March 8, 2010

သမီးလေး မဖတ်ဖို့ ကဗျာ


သူမ ညာလက်ထဲက နောက်ဆုံးအံဆွဲထဲမှာ
သမီးလေး မသိအောင်ဝှက်ထားတဲ့ ၀တ်စုံတစ်စုံ ရှိနေ
သူမ သော့ခတ်ထားတဲ့ ဥယျာဉ်သာထဲမှာ
သမီးလေး မနမ်းရှိုက်ရမယ့် ပန်းရိုင်းတစ်ပွင့် ပွင့်နေ
သူမ မှောင်မိုက်ထားတဲ့ ခန်းမသဘင်တွေထဲမှာက
သမီးလေးနဲ့ မထိုက်တန်တဲ့ ဆက်တင်အတုတွေ

သူမ ထိန်ချန်ထားတဲ့ မြို့ပြစီးကြောင်းမှာ
သမီးလေး မူးဝေစေနိုင်တဲ့ ပဉ္စလက်မုန်တိုင်းတွေ လှိုင်းထန်
သူမ ခမ်းခြောက်ထားတဲ့ မြစ်ကျိုးအင်းဝမှာ
သမီးလေး မသိနိုင်သေးတဲ့ ဗျိုင်းအောက် တစ်အုပ်က စောင့်ကြိုလို့

သူမ ခေါက်ထားတဲ့ စာမျက်နှာ တစ်ချို့မှာက
သမီးလေးမသင်အံသင့်တဲ့ ပြဌန်းချက်တွေ
သူမ ခတ်ချထားတဲ့ အနီရောင်ကြက်ခြေက
သမီးလေး မစူးစမ်းသင့်တဲ့ အဆိပ်သင့်လမ်းမရှည်

သူမချော့သီရမယ့် တေးချင်းတွေထဲမှာ
နာကျည်း ရှိုက်ငင်သံ ...........မပါစေရဘူး
သူမပြောပြဖြစ်မယ့် ပုံပြင်တွေထဲမှာ
ရှုးနှမ်းမိုက်မဲမှု .......မပါစေရဘူး။

သမီးလေးက.....
သူမကိုယ် သူမ အသစ်ပြန်လည်ဖွင့်နိုင်မယ့်
တံခါးတစ်ချပ်လေ..

သမီးလေးက....
သူမ အိပ်မက်တွေမှာ သရုပ်ဆောင်မယ့်
မင်နဲ့ မောင်းနဲ့ ဇာတ်လိုက် ပေါက်စလေး....
သူမ ကောင်းကင်ယံမှာ ၀ံ့ ကြွားမယ့်
အရွှန်းပဆုံး ကြယ်စင် ကြယ်တန်းလေး...
သူမ စိတ်ကူးတွေအတိုင်း မွှေးမြမယ့်
အသန့်စင်ဆုံး ပန်းဖူး ပန်းနုလေး...
သူမ၀ိဉာဉ် တွေနဲ့ တောက်စားမယ့်
အသစ်စက်စက် သူမ ကိုယ်ပွားလေး...

သမီးလေး.....ရေ
သမီးလေး မသိစေချင်ပါဘူး၊
အမေတွေ ဆီ မှာ......
တစ်အုပ်လုံး ပေးဖတ်လို့ မဖြစ်တဲ့...
ဒိုင်ယာရီတွေ ရှိတာကို...။ ။


အိန္ဒြာ

အသစ်မရေးဖြစ်သေးလို့ အဟောင်းထဲက ရှာဖွေတင်ပေးလိုက်ပါတယ်။
တော်တော်ကြာပါပြီ ရေးထားဖြစ်တာ ..
၂၀၀၂- ၂၀၀၃ လောက်ကထင်ပါရဲ့။

15 comments:

လင်းဒီပ said...

မိခင်တစ်ယောက်မှာ သမီးတစ်ယောက် ပြန်သိစရာမလိုတော့တဲ့ ဘဝသင်ခန်းစာတွေ....
သမီးလေးကို အကောင်းဆုံးဖြစ်စေချင်တဲ့ စိတ်စေတနာတွေ...
သမီးလေးကို ပေးမဖတ်ဖြစ်မယ့် ကြမ်းရှဒိုင်ယာရီတွေ...။

tin min htet said...

ကျွန်တော့် သမီးကို ဖတ်ပြလိုက်ပါ့မယ်။ ကျေးဇူးပါပဲ။

Moe Myint Tane said...

သမီးလေးကို မဖတ်စေချင်တဲ့ကဗျာကို သားလေးဘဲ ဖတ်သွားလိုက်တယ်။

သားရယ်သမီးရယ်မှ မဟုတ်ပါဘူး။ မိခင်တိုင်း မိခင်တိုင်းရဲ့ ရင်ထဲမှာ သားသမီးတွေကို အကုန်အစင်ပေးဖတ်လို့ မဖြစ်နိုင်တဲ့ ဒိုင်ယာရီတွေ ရှိနေတတ်ကြတာပေါ့။ အဲဒီ့စာမျက်နှာပေါ်က အကြောင်းတွေကိုတော့ သူတို့ရင်ထဲမှာသာ မျိုချသိမ်းဆည်းရင်း.....။

လတ်တလောမှာ ကျွန်တော် ခံစားနားလည်မိနေတဲ့ အကြောင်းအရာနဲ့ ဒီကဗျာလေး တော်တော်တိုက်ဆိုင်နေတယ် မကြီး။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

loverstar said...

သမီးလေးမဖတ်ရဘူးဆိုပေမဲ့ ..
ခုသမီးဖတ်သွားတယ်...
နောင်လာမယ်သမီးလေးကိုပေးမဖတ်မိစေဖို့ လေ...

Anonymous said...

အဲ့ဒါ မိခင်......................။

ကောင်းကင်ပြာ said...

သားးးမီးလဲ လာဖတ်တယ်..ဟုတ်တယ် ခရေတွန် လေး ပြောသလိုပဲ...း)

Ree Noe Mann said...

အဟောင်း ဆိုပင်မယ့် မဖတ်ဖူးတော့လည်း
အသစ်ပါပဲဗျာ.........

ညလင်းအိမ် said...

မိခင်ရဲ့ မေတ္တာ စေတနာတွေ ကဗျာလေးမှာ ပေါ်လွင်စေပါတယ်ဗျာ...

Mogok Thar said...

အမေတွေ ဆီ မှာ......
တစ်အုပ်လုံး ပေးဖတ်လို့ မဖြစ်တဲ့...
ဒိုင်ယာရီတွေ ရှိတာကို...။ ။


အတွေးတစ်ချို့နဲ့ ပြန်သွားတယ်
ကဗျာဆရာမ လှလှကြီးရေ....

Eaindra said...

ဇာတ်ညွှန်းအားလုံးအသစ်
ကံကြမ္မာအသစ် ..
လမ်းအားလုံးအသစ်
ချစ်ခြင်းမေတ္တာစစ်စစ်နဲ့ ခင်းပေးလိုက်ချင်လည်း
ဒါတွေအားလုံးဟာ သူတို့အတွက် သင်ခန်းစာအသစ်
တစ်နေ့တော့ လှစ်ပြပေးရလိမ့်မယ်
ကိုယ်တို့အလွယ်တကူမမှားခဲ့ကြသော သင်ခန်းစာတွေ
မင်နီတွေရဲနေတဲ့အကြောင်း
ကိုယ်တို့အလွယ်တကူမှန်ခဲ့ကြသော ရလာဒ်တွေ
စိတ်ကို အလာ့ဂျစ်ဖြစ်စေတဲ့အကြောင်း
လောကဓံရဲ့ လှိုင်းလုံးတွေ
အသစ်အသစ်သော သင်ခန်းစာတွေအတွက်
တစေ့တစောင်းတော့
သူတို့သိသင့်တယ်မဟုတ်လား …
..........................................................


မနော်ဟရီ

မယ့်ကိုး said...

ကဗျာလေးက ဘယ်လိုမှ မပြောတတ်လောက်အောင် လှပလင်းထင်လွန်းရဲ့....
ဒီကဗျာလေး ဖတ်ခွင့်ရတဲ့ အတွက် အထူးကျေးဇူးပါ ချစ်မလေးရေ...

ဇွန်မိုးစက် said...

ခေါင်းစဉ်ဖတ်မိမိချင်း ဘယ်လိုကဗျာများလည်းလို့ အရမ်းသိချင်သွားတာ။
ကဗျာအစက အဆုံး အမေတွေမသိစေချင်တဲ့အရာတွေကို ဟောဒီ ကမ္ဘာမြေပေါ်က သမီးတစ်ယောက်လာဖတ်ပြီး စူးစမ်းသွားတယ်။
အဆုံးသတ်ကလည်း လှလိုက်တာနော်။
“အမေတွေ ဆီ မှာ......
တစ်အုပ်လုံး ပေးဖတ်လို့ မဖြစ်တဲ့...
ဒိုင်ယာရီတွေ ရှိတာကို...” တဲ့။း)

လင်းဦး(စိတ်ပညာ) said...

အမေတစ်ယောက်ရဲ့ စေတနာတွေ၊ မေတ္တာတွေပါလားဗျာ.. ကဗျာအဖြစ် အသက်သွင်းလိုက်တာပါလား...

ခင်မင်လေးစား အားပေးလျက်

လင်းဦး(စိတ်ပညာ)

Angel Shaper said...

တွန်ကြီးက...
အဲဒါ.... မိခင်တဲ့။
ဟုတ်တယ် အဲဒါ တကယ့်မိခင်။။။
အရမ်းကောင်းတယ် မကြီးအိန္ဒြာရေ....

emayarKhin said...

ကဗျာလေးကောင်းလိုက်တာ
ချစ်မရေ..တကယ်ပဲမိခင်တိုင်းမှာ
သမီးတွေကိုအကုန်ပေးမဖတ်ရမယ့်
နေ့စွဲတွေရှိတယ်.....