July 30, 2010

သေနေတဲ့ နာရီ



တကယ်ဆို ဒီပန်းချီကားကို သူအဆုံးသတ်သင့်နေပြီ..။
ပိတ်လှောင်နေတဲ့ အခန်းကျဥ်းထဲမှာ သူက သေနေတဲ့ နာရီပုံတူကို ဆွဲနေတာ ဘယ်လောက်ကြာပြီလဲ..
အပြင်ကိုသူချောင်းကြည့်လိုက်မိပြန်တယ်
်ကြယ်အကြွေတွေပြည့်သိပ်နေတဲ့လမ်းမက အမှောင်ထဲမှာပုံသဏ္ဍန်မပျက်လဲလျောင်းအိပ်စက်နေတုန်း..။

လရောင်ဝါးဝါးမှာ အရိပ်တွေ တစ္ဆေလို ရှိနေကြတုန်းလား...

တိမ်တွေဟာ ဓူဝံကြယ်ကိုတော့ဖုံးအုပ်မပစ်နိုင်ဘူးသေချာတယ်လို့ တွေးမိပြန်တော့
သူအသက်ရူလို့ကောင်းလာသလိုပဲ..။

ချက်ချင်းဆိုသလို သူ ကဗျာတစ်ပုဒ်ပုဒ်ဆာလာတယ်
နောက် ချစ်ခြင်းမေတ္တာနည်းနည်းနဲ့အနွေးဓါတ်တစ်ခုဆာလာတယ်
နောက်..ကြည်လင်နေတဲ့ အလင်းပျောက်တစ်ပေါက်လောက်
နောက် အနံ့တွေမပါတဲ့ လေသန့်စစ်စစ် လေပြည်တစ်ဝှေ့လောက်
ဟုတ်တယ် သူတကယ်ကိုဆာလောင်နေခဲ့ပြီ...

ဆာလောင်ခြင်းဟာစေ့စေ့စပ်စပ်ကြည့်လေ နာကျည်းဝမ်းနည်းဖွယ်ရာကောင်းလေပါပဲ
ဆာလောင်ခြင်းဟာ စိတ်တွေကို တဆတ်ဆတ်ထိုးဆိတ်နေတဲ့ ငှက်ဆိုးတစ်ကောင်ရဲ့နှုတ်သီးပဲ
ဆာလောင်ခြင်းဟာ သွေးတွေကိုတပွက်ပွက်ပူခြစ်လာစေနိုင်တဲ့ မောင်းနှင်အားပဲ

သူ့အရိုးထဲ ခိုက်ခိုက်တုန်မတတ် အလွမ်းတွေ ကျဉ်စက်တက်လာတဲ့အခါ
သူဟာ ပန်းချီကားရှိရာကို ဆာဆာလောင်လောင်ကြီးမျက်နှာမူမိလိုက်တယ်
သေနေတဲ့ နာရီပေါ့..အဲဒီ့ပန်းချီကား..ဟာ။။

+++++++++++++++++++++

သူ့ဆံပင်တွေဟာ ခါးသက်စရာကောင်းလောက်အောင်ရှည်လျားနေခဲ့လောက်ရောက်ပေါ့
ဆံပင်တွေရှည်သလို နောင်တတွေများရှည်ထွက်လာခဲ့သေးလား
မဟုတ်ပါဘူး နောင်တဆိုတာ အလွမ်းနဲ့ငြိုးသူ့ရန်ဖက်ပဲ
ဆံပင်တွေရှည်သလို အလွမ်းတွေထိုးထိုးထောင်ထောင်ရှည်လာတာ

အိုးးးးးးးး

ဟိုးးးးးဝေးဝေးက ရထားဥသြဆွဲလိုက်သံလား
ရထားဘီးတွေခရီးတွေကို စီးပြီး တ၀ှီးဝှီးလည်ပတ်နေကြလား
ရထားခေါင်းတွဲက အခိုးအငွေ့တွေလေထဲမှာ တိမ်မျှင်တွေလို တန်းနေမှာလား
ရထားဟာ အရှိန်နည်းနည်းလျှော့လိုက်ပြီလား
ရထားပြတင်းမှာ လက်ပြနေသူတွေရှိသလား
ရထားဟာ ဘူတာဆီကို နီးကပ်လာပြီလား
ဘူတာမှာ မျှော်လင့်ခြင်းတွေကိုအစွမ်းကုန်တပ်ဆင်ထားတဲ့မျက်ဝန်းတွေ စောင့်ဆိုင်းနေပြီလား
ရထားဟာ ဘူတာလေးကိုကျော်သွားပြန်ပြီလား

ရထားဘီးအကြိတ်မှာ တသိမ့်သိမ့်တုန်ခါနေတဲ့ သံလမ်းတွေရဲ့ညည်းညူသံဟာ
သိပ်ကို အဓိပ္ပါယ်ပြည့်ဝတဲ့ပေးဆပ်နာကျင်ခြင်းတေးသွား..ပဲ

သူ့အရိုးထဲ ခိုက်ခိုက်တုန်မတတ် အလွမ်းတွေ ကျဉ်စက်လာပြန်ပြီ..။

++++++++++++++++++++++++++

အဲဒီ့ ပန်းချီကားဟာ သေနေတဲ့ နာရီပဲ...

ပန်းချီကားရဲ့နောက်ခံကို သူက အနက်ရောင်ကိုရွေးချယ်ခဲ့တယ်

ဟုတ်တယ်....အနက်ရောင် ပိန်းပိတ်နေတဲ့ အနက်စစ်စစ်အရောင်ပါ
အဲသလိုပိန်းပိတ်ခြင်းအနက်ရောင်ထဲမှာ နာခံရိုကျိုးခြင်းတွေပါနေတယ်
နောက်..အနိဌာရုံများစွာကို သပ်သပ်ချေချေ အနှစ်ချုပ်ပြထားလိုက်ခြင်းတွေပါနေတယ်
အို...ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းတွေနဲ့နက်ရှိုင်းတည်ငြိမ်နေတဲ့ ၀ိḩာဉ်တွေပါ ပါဝင်နေတာပါ
သြဇာအာဏာနဲ့ စွမ်းရည်သတ္တိ တွေ သိပ်သည်းမှောင်မိုက်နေစေဖို့
သူအနက်ရောင်ကို ၀ံ့ဝံ့စားစားရွေးချယ်ပစ်ခဲ့တာနေမှာပေါ့
စွမ်းရည်သတ္တိ စွမ်းရည်သတ္တိ
အဲသလို တဖွဖွ ရေရွတ်လိုက်မိတာနဲ့
သူ့အကြည့်တွေက အပြာရောင်ကြယ်တွေဆီရောက်ကိုရောက်သွားပြီ

သစ္စာခံယူခြင်းသင်္ကေတတွေနဲ့ အပြာတွေက ပြာနေကြတာပါ..
အဲဒီ့မှာ သတ္တ၀ါတွေကောင်းကျိုးသယ်ပိုးစိတ်တွေတစိမ့်စိမ့်ဖြာထွက်နေခဲ့တာ
ကောင်းကင်ကြီးကို ကိုယ်စားပြုထားတဲ့ အပြာကို
သမုဒ္ဒရာကြီးကိုကိုယ်စားပြုထားတဲ့ အပြာကို
သူ့ပန်းချီကားထဲက ကြယ်တွေ ကြယ်ကြွေတွေ ရဲ့အရောင်အဖြစ်ရဲရဲဝံ့ဝံ့ရွေးချယ် ပစ်ခဲ့တယ်..

အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်.. အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်...
သူဒီလိုခပ်ဖြည်းဖြည်းရေရွတ်လိုက်မိတယ်....
နောက် ခပ်မြန်မြန်ကြီး..တရစပ် ရေရွတ်နေမိတယ်...

အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်...အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်...

ဒါပေမယ့် ဒီနေ့လည်း..ပန်းချီကားကို အဆုံးမသတ်နိုင်ပြန်ပါဘူး..။

++++++++++++++++++++++++++

သူအနီရောင်ဆေးကိုစိတ်တိုင်းကျစပ်ဖျော်နေမိတယ်
တဖြည်းဖြည်းအနီရောင်တွေဟာ သူ့နှလုံးသွေးစက်တွေလိုပဲ

ရုတ်တရက်မယုံနိုင်လောက်အောင်ကြေကွဲခြောက်ချားလာတယ်

အနီရောင်..အနီရောင်တွေ

အနီရောင်တွေဟာ ဆန့်ကျင်ဘက်ကို အလဲထိုးအောင်နိုင်ခြင်းတဲ့
အနီရောင်ဟာ မျှော်လင့်ချက်ရောင်ခြည်ရဲ့ အငွေ့အသက်တွေတဲ့
အနီရောင်ဟာပြင်းထန်တဲ့ စိတ်လှုပ်ရှားထိခိုက်မှုကို အပေးနိုင်ဆုံး ချစ်ခြင်းတရားတွေတဲ့

သူများထက်ချစ်တတ်သူတွေဟာ အနုပညာသမားတွေဖြစ်ကြတယ်
အနုပညာသမားဆိုတာ သူများထက်ချစ်တတ်တယ်
အနုပညာသမားဆိုတာ အရာရာကိုချစ်တတ်တယ်
အနုပညာသမားဆိုတာ အရာရာကိုချစ်တတ်ခြင်း စိတ်ဝိဥာဉ်အတွက် သူတို့နှလုံးအိမ်တွေကို အမြဲတမ်း.ရှုင်းလင်းသန့်စင်ထားခဲ့ကြသူတွေဖြစ်တယ်

သူဟာ ကျွန်တော်ဟာ သိပ်ချစ်တတ်တဲ့ အနုပညာသမားတစ်ယောက်ပါ
ကျွန်တော့ချစ်ခြင်းတရားတွေထဲမှာ အမှန်တရားက နံပါတ်စဉ် တစ် မှာပါခဲ့တယ်

အမှန်တရားကို ချစ်ခင်ခြင်းဟာ အမှားတွေကို ထိပ်တိုက်ရင်ဆိုင်ခြင်းစိန်ခေါ်ပွဲတစ်ခုပေါ့

စိတ်ချ ကျွန်တော့်ခရီးက အမှန်တရားနဲ့စခဲ့လို့ အမှန်တရားနဲ့ အဆုံးသတ်မှာပါ

မင်းသိပ်ခေါင်းမာတဲ့ ကောင်ပဲကွာလို့ ဖေဖေကမချိတင်ကဲ မြည်တမ်း ကြေကွဲသွားသေးလား

ချစ်သူ့ရဲ့ နာကျည်းအံကြိတ်သံတွေ ပဲ့တင်ရိုက်ခတ်နေပြီလား
ချစ်သူဟာ ဘယ်သူ့ရာသီမှာ လှလှပပပွင့်ပြနေရတဲ့ ပန်းလေးတစ်ပွင့်ဖြစ်နေခဲ့ပြီလဲ..

အမေ....အမေ...လို့ သူ့တမ်းတသံတွေကို နောက် သူရဲ့ ငိုကြွေးခြင်းကို သူက သူ့မျက်ရည်တွေနဲ့မပေါ့ပျက်စေလိုဘူး....

နာရီတွေ...နာရီတွေ..နာတာရှည်အဖျားသွေးနဲ့..ကယောင်ကတမ်း..ညည်းညူကိုက်ခဲနေတဲ့ နာရီတွေ..
နောက်....သေဆုံးသွားကြပြီဖြစ်တဲ့ နာရီတွေ....

အိုးးးး

သွားစမ်းးကွားးးးးးးဒီအနီရောင်တွေ..
သူအနီရောင်ဆေးတွေကို ကြမ်းပြင်ပေါ်သွန်မှောက်ကျဲပက်ပစ်လိုက်တယ်...။

++++++++++++++++++++++++++

သူဟာတကယ့်ကို အလွမ်းတွေနဲ့ခိုက်ခိုက်တုန်နေခဲ့ပါပြီ...

ဘာ..မှာမမြင်နိုင်တဲ့အရပ်ကိုမျှော်ကြည့်နေခြင်းဟာ အရာရာပဲ..

ဘာ..မှ မရှိတဲ့ ရှုမျှော်ခင်းတွေဟာ..အရာရာပဲ... အဲဒီ့အရာရာတွေကို စုစည်းထုတ်ပိုးပြီး သူဒီပန်းချီချပ်ကို အဆုံးသတ်ရပါလိမ့်မယ်...

ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဖြစ်ခဲ့ ပျက်ခဲ့ သမျှ အခင်းအကျင်းတွေကိုရောစပ်ပြီး
သူက သမမျှတအောင်..အရောင်ချယ်ကြည့်ရပါလိမ့်မယ်..

ဒီ့ထက်စိတ်ပျက်ညစ်ညူးဖွယ်ရာမရှိတော့တဲ့ ဆက်တင်ကိုသူက စုတ်ချက်ခပ်ကြမ်းကြမ်းနဲ့ သရုပ်ဖေါ်ကြည့်ရပါဦးမယ်..

ဒီပန်းချီကားချပ်ရဲ့ကောင်းကင်ကို သွေးခြည်နည်းနည်းဥပေးပြီး ဒီပန်းချီကားချပ်ရဲ့ထောင့်စွန်းမှာ ဆာလောင်ခြင်းသစ်ပင်ကို ခရမ်းရောင်တွေနဲ့စိုက်ပျိုးရပါလိမ့်မယ်..

လေထုထဲမှာ..အလွမ်းတွေ ထူထူသိပ်သိပ်ဝဲဝေ့နေတာကို သူက ဒီပန်းချီတစ်ချပ်နဲ့တင်.. သရုပ်ပေါ်ပီပြင်အောင် နက်နက်ရှိုင်းရှိုင်း ရေးဆွဲရပါလိမ့်မယ်...

သူက သူ့ဆုံးရှုံးခြင်းတွေရဲ့ တန်ရာတန်ကြေး နီးပါးအတိုင်း ဒီပန်းချီကားကို ရင့်ရင့်ရိုင်းရိုင်း ရေးဆွဲရပါလိမ့်မယ်...

ဒီပန်းချီကားထဲမှာ သူ့ရဲ့သေနေတဲ့ နာရီကို အဓိက အသားပေးပြီး စူးစူးရှရှရေးဆွဲရပါလိမ့်မယ်..

ဒီပန်းချီကားချပ်ထဲမှာ လှောင်ပိတ်မွန်းကြပ်နေတဲ့ အခန်းအိုအိုတစ်ခုရဲ့ ရနံ့ကို စနစ်တကျဆေးဖျော်စပ်ပြီးကြေကြေကွဲကွဲ ရေးဆွဲရပါလိမ့်မယ်..

အစိမ်းရောင်ဆေးဖျော်ခွက်ကို အဝေးဆုံးမှာရွှေ့ထားပြီး ဒီပန်းချီကားကို သူက နာနာကျည်းကျည်း ရေးဆွဲရပါလိမ့်မယ်..

နောက် အနာတရအမျိုးမျိုးနဲ့ ပုံသဏ္ဍန်ပျက်ယွင်းစပြုနေတဲ့ သူ့နှလုံးသား ပုံတူတစ်ခု
နောက်..ဘယ်တော့မှ..မကျက်နိုင်လောက်အောင်..လှိုက်စားကိုက်ခဲနေခဲ့တဲ့ စိတ်ဒဏ်ရာတွေအားလုံးကို အနုစိပ်သရုပ်ပါအောင် သူဆွဲပြရပါလိမ့်မယ်....

ဟုတ်တယ်... သူဆွဲရမယ်.....

သူက..ဒီပန်းချီကားကို..ရေးဆွဲပိုင်ခွင့်တစ်ခုထဲ မိမိရရပိုင်ဆိုင်ထာခဲ့သူ..
သူက ဒီပန်းချီကားချပ်ထဲက သက်ငြိမ် သရုပ်ဆောင်

လက်စသတ်ရမယ်...
သူ ပဲ လက်စသတ်ရလိမ့်မပေါ့...ဒီပန်းချီကားကို.....
ဒါပေမယ့် ဒီနေ့လည်း..ပန်းချီကားကို..အဆုံးမသတ်နိုင်ပြန်ပါဘူး..။

++++++++++++++++++++++++++

မျှော်လင့်ချက်ဆို တာ ဘယ်တော့မှမညှိုးတတ်တဲ့ ပန်းတွေပါ...

ကောင်းကင်မှာ ကြယ်တွေ မရေတွက်နိုင်အောင်.တလက်လက်လင်းပနေဆဲပါ..
ခုတိုက်ခတ်နေတဲ့ လေပြည်မှာ ကြယ်နံ့တွေတောင်ပါလာသလိုလို...

ယုံကြည်ချက်ဆိုတာနေရောင်မှာ တစ်ဖျတ်ဖျတ်လက်ဖြာနေတဲ့ ဓါးသွားတစ်လက်.

သစ္စာတရားဟာ သိပ်ကြောက်စရာကောင်းလောက်အောင် ထက်မြက်စူးရှတဲ့ လက်နက်..
သေချာတယ်..။

သူ့သွေးတွေ..တဖြည်းဖြည်း နွေးမြလာပြန်တယ်...

အမှောင်တွေဟာ အလင်းရောင်ကိုအကြားအလပ်မရှိလက်နက်ချစွန့်ခွာသွားကြသလိုမျိုး
ရောင်နီဟာလှလှပပကိုဖြာလင်းလာဦးမှာပါ...လေ

အမှန်တွေဟာ ရဲရင့်တဲ့ စစ်သူကြီးတစ်ယောက်ရဲ့အားမန်တက်ကြွမှုတွေနဲ့..
အမှားတွေရဲ့ကမ်းသိမ်းတိုက်ပွဲကို ဆင်နွှဲလိမ်းဦးမှာပါ..လေ

သူ့ခွန်အား အချိန် ဇွဲသတ္တိ ချစ်ခြင်းတရားḩာဏ်ပညာ ယုံကြည် မျှော်လင့်ချက်နဲ့ အရာရာ...
သူပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးတွေ မနည်းပဲ...။ နည်းမှမနည်းပဲ ။နည်းမှမနည်းပဲ ။

ဟုတ်တယ်....အမှန်တရားနင်းထားတဲ့အရပ်ဟာ..အောင်မြေ..
သူ့သွေးတွေ..တဖြည်းဖြည်း နွေးမြလာပြန်တယ်...
သေနေတဲ့ နာရီ ပန်းချီကားကို...သူ......အဆုံးသတ်ရမယ့်နေ့....
တစ်နေ့..နေ့......
အလို..
ခုတိုက်ခတ်နေတဲ့ လေပြည်မှာ ကြယ်နံ့တွေ..တောင်ပါလာသလိုပါလား.
.သူ့သွေးတွေ..တဖြည်းဖြည်း နွေးမြလာပြန်တယ်...

++++++++++++++++++++++++++

အင်းးးး ............................................. .......................

ဟိုးးးးးဝေးဝေးက ရထားဥသြဆွဲလိုက်သံလား....
ရထားဘီးတွေ ခရီးတွေကို စီးပြီး တ၀ှီးဝှီးလည်ပတ်နေကြလား...
ရထားခေါင်းတွဲက အခိုးအငွေ့တွေ လေထဲမှာတိမ်မျှင်တွေလို တန်းနေမှာလား ရထားဟာ အရှိန်နည်းနည်းလျှော့လိုက်ပြီလား...
ရထားပြတင်းမှာ လက်ပြနေသူတွေရှိသလား.......
ရထားဟာ ဘူတာဆီကို နီးကပ်လာပြီလား...

ဆာလောင်ခြင်းဟာ သွေးတွေကိုတပွက်ပွက်ပူခြစ်လာစေနိုင်တဲ့ မောင်းနှင်အားပဲ...

ဟုတ်တယ်... သေနေတဲ့ နာရီပေါ့ အဲဒီ့ပန်းချီကား..ဟာ

ဒါပေမယ့် ....ဒီနေ့လည်း ဒီပန်းချီကားကို အဆုံးမသတ်နိုင်သေးပါဘူး..

ဒါပေမယ့်.. အမှန်တရား..နင်းထားတဲ့ အရပ်ဟာ...အောင်မြေ..ပါ။

++++++++++++++++++++++++++

အိန္ဒြာ
(၅.၁၀.၂၀၀၉)
(၂၀၁၀၊ သြဂုတ်လထုတ်၊နှလုံးအိမ်မဂ္ဂဇင်း)


တင်ပြီးသားဝတ္ထုလေးပါပဲ ။

အခု မဂ္ဂဇင်း သရုပ်ဖေါ်ပုံလေးနဲ့တွဲပြီး ထပ်တင်ပေးလိုက်ပါတယ်။

July 23, 2010

မိတ္တူ

ဒီလိုနဲ့.....၀ါကျဟာ
နက် မှောင် စေး ထန်း လာ
အေး ခဲ ကျွတ် ဆတ် လာ...
ခြောက် ခန်း တိတ် ဆိတ် လာ

ဝါကျထဲ ကျသေနေတဲ့ အသံတွေနဲ့ ၀ါကျတစ်ခုလုံး ပုတ်ဟောင်ညှီလောင်လာ..
ဝါကျက နတ်ဆိုးလက်ဖ၀ါးထဲက သတင်းစကားဆန်လာ
ဝါကျတည်ဆောက်ပုံနည်းနာက စိတ်ထောင်းကိုယ်ကြေစနစ်အထိပြောင်းလဲလာ

ဒီလိုနဲ့ ၀ါကျမှာ အဓိပ္ပာယ်တွေ ရောထွေးရှုပ်ယှက်လာ
ဦးတည်ချက်တွေ ထွေပြားေ၀၀ါးလာ...
ဒီလိုနဲ့ ၀ါကျဟာ သင်းကွဲပါဒဖြစ်လို့လာ

ဒီလိုနဲ့ပဲ ၀ါကျဟာ သဏ္ဍန်ပျက်ခြင်းအဆင့်လွန်အထိ
ယိုယွင်း ရွေ့လျား ယိမ်းယိုင်လာ..

စိတ်ကို စိတ်နဲ့ လုပ်ကြံခံခဲ့ရ...

အဲ ဒီ့ ၀ါ ကျ ထဲ..
သေမထူး နေမထူး ဘာသာဗေဒနဲ့
အနာတရများ အရူးအမူးရှင်သန်တယ်..။


အိန္ဒြာ
( ၂၂.၇.၂၀၁၀)

July 18, 2010

အာဇာနည်ဆိုတာ...

အာဇာနည်တွေရဲ့ သက်စောင့်ဓါတ်က သစ္စာတရားပဲ..
အာဇာနည်ဆိုတာနဲ့
ခန့်ငြားလုံခြုံတဲ့ အရိပ်က..အလိုလိုလွှမ်းခြုံပေးလိုက်တယ်..

အာဇာနည်ဆိုတာ
အောင်နိုင်ခြင်း..ဒါမှမဟုတ်...တစ်စုံတစ်ရာအတွက်
ပေးချေလိုက်ကြရတဲ့..အရင်းအနှီး

အာဇာနည်ဆိုတာ
တိုင်းပြည့်နဖူးပြင်ပေါ်က အမာရွတ်လည်းဖြစ်ခဲ့ပေါ့

အာဇာနည်ဆိုတာ..
မြောက်များလှစွာသော..နှလုံးအိမ် အစုအဝေးတွေထဲက
တညီတညွှတ်တည်း..ယိုစိမ့် ကျလာခဲ့တဲ့ ပညတ်ချက်

အာဇာနည်ဆိုတာ
မျိုးနွယ် သို့မဟုတ်..နိုင်ငံ...သို့မဟုတ်...ယုံကြည်ချက်..သို့မဟုတ်..အားလုံးရဲ့
အထွဋ်အမြတ်ဝိဥာဉ်တစ်ဆူ

အာဇာနည်ဆိုတာ ငြင်းပယ်မရနိုင်တဲ့ သမိုင်းကြောင်းပေါ်က
အနှစ်ချုပ်စာမျက်နှာလည်းဖြစ်ခဲ့တယ်.

အာဇာနည်တွေရဲ့ရာဇ၀င်ဟာ
နာကျည်းကြေကွဲဖွယ်ရာ ဇာတ်ဝင်ခန်းတွေနဲ့...ခန့်ငြားသိပ်သည်းလို့

အာဇာနည်ဆိုတာ
ပြောင်းလဲခြင်းတစ်စုံတစ်ရာကိုရည်သန်တဲ့
မီးဟုန်းဟုန်းတောက် ပဋိပက္ခအကြား...မားမားစွင့်စွင့် ရပ်ဝံ့ သူ
အာဇာနည်ဆိုတာ ရဲဝံ့စွန့်လွှတ်နိုင်ခြင်းရဲ့ ဧကရာဇ် တစ်ဆူပဲ

အာဇာနည်ဆိုတာ ပြည်သူ့သွေးကို သူ့အသက်နဲ့မောင်းနှင်ပေးသူတွေ..

အာဇာနည်ဆိုတာ အသက်ကိုခဲယမ်းလို သဘောထားနိုင်ကြသူတွေ...

အာဇာနည်ဆိုတာ အဆုံးစွန် စွန့်လွှတ်နိုင်ခြင်းစွမ်းရည်ရှိသူတွေ...

အာဇာနည်တွေမှာ
တစ်ဘ၀လုံးဖြန့်ကြည့်တာတောင်
ဝတ်စုံကောင်းကောင်း မရှိခဲ့ကြဘူး...

အာဇာနည်ဆိုတာ...အမှန်တရားကိုကိုးကွယ်ပြီး
သူ့လည်ဂုတ်ပေါ်မိုးနေတဲ့ ဓါးသွားထက်
စိတ်တွေပေါ်က ဓါးအတွက် စိုးကြောက်တတ်ခဲ့တာ....


အာဇာနည်ဆိုတာ.
..................................

အာဇာနည်ဆိုတာ.
သေတာတောင်မျက်စိမပိတ်နိုင်ကြသူတွေ...။ ။

အိန္ဒြာ
(၁၉.၇.၂၀၀၉)

(ကျဆုံးလေသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဤကဗျာဖြင့် ဦးညွှတ်ကန်တော့လျက်....)

July 7, 2010

ကဗျာဆရာ တောအုပ်



စိမ်းလန်းစိုပြည်ရေး

အသက်ဓါတ် တောတစ်အုပ်
လာခြင်းကောင်းသော.... နုလုံးသားအမွန်များ
တစ် ရွက် ပြီး တစ် ရွက် တစ် ခက် ပြီး တစ် ခက်
တစ်ရက်ပြီးတော့တစ်ရက် တစ်သက်ပြီးတော့နောက်တစ်သက်
ဘ၀အဆက်ဆက် ပျော်ရွှင်ခြင်းအေးရိပ်ဆာယာကို
အနုပညာနည်းနာနဲ့ စိုက်ပျိုးဝေဖြာ
ကဗျာ
ဆရာ
သေရင်
သစ်ပင်ဖြစ်ပြီး ကျန်ရစ်လိမ့်။



အိန္ဒြာ
(၇.၇.၂၀၁၀)

"" A-G-M-P ၏ ကဗျာဆရာတောအုပ်သစ်ပင်စိုက်ခြင်းစီမံချက်ကို ဂုဏ်ပြုရေးဖွဲ့ပါသည်။""

+++++++++++++++++++

မြန်မာကဗျာဆရာများပူးပေါင်းလှုပ်ရှားမှု အင်အားစု
( Action Group of Myanmar Poets ( A-G-M-P) ဆိုတဲ့ အမည်တစ်ခုနဲ့
မြန်မာပြည်မှာ မြန်မာကဗျာဆရာတွေ ဦးဆောင်တဲ့ အဖွဲ့လေးက
လူမှုရေးလုပ်ငန်းတွေ အနုပညာလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်
အသေးစိတ်ကို "ဒီ နေရာ"မှာကြည့်ရှုနိုင်ပါတယ်..။

July 4, 2010

ရင်ဖွင့်ဂါထာ



သံလွင်ခက်တွေ စိုရွှမ်းသော ဒေသကို ရွေးပြီး ကျွန်မကို မြို့တည်ကြပြီပေါ့
ကျွန်မရဲ့ ဦးခေါင်းက ဆံပင်တွေတောင် သွေးခြေဥ
အမှန်တကယ်တော့ ကျွန်မဟာ ကြီးကျယ်ခန်းနားစွာ သလင်းပန်းတွေပိုက်နေတဲ့ ရုပ်တုတစ်ခု ဖြစ်သင့်တယ်
ချစ်ခြင်းမေတ္တာကို အကြောင်းပြုပြီး အဆိုအမိန့်တွေ လှပလွန်းတော့လည်း
ကျွန်မ မကွယ်လွန်မီ ဘဝဖြစ်စဉ်ဟာ ရိုးရိုးလေးနဲ့ ---
စကြဝဠာတစ်ဝှမ်းလုံးကို လွှမ်းမိုးထားချင်တယ်။

ထနောင်းပင် အကိုင်းအခက်တွေ တစ်ချက်လှုပ်လိုက်ရုံနဲ့
နေလုံးထဲက ဗွမ်းကနဲ လွင့်စင်ထွက်ကျလာမယ့် ကျွန်မဟာ
အလွန်နူးညံ့ယဉ်ကျေးသိမ်မွေ့သော ဘီလူးတစ်ကောင်ရဲ့ ပုခုံးပေါ်
တစ်လှမ်းချင်း အရိပ်ဖြစ်လိုက် နို့နှစ်ရောင် ရနံ့ဖြစ်လိုက်
ကျွန်မ ခေတ်ကို ခလုတ်တိုက်မိ မတတ်ပါပဲ။

လေတိုက်လေ ဖြူလေ တိမ်စေ့များ ငြိမ်သက်
သားရဲ တောရိုင်းတိရစ္ဆာန်တွေက ကျွန်မကို လုံလုံခြုံခြုံ ဖွက်ထားကြပြန်ပြီ
စိတ်အေးလက်အေး ကျောက်စရစ်ခဲလေးတွေကို ပုလဲကြိုးနဲ့သီကုံးရင်း
ပြတင်းပေါက်မရှိတဲ့ ကောင်းကင်ကို ကျွန်မ ငေးကြည့်နေမိတယ်။
(ဗုဒ္ဓဂေါတမကို ကျွန်မ တွေ့ချင်လိုက်တာရှင် )
ကျွန်မ ရင်ခွင်နဲ့ သစ်ပင်အားလုံး တဖျတ်ဖျတ် လင်းချင်းသွားတယ်
ဂါထာတစ်ပုဒ်ကို ဝတ်ထားတဲ့ ကျွန်မ တစ်ကိုယ်လည်း လဲပြိုလုလုယိုင်တိယိုင်တိုင်
ကျွန်မ … ကျွန်မ ပဒုမ္မာ ကြာရွက်ကလေးကို ကိုင်ထားပါရစေရှင် ။

အို ကျွန်မကို နှင်းတွေ ပက်နေတာလား
မဖြစ်နိုင်ဘူး ဒါ ကျွန်မကိုယ်ပေါ် မိုးဖွားတွေ ကျနေတာပါ
သာယာတိုးညင်းသော ချမ်းစိမ့်စိမ့် မိုးစက်ကြွေသံတွေ
ကျွန်မရဲ့ ခြေသံနဲ့ တူလိုက်တာ ကျွန်မရဲ့ ခြေသံနဲ့ တစ်ထေရာတည်းပါပဲ။

မျက်စိတစ်ဆုံး မြင်နေရတဲ့ လရောင်ကို ဆွဲချီသွားသော တောင်တန်းများ
ကျွန်မ ပြေးဝင်နိုင်ဖို့ အဆင်သင့် ဖွင့်ထားကြပါရဲ့
အချိန်မတန်သေးပါဘူးလေ ဟောဟို အရှေ့ယွန်းယွန်း ကမူဘေးနားမှာ
ကျွန်မရဲ့ မြစိမ်းရောင် ပဝါ နောက်ပြီး ကျွန်မရဲ့ လိပ်ပြာ

ဒေဝီ…
ပြတင်းပေါက်တစ်ပေါက်ကို ကျွန်မ ပိုင်ဆိုင်ရပြီလို့ မရေရာခင်
အဆုတ်တစ်ခြမ်းနဲ့ သစ်ပင်ထိပ် ကျွန်မ ခြေစုံရပ်ပြီး
သစ်သီးဝလံတွေကို မိုးပေါ် ပစ်တင်ဖို့
ဘယ်တော့များမှ တမလွန်ဘဝနဲ့ ဆုံတွေ့ရပါ့မလဲ။

မတမ်းတချင်ဘူး တမ်းတရင်
မိတကွဲ ဖတကွဲ ရှေးဟောင်း အုတ်ခွက်ထဲက ကိန္နရီတွေ ဒလိန်းထိုးနေပုံကဖြင့်
ကျောက်တုံးပေါ် ဘုရားကျောင်း ပွင့်စေတယ်နော်
မခို့တရို့ ရယ်မောပစ်ဖို့ ပျော်ရွှင်စွာ ကျွန်မ ဟစ်ငိုလိုက်ချိန်
သောင်ခုံတွေက ဆပ်သွားဖူး ဖြစ်လိုဖြစ်
ခရုခွံတွေက လည်တုံ ဖြစ်လိုဖြစ်
ကျွန်မ သတိလစ်မတတ် ကြည့်ငေးနေမိတယ်။
ကျွန်မ ရင်အုံထဲက ငှက်တွေ လန့်ဖြန့် ပျံထွက်သွားကြပါ
သဘာဝအတိုင်း လွတ်လွတ်လပ်လပ် လရောင် ရွာပါစေ
တွန့်လိမ် ခွေခေါက်နေတဲ့ တိမ်အော်သံကို ထုဆစ်မယ့်
မီးတောက်မီးလျှံတွေလည်း အရည်ပျော်ကျ
ဘယ်လိုမှ ချုပ်တည်းမရတော့လောက်အောင်
ကျွန်မရဲ့ မနောဓာတ်လည်း ကခုန် ပျော့ပြောင်းသွားတော့မယ်။ ။


လုံမငြိမ်းချမ်း
သရဖူ အမှတ်စဉ် ၃၃ ၁၉၉၇



မမ မနော်ဟရီ့ဆီကနေ ကူးလာခဲ့တဲ့ ကဗျာလေးပါ.။
ခေတ်ပေါ်ကဗျာခေတ်ကို ပြန်ကြည့်ရင် ဆရာငြိမ်းအေးအိမ်ကိုင်ခဲ့တဲ့ သရဖူကဗျာခေတ်ဆိုတာ မှတ်ကျောက်ပါပဲ အဲဒီလို သရဖူကဗျာခေတ်မှာ
ဝေနော် (ခေါ်) လုံမငြိမ်းချမ်းက ဒီလိုကဗျာမျိုးတွေရေးခဲ့တဲ့ ကဗျာဆရာမ တစ်ယောက်ပါ။
ဘ၀မှာ မာန ဆိုတာကို တစ်ခုတည်းကြွယ်ပိုးကြွယ်ဝရှိတဲ့ ကဗျာဆရာမတစ်ယောက်ပါ
ဆရာမောင်လင်းခက်ရဲ့ ညီမ
သွေးထဲမှာကိုက အနုပညာတွေ ဓါတ်တစ်ခုအနေနဲ့ ပျော်ဝင်နေခဲ့သူ...

အခု အဲဒီ့အနုပညာတွေနဲ့ အတူတူ ကင်ဆာ ဆဲလ်တွေပါ ပျံ့နှံ့နေခဲ့ပြီတဲ့....
သွေးကင်ဆာ ဆိုတာ ဒီ ရိုးရိုးကုတ်ကုတ် နဲ့ ဘ၀ကို ရေဆန်လိုကူးနေရတဲ့ အနုပညာသည် အမျိုးသမီးဆီကိုမှ ရောက်လာခဲ့တယ်တဲ့

စိတ်မခံသာအောင် တုန်လှုပ်ကြေကွဲလိုက်ရပါတယ်.။

ကျွန်မနဲ့အတူတူ "မလုံမ" နေကောင်းကျန်းမာလာစေဖို့ ခံစားနေရတဲ့ ဝေဒနာတွေ လျှော့ပါးသက်သာသွားစေဖို့ ဆုတောင်းပေးကြရအောင်လား..။

June 25, 2010

ဖက်ရှင်ကဗျာ

အဆင်မပြေဘူးဆိုတာ ဖက်ရှင်ဖြစ်လာတဲ့အခါ
ဒီကဗျာကလည်း...ဖက်ရှင်ကဗျာ။

မနေ့ ကညစ်ခဲ့တဲ့ စိတ်အဟောင်းထည်လေးကောက်ဝတ်ပြီး
ဒီနေ့ နဲ့ လေးလေးကန်ကန်ကြီး ပျော်ရည်စီးဆင်းဖို့
မာနကို အသာလေး ကျောသပ်ရပြန်ပြီ။

တစ်ပတ်မှာ ခြောက်ရက်တိတိ ခံတွင်းပျက်ခဲ့သမျှ
ဘယ် တနင်္ဂနွေကို..မှ ချိုလို့ မရတော့ဘူး..၊
ဆန် ပေးလို့ ဆေး ရပါတယ်ဆိုရင်
အရပ်စကား သိပ်ဆန်နေမလား..။ တွေးမိတယ် ။

ကြံရည်စက်ထဲက ထွက်လာခဲ့တဲ့ကြိတ်ဖတ်လို
ကိုယ်ရည်ကိုယ်သွေးအားလုံးကို
ညှစ်ညှစ် ပေး နေ ရလွန်းတော့
ကဗျာရေးတာတောင် စုတ် တီး စုတ် ဖွာ ဖြစ် ဖြစ် လာ..။

ဒီလိုပါပဲ..
အခြေအနေအရပ်ရပ်ဟာ ညည်းတွားရုံထက်ပိုလို့မရဘူး...၊
ခုလို ၊ ကဗျာကို ခုတုံးလုပ်ရတာများတော့လည်း....၊
အား နာ တယ် ။

သင့် မှာ ရော...။ ကျွန်မ မှာ လို
ဖက်ရှင်ကဗျာ တစ်ပုဒ်တစ်လေ ရှိ နေ ဦးမလား..။

တကယ်ပါ။
နောက်တစ်ခါ.....
ပေါ်လီယာနာလုပ်တမ်း ကစားကြည့်မယ်။

အိန္ဒြာ

ချာတိတ်တုန်းကရေးဖြစ်ခဲ့ တဲ့ ကဗျာလေးတစ်ပုဒ်ပါ..။ လုံမလေး မဂ္ဂဇင်းမှာပါဝင်ခဲ့ပါတယ်။
အတွေးက ကလေးဆန်ပြီး ရေးတာနည်းနည်းညံ့နေလို့ မတင်ဘဲသိမ်းထားဖြစ်ခဲ့ပါတယ်..။
ဗမာပြည်ကုမ္ပဏီတွေမှာလုပ်တုန်းက သူဌေးကို အစာမကြေဖြစ်ပြီးရေးဖြစ်ခဲ့တာလေးပေါ့..။
အခုအချိန်မှာတော့ ဒီစကားလုံးထက် ထိရောက်တဲ့ စကားလုံးရွေးကြည့်နေမိပါတယ်.။

ဘာပဲဖြစ်ဖြစ် ပေါ်လီယာနာလို ခြေထောက်တစ်ဘက်ကျိုးသွားတာကို နှစ်ဘက်မကျိုးတာ တော်ပါသေးရဲ့လို့

ကြံဖန်ဝမ်းသာတတ်အောင် ကြိုးစားစမ်းလို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးချင်လို့ ပြန်ရှာကြည့်မိခဲ့ပါတယ်..။

ခံစားချက်တူနေသူတွေရှိနေမလား မျှဝေပေးလိုက်ပါတယ်နော်..။



June 22, 2010

ကမ္ဘာမြေသို့အော်ငိုနေသော မေတ္တာတရား

မင်းကိုလွမ်းတဲ့စိတ်နဲ့
ကိုယ့်အခန်းကို မီးဖွင့်မိ မဖွင့်မိ
ကိုယ့်ကွန်ပျူတာခလုတ်ကို ပိတ်မိ မပိတ်မိ
ကိုယ်မသိ
မင်းကို လွမ်းတဲ့စိတ်နဲ့
ကိုယ်အခုချွေးတွေပြန်နေတယ်
အိပ်ယာပေါ်မှာ လူးလိမ့်နေတယ်
ကိုယ်စိမ်းစိုခဲ့ဖူးသော ကမ္ဘာ
ခုမင်းဘယ်မှာလဲ

“မီးလောင်နေတဲနှလုံးသားပေါ် အနမ်းနဲ့
တက်မှရတယ်”တဲ့
မာယာကော့ဗ်စကီး” ကပြောတယ်
“နှုတ်ခမ်းပေါ် အနမ်းနဲကတက်မှရတယ်” တဲ့
မီးသတ်သမားတို့ရဲ့ ဘွတ်ဖိနပ်ကြမ်းကြမ်းတွေ
အဲဒီဘွတ်ဖိနပ်ကြမ်းကြမ်းတွေစီးပြီး
ကိုယ်မင့်နှုတ်ခမ်းပေါ်မတက်ခဲ့ရပါဘူး

ဖြည်းဖြည်းလေး
တကယ့်ကိုမှ ညင်ညင်သာသာ ဖြည်းဖြည်းလေး
မျှော်စင်ပေါ်တက်ခဲ့တာ
မင့်နှုတ်ခမ်းထက်က မျှော်စင်ထက်ကိုတက်ခဲ့တာ

မီးလောင်နေတယ်
မြို့ရဲ့ ဘယ်နေရာမှာ မီးလောင်နေတာလဲ?
မီးကလောင်နေတာတဲ့လဲ?
မီးသတ်ကားတွေလွှတ်ပေးရမလား
(တစ်ယောက်ကလှမ်းပြောတယ်)
မီးသတ်ဌာန ဖုန်းနံပါတ် ဘယ်လောက်လဲ?
(တစ်ဦးကလှမ်းမေးတယ်)
ကိုယ့်ရင်ထဲမီးလောင်နေပြီ
မျှော်စင်ပေါ်တက် မြို့ကိုကြည့်ခဲ့မိသူ
ကိုယ့်ရင်ထဲမှာ မီးလောင်နေပြီ
ဟုတ်တယ်
မင်းကိုလွမ်းတဲ့စိတ်ကြောင့် ကိုယ့်ရင်ထဲမှာ
မီးလောင်နေပြီ

လူနာမည် - ကျော်ဇေယျ
နတ်နာမည်- နွယ်စိမ်းဝေ
နွားအကြောင်း ကောင်း ကောင်းမသိတဲ့
ကဗျာဆရာ
သွားမပါတဲ့နွားလား
မြက်နုကြိုက်တဲ့နွားလား
နွားရှေ့ထွန်ကျူးမိသလား
နွားကို ဂျေဒိုးနတ် ကျွေးမိသလား
ကိုယ်မသိ

မင်းကိုချစ်တာ တစ်ခုတည်း
မင်းကို သတိရတာ တစ်ခုတည်း
မင်းကို တွေ့မြင်ချင်တာ တစ်ခုတည်း
မင့်ရင်ညွန့်ထက်က အင်းကြင်းပွင့်လေးကို ဖွဲ့ဆို
ဖို့ရာတစ်ခုပဲကိုယ်သိ

ကိုယ်ဟာ သိပ်ရိုးရှင်းတဲ့အရေးအသား
ကိုယ်ဟာ မဖုံးကွယ်တတ်သော တောင်ပေါ်မြေသားစကားပြေ

ကိုယ်အခု
မင်းကိုလွမ်းတဲ့စိတ်နဲ့ ဒီကဗျာကို ရေးနေတယ်
မင်းကိုလွမ်းတဲ့စိတ်နဲ့ ဒီစကားကိုပြောနေတယ်
မင်းကိုလွမ်းတဲ့စိတ်နဲ့ အိမ့်ရှေ့လမ်းကလေးမှာ
လမ်းလျှောက်နေတယ်

ကိုယ့်ခြံတံခါးကို နေ့နေ့ညည ဖွင့်ထားဆဲ့ . . .
ခြံထဲက မြက်ရိုင်းတွေနဲ့အတူ
ကိုယ့်မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးများ
ရှည်လျားဆဲ. . .

မင်းကိုလွမ်းတဲ့စိတ်မှာ
တိမ်တွေဟာ နိမ့်လိုက်မြင့်လိုက်
လေယာဉ်ပျံဟာ တက်လိုက်ဆင်းလိုက်
မင်းကိုလွမ်းတဲ့စိတ်နဲက
စာတိုက်ပုံးလေးကို ဖွင့်လိုက် ပိတ်လိုက်
အင်္ကျီကြယ်သီးတွေကို ဖြုတ်လိုက်တပ်လိုက်

မင်းကိုလွမ်းတဲ့စိတ်မှာ
လေဟာ တိုက်သလိုလို မတိုက်သလိုလို
နေဟာပူသလိုလို မပူသလိုလို
မိုးဟာ ရွမလိုလို မရွာမလိုလို
ဘယ်လိုဥတုရာသီ မျိုးကြီးလဲ
တစ်နေ့ တစ်နေ့
ငါ့မှာ လုပ်စရာက ဒါပဲ

မင်းကိုလွမ်းတဲ့စိတ်နဲ့ ဒိုင်ယာရီအဟောင်းတွေ
ပြန်ရှာ
မင်းကိုလွမ်းတဲ့စိတ်နဲ့ ကဗျာအဟောင်းတွေ
ပြန်ဖတ်
မင်းကိုလွမ်းတဲ့စိတ်နဲ့ အပြီးမသတ်သေးတဲ့
သီချင်းတွေဆက်ရေး

တစ်နေ့ တစ်နေ့
မင့်ကိုလွမ်းတဲ့စိတ်နဲ့ အိပ်ယာထ
မင့်ကိုလွမ်းတဲ့စိတ်နဲ့ မျက်နှာသစ်
မင့်ကိုလွမ်းတဲ့စိတ်နဲ့ သွားတိုက်
မင့်ကိုလွမ်းတဲ့စိတ်နဲ့ အာလုပ်ကျင်း
မင်းကိုလွမ်းတဲ့စိတ်နဲ့ ဘုရားမီးပူဇော်
မင်းကိုလွမ်းတဲ့စိတ်နဲ့ သောက်တော်ရေချမ်းကပ်
မင်းကိုလွမ်းတဲ့စိတ်နဲ့ အမွှေးတိုင်မီးထွန်း
……………………………………………..
…………………………………………….
တစ်နေ့ တစ်နေ့ ဒါပဲ
ငါ့မှာ လုပ်စရာက ဒါပဲ

ည ည ဆို
မင်းကိုလွမ်းတဲ့စိတ်နဲ့လမင်းကြီးကို ထွက်ထွက်ကြည့်
ငွေကြယ်လေးကိုထွက် ထွက်ကြည့်
ငှက်ဆိုးထိုးသံကို ကျိန်ဆဲ ကျိန်ဆဲ
ဒါပဲ
ငါ့မှာ လုပ်စရာက ဒါပဲ
ခဏကတင်မင်းကိုသတိရတဲ့အကြောင်း
နံရံမှာ စာတစ်ကြောင်းရေးသေးတယ်
ကိုယ့်ဘောလ်ပင်
အခုဘယ်မှာ
ဘယ်သူနေရာ ရွှေ့ထားလိုက်တာလဲ?
မဆီ မဆိုင်
ပင့်ကူတွေကို ဘာကြောင့် မုန်းတာလဲ?

မင်းအိမ်သုံးမီးဖိုချောင်သုံးပစ္စည်းတွေထဲက
ကိုယ့်ဟာ ဘယ်လိုခြင်ဆေးခွေမျိုး
ဘယ်လို ပရုပ်လုံးမျိုး
ဘယ်လို ပေါင်းတင်းဝါးမျိုး
ဘယ်လို အမှိုက်တောင်းမျိုးလဲ?

“မျောက်ကိုမြင်ရင် ခဲနဲ့ထုချင်တယ်”လို့
မောင့်ကိုမပြောပါနဲ့ . . .

တစ်ခုလုံး မယူရဆိုရင်
တစ်ဝက်တော့ယူမယ်
တစ်ဝက်မယူရ ဆိုရင်
တစ်စိတ်တော့ယူမယ်
တစ်စိတ်မယူရဆိုရင်
တစ်စိတ်ရဲ့တစ်ခြမ်းတော့ယူမယ်
တစ်ခြမ်းမယူရဆိုရင်
တစ်ခြမ်းရဲ့တစ်ဝက်တော့ယူချင်တယ်

တကယ်တော့
စွန့်ပစ်မယ့် အမှိုက်တစ်စကို
အမှိုက်တောင်းထဲ မရောက်ခင် ကြည့်တဲ့အကြည့်နဲ့တောင်
ခေတ်ကြီးကမောင့်ကိုလှည့်ကြည့်မသွားပါဘူးကွာ
အနာဂတ်ဆိုတာ
ငြိမ်းချမ်းစွာအတူယဉ်တွဲနေထိုင်သွားရမယ့်
အိမ်ရာပဲ

“အချစ်တွေရမယ်
အချစ်တွေယူပါဦး”လို့
နှလုံးသားကို လမ်းဘေးဈေးရောင်းသလို
ဘယ်တုန်းကအော်ရောင်းခဲဖူးလဲ?

မင်းမကြိုက်တဲ့ အ၀တ်အစား
တစ်ချိန်က ၀တ်ခဲ့တယ်
မင်းမနှစ်သက်တဲ့ ဆံပင်ပုံစံ
တစ်ချိန်ကထားခဲ့တယ်
မင်းကြည့်မရတဲ့ ဟိုတစ်ယောက်နဲ့
တစ်ချိန်က တွဲခဲ့တယ်

သံသရာဟာ လည်တတ်သလား
ပန်ကာဟာ လည်တတ်သလား

မင်းကိုလွမ်းတဲ့စိတ်နဲ့
ဒီဆေးလိပ် အခုဖြတ်ပြီ
ဒီအရက် လုံးဝ မသောက်တော့ဘူး
ဒီကွမ်း လုံးဝ မ၀ါးတော့ဘူး
အိပ်၍မပျော်သောညများနဲ့ ညတွေရဲ့အလယ်
မင်းကိုလွမ်းတဲ့စိတ်နဲ့
“လွမ်းစိတ်”ကို သတ်ချင်တယ်
သတ်မရဘူး။

အဝေးသစ်ပင်
ဆီးရွှင်နေသောကဗျာ
ညီမလေး မဖတ်ရ
စာသားက
“နှင်းဆီရနံ့သင်းတဲ့ အဝေးကလမင်းရေ
မင်းမျက်လုံးတွေ သိပ်လှတယ်”
လှတယ် သိပ်လှတယ်

ထက်မြက်တဲ့ ပန်းကလေး
မောင်သိပ်ချစ်ရတဲ့ ဂြိုဟ်ပြာလေး
မင်းကို လွမ်းတဲ့စိတ်နဲ့
ဖျော်ထားတဲ့ ကော်ဖီတွေလည်း အေးခဲကုန်ပြီ
မီးကင်ထားတဲ့ ပေါင်မုန့်တွေလည်းမီးကျွမ်းကုန်ပြီ

စိတ်ခံစားချက်သမားပါ
သံမဏိစည်းကမ်းပါ
တောင်ကုန်းပေါ်ကို ပြေးတက်ခဲ့တယ်
တောင်းကုန်းပေါ်က ပြေးဆင်းခဲ့တယ်

အခုတော့ မောင်ဟာ
မျောက် ရှားမီးခဲ ကိုင်မိသလိုလို
ငပိအိုးပေါ် တက်ထိုက်မသိလိုလို
အော်ငိုနေရပါသော မေတ္တာတရား စစ်စစ်ကြီး။ ။

နွယ်စိမ်းဝေ
(Heart)

လွမ်းလွမ်းရှိတာနဲ့ ဒီ့ထက်လွမ်းစရာမရှိနိုင်လောက်တဲ့ ကဗျာမျိုးပြန်ရှာဖတ်ဖို့
ဒီကဗျာကို ထိပ်ဆုံးကနေ သတိရ..
လွမ်းလွမ်းရှိတာနဲ့ ဘလော့မှာပါတင်ပေးလိုက်ပါတယ်..။