October 18, 2010

ခေတ်ကို အော်ခေါ်ကြည့်လိုက်မိတဲ့ ပဲ့တင်သံ

ငါတို့ ခြေထောက်က အမြစ်တွေ ထွက်ပေါ်လာတဲ့ အထိ
နဂါးငွေ့တန်းဂလက်ဆီ တစ်နံတစ်လျား မျှော်လင့်ရမ်းရော်လို့
တစ်ထစ်ခြင်း လျှော့ချပေးခဲ့ရသော ငါတို့ ရဲရင့်ရောင် အမှန်တရားများ
ဒီအနေအထား အတိုင်း နေ နေ ရတာကြာတော့လည်း
နေကြာတွေ အဖြစ် ဆက်လက်ဖူးပွင့်လိုက်ကြတာပေါ့ကွာ..။

အခြေအနေက လက်ပမ်းကျချိန်မှာ လက်မတင်လေး လက်တစ်လုံးခြားထားတာ
ဒီအဖြေထွက်ဖို့အတွက်ဆို ဒီလောက်ပေးဆပ်ဖို့လိုပါ့မလား ဟေ့ကောင်ရေ..
ချစ်ခြင်းမေတ္တာကို အီလက်ထရောနစ်နဲ့ ခလုတ်နှိပ်ရယူနိုင်တဲ့ခေတ်ကြီးထဲ
ငါတို့ တက်ညီလက်ညီညံ့ခဲ့ကြတဲ့ အကြောင်း DJ တစ်ပုဒ်လောက်ပွတ်ကြည့်လိုက်ကြစို့..။

AD ဘယ်နှစ်ကနေဘယ်နှစ်အထိ ကာလအတိုင်းအတာ ဘယ်၍ဘယ်လောက်အကြာ
စာမျက်နှာ နှစ်ရွက်သုံးရွက်ဖြုန်းတီးလိုက်တယ်ဆိုရင်ပဲ
ခေတ် ဆိုတာ ဖျတ်ကနဲဖျတ်ကနဲ ၊ မလိုအပ်ရင် ကျော်ဖတ်သွားလို့ရနိုင်သေးတယ်ပေါ့
ဗီလိန်တွေ သရုပ်ဆောင်ကောင်းလေ ဇာတ်နာလေ
ခေတ်ရဲ့နဖူးပြင်မှာ အညိုအမည်းတွေ ထင်လေဆိုယုံလောက်ပါပဲ
အောင်နိုင်ခြင်း ရှုံးနိမ့်ခြင်း အတုန့်အလှည့် ရန်ကြွေးရန်စ
တိုးတက် ဆုတ်ယုတ်မှုအနုပညာ ပဋိပက္ခ ပရိယာယ်နဲ့ နည်းနာဆိုတာတွေကလည်း
Dota Game ကစားနည်းတွေလို သည်းထိတ်ရင်ဖိုပြကွက်တွေလောက်ပေါ့..။

ငါတို့ ခေတ်ကို နောက်ဘ၀အထိသယ်မသွားနိုင်ပါဘူး
ငါတို့ တစ်ခေတ်ထဲ နှစ်ခါလူပြန်ဖြစ်တဲ့အထိ ပြသဒါးမဆန်လောက်ပါဘူး
တစိ့မ်စိမ့် ပူနွေးယိုယွင်းနေတဲ့ ကမ္ဘာကြီးကို နည်းပညာတွေနဲ့ကျားကန်လို့
နည်းပညာပင်လယ်ပြင်ထဲ ငါတို့ မြုတ်ချည်ပေါ်ချည်လူးလာဆန်ခတ်လို့
ငါတို့အိပ်မက်တွေကို ငါတို့ကိုယ်တိုင် Create လုပ်ကြည့်လိုက်တဲ့အခါ
ငါတို့အနာဂါတ်ဆိုတာဟာ ငါတို့သွေးပြန်ကြောအတိုင်း နီ ရဲ ပူ နွေး နေ တာ ပါ...။

ငါတို့ တစ်ကြိမ်တစ်ခါ မှားယွင်းခွင့်ရရှိခဲ့မယ်ဆိုခဲ့ရင်
ငါတို့ တိတိကျကျ ခြေခြေငံငံ အမှန်အတိုင်း မှားကြည့်လိုက်ကြစို့ ဟေ့ကောင်ရေ.
ဒီ့ထက်ဆန်းကျယ်လာဦးမယ့် နောက်တစ်ခေတ်ဆိုတာထဲ
ကမ္ဘာဟာ ရွာပြီးရင် ဘာဆက်ဖြစ်လိမ့်ဦးမှာလဲ..
နည်းပညာတွေ ရင်သပ်ရှုမော ဆန်းကြယ်တိုးတက်လာတဲ့ အခါ
လူသတ်နည်းတွေ ယဉ်ကျေးထက်မြက်လာမယ်ပေါ့..

သင်
မနာကျင်စေရဘူး တစ်စက္ကန့်အတွင်းပြာပုံအတိဖြစ်သွားယုံလောက်ပါ။ ။


အိန္ဒြာ(၁၈.၁၀.၂၀၁၀)

9 comments:

အိပ်မက်ရှင် said...

နည်းပညာခေတ်ကြီးရဲ့ နောက်ဆုံးအဆင့်မြင့် ဝါးမျိုခြင်းမှာ နာကျင်မှုကင်းမဲ့တဲ့ ပြာပုံရလာဒ်တွေပါပဲလား ... ။
ဘယ်ဟာ အရိုး၊ ဘယ်ဟာ အသား ခွဲခြားလို့တောင် ရမယ် မထင်မိပါဘူး ... ။
တစ်ကြိမ် တစ်ခါ မှားခွင့်ရမယ်ဆိုရင်ဖြင့် နည်းပညာနဲ့ အနုပညာကို အစွမ်းကုန် တန်ဆာဆင်ကြည့်ချင်ပါရဲ့ ... ။

ခင်မင်လေးစားစွာဖြင့်
အိပ်မက်ရှင်

ကိုရင်နော်ခင်လေးငယ် said...

ဟေ့ကောင်ရေ...
ကမ္ဘာဟာ ရွာပြီးရင် ဘာဆက်ဖြစ်လိမ့်ဦးမှာလဲ..!!!


ကဗျာကောင်းတစ်ပုဒ်အား တရေးနိုးထဖတ်
ကြက်သီးများ တဖျတ်ဖျတ်နှင့်..။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
(ကိုရင်နော်)

မေငြိမ်း said...
This comment has been removed by the author.
မေငြိမ်း said...

ကြောက်စရာကောင်းလိုက်တာလို့ ခံစားလိုက်ရပေမဲ့
အဲဒါက ရင်ထိတ်သိမ့်တုန် ကဗျာ မဟုတ်.. သည်းထိတ်ရင်ဖိုရုပ်ရှင်မဟုတ်...
လျှို့ဝှက်သည်းဖို ၀တ္ထုတပုဒ်မဟုတ်..။
ပြီးတော့ အဲဒါက တို့တွေရဲ့ တကယ့်ဘ၀ဖြစ်နေတာ..။
တကယ့် ပဲ့တင်သံပါ...

မိုးယံ said...

မနာကျင်စေရဘူး တစ်စက္ကန့်အတွင်းပြာပုံအတိဖြစ်သွားယုံလောက်ပါ။ ။

ယုံတယ်။ စိတ်ဓါတ် သိမ်ဖျင်းသူတို့ရဲ့ လက်ထဲက နည်းပညာဟာ လူသားကမ္ဘာကို ဇီဝန်ချွေနိုင်တယ်။ စကြာဝဠာ ထဲ က အစက်အပျောက်လေး မျှသာ ရှိတဲ့ ကမ္ဘာဟာ ဗုံးသုံးလုံး ဖေါက်ရင် ပျောက်တယ်တဲ့။

tin min htet said...

အင်င်င်.. ဒီရက်ပိုင်း ဒီလို ခံစားမှု ဆန်ဆန်မျိုး ဖတ်ရတာ ၃ ပုဒ် ရှိပြီ။ မျက်နှာ ဖြတ်ရိုက်ခံရသလိုမျိုး ဖြစ်သွားတာ ၃ ခါ။ တော်တော်နာသွားပြီမို့ ကဗျာဆရာ အားလုံးကို တရားစွဲပြီး လျော်ကြေးတောင်းရန် ပြင်ဆင်နေပါတယ်။

emayarKhin said...

ရှယ်ပဲမမအိနြာရေ..။။

မယ့်ကိုး said...

း(း( တော်တော့် တော်တော့်ကို စိတ်ဆင်းရဲဝမ်းနည်းလောက်အောင် ပြောင်မြောက်လှပါတယ် မမ။

ငြိမ်းစိုးဦး said...

ပြာပုံ ကို ကြာငုံ ထင်ရင် အရောက်သွားဖို့ မခက်တော့တာ ... ကိုယ်ကြောင့် မဖြစ်ဖို့ပဲ
(လောလောဆယ် )အားထုတ်နေရမှာ ...
ငြိမ်းစိုးဦး