July 29, 2009

အိပ်မက်ဋီကာ

ညဟာ ကံကြမ္မာအိမ်ရဲ့ အံဝှက်တစ်ခုဖြစ်ပြီး..
အဲဒီ့ အံဝှက်ထဲက အိပ်မက်တွေ သိုး ရိ ကြောင်း ဖြစ် တယ်..။

အိပ်မက်ဟာ တောဘုရားပွဲရဲ့ ညဈေးခင်းဖြစ်တယ်..
ညဈေးခင်းမှာ တစ်နှစ်စာ ဆာလောင်မှုတွေက ပေါပေါလောလော မြှူဆွယ်တယ်...
အဲဒီ့ညှော်နံ့တွေက အာရုံကို ယားယံလာစေတယ်..။

အိပ်မက်ဟာ စိတ်အငုံတွေ ဖူးပွင့်လိုက်တဲ့ ပန်းဖြစ်တယ်..
ရေသောက်မြစ်ကနေ အညွန့်အဖျားလေးအထိ အလိုမပြည့်ခြင်းတွေနဲ့ စိမ်းမြတယ်..
ပွင့်ဖတ်လွှာတွေအားလုံးမှာ အနာတရတွေရင့်ဝါနေခဲ့တယ်..။

အိပ်မက်က ရေခဲငွေ့လွှတ်ထားတဲ့ ည ကပွဲသဘင်ဖြစ်တယ်..
ကပွဲသဘင်က အိပ်မက်ဆန်လွန်းတယ်..
အိပ်မက်ဆန်သမျှကို အိပ်မက်ထဲ ထည့်မက်ပစ်လိုက်တယ်..။

အိပ်မက်က အရောင်လွင့်နေပြီဖြစ်တဲ့ ကုတ်အင်္ကျီတစ်ထည်ဖြစ်တယ်
အိတ်ထောင်ထဲမှာ ခပ်ညံ့ညံ့ အာခံမာနတွေ ထည့်လာတယ်..
အဲဒီ့ မာနက ညဥ့်ဦးယံကတည်းက ကျပျောက်သွားခဲ့တယ်..။

အိပ်မက်ဟာ ကိုယ့်ဘ၀ကိုယ် ဘယ်အခြေရောက်မှန်းမသိတဲ့ နှစ်ချို့မြွေဖြစ်တယ်..
အထပ်ထပ် လဲလှယ်ဝတ်ဆင်နိုင်တဲ့ အရေခွံတွေလည်းရှိတယ်
ကိုယ့်အမြီးကို ပြန်ပြန်မျိုရင်းလည်း ဘ၀သစ်ကို ထုံကူးတယ်...။

အိပ်မက်ဟာ ချက်တင် ၀င်နေတဲ့ ဂလိုဘယ်ဖက်ရှင်မလေးရဲ့ ချက်ပြုတ်ဘောင်းဘီဖြစ်တယ်
သူမ လက်ကိုင်ဖုန်းထဲကို ရယ်ဒီမိတ်အနာဂတ်တွေ ပေါပေါလောလော လိုင်းဝင်တယ်
အိပ်မက်ကို ဆော့ဖ်ဝဲတစ်ခုလို ကီးဘုတ်နှိပ်ပြီးတော့လည်း ၀ရမ်း နိုင် တယ်..။

အိပ်မက်ဟာ စနစ်တကျ ချခွဲပစ်လိုက်တဲ့ ကြည့်မှန်တစ်ချပ်ဖြစ်တယ်
ဘယ်လိုမှ ဆက်စပ်မရနိုင်တော့တဲ့ စိတ်ကွဲစတွေ လွင့်ဝေတယ်
သွေးစက် ချင်းချင်းရဲအောင်ကို ဆက်စပ်ပုံဖေါ်နေရတယ်..။

အိပ်မက်က ဒိန်ခဲပျောက်ကိုရှာနေတဲ့ တက်ခေတ်ကြွက်ရဲ့ အနာရင့်ဖြစ်တယ်..
အနာဖေးတွေကို ကြွက်က ဒိန်ခဲထင်သွားတယ်..

အိပ်မက်က မျှော်လင့်ချက်ကို ထီးလုပ်ဆောင်းထားတဲ့ လ ၀ါဝါဖြစ်တယ်..
လ က ထီးရိပ်မှာ အရောင် အ နေ ခဲ့ တယ်..။

အိပ်မက်ဟာ ကြက်ခြေခတ်ဖို့အတွက် အသင့်ပြင်ထားရတဲ့ အနီရောင်မင်တံဖြစ်တယ်..
အဲဒီ့မင်တံက အမှားနဲ့ ရည်ငံသွားခဲ့တယ်..။

ပြောရရင်..
အိပ်မက်ဟာ တစ်စောင်ထိုးထားပြီးတစ်လလုံးစိတ်ကြီးဝင်နိုင်တဲ့ အောင်ဘာလေထီ၊

နတ်ဆိုးစုတ်နေတဲ့ မန္တန်

အတိတ်မေ့(ချင်/နေ)သူတစ်ယောက်ရဲ့ ဆဋ္ဌမအာရုံ၊

အိပ်မက်ဟာ သူပိုင်အကုသိုလ်တွေက
သူ့အိပ်စက်ခြင်းကို သူ မီးတိုက်နေချိန်လည်း ဖြစ်တယ်ပေါ့ .....။

တကယ်တော့
အိပ်မက်ဟာ ခြေကုန်လက်ပမ်းကျနေတဲ့ ရ ထား အို တစ် စင်း ပါ ကွာ...
ရထားက ဘူတာပျောက်ကိုရှာနေတယ်..
ဘူတာက အိပ်မက်ထဲမှာ တည်ဆောက်ဆဲ..။

အိန္ဒြာ (၁၈.၅.၂၀၀၇)

(ပိတောက်ပွင့်သစ်မဂ္ဂဇင်း အမှတ်(၂၂)ဇန်န၀ါရီလ၊၂၀၀၉ )

မြန်မာပြည်က မဂ္ဂဇင်းတွေရောက်လာတော့မှ ဒီကဗျာ မဂ္ဂဇင်းပါပါလားဆိုပြီး ၀မ်းသာအားရဖြစ်ရတဲ့ ကဗျာလေးပါ..။
ပိုပြီးပျော်မိတာက ချစ်သော မမမနော်ဟရီ ရယ်..၊
ချစ်ချင်ပါသော်လည်းအမြင်ကပ်စရာကောင်းသော ကဗျာဆရာတည်ရ ရယ်..
တစ်အုပ်ထဲမှာ တိုက်တိုက်ဆိုင်ဆိုင်ပါဝင်ခဲ့တာပါ..။
(ကာလီဖိုးနီးယားကိုလံဘတ်ကြီးကျန်နေတာကို စိတ်မကောင်းပါ.. ;P)
တည်ရရဲ့ ဖြောင့်ထားသော မျဉ်းများက အတူတူပါကြမှန်းမသိခင်ကတည်းတင်ပေးပြီးပါပြီ..။
ဘလော့မှာပါ အမှတ်တရဖြစ်အောင် အစ်မ မနော်ဟရီ့ကဗျာ(ပင်လယ်ရေသောက်သုံးသူ)ကိုလဲ တင်ချင်ပါသေးတယ်..။
မမ တင်မယ်..နော်..း)

July 24, 2009

ရပ်ထားချင်တဲ့…….အတွေး

တမြည့်မြည့်….
ကျွမ်းမြိုက်ပူလောင်ဖို့…
တရွေ့…ရွေ့…။….ငါ့..ဆီ…။

အဓိပ္ပာယ်တွေ..အကန့်အသတ်မရှိတော့တဲ့..
နေခြင်းထိုင်ခြင်းမှာ..
အလန့်တကြား…..
ငါ့ကိုယ်ငါ….သိမ်းဝှက်ထားလိုက်တယ်…။

မှိုင်းမှုံ..ရီဝေဖွယ်ရာ..အငွေ့..အသက်တွေနဲ့..
ရင်ခုန်ယစ်မူးဖွယ်ရာ..နမိတ်ဆိုးတစ်ချို့နဲ့…..
ကြေကွဲရောင်..လှပနေတဲ့..ငါ့..တကိုယ်ရည်..ဆက်တင်..
အို…..!!
အဲဒီ့တံခါးကို..ဖွင့်လို့ရနိုင်မယ့်…
င့ါ..အတွေးပုံတူ..သော့တစ်ချောင်း….
နတ်ဝှက်ခြင်းခံလိုက်ရသတဲ့….။

ရုတ်ချည်း….မည်းပျို့…..
ဟော့ဒိတိမ်ညိုတစ်အုပ်ဟာ….
နတ်ဆိုး…မန်းစုတ်လိုက်တဲ့…မန္တန်တစ်ပုဒ်..ပေါ့ကွယ်…

ဘ၀ဟာ….
ရှင်သန်မှုတွေ..သေဆုံးသွားခြင်းနဲ့
သေခြင်းတရားတို့….ရှင်ပြန်ထမြောက်ရာကြိုးဝိုင်းပေါ့…..
ဘ၀ဟာ…
အသက်ရှိတဲ့ဝတ္ထုပေါ့….
ဘ၀ဟာ….
ဘာမှမဟုတ်ခြင်း..အထူးပြုလုပ်ချက်ပေါ့..
ဘ၀ဟာ…
ပေးဆပ်မှုတွေနဲ့လက်ပမ်းကျနေတဲ့…
အချစ်ပြိုင်ပွဲပေါ့…….
ဘ၀ဟာ..အချိန်မရွေးပေါက်ကွဲနိုင်တဲ့…တိုင်းဗုံး….
ဘ၀ဟာ.အလိုမကျခြင်း..တွေနဲ့ချည်းစည်ကားနေတဲ့..ပွဲတော်ည
ဘ၀ဟာ…ချိတ်ပိတ်ထားတဲ့ပေးစာတစ်စောင.်…..
ဘ၀ဟာ..အလွမ်းလောင်စာနဲ့….
ခုတ်မောင်းနေရတဲ့..ခရီးရှည်….

ဘ၀ဆိုတာ…..
ဘယ်အချိန်အထိ….တိုက်စားခံနေရမယ်မှန်းမသိတဲ့
ချောက်ကမ်းပါးတစ်ခု…ပါ…ကွာ.…။

အချစ်ဆိုတာကတော့..
သတိပေးဆိုင်းဘုတ်ချိတ်ဆွဲမထားတဲ့…
အန္တရယ်ကွေ့ ..တစ်ခုဖြစ်……ခဲ့တယ်.…..

ဘာပဲဖြစ်ဖြစ်…..
အခု..
သူလျို့ဝှက်ထားတဲ့..ငါ့လက်ဖ၀ါးထဲမှာ…
အရာရာကို…အပ်နှံထားခဲ့ပြီ..။

ဘယ်လောက်…..၊
ငါတွက်ဆမရနိုင်တဲ့..စိတ်ဒါဏ်ရာတွေနဲ့…
ဘယ်လို…၊
ကျွတ်ဆတ်နေမှန်းမသိတဲ့…ဒီပစ္စက္ခကိုတော့
ဟော့…ဒီ့…….သီချင်းတွေနဲ့……
ချော့ မြှူ နှစ် သိမ့် ကြည့် ယုံ လေး……..

ဒီလိုပါပဲ…………
လျောက်လှမ်းလာခဲ့တဲ့….
နေ့….နေ့…။…..ည…..ည
စိတ်ကို..စိတ်….အတိုင်းပစ်ချကြည့်တဲ့…..အခါ….
စိတ်ဆိုတာ…ကို…..က
အ..စိပ်….စိပ်…..
အ..မွှာ….မွှာ…..။


အိန္ဒြာ


ဖိုင်တွေထဲ ဟိုလိုက်ကလစ် ဒီလိုက်ကလစ် လုပ်ရင်းထွက်လာတဲ့ကဗျာတစ်ပုဒ်ပါ..။
အလှည့်အပြောင်းလေးအနေနဲ့ တင်ပေးလိုက်ပါတယ်..။
ပုံလေးရဲ့နေရာ

July 21, 2009

လူနှစ်ယောက်နဲ့ ကဗျာ

ဆရာခင်အောင်အေးနဲ့ ဆရာမောင်ပြည့်မင်းတို့ရဲ့
၂၀၀၀ ပြည့်အလွန်နှစ်တွေတုန်းကထုတ်ဝေခဲ့တဲ့

ကဗျာစာအုပ်ကလေးကို မျှဝေချင်တာပါ..။
ကဗျာချစ်တဲ့သူတွေ နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်..။
လူနှစ်ယောက်နဲ့ ကဗျာ
မောင်ပြည့်မင်း
၊ခင်အောင်အေး



အိန္ဒြာ

July 20, 2009

ဘာရယ်မဟုတ် နောက်ထပ်မလွဲမသွေရေးမှဖြစ်မယ့် ကဗျာတပုဒ်

ဒီလို ခေါင်းစဉ်တပ်မိမှတော့

အချဉ်ကမိနေပြီလေ..မိတာတွေရော မမိတာတွေရော

ရောကောသောကောချရေးဖို့သာပြင်ပေတော့

ထွေးပြီးသားတံတွေး ပြန်မြိုရမှာ ရွံတတ် ရှက်တတ်သူဆိုရင်ပေါ့။

ခပ်ပေါ့ပေါ့ပါပဲ..

ဘယ်သူဘာထင်ထင် ဘာဂရုစိုက်စရာလိုက်လို့

စိုက်နေတော့ကော စိုက်လိုက်မတ်တတ် ဘယ်သူကအရေးတယူ

ပန်းပင်လေးတပင်စိုက်သလို အရေးတယူရှိတာလိုက်လို့။

ကြာခဲ့ပြီ..

တော်တော့ကို ကြာခဲ့ပြီ

အိုင်းစတိုင်းရဲ့ နှိုင်းရ ဓမ္မ တရားကို အားနာမိလို့သာ

အဲလောက် ကြာပြီလို့ အလွန်အကျူး မဖွဲ့လိုက်တာ

မဖွဲ့နွဲ့မိအောင် ဆီး ၀မ်းအောင့် သလို အောင့်လိုက်ရတာ

တကယ် တော့ ကြာတောင်းကြာခဲ့ပြီ။

ကြာတိုင်းကော… ကဗျာကကောင်းပြီတဲ့လား

‘ဖွတ်’……

ဖွတ်ကမှ သာဦးမယ် ဆိုသလိုပေါ့။

ညီမရေ…

ကဗျာဆိုတာ (အနုပညာမှော်ရုံ) တောနက်ထဲက

အခူးရအခက်ဆုံး ပန်းတပွင့်ပါပဲ၊

အားလုံးဟာ..

ကဗျာရေးသူ (ကဗျာဆရာလို့ဆိုချင်ဆိုလေတော့) အပေါ်မှာပဲတည်မှီလေတယ်၊

ချီးမွန်း/ကဲ့ရဲ့ ခွန်နစ်ရက်ကိုတော့

အရေထူထူဖြတ်သန်းနိုင်သူ ဖြစ်ကောင်းတယ်။ ။

ခင်အောင်အေး

(မြန်မာစာရိုက်လေ့ကျင့်ခန်းတခုမျှသာ၊ ညီမအိန္ဒြာ ကိုအမှတ်တရ ရည်ညွှန်းလိုက်ပါတယ်)

ကဗျာဆရာရဲ့ လေ့ကျင့်ခန်းစာမျက်နှာကို အမှတ်တရ တင်ပေးလိုက်ပါတယ်..

July 17, 2009

အာဇာနည်ဆိုတာ

အာဇာနည်တွေရဲ့ သက်စောင့်ဓါတ်က သစ္စာတရားပဲ..
အာဇာနည်ဆိုတာနဲ့
ခန့်ငြားလုံခြုံတဲ့ အရိပ်က..အလိုလိုလွှမ်းခြုံပေးလိုက်တယ်..

အာဇာနည်ဆိုတာ
အောင်နိုင်ခြင်း..ဒါမှမဟုတ်...တစ်စုံတစ်ရာအတွက်
ပေးချေလိုက်ကြရတဲ့..အရင်းအနှီး

အာဇာနည်ဆိုတာ
တိုင်းပြည့်နဖူးပြင်ပေါ်က အမာရွတ်လည်းဖြစ်ခဲ့ပေါ့

အာဇာနည်ဆိုတာ..
မြောက်များလှစွာသော..နှလုံးအိမ် အစုအဝေးတွေထဲက
တညီတညွှတ်တည်း..ယိုစိမ့် ကျလာခဲ့တဲ့ ပညတ်ချက်

အာဇာနည်ဆိုတာ
မျိုးနွယ် သို့မဟုတ်..နိုင်ငံ...သို့မဟုတ်...ယုံကြည်ချက်..သို့မဟုတ်..အားလုံးရဲ့
အထွဋ်အမြတ်ဝိဥာဉ်တစ်ဆူ

အာဇာနည်ဆိုတာ ငြင်းပယ်မရနိုင်တဲ့ သမိုင်းကြောင်းပေါ်က
အနှစ်ချုပ်စာမျက်နှာလည်းဖြစ်ခဲ့တယ်.

အာဇာနည်တွေရဲ့ရာဇ၀င်ဟာ
နာကျည်းကြေကွဲဖွယ်ရာ ဇာတ်ဝင်ခန်းတွေနဲ့...ခန့်ငြားသိပ်သည်းလို့

အာဇာနည်ဆိုတာ
ပြောင်းလဲခြင်းတစ်စုံတစ်ရာကိုရည်သန်တဲ့
မီးဟုန်းဟုန်းတောက် ပဋိပက္ခအကြား...မားမားစွင့်စွင့် ရပ်ဝံ့ သူ
အာဇာနည်ဆိုတာ ရဲဝံ့စွန့်လွှတ်နိုင်ခြင်းရဲ့ ဧကရာဇ် တစ်ဆူပဲ

အာဇာနည်ဆိုတာ ပြည်သူ့သွေးကို သူ့အသက်နဲ့မောင်းနှင်ပေးသူတွေ..

အာဇာနည်ဆိုတာ အသက်ကိုခဲယမ်းလို သဘောထားနိုင်ကြသူတွေ...

အာဇာနည်ဆိုတာ အဆုံးစွန် စွန့်လွှတ်နိုင်ခြင်းစွမ်းရည်ရှိသူတွေ...

အာဇာနည်တွေမှာ
တစ်ဘ၀လုံးဖြန့်ကြည့်တာတောင်
ဝတ်စုံကောင်းကောင်း မရှိခဲ့ကြဘူး...

အာဇာနည်ဆိုတာ...အမှန်တရားကိုကိုးကွယ်ပြီး
သူ့လည်ဂုတ်ပေါ်မိုးနေတဲ့ ဓါးသွားထက်
စိတ်တွေပေါ်က ဓါးအတွက် စိုးကြောက်တတ်ခဲ့တာ....


အာဇာနည်ဆိုတာ.
..................................

အာဇာနည်ဆိုတာ.
သေတာတောင်မျက်စိမပိတ်နိုင်ကြသူတွေ...။ ။

အိန္ဒြာ
(၁၉.၇.၂၀၀၉)

(ကျဆုံးလေသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဤကဗျာဖြင့် ဦးညွှတ်ကန်တော့လျက်....)

July 13, 2009

ပဟေဠိ ရဲ့ အဖြေမှန်

အဖြေကိုမပြောခင်အဖြေမှန်တဲ့သူတွေစာရင်းကို အရင်ထုတ်ပြန်ချင်ပါတယ်..

(၁)။ မယ်ကိုး
တကယ်ဆိုသူက ဒုတိယရရမှာပါ..။ ဒါပေမယ့် သူ့ခမျာ မယ်ကိုး၏စာစုများကနေ အိန္ဒြာဘလော့စပေါ့ဒေါ့ကွန်းကို လှေတောင်လှော်လာနေရတော့
ပထမနေရာကပေးလိုက်ပါတယ်..။ခေါင်းတွေလဲတော်တော်စားနေရှာပြီး..နောက်ဆုံးမှအဖြေမှန်ကို ချရေးသွားတာပါ.။
( မယ်ရေ..အသံရှင်က ရှင့်ကို " မယ်ကိုးကို ကျွန်တော်စိတ်ဆိုးတယ်လို့ ပြောလိုက်ပါမကြီးရယ်..
လူ၃၀လောက်ချရေးတာ ကျွန်တော့နာမည်ကျန်နေခဲ့တယ်...
ကျွန်တော့မှာတော့ သူအသစ်တင်တိုင်းပြေးပြေးဖတ်လိုက်ရတာ "" လို့ စကားကြုံပါးထားပါကြောင်း..)

(၂)။လင်းဒီပ
ဒက်ထိကွက်တိကြိးပြောလာတော့ မျက်လုံးတောင်ပြူးသွားပါတယ်..အကြားအမြင်များရသလားပေါ့..။
နောက်အဖြေမမှန်ရင်ခဲနဲ့ပေါက်မယ်လာအော်တော့ အော်..မဟုတ်လောက်ဘူး..ရွှီးနေတာလားလို့တွေးရပြန်ပါတယ်..။
(လင်းဒီပကို သတိထားကြပါ စိတ်မထင်ရင်ခဲနဲ့ပေါက်တတ်ပုံရပါတယ်..။)

(၃)။အချစ်ဆုံးသူငယ်ချင်းမကြီးသင်းသင်းထွဋ်
သူက ရှားလော့ဟုန်းတူမလိုလို ဦးစံရှားမြေးလိုလိုနဲ့ စုံထောက်တွေးတွေးပြီးဖြေထားတာပါ..။
သူကGtalk ကနေခန့်မှန်းချက်ပေးတာ..ဆရာဦးအောင်ဝေးကစလို့ မောင်ကာတွန်းလေးအထိ.
စာရင်းကျွန်အကုန်ပါပြီးPrintထုတ်ကြည့်ရင်၃မီတာလောက်ရှည်မယ်..။ နောက်ဆုံးမဟုတ်သေးဘူးဆိုတာတွေကိုခြစ်ချပြီး..တစ်ယောက်ပဲကျန်ပါသတဲ့..။

(၄)။မောင်ဖိုးစိန်
အတင်းကာရော ညတွင်းချင်း Gtalk ကို add ပြီး သူဖြေတာမှန်မမှန် ဂျီကျနေတဲ့ ကလေးပါ..။
ခုလဲနံပါတ် ၁ရအောင် ကွန်မန့်box ကို လက်ဝါးနဲ့အုပ်ပြီးစောင့်နေပါတယ်.။.
သူက ဒီ ထူးအိမ်သင်တမလွန်ကထပြောသလိုထင်ရတဲ့ အသံကို မှတ်မိနေပါသတဲ့..။
ညကလည်းမောင်ကာတွန်းနဲ့ ထရိုက်ကြတော့မလို့ တော်တော်ဆွဲလိုက်ရပါတယ်..။
သူ့" ဦး " ငါ့ " ဦး " လုနေကြတာလေ...။

အဖြေမှန်ကတော့

လေးဂွရှင်ပါ (မှတ်ချက် ။ ။ လေးညှို့ရှင်မဟုတ် )
ဆံပင်စုတ်ဖွားဖွာ ဂျစ်တီးဂျစ်ကန်စတိုင်နဲ့ ဂွ ခါးကြားထိုးထားတဲ့ ခပ်မိုက်မိုက် Blogger ပါ..။
တစ်လုံးကဗျာတွေကို နားထဲ သဲတရှပ်ရှပ်ဖြစ်လာအောင် ပြောင်ပြောင်မြောက်မြောက်ရေးဖွဲ့နိုင်စွမ်းတဲ့..
ကမ္ဘာ့ ပထမဆုံးစာဆိုတော်ကြီးပါ..။
အဲ..သိပ်တော့ သွားမပြောကြပါနဲ့နော်..။ သူအရမ်းရှက်တတ်ပါတယ်..။
ငါ ဘလော့မှာတင်လိုက်မှာနော်ဆိုတော့ သူရှက်ကြောင်း အကြိမ်၁၂၅၀ တိတိပြောခဲ့တာပါ..။
ကိုယ် ကတယ့်ကို ရင်သပ်ရုမောတအံ့တသြဖြစ်ရတာကတော့ လူနဲ့.(အဲ..)စာနဲ့(အဲ) ဘာမှမဟုတ်ပါဘူး.....
တည်ငြိမ်ပြီး ကာလာတအားလှတဲ့ ကရုဏာရိပ်တွေလွှမ်းနေတဲ့ နောက် mood အပြည့်နဲ့ရွတ်ပြလိုက်တဲ့ သူ့အသံကိုပါ..။
(ဒီလိုပဲ ပြောရတာပေါလေ..။)
အရေးထဲ ခင်လေးငယ်ကမကောင်းဘူးပြောလို့ သတ်မယ်ဖြတ်မယ်ဖြစ်ကြပါသေးတယ်..။

တစ်ကြိုစာရင်းထဲနာမည်ကြီးသွားသူကတော့..

ဝိတ်သား မိုးမောင်ပါ..။
သူတကယ့်ကို အလွန်အမင်း မဟားတရား အလုပ်များနေတာပါ..။
အဲဒီ့ကြားက အူယားဖါးယားဖုန်းဆက်ရှာပါတယ်..။
ဒါလား ကျွန်တော့်အသံ ကျွန်တော့် အသံ က ဒီ့ထက်ကောင်းတာကိုများ..တဲ့.။
(သိလား ကိုရင် ..ဒင်း အဲလိုပြောသွားတာ..)

ဆုလက်ဆောင်အနေနဲ့

မယ်ကိုးနဲ့လင်းဒီပ city hall ကမန္တလာဖြစ်ဖြစ်၊ရနံ့သစ်ဖြစ်ဖြစ် ကြိုက်တဲ့ဆိုင်တစ်ဆိုင်ဆိုင်မှာ..အ၀စား... (သုံးဒေါ်လာအောက်)
သင်းသင်းမ နင်မင်္ဂလာဆောင်ရင် လက်ဖွဲ့ပိုဖွဲ့မယ်..။
မောင်ဖိုးစိန်လေးက ဒီစနေမှာ ကြာဆန်ချက်ရှယ်ချက်view မျိုးစုံကနေ..ဓါတ်ပုံရိုက်ပြီး Mail ထဲကို sent ပေးမယ်နော်..။
လေးဂွရှင်နဲ့ အကြံပေးခင်လေး တို့အတွက်ကတော့ သေသေချာချာစဉ်းစားနေပါတယ်..
(သူတို့က VIP ဖြစ်သွားပြီလေ..။)

လေးလေးနက်နက်ပြောချင်တာလေးက

မထင်မှတ်ပဲ ပျော်စရာကြည်နူးစရာ အမှတ်တရလေးတစ်ခုဖြစ်သွားခဲ့တာပါ..
အချင်းချင်းတစ်ယောက်နဲ့တစ်ယောက်မဆုံဘူးမတွေ့ဘူးကြပဲ စိတ်ချည်းသက်သက်နဲ့ ဒီလောက် ချစ်ခင်ရင်းနှီးသွားနိုင်ကြသလားလည်းတွေးမိပါတယ်..။
ဒီလို အထီးကျန်နေနေကြရတဲ့ အချိန်ကာလတွေမှာ..
စိတ်ပင်ပမ်းလူပင်ပမ်း ဖြစ်လာရသမျှတွေဟာ ကွန်ပြူတာပါဝါခလုပ်ပေါ်ကို
လက်ညှိုးတင်လိုက်တာနဲ့ပြေပျောက်သွားရသလိုပါပဲ..
ကွန်းမန့် ထဲကစာတွေ..၊ gtalk ကမီးစိမ်းစိမ်း လေးတွေဟာ..ကိုယ့်အိမ်သားတွေလို ပါပဲ..။
(ဒီနေရာမှာ ပုန်းပုန်းနေပြီး သရဲခြောက်သလိုထထပြောတတ်တဲ့လူတွေလည်းပါပါတယ်..။)
ဟိုး..နောင်ရောက်လာမယ့်အချိန်တွေအတွက်ကတော့ ဒီအချိန်တွေဟာ..ဆွေးဆွေးမြည့်မြည့်တမ်းတလွမ်းဆွတ်စရာအချိန်တွေပါပဲ..
ဒီလူတွေဟာ..ဘယ်လိုမှမေ့ရတော့မှာမဟုတ်တဲ့ သံယောဇဉ်တွေပါပဲ..။

အခုလို ပျော်ပျော်ပါးပါးလာရောက်ဖတ်ရူထင်မြင်ချက်ပေးသွားတဲ့
ညီအမ မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်.။
အထူးသဖြင့်တော့ ကိုရင့်ကိုပါ..။
ကိုရင်ရေ...နင်ပေးတဲ့ လက်ဆောင်တစ်ခုပေါ့ဟာ..

"" အမှတ်တရဆိုတာ ကွာဟနေတဲ့ တစ်စုံတစ်ရာတွေအတွက် ထာဝရကဗျာ"" ပါပဲ..။

အိန္ဒြာ
(13.7.2009)

July 11, 2009

အသံကြောင့်သေသွားရတဲ့ သီချင်း(အသံထွက်တဲ့ကဗျာ/ကဗျာပဟေဠိ)

အခု ဒီ အသံကြောင့်သေသွားရတဲ့ သီချင်း ဆိုတဲ့ ဒီကဗျာလေးနဲ့ ပတ်သက်ပြီး.. ပဟေဠိ တစ်ခုဖွက်ရင်း.. အံ့သြကြည်နူးစရာလေးတစ်ခု ကို မျှဝေလိုက်ပါတယ်..။

ဒီနေ့ကဗျာတင်ပြီး.. ညနေလောက်ရောက်တော့ မေးလ်ထဲကို အသံဖိုင်လေးတစ်ဖိုင် ရောက်လာပါတယ်..။ ဖွင့်လိုက်တော့ ကိုယ့်ကဗျာကို သေသေချာချာလေး ရွတ်ထားတာ.. အသံကလဲ ကြည်လင်ပြီး ဆွဲဆောင်မှုရှိလိုက်တာ..
နားထောင်ကြည့်ကြပါလား..
နောက်တော့ ဘယ်သူဖြစ်မယ်ထင်လဲ မှတ်ချက်လေးလည်းပေးကြပါဦး...
Blogger ထဲကနော်..
စာရေးကောင်းတဲ့ ဘလော့ဂါ တစ်ယောက်ပေါ့.. :P



အိန္ဒြာ