through the raging storm
And I will love you 'till forever comes
Goodbye's the saddest word I'll ever hear
Goodbye's the last time I will hold you near
Someday you'll say that word and I will cry
It'll break my heart to hear you say goodbye

'Till we meet again...
Until then...
Goodbye
မေမေပေးခဲ့တဲ့ ရုပ်နာမ်နဲ့ ဇက်ကုန်စိုင်းနေတဲ့ မြင်းရိုင်းတစ်ကောင်ပေါ့ မေမေ...
သမီးကိုမှန်းပြီး..ပို့သနေမယ့် မေမေ့ နေ့နေ့ညည မေတ္တာဓါတ်တွေနဲ့ တနဲ့နဲ့ခရီးဆက်နေတဲ့..ခရီးသည်တစ်ယောက်ပေါ့..မေမေ
"အဲဒီ့သမီးက မေမေ့ညနက်တွေထဲမှာ မီးပြတိုက်လို လင်းလက်နေပါရစေ.."
"အဲဒီ့သမီးက မေမေ့ပျံသန်းခြင်းတိုင်းရဲ့အတောင်ပံတစ်စုံဖြစ်ပါရစေ.."
"အဲဒီ့သမီးက.မေမေ့မုန်တိုင်းတွေရဲ့လေကွယ်အရပ်တစ်ခုလို..မေမေ့ကို အရိပ်လို မိုးပေးခွင့်ရပါစေ...."
"အဲဒီ့သမီးက မေမေ့ သွေးကြောတွေထဲ ခွန်းအားအသွယ်သွယ်အဖြစ်တိုးဝင်ရောစိမ့်ပေးနေပါရစေ..."

Goodbye's the saddest word I'll ever hear
Goodbye's the last time I will hold you near
Someday you'll say that word and I will cry
It'll break my heart to hear you say goodbye

မေမေ...ဟာ..သမီး..ဖြစ်တည်မှုချစ်ခြင်းတရားတွေဆီမှာ..အကြားအလပ်မရှိ..သက်ဝင်လှပလို့...

'Till we meet again... Until then... Goodbye

"မေမေ..."
"မေမေ..ရေ..."

ဒါဟာ...
မေမေက သမီးကို ဘယ်တော့မှမပြောမယ့်စကားလုံး.....တစ်ခု..
သမီးက မေမေ့ကို ဘယ်တော့မှမပြောမယ့်စကားလုံး..တစ်ခု..
ဟုတ်တယ်...


သိပ်မကြာပါဘူး........
သိပ်မကြာတော့ပါဘူးးးးးးးးးးး
သမီး..ပြန်လာခဲ့မှာပေါ့...မေမေ့ဆီ...။ ။

အိန္ဒြာ
သီတင်းကျွတ်လပြည့်နေည။(၃.၁၀.၂၀၀၉)
(မေမေ့ ကိုလွမ်းဆွတ်ခြင်းများနဲ့ရေးပါတယ်..။ )

ဒီပိုစ့်လေးရေးဖြစ်အောင် ညည်းဖြစ်တဲ့သီချင်းတွေခေါင်းစဉ်နဲ့ Tag တဲ့
အကိုဆောင်းယွန်းလကို ကျေးဇူးအထူးတင်ပါတယ်..။

ဆက် Tag ချင်တဲ့သူတွေ
(၁)။အမည်မဲ့
(၂)။မိုးကုတ်သား။
(၃)။မယ်ကိုး

October 2, 2009

လွတ်တဲ့..ငါး


ကြယ်တွေကြွေမှ
ကောင်းကင်ကြီးက တန်ဖိုးကြီးလာ ။

ငါတို့ မက်ခဲ့ကြတာ
အိပ်မက် ကြီးကြီး
ငါတို့ မျှားခဲ့ကြတာ
သမုဒ္ဒရာ ကြီးကြီး
ငါတို့ ကြီးခဲ့ကြတာ
ငရဲ ကြီးကြီး ။

စပျစ်သီးချဉ်မှာလား
လွတ်တဲ့ငါးက
ကမ္ဘာကြီး ။

သုခမိန်လှိုင်


(အကိုတင်မင်းထက် ငါးပြတိုက်ကိုလာရောက်လှူဒါန်းသွားတဲ့ ငါးတစ်ကောင်ပါ..။ အကိုရေ..ကျေးဇူးတင်ပါတယ်..။)

September 30, 2009

ငါးပြတိုက်သို့ ထပ်ပို့မည့် ငါးတကောင် ရဲ့အမည်


ငါ ဆူပွက်လာပြီ

ငါ ဆူပွက်လာပြီ

အေး ကောင်းလိုက်တာ၊ ငါ ဆူပွက်လာပြီ

ငါ့ ..ဆူးတွေပွက်လာပြီ ငါ့ ...ဆူးတွေ ပွင့်လာပြီ

လေထီးဟာ သူ့အသက်ကို မြေမှာဆောင့်ညှစ်ထုတ်ခြင်းမခံရခင် လက်မတင်ကလေး ပွင့်လာသလို

ငါ့ ဆူးတွေ ပွင့်လာပြီ

ငါး ဆူးတွေ ပွင့်လာပြီ ငါးရဲ့ကျောကုန်းက ဆူးတောင်တွေ

ပင်လယ်ရေပြင်မျက်နှာပြင်အောက်ကနေ ဘွားကနဲ

ငါး ဟာ တခဲနက်ပေါ်လာတယ် ဆူးတောင်ကြီးက ငွားစွင့်လို့

ငါး ဟာ ဆူပွက်လာတယ် သွေးဆာလာတယ်

သွေးဟာ ဆာနေတယ်

ဆာနေတဲ့သွေးကို သွေးပဲတိုက်ကျွေးရသတဲ့

သွေးကြွေးဆပ်စရာရှိနေလား

သွေးကို အကြွေးနဲ့ ယူလို့မရဘူးလား

လူနာက နာရီပိုင်းအတွင်းသွေးမရရင် မရှင်နိုင်တော့ဘူး

သွေးမရရင် မရှင်နိုင်တော့ဘူး

ရှင်!….သွေးစိမ်းရှင်ရှင် ဟုတ်လား ကျွန်မလိုက်မကြည့်ပါရစေနဲ့ရှင်

ရှင်တို့ဟာရှင်တို့သာ သေသေရှင်ရှင် တော်သလိုကြည့်လုပ်လိုက်ကြတော့

သေစာရှင်စာလေးမှမတတ်တော့ လက်မှတ်တောင် အရမ်း မထိုးခိုင်းရဲဘူး

သေစာရင်းလက်မှတ်ကို တခါထဲ စောင့်ယူခဲ့

သေတဲ့လူကို လူသေကစောင့်ရမယ်လို့ ..ကဲ..ဒီမှာ..

စောင့်ပြီးသေမယ်လို့မှ မဖြစ်နိုင်တာ သေတာကိုအောင့်ထားလို့ရတာကျနေတာပဲ

အသက်အောင့်ထားပြီး ရေထဲမှာ အကြာကြီးငုပ်နေရင်း ဖြစ်သွားတာ

သူက ငုပ်နေတာကြာပြီ ခုမှ ပေါ်လာတာ

ဘွားကနဲ ငါးဟာ တခဲနက်ပေါ်လာတယ် ဆူးတောင်ကြီး ငွားစွင့်လို့

ငါး ဟာဆူပွက်လာတယ် ငါး ဆူးတွေပွင့်လာပြီ

လေထီးဟာ သူ့အသက်ကို မြေမှာဆောင့်ညှစ်ထုတ်ခြင်းမခံရခင် လက်မတင်ကလေး ပွင့်လာသလို

ငါ့ ဆူးတွေပွင့်လာပြီ၊ ငါ့ ဆူးတွေ ပွက်လာပြီ

ငါ ဆူပွက်လာပြီ၊ အေး ကောင်းလိုက်တာ

ငါ..ဆူပွက်လာပြီ။ ။


ခင်အောင်အေး

၃၀၊ စက်တင်ဘာ၊ ၂၀၀၉ ဘန်ကောက်စံတော်ချိန် ၁၁း၁၈

September 26, 2009

ငါ့မျက်ရည်နဲ့ ကျစ်တဲ့ကြိုး


ဒီဝတ္ထုလေးက မဟော်သဓါမဂ္ဂဇင်းမှာ စာပေစိစစ်ရေး ကပယ်ခဲ့ပြီး..
မဟေသီမဂ္ဂဇင်းမှာမှ ပုံနှိပ်ဖေါ်ပြခွင့်ရခဲ့တဲ့ ၀တ္ထတိုလေးပါ..။
ဘလော့မှာတော့ မတင်တော့ဘူးစဉ်းစားထားပေမယ့် တင်စရာလည်းမရှိ.. ၊ အသစ်လည်းမရေးနိုင်လို့....

+++++++++++++++++++++++++++++++++++++++++++++++++

( ၁ )

တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားကြတဲ့လက်ဖ၀ါးနှစ်ဖက်က တရှိန်ရှိန်အနွေးဓါတ်ဟာ မေတ္တာတွေ ပေါ့မောင်ရဲ့
ကဲ ....ဘယ်လောက်ပဲမှောင်ပစေစမ်း..၊ တို့မေတ္တာနဲ့ အလင်းညှိပြီး အရီးဆက်ကြမယ်..။
အချစ် နာကြင်ရှိုက်ငင်နေတုန်းလား..၊ မလောင်မြိုက်နဲ့တော့ကွယ်..၊ မကြွေကွဲ မနာကျည်းနဲ့တော့ ၊မရွံရှာ မကြောက်ရွံ့နဲ့တော့...။Justify Full
ဇနီးမောင်နှံဆိုတာ... တစ်ယောက်မျက်ရည် တစ်ယောက်သုတ်ကြဖို့...။ တစ်ယောက်အမောကို တစ်ယောက်ချွှေး သိပ်ဖို့...။
တစ်ယောက်ဒါဏ်ရာကို တစ်ယောက် ကုစားဖို့...။ဟုတ်တယ်...၊ အမေပြောသလို တစ်ယောက် အသုဘ ကို တစ်ယောက်ချဖို့ ...၊
ဒီစကားလုံးက နည်းနည်း ရက်စက်ပေမယ့် ဘယ်လောက် နက်နည်း သိပ် သည်းသလဲ..၊ ဘယ်လောက် ကြေကွဲ ဆွတ်ပျံ့ ဖို့ ကောင်းသလဲ......။
မောင် .... ဘ၀ဆိုတာမှာ သတိပေး ဆိုင်းဘုတ်ချိတ်မထားတဲ့.. အန္တရာယ်ကွေ့တွေ အများကြီး ပါလားကွယ်..။
ငါတို့အဖြစ်က ဇာတ်မနာနာအောင် ဖြည့်စွက်အရေးခံလိုက်ရတဲ့ ပြဇာတ်တစ်ပုဒ်လိုပါဘဲ..။
ဘာပဲဖြစ်ဖြစ်....မရဏ ဇာတာခွင်နဲ့ မွေးဖွားလာတဲ့ မိန်းမတစ်ယောက်ရဲ့ ဥပဇာမှာ နင်ဟာချွင်းချက်မရှိတဲ့ ရွှေထီးလေးပဲပေါ့..။

+++++++++++++++++++++++++++++++++++++++++++++++

( ၂ )

မောင်..နင်ဒီတစ်ည နှစ်နှစ်ချိုက်ချိုက် အိပ်ပစ်လိုက်ပါတော့....။
ကိုယ့်ရင်ခွင်မှာ ခေါင်းမှီဖြေလျော့လှည့်..၊ ကိုယ့်ရင်ငွေ့နဲ့...မှေးရီနွေးထွေးလှည့်...။
ကိုယ်က အချစ်စစ်ဆိုတဲ့ ပုံပြင် တစ်ပုဒ်ပြောပြလှည့်မယ်လေ...။
မောင် နင်ဟာ ငါ့ချစ်သူ..၊ ငါ့ခင်ပွန်း..၊ ငါ့မိတ်ဆွေ..၊ငါ့အကြီးအမှူး..၊
အားငယ်ရှက်ရွံ့တတ်ပြီး ကိုယ့်ထက် တစ်နှစ်စွန်းစွန်းငယ်တဲ့ မောင်က မောင်ဘွားမရှိတဲ့ ကိုယ့်အတွက် မောင်ငယ်လေးလည်း ဖြစ်လိုက်သေးရဲ့....။
ကြည့် ဘယ်လောက် နူးညံ့နက်ရှိုင်းတဲ့ ဆက်သွယ်မှုမျိုးလဲ..။
ဒီည ငါ့ဂီတတွေမချိုနိုင်စွမ်းပေမဲ့....၊ ငါ့ညည်းနွဲ့သံနဲ့ နင်အိပ်စက်စမ်းပါ့ကွယ်...။
နင်က ငါ့နှလုံးအိမ်ထဲမှာ နှစ်ရှည်လများ...အမြစ်တွယ်ရှင်သန်လာခဲ့တဲ့ သက်ရင့်ပင်လေးပါ..။
ငါ့ သက်တမ်းရဲ့ ခေါက်ချိုးမပြည့်တစ်ပြည့်ဟာ.... နင့် စိတ်ကူးတွေနဲ့ချည်း ပြည့်နင့်ခဲ့ပါကော...။
မောင်..ပြန်လှည့်ကြည့်ပါဦး......၊ ဆယ်တန်းဆိုတာ ခုအချိန်ကပြန်ကြည့်ရင် အရမ်းငယ်နေသလို ရှိပေမယ့်....၊
အဲဒီ့အချိန်တုန်းကတော့...၊ ငါတို့ဟာသူရဲကောင်းကြီးတွေပေါ့။
ကိုယ်ဟာ အချစ်ဆိုတာတစ်ခုတည်းနဲ့ မောင့်ရဲ့မွန်ရည်သားနားတဲ့ရုပ်ရည်လေးမှာ... ပျော်ဝင်သွားလိုက် တာ....။
ဟင့်အင်း မခွဲနိုင်တော့ဘူး၊ အေးငါရောဘဲ...။ အဲဒီ့လို စိတ်တူကိုယ်တူ ။
မိဘတွေစိတ်ဆိုးလည်းခဏပေါ့ဟာ...။ အဲဒီ့လို ရဲရဲဝံ့ဝံ့။
ငါတို့ သိင်္ဂါရမြစ်ထဲ နှစ်ဦးသဘောတူ ခုန်ချလိုက်ကြတာ....၊ ကူးခတ်ခဲ့ရတဲ့ ၀ဲဂရက်ကတော့.... လွှတ် ရက်စက်ပေါ့..။
အမေတွေဟာ သိပ်တူတာဘဲနော်မောင်...၊ စိတ်ဓါတ်ရော အသွင်အပြင်ပါ မတူတဲ့အပြင် မျက်နှာကြောပါ နည်းနည်း မတည့်ချင်တဲ့ မောင့်အမေနဲ့ ကိုယ့် အမေဟာ
ပညာတွေ တစ်ပိုင်းတစ်စနဲ့ဆိုတဲ့ မှတ်ချက်တစ်ခုနဲ့ ငါတို့အတွက် အတူတကွ မျက်ရည်ကျ ခဲ့ကြသတဲ့။
ကိုယ်တို့နှစ်ယောက်ကို လိုက်ရှာ..၊ အကျဉ်းရုံးလေးမင်္ဂလာဆောင်ပေးပြီး ၊
အိမ်လေး တစ်လုံးခြစ်ချုပ် ငှားပေးတာဟာ ကိုယ်တို့နှစ်ယောက်အတွက် အကြီးမားဆုံးမိဘမေတ္တာပါပဲ...။
ဟင့်အင်း..........။
အတူရှိနေရတယ်ဆိုတာတစ်ခုတည်းနဲ့ပျော်နိုင်ခဲ့ကြတယ် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++

( ၃ )

ကံ ကံ၏အကျိုးကို မောင်ယုံကြည်နေတာပဲမောင်ရယ်...။
အဲသလိုဆိုလိုက်တော့ အိပ်ယာက အတင်းထူမပြီးဘုရား ၀တ်ပြုခိုင်းရတဲ့ ကိုယ့်ကို မောင်ရယ်မောဦးမှာလား..။
မောင်ပြောသလိုဆို ချစ်မက်စွဲလမ်းရခြင်းဆိုတဲ့ အကုသိုလ်နဲ့ ငါတော့ သံသရာဘယ်လောက် ဆက်ရဦး မယ်မသိပါဘူးကွယ်...။
ဘ၀ဘ၀တွေက ဘယ်နှစ်ကြိမ် ရေစက်ခွက်တွေ အတူကိုင်ခဲ့ကြသလဲ..၊ ငါဟာ မောင့် အတွက်ပဲ ဖြည့်ဆည်း နေ ချင်ခဲ့တယ် ။
မောင်..နင်မေ့နေပြီလား..၊ ထီလှည်းတွန်းတုန်းက မောင်မိုးတွေမိပြီး တိုက်ဖွိုက်ဖြစ်သွား တုန်းကလေ....၊
ငါ အိပ်ယာ ထဲ ဘုန်းဘုန်းလဲတဲ့အထိ မအိပ်နိုင် မစားနိုင် မျက်နှာချင်းအပ်ပြီး စိုးရိမ်ပြုစုပေးခဲ့တာ...။
အေးအတူပူအမျှဆိုတာ.. ဖတ်လို့လှရုံလေး ရေးထားခဲ့တဲ့ စာစုလေးမှ မဟုတ်တာဘဲကွယ်..။
မောင် ဒီအလုပ်ကိုရပြီးတော့ ကိုယ့်ကို အူရားဖါးရား ပြေးပြောခဲ့တုန်းကရယ်...၊ ပထမဆုံးရတဲ့လစာကို ကိုယ့်ကို အကုန်ပေးပြီး ကိုယ့်ဘေးမှာ ကခုန်နေခဲ့တုန်းကရယ်......။
ကိုယ့်တစ်ကိုယ်လုံးကြက်သီးဖျမ်းဖျမ်းထအောင် မြတ်နိုးလိုက်ရတာ....။
မောင် .... ကိုယ်တို့ဟာ နတ်ရေးတဲ့ဖူးစာဖက်ပဲ ၊ သေချာတယ်။
အံမယ်.....ငါလည်းစက်တော်တော်ချုပ်တတ်နေပါပြီနော်....။ဟာ ဒါဆို ငါတို့ဝင်ငွေတွေမနည်းတော့ပါလား...။
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အားပါးတရ ရယ်မောလို့ ။
ပန်းရလူကြမ်း ၀င်လုပ်ခဲ့ရတဲ့နေ့ရက်တွေ၊ တွန်းလှည်းနဲ့ ထီလိုက် ရောင်း ခဲ့ရတဲ့နေ့ရက်တွေ ၊
ဖရဲသီး တွေစိတ် ၊ကြံတွေဆစ်ပြီး ရောင်းခဲ့ရတဲ့နေ့ရက်တွေ ကျန်ရစ်ခဲ့ပြီ သိလား.........။
မောင် ငါတို့မှာ အမောတွေ မရှိနိုင်တော့ဘူး..........။ ကြည်နူးစရာကြီး ပါလား...ကွယ် ။
မိန်းမရေ မောင်တို့ သမီးလေးကိုခေါ်ဖို့ နီးစပ်လာပြီပေါ့နော်တဲ့..။
သမီးလေးဆို မောင့်သမီး ၊သားလေးဆို မ..သား လို့ မောင်က ခုကတည်းက ခွဲခြားနေချင်ခဲ့တာ.....။
အို ငါကတော့ သားသမီးယူနိုင်တဲ့ အင်အားရှိပြီးဆိုရင်-
သားလေးဖြစ်ဖြစ်..
သမီးလေးဖြစ်ဖြစ်
ချစ်မှာပဲ....ကွယ်..။

++++++++++++++++++++++++++++++++++++++++++++++++++++++++
( ၄ )

ဘ၀ ဘ၀ က ဒေါသမောဟတွေကို စုပြီးလိမ်းကျံတားသလိုမျိုး မောင့်သူဌေးမျက်နှာကြီးက
ကြောက်စရာကြီးလို့ ကိုယ်ပြောတော့ မောင်က ကိုယ့်ထိပ်ကိုပုတ်ပြီးရယ်တယ်..။
မောင့်ကိုတော့ အရေးပေးပါတယ်တဲ့ ၊
အဲဒါကိုယ်တို့နှစ်ယောက်အတွက်ငရဲတံခါးဝဆိုတာတို့ဇနီးမောင်နှံနှစ်ဦးစလုံး
နည်းနည်းမှ မတွေးထင်မိခဲ့ကြပါလားကွယ်..။
သိပ်ဒေါသကြီးတာပဲ ၊ ကားတွေ မောင်တို့ကားကို ကျော်သွားရင်ဖြစ်ဖြစ် ၊
လမ်းကြောင်း မှားဝင်လာ ရင်ဖြစ်ဖြစ် တစ်တစ်ခွခွ ဆဲတော့တာပဲကွာ..၊
မောင်တော့ ကားမောင်းတာ သတိကြီးကြီးထားမောင်းနေရတယ်..။
သူက မထင်ရင်မထင်သလို ဆွဲထိုးပစ်တာတဲ့။
အိုး.... ပြန်သာထိုးပစ်ခဲ့ ။
သူရောက်နေတဲ့အဆင့်အတန်းMDဆိုတဲ့ ဂုဏ်ထူးဝိသေသနဲ့များ။
မောင် အဲဒီကတည်း က ဒီလူကြီးရဲ့ အရူးစိတ် ကို တို့ ခန့်မှန်းခဲ့မိဖို့ကောင်းတာနော်..။
ဒါပေမယ့် သိပ်ရက်ရောတာနော် မ... သူ့မန်နေဂျာကို ကားနဲ့ ၊ ဟမ်းဖုန်းပေးထားတာဗျာ...။
အဲဒီ့လိုလေးများ ပေးထားရင်သိပ်ကောင်းမှာပဲလို့ ကိုယ်မိုက်မိုက်မဲမဲ တောင့်တခဲ့ မိသေးရဲ့..။
မောင်သိလား...ဘ၀ဆိုတာသာ ၀တ္ထုစာအုပ်တစ်အုပ်ဆို ဒီစာမျက်နှာတွေကို
ငါ ဆွဲဆုတ်ပြီး မီးတင် ရှို့ပစ်လိုက်မှာ
အဲဒီ့စာရေးဆရာကို ငါ ပက်ပက်စက်စက် ကျိန်ဆဲပစ်လိုက်မှာ.....။
မောင် မန္တလေးကို တစ်ပတ်လောက်လိုက်သွားရမယ်တဲ့လေ။
အပိုကြေးပေးမယ်လို့ပြောတယ်...။
မိန်းမကလည်း ကွာ..၊ ပိုက်ဆံကို ရတုန်းယူထားမှပေါ့..။
မရေ... စက်ကြီးတောက်လျောက်ချုပ်မနေနဲ့နော်...။
နာရီဝက်တစ်ခါလောက် လမ်းထလျောက် ..။ အားဆေး လည်းသောက်ဦး ..။
ညအိပ်ရင် တံခါးတွေ သေချာစစ်ပြီးမှအိပ်၊
မီးပျက်လို့ ဖယောင်းတိုင်ထွန်းရင် ငြှိမ်းဖို့မမေ့နဲ့ဦး...။ ဘုရာမှန်မှန်ရှိခိုးနော်......။
မဆုံးနိုင်တော့တဲ့ မှာတမ်းရှည်ကြီးကို မောင်က အနမ်းနဲ့ အနားသတ်တော့ ၊ ကိုယ် ငိုချင် လိုက်တာမှ ကွယ်.။
ကိုယ့်ဆံနွယ်တွေကို တစ်ချက်ဆွဲမွှပြိး ခပ်လေးလေးထွက်သွားတဲ့ မောင့်ကျောပြင်ကို ငေးပြီး .. ပြေးလိုက် သွား ချင်လိုက်တာ..။
မောင် အဲဒီ့အချိန်ကတည်းက ငါ့ရင်ထဲမှာ လေးလံနင့်နည်းနေခဲ့တာ...။ အဲဒီ့အချိန်ကတည်းက ငါ့စိတ်တွေ ကြပ်တည်းမောဟိုက်နေခဲ့တာ ...။
ဒီလိုတော့ ဘယ်ထင်တတ်ခဲ့မလဲ....။
မောင့်လမ်းခရီး....
ဘုရား..၊ဘုရား....။
မောင် နင်မမှာလည်း ငါ ဘုရားမှန်မှန်ရှိခိုးခဲ့မှာပါကွယ်....။ ။

++++++++++++++++++++++++++++++++++++++++++++++++++++++++
( ၅ )

ဒီအဖြစ်အပျက်သာ လက်ဆောင်တစ်ခုခုဖြစ်ခဲ့ရင် ကိုယ်တံတွေးတောင် လှည့်မထွေးဘူးသိလား..။
ဒီအဖြစ် အပျက် သာ အိမ်မက်တစ်ခုဖြစ်ခဲ့ရင် ကိုယ်အိပ်ယာက ငုတ်တုတ်ထထိုင်
မျက်နှာနာနာသစ်ပြိး တစ်သက်လုံး ပြန်မအိပ်ပဲ နေပစ်လိုက်မှာပဲ..ကွယ်..။
ကံကြမ္မာက ကိုယ်တို့နှစ်ယောက်ကို ပက်ပက်စက်စက် ကြီး စီရင်ပစ်လိုက်တယ်..။
မောင်ရယ်လေ...၊တစ်ပစ်လောက်ကြာမယ်ဆိုပြီး နှစ်ရက်လောက်အကြာမှာပဲအပြေးအလွားပြန်ရောက်လာခဲ့တယ်။
ကိုယ့်ရင်မှာခေါင်းတိုး ကျုကျုပါအောင် ငိုချပစ်လိုက်တာ...။
မောင် နင်ဘာဖြစ်လာတာလည်း.. ပြော ..ပြော ၊ မိန်းမကိုပြောစမ်း..။ နင်ဘာဖြစ်လာခဲ့တာလည်း....။
ကိုယ့်နှလုံးသားဟာ လက်ကြမ်းကြမ်းကြီးနဲ့ ဖျစ်ချေခံထားလိုက်ရသလိုမျိုး...။
သိလားမိန်းမ.၊ မောင်တို့သူဌေးက အခြောက်ကြီး..။ နှစ်ဘက်ချွန်ကြီး
ဟင်..မောင် ဒီလောက်ယောက်ကျားပီပီသသ ကြမ်းကြမ်းတမ်းတမ်းကြီးကို....။
ဟုတ်တယ်သူဟာယောက်ျားစစ်စစ်တွေထက်တောင် ယောက်ျား ပီသနေလိုက်သေးတယ်။
အရက်သောက်တယ် ၊မကောင်းတာလည်းတော်တော်လိုက်စားတယ်..။
လောင်းကစားကိုလည်း နည်းနည်းဝါသနာ ပါသေးတယ်။
အိမ်ထောင်နဲ့ ကလေးနှစ်ယောက်လည်းရှိတယ်တဲ့ ......။
မောင်..ဟုတ်ရဲ့လားဟယ်.....။
ဟာ..ကွာ...။
မောင်ရဲ့အသံဟာ အကြီးအကျယ် ဒါဏ်ရာရလာတဲ့ သားကောင်တစ်ကောင်
မာန်ဖီညည်းညူနေသံလို မာထန်လှုပ်ခတ် နေခဲ့တယ်။
ကိုယ့်ကို ကြည့်နေတဲ့မျက်လုံးတွေမှာတောင် စိမ်းစိမ်းဝင်းဝင်း လက်လို့ ။
တစ်လမ်းလုံး မင်းကတော်တော်ချောတဲ့ကောင်ပဲ..၊ မင်းသားလို့ခေါ်ရမယ်ဆိုပြီး အရောတ၀င် လက်ပွန်းတတီး နေတာကို မောင်ကတော့ အဟုတ်ကြီးမှတ်လို့..။
ရောက်တဲ့ညပဲ သူအရက်သောက်တော့ ဟေ့ကောင် မင်းသားသောက်ဆိုပြီးအတင်းတိုက်တယ် ။
မောင်က မသောက်တတ်ပါဘူးဆိုတော့ မင်းယောက်ကျားမဟုတ်ဘူးလား သောက်၊
ခုသောက် ငါ သောက်ခွက်ဆွဲထိုးပစ်လိုက်လို့နဲ့မူးမူးရူးရူးနဲ့ဆဲဆိုပြီး၊ရိုက်မောင်း၊ပုတ်မောင်းလုပ်လာတော့ မောင်လည်းသောက်လိုက်ရတယ်..။
မိန်းမမောင်သစ္စာဆိုရဲတယ်သိလား..။မောင်တော်တော်ကြီးမူးသွားခဲ့တာလား..၊
မောင်ဘာတွေဖြစ်သွားလည်း၊ သိကိုမသိတော့ဘူး..။
မောင်လည်း အရက်မူးဖူးတာပဲ ၊အဲဒီ့လိုမျိုးလည်းမဟုတ်ဘူး....။
ကိုယ်အသက်မရှုမိဘူးထင်ပါရဲ့ မောင့်လက်ကိုတင်းတင်းကြပ်ကြပ် ဆုတ်ချေထားမိတယ် ။
အဲဒါဆေးဝါးတွေဖြစ်မှာပေါ့..၊ မောင်အဲဒါ ဆန်းကြယ်ရက်စက်တဲ့ ဆေးဝါးတွေနေမှာပေါ့၊
ဆန်းကြယ် ရက်စက်တဲ့ ဆေးဝါးတွေ၊ ဆန်းကြယ်ရက်စက်တဲ့ နည်းပညာတွေ၊
ဆန်းကြယ်ရက်စက်တဲ့ ရူးနှမ်းမှုတွေ..။
ဘ၀တွေ ဘ၀တွေကို ဘယ်လောက် နင်းချေဖျက်စီး ပြီးပြီလည်း....။
မောင်မှတ်မိလိုက်တာ....၊ မောင် သူ့အခန်းထဲမှာ.....၊ သူလေ မိန်းမလျာသံကြီးနဲ့....၊
သူ... သူ လေ မိန်းမကြီးလိုနွဲ့ပြီး.....၊
မောင့်ကို ။
မောင်ကို .......
ငါ မောင့်ကို ဆောင့်တွန်းမိလိုက်တာလား....။
ကိုယ့် ခန္တာတစ်ခုလုံး ပေါက်ကွဲလွင့်စင်ထွက်သွားသလိုမျိုး... ရင်ပြင်က လပ်ခနဲဟာသွားပြီး.နေရမှာတင် ပုံရက်သားကျသွားခဲ့တယ်....။
မောင့်အသံဟာ ရှိုက်သံဝါးဝါးကြားမှာ မကြားရက်စရာ တုန်ယင်ကွဲအက်နေခဲ့တယ်..။
နုနယ်ဖြူစင်တဲ့ မောင်မျက်နှာလေးဟာ သွေးတွေဆမ်းထားသလို နီမြန်းထူအမ်းလို့။
ကြည့်စမ်း ငါသိပ်မြတ်နိုးတဲ့ ၊ သိပ်ကိုရိုးသားပျော့ပျောင်းတဲ့ ယောက်ကျားတစ်ယောက်အတွက်
ဘယ်လောက် ကြေကွဲရှက်ရွံ့လိုက်ရမဲ့ အဖြစ်အပျက်လဲ။
ဘယ်လောက် ဆိုးဝါးနာကျင်စေလိုက်မဲ့ ရက်စက်မှုမျိုးလည်း...။
ဗြုန်းဆို ကိုယ်.. မောင့်ကို ရင်ခွင်ထဲ မှာ ၀ှက်ထား ပစ်လိုက်တယ်..။
မောင်..မောင်လေ..၊ အိပ်ယာကနိုးတော့ အဲဒီ့လူကြီးကို ဆောင့်တွန်းပြီး ပြေးထွက်လာခဲ့တယ်..။
မောင် .. နင် တစ်ခါတည်းသတ်ပစ်ခဲ့ရမှာ သိလား..။
မောင်အခန်းကိုရောက်တော့ မောင်နဲ့တစ်ခန်းထဲငှားပေးထားတဲ့ သူ့မန်နေဂျာက စိတ်မသက်သာတဲ့ပုံစံနဲ့ မောင့်ကို စောင့်နေခဲ့တယ်..။
သူဟာအရာရာကိုသိနှင့်နေပုံပေါ်နေတယ်။ မောင်သူ့ကို ဘာတွေပြောမိမှန်းမသိအောင် အော်ဟစ်ဆဲဆိုပစ် လိုက်မိတယ်..။
သူက မောင်ပြောသမျှကို ငြိမ်ပြီးနားထောင်နေခဲ့ရှာတယ်..။
သွားမယ် ကျုပ်ရန်ကုန်ပြန်မယ်၊ ခင်ဗျားတို့ တဏှာရူးအခြောက် ကြီးပိုင်တဲ့ အလုပ်မှာ တစ်စက္ကန့်တောင် မနေဘူး..။
ဆိုတော့....။
မ မန်နေဂျာက မောင့်ကို ဘာပြောတယ်မှတ်လဲ...၊ မောင့်ကို ဘာတွေပြောလိုက်တယ်မှတ်လဲ...။
အို.. ဒီလောက်စက်ဆုတ်စရာ ရူးသွပ်မှုကို ငါဘယ်လို ဥာဏ်မှီနိုင်မှာလည်းမောင်ရယ်..။
မောင့်အတွက်တဲ့..၊ မောင့်အတွက် လမ်းစရိတ် တဲ့ ၊ ငွေတွေအထုပ်လိုက်ပဲသိလား..။
မောင် အဲဒီ့ လူမျက်နှာကို အဲဒီ့ငွေတွေနဲ့ပိတ်ပေါက်ပစ်ခဲ့မိတယ်....။
မောင်ရွံလွန်းလို့။ အဲဒီ့ငွေတွေကို ရွံလွန်းလို့...။
ဟုတ်တယ်..။ ရွံစရာကြီး မောင်၊ ယူမလာခဲ့နဲ့...။
အဲဒီ့ငွေတွေကိုတွေ့ရင် ငါတော့ အော့အန်ပစ်မိမှာပဲ..။
ကြည့်စမ်း...ငွေတွေဟာတစ်ချို့အခြေအနေမှာအော့အန်ပစ်ချင်လောက်အောင်ရွံစရာလည်းကောင်းတတ်မှန်း အခုမှသိတယ်နော်....။
သူ က ေ လ...
မောင့်ကို
မောင့်ပုခုံးလေး ကိုင်ပြီး....
ညီလေး ဆေးစစ်ကြည့်လိုက်ပါ။ ကိုယ်လည်းဆေးကုနေရတယ်....တဲ့။ ။

++++++++++++++++++++++++++++++++++++++++++++++++++++++++


(၆ )

မောင် .. အိပ်ပျော်ပြီလားကွယ်...။ နှစ်နှစ်ချိုက်ချိုက် ဒီတစ်ည တော့ မောင်.....အိပ်ပစ်လိုက်ပါတော့..။
လမင်းကိုကွယ်ထားတဲ့ နက်ပြာရောင်တိမ်တိုက်ကို လရောင်က ရွေရောင်အနား ကွပ်ပေးထား တယ်ရှာတယ်။
ကောင်းကင်နဲ့တစ်ဝှမ်းတလဲ့လဲ့ထင်နေတဲ့ ကြယ်စင်တွေဟာ ကိုယ်တို့ပရိဒေ၀ကိုများ ညွှန်းဆိုလေရော့ သလား...။
မနက်ဖန်ဆိုတာ နာရီပိုင်းလေးပဲလိုတော့တယ်မောင်ရဲ့...။
တကယ်ဆို ဘ၀ဆိုတာလည်း တစ်အောင့်လေးပါပဲ..။
အဲဒီ့တစ်အောင့်လေးမှာ... ငါတို့ ချွင်းချက်မရှိချစ်ခင်မြတ်နိုးခွင့်ကို ရခဲ့ကြတယ်..။
အကန့်အသတ်မရှိတဲ့ ပေးဆပ်ဖြည့်ဆည်းခွင့် ရခဲ့ကြတယ်...။ အကြားအလပ်မရှိ ယုယ ကြင်နာခဲ့ကြတယ်....။
ဘယ်လောက်များ ကုသိုလ်ကံကောင်း ခဲ့ကြလည်းကွယ်...။
ပြုသူ အသစ် ဖြစ်သူ အဟောင်းတဲ့ ...။
ဘုရား... ဘုရား.. သူ့အတွက် ဘယ်လောက်ကြောက်ရွံ့ ထိတ်လန့်ဖို့ကောင်းလိုက်တဲ့ ၀ဋ်နာကံနာကြီးလဲနော် ...။
ကိုယ်တို့ ၀ဋ်ကျွေးတွေကို တော့ ဒီတစ်ဘ၀မှာပဲ အပြီးပေးဆပ်လိုက်ကြတာပေါ့...။
မောင်ရယ်...နင်ဘာကိုများ အားငယ်ကြေကွဲနေတာလဲ..၊ စိုးရိမ်တုန်လှုပ်နေရတာလဲ..။
လူတွေရဲ့ စွမ်းဆောင်နိုင်အားကိုကျော်သွားရင် အားကိုးစရာ သစ္စာတရားဆိုတာရှိသေးသတဲ့....
ကိုယ့်ရဲ့..သစ္စာ
မောင့်ရဲ့သစ္စာ
ကိုယ်တို့ မေတ္တာတရားရဲ့ သစ္စာ.....
အဲဒီ့ သစ္စာတရားရဲ့ဆေးဖက်ဝင်မှုနဲ့ မောင့်မှာ ဘာ..
အနာတရ...မှ.............။

အို....
မောင်ရေ.. မောင်ဘာမှမဖြစ်ဘူးသိလား.....၊အဖြေက Negative တဲ့ ၊ မောင်စိတ်ချမ်းသာတော့..၊
မောင် ပျော်ပျော်နေတော့..။
အဖြေစာရွက်ကတော့ ကိုယ် ခါးပိုက်နှိုက်ခံ ရတဲ့အထဲပါ သွားတယ်ကွယ် ..... ဆိုတာမျိုးဖြစ်ဖြစ်

.ပြောလိုက်လို့ ..ရတာ...ပဲ....လေ......။


အိန္ဒြာ

September 23, 2009

တကယ့်ကြယ်ကြီးတွေ ကြွေတုန်းက မတုန်လှုပ်ခဲ့တဲ့ နှလုံးသားက ဒီ ကြယ် မှုံမှုံ လေးကျမှ…..

ဝေးခဲ့ပြီပန်းခရမ်းပြာသီချင်းကိုတော့ လူတိုင်းကြားဖူးကြနှစ်သက်ကြမှာပါ..။
ဝေးခဲ့ပြီပန်းခရမ်းပြာသီချင်းကိုရေးခဲ့တဲ့ ကိုအောင်ဝင်းကိုတော့ လူတိုင်းရင်းနှီးချင်မှရင်းနှီးပါလိမ့်မယ်.။
ဆရာက ၂၃ရက်နေ့၊စက်တင်ဘာလ၊၂၀၀၉ ခုနှစ်မနက် လေးနာရီခွဲမှာဆုံးပါးသွားခဲ့ပါပြီ.။
"အောင်မြင်မှု နီးပါး လုပ်ဆောင်ခဲ့သူတို့ အကြောင်းကို သမိုင်းက မှတ်တမ်းတင်လေ့ မရှိပေ" တဲ့..။
ဒီဘလော့မှာ
ဆရာကိုခင်အောင်အေးရဲ့ ကဗျာတစ်ပုဒ်နဲ့ ကိုအောင်ဝင်းဆိုတဲ့ အနုပညာသမားတစ်ယောက်ကို မှတ်တမ်းတင်ခွင့်ရလိုက်တာအတွက် ဂုဏ်ယူမိပါတယ်..။
""ဆရာကိုအောင်ဝင်း.ကောင်းရာသုဂတိလားပါစေ.""

++++++++++++++++++++++++++++++++++++++++++


သူငယ်ချင်းရေ..
မင်းအလှည့်တဲ့လားကွာ ဘာလို့ ငါ့အလှည့်မဟုတ်ရတာလဲ
ဘာလို့ ဟိုကောင်တွေအလှည့်မဟုတ်ရတာတဲ့လဲ
ဘာလို့ မင်းနဲ့ငါ အလှည့် အတူတူမကျရတာတဲ့လဲ

ငါကဘာတရားနဲ့ဖြေရမှာလဲ
ငါ့မှာဘာတရားမှမရှိဘူး
အလကားကောင် ငဖျင်း ငကြောင်
ကိုမြင့်အောင် နေ့လည်က လှမ်းဆက်တယ်ကွာ
သူငယ်ချင်း ကိုအောင်ဝင်း ဒီမနက်အစောကြီးက ၄း၃၀ ကတဲ့

ကိုယ်မျှော်လင့်ထားပြီးသားပါ ဒါပေမယ့် ဒီလောက်ရုတ်တရက်ကြီးလို့မထင်သေးဘူး
သူငယ်ချင်းအခြေအနေ မြော်လင့်ချက်မရှိတာကို ကြိုသိပြီး ကြိုဝမ်းနည်းရုံကလွဲလို့
ဘာမှ လုပ်မပေးနိုင်ခဲ့တဲ့ အသုံးမ၀င်တဲ့ သူငယ်ချင်းတယောက်ပါကွာ
(နောင်ဘ၀ကျရင် ကိုယ်လိုကောင်မျိုး မင်း မပေါင်းလေနဲ့)

ကျောက်ပန်းတောင်းမှာ
ပုပ္ပါး အထွက်လမ်းမှာ
ဝက်အူချောင်းဆိုင်လို့အမည်ရတဲ့ တော/ဘီအီး အရက်ဆိုင်မှာ
ကိုယ့်ကို ပစ်ထားခဲ့တဲ့ အောင်ဝင်း
၁၉၉၄-၉၅ ပင်လယ် ကာလတွေတုန်းက
ဆူးလေ-အင်းစိန် ဟိုင်းလပ်ကားခေါင်မိုးပေါ်အတင်းတက်ခိုင်းပြီး
ကိုရဲလွင်အိမ်မှာမူးမူး နဲ့သွားအိပ်ဖို့ခေါ်သွားတဲ့ အောင်ဝင်းပေါ့
ဘူတာကြီး ကုန်တွဲတွေထိုးတဲ့သံလမ်းပေါ် ဂြိုဟ်ကျပြီး ကိုယ်လှဲအိပ်နေတော့
ဟိုကောင်တွေက ‘ပစ်ထားလိုက်’ ဆိုတာကို မနေနိုင်ပဲ
ရထားမလာခင် ပလက်ဖောင်းပေါ်ပြန်ဆွဲတင်ခဲ့တဲ့ ကောင် အောင်ဝင်းပေါ့

ကောင်းတာတကွက်မှ မရှိခဲ့ပါဘူး
(တယောက်ချင်း တခြားနေရာတွေမှာ သီးခြားစီ
လူရိုသေရှင်ရိုသေ နေမိလုပ်မိတာတွေရှိကောင်းရှိပေမယ့်)
နှစ်ယောက် ပေါင်းလို့တခါမှ ကောင်းတာမလုပ်ခဲ့ပါဘူး
ဒို့ ကောင်းတာက “ ကောင်းတာ” မှာပဲ ကောင်းခဲ့ကြတာလေ
တခွက်ပြီးတခွက် ကောင်းခဲ့ကြ တပြားပြီးတပြားကောင်းခဲ့ကြ တလုံးပြီး နောက်တလုံး ကောင်းခဲ့ကြ
မသောက်ရင် ခုပဲ လဲသေတော့မလို သောက်ခဲ့ကြ ကောင်းခဲ့ကြတာကလား..

သူငယ်ချင်းရဲ့ သောက်တယ်ဆိုတာကလဲ အကြောင်းရှိပြီကော
ကြိုက်လို့သောက်တယ်ဆိုတာလောက်တော့ ‘ခွေးသိ’ သိ တာမို့ ထည့်မပြောတော့ဘူး
တခါက သူငယ်ချင်းလား ကိုယ်လား ခဏနားထားလို့ မသောက်တော့ဘူးဆိုတာ
မသောက်ပဲ ထိုင်နေကြတာ ဘာစကားမှလဲ ပြောမရပဲ အူကြောင်ကြောင်ဖြစ်လာတဲ့အဆုံး
ဘာမှမပြောပဲ လက်ဖက်ရည်ဆိုင်က ထခဲ့ကြတယ်
ဘယ်သွားမယ်လဲ တယောက်ကိုတယောက်မပြောပဲ
ဘူတာရုံလမ်း သောက်နေကျ ဆိုင်ထဲ ရောက်မှ တခွက်စီဝင်မှ စကားဆက်ပြောလို့ရကြတာကလား
(ဘ၀မှာ အူကြောင်ကြောင်မဖြစ်အောင် မလွှဲမရှောင်သာသောက်ရတာလို့ မျက်နှာပြောင်ခဲ့ကြသေး)

သူငယ်ချင်း….
တို့နဲ့ ဘက်မညီတဲ့ ကောင်းကင်ကို ငါတို့ရခဲ့ကြတယ်
တို့နဲ့ မကိုက်တဲ့ ရာသီဥတုတွေ ငါတို့ရခဲ့ကြတယ်
တို့နဲ့ ညှိလို့မပြေပြစ်နိုင်တဲ့ လူ့အသိုင်းအ၀ိုင်းကို ငါတို့ရခဲ့ကြတယ်
တို့ တကယ်မချစ်နိုင်တဲ့လူတွေကြားထဲ မှာ အောင့်သက်သက်ပြုံးပြခဲ့ကြရတယ်
တို့ ဘာတတ်နိုင်ကြသလဲ
တို့ ပုစွန်တောင်ကိုပြေးခဲ့ကြတယ်
တို့ ၄၂ လမ်းကိုပြေးခဲ့ကြတယ်
တို့ ဘူတာရုံလမ်းတွေ မြေနီကုန်းတွေပြေးခဲ့ကြတယ်

လေးယောက်ပေါင်းလို့မှ သုံးတန်းမအောင်ဘူးဆိုတဲ့ ဟာသလို
တို့သုံးယောက်လေးယောက်ပေါင်းမိရင် ပြည်သူ့နီတိအတန်းမှာ စာမေးပွဲတဖုန်းဖုန်းကျတယ်

ရိုးရိုးလေးပါ သူငယ်ချင်းရာ
မင်းဟာ..နံမယ်ကြီးတယောက်မဟုတ်ဘူး
(အဲဒါကပဲ ကိုယ့်အတွက် လွမ်းစာဖွဲ့လို့ကောင်းစေတယ်)
မင်းမှာ ဘာရာထူးဌာန္တရ မှ မရှိဘူး(တက္ကသိုလ်မှာ ကတိကဆိုလားကလွဲလို့)
ဘာပကာသနမှ မရှိဘူး(မင်းအိမ်မှာလိုက်အိပ်တော့ လက်ဖက်အိုးကြီးတွေ မမေ့နိုင်စရာ)
မင်းကိုခွာချလိုက်ရင် ဘာရှိမလဲ သူတို့မသိခဲ့ကြပါဘူး
မင်းကိုယ်မင်း အမှုန့်ထောင်းပြီး အရည်ညှစ်ခဲ့တယ် သူတို့မသိခဲ့ကြပါဘူး
မင်းမှာ တောက်စားတဲ့ အနုပညာလိပ်ပြာ ရောင်စုံတွေ သူတို့မမြင်ခဲ့ကြပါဘူး

ဒါပေမယ့်..
ကိုယ့်အိမ်ထောင်ရေးဘ၀မှာ ထင်ရှားတဲ့ ဒဏ်ရာ ၃ - ၄ ချက် ရှိခဲ့မယ်ဆိုရင်
တချက်က မင်းပါပဲ သူငယ်ချင်း
ကိုယ့်ရဲ့ ကဗျာဆရာဘ၀မှာ အကျေနပ်ဆုံး ကဗျာ ၃ - ၄ ပုဒ် ရှိမယ်ဆိုရင်လည်း
အဲဒီ တပုဒ်က မင်းပါပဲသူငယ်ချင်း

မင်းရယ်ငါရယ် ကေမြိုးရယ် ကိုမြင့်အောင်ရယ် ကိုဆန်းထွန်းရယ်
တတွဲတွဲ သူငယ်ချင်းတွေ ကိုဆန်းထွန်းကလွဲရင် ကျန်လေးယောက်က
တဆိုဒ်ထဲ ပုလင်းဗူးဆို့တွေ
နောက်ပင်လယ် ကာလကျတော့ ပလိန်၊ လေးဆယ့်ငါးနှစ်သားကြီးစစ်တင်နဲ့
ဘ၀ထိုထို လှကို ပါတိုးလာတယ်

ပင်လယ် ဇာတ်ထုပ် ငါတို့ကကြတယ်
ကိုယ်ပိုင်ကမ်းခြေ အသီးသီးတို့အတွက် အော်ပရာတွေတင်ဆက်ခဲ့ကြတယ်
မင်းက မဇ္ဇိမလှိုင်း နဲ့ တေးသံစဉ်တွေ ရိုက်ပုတ်ဆော့ကစားခဲ့တယ်
(ကိုရဲရေ..ခင်ဗျားကိုကျုပ်ဖက်ငိုချင်တယ်ဗျ အခု မုချ ဆတ်ဆတ်မှာ )

ပြောစရာထွေထွေထူးထူးမရှိပါဘူး သူငယ်ချင်းရာ
မင်းခုလိုခရီးရှည် ကြီးမထွက်ခင် နှစ်ကာလ တွေမှာ မဆုံဖြစ်ကြတဲ့ အဖြစ်သနစ်ကသာ
မင်းနဲ့ပတ်သက်လို့ ကိုယ်ဖြေရခက်တဲ့ အခက်တခုပါ

ဇော်ဇော် ရေ..ကိုမင်းသိန်းရေ..
လက်ပပြားက ကျောင်းဆရာ ကိုအောင်ခိုင်ရေ..
ကိုအေးကျော်(မောင်ကြည်သစ်)ရေ..
ဆရာဇံ (နန္ဒာသိန်းဇံ) ရေ..
ကိုခင်ဝမ်းရေ..ကိုကျော်စိုးရေ…
ဖိုးအောင်ဝင်းက လို့ ပြောလေ့ရှိတဲ့ ကိုဒီ ရေ..
ကိုယ် တ,မိ တ,ရာ တ, ရတော့တယ်..(ကယောင် ကတမ်းနဲ့)

အခုည ၁၉းး၃၀ ဘန်ကောက်စံတော်ချိန်
ကိုယ်စ သောက်နေပြီသူငယ်ချင်း
ဘာကမှ ကိုယ်တို့ကိုမကယ်နိုင်ဘူးသူငယ်ချင်း
(ဘာကမှလဲ ကိုယ့်ကိုမဆုံးမ နိုင်တော့ဘူး ဒီညအဖို့..)
ကယ်ခြင်းတရားဟာ ဘယ်သူ့ကိုမှ တကယ်မကယ်နိုင်ဘူး
ကိုယ်နည်းနည်းသိတယ် ထင်မိတဲ့ဒသနတွေ
ကိုယ်နည်းနည်း ခံနိုင်ရည်ရှိမယ်ထင်တဲ့ စိတ်လေ့ကျင့်ခဏ်းတွေ
ကိုယ်နည်းနည်း လူဝါးဝ ပြောဘို့ကြိုးစားတဲ့ ရင့်ကျက်ပြီ ဆိုတဲ့ စကားလုံးမျှသာတွေ
မင်းနဲ့ ကိုယ်နဲ့ကြားက ရှင်းပြစရာမလိုတဲ့ ပြောချင်ရာပြောလို့ရတဲ့ ဘာသာစကားတွေ
မင်းရောကိုယ်ရော မူးနေမှ တကယ့်တကယ်ရှောင်လွှဲပြီးသားဖြစ်မယ့်
အများအခေါ် လောကဓံဆိုတဲ့ အရာ..

ကေမြိုးဆုံးတော့ ရေဝေးသုသန်မှာ
မှတ်တမ်းစာအုပ်မှာ ဥာဏ်ပေါ်(မင်းလူ) က ရေးတယ်
“ဟို ရောက်ရင် ၀င်းမော်ဟန်နဲ့ တည့်အောင်နေ..” တဲ့

ခု မင်း ဒီခရီးရှည်ကြီးကိုထွက်သွားပြီဆိုတော့
ကိုယ့်မှာ ဘာမှာလို့မှာရမှန်းမသိ ယောင်ချာချာ ဖြစ်ရတယ်
ကိုယ် ဒါကိုပဲ သံယောင်လိုက်ပြောရတော့မယ်
“ဟိုရောက်ရင် ကေမြိုးနဲ့တည့်အောင်နေပါ သူငယ်ချင်း..”

မိုက်ကယ်ဂျက်ဆင် တလောကသေတော့ တကမ္ဘာလုံး အုတ်အော်သောင်းနင်း..
မင်း သေတော့ (သူ့အရွယ်ပဲ) ဗမာပြည်မှာ ကျောက်ပန်းတောင်းမှာတောင်လှုပ်တုတ်တုတ် ဖြစ်ရဲ့လား
သူငယ်ချင်း..
ဖြစ်နေကျ ဓမ္မတာလိုလို မသာတစ်ခေါက်ကျောင်းဆယ်ခေါက်သမားတွေက
မင်းအသုဘ စည်ကားရေးမှာ အုတ်တချပ် သဲတပွင့် သရုပ်ဆောင်ကပြကြလိမ့်မယ်
အဲဒီထဲမှာ ကိုယ်က ဝေလေလေ အခန်းကတောင် ပါဝင်ခွင့်မရှိပဲ မင့် နောက်ဆုံး ခရီးဟာ
(အာရုံမြင်သဘောအရ ကိုယ်မြင်နေရတယ်) ပြီးမြောက် အောင်မြင် သွားလိမ့်မယ်

အေး… ကိုယ့်တကိုယ်ရေ ဘ၀မှာတော့
မင်း လူ့လောကကိုကျောခိုင်းသွားပြီဆိုတဲ့ သတင်းက
နိုင်းအလဲဗင်း ဆိုလဲဟုတ်တယ်
ဆူနာမီဆိုလဲ ဟုတ်တယ်
နာဂစ်ဆိုလဲ ဟုတ်တယ်
အခြားအမည်မသိ ဂြိုဟ်သားတွေနဲ့ စစ်ပွဲဆိုလဲဟုတ်တယ်

ဆောရီးကွာ..
သိပ် ပုဂ္ဂလ ဓိဌာန်ဆံသွားတယ်
ဆံသ ဆိုင်မှာ ပြောကြဆိုကြတာမျိုး
ဆိုင်းသံ ဗုံသံ ခပ်တိုးတိုးနဲ့
ဆိုးသွမ်းလူငယ်ဆိုတာ ဟိုတခေတ်က
ဆဲသံဆိုသံကြားက တခုခု ဖြစ်အောင် ဖောက်ထွက်ခဲ့ကြရတာမျိုး
ဆယ်သိန်း သိန်းနှစ်ဆယ်ဆိုတာ နယ်က ရန်ကုန်တက်လောက်ရုံ ခုခေတ်ကြီးမှာ..
ဆက်သား အရေးကြီးတယ် သူငယ်ချင်းရေ…

အေး ဟိုဘက်မှာ..
ဆက်သား အလွယ်တကူရှာမရရင်လဲ
ဆတ်သားခြောက်သာ အရင်ပို့လိုက်ကွာ..
ဇေယျာလင်း ဒီညတိုက်မယ့် အရက်နဲ့ သိပ်လိုက်မှာပဲ..
(မင်းရဲ့ပြုံးတုံ့တုံ့ပါးစုံ့ ကြီးတွေ မို့တက်လာမှာမြင်ယောင်ရင်း…)

သူငယ်ချင်း အဲဟိုကပဲ စောင့်တော့..
ကိုယ်တို့လဲ မကြာတော့ပါဘူး။ ။

ခင်အောင်အေး
၂၃၊ စက်တင်ဘာ၊ ၂၀၀၉ ဘန်ကောက်စံတော်ချိန် ၂၁း၂၀


..ကိုယ်ဒီကဗျာကိုအဆုံးသတ်တဲ့အချိန်မှာကိုခင်ဝမ်း သီချင်းဖွင့်ထားတယ် ဘယ်..ဆီ..ဘယ်..၀ယ်…ဘယ်..ဆီ..ဘယ်…၀ယ်….

September 19, 2009

တကယ်တော့ အဲဒီ့ပြကွက်ဟာ အတု

(၁)။
ညထဲမှာ နောက်ည တစ်ခုက ထပ်ပြီး မှောင်မိုက်လို့
တဒီးဒီး လေအေးစက်သံဟာ..
ကျောထဲစိမ့်အေးလာချင်စရာ
အားလုံး အသက်ရူအောင့်ထားမိကြသလား..
ဆက်တင်မှာ အခိုးအငွေ့တစ်ချို့ အူနေတယ်..။
(၂)။
တီးလုံးကအသံပြောင်းသွားပြီ
အနီရောင်
အခင်းအကျင်းအားလုံးကအနီရောင်
မသိရင် သွေးတွေ ဆမ်းချလိုက်သလိုမျိုး အနီရောင်
ဟိုဟိုဒီဒီလင်းနို့တွေ တဖျတ်ဖျတ်ပျံသလို အထူးပြုလုပ်ချက်တွေနဲ့
ဟိုး...ဝေးဝေး က
သင်္ချိင်္ိုင်းလား တစ္ဆေလား....
လှိမ့်လှိမ့်တက်လာတဲ့ အခိုးအငွေ့တွေကြားမှာ..
ဆက်တင်ဟာ..ချောက်ချားဖွယ်ရာ...မာခဲညိုမည်းနေခဲ့တယ်..။
(၃)။
ကြောက်လန့်ဖို့ အဓိကရည်ရွယ်တယ်..
အားလုံး.အာစေးထည့်ထားမိကြသလို
စိတ်တွေချွေးစေးနဲ့ ချွဲပစ်လာကြလို့
ကလေးတွေ အမေ့ရင်ခွင်ထဲ အတင်းကွယ်လျိုး
ချစ်သူတွေ ပုခုံးချင်းကျစ်ကျစ်ပါအောင် ပိုက်ထွေးဖေးမကြ
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ချေထားမိကြ
အားလုံးဆီမှာ
အကြောက်တရားက အပင်းထည့်ထားလိုက်သလို...
ဘာဖြစ်ဦးမလဲ
ဘာလုပ်မလဲ..
ဘာ တွေ လုပ် ပြ ဦး မှာ လဲ....
တထိတ်ထိတ်...
အား..လုံးးးးးး
အစွမ်းကုန်...
ဒိတ် ဒိတ် ဒိတ်ဒိတ် ရင်တုန်မောဟိုက်တယ်..။
(၄)။
သူ..
မှော်ဆရာ....
သူရွတ်နေတာ
ကျမ်းစာလား..ကမ္မ၀ါလား..
သူ သစ္စာဆိုတာလား..
မေတ္တာပို့တာလား..
ကျိန်စာတိုက်နေတာများလား..
သူ့မန္တရားက ဘာအစီအစဉ်လဲ...
တတွတ်တွတ်..
တွတ်တွတ်..တွတ်..တွတ်..
သူ့ဝတ်ရုံဖါးဖါးကြီးတလွင့်လွင့်
သူ့အရိပ်အမည်းကြီး တလွင့်လွင့်
သူ့မှာ သိန်းငှက်တစ်ကောင်ရဲ့မျက်လုံးမျိုးလည်းရှိသေးရဲ့
သူက....
ဘယ်အချိန်သုတ်သုတ်ရနိုင်တဲ့ အသားတစ်ကို လှမ်းကြည့်လိုက်သလို...
သူ့ပရိတ်သတ်တွေကို
အထက်စီးကနေ...အူ မ ချေး ခါး ကြည့်လိုက်ပြီ..။
(၅)။
ရုတ်ချည်းမှောင်မိုက်သွားခဲ့တယ်..
ရုတ်ချည်းလင်းလက်လာပြန်တယ်...
ငြိမ့်ငြိမ့်ညောင်းညောင်း..
တီးလုံးမှာ ကကွက်ဆန်းတစ်ခုပါလာတယ်..
ကောင်းကင်က..ကျလာခဲ့တာလား..
မြေပြင်ကို ထိုးခွဲတက်လာသလား...
မသိဘူး..
အားလုံးမှင်တက်ငေးမောသွားကြ..
ငွေပြာရောင်ပိုးသားစလေး..လွင့်မျောနေသလို..
သူမရဲ့လှုပ်ရှားမှုတိုင်းက ညက်ညောလှပ..
သူမရဲ့ကချိုးတွေက သေသပ်တိကျလို့...
အားလုံးရဲ့နှလုံးအိမ်ညွှတ်နူးမှုတိုင်းဟာ..
သူမအပေါ်ပုံကျသွားခဲ့တယ်...။
(၆)။
ဝေါကနဲ..
အသံတွေထိုးစိုက်ကျလာတယ်..
တောမြေခွေးတွေအူသံလို...
တောချောက်သံလို..၊ တော်လဲသံလို...
တဖျတ်ဖျတ်ပြောင်းလဲနေတဲ့ စလိုက်ရောင်စုံတွေကိုက
စိတ်ထွေပြားချင်စရာဖြစ်နေခဲ့..
မှော်ဆရာ ဟာ..သရဲသဘက်ဆန်လာတယ်..
မှော်ဆရာဟာ..သားကောင်အနံ့မှာ စမန်ထနေတဲ့
အညံ့စားမုဆိုးဆန်လာတယ်..
တီးလုံးက ဗိန်းဗေါင်းဆိုတာလား
အပြေးအလွှား..အကွေ့အ၀ှိုက်...
ဆက်တင်ဟာ..သိမ့်သိမ့် ရမ်းခါလို့...
နောက်ဆုံး...
ဇာတ်လမ်းဇာတ်ကွက်သာမန်စဉ်အတိုင်း
ငွေပြာရောင်လေးကို လက်ရ ဖမ်းဆီးနိုင်လိုက်တယ်.။
(၇)။
မှော်ဆရာက
လှုပ်လို့မရပေမယ့် ကြိုးနဲ့အထပ်ထပ်တုတ်နှောင်တယ်...
မှော်ဆရာက
မပြေးနိုင်မှန်းသိရက်နဲ့ စည်းသုံးတန်ကိုတားပစ်တယ်..
မှော်ဆရာက..
နောက်ဆုံးအဆင့်
အသင့်ချထားခဲ့တဲ့ ခေါင်းတလားထဲကို...
ကျွမ်းကျွမ်းကျင်ကျင် လဲလျောင်း ပိတ်လှောင်စေခဲ့ပြီ..
(ဂ)။
ဓါးစက်လား..
လွှစက်လား...
အဲဒီ့ လူသတ်လက်နက်ဟာ..
မှော့်ဆရာလက်ထဲမှာ တဒီးဒီးရမ်းခါလို့...
သွေးဆာနေတဲ့ မိစ္ဆာ တစ်ကောင်
မှုန်ယိုရမ်းကားနေသလို...
မီးရောင် အောက်မှာ...
စုန်းမီးတောက်လို တလက်လက်ဖြာနေတယ်
ပရိတ်သတ်ဟာ..လိပ်ပြာအနှုတ်ခံလိုက်ရသူလိုမျိုး..
ဝင်သက်ထွက်သက်တွေ အထားအသိုမမှန်ကန်တော့
ချောက်ကပ်နေတဲ့ လည်ချောင်းမှာ...အသံတွေ အတုန်းအရုန်းသေဆုံးကုန်ကြတယ်..
(၉)။
ပိုင်းချလိုက်ပြီ....
ပန်းထွက်လာတာ..သွေးတွေမဟုတ်လား...
ဝူး ၀ူး ၀ုန်း ၀ုန်း......
ဒီ့ထက်သွေးပျက်စရာမရှိတဲ့ မြင်ကွင်းထဲက
ထက်ပိုင်းပြတ်သွားတဲ့ ခေါင်းတလားထဲမှာ...
သူမရှိနေတယ်.....
ခါးလည်တည့်တည့်ကနေ...တစ်ဝက်တိတိပြတ်ကျသွားတဲ့
အဲဒီ့ခေါင်းတလားထဲမှာ...
သွေးစေးတွေ အထွေးလိုက်ကပ်နေတဲ့ တစ်ဝက်ပြတ်ခေါင်းတလားထဲမှာ
သူမ......
ရှိနေခဲ့ပါတယ်...။
(၁၀)။
ဆက်တင်က ကြယ်ကြွေတွေကို ဆလိုက်ထိုးပြီးပြနေတယ်..
လူတွေဟာ..ကြေကွဲစရာတွေနဲ့
စိတ်အယားတွေဖြေကြတယ်..
တစ္ဆေထက်ကြောက်လန့်စရာတစ္ဆေတွေကြားမှာ...
လူသတ်ပြကွက်တွေထက်ရက်စက်တဲ့ .လူသတ်ပြကွက်တွေထဲမှာ...
အညစ်အကြေးတွေထက်ညစ်ညမ်းတဲ့ အညစ်အကြေးတွေကြားထဲမှာ..
အဲသလို ရုံသွင်းအပြခံနေရတဲ့ အတုအယောင်တွေကြားထဲမှာ..
အဲသလို စိတ်တွေကို အထပ်လိုက်မီးတင်နေတဲ့ပြကွက်မှာ
တဖြည်းဖြည်းအသားကျနေပျော်နေခြင်းသီချင်းက
ရက်ရက်စက်စက်ပျံလွင့်လာ...
(၁၂)။
အဲဒီ့ပြကွက်ဟာ..အတုပဲ
တကယ်တော့ အဲဒီ့ပြကွက်ဟာ..အတု.
အနုပညာဟာ.သွေးဆာခြင်းတစ်မျိုးလား..
ကြောက်ရွံ့ထိပ်လန့်စရာတွေက ရသမြောက်စေတတ်သလား..
လိမ်ညာဆန်းပြားခြင်းအတတ်က စိတ်အဆာတွေပြေစေသလား...
မှော်ဆရာဟာ..သူ့အောင်မြင်မှုကို..
သွားရည်တမြားမြားယစ်မူးလို့.....
မှော်ဆရာဟာ..သူ့အတတ်ပညာကို
အာသားငမ်းငမ်းမူးယစ်လို့
ဒီပြကွက်ရဲ့ ကြောက်လန့်ခြင်းစိုးရိမ်ရေမှတ်ဒီဂရီဟာ..
မှော်ဆရာကဗ္ဗည်းတင်ချင်နေတဲ့ မှတ်ကျောက်တဲ့...
မှော်ဆရာဟာ..သူ့အတတ်ပညာကို
အာသားငမ်းငမ်းမူးယစ်လို့
မှော်ဆရာဟာ..သူ့အောင်မြင်မှုကို..
သွားရည်တမြားမြားယစ်မူးလို့.....
(၁၃)။
အားလုံး
စိတ်တွေ ကိုယ်တွေ မတ်တပ်ထရပ်လိုက်ကြပြီ...
ပွဲက အခုမှစတင်လာခဲ့တာ...
ပွဲက အခုမှအဆုံးသတ်တော့မှာ
ခေါင်းတလားထဲက ရှင်ပြန်ထမြောက်လာရမယ့်
ငွေပြာရောင်လေးကို သူတို့ မင်းသမီးလေးကို...
သောင်းသောင်းဖျဖျ...
လက်ခုတ်တီးပြီးကြိုကြဖို့..
ပွဲက
အခုမှစတင်လာခဲ့တာ...
ပွဲက
အခုမှအဆုံးသတ်တော့မှာ...

အိန္ဒြာ
(၂၆.၇.၂၀၀၉)