July 4, 2010

ရင်ဖွင့်ဂါထာ



သံလွင်ခက်တွေ စိုရွှမ်းသော ဒေသကို ရွေးပြီး ကျွန်မကို မြို့တည်ကြပြီပေါ့
ကျွန်မရဲ့ ဦးခေါင်းက ဆံပင်တွေတောင် သွေးခြေဥ
အမှန်တကယ်တော့ ကျွန်မဟာ ကြီးကျယ်ခန်းနားစွာ သလင်းပန်းတွေပိုက်နေတဲ့ ရုပ်တုတစ်ခု ဖြစ်သင့်တယ်
ချစ်ခြင်းမေတ္တာကို အကြောင်းပြုပြီး အဆိုအမိန့်တွေ လှပလွန်းတော့လည်း
ကျွန်မ မကွယ်လွန်မီ ဘဝဖြစ်စဉ်ဟာ ရိုးရိုးလေးနဲ့ ---
စကြဝဠာတစ်ဝှမ်းလုံးကို လွှမ်းမိုးထားချင်တယ်။

ထနောင်းပင် အကိုင်းအခက်တွေ တစ်ချက်လှုပ်လိုက်ရုံနဲ့
နေလုံးထဲက ဗွမ်းကနဲ လွင့်စင်ထွက်ကျလာမယ့် ကျွန်မဟာ
အလွန်နူးညံ့ယဉ်ကျေးသိမ်မွေ့သော ဘီလူးတစ်ကောင်ရဲ့ ပုခုံးပေါ်
တစ်လှမ်းချင်း အရိပ်ဖြစ်လိုက် နို့နှစ်ရောင် ရနံ့ဖြစ်လိုက်
ကျွန်မ ခေတ်ကို ခလုတ်တိုက်မိ မတတ်ပါပဲ။

လေတိုက်လေ ဖြူလေ တိမ်စေ့များ ငြိမ်သက်
သားရဲ တောရိုင်းတိရစ္ဆာန်တွေက ကျွန်မကို လုံလုံခြုံခြုံ ဖွက်ထားကြပြန်ပြီ
စိတ်အေးလက်အေး ကျောက်စရစ်ခဲလေးတွေကို ပုလဲကြိုးနဲ့သီကုံးရင်း
ပြတင်းပေါက်မရှိတဲ့ ကောင်းကင်ကို ကျွန်မ ငေးကြည့်နေမိတယ်။
(ဗုဒ္ဓဂေါတမကို ကျွန်မ တွေ့ချင်လိုက်တာရှင် )
ကျွန်မ ရင်ခွင်နဲ့ သစ်ပင်အားလုံး တဖျတ်ဖျတ် လင်းချင်းသွားတယ်
ဂါထာတစ်ပုဒ်ကို ဝတ်ထားတဲ့ ကျွန်မ တစ်ကိုယ်လည်း လဲပြိုလုလုယိုင်တိယိုင်တိုင်
ကျွန်မ … ကျွန်မ ပဒုမ္မာ ကြာရွက်ကလေးကို ကိုင်ထားပါရစေရှင် ။

အို ကျွန်မကို နှင်းတွေ ပက်နေတာလား
မဖြစ်နိုင်ဘူး ဒါ ကျွန်မကိုယ်ပေါ် မိုးဖွားတွေ ကျနေတာပါ
သာယာတိုးညင်းသော ချမ်းစိမ့်စိမ့် မိုးစက်ကြွေသံတွေ
ကျွန်မရဲ့ ခြေသံနဲ့ တူလိုက်တာ ကျွန်မရဲ့ ခြေသံနဲ့ တစ်ထေရာတည်းပါပဲ။

မျက်စိတစ်ဆုံး မြင်နေရတဲ့ လရောင်ကို ဆွဲချီသွားသော တောင်တန်းများ
ကျွန်မ ပြေးဝင်နိုင်ဖို့ အဆင်သင့် ဖွင့်ထားကြပါရဲ့
အချိန်မတန်သေးပါဘူးလေ ဟောဟို အရှေ့ယွန်းယွန်း ကမူဘေးနားမှာ
ကျွန်မရဲ့ မြစိမ်းရောင် ပဝါ နောက်ပြီး ကျွန်မရဲ့ လိပ်ပြာ

ဒေဝီ…
ပြတင်းပေါက်တစ်ပေါက်ကို ကျွန်မ ပိုင်ဆိုင်ရပြီလို့ မရေရာခင်
အဆုတ်တစ်ခြမ်းနဲ့ သစ်ပင်ထိပ် ကျွန်မ ခြေစုံရပ်ပြီး
သစ်သီးဝလံတွေကို မိုးပေါ် ပစ်တင်ဖို့
ဘယ်တော့များမှ တမလွန်ဘဝနဲ့ ဆုံတွေ့ရပါ့မလဲ။

မတမ်းတချင်ဘူး တမ်းတရင်
မိတကွဲ ဖတကွဲ ရှေးဟောင်း အုတ်ခွက်ထဲက ကိန္နရီတွေ ဒလိန်းထိုးနေပုံကဖြင့်
ကျောက်တုံးပေါ် ဘုရားကျောင်း ပွင့်စေတယ်နော်
မခို့တရို့ ရယ်မောပစ်ဖို့ ပျော်ရွှင်စွာ ကျွန်မ ဟစ်ငိုလိုက်ချိန်
သောင်ခုံတွေက ဆပ်သွားဖူး ဖြစ်လိုဖြစ်
ခရုခွံတွေက လည်တုံ ဖြစ်လိုဖြစ်
ကျွန်မ သတိလစ်မတတ် ကြည့်ငေးနေမိတယ်။
ကျွန်မ ရင်အုံထဲက ငှက်တွေ လန့်ဖြန့် ပျံထွက်သွားကြပါ
သဘာဝအတိုင်း လွတ်လွတ်လပ်လပ် လရောင် ရွာပါစေ
တွန့်လိမ် ခွေခေါက်နေတဲ့ တိမ်အော်သံကို ထုဆစ်မယ့်
မီးတောက်မီးလျှံတွေလည်း အရည်ပျော်ကျ
ဘယ်လိုမှ ချုပ်တည်းမရတော့လောက်အောင်
ကျွန်မရဲ့ မနောဓာတ်လည်း ကခုန် ပျော့ပြောင်းသွားတော့မယ်။ ။


လုံမငြိမ်းချမ်း
သရဖူ အမှတ်စဉ် ၃၃ ၁၉၉၇



မမ မနော်ဟရီ့ဆီကနေ ကူးလာခဲ့တဲ့ ကဗျာလေးပါ.။
ခေတ်ပေါ်ကဗျာခေတ်ကို ပြန်ကြည့်ရင် ဆရာငြိမ်းအေးအိမ်ကိုင်ခဲ့တဲ့ သရဖူကဗျာခေတ်ဆိုတာ မှတ်ကျောက်ပါပဲ အဲဒီလို သရဖူကဗျာခေတ်မှာ
ဝေနော် (ခေါ်) လုံမငြိမ်းချမ်းက ဒီလိုကဗျာမျိုးတွေရေးခဲ့တဲ့ ကဗျာဆရာမ တစ်ယောက်ပါ။
ဘ၀မှာ မာန ဆိုတာကို တစ်ခုတည်းကြွယ်ပိုးကြွယ်ဝရှိတဲ့ ကဗျာဆရာမတစ်ယောက်ပါ
ဆရာမောင်လင်းခက်ရဲ့ ညီမ
သွေးထဲမှာကိုက အနုပညာတွေ ဓါတ်တစ်ခုအနေနဲ့ ပျော်ဝင်နေခဲ့သူ...

အခု အဲဒီ့အနုပညာတွေနဲ့ အတူတူ ကင်ဆာ ဆဲလ်တွေပါ ပျံ့နှံ့နေခဲ့ပြီတဲ့....
သွေးကင်ဆာ ဆိုတာ ဒီ ရိုးရိုးကုတ်ကုတ် နဲ့ ဘ၀ကို ရေဆန်လိုကူးနေရတဲ့ အနုပညာသည် အမျိုးသမီးဆီကိုမှ ရောက်လာခဲ့တယ်တဲ့

စိတ်မခံသာအောင် တုန်လှုပ်ကြေကွဲလိုက်ရပါတယ်.။

ကျွန်မနဲ့အတူတူ "မလုံမ" နေကောင်းကျန်းမာလာစေဖို့ ခံစားနေရတဲ့ ဝေဒနာတွေ လျှော့ပါးသက်သာသွားစေဖို့ ဆုတောင်းပေးကြရအောင်လား..။

7 comments:

အမရာ said...

ကြားရတာစိတ်မကောင်းလိုက်တာ..
မမအိန္ဒြာနဲ့အတူတူဆုတောင်းပေး
နေမယ်နော်...။။။

မမသီရိ said...

လုံမငြိမ်းချမ်း ဆိုတဲ့ အမည်လေးရယ်
ပြီးတော့
သူ့ ကဗျာတွေ အားလုံး ကို နှစ်သက်ခဲ့တယ်
တကယ် စိတ်မကောင်းဖြစ်မိတယ် ညီမ ရေ

အောက်က နုတ်စ် လေ ဖတ်မိတော့ မှ
ကဗျာ ကို နောက်တခေါက် ထပ်ပြီး ပို ကြေကွဲ ရတယ်

လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ် လုံမငြိမ်းချမ်းဆိုတဲ့ ကဗျာဆရာမလေး ဝေဒနာတွေ ကို ကြံ့ခိုင်စွာ ကျော်ဖြတ်နိုင်ပါစေ..

Ree Noe Mann said...

ကျန်ရှိနေသေးတဲ့ အချိန်တွေကို အေးအေးချမ်းချမ်းနဲ့ ကျော်ဖြတ်နိုင်ပါစေလို့ ရင်ထဲကနေ ဆုတောင်းနေပါတယ် ဆရာမရယ်။ လူဆိုတာ တစ်နေ့ ဒီလမ်းပဲ သွားရမှာမို့ အပြုံးမပျက်ပဲ
စိန်ခေါ်နိုင်ဖို့ မျှော်လင့်နေမိပြန်ပါသေးတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

မယ်ကိုး said...

ဆရာမ စိတ်ကျန်းမာပျော်ရွှင်စွာနဲ့ လှပတဲ့ကဗျာတွေ ဆက်လက်ရေးနိုင်ပါစေလို့ ဆုတောင်းနေပါတယ်။

MANORHARY said...

when I heard that news from Sayama Ma Ei, I felt so sorry.Eaindra and I have been asking about her for a long time, everytime we met people from Hanzada.But,we didn't get any information.
Now,the information we got is terrible.We do hope we can do something best for her, our beloved artist.If I got time,I'll try to post a touch poem of her titled " I just wanna sit under the waterfall" .
(sorry for my poor english, I couldn't use mm font at the moment, my desktop at the office is stopped without reason :) and no zaw-gyi font on this computer)

ဖိုးစိန် said...

ထပ်တူခံစားရပါတယ် မမ။

ကံအလှည့်အပြောင်းကြောင့် ပြန်လည်ကျမ်းမာလာဖို့ မျှော်လင့်မိပါတယ်။

ဆုတောင်ပေးနေတာကတော့ရင်ထဲအမျှပါပဲ။

Mhu Darye said...

ဒီလိုတိုက်ဆိုင်မှု မျိုးက တုန်လှုပ်စရာ ကောင်းလွန်းတယ်...မကြီး။

း(
ကုသ ပျောက်ကင်း ကျန်းမာခြင်းသို့ အမြန် ပြန်ရောက်နိုင်ပါစေ လို့ စိတ်ရင်းနဲ့ဆုတောင်း ပေးပါမယ်။