February 10, 2009

ညဉ့်သိပ် သီချင်း

အပြုံးက
အိတ်ထောင်က ဆောင်ဓါးကို လှစ်ပြလိုက်သလိုမျိုး။

ကမ်းပေးလာတဲ့ ညာလက်ရဲ့ ပထမဆုံး အံဝှက်မှာ
ယဉ်ကျေးမှု အတုတွေ........
ကျွန်မ မသိချင်ယောင် ဆောင်တာကို
ရှင် မသိချင်ယောင် ဆောင်လိုက်တယ် ။

အဲဒီ့လို ချိုရီဝင်းပ နေရတာကိုလဲ
အော့နှလုံးနာလွန်းလှပါပြီ ....

တေးချင်းတွေ အက်သံနဲ့ ကွဲရှတုန်ရီ လို့ ။

ဟောဒီ့မှာ........
ညရဲ့ ပုခုံးသားတွေ ညွှတ်ကျသွားလုအောင်
ရက်ရောပစ်လိုက်ရတဲ့ ရှိုက်သံ အသေတွေ.......
ရှင် မသိချင်ယောင်ဆောင်ထားမှန်း...
ကျွန်မ မသိချင်ယောင်ဆောင်ဦးပေါ့ .....။

အိန္ဒြာ

အင်ပါရာမဂ္ဂဇင်းမှာ ညဉ့်သီချင်းဆိုပြီး. "သိပ်"တစ်လုံးပြုတ်ကျန်ခဲ့လို့ ဒေါ တွေခီး ခဲ့ရတဲ့ ကဗျာလေးပါ..။
ည လေး စပ်စပ်မှောင်လာတာနဲ့ အလှအပတွေပြင်ဆင်ပြီး..
ထွက်ထွက်သွားတတ်တဲ့ ကလေးမလေးကိုကြည့်ပြီးရေးဖြစ်ခဲ့ပါတယ်..။
သူတို့ကြည့်ရတာပျော်နေသလိုပဲ..။
ပျော်နေပါ့မလား......
ပျော်နိုင်ပါ့မလား.......ပေါ့..


17 comments:

HAPPY CLOUD said...

ကမ်းပေးလာတဲ့ ညာလက်ရဲ့ ပထမဆုံး အံဝှက်...ဆိုတဲ့ စာသားလေး ဖတ်ရတော့...ကျနော်တို့တွေ ဒီကဗျာအကြောင်းပြောကြတုန်းက
အိမ်မက်ရှင်ပြောတာလေး သတိရသွားတယ်.. အမရယ်... :D


ပက်ပက်စက်စက် ခင်တဲ့...
မိုးမောင်

Anonymous said...

"ရှင် မသိချင်ယောင်ဆောင်ထားမှန်း...
ကျွန်မ မသိချင်ယောင်ဆောင်ဦးပေါ့"
အဲ့ဒီစာသား အဓိပ္ပါယ်သိပ်ရှိတာပဲ.. တီတီအိန္ဒြာ့ကဗျာဆိုတော့ ကောင်းပြီးသားပါဗျာ..

လင်းဒီပ said...

ကျွန်တော်လည်း မသိချင်ယောင်ဆောင်ပြီး ဖတ်သွားတယ်..(ရှုပ်ကုန်ပြီ..ဟီး)

သူတို့တွေ မသိချင်ယောင်ဆောင်နေကြတာကို မသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်..

ခင်မင်စွာ
လင်းဒီပ

ATN said...

ကောင်းချက်ကတော့ ပြောစရာမလိုတော့...
ပြတ်ရှသွားစေတဲ့ ကဗျာ တပုဒ်ပါပဲ...

အိုင်လွယ်ပန် said...

ကောင်းလိုက်တာအစ်မရာ....
ကျွန်တော်လဲ အဲလိုမျိုးလေးအရင်ကတစ်ပုဒ်ရေးဘူးတယ်ဗျ ...
အစ်မလောက်မကောင်းတာအမှန်:P

ညီအကိုများ said...

အစ်မရေ..
ကဗျာကောင်းတယ်ဗျာ..

တစ်ကယ်ပဲ အဖွဲ့အနွဲ့ကလက်ဖျားခါသွားရလောက်အောင်ပါပဲ။
စကားမစပ် နေကောင်းရင်အသုတ်လုပ်ကြွေး.. :)

ခင်မင်လေးစားလျက်
မိုးကြယ်

ကိုရင်နော်ခင်လေးငယ် said...

ချစ်တဲ့ မကြီး..

ရှင် မသိချင်ယောင်ဆောင်ထားမှန်း...
ကျွန်မ မသိချင်ယောင်ဆောင်ဦးပေါ့ .....။
တဲ့လား....

ရေးတတ်လိုက်တာ မကြီးရာ..
ညွတ်ကျသွားတယ်... ...

ချစ်ခင်လေးစားလျှက်..
ခင်လေး

Mhu Darye said...

came and read ^-^

ဆောင်းယွန်းလ said...

အပြုံးက
အိတ်ထောင်က ဆောင်ဓါးကို လှစ်ပြလိုက်သလိုမျိုး။

ကမ်းပေးလာတဲ့ ညာလက်ရဲ့ ပထမဆုံး အံဝှက်မှာ
ယဉ်ကျေးမှု အတုတွေ........
ကျွန်မ မသိချင်ယောင် ဆောင်တာကို
ရှင် မသိချင်ယောင် ဆောင်လိုက်တယ် ။

အဲဒီ့လို ချိုရီဝင်းပ နေရတာကိုလဲ
အော့နှလုံးနာလွန်းလှပါပြီ ....

တေးချင်းတွေ အက်သံနဲ့ ကွဲရှတုန်ရီ လို့ ။

ဟောဒီ့မှာ........
ညရဲ့ ပုခုံးသားတွေ ညွှတ်ကျသွားလုအောင်
ရက်ရောပစ်လိုက်ရတဲ့ ရှိုက်သံ အသေတွေ.......
ရှင် မသိချင်ယောင်ဆောင်ထားမှန်း...
ကျွန်မ မသိချင်ယောင်ဆောင်ဦးပေါ့ .....။

အန္တရာယ်တွေ ပြွတ်သိပ်နေတဲ့
အပြုံးမျိုးပေါ့...
တစ်ယောက်ရဲ့ မသိချင်ယောင်ဆောင်မှုက အတု
တစ်ဦးရဲ့ မသိချင်ယောင်ဆောင်ခြင်းက ဟန်ဆောင်မှု
ကမ်းလိုက်တဲ့ ညာလက်တစ်စုံမှာ
သွေးတွေ တလဟောခုန်ဆင်း
ရင်ခုန်သံအသေတွေနဲ့ မှောင်ရီပျိုးညနေခင်းမှာ..
ဒီလိုနဲ့ ညဥ့်သိပ်သီချင်းတစ်ပုဒ်
စူးစူးရဲရဲ ဂီတထဲမှာ နစ်မြုပ်ရင်း
စည်းကုန် ဝါးကုန်တုန်ခါနေခဲ့ပေါ့
အရုဏ်ရဲ့ အခင်းအကျင်းမှာတော့
လောကကြီးက သူ့အတိုင်း...

ညီမရဲ့ကဗျာလေးကိုဖတ်ပြီး ကြိုက်လွန်းလို့
ခံစားတတ်သလိုခံစားပြီး စိတ်ထဲပေါ်လာတာလေးတွေ
ရေးသွားခဲ့ပါတယ်...

ခင်မင်လျက်

Moe Myint Tane said...

"ရှင် မသိချင်ယောင်ဆောင်ထားမှန်း...
ကျွန်မ မသိချင်ယောင်ဆောင်ဦးပေါ့"

တစ်ခါတစ်ရံမှာ မသိချင်ယောင်ဆောင်ရတာ အရင်းအနှီး ကြီးလွန်းပါတယ်
မကြီးရာ..တစ်ခါတစ်ရံမှာပေါ့...

ဒီကဗျာလေး ဖတ်ပြီး မာမီမိုးလိုဘဲဧရာဝတီမှာပြော
ခဲ့တာလေးတွေ သတိရသွားတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Moe Cho Thinn said...

ညီမရေ
ဒီဘလော့ဂ်လာတိုင်း ကောင်းလိုက်တာ ဆိုတဲ့စကား မရေရွတ်ရဘဲ ပြန်သွားရတဲ့နေ့ကို မရှိတော့ပါဘူးလေ။ ရင်ထဲက ပြောတဲ့စကားပါ။

minn thuka said...

ကျွန်တော့် အမြင်သက်သက်ပါ...၊။
တကယ့် ကဝေလက်
ဒီကဗျာ ဒီထက်နဲနဲ ထပ်ရှည်ရင် အရသာပျက်သွားမလားပဲ..
အခုလို..ဖြတ်ချလိုက်တာ
အရမ်းခံစားလို့ကောင်းသွားတယ်
ရေးတာ..တွေးတာ တော်ရုံတင်မဟုတ်
အဖြတ်အတောက်လဲတော်လိုက်တာ..
တကယ့်ကို..လေးစားပါတယ်၊၊

အရုပ်ကလေး said...

ကဗျာကောင်းတစ်ပုဒ်ကို ရင်ဘတ်ထဲ ထည့်သွားတယ်..။

HAPPY CLOUD said...

အမရေ.... ကျနော်ပြောဖို့ မကျန်တော့ဘူးဗျာ... ပြောရင်လည်းကောင်းမှာ မဟုတ်တော့ ... မပြောတော့ပါဘူးဗျာ...
လန်ထွက်နေတာပဲ...
အဟီး...
ဖိုးမောင်

Anonymous said...

မကြီး ...
အရောက်နောက်ကျပေမယ့်
နောက်ဆုံးပိတ် အိတ်နဲ့ လာလွယ်ခဲ့တယ် ...
မကြီး တီးခတ်နဲ့ ညဥ့်သိပ်သီချင်းရဲ့ ဂီတသံထဲ စီးမျောကြည့်တော့ ...
အပြုံးတစ်ခုရဲ့ အေးစက်စက်အထိအတွေ့ကို ရေးဖွဲ့မှုက
ကြယ်တွေကြားက လမင်းပဲ ...
အသိစိတ်တွေထဲက လျစ်လျူရှုမှုဟာ အမှန်တရားတွေနဲ့
ဘ၀ရဲ့ ရပ်တည်မှုတွေကို အမည်းရောင်သုတ်လိုက်တယ် ...
အဲအခါမှာ ည ဖြစ်ကရော ...
ဒုတိယအပိုဒ်လေး ... ဧရာဝတီမှာထိုင်ကတည်းက ရင်ထဲ ထိနေတာ
ခံစားလိုက်ရတာလေး ပြောချင်လိုက်တာ အူကို ယားနေတာပဲ ...
အဲတုန်းက အမြည်းပဲ ခံစားလိုက်ရတာ ... အခုတော့ ခွေထားတဲ့ ခံစားမှုပေကို
ဆန့်ပြလိုက်တော့ ... ပေမှီဒေါက်မှီ အနုပညာ ...
ဦးနှောက်ထဲက အသိကို ခေါက်ကနဲ ကြိုးဖြတ်လိုက်သလို ပြတ်ကျသွားတာ ...
ကွဲရှတုန်ရီနေတဲ့ မိန်းမပျိုရဲ့ မနက်ခင်းတွေအတိုင်းပါပဲ ...
ကြွေနေတဲ့ ပန်းအသေတွေနဲ့ အတူ လိုက်ကောက်ခဲ့တဲ့ ရှိုက်သံတစ်တင်း
သူ့မနက်တွေကို မြင်ယောင်နေမိ...
ကလေးမလေးရဲ့ ညက နဂိုရှိရင်းစွဲထက် ပိုလို့ မည်းမှောင်နေပါကလားဗျာ ...
(ဧရာဝတီမှာ ထိုင်တုန်းက စနောက်ပြောခဲ့ပေမယ့် မကြီးရဲ့ ကဗျာတွေကို အချိန်ပြည့် လေးစားအားကျနေရဲ့နော် )

ခင်မင်လေးစားမှုများနဲ့

ဇေဇော် said...

ရှေ့က နှင်းဆီတင်ရထားမှာ ငေးနေတုန်း ရှိသေးတယ်...။ ကျနော်တို့ ဘာကြောင့် ကြိယာတွေကို ၄ လုံး ထပ် သုံးကြတာလဲ ဟင်..။ ဥပမာ... ချိုရီဝင်းပ..လို၊ ကွဲရှတုန်ရီ..လိုမျိုးပေါ့..။ ဒီလို ပုံစံမျိုးက လေးလုံးစပ်တွေရဲ့ ထင်ရှားတဲ့ ဟန်တစ်ခု..။ ဥပမာအလင်္ကာတွေ၊ နမိတ်ပုံတွေ၊ သင်္ကေတတွေ အသုံးများတဲ့ ခေတ်ပေါ်ကဗျာတွေထဲမှာ ဒီလို ပေါင်းစပ်သုံးတော့ ဘယ်လိုလေးလဲ မသိဘူး..။ အခုနောက်ပိုင်း ကဗျာတွေက ပန်ချီကားတစ်ချပ်ကို ပြောပြနေသလိုပဲ..။ ကဗျာရဲ့ မူရင်းကျောရိုးက ပါးလွန်းနေတာကလည်း ပြဿနာတစ်ခု..။ အကြောင်းအရာ ပါးပါးလေးမှာ နမိတ်ပုံတွေနဲ့ စကားလုံးတွေကို ပရိယာယ်မျိုးစုံ၊ တင်းကြမ်းပြည့် ထည့်သုံးထားတော့ ခရစ်စမတ်သစ်ပင် သေးသေးလေးကို ပြွတ်နေအောင် ဆွဲထားသလိုကြီး..။ ခုနောက်ပိုင်း ကဗျာတွေကို ဖတ်ရတာလေ...။ အစ်မ ကဗျာကို ပြောတာ မဟုတ်ဘူးနော်...။ အဲဒါကြောင့် ဖတ်ရတာ စိတ်ခံတွင်း မတွေ့ဘူး...။ ကြာပြီ..။ တစ်ခါ (ဆရာ)အောင်ချိမ့်တို့၊ (ဆရာ)သုခမိန်လှိုင်တို့ နောက်ပိုင်း ထွက်လာတွေကြတော့လည်း ဖတ်ရတာ တစ်မျိုးပဲ...။ ကဗျာဆရာကတော့ သူခံစားရသလို ရေးမှာပါပဲ..။ ခေတ်ကို ဖောက်ထွက်လာတဲ့ ကဗျာမျိုးတွေပဲ ဖတ်ချင်မိတယ်...။ အစ်မ.. ခေတ်ကို ဖောက်ထွက်နိုင်ပါစေဗျာ..။

Unknown said...

ကိုညီဇေ..
နောင်ကြီးရဲ့ ကွန့်မန့်တွေ ဖတ်ရတာ.. နောင်ကြီးရဲ့ ကဗျာတွေအပေါ်ခံစားတတ်တဲ့ သဘာကိုပြနေသလိုပဲ။ ကဗျာခံစားမှုတွေမှာ စနစ်ကျပြီး တော်တာတော့ သေချာပါတယ်။

ဒါပေမယ့် ကဗျာစာမေးပွဲစစ် ဆရာတစ်ယောက်နဲ့ ပိုတူနေတယ်ဗျး)။ လူဆိုတာ ကိုယ်အတ္တနဲ့ကိုယ်ပါပဲ၊ သို့သော်ငြားလဲ ကိုယ့်ရဲ့ စာဖတ်အားကို ပြချင်ယုံနဲ့ ကွန့်မန့်မှာ ထည်ဝါပြနေတာတော့ မလုံလောက်သေးဘူးဗျို့။ ကိုယ်တိုင်လဲ ဖန်တီးထားတဲ့ အနုပညာတွေ ရှိနေမယ်ဆိုတာ ငြင်းမရပါဘူး။ ဒီတော့ ကိုညီဇေရဲ့ အနုပညာရပ်ဝန်းလေး တစ်ခုကို ကျနော်တို့ မြည်းစမ်းကြည့်ချင်တယ်ဗျာ..နော။

အပြောတွေလျော့ပြီး အလုပ်နဲ့ အနုပညာလောကမှာ ရပ်တည်မယ်ဆိုရင် ခင်ဗျားက တကယ့်ကျောက်ကောင်းတစ်ပွင့် ဖြစ်နေမှာပဲ။ ပြောမယ့်သာ ပြောရတယ် ကျနော်ကိုယ်တိုင်ကတော့ မြန်မာစာဖတ်တတ်လို့ ဖတ်ရုံသက်သက်ပါဆရာညီဇေရေ။