October 10, 2009

သေနေတဲ့ နာရီ


+++++++++++++++++++++
တကယ်ဆို ဒီပန်းချီကားကို သူအဆုံးသတ်သင့်နေပြီ..။

ပိတ်လှောင်နေတဲ့ အခန်းကျဥ်းထဲမှာ
သူက သေနေတဲ့ နာရီပုံတူကို ဆွဲနေတာ..ဘယ်လောက်ကြာပြီလဲ..

အပြင်ကိုသူ ချောင်းကြည့်လိုက်မိပြန်တယ်.. ကြယ်အကြွေတွေ ပြည့်သိပ်နေတဲ့ လမ်းမက အမှောင်ထဲမှာပုံသဏ္ဍန်မပျက်လဲလျောင်းအိပ်စက်နေတုန်း..။
လရောင်ဝါးဝါးမှာ...အရိပ်တွေ တစ္ဆေလို ရှိနေကြတုန်းလား...

တိမ်တွေဟာဓူဝံကြယ်ကိုတော့ဖုံးအုပ်မပစ်နိုင်ဘူးသေချာတယ်လို့
တွေးမိပြန်တော့..သူအသက်ရူလို့ကောင်းလာသလိုပဲ..။

ချက်ချင်းဆိုသလို သူ ကဗျာတစ်ပုဒ်ပုဒ်ဆာလာတယ်..

နောက် ချစ်ခြင်းမေတ္တာနည်းနည်းနဲ့..အနွေးဓါတ်တစ်ခုဆာလာတယ်...

နောက်..ကြည်လင်နေတဲ့ အလင်းပျောက်တစ်ပေါက်လောက်....

နောက်...အနံ့တွေမပါတဲ့ လေသန့်စစ်စစ်..လေပြည်တစ်ဝှေ့လောက်...
ဟုတ်တယ်..သူတကယ်ကိုဆာလောင်နေခဲ့ပြီ... ဆာလောင်ခြင်းဟာစေ့စေ့စပ်စပ်ကြည့်လေ...နာကျည်းဝမ်းနည်းဖွယ်ရာကောင်းလေပါပဲ.. ဆာလောင်ခြင်းဟာ..စိတ်တွေကို တဆတ်ဆတ်ထိုးဆိတ်နေတဲ့ ငှက်ဆိုးတစ်ကောင်ရဲ့နှုတ်သီးပဲ ဆာလောင်ခြင်းဟာ..သွေးတွေကိုတပွက်ပွက်ပူခြစ်လာစေနိုင်တဲ့ မောင်းနှင်အားပဲ... သူ့အရိုးထဲ ခိုက်ခိုက်တုန်မတတ် အလွမ်းတွေ ကျဉ်စက်တက်လာတဲ့အခါ..
သူဟာ..ပန်းချီကားရှိရာကို ဆာဆာလောင်လောင်ကြီးမျက်နှာမူမိလိုက်တယ်

သေနေတဲ့ နာရီပေါ့..အဲဒီ့ပန်းချီကား..ဟာ။။

+++++++++++++++++++++


သူ့ဆံပင်တွေဟာ..ခါးသက်စရာကောင်းလောက်အောင်ရှည်လျားနေခဲ့လောက်ရောက်ပေါ့
ဆံပင်တွေရှည်သလို..နောင်တတွေများရှည်ထွက်လာခဲ့သေးလား.
မဟုတ်ပါဘူး..နောင်တဆိုတာ..အလွမ်းနဲ့ငြိုးသူ့ရန်ဖက်ပဲ...
ဆံပင်တွေရှည်သလို...အလွမ်းတွေထိုးထိုးထောင်ထောင်ရှည်လာတာ...
အိုးးးးးးးး
ဟိုးးးးးဝေးဝေးက ရထားဥသြဆွဲလိုက်သံလား....
ရထားဘီးတွေ..ခရီးတွေကို စီးပြီး တ၀ှီးဝှီးလည်ပတ်နေကြလား...
ရထားခေါင်းတွဲက အခိုးအငွေ့တွေ...လေထဲမှာ..တိမ်မျှင်တွေလို တန်းနေမှာလား...
ရထားဟာ..အရှိန်နည်းနည်းလျှော့လိုက်ပြီလား...
ရထားပြတင်းမှာ...လက်ပြနေသူတွေရှိသလား.......
ရထားဟာ..ဘူတာဆီကို နီးကပ်လာပြီလား...
ဘူတာမှာ မျှော်လင့်ခြင်းတွေကိုအစွမ်းကုန်တပ်ဆင်ထားတဲ့မျက်ဝန်းတွေ...စောင့်ဆိုင်းနေပြီလား..
ရထားဟာ..ဘူတာလေးကိုကျော်သွားပြန်ပြီလား..။
ရထားဘီးအကြိတ်မှာ...တသိမ့်သိမ့်တုန်ခါနေတဲ့ သံလမ်းတွေရဲ့ညည်းညူသံဟာ..
သိပ်ကို အဓိပ္ပါယ်ပြည့်ဝတဲ့ပေးဆပ်နာကျင်ခြင်းတေးသွား..ပဲ
သူ့အရိုးထဲ ခိုက်ခိုက်တုန်မတတ် အလွမ်းတွေ ကျဉ်စက်လာပြန်ပြီ..။

++++++++++++++++++++++++++

အဲဒီ့ ပန်းချီကားဟာ..သေနေတဲ့ နာရီပဲ...

ပန်းချီကားရဲ့နောက်ခံကို သူက အနက်ရောင်ကိုရွေးချယ်ခဲ့တယ်...

ဟုတ်တယ်....အနက်ရောင်.. ပိန်းပိတ်နေတဲ့ အနက်စစ်စစ်အရောင်ပါ..။ အဲသလိုပိန်းပိတ်ခြင်းအနက်ရောင်ထဲမှာ..နာခံရိုကျိုးခြင်းတွေပါနေတယ်..။
နောက်..အနိဌာရုံများစွာကို သပ်သပ်ချေချေ အနှစ်ချုပ်ပြထားလိုက်ခြင်းတွေပါနေတယ်..။

အို...ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းတွေနဲ့..နက်ရှိုင်းတည်ငြိမ်နေတဲ့ ၀ိḩာဉ်တွေပါ ပါဝင်နေတာပါ..။
သြဇာအာဏာနဲ့ စွမ်းရည်သတ္တိ တွေ သိပ်သည်းမှောင်မိုက်နေစေဖို့ သူအနက်ရောင်ကို ၀ံ့ဝံ့စားစားရွေးချယ်ပစ်ခဲ့တာနေမှာပေါ့ စွမ်းရည်သတ္တိ..စွမ်းရည်သတ္တိ..
အဲသလို တဖွဖွ..ရေရွတ်လိုက်မိတာနဲ့
သူ့အကြည့်တွေက အပြာရောင်ကြယ်တွေဆီရောက်ကိုရောက်သွားပြီ

သစ္စာခံယူခြင်းသင်္ကေတတွေနဲ့ အပြာတွေက ပြာနေကြတာပါ..။
အဲဒီ့မှာ သတ္တ၀ါတွေကောင်းကျိုးသယ်ပိုးစိတ်တွေတစိမ့်စိမ့်ဖြာထွက်နေခဲ့တာ.

ကောင်းကင်ကြီးကို ကိုယ်စားပြုထားတဲ့ အပြာကို သမုဒ္ဒရာကြီးကိုကိုယ်စားပြုထားတဲ့ အပြာကို
သူ့ပန်းချီကားထဲက ကြယ်တွေ ကြယ်ကြွေတွေ ရဲ့အရောင်အဖြစ်ရဲရဲဝံ့ဝံ့ရွေးချယ် ပစ်ခဲ့တယ်..။ အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်.. အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်... သူဒီလိုခပ်ဖြည်းဖြည်းရေရွတ်လိုက်မိတယ်....။
နောက် ခပ်မြန်မြန်ကြီး..တရစပ် ရေရွတ်နေမိတယ်...
အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်...အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်...
ဒါပေမယ့် ဒီနေ့လည်း..ပန်းချီကားကို..အဆုံးမသတ်နိုင်ပြန်ပါဘူး..။

++++++++++++++++++++++++++


သူအနီရောင်ဆေးကိုစိတ်တိုင်းကျစပ်ဖျော်နေမိတယ်...
တဖြည်းဖြည်းအနီရောင်တွေဟာ..သူ့နှလုံးသွေးစက်တွေလိုပဲ..
ရုတ်တရက်မယုံနိုင်လောက်အောင်ကြေကွဲခြောက်ချားလာတယ်..
အနီရောင်..အနီရောင်တွေ..
အနီရောင်တွေဟာ..ဆန့်ကျင်ဘက်ကို အလဲထိုးအောင်နိုင်ခြင်းတဲ့.
.အနီရောင်ဟာ..မျှော်လင့်ချက်ရောင်ခြည်ရဲ့ အငွေ့အသက်တွေတဲ့..
အနီရောင်ဟာ..ပြင်းထန်တဲ့ စိတ်လှုပ်ရှားထိခိုက်မှုကို အပေးနိုင်ဆုံး ချစ်ခြင်းတရားတွေတဲ့..
သူများထက်ချစ်တတ်သူတွေဟာ..အနုပညာသမားတွေဖြစ်ကြတယ်..
အနုပညာသမားဆိုတာ.သူများထက်ချစ်တတ်တယ်...
အနုပညာသမားဆိုတာ..အရာရာကိုချစ်တတ်တယ်..
အနုပညာသမားဆိုတာ..အရာရာကိုချစ်တတ်ခြင်း.စိတ်ဝိဥာဉ်အတွက် သူတို့နှလုံးအိမ်တွေကို အမြဲတမ်း.ရှုင်းလင်းသန့်စင်ထားခဲ့ကြသူတွေဖြစ်တယ်..
သူဟာ..ကျွန်တော်ဟာ..သိပ်ချစ်တတ်တဲ့ အနုပညာသမားတစ်ယောက်ပါ..
ကျွန်တော့ချစ်ခြင်းတရားတွေထဲမှာ အမှန်တရားက နံပါတ်စဉ် တစ် မှာပါခဲ့တယ်..
အမှန်တရားကို ချစ်ခင်ခြင်းဟာ..အမှားတွေကို ထိပ်တိုက်ရင်ဆိုင်ခြင်းစိန်ခေါ်ပွဲတစ်ခုပေါ့..
စိတ်ချ..ကျွန်တော့်ခရီးက အမှန်တရားနဲ့စခဲ့လို့ အမှန်တရားနဲ့ အဆုံးသတ်မှာပါ...
မင်းသိပ်ခေါင်းမာတဲ့ ကောင်ပဲကွာလို့..ဖေဖေကမချိတင်ကဲ..မြည်တမ်း..ကြေကွဲသွားသေးလား..
ချစ်သူ့ရဲ့ နာကျည်းအံကြိတ်သံတွေ ပဲ့တင်ရိုက်ခတ်နေပြီလား...
ချစ်သူဟာ..ဘယ်သူ့ရာသီမှာ..လှလှပပပွင့်ပြနေရတဲ့..ပန်းလေးတစ်ပွင့်ဖြစ်နေခဲ့ပြီလဲ...
အမေ....အမေ...လို့ သူ့တမ်းတသံတွေကို...နောက် သူရဲ့ ငိုကြွေးခြင်းကို သူက သူ့မျက်ရည်တွေနဲ့မပေါ့ပျက်စေလိုဘူး....
နာရီတွေ...နာရီတွေ..နာတာရှည်အဖျားသွေးနဲ့..ကယောင်ကတမ်း..ညည်းညူကိုက်ခဲနေတဲ့ နာရီတွေ..
နောက်....သေဆုံးသွားကြပြီဖြစ်တဲ့ နာရီတွေ....
အိုးးးး
သွားစမ်းးကွားးးးးးးဒီအနီရောင်တွေ..
သူအနီရောင်ဆေးတွေကို ကြမ်းပြင်ပေါ်သွန်မှောက်ကျဲပက်ပစ်လိုက်တယ်...။

++++++++++++++++++++++++++


သူဟာတကယ့်ကို အလွမ်းတွေနဲ့ခိုက်ခိုက်တုန်နေခဲ့ပါပြီ... ဘာ..မှာမမြင်နိုင်တဲ့အရပ်ကိုမျှော်ကြည့်နေခြင်းဟာ..အရာရာပဲ..
ဘာ..မှ မရှိတဲ့ ရှုမျှော်ခင်းတွေဟာ..အရာရာပဲ...
အဲဒီ့အရာရာတွေကို စုစည်းထုတ်ပိုးပြီး..
.သူဒီပန်းချီချပ်ကို အဆုံးသတ်ရပါလိမ့်မယ်...
ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဖြစ်ခဲ့ ပျက်ခဲ့ သမျှ အခင်းအကျင်းတွေကို.ရောစပ်ပြီး.
သူက သမမျှတအောင်..အရောင်ချယ်ကြည့်ရပါလိမ့်မယ်..

ဒီ့ထက်စိတ်ပျက်ညစ်ညူးဖွယ်ရာမရှိတော့တဲ့ ဆက်တင်ကို..သူက စုတ်ချက်ခပ်ကြမ်းကြမ်းနဲ့ သရုပ်ဖေါ်ကြည့်ရပါဦးမယ်..

ဒီပန်းချီကားချပ်ရဲ့ကောင်းကင်ကို သွေးခြည်နည်းနည်းဥပေးပြီး.. ဒီပန်းချီကားချပ်ရဲ့..ထောင့်စွန်းမှာ..ဆာလောင်ခြင်းသစ်ပင်ကို
ခရမ်းရောင်တွေနဲ့စိုက်ပျိုးရပါလိမ့်မယ်..

လေထုထဲမှာ..အလွမ်းတွေ ထူထူသိပ်သိပ်ဝဲဝေ့နေတာကို...
သူက ဒီပန်းချီတစ်ချပ်နဲ့တင်.. သရုပ်ပေါ်ပီပြင်အောင် နက်နက်ရှိုင်းရှိုင်း ရေးဆွဲရပါလိမ့်မယ်...

သူက သူ့ဆုံးရှုံးခြင်းတွေရဲ့ တန်ရာတန်ကြေး နီးပါးအတိုင်း ဒီပန်းချီကားကို ရင့်ရင့်ရိုင်းရိုင်း ရေးဆွဲရပါလိမ့်မယ်...
ဒီပန်းချီကားထဲမှာ..သူ့ရဲ့သေနေတဲ့ နာရီကို အဓိက အသားပေးပြီး..စူးစူးရှရှရေးဆွဲရပါလိမ့်မယ်.. ဒီပန်းချီကားချပ်ထဲမှာ..လှောင်ပိတ်မွန်းကြပ်နေတဲ့ အခန်းအိုအိုတစ်ခုရဲ့ ရနံ့ကို စနစ်တကျဆေးဖျော်စပ်ပြီးကြေကြေကွဲကွဲ ရေးဆွဲရပါလိမ့်မယ်.. အစိမ်းရောင်ဆေးဖျော်ခွက်ကို အဝေးဆုံးမှာရွှေ့ထားပြီး ဒီပန်းချီကားကို သူက နာနာကျည်းကျည်း ရေးဆွဲရပါလိမ့်မယ်..
နောက် အနာတရအမျိုးမျိုးနဲ့ ပုံသဏ္ဍန်ပျက်ယွင်းစပြုနေတဲ့ သူ့နှလုံးသား ပုံတူတစ်ခု
နောက်..ဘယ်တော့မှ..မကျက်နိုင်လောက်အောင်..လှိုက်စားကိုက်ခဲနေခဲ့တဲ့...
စိတ်ဒဏ်ရာတွေ..
အားလုံးကို အနုစိပ်သရုပ်ပါအောင် သူဆွဲပြရပါလိမ့်မယ်....
ဟုတ်တယ်...
သူဆွဲရမယ်.....
သူက..ဒီပန်းချီကားကို..ရေးဆွဲပိုင်ခွင့်တစ်ခုထဲ မိမိရရပိုင်ဆိုင်ထာခဲ့သူ..

သူက ဒီပန်းချီကားချပ်ထဲက သက်ငြိမ် သရုပ်ဆောင်
လက်စသတ်ရမယ်...။
သူ ပဲ လက်စသတ်ရလိမ့်မပေါ့...ဒီပန်းချီကားကို.....

ဒါပေမယ့် ဒီနေ့လည်း..ပန်းချီကားကို..အဆုံးမသတ်နိုင်ပြန်ပါဘူး..။

++++++++++++++++++++++++++


မျှော်လင့်ချက်ဆို တာ ဘယ်တော့မှမညှိုးတတ်တဲ့ ပန်းတွေပါ...
ကောင်းကင်မှာ..ကြယ်တွေ မရေတွက်နိုင်အောင်.တလက်လက်လင်းပနေဆဲပါ..
ခုတိုက်ခတ်နေတဲ့ လေပြည်မှာ ကြယ်နံ့တွေ..တောင်ပါလာသလိုလို...
ယုံကြည်ချက်ဆိုတာ..နေရောင်မှာ တစ်ဖျတ်ဖျတ်လက်ဖြာနေတဲ့ ဓါးသွားတစ်လက်.
သစ္စာတရားဟာ..သိပ်ကြောက်စရာကောင်းလောက်အောင် ထက်မြက်စူးရှတဲ့ လက်နက်..။
သေချာတယ်..။
.သူ့သွေးတွေ..တဖြည်းဖြည်း နွေးမြလာပြန်တယ်...
အမှောင်တွေဟာ..အလင်းရောင်ကို အကြားအလပ်မရှိ လက်နက်ချစွန့်ခွာသွားကြသလိုမျိုး...ရောင်နီဟာ..လှလှပပကို..ဖြာလင်းလာဦးမှာပါ...လေ
အမှန်တွေဟာ..ရဲရင့်တဲ့ စစ်သူကြီးတစ်ယောက်ရဲ့အားမန်တက်ကြွမှုတွေနဲ့..
အမှားတွေရဲ့ကမ်းသိမ်းတိုက်ပွဲကို ဆင်နွှဲလိမ်းဦးမှာပါ..လေ
သူ့ခွန်အား.အချိန်.ဇွဲသတ္တိ ချစ်ခြင်းတရား..ḩာဏ်ပညာ..ယုံကြည် မျှော်လင့်ချက်နဲ့ အရာရာ...
သူပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးတွေ မနည်းပဲ...။ နည်းမှမနည်းပဲ ။
ဟုတ်တယ်....အမှန်တရားနင်းထားတဲ့အရပ်ဟာ..အောင်မြေ..
သူ့သွေးတွေ..တဖြည်းဖြည်း နွေးမြလာပြန်တယ်...
သေနေတဲ့ နာရီ ပန်းချီကားကို...သူ......အဆုံးသတ်ရမယ့်နေ့....
တစ်နေ့..နေ့......
အလို..
ခုတိုက်ခတ်နေတဲ့ လေပြည်မှာ ကြယ်နံ့တွေ..တောင်ပါလာသလိုပါလား.
.သူ့သွေးတွေ..တဖြည်းဖြည်း နွေးမြလာပြန်တယ်...

++++++++++++++++++++++++++


အင်းးးး
............................................. .......................

ဟိုးးးးးဝေးဝေးက ရထားဥသြဆွဲလိုက်သံလား....

ရထားဘီးတွေ..ခရီးတွေကို စီးပြီး တ၀ှီးဝှီးလည်ပတ်နေကြလား...
ရထားခေါင်းတွဲက အခိုးအငွေ့တွေ...လေထဲမှာ..တိမ်မျှင်တွေလို တန်းနေမှာလား...
ရထားဟာ..အရှိန်နည်းနည်းလျှော့လိုက်ပြီလား...
ရထားပြတင်းမှာ...လက်ပြနေသူတွေရှိသလား.......

ရထားဟာ..ဘူတာဆီကို နီးကပ်လာပြီလား...


ဆာလောင်ခြင်းဟာ..သွေးတွေကိုတပွက်ပွက်ပူခြစ်လာစေနိုင်တဲ့ မောင်းနှင်အားပဲ...


ဟုတ်တယ်...
သေနေတဲ့ နာရီပေါ့..အဲဒီ့ပန်းချီကား..ဟာ

ဒါပေမယ့် ....ဒီနေ့လည်း..ဒီပန်းချီကားကို..အဆုံးမသတ်နိုင်သေးပါဘူး..

ဒါပေမယ့်.. အမှန်တရား..နင်းထားတဲ့ အရပ်ဟာ...အောင်မြေ..ပါ။

++++++++++++++++++++++++++


အိန္ဒြာ

(၅.၁၀.၂၀၀၉)

8 comments:

အိုင်လွယ်ပန် said...

ဝတ္ထု ကောင်းလေးပဲအစ်မ ..
လှတယ် ...။။
အမှန်တရား နင်းထားတဲ့အရပ်ဟာ
အောင်မြေ ..
အဆုံးမသတ်နိုင်သေးတဲ့
ပန်းချီကား တစ်ချပ်ရဲ့ အဆုံးသတ် ..

ခရီး တွေ မဆုံးသေးသမျှ ...
သေနေတဲ့ နာရီ ဆိုတဲ့ ပန်းချီကား
မဆုံးနိုင် သေးလောက်ဘူး
အစ်မရေ ..။။။

အမည်မဲ့ said...

အိန္ဒြာက အိန္ဒြာဖြစ်ဖို့ ဟိုးအဝေးကြီးက လာခဲ့ရတယ်။ နားထဲမှာ ဆူညံနေတာပဲ။ ရော့ခ် ရော့ခ်။
အသံတွေက ငြိမ်းချမ်းစေတယ်
အသံတွေက သွေးဆူစေတယ်
အသံတွေက သွေးပူစေတယ်

သွေးတွေ ဆူလာပြီ
သွေးတွေပူလာပြီ
ဒီ ဂီတကို ရပ်နားသင့်ပြီ။

ပြာနေတဲ့ အပြာက ပြာကိုင်ရင် ကျွဲနွဲ့ပေါက်တတ်တယ်တဲ့ ပြာပြာသလဲ လွှတ်ချလိုက်တဲ့အခါ ဖြာထွက်သွားတဲ့ အပြာက အပြာရင့်ရောင်မဟုတ်တဲ့ အပြာနုနုလေး။

(ဒါနဲ့ စကားမစပ် ခင်ဗျား ကျွန်တော် အောင်ခဲ့တဲ့ မြေကို နင်းထားတယ် နည်းနည်းရွှေ့ပေးပါ။)

ဟားဟားဟားဟား

အမှန်တရားက ခြောက်ကပ်ကပ်နဲ့ ရယ်သွားတယ်။

ကျေးဇူးတင်ပါတယ်။

မယ့်ကိုး said...

မပြီးသေးတဲ့ ပန်းချီထဲက အရောင်တွေဟာ အသွေးကြွလွန်းလို့ ရင်ထဲထိ လာစင်တယ်။

ခက်ဆစ်အဖွင့်လေးတွေကလည်း အရမ်းလှတာပဲ မရယ်။

ပြီးတော့ အနုပညာသမားဆိုတာ..အရာရာကိုချစ်တတ်ခြင်း.စိတ်ဝိဥာဉ်အတွက် သူတို့နှလုံးအိမ်တွေကို အမြဲတမ်း.ရှုင်းလင်းသန့်စင်ထားခဲ့ကြသူတွေဖြစ်တယ်... ဆိုတာလေး အလွတ်ကျက်သွားပါတယ် မ ။

ချစ်တဲ့
=)

မမသီရိ said...

ကဗျာတပုဒ်လိုလှပနေတဲ့ ၀ါကျတွေနဲ့ ဖွဲ့ထားတဲ့ စာလေး ခံစားကြည့်ရင်း မပြီးနိုင်တဲ့ ပန်းချီကားတွေရေးဆွဲနေတဲ့ တစုံတယောက် ကို မြင်ယောင်လာမိတယ်

emayarKhin said...

စကားလုံးတိုင်းအတွက်...
နင့်နင့်နဲနဲခံစားချက်တွေအပြည့်နဲ့
အမှန်တရားနင်းထားတဲ့အရပ်ဟာ
အောင်မြေပါ......။။။


ချစ်တဲ့

MANORHARY said...

မပြီးသေးတဲ့ပန်းချီကားတစ်ချပ်
ကြပ်ညပ်နေတဲ့အရောင်ပြင်းပြင်းတွေနဲ့
ဓားတစ်စင်းလိုငါ့ကိုမောင်းနှင်နေလိုက်ပုံက
သံသရာကနေလွတ်ကျသွားတော့မယ့် ဆေးတစ်စက်လို
ညိုတိုတိုနဲ့ ............

ပြိုကျလာတော့မယ့် ကောင်းကင်ထောင့်စွန်းက
သံသယအရောင်တွေတရိပ်ရိပ်စွန်းထင်းလာတဲ့အခါ
စုတ်ချက်တွေက..မာကြောလာတယ်
အနားမသပ်နိုင်တော့တဲ့ အမှန်တရားတစ်ချို့နဲ့
သေဆုံးနေခဲ့တဲ့နာရီတွေ..
အဲဒါ ..
ငါ့ရဲ့နတ်ဝှက်ခံထားရတဲ့အောင်မြေပါပဲ.......

minn thuka said...

ခွင့်လွတ်ပါ..၊ ကျနော့်အမြင်နဲ့ ရင်ဘတ်ထဲထိုးဖေါက်မှုကို ရေးဖြစ်မှာမဟုတ်တော့ပါ၊ ပြသနာက ဆန္ဒမရှိရင်မလုပ်တတ်တဲ့ ကျနော်ကို သူ့တော့
ရေးမပေးလို့ ငါ့တော့ ရေးမပေးလို့ ဆိုပြီး စကားနာလာလာထိုးကျတယ်ဗျာ၊
ကျနော်ပင်ကိုစိတ်က စာသမားဆို သိတ်ချစ်တတ်တာပါ၊ ကျနော့်အကောင့်မှာ ကျနော့်ကောင်မလေးကလွဲရင် ကျန်တာအားလုံး
စာပေသမားတွေပဲရှိပါတယ်၊တချို့က ကျနော်ဘယ်သူလဲဆိုတာ သိမှာပါ၊ဒါတွေက ပြီးခဲ့ပြီမဟုတ်လား၊ စိတ်အထိခိုက်ဆုံးက ကျနော်ညီလေးလို ချစ်တဲ့ ဘလောဂါ တယောက်က မန့်မရေးပေးရင် သေခန်းပြတ်တဲ့ဗျာ၊ ဒါဟာဖြစ်သင့်ပါရဲ့လား၊
ကျနော့် မန့်က ရေးထားတဲ့စာတွေကို ပိုပြီးဘာမှ မကောင်းနိုင်ပါဘူး၊ အရင်ကဆို သူများမန့်ထားတာတွေ ဘာမှကိုမဖတ်တာ၊
ကိုယ့်ထင်မြင်ယူဆချက်ကို ဘေးချော်မသွားစေချင်လို့သက်သက်ပါ၊
သတိပြုစေချင်တာက ဘလော့ဆိုတာ ဘောလုံးပွဲတပွဲလို မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ ပွဲအဖြေက
ဒိုင်လူကြီးအဆုံးအဖြတ်ကအတည်ပါ၊
တချို့တွေက (၁)ကနေ (၂၀)လောက်အထိ
တယောက်ထဲမန့်နေတာတွေတွေ့ရပါတယ်
ဒါဟာ စာရေးသူအတွက် မန့်အရေအတွက်မှာ
ကိန်းတွေတက်ပြီး ပိုကောင်းအောင်ဖန်တီးချင်စိတ်လျော့စေနိုင်ပါတယ်၊ တခုက အဲလောက်ရေးနိုင်တာ လေးစားမိပါတယ်၊ဒါပေမဲ့ဗျာ..............

Unknown said...

သေနေတဲ့နာရီ...
သေနေတဲ့နာရီ...
သေနေတဲ့နာရီ...
အစ်မရေ... ခံစားမိတယ်... ။