November 2, 2009

သက်တန့် အိပ်မက်


အခုတစ်လနှစ်လအတော အတွင်း စိတ်ရော လူရောအလုပ်တွေရှုပ်နေလို့
စာအသစ်ကဗျာအသစ်တွေ မရေးနိုင်ဖြစ်နေပါတယ်..။ အဟောင်းတွေပြန်ပြန်တင်ပြီးဆားချက်နေကတည်းကသဘောပေါက်ကြမှာပါ.။
အခု ချာတိတ်တုန်းကဆိုပါတော့ ၁၉၉၈ လောက်ကရေးဖြစ်ခဲ့တဲ့
ချိုချိုပါးပါးနိုင်မယ့် အချစ်ဝတ္ထုလေးတစ်ပုဒ်တင်ပေးလိုက်ပါတယ်.
အပြောင်းအလဲလေးတော့ ဖြစ်သွားတာပေါ့နော......

+++++++++++++++++++++++++++++++++++++++++++++++
(၁)။
လရောင်အောက်တွင် နွဲ့နွဲ့ယိမ်းယိမ်းကခုန်နေကြသော ယုဇနပင်တွေ၏ အပူပင်မဲ့မှုကို ၀န်တိုနေမိသည်။ စိမ့်စိမ့်ရီရီ မွှေးပျံ့လွန်းသော ရနံ့သည်လည်း စွာရိုင်းလွန်းနေ၏..။
ညလယ်၏ သိပ်သည်းထူထပ်သော အနက်ဆင် အနက်သွေးက ပိုမိုပြီး ကြေကွဲဆွတ်ပျံ့ဖွယ်ရာ ကောင်းနေ စေသလိုပင်...။
နောက်ကျိညောင်းညာလွန်းနေပြီဖြစ်သော ဦးခေါင်းကို ဘယ်ညာယိမ်းချိုးရင်း သမ်းဝေလိုက်မိသည်။ တကယ်ဆိုအိပ်ချင်နေပါပြီ။ ဒါပေမယ့် ဒီလိုထိုင်ပြီး ဒီလို တနင့်နင့်နာကျင်နေရခြင်းဝေဒနာက ခံစားလို့ ကောင်းနေသလိုပင်ဖြစ်နေသည်။ အသက်ရှုသံက ရှိုက်သံလက်ကျန်တွေကြောင့် တလွင့်လွင့် ငင်သွားတော့ ထပ်မံ ငိုချင်လာပြန်သည်။ အို ဒီအတိုင်းဆို မနက်ဖန် မျက်လုံးတွေ မို့အစ်ယောင်ကိုင်းပြီး အရုပ်ဆိုးနေတော့မယ် ထင်ပါရဲ့..။ အို ဆိုးဆိုး မဆိုးဆိုး..၊ လှနေဦးတော့ရော ဘာလုပ်မှာလဲ..၊ ဘာများအဓိပ္ပာယ်ရှိတော့မှာ မှတ်လို့..။
ရင်ပြင်တစ်ခုလုံးလှိုက်မောနာကျင်လာပြန်သည်။ ရီကနဲ ၀ိုင်းတက်လာသော မျက်ရည်တွေက ရှက်ရွံ့နာကျဉ်းလွန်းမှုတွေရဲ့ အရိပ်အငွေ့တွေ လား၊ ကြင်နာကြေကွဲစိတ်တွေကြောင့် ဖွဲ့တည်လာခဲ့လေသလားလည်း မသေချာပါ..။ သေချာတာကအဲဒီ့နှစ်ခုပေါင်းမိလို့ ဒီလောက်အထိ ဖြေမဆည်နိုင် အောင်ဖြစ်နေရတာပေါ့လို့ တွေးတောရင်း ပါးပြင်ပေါ် လိမ့်လိမ့် နွေးနွေး စီးဆင်းသွားသည်ကို တစိမ့်စိမ့် စောင့်ကြည့်နေမိပြီး မေးရိုးနား ရောက်ခါနီးလာမှ ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက် သည်။
အို ဘာပဲဖြစ်ဖြစ် သိပ်သနားစရာကောင်းတာပဲ..။ သိပ်ရက်စက်ကြတာပဲ..။
သိပ် စိတ်ရှုပ်စရာ ကောင်းတာပဲကွယ်…..။ အမှန်အတိုင်းဝန်ခံဖွင့်ပြောရဲတဲ့ သတ္တိက သူ့အပြစ်မဟုတ်ဘူးထင်ပါရဲ့..။ သေသေချာချာ စဉ်းစား ကြည့်ပြန် တော့ သူ့မှာ အပြစ်မရှိဟုချည်းပဲ ထင်နေမိပြန်သည်။
ဟုတ်ပါတယ်လေ...။ သူ့ရင်ထဲမှာ ခံစားမျိုသိပ်ထားရတာတဲ့ ဝေဒနာအဆိုင်အခဲတွေ အတွက်............။
အိုး လိုက်ရှာမှာပဲ..။ ဆုံးဖြတ်ချက်တွေ ရဲရင့်ပြတ်သားသွားသလို အံတစ်ချက်ကြိတ်ထားလိုက်မိသည်။
ဟုတ်တယ်..။
ဒီအချိန်မှာ သူ့အတွက်အလိုအပ်ဆုံးနဲ့ သူ့ကိုပြန်လည်ဆောက်ပေးနိုင်မယ့်အရာက
ကိုယ်တိုင်ကိုယ်ကျနှစ်သိမ့်အားပေးမှုပဲဖြစ်လိမ့်မည်။
ဒီ့အတွက် ထိုက်သင့်သလောက်တော့ စွန့်စားရဲဝံ့ရမည်ပေါ့..။
ချက်ချင်းကိုယ့်ကိုယ်ကို သူရဲကောင်းတစ်ယောက်လိုလို ကယ်တင်ရှင်တစ်ယောက်လိုလို
သူသာသိရင် ဘယ်လောက်အံ့သြ၀မ်းသာသွားရှာမလဲ.ကွယ်.။

+++++++++++++++++++++++++++++++++++++++++++++++
(၂)

ဖျတ်ကနဲ လင်းပွင့်သွားသော လျှပ်စစ်မီးရောင်ကြောင့် ကျိမ်းစပ်သွားသော မျက်ဝန်းများက အလန့်တကြားပိတ်သွားကြသည်။ ခုထိ မအိပ်သေး ဘူးလား ဥမ္မာ ဆိုသောအသံကြောင့် မျက်ဝန်းကို အလန့်တကြားပဲ ပြန်ဖွင့်လိုက်မိသည်။ မညို ။ ဟုတ်ပါရဲ့ ....... မညို ။
မညိုရဲ့ မျက်ဝန်းတွေဟာ အိပ်ချင်မူး တူးမှာတောင် စူးရှတောက်ပလွန်းနေကြသည်။ အဲဒီ့မျက်ဝန်းတွေကြောင့်များလား...။
ဒီ ကတုံး ဆံပင်ပေါက်နဲ့ ထောင်ထောင် ထောင်ထောင် လမ်းလျှောက်တတ်သည့် မိန်းမကို ခပ်ရွံ့ရွံ့ရှိနေခဲ့ရတာ..။
ငိုနေပြန်တာလား ဆိုတဲ့ မညိုအသံမှာ စိတ်မရှည်သံကထင်းထင်း ထင်နေသည်။ “ဥမ္မာဖြစ်နေတာက လိုတာထက်ပိုနေသလားလို့“ ဆိုသော မညိုမှတ်ချက်ကိုတော့ နည်းနည်းလေးမှ မခံချင်ပါ..။ ဒါပေမယ့် ဘယ်လို ခိုင်လုံသေသပ်တဲ့ အကြောင်းပြချက်နဲ့ ခပ်ပြတ်ပြတ်ငြင်း ဆိုရမည်ကိုလည်း မသိပြန်ရှိနေ၏။ မဟုတ်ပါဘူးဆိုတဲ့ ခပ်ယဲ့ယဲ့ အသံအဆုံးမှာ ဖေါက်ထွက်လုမတတ် တစူးစမ်းစမ်း စိုက်ကြည့်လိုက်သော မညို၏အကြည့်များ ကြောင့် စိတ်တိုသွားမိ၏။
“ဥမ္မာ ဒီကိစ္စဟာ ဒီလောက် အိပ်ရေးပျက်ခံပြီး ရှက်ရွံ့ခံစားနေရလောက်အောင် မတန်ဘူနော်..“ ဆိုတော့ ရင်ပြင်တစ်ခုလုံး ကျဉ်ကနဲနေ အောင် အောင့်မျက်သွားပေမယ့် “ဥမ္မာက ကောင်လေးကို သနားနေတာလား “ ဟူသော မှတ်ချက်ကိုတော့ အလျင်စလိုထက်ထက်သန်သန်ကြီး ငြင်းနေမိပြန်သည်။
“မဟုတ်ပါဘူးမညို ဘာလို့သနားရမှာလဲ. “
“အေးလေ ဒါဆို ဘာများဖြစ်စရာရှိတော့လို့လဲ.. ၊အေးဆေး လမ်းမှာခလုပ်တိုက်မိသလို သဘောထားလိုက် “
လာထ အိပ်တော့ ဉာဥ့်နက်နေပြီ.. မနက်ဖန်မျက်တွင်းတွေကျပြီး အလှပျက်နေဦးမယ်ဆိုပြန်တော့ မညိုကိုတစ်ချက်ထုပြီး မျက်ရည်စီးကြောင်းနှင့်ပင် ရယ်မောလိုက်မိ၏။
မညိုက လေးနက်တည်တံ့လွန်းနေတဲ့ အသံနဲ့ တစ်ချက်ခေါ်လိုက်တော့ မညိုကို ညံ့ညံ့သက်သက်ပင် ပြန်ကြည့်နေလိုက်ပါသည်..။
“မှတ်ထား မာဥုံမိ..၊ တို့ အသက်ဆယ်နှစ်တုန်းက အပြုအမူအတွေးအခေါ်တွေဟာ ၊ အသက်နှစ်ဆယ်ကပြန်ကြည့်ရင် သိပ် ရယ်စရာ ကောင်းနေ သလိုမျိုး ၊ အခုအသက်အရွယ်က ဖီလင်တွေက အသက်သုံးဆယ်အရွယ်ရောက်ရင် ဟားချင်စရာကြီးဖြစ်နေမှာ ..။ “
မညိုကို အလန့်တကြားပြန်ကြည့်လိုက်မိပြီး ၊ အဲဒါကိုပဲ အမြန်ဆုံး ဖုံးဖိဖို့ကြိုးစားလိုက်ရသည်..။ မဖြစ်နိုင်ဘူး..။
အို မညိုက ဘာတွေများ ရိပ်မိသိရှိနေခဲ့လည်း..။ ရှက်စရာကြီးကွယ်..။
တလူးလူးတလိမ့်လိမ့် အိပ်မပျော်ပြန်ရှိနေသောအခါ ကောင်လေး၏ ညှိုးငယ်ညံ့သက်သော ပုံရိပ်က မျက်ဝန်းထဲမှာ တ၀ဲလည်လည် ထင်နေသည်။ သိပ်သနားစရာကောင်းတာပဲ..လို့ တဖွဖွရေရွတ်ရင်း အိပ်ပျော်သွားတော့ သူ့ကိုပဲအိမ်မက်မက်ပြန်သည် ။
အိမ်မက်ထဲမှာ ကောင်လေးက အိမ်ကဆင်းပြေးလာတဲ့ သူဌေးသားလေးဖြစ်နေပြီး..၊ ချစ်ခန်းကြိုက်ခန်းက ပြဇာတ်ဆန်လွန်းနေပြန်တော့ အိမ်မက်ထဲမှာပင် ရှက်စနိုးရှိရပြန်လေသည်။

+++++++++++++++++++++++++++++++++++++++++++++++

(၃)

ရုံးသွားဖို့ မညိုလာနိုးတော့ အဟုတ်ပင် ခေါင်းတွေက ထူမ မရအောင်ကိုက်ခဲ အုံဆိုင်းနေခဲ့သည်။ အို ဒါပေမယ့် နည်းနည်းနေသာတာနဲ့ ကောင်လေး ရှိရာကို မေးစမ်းသွားမှာပဲလို့ ကိုယ့်ဘာသာ ကြိမ်းဝါးနေမိ၏။
“”ဥမ္မာ ရုံးမသွားဘူးလား၊ ထတော့လေ” ဆိုသောမညိုအသံကို တုန့်ပြန်မနေချင်တော့ပါ..။ လိမ်ညာရန် အနည်းငယ်ညံ့သလို ထွင်းဖေါက်မတတ် တရားခံကြည့်ကြည့်တတ်သော မညို၏ အကြည့်တွေကိုလည်း ရင်ဆိုင်ဖို့ စိတ်ညစ်ညူးလှပြီ..။
“”အိုကေ ဒါဆို ငါလည်းဒီနေ့ မနေ့ကမှ slabလောင်းထားတော့ အလုပ်အားနေတယ် ၊ ခွင့်ယူလိုက်မယ် ၊ ဟေ့ကောင် တို့တွေ ရုပ်ရှင် သွားကြည့်ကြမယ်လေ.. ”
အသံကုန် ဟစ်အော်ပစ်ချင်စိတ်ကို ချုပ်တည်းပြီး မညိုကို စိတ်ပျက်လက်ပျက် ကြည့်နေမိတော့သည်။ အေးအေးလူလူ စာတစ်အုပ်ဖတ်ပြီး ကုတင်ပေါ်မှာ ၀မ်းလျားမှောက်နေတဲ့ မိန်းမဟာ ကင်းစောင့်နေတဲ့ ရဲသားတစ်ယောက်လိုပဲဟု ဒေါသတကြီး တွေးတောရင်း မျက်ဝန်းကို စုံလိုက် တင်းတင်း မှိတ်ထားလျက်နှင့် အိပ်ချင်ယောင် အထပ်ထပ်ဆောင်နေလိုက်မိ၏။
ဘာရယ်မှန်းမသိပဲ ၀မ်းပမ်းတနည်းကြီးဖြစ်လာပြီး ဗြုန်းကနဲရေချိုးခန်းထဲဝင်လိုက်တော့ မညိုက ခေါင်း ထောင်ကြည့်နေ၏။ အဲဒီ့မိန်းမဟာ ဖေဖေက အပ်ထားတယ်ဆိုတာနဲ့ နေရာတကာဆရာမကြီးလုပ်ချင်လွန်းတယ်။ သူ့ချစ်သူ “ကျော်“ နဲ့ဖုန်းပြောနေတဲ့ အချိန်လောက်ပဲ မျက်ဝန်းတွေက ရည်လဲ့ချိုမြနေတတ်ပြီး ကျန်တဲ့အချိန်တွေအားလုံးမှာ လိုတာထက်ပိုပြီး တင်းပြတ်မာကျောလွန်းလှတယ်၊ သိပ်အမြင်ကပ်စရာကောင်းတာပဲဟု တွေးလိုက်မိသည်။
အို ဒါပေမယ့် အစစအရာရာ အနစ်နာခံ ကူညီခဲ့တာတွေ၊ သင်ကြားဖေးမခဲ့တာ တွေကိုကျတော့လည်းမေ့ထားလို့ မရပါဘူးလေလို့ သက်ပြင်း တစ်ချက်ရှိုက်လိုက်ရင်းရေရွတ်မိပြန်၏။ ဟုတ်သားပဲ မညိုသာ ဒီဆိုဒ်မှာ မရှိခဲ့ရင်ဒုက္ခလို့ တွေးမိပြန်တော့ မညိုကို အားတွေနာနေမိ၏။
မညိုသာဆိုရင် ဘယ်သူမရှိရင်ဒုက္ခဆိုတဲ့အတွေးမျိုးတစ်ခါမှ တွေးဘူးလိမ့်မည် မထင်ပါ..။

+++++++++++++++++++++++++++++++++++++++++++++++

(၄)

ကိုယ့်ကိုကိုယ်ဂရုစိုက်လွန်းပြီး အလှအပခုံမင်လွန်းသူမို့ မညိုက တွေ့တွေ့ချင်း ကြည့်မရပါဟု ၀န်ခံတော့၊ ကတုံးဆံပင်ပေါက်နဲ့ မျက်နှာထားတင်းလွန်းလို့ အမြင်ကပ်ခဲ့ကြောင်း ပြန်လည်ချေပပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မောခဲ့ကြဖူးသည်။ ဘယ်လိုမှ ခွဲလို့မရအောင် ခင်မင်သွားကြခြင်းက ဘယ်အချိန်မှာ စတင်သွားကြသလဲ သတိမထားမိကြပေမယ့် တော်တော်ကို ခင်မင်နေကြတာကတော့ဖြင့် အသေအချာပင်။
လိုင်နာဆေးနက်ချယ်သစရာမလိုပဲ မည်းနက်စိုလက်နေသော မညိုမျက်ဝန်းတွေကို သိပ်လှတာပဲလို့ အားကျမိသလို ၊ ရရှိထားတဲ့ အင်ဂျင်နီယာဘွဲ့နှင့် လိုက်လျော ညီထွေလွန်းစွာ ထက်မြက်တက်ကြွလွန်းသော ၊ ယောက်ျားများနှင့်တန်းတူ အပင်ပမ်းခံနိုင်သလို ၊ ဦးဆောင်ဦးရွက်ပြုနိုင်သော ၊ ဆုံးဖြတ်ချက်ပြတ်သားသော မညိုကို လေးစားမိပြီး အလိုလိုကို ချစ်ခင်ကြောက်ရွံ့နေခဲ့မိသည်။
ရှပ်အင်္ကျီလက်ရှည်၊ဂျင်းဘောင်းဘီခပ်နွမ်းနွမ်းနှင့် အမြဲလိုမျက်နှာပြောင်နေတတ်သော မညိုကိုကြည့်ပြီး အလှပြင်ရမှာရှက်လာ သလိုလို ပင်ဖြစ်မိသည်။ “ငါတို့က အင်ဂျင်နီယာ၊ အင်ဂျင်နီယာဆိုတာ သူများလို လှလှရွရွလေးနေလို့မရဘူး..၊ လေဘာနဲ့တမ်းတူ လုပ်သင့်လုပ်ရမှာ“ ဆိုတဲ့ မညိုခံယူချက်ကြီးကိုတော့ နှာခေါင်းရှုံ့ချင်မိသည်။ ဘာပဲဖြစ်ဖြစ် အလှကတော့ ပြင်မှာပဲလို့ ခပ်ကပ်ကပ်ပြန်ပြောမိတော့ မညိုက ငြင်းခုန်မနေတော့ဘဲ အေးပါ မင်းသမီးရယ်ဟပြင်ပါ ပြင်ပါ ဟု အငေါ်တူးခဲ့ဖူး၏။ ဒါပေမယ့်မညိုပြောလွန်းလို့ သိမ်းထားရသော ၀တ်စုံများကတော့ များလှပြီဖြစ်သည်..။
”ဥမ္မာ ရှင်က တကယ့်တကယ် Foundation ကစတဲ့ အလုံးမှာနေရမှာ ၊ ဒါအခွင့်အရေးတစ်မျိုးပဲ.၊ အင်ဂျင်နီယာပေါက်စတစ်ယောက်ဟာ အဆောက်အဦတစ်လုံးကို အစအဆုံးဆောက်ခွင့်ရလိုက်တာ သိပ်ကံကောင်းတာ..၊ ဘာလို့ Finishing ၀င်နေတဲ့ အလုံးမှာနေနေရတာလဲ ”
နေပူလွန်းလို့ အသားမည်းမှာစိုးတယ်ဆိုပြီး PM ကို မရရအောင်ပြောပေးဖို့ ဖေဖေကို အပူကပ်ဂျီကျခဲ့ရကြောင်း မညိုကို ပြောမပြာမပြရဲပါ။ တစ်နေ့တစ်နေ့ နေပူထဲမဆင်းတာတောင် အသားတွေက သိပ်ကို ခြောက်သွေ့ ညိုညစ်ချင်နေပြီ..။ ဆရာမအသစ်လေးက သိပ်ချောတာပဲဆိုသော မှတ်ချက်ကို လူတိုင်းဆီက ကြားချင်နေမိသည်လေ..။
အို….၊ ကြားရရုံတင်ဘယ်ကမလည်း..၊ မျက်ဝန်းတစ်စုံကတော့ ခိုးကြောင်ခိုးဝှက်နှင့် တစိမ့်စိမ့်ငေးရီ နေတတ်ပြီး ၊ ဆတ်ကနဲ အမိဖမ်း လိုက်တိုင်း ရှက်လန့်တကြား မျက်လွှာကို ချချ ပစ်တတ်တာ..။
ရီဝေရွှန်းလဲ့နေလွန်းသော မျက်ဝန်းအစုံကြောင့် ကောင်လေးကို စိတ်ဝင်တစားရှိသွားခဲ့တာပါလို့ တစ်ယောက်ယောက်ကိုတော့ ၀န်ခံလိုက်ချင်ပါသည်။

+++++++++++++++++++++++++++++++++++++++++++++++

(၅)။

နီရဲ ဖွာလွင်နေသောဆံပင်ပျော့ပျော့တွေကို ဘီးကုတ်တစ်ခုနှင့် အမြဲလိုလှန်တင်ထားသည့်ပုံစံလေးက ဘာရယ်မဟုတ်ပဲ သိပ်ကြည့် လို့ကောင်းတယ်ဟု ထင်နေမိခဲ့သည်။ အတော်လေး ဖြူဝင်းပုံပေါ်သည့်အသားအရည်ကနေတွေလောင်ပြီး ညိုရဲနေသော ကျောပြင်ပြန့်ပြန့်ပေါ်က ချွေးစက်တွေ အတွက် သနားနေခဲ့မိသေး၏။
ဆရာမ ကြွေပား ကော်နာချောင်းတွေထုတ်ချင်လို့ ဆိုသော ခပ်ဝဲ၀ဲနှင့်တိုးလျသောအသံကို လည်းစိတ်ဝင်စားမိပြန်သည်။
မြင့်မားဖြောင့်စင်းသော ကိုယ်နေဟန်နှင့် ဇာတ်လိုက်ဆန်သော ရုပ်ရည်ကဖြင့် သိပ်ကို ရင်ခုန်စရာကောင်းနေတာပေါ့ကွယ်..။ သူရှိရာ အရပ်ကို အစစ်အဆေးထူနေမိတိုင်း ပြာယာခတ်နေတတ်သော ပန်းရန်ခေါင်းကိုတော့ဖြင့် အမြင်ကပ်လှပါသည်လေ..။
မသိမသာလေးခိုးဝှက်ကြည့်နေတတ်မှန်း အမှတ်တမဲ့ဟန်နဲ့ ဝေ့ဝေ့သွားမိသော အကြည့်များမှတဆင့် သိရခြင်းဖြစ်ကြောင်း မညိုသိရင် အပြတ်ဟားပေလိမ့်ဦးမည်ထင်ပါသည်။
“ဟေ့ တို့ကတော့ ကိုယ့်ကို ကြိုက်တဲ့လူများမှာ ကို သိပ်ရှက်တာပဲ..။ စဉ်းစားကြည့်လေ..၊ ကြိုက်တယ်ဆိုကတည်းက ရီးစားလုပ်ချင်လို့ ၊မိန်းမတော်ချင်လို့ ၊ ပါး ပါး လေး ပဲစဉ်းစားကြည့် ၊ ကိုယ့်ကို ဟိုလူက ရီးစားလုပ်ချင်ပါတယ်..၊ဒီလူက မိန်းမတော်ချင်ပါတယ်လို့ ခဏခဏအပြောခံနေရတဲ့ကိစ္စ“
မညိုက နစ်နစ်ပျစ်ပျစ်ပြောတော့ မညို မညစ်စုပ်နဲ့နော်လို့ ကုန်းအော်ပြီး ရယ်မောခဲ့ရသေးသည်။
အဲဒီ့လိုမဟုတ်ဘူးမညိုရဲ့..။ မျက်ဝန်းချင်းစိမ့်ကနဲလေးဆုံလိုက်တာကတောင် ရင်ခုန်ဆွတ်ပျံ့ချင်စရာကောင်းနေခဲ့တာ..။ ဖျတ်ကနဲတွေ့ လိုက်ရရုံနဲ့ တောင် ပြည့်စုံနေပျော်သွားခဲ့တာလို့ မညိုမကြားအောင် တိုးတိုးလေးပြောနေရသေး၏။ အိမ်မက်ထဲမှာ ပါလာခဲ့ရင်တော့ နေရင်းထိုင်ရင်း တဟင်းဟင်းရယ်မောချင်နေခဲ့၏။ ကောင်လေးဟုသော ပညတ်ချက်က တစ်ယောက်တည်းတမြတ်တနိုးခေါ်ကြည့်နေမိတတ်သော နာမ်စား တစ်ခုဖြစ် မှန်း မသိ ဖြစ်နေခဲ့သည်လေ..။ အို သူ့ မျက်ဝန်းတွေကို အမိအရဖမ်းရတာလောက် စိတ်ဝင်စားစရာကောင်းတဲ့ကစားနည်း မရှိတော့ဘူးထင်ပါရဲ့ ကွယ်..။
အငယ်ဆုံးတစ်ဦးတည်းသောသမီးမို့ အရိပ်အကဲကို အမြဲလို စောင့်ကြည့်နေတတ်ပြီး ဘာတွေ ရေးထားသလဲ ဖွင့်ဖွင့်ကြည့်တတ်သော မေမေ မရှိသည့်အရပ်မှာ ကဗျာ တိုတိုစစလေး တွေကို အဲဒီ့ရင်ခုန်ဆွတ်ပျံ့ခြင်းတွေနဲ့ ရေးတတ်နေခဲ့ပြီ..။
မူလတန်းကျောင်းသူဘ၀လို ရန်ကုန်က ကားမှတ်တိုင်နှစ်တိုင်စာလောက်သာဝေးသည့် ကျောင်းနှင့်အိမ်ကို အပို့အကြိုတွေ လုပ်နေသည့် အကိုတွေ ရှိမနေတော့သောအရပ်ဟာ သိပ်လွပ်လပ်နေတာပဲဟု မကြာခဏ တွေးနေမိခဲ့သေးသည်။
စိတ်ပါပါ မပါပါ စာတွေကို ကုန်းရုန်းကျက်စရာမရှိတော့တဲ့ ၊ နယ်က အိမ်ကြီးရဲ့ မီးဖိုဆောင်သာသာလောက်ပဲရှိတဲ့ ဒီအဆောင်တိုက်ခန်းကျဉ်းလေးက သိပ်ကို စိတ်ကူးယဉ် ချင် စရာကောင်းပြီး ၊ချစ်စရာကောင်းတာပဲဟုပင် မကြာခဏတွေးတွေးနေမိသေး၏။
အို လေ...လရောင်အောက်မှာ မန်မယ့် ဆူမယ့် သူမရှိတွေးတောလွင့်မျောခွင့်ရနေတာ ဘယ်လောက်များ ကောင်းလိုက်လဲကွယ်..။
တကယ်တော့ ရှိန်းမြနေသော ပါးရိုးစိမ်းစိမ်းကိုဖြင့် ရဲရဲမကြည့်ရဲခဲ့ပါ..။
အလုပ်သိမ်းချိန် ရေမိုးချိုး၊ အ၀တ်အစားလဲထားသောပုံရိပ်ကို လွှတ်ကနဲငေးရီသွားမိခြင်းကို တစ်ယောက်တည်းရှက်လန့်တကြား ဒေါသထွက် နေခဲ့ရသေးသည်။ ဆရာမ သူက မင်းသား ဆရာမရဲ့ ဆိုသော ပန်းရန်ခေါင်း၏ စကားကို မကြားချင်ယောင်ဆောင်ရင်း မလုံမလဲနှင့် မျက်နှာကျောကို လိုတာ ထက်ပိုမိုတင်းမာထားခဲ့ရသေးသည်လေ..။
တစ်စ တစ်စ နှောင်ဖွဲ့ လာခြင်းပမာဏကို ဆန်းစစ်မကြည့်ချင်ခဲ့ပါ...။
အို ဆန်းစစ်ဖို့ကို မစဉ်းစားမိတာပါ..။ စဉ်းစားဖို့အသိတောင်မရှိတော့ဘူးထင်ပါရဲ့..။
ဒီလိုမျိုးရင်ခုန်နေရတာကို အရသာတစ်ခုလို စွဲလမ်းနေခဲ့တာကလွဲပြီး ဘာတစ်ခုကိုမှ မတွေးချင်ပါ၊ မတွေးဘူး ဟု တစ်ယောက်ထဲ ရောက်ယက် ခတ်လွန်းစွာ အကြိမ်ကြိမ်ရေရွတ်မိသည်များကို မညို မရိပ်မိ မသိရှိနိုင်ဟုပဲ ထင်နေမိခဲ့၏။

+++++++++++++++++++++++++++++++++++++++++++++++

(၆)။

ဖြစ်နိုင်ရင် မနေ့ကအကြောင်းကို ဘယ်လိုမှ ပြန်မစဉ်းစားချင်ပါ..။ ချက်ချင်းပင် အသည်းနှလုံးရှိရာအရပ်က စူးစူး နစ်နစ်အောင့်မျက် လာသလို ပင်ထင်မိသည်။
ထိုနေ့က မိမိတာဝန်ယူရသော အဆောက်အဦးအား အအပ်လက်ခံရန် PMမမ ၏ ပဏာမစစ်ဆေးရေးဝင်မည်မို့ ရင်ခုန်လှုပ်ရှားရလွန်း၍ ကောင်လေးကိုပင်မေ့လျော့နေမိသည်ထင်ပါသည်။ လိုအပ်ချက်၊မှာကြားချက်များကို ရေးမှတ်ရန် စာအုပ်နှင့်ဘောပင်ကို ကိုင်ထားသောလက်အစုံပင် ထုံကျဉ် အေးစက် နေသလိုထင်မိ၏။ တစ်ချက်ကလေးမှ လှည့်ကြည့်ဖေါ်မရသော မညိုကို စိတ်တိုနေလိုက်မိသေး၏။
"ဟင်ဒါကဘာတွေလဲ" ဟူသော PEမမ၏အသံကြောင့် ထိတ်ကနဲနေအောင် အလန့်တကြား ခေါင်းထောင်ကြည့်လိုက်မိ၏။ နေရာမှ အရုတ်ကြိုးပြတ်ပုံ လဲကျချင်သွားလောက်အောင် ရှက်လန့်တုန်လှုပ်သွားခဲ့မိ၏။ စူးစူးဝါးဝါးစိုက်ကြည့်လာသော PE ၏ အကြည့်ကို ဘယ်လိုမှရင်ဆိုင် မကြည်ရဲပါ..။ အို ဘယ်သူ့ကိုမှ မကြည့်ရဲခဲ့တာပါ..။
“ဆရာမ မဥမ္မာ ကို သိပ်ချစ်တယ်..။ အဆင့်အတန်ူချင်းမတူပေမယ့် ကျွန်တော်မျိုသိပ်.....၊
“ အို။နောက်ပြီး ဘာတွေရေးထားသေးလဲ...။ မသိတော့ပါ..။ ဖိုင်နယ်သုတ်ထားပြီးသား ရေဆေးနံရံပေါ်မှာ ခဲသားနက်နက်နဲ့ ရေးထားတဲ့ ခပ်ညံ့ညံ့လက်ရေးတွေလို့ပဲ အသိဝင်လိုက်မိတော့သည်။
သတိထားမိတော့ ရုံးခန်းကစားပွဲပေါ်မှာ အပ်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။ လောလောဆည် ဘာတွေ ခံစား နေရမှန်း မသိအောင် ထူပူနေတဲ့ ကျောပြင်ကို မညိုက ကြင်ကြင်နာနာသိုင်းဖက်ထားခဲ့၏။
”ကဲ ကိုလှဦး.၊ ဒီအဆောက်အဦးမှာက ရှင်တို့ ပန်းရန်အဖွဲ့ပဲ လက်စသတ်ရှိနေတာ..။ ဒါ အင်ဂျင်နီယာမိန်းကလေးတွေကို မထေမဲ့မြင် မလေး မစား လုပ်တာပဲ..။ သူတို့ဟာ ကျောင်းခုမှဆင်းပြီး အသက်အရွယ်ငယ်သေးပေမယ့် ရှင်တို့ရဲ့ အရာရှိ ၊ ရှင်တို့ရဲ့ ဆရာသမားတွေပဲ ၊ရှင်တို့လေးစားရမယ်..။ ဒါကျွန်မတို့ ကုမ္ပဏီကိုပါ စော်ကားသလိုပဲ ၊ ရှင်ဘယ်လိုလုပ်ပေးမလဲ..။”“
”ဟုတ်ကဲ့ပါ ဆရာမရယ် ၊ ကျွန်တော်တောင်းပန်ပါတယ် ဆရာမရယ်..။ ကျွန်တော်ဆရာမတို့ရှေ့တင် ဆုံးမဖို့ အကုန်လုံးကို တစ်ခါတည်း ခေါ်လာခဲ့ပါတယ် ။ဟေ့ကောင်တွေပြောစမ်း ဘယ်သူလက်ကမြင်းတာလဲကွ ၊ ငါ့ အရှက်ကိုခွဲတဲ့ကောင်ဘယ်ကောင်လဲ”
ပန်းရန်ခေါင်းကိုလှဦးရဲ့အသံကတော့ တော်တော်ကို စွာရိုင်းလွန်းနေပြီး..၊ သိပ်အမြင်ကတ်စရာကောင်းတာပဲလို့ တွေးနေမိသေး၏။ မျက်နှာကိုတော့ ဘယ်လိုမှ မဖေါ်ဝံ့အောင်အပ်ဝှက်ထားမိရင်း မညိုက မငိုနဲ့တော့လေ..၊ဒါငိုစရာမှ မဟုတ်တာဆိုသည့်ကြားက တငင်ငင်ရှိုက်နေမိ၏။
”ကျွန်တော်ပါ.. ”
အို ခပ်ဝဲ၀ဲအသံ တစ်သံ ။ ရင်ပြင်က ထိမ်းသိမ်းလို့မရအောင်ကို ပရမ်းပတာနိုင်သွား၏။ ဆတ်ကနဲခေါင်းကို ထောင်ကြည့်လိုက်မိတော့ ကျွန်တော်ဦးကွာ ဆိုသံနဲ့ ခွပ်ကနဲ အသံက တဆက်တည်းလိုပေါ်သွားပြီး တစ်စုံတစ်ရာဆုံးဖြတ်ချက်တွေနဲ့ ရဲရင့်ခိုင်မာနေသော ကောင်းလေး၏ မျက်နှာက နောက်သို့လန်သွားခဲ့၏။
အို မလုပ်ပါနဲ့လို့ လွှတ်ကနဲ ပြောမိသွားမလိုပေမယ့်၊ တပြိုင်တည်းရှက်ဒေါသတွေနှင့် နာနာ ကျဉ်းကျဉ်းကြည့်လိုက်မိ၏။
နှာခေါင်းထဲက ထွက်လာသော သွေးစီးကြောင်းတွေကို အေးအေးဆေးဆေးသုတ်နေသော ပုံသဏ္ဍန်က ခုပင်ရှေ့မှာ လာရပ်နေသလိုပင်..။
”ဟေ့ ကိုလှဦး ၊ ခင်ဗျားဒီလိုဖြေရှုင်းရမယ့်နေရာမဟုတ်ဘူး၊ ဒါရုံးခန်း..၊ သူဝန်ခံနေပြီး မဟုတ်လား..၊ နောက်နေ့သူ့ကိုမတွေ့ချင်တော့ဘူး..”
” တောင်းပန်ပါတယ်ဆရာမရယ်.. ကျွန်တော် ဒေါသထွက်လွန်းလို့ပါ.. ၊ ဟေ့ကောင်မင်းအခု ဆိုဒ်ထဲက ထွက်သွား၊ သွား မင်းမျက်နှာ ငါမကြည့်ချင်ဘူး.. ”
”ဆရာမလေး အဲလောက်ငိုမနေပါနဲ့ဆရာမလေးရယ်..။ ဆရာမလေး သိပ်ရှက်သွားမှာပါ...။ ကျွန်တော်တောင်းပန်ပါတယ် ဆရာမလေးရယ် ၊ ဆရာမလေးကို လူကြားထဲမှာအရှက်ခွဲသလိုဖြစ်သွားတာပေါ့..။ ဒီကောင်က အမဲရိုးဟင်းအိုးမှ အားမနာဆိုတာမျိုးလုပ်တာ ဆရာမလေးရဲ့... ”
တစ်စတစ်စ ဝေးသွာသောကျောပြင်ကို ဘယ်သူ့ကိုမှ ဂရုမစိုက်မိဘဲ ငေးရီကြည့်လိုက်မိသလား လည်း မသေချာပါ ။
ဒေါသတကြီးပေါက်ကွဲနာကျည်းချင်နေတာလား...သနားနေတာလား..ရှက်ရွံ့နေတာလား..။ အော်ဟစ်ရန်တွေ့ပစ်ချင်နေတာချင်လား...
အို ဖြစ်နိုင်ရင် အသံကုန်ဟစ်ပြီး အော်ခေါ်ပစ်ချင်နေတာလား..။ဘာ..မှမသေချာပါ..။
ပုခုန်းစွန်းကို ခပ်တင်းတင်းဆုတ်လိုက်သော မညိုလက်တွေကြောင့် ဆတ်ကနဲပင်တုန်ရီသွားမိပြီး.. ၊
မသိဘူး သွားကြ..၊ သွားကြ ထုံးစံအတိုင်း တအိအိ ငိုရှိုက်မိပြန်သည်လေ..။

+++++++++++++++++++++++++++++++++++++++++++++++
(၇)။

စီးကျလာပြန်သောမျက်ရည်စီးကြောင်းများကို စိတ်မရှည်ချင်တော့ ။
သူမဟာ သိပ်ကိုမုန်းချင်စရာကောင်းလော်ကအောင် အငိုသန်လွန်းပါသည်လေ..။
ဒီလိုမျိုး လုပ်ရကောင်းလား ဟုတွေး မိပြန်တော့ အစကတည်း သူက....ဆိုပြီး..... အဆုံးသတ်သွားပြန်သည်။
ဒါ သူရဲ့ မထိမ်းချုပ်နိုင်စွမ်းတော့တဲ့ခံစားချက်တွေကို ဖေါ်ပြတတ်သလို...၊ အို... တစ်ယောက်တည်းပဲဖတ်မိမယ်ထင်ပြီးလုပ်တာဖြစ်မှာပါ.။
အို သူက ငါ့ကို ချစ်သတဲ့ ။
ဘာပဲဖြစ်ဖြစ် သွေးစက်လက်နှင့် ခေါင်းငိုက်စိုက်ချ၍ပြန်သွား သောမြင်ကွင်းကဖြင့် နှလုံးအိမ်တစ်ခုလုံးကို ဖျစ်ညှစ် ဆုတ်ကိုင်ထား သလိုပဲဟုထင်မိ၏။ ဖြစ်နိုင်ရင် မနေ့က တစ်ရက်ကို စာရွက်ဆစ်ရွက်လိုဆွဲဆုပ်ပစ်လိုက်ပြီး ၊ ဖြစ်နိုင်ရင်ခပ်ဝဲ၀ဲအသံတိုးဖွဖွလေားအောက်က ပူနွေးရီဝေစရာ အကြည့်စူးစူးလေးတွေကို ဒီ့အတိုင်း ရပ်တန့်ထား လိုက်ချင်တော့တာပဲဟု တမ်းတမ်းမွတ်မွတ် ကြေကွဲနေမိပြန်လေသည်။
အမှန်တကယ်ဖြစ်သင့်တာဘာလဲ..။ မသိ ဟုချည်းပင်အဖြေကထွက်နေပြန်သည်။
အို တကယ်ဆို လိုက်သွားရမှာ မဟုတ်ဘူးလား..။၊ တစ်ယောက်ယောက်ကို သူ့လိပ်စာသာမေးလိုက်ရင်ဝမ်းသာအားရပေးလိုက်ကြမှာ..။
ဟုတ်တယ် ဘယ်သူတွေဘာပြောပြော ။
အားနည်းနွမ်းပါးလွန်းတဲ့ သူ့ ဘက်က အင်အားတစ်ခုအနေနဲ့...။
ဒါဆို...။
ဒါဆိုရင်တော့...။ သူမကို အင်အားကြီးကြီးနဲ့ဝင်ဆောင့်လာသော...တစ်စုံတစ်ရာများစွာကြောင့် သူမ တုန်လှုပ်လာသွားမိ၏။ ဟင့်အင်း....မဟုတ်ပါဘူး...ငါက ဘာလို့သွားတွေ့ရမှာလဲ.....
ဘာဆိုင်လို့ ငါကသွားတွေ့ရမှာလဲ.....
ဦးခေါင်းတစ်ခုလုံးနောက်ကျိလာပြန်သည်။ အသံကုန် အော်ဟစ်ပစ်ချင်လာမိ၏။
ဧည့်ခန်းထဲမှ အာကျယ်ကြီးနှင့်ရယ်မောနေသော မညိုအသံကြောင့်စိတ်တိုသွားမိပြန်သည်။ သူရှုပ်လို့ ၊ ညကစဉ်းစားထားတဲ့အတိုင်း လုပ်ပစ်လိုက်ချင်တာ၊ နောက်မှ ဖြစ်ချင်ရာဖြစ်အေးရော ဟု ညစ်ကပ်ကပ်တွေလျှောက်တွေးပစ်လိုက်သည်။
“ဟေး မာဥုံမိရေ.. ဒီမှာ ဘယ်သူလဲ လာကြည့်ပါဦး..။ “
စိတ်ရှုပ်ရှုပ်နှင့်ပင် ခေါင်းထွက်ကြည့်လိုက်တော့ ဖေဖေ
ဗြုန်းကနဲ အိပ်မက်ကလန့်နိုးလိုက်သလို လှုပ်ရှားသွားမိ၏။
ရင်ပြင်တစ်ခုလုံး လှိုက်တက်လာပြီး ရုတ်တရက်ကြီးကို ကြေကွဲဝမ်းနည်းလာသလိုမျိုး ၀ရုန်းသုန်းကား ဖေဖေ့ရင်ခွင်ဆီပြေးဝင်ပြီး ရှိုက်ကြီးတငင်ငို မိတော့ ဖေဖေက ကြင်ကြင်နာနာ ပွေ့ဖက်ပေးထား၏။
“သမီးငယ် ဘာလို့ငိုနေတာလည်း ၊ ကလေး မဟုတ်တော့ဘူးနော် ၊ “ ဆိုသော စကားကို
“ဖေကြီးက မလာတာကြာလှပြီ၊ သမီးက လွမ်းတာပေါ့ “ လို့ ချွဲချွဲပျစ်ပျစ် ပြန်ပြောရင်း
ဖေဖေ့အိပ်ထဲမှာ ဘာတွေပါလာသလဲ ရှာဖွေနေမိတော့ မညိုက သူမကို ရယ်စစလှမ်းကြည့်လို့နေပြန်သည်.။
မညိုကို .မျက်စောင်းဝဲရင်း ငါတို့ဆယ်နှစ်တုန်းက အပြုအမူအတွေးအခေါ်တွေဟာ..
အသက်၂၀မှာရယ်စရာကောင်းနေသလိုမျိုးဆိုသောညကပြောသည့်မညို့စကားက
ဗြုန်းကနဲနားထဲတိုးဝင်လာတော့..သူမစိတ်ပျက်ချင်ဖွယ်ရာမျက်ရည်တွေကြားက တခစ်ခစ်ရယ်မောချင်လာသည်.။

+++++++++++++++++++++++++++++++++++++++++++++++

(၈)။

သက်တံ့သည်အရောင်စုံနေသည်..။
လှပစွာကွေးညွှတ်လို့နေသည်..။
ထူးဆန်းပြီးမှော်ဆန်သော အရိပ်အငွေ့များယှက်သန်းလင်းဖြာနေပေလိမ့်ဦးမည် ။
သူမက ထိုသက်တံ့ကို အိပ်မက် မက်ခဲ့ခြင်းသည် အိပ်မက်တစ်ခုသာဖြစ်လေမည်..။
အိပ်မက်ထဲမှာ ရှိုက်ကြီးတငင်ငိုချင်ငိုနေရပေလိမ့်မည်..။
နိုးထလာချိန်တွင် မျက်ရည်များ..ပါပြင်တွင် စိုစွတ်ပူနွေးဆဲ ဖြစ်ချင်ဖြစ်နေပေလိမ့်မည်..။
အိပ်မက်ထဲကဝေဒနာများက နိုးထလာချိန်အထိ နှလုံးအိမ်ထဲနာကျဉ်နင့်နည်းဆဲဖြစ်ပေလိမ့်ဦးမည်...။
ဘ၀ဆိုတာ အိပ်မက်နှင့် ရောစပ်ချုပ်သီထားသော ၀တ်စုံတစ်စုံဖြစ်ကောင်းဖြစ်နေမလား...
အမှန်တကယ့်ကို သူမ ရယ်ရယ်မောမောငိုကြွေးခဲ့ဖူးပါသည်..။


အိန္ဒြာ
(ကလျာမဂ္ဂဇင်း)

October 30, 2009

အမဲလိုက်အက

မြို့ပြလို့ပြောလည်းပဲ
အမှန်တကယ်တမ်းတော့
တောနက်ကြီးတစ်ခုလိုပါပဲ
နိုင်သူစားစတမ်းပေါ့
ရှုံးနိမ့်ခြင်းကချုံခိုစောင့်ဆိုင်း
ထောင်ချောက်တံခါးဖွင့်သံတွေ
ရှပ်ကနဲ …
လေတိုးသံတစ်ချက်က
မြားတစ်စင်းများ ဖြစ်နေမလား
စိုးရိမ်ရ …
မျက်တောင်မခတ်စတမ်း
ခလုတ်မောင်းဖြုတ်သံပဲ နားစွင့်နေရ
ဒီလိုပဲ နေသားကျခဲ့
အသက်မှန်မှန်ရှူရင်း …

ငါကိုယ်တိုင်မသေချာတယ်
ဘယ်လိုများလဲ …
မုဆိုးဖြစ်လိုက် သားကောင်ဖြစ်လိုက်
တစ်ချက်ကလေးမှ
တွေဝေချိန်မရပါလား
ဝင်လာတဲ့ဓားသွားတွေက … မြန်တယ်
ရက်စက်တယ် …
ဒီလိုပဲ ဆောင်ဓားတစ်လက်လည်း
ဓားအိမ်ထဲပြန်ဝင်ခွင့်မရခဲ့
ထိုးခုတ်သတ်ပုတ်ရင်း …
လိုက်ရင်းပြေးရင်း …

အမဲလိုက်အက
စင်မြင့်ထက်က ရှုံးတဲ့သူလဲကျမယ်
အမဲလိုက်အက
ခွန်အားရှိမှ ဆုတံဆိပ်တွေရလိမ့်မယ်

ဆင်လိုလို သမင်လိုလို
လူတွေကြားထဲ
ကျားရဲဖြစ်မှရှင်နိုင်မယ်
မျက်နှာဖုံးတွေအောက်က အစွယ်တွေက
ဝင်လာသမျှ အသေ …
သူတို့ကိုယ်သူတို့ အဲဒီလိုသွေးကြတယ်တဲ့
ဒီလိုပဲ ဖတ်ခဲ့ရတဲ့ သင်ခန်းစာ …
ကျုပ်မြင်ကွင်းထဲ ဝင်လာသမျှဟာ နေဝင်တယ်

ခွာရာတွေနာကျင်ပါစေ
ခံနိုင်ရည်မွေးထား
အတုံ့အလှည့်များတဲ့
ဒီမြို့ထဲ …
ဒဏ်ရာဗရပွနဲ့
သွေးအလိမ်းလိမ်းနဲ့
ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မလဲ

ကဲ … အခု
ဘယ်သူ့အလှည့်တုန်း …
လေးညှို့ကိုဆွဲတင်လိုက်တယ်
ကတိုက်ကရိုက် …။ ။

မြင့်မိုးအောင်

October 26, 2009

နီကိုရဲအတွက် လွမ်းသူ့ပန်းခွေ

အရေးပေါ်အချက်ပေးသံနဲ့
အထိတ်တလန့် လူနာတင်ယဉ်ပေါ်..
နီကိုရဲ ပါလာတယ်
သူ့အလွဲတွေ ပါလာတယ်
သူ့အနုပညာတွေ ပါလာတယ်
သူ့ပရိတ်သတ်တွေ ပါတယ်..
မကြည်ပြာနဲ့ နိုင်နိုင်ဝင်းလည်း..ပါ..ပါတယ်...။

ချစ်သူများ ၊ မုန်းသူများ
ရန်သူများ၊ မိတ်ဆွေများ.
အားလုံးကို
ပြတ်ပြတ်သားသား..
အနိုင်ပိုင်းချနိုင်တာဟာ..
သေခြင်းတရားပါပဲ..။

တကယ်က
၂၁ရာစုထဲမှာ
အနုပညာသမားတွေ
ကိုယ့်ကိုယ်ကို တရိုတသေသိမ်းဆည်းဖို့လိုအပ်တယ်
ခဏလေးနဲ့ ပျက်စီးယိုယွင်းသွားလောက်အောင်
ဘ၀ကို
အကိုင်အတွယ် မကြမ်းတမ်းသင့်ပေဘူး..

အခု
မောင်ချောနွယ်လို
ထူးအိမ်သင်လို
တာရာမင်းဝေလို
ဖေါ်မြူလာဆန်ဆန်
လူ့အဖိုးတန်နောက်တစ်ယောက်
ဆိုက်ရောက် ထွက်ခွာသွားပြန်ပြီ....။

သူက
သူ့အနုပညာနဲ့ကော့ပျံစေတဲ့နှုတ်ခမ်းတွေကို
သူ့အသက်နဲ့ ဆွဲကွေးချခဲ့တာ။

အဲဒီ့နေ့..
ပူပင်သောကတွေနဲ့
တရှိန်ရှိန် တံလျှပ်ထနေမယ့်
သုဿန်မြေပေါ်မှာ..
နီကိုရဲ အခိုးအငွေ့တွေ
တိမ်တိုက်ထဲ တိုးဝင်နေပုံက..
ဘယ်လောက် ကြေကွဲဖွယ်ရာကောင်းနေလိမ့်မလဲ...

သေခြင်းတရားတဲ့.....
တံခါးလေးတွန်းဖွင့်ထွက်သွားသလို
လွယ်ကူမြန်ဆန်လွန်းလှတော့....

"ကိုရဲ..ရေ.."
နောက်ဘ၀ဆိုတာမှာ
လိုအင်ဆန္ဒအားလုံးပြည့်ပါစေ..။


အိန္ဒြာ
(၂၁.၁၀.၂၀၀၉)

October 24, 2009

ကမ္ဘာကြီး..လိုနေတဲ့.. ဓာတ်စာ

ကမ္ဘာရဲ့ရာသီဥတုအခြေအနေတွေက တစ်နေ့တစ်ခြားဆိုးဆိုးရွားရွားဖေါက်ပြန်ပြောင်းလဲနေလေတော့
၂၀၁၂ မှာ မိုးပြိုစရာမလိုပဲ ဂြိုလ်ဝင်တိုက်စရာမလိုပဲ..
ဂီလာနဆန်နေတဲ့ကမ္ဘာကြီးရဲ့ကျန်းမာရေးက အဆိုးဝါးဆုံးတစ်ခုခုနဲ့ကြုံကြိုက်လာနိုင်တယ်ဆိုတာ ခန့်မှန်းကြည့်လို့ရနေသလိုပါပဲ..။
အယင်ကလည်းဖြစ်ခဲ့တဲ့ အခုဖြစ်နေတာလဲပျက်ဦးမယ်ဆိုလို့
ဘုရားရှင်ကိုယ်တော်တိုင်ဟောကြားထားခဲ့တဲ့ကိစ္စကြီးတစ်ခုမို့
၂၀၁၂ သို့မဟုတ် တစ်နေ့နေ့ကတော့ သေချာနေပါတယ်..။

အဲသလောက်မြန်မြန်လို့မသိပေမယ့် ကဗျာတွေက နမိတ်ဖတ်တယ်ပြောမလား.....
အဲလိုဆန်ဆန်ကဗျာမျိုးတွေ ရေးဖြစ်ခဲ့တာတွေရှိနေပါတယ်..။

ရေကြီးလွှမ်းလွှမ်းမီးကြီးလောင်လောင်
ကမ္ဘာတစ်ခုပျက်လို့ နောက်ကမ္ဘာတစ်ခုစကြရင်
အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ ပြန်စမယ်...တို့..

ကဗျာဆိုတာ ကဗျာဆရာရဲ့သစ္စာဓိဌာန်
အဲဒီ့ သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံဖြစ်လိမ့်မယ်..တို့ ဘာတို့တွေ
ကြီးကြီးကျယ်ကျယ်တွေရေးခဲ့ဖူးပါတယ်..။

အခု သဘာဝဘေးအန္တရယ်တွေနဲ့ပတ်သက်ပြီး ဆူနာမီပြီးခါစ ရေးဖြစ်တဲ့ကဗျာလေးတင်ပေးချင်လို့ပါ..။
ကိုယ့်ကိုစင်ယုံတင်လာစင်တဲ့ မီးပွားဆိုတော့ ကဗျာတွေဘာတွေရေးနိုင်ခဲ့ပါသေးတယ်..။
နာဂစ်ကတော့ ကိုယ့်ကို ပြာကျသည်အထိဝါးမျိုလောင်ကျွမ်းလိုက်တဲ့ မီးတောက်ဆိုတော့..
ဘယ်လိုကဗျာတစ်ပုဒ်တစ်လေ..မှချရေးမရအောင် နင့်ခဲ နာကျင်နေခဲ့ရပါတယ်..။

++++++++++++++++++++++++++++++++++++++++++++++++++++++++++


ကမ္ဘာကြီး..လိုနေတဲ့.. ဓာတ်စာ

ခေတ်က သေနတ်ပစ်ကားတွေ ကြိုက်တယ်
အငုံစိတ်တွေ မှာသွေးဆာတယ်
သွေးရဲရဲ သံရဲရဲ အနုပညာ ပြကွက်တွေနဲ့
စိတ်အပန်းတွေ ဖြေကြတယ် ............... ။

အခု ကမ္ဘာကြီး ရှူရှိုက်နေတဲ့ လေထဲမှာ
အသားတွေ မီးလောင်ထားတဲ့ ညှော်နံ့တွေ ။
ယင်မ မဲယောင်းတွေ ပါတယ် ........ ။
ယမ်းမှိုင်းမိနေတဲ့ တိမ်တိုက်တွေ
အနုမြူရောင်ခြည်သင့် သစ်ပင် ပန်းမန်တွေ
အထိတ်တလန့် လွှင့်စင်သွားတဲ့ ၀ိညာဉ်တွေ
သွေးပျက်ချောက်ချားနေရှာတဲ့ မျက်ဝန်းတွေ ပါတယ် ........ ။
ကပ်ကြီးသုံးပါး တစ်ပြိုင်တည်း ကျတဲ့ ....... အထုံတွေ
ဖင်လိမ်ကွင်း အကနဲ့ စကားပြော ဂီတတွေ
ကျောက်ခေတ်ဆန်လာတဲ့ ဖက်ရှင်တွေ
အပွင့်လင်းလွန် လိင်ယဉ်ကျေးမှုတွေ
ပုံတူမျိုးပွား သန္ဓေသားတွေ ပါလာတယ် ................. ။

အတိုင်းမသိ တိုးတက် ထက်မြက်လာတဲ့ အသိပညာတွေနဲ့
တဖြည်းဖြည်း ခမ်းခြောက်တိမ်ကောသွားတဲ့ မေတ္တာဓာတ်တွေ ..........ပါလာတယ် ။
ထိပ်ဆုံးတန်းဝင် ချမ်းသာကြွယ်ဝ မှုတွေနဲ့
အပြီးတိုင် အငွေ့ပျံသွားတဲ့ သစ္စာတရားတွေ ........ ပါလာတယ်
ခလုတ်နှိပ်နည်းပညာတွေနဲ့ သံမဏိရောင် စာနာမှုတွေ.......... ပါလာတယ်
ရွာဖြစ်အောင် သံခိပ်လုပ်ထားတဲ့ လေလှိုင်းဆက်ဆံရေးတွေနဲ့
အတွင်းထဲလှိုက်လောင်နေတဲ့ အာဃာတဖွဲမီးတွေ ပါလာတယ် ..........

ကမ္ဘာမြေကြီးက သူ့အနံ့သူ သည်းမခံနိုင်လောက်အောင် အော့နှလုံးနာနေခဲ့ရှာတယ် ....... ။

သူ့ မျက်ရည်တွေ မိုးသည်းထန်စေတယ် ............
သူ့ နှလုံးသားတွေ အတိုင်း မိုးခေါင်ရေရှားတယ်
သူ့ အရေပြားကို ဆောက်တည်ရာမရလှုပ်ခါတယ် ........
သူ့ သက်ပြင်းချလိုက်တိုင်း သမုဒ္ဒရာတွေ လှိုင်းကြွတယ် ..........
သူ့ သောကတွေက ရေခဲတောင်တွေကိုတောင် အရည်ပျော်ကျစေတယ် ........ ။

ကမ္ဘာမြေကြီးဟာ ........
သူ့မှာပေနေတဲ့ အညစ်အကြေးတွေကို ဆေးကြောဖို့
သူ့ အပေါက်အပြဲတွေကို သူ ပြန်ဖာထေးဖို့
သူ့ အနာတရတွေသူ အလျင်အမြန်ကုစားဖို့
သူ့ဘက်မှာ ဘယ်သူ ရှိလေမလဲ .............

မရဲတရဲလေးတောင် လှပ်မကြည့်ဝံ့ရှာဘူး ...........။

အိန္ဒြာ

ပိတောက်ပွင့်သစ်မဂ္ဂဇင်း(၂၀၀၈)

++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကဗျာလေး ဖတ်တာကတော့ အပိုင်း(၁) လို့သဘောထားပြီး..အပိုင်း (၂)ဆက်ချင်ပါသေးတယ်...:P ။

တကယ်လို့ကမ္ဘာပျက်မယ်ဆိုရင်ပေါ့...ဆိုပါဆို့
"ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" ဆိုပါတော့...
ဘယ်လိုတွေ ခံစားတွေးတောမိမလဲ...ဘယ်လိုတွေနေထိုင်ကြမလဲ...
ရယ်ရင်းမောရင်းစဉ်းစားမိရာက ဗြုန်းကနဲ တည်တည်တံ့တံ့ ကြီးစဉ်းစားမိလာပါတယ်...။
နောက် သိလည်းသိချင်လာပါတယ်..။
ဆိုလိုတာက Tag အနေနဲ့ စပ်စုချင်လာပါတယ်..။
ကိုယ့်ချည်းအမေးခံနေရတာကြာနေပြီ..း(

(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

မိသားစုလို့ ဖြေလိုက်ရပေမယ့် မသေချာပါဘူး..။
ကိုယ့်ရှေ့မှာ ဘယ်လိုတွေခံစားသွားရမလဲဆိုတာမျိုး..ဘယ်လိုမှ ကြည့်ရက် တွေ့ရက်မယ်မထင်ပါဘူးးး။
ဖြစ်နိုင်ရင် ညာလက်နဲ့မေမေ့လက်ကို ဖေးမပေးထားပြီး
ဘယ်လက်နဲ့ မောင့်လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားချင်ပါတယ်..။
အဖြစ်ချင်ဆုံးက ဘယ်သူတွေ ဘာမှမဖြစ်ချင် ကိုယ်အရင်ဆုံးသေသွားတာမျိုးပေါ့။

(၂)။ဘာတွေခံစားနေရမလဲ..

သေရမှာ ကိုကြောက်ရမှာထက် ဘယ်လိုတွေဖြစ်မလဲ ဘာတွေဖြစ်မှာလဲဆိုတဲ့ စပ်စုလိုစိတ်တွေနဲ့
ယောက်ရက်ခတ်နေ လှုပ်ရှားတက်ကြွနေမှာပါ..။
(အထူးသဖြင့် ငါသေပြီးလို့မှ ရက်မလည်ခင်နောက်တစ်ယောက်ရှာနေမလားတို့..
မေမေအဆင်ပြေပါ့မလားတို့ စသဖြင့်နောက်ကြောင်းတွေမရှိ ရှုင်းရှုင်းလင်းလင်းသေရမှာဆိုတော့
သေရတာ ၅၀ရာခိုင်နှုန်းလောက်သက်သောက်သက်သာရှိမယ်ထင်ပါတယ်..။)

(၃).ဘာတွေပြင်ဆင်ထားမလဲ

ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုတော့ အပါယ်တံခါးပိတ်အောင် သောတပန်ဖြစ်ချင်ဇောနဲ့တရားစခန်းတွေ ၀င်မိဦးမယ်ထင်ပါတယ်..
သေချာတာ ဒီလိုစိတ်နဲ့မို့ ဘာမှဖြစ်မှာမဟုတ်ပါဘူးးးး။

(၄)၀မ်းနည်းမိမှာက

အခုထိဘာမှ မသိသေးတာကိုပါ..။
ဘာမှမသိသေးပဲသေသွားရမှာကိုပါ
ကိုယ့်နောက်ပါလာမယ့်အရာတွေကို ကိုယ်တိုင်ချရေးမရတာကိုပါ...။

(၅)။ကြောက်လန့်မိတာက..

ဘယ်ကိုရောက်လိမ့်ဦးမလဲနဲ့
မကျေနိုင်သေးတဲ့ အကြွေးတွေ..

(၆)။ဆောင်ထားချင်တာ..

စိတ်ပါ..။
ဘယ်ကိုယ်မှ ပျံ့လွင့်မနေပဲ မြင်သိ ကြားသိ ခံစားသိ စိတ်တစ်ခု။

(၇)။ဘာတွေရေးမိမလဲ..

စိတ်ကူးပေါက်ရာတွေ ရူးစပ်စပ်ကဗျာတွေရေးမိမှာသေချာပါတယ်..။
ကယောင်ခြောက်ချားနိုင်ကောင်းနိုင်ပါလိမ့်မယ်...
(တစ်နေ့တစ်နေ့ ရာသီဥတုနဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားတွေရဲ့သတင်းတွေကိုတော့ အလုအယက်ဖတ်ရှုနားထောင်ဖြစ်မှာပါ..။)

(ဂ)။တွေးမိတွေးရာ အတွေး

တကယ်တော့ ဘာမှမဟုတ်ပါလား...
ငါတို့ရရှိခဲ့တာလား.......
ငါတို့ ဆုံးရှုံးခဲ့တာလား........
ငါ တို့ ဘယ်သွားရဦးမလဲ..
ငါတို့ ဘယ်လောက်ကြာဦးမလဲ..
(နောက်ကမ္ဘာပြန်စရင် ဒါဝင်ပြောတဲ့မျောက်တွေလိုကပဲပြန်စမှာလား...
ဗြဟ္မာ တွေမြေသင်းဆင်းစားအောင်စောင့်ရမှာလား..
အာဒံနဲ့ဧ၀ပဲ ပန်းသီးစားတဲ့ ဇာတ်လမ်းမျိုးလာဦးမှာလား...
စစ်ပွဲတွေဖြစ်ကြဦးမှာလား...
Zပြောသလို ငရဲမှာနေစရာမရှိ နတ်ပြည်မှာနေစရာမရှိ ကောင်းကင်ဘုံတစ်ခုလုံး ကြပ်ညပ်သပ်နေမှာလား ) စသဖြင့်ပေါ့လေ...တော်တော်များမှာပါ

(၉)။ဂုဏ်ယူချင်တာက

အနိစ္စ၊ဒုက္ခ၊အနတ္တ ကိုကြားနာယုံကြည်ခွင့်ရခဲ့တယ်..
ဒီဘ၀မှာ ကဗျာတွေးရေးဖြစ်ခဲ့တယ်..

(၁၀)။ရှာကြံဖြေသိမ့်မိတာက

ဘယ်လောက်ကဖြစ်တည်ခဲ့မှန်းမသိတဲ့
လူသားတွေ အံ့နဘန်းစွမ်းဆောင်နိုင်နေ..ပါတယ်ဆိုတဲ့
ဘာသာ.အတွက် ၊ အာဏာအတွက် သွေးတွေမြေမှာစွန်းပေခဲ့ရတဲ့
ဟောဒီ့ နှစ်သိန်းလေးသောင်းအထုရှိတဲ့ မဟာပထ၀ီမြေကြီးတစ်ခုလုံး..
အပြီးတိုင်ပျက်စီးသွားတာကို မျက်မြင်ဒိဌ တွေ့ခွင့်ရလိုက်တယ်ပေါ့လေ..


(၁၁)။ကျူးရင့်ချင်တဲ့ ဥဒါန်း

((((( ဟေ့!!!!!!၂၁ရာစု ဘဒ္ဒကမ္ဘာရဲ့နောက်ဆုံးလူသားမျိုးနွယ်ကွ...))))


++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆယ့်တစ်မီးငြိမ်းအောင် ၁၁မှာပဲ ရပ်ထားလိုက်ပါတယ်....။
ကိုယ့်ဘာသာကိုယ် တွေးမိတာတွေရှိရင်လည်းဖြည်းစွက်ပြီး လူကျန်မရှိအောင်ဆက် tag ပေးကြပါ..။
အိန္ဒြာ လက်တို့မေးချင်သူတွေကတော့..

ဆရာမမေငြိမ်း
ကိုအောင်သာငယ်
ကိုဆောင်းယွန်းလ
ကိုသစ်ကောင်းအိမ်
ကိုတင်မင်းထက်
ကိုလင်းဦး
မမ နော်ဟရီ
မမမိုးချိုသင်း
မကေသွယ်
အမည်မဲ့
ပန်ဒိုရာ
မ၀ါဝါခိုင်မင်း
အောင်ပိုင်စိုး
မိုးလှိုင်ည
မိုးကုတ်သား
ဇက်
ကိုရင်နော် ခင်လေးငယ်
ဟက်ပီးကလောက်
မိုးမြင့်တိမ်
မိုးကြယ်
အိမ်မက်ရှင်
ကိုလူထွေး
ဖိုးစိန်
ရွာသားလေး
အိုင်လွယ်ပန်
လင်းဒီပ
မယ်ကိုး
အမရာ
ကောင်းကင်ပြာ
အရုပ်ကလေး
ခရေတွန်

အားနာပါးနာ လူ ၃၀ ပဲ tag လိုက်ပါတယ်..။
ကျန်တဲ့သူတွေအတွက် အသီးသီးအသကာအသကာ တာဝန်ယူပေးကြပါဦး..။


ချစ်ခင်လေးစားစွာ

အိန္ဒြာ

October 17, 2009

ကမ်းခြေနဲ့ အခေါ်အပြောဝေးနေရတဲ့ ပင်လယ်


ပင်လယ်ဆိုတာမှာ
သွေးဆူတတ်သူမိစ္ဆာဆိုးတွေ ပုန်းခို
လှိုင်းပါးပျဉ်းတွေကို
ကြောင်လက်သည်းလို ၀ှက်ဝှက်ထားတတ်ပေါ့

ပင်လယ်ရဲ့ အလှမ်းအကမ်းမမြင်နိုင်ခြင်း..အနုပညာက
တစ်ဘက်မှာ ဘာရှိမလဲမျှော်လင့်ချက်တွေကို ဖူးစေခဲ့..။

ဘယ်တော့ ပွင့်မယ့်ပန်းလဲမသိတဲ့ ပင်လယ်..ပါ
ဆည်းဆာချိန်တွေမှာမှ..တိမ်တောက်ပြ
နေ၀င်ချိန်တွေကို ရွေးရွေးလှပတတ်ခဲ့တာ..

အဆုံးအစမဲ့..စီမျောခြင်းသစ္စာတစ်ခုသာ
ထီးထီးကြီး…လှိုင်းထကျန်ရစ်တဲ့ ပင်လယ်…
သူ့ အလွမ်းသူ မှိုင်းမလို့
စုန်းမီးတောက်တောက်ပြတဲ့ ပင်လယ်..
သူ့ အနားသတ်နဲ့သူ...ဝေးလံလွမ်းဆွတ်နေရသမျှ..
သူ့မျက်ရည်သူ မျိုမျို ချထားရတဲ့ ပင်လယ်လေ....

အဲဒီ့ပင်လယ်က ရွက်ကြမ်းရေကြို လှိုင်းကြက်ခွပ်လေးနဲ့..လဲ့ပြာ..
လရိပ်မှာ ဒီရေဆန်ဆန်ကျူးကျော်ရမ်းကားလို့..
သန္တာကျောက်ဆောင်တွေကို အခွင့်ရတိုင်းခတ်ထုတ်ဖို့..
ရာဟုမှာ အနီရောင်သမ်းတိုင်းလက်ခမောင်းခတ်ပြတတ်ခဲ့ပေါ့..

ကြမ်းကြားလေကြား
လျှို့ဝှက်အပ်သောစကားတွေ ဘောင်ဗင်ဆန်နေတဲ့ ပင်လယ်
ဇီဝဇိုးတွေကို လက်ထိုးအန်ခိုင်းခဲ့တဲ့ ပင်လယ်
ငါးပွက်ရာ ငါးစာချသူတွေ..တက်စုံဖွင့် ရွက်ကုန်လွှင့်ထွက်လာတဲ့ ပင်လယ်..
ကောင်းကင်ကို မှန်တစ်ချပ်လို..အရိပ်ကြည့်နေခဲ့ပြီး..
တိမ်တွေကို ဖက်ရှင်ဆန်ဆန် ချုပ်လုပ်ဝတ်ဆင်ချင်တဲ့ ပင်လယ်လေ

အဲဒီ့ပင်လယ်မှာ မကျက်နိုင်တဲ့ အနာတရတွေမြှုတ်သတ်ခံခဲ့ရ..
အဲဒီ့ပင်လယ်ဟာ မဆန့်ရင်ကာ မျိုချထားရတဲ့
တစ်စုံတစ်ရာတွေနဲ့ ကျွက်ကျွက်ငံခဲ့ရ
ပင်လယ်က…သူ့အယောင်ဆောင် တေးသီချင်းတွေနဲ့…
သူ့သတင်းသူဆိုညည်းပြနေရဲ့

ချောင်းတွေ မြစ်တွေက
သူတို့ အညစ်အကြေးမှန်သမျှကို
အာမနာပ လှဲကျင်းအချ ခံနေရတဲ့ ပင်လယ်ပါ......

နောက်ဆုံးတော့
အဲဒီ့ပင်လယ်ရဲ့ ကမ်းခြေမှာ.
ရေနာကျနေတဲ့ စိတ်အသေတွေသာ.......
အတုံး...အရုံး....
ကျဆုံး...
ကျန်ရစ်ခဲ့...


အိန္ဒြာ(၂၃.၈.၂၀၀၉)

(အစ်ကိုကဗျာဆရာကိုသစ်ကောင်းအိမ်ရဲ့ ပင်လယ်ကဗျာကိုနှစ်သက်မိပါသဖြင့် အတုခိုးရေးသားပါသည်..။)

October 16, 2009

Essential Art Is Natural Delightful Realistic Adventure

1. What is your name : -
Essential
Art
Is
Natural
Delightful
Realistic
Adventure.

2. A four Letter Word : Epic

3. A boy's Name : Edgar Allan Pole

4. A girl's Name : Ella Wheeler Wilcox

5. An occupation : Epicure

6. A color : Emerald

7. Something you'll wear : Eye Glass

8. A food : Eclair

9. Something found in the bathroom : Elbow Pipe

10. A place : Europe

11. A reason for being late : Exit lost

12. Something you'd shout : Escape soon

13. A movie title : Elderly Suicide

14. Something you drink : Erode

15. A musical group : Eagle

16. An animal : Eel

17. A street name : East Coast

18. A type of car : Eclipse

19. The title of a song : Eight days a week

20. A verb : Echo

မမ မနော်ဟရီ ၊ လင်းဒီပ နဲ့ မိုးကုတ်သားတို့ မေးလို့ဖြေပါသည်..။
ဗမာလိုမရေးနိုင်တော့ပါ..။
ပြန်ပြီးခေါင်းစားဖို့ အသည်းအသန်တွေးနေပါသည်...။
မကြာမှီလာမည်...မျှော်.....။

အိန္ဒြာ

October 13, 2009

ကြယ် အ "တေး"

ငါဟာ...
နင့်ကောင်းကင်..အစွန်အဖျားက
အမှုန်အမွှား..ကြယ်စင်တစ်စင်းပါ..
ငါ...တလဲ့လဲ့..ထွန်းလင်းရွှန်းပချင်သလောက်
နင်တဖွဖွ..အုံ့ဆိုင်းမှိုင်းရီ..ခဲ့..

ငါ့..ခမျာ
ဖြေဆိုခွင့် မရတဲ့..စာပြန်ပွဲမှာမှ..
အမှတ်ရာပြည့် ရချင်နေသူလေ..
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့..ကွဲချင်နေတဲ့..အိုးတစ်လုံးလိုမျိုး
ငါ့..ရင်ဘတ်ကိုငါ..ရိုသေသိမ်းဆည်းခဲ့..

ငါက..
နင့်စောင်းကြိုးမျှင်ကိုမှ..တလွင်လွင် ချိုမြချင်သူလေ..
မှတ်တိုင်ပျောက်နေတဲ့ ခရီးကို..တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲ...မှားယွင်းခဲ့တာလား...
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက..ငါ့ကို..မှားယွင်းသွားခဲ့တာ..
ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..
ငါ့ကိုယ်ငါ..ကျစ်ခဲထားလေသမျှ..
ဘယ်သူ့ကို..ဝေမျှ ကြေကွဲရမလဲ..
ပွဲမစခင်ကတည်းက..ခြေခေါက် ချော်နှင့်ပြီးသား..
ဘယ်လောက် ဆိုးဝါးထားသလဲကွယ်..

ငါ့..ဆေးဘက်ဝင် အလွမ်းခါးခါးကြီးတွေနဲ့
နင့်ဘ၀ကို..မလေးလံစေဖို့
ငါ့စည်းမျဉ်းနဲ့ငါ..ဘောင်ခပ်ကြပ်ကျဉ်း..
ငါ့သက်ပြင်းနဲ့ငါ...ဆင်းရဲတွင်းနက်ခဲ့

တကယ်ပါ...
နင့်..သံသရာအထိ..အနှောက်အယှက်နေမလား...
ငါ့ဆုတောင်းကိုငါ....ရွေးချယ်မှောင်မိုက်ပေါ့...

ငါ့..ရူးသွပ်မှုတွေ..နင်..မောင်းနှင်ခဲ့တာ..
ငါ့..နက်ရှိုင်းမှုတွေ..မိုးလို..ရွာမပြနိုင်ပေမယ့်...

ငါ့..ဘက်က..ပြိုကျသွားလေသမျှ
နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...။ ။


အိန္ဒြာ

ဆားချက်တာတော့ချက်တာပေါ့..ဒါပေမယ့် ဒီကဗျာလေးကိုပြန်တင်ပေးပါလို့ ပရိတ်သတ်တစ်ယောက်ကတောင်းဆိုလာလို့ပါ..းP

{၂၀၀၃ခုနှစ် သြဂုတ်လထုတ်.. မြားနတ်မောင်မဂ္ဂဇင်း (အမှတ်-၁၃၄)မှာ ပုံနှိပ် ဖေါ်ပြခဲ့ပြီး..၊ ဂီတမိတ်မှာပြုလုပ်ခဲ့တဲ့.. ကဗျာ..ရွတ်ပွဲလေးတစ်ခုမှာ..ရွတ်ဆိုခဲ့ဘူးပါတယ်..။}