November 8, 2008

ကြယ် အ "တေး"

ငါဟာ...
နင့်ကောင်းကင်..အစွန်အဖျားက
အမှုန်အမွှား..ကြယ်စင်တစ်စင်းပါ..
ငါ...တလဲ့လဲ့..ထွန်းလင်းရွှန်းပချင်သလောက်
နင်တဖွဖွ..အုံ့ဆိုင်းမှိုင်းရီ..ခဲ့..

ငါ့..ခမျာ
ဖြေဆိုခွင့် မရတဲ့..စာပြန်ပွဲမှာမှ..
အမှတ်ရာပြည့် ရချင်နေသူလေ..
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့..ကွဲချင်နေတဲ့..အိုးတစ်လုံးလိုမျိုး
ငါ့..ရင်ဘတ်ကိုငါ..ရိုသေသိမ်းဆည်းခဲ့..

ငါက..
နင့်စောင်းကြိုးမျှင်ကိုမှ..တလွင်လွင် ချိုမြချင်သူလေ..
မှတ်တိုင်ပျောက်နေတဲ့ ခရီးကို..တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲ...မှားယွင်းခဲ့တာလား...
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက..ငါ့ကို..မှားယွင်းသွားခဲ့တာ..
ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..
ငါ့ကိုယ်ငါ..ကျစ်ခဲထားလေသမျှ..
ဘယ်သူ့ကို..ဝေမျှ ကြေကွဲရမလဲ..
ပွဲမစခင်ကတည်းက..ခြေခေါက် ချော်နှင့်ပြီးသား..
ဘယ်လောက် ဆိုးဝါးထားသလဲကွယ်..

ငါ့..ဆေးဘက်ဝင် အလွမ်းခါးခါးကြီးတွေနဲ့
နင့်ဘ၀ကို..မလေးလံစေဖို့
ငါ့စည်းမျဉ်းနဲ့ငါ..ဘောင်ခပ်ကြပ်ကျဉ်း..
ငါ့သက်ပြင်းနဲ့ငါ...ဆင်းရဲတွင်းနက်ခဲ့

တကယ်ပါ...
နင့်..သံသရာအထိ..အနှောက်အယှက်နေမလား...
ငါ့ဆုတောင်းကိုငါ....ရွေးချယ်မှောင်မိုက်ပေါ့...

ငါ့..ရူးသွပ်မှုတွေ..နင်..မောင်းနှင်ခဲ့တာ..
ငါ့..နက်ရှိုင်းမှုတွေ..မိုးလို..ရွာမပြနိုင်ပေမယ့်...

ငါ့..ဘက်က..ပြိုကျသွားလေသမျှ
နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...။ ။

အိန္ဒြာ

{၂၀၀၃ခုနှစ် သြဂုတ်လထုတ်.. မြားနတ်မောင်မဂ္ဂဇင်း (အမှတ်-၁၃၄)မှာ ပုံနှိပ် ဖေါ်ပြခဲ့ပြီး..၊ ဂီတမိတ်မှာပြုလုပ်ခဲ့တဲ့.. ကဗျာ..ရွတ်ပွဲလေးတစ်ခုမှာ..ရွတ်ဆိုခဲ့ဘူးပါတယ်..။}

2 comments:

minn thuka said...

ငါ့ကို ချစ်ခဲ့သော..ငါ့ကိုပစ်ခဲ့သော...ငါ့ကိုအပြုံးချွေခဲ့သော..ငါ့ကိုအမုန်းဝေခဲ့သော...
ငါ့ကိုအကြင်နာပေးဝေခဲ့သော..ငါ့ကိုနာကျင်ဆွေးစေခဲ့သော...ငါ့ကိုအပြောက်မခံခဲ့သော..ငါ့ကိုကြောက်ကန်ခဲ့သော...
ငါ့ကိုတမ်းတခဲ့သော..ငါ့ကိုနန်းချခဲ့သော...
ငါ့က်ုဖန်ဆင်းခဲ့သော..ငါ့ကိုခံပြင်းခဲ့သော...
ငါ့ကိုငဲ့ကွက်ခဲ့သော..ငါ့ကိုကဲ့ရက်ခဲ့သော...
ငါ့ကိုမြတ်နိုးခဲ့သော..ငါ့ကိုအထပ်ထပ်ဆိုးခဲ့သော...
..ရင်ဘတ်ထဲက အနာရွတ်လေးရေ...
ငါပေးခဲ့တဲ့"ကြင်နာမူ့ " တွေအတွက် နင်ပြန်ပေးခဲ့တဲ့..
"နာကျင်မူ့ " တွေက ...ရက်စက်လွန်းပါတယ်...
ငါဒီလိုကြေကွဲနေတာ ..နင်သိခဲ့ရင်..
...................
ပြည့်ဝချင်တဲ့ နင့် ရဲ့ညတွေအတွက်
ငါ့သောကမိုးတိမ်တွေ ဖြိုချခဲ့တယ်....
ရွှေရံများစွာနဲ့ ကခုန်ချင်တဲ့ နင့်ရဲ့တေးသွားတွေအတွက်
ငါ့မျက်ရည်တွေ ကြယ်တွေအဖြစ်ရံပေးခဲ့တယ်..
ကြဲဖျန့် ချင်တဲ့ နင့် ပန်းကုံးတွေအတွက်
ငါ့သက်ပျင်းတွေ နဂါးငွေ့ တန်းအဖြစ်ဖန်ဆင်းခဲ့တယ်..
အနှောက်ယှက်ကင်းကင်း နင်အလှစီးချင်းထိုးဖို့ 
ငါ့ကတ္တီပါညနေခင်းတွေ ရုပ်သိမ်းခဲ့တယ်..
ပူပန်တတ်တဲ့ နင့်အတ္တတွေအတွက်
ငါ့မာနမိုးကြိုးတွေ အနင်ခံပြီးမျိုချခဲ့တယ်..
အပြင်းပြေသက်သက် နင့်အပြုံးလေးတခုအတွက်
ငါ့ရင်ဘတ်ကိုခွဲပြီး ဥက္ကာပျံတွေကျဲခဲ့တယ်..
လူတွေအားလုံး နင့်ကိုတောင့်တနေဖို့ 
ငါ့ကိုငါအမှောင်တွေ ချချနေခဲ့ရတယ်..
နင်ဖြိုဖျက်သမျှ ပြိုပျက်ခဲ့ရတဲ့ဘဝ..
နင်ဖျက်ဆီးသမျှ ပျက်ဆီးရတဲ့ဘဝ..
နင်ဖျောက်ဖျက်သမျှ ပြောက်ပျက်ခဲ့ရတဲ့ဘဝ..
နင်ရက်စက်ခဲ့သမျှ အရာရာ လက်မဲ့ ခဲ့ရတဲ့ဘဝ...
အဲဒီညညတွေမှာ......
နင့် ရဲ့အနာဂတ်တွေ ကမ်းကပ်နိုင်ဖို့ 
ငါ့ရဲ့ ပစ္စုပ္ပန်တွေ ဆုတ်ဖြဲပြီး တောင်ပံတွေတပ်ပေးခဲ့တာ
ငါ့ရဲ့ ပျံသန်းမူ့ လွဲချော်ခဲ့တာလား..
နင့်ကမ်းပါးတွေပြိုမကျအောင် ငါ့စွမ်အားတွေမြိုချလိုချ
နင့်လမ်းတွေဖြောင့်စင်းဖို့ငါ့အလွမ်းတွေဆောင့်နင်းခံလိုခံ
နင်ကလေ....
ငါ့ကောင်းကင် အိုဇုန်းလွှာအထက်က
ပျိုးပျိုးပျက်ပျက် တစက်စက်လင်းနေတဲ့ လမင်းပါ..
နင် တဝင်းဝင်းလင်းလက်နေသမျှ....
ငါ..လေ...တစ်စ..တစ...မှောင် ..ကျ...နေ..ရ..တယ်...။

"ကြယ်အ"လေးကိုခံစားပြီး ဘာသာဆေးမြှီးတိုနဲ့ ကုကြည့်တာ နားလည်ပေးကြပါ... ဆေးမတိုးဘူးဗျာ
ခါးသက်သက်အရသာပဲ ကျန်ခဲ့တယ်...ထိုးချလိုက်တဲ့
ဒဏ်ရာပြင်းလွန်းလို့  ကြယ်အ အငွေ့ အသက် မကင်းပါဘူး..ဝန်ခံပါတယ်...
မထင်ခဲ့ဘူး
နင့်လက်မှာ ကဝေအသက်..မှော်ဝင်တဲ့စုတ်ချက်တွေနဲ့ 
နင်သိပ်တော်တယ် အိန္ဒြာ.....၊၊

Moe Myint Tane said...

တကယ်တော့လေ ကြယ်တွေ မအခဲ့ပါဘူး။ ရင်ဘတ်တွေသာ ကြေမွသွားခဲ့ရတာပါ။



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်