August 6, 2010

ကိုယ်ရေးကိုယ်တာ ကယ်ရီကေးချား

ကဗျာတွေ စာတွေ သေသေချာချာ မရေးဖြစ်တာကြာပါပြီ။ ၀တ္ထုလေးတွေ ရေးမယ်ပျိုးထားတာလည်း တစ်လုံးမှချမရေးဖြစ်ဘဲ အလုပ်တွေများနေတာလိုလို ၊နေမကောင်းတာလိုလို၊ ကွန်ပြူတာပျက်တာလိုလိုနဲ့
ကိုယ့်ကိုယ်ကို ဆင်ခြေပေးပြီး ပေကပ်နေခဲ့မိပါတယ်..။
အော်တဲ့သူတွေလည်း အော်နေကြပြီမို့ အခုချရေးမိလိုက်တဲ့ကဗျာကို အခုပဲတင်လိုက်ပါတယ်. ကဗျာပူပူနွေးနွေးဆိုပါတော့..း)

##############################



ကိုယ်ရေးကိုယ်တာ ကယ်ရီကေးချား

တစ်ကိုယ်စာလောက် တိတ်ဆိတ်ကြည့်ချင်တယ်
စိတ်တစ်ခေါ် အမျှော်အဝေးအတိုင်း

အတွေးတွေ မောဟိုက်နွမ်းနယ်လို့
အာရုံကို မီးမှိတ်ချိန်အထိ အိပ်မွေ့မချနိုင်ခဲ့...

စက္ကန့်ခြေချလိုက်သံတိုင်း မြည်ဟီးတုန်ခါ
အရုပ်ကိုကြိုးဖြတ်ထားသလို ခန္ဓာက လဲလျောင်းငြိမ်သက်

ရင်ခုန်သံအပျက် သံစဉ်နရီဆင်ဖိုနီများ

ဖြစ်တည်မှုအပေါ်မှာ ကန့်လန့်ဖြတ်မျဉ်းတစ်ကြောင်းရှိနေတယ်


ကဗျာငြိမ်းနေတော့ အခန်းက ပိုပြီး မဲမှောင်လို့
မျှော်လင့်ချက် ကိုင်းဖျားကိုင်းနားများ

တဂျစ်ဂျစ် မှန်ပြတင်းကို ကုတ်ခြစ်ရိုက်ပုတ်ကြ
လေထုထဲ အိမ်လွမ်းနာတွေ ဓါတ်ဖွဲ့ပေါင်းစည်း....

"အ သက် ရှု ရ တာ မ ၀ ဘူး "

ဒါဟာ..သီဆိုညည်းညူနေကျတေးချင်းတစ်ပုဒ်ပဲ..


အမှောင်ထဲ အလင်းပေါက်တွေ ကျဲတောက်လာပြီလား

ဖျတ်ကနဲ တစ်ရက်စာအိုမင်းသွားတဲ့ မျက်နှာကျ
ဖျတ်ကနဲ တစ်ရက်စာနှုတ်ယူသွားတဲ့ အသက်ဓါတ်တရား

ရပ်ထားလို့မရနိုင်တဲ့ ရှင်သန်ပျံသန်းခြင်းထဲမှာ

အတောင်ကို ရုတ်တရက် ရုပ် ကြည့်ချင်လာတယ်...


ဝင်လေသိ ထွက်လေသိ

ရှေ့စိတ်ကို နောက်စိတ်က လိုက်လိုက်သိယုံတဲ့

မောဟနဲ့သံသရာကို ကိုင်းကူးကိုင်းဆက်ပျိုးမိခဲ့သမျှ

အဖြစ်များ အပျက်များ.
အဖြစ် အပျက်များ....

မဖေါက်မပြန်မှန်ကန်သော ပရမတ္တသစ္စာတရား

အရုဏ်ကျင်းတာတောင် အသိတွေ မလင်းနိုင်သေးဘူး.

ဘယ်လောက်အသစ်ထွက်မှာမို့ မျက်နှာသစ်မိပြန်တာလဲ..


ဖီးလိမ်းပြင်ဆင်

ဖက်ရှင်ကျကျဆင်ရင်ပြီးတဲ့ အခါ

ဒီကနေ့ စီးတဲ့ ဖိနပ်ခေါ်ရာအတိုင်း..

ဘ၀ကို ဒုန်း စိုင်း ထွက်ခဲ့မိပြန်ပြီ..။



အိန္ဒြာ
(၇.၈.၂၀၁၀)
(ကာတွန်းပုံလေးက ဆရာပိုပို ကောက်ခြစ်ပေးခဲ့တာလေးပါ.။)

8 comments:

မယ့်ကိုး said...

ချစ်မလေးရဲ့ ကိုယ်ရေးကိုယ်တာ ကယ်ရီကေးချားဟာ အားလုံးကို ကိုယ်စားပြုတဲ့ ရုပ်ပုံလွှာ။ တကယ်ပါ။

....
ဝင်လေသိ ထွက်လေသိ
ရှေ့စိတ်ကို နောက်စိတ်က လိုက်လိုက်သိယုံတဲ့
မောဟနဲ့သံသရာကို ကိုင်းကူးကိုင်းဆက်ပျိုးမိခဲ့သမျှ
အဖြစ်များ အပျက်များ.
အဖြစ် အပျက်များ....
မဖေါက်မပြန်မှန်ကန်သော ပရမတ္တသစ္စာတရား
အရုဏ်ကျင်းတာတောင် အသိတွေ မလင်းနိုင်သေးဘူး.

....

kay said...

ဒီကနေ့ စီးတဲ့ ဖိနပ် ခေါ်ရာ အတိုင်း.....
(ရှယ်ပဲ)
ဖိနပ် မစီး ဖြစ်ပဲ.. အိမ်ထဲ မှာတင်..ဒုန်းစိုင်း နေတဲ့..ဘ၀ တွေ လည်း ရှိနေလိမ့်ဦးမယ် ထင်..။

ပုံကြမ်းလေး ကို သဘောကျ...ကဗျာဆရာမး)

emayarKhin said...

ဘယ်လောက်အသစ်ထွက်မှာမို့ မျက်နှာသစ်မိပြန်တာလဲ..

ဖီးလိမ်းပြင်ဆင်
ဖက်ရှင်ကျကျဆင်ရင်ပြီးတဲ့ အခါ
ဒီကနေ့ စီးတဲ့ ဖိနပ်ခေါ်ရာအတိုင်း..
ဘ၀ကို ဒုန်း စိုင်း ထွက်ခဲ့မိပြန်ပြီ..။

ဘာပြောကောင်းမလဲ..နောက်ဆုံးပိုဒ်
အသေအကြေခိုက်သွားတာပေါ့..။။။

နွေဆူးလင်္ကာ said...

ဟုတ်ပဗျာ .. လူတွေ လူတွေ .. မျက်နှာအဟောင်းကြီးကို သစ်သစ်နေလိုက်ကြတာ .. တကယ်ဆို စိတ်တွေကိုပဲ သစ်ပေးကြသင့်တာ .....

Mogok Thar said...

မျက်နှာကိုလဲသစ် ဖီးလိမ်းပြင်ဆင် ဖက်ရှင်ကျကျ လှပအောင် ပြင်ဆင်နေချိန်မှာပဲ စိတ်ဆိုတာကို တစ်ပါတည်း သန့်စင် သစ်လွင်စေလို့ ရမယ် ထင်ပါရဲ့။

(ရုပ်အသစ် ဖြစ်ချင်ရင်တော့ ဆာဂျရီလုပ်ရမယ်ထင်တယ်။) :-P

"အ သက် ရှု ရ တာ မ ၀ ဘူး " ကော...

ရှူဖို့ မေ့ မေ့ နေလို့..။

အရုပ်ကြိုးဖြတ် လဲ မပြတ်ပါဘူး

ကဗျာဆရာမ လှလှကြီးက...ကဗျာ မှော်အာရုံထဲ ပျံသန်းဆဲ.. ပျံသန်းမြဲ..

မိုးကုတ်သား

MANORHARY said...

အဲလို ဒုန်းစိုင်းဖို့ ဖိနပ်မစီးဖြစ်တာတောင် ကြာပေါ့
နေ့ရက်အသေတွေထဲမှာ လူအသေ စိတ်အသေ အိပ်မက်အသေတွေနဲ့ ... ပိတ်မှောင်ကြပ်မွန်း ..
စိတ်က အစွန်းအထင်းသိပ်များနေတယ် ..

ဇွန်မိုးစက် said...

”၀င်လေသိ ထွက်လေသိ
ရှေ့စိတ်ကို နောက်စိတ်က လိုက်လိုက်သိယုံတဲ့
မောဟနဲ့သံသရာကို ကိုင်းကူးကိုင်းဆက်ပျိုးမိခဲ့သမျှ
အဖြစ်များ အပျက်များ.
အဖြစ် အပျက်များ....
မဖေါက်မပြန်မှန်ကန်သော ပရမတ္တသစ္စာတရား
အရုဏ်ကျင်းတာတောင် အသိတွေ မလင်းနိုင်သေးဘူး.

ဘယ်လောက်အသစ်ထွက်မှာမို့ မျက်နှာသစ်မိပြန်တာလဲ..

ဖီးလိမ်းပြင်ဆင်
ဖက်ရှင်ကျကျဆင်ရင်ပြီးတဲ့ အခါ
ဒီကနေ့ စီးတဲ့ ဖိနပ်ခေါ်ရာအတိုင်း..
ဘ၀ကို ဒုန်း စိုင်း ထွက်ခဲ့မိပြန်ပြီ..။”

သိပ်ကြိုက်တာပဲ မရယ်...။

ငြိမ်းစိုးဦး said...

အသိ နဲ့ အလုပ် ဟာ ပြန့်ကျဲ
လဲနေတဲ့ နေ့ညများစွာ မှာ
ဘာ ကို ထိန်းချုပ်လို့ ဘာတွေ ဆက်ဖြစ်မလဲ
မလဲ ဘူးဆိုပြီး လဲ ၊ လှယ်
မလွယ်ပါဘူး ... ဆိုယုံနံ့ ပြီးရမှာလား တွေးမိပါတယ် ...
ငြိမ်းစိုးဦး