December 14, 2009

ဒီဇင်ဘာ နှင်းဆီ


ဆယ့်လေးရက် ဒီဇင်ဘာ...
နှင်းသားကို ပွတ်တိုက်သွားတဲ့

ရေခဲလေပြည်တွေကြားမှာ
မြူတွေထဲ အလင်းညှိလိုက်တဲ့
နေ့ဦးရောင်ခြည်သစ်အောက်မှာ
သံမဏိနဲ့ နန်းခတ်ထားတဲ့ပွင့်ချပ်လွှာ
နူးညံသလို မာကျောထက်ရှ
အေးစက်သလောက် ဆန်းကြယ်လှပခဲ့

ပန်းချီကားချပ်ထဲက ဆေးစပ်ခက်တဲ့ အရောင်လို
ကဗျာတစ်ပုဒ်ရဲ့ သိပ်သည်းလွန်းတဲ့ အနက်လို
လေတိုက်တိုင်း မနွဲ့တတ်တဲ့ နှင်းဆီရနံ့
အဲဒီ့နေ့ပေါ်ကစ ဖူးခဲ့..တယ်.။

ဘ၀ဟာ...
ဒီဇင်ဘာလို တိတ်ဆိတ်ငြိမ်းချမ်းနေမလား.
ဘုရားသခင်နဲ့ တစ်လတည်းဖွားမြင်ခဲ့တဲ့ မေတ္တာတော်အောက်မှာ
သူမကောင်းကင်က ပြသဒါးတွေအုံမှိုင်းဆိုင်းကြွ
အဲဒီ့ ကောင်းကင်ထက်မှာမှ
အချစ်ဟာ
ဖျတ်ကနဲလွင့်ကြွေလွယ်တဲ့.. ညနေခင်းရဲ့..ကြယ်..

စိတ် အိုင်းအနာတွေ ရင်းနေရတဲ့ ဥတုရာသီပါ..
တိုက်ခတ်လေကတောင် ထိုးစစ်တွေလို ပြင်းရှ
တဟူးဟူး အရိုင်းဆန်တဲ့ လောကဓံအခင်းအကျင်းထဲ
အနုပညာကလွဲလို့
အရာရာ ဟာ....တဖျတ်ဖျတ် လွင့်မျောတုန်ခါခဲ့..

ဘ၀ဆိုတာက
ရန်သူကို တန်ပြန်တိုက်ခိုက်ဖို့
အလှပဆုံးခွက်ပြထားရတဲ့ ပါးပျဉ်းတစ်ခု လို
ပျောင်းအိနွဲ့သွယ်သလောက်
လိုအပ်ရင် ရက်စက်တတ်ခဲ့ပေါ့...

ဖြေရန်မလိုအပ်တဲ့ မေးခွန်းတွေကိုတော့
ရေခဲရိုက်သိမ်းထုတ်လိုက်ပေါ့ ဒီဇင်ဘာ
သူမကျောပြင်အတွက်
သံချပ်ကာ ၀တ်စုံတစ်ခု မလိုပါဘူးးး
သူမ ပွင့်ဖတ်တွေကိုက
သံမဏိနဲ့သွန်းဆစ်ခဲ့တာလေ..။


ချစ်ခင်ရသော မမ(မနော်ဟရီ) အတွက် စိတ်၏အေးချမ်းသာယာခြင်းများနဲ့ ပြည့်စုံလှပသော မွေးနေ့ပေါင်းများစွာစောင့်ကြိုနေပါစေ


အိန္ဒြာ

7 comments:

MANORHARY said...

တစ်ခါတစ်လေကျ တောင့်တင်းမာကြောထားရတာ
ပင်ပမ်းလေးလံလာတယ် ...
သံမဏိတွေကို အရည်ပျော်ကျစေမယ့် အပူနဲ့တွေ့တဲ့အခါ
ဘဝဟာ နေထိုင်ချင်စရာလို့ ဘယ်သူက စာဖွဲ့မလဲ ..
အနုပညာတစ်ခုတည်းကိုပဲ ဦးတည်မျှော်ကိုးရင်း
နားမလည်မှုတေးချင်းတွေကိုကြားနာ ....
သက္ကရာဇ်နာရီများစွာကြာ...ညောင်း... နေ... ခဲ့....ပြီ..

thitkaungeain said...

အရင်တုံးက မသိလို့ အမ အမခေါ်မိတာ
ခုမှအသက်သိတော့ ဘွားဘွားလို့ပြောင်းခေါ်ရမယ်
အရင်က ပြောမှားဆိုမှားရှိတာကန်တော့နော်

သိင်္ဂါကျော် said...

အပေါ်က ပုံလေးလဲ ကြိုက်တယ်..
ကဗျာလေးလည်း ကြိုက်တယ်..
ဒီဇင်ဘာကိုလည်း ကြိုက်တယ်..

လင်းဒီပ said...

ံHappy Birthday ပါ အစ်မ မနော်...။

ကဗျာလေးတွေ မွေးနေ့လက်ဆောင်ပေးတဲ့ မအိန္ဒြာကို မွေးနေ့ကျရင်လည်း ကဗျာလာတောင်းမလို့ တေး သွားပါတယ်။

(ဒီက ဒီဇင်ဘာကြီးကတော့ ကဗျာမဆန်ဘူးဗျာ..အိုက်စပ်စပ်နဲ့)

ဒဏ္ဍာရီ said...

မမအိန္ဒြာ ဆုတောင်းပေးသလိုလေးပဲ မမ မနော်ဟယ်ရီရဲ့ လှပတဲ့ ဒီဇင်ဘာမွေးနေ့လေး ဖြစ်ပါစေ...။

မမအိန္ဒြာ ကဗျာလေးတွေ အရမ်းကောင်းသလို ရသလည်း အပြည့်ခံစားရတယ်နော်။

ခင်မင်လေးစားလျှက်

မယ့်ကိုး said...

နက်မကောင်းတာရယ် စက်ကြောင်တာရယ်နဲ့ မွေးနေ့ဆုတောင်းလိုက် ပျက်လိုက်ဖြစ်နေတာ... =(

မွေးနေ့ကဗျာအလှဆုံးရေးပေးတဲ့ ချစ်မလေး အိန္ဒြာ ကို အားကျရင်း ချစ်မမနော်ရဲ့ ဒီမွေးနေ့မြတ်လေးမှအစ ကိုယ်နဲ့စိတ်ကလေး ထာဝစဉ်ထာဝရ ချမ်းသာပါစေလို့...

Anonymous said...

ဒီမှာလည်း တောင်းတဲ့ဆုတွေပြည့်စေပေါ့