February 14, 2009

အောက်ချင်း စကား

အတောင်ပံအစုံကို ရုပ်ပြီး
မြေပြင်နဲ့ ပစ်ဆောင့်လိုက်သလိုမျိုး
င့ါရဲ့ ကျဆုံးခြင်းက
အထိနာပေမယ့် ခမ်းနားနေခဲ့တယ်။

ဒါဟာ မိုက်ရူးရဲဆန်တာမဟုတ်ဘူး
သစ္စာတရားကို သွေးနဲ့ ရေးချယ်ပြလိုက်တာ
ဒါဟာ ရူးသွပ်မှုမဟုတ်ဘူး
ချစ်ခြင်းမေတ္တာအတွက်
အရက်စက်ဆုံး သက်သေတည်လိုက်တာ။

ကောင်းကင်ဆီထိုးပျံလိုက်တဲ့
တောင်ပံဖျားက ဗျာပါရတွေက အစ
မြေပြင်ဆီ လှမ်းမျှော်ကြည့်လိုက်တဲ့
မျက်ဝန်းအစုံက မျက်ရည်ပူတွေ အလယ်
လေထုထဲ ပဲ့တင်ရိုက်သွားတဲ့
နှုတ်သီးဝက ရင်ကွဲနာသံ အဆုံး
အားလုံးဟာ တည်ငြိမ် ရဲရင့် နေခဲ့တယ်။

ဒါ ...ဆုံးဖြတ်ချက်
ဒါ ...ကလဲ့စား
ဒါ ...အမှန်တရား
ဒါ ...ထွက်ပေါက်
ဒါဟာ... လွတ်မြောက်မှု

အဲဒီနေရာမှာ....
ဓါးတစ်လက်နဲ့ တရိရိ မွှန်းဖြတ်နေသလိုမျိုး
ဘ၀တိုင်း နာကျဉ်နေရမယ့်
နောင်တတရားတွေကို အပင်ပေါက်စေရမယ်။
အဲဒီနေရာမှာ....
ကိုယ့်မျက်နှာကိုယ်ပြန်မကြည့်ရဲလောက်အောင်
ကိုယ့် လိပ်ပြာ ကိုယ် ပြန်ပြန်လန့်စေမယ့်
ကိုယ်ကျင့်သိက္ခာဆိုတာကို မော်ကွန်းထူထားပစ်ခဲ့မယ်။
အဲဒီနေရာမှာ....
နှောင်ဖွဲ့ချိုမြိန်မှုတွေရဲ့
အနှစ်သာရ စစ်စစ်ကို သံခိတ်ရေးပြီး ချန်ရစ်မယ်။

အဲဒီနေရာမှာ....ပေါ့
သေခြင်းတရားဆိုတာ
ထင်တာထက် ပေါ့ပါး နေခဲ့တာ။ ။

အိန္ဒြာ
(အလင်္ကာဝတ်ရည်ဂျာနယ်)


ဖုန်းထဲကနေ "မောင့်" ကို ခဏခဏ ရွတ်ပြမိတဲ့ကဗျာလေးပါ..။
သူကလဲ..ဒီကဗျာတစ်ပုဒ်ကိုပဲ စိတ်ဝင်တစားတောင်းဆိုတတ်ပါတယ်.။
ဒီကဗျာလေးအတွက် သရုပ်ဖေါ်ပုံကို ကဗျာဆရာ၊ဂရပ်ဖစ်ဒီဇိုင်းနာ၊ပန်းချီဆရာ
ကိုမိုးကြယ်(ယိမ်းနွဲ့ပါး) ကချီးမြှင့်ပါတယ်..။
ယိမ်းနွဲ့ပါးရဲ့ထွက်ပေါက်တစ်ဖက်ကိုသွားသွားပြီး ပန်းချီတွေ ဒီဇိုင်းတွေကို ငေးလိုက်.. သဘောကျလိုက်ရတာလေ..။




February 12, 2009

လွတ်လပ်သောနိဗ္ဗာန် (ဂီတဉ္ဇလီ အမှတ် ၃၅)


စိတ်က မကြောက်ဘဲနှင့် ခေါင်းကို မတ်စွာထားနိုင်သောအရပ်၌လည်းကောင်း၊
ပညာသည် လွတ်လပ်ရာ၌လည်းကောင်း၊
ကမ္ဘာကို ကျဉ်းမြောင်းသော လူမျိုးစုနံရံများဖြင့် တောက်စိပ် ပိုင်းခြားမှု မရှိရာ၌ လည်းကောင်း၊
စကားသည် နက်ရှိုင်းသော သစ္စာတွင်းမှ လာသောအရပ်၌လည်းကောင်း၊
မနေမနားသောအားထုတ်မှုသည် နိဗ္ဗာန်သို့ လက်လှမ်းသော အရပ်၌လည်းကောင်း၊
ဆင်ခြင်မှု ချောင်းရေသန့်သည် အကျင့်ဆွေး သဲကန္တာရ တွင်ခရီးလမ်းစ မပျောက်ရာ၌ လည်းကောင်း၊
စိတ်ကို အစဉ် ပြန့်ပြူးသော တွေးဆ ပြုလုပ်မှုတို့သို့ အရှင်ရှေ့ဆောင်ရာ၌ လည်းကောင်း၊
ထိုလွပ်လပ်သောနိဗ္ဗာန်၌ ငါ တို့ ၏ တိုင်း ပြည် သည် နိုး ကြား နိုင် ပါ စေ သ တည်း..။

ရာဘင်ဒြာနတ်တဂိုး
(တဂိုးစာပဒေသာ ၊ မောင်ဖြူး၊ ဇော်ဂျီ၊ မင်းသုဝဏ်)


အဖြူရောင်သက်တန့်ကဗျာရွတ်ပွဲကလေးတစ်ခုမှာ ကိုလွပ်လပ်အိမ်ရွတ်ခဲ့တဲ့ ဒီကဗျာစာသားတွေဟာ
တစ်ခါတစ်လေ..ကြားယောင်နေတတ်တဲ့အထိ လွမ်းမိုးနေခဲ့ပါတယ်..။
တစ်ယောက်တည်း အသံထွက်ရွတ်ကြည့်နေမိတတ်ပါတယ်..။
အခုလည်း..မျှဝေပေးချင်လာတာနဲ့...

February 10, 2009

ညဉ့်သိပ် သီချင်း

အပြုံးက
အိတ်ထောင်က ဆောင်ဓါးကို လှစ်ပြလိုက်သလိုမျိုး။

ကမ်းပေးလာတဲ့ ညာလက်ရဲ့ ပထမဆုံး အံဝှက်မှာ
ယဉ်ကျေးမှု အတုတွေ........
ကျွန်မ မသိချင်ယောင် ဆောင်တာကို
ရှင် မသိချင်ယောင် ဆောင်လိုက်တယ် ။

အဲဒီ့လို ချိုရီဝင်းပ နေရတာကိုလဲ
အော့နှလုံးနာလွန်းလှပါပြီ ....

တေးချင်းတွေ အက်သံနဲ့ ကွဲရှတုန်ရီ လို့ ။

ဟောဒီ့မှာ........
ညရဲ့ ပုခုံးသားတွေ ညွှတ်ကျသွားလုအောင်
ရက်ရောပစ်လိုက်ရတဲ့ ရှိုက်သံ အသေတွေ.......
ရှင် မသိချင်ယောင်ဆောင်ထားမှန်း...
ကျွန်မ မသိချင်ယောင်ဆောင်ဦးပေါ့ .....။

အိန္ဒြာ

အင်ပါရာမဂ္ဂဇင်းမှာ ညဉ့်သီချင်းဆိုပြီး. "သိပ်"တစ်လုံးပြုတ်ကျန်ခဲ့လို့ ဒေါ တွေခီး ခဲ့ရတဲ့ ကဗျာလေးပါ..။
ည လေး စပ်စပ်မှောင်လာတာနဲ့ အလှအပတွေပြင်ဆင်ပြီး..
ထွက်ထွက်သွားတတ်တဲ့ ကလေးမလေးကိုကြည့်ပြီးရေးဖြစ်ခဲ့ပါတယ်..။
သူတို့ကြည့်ရတာပျော်နေသလိုပဲ..။
ပျော်နေပါ့မလား......
ပျော်နိုင်ပါ့မလား.......ပေါ့..


February 7, 2009

နှင်းဆီတင်..ရထား


အမေလိုချစ်ရတဲ့ ဆရာမကြီးမအိရဲ့ကဗျာလေးပါ..။
ရုပ်ရှင်အမြုတေမှာ ဒီနာမည်နဲ့ပဲအခန်းဆက်ဝတ္ထုရှည်ရေးသားခဲ့ပြီးအခုလုံးချင်းထွက်ထားပါတယ်.။

ဆောင်းပါးတွေမှာကြည်အေးခေတ်ရှိသလိုမအိခေတ်ရှိတယ်လို့ပြောကြရေးကြပါတယ်.။
အခုကဗျာလေးဖတ်ကြည့်ရင်တောင်သိနိုင်လောက်ပါပြီ။
အကြောင်းကြောင်းကြောင့် ၁၂နှစ်လောက်ပျောက်သွားခဲ့ပြီး..

ဘ၀တစ်လျှောက်လုံး..စာရေးခြင်းတစ်ခုတည်းနဲ့အသက်မွေးခဲ့ အသက်မွေးနေပါတယ် ။
အမေအိက သူ့ကဗျာခေါင်းစဉ်လေးတွေနဲ့ ၀တ္ထုတိုလေးတွေပါရေးတတ်ပါတယ်..
အိန္ဒြာကတော့ ကဗျာတွေပိုကြိုက်တယ်လို့အမြဲပြောပြောနေပေမယ့် ပြောတိုင်းလည်း

ဝတ္ထုတွေလဲကောင်းတာပါပဲလို့ အပိတ်စကားလေးပါထည့်ထည့်ပြောဖြစ်ခဲ့ပါတယ်.။
တကယ်တော့ ကိုယ်က ကဗျာ..ဆို..(ဒိုးလုံးစကားငှားပြောရရင်..) အရိုးထိအောင်ရူးနေခဲ့တာကိုး......
(ပုံလေးက အမေအိ စာအုပ်မျက်နှာဖုံးပုံလေးဖြစ်ပြီး..ဒီဇိုင်းကိုဖြူမွန်ကရေးဆွဲထားပါတယ်..။ )

နှင်းဆီတင်ရထား

အရုဏ်သို့ချဉ်း
နှင်းခမျက်တောင်
ငွေရောင်ပိတ်ဖုံး
အရှေ့တစ်ခွင်လုံးမှိုင်း
မြူတံတိုင်းကာဆီး
မေလည်း...ခရီးသည်..။

ပြတင်းဝမှာ ပန်ပါ့နှင်းဆီ
မခွဲမီလွမ်း၊ ရှိုက်နမ်းမွှေးမြ
ထုံးနှောင်လွှဝယ်.၊ကြွရွဖြူလွင်
မကြွေခင်တော့ ပြန်ခဲ့မယ်..။

နှင်းတွေနဲ့ ဖိ
မေ့ပေါ် အိကျ
မောလျ ဖိုလှိုက်
နှင်းနံ့တစ်ရှိုက်...... ပန်းတစ်ရှိုက်လေ..။

ရှေ့နောက်ဝဲယာ၊ မမြင်သာဘူး ရပ်ရှစ်မျက်နှာ
မြူမွေ့ယာခင်း၊ နှင်းတို့ပျော်ပါး..
အကစားမက် ၊ဝှေ့ယမ်းနှုတ်ဆက်
အလွမ်းလက်ကလေး...
ဝေး...ဝေး...ဝေး....သွား..။

တဖြည်းဖြည်းချင်း
အလင်း တောက်ပ
မြူငွေ့ပါးလျ
ရထားအထွက်
မေ့ မျက်ဝန်းထဲ
နှင်း.. ဝေဆဲကွယ်။

မအိ



(အလွမ်းလက်လေး...ဝေး ဝေး..ဝေး..သွား...၊ အမေအိ..ရေ မကြွေခင်တော့ ပြန်ခဲ့မယ်...)

February 3, 2009

အခု.. ငါတို့ လည်နေတဲ့..တောနက်

ပျင်းလို့ အသတ်ခံကြတယ်မရှိဘူး
အပျင်းပြေ သတ်ကြတယ်ပဲရှိတယ်..။

ငါလည်နေတဲ့ တောလဲနက်သထက်နက်လို့လာ..
ရူရှိုက်နေရတဲ့ လေကအစ..
မျက်စိထဲ မြင်ရာ .. တွေ့ရာ...
ကြယ်တွေ လတွေအဆုံး..
တစိမ်းတရံစာနံ့တွေ ရ နေတယ်..။

သတိအနေအထား...
ငါ ကျောကပ်ထားမိတဲ့ ပင်စည်ဟာ..
ဘယ်လိုသစ်ပင်အစားလဲ..
ဆူးကိုဆူးနဲ့ ထွင်သလို
အဆိပ်ကို အဆိပ်နဲ့ဖြေသလို..
စိတ်ကို စိတ်နဲ့ ပစ်ချဖို့..
ချွတ်နင်းဝင်လာမယ့် တစ်စုံတစ်ရာကို
အသက်အောင့်စောင့်နေရမဲ့အစား...
မုဆိုးကို တောပြန်လိုက်မယ့်...အတွေးနဲ့
အစွမ်းကုန်ရှင်သန်ထားရမယ်..။

ငါလည်နေတဲ့တောကနက်သထက်နက်လို့လာ..
နောက်ပြန်ဆုတ်ဖို့မရနိုင်တော့တဲ့
ခရီးရောက်ခြင်းလို့ပြောမလား
ငါ့ရေကြည်ရာမြက်နုရာလေးက
မအေးချမ်းဘူး..စိမ်းမြတယ်.။

ငါဟာ..ဘယ်သီချင်းကိုမှ အပျင်းပြေမသီဆိုခဲ့ပါဘူး
ငါ့ဦးချိုဆိုတာမျိုးနဲ့ မပလွှားမိဘူး.
ငါ့ခြေထောက်တွေငါလဲ.ကဲ့ရဲ့မနေပါဘူး..
ငါတစ်ထောက်နားတဲ့ ရေအိုင်မှာ..
ငါသဏ္ဍန်ကိုငါတော့ သေချာဆန်းစစ်ခဲ့..။

ငါလည်နေတဲ့ တောကနက်သထက်နက်လို့လာ..
မုဆိုးတောင်သားကောင်ဖြစ်နိုင်တဲ့ ခြေခင်းလက်ခင်းမှာ..
ငါတို့..နေရာထိုင်ခင်းတွေလဲကျုံ့ကျုံ့ပေးနေရ..
ပန်းရိုင်းပွင့်လေးရဲ့ ရနံ့သာသာလေးကအစ
သစ်ခြောက်ပင်ရဲ့ နောက်ဆုံးရွက်ကြွေအဆုံး...
အားလုံးကို သံသယစိတ်နဲ့ စောင့်ကြည့်နေလိုက်တယ်.။

ဘ၀ဆိုတာ...
သူများရဲ့ စိတ်ပြေလက်ပျောက် ကစားကွက်ထဲမှာ
လွယ်လွယ်ကူကူ သွေးမြေကျပေးဖို့ မဟုတ်ဘူး..
အရိပ်ကိုရန်သူထင်နေတဲ့
ငါ့ကိုယ်ငါ ကာကွယ်လိုခြင်းတရားဟာ
လက်ရှိ အရာရာအတွက် မှန်ကန်တယ်..။

ငါလား....
ဒုက္ခနဲ့ကျစ်ခဲနေတဲ့ ၃၁ဘုံသားပဲပေါ့..
သူလိုကိုယ်လို ဒဏ်ရာ.ဒဏ်ချက်ရ
ခေတ် လူငယ်မတစ်ယောက်ပေါ့..

ငါလည်နေတဲ့ တောလဲနက်သထက်နက်လို့လာ..
သေချင်တဲ့ကျားတောပြောင်းဆိုတာမျိုးက
ရိုးလွန်းဟောင်းလွန်းပါတယ် ကွာ...
တစ်ရွာပြောင်းရင်ပဲသူကောင်းဖြစ်နိုးနိုးစိတ်တွေသာ...
သိပ် သနားစရာကောင်းတာပါ....

အရင်းအနှီးတွေသိပ်များလွန်းနေပြီ....
ပွဲက
နေရာချထားခြင်း မပြီးတတ်ခင်အနေအထားပဲ...

ကဲ...

ငါတို့.
မီး သေ မ သေ စောင့်ကြည့်နေစဉ်စပ်ကြား
နာ ဖျား မ သွား ကြ ဖို့ .....ကိစ္စ.....အတွက်.....


အိန္ဒြာ (၂၉.၁.၂၀၀၉)

January 30, 2009

လွမ်းလို့ရေးထားတဲ့..ကဗျာ

အိမ်ခေါင်မိုးကို ဖျက်ချလိုက်သလိုမျိုး
ဧပြီမှာ....
သမီးတို့
လိမ့်နေအောင် အပူလောင်ခဲ့ကြ။

ဘယ်လိုဖြောင့်ချက်ကမှ
အမေ့ကို ပြန်မဆွတ်နိုင်တော့ဘူး...
အဖေ့သင်္ဘောက
အမေ့ဆိပ်ကမ်းကနေတရွေ့ရွေ့
ဆိပ်ကမ်းသစ်ကလေး အရှေ့မှာ
ကျောက်ချ ရပ်နားပစ်လိုက်တာ.........ခုထိ။
အမေ့ကောင်းကင်မှာ အလင်းတွေညို့ကျသွားပေမယ့်
အမေ့မာနတွေကတော့ ရဲရဲလင်းလင်း ၀င်းပ
ဘာ-မှ-မ-လို-ဘူး ဆိုတာ
အဖေ့အတွက်နောက်ဆုံးစကား....တဲ့။
အမေ့ပုခုံးသားတွေ ညွှတ်ကျသွားလောက်အောင်
ဘ၀တွေက သိပ်လေးလံခဲ့မှာ..
သမီးခမျာ ငယ်သေးတော့ မသိတတ်ခဲ့ဘူး။

အခု-
အဖေ မတ်တပ်စမ်းပေးခဲ့တဲ့ ခြေဖ၀ါးမှာ
သမီး မားမားရပ်လို့
အဖေ တွဲကူခဲ့တဲ့ လက်ချောင်းသေးသေးလေးတွေက
ကွန်ပြူတာ တဖျောင်းဖျောင်း ရိုက်နေပြီ။
အဖေ အစာခွံ့ခဲ့တဲ့ နှုတ်ခမ်းကလေးမှာ
နှုတ်ခမ်းနီ ဆိုးတတ်နေပေမယ့်
အဖေ ပေးခဲ့တဲ့ သင်ခန်းစာက
သမီးကို ခပ်မာမာ ပြဌာန်း ထားခဲ့တော့.............။

အဖေမေ့နေခဲ့တာလား...
အဖေ့ မှာ သားတွေ၊ သမီးတွေများနေနိုင်ပေမယ့်
သမီးမှာ အဖေတစ်ယောက်ပဲ ရှိတယ်ဆိုတာလေ...။
အဖေ့ အသစ်စက်စက် သားငယ်လေး အတွက်
သမီးကို ချော့မြှူခဲ့တဲ့ တေးချင်းတွေကအဆင်သင့်၊
သမီးကြိုက်တဲ့ ပုံပြင်တွေနဲ့လည်း..
အဖေ့သားလေး အိပ်တတ်ခဲ့ ရော ပေါ့..။

အဖေပျော်နေတယ် မဟုတ်လား..

သမီးတို့ အသည်းနှလုံးမှာတော့
ကျွဲပုခုံးကို... ထလို့။ ။


အိန္ဒြာ (၂၀၀၆ခုနှစ်၊မဟေသီမဂ္ဂဇင်း)

ဒီကဗျာလေးနဲ့ ပတ်သက်ပြီးပြောစရာတွေက ဆောင်းပါးတစ်ပုဒ်စာနီးနီးလောက်ရှိနေခဲ့ပါတယ်.။
အရမ်းကိုချစ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့မိသားစု ခံစားချက်လေးပေါ့..။
သူက ကိုယ့်ကို ရင်တွေဖွင့် ထုံးစံအတိုင်းကိုယ်ကဦးအောင်ငို..နောက်ငါ့ကို ကဗျာရေးပေးနော်ဆိုတော့လည်း ရင်နဲ့တစ်လုံးခံစားပြီး..ရေးချလိုက်တာ..
အိန္ဒြာ့အဖေကနောက်မိန်းမယူသွားတာလားဟင်လို့ မေးကြတဲ့အထိပေါ့..
နောက်...မဂ္ဂဇင်းထွက်လာတော့ သူငယ်ချင်းကိုသူ့အဖေကိုလက်ဆောင်ပေးဖို့ လက်ဆောင်ပေးလိုက်မိပါတယ်.။
ဖေဖေ က ငိုင်နေလိုက်တာဟာ.အကြာကြီးပဲ..၊ ငါလည်း ငိုပြီးပြန်လာခဲ့တယ်တဲ့... ဆိုတော့ ကိုယ်စိတ်မကောင်းတွေထပ်ဖြစ်ရပြန်တယ်..။
(မကောင်းလိုက်ပုံကလေ..ကြည့်ကြတော့..)
နောက်တော့ သေသေချာချာလေးလေးနက်နက်တွေစဉ်းစားမိပြန်တယ်....
သားသမီးဆိုတာ..ရွေးချယ်ခွင့်မရှိကြတဲ့ မြေစာပင်လေးတွေပဲနော်..
ဘာအကြောင်းတွေကြောင့်ပဲ အိမ်ထောင်တစ်ခုပြိုကွဲသွားသွား...မိဘတွေကတော့ ပုဂ္ဂလိက အာဃာတွေ ၊ နာကျည်းမှုတွေ..၊ ဒေါသနဲ့ မန်မာနတွေ...နောက်အနည်းဆုံးဂျင်းစိမ်းနဲ့ မိတ်သလင်ဆိုတာမျိုး.နဲ့ဖြစ်ဖြစ် စိတ်အခံအမာထည်နဲ့ ခံစားချက်ကို တင်းခံထားနိုင်ကြကောင်းပေမယ့်
မိဘနှစ်ပါးစလုံးအပေါ်မှာ ချစ်ခြင်းမြတ်နိုးခြင်းနဲ့ လေးစားတွယ်တာခြင်းတွေပဲရှိတဲ့ သားသမီးဘက်မှာ ဘယ်အရာကမှ ဖျောင့်ဖျ၊ မတ်တည်ပေးနိုင်မယ် မထင်ပါဘူး...
အမြဲတမ်းတစ်စုံတစ်ရာလစ်ဟာနေတဲ့..သူတို့ရင်ထဲကို ဘယ်အရာနဲ့မှပြည့်နိုင်လိမ့်မယ်...မထင်ပါဘူး..။
အခုကဗျာလေးထဲကကောင်မလေးခမျာလည်း သူ့အဖေ့ကို ချစ်ပေမယ့် လွမ်းရုံပဲတတ်နိုင်ရှာတယ်လေ...။

January 28, 2009

ဆုတောင်း

ဆရာကိုမိုးဃ်ဇော်ရဲ့ ကျန်ခဲ့တဲ့.ဆယ်နှစ်ကျော်က ကဗျာလေးပါ။
ခုချိန်အထိ.ပူနွေးလတ်ဆတ်နေတုန်းမို့ ခံစားမိရာကဏ္ဍလေးကတဆင့်မျှဝေလိုက်ပါတယ်.။



ဟောဒီ့မှာ
အပ်တန်းလန်းနဲ့နေ့တွေ
ပိုက်တန်းလန်းနဲ့ညတွေ

မသေသေးတဲ့ သေခြင်းတရားတွေ
အသေစောတဲ့သေခြင်းတရားတွေ
မသေသင့်တဲ့ သေခြင်းတရားတွေ

စုတ်ထုတ်ခံရတဲ့ အတိတ်တွေ
ပန်းထွက်နေတဲ့ အနာဂါတ်တွေ
သွန်ပစ်နေရတဲ့ ပစ္စုပ္ပုန်တွေ

နေ့မြင်ညပျောက် ဘော်ဒီစပရေးတွေ
ကျင်းတူးထားတဲ့ ဘ၀တွေ
ဘီစကစ်မုန့်လိုခန္ပ္ဓာတွေ ။

လူတစ်ယောက်
ကြမ်းပြင်ပေါ်ကျကွဲသွာတာ
လူတစ်ယောက်ရပ်ထားရင်းပိန်ချိုင့်သွားတာ
လူတစ်ယောက်ဖုန်တောထဲ လွင့်ပျံသွားတာ
ဘာမှ..မထူးဆန်းဘူး
ကျွန်တော့်ကို ရန်လိုနေတာ
ခင်ဗျားတို့ သိပ်ပင်ပန်းမှာပဲနော်။

ဟောဒီ့လေထုထဲ.
မမြင်ရတဲ့ ပန်းတွေသာ မရှိခဲ့ရင်
မကြားရတဲ့ သီချင်းတွေသာ မရှိခဲ့ရင်
နိုးတစ်ဝက်အိမ်မက်တွေသာမရှိခဲ့ရင်
သေချင်တယ်။

သေလို့လည်း အေးချမ်းသွားမှာလား..
သေသူ့ထံက
ကြေးနန်းပို့ချက်ရတယ်
မသေခင်ကာလ
တရားကိုနတ်စောင့်ပါစေသား။
လူများ၊နတ်များ၊ဗြဟ္မာများ
ကိုယ်ချင်းစာနိုင်ကြစေသား။ ။

မိုးဃ်းဇော်
(ရုပ်ရှင်တေးကဗျာ၊၁၉၉၈ ၊သြဂုတ်)