February 19, 2011

သုခရိပ်မြုံနှင့် သူခရိပ်မြုံမှသည် အလှူပွဲမှတ်တမ်း

+++++

(၁)။ ဒီလိုလေးတွေ စီစဉ်ခဲ့ကြသည်။


၂.၂.၂၀၁၁ နေ့ က အမိမြန်မာပြည်သို့ တစ်ခေါက်ပြန်ခွင့်ရခဲ့သည်။
MAI ။ ထွက်ခွာချိန်က ၁နာရီနဲ့ မိနစ် ၂၀ တိတိ နောက်ကျ၊ အချိန်တွေက လိုတာထက်ပိုပြီး ကြာမြင့်လွန်း လိုက်တာလေ..။
ဒီဇင်ဘာကနေစလို့ ရှုပ်လိုက်ရတဲ့ အလှူခံကိစ္စတွေ ရုံးကိစ္စတွေ္စ ။ အလှူခံခြင်းကိစ္စကတော့ အစစအရာရာ စိတ်ချမ်းသာစရာပြီးပြတ်ခဲ့ပြီ..။
အတင်း မပြတ်ပြတ်အောင် မပြတ်လည်းပြတ်သယောင်ဖြတ်ထားခဲ့ရတဲ့ရုံးအလုပ်တွေအကြောင်းကိုတော့ နည်းနည်းလေးမှ ယောင်ရမ်း တောင်တွေးတော မနေတော့ပါ။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်.။
ရိုးရာမပျက် လုပ်ဆောင်ရမည်များကို အသင့်ပြင်ဆင်ထားလိုက်သည်။
လူတန်းကရှည်လွန်းလေသည်လား စစ်ဆေးကြသည်က တိကျစိတ်ရှည်လွန်းသည်လားမသိ ဖြစ်နိုင်လျှင် လူတန်း ကို ခုန်ပျံပြီး ထွက်သွား ချင်လိုက်တာ..
ဖြစ်နိုင်လျှင်ပေါ့လေ...။ ဖြစ်နိုင်လျှင်...ဖြစ်နိုင်လျှင်....ဒီလိုပဲ ဖြစ်နိုင်လျှင်တွေက များလွန်းလှသည် မဟုတ်ပါလား။

ရောက်ရောက်ချင်း ဂျပန်က ခင်လေးငယ်လွှဲလိုက်တဲ့ ငွေလွှဲနဲ့ ချိန်း ၊ သင်းသင်းမ ပေးထားခဲ့တဲ့ ငွေတွေ ကို ဗမာ ငွေလဲ။ နောက်တော့ အိန္ဒိယကငွေ ၊ ကိုရီးယားက ပို့တဲ့ငွေ...
ဟိုပြေးဒီပြေးနဲ့ ငွေတွေလိုက်စုပြီးတော့ အလှူခံပွဲလေးအတွက် မမ မနော်ဟရီနဲ့ အသေးစိတ်တိုင်ပင်ကြ၊ ခေါင်း စားကြ ၊ ဖုန်းတွေ မရပ်မနားခေါ်ကြ ၊
သုခရိပ်မြုံပဲသွားလှူရင်ကောင်းမလား ၊ လှူမှာက ၄ နေရာတောင်ဆိုတော့ သုခရိပ်မြုံမှာဆို သွားရလာရတာ ခက်သွားမယ်နော်..။
ကားတစ်စီးနဲ့ တစ်နေရာစီ လိုက်လှူကြရင်ရော...၊ ကားခက ပွဲလုပ်တာမက ကုန်လိမ့်မယ်..။ ဂျာနယ်လစ် တွေ လည်း လိုက်နိုင်ကြမယ် မထင်ဘူး.။
ဝေဘာဂီဆေးရုံလည်းပါတော့ မြို့ထဲလုပ်တာက ပိုအဆင်ပြေလိမ့်မယ်..။City star Hotel မှာပဲ လုပ်ကြရင် ကောင်းမလား ၊ ဦးမျိုးက သူဖုန်းဆက်ပေးမယ်တဲ့..။
ပွဲတွေဆက်နေလို့ ၁၅ ရက် နေ့မှာတောင် အချိန်က၄ နာရီမှရတယ် အိန္ဒြာရေ ၊ ၁၆ ရက်နေ့ပြန်မှာဆိုတော့ အဆင်ပြေပါ့မလား..။ ဖြစ်တယ် မမ ရအောင်လုပ်မယ်..။
ညီမလေး သုခရိပ်မြုံကို သွားနေပြီ။ ဝေဘာဂီကိုလည်း ကိုလှိုင်ဦးကသွားဖိတ်ပေးမယ်တဲ့..။
ဖိတ်စာလေးကိုပဲ ပွဲမှာ ကပ်ဖို့ ဗီနိုင်းထုတ်လိုက်တယ်.။
ရပြီ ဆရာအော်ပီကျယ်ရော ဆရာမဒေါ်သန်းမြင့်အောင်ရော နယ်စာပေဟောပြောပွဲကနေ ပြန်ရောက် နေကြပြီတဲ့
စသဖြင့်..စသဖြင့်..စသဖြင့်တွေ.. ၊
နောက်တော့ ညီအစ်မနှစ်ယောက် အိုင်ဒီယာ မဂ္ဂဇင်းတိုက်ပေါ်မှာ ခေါင်းချင်းဆိုင်ပြီး ဖိတ်စာ ကိုယ်တိုင်လုပ် ဓါတ်ပုံဆိုင်မှာ ပရင့်ထုတ် စာအိပ်လေးတွေ ထဲမှာထည့်
အဲဒီလို ရှုပ်ခဲ့ရသမျှ အိန္ဒြာ့နောက်မှာ ပါရမီဖြည့်ဘက်ကြီးကတော့ တစ်ကောက်ကောက် ပါရမီဖြည့်မဆုံးနိုင် လောက်အောင်..
ဒီလိုနဲ့ပဲ ဒီအလှူပွဲလေးက အောင်မြင်ချောမောစွာ ကြည်နူးပိတိဖြစ်စရာ စတင်ခဲ့ ပြီးမြောက်ခဲ့သည်ပေါ့.။

+++++

(၂)။ သုခရိပ်မြုံလေးရဲ့ လက်ရှိခြေအနေ...

အမှတ် ( ၉၇၉-၉၈၂)၊ တပင်ရွှေထီးလမ်း၊
ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၁)ရပ်ကွက်၊ ရန်ကုန်မြို့။
(မထသ ၃၆ ဘတ်စ် အစိမ်း၊ တံတားထိပ်မှတ်တိုင်ရှေ့)
သုခရိပ်မြုံတဲ့ မိဘမဲ့ HIV ကူးစက်ခံမိဘမဲ့ ကလေးလေး ၆၄ ယောက် ရှင်သန်နေထိုင်ရာလေး

မောင်နှံစုံ သုခရိပ်မြုံကို သွားကြတော့ ကိုယ်မြင်ခဲ့တွေ့ခဲ့သလို အဆောက်အဦးလေးတစ်လုံးထဲ မဟုတ်တော့ပဲ အဆောက်အဦး ၃ လုံးနဲ့ သုခရိပ်မြုံက ခန့်ငြားအေးချမ်းလို့



အစ်မစုထားနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရတော့ ၀မ်းသာရ၏။ အစ်မကြီးသန်းမြင့်အောင်နဲ့ ဖုန်းရပြီး ညီမရေ စုထားနဲ့မကြီး အလှဆုံးပြင်ဆင်လာခဲ့မည်ဆိုတော့ ရယ်ရယ် မောမော..
အခု ကလေးတွေက ၆၄ ယောက်အထိ ဖြစ်လာပြီး အရွယ်ရောက်တဲ့ ကလေးတွေလည်း ရှိလာပြီမို့ နောက်ဘက်ကမြေကွက်ကိုပါ ဆက်ဝယ်ပြီး အဆောင်လေးတွေ ဆောက်ပေးဖို့ ကြိုးစားနေတာလို့အစ်မစုထား က ပြောပြခဲ့သည်။
ကားလေးတစ်စီးလည်းဝယ်ထားနိုင်ခဲ့ပြီး ကလေးတွေ အလှည့်ကျ ဆေးခန်းပြရင်ဖြစ်စေ ကျောင်းကြိုကျောင်းပို့အတွက်ဖြစ်စေ တစ်ခါတစ်လေ ဆေးရုံတင်ရတာမျိုးလည်းတွေ အတွက်တော်တော်အဆင်ပြေသွားတယ် လို့လည်း ပြောပြခဲ့သေး၏။
အခုဆို အငယ်ဆုံးက ၁နှစ်ခွဲသားလေး တော်တော်လေး သေးညှက်ပြီး ဆရာမတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ တွေ့ခဲ့ရသည်.။
အကြီးဆုံးကတော့ ၁၄ နှစ် ကြီးကောင်ဝင်စအရွယ်လေးရှိနေလေပြီပေါ့.။

ဒါကတော့ သုခရိပ်မြုံက ကြည်ညိုဖွယ်ရာ ဘုရားခန်းလေးပါ..

ဒီစာလေးတွေကတော့ ဧည့်ခန်းမှာ ကပ်ထားခဲ့တဲ့ စာလေးတွေ...


ဒီ အရုပ်ကလေးတွေက ကရုဏာ မေတ္တာ ကိုယ်ချင်းစာတရားတွေနဲ့ ပြုလုပ်ထားတဲ့ အရုပ်ကလေးတွေ ၊


၃နှစ်နီးပါးဖြူဖြူ၀၀ ချာတိတ်မလေးက ပေါင်ပေါ်တက်ထိုင်လိုက်တော့
ရဲနိုင်ဝင်းဆိုတဲ့ မည်းမည်းလုံးလုံးလေးက ဖလိုင်းကစ်တွေပေးတော့ တာ့တာတွေ စွတ်လုပ်တော့ ၊ မင်္ဂလာပါလို့ သံပြိုင် ရေရွတ်လိုက်သံကိုကြားရတော့ ၀ဲတက်လာတဲ့ မျက်ရည်တို့က ထိမ်းသိမ်းလို့ မရနိုင်ချင်တော့
အစ်မ ရေခဲမုန့်ကျွေးလို့ရမလားဟင်..၊ ရတယ် ညီမ ၊ အိန္ဒြာ့ အမျိုးသားက မြောက်ဒဂုံထဲ ရေခဲမုန့်ရောင်းတဲ့ ဆိုင် ပတ်ရှာပြီး ၀ယ်တော့သည်။
အားလုံးတန်းစီထိုင် ရေခဲမုန့်စားမယ်..။

ရေခဲမုန့်စားနေတဲ့ ကလေးလေးတွေကို မျက်နှာဖက်က ဓါတ်ပုံရိုက်မရလို့ ကျောဘက်ကလေးကတော့ အမှတ်တရ ရိုက်ယူမိခဲ့သည်..။
တစ်ချို့ကလေးလေးတွေက ကျောင်းသွားတက်နေကြတော့ လူတော့မစုံပါဘူးတဲ့
(ကလေးတွေ ရေခဲမုန့်စားတာကို ဦးဦးဝင်းဇော်လှိုင်က သဘောတွေ ကျလို့ပေါ့)
ရဲနိုင်ဝင်းလေးကတော့ ပူလို့ဆို မှုတ်ပြီးစားနေလေရဲ့

ကရုဏာ မေတ္တာရှင် ဆရာမလေးတွေ

ဆရာမတွေရဲ့ တကယ့်သွေးသားအရင်းလို ထားရှိနိုင်ကြတဲ့ မေတ္တာတရားတွေကို အံ့သြချီးကျူးရင်း အားကျ နေခဲ့မိရသည်။
ဒီနေ့ကျွေးတာ ကြက်သားဟင်း၊ မျှစ်ကြော်နဲ့ ချည်ရည်ဟင်း စားတာနှေးနေတဲ့ ကလေးလေးတွေကို အစ်မစုထားနဲ့ ဆရာမလေး နှစ်ယောက်က ကိုယ်တိုင် နယ်ဖတ်ပြီး ခွံ့ကျွေးပေးနေကြသည်။

နေ့စဉ်ကလေးလေးတွေ အတွက် စားမှုသောက်မှု အတွက် ဒီလိုမျိုးလေးတွေ လှူဒါန်းနိုင်ကြပါသည်။

နည်းနည်းလေးအရွယ်လောက်လာတဲ့ ကလေးလေးတွေက မောင်ငယ်ညီမငယ်လေးတွေကို ဖေးမလို့ ၊ ဆရာမတွေကို ကူညီလို့၊ ဘယ်လိုမှ ဆက်စပ်စရာအကြောင်းမရှိတဲ့ တစ်နေရာ တစ်ဒေသစီက ဒုက္ခတစ်မျိုးစီနဲ့ လာရောက်ဆုံဆည်းကြ ရပေမယ့် ခုတော့ မေတ္တာတွေနှင့်ဆွေမျိုးတော်စပ်နေကြပေပြီ။

အစ်မစုထားက တစ်နေ့လုံးဈေးဖိုးချည်း ၅သောင်း လို့ သတ်မှတ်ထားပြီး လှူဒါန်းနိုင်ပါတယ်ဟုဆိုသည်။
နေ့စဉ်လှူဒါန်းထားကြတဲ့ အလှူရှင်စာရင်းတွေ နောက်ဆရာစိုးသော်တာ သမီးလေးမွေးနေ့ လှူဒါန်းထားတာ တွေ့တော့ သာဓု အကြိမ်ကြိမ်ခေါ်မိရင်း..
ပြန်လာကြတော့ ကြည်နူးတာလား ၀မ်းနည်းတာလား ဘယ်လိုမှန်းမသိသောခံစားချက်တွေနှင့် လှိုက်မော နေခဲ့ပါသည်။
ကိုယ် အစွမ်းရှိသမျှလေးလုပ်ပေးနိုင်သည်ကိုလည်း ကိုယ့်ဘာသာ ကျေနပ်မိသလိုတော့ရှိမိလိုက်သည်။
တကယ်ဆို ဒီ့ထက်....
ဖြစ်နိုင်လျှက် ဒီ့ထက်.....
ဒီလို လူမှုတာဝန်တွေ ထမ်းဆောင်ဖို့ စိတ်ကူးရှိပြီး လူမှုတာဝန်တွေထဲမှာ နစ်မြုတ်နေကြသူများကို လူ့အဖွဲ့ အစည်းရဲ့ အကျအပေါက် ကလေးတွေကို တတ်နိုင်သမျှ ဖာပေးထေးပေးနေကြသူများကိုလေးလေးစားစား ဦးအခါခါ ညွှတ်လိုက်မိခဲ့ပါသည်။

+++++++

(၃)။သုခရိပ်မြုံမှသည် ကမ္ဘာအရပ်ရပ်မှ စာရေးသူစာဖတ်သူ အလှူရှင်များ၏ မွန်မြန်ဒါန အလှူပွဲလေး


ဒီလိုလေး ဖိတ်စာလေးလုပ်ပြီး ဗီနိုင်းလေးထုတ်ပြီး အလှူပွဲမှာ ကမ်းခဲ့ ကပ်ခဲ့ပါသည်..။
ဒီပွဲမှာ Idea မဂ္ဂဇင်းအယ်ဒီတာချုပ်ရာမောင်မျိုးက အခမ်းအနားမှုးလုပ်ပေးပြီး ဒီပွဲလေးရဲ့ ကုန်ကျစရိတ်အားလုံးကို အလှူဒါနပြုခဲ့သည်

ဆရာမောင်မျိုးက မနှစ်က အလှူခံရခဲ့တာတွေ ၊ အခု ဒုတိယအကြိမ်မှာ ရရှိခဲ့တဲ့ အလှူငွေနဲ့ အလှူရင်တွေကို ပြောပြပေးပြီး အခုလို ပွဲလေးတွေ လုပ်ခဲ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုခိုင်မှာ သဒ္ဒါတရား တွေ ပိုပေါက်ပြီးအလှူရှင် ၁၁၁ယောက်ကနေ ၁၃၁ ယောက်အထိ တိုးတက်ခဲ့တယ်လို့ ထည့်သွင်းပြောကြား သွားခဲ့ပါသည်။

နောက်တော့ ဒီပွဲလေးနဲ့ ပတ်သက်ပြီး ရှုင်းလင်းပြောကြားပေးဖို့ အိန္ဒြာ့ကို ဖိတ်ခေါ်ခဲ့ပြီး
အိန္ဒြာ အဓိကပြောဖြစ်ခဲ့တာကတော့ ဒါဟာအဖြူရောင်သက်တံ့ကနေရရှိခဲ့တဲ့ သန္ဓေတစ်ခုဖြစ်ကြောင်း အိန္ဒြာ မနော်ဟရီတို့က အလှူရှင် ၁၃၁ ယောက်ကိုယ်စားဆောင်ရွက်ပေးရတာဖြစ်ကြောင်း၊ ကမ္ဘာ့ AIDS နေ့ ဒီဇင်ဘာ(၁)၇က်နေ့က စတင်ပြီး (၂)လတိတိအချိန်ပေးကောက်ခံခဲ့ပြီး နိုင်ငံပေါင်း ၅ နိုင်ငံ အလှူ၇ှင် ၁၃၁ ဦးမှ အလှူငွေ ၄၁သိန်း ၉သောင်း ၃ထောင် တိတိ လက်ခံရရှိခဲ့ပါကြောင်း၊ တစ်ဦးနဲ့တစ်ဦး မမြင်ဖူးမတွေ့ဖူးပဲ မေတ္တာစေတနာတွေချင်း ကွန်ယက်တစ်ခုလို ချိတ်ဆက်ပေါင်းစည်းမိတဲ့ ပွဲလေးတစ်ခုဖြစ်ကြောင်း တိုင်းပြည် အရပ်ရပ်က အိန္ဒြာရေးတဲ့ စာရေးကဗျာလေးတွေကိုပဲ ဖတ်ပြီး ယုံယုံ ကြည်ကြည်လှူဒါန်းကြတာဖြစ်တဲ့ အတွက် သူတို့တွေကို ရှုင်းရှုင်းလင်းလင်းထင်ထင်ရှားရှားဖြစ်စေလိုသလို၊ ကိုယ့်အလှူဒါနလေးကို ကိုယ်ပြန်ပြီး ပိတိဖြစ်စေ လိုလို့ ဒီလိုပွဲလေးတွေကို အချိန်မရတဲ့ ကြားက စာနယ်ဇင်း ပုဂ္ဂိုလ်ကြီးတွေရှေ့မှာ တရားဝင် လှူဒါန်ခဲ့တာ ဖြစ်ပါကြောင်း၊ အလှူရှင်စာရင်းတွေကို အိန္ဒြာ့ Blog တွေ Facook Book တွေမှာ တင်ပေးထားကြောင်းကိုလည်း အသိပေးပြောကြားဖြစ်ခဲ့ပြီး အလှူ ပွဲကို အထမြောက်အောင်ပံ့ပိုးပေးကြတဲ့ နောက်ထပ်လှူချင်အောင် သတင်း လေး တွေကို ရေးသား ဖေါ်ပြပေး ကြတဲ့ မမမနော်ဟရီနှင့်တကွ စာနယ်ဇင်းပုဂ္ဂိုလ်ကြီးတွေကို အထူးကျေးဇူးတင်ရှိပါကြောင်း စသဖြင့် ပြောကြားခဲ့ပါသည်.။
အင်တာဗျူးတွေမှာ ဒီနှစ်ဂျပန်နိုင်ငံကစင်ကာပူနိုင်ငံပြီးရင်ဒုတိယမြောက်အများဆုံးလှူဒါန်းနိုင်ခဲ့ပြီးဘလော့ဂ်ကာ ခင်လေးငယ်နဲ့ သူငယ်ချင်းသင်းသင်းထွဋ်တို့က အားတက်သရောစိတ်ပါလက်ပါ အလှူခံပေး ခဲ့တာဖြစ်ကြောင်း
နောက်မလေးရှားက ဘလော့ကာ ခရေတွန်နဲ့ မိုးမမလွင် ၊ ကိုရီးယားက စာပေမြတ်နိုးသူများ အိန္ဒိယကလည်း အရှင် က စလုံးမှာ အိန္ဒြာ ၊ မယ်ကိုး ရီနိုမန် နဲ့ မိုးကုတ်သား တို့က အလှူခံပေးခဲ့တာဖြစ်ကြောင်းနဲ့၊တစ်နိုင်ငံချင်းစီ အလှူရှင်ဦးရေ ရရှိတဲ့ အလှူငွေတွေကို အသေးစိတ် စာရင်းပေးခဲ့ပြီး နောင်နှစ်တွေမှာလည်း ဒီလို လှူဒါန်းချင်ပါကြောင်း လှူဒါန်းနိုင်ဖို့ ကြိုးစားသွားမည်ဖြစ်ပါကြောင်းကိုလည်း လှိုက်လှိုက်လှဲလှဲ ပြောကြား ဖြစ်ခဲ့သည်။

နောက်တော့ ဆရာမဒေါ်သန်းမြင့်အောင်က ကျေးဇူးတင်စကားပြောကြားပေးပြီး မနှစ်က ခရီးလွန်နေလို့ မလာနိုင်တာကို တောင်း ပန်ပါကြောင်း ဒီနှစ် ၂ နှစ်စာ ကျေးဇူးတင်ရမှာဖြစ်ကြောင်းနဲ့ အခု သန်လျင်မှာဆည်းဆာရိပ်အမည်ရှိ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာကို ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်းနဲ့အခု လက်ရှိ အဘိုးအဖွား ၁၂ယောက်တိတိရှိ ကြောင်း၊ အခုလို လူမှုရေးတွေ လုပ်နိုင်တာဟာလှူဒါန်းသူတွေ ရှိလို့သာ လုပ်ကိုင် နိုင်တာဖြစ်ပါကြောင်း စသဖြင့် ပြောကြားသွားခဲ့ပါသည်..။


စာနယ်ဇင်းများကိုယ်စား မုဒိတာ စကားပြောကြားပေးတဲ့ ဆရာဦးဝင်းငြိမ်းကတော့ စာနယ်ဇင်းဆရာတွေ အနေနဲ့ တစ်ခြားလူမှုရေးတွေ လုပ်ကိုင်ခဲ့ပေမယ့် ဒီ AIDS ဝေဒနာရှင်တွေ အတွက်တော့ မေ့လျှော့ နေခဲ့မိသလိုဖြစ်နေပါကြောင်း သူ့အတွေ့အကြုံလေးတစ်ခုကို ပြောပြချင်ပါကြောင်း သူဘုရားကျောင်း တက်တိုင်း တံတားတစ်ခုအောင်မှာ လူတစ်ယောက်ကို အပတ်စဉ်တွေ့တွေ့နေရကြောင်း အဲဒီ့လူဟာ တွေ့တဲ့သူတိုင်းကို သူ့ကို မြန်မြန်သေဖို့ဆုတောင်းပေးကြပါလို့ အမြဲပြောတတ်ကြောင်း
အဲဒီ့လူဟာ အိမ်က စွန့်ပစ်ထားတဲ့ AIDS ဝေဒနာရှင်တစ်ဥိးဖြစ်ကြောင်း သူ့အတွက် သေတာ ကပင် ပိုကောင်းသလိုဖြစ်နေကြောင်း ၊ ဒီလို မိသားစုကပင် စွန့်ပစ်ခဲ့တဲ့ ရောဂါဝေဒနာရှင်တွေ အတွက် ဖေးမ စာနာ နားလည်းဖို့ လိုအပ်ကြောင်း နဲ့ဆရာမ ဒေါ်သန်းမြင့်အောင် တို့လို လူမှုရေးလုပ်နေသူတွေ အတွက်ကျေးဇူး တင်ဂုဏ်ယူမိပါကြောင်း စသဖြင့် အမှတ်တရ မုဒိတာစကားမြွက်ကြား ပေးသွားခဲ့ပါသည်။


ပထမဆုံးလျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဆရာဦးမြတ်ခိုင်က သုခရိပ်မြုံ HIV ကူးစက်ခံ မိဘမဲ့ ကလေးငယ် များဂေဟာအတွက် ငွေကျပ် သိန်း(၂၀) တိတိ လှူဒါန်းပေးခဲ့ပြီး သုခရိပ်မြုံနာယက ဆရာမ ဒေါ်သန်းမြင့်အောင်မှ အလှူငွေလက်ခံပေးခဲ့ပါသည်။






နောက်တော့ အလင်းတန်းဂျာနယ် အယ်ဒီတာချုပ် ဆရာဦးဝင်းငြိမ်းက မြောက်ဥက္ကလာ ဝေဘာဂီ အထူးကုဆေးရုံသို့ အလှူငွေကျပ် သိန်း(ဂ) တိတိ လှူဒါန်းပေးခဲ့ပြီး သုခရိပ်မြုံနာယက ဆေးရုံအုပ် ဆရာဝန်မကြီး၏ကိုယ်စားလှယ် တစ်ဦးမှ အလှူငွေလက်ခံပေးခဲ့ပါသည်။




နောက်တော့ ကာတွန်းဆရာအော်ပီကျယ်က ဆည်းဆာရိပ်ဂီလာန ခိုးကိုးရာမဲ့ ဘိုးဘွားရိပ်သာအတွက် အလှူငွေကျပ် သိန်း(၅) တိတိ လှူဒါန်းပေးခဲ့ပြီး တာဝန်ခံတစ်ဦးမှ အလှူငွေလက်ခံပေးခဲ့ပါသည်။




နောက်ဆုံးအနေဖြင့် ဆင်းရဲနွမ်းပါးပြီး AIDS ရောဂါဝေဒနာရှင်များအတွက် အလှူငွေကျပ်(၈)သိန်းကို ကဗျာဆရာမောင်စိမ်းနီမှ လှူဒါန်းပေးပြီး ဆရာမ သန်းမြင့်အောင်မှပဲ ကိုယ်စား လက်ခံပေးခဲ့ပါသည်။





စုစုပေါင်း(၄၁)သိန်း လှူဒါန်းပေးနိုင်ခဲ့ပြီး ပထမ အလှူခံရရှိငွေ ၄၁ သိန်း ၄ ရာ တိတိရရှိထားပြီး ကဗျာဆရာ ကိုသစ်ကောင်းအိမ်နဲ့ မကေခိုင်တို့မှ၎သောင်း၃ထောင်၊သူငယ်ချင်းကျော်ကိုကိုမင်းနှင့်နှင်းယုဝေတို့မှ ၅သောင်း စုစုပေါင်း ၄၁သိန်း၉သောင်း၃ထောင့်၎ရာတိတိ ရရှိခဲ့ပြီး၊ လက်ကျန်ငွေ ၉သောင်း၃ထောင့်၎ရာကို သူခရိပ်မြုံကလေးလေးများ စားစရိတ်နှစ်ရက်စာ အတွက် လှူဒါန်းသွားမှာဖြစ်ပါသည်။

ပွဲလေးကို အားလုံး၄၀ ကျော် ခန့် တက်ရောက်ပြီး အလင်းတန်းဂျယ်နယ်၊ လျှပ်တပြက်ဂျာနယ်၊ ပေါ်ပြူလာ ဂျာနယ်၊ ပေါ်ပြုလာ နယူးစ် ဂျာနယ်နဲ့ ဂျယ်နယ်တော်တော်များများတက်ရောက်ခဲ့ကြပါသည်။
နောက်ဆုံး ဆရာမောင်မျိုးက စေတနာသုံးတန်အကြောင်းနဲ့ အပိတ်နှုတ်ဆက်စကားပြောကြားပေးပြီးအခမ်းအနားလေးကို အောင်အောင် မြင်မြင် ကြည်နူးပိတ်များဖြင့် အဆုံးသတ်နိုင်ခဲ့ကြပါသည်။

++++++++

၎။ လေးလေးနက်နက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်နေရသူများ


ကျေးဇူးတင်စကားချရေးရတော့မည်ဆိုတော့ တိုတိုတုတ်တုတ် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါ သည် ပြောလိုက်ရင် ကောင်းမလားဟု စဉ်းစားလိုက်မိသည် ။ တကယ်လည်း ဒီပွဲလေးဖြစ် အောင်လုပ် အောင် စွမ်းဆောင်နိုင်ခဲ့တာအတွက် ကျေးဇူး တင်ရမည့်သူတွေ သိပ်ကို များပြားလွန်း ပါလှပါသည်။
ပထမဆုံး အားတက်သရော ၀ိုင်းဝန်းလှူဒါန်းပေးကြသည့် နိုင်ငံအသီးအသီးမှ စေတနာရှင်ညီအကို မောင်နှမ တွေ..ကို ကျေးဇူး တင်ရမည်ဖြစ်ပါသည်။နောက် တစ်စိတ်တည်း တစ်ဝမ်းတည်း အလှူခံပေးကြတဲ့ ညီအစ်မတွေ ဖြစ်တဲ့ခင်လေးငယ် ၊ သင်းသင်း၊ မယ်ကိုး ၊ မိုးမမလွင်နှင့်တကွ ခရတွန် ၊ သျှင်ခ၊ အိန္ဒိယနိုင်ငံမှာ ဘုန်းဘုန်း
အရှင်ကုဏ္ဍလ ၊ မိုးကုတ်သား ရီနိုမန် တို့ကို အထူး ကိုကျေးဇူးတင်ရှိပါသည်..။ ခင်လေးငယ်ဆို သူ့ တူမတွေ ညီမတွေပါ မကျန် အလှူခံပေးခဲ့သည်ဟု ဆိုပါသည်..။ ဒါကြောင့် ညီမလေးတွေ တူမလေးတွေကိုလည်း ကျေးဇူးတင်မိပါသည်။
အခု အလှူခံပေးကြတဲ့ ညီအကို မောင်နှမတွေကိုလည်း လေးလေးနက်နက် ပြောချင်တာလေး တစ်ခုရှိ နေပါသည်..။ ဒီအလှူပွဲလေးဟာ ခုဆို ဒုတိယအကြိမ်သို့တိုင်ခဲ့ပြီ၊ တကယ့်ကို လိုအပ်နေတဲ့ အစဉ်အလာ ကောင်းလေးတစ်ခုလည်းဖြစ်ပါပြီး တစ်စက်တစ်ပေါက်ကနေ ပြည့်အောင်ဖြည့်ပေးခွင့်ရတဲ့ ဒါနပွဲလေးလည်း ဖြစ် ပါသည်.။ ဒါ ကြောင့် အိန္ဒြာ ဗမာပြည်ကို အပြီးတိုင်ပြန်သွားခဲ့ရင်လည်း ဒီဇင်ဘာ (၁)ရက်နေ့ရောက်တိုင်း ဒီအစဉ်အလာလေးကို ဆက်လက်ထိမ်းသိမ်းကြပြီး နှစ်စဉ်လှူဒါန်းနိုင်အောင် ခုလိုပဲ အားတက်သရာ ၀ိုင်းဝန်း လုပ်ဆောင်ပေးကြပါ.ကူညီကြပါလို့ ဒီစာလေးကနေ လေးလေးစားစား ပြောချင်ပါသည်။

နောက်တော့ လုပ်ချင်တာတွေကို မညည်းမညူ အကြံပေး ဦးဆောင် လိုက်လုပ်ပေးရှာတဲ့ မမ မနော်ဟရီ၊ အစစ အရာရာ ကူညီပေးတဲ့ ဆရာမောင်မျိုး ၊ အလှူငွေတွေကို လက်ရောက်ပေးလှူပေးကြတဲ့ ဆရာဦးဝင်းငြိမ်း ၊ ဆရာ ဦးမြတ်ခိုင်၊ ဆရာ အော်ပီကျယ် ၊ ဆရာ မောင်စိမ်းနီနဲ့ ကြွရောက်လာကြတဲ့ ဆရာဆရာမများ စာနယ်ဇင်း ဆရာများ ၊ အလှူငွေ လက်ခံပေးကြသောဆရာမဒေါ်သန်းမြင့်အောင်နှင့် ဝေဘာဂီဆေးရုံ သုခရိပ်မြံတို့ကို ကိုယ်တိုင်သွား အလှူအကြောင်းလေးပြောပြ ဖိတ်စာတွေ ကမ်းပေးခဲ့သော ဦးလှိုင်ဦး အားလုံး ကို ကျေးဇူးအထူး တင်ရှိပါ ကြောင်း ဒီစာလေးနှင့် အမှတ်တရ မှတ်တမ်းတင်ထားအပ်ပါသည်။

၅။အမှတ်တရ ဓါတ်ပုံလေးများ

ပွဲလေးကို ဒီလို စတင်ခဲ့တာပါ


ဆည်းဆာရိပ် သူခရိပ်မြုံ အဖွဲ့သူတွေနဲ့ ကဗျာဆရာမကြီး မအိ စာရေးဆရာမနှင်းဝေငြိမ်းနဲ့ မမ မနော်ဟရီနဲ့ အိန္ဒြာ

ဆရာအော်ပီကျယ်၊ ဆရာစောဝေ၊ ဆရာစိုးသော်တာ၊ ဆရာမ သန်းမြင့်အောင်တို့နှင့်

ဆရာဦးစိမ်းနီ၊ ဆရာကိုခါး(ကွမ်းခြံကုန်း)၊ ဦးလှိုင်ဦး ၊ ဆရာမောင်လင်းရိပ်



ဆရာမ မအိ၊ ဆရာမနှင်းဝေငြိမ်း ဆရာစောဝေ ၊ ဆရာဦးမြတ်ခိုင် ၊ ဆရာဦးဝင်းငြိမ်းနှင့် ဂျာနယ်များမှ တာဝန်ရှိ သူများ

၆။ အလှူငွေစာရင်းရှင်းတမ်းအတွက် နောက်ဆုံးရေးဖြစ်ခဲ့တဲ့ မှတ်တမ်းလေး


စင်ကာပူနိုင်ငံက စုစုပေါင်းအလှူငွေ စင်ကာပူနိုင်ငံမှ ၃၂၀၇ဒေါ်လာ ၊ မလေးရှားနိုင်ငံမှ ၆၁၇ ဒေါ်လာ စုစုပေါင်း ၃၈၂၄ ဒေါ်လာရရှိပြီး

ငွေဈေးနှုန်း( ၆၅၅)နှင့် ၁၀ သိန်းကျပ်၊ ငွေဈေးနှုန်း(၆၇၆)ကျပ်နှင့် ၁၅၅၃၄၄၈ကျပ်

စုစုပေါင်း ၂၅သိန်း ၅သောင်း ၃ထောင့် ၄ရာ ကျပ် တိတိ၊

ဂျပန်နိုင်ငံမှ စုစုပေါင်း ၁၂သိန်း၇ထောင်ကျပ်တိတိ

ကိုရီးယားနိုင်ငံမှ ငွေကျပ်၂သိန်း၂သောင်းတိတိ၊

အိန္ဒိယနိုင်ငံမှ ငွေကျပ်၁သိန်း၂သောင်းတိတိ

စုစုပေါင်း သိန်း ၄၁သိန်းနဲ့ ၄ရာ ကျပ်တိတိ

နတ်လူသာဓုခေါ်နိုင်စေဖို့ ၀မ်းမြောက်ဝမ်းသာစွာ သတင်းကောင်းပါးအပ်ပါတယ်။

(ဂျပန်နိုင်ငံကတော့ မြန်မာပြည်ကို တိုက်ရိုက်လွှဲမှာဖြစ်တဲ့ အတွက် မြန်မာငွေကျပ် စာရင်းအတိအကျကို ထပ်မံဖေါ်ပြပေးပါဦးမယ်။)

မြန်မာပြည်မှာ ပွဲလေးတစ်ခုလုပ်ပြီးလှူဒါန်းမှာဖြစ်ပါတယ်..။

အဲဒီ့ပွဲလေးအတွက်သတင်းနဲ့ဓါတ်ပုံတွေကို ဖေဖေါ်ဝါရီ (၁၆)ရက်နေ့ညမှာ တင်ပြပေးသွားပါ့မယ်..။

စေတနာ မေတ္တာတွေ ကွန်ယက်တစ်ခုလို ချိတ်ဆက်ပေါင်းစည်းထားတဲ့ အလှူဒါနပွဲလေး ပထမအဆင့် အောင်မြင်ပြီးမြောက်သွားပြီးမို့

စိတ်ပင်ပမ်း လူပင်ပမ်းရှိနေပေမယ့် ကြည်နူးဝမ်းမြောက်နေမိပါတယ်.။

အထူးကျေးဇူးတင်စကားတွေ ပြောနေဖို့မလိုပေမယ့် ဂျပန်က ချစ်ညီမ ခင်လေးငယ်ကို ကျေးဇူးအထူးတင်ပါတယ်။

(သူ့ခမျာ အလှူခံပေးရယုံမက အလှူငွေတွေပါ စိုက်ပေးလိုက်ရတာပါ..)နောက် ချစ်သူငယ်ချင်းသင်းသင်းထွဋ် ၊

မလေးရှားက ကရေတွန်လေးနဲ့ ညီမ မိုးမမလွင်

အိန္ဒိယကနေ လက်လှမ်းမှီသမျှ ကြိုးစားအလှူခံပေးရှာတဲ့ အရှင်ဘုရား အရှင်ကုဏ္ဍလ

နဲ့ ဘာပဲဖြစ်ဖြစ်အလှူခံလာရင်အသင့်ဖြစ်နေတတ်တဲ့ ကိုရီးယားစာပေချစ်မြတ်နိုးသူများအဖွဲ့ကို အထူးကျေးဇူးတင်ပါတယ်။

စလုံးက မယ်ကိုးတို့ မိုးကုတ်သားတို့ ရီနိုမာန်တို့ကိုလည်း ကျေးဇူးတင်ပါတယ်။

အဲဒီ့ လူ ပုဂ္ဂိုလ်တွေ အားလုံးက စိတ်ပါလက်ပါ ၀မ်းမြောက်ဝမ်းသာ ကရုဏာရှေ့ထား လှူဒါန်းကြတဲ့ မိတ်ဆွေညီအကို မာင်နှမအားလုံးရဲ့ ဒါနကုသိုလ်ကို လှိုက်လှိုက်လှဲလှဲသာဓုခေါ်ပါတယ်။

သွားရောက်လှူဒါန်းမယ့် သုခရိပ်မြုံနဲ့ လူမှုရေးအသင်းအဖွဲ့တွေကိုယ်စားလည်း ကျေဇူး အထူးတင်ရှိပါတယ်.။

နောင်နှစ်လည်း ဒီလိုအလှူမျိုးလေးဖြစ်မြောက်ဖို့ကို တတ်နိုင်သလောက် ကြိုးစားကြည့်ချင်ပါသေးတယ်။

အားလုံး..နောင်နှစ်တွေမှာလည်း ကုသိုလ်တွေ အတူတူယူ ရေစက်တွေ အတူတူချကြပါဦးစို့..။

စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ..။

ချစ်ခင်လေးစားစွာ

အိန္ဒြာ

အလှူရှင်စာရင်းလေးတွေပါ ထပ်မံဖေါ်ပြပေးလိုက်ပါတယ်.။

+++++++++++++++++++++++++++

စင်ကာပူနိုင်ငံ

၁)ကိုဝင်းဇော်လှိုင် အိန္ဒြာ S$ ၁၅၀

၂)လင်းဒီပ S$၁၀၀

၃)မိုးကြယ် S$၁၀၀

၎)နိုင်ငံခြားရောက်မြန်မာလူငယ်များ S$၁၀၀

၅)သိရိဆု S$၅၀

၆)မေမြတ်သွယ် S$၃၀

၇)ပန်ဒိုရီ ပန်ဒိုရာ S$၅၀

၈)သန့်ဇင်ဦး S$၂၀

၉)ဂျွန်မိုးအိမ် S$၂၀

၁၀)မိုးကုတ်သား S$၅၀

၁၁)ဖိုးစိန် S$၅၀

၁၂)ဖလ်နေ၀န်း S$၅၀

၁၃)ဇွန်မိုးစက် S$၃၅

၁၄)ကိုကျော်နိုင်ဆွေ+မယုယုစံS$၅၀

၁၅)မသန္တာဝင်း S$၃၀

၁၆)ကိုမျိုးမင်း+မတည်ကြည် S$၁၀၀

၁၇)မယ်ကိုး S$၅၀

၁၈)ကိုဖရက်ဒီဟိန်း S$၂၀

၁၉)ကိုဝင်းသက်နောင်S$ ၁၂

၂၀)မလှလှဝင်း S$၂၀

၂၁)မဇာခြည်လှမောင် S$၃၀

၂၂)မစံစံဝင်း S$၁၀

၂၃)မချိုမာညွန့် S$၃၀

၂၄)ကိုထွဋ်တင်အုန်း+ မအေးစန္ဒာS$ ၅

၂၅)ကိုဇော်မင်းဦး S$၁၀

၂၆)မမို့မို့အေး S$၁၀

၂၇)မခင်သူဇာထွေး S$၁၀

၂၈)မမြတ်သက်ခိုင် S$၁၀

၂၉)မနေခြည်လှိုင် S$၂၀

၃၀)ဝင်းပပဖေသိန်း S$၁၀

၃၁)ကိုဇော်မင်းဦး S$၁၀

၃၂)ကိုဘိုဘိုဝင်း(ရနံ့သစ်စားသောက်ဆိုင်)S$၁၀၀

၃၃) ဆရာမ မနော်ဟရီ နှင့် သားများ Zephyr ၊ ခေတ်နေS$၁၀၀

၃၄)Zephyr နှင့် ရည်မွန်S$၁၀၀

၃၅)ကိုစိုးမိုးဇင် S$၁၅

၃၆)ပူတေး S$၃၀

၃၇)ဦးဇော်မင်း+ဒေါ်မြင့်မြင့်ခိုင် S$၅၀

၃၈)ငုဇာခိုင် S$၅၀

၃၉)နန်းသူသူအောင် S$၁၅

၄၀)ဖူးပွင့်ခိုင်ဝင်းS$၅၀

၄၁)ကိုမောင်လေးS$၅၀

၄၂)သီသီရှိန် S$၁၀၀

၄၃)ကိုညီဇေ+နီနီနိုင် S$၁၀၀

၄၄)ခရေဖြူ S$၃၀

၄၅)နိုဘယ်လ်မိုး S$၅၀

၄၆)တောင်ပေါ်သား S$၃၀

၄၇)မိုးခါး S$၃၀

၄၈)မေနှင်းအောင် S$၁၀

၄၉)ဒေါ်မိမိကြည်၊သမီးဆွေဇင်ရဲ S$၅၀

၅၀)ကိုမျိုးလှိုင်ဝင်း S$၁၀၀

၅၁)ကိုဆန်းအောင်နိုင်+မနန္ဒာအေးS$၈၀

၅၂)ကိုသော် + မအိအိ S$၅၀

၅၃)ကိုတင့်လွင် နှင့် ဇနီး S$၂၀

၅၄)ကိုထူးနိုင်ဝင်း S$၅၀

၅၅)ဖြိုးဝင့်ချိန် S$၅၀

၅၆)အေးသန္တာထွန်း$၃၀

၅၇)ကေသွယ် S$၁၀

၅၈)နန်းခိုင်ခိုင်စိုး S$၅

၅၉)နန်းခမ်းဟန် S$၅

၆၀)သီသီစမ်းရှိန် S$၁၀

၆၁)၀င်းဝင်းမြိုင် S$၁၀

၆၂)အိစုလှိုင် S$၅

၆၃)Tan Yuh Horng S$၁၀

၆၄)မ၀င်းဝင်းဌေး S$၃၀

၆၅)ကိုရဲလင်းအေးS$၂၀

၆၆)ဇေမော်ဟိန်းS$၅၀

၆၇)ထက်မြက်မင်းS$၃၀

၆၈)ခင်မျိုးအေးS$၃၀

၆၉)မယ်လိုဒီမောင်S$၃၀

၇၀)ကိုပေါS$၅၀

၇၁)မင်းမျိုးဦးS$၅၀

၇၂)ကိုကျော်ဝင်းS$၅၀

၇၃)လင်းလင်းဇော်S$၅၀

၇၄)ဦးတင်မြS$၁၀

၇၅)ဇေယျာသိန်းသန်းS$၁၀

၇၆)ဦးသောင်းထွန်းS$၁၀

၇၇) Ko Crab S$၅၀

၇၈)ဦးကောင်းမြတ်နွယ်+ ဒေါ်မေသက် သဇင်မဂ္ဂဇင်း S$၅၀

၇၉)ဒေါ်သန်းသန်းနု(သပြေနု ကုမ္ပဏီ) S$၅၀

++++++++++++++++++++++

ဂျပန်နိုင်ငံ

၁။ဒေါ်မေညို 8000

၂။မခွန်သဒ္ဓါ 5000

၃။ကိုကျော်ဇေယျ+မမေသဲဖြူ 4000

၎။ ဖိုးခွားလေး(ခ)စောကောင်းသန့် 5000

၅။ အမည်မဖော်လိုသူ စေနာရှင် 5000

၆။ကိုမင်းယောက်ျား+မခင်လေးငယ် 10000

၇။ ကိုပြည့်စုံ+မတင်တင်မိုး သမီး ထက်နန္ဒာ။သား သုခပြည့်စုံ 2000

၈။ကိုအောင်မျိုးသိမ်း... 2000

၉။ဦးမြသောင်း+ဒေါ်ယဉ်ယဉ်မြင့် မိသားစု ပဲခူး 5000

၁၀။ ဦးမျိုးမြင့်+ဒေါ်ဘေဘီနွဲ့ မိသားစု 10000

၁၁။ ကိုမျိုးမင်းမင်းအောင်+မမေသူအောင် 2000

၁၂။ သင်းသင်းထွဋ် 5000

၁၃။ဥမ္မာထွန်းဖေ 1000

၁၄။ မြမြမိုး 3000

၁၅။ ရဲထွဋ်စိုး 5000

၁၆။ ပန်းယုမွန် 2000

၁၇။ သွဲ့သွဲ့အောင် 3000

၁၈။ခိုင်စိုး+သဲမြတ်စု 3000

၁၉။ရဲလင်းထက် 3000

၂၀။သင်းသင်းနွယ် 3000

၂၁။ ဖြူ ဖြူကြွယ် 3000

၂၂။ ကိုဇော်ဇော်အောင် 3000

၂၃။ နိုင်ရဲသူ 2000

၂၄။ကိုဝင်းသိန်းထွဋ်+မတင်ဌေးလှိုင် သမီး မိုမိုချန် 2000

၂၅။ ဖြိုးဝေ 3000

၂၆။ ကိုဟန်မျိုး 5000

၂၇။"ကိုဝေလင်းအောင် " 3000

၂၈။ကိုလင်းအောင် မကြိုင်ကြိုင်လတ် သမီး သိရိနွယ် 3000

၂၉။ ကျော့ကျော့လွင် 1000

၃၁။ ဟန်စုလွင် 1000

၃၂။ လဲ့လဲ့ဖြူ 1000

၃၃။ ကျော်ဇေယျ မော်မော်ဝင်း 1000

၃၄ ကိုဌေး၊ မလွင်၊ ကိုကျော်လေး 3000

မလေးရှားနိုင်ငံမှ.

၁)ခရေတွန် US$၃၀၀

၂) မိုးမမလွင် မလေးရင်းဂစ် RM၁၀၀

၃)ကိုယ့်စိတ်ကိုယ်စစ်ဓမ္မရိပ်သာ RM၁၀၀

၎)ဦးမြင့်ဝင်း RM၁၀၀

၅)ဦးဝင်းလှိုင် RM၅၀

၆)မဖြူနှင်းဝေ RM၃၀

၇)ထွန်းထွန်း RM၅၀

၈)မောင်မောင် RM ၅၀

၉)ဦးမျိုးမြင့် RM၅၀

အိန္ဒိယနိုင်ငံကိုဆက်သွယ် လှူဒါန်းထားသူတွေကတော့

၁)အရှင်ကုဏ္ဍလRS ၁၀၀၀

၂)ဒေါ်ခင်မမ မိသားစု

(ရွှေမန်းမေ အထည်ဆိုင်) RS ၅၀၀

၃)မဖြူဇင် - ( ရန်ကုန်)၁၀၀၀၀Kyats.

၎ )ဆရာတော် ဦးဇောတိဿရ- (ပုသိမ်)၁၀၀၀၀ Kyats

၅ )ဆရာတော် ဦးကုဏ္ဍလ- (ကျောင်းကုန်း) ၁၀၀၀၀ Kyats.

၆)မောင်မင်းမင်းစိုး မိသားစု- ( တောင်ငူ) ၅၀၀၀Kyats

၇)ဆရာလေး မအိန္ဒြာကာမီ ရန်ကုန် RS 300

ဂ)ဆရာတော် ဦးပဏ္ဍ၀ ရန်ကုန် Rs 500

၉)မမြင့်မြင့်ခိုင်( အမေရိကား) US$50

ကိုရီးယားနိုင်ငံ စာပေမြတ်နိုးသူများအဖွဲ့မှ

မြန်မာငွေကျပ် ၂ သိန်းတိတိ

ကိုသန်းတွေ မထားထားစိုး ၂၀၀၀၀ ကျပ်


စုစုပေါင်းမြန်မာငွေကျပ် ၄၁သိန်းနှင့် ၄ရာ ကျပ်တိတိဖြစ်ပါသည်။


( ဒီမှတ်တမ်းလေးကို E Book အဖြစ် ဖြန့်ဝေပေးဖို့ စီစဉ်ထားပြီး အလှူရင်များ အမှတ်တရ သိမ်းဆည်းထားနိုင်စေဖို့ အွန်လိုင်းမှ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်..)


ခင်မင်လေးစားစွာ

အိန္ဒြာ

February 1, 2011

သုခရိပ်မြုံမှသည် စာရင်းပိတ် အလှူငွေ

30-1-2011 နေ့က အလှူခံစာရင်းလေးပိတ်လိုက်ပါတယ်..။
စုစုပေါင်းအလှူငွေ စင်ကာပူနိုင်ငံမှ ၃၂၀၇ဒေါ်လာ ၊
မလေးရှားနိုင်ငံမှ ၆၁၇ ဒေါ်လာ စုစုပေါင်း ၃၈၂၄ ဒေါ်လာ
ငွေလွှဲ( ၆၅၅)နှင့် ၁၀ သိန်းကျပ် ငွေဈေးနှုန်း(၆၇၆)ကျပ်နှင့် ၁၅သိန်း ၅သောင်း ၄ရာကျပ်

စုစုပေါင်း ၂၅သိန်း ၅သောင်း ၃ထောင့် ၄ရာ ကျပ် တိတိ၊

ဂျပန်နိုင်ငံမှ ၁၂ သိန်း ၇ ထောင်ကျပ်တိတိ

ကိုရီးယားနိုင်ငံမှ ငွေကျပ်၂သိန်း၂သောင်းတိတိ၊

အိန္ဒိယနိုင်ငံမှ ငွေကျပ်၁သိန်း၂သောင်းတိတိ

စုစုပေါင်းငွေကျပ် ၄၁သိန်း နှင့် ၄၀၀ ကျပ် တိတိ

ဝမ်းမြောက်ဝမ်းသာစွာ သတင်းကောင်းပါးအပ်ပါတယ်။

မြန်မာပြည်မှာ ပွဲလေးတစ်ခုလုပ်ပြီးလှူဒါန်းမှာဖြစ်ပါတယ်..။
အဲဒီ့ပွဲလေးအတွက်သတင်းနဲ့ဓါတ်ပုံတွေကို ဖေဖေါ်ဝါရီ (၁၆)ရက်နေ့ညမှာ တင်ပြပေးသွားပါ့မယ်..။

စေတနာ မေတ္တာတွေ ကွန်ယက်တစ်ခုလို ချိတ်ဆက်ပေါင်းစည်းထားတဲ့ အလှူဒါနပွဲလေး ပထမအဆင့် အောင်မြင်ပြီးမြောက်သွားပြီးမို့ စိတ်ပင်ပမ်း လူပင်ပမ်းရှိနေပေမယ့် ကြည်နူးဝမ်းမြောက်နေမိပါတယ်.။

အထူးကျေးဇူးတင်စကားတွေ ပြောနေဖို့မလိုပေမယ့် ဂျပန်က ချစ်ညီမ ခင်လေးငယ်ကို ကျေးဇူးအထူးတင်ပါတယ်။
(သူ့ခမျာ အလှူခံပေးရယုံမက အလှူငွေတွေပါ စိုက်ပေးလိုက်ရတာပါ..)နောက် ချစ်သူငယ်ချင်းသင်းသင်းထွဋ် ၊
မလေးရှားက ကရေတွန်လေးနဲ့ ညီမ မိုးမမလွင် ၊ အိန္ဒိယကနေ လက်လှမ်းမှီသမျှ ကြိုးစားအလှူခံပေးရှာတဲ့ အရှင်ဘုရား အရှင်ကုဏ္ဍလနဲ့ ဘာပဲဖြစ်ဖြစ်အလှူခံလာရင်အသင့်ဖြစ်နေတတ်တဲ့ ကိုရီးယားစာပေချစ်မြတ်နိုးသူများအဖွဲ့ကို အထူးကျေးဇူးတင်ပါတယ်။

အဲဒီ့ လူ ပုဂ္ဂိုလ်တွေ အားလုံးက စိတ်ပါလက်ပါ ၀မ်းမြောက်ဝမ်းသာ ကရုဏာရှေ့ထား လှူဒါန်းကြတဲ့ မိတ်တွေ ညီအကို မောင်နှမအားလုံးကို လှိုက်လှိုက်လှဲလှဲသာဓုခေါ်ပါတယ်။
သွားရောက်လှူဒါန်းမယ့် သုခရိပ်မြုံနဲ့ လူမှုရေးအသင်းအဖွဲ့တွေကိုယ်စား ကျေးထူးအထူးတင်ရှိပါတယ်.။
နောင်နှစ်လည်း ဒီလိုအလှူမျိုးလေးဖြစ်မြောက်ဖို့ကို တတ်နိုင်သလောက် ကြိုးစားကြည့်ချင်ပါသေးတယ်။
အားလုံး..ကုသိုလ်တွေ အတူတူယူ ရေစက်တွေ အတူတူချကြပါဦးစို့..။


စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ..။

ချစ်ခင်လေးစားစွာ

အိန္ဒြာ

January 26, 2011

သုခရိပ်မြုံမှသည် ၂ လပြည့် အလှူငွေနဲ့ ဧည့်ခံကဗျာ

HIV ကူးစက်ခံမိဘမဲ့ကလေးငယ်လေးအတွက်အလှူခံခဲ့တဲ့ သုခရိပ်မြုံမှသည် အလှူပွဲလေးအတွက်အလှူခံခဲ့တာ ၂ လပြည့်ပါတော့မယ်။
အခုလာမယ့် တနင်္ဂနွေနေ့(၃၀.၁.၂၀၁၁) နေ့အထိ နောက်ဆုံးထားလက်ခံသွားဦးမှာပါ..
အားတက်သရော လှူဒါန်းကြတဲ့ မိတ်ဆွေ ညီအကိုမောင်နှမတွေကို အိန္ဒြာနှင့်တကွ ဒီအလှူလေးဖြစ်မြောင်အောင် ၀ိုင်းဝန်းလုပ်ဆောင်ပေးနေကြတဲ့
ညီအမ မောင်နှမတွေ အားလုံးက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းလည်း အထပ်ထပ်ပြောကြားချင်ပါတယ်.။
ဒီနှစ်က ငွေဈေးကွာဟမှုရှိနေတာရယ် အလှူအတန်းတွေ များနေတာကြောင့်ရယ်ထင်ပါရဲ့
ခုချိန်အထိ မနှစ်က စံချိန်ကို မကျော်နိုင်သေးပါဘူး။
စင်ကာပူနိုင်ငံမှ အလှူရှင် ၇၉ ဦးက စင်ကာပူဒေါ်လာ ၃၂၀၇ ၊ ဗမာငွေ ၂၁သိန်း ၃သောင်းခန့်
ဂျပန်နိုင်ငံမှ အလှူရှင် ၃၇ ဦးက ဂျပန်ယန်း ၁၁၇၀၀၀ ၊ ဗမာငွေ ၁၁သိန်း ခန့်
မလေးရှားနိုင်ငံမှ အလှူရှင် ၆ ဦးက စင်ကာပူဒေါ်လာ ၆၂၈ ၊ ဗမာငွေ ၄သိန်း ၂သောင်းခန့်
ကိုရီးယားနိုင်ငံမှ ဗမာငွေ ကျပ် ၂ သိန်း တိတိ
အိန္ဒိယနိုင်ငံ လှူရှင် ၈ ဦးက ဗမာငွေ ၁သိန်း ၂သောင်း
စုစုပေါင်း ၃၉ သိန်း ၇သောင်းခန့် ရရှိထားပြီးဖြစ်ပါတယ်.
ငွေလွှဲတဲ့နေ့ ပေါက်ဈေးများနဲ့ အမှန်တကယ် လွှဲအပ်လှူဒါန်းနိုင်တဲ့ စာရင်းကိုလည်း သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြဖို့ တင်ပြပေးသွားမှာဖြစ်ပါတယ်.။

မနှစ်က ၁၁၁ ယောက်က ၄၇ သိန်းလှူဒါန်းနိုင်ခဲ့ပြီး
ဒီနှစ် လက်ရှိ အလှူရှင် ၁၃၁ ယောက်က သိန်း၄၀ အနည်းဆုံး လှူဒါန်းနိုင်မှာဖြစ်ပါကြောင်း ၊
ဖေဖေါ်ဝါရီလ ထဲမှာ လွှဲပြောင်းပေးအပ်လှူဒါန်းသွားမှာဖြစ်ပါကြောင်း
သုခရိပ်မြုံကိုအဓိကထားပြီး HIV နဲ့ပတ်သက်သောလူမှုရေးလုပ်ငန်းများဆေးရုံများကို ပါခွဲဝေ လှူဒါန်းသွားမှာဖြစ်ပါကြောင်း
၃၀ ရက်နေ့ နောက်ဆုံးထားလှူဒါန်းနိုင်ပါသေးကြောင်း
မလှူဒါန်းရမရှိလေအောင် ချစ်ကြည်လေးစားစွာ အသိပေး တိုက်တွန်းနိုးဆော်လိုက်ပြန်ပါပြီ..။

++++++++++++++++++++++

ဒီကဗျာလေးကတော့ အလှူအကြောင်းချည်းဆို ပျင်းနေမှာစိုးလို့ ဧည့်ခံလိုက်တဲ့ သဘောပေါ့..
တကယ်က တစ်ချို့ဆို အလွတ်တောင်ရနေကြလောက်ပါပြီ..။
( အိန္ဒြာ အသစ်မရေးနိုင်ပဲဆားချက်လွန်းလို့လေ)
ဒါပေမယ့် ဒီနှစ်တိုး လာတဲ့ မိတ်ဆွေ အသစ်တွေ အတွက်ဝေမျှပေးလိုက်တာပါ..။

မနှစ်က အလှူခံပေးခဲ့တဲ့ အခိုးအငွေ့တံတားဆိုတဲ့ HIV ပညာပေးဝတ္ထုလေးကတော့ အလင်းသစ်မဂ္ဂဇင်းမှာထပ်ပုံနှိပ်၊ ဆုလေးတစ်ဆုရတယ်လည်းကြား. နောက်အစ်မမေငြိမ်းက ရသစာအုပ်စင်ပါ လုပ်လိုက်တော့
တော်တော်လေး အမှတ်တရ ဖြစ်သွားခဲ့ရပါတယ်.။
ဒီနှစ်အတွက် ဒီ ကဗျာလေးကတော့ အဖြူရောင်သက်တံ့ကဗျာရွတ်ပွဲလေးအတွက်ရေးခဲ့တဲ့ ကဗျာလေးပါ။ အဖြူရောင် သက်တံ့လှုပ်ရှားမှုလေးမှာ မစို့မပို့ပါဝင် ကူညီခွင့်ရခဲ့တဲ့ ကဗျာလေးပါ..။
ကဗျာလေးကို ရိုးရိုးရှင်းရှင်းနဲ့ အသံအစီးကောင်းအောင် ရေးဖြစ်ခဲ့ပါတယ်.။
နောက် ၀တ္ထုဇာတ်လမ်းလေးဆန်ဆန်ရေးဖွဲ့ထားခဲ့ပါတယ်.။

အမေတစ်ယောက်ရဲ့ အကြောင်းပါ...

အဲဒီ့အမေက သေတာတောင် မျက်လုံးမှိတ်လို့မရတဲ့ သူပေါ့

အဲဒီ့အမေက နှလုံးသားကွဲအက်နေတဲ့ တစ္ဆေတစ်ကောင်ပေါ့..

++++++++++++++++++++++

“အရှိမဲ့မေတ္ထာတော်”

ငါတို့ သွေးသားတွေကိုတောင်
ကမ္ဘာမြေက လက်မခံနိုင်တော့ဘူး
ဒီပြစ်မှုကို ဘယ်လိုစီရင်ကြသလဲ သိချင်တယ်...

ကျေးလက်စားကျက်ကွင်းတွေမှာ
နွားတစ်ရှဉ်းနဲ့ ထယ်တစ်စင်းနဲ့
သူ့လက်ဖျံပေါ်မှာ.. အမြတ်နိုးဆုံးနှင်းနဲ့
သူ့ဘေးနားမှာ အိမ်ရှင်ချစ်သူမလေးနဲ့
ယာသမားလေး ရိုးသားအေးဆေးရှာခဲ့တာ
သူ့ဘ၀မှာ.. ဆန်းကျယ်တာဆိုလို့
ချစ်သူ့နာမည်ကို အရေပြားပေါ် ဆေးဆိုးခဲ့တာပဲရှိတယ်တဲ့..။

ဟော့ဒီမှာ
အနန္တငါးပါးကို.. ညွှတ်တွား ကိုးကွယ်ခဲ့တဲ့လက်
ခင်ပွန်းသည်ကို ယုယတွဲကူခဲ့တဲ့လက်
ရင်သွေးငယ်လေးကို ပိုက်ထွေးချော့မြှူခဲ့တဲ့လက်
သနပ်ခါးနံ့တွေနဲ့ချည်း မွှေးပျံ့သင်းကြူခဲ့တဲ့လက်
အဲဒီ့လက်မှာ
ဝဋ်နာကံနာတွေ ဗရပွ
ဘယ်ကစဘယ်မှာဆုံးမယ်မှန်း မသိတဲ့ သံသရာအမှောင်ထဲ
နာကျင်ကြေကွဲခြင်းတွေနဲ့ချည်း.. ခရီးဆက်..။

ဘယ်လိုလော်လီမှုမျိုးမှ မစွက်ဖက်
ဝိဘက်ကြမ္မာ ချည်းသက်သက်ဘဝ
တော်လဲ.. ကျီးပြို..
တိမ်မည်းညိုတွေ အဆုတ်လိုက်အဆုတ်လိုက်..
နှင်းခါးရိုက်တဲ့ညမှာမှ
ဟောဒီ့သားလေးကို.. ဆွဲခေါ်မိခဲ့တော့...

သွေးရူးသွေးတမ်းဆန်ဆန်
အရာရာကိုတောင်းပန်...
နောက်အရာရာကို လက်လျော့..
အဖြူသက်သက်ဘ၀တွေထက်
ဆေးအနက်တွေ ကျဲပက်လိုက်သလိုမျိုး
ကံကြမ္မာဆိုတာ.. တောင်းပန်တိုးလျိုးလို့မရတဲ့
လက်မရွံ့အာဏာသားတဲ့ကွယ်..။

အတိတ်တွေကို ပြန်လှည့်မကြည့်ဝံ့ဘူး
အနာဂါတ်ကို လှမ်းမျှော်မကြည့်ဝံ့ဘူး..
ဝေဒနာနဲ့ငါ...
ပစ္စပ္ပုန်တည့်တည့်မှာပဲ စီးချင်းထိုးကြတဲ့ပွဲပေါ့
အံခဲ.. ဇွဲသံ...
အားမတန်သော်မှ လျော့လို့မရတဲ့ မာန်တွေနဲ့
ဒီလူမမယ်ကလေးလေးအတွက် ကြောင့်ကြ
အမေ....ဆိုတဲ့ရင်ဝမှာ...
မီးကျီး မီးခဲလို ပူလှပေါ့..။

သားရေ..
မင်းကိုပွတ်မွှေးထားတဲ့ လေပြည်မှာ
မေမေ့သောကတွေနဲ့များ ပူလောင်နေခဲ့သေးလားကွယ်...

အခု.. သားလေးရဲ ပြတင်းဝက..
အရောင်လှလှလိပ်ပြာလေးက မေမေပေါ့
သားလေးကိုလှုံထွေးထားတဲ့ နေခြည်နွေးနွေးဟာလဲ.. မေမေပေါ့..
သားလေးမက်နေဆဲ မသဲမကွဲအိပ်မက်တွေထဲမှာ
သားလေးကိုချီပိုး..
သားလေးကိုချော့မြှူ
သားလေးကိုနမ်းမွှေး
သားလေးကို ပိုက်ထွေးထားရင်း
သီလက်စသားချော့တေးတွေ တစ်ဝက်တစ်ပျက်
ဘယ်သုဂတိဘုံကိုမှ... ခရီးမဆက်နိုင်ပဲ
နှလုံးသားကွဲအက်နေတဲ့ တစ္ဆေ...
မေမေလေ....။

အပြစ်လုံးလုံးမရှိပေမယ့်
အပြစ်ဒဏ်ဆိုတာ ရှိတတ်တဲ့လောကမှာ
နာကျည်းခါးသီးစရာတွေကို.. မသိ
ရှက်ရွံ့သိမ်ငယ်စရာဆိုတာကို.. မသိ
တုန်လှုပ်ကြောက်လန့်စရာဆိုတာလည်း.. မသိ
ကိုယ့်အနာတရကိုတောင်မှ.. ကိုယ်မသိ
ဘာဆိုဘာမှမသိတဲ့
ပကတိဖြူစင်ရွှင်လန်း.. ကျမ်းမာသန်စွမ်းဆဲ.. သားလေး.....

အားတင်းထား သားရေ.....
ဟောဒီ့ အဖြူရောင်သက်တန့်ကြီးရဲ့နောက်..
ကိုယ်ယောင်ဖျောက်ထားတဲ့..မေမေ
မင်း....ဘယ်တော့မှ..
မ တွေ့ ချင် လေ နဲ့..။ ။

အိန္ဒြာ

January 15, 2011

လီလီ

လီလီဟာ သူမရဲ့ ကော့ရွှန်းနက်မှောင် မျက်တောင်ရှည်ရှည်ကို တဖျတ်ဖျတ် ပြိုးပျက်လို့
ညကြီးမင်းကြီး ဆံနွယ်မှာ ပါးပြင်မှာ လည်တံမှာ သက်တံ့တွေ ဆုတ်ဆုတ်ခဲခဲ ပွင့်လို့
လီလီ့အင်္ကျီက ပါးလွှာကွေ့ဝိုက်လို့ လီလီ့ဂျင်း(န်)ပင်က တိုပြတ်တင်းကျပ်လို့
လီလီ ဘီယာငှဲ့ပေးတယ်...။

လီလီဟာ လိုအပ်တာထက်ပိုမိုကိုင်းညွှတ်ပြီး လီလီဟာ လိုအပ်တာထက် ပိုမိုတိုးကပ်ပြီး
လီလီဟာ သူမကိုယ်သူမ အချိုးတကျ ထည့်စပ်ပြီး..လီလီဟာ ကိုယ်ပိုင်ဖေါ်မြူလာအသစ်နဲ့ ကိုယ်တိုင်တစေးဖေါက်ပြီး
လီလီက ပင်စန်ဟီးလ်ပေါ်က ကြောင်မယဉ်သာဟန်ပန်ကို အမြည်းတစ်ပွဲ အဖြစ်ချက်ပြုတ်ပြီး..
လီလီက သူမရင်အုံဖွေးဖွေးပေါ်က ဖန်စီလည်ဆွဲကို အမြည်းတစ်ပွဲအဖြစ် ကြော်လှော်ပြီး...
လီလီ့မျက်နက်ဆန်လေးက အစာကိုချောင်းကြည့်နေတဲ့ ကျီးပျိုနက်မတစ်ကောင်လို
လီလီ့လှုပ်ရှားဟန်တွေက သိမ်းစွန်အသုတ်ခံရခါနီး အသားဆိုင်အသားခဲလို
လီလီဘီယာ ငှဲ့နေတယ်..။

လီလီက ဘီယာကို သူမကိုယ်သင်းနံ့နဲ့ ရောင်းအား မြှင့်တင်တယ်။
လီလီက သူမကိုယ်သင်းနံ့တွေကို ဘီယာနဲ့ ရောင်းအားမြှင့်တင်တယ်.
လီလီ ဘီယာ ငှဲ့ပေးတယ်။

ယင်မမဲရိုင်းတွေ အုံးကနဲထပျံသွားသလို တသောသော တအုပ်အုပ်တွေထဲမှာ
သူမရဲ့ ရယ်မောသံ ချိုချိုချွဲချွဲကို ဖေါင်းကနဲဖေါက်ချလိုက်တယ်ဆိုရင်ပဲ
အကြည့်မီး အကြည့်လျှံတွေ အမြုတ်တစီစီထ ထွက်ကျလာမယ့် ခိုးခိုးခစ်ခစ်ကလေးကို
ခရင်းနဲ့တည့်တည့်ထိုးစိုက်ပြီး
မ၀ါးပဲမျိုချပစ်နိုင်ဖို့ လီလီ ငှဲ့ပေးနေခဲ့တယ်..

လီလီက သူမ နှုတ်ခမ်းတွေကို ဘယ်ရီသီးယောင်ဆောင်ထားပြီး ၊ ငှဲ့ပေးတယ်..။
လီလီက သူတို့အကြည့်တွေထဲမှာ သူမအပြုံးတွေကို မခို့တရို့ ထိုးစိုက်ထားလိုက်ရင်း ၊ ငှဲ့ပေးတယ်..။

လီလီက သူတို့စကားလုံးတွေကို သူမ တွတ်တီးတွတ်တာနဲ့ လှီးဖြတ်ခုတ်ထစ်ပြီး ၊ ငှဲ့ပေးတယ်..။
လီလီက သူတို့သွေးပြန်ကြောထဲအထိ သူမပါ စီးဆင်းလိုက်ပါဖို့၊ ငှဲ့ပေးတယ်..။

လီလီက တယ်ရီယာခွေးစုတ်ဖွားမလေး ကရုကရင် ဆိုးနွဲ့နေသလိုမျိုး ၊ ငှဲ့ပေးတယ်..။
လီလီက သူမကိုယ်သူမ ရိုက်ခွဲ ပုလင်းထဲ ၀င်ထိုင်ပစ်တဲ့ အထိ ၊ ငှဲ့ပေးတယ်..။

ဘယ်တော့ပြန်လာမယ်မှန်းမသိနိုင်တဲ့သတင်းကို နားမစွင့်တတ်သလို မျက်နှာပေးနဲ့ လီလီက
ဘ၀ကို ကိုင်းကူးကိုင်းဆက် ပျိုးနေရင်း ဘီယာနောက်တစ်ခွက် ငှဲ့လိုက်တယ်...
သူမကိုယ်သူမ အစာအဖြစ်တပ် စိတ်ရှိလက်ရှိထိုင်မျှားရင်း လီလီက
ဘ၀ဆိုတာ ဘီယာလို ခါးတားတားလေးပေါ့ရှင်လို့ ရယ်ရွှန်းပတ်ရွှန်းပြောဆိုပြီး ဘီယာနောက်တစ်ခွက်ငှဲ့လိုက်တယ်...

ကျွန်မက ဘုရားသခင်ရဲ့အကျအပေါက်အမှားအယွင်းတစ်ခုပေါ့တဲ့ ဘီယာနောက်တစ်ခွက် ထပ်ငှဲ့တယ်...
ကျွန်မက အလမ္မါယ်ဆရာ့ ပါးချုပ်ထဲက မြွေမလေးပေါ့တဲ့ ဘီယာနောက်တစ်ခွက် ထပ်ငှဲ့တယ်...

အိပ်တန်းတက်ချိန်မှမရောက်သေးဘဲ နောက်ထပ် ဘီယာငှဲ့လိုက်တယ်...
ညတွေ တသိပ်သိပ်ရွာနေတုန်း လီလီ ဘီယာငှဲ့လိုက်တယ်
အရုဏ်ဦးမှ မဖူးသေးဘဲ၊ မနက်ဖန်တွေမှ မလင်းသေးဘဲ၊ အမှောင်တွေမှ မကုန်နိုင်သေးဘဲ
လီလီ ဘီယာ ငှဲ့ပေးတယ်။
လီလီ ဘီယာ ငှဲ့လိုက်တယ် ။
လီလီ ဘီယာ ငှဲ့နေတယ်...။

အိန္ဒြာ

(၂၉.၉.၂၀၁၀)

(၂၉.၉.၂၀၁၀)

+++++++++++++++++++++++++++++++++++++

ရုံးအပြန်ချိန်တိုင်းဖြတ်ဖြတ်ပြန်ရတဲ့ ဘီယာဆိုင်တစ်ဆိုင်ထဲက ကိုယ့်ဘာသာ လီလီ လို့ နာမည်ပေးထားတဲ့ ချာတိတ်မလေးကို တွေ့ပြီး စိတ်ဝင်စားမိ၊ ငေးမိ၊ ရေးမိ ၊ တွေးမိ ခဲ့တဲ့ ကဗျာလေးပါ..။

လီလီ့ ရှင်သန်မှုတွေ အတိုင်းမို့ ကဗျာက အနည်းငယ် ကလက်တက်တက်ရှိနေပါလိမ့်မယ်.။

အနုပညာမြောက်အောက် ကလက်နေဖို့ ရယ်လို့ ကိုယ့် ၀မ်းစာရှိသလောက်ကလေး အသေအချာ အားထုတ်ခဲ့ပါတယ်။

စာပေစစိစစ်ရေး ဧ၀ရတ်တောင်ကို မကျော်နိုင်ခဲ့ပါဘူး..။ ခါတိုင်းလို တစ်ချို့တစ်ဝက် ဟိုတစ်ပိုဒ် ဒီတစ်ပိုဒ် တောင်မဟုတ်ပဲ တစ်ပုဒ်လုံး အဖြုတ်ခံခဲ့ရပါတယ်..။

စိစစ်ရေးမှာ ကျဆုံးခဲ့ပေမယ့် အွန်လိုင်းမှာ ရှင်ပြန်ထမြောက်ခွင့်ရတဲ့အတွက် ဂူဂဲလ်တွေ မျက်နှာစာအုပ်တွေကို ကျေးဇူးတင်လို့ မဆုံးပေါ့..။

( သရုပ်ဖေါ်ပုံကတော့ ဒီဇိုင်နာမိုးကြယ်က လက်စွမ်းပြ ဖန်တီးပေးထားတာလေးပါ။)

January 9, 2011

ဆုံးရှုံးမှုတွေ ထပ်တူညီတဲ့ အခါ

ဒီဝတ္ထုလေးက တစ်လုံးနှစ်လုံးကောက်ရေးလိုက် ချထားလိုက်လုပ်ရတဲ့ ၀တ္ထုလေးပါ။
ပေးချင်တဲ့ message ကြောင့် ရသပိုင်းအားနည်းသလိုဖြစ်နေတာအတွက် စိတ်တိုင်းလည်းမကျချင်ပါဘူး..
ဒါပေမယ့် ချစ်သော ညီအစ်မတွေ အတွက်
အချိန်မအားလပ်တဲ့ကြားကလုယက်ပြီး ကြိုးစားပမ်းစားရေးထားတာလေးဖြစ်လို့
ဖတ်ကြည့်ကြစေ့ချင်ပါတယ်..။

( ချစ်သောမောင်နှမတွေ ဖတ်ချင်လည်းရပါတယ်...းP )



+++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒီသတင်းကဆူညံမြည်ဟည်းလွန်းစွာ နားစည်ကို အထပ်ထပ်ပဲ့တင်ရိုက်ခတ်နေခဲ့သည်။
ဟုတ်ရဲ့လားဟု သွေးရူးသွေးတမ်းဆန်ဆန် ထပ်မံ မေးမြန်းမိသေးသည်။ ဘာလို့မဟုတ်ရမှာလဲ ငါတို့အားလုံး ဒီ အေ ဖြ ကို မျှော်လင့်ထားပြီးသားလို့ တစ်ယောက်က ပြောလိုက်တာ့ လူက ယိုင်ဆင်းသွားတော့သည်။
သူတို့ဒီသတင်းကိုပြောနေကြပုံက တဆိတ် ပေါ့ပေါ့ပါးပါးနိုင်လွန်းနေသည်ဟု စိတ်ပျက်လက်ပျက် ငြိုငြင်နေမိ၏။
လည်ချောင်းတစ်ခုလုံးခြောက်ကပ်နာကျဉ်လာသလို မျက်ရည်ကလည်း ချက်ခြင်းဝဲတက်လာတော့ မျက်တောင် ကို တဖျတ်ဖျတ်ခတ်နေခဲ့မိသည်..။ ခပ်ပိန်ပိန် မလေးအမျိုးသမီးက ကိုယ့်ပုခုန်းကို တစ်ချက်ပုတ်ပြီး မင်းစပီကာကြီး ရုံးပြန်တက်နိုင်ပါ့မလား မင်း တော့ နားအေးပါးအေးရှိပြီပေါ့လို့ဆိုလာပြန်သေးသည်။
မင်းဒီလိုမပြောသင့်ဘူးလို့ ခပ်ဆတ်ဆတ်တုန့်ပြန်လိုက်မိသည်။ မလေးမက အံအားတသင့်ပုံစံနဲ့ကြည့် ပုခုန်း တစ်ချက်တွန့်လိုက်ပြီး လှေခါးအတိုင်းဆင်းသွား၏။နောက် တစ်ယောက်ပြီးတစ်ယောက်နေ့လည်စာစား အတွက် ဆင်းသွားကြတော့ တစ်ယောက်တည်းကုလားထိုင်မှာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိသည်။
ကုလားထိုင်ကို တစ်ပတ်လှည့်လိုက်တော့ အဆောက်အဦပုံစံစာရွက်တွေ စာရွက်တွေ စာအုပ်တွေ တစ်ထပ်ကြီး ရှိနေပေမယ့် ရှုင်းသန့်သပ်ရပ်နေတဲ့ စားပွဲ နောက် JN လို့ကျောမှီမှာမင်လုံးကြီးကြီးနဲ့ရေးပြီး အမှတ်အသား လုပ်ထားတဲ့ ကုလားထိုင် ..
ဂျယ်နီ လို့ တိုးတိုးဖွဖွ ရေရွတ်မိလိုက်ချိန်မှာတော့ မျက်ရည်ကထိမ်းမရနိုင်တော့ပဲ ပါးပြင်ပေါ်သို့ တလိမ့်လိမ့် စီးကျလာခဲ့သည်.။
ဂျယ်နီ အခုတော့ ရှင် အစိုးရိမ် အထိတ်လန့်ဆုံး အခြေအနေကို ရှင်လက်ခံလိုက်ရတာတော့ တာပေါ့
ဂျယ်နီ ရှင်ဘယ်လောက် ကြောက်လန့်နေရှာမလဲ ရှင်ဘယ်လောက် စိုးရိမ်ထိတ်လန့်နေမလဲ ရှင်ဘယ်လောက် နှမျောတသရှိနေလိမ့်မလဲ
ရှင်သည်းသည်းထန်ထန် ငိုကြွေးနေမှာတော့ သေချာပါတယ်လေ
မျက်ဝန်းကို တင်းတင်းကြပ်ကြပ် ပိတ်ချထားမိလိုက်သော်လည်း၊သူမပုံစံကိုကမျက်လုံးထဲမှာ ထင်လင်း ပြတ်သား လို့နေသည်.။
အမြဲတမ်းတက်ကြွဖျတ်လတ်နေသော သူမက သူမယုံကြည်မှုလွန်ကဲနေသော...
အို........
ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ ကိုယ့်ကိုယ်ကို တိတိကျကျသေချာသွာခြင်းက သူမအတွက် ကြေကွဲတုန်လှုပ် နေမိခြင်းပင်
သူမကို ဘယ်လိုစကားလုံးကများ နှစ်သိမ့်ပေးနိုင်စွမ်းလိမ့်မလဲ...

သေချာတယ်...ကျွန်မ ရှင့်ကို ဘယ်တုန်းကမှ မုန်းတီးမနေခဲ့မိဘူးထင်ပါရဲ့ ဂျယ်နီ..။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

တကယ်တော့ ကျွန်မ အဲသည့်အမျိုးသမီးကို မုန်းတီးနေသည်ဟုထင်မိခဲ့သည်။
အမုန်းဆိုသည်က ကိုယ့်စိတ်ကိုယ်လောင်စာအဖြစ်ထားပြီး ကိုယ်နှလုံးအိမ်ထဲမှာကိုယ် မီးဖိုနေခြင်းလို့ သိသိ ချည်း သူမအပေါ်ဖြစ်တည်နေမိသည့်ခံစားချက်ကိုတော့
ဖြစ်သင့်သင့်ဖြစ်ထိုက်သော အသွားအပြန်ကိစ္စတစ်ခုလို့သာ တွေးပစ်နေမိသည်..။
တကယ်ဆို ဒေါသဆိုသည်ကလည်း ကိုယ့်စိတ်ကိုယ် ဖြည်သင်ရှုင်းလင်းလို့မရအောင် ကျစ်ထုံးထားမိခြင်းပဲလေ
အဲသည့်မိန်းမနှင့် ပတ်သက်သည့် ကိစ္စတိုင်း ပြသနာ ဒါမှမဟုတ် ဒေါသတို့သာ ကျန်ရစ်ခဲ့တတ်သည်။.။
အဲသည့် မိန်းမဖန်တီးသည့် မကျေလည်ဖွယ်တွေက များပြားလွန်းလှသည်။
မကျေနပ်တိုင်း ဒေါသတွေ ဖြစ်ရတိုင်း မောင့်ကို တိုင်တည်ပြောဆိုမိတော့ ထုံးစံအတိုင်း မေတ္တာပို့ပေါ့ကွာ ဟုသော ရွှေပြည်အေးတရားကိုပင် ကျွန်မက မြင်ပြင်းကပ်နေလေပြီ..။
လူသားတစ်ယောင်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ပြီး တစိမ့်စိမ့်မုန်းတီးနေရခြင်းလောက် ဆင်းရဲပင်ပန်းကြီး သည့် ဒုက္ခမရှိလောက်သည်မှာ သေချာသော်လည်း သူမကို ကျွန်မ မုန်းတီးနေမိသည်.။
မုန်းတီးနေမိသည်.ဟု.ထင်ပါသည်။ ကျွန်မက သူမကြောင့် အလုပ်ကထွက်မည်လို့ပင် ဆုံးဖြတ်ချက်ချ ထားမိခဲ့ သည်.။
အို..
ကျွန်မတစ်ယောက်တည်းမှ မဟုတ်လေသည်ပဲ..။ သူမနှင့်ပတ်သက်တဲ့ လူတွေ မမုန်းတီးတောင် အနည်းဆုံး စိတ်ပျက်လက်ပျက် မကြည်မလင်ဖြစ်နေကြရမှာ သေချာလွန်းပါသည်။
ခုတော့ သူမထိုင်ခုံ ကွပ်လပ်ကို ထိုင်ကြည့်နေမိသည်..။
သူမ ခွင့်ယူစရက်နေတွက တစ်ရုံးလုံး တိတ်ဆိတ်လို့ ရုံးဝန်ထမ်းတွေရဲ့မျက်နှာတွေက ပိုမိုကြည်လင် နေသလိုပင်ထင်ရလို့
ကျွန်မရော...ကျွန်မ ဟန်မဆောင်နိုင်လောက်အောင်များ ရွှင်လန်းတက်ကြွနေမိလိုက်သေးသလား......
ဘာပဲပြောပြော ဒီသတင်းကို မကြားခင်အချိန်အထိ ကျွန်မစိတ်တွေ.အနည်းငယ်. လွပ်လပ်ပေါ့ပါး နေသည်ကို တော့ ၀န်ခံရမည်ပင်ဖြစ်သည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

လူ့အဆင့်အတန်းဆိုတာထဲမှာ လုပ်ဖေါ်ကိုင်ဖက်ခြင်း ချစ်ခင်စည်းလုံးမှုရှိသင့်တာ စာနာနားလည်ရမှည်ဆိုတာ၊
ခြေထိုးတာ နင်းတက်တာတွေကို ရွံရှာမုန်းတီးတတ်ရမည်ဆိုတာတွေပါ ပါဝင်နေသည်ကို သိရှိဟန် မတူသော် လည်း
သူမက Pantry room က Cabinet မှာ ပုရွက်ဆိတ်တစ်ကောင်တွေ့လျှင်တော့ သူတို့နိုင်ငံတစ်ခုလုံး၏ ဂုဏ်သိက္ခါနှင့်သက်ဆိုင်နေသလိုမျိုး ကမ္ဘာပျက်မတတ်သဲသဲလှုပ်နေတတ်သူမျိုးဖြစ်သည်။
သူမက လူချင်းတူတာတောင် သူ့လူမျိုးဖြစ်မှ လူမျိုးချင်းတူတာတောင် သူ့နိုင်ငံသားဖြစ်မှ ဆိုတာမျိုး လူမျိုးရေး အဆင့်အတန်း အရာရာ ခွဲခြားဆက်ဆံတတ်သည့် ညဉ်ကလည်းရှိနေသေးသည်..။
သူမက သူမ Toilet ၀င်ဖို့ အဆင်သင့်ဖြစ်မနေရင်တောင်၊ တစ်စုံတစ်ယောက်က သူမှရှေ့မှာ နှာချေဆတ်မိ ချောင်းဆိုးမိလိုက်ရင်တောင် shit လို့ အားမနာတမ်း ဆဲရေးပြီး ပစ္စည်းတစ်ခုခုကို ပစ်ချ ဆူညံပစ်လိုက်တတ် သူဖြစ်သည်..။
သူမက သူဌေးနဲ့ သူမ အထက်အရာရှိမှန်သမျှနဲ့ဆက်ဆံလျှင် ချိုသာပျော့ပျောင်းစိတ်ရှည်နူးညံ့သလောက် ကျွန်မအပါအ၀င် သူနဲ့တန်းတူ သူ့လက်အောက် ၀န်ထမ်းအားလုံးကို
အထက်တစ်ဆင့်မြင့်တဲ့နေရာက ငုံ့ကြည့်နေရသလိုမျက်နှာပေးမျိုးကိုလည်း ပီပီပြင်ပြင်ပေးတတ်သည်..။
သူမက စကားကို ရိုးရိုးပြောနေရင်တောင် အော်ဟစ်ရန်တွေ့နေသလိုဖြစ်နေပြီး အချိန်ပြည့်နီးပါး စိတ်တိုနေတတ်သူတစ်ဦးလည်းဖြစ်သေးသည်..။
သူမ က သူမကို မေးခွန်းမေးလျှင် မကြိုက်တတ်သလိုမျိုး သူများကအကြိုးအကြောင်းရှုင်းလင်း ပြောဆိုသည်ကိုလည်း ဘယ်တော့မှ စိတ်မ၀င်စားတတ်..
အဆိုးဆုံးက..သူမလုပ်တာကိုသာ အမှန်ဟု ထင်နေတတ်ခြင်းပင်ဖြစ်သည်။
တစ်ရုံးလုံးက သူမကို Speaker လို့ နာမည်ဝှက်ပေးထားပြီး လူနှစ်ယောက်ခေါင်းချင်းဆိုင်နေလျှင် သေချာပေါက်သူ့အကြောင်းပြောနေသည်ကသာများပါလိမ့်မည်..။
ထို့ကြောင့်သာ ထိုသူမမျိုးရဲ့ Assistance ရာထူးနှင့် ကျွန်မ အလုပ်စတင်ဝင်ရောက်ခဲ့စဉ်ကတည်းက တစ်ခြား ၀န်ထမ်းတွေက သနားသလိုကြည့်နေခဲ့ကြတာဖြစ်ခဲ့ပါလိမ့်မည်.။
ဗမာလို ရန်တွေ့ဖို့တောင် တော်တော်စဉ်းစားနေရတတ်သော ကျွန်မက သူ့နည်းတူ တန်ပြန် ပြောဆို အော်ဟစ်တတ်ဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ယူလိုက်ရမလား..။ မသိတော့ပါ..။

ကိုယ့်ကို လူတွေ ဘယ်လိုမှတ်ချက်တွေချနေမှန်း သတိထားရကောင်းမှန်း မေ့လျော့နေတတ်တဲ့ ကိုယ့်ကိုယ်ကို တစ်ကြိမ်တစ်ခါလေးလောက်တောင် ပြန်မဆန်းစစ် မကြည့်တတ်တဲ့
ကိုယ် အတွက် ကိုယ့်စိတ်ခံစားမှုကိုသာ အရေးပါ အလေးထားနေတတ်သူသော လူမျိုးတွေက လူ့ အဖွဲ့ အစည်း ဆိုတာထဲမှာ အမြဲလို ကန့်လန့် အနေအထားမှာပဲ ရပ်တည်နေတတ်ကြလေသည်လား..

တကယ်တော့ သူတို့ဟာ သိပ်သနားစရာကောင်းနေကြတာပါ..။

လူတစ်ယောက်မွေးကတည်းက ပါလာသည့် စိတ်နေစိတ်ထားဆိုသည်က ပြောင်းလဲပစ်နိုင်ဖို့ ခက်ခဲ သည်ပဲလေလို့ ကျွန်မ ဖြည့်တွေးခဲ့သည်မိကတော့ အကြိမ်ကြိမ်ဖြစ်ခဲ့၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

သူမနှင့်ကျွန်မ ကြားမှာ စိတ်သဘောထားချင်းတိုက်ဆိုင်တာလေးတစ်ခုတော့ရှိနေပြီး...ထိုအကြောင်းကို စကား စမိတတ်လျှင်တော့ နှစ်ဦးသား နွေးထွေးစည်းလုံးနေသလိုရှိနေတတ်သည်။
ရှင်မွေးလွန်းလို့ ကျွန်မ နာမည်ကြိတ်ပေးထားသည့် မလေးရှားသူ နော်မာ သူ့ကလေးလေးတွေ ရုံးခေါ်လာတဲ့ နေ့မျိုးတွေမှာပေါ့..
အဲလိုနေ့မျိုးတွေမှာတော့ ကျွန်မတို့နှစ်ယောက်စလုံးရဲ့မျက်ဝန်း အရောင်လက်ဖြာမှုတွေက ထပ်တူတပ်မျှ တူညီလို့ နင့်မှာလဲ ကလေးမရှိဘူးနော်...ငါ ကလေးလေးတစ်ယောက်လောက် သိပ်လိုချင်တာပဲဟယ်လို့ပြော နေသော သူမ မျက်နှာပေးရဲ့နူးညံ့မှုတွေက သူမ အမြဲလိုရှိနေတတ်သည့်ပုံစံနှင့် ဆန့်ကျင်ဘက် လုံးလုံး ဖြစ်နေ တတ်ခဲ့၏။
ကလေးတွေ ဘယ်လောက်အပြစ်ကင်းစင်လိုက်လဲ ဆိုတာမျိုး ၊ ကလေးလေးကနေ လူကြီးတစ် ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးရတာ ဘယ်လောက်စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလဲ ဆို တာမျိုး
စကားလက်ဆုံကျမိကြပြီး ချစ်စရာ မလေးပေါက်စလေးတွေကို ရယ်ရယ်မောမော အတူတူ စနောက်ချီမြှူမိကြ၏။
သူမက ကျွန်မလိုပဲ ကလေးမပြောနှင့် ကလေးနှင့်သက်ဆိုင်သည့် ပစ္စည်း ပိစိကွေးလေးတွေကိုပါ ချစ် နေ တတ်သူပင်ဖြစ်သည်..။
ကျွန်မ ချစ်လို့ဝယ်လာတတ်သည့် ကလေးပစ္စည်းလေးတွေကို တယုတယ ကိုင်ယူ ကြည့်နေတတ်ပြီး သူချစ်လို့ ၀ယ်လာတတ်သည့်ကလေး ပစ္စည်းလေးတွေကို ကျွန်မကို ပြရန်ဘယ်တော့မှ မေ့လျော့မနေတတ်
တစ်ခုခုဝယ်လာပြီးတိုင်း ငါ့မှာ ကလေးပစ္စည်းတွေကတော့ အများကြီးဖြစ်နေပြီလို့ ညည်းညူသလို ကြေကြေ ကွဲကွဲမြည်တမ်းသလို ရေရွလို့ လည်းနေတတ်သေးသည်..။
ငါ ကလေးလေးတစ်ယောက် သိပ်လိုချင်တာပဲ သိလား..အိုတစ်ယောက်မှ မဟုတ်ပါဘူး ရမယ်ဆို ရသ လောက်ကို လိုချင်တာပါ...
သူမက အဲသလိုပြောတော့ ကျွန်မက အေး..ငါရောပဲ လို့ ရယ်ရယ်မောမောတုန့် ပြန်လို့..
ရင်သွေးဆိုသည်ကို မှန်းဆမြင်ယောင်နေရသည့် စိတ်ကူးယဉ်ကာလအခိုက်အတန့်လေးမှာတောင်..စိတ်နုလုံး တွေ ပျောင်းပျော့နူးညံ့နေပုံက ရင်ခုန်စရာကောင်းလွန်းလှသည်..။

မိခင်စိတ်ဆိုတာဒါမျိုးထင်ပါရဲ့..။

အဲသလို မိခင်စိတ်တွေ ၀င်နေတဲ့ ကျွန်မတို့နှစ်ကြားက နေ့ရက် တစ်ချို့ကတော့ သာယာကြည်လင်လို့ရယ်ပေါ့..။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

ထိုနေ့နဲ့ ထိုနေ့က သူမမျက်နှာကို ကျွန်မ ဘယ်တော့မှမေ့နိုင်မည်လဲ မသေချာပါ..။
ထိုနေ့က တနင်္လာနေ့တစ်ရက်ဖြစ်သည်။ သူမ ရုံးကိုရောက်တာ နောက်ကျနေပြီး မျက်နှာပျက် တိတ်ဆိတ် နေသည်ကိုလည်း သတိထားမိလိုက်သည်..။
ထမင်းစားချိန်လောက်ရောက်တော့ သူမက လေသံခပ်တိုးတိုးနှင့် ကျွန်မ ကို ခေါ်လိုက်သည်.။
မေ ငါပြောစရာရှိလို့ ကျွန်မ သူ့အနားကို ထိုင်ခုံ အနည်းငယ်တိုးရွှေ့လိုက်မိသည် အထိ သူမ ဘာများ ရစ်ဦး မလဲဆိုသည့်သံသယစိတ်တစ်ခုက ကျွန်မ မှာရှိနေဆဲပင်.
ငါ့ သားအိမ်ထဲမှာ အလုံး နှစ်လုံး ရှိနေတယ်တဲ့ ငါ မနေ့ က ဆရာဝန်နဲ့စစ်ဆေးထားတာ...
အို ... ကျွန်မ ဘယ်လိုမှ ထင်မှတ်မထားတဲ့ စကားပဲ...။ ကျွန်မ သူမကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်..။
တစ်လုံးက ရိုးရိုး သွေးလုံးပဲ နောက်တစ်လုံးကတော့ ကင်ဆာလို့ သံသယရှိတယ်ပြောတယ်..
ဘုရား...

ငါ ခွဲစိပ်ပြီး အသားစကို စစ်ဆေးပြီးရင်တော့ ကင်ဆာဆို ငါ့ သားအိမ်တစ်ခုလုံး ထုတ်ပစ်ရတော့မယ်...
အဲဒါဆို .ငါ...ကလေး မရနိုင်တော့ဘူး သိလား..၊ ငါ ကလေးမရနိုင်တော့ဘူး..

သူမ ပြောရင်း မျက်ရည်ကျတော့ ကျွန်မ အလွန်အမင်း အံ့အားသင့်သွားမိသည်..။ ဒီလောက် မာရည် ကြောရည်နိုင်သည့် မိန်းမ မာနသိပ်ကြီးသည့် မိန်းမက ကျွန်မရှေ့မှာ မျက်ရည်ကျနေသည်တဲ့..
အိုးးးးဂျယ်နီ မဖြစ်နိုင်ပါဘူး သားအိမ်ထဲမှာ သွေးလုံးဆိုတာမျိုးက ဖြစ်တတ်တာပဲ နောက် ဟုတ်သည်ဆိုဦးတော့ လိုအပ်မှ ထုတ်မှာပါ မစိုးရိမ်ပါနဲ့..
ဘာပဲဖြစ်ဖြစ် နင် အလုပ်တွေ ကို ပို ဂရုစိုက်ပေးပါနော်...
စိတ်ချ ကျွန်မ ကတိပေးတယ် ရှင် ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်ပါ ဂျယ်နီ
သူမ မပြောနှင့် ကျွန်မရင်ထဲမှာတောင် ပူလောင်လို့နေခဲ့ပါသည်..။ ကင်ဆာ ..ကင်ဆာ မဖြစ်နိုင်ပါဘူးလို့ တွေးပစ် နေမိသည်.။
ဒါ့ထက် ရှင် ဘာလို့သွား စစ်တာလဲဟင်..
ငါ စစ်မကြည့်တာ ကြာပြီ ၊ ခုတလော ငါ့ ရာသီလာတာ ရက်တွေ မှားနေတယ် တစ်လထဲ ၂ ခါ ၃ခါ တွေဖြစ်တယ် နောက် Blood peice တွေပါလာတာပဲ..
အဲဒါကြောင့်..... နင်ရော...နင်လည်း စစ်ကြည့်သင့်တယ် လို့ ငါထင်တယ် Ploy Clinic တွေ မှာ ဈေးသိပ်မကြီးဘူး အို ဘာပဲဖြစ်ဖြစ် နင် လည်းစစ်ကြည့်ပါလို့ ငါတိုက်တွန်းချင်တယ်......၊
သူ့ကိစ္စအတွက် ပူပင်သောကတွေကြားက ကိုယ့်အတွက် စိတ်ဝင်တစား ပြောနေတော့ သူမအပေါ်ထားရှိ မိခဲ့သော စိတ်ငြိုငြင်မှုတွေ ချက်ချင်းပျောက်သွားသလိုပင် ခံစားလိုက်ရသည်.
ရင်ထဲမှာ စိုးရိမ်စိတ်တွေနှင့် ဘုရား ..ဘုရား......
ဒီလောက် လန်းဆန်းတက်ကြွနေတဲ့ ဖွံ့ဖြိုးထွားကျိုင်းလှပ နေတဲ့ အမျိုးသမီး ဆီမှာ....
အဲသည့်နောက်နေ့က စလို့ ဂျယ်နီခွင့်ယူ သွားခဲ့သည်မှာ ယနေ့ထက်ထိတိုင်ခဲ့ပြီဖြစ်သည်။
သူမ အော်ပရေးရှုင်းဝင်မယ့် ရက် မရောက်ခင် အထိ ကျွန်မ က ကင်ဆာ မဟုတ်ပါစေနဲ့ ၊ ဂျယ်နီ ကလေး လေး တစ်ယောက်တော့ရနိုင်ခွင့်ရှိနေပါစေဦးလို့ ဆုတွေတောင်းပေးနေခဲ့ပါသေးသည်..။

ကျွန်မကရော......

ကျွန်မ အဲသည့် အတွေးကို နေရာပင် ဗြုန်းကနဲရပ်ပစ်လိုက်မိသည်...။


+++++++++++++++++++++++++++++++++++++++++++++++++++++++++

အဲဒီ့နေ့ အိမ်ပြန်ရောက်ကတည်းက ကျွန်မက သားအိမ်ကင်ဆာနဲ့ ပတ်သက်သမျှ အချက်အလက်တွေကို သွေး ရူး သွေးတမ်းဆန်ဆန် ရှာဖွေ ဖတ်မှတ်နေခဲ့မိ၏။
(ကရကဋ်)၊ ရာသီခွင်ကိုမှီးပြီး ကင်ဆာလို့အမည်ရလာတယ်ဆိုတာမျိုးက အိပ်မက်ဆန်ပြီး ၊ ဟိုးးးးဘီစီ ၄၀၀ လောက်ကတည်းကပေါ်ပေါက်လာခဲ့တဲ့ ရောဂါဆိုတာ သိရတော့ အံသြမိပါသည်..။
အခုဆို ဒီကမ္ဘာလောကကြီးမှာ ကျိမ်စာဆန်တဲ့ ရောဂါဆိုးတွေ ကြောက့်ရွံ့ထိတ်လန့်စရာ ရောဂါဆိုးတွေ ဘယ် လောက်တောင်များပြားနေခဲ့ပြီတဲ့လဲ..။
ကျွန်မ လက်သင့်သလောက်ဖတ်မိသည်များကို စာရွက်တစ်ရွက်ပေါ် ကူးယူးနေမိခဲ့ပါသည်..။


သားအိမ်ထုတ်ဘို့ လိုတယ်-မလိုဘူးဆိုတာ ရောဂါအဆင့် စောလို့နဲ့ နောက်ကျလို့ ၂ မျိုး ဖြစ်နိုင်ပါပြီး ၊ အဆင့် (၁) ဆိုရင် cervix (သားအိမ်ခေါင်း) နေရာတခုတည်းမှာသာ ကင်ဆာ တွေ့ရမည်
ဲ့ ဒါဆို ဂျယ်နီသာ ကင်ဆာဖြစ်ခဲ့တယ်ဆိုရင် ဘယ်လိုအဆင့်မျိုးဖြစ်နိုင်နေနိုင်မလဲ..။

ကုသမှုရွေးချယ်ခြင်းမှာ အရွယ်အစား၊ ဖြစ်သည့်နေရာနှင့် ကလေးယူ-မယူ ဆိုတာတွေကို ထည့် စဉ်းစားပါပေးသည်ဆိုတော့ သူမအတွက် စိတ်အနည်းငယ် ပေါ့ပါးသလိုရှိမိပြန်သည်။
ဂျယ်နီရဲ့ရောဂါ အခြေအနေဟာ အဆင့်(၁) လောက်ပဲရှိနေဦးမှာပါ ကျွန်မ ကိုယ်ဖြစ် စေချင်သည်များ ကိုသာရွေးချယ်တွေးတောနေမိခဲ့၏။
Cancer Research UK အဆိုအရ Stage 1 ကို ၄ ဆင့်ထပ်ခွဲထားတယ်တဲ့
1A1 = ၉၈-၉၉%
1A2 = ၉၅-၉၈%
1B1 = ၉၀-၉၅%
1B2 = ၈၀% ပျောက်ကင်နှုံး ရှိတယ်တဲ့ ..။ ရှင် သိပ်စိတ်ပူမနေပါနဲ့ဦး....ဂျယ်နီ
Human Papilloma Virus (HPV) ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်တယ်ဆိုတဲ့ သားအိမ်ကင်ဆာဟာ အိန္ဒိယမှာဆို တစ်မိနစ်တိုင်းတစ်ယောက်သေဆုံးနေသည်ဆိုတာမျိုး
တစ်နာရီတိုင်း ၈ ယောက်စေဆုံးတယ်ဆိုတာမျိုး အမျိုးသမီးတွေမှာ ရင်သားကင်ဆာပြီးရင် သားအိမ် ကင်ဆာ ရောဂါက အဖြစ်အများဆုံးဆိုတာမျိုးတွေ ကိုတော့ ကျွန်မ ကျော်ဖတ်ပစ်လိုက်ချင်ပါသည်..။

တကယ်ဆို သားအိမ်အ၀ ကင်ဆာက အသက်ကြီး ၄၅ ကနေ ၅၅ အထိမှာအဖြစ်အများဆုံးဆိုပေမယ့် Jade Goody ဆိုတဲ့ ဗြိတိန်က တီဗွီ မင်းသမီးဟာ အသက် ၂၇ မှာ ဒီရောဂါနဲ့ဆုံးပါးခဲ့တယ်ဆိုပြန်တော့
ကျွန်မ ပုခုန်းတွန့်လိုက်မိသည်.။
ဂျယ်နီဆို အသက် ၄၀ ကျော်စပြုပြီထင်ပါရဲ့ ကျွန်မတို့လို ၃၅ ပြည့်ပြီးသား အမျိုးသမီးတွေ အတွက်ဆိုရင်ရော..

နောက်တော့ ကျွန်မက အင်တာနက်ကနေ Link တွေ တစ်ခုပြီးတစ်ခု လျှောက် ၀င်ကြည့်မိသည်.။

http://www.daviddarling.info/encyclopedia/U/uterus_cancer.html
http://www.merckmanuals.com/home/sec22/ch252/ch252b.html

သားအိမ်ကင်ဆာသည် အများအားဖြင့် စောစောပိုင်းမှာ ဘာလက္ခဏာမှ မပေါ်လို့ ကင်ဆာ ရှိနေမှန်း မသိနိုင် ပါတဲ့
Human Papilloma Virus (HPV) ဗိုင်းရပ်စ်မှတဆင့်ဖြစ်သည့်အတွက် လိင်ဆက်ဆံတာကနေ ကူးစက်နိုင် သည်တဲ့..။ မွေးလမ်းမှာ ကြွက်နို့ဖြစ်တာနဲ့လဲ ဆိုင်သည်တဲ့..
အချိန်အခါမဟုတ် မွေးလမ်းကနေ သွေးဆင်းခြင်း။
သွေးဆုံးပြီးမှ သွေးဆင်းခြင်း အတူနေပြီး သွေးဆင်းလာခြင်း
သွေးမဟုတ်ဘဲ အရည်ဆင်းခြင်း အနံ့ဆိုးထွက်တာမျိုးလဲ ရှိနိုင်သည်တဲ့
အဖြူ၊ ပန်းရောင်၊ အနီရောင်၊ အညိုရောင်တွေလဲ ဆင်းတတ်သည်တဲ့..
စာတွေကို ဖတ်ရင်း ကျွန်မ တစ်ကိုယ်လုံး ကြောက်စိတ်တွေနှင့် ပူလောင်နေခဲ့ပါသည်..။

သားအိမ်ကင်ဆာကို ကာကွယ်ဆေးထိုးလို့ရတယ်ဆိုတော့ ကျွန်မ ထိတ်ကနဲဖြစ်လို့သွား၏.။
သားအိမ်ကင်ဆာ ကာကွယ်ဆေး ဈေးကွက်ထဲမှာ အလွယ်တကူဝယ်လို့ရနေပြီဆိုပဲ။
HPV vaccine (Gardasil) ဆိုသည့်ဆေးက HPV types 6, 11, 16, 18, 31, 45 တွေကို ကာကွယ်ပေးပြီး ၉၈% ထိသည်ဟု သိရသည်။
GlaxoSmithKline ဆေးက ၉၂% ထိရောက်သည်။ သားအိမ်ကင်ဆာ ၇၀% ဖြစ်စေတဲ့ HPV strains 16 and 18 တွေကို ၄ နှစ်မက အကာကွယ် ပေးသည်တဲ့..
Cervarix ဆေးလည်း လည်း မကြာပြီလာတော့မည်ဟု ဖတ်ရတော့ ချက်ချင်းဆိုသလို စိတ်တွေ ပေါ့ပါးသွားသလိုပင်ဖြစ်သွားခဲ့၏.။
တတ်ကျွမ်းသည့် ဆရာဝန်တွေနဲ့ တိုင်ပင်မှပါလေ လို့သာ ကျွန်မ အထပ်ထပ် ရေရွတ်နေခဲ့မိသည်။
အိမ်ထောင်ပြုပြီး ကလေးမရနိုင်တဲ့ အိမ်ထောင်ရှင်မတွေမှာပိုပြီး အဖြစ်များတတ်သေးသည်တဲ့...။
ကျွန်မက ကိုယ်နှင့်မဆိုင်သလို ဒီလိုရောဂါတွေကို အမှုမဲ့အမှတ်မဲ့ နေလာခဲ့မိသည်ပဲ..။
ကျွန်မဟာ ဘယ်အထိများ ကျန်းမာရေး ဗဟုသုတတွေ နဲ့ ကင်းဝေးတဲ့နေရာမှာ နစ်မြုတ်နေခဲ့ ရသည်လဲ..။

ဂျယ်နီရော.. ဘယ်လို အဖြေမျိုးထွက်လေမည်လဲ..။
သူမ စိတ်အခြေနေကရော ဘယ်လိုများရှိမေလေမည်လဲ..။

မေးခွန်းတွေ ကြားမှာ ကျွန်မ မောဟိုက်နေခဲ့သလို..ဂျယ်နီ့ အပေါ်မကြေလည်မှုတွေကို ကျွန်မ မေ့လျော့နေခဲ့မိပြီး

ဖြစ်နိုင်လျှင် သူမ လက်ဖ၀ါးတွေကို တင်းတင်းဆုတ်ကိုင်ပြီး အားပေးနေချင်ခဲ့ပါသည်..။


+++++++++++++++++++++++++++++++++++++++++++++++++++++++++


ဒီနေ့ရောက်ရှိလာသည့် ဂျယ်နီ့ခွဲစိပ်မှုအောင်မြင်ပြီး နေကောင်းနေပါသည်ဆိုသည့်သတင်းကို ၀မ်းသာ လိုက်ပေးလိုက် ရမှာ လား ၊ သားအိမ်ရော မျိုးဥအိမ်တွေ ပါ ခွဲစိတ်ထုတ်ယူပစ်လိုက်ရသည် ဆိုခြင်း အတွက် ယူကျုံးမရဖြစ်နေရမှာလား ..မသိနိုင်တော့ပါ။
ငါ့မှာ ကလေးပစ္စည်းလေးတွေကတော့ အများကြီးဖြစ်နေပြီဆိုသည့် သူမရဲ့နူးညံ့နေသည့်မျက်ဝန်းတွေကိုချည်း ကျွန်မမြင်ယောင်နေမိပါသည်.။
သူမမှာသာ ကလေးလေးတစ်ယောက်လောက်ရှိခဲ့လျှင် သူမစိတ်တွေ နူးညံပျောင့်ပျောင်းနေမလား
သူလိုချင်တာမရလို့များ သူ့စိတ်တွေ လိုတာထက်ပိုခက်ထန်နေခဲ့လေသည်လား..စသဖြင့်တွေ ကျွန်မ အယောင် ယောင် အကန်းကန်းတွေးတောနေမိပြန်လေသည်။
ကျွန်မမှာရော...ဒီလို သားအိမ်ကင်ဆာဖြစ်နိုင်ခြေတွေထဲမှာ ကျွန်မနဲ့ ဘယ်နှစ်ချက် လောက်များ ကိုက်ညီ နေခဲ့ပါလိမ့်

တကယ်လို့များ ဒီဘ၀မှာ ကိုယ်ပိုင်ကလေးလေးတစ်ယောက်တစ်လေကိုမှ ထွေးပိုက်ခွင့် မရနိုင်သည့်ကိုယ်ဖြစ်ခဲ့ ပါလျှင်၊ အတွေးနဲ့တင် နှုံးချိကြေကွဲသွားမိသည်ကအကြိမ်ကြိမ်ဖြစ်ခဲ့သည်

ကျွန်မလို ကဗျာတွေရေးတတ်ပြီး မောင့်လို အေးဆေးလိမ်မာသည့် သမီးလေးတစ်ယောက်လောက်......
မောင့်လို ကွေးကွေးကောက်ကောက် ဆံနွယ်လေးတွေသာ ရှိနေခဲ့လျှင် ကျွန်မ ဆော့ဖွကစားလို့ ၀နိုင်မည် မထင်ပါ..
ကျွန်မလို ခဲခဲ ဆစ်ဆစ် တွေလျှောက်တွေးပြီး မောင့်လို့ ဘုကလန့်လေးပြောတတ်လျှင်တော့ ကျွန်မရယ်မော နေမိမည်ထင်ပါသည်..။

အို ဖြစ်နိုင်သည်ဖြစ်စေ မဖြစ်နိုင်ဘူးပဲဖြစ်စေ...ကျွန်မက ဒီအိပ်မက်ကို ဆက်ရွေ့ မက်နေနိုင်သည်ဆိုသည်ကပင် ဘယ်လောက်ကံကောင်းလိုက်သည်လဲ.လေ။

ဂျယ်နီ...ခမျာကတော့
ကျွန်မက မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်ယူလိုက်ချိန်မှာတော့ ရုံးသူတွေ တဖွဲဖွဲပြန်ရောက်လာကြပြီဖြစ်သည်။

မျက်ရည်စက်လက်ကို မြင်ဖြစ်အောင်မြင်လိုက်သော Ting Ting က ကျွန်မကို အံ့အားတသင့်ကြည့်နေခဲ့သည်။


+++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်မက မောင်ရေ ဂျယ်နီ့ကို အရမ်းသနားတာပဲလို့ ကျွန်မကပြောတော့ မင်းတို့ မိန်းမတွေပဲ အမျိုးမျိုးလို့ မောင်က ခနိုးခနဲ့တုံ့ပြန်လာခဲ့သည်..။
ဒီမှာ မောင်
လူသားချင်းစာနာမှုဆိုတာ ချစ်ခြင်းမုန်းခြင်းတွေရဲ့ အပြင်ဖက်မှာ ၊ အာဃာတရန်ငြိုးတွေရဲ့ အပြင်ဖက်မှာ
အသားအရောင် ဘာသာတရားတွေရဲ့ အပြင်ဖက်မှာ..ကရုဏာ သီးသီးနဲ့တည်ရှိနေတဲ့အရာပါ
ကမ္ဘာကြီး ငြိမ်းချမ်းရေးရဲ့အဓိကအကြောင်းအရင်းဟာ ကိုယ်ချင်းစာတရားတစ်ခုတည်းပါပဲ..

ဆုံးရှုံးမှုတွေ တူညီကြတဲ့ အခါမှာ အချင်းချင်း မုန်းတီးနေမိကြသူတွေ သဘောထား ကွဲပြားနေမိကြသူ တွေ အလိုလိုစည်းလုံးလာနိုင်ကြပါလိမ့်မယ်..


ကျွန်မ အသံက စူးရှမာကြောနေပါလိမ့်မည်..။ တင်းမာပြတ်သားနေပါလိမ့်ဦးမည်..။
ဖုန်းခွက်ကို ခပ်ဆတ်ဆတ်ပြန်ချမိလိုက်ချိန်မှာ ကျွန်မရင်ပြင်က လှိုင်းထန်နေခဲ့သည်.။
ကျွန်မ မျက်လုံးကို တင်းတင်းပိတ်ထားမိပြီး အသက်ကို ၀အောင်ရှုသွင်းလိုက်မိရင်း၊ မောင့်ကို ဒီလို မာရေ ကျောရေ ပြောလိုက်မိတာအတွက် စိတ်မကောင်းဖြစ်သွားမိခဲ့၏။

အို...သိပ်ချစ်ပါတယ်ဆိုတဲ့ ချစ်သူတွေ လင်မယားတွေ ကြားထဲမှာတောင် ဒီလိုပဲ ခံယူချက်တွေ ကွဲလွဲနေတတ် သည် ပဲလေ..

ဒီနေ့လည်း
ကျွန်မက ဂျယ်နီ အမြန်ပြန်ကောင်းပါစေလို့ မပျက်မကွက် ဆုတောင်းနေမိဦးမည်သာဖြစ်လေသည်....။ ။




အိန္ဒြာ
(၂၁.၁၀.၂၀၁၀)
+++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးပညာအချက်အလက်တွေကတော့
လေ့လာဖတ်ရှုမိသလောက်လေးကို တင်ပြမျှဝေပေးထားခြင်းသာဖြစ်ပါတယ်..။
တကယ်လို့ တတ်သိနားလည်သူတွေက မှားယွင်းနေခဲ့ရင်၊ ဖြည့်စွက်ပေး ချင်ကြရင် ကွန်းမန့် မှာ ၀င်ရောက် ရေးသားပေးခဲ့ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်..။