January 26, 2011

သုခရိပ်မြုံမှသည် ၂ လပြည့် အလှူငွေနဲ့ ဧည့်ခံကဗျာ

HIV ကူးစက်ခံမိဘမဲ့ကလေးငယ်လေးအတွက်အလှူခံခဲ့တဲ့ သုခရိပ်မြုံမှသည် အလှူပွဲလေးအတွက်အလှူခံခဲ့တာ ၂ လပြည့်ပါတော့မယ်။
အခုလာမယ့် တနင်္ဂနွေနေ့(၃၀.၁.၂၀၁၁) နေ့အထိ နောက်ဆုံးထားလက်ခံသွားဦးမှာပါ..
အားတက်သရော လှူဒါန်းကြတဲ့ မိတ်ဆွေ ညီအကိုမောင်နှမတွေကို အိန္ဒြာနှင့်တကွ ဒီအလှူလေးဖြစ်မြောင်အောင် ၀ိုင်းဝန်းလုပ်ဆောင်ပေးနေကြတဲ့
ညီအမ မောင်နှမတွေ အားလုံးက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းလည်း အထပ်ထပ်ပြောကြားချင်ပါတယ်.။
ဒီနှစ်က ငွေဈေးကွာဟမှုရှိနေတာရယ် အလှူအတန်းတွေ များနေတာကြောင့်ရယ်ထင်ပါရဲ့
ခုချိန်အထိ မနှစ်က စံချိန်ကို မကျော်နိုင်သေးပါဘူး။
စင်ကာပူနိုင်ငံမှ အလှူရှင် ၇၉ ဦးက စင်ကာပူဒေါ်လာ ၃၂၀၇ ၊ ဗမာငွေ ၂၁သိန်း ၃သောင်းခန့်
ဂျပန်နိုင်ငံမှ အလှူရှင် ၃၇ ဦးက ဂျပန်ယန်း ၁၁၇၀၀၀ ၊ ဗမာငွေ ၁၁သိန်း ခန့်
မလေးရှားနိုင်ငံမှ အလှူရှင် ၆ ဦးက စင်ကာပူဒေါ်လာ ၆၂၈ ၊ ဗမာငွေ ၄သိန်း ၂သောင်းခန့်
ကိုရီးယားနိုင်ငံမှ ဗမာငွေ ကျပ် ၂ သိန်း တိတိ
အိန္ဒိယနိုင်ငံ လှူရှင် ၈ ဦးက ဗမာငွေ ၁သိန်း ၂သောင်း
စုစုပေါင်း ၃၉ သိန်း ၇သောင်းခန့် ရရှိထားပြီးဖြစ်ပါတယ်.
ငွေလွှဲတဲ့နေ့ ပေါက်ဈေးများနဲ့ အမှန်တကယ် လွှဲအပ်လှူဒါန်းနိုင်တဲ့ စာရင်းကိုလည်း သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြဖို့ တင်ပြပေးသွားမှာဖြစ်ပါတယ်.။

မနှစ်က ၁၁၁ ယောက်က ၄၇ သိန်းလှူဒါန်းနိုင်ခဲ့ပြီး
ဒီနှစ် လက်ရှိ အလှူရှင် ၁၃၁ ယောက်က သိန်း၄၀ အနည်းဆုံး လှူဒါန်းနိုင်မှာဖြစ်ပါကြောင်း ၊
ဖေဖေါ်ဝါရီလ ထဲမှာ လွှဲပြောင်းပေးအပ်လှူဒါန်းသွားမှာဖြစ်ပါကြောင်း
သုခရိပ်မြုံကိုအဓိကထားပြီး HIV နဲ့ပတ်သက်သောလူမှုရေးလုပ်ငန်းများဆေးရုံများကို ပါခွဲဝေ လှူဒါန်းသွားမှာဖြစ်ပါကြောင်း
၃၀ ရက်နေ့ နောက်ဆုံးထားလှူဒါန်းနိုင်ပါသေးကြောင်း
မလှူဒါန်းရမရှိလေအောင် ချစ်ကြည်လေးစားစွာ အသိပေး တိုက်တွန်းနိုးဆော်လိုက်ပြန်ပါပြီ..။

++++++++++++++++++++++

ဒီကဗျာလေးကတော့ အလှူအကြောင်းချည်းဆို ပျင်းနေမှာစိုးလို့ ဧည့်ခံလိုက်တဲ့ သဘောပေါ့..
တကယ်က တစ်ချို့ဆို အလွတ်တောင်ရနေကြလောက်ပါပြီ..။
( အိန္ဒြာ အသစ်မရေးနိုင်ပဲဆားချက်လွန်းလို့လေ)
ဒါပေမယ့် ဒီနှစ်တိုး လာတဲ့ မိတ်ဆွေ အသစ်တွေ အတွက်ဝေမျှပေးလိုက်တာပါ..။

မနှစ်က အလှူခံပေးခဲ့တဲ့ အခိုးအငွေ့တံတားဆိုတဲ့ HIV ပညာပေးဝတ္ထုလေးကတော့ အလင်းသစ်မဂ္ဂဇင်းမှာထပ်ပုံနှိပ်၊ ဆုလေးတစ်ဆုရတယ်လည်းကြား. နောက်အစ်မမေငြိမ်းက ရသစာအုပ်စင်ပါ လုပ်လိုက်တော့
တော်တော်လေး အမှတ်တရ ဖြစ်သွားခဲ့ရပါတယ်.။
ဒီနှစ်အတွက် ဒီ ကဗျာလေးကတော့ အဖြူရောင်သက်တံ့ကဗျာရွတ်ပွဲလေးအတွက်ရေးခဲ့တဲ့ ကဗျာလေးပါ။ အဖြူရောင် သက်တံ့လှုပ်ရှားမှုလေးမှာ မစို့မပို့ပါဝင် ကူညီခွင့်ရခဲ့တဲ့ ကဗျာလေးပါ..။
ကဗျာလေးကို ရိုးရိုးရှင်းရှင်းနဲ့ အသံအစီးကောင်းအောင် ရေးဖြစ်ခဲ့ပါတယ်.။
နောက် ၀တ္ထုဇာတ်လမ်းလေးဆန်ဆန်ရေးဖွဲ့ထားခဲ့ပါတယ်.။

အမေတစ်ယောက်ရဲ့ အကြောင်းပါ...

အဲဒီ့အမေက သေတာတောင် မျက်လုံးမှိတ်လို့မရတဲ့ သူပေါ့

အဲဒီ့အမေက နှလုံးသားကွဲအက်နေတဲ့ တစ္ဆေတစ်ကောင်ပေါ့..

++++++++++++++++++++++

“အရှိမဲ့မေတ္ထာတော်”

ငါတို့ သွေးသားတွေကိုတောင်
ကမ္ဘာမြေက လက်မခံနိုင်တော့ဘူး
ဒီပြစ်မှုကို ဘယ်လိုစီရင်ကြသလဲ သိချင်တယ်...

ကျေးလက်စားကျက်ကွင်းတွေမှာ
နွားတစ်ရှဉ်းနဲ့ ထယ်တစ်စင်းနဲ့
သူ့လက်ဖျံပေါ်မှာ.. အမြတ်နိုးဆုံးနှင်းနဲ့
သူ့ဘေးနားမှာ အိမ်ရှင်ချစ်သူမလေးနဲ့
ယာသမားလေး ရိုးသားအေးဆေးရှာခဲ့တာ
သူ့ဘ၀မှာ.. ဆန်းကျယ်တာဆိုလို့
ချစ်သူ့နာမည်ကို အရေပြားပေါ် ဆေးဆိုးခဲ့တာပဲရှိတယ်တဲ့..။

ဟော့ဒီမှာ
အနန္တငါးပါးကို.. ညွှတ်တွား ကိုးကွယ်ခဲ့တဲ့လက်
ခင်ပွန်းသည်ကို ယုယတွဲကူခဲ့တဲ့လက်
ရင်သွေးငယ်လေးကို ပိုက်ထွေးချော့မြှူခဲ့တဲ့လက်
သနပ်ခါးနံ့တွေနဲ့ချည်း မွှေးပျံ့သင်းကြူခဲ့တဲ့လက်
အဲဒီ့လက်မှာ
ဝဋ်နာကံနာတွေ ဗရပွ
ဘယ်ကစဘယ်မှာဆုံးမယ်မှန်း မသိတဲ့ သံသရာအမှောင်ထဲ
နာကျင်ကြေကွဲခြင်းတွေနဲ့ချည်း.. ခရီးဆက်..။

ဘယ်လိုလော်လီမှုမျိုးမှ မစွက်ဖက်
ဝိဘက်ကြမ္မာ ချည်းသက်သက်ဘဝ
တော်လဲ.. ကျီးပြို..
တိမ်မည်းညိုတွေ အဆုတ်လိုက်အဆုတ်လိုက်..
နှင်းခါးရိုက်တဲ့ညမှာမှ
ဟောဒီ့သားလေးကို.. ဆွဲခေါ်မိခဲ့တော့...

သွေးရူးသွေးတမ်းဆန်ဆန်
အရာရာကိုတောင်းပန်...
နောက်အရာရာကို လက်လျော့..
အဖြူသက်သက်ဘ၀တွေထက်
ဆေးအနက်တွေ ကျဲပက်လိုက်သလိုမျိုး
ကံကြမ္မာဆိုတာ.. တောင်းပန်တိုးလျိုးလို့မရတဲ့
လက်မရွံ့အာဏာသားတဲ့ကွယ်..။

အတိတ်တွေကို ပြန်လှည့်မကြည့်ဝံ့ဘူး
အနာဂါတ်ကို လှမ်းမျှော်မကြည့်ဝံ့ဘူး..
ဝေဒနာနဲ့ငါ...
ပစ္စပ္ပုန်တည့်တည့်မှာပဲ စီးချင်းထိုးကြတဲ့ပွဲပေါ့
အံခဲ.. ဇွဲသံ...
အားမတန်သော်မှ လျော့လို့မရတဲ့ မာန်တွေနဲ့
ဒီလူမမယ်ကလေးလေးအတွက် ကြောင့်ကြ
အမေ....ဆိုတဲ့ရင်ဝမှာ...
မီးကျီး မီးခဲလို ပူလှပေါ့..။

သားရေ..
မင်းကိုပွတ်မွှေးထားတဲ့ လေပြည်မှာ
မေမေ့သောကတွေနဲ့များ ပူလောင်နေခဲ့သေးလားကွယ်...

အခု.. သားလေးရဲ ပြတင်းဝက..
အရောင်လှလှလိပ်ပြာလေးက မေမေပေါ့
သားလေးကိုလှုံထွေးထားတဲ့ နေခြည်နွေးနွေးဟာလဲ.. မေမေပေါ့..
သားလေးမက်နေဆဲ မသဲမကွဲအိပ်မက်တွေထဲမှာ
သားလေးကိုချီပိုး..
သားလေးကိုချော့မြှူ
သားလေးကိုနမ်းမွှေး
သားလေးကို ပိုက်ထွေးထားရင်း
သီလက်စသားချော့တေးတွေ တစ်ဝက်တစ်ပျက်
ဘယ်သုဂတိဘုံကိုမှ... ခရီးမဆက်နိုင်ပဲ
နှလုံးသားကွဲအက်နေတဲ့ တစ္ဆေ...
မေမေလေ....။

အပြစ်လုံးလုံးမရှိပေမယ့်
အပြစ်ဒဏ်ဆိုတာ ရှိတတ်တဲ့လောကမှာ
နာကျည်းခါးသီးစရာတွေကို.. မသိ
ရှက်ရွံ့သိမ်ငယ်စရာဆိုတာကို.. မသိ
တုန်လှုပ်ကြောက်လန့်စရာဆိုတာလည်း.. မသိ
ကိုယ့်အနာတရကိုတောင်မှ.. ကိုယ်မသိ
ဘာဆိုဘာမှမသိတဲ့
ပကတိဖြူစင်ရွှင်လန်း.. ကျမ်းမာသန်စွမ်းဆဲ.. သားလေး.....

အားတင်းထား သားရေ.....
ဟောဒီ့ အဖြူရောင်သက်တန့်ကြီးရဲ့နောက်..
ကိုယ်ယောင်ဖျောက်ထားတဲ့..မေမေ
မင်း....ဘယ်တော့မှ..
မ တွေ့ ချင် လေ နဲ့..။ ။

အိန္ဒြာ

2 comments:

may said...

အမရေ


ကဗျာကိုဖတ်ပီး ရင်နင့်ရပါတယ်။ ကိုယ်တိုင်လည်း မိဘတစ်ယောက်ဖြစ်တဲ့အတွက် သားသမီးခြင်ကိုက်ခံရလို့  အရေပြားမှာ နီနေရင်တောင် ယားမှစိုးလို့  ကုတ်ပေးရတဲံ့ မိခင်မေတ္တာမှာ အဲ့လို အပူမျိုးက ဘယ်လောက်တောင် မိဘတစ်ယောက်ကိုလောင်ကျွမ်းစေမလည်း ဆိုတာ ခံစားနိုင်ပါတယ်။

အိမ်မှာအမြဲ အညာသနပ်ခါးတုံးတွေ လာလာရောင်းတတ်တဲ့ အညာသူလေးတစ်ယောက်ရှိပါတယ်။ အိမ်ကအမေတို့ ပြောတာတော့ သိပ်ရိုးသားကြိုးစားကြတဲ့လင်မယား ၂ယောက်တဲ့ သားကလေး ၂ ယောက်နဲ့ 

တနေ့ တော့ သူအမျိုးသားဆုံးတယ် ရောဂါက အဲ့ဒီရောဂါပေါ့နော် အကုန်လုံးက ဒီအညာသားလေးဆန်းပြားတာမလုပ်တဲ့သူမှန်းသိကြတော့ လိုက်ရင်းလိုက်၇င်း နောက်ဆုံးအဖြေက သူက တအားအကျောတတ်တတ်လို့  ပုခုံးမှာအမြဲ စုတ်နဲ့ ဆေးပေါက်တာ က နေ ကူးမှန်းသိရတယ်...
..

..ရင်သွေးငယ်တို့ ကံကောင်းကြပါစေ ....

မောင်လေး said...

ရင်ထဲနင့်ကနဲခံစားရတယ်......:(