August 27, 2011

ဖူကူရှီးမား ဂီတ

ဒီလ အိုင်ဒီယာမှာပါခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။

ဂျပန်မှာ ဆူနာမီဖြစ်တဲ့ အချိန်မှာဖြစ်ခဲ့ရခဲ့တဲ့ ခံစားချက်ကလေးကနေ ချရေးဖြစ်တဲ့ ကဗျာလေးဖြစ်ပါတယ်။

ဆူနာမီကြောင့် လဲပြိုကျန်ရစ်တဲ့ ဆာကူရာပင်ကနေ ပန်းလေးတစ်ပွင့်ပွင့်ပြတဲ့ အကြောင်းနဲ့ ဒုက္ခသည်ပြည်သူတွေကို စိတ်ဓါတ် ခွန်အားတွေပေးနိုင်မယ့် သီချင်းတွေဆိုပြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘေးအန္တရယ်တွေကြားထဲက သူတို့ပိုင် တူရိယာလေးကိုပဲယူပြီး ထွက်ပြေးသွားကြတယ်ဆိုတဲ့ ဂီတပညာရှင် ဇနီးမောင်နှံအကြောင်းကို ဂျပန်မှာ ရှိနေတဲ့ ချစ်သူငယ်ချင်း သင်းသင်းကပြောပြတာက ဒီကဗျာလေးရဲ့ အစပါ။

လိုအပ်တဲ့ အချက်အလက်တွေကို သူငယ်ချင်းသင်းသင်းထွဋ်နဲ့ ကိုရဲထွဋ်စိုးတို့က ရှာဖွေပေးခဲ့ပါတယ်။ ဘိုလိုကို သူငယ်ချင်း ဇော်ဇော်ထွန်းကဘာသာပြန်ပေးထားတာပါ။


-+-+-+-+-

ကမ္ဘာတစ်ဝှမ်းလုံးက သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လူသားအားလုံးအတွက် ရည်ရွယ်ပါတယ်။ မဖြစ်ခင် ကတည်းက ကြိုတင် ခန့်မှန်း ချင့်တွက် ကာကွယ်လို့ရသမျှ ကာကွယ်နိုင်ကြပါစေလို့လည်း ဆုတောင်းနေမိပါတယ်။

-+-+-+-+-

ဖူကူရှီးမား ဂီတ


နောက်တစ်ကြိမ်ဖြတ်သန်းသွားလာခွင့်မရှိတော့တဲ့ ငါတို့ဇာတိမြို့လေးမှာ

ငါ့အတွက် တန်ဖိုးရှိတာ နောက်ထပ်ဘာမှမရှိတော့သလိုမျိုး

ကိုတို တူရိယာလေးကိုပဲ ငါ ရွေးချယ်မိခဲ့တယ်


နျူကလိယနံ့တွေ မွှန်နေတဲ့ ငါတို့ဇာတိမြို့လေးမှာ ဆာကူရာပင်တွေ အတုန်းအရုန်းလဲကျလို့

အဲဒီ့ ဆာကူရာပင်ကနေ ရဲရဲတောက် ပွင့်ပြနေခဲ့တဲ့ တစ်ပွင့်တည်းသော ပန်းလေးကို

မမှတ်မသုံ ငါရပ်ကြည့်ခဲ့ပြီး

ကိုတို တူရိယာလေးကို ငါရွေးချယ်ခဲ့လိုက်တယ်။


ပျောက်ဆုံးသွားတဲ့ ငါ့မိသားစုဝင်တွေနဲ့ ပြန်ဆုံရသလိုမျိုး

ဂီတသံတွေ ထုံမွှန်းနေတဲ့ ငါ့တို့ အိမ်လေးမှာ ပြန်လည်နေထိုင်ခွင့်ရလိုက်သလိုမျိုး

ငါ့သားငယ်လေးရဲ့ ဟယခုချိ စကားပြောကျင့်သံလေး နာယံထဲချိုမြလာသလိုမျိုး

ကိုတို တူရိယာလေးကို ငါ ရွေးချယ်မိခဲ့တယ်


ရူနေရတဲ့လေကိုသံသယစိတ်တွေနဲ့ကြားက

နင်းထားရတဲ့မြေကို စိုးရိမ်နေရတဲ့ကြားက

တစ်ကြိမ်အလဲကို အကြိမ်တစ်ရာမက ပြန်ထူထနိုင်ကြဖို့..

ကိုတို တူရိယာလေးကို ငါရွေးချယ်မိခဲ့တယ်။


ငါ့ အဖေရဲ့ သူရဲကောင်းပုံပြင်တွေ နောက်တစ်ကြိမ် ကြားနာခွင့်ရလိမ့်မယ်

ငါ့အမေရဲ့ အိုဒိုးရိ ရိုးရာအက မှာ နောက်တစ်ကြိမ် စည်းလိုက်ခွင့်ရဦးမယ်..

ငါတို့ အတူတကွ ကျင်းပခဲ့တဲ့ တနဘတ ပွဲတော်လေးမှာ

ငါ့ဆန္ဒတွေကို နောက်တစ်ကြိမ် ချည်နှောင် ဆုတောင်းဖို့

ကိုတို တူရိယာလေးကို ရွေးချယ်မိခဲ့တယ်….


“မျက်ရည်တွေ စီးမကျနိုင်အောင် ငါ မျက်နှာကို မော့ပြီးလမ်းလျှောက်တယ်” အဲဒီ့ သီချင်းကို ငါတီးခတ်ဖို့

“အိပ်မက်တွေ အမှန်အတိုင်းဖြစ်လာတော့မယ်” အဲဒီ့သီချင်းကို ငါ ဆိုပြနိုင်ဖို့

ကိုတိုတူရိယာလေးကို ငါရွေးချယ်ခဲ့လိုက်တယ်။


ငါတို့ ရဲစွမ်းသတ္တိကို ဒုက္ခနဲ့ မှတ်တမ်းတင်ကြမယ်..အဲဒီ့သီချင်းမျိုးငါရေးစပ်ရမယ်...

ဘယ်လို အလွမ်းအဆွေးအောက်မှာမှ ငါတို့ ဒူးမထောက်ကြဘူး ..

ဘယ်လောက် အန္တရယ်တွေ ရှိပါစေ ငါတို့ အညံ့မခံကြဘူး..

ဒီနေ့ ကြေကွဲစရာတွေနဲ့ မိုးချုပ်ခဲ့တာ မှန်ပေမယ့်

မနက်ဖန်အာရုံဦး နေရောင်ခြည်ကို ငါတို့သာအရင်တွေ့ခွင့်ရနိုင်တယ်

နောင်နှစ် နှစ်ဆန်းတစ်ရက်နေ့မှာ ဖူဂျီစံ တောင်ထိပ်က နေ၀န်းနီကိုစောင့်ကြမယ်….

အဲသလို သီချင်းမျိုးတွေ ရေးစပ်သီဆိုဖို့ ကိုတိုတူရိယာလေးကို ငါရွေးချယ်ခဲ့လိုက်တယ်


ဂီတဆိုတာ မျက်ရည်ကို နောက်ပြန်စီးဆင်းစေတဲ့ အရာပါ

ဂီတဟာစိတ်ဓါတ်မြှင့်တင်ရေး ကိရိယာပါ

ဂီတဟာ စိတ်အနာတရတွေ အတွက်ကုထုံးပါ

ဂီတဟာ ပြန်လည်ထူထောင်ရေး အားမန်ပါ

ဂီတဆိုတာ ကလေးငယ်တွေအတွက် နူးညံ့ ထက်ရှတဲ့ အနာဂါတ်လမ်းညွှန်ပါ

ငါတို့မကြာခင် အိမ်ပြန်ရတော့မယ် အဲသလို သံပြိုင်သီချင်းတွေသီဆိုဖို့

ကိုတို တူရိယာလေးကိုပဲ ငါရွေးချယ်ခဲ့လိုက်တယ်…


ကိုတို တူရိယာလေးတစ်ခုတည်း ငါရွေးချယ်ခဲ့လိုက်တာ......

အတုံးအရုန်းလဲကျနေတဲ့ ဆာကူရာပင်တွေ ပန်းပွင့်ပြနိုင်တဲ့ မြို့ကလေးဆီက

ငါတို့ ရဲ့…နောက်တစ်ကြိမ်ဖြတ်သန်းသွားလာခွင့်မရှိတော့တဲ့ ဇာတိမြို့လေးဆီကပေါ့။ ။


အိန္ဒြာ

(၃.၇.၂၀၁၁)


ဖူကူရှီးမား= Fukushima(၂၀၁၁ မတ်လ(၁၁)ရက်နေ့က ဂျပန်ငလျင်ကြီး ဆူနာမီနှင့် နျူကလိယ ဓါတ်အားပေးစက်ရုံပေါက်ကွဲမှုဒဏ် ခံလိုက်ရသော ဂျပန်နိုင်ငံရှိမြို့တစ်မြို့)

ကိုတို = Kato ( ဂျပန် တူရိယာ )

ဆာကူရာ = Sakura ( ချယ်ရီပင်)

ဟယခုချိ = hara guchi ( ကလေးများ စကားပြောလေ့ကျင့်ခြင်းသင်ခန်းစာ..)

အိုဒိုးရိ = Odori ( ဂျပန်ရိုးရာ အက)

တနဘတ = tanabata ( ၀ါးပင်မှာ ဆုတောင်း စာရွက်လိပ်ကလေးတွေကို ချိတ်ပြီး စုပေါင်းကျင်းပရသောပွဲတော်)

ဖူဂျီစံ = Fujisan ( ဖူဂျီယာမာတောင်)

-+-+-+-+-



FUKUSHIMA MELODY


My home town where there has no chance to pass through over

As nothing else valuable thing for me

But I’d chosen this instrument …KOTO


Nuclear smelled around our hometown,

Collapsed all the SAKURA trees were there

I was gazing the bravely flower which was blossomed on the tree.

Then I'd chosen this instrument.....KOTO

As we seek our family members

As we regain the chance that we could stay back at our home….there is filled with our songs

As pleasant as a sound from my son who is babbling to practise HARA GUCHI

I’d chosen this instrument….KOTO

Although I suspect the air which I am breathing

Although I worry the ground where I am standing

To rebuilt hundred times for falling at one.

I’d chosen this instrument…KOTO

I shall have the opportunity to listen one more time some tales of hero from my father

I shall have the opportunity for making rhythmic beats with my mother's Odori traditional dance

For tying all of my wishes one more time

At the Tanbata festival that we used to celebrate

I'd chosen that instrument....KOTO

I look up when I walk , so my tear won't fall to play the song with that lyrics

Our dreams come true ....to sing the song with that lyrics

I'd chosen that instrument....KOTO


We shall record our braveness with this outrage

We shall not down our knee under the our sadness

How danger ?.... we're not gonna be the losers easily

Today...........although the night is falling with our mourning

Tomorrow......we are the ones who are able to touch our aurora

On this new year's day..

Lets look forward to our sunniness...

Our redly sun at the top of FUJISAN

for making this song I'd chosen the instrument KOTO ...

Music...

is something which can make the flow our the tears inversely

Music.....

is something like an equipment for making motivation

Music....

is something like a treatment for the wounds in your memories.

Music....

.is something like a driving force for reconstruction.

Music....

.is something like a tender instruction for the children.

For singing together this chorus........

“ WE ARE GOING TO COME BACK OUR HOME SOON”

I'd chosen the instrument ...KOTO

KOTO... ... this instrument which I 'd chosen

From the town

Where .....a heap of lying all fallen Sakura trees could give flower

From the town

Where.... there has no chance to pass though over again.


Written By Eaindra

Translated By Zaw Zaw Htun



(ချစ်သူငယ်ချင်း သင်းသင်းထွဋ် ၊ အချက်အလက်တွေ ရှာဖွေပေးခဲ့တဲ့ ကိုရဲထွဋ်စိုး မဂ္ဂဇင်းမှာ ဖေါ်ပြပေးခဲ့တဲ့ ဆရာမ မနော်ဟရီ နဲ့ အင်္ဂလိပ်လို ဘာသာပြန်ပေးခဲ့တဲ့ ကိုဇော်ဇော်ထွန်းတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း)


August 20, 2011

ပတ္တမြား

ဖဘ မှာ ရော ဘလောဂ်မှာရော ကဗျာတွေ စာတွေ မတင်ဖြစ်တာကြာပါပြီ.။

အခု ကိုယ်တိုင်ရေးတဲ့ ကဗျာတိုလေးနှစ်ပုဒ် နဲ့ တဂိုးရဲ့ ကဗျာလေး တစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးချင်လာပါတယ်။

ကဗျာတွေဟာ ခေတ်ရဲ့ သံခိပ် စကားစုတွေပါ..။

ကဗျာက အကြောင်းအရာတွေဟာ ဒိုင်ယာရီလို အဲဒီ့နေ့ရက်တွေကို ကိုယ်စားပြုပါတယ်။

အချိန်က ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတာကို အခိုင်အမာ သက်သေပြနေတဲ့ အချိန်ကာလပါ..

ရောင်နီကို မြင်လာပြီလို့ထင်ပါတယ်..

မြန်မာပြည်ကြီး တိုးတက် ကြီးပွားပါစေ။ ငြိမ်းချမ်း သာယာပါစေ။ မြန်မာပြည်သူပြည်သားတွေ အကြားအလပ်မရှိ လွတ်လပ် ပျော်ရွှင်နိုင်ကြပါစေ။

+++++++++++++++++++++++++++++++++++++++++++++++

by Eain Dra on Friday, 12 November 2010 at 20:26

သူ့ရေတွေဖေါက်ချခံနေရတဲ့ ငါး

ငါးဟာ

အပျင်းပြေ အသတ်ခံဖို့အတွက်တော့

နွံအိုင်ကို ခံတပ်လုပ်မနေဘူး...

သူ့အကြေးခွံ လှန်မပစ်နိုင်သေးသ၍...

သူ့ယုံကြည်ချက် ရွှံ့တွေ နွံတွေကြား

သူ့သစ္စာတရားက

ပတ္တမြား ထပွင့်နိုင်ကြောင်း ပြလိမ့်မယ်။

အိန္ဒြာ

(၁၂.၁၁.၂၀၁၀)

( ပိတောက်ပွင့်သစ်မှာ စိစစ်ရေးငြိခဲ့ပေမယ့် ၂၀၁၀ မြန်မာကဗျာ စာအုပ်မှာပါခဲ့တဲ့ ကဗျာလေးပါ.။)

+++++++++++++++++++++++++++++++++++++++++++++++++

by Eain Dra on Saturday, 13 November 2010 at 23:44

ပတ္တမြား

တစ်လောကလုံး လင်းလက်သွားသလို

အမှောင်ထဲမှာ အပြုံးက ယုံကြည်ချက်နဲ့ပွင့်ပြတယ်။

အလိုလို တိုးဝင်ပူးကပ်လာတဲ့ ခွန်အားသတ္တိများ

မကြုံဖူးတဲ့စကားလုံးတွေ သမိုင်းစာမျက်နှာပေါ်ထင်ဟတ်ခဲ့..။

မျက်ရည်တွေ

မျက်ရည်..တွေ

မျက်ရည်...တွေ....

ဒီမျက်ရည်တွေဟာ အရင်မျက်ရည်တွေကို ဆေးကြောပေးမယ့် မျက်ရည်ပေါ့

ခရီး....

လက်တွဲပြီးချီတက်

ဒီနေရာကနေ တစ်ဖ၀ါးချင်းပြန်စကြမယ်....ပန်းတိုင်ဆီ။ ။

အိန္ဒြာ(၁၃.၁၁.၂၀၁၀)

( ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်လွတ်တဲ့နေ့က ရေးဖြစ်ခဲ့တဲ့ ကဗျာတိုလေးဖြစ်ပါတယ်။)

++++++++++++++++++++++++

ဂီတဉ္ဖလီ(၃၅) (လွတ်လပ်သောနိဗ္ဗာန်)

စိတ်က မကြောက်ဘဲနှင့် ခေါင်းကို မတ်စွာထားနိုင်သောအရပ်၌လည်းကောင်း၊

ပညာသည် လွတ်လပ်ရာ၌လည်းကောင်း၊

ကမ္ဘာကို ကျဉ်းမြောင်းသော လူမျိုးစုနံရံများဖြင့် တောက်စိပ် ပိုင်းခြားမှု မရှိရာ၌ လည်းကောင်း၊

...စကားသည် နက်ရှိုင်းသော သစ္စာတွင်းမှ လာသောအရပ်၌လည်းကောင်း၊

မနေမနားသောအားထုတ်မှုသည် နိဗ္ဗာန်သို့ လက်လှမ်းသော အရပ်၌လည်းကောင်း၊

ဆင်ခြင်မှု ချောင်းရေသန့်သည် အကျင့်ဆွေး သဲကန္တာရ တွင်ခရီးလမ်းစ မပျောက်ရာ၌ လည်းကောင်း၊

စိတ်ကို အစဉ် ပြန့်ပြူးသော တွေးဆ ပြုလုပ်မှုတို့သို့ အရှင်ရှေ့ဆောင်ရာ၌ လည်းကောင်း၊

ထိုလွပ်လပ်သောနိဗ္ဗာန်၌ ငါ တို့ ၏ တိုင်း ပြည် သည် နိုး ကြား နိုင် ပါ စေ သ တည်း..။

ရာဘင်ဒြာနတ်တဂိုး

(တဂိုးစာပဒေသာ ၊ မောင်ဖြူး၊ ဇော်ဂျီ၊ မင်းသုဝဏ်)

July 31, 2011

ပန်းချီဆရာကြီး ရာဟုလာ ကွယ်လွန်ခြင်းနှင့် ဆရာကြီး၏ နောက်ဆုံးအချိန်မှာ ကျင်းပခွင့်ရလိုက်သော ရသအလင်းမှ ဂုဏ်ပြုငွေပေးအပ်ပွဲ

ဒီနေ့ဟာ ရသအလင်းဖောင်ဒေးရှင်းအတွက် ကြေကွဲစရာ အမှတ်ရစရာတွေနဲ့ ဘယ်လို့မှမေ့ပျောက်မရနိုင်မယ့်နေ့ဖြစ်ပါတယ်။

ရသအလင်းဖောင်ဒေးရှင်းရဲ့ မှုဆောင်အဖွဲ့ဆုံးဖြတ်ချက်နဲ့ ရသအလင်းဖောင်ဒေးရှင်း မှ လည်ချောင်းကင်ဆာရောဂါခံစားနေရတဲ့ ပန်းချီဆရာကြီးရာဟုလာ ကို ၂၄.၇.၂၀၁၁ နေ့က ဆေးဝါးကုသစရိတ်အလို့ငှာ အနုပညာဂုဏ်ပြုငွေအဖြစ် (၃)သိန်းတိတိ ပေးအပ်ခဲ့ပါတယ်။

မန္တလေးမှ ဆရာကျော်ရင်မြင့်က အစစအရာရာတာဝန်ယူဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ဒီကနေ့(၃၁.၇.၂၀၁၁) မင်းကွန်းက ပန်းချီဆရာကြီး ရာဟုလာ အိမ်မှာ အခမ်းအနားလေးနဲ့ ပေးအပ်ဂုဏ်ပြုဖို့ စီစဉ်ခဲ့ကြပါတယ်။

မနက် ၁၀နာရီပတ်ဝန်းကျင်လောက်မှာ ဆရာကျော်ရင်မြင့်နဲ့ မန္တလေးမှ စာနယ်ဇင်းသမားများ ဂျာနယ်လစ်များ စုစုပေါင်း (၁၂)ယောက်ခန့်ဆရာကြီးရဲ့ အိမ်ကိုရောက်ကြတော့ ဆရာက တော်တော်လေး ရောဂါဖေါက်နေခဲ့ပါပြီ။

ဒါပေမယ့် ကြိုတင်သတင်းပေးထားခဲ့တာအတွက် အလှူငွေကို ၀မ်းမြောက်ဝမ်းသာ လပ်အုပ်လေးချီပြီး လက်ခံခဲ့ပြီး သာဓုအနုမောဒနာခေါ်ဆိုလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းမှာလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်.


ဒါပေမယ့် အခုကြားလိုက်ရတဲ့ သတင်းကတော့....


လည်ချောင်းကင်ဆာဝေဒနာကိုခံစားနေ ရရှာတဲ့ ပန်းချီဆရာကြီး ရာဟုလာ (အသက်၆၇နှစ်) ဒီကနေ့ 31-7-2011 မွန်းလွဲ 12:15 အချိန်မှာ မင်းကွန်းမှာရှိတဲ့သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားပါ၍ ကျန်ရစ်သူမိသားစုနဲ့အတူ

အထူးကြေကွဲဝမ်းနည်းရပါတယ် ။ မနက်ဖြန် နေ့လည် ၃နာရီမှာ သင်္ဂြိုလ်ပါမယ် ။


( ဂုဏ်ပြုငွေတွေကို လက်ခံပြီးဆရာကြီး ၁နာရီကျော်ကျော်လောက်အကြာမှာ ဆရာကြီးဆုံးပါးသွားခဲ့ပါတယ်.။)


ရသအလင်းအနေနဲ့ မိသားစုနဲ့ထပ်တူ အနုပညာလောကနဲ့ထပ်တူ ဖြေမဆည်နိုင်အောင်ကြေကွဲခံစားကြရပါတယ်။

ဒါပေမယ့် ဆရာကြီး မကွန်လွန်မှီအချိန်ပိုင်းမှာ သူတစ်သက်လုံးမြတ်မြတ်နိုးနိုး နက်နက်ရှိုင်းရှိုင်းလုပ်ကိုင်လာခဲ့တဲ့ သူ့အနုပညာဟာ နောက်ဆုံးအချိန်အထိသူ့ကိုစောင့်ရှောက်သွားတယ်လို့ဂုဏ်ယူကြည်နူးခွင့်ပေးလိုက်နိုင်တာအတွက်၊ နောက် ပန်းချီဆရာကြီးရာဟုလာရဲ့ တန်ဖိုးရှိလှတဲ့ပန်းချီဆရာဘ၀ဖြတ်သန်းမှုအတွက် ၊ ရသအလင်းက ကိုယ်နိုင်တဲ့ တာဝန်လေးတစ်ခုကိုတော့ ကျေနိုင်လိုက်တယ်လို့ နှစ်သိမ့်ဖြေဆည်နေမိကြပါတယ်။

အခု ဆရာကျော်ရင်မြင့်နဲ့ ဆရာတွေအားလုံး ဆရာကြီး ရာဟုလာရဲ့ဈာပနာ အခမ်းအနားမှာရှိနေကြပြီးဆရာကြီးရဲ့နောက်ဆုံးအချိန်မှာအလှူငွေလက်ခံနေပုံတွေ သတင်းအသေးစိတ်တွေကိုထပ်မံ ဖေါ်ပြပေးသွားပါ့မယ်။



ပန်းချီဆရာကြိး ရာဟုလာ

ဒဏ်ရာများနဲ့ ပန်းချီဆရာ.။

'ရူးသွပ်ခြင်းများစွာနဲ့ အလုပ်လုပ်ရမှာပဲ''

''အနုပညာဆိုတာ တစ်စုံတစ်ခု ရူးသွပ်မှ ရတာ'' ဆိုတဲပ အနုပညာမှာ ကိုယ်စိတ်နှလုံးသုံးပါးစလုံးပျော်ဝင်ပူးကပ်နေခဲ့တဲ့ ပါရမီရှင်


နောက်ဘ၀မှာ အနုပညာကို ရူးရူးမက်မက် လုပ်ကိုင်နေတဲ့ ပန်းချီဆရာကြီး

ငြိမ်းချမ်းတဲ့ရေခံမြေခံမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာတဲ့ ပန်းချီဆရာကြီးဖြစ်ပါစေ..။



ရသအလင်းအဖွဲ့သားများ



××××××××××××××××××××

ဧရာဝတီက စီစဉ်တင်ဆက်တဲ့ ဆရာကြီးရာဟုလာနဲ့ အင်တာဗျူးပါ..

https://www.youtube.com/watch?v=Ov3Z8h9kfSY&feature=player_embedded

××××××××××××××××××××



ပန်းချီဆရာ ရာဟုလာ အကြောင်းကို ဆရာကျော်ရင်မြင့် ရေးသားပြုစုတဲ့ "ဘ၀ဇာတ်ခုံ" စာအုပ်တွင်လည်းဖတ်ရှုကြည့်နိုင်ပါတယ်။

".....နောက် ဒုတိယတစ်ယောက်က ပန်းချီဆရာ ရာဟုလာ...။ ပြောရရင် ဗင်းဆင့်ဗန်ဂိုးကို ဘယ်သူမှန်း မသိတဲ့သူပေါ့။ ကျွန်တော်သဘောကျတယ်။ သူက မိဘသဘောမတူသူနဲ့ အိမ်ထောင်ပြုတဲ့ပြီးနောက် လမ်းမှာ ကားနဲ့ ဖြတ်သွားတဲ့အဖေကိုတွေ့တော့ ဆိုက်ကားနဲ့ လိုက်ပြီး အမွေတောင်းတယ်။ ဒါနဲ့ သူငယ်ချင်းတွေက သူ့ကို ရာဟုလာ လို့ခေါ်ကြတယ်။ ပန်းချီဆွဲတော့ ပထမနာမည်ရင်း ဖြစ်တဲ့ အောင်မြင့်နဲ့ရေးသေးတယ်။ အောင်မြင့်တွေများတော့ သူက နာမည်ပြောင်းလိုက်တယ်။ သူငယ်ချင်းတွေ ခေါ်တဲ့နာမည်ပဲပြောင်းလိုက်တယ်။ ရာဟုလာ... လို့။ ဆီဒိုးနား ဟိုတယ်မှာ one man show ပြဖို့ ဇော်ဝင်းထွဋ်က ကူညီပေးတယ်။ ဟိုတယ်မှာ တည်းခိုင်းတော့ မတည်းနိုင်ဘူး။ ဘုန်းကြီးကျောင်းမှာပဲ တည်းမယ်လုပ်တဲ့သူပေါ့။ ရန်ကုန်မှာ အိမ်ဆောက်ပေးမယ်ဆိုတော့ တောပဲပြန်မယ်လုပ်သူလည်းဖြစ်တယ်လေ..."

xxxxxxxxxxxxxxxx


ယခုသတင်းဆောင်းပါးကတော့ မနှစ်တုန်းက လျှပ်တစ်ပြက် (Vol3. No.1)မှာ ပါဝင်ခဲ့တဲ့ သတင်းဆောင်းပါးပါ။


"မင်းကွန်းပုထိုးတော်ကြီး ဘုရားဘေးက ''Rahula Art Workshop'' လို့ အမည်ပေးထားတဲ့ ခြံဝင်းကျယ်ကျယ်နဲ့ အိမ်ကလေးမှာ ပန်းချီရေးနေတဲ့ ''ပန်းချီဆရာ ရာဟုလာ''လို့ ပြောလိုက်ရင် မုတ်ဆိတ်ကျင်စွယ်တွေနဲ့ ဆေးလိပ်ခဲပြီး နေတတ်တဲ့ ပန်းချီ၊ ဂီတအနုပညာ အကြောင်းတွေ ပြောရင် မျက်ဝန်းတွေ တောက်ပလာတတ်တဲ့ ဆရာ ရာဟုလာကို ပြေးမြင်မိကြမှာပါပဲ။ ဒီမင်းကွန်းက ဆရာရာဟုလာရဲ့ ပန်းချီကားတွေကို ကုန်းတစ်တန်၊ ရေတစ်တန်၊ ဖြတ်သန်းပြီး ရန်ကုန်မြို့အထိ ယူလာတာ ''Untitled Life ''တစ်ကိုယ်တော်ပြပွဲကို စီစဉ်ကျင်းပပေးပြီး သြဂုတ်လ (၂၅)ရက်ကနေ စက်တင်ဘာလ (၂)ရက်နေ့ အထိ ခင်းကျင်းပြသ ပေးခဲ့ကြတာကတော့ ''မိုးခ'' ပန်းချီအနုပညာ ပြခန်းပိုင်ရှင် ဦးဘိုဘို၊ ဆရာဆန်နီညိမ်းနဲ့ မိုးခဝိုင်းတော်သားတွေ ဖြစ်ပါတယ်။

''မိုးခ''ကို ပိုပြီးကျေးဇူးတင်စရာကောင်းတာကတော့ ပန်းချီကားတွေ သာမက၊ ကျန်းမာရေးသိပ်မကောင်းတဲ့ ဆရာ ရာဟုလာကို မင်းကွန်းကနေ ရန်ကုန်အထိ သက်သောင့်သက်သာလာနိုင်အောင် စီစဉ်ပေးခဲ့တဲ့အပြင် စာနယ်ဇင်းတွေ၊ ပန်းချီဆရာတွေ၊ ပန်းချီမြတ်နိုးသူတွေနဲ့ ဆုံတွေ့ခွင့်ရအောင် ဖန်တီးပေးခဲ့ကြတာပါပဲ။

စာနယ်ဇင်းပွဲမှာ ဆရာ့ကျန်းမာရေးအရ စကားသိပ်မပြောနဲ့ ကုလားထိုင်မှာ ထိုင်ပြီးပြောဖို့ ပန်ကြားခဲ့ကြပေမဲ့ ဆရာက အားမရလို့ဆိုပြီး မတ်တတ်ရပ် ပြီးပြောတဲ့အပြင် ကျန်းမာရေးမကောင်းလို့ အားပျော့နေတဲ့ မျက်ဝန်းတွေပါ တလက်လက်တောက်ပလာပြီးမရပ်မနားပြောနေပါတော့တယ်။

ကျွန်တော်က ပန်းချီကို ဦးသန်းမောင်တို့နဲ့ ပိုစတာရေးခဲ့တာက စဝင်လာ ခဲ့တာပါပဲ။ ကားနံပတ်ရေးတာလည်း ပါတာပေါ့။ နောက်တော့ ဘကြီးတော်စပ် သူက အောင်မောင်းကြီးဇာတ်ထဲမှာ ပန်းချီရေးတော့ မဏ္ဍပ်ဆင်တာတွေ ဘာတွေမှာပါရင်း ဘုန်းကြီးပျံလောင်တိုက်တွေမှာလည်း ပန်းတွေဘာတွေ ဝင်ရေးရာကနေ မျက်စိရည်ဝပြီး ဦးသောင်းဖေနဲ့တွေ့တော့ ပိုစတာတွေ၊ ဆိုင်းဘုတ်တွေ ရေးဖြစ်ခဲ့ပါတယ်။

မန္တလေးမှာ ဦးချစ်မြဲတို့၊ ဦးအေးကျော်တို့ ဦးကံညွန့်တို့ဆီမှာတက်ရင်း ပန်းချီကျောင်းမပြီးခင် (၁၉၆၄)မှာ တစ်နေရာရောက်သွားပြီး အကြာကြီးနေခဲ့ ရတယ်။ အဲဒီက ပြန်လာတော့လည်း ပန်းချီရေးတာပဲ။

ကျွန်တော်အရင်ကတော့ Realism ရေးပါတယ်။ အရှိကိုအရှိအတိုင်း ရေးတာပေါ့။ Solo Show တွေကို ရန်ကုန်မှာ(၄)ပွဲ၊ မန္တလေးမှာ(၄)ပွဲလုပ်ခဲ့ တယ်။

နာက်တော့ Realism တွေကို သင်ကြားခဲ့ရတာတွေတဖြည်းဖြည်းပါး လာပြီး ရေးချင်တာတွေရေးလာခဲ့တာပါပဲ။ အနုပညာကို ကျွန်တော်ဆရာကြီးမြို့မငြိမ်းရေးတဲ့သီချင်း(၃)ပုဒ်နဲ့ တင်စားပြီးပြောချင်ပါတယ်။ ဆရာမြို့မငြိမ်းက သီချင်းကို Realism နဲ့လည်း ရေးတယ်။ နိမိတ်ပုံနဲ့လည်းရေးတယ်။ နောက် Abstract လို့ သူ့ကိုယ်တိုင် တောင် သိမသွားတဲ့ အမြင်သစ်၊ အတွေးသစ်တွေပါတဲ့ Abstract နဲ့လည်း ရေးသွားပါတယ်။

ပထမဆုံး ''စစ်ကိုင်းတောင်''သီချင်းပေါ့၊ အဲဒါဆိုရင် Realism ရေးနည်း နဲ့ ရေးတာ၊ ''စစ်ကိုင်းတောင် အထက်နားဆီက ရှေ့တလွှားရှုလိုက်ရင်လေ ဧရာဝတီ၊ ဒုဌာဝတီ . .'' ဆိုတဲ့ သီချင်း၊ ကျွန်တော်အခုမဆိုနိုင်တော့လို့ ဖြစ်နိုင်ရင် သံနေသံထားနဲ့ တောင်ဆိုပြချင်ပါတယ်။

ဒီသီချင်းက အနုပညာသဘောပြောရရင် Realism ပေါ့။ ပုညရှင် စေတီတို့၊ ဒုဋ္ဌာဝတီတို့ကို အရှိအတိုင်း၊ အမြင်အတိုင်းရေးတာ။ ကျွန်တော်တို့ ပန်းချီမှာ လည်း Realism ဆိုရင်ဘုရား၊ကျောင်း၊တန်ဆောင်းပြသာဒ်တွေ ရေးကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မန္တလေးကို Outdoor ထွက်ပြီး ဒါတွေရေးခဲ့ပါတယ်။

ဒုတိယနိမိတ်ပုံ တင်စားချင်တာက သင်္ကြန်သီချင်းပါ။

''ဖြူဖြူပြာပြာနီနီဝါဝါ၊ ဝေဆာမြူးလို့နေ'' ဆိုတာ

ဟိုတုန်းက မန္တလေးသင်္ကြန်ဆို မဏ္ဍပ်တွေက အနီရောင်ဝတ်စုံတွေ၊ အပြာရောင်ဝတ်စုံတွေ၊ အဝါရောင်ဝတ်စုံတွေ ဆိုပြီး မဏ္ဍပ်အလိုက် ဝတ်ကြတယ်။ ဆရာငြိမ်းက ဒါကိုပန်းတွေနဲ့ နိမိတ်ပုံတင်စားပြီးရေးခဲ့တာပါ။

''ဟောတစ်ရုံ၊ ဟောတစ်ရုံ၊ ပန်းမျိုးစုံလို့လေ''

''ညှင်းလေသွေး''တို့ဘာတို့လည်း နိမိတ်ပုံတွေပေါ့။

ဘယ်သူမှ မလုပ်သေးဘူး ဆရာငြိမ်းလုပ်သွားတာ။

နောက် Abstract ဆိုတဲ့ သိခြင်း၊ မသိခြင်းတွေရေးတာကတော့

''မပြီးသေးသော ပန်းချီကား''သီချင်းပါပဲ။''မျက်စေ့ကို မှေးမှိတ်၊ အိပ်စက်ရာတွင် . .

ချောင်းလိုလို၊ မြစ်လိုလိုတစ်ခုသော ကမ်းစပ်ရောက်လာသည်တွင် ထိုစဉ် လှော်ခပ်သူလည်း ရောက်မလာ''

ဆိုတာတွေက ခပ်ဝါးဝါးလေး ထင်နေတာတွေ ''Abstract'' တွေပါ။

အခု ကျုပ်တို့ ဒီနေ့ရေးနေတာ အဲဒါမဟုတ်လား။

ကျွန်တော့် ပန်းချီကားတွေကိုကြည့်(၁ဝ)ယောက်ကြည့်ရင်(၁ဝ)မျိုး ခံစားရတာပဲ။

ဟိုတုန်းကတော့ Technique တွေရေးတယ်။ မိန်းကလေးဆိုလည်း အချိုးအဆက်ပြေဖြစ်အောင် လှပအောင်ရေးတာ။

အိမ်မှာ ကင်းဘတ်(စ်)၊ စုတ်၊ ဆေးတွေ အဆင်သင့်အမြဲချထားတယ်။ ရေးချင်တာ၊ အာရုံရတာ ကောက်ရေးလိုက်တာပဲ။ မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းလဲ၊ မျဉ်းမတ် . . .ဒီ ဘောင်ထဲက ဘယ်လွတ်လိမ့်မလဲ။

ပြီးရင် ဆေးမခြောက်မချင်း ထိုင်ကြည့်တယ်။ တချို့က လေးဘက်လေးတန်လုံး ခံစားရတယ်။ တစ်ခါတရံ(၃)ဘက်၊ တစ်ခါတရံ (၂)ဘက်၊ တစ်ခါတရံ (၁)ဘက်တည်း ခံစားရတယ်။ တစ်ခါတလေကျတော့လည်း လုံးဝ ပျက်စီးသွားတာပဲ။

(၁ဝ)ချပ်ရေးရင် Masterpiece (၂)ချပ်ပဲထွက်တယ်။

အနုပညာဆိုတာ ပန်းချီမှမဟုတ်ဘူး။ ဂီတတို့စာပေတို့လည်း ရေးတိုင်း မရပါဘူး။ အာရုံရတဲ့အချိန် ''ဘတ်ခနဲ''ကောက်ရေးမှရတာ။ Emotion ဆိုတဲ့ ''ဈာန်''ရမှ ရေးတယ်။ တစ်ပတ်လောက်ထောင်ကြည့် ပြီး ပါးပါးလေးတစ်ချက်လုပ်လိုက်တာ။

Emotion နဲ့စပြီး Emotion နဲ့ ဆုံးတာရှိသလို Emotion နဲ့စပြီး Technique နဲ့ဆုံးတာရှိတယ်။ Technique နဲ့စပြီး Emotion နဲ့ ဆုံးတာလည်းရှိတယ်။ များသောအားဖြင့် Emotion နဲ့စပြီး Technique နဲ့ ဆုံးတယ်။

ပန်းချီနဲ့ပတ်သက်ရင် အချိန်မရွေးမေး၊ ရှိတာနဲ့ ဆွဲပြနိုင်တယ်။ ရေးချင်သလို ရေးပြီး ရချင်သလိုရတယ်။ ဒါပေမဲ့ ''အကြောင်းအရာတစ်ခု'' အဲဒါကြီးက ရင်ထဲမှာရှိတယ်။ ဒါကို ကြမ်းတမ်းသိမ်မွေ့မှုတွေ၊ ဝေဒနာတွေနဲ့ ပေါင်းစည်းလိုက်တော့ တစ်စုံတစ်ခု တွေ့သွားတာပဲ။

ပန်းချီကားဝယ်မယ်ဆိုရင် ပန်းချီဆရာရဲ့ နောက်ကြောင်းရာဇဝင်ကို သိကို သိရမယ်။ Abstract ကို ဗိုလ်စောလည်းရေးတယ်။ ဦးမျိုးခင်၊ ဦးထွန်းစိန်၊ Dr ကိုကိုကြီးတို့လည်း ရေးတယ်။ ကျွန်တော်လည်း ရေးတယ်။

ဒီလေးငါးယောက်မှာ ဘဝအတွေ့အကြုံခံစားချက်တွေ မတူတော့ Abstract တွေက ဘယ်လိုမှ မတူနိုင်ဘူး။

အရောင်ဆိုလည်း ကျွန်တော့်မှာ အရောင်စွဲမရှိဘူး။ ဒါပေမဲ့ ပန်းချီကား တစ်ချပ်မှာ Beauty တစ်ခုတော့ရှိတယ်။ အလှတရားတစ်ခုတော့ ရှိတယ်။ Colour နဲ့ Tone ဘယ်ဟာ အဓိကလဲ၊ ဒီနှစ်ခုက ဒင်္ဂါးပြားများလို ဟိုဘက်၊ ဒီဘက်ဖြစ်နေတာ။

ကျွန်တော့်အမြင်တော့ Tone က အဓိကလို့ မြင်တယ်။

အနုပညာရှင်ဟာ လောဘ၊ ဒေါသ၊ မောဟတွေကင်းရတယ်။ ဒါတွေ များနေရင် ဘယ်တော့မှ ပန်းချီကားမဖြစ်ဘူး။

ကျွန်တော်က ကိုယ်လုပ်ချင်ရာတွေ လုပ်ထားတာ၊ တစ်သိန်းနှစ်သိန်းပေးရင် တော်ပြီပေါ့။ '

'ရူးသွပ်ခြင်းများစွာနဲ့ အလုပ်လုပ်ရမှာပဲ''

''အနုပညာဆိုတာ တစ်စုံတစ်ခု ရူးသွပ်မှ ရတာ''

(ဆရာ ရာဟုလာ ပြောသွားတဲ့ စကားတွေကို အကျဉ်းချုပ် ပြန်တင်ပြထားတာပါ -စာရေးသူ)

ဆရာက မေးမြန်းဆွေးနွေးကြဖို့ ပြောတော့ ''ထူးအိမ်သင် portrait'' ကို Expressionism နဲ့ ရေးထားတဲ့ ဆရာ့ Emotion ကိုမေးဖြစ်ပါတယ်။

[ကျွန်တော်က ထူးအိမ်သင်ကို လေးစားခဲ့တာ၊ မန္တလေးစိန်ရတုမှာ သုံးည၊ ရန်ကုန်မှာ သုံးညကတော့ ထူးအိမ်သင်ကို တွေ့ခဲ့တာ၊ အဲဒီတုန်းက သူရှိသေး တယ်။ သူနဲ့ မသိပေမဲ့ ကြိုက်လည်းကြိုက်တယ်။ ကျွန်တော်က setting ကိုင်ရတော့ သူ့ကိုကားကြားထဲမှာ အိပ်နေတာတွေ့တယ်။ မိန်းမကိုတောင် ခေါ်ပြရသေးတယ်။

သီချင်းလည်း ဆိုလိုက်ရော၊ ဒိုင်းခနဲပဲ၊ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုသွားတာ၊ ဒီလူနဲ့ ပတ်သက်လို့ အဲဒီမှာ ရူးသွပ်သွားတာပဲ၊ တော်တော်လေးစားသွားတယ်။ သူ့သီချင်းတွေလည်း စုဆောင်းခဲ့ဖူးတယ်။ နောက် ဂျာနယ်တစ်ခုမှာ ဂစ်တာတီးတဲ့ပုံတွေ့တော့ ထူးအိမ်သင် portrait ရေးမှပဲဆိုပြီး ကောက်ပြီး Sketch ခြစ်ရင်း အပြာရောင်တွေ ရေဆေးအထူ ရေးနည်းတွေ ဖြစ်လာတာပါပဲ'

ချိတ်ထားတဲ့ ကားတွေထဲမှာ 46x33 inches အရွယ် Untitled (2010)ဆိုတဲ့ကားဟာ ကျွန်မမင်းကွန်းသွားတုန်းက တွေ့ခဲ့တဲ့ကားပါ။ ဆင်စီး ချင်းတိုက်ပွဲကို အနီတွေ အဝါတွေနဲ့ ရေးထားတာ တွေ့လို့ ဆရာ့ကို ဒီကားနဲ့ ပတ်သက်ပြီးမေးတဲ့အခါ ပြောပြခဲ့တာလေးကိုလည်း သတိရမိပါတယ်။

[မင်းကွန်းမှာ အခုနေနေပေမဲ့ ကျုပ်ရွှေဘိုသားလေ ဆရာမရဲ့၊ ဒီတော့ ကုန်းဘောင်ရာဇဝင်လှန်ဖတ်မိပြီး ဒီကားရးချင်စိတ်ပေါ်လာတယ်။ မုဆိုးဖိုရွာကို တလိုင်းတွေသိမ်းတော့ ထန်းလုံးခံတပ်တွေနဲ့ ပြန်တိုက်တာ။ ဝါးရင်းတုတ် တွေနဲ့ တပ်သားတွေစုပြီး မုဆိုးဖိုရွာသူကြီးဦးအောင်ဇေယျကိုယ်တိုင်ထွက် တိုက်တာကို ရေးတာ။

တိုက်တာမှ ဆရာမရေ မောင်းထုပြီးတော့ အားရပါးရ တရကြမ်းတိုက်တာ။ ကျုပ်မှာရေးနေရင်း ဘယ်ကအားအင်တွေ ဝင်လာမှန်းမသိဘူး။ အရောင်တွေက အနီတွေ၊ အဝါတွေရဲရဲရင့်ရင့် သုံးပြီး ကိုယ်တိုင် ဝင်တိုက်နေရသလို ပါပဲ'

ဆရာ့စကားတွေထဲက အမှတ်တရစကားလေးကိုလည်း သတိရမိလိုက် ပါတယ်။ အဲဒါကတော့

[နောက်ထပ် တစ်ကိုယ်တော်ပွဲ(၈)ကြိမ်မြောက် တစ်ပွဲလုပ်ဖို့တော့ မောင်း တင်ထားတာပဲ။ အခုတော့ ''ပုထိုးတော်ကြီးဘေးက Rahula Art Workshop မှာ ရာဟုလာ ပန်းချီရေးနေသည်ပေါ့'

ဆိုတဲ့စကားလေးပါပဲ။ ဒါကြောင့် ဆရာရာဟုလာရဲ့ ကားတွေနဲ့ (၈)ကြိမ်မြောက် တစ်ကိုယ်တော်ပွဲ လုပ်ပေးတဲ့အပြင် ''ပုထိုးတော်ကြီးဘေးက Rahala Art Workshop မှာ ပန်းချီရေးနေတဲ့ ရာဟုလာ''ကို မိုးခအနုပညာပြခန်း အထိ ခေါ်လာနိုင်တဲ့ မိုးခအနုပညာပြခန်း ဝိုင်းတော်သားတွေကို လေးစားစွာ ကျေးဇူးတင်မိခဲ့ရပါတယ်။

ဒါဟာ ဆရာရာဟုလာအတွက် အကောင်းဆုံးအားဆေး တစ်ခွက်လည်း ဖြစ်မှာပါပဲ။ (Congratulation ! ပါ ဆရာရာဟုလာ



ခင်သန်းဖြူ(artist & writer)"

July 12, 2011

ဇူလိုင် ၁၉တွင် အေဂျီအမ်ပီမှ သစ်ပင် ကိုးရာကျော် စိုက်မည်..



( မြန်မာကဗျာဆရာများပူးပေါင်းလှုပ်ရှားမှု အင်အားစု

( Action Group of Myanmar Poets ( A-G-M-P) ဆိုတဲ့ အမည်တစ်ခုနဲ့

မြန်မာပြည်မှာ မြန်မာကဗျာဆရာတွေ ဦးဆောင်တဲ့ အဖွဲ့လေးက

လူမှုရေးလုပ်ငန်းတွေ အနုပညာလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်

အသေးစိတ်ကို "Action Group of Myanmar Poets Face Book "စာမျက်နှာမှာကြည့်ရှုနိုင်ပါတယ်..။)



အေဂျီအမ်ပီ ကဗျာဆရာများ မှ ဇူလိုင် ၁၉တွင် သစ်ပင် ၉၀၀ကျော် ကို ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့

တောကျောင်းကျေးရွာ၊ ကမာကလွန်းကျေးရွာ၊ သာယာကုန်းကျေးရွာ တို့တွင် စိုက်ပျိုးမည်ဖြစ်ပြီး..

စိုက်ပျိုးမည် ပျိုးပင်များမှာ ကျွန်း နှင့် ယူကလစ်ပင် ပျိုးပင်များဖြစ်ပြီး ဇူလိုင် ၁၉ရက်နေ့ မနက်၉နာရီခွဲ အချိန်တွင် စတင်စိုက်ပျိုး မည်ဖြစ်ပါသည်..။


အေဂျီအမ်ပီ ကဗျာဆရာများဦးဆောင်ပြီး မနှစ်က ဇူလိုင် ၁၉တွင် ကဗျာဆရာ တောအုပ် အနေဖြင့် မြန်မာ့ကဗျာဆရာများ အမည်ဖြင့်

အထိမ်းအမှတ် သစ်ပင်များ စတင်စိုက်ပျိုးခဲ့ပါသည်။


ယခု နှစ် သစ်ပင်စိုက်ပျိုး ပွဲသို့ လိုက်ပါလိုသူ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ သစ်တောသစ်ပင် ချစ်ခင် မြတ်နိုးကြသူများ ကဗျာဆရာများ အနေနဲ့ ရန်ကုန် နန်းသီတာဆိပ်ကမ်း( ပန်းဆိုးတန်း ဆိပ်ကမ်း) တွင် ဇူလိုင်လ ၁၉ရက်နေ့ မနက် ၇း၀၀ နာရီ အချိန်တွင် စုရပ်အဖြစ် ဆုံစည်းကြမှာဖြစ်ပြီး ဒလဆိပ်ကမ်းမှာ ကွမ်းခြံကုန်း မြို့ အသွားအပြန် မော်တော်ယာဉ် စီစဉ်ထားရှိထာပါသည်..။


ပါဝင်လိုက်ပါ လိုသူများ နန်းသီတာ ဆိပ်ကမ်းတွင် မနက် ၇နာရီထက် နောက်မကျစေပဲ အရောက်လာခဲ့ကြဖို့ ပန်ကြားအပ်ပါသည်..။


သစ်ပင် စိုက်ပျိုးမှုအတွက် အထွေထွေ လှုဒါန်းမှုများကိုလည်း အေဂျီအမ်ပီ ကဗျာဆရာများ အမှုဆောင်အဖွဲ့နှင့် ဆက်သွယ် လှုဒါန်း နိုင်ပါသည်..။


( A-G-M-P)

(ကိုယ်စား)


အိန္ဒြာ

( အဝေးရောက် အဖွဲ့ဝင်/ စင်ကာပူ)


July 1, 2011

ဧရာဝတီ ၊ သူ စီးထွက်သွားခဲ့ပြီ ပင်လယ်ဆီ

ဧရာဝတီကတော့ ပင်လယ်ဆီ စီးထွက်သွားခဲ့ပြီ.....

တကယ်လို့များ ကျွန်မတို့တွေလည်း မြစ်ရေတွေသာဆိုခဲ့ရင်.....


+++++++++++++++++++++++++++++++++++++++++++++++++++




ဧရာဝတီ ၊ သူ စီးထွက်သွားခဲ့ပြီ ပင်လယ်ဆီ



အရှေ့မြောက်အာဖရိက က နိုင်းလို ၊ တူရကီက တီဂရစ်လို

အင်္ဂလန်တောင်အရပ်က သိမ်းလို ၊ တရုတ်ပြည်မကြီးက မြစ်ဝါလို

အိန္ဒိယက ဂင်္ဂါလို ၊ မြောက်အမေရိက မစ္စစ္စပီလို

ဧရာဝတီဆိုဟာ လည်ဆွဲရတနာပဲ.. ဧရာဝတီဆိုတာ ညာဘက်လက်ရုံးပဲ

ဧရာဝတီဆိုတာ အသက်ဝင်နေတဲ့ သမိုင်းစာအုပ်ပဲ

ဧရာဝတီဆိုတာ မြစ်တစ်စင်းပဲ


မြစ်က သူ့မြို့လေးရဲ့ကမ်းနဖူးက အရိုင်းအစိုင်း ကိုင်းပင်တွေက အစ

သူ့ဝမ်းဗိုက်ထဲမှာ ငါးဖေါင်ရိုးလေးကူးခတ်နေတာ အဆုံး..

သူ့မြို့လေးရဲ့ပြောင်းဆန်နံ့ လေပြည်အရူးက အစ

သူ့ကမ်းပါးမှာနေ၀င်သွားတဲ့ ဆည်းဆာရောင်ခြည် အဆုံး..

သူ့ရင်ခွင်ကိုတဖျမ်းဖျမ်းရိုက်ခတ်နေတဲ့ ကွန်ချက်တွေက အစ..

သူ့မြို့လေးကိုခေါင်းအုံးထားတဲ့သဲသောင်ဝါ၀ါ အဆုံး...

မီးကုန်ယမ်းကုန် ချစ်မြတ်နိုးခဲ့တယ်။


မြစ်ဟာ ထိမ်ဝှက်လို့မရနိုင်တဲ့ သက္ကရာဇ်တွေကို အနယ်ကျပေးသူပဲ

မြစ်ဟာ အမေ့ခံသစ္စာတရားတွေအတွက် လှိုင်းကြီးလေကြီးဂီတပဲ

မြစ်ဟာ ရာဇ၀င်ကောက်ကြောင်းတွေ မရေးပဲထင်နေတဲ့ ကြည့်မှန်ပဲ

မြစ်ဟာ အနာဂါတ်တွေ တ၀ုန်းဝုန်းပြိုနေတဲ့ ကမ်းပါးယံတွေပဲ


မြစ်ဟာ ငြိမ်းချမ်းရေးဆင်ဖိုနီနဲ့ တသွင်သွင်စီးဆင်းချင်ခဲ့တယ်

မြစ်ဟာ ဗဟုဝါဒဆန်ဆန် မြစ်ငယ်ချောင်းငယ်တွေကို...ကြိုဆိုလက်သင့်ခံခဲ့တယ်

မြစ်ဟာ မြစ်ဆန်ဆန်ပဲကွေ့ကောက် မြစ်ဆန်ဆန်ပဲညစ်နောက်

မြစ်ဟာ ကျဉ်းမျောင်းတဲ့ စီးလမ်းကြောင်းမှာတော့ အရှိန်ကိုပြောင်းပစ်ခဲ့ရတယ်


မြစ်ဟာ ပစ္စက္ခမှာတော့ ရေသင်ဖြူခင်းနေရသူပဲ

မြစ်ဟာ သူ့ရင်သွေးရဲ့ရယ်မောသံတွေကို အလျော်မပေးဆပ်နိုင်သူမိခင်ပဲ

မြစ်ဟာ တဖြည်းဖြည်း ခမ်းခြောက် တိမ်ကောနေတဲ့ တနံတလျားအိပ်မက်ပဲ

မြစ်ဟာ ကိုယ်ပိုင်အနာတရတွေအတွက်တောင် ဆေးချက်မမှီနိုင်တော့တဲ့ ၀ဲဂရက်ပဲ


မြစ်မှာက ယူကျုံးမရစရာ သတင်းအချက်အလက်တွေနဲ့ချည်း ဘောင်ဘင်တွေဆန်လို့

မြစ်မှာက သူ့ထက်မြစ်ဆန်ပြနေတဲ့ မြစ် အ တု တွေကို နာကျည်းစိတ်ကုန်ရလွန်းလို့

မြစ်မှာက အမှန်တရားဆိုတာ နှစ်ချို့အဆိပ်ဖြစ်နေမှန်း သိ ရှိ လက် ခံ လိုက်ရလို့


မြစ်ဟာ...

ဧရာဝတီဟာ....

.................................

သူ့ကိုယ်သူ အဆုံးစီရင်ဖို့ဆိုပြီး..

ပင်လယ်ဆီ စီးထွက်သွားခဲ့ပြီ.....။



အိန္ဒြာ

(၁၇.၅.၂၀၁၁)