May 7, 2010

ဖေဖေ မကြည့်ချင်မယ့် ရှုမျှော်ခင်း

VOICE
ဖေဖေရေ..
ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာ.အတွက်
သမီးတို့ရွာလေးက သက်သေခံပေးလို့
ရွာဦးက ခရေပင်ကြီးလည်းဆွံ့အ
နွေဦးစံပယ်တွေလည်း မလှကြတော့ဘူးပေါ့ ဖေဖေ..

ကောင်းကင်မှာ တိမ်တွေပြာနေပုံကို...က သံသယ၀င်ချင်စရာပါ
ဖေဖေချစ်တဲ့ ဧရာဝတီရေလည်းခမ်းခြောက်
ကြယ်စင်တွေ ကျကျပျောက်ခဲ့တာလည်း..များလှပေါ့

အခုဆို ရွာလေးက
နောက်ဆုံးပေါ်ဂလိုဘယ်လ်ဖက်ရှင်နဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်လို့ပေါ့..ဖေဖေ..
ဆံပင်တွေ အရောင်ပြောင်း
လက်သည်းခြေသည်းတွေ အရောင်ပြောင်း..
စိတ်ဓါတ်တွေပါ...အရောင်ပြောင်း..
ဖေဖေ့ယာခင်းထဲက ပန်းနေကြာတွေတောင်..
ဝါပုံတွေ ပြောင်းကုန်ကြ..ပြီ..တဲ့..

ဖေဖေချန်ထားရစ်တဲ့ ၂၇ နှစ်မှာ
ဆူနာမီတွေ နာဂစ်တွေ ဟေတီငလျင်တွေ
ကြက်ငှက်တုတ်ကွေးတွေ ဆားလ်စ်တွေ H1N1 တွေ
တာလီဗန်တွေ အသေခံဗုံးခွဲတွေ နျူကလီးယားကျိန်စာတွေ ၊
ဒုံးခွင်းဒုံးတွေ..ပုံတူမျိုးပွား သန္ဓေသားတွေ..၃ ဘက်မြင်ရုပ်လုံးကြွ မူဗွီတွေ
ဆော့ဝဲလ်ပရိုဂရမ်မီးအော်တိုဒေတာကော်လက်ရှုင်းတွေ

ဆပ်ဒန်ဟူစိန်လည်း သေဒဏ်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေ
ဘင်နာဇီယာဘူတို လုပ်ကြံခံခဲ့ရတာတွေ
ပိုလန်အစိုးရ ၉၇ ယောက်စလုံး
သူများမြေပေါ်မှာ အစိမ်းသေ သေကြေကြရတဲ့
ဒဏ္ဍာရီဆန်ဆန် အံ့သြထိတ်လန့်ဖွယ်ရာတွေ..
ဖေဖေရေ..
အာဖကန်စပ် လူမည်း တစ်ယောက်က
၄၄ယောက်မြောက် အမေရိကန်သမ္မတဖြစ်နိုင်ခဲ့ပြီတဲ့

ခေတ်က...
ကြောက်စရာကောင်းအောင် အစီးသန်သလို
ခေတ်ကို
ကြောက်စရာကောင်းအောင် မောင်းနှင်နေကြတယ် ဖေဖေရေ

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း
စစ်ပွဲတွေရဲ့ အကြောင်းအရင်း ရလဒ်တွေကတော့
အတူတူပဲပေါ့ ဖေဖေရယ်...
ရက်စက်မှုတွေ ပိုမိုထက်မြက်အောင်
ကျောက်ကျစ်မှုတွေ ပြောင်မြောက်သေသပ်အောင်
့နည်းပညာဆိုတာတွေက ရင်သပ်ရှုမောပံ့ပိုးပေးကြတာ

ခလုပ်တစ်ချက်နှိပ်ယုံနဲ့ ကမ္ဘာတစ်ခြမ်းပြာကျသွားနိုင်တဲ့
အိမ်မက်ထက်ဆန်းကျယ်နေတဲ့ လောကဓာတ်ခေတ်မှာ
သမီးတို့က
နည်းပညာပေါက်ဓါးနဲ့ ဆပ်ကပ်ကစားနေကြရတယ်ပေါ့

ဖေဖေရေ..
သမီးတို့ရွာလေးက ဆူးကြားက ဗူးခါးဆိုတာလို
ခေတ်စီးဆင်းရာအနောက်မှာ..
ဝရုန်းသုန်းကား...လူး.လှိမ့်..မျော..ပါ..လို့....

ဖေဖေရေ...
ပိတောက်တွေတောင်..မဖူးနိုင်လောက်အောင်
နွေရာသီတွေ မိုးခေါင်ရေရှားလို့.......

ဖေဖေရေ...
သမီးတို့ရွာလေးက
ကံကံ၏အကျိုးဆိုတာကို
ခြေလွန်လက်လွန် ယုံစားလို့

အခုဆို....
သမီးတို့ ရွာလေးမှာ
ရပ်ပ်ဂီတနဲ့ ..ဗေဒင်ယတြာနဲ့
တစ္ဆေ၀တ္ထုနဲ့.. ကွန်ပြူတာဂိမ်းနဲ့
အင်တာနက်ကဖေးနဲ့.. ရှော့ပင်းမောတွေနဲ့
ရေသန့်စက်ရုံနဲ့ ..ဘောလုံးပွဲတွေနဲ့
ဦးနှောက်ယိုစီးခြင်း ပြဿနာနဲ့
မပြည့်စုံခြင်းတွေထဲမှာ ရောင့်ရဲတင်းတိမ်စွာနေထိုင်တတ်ခြင်းမင်္ဂလာနဲ့.....
အရာရာ....ဟာ...
ဟိုး....၂၇ နှစ်ကထက် သာလွန်နေခဲ့ပြီပေါ့ ဖေဖေရယ်..။

သမိုင်းဆိုတာ
ခေတ်တွေ တစ်ရစ်ခြင်းအနယ်ကျထားတဲ့
သက်ရင့်ကျောက်ဆောင်တွေပဲ ဖေဖေရယ်
နောင်နှစ်ပေါင်းများစွာမှာ...
အဲသည့်..ကျောက်သားကျောက်ဆောင်က
မီးတဟုန်းဟုန်း ထ တောက်ပြဦး..မှာ..

နေ၀င်ချိန်တွေကို လှမ်းမျှော်ကြည့်နေမယ့်
ဖေဖေ့မျက်ဝန်းတွေထဲမှာ...
ခေတ်ဟာ....
ဘယ်လိုစီးဆင်းသွားမလဲ...

ဖေဖေချစ်တဲ့ ဧရာဝတီ့ကမ်းဦးမှာ
ဖေဖေ..ဘာတွေ..တိုင်တည်ချင်နေမလဲ.......

"ကိုယ်နင်းထားတဲ့ အရပ်တိုင်းက အောင်မြေ" တဲ့..
ဖေဖေ...ရေ
သမီးရဲ့နှလုံးအိမ်ထဲမှာ ဖေဖေ့သွေးတွေက...ပူနွေးလို့

အဖေဆိုတာ..ဟာ
အိမ်တစ်အိမ်ရဲ့ အမိုး အကာပါ..
အဖေဆိုတာ..ဟာ
တောကြီးမျက်မည်းခရီးလမ်းအတွက်
သက်စောင့် ဆောင် ဓား တစ် လက် ပါ

ဖေဖေရေ...
အမိုးအကာ မဲ့ အိမ်ကြီးကနေ ထွက်လာခဲ့တဲ့..
ဖေဖေ့ သမီး...........
အခု
ရေကြည်ရာမြက်နုရာ ခေတ်ခရီးကြီးမှာ
ဖေဖေ့ဆောင်ဓားနဲ့ အင်အားတွေကိုသစ်လို့...
ဖေဖေ့.. အလင်းတစ်ပေါက်နဲ့...
မိုး သောက် ဖို့ ကြိုး စား နေ တုန်း ပေါ့..။ ။


အိန္ဒြာ
(၅-၅-၂၀၁၀)

(၅-၅-၂၀၁၀)တွင် ကွယ်လွန်ခြင်း၂၇ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော
သက်ရှိထင်ရှားရှိနေသေးလျှင် အသက် ၇၀ ပြည့်ပြီဖြစ်သော ဖေဖေ့ ကို
လွမ်းဆွတ်ခြင်းများဖြင့် တိုင်တည်ရေးဖွဲ့ပါသည်..။

( အမေများနေ့မှာ ဖေဖေ့အတွက်ရေးတဲ့ ကဗျာ အတွက် မေမေ ကျေနပ်ဂုဏ်ယူနိုင်မယ်ထင်ပါရဲ့)

15 comments:

သင်း said...

တစ်...ပါလား

သင်း said...

ကဗျာလေးကိုရွတ်ထားတာလေးပါတင်ပေးပါလား

Anonymous said...

နာတွ.... ခွိခွိ
မတင်ခင်ကတည်းက ဖတ်ပြီးနေပြီ... ဟဲဟဲ

တီဒြာရေ...
ကဗျာလေးက အရမ်းစူးရှသိမ်မွေ့လိုက်တာ...
အဖေကိုသိပ်ချစ်တန်ဖိုးထားတဲ့ သမီးတစ်ယောက်ရဲ့ စိတ်ထားတွေ... တိုင်တည်ကြိတ်ငြီးမှုတွေ... ယူကျုံးမရမှုတွေနဲ့ ကျေနပ်ထွန်းပေါက်နေမှုတွေ...
အတိုင်းသား ခံစားနေရတာက မြင်ရကြားရတာထက်တောင် ပိုသာလွန်းတယ်။

“ရေကြည်ရာမြက်နုရာ ခေတ်ခရီးကြီးမှာ
ဖေဖေ့ဆောင်ဓါးနဲ့ အင်အားတွေကိုသစ်လို့...
ဖေဖေ့.. အလင်းတစ်ပေါက်နဲ့...
မိုး သောက် ဖို့ ကြိုး စားနေတုန်း ပေါ့...”

အဆုံးသတ်က အားအင်တစ်ခုကို လှမ်းမြင်လိုက်တယ်။ ဘယ်တော့မှ လွှတ်မချမယ့် အဲဒီဆောင်ဓါးတစ်ချောင်းအတွက်
တစ်နေရာရာက ဘဘကြီးသာ မြင်နိုင်ဦးမယ်ဆိုရင် ဘယ်လောက်ဝမ်းသာဂုဏ်ယူလိမ့်မလဲ။ ။။။။။။

အမေတွေနဲ့ထပ်တူ အဖေတွေလည်း ချမ်းမြငြိမ်းချမ်းကြပါစေလေ။

Anonymous said...

အာကွာာာာာာာာာာာ
တီသင်းသင်းးးးးးးးးးးးးးးးးးးးးးးးးးးးး
လုံးးးးးးဝမကျေနပ်ဘူး....
ဒီမှာ သူများတကာက အားရပါးရ ကောင်းကောင်းမွန်မွန်ဖတ်ပြီး ရှယ်မန့်မန့်လေးရေးပေးနေတုန်းကို
ဒင်းကလက်ဦးသွားတယ်။... မခေါ်ဝူး။ ကောက်ပီ။

Unknown said...

အလင်းတစ်ပေါက်နဲ့
မိုးသောက်ပါစေ...
အစ်မရေ...............။

MANORHARY said...

ခရီးကို အစောကြီးထွက်ခွာသွားသူတွေဟာ
ကံကောင်းသူတွေလား ကံဆိုးသူတွေလား ..????
ကမ္ဘာမြေကြီးရဲ့ ပူခြင်းအေးခြင်း .......
စေတသိက်တွေရဲ့ ပူခြင်းအေးခြင်း တွေကို
ထိသိခံစားမနေရတော့တာတော့ မနာလိုချင်စရာပါပဲ ..
ကိုယ်တိုင်လည်း ငြိမ်းချမ်းအေးမြချင်နေပြီ .......

ဇွန်မိုးစက် said...

မရေ... အရောက်နောက်ကျလို့ ခွင့်လွှတ်ပါ။

အဖေတစ်ယောက်ကို တိုင်တည်ပြောပြနေတဲ့ သမီးကဗျာဆရာမရဲ့ အသံကို ကြားယောင် ခံစားရပါတယ်။

ကျန်ခဲ့တဲ့သူတွေမှာတော့ အပြောင်းအလဲတွေကြား ရုန်းရင်းကန်ရင်း လှုပ်ရှားရင်းနဲ့ ခရီးတစ်ခုဆီ လှမ်းနေရဦးမှာ။

မမ ဖေဖေ ကောင်းရာဘုံဘ၀ကနေ ချစ်သမီးရဲ့ ကဗျာရွတ်သံကို နားစွင့်နေမှာပါ။

မမချစ်တဲ့ ကျန်ရစ်သူများနဲ့အတူ ပျော်ရွှင်ပါစေ။

ညီမလေး
ဇွန်

Moe Myint Tane said...

စကားလုံးတွေကော အကြောင်းအရာပါ သိပ်ကို အားကောင်းတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါ မကြီးရေ။ အမေများနေ့အတွက် အမှတ်တရရေးဖွဲ့တဲ့ အဖေ့ကို တိုင်တည်ပြောပြတဲ့ ကဗျာလေး၊ ဒီကဗျာလေးမှာ ကျိုးကြောင်းဆက်စပ်ခြင်းတွေ အမှန်တရားရဲ့ပုံရိပ်တွေ စီးဆင်းမျောပါနေကြတဲ့ လူ့ဘ၀ရဲ့ ပဉ္စလက်ဂီတတွေနဲ့ ချယ်မှုန်းထားတာတွေ။
သိပ်ကောင်းသလို သိပ်လေးနက်တဲ့ ကဗျာကောင်းလေးလို့ဘဲ ပြောချင်ပါတော့တယ်။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

နှင်းမိုး said...

အမ ..
ကဗျာလေးကို နှလုံးသားနဲ့ ခံစားပြီးဖတ်သွားပါတယ်

ကိုလူထွေး said...

အဖေ့ရဲ့ ဝိဥာဉ်တပိုင်းတစ
သမီးဆီမှာ တွေ့ရတယ်...

လင်းဦး(စိတ်ပညာ) said...

ခေတ်ရဲ့ ရေစီးကြောင်းကတော့ အံမခန်းပါပဲ။ ရေစီးကြောင်းထဲက လူတွေကတော့ တဖြည်းဖြည်းနဲ့ အကျင့်ပျက်မှုတွေ များလာလေရဲ့...

ကဗျာလာခံစားပါတယ်...

လင်းဦး(စိတ်ပညာ)

ကိုရင်နော်ခင်လေးငယ် said...

မကြီး.. ရေ ရေ့ ရေး....

အရောက်နောက်ကျသွားတာ ခွင့်လွှတ်..း)

ကဗျာရွတ်သံကို နှလုံးသားနဲ့ ခံစားနားဆင်လိုက်ပါတယ်..

အသံနေအသံထား တွေက ရင်ထဲက လာတဲ့ ခံစားချက် အသံတွေမို့ ကဗျာဟာ ရုပ်လုံးကြွတက်လာတာ အသေအချာပါပဲ..

အနုပညာရသမြောက်နေတဲ့ ကဗျာလေးအတွက် ဂုဏ်ယူလေးစားပြီးရင်း လေးစားရင်းပါပဲ..

ထပ်တူဝမ်းနည်းခံစားမိပါတယ်..
မကြီးဖေဖေ ကောင်းရာဘုံမှာ ငြိမ်းချမ်းပါစေ..

(ကဗျာနောက်ခံ တီးလုံးလေးနဲ့ အသံသွင်းထားတာ၊ အက်ဒစ်လုပ်ထားတာလေး သိပ်ကောင်းတယ်..)

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

မယ့်ကိုး said...

ချစ်မလေးရယ်။
ကဗျာလေး ရွတ်ထားတာ နားထောင်ကောင်းလိုက်တာ။ တီးလုံးရယ်။စကားလုံးတွေရယ်။ လှပတဲ့ နရီချိုရယ်။

လင်းဒီပ said...

ယနေ့ တတိယအကြိမ်မြောက် ကဗျာရွတ်သံကို နားထောင်ပြီးနောက် ရောက်ရှိလာကြောင်း ကွန်မင့် ရေးဖြစ်ပါတယ် အစ်မ ။

တိုက်တိုက်ဆိုင်ဆိုင် အင်းလေးကန်မှာ ရေပေါ်ဈေးနဲ့ ဖောင်တော်ဦးဘုရားနား ဝန်းကျင် ရေတွေခန်းခြောက်နေတဲ့ စိတ်မချမ်းမြေ့ဖွယ် ဓာတ်ပုံလေးတွေ အခုပဲ ကြည့်လိုက်ရတယ် ။

ဒါတွေ မြင်တော့ အဖေတင်မဟုတ် ကျွန်တော်လည်း ကြည့်ရတာ စိတ်ထဲ ပူလောင်လိုက်တာ ။

emayarKhin said...

မမရေ...ကဗျာရွတ်ထားတာလေး
ကနားထောင်လို့ကောင်းလိုက်တာ...
မမရဲ့ဖေဖေကြားနိုင်ပါစေနော်...
မမရဲ့ဖေဖေရောမေမေပါ..ကျေနပ်ကြမှာပါ...