July 8, 2009

အရူးမှာလိုင်စင်ရှိတယ်

ခြုံထည်ကြီးထဲက ရုန်းထွက်လို့မရတော့ဘူး
ကပ်ကြေးသံတစ်ချပ်ချပ်က နားယားတယ်
ငါ့ခေါင်းကိုကြည့်နေတဲ့ မှန်ထဲက မျက်လုံးဟာအသည်းယားစရာ
မှန်အပြင်က ငါ့ခေါင်းကိုစမ်းကြည့်မိတယ်၊ရှိသေးတယ်
သံသရာဟာ ဘောလုံးပွဲမှာ သူကိုယ်တိုင်ဝင်ကန်ခဲ့သလိုမျိုးပြောတယ်
ဒိုလေး၊ဘက်ခမ်း၊ဘန်ပါစီ၊မက်စီ၊ကာကာ
ငါ့ရှေ့ရောက်သလိုပဲ
ငါတွေ့နေရတဲ့ မှန်ထဲက ဂျာနယ်အပုံဟာ ထခုန်နေတော့တာပဲ
ဘရိတ် ခဏခဏအုပ်တယ်
အဆိုတော်ဟာ သီချင်းဆိုရင်း စာသားမေ့သွားဟန်ရပ်တန့်
စဆိုတဲ့ စာသားက တီလုံးရှေ့က ပြေးထွက်လာ
သရဲနဲ့ ရုတ်တရက်တွေ့လိုက်ရသလိုမျိုး
သရဲဆိုလို့ ညက သူကြည့်ခဲ့တဲ့ သရဲကားအကြောင်း
စိတ္တဇလူသတ်သမားဟာ ကြည့်သူကိုတောင် စိတ္တဇဖြစ်လာစေတယ်ဆိုပဲ
မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဟာ ဆံသဆရာဆိုလား
ဆံသဆရာဟာ မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဆိုလား
သူကိုယ်တိုင်က ဆံသဆရာလား၊စိတ္တဇဝေဒနာသည်လား
သူ့ အမူအယာတွေ၊လေယူလေသိမ်းတွေ ခွဲခြားရခက်လာ
ဘုရား ဘုရား ငါ ထပြေးရမလား
တစ်ခြမ်းပြောင်၊တစ်ခြမ်းမှောင်နေတဲ့ ငါ့ဦးခေါင်းနဲ့ဖြစ်ပါမလား
တကယ့်တော့ဗျာ နံရံမှာချိပ်ထားတဲ့ ကျားခေါင်းနေရာမှာ ခင်ဗျားဆံပင်ပုံမျိုးနဲ့ လူဦးခေါင်းတစ်ခု ချိပ်ထားရမှာ
ဒါမှ ဆိုင်ရဲ့ ကြော်ငြာဟာ ပေါ်လွင်မှာမဟုတ်လား လူတွေစိတ်ဝင်စားမှာ မဟုတ်လား
ဘုရား ဘုရား ဒီလူအတည်ပြောနေတာများလား
သူ့ခြေထောက်ကို ပွတ်သပ်နေတဲ့ကြောင်ကလေးကို ကန်ထုတ်လိုက်ပုံ
ကြောင်ကလေး ဘောလုံးတစ်လုံးကို လွင့်သွားပုံ
နံရံနဲ့ထိပုံ၊ပြုတ်ကျလာပုံ၊ကြောင့်ကလေးညည်းညူနေပုံဟာ
တစ်စက္ကန့် အတွင်း အဖြစ်အပျက် သူ့မျက်နှာဟာ သူဘာမှမလုပ်လိုက်သလိုမျိုး အေးစက်
ဓားအိမ်ထဲ ဘလိတ်ဓားအသစ်ထည့်နေပုံက
အေးဆေးတိကျ၊မြန်ဆန်လွန်းတယ်
သူမျက်နှာရှေ့ တ၀ီဝီပျံသန်းနေတဲ့ ယင်ကောင်ကိုဝိုင်းချလိုက်ပုံဟာ
ငါ့ ပါးစပ်ကို အဟောင်းသားပွင့်သွားစေတယ်
ငါ့ ၀တ်ရုံအဖြူပေါ် ပြုတ်ကျလာတဲ့ ယင်ကောင်တစ်ဝိုင်းဟာ
ငါ့ ဆံပင်နဲ့ရောထွေးလို့ တောင်ပံတစ်ဖက် ခတ်နေတုန်းပဲ
ငါ့ ဂုတ်ပေါ်မှာ ဆံပင်မရှိတော့ဘူး
ငါ မျက်တောင်မခတ်ရဲဘူး မျက်တောင်တွေပြတ်ကျမှာစိုးလို့
ငါ မျက်စိမမှိတ်ရဲဘူး မြင်ကွင်းတွေပြုတ်ကျမှာစိုးလို့
ထွက်ပြေးတဲ့ ငါ့စိတ်ဟာ ငါ့ခန္ဓာထဲကထွက်မရဘူး
တဖျတ်ဖျတ်ခတ်နေဆဲ ယင်းကောင်တစ်ပိုင်းကို ကောက်ယူပြီး
သူ့လက်နဲ့ချေမွလိုက်တယ် အေးဆေးပဲ
သူ့အပြုံးဟာ ပန်းပွင့်သလို အနှေးပွင့်လို့
တရုတ်သိုင်းကားထဲက သူရဲကောင်းလိုလို
စိတ္တဇလူသတ်သမားလိုလို မျက်လုံးဟာ အေးစက် မာကြော တောက်ပ
နှုတ်ခမ်းကို တင်းတင်းစေ့လို့ မှန်ထဲက ငါ့မျက်လုံးကို သူ့မျက်လုံးနဲ့ထိုးစိုက်ထားတယ်
သူ့လက်ဟာ တဆတ်ဆတ်တုန်လို့
ကျုပ်မှာ လိုင်စင်ရှိတယ်လို့ပြောတယ်။

ကိုရွေး

အရူးအက်ရှင်ကိုရေးခဲ့သူဆိုတော့ အရူးကဗျာတွေ့ရင်မနေနိုင်ပါဘူး..။
အခုလဲ တော်တော့ကိုကြိုက်မိသွားတဲ့
ဆရာကိုရွေးရဲ့ ကဗျာကိုဝေငှလိုက်ပါတယ်..။
ကဗျာဖတ်ပြီးတွေးမိတာက ကိုယ်တို့တွေ ဆံသဆိုင်ကခုံမှာ ထိုင်နေမိကြသလား..ပေါ့..။

11 comments:

minn thuka said...

၃ ကြိမ်ဖတ်သွားပါတယ်

Moe Myint Tane said...

နောက်ညှပ်ဆရာမလိုအောင် ကတုံးတုံးထားလိုက်ပါလား။
ဟဲ ဟဲ.....။

လူက ရူးကြောင်ကြောင်ဖြစ်နေတဲ့အချိန် အရူးကဗျာလေး ဖတ်မိတသွားတယ်။ ရေးတဲ့သူကို ချီးကျူးပါတယ်။ဖတ်နေရင်း မျက်စိထဲ ကွင်းကွင်းကွက်ကွက်ပေါ်လာတယ်။ တကယ်တော့ လိုင်စင်ရှိတဲ့အရူးတွေထက် လိုင်စင်မရှိတဲ့ အရူးတွေက ပိုများနေတတ်တယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

emayarKhin said...

မ..ရေ..ဖတ်လို့ကောင်းတယ်...
ဝေမျှပေးတဲ့အတွက်ကျေးဇူး.....
မ..ညာတာပါတေးနဲ့..မ..ရဲ့ကဗျာလဲဖတ်
ချင်တယ်လေ....ရေးဦး.....။။။

Mogok Thar said...

မအိမ်
ကဗျာဖတ်ပီး အဲ့ ရုပ်ရှင်ကို ပို ခံစား ကြည့်ချင်လာတယ်။
ကဗျာကလဲ ကောင်းတယ်ဗျာ။
အတွေးတွေ ပွားစေတယ်။

အရုပ်ကလေး said...

တစ်ကြိမ်တစ်ခါနဲ့ အကြိမ်ကြိမ်အခါခါ တွေးမိသွားတယ် ..?

ပို့စ်ကြွေးတွေ များသွားတယ် ..မကြီး


ခင်ခင်မင်မင်
idulize (အရုပ်ကလေး)

မယ့်ကိုး said...

မရေ...တင်ပေးတဲ့ ကဗျာလေးအတွက် ကျေးဇူးပါ..မရဲ့  ကဗျာလေးတွေကိုလည်း မျှော်နေတယ်နော်။

မီးမီးချစ် said...

အဲ့ ဒီ့  ရုပ်ရှင် ကြည့်ဖူးတယ်..
လူပါ ရူးချင် သွားတယ်..
ကဗျာလေးကတော့ ကောင်းတယ်..း))

ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ...

ခင်လေးမှာက လိုင်စင် ရှိပြီးသားနော်..
;P

ချစ်တဲ့...
...........ခင်လေး

Mhu Darye said...

ကောင်းပါပေ့...း)
ဖတ်သွားခဲ့သည်။

ဆောင်းယွန်းလ said...

ကဗျာလေးကြိုက်မိတယ်
ကျေးဇူးတင်ပါတယ်ညီမရေ

MANORHARY said...

အင်း..လိုင်စင်ရှိတာ
လက်တွေ့ပဲလေ...
ဘာမှကို မပြောနိုင်တော့ဘူး