September 27, 2010

စိတ်အဆင်တူများရဲ့...ပွဲ



ကိုယ့်စိတ်နဲ့ ခပ်ဆင်ဆင် မြင်မြင်သမျှ ခံစားပစ်လိုက်ဖို့
ရင်ဘတ်ကို အဆင်သင့်ဖွင့်ပြီး စောင်ကြိုနေခဲ့ကြရတာ
လက်ခုပ်သံတွေ ရယ်မောသံတွေ သြဘာသံတွေ
ဘယ်လောက် ကြေကွဲစရာကောင်းလိုက်တဲ့ မြင်ကွင်းလဲ...
ဒီ့အပြင် ဒါ့ထက်..
အဲသလိုမတွေးမိလိုက်နဲ့လို့ ကိုယ့်စိတ်ကို နာနာ နားချရင်း
စိတ်ရှိလက်ရှိ အော်ဟစ်ပေါက်ကွဲပစ်ခဲ့ရသလိုမျိုး...
အနည်းငယ် နေသာထိုင်သာရှိပြီးပြန်ခဲ့တယ်..။ ။



အိန္ဒြာ
(၂၆.၉.၂၀၁၀ နေ့အမှတ်တရ)

September 23, 2010

သစ္စာပြန်ကျမိုးရွာမယ့်...နေ့

အစကတည်းက ဒီအဖြေပဲမဟုတ်လား
ငါတို့ သိသိချည်းတွက်ချက်နေခဲ့ကြရတာ

တကယ်တော့သီအိုရီက အဆန်းတကျယ် မဟုတ်ပါဘူး
ညီမျှခြင်းကလည်း ထုံးစံအတိုင်းတစ်ဘက်စောင်းနင်းဆန်လို့
သက်သေပြချက်တွေကလည်း ခြေစလက်စသေသပ်လို့
စနစ်တကျတည်ဆောက်ထားတဲ့ ဟောဒီ့ပုစ္စာဟာ
ဒီအဖြေထွက်ဖို့ ပြဌာန်းထားခဲ့တာပဲပေါ့..

မောင်ရေ.....
ငါတို့ တတိတိနစ်မြုတ်နေပုံကြီးက ကြေကွဲဝမ်းနည်းစရာ
ငါတို့ သိသိချည်း စွန့်လွှတ်ဆုံးရှုံးရမယ်ဆိုတာကလည်း ရင်နာဆို့နစ်စရာ
ခုဆို ငါတို့ ချစ်ခြင်းမေတ္တာတွေတောင် အားအင်ချည့်နဲ့လို့
ခုဆို ငါတို့ ယုံကြည်ချက်ဆိုတာက ရေမျောကမ်းတင်ကိုဆန်လို့

အရင်းအနှီးက မသေးသိမ်ခဲ့ဘူးလေ
ငါတို့ မျက်ရည်တွေ တောင်ပုံယာပုံစီးဆင်းခဲ့ရတာ
ငါတို့ အိပ်မက်တွေကို သင်္ဂြိုဟ်ပြာချခဲ့ရတာ

ဆောက်တည်ရာမရနိုင်တော့ဘူး
ကောင်းကင်ဆီမော်ကြည့်ပြန်တော့လည်း
ငါတို့ဆီရွာကျမယ့် သစ္စာတိမ်တိုက်တွေကတောင်
လေနှင်ရာ တလူလူလွင့်ပါနေပါပေါ့.....

မောင်ရေ...
ဘယ်တော့မှ မအေးချမ်းတော့ဘူးလား
ငါ့တို့ပေါ်ဖြာကျနေတဲ့ အလင်းရောင်က
နေ လို မီး လို ပူ လှ ချည့်....။ ။


အိန္ဒြာ
(23.9.2010)

September 9, 2010

ညီမလေးက ချိန်းတဲ့စာ

ညီမလေးရဲ့ ဧည့်ခန်းဆောင်မှာ သက်သေပြဖို့ဆို
အလွမ်းတစ်အိုးကို မှ ထိုးစိုက်ခွင့် မရခဲ့ပါဘူး...၊
အိပ်မက်ထဲကိုတောင် ရန်မူချင်ကြတယ်။

ချစ်သူတို့နှလုံးအိမ်တွေဟာ.. အရိုးသားဆုံး နီစွေး နေတာလေ...
မနှစ်သက်ဘဲတော့... လက်မခံနိုင်ဘူးပေါ့..
ဆင်စီးမြင်းရံ ဆိုတာကြီးကိုတော့ စိတ်ညစ်တယ်။
ညီမလေး လာခဲ့မယ်...
ဘယ်လိုမှ ဖူပွင့်သင်းရီခွင့်မရခဲ့တာပါ..၊
ရာသီတစ်ခုလုံး ဖိမှောင်ထားပြီးမှ
ကိုယ် ရိတ်သိမ်းဖို့ ကိုယ် စိုက်ပျိုးရ မ တဲ့..
မစားရ ဝခမန်းကြီး မို့ စိတ်ညစ်တယ်။
လာခဲ့မယ်..
ဒီ့ထက် သေဝပ် ကျိုးနွံရ မှ ဖြင့်
ခေတ်တွေကို သွန် သာပစ်လိုက်တော့..၊
ဗိုင်းကောင်းကျောက်ဖိ ပြဇာတ်ဟောင်းကြီးအတိုင်း
ဌာန်ကရိုင်းကျကျ က ပြ ချေ ဦး .....တဲ့
ပျားရည်နဲ့ဝမ်းချ နေတာမျိုးတော့လည်း စိတ်ညစ်တယ်။

လာခဲ့မယ်။ ညီမလေးလာခဲ့မယ်။
မေတ္တာစစ်သာမှန်ခဲ့ရင်...အရာအရာ ထူထောင်နိုင်စေကြောင်း...
လက်မောင်းသွေးဖေါက်ပြီး သစ္စာပြုဖို့ရာ...
ညီမလေး..ဆက်ဆက်လာခဲ့မယ်။

ညီမလေး စိတ်ဝိဉာဉ်ထိ ထင်နေတဲ့ အရှိုးရာ အထပ်ထပ်ကိုလည်း ယူခဲ့မယ်။
ညီမလေး သိမ်းဝှက်ထားရတဲ့ ကဗျာလေးတွေလည်း ယူခဲ့မယ်။
ညီမလေး တောင်ပံဖွင့်ဖို့အတွက် ယုံကြည်ချက်တွေလည်း ယူခဲ့မယ်...။

လာခဲ့မယ်..
ညီမလေး လာခဲ့မယ်....။

ညီမလေး ဆက် ဆက် လာ ခဲ့ မယ်....။


အိန္ဒြာ

အိမ်ကို လာလာလည်ကြတဲ့သူတွေပျင်းနေမှာစိုးလို့
"ညီမလေးရဲ့ လွမ်းခြေရာ" ကဗျာစာအုပ်ကလေးမှာ ရေးဖြစ်ခဲ့တဲ့
ကဗျာလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်..
တော်တော်လေးတော့ကြာပါပြီ
ကဗျာဆရာတွေ ညီမလေး ညီမလေးရေးကြလွန်းလို့ ကိုယ်လည်းရေးချင်စိတ်တွေပေါ်လာပြီး
ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ....။

August 29, 2010

အရူးကွက်


ကျွမ်းကျင်သလို လိုအပ်သလို ပါးနပ်သလို
ဆုတ်ကြည့် တက်ကြည့် ကာကြည့် ကန်ကြည့်
ရှောင်ကြည့် တိမ်းကြည့် ၀ပ်ကြည့် ၀ိုက်ကြည့်
ချွတ်ကြည့် ၀တ်ကြည့် ဖြုတ်ကြည့် တပ်ကြည့်
ဟိန်းကြည့် ဟောက်ကြည့် ဟစ်ကြည့် ဟောင်ကြည့်
စိတ်ထင်သလို အရေးပေါ်သလို ကြုံရင်ကြုံသလို
ပေါင်းကြည့် မြှောက်ကြည့် နုတ်ကြည့် စားကြည့်
ဝါးကြည့် မျိုကြည့် အန်ကြည့် ထွေးကြည့်
ညည်းကြည့် ငြင်းကြည့် ညုကြည့် ငြူကြည့်
ရိသလို ရစ်သလို သိသလို သစ်သလို
ချိန်ကြည့် ချိတ်ကြည့် ခြောက်ကြည့် ချောင်းကြည့်
ပျောက်ကြည့် ဖျောက်ကြည့် ဖြည့်ကြည့် ဖွင့်ကြည့်
မှီးကြည့် မွှေကြည့် မှားကြည့် မှောက်ကြည့်
ရွှေ့ကြည့် ရွေ့ကြည့် လျှိုးကြည့် လျှောက်ကြည့်
ဘယ်သူ့မှဂရုမစိုက်သလို ဘယ်သူ့မဆိုဂရုစိုက်သလို
ပြိုင်ကြည့် ပြေးကြည့် ခုန်ကြည့် ခေါက်ကြည့်
ထိုင်ကြည့် ထကြည့် ထေ့ကြည့် ထစ်ကြည့်
စုန်ကြည့် ဆန်ကြည့် စမ်းကြည့် ဆန်းကြည့်
လူးကြည့် လုကြည့် လှုပ်ကြည့် လုပ်ကြည့်
ကျွမ်းကျင်သလို ပါးနပ်သလို သိသလို စိတ်ထင်သလို
လိုအပ်သလို အရေးပေါ်သလို ရိသလို ကြုံရင်ကြုံသလို
လက်ညှိုးငေါက်ငေါက်ထိုးထိုးကြည့်...။ ။



အိန္ဒြာ
(၂၉.၈.၁၀)

August 27, 2010

အရူးကဗျာများ

ငါးကဗျာတွေ ပြီးတော့ အိန္ဒြာက အရူးကဗျာတွေ စုပါမယ်..။
အခု ရှိတဲ့ ကဗျာတွေက စပြီးတင်ပေးလိုက်ပါတယ်..။

++++++++++++++++++++++++++++++++++++++++++


အရူးမှာ လိုင်စင်ရှိတယ်

ခြုံထည်ကြီးထဲက ရုန်းထွက်လို့မရတော့ဘူး
ကပ်ကြေးသံတစ်ချပ်ချပ်က နားယားတယ်
ငါ့ခေါင်းကိုကြည့်နေတဲ့ မှန်ထဲက မျက်လုံးဟာအသည်းယားစရာ
မှန်အပြင်က ငါ့ခေါင်းကိုစမ်းကြည့်မိတယ်၊ရှိသေးတယ်
သံသရာဟာ ဘောလုံးပွဲမှာ သူကိုယ်တိုင်ဝင်ကန်ခဲ့သလိုမျိုးပြောတယ်
ဒိုလေး၊ဘက်ခမ်း၊ဘန်ပါစီ၊မက်စီ၊ကာကာ
ငါ့ရှေ့ရောက်သလိုပဲ
ငါတွေ့နေရတဲ့ မှန်ထဲက ဂျာနယ်အပုံဟာ ထခုန်နေတော့တာပဲ
ဘရိတ် ခဏခဏအုပ်တယ်
အဆိုတော်ဟာ သီချင်းဆိုရင်း စာသားမေ့သွားဟန်ရပ်တန့်
စဆိုတဲ့ စာသားက တီလုံးရှေ့က ပြေးထွက်လာ
သရဲနဲ့ ရုတ်တရက်တွေ့လိုက်ရသလိုမျိုး
သရဲဆိုလို့ ညက သူကြည့်ခဲ့တဲ့ သရဲကားအကြောင်း
စိတ္တဇလူသတ်သမားဟာ ကြည့်သူကိုတောင် စိတ္တဇဖြစ်လာစေတယ်ဆိုပဲ
မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဟာ ဆံသဆရာဆိုလား
ဆံသဆရာဟာ မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဆိုလား
သူကိုယ်တိုင်က ဆံသဆရာလား၊စိတ္တဇဝေဒနာသည်လား
သူ့ အမူအယာတွေ၊လေယူလေသိမ်းတွေ ခွဲခြားရခက်လာ
ဘုရား ဘုရား ငါ ထပြေးရမလား
တစ်ခြမ်းပြောင်၊တစ်ခြမ်းမှောင်နေတဲ့ ငါ့ဦးခေါင်းနဲ့ဖြစ်ပါမလား
တကယ့်တော့ဗျာ နံရံမှာချိပ်ထားတဲ့ ကျားခေါင်းနေရာမှာ ခင်ဗျားဆံပင်ပုံမျိုးနဲ့ လူဦးခေါင်းတစ်ခု ချိပ်ထားရမှာ
ဒါမှ ဆိုင်ရဲ့ ကြော်ငြာဟာ ပေါ်လွင်မှာမဟုတ်လား လူတွေစိတ်ဝင်စားမှာ မဟုတ်လား
ဘုရား ဘုရား ဒီလူအတည်ပြောနေတာများလား
သူ့ခြေထောက်ကို ပွတ်သပ်နေတဲ့ကြောင်ကလေးကို ကန်ထုတ်လိုက်ပုံ
ကြောင်ကလေး ဘောလုံးတစ်လုံးကို လွင့်သွားပုံ
နံရံနဲ့ထိပုံ၊ပြုတ်ကျလာပုံ၊ကြောင့်ကလေးညည်းညူနေပုံဟာ
တစ်စက္ကန့် အတွင်း အဖြစ်အပျက် သူ့မျက်နှာဟာ သူဘာမှမလုပ်လိုက်သလိုမျိုး အေးစက်
ဓားအိမ်ထဲ ဘလိတ်ဓားအသစ်ထည့်နေပုံက
အေးဆေးတိကျ၊မြန်ဆန်လွန်းတယ်
သူမျက်နှာရှေ့ တ၀ီဝီပျံသန်းနေတဲ့ ယင်ကောင်ကိုဝိုင်းချလိုက်ပုံဟာ
ငါ့ ပါးစပ်ကို အဟောင်းသားပွင့်သွားစေတယ်
ငါ့ ၀တ်ရုံအဖြူပေါ် ပြုတ်ကျလာတဲ့ ယင်ကောင်တစ်ဝိုင်းဟာ
ငါ့ ဆံပင်နဲ့ရောထွေးလို့ တောင်ပံတစ်ဖက် ခတ်နေတုန်းပဲ
ငါ့ ဂုတ်ပေါ်မှာ ဆံပင်မရှိတော့ဘူး
ငါ မျက်တောင်မခတ်ရဲဘူး မျက်တောင်တွေပြတ်ကျမှာစိုးလို့
ငါ မျက်စိမမှိတ်ရဲဘူး မြင်ကွင်းတွေပြုတ်ကျမှာစိုးလို့
ထွက်ပြေးတဲ့ ငါ့စိတ်ဟာ ငါ့ခန္ဓာထဲကထွက်မရဘူး
တဖျတ်ဖျတ်ခတ်နေဆဲ ယင်းကောင်တစ်ပိုင်းကို ကောက်ယူပြီး
သူ့လက်နဲ့ချေမွလိုက်တယ် အေးဆေးပဲ
သူ့အပြုံးဟာ ပန်းပွင့်သလို အနှေးပွင့်လို့
တရုတ်သိုင်းကားထဲက သူရဲကောင်းလိုလို
စိတ္တဇလူသတ်သမားလိုလို မျက်လုံးဟာ အေးစက် မာကြော တောက်ပ
နှုတ်ခမ်းကို တင်းတင်းစေ့လို့ မှန်ထဲက ငါ့မျက်လုံးကို သူ့မျက်လုံးနဲ့ထိုးစိုက်ထားတယ်
သူ့လက်ဟာ တဆတ်ဆတ်တုန်လို့
ကျုပ်မှာ လိုင်စင်ရှိတယ်လို့ပြောတယ်။


ကိုရွေး



++++++++++++++++++++++++++++++++++++++++++++++++++++++++

အရူးအက်ရှင်


အရူးစိတ် ငယ်ထိပ်တက်တဲ့နေ့တွေဆို
အရူးဟာ ဆိုင်ထဲထိ စတိုင်ကျကျဝင်ထိုင်တယ် ။ ခြေထောက်တွေကို ပလ္လင်ချိတ်လိုက်တယ် ။
ဆေးလိပ်ကို ဟန်ပါပါခဲလိုက်တယ်။ မျက်မှန်ကျိုးကို ထုတ်ပြီးတပ်လိုက်တယ်။
သတင်းစာကို ဇောက်ထိုးကိုင်ဖတ်တယ်။
အရူးက အားလုံးကိုခပ်ဆတ်ဆတ်ဝှေ့ရမ်းကြည့်လိုက်ပြီး
စားပွဲထိုးကို ခုံခေါက်ခေါ်လိုက်တယ်။
ကော့တေး(လ်) အရက်စပ်ခိုင်းတယ်။ ပုဇွန်ခေါင်းပြတ်ကိုမီးကင်ခိုင်းလိုက်တယ်။
ပြောရရင် အရူးရဲ့ ကြားဖူးနားဝတွေလို့ထင်တာပဲ။
ဘာပဲပြောပြော သံတူကြောင်းကွဲအရူးတွေထဲမှာ
ဒီအရူးက အနည်းအကျင်းတော့ သေသပ်ပြီး အတော်အသင့်ကို ပါးနပ်တယ်။
အရူးက တစ်ခါလာ တစ်မျိုး ပြောနေကျအတိုင်း
သူအတင့်တယ်အခမ်းနားဆုံးထင်တဲ့ စကားလုံးတွေနဲ့ သူရဲ့နာမအသစ်ကို မပီမသကြီး အော်ဟစ်တယ်။
အရူးက သူ့ ပါးစပ်ဆိုင်းနဲ့သူ ကွေးနေအောင် ထ က လိုက်ပြန်တယ်။
တစ်ဆိုင်လုံး အသက်အောင့်ထားမိတယ် ။ ဖွင့်လက်စသီချင်းတွေ ရပ်ပေးထားရတယ် ။
ပြောလက်စ စကားတွေကို လွှတ်ချထားကြတယ်။
အားလုံးဟာ ... အရူးရဲ့အရိပ်အခြေကို မျက်ခြေမပြတ်စောင့်ကြည့်နေကြတယ်။
ခေါင်းခါတယ် ။ ခေါင်းညိတ်တယ် ။ နောက် ခေါင်းထပ်ခါတယ် ။ နောက်ထပ် ခေါင်းညိတ်တယ် ။
အရူးက အာဆင်နယ်မှာ နည်းပြလုပ်မယ့်အကြောင်းပြောတယ်။
အိုစမာကို လက်ရဖမ်းပေးမယ့် အကြောင်းပြောတယ်။
ယူရေနီယမ်သတ္တုနဲ့ သွားအတုလုပ်မယ့်အကြောင်းပြောတယ်။
လကမ္ဘာကို ရေသန့်တင်ပို့မယ့်အကြောင်းပြောတယ်။
တစ်ခါတစ်ခါ...ဆဲရေးတိုင်ထွာလိုက်သေးတယ် ။
ဆတ်ကနဲ. . . . . အရူးမတ်တတ်ထရပ်တယ်။
လက်ကောက်ဝတ်ကို မြှောက်ပြီးကြည့်လိုက်တယ်။
အရေးတကြီးကိစ္စကို သတိရလိုက်သလိုဟန်ပန်နဲ့ လက်ညှိုးတစ်ချောင်းထောင်လိုက်တယ် ။ မျက်မှောင်နက်နက်ကြုတ်ထားတယ် ။
စားပွဲကို “ဖျမ်းကနဲ“ ပုတ်လိုက်ပြီး
ဟေ့ .. ငါပြန်လာခဲ့မယ်. . . .။ ၂၆နာရီထိုးရင် ငါပြန်လာခဲ့မယ်။
(အရူးက အသံတော့ အောင်ရှာတယ်)
ပြောပြောဆိုဆို.. တဟုန်ထိုး ပြေးထွက်သွားပါရော. . . . . . . . ။ ။
အစိမ်းရောင် အတိတ်တဘောင်ဆိုပါလား….
မှတ်သား ချဲ့ကား ကျန်ရစ်ကြ ။ အငြင်းပွား အချင်းများ ကျန်ရစ်ကြ ။
အရူးရဲ့ နာမည်အသစ်အကြောင်း။ အားလုံးကိုစောင့်ခိုင်းလိုက်တဲ့အကြောင်း။
အရူး မျက်ထောင့်နီနေကြောင်း။ လက်ညှိုးတစ်ချောင်း ထောင်သွားကြောင်း။
အရူး ပြန်လာဦးမယ့်အကြောင်း ။ ယုတ်စွအဆုံး အရူးလည်ပင်းက ရောင်စုံဖိနပ်စုတ်တွေအကြာင်း။
အဲ သ လို မျိုး . . . .
အရူး တွင်ကျယ်သွားလိုက်တာ. . . တစ်ဆိုင်လုံးကို သွက်သွက်ခါ
အရူးကို
အရူးလို့ပြောရင်တောင်
မျက်စောင်းထိုးချင်ကြ ။ ။

အိန္ဒြာ
( Face (မုခ)မဂ္ဂဇင်း)
၀၄.၀၅.၀၆

August 24, 2010

ခြေဆော့ လက်ဆော့ နား



အနေအထိုင်မတတ်ဘူး အထူအပါးနားမလည်ဘူး

အလိုက်ကမ်းဆိုးမသိဘူး အမှတ်သည်းခြေမရှိဘူး

အကောင်လိုက်ပြနေတာတောင် အရိပ်ကို မဖမ်းမိနိုင်ဘူး

အသွားမတော် တစ်လှမ်းတဲ့

ငါ့နားက ကြားနေကျ သတင်းထဲ ချော်ကျတယ်..။ ။



အိန္ဒြာ
(၂၄.၈.၁၀)

August 6, 2010

ကိုယ်ရေးကိုယ်တာ ကယ်ရီကေးချား

ကဗျာတွေ စာတွေ သေသေချာချာ မရေးဖြစ်တာကြာပါပြီ။ ၀တ္ထုလေးတွေ ရေးမယ်ပျိုးထားတာလည်း တစ်လုံးမှချမရေးဖြစ်ဘဲ အလုပ်တွေများနေတာလိုလို ၊နေမကောင်းတာလိုလို၊ ကွန်ပြူတာပျက်တာလိုလိုနဲ့
ကိုယ့်ကိုယ်ကို ဆင်ခြေပေးပြီး ပေကပ်နေခဲ့မိပါတယ်..။
အော်တဲ့သူတွေလည်း အော်နေကြပြီမို့ အခုချရေးမိလိုက်တဲ့ကဗျာကို အခုပဲတင်လိုက်ပါတယ်. ကဗျာပူပူနွေးနွေးဆိုပါတော့..း)

##############################



ကိုယ်ရေးကိုယ်တာ ကယ်ရီကေးချား

တစ်ကိုယ်စာလောက် တိတ်ဆိတ်ကြည့်ချင်တယ်
စိတ်တစ်ခေါ် အမျှော်အဝေးအတိုင်း

အတွေးတွေ မောဟိုက်နွမ်းနယ်လို့
အာရုံကို မီးမှိတ်ချိန်အထိ အိပ်မွေ့မချနိုင်ခဲ့...

စက္ကန့်ခြေချလိုက်သံတိုင်း မြည်ဟီးတုန်ခါ
အရုပ်ကိုကြိုးဖြတ်ထားသလို ခန္ဓာက လဲလျောင်းငြိမ်သက်

ရင်ခုန်သံအပျက် သံစဉ်နရီဆင်ဖိုနီများ

ဖြစ်တည်မှုအပေါ်မှာ ကန့်လန့်ဖြတ်မျဉ်းတစ်ကြောင်းရှိနေတယ်


ကဗျာငြိမ်းနေတော့ အခန်းက ပိုပြီး မဲမှောင်လို့
မျှော်လင့်ချက် ကိုင်းဖျားကိုင်းနားများ

တဂျစ်ဂျစ် မှန်ပြတင်းကို ကုတ်ခြစ်ရိုက်ပုတ်ကြ
လေထုထဲ အိမ်လွမ်းနာတွေ ဓါတ်ဖွဲ့ပေါင်းစည်း....

"အ သက် ရှု ရ တာ မ ၀ ဘူး "

ဒါဟာ..သီဆိုညည်းညူနေကျတေးချင်းတစ်ပုဒ်ပဲ..


အမှောင်ထဲ အလင်းပေါက်တွေ ကျဲတောက်လာပြီလား

ဖျတ်ကနဲ တစ်ရက်စာအိုမင်းသွားတဲ့ မျက်နှာကျ
ဖျတ်ကနဲ တစ်ရက်စာနှုတ်ယူသွားတဲ့ အသက်ဓါတ်တရား

ရပ်ထားလို့မရနိုင်တဲ့ ရှင်သန်ပျံသန်းခြင်းထဲမှာ

အတောင်ကို ရုတ်တရက် ရုပ် ကြည့်ချင်လာတယ်...


ဝင်လေသိ ထွက်လေသိ

ရှေ့စိတ်ကို နောက်စိတ်က လိုက်လိုက်သိယုံတဲ့

မောဟနဲ့သံသရာကို ကိုင်းကူးကိုင်းဆက်ပျိုးမိခဲ့သမျှ

အဖြစ်များ အပျက်များ.
အဖြစ် အပျက်များ....

မဖေါက်မပြန်မှန်ကန်သော ပရမတ္တသစ္စာတရား

အရုဏ်ကျင်းတာတောင် အသိတွေ မလင်းနိုင်သေးဘူး.

ဘယ်လောက်အသစ်ထွက်မှာမို့ မျက်နှာသစ်မိပြန်တာလဲ..


ဖီးလိမ်းပြင်ဆင်

ဖက်ရှင်ကျကျဆင်ရင်ပြီးတဲ့ အခါ

ဒီကနေ့ စီးတဲ့ ဖိနပ်ခေါ်ရာအတိုင်း..

ဘ၀ကို ဒုန်း စိုင်း ထွက်ခဲ့မိပြန်ပြီ..။



အိန္ဒြာ
(၇.၈.၂၀၁၀)
(ကာတွန်းပုံလေးက ဆရာပိုပို ကောက်ခြစ်ပေးခဲ့တာလေးပါ.။)