October 4, 2010

တစ္ဆေ ကြောက်တတ်တဲ့ အနာ




ခေါင်းတလားထဲမှာ
တစ္ဆေတွေ
က ခုန်.........

လမ်းကန်းနေတဲ့ ချယ်ရီသားတုတ်ကောက်ကလေးက
ခရီးတွေကို အငမ်းမရဖြစ်နေသလိုမျိုး...
သော့တူနဲ့တူတဲ့လူတွေက
နှလုံးသားတွေကို ဖွင့်ဖေါက်စစ်ဆေးသလိုမျိုး....
ကောင်းကင်ပေါ် တိမ်အတုတွေ ပစ်တင်ပြီး
တစိမ်စိမ့် ရွာသွန်းဖြိုးတဲ့ မိုးစိမ်းတွေက
နာတာရှည်အဖျားသွေးတွေကို အရသာခံသလိုမျိုး....

တစ္ဆေတွေက ခေါင်းတလားထဲမှာ...က ခုန် တယ်။

သင် ပျင်းရိတဲ့အခါ သမ်းဝေလိုက်ပါ၊
သင် အားငယ်တဲ့အခါ စစ်တုရင်ကစားပါ၊
သင် ကြောက်ရွံ့တဲ့အခါ မေတ္တာသုတ်ရွတ်ပါ၊

အထပ်ထပ် ရစ်ကျော့ခံနေရတဲ့ စီဒီဓါတ်သားမှာ
အသံတွေ ဂျမ်းဖြစ်နေသလိုမျိုး...
မျှော်လင့်ချက်တွေကော့ညွှတ်နေတဲ့ ဆင်စွယ်ရောင်မျက်စောင်းလေးက
မိုးကြိုးမုန်တိုင်းကို ထိမ်ဝှက်ထားသလိုမျိုး..
ပခြုပ်ထဲက ညောင်းညောင်းရိရိ မြွေဆိုးတစ်ကောင်ရဲ့
သတိယတိုင်း ထထတိုက်တတ်တဲ့
အလမ္မယ်ဆရာအတွက် ကျိမ်စာလိုမျိုး

ခေါင်းတလားထဲမှာ...တစ္ဆေတွေက က ခုန် တယ်။

သင် စိတ်ညစ်ညူးတဲ့အခါ တောင်တက်လေ့ကျင့်ပါ၊
သင် လွမ်းဆွတ်လာတဲ့အခါ သစ်ပင်စိုက်လိုက်ပါ၊
သင် ရယ်မောချင်တဲ့အခါ တစ္ဆေကပွဲကြည့်ပါ၊

သင့် ဒုက္ခအတိုအစတွေကိုတော့
ရေခဲရိုက်ပြီး သိမ်းထုပ်ပါ ။

ဒီကနေ့
တစ္ဆေ စွန့်ကျဲမယ့်...အိမ်မက်တစ်ဆုပ်တစ်ခဲနဲ့
အဆာပြေရဦးမယ့် နေ ၀င် ဖျိုး ဖျ မှာ
တစ္ဆေ အသစ်ဝတ်ဆင်လာမယ့်
ညနေခင်း ၀တ်စုံက ။ ဘာ ??!!!

ပြောတယ်..
၃၁ ဘုံမှာ
လူ့ပြည်က
ကတိတွေဖေါင်းပွလွန်းတဲ့ ၀ပ်ကျင်းလို့..။ ။

အိန္ဒြာ
(မုဒိတာမဂ္ဂဇင်း)

ရေးထားတာ ကြာပါပြီ ၊ မုဒိတာမှာလည်း ပါခဲ့ပါသေးတယ်
ဆားချက်တာ မဟုတ်ပါဘူး
ပြန်တင်ချင်စိတ်ပေါက်လာလို့ ပြန်တင်ပေးလိုက်တာပါ
ဖတ်ပြီးသားဆိုရင်လည်း တစ်ခေါက်လောက် ထပ်ဖတ်ကြည့်ပါဦး..။

6 comments:

မိုးယံ said...

သင့် ဒုက္ခအတိုအစတွေကိုတော့
ရေခဲရိုက်ပြီး သိမ်းထုပ်ပါ ။


ရေခဲရိုက်ပြီးမှာတော့ သိမ်းမထားတော့ ပါဘူး။ နိုင်ငံခြားပို့လိုက်မယ်။ ဒုက္ခတွေ များနေတော့ ရောင်းစားချင်တယ် အပိုဝင်ငွေလေးရအောင်ပေါ့။

သိင်္ဂါကျော် said...

စကားလုံးတွေ အရမ်းကောင်းတယ်..
အဲလို ကဗျာမျိုး ရေးဖို့ ကြိုးစားပေမယ့် ဖြစ်မလာဘူး..

မယ့်ကိုး said...

ဒုက္ခအတိုအစတွေကိုတော့
ရေခဲရိုက်ပြီး သိမ်းထုပ်ရမှာလား မမ။

ဟုတ်ကဲ့။ ကတိတွေဖေါင်းပွလွန်းတဲ့ ၀ပ်ကျင်းကလူဆိုတော့လည်းး(

မေငြိမ်း said...

အင်း အဲဒီအနာ တို့မှာလည်း ရှိပေါ့.. :(

Unknown said...

၃၁ ဘုံမှာ
လူ့ပြည်က
ကတိတွေဖေါင်းပွလွန်းတဲ့ဝတ်ကျင်း။

ငြိမ်းစိုးဦး said...

တစ္ဆေတွေ ၀တ်လာမှာက လှလှပပ ၀တ်စုံတွေပါ
လူတွေရဲ့ ဆန္ဒတွေ ကို ကြိတ်ခြေထုထောင်းပြီး
ချည်ခင်ထုတ်လို့ ၀တ်လာကြမှာလေ ...
မျက်ရည်တွေကို ဖျန်းပက်ထားအုံးမှာ ...
ငြိမ်းစိုးဦး